Wednesday, October 24, 2012

တင်မောင်မြင့် ဘာသာပြန် မုန်တိုင်းထန်ကမ်းခြေ, အပိုင်း (၅)

"ဒါဆိုရင် ငါ့ရဲ့အစိုးရ ကိုယ်စားလှယ် အနေနဲ့ရော၊ လူကအခွင့်အရေး တစ်ရပ်အနေနဲ့ရော ငါကန့် ကွက်တယ်" "ခွေးသားကြီး၊ ခင်ဗျားပါစပ် ပိတ်ထားလိုက်စမ်း"
ကျွန်တော့် နံဘေး မှ ရဲဘော်ကလေးက ၀ုန်းခနဲ ထရပ်သည်။ သူ့ပခုံးကို ကျွန်တော်ဖိထားပြီး တအား ညှစ် လိုက် သည်။ ကျွန်တော်ရှေ့မှ လူရမ်းကားကို စိမ်းစိမ်းကြည့်ပြီးဆက်ပြောသည်။
ကို ဆက်ဖတ်ရန် ...
"မင်း အဲဒီအတွက် အပြစ်ပေးခံရမယ်၊ ငါအစိုးရက မင်းကိုဒီအတိုင်း ကြည့်နေမယ်ထင်လား"
"ခင်ဗျားတို့ ဖက်ဆစ်အစိုးရကို ကျုပ်သောက်ဂရုမစိုက်ဘူး"
သူ့နှုတ်ခမ်းတွင် အပြုံးပျောက်ကွယ်သွားသည်။ သေနတ်ကိုဆွဲထုတ်ပြီး ကျွန်တော့ကို ထိုးချိန် လိုက်သည်။
သေနတ်ပြောင်းဝ စက်ဝိုင်းမည်မည်းကလေး ကို ကျွန်တော်စိုက်ကြည့်နေမိ၏။ သူစကားဆက် သည်။
"ကဲ.. ခွေးသားကြီး၊ ကျုပ်ပြောတဲ့အတိုင်း အမိန့်ပေးလိုက်၊ မဟုတ်ရင် ခင်ဗျားအသေပဲ၊ အင်း...သံ အမတ် တစ်ယောက် ကို ပစ်သတ်ရရင် ဘယ်လောက်အရသာရှိလိုက် မလဲ"
သူ ကျွန်တော့်ကို သတ်၍မဖြစ်ပါ။ ဒါကို ကျွန်တော်ကောင်းကောင်း သိပါတယ်။ အရှင်ဖမ်းထားလို့ သာရနိုင် ပါမည်။ သို့သော် တခြားလူတွေကို သူတို့ပစ်သတ်နိုင်သည်။ ဗိုလ်မှုးကြီး ဆမ်နားကို ကျွန်တော် လှမ်းကြည့် လိုက်၏။ မြေကြီးပေါ် တွင် ဒူးနှစ်ဖက်ကို ပိုက်ပြီး ထိုင်နေသည်။ ကျွန်တော့် အမိန့်ကို စောင့်နေ၏။ ကျွန်တော်ခေါင်းညိတ်ပြ လိုက်သည်။

"ဗိုလ်မှုးကြီး၊ ကောဒါးနဲ့ လိုက်သွားပြီး အားလုံးကို လက်နက် ချခိုင်းလိုက်ပါ"
သူတို့နှစ်ယောက် ဒရောသောပါး ထပြီးထွက်သွားကြသည်။ စစ်သားတစ်သိုက်က ချိန်လျက်သား သူတို့နောက် လိုက် သွားကြ၏။
ကျွန်တော့် အနား မှ ရဲဘော်ကလေးက လက်ထဲမှ သေနတ်ကို မြေကြီးပေါ်သို့ ချလိုက်သည်။ သူ့မျက်လုံးထဲ တွင် မျက်ရည်တွေ ပြည့်လျှံနေ ၏။ ကျွန်တော့်ခေါင်းထဲတွင် မီးရှို့စက် မြန်မြန် အလုပ်လုပ်ဖို့ တစ်ခုသာ စိတ်စောနေ ၏။
စာရွက်စာတမ်း မှန် သမျှ ပြာကျမှဖြစ်မည်။ သည်လူလွန်မသားကို အချိန်ဆွဲထားရမည်။
"မောင်ရင် က ဘယ်သူလဲ"
သူပြုံးလာသည်။ မျက်နှာက ကျောက်ပေါက်မာသဲ့သဲ့နှင့်သူက တမင်လုပ်ပြီး ဦးညွှတ်လိုက်သည်။
"ကာလို့စ် ဖမ်ဘိုနာ"
ချက်ချင်း သည်နာမည် ကို မှတ်မိလိုက်သည်။ သည်မရောက်ခင် နားထောင်ခဲ့ရ၊ ဖတ်ခဲ့ရသည့် သည်တိုင်းပြည် ၏ နိုင်ငံရေးတွင် သူ့နာမည် ကို ခဏခဏတွေ့ခဲ့ရသည်။
ရက်စက်မှု အပေါင်း သရဖူဆောင်းသည့် ဘာမျူဒက်ဇ်၏ လက်စွဲတော် စစ်ဗိုလ်။

"မင်းအကြောင်း ငါသိတယ်၊ ယုတ်မာတဲ့နေရာမှ ထိပ်ဆုံးကဆိုတာ ငါဒီမရောက်ခင်ကတည်းက သိတယ်"
ဘ၀င်ခွေ့ သွားသလို ထပ်ပြုံးသည်။ သေနတ်ပြောင်းဝကို အောက်သို့စိုက်ချထားလိုက်၏။ ပြုံးနေဆဲ၊ တိုက်ပွဲဝင် ၀တ်စုံ ကို ဇစ်တွေဆွဲဖြုတ်ပြီး ချွတ်ချလိုက်သည်။ သူ့ကိုယ်တွင် တီရှပ်အဖြူ ၀တ်ထား၏။ လီနင်ပုံကြီးနှင့် ပတ်ပတ်လည် တွင် အနီရောင် လျှပ်စစ်လှိုင်းများ။
ပြီးတော့ ပြောက်ကျားဘောင်းဘီကို ချွတ်လိုက်သည်။ အောက်တွင် အရောင်လွင့်ပြယ်နေပြီဖြစ် သည့် ဂျင်းဘောင်းဘီ၊ သူက အော်ဟစ်အမိန့်ပေးလိုက်သည်နှင့် စစ်ကားလေးစီးပေါ်မှ ဆင်းလာ သည့် စစ်သား အားလုံး တိုက်ပွဲဝင်ယူနီဖောင်း ကို ပြိုင်တူချွတ်ပစ်လိုက်ကြသည်။ အားလုံး မတ်စ်ဝါဒ ကြွေးကြော်သံ စာတမ်းတွေနှင့် တီရှပ် ကိုယ်စီဝတ်ထားသည့် တော်လှန်ရေးသမားများ ရုတ်ခြည်း ဖြစ်သွားကြ၏။

ဖမ်ဘိုနာ က သူ့စက်သေနတ်ကို ကေက်ယူပြီး ရှေ့တိုးလာသည်။ ကျွန်တော့်အနားမှ အမေရိကန် ရဲဘော်ကလေး ကို သေနတ်နှင့်ထောက်ပြီး ကားနားတွင် သွားရပ်နေရန်ပြောသည်။ ချာတိတ်က ကျွန်တော့်ကို ငဲ့ကြည့် သည်။ ကျွန်တော်ခေါင်းညိတ်ပြလိုက် မှ သူထွက်သွားသည်။ ကျွန်တော့်အနား ဖြစ်သွားတော့ သူ့ပခုံးကို ပုတ်ပြီး အားပေးလိုက်သည်။
ပြီး မှ သူ့သေနတ်နှင့် ကျွန်တော့်ရင်ဘတ်ကို ထောက်လိုက်သည်။ သူ့မျက်လုံးက ပျော်ရွှင်မှုဖြင့် ၀င်းလင်နေ၏။ ရက်စက် သည့် အပြုံးမျိုး သူ့နှုတ်ခမ်းတွင် ပြန်ပေါ်လာ၏။
"ဒီမယ်... ခင်ဗျား ကောင်းကောင်း မှတ်ထား၊ ကျုပ်တို့ အင်တာမျူဒက်ဇ်ရဲ့ လက်အောက်ခံမဟုတ် ဘူး၊ သူနဲ့လဲ ဘာမှ မပတ်သက်ဘူး၊ ဘယ်သူ့လက်အောက်ခံမှ မဟုတ်တဲ့ လွတ်လပ်တဲ့ သီးခြားလူ ငယ်အဖွဲ့ဗျ"

ကျွန်တော် က ပယ်ချလိုက်ပြီး.....
"သောက်ကြီးသောက်ကျယ်တွေ လာပြောမနေပါနဲ့ကွာ၊ မင်းတို့ကောင်းစားရင်တစ်မွန်းတည့်ပါ၊ မင်းတို့ ဒါလောက်မိုက်မဲရသလား၊ ငါ့အစိုးရက မင်းတို့ မင်းမဲ ၀ါဒီတွေကို ဒီအတိုင်းလက်ပိုက်ကြည့် နေမယ်ထင်သလား၊ တို့ သိထားတာ ဘာမှ မရှိဘူးလို့ မင်းတို့အောက်မေ့နေသလား၊ မင်းတို့ သောက်ရူးတွေပဲ"
သူက ပခုံးတွန့်ပြီး......
"ကျုပ်တို့ သိထား တာလဲ အများကြီးပဲ၊ ကြည့်သေးတာပေါ့လေ"
ပြောပြော ဆိုဆို သူအော်ဟစ်အမိန့်ပေးသည်။ သူရဲ့ရဲဘော်အားလုံးလိုလို ကားပေးပြန်တက်ပြေး ကြသည်။ ပြီးတော့ အထုပ်အပိုးတွေ သယ်ပြီး ပြန်ဆင်းပြေးလာကြသည်။ တစ်ယောက်က ကျွန်တော်တို့ ဆီပြေး လာပြီး ဂျာကင်လက်ပြတ်နှင့် တူသည့် အင်္ကျီထူထူကြီးတစ်ထည် ဖမ်ဘိုနာ ကို လှမ်းပေးသည်။ အိတ်တစ်လုံး ထဲမှာ ၀ါယာကြိုးစ တန်းလန်းနှင့်၊ ဖမ်ဘိုနာက အင်္ကျီကို ကျေနပ်စွာ ကိုင်ကြည့်ပြီး....
"ကဲ...ခင်ဗျားကြီး ဒါကိုဝတ်"
သူ့မျက်လုံးများ က ရက်စက်တော့မည့်ပုံ၊ ကျွန်တော်ခေါင်းယမ်းပြလိုက်သည်။

"ခင်ဗျားမ၀တ်ရင် ကျုပ်လူတွေအတင်းချုပ်ပြီး ၀တ်ပေးလိမ့်မယ်"
သူက ပြောသည့် အတိုင်း လုပ်မည်မှာ သေချာနေ၍ ကျွန်တော်ခါးတိုချိုင်ပြတ် ဂျာကင် ကို ၀တ်လိုက် သည်။ အင်္ကျီ က အလေးကြီး၊ ရှေ့တွင်ကြယ်သီးမပါ၊ အ၀တ်ကြိုးတွေ အများကြီး။ သူကသေသေ ချာချာ ချည်နှောင်ပေး သည်။ သူ့ကိုယ် မှ ရေမွှေးနံ့ထွက်နေသည် ကို သတိထားမိ၏။
"သိပ်မပူ ပါနဲ့ သံအမတ်ကြီး၊ မကြာခင် ကျင့်သားရသွားမှာပါ၊ ဒါကိုနေ့ရောညပါ ၀တ်ထားရမှာ"
သူက၀ါယာကြိုး ထိပ် မှ ပလတ်စတစ်သေတåာလေးကို ရဲဘော်တစ်ယောက်လက်သို့ အပ်လိုက် သည်။ ကြိုးက ငါးကိုက်လောက် ရှည်သည်။
ဖမ်ဘိုနာ က အင်္ကျီကို လက်ညှိုးထိုးပြပြီး....
"ဒီဂျာကင် ထဲမှာ ယမ်းဘီလူး သုံးကီလို ထည့်ထားတယ်၊ စနက်တံက ပလစ်စတစ် သေတ္တာလေး ထဲမှာ၊ ခင်ဗျား က ဒီအင်္ကျီ ကို ဘယ်တော့မှ မချွတ်ရဘူး၊ အိမ်သာတက်ရင်လဲ ၀တ်ထားရမှာပဲ၊ ဒီအထဲမှာ ရှိတဲ့ အမေရိကန် တိုင်း တစ်ထည် စီ ၀တ်ထားရမယ်"

သူ့ရဲဘော်ကို လက်ညှိုးထိုးပြပြီး....
"ပီဒရို က ခင်ဗျားအနားမှာ အမြဲရှိနေမယ်၊ ခင်ဗျားဖက်ဆစ်အစိုးရ က ခင်ဗျားတို့ကို လာကယ်ဖို့ လုပ်တာနဲ့ ပီဒရို က ခလုတ်နှိပ်လိမ့်မယ်၊ ခင်ဗျားတို့ရဲ့ အရိုးရော၊ အသားရော၊ ဘယ်မှရှာလို့ တွေ့မှာမဟုတ်တော့ဘူး"
သည်ခွေးကောင် ရူးနေပြီလား၊ ကျွန်တော်တို့က နှစ်ဆယ့်ခုနှစ်ယောက်၊ သူ့လူနှစ်ဆယ့်ခုနစ် ယောက်အသေ ခံမည်လား၊ ကျွန်တော်က သည်အကြောင်းထောက်ပြတော့ သူကခန့်ခန့်ညားညား ခေါင်းညိတ်ပြီး....
"ပီဒရိုက တော်လှန်ရေးအတွက် သူ့အသက်ပေးဖို့အသင့်ပဲလေ၊ ကျန်တဲ့နှစ်ဆယ့်ခြောက်ယောက် လဲ အတူတူပဲ၊ ကျုပ်တို့ဆီမှာ အသေခံတပ်ဖွဲ့ဝင်တွေ အများကြီးရှိပြီး သား၊ နှစ်ဆယ့်ခုနှစ်ယောက် သေတာ ဘာဆန်းလဲ၊ ကျုပ် တို့ ထောင်နဲ့ချီသေခဲ့ပြီပဲ"
ပီဒရိုကို ကျွန်တော်လှမ်းကြည့်လိုက်သည်။ ပိန်ပိန်သေးသေး လူငယ်ကလေး။ ပလတ်စတစ် သေတ္တာလေး ကို မြတ်နိုး ကိုးကွယ်စရာ ပစ္စည်းတစ်ခုကို သူကိုယ်ထားသည်။ မျက်လုံးတွေက အရောင်တဖျပ်ဖျပ်၊ ဟုတ်လောက် သည်။ လိုအပ်ရင် သူ့အသက်အသေခံပြီး ကျွန်တော့်ကို သတ်မည့်ပုံ။

ဖမ်ဘိုနာ က ကျွန်တော့်ကိုအကဲခတ်နေသည်။ ပြီးမှကျေနပ်စွာ ခေါင်းညိတ်ပြီး....
"ကဲ...ယန်းကီး သံအမတ်ကြီး၊ အိမ်ဖြူတော်က ခွေးသားကို ခင်ဗျားနားလည်အောင် ပြောပြ၊ မကြာခင် သတင်းထောက်တွေ၊ ဓာတ်ပုံဆရာတွေ ရောက်လာတော့မယ်၊ မနက်ဖြန်ဆိုရင် ခင်ဗျားပုံ ကမ္ဘာ့ သတင်းစာတိုက်မှာပါပြီးချက်ချင်း ခင်ဗျားနာမည်ကြီးစာရင်း ၀င်သွားတော့မှာ"
သူ့မျက်နှာကို တံတွေးနှင့် လှမ်းထွေးဖို့ ကျွန်တော်စိတ်ကူးလိုက်သည်။ စောစောက အပြုံးမျိုး သူပြုံးလျှင် ကျွန်တာ် ထွေးတော့မည်။ သို့သော် သူကမပြုံးဘဲ တည်တည်ကြီးနှင့်...
"မနက်ဖြန်မှာ ခင်ဗျားကြီး ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးဖြစ်သွားပြီပေါ့၊ ဟုတ်လား"

ညပေါင်း နှစ်ဆယ်၏ ပထမနေ့

ဂျော်နီ
စန်ကာလို
(ပထမနေ့)


လုံခြုံရေးရုံးခန်းကို ကျွန်တော် အသုံးပြုဖို့ ဆုံးဖြတ်လိုက်သည်။ အပြင်တစ်ခန်း၊ အတွင်းတစ်ခန်း၊ ပြီးတော့ ရေချိုးခန်း၊ အိမ်သာ တွဲလျက်ပါပြီးသား အတွင်းခန်းထဲတွင် နံရံကပ် ခေါက်ခုတင်ကလေးတစ် လုံးရှိ သည်။
အပြင်ရုံးခန်းကို မွှေနှောက်ရှာဖွေထားပြီးပြီ၊ ကြမ်းပြင်ပေါ်တွင် စာရွက် စာတမ်းတွေ မွစာကြဲနေ၏။ အားလုံး ရှင်းခိုင်းပြီးမှ သူ့ကို ခေါ်ခိုင်းလိုက်သည်။ စားပွဲတစ်ဖက်စီတွင် ကုလားထိုင်တစ်လုံးစီချထား လိုက်၏။
သူ့ကိုစောင့်နေ ရင်း လွန်ခဲ့သည့် နှစ်ရက်ကို ကျွန်တော် ပြန်သတိရနေသည်။ မြင်ခဲ့ရသည့် မြင်ကွင်းတွေ က ရင်တုန်စရာတွေ ချည်း၊ သမိုင်းတွင် သစ္စာဖောက် တစ်ယောက် ကို ဖြုတ်ချရသည့် အလုပ်လောက် သွေးနှင့် ဦးနှောက် ကို သုံးရသည့်အလုပ်မျိုးမရှိပါ။ လေယာဉ်ပေါ်မှ ဆင်းလိုက်သည်နှင့် ကျွန်တော် တို့ကို အော်ဟစ်နှုတ် ဆက်ကြ၊ ပွေ့ဖက်နမ်းရှုပ်ကြနှင့် ဆူညံနေသည်။ ပျော်ရွှင်စရာ၊ ရင်ခုန်စရာတို့သည် ဟိုတယ်ခန်း အထိ ပါလာသည့် အလား၊ ကျွန်တော်နှင့် အင်းနက်ဇ် ဆက်ပြီး အနမ်းမိုးတွေ ရွာကြသည်။

အလုပ်ရှိနေသေး ၍ သူ့ကို အခန်းတံခါးပိတ်ပြီး ထားခဲ့ရသည်။ ကျွန်တော့်ကို ကျိန်ဆဲရင်း သူ ကျန်ခဲ့၏။
လက်နက်ကိုင် အစောင့်တစ်ယောက်နှင့် ဂျစ်ကားတစ်စီးစောင့်နေ၏။ လူအုပ်ကြီးထဲသို့ ကားဖြတ် မောင်း သွားတော့ ပန်းစည်းတွေနှင့် ပစ်ပေါက်ကြ၊ အတင်းလက်ဆွဲနှုတ်ဆက်ကြနှင့် ဆူညံသွား သည်။ တော်လှန်ရေး ရဲဘော်များ ၏သေနတ်ပြောင်းဝများတွင် ပန်းပွင့်တွေ ဝေဝေဆာဆာဖြင့်။ ပြတင်းပေါက် တိုင်းတွင် အလံနီ များ ပြန့်လွင့်လျက်၊ အမျိုးသမီးများက ဦးခေါင်းတွင် ပန်းနီနီများ ထိုးစိုက်ပန်ဆင်ထား ကြသည်။

လမ်းချိုးတစ်ခု တွင် လူဝဝကြီးတစ်ယောက်ကို တရွတ်ဆွဲပြီး ကားပေါ်တင်နေကြသည်။
"စံပြတပ်ခွဲ က ထင်တယ်၊ ဗားဂက်စ် ရဲ့ နောက်လိုက်တွေကို တရားစီရင်တဲ့အဖွဲ့လေ"
ကျွန်တော့်ကိုယ်ရံတော် ရဲဘော်က ရှင်းပြသည်။
"သူ့ကို ဘာလုပ်ကြမှာလဲ"
သူက သေနတ်ကိုထုတ်ပြပြီး "ပြည်သူ့ခုံရုံးမှာ ချက်ချင်း တရားစီရင်မယ်၊ ပြီးတော့ အုတ်နံရံမှာကပ်ပြီး သတ်ပစ် လိုက် ရုံပါပဲ၊ ဆရာတို့ဆီမှာ ၅၉-ခုနှစ်က လုပ်တဲ့အတိုင်းပေါ့"
ရယ်စရာတော့ အကောင်းသား၊ ၁၉၅၉-ခုနှစ်တုန်းက ကျွန်တော် သုံးနှစ်သားပဲရှိသေးသည်။ နှစ်ပေါင်း များစွာ ကြာခဲ့ပြီးနောက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုများကို ဖီဒယ်လ် တစ်ယောက် နောင်တ ရ နေတဲ့ အကြောင်း ကိုတော့ ပြောမနေတော့ပါ။ သူ့အချိန်နှင့်သူ ပြည်သူ့ဆန္ဒအရ လုပ်ခဲ့သည့် အဖြစ်များ။
သမ္မတ နန်းတော် ကို ဖြတ်မောင်းလာခဲ့ကြသည်။ အလွန်လှပသည့် အဆောက်အအုံကြီးမှာ ရုပ်ပျက် ဆင်းပျက်ဖြစ်နေပြီး ခရစ္စမတ်ကိတ်မုန့် နှင့်တူသည့် နန်းတော်ဆင်ဝင်ကြီးမှာ ကျည်ဆန်ရာများဖြင့် အရုပ်ဆိုး အကျည်းတန် လျက်။

"အပျက်မတစ်ယောက် ရဲ့မျက်နှာက ကျောက်ပေါက်မာတွေနဲ့ မတူဘူးလား"
သက်တော်စောင့် က သဘောတူပြီး ရယ်ရင်း ကျွန်တော့်စကားလုံးများကို ထပ်ခါ ထပ်ခါ လိုက်ပြောနေ သည်။ ပြီးတော့ သူ့တိုက်ပွဲ အတွေ့အကြုံများကို ပြောပြသည်။ အာဏာသိမ်းပွဲတွင် ခမာရစ္စတာ သူပုန် ဘက်မှ တစ်ရာကျော် ကျဆုံး ကုန်ကြောင်း၊ ဗားဂက်စ်နှင့် သူ့ညီကို နန်းတော်ထဲမှ ဖန်မီးဆိုင်းကြီးတွင် ကြိုးပေး လိုက်ကြကြောင်း စသည် များ။
"အဲဒီ မီးပဒေသာကြီးက ပြင်သစ်ကလှမ်းမှာတာတဲ့ ခင်ဗျ၊ နှစ်ညပဲ ထွန်းရသေးတယ်တဲ့၊ ခုထိ တွဲ လောင်းရှိနေတုန်းပဲ၊ ဆရာ ကြည့်ချင်ရင် ကျွန်တော် လိုက်ပို့မယ်လေ"
"တွဲလောင်းရှိနေတုန်းဆိုတာ ဘာကိုပြောတာလဲ၊ အလောင်းတွေလား၊ ဖန်မီးဆိုင်းကြီးလား"
သူက ဟက်ဟက် ပက်ပက်ရယ်ပြီး ကျူးဘားမှ ရောက်လာသည့် လူရွှင်တော်ဟု ကားမောင်းသမား ရဲဘော်ကို သူ လှမ်းပြော သည်။

ကျွန်တော်က စိတ်စောနေသဖြင့် ဆက်မောင်းဖို့ ပြောလိုက်သည်။ နန်းတော်နှင့် မလှမ်းမကမ်း အဆောက်အအုံ တစ်ခု တွင် ဘာမျူဒက်ဇ်က ဌာနချုပ်ဖွင့်ထားသည်။ ခမာခရစ္စတာတပ်တွေ ထူထပ်စွာ ချထား ၏။ ခေါင်မိုးပေါ် တွင် လေယာဉ်ပစ်အမြောက်တွေ ဆင်ထားသည်ကိုလည်း ကျွန်တော် သတိ ထားမိလိုက်၏။
ရောက်မဆိုက် သူ့ရုံးခန်းထဲကို ကျွန်တော့်အား ခေါ်သွားကြသည်။ သူနှင့်အတူတူ လူတစ်ဒါဇင်လောက် ရှိနေသည်။ အလွန်စိတ်လှုပ်ရှားစရာကောင်းသည့် တဒင်္ဂဖြစ်ပါ၏။ သူက ကျွန်တာ့်ကို ပွေ့ဖက်ပြီး နှုတ် ဆက် သည်။ လူက သေးသေးကလေးဖြစ်သော်လည်း အတော်သန်ပုံရသည်။ ကျွန်တော့်အရိုးတွေ ကျိုးကြေ ကုန်ပြီလား အောက်မေ့ရသည်။

ပြီးတော့ ကျွန်တော့်ပါးနှစ်ဖက်ကို တအားနမ်းပြန်၏။ ကျွန်တော့်ကို စောင့်နေကြသည့် လူတစ်ဒါဇင်ထဲ တွင် ခပ်တောင့်တောင့် အမျိုးသမီး တစ်ယောက်လည်းပါ၏။ သူ့ဓာတ်ပုံကို ကျွန်တော် တွေ့ဖူးသည်။ ဘာမျူဒက်ဇ်၏ ညာလက်ရုံး မာရီယာကာရင်ဇာ။ မျက်နှာဝိုင်းဝိုင်း၊ ရင်ထွားထွား၊ တင်ကားကား။
အမျိုးသမီးနှင့် လက်ဆွဲနှုတ်ဆက်ပြီးနောက် ပွေ့ဖက်နှုတ်ဆက်ရသူက ချီဂွေဗာရားနှင့် တစ်ပုံတည်း။ စကားပြောပုံ က အစ တစ်ပုံစံတည်း။ ကျူးဘားတွင် လာပြီး သင်တန်းတက်သွားသည့် ဘာမျူဒက်ဇ်၏ စစ်ဗိုလ် တစ်ယောက်။ အားလုံးနှင့် ကျွန်တော့်ကို မိတ်ဆက်ပေးပြီး ဘာမျူဒက်ဇ်က တိုတိုတုတ်တုတ် မိန့်ခွန်းပြောသည်။
ခမာရစ္စတာနှင့် စန်ကာလို ပြန်သူတို့၏ကိုယ်စား၊ ပြီးတော့… လွတ်လပ်ရေးကို ချစ်မြတ်နိုးသော ကမ္ဘာ့ ပြည်သူတို့၏ကိုယ်စား၊ တော်လှန်ရေး ကို ရေဆုံးရေဖျားအထိ အကူအညီပေးခဲ့သည့် ဖီဒယ်လ်ကက် စထရိုနှင့် ကျူးဘားနိုင်ငံ အား ကျေးဇူးတင်ပါကြောင်း။

"ကျွန်တော်တို့ တောင်အမေရိကတိုက် အလယ်ပိုင်းမှာ ကျူးဘား တော်လှန်ရေးဟာ မီးရှူးတန်ဆောင် ပါပဲ၊ ဂျူအန်ခမာရစ္စတာ ဟာ တော်လှန်ရေးရဲ့ဖခင်ဆိုရင် ဖီဒယ်လ်ကက်စထရိုဟာ ဦးလေးဖြစ်ပါလိမ့် မယ်၊ ကျူးဘား လူမျိုးတိုင်းကတော့ ကျွန်တော်တို့ရဲ့ညီအစ်ကိုတော်တွေပါ၊ သွေးမျိုးဆက်တွေပါ၊ ဒီမှာ အခြေအနေ အနည်ထိုင် သွားတာ နဲ့ တစ်ပြိုင်နက် ကျွန်တော် ကျူးဘားကို သွားပြီး ဒီအကြောင်းတွေ ပြောမှာပါ၊ ဖီဒယ်လ်ကိုရော ကျူးဘားပြည်သူတွေ ကိုရော"
သိပ်ထူးဆန်းသည့် စကားလုံးများ မဟုတ်ပါ။ အခန်းထဲကို ကျွန်တော် အကဲခတ်လိုက်တော့ သူ့ကို အားရကျေနပ်နေပုံဖြင့် ဝိုင်းကြည့်နေကြသည်။ အားလုံးအပေါ် သူ လွှမ်းမိုးထားနိုင်သည်ကိုတော့ သံသယဖြစ်စရာ မရှိတော့။
ပရိသတ် က သံပြိုင်လိုက်ဆိုလာအောင် အောင်မြင်သည့် အဆိုတော်တစ်ဦးနှင့်တူသည်ထင်၏။ ကျွန်တော်မှအပ အားလုံး ကို သူ ညှို့ယူဖမ်းစားထားပြီ။ အားလုံး၏ယုံကြည်မှုရအောင် သူ လုပ်ပြထား ပြီ မဟုတ်လား။

ခဏနေတော့ အခြားလူတွေ အခန်း ထဲက ထွက်သွားကြသည်။ မာရီယာ ကျွန်တော်တို့နှစ်ယောက်နှင့် ကျန်ခဲ့၏။ ဆက်ဆွေးနွေးကြ သည်။
မာနာဂွာမှ တစ်ဆင့် နိုင်ငံတကာ သတင်းစာတွေ သူ ရထားပြီးပြီ။ စားပွဲပေါ်တွင် သူက ဟန်ပါပါဖြင့် ဖြန့်ချ လိုက်သည်။ သံရုံးစီးထားသည့် သတင်းကို မျက်နှာဖုံးသတင်းအဖြစ် သတင်းစာ တိုင်း တွင် ဖော်ပြ ကြသည်။ တော်လှန်ရေးလူငယ်တစ်ယောက်စီနှင့် သုံ့ပန်းတစ်ဦးစီ၏ဓာတ်ပုံများဖြင့်…။
တော်လှန်ရေး လူငယ်များ၏တောင်းဆိုချက် အသေးစိတ်ဖော်ပြထား၏။ ခမာရစ္စတာ တော်လှန်ရေး ကောင်စီ ၏ စကားလုံး လှလှလေးများဖြင့် အားပါလှသော ကြေညာချက်များလည်း ပါ၏။
သံရုံးကို ဝင်စီးပြီး သုံ့ပန်းတွေကယ်လျှင် တစ်ဦးချင်း ဗုံးခွဲမည့် အစီအစဉ်ကိုလည်း အသေးစိတ်ရေးထား ၏။ ညှိုနှိုင်းနေစဉ် ကာလအတွင်း ခမာရစ္စတာတို့က သံရုံးသို့နေ့စဉ် ဆေးဝါးနှင့် ရိက္ခာပို့ပေးမည့် အကြောင်းလည်း ပါ၏။
 
ဘာမျူဒက်ဇ် ကို ကျွန်တော် မော့ကြည့်လိုက်သည်။ သူက ကျွန်တော့်ကို ပြုံးပြီး စောင့်ကြည့်နေသည်။ ကျွန်တော် စကား စသည်။
"ကျွန်တော် ဖီဒယ်လ် ကို ပြောပြီးပြီ၊ ခင်ဗျား ရူးနေပြီလို့။ ခု ခင်ဗျား ရှေ့မှာ ဒီအတိုင်းပဲ ကျွန်တော် ထပ် ပြောမယ်၊ ခင်ဗျား က သံရုံးကိုစီးပြီး အမေရိကန်တွေကို ဖမ်းလိုက်ချိန်မှာ အမေရိကန် နိုင်ငံခြားရေးဝါဒ ပြောင်းနေပြီဗျ၊ ဒါပေမယ့် အခုတော့ သူတို့ တစ်မျိုးပြန်ဖြစ်သွားတော့မှာ၊ ဒီကိစ္စကို သူတို့ ဘယ်လက် ပိုက်ကြည့်နေမလဲ"
သူ့နှုတ်ခမ်း မှာ အပြုံးပျောက်ကွယ်သွားသည်။

"ကျွန်တော် ဂရုမစိုက်ဘူး၊ ကျွန်တော်တို့ ဘာလုပ်လုပ် သူတို့ဆက်နှောင့်ယှက်နေမှာပဲ၊ စန်ကာလိုကို သူတို့ အန်စာတုံး တစ်တုံး အဖြစ်မခံနိုင်ဘူး။ ဧရာမခွေးကြီးတစ်ကောင်က ကြောင်တစ်ကောင်ကို ချောင် ပိတ်ထား ရင် ကြောင်ဘာလုပ်မလဲ၊ ခွေးကိုခုန်အုပ်ပြီး မျက်လုံးကို ဖောက်ရမှာပဲ၊ ကျွန်တော် လုပ်တာ ဒါပါပဲ၊ လုပ်စရာ တစ်နည်း ပဲ ရှိတော့တယ်၊ တိုက်ဖို့ပဲ"
သူ ပြောသလို ဆိုတော့လည်း ဟုတ်နေသည်။ မာရီယာက သူ့အင်္ကျီလက်မောင်းကို အသာကလေး သပ်ပေး သည်။ အမြတ်တနိုး အမူအရာဖြင့်…
"အလုံပိတ် ထရပ်ကားတစ်စီး မနက်တစ်ခေါက်၊ ညနေတစ်ခေါက် ရိက္ခာပို့ဖို့ သွားမယ်၊ ခင်ဗျားကို ဖမ်ဘိုနာ အားလုံး အကူအညီပေးလိမ့်မယ်၊ ကျွန်တော် အမိန့်ပေးထားပြီးပြီ၊ အခက်အခဲရှိရင် ကျွန်တော့် ကို တိုက်ရိုက်ပြော ပါ"
ကျွန်တော် ခေါင်းညိတ်လိုက်သည်။

"မနက်ဖြန် ကျွန်တော် အလုပ်စမယ်၊ သံရုံးထဲမှာ အလုပ်လုပ်နေတဲ့ လူတွေနဲ့ ဒီနေ့ ကျွန်တော် တွေ့ မယ်၊ အစေခံတွေ၊ ထမင်းချက်တွေရောပေါ့၊ သံအမတ် နဲ့ တိုက်ရိုက် ဆက်ဆံရတဲ့ လူဆို ပိုကောင်းတာပေါ့"
စားပွဲပေါ် က ဓာတ်ပုံကို ကျွန်တော် စိုက်ကြည့်နေသည်။ အရပ်မြင့်မြင့်နှင့် အထက်တန်းလွှာ ပညာတတ် ပုံပေါက်နေ သည့် ဂျာဆင်ပီယာဘိုဒီ။ သူ့မျက်နှာ တွင် ခံပြင်းမှု၊ နာကြည်းမှု၊ စက်ဆုပ် ရွံရှာမှုတွေအပြည့်။

တံခါးဝဆီသို့ ကျွန်တော် လှမ်းကြည့်လိုက်သည်။ ဓာတ်ပုံထဲက ပုံစံအတိုင်း သူ့ကို တွေ့လိုက်ရ၏။

ဆက်ရန်
.

No comments: