ဤသို့ပညာရှာ
၁၉၅၂ ခုနှစ် ဆွမ်ပရာဘွမ်မြို့၏ မိုးကာလ တစ်ခုသော ဝေလီဝေလင်း နံနက်ခင်း။ အာရုံဦး၏ ကျေးငှက်များပင် မနိုးသေး။ မိုးက ဖွဲဖွဲရွာနေသည်။ " အဲမနန်နီ (Emanang ni) " ဟေး သူငယ်ချင်းတို့၊ သူငယ်ချင်းတို့ "
ဤအသံ မှာ မောင်ဂင်ရန်လီတို့ ဘော်ဒါဆောင်နေ ကျောင်းသားများ နံနက်(၄)နာရီ အချိန်မှန်မှန်ကြားနေကျ အသံဖြစ်၏။ " အဲမနန်နီ" မှာ ကချင်ဘာသာစကားဖြစ်ပြီး " သူငယ်ချင်းတို့" ဟု အဓိပ္ပာယ်ရသည်။ အသံပြု သူမှာ ကျောင်းအုပ်ဆရာကြီး ဦးဂျော်ရှိုးဝါးဖြစ်၏။
တစ်နေ့တာအတွက် လုပ်ငန်းစရန် အိပ်မောကျနေသော ဘော်ဒါကျောင်းသားများအား လိုက်နှိုးခြင်းဖြစ် သည်။ ဆရာကြီး သည် အလွန်ဝိရိယရှိသူဖြစ်၏။ မိုး မည်မျှသည်းပါစေ။ အအေးဒဏ် မည်မျှပြင်းထန်ပါစေ၊ နံနက်(၄)နာရီထိုးလျှင် မိမိအိမ်မှ ကိုက်(၄၀၀)ခန့်ဝေးသည့် ဘော်ဒါဆောင်သို့နံနက်တိုင်းသွား၍ ကျောင်း သားများကို နှိုးနေကျဖြစ်သည်။ ဆရာကြီး၏ ဒေါသကို သိပြီးသော ကျောင်းသားများသည် ဤအသံကြား လျှင် မည်သူမျှ အိပ်ရာတွင် မနှပ်ရဲ။ ချက်ချင်းထ၍ သူခေါ်သွားရာ လယ်တောဆီသို့ အသော့နှင်ရသည်သာ ဖြစ်၏။ ဆရာကြီး သည် ဒေါသထွက်ပြီဆိုလျှင် နှာဝအား ညာဘက်လက်ဖမိုးဖြင့် ပွတ်တိုက်လိုက်ရာ ရှူးခနဲ အသံထွက် လာပြီး တွေ့ရာတုတ်ဖြင့် ကောက်ရိုက်တတ်၏။
ဤနေရာတွင် ဆရာကြီး၏ဒေါသမည်မျှပြင်းထန်ကြောင်းအဖြစ်အပျက်တစ်ခုပြောပြလိုပါသည်။ ထိုဒေသတွင် တနင်္ဂနွေနေ့ ၌ ဘုရားကျောင်းတွင် ဘုရားရှိခိုးပြီး ညနေဘက်တွင် အလှည့်ကျ အိမ်ထောင် ၀တ်ပြုပွဲ လုပ်လေ့ရှိ၏။ တနင်္ဂနွေတစ်ခုတွင် ဆရာကြီးသည် သူ၏အိမ်အလှည့်ကျသည်ဟုသိရ၍ ကော်ဖီ တိုက်ရန် စီစဉ် ထား၏။ ထိုစဉ်အခါက လက်ဖက်ရည် ကော်ဖီပန်းကန်လုံးများများစားစားမရှိ။ သို့ဖြစ်ပါ၍ ၀ါးခွက် ခုတ်ရ၏။ ဆရာကြီး သည် ၀ါးခွက်အသင့်လုပ်ထားပြီ။ ကော်ဖီ၊ နို့ဆီ၊ သကြား ၀ယ်ထားပြီ။ နေ့လည် ဘုရားရှိခိုးစဉ် ပလ္လင်ပေါ် မှ အစီအစဉ်ကြေညာသူသည် ဆရာကြီး၏ အမည်ကို မကြေညာဘဲ၊ အခြား တစ်ဦး၏ နာမည် ကို ကြေညာလိုက်ရာ ဆရာကြီးသည် သူထိုင်သည့် ခုံပေါ်မှ ရုတ်ချည်း မတ်တတ်ထပြီး နှာဝကို လက်ဖမိုးဖြင့် ပြင်းထန်စွာ ပွတ်တိုက်ရာ ရှူးခနဲ အသံမြည်ဟီးသွားတော့သည်။
သူသည် ဘုရားကျောင်းမှထွက်ပြီး အိမ်သို့ အပြေးအလွှားပြန်ကာ အိမ်ထဲရှိ ၀ါးခွက်များကို သယ်ချပြီး သူ၏ စိုက်ခင်းခြံ သို့ စုပုံလိုက်၏။ ပြီးတော့ ရေနံဆီလောင်းချကာ မီးရှို့ပါတော့သည်။ ဆရာကြီး၏ အိမ်သည် ဘုရား ကျောင်းမှ မြင်နေရရာ ၀ါးခွက်များ မီးဟုန်းဟုန်းတောက်နေသည်ကို ဘုရားကျောင်းတက်သူများ အတိုင်း သားမြင်နေရ၏။ ရယ်ဖို့လည်း ကောင်းသေးတော့သည်။
တစ်ခါတွင် လည်း ဘော်ဒါကျောင်းသားများ အနည်းငယ်မှောင်သည်အထိ ဘောလုံးကစားနေကြ၏။ ထိုစဉ် ရုတ်တရက် ဆရာကြီးရောက်လာပြီး တွေ့ရာနှင့် ပစ်ပေါက်တော့၏။ ကျောင်းသားများ ခြေဦးတည့်ရာ ထွက်ပြေး ကြသည်။ ဂင်ရန်လီ လည်း ထွက်ပြေးရာ သူ၏ဖနောင့်နှင့် တစ်လက်မအကွာတွင် ဂိုးတိုင် ဘားတန်း ဟောင်း သစ်သားကြီး ကျလာ၏။ တစ်စက္ကန့်၏ ၁၀ ပုံ ၁ ပုံ အပြေးနောက်ကျမှဖြင့်ဟု ဂင်၇န်လီသည် အသည်း တယားယားနှင့် ကာလ အတန်ကြာ လန့်ဖျပ်နေတော့သည်။
တောင်ပေါ်ဒေသ၏ လယ်ယာဆိုသည်မှာ လှေကားထစ်လယ်များသာဖြစ်သည်။ ဤလယ်မျိုးလည်းများများ စားစား ရှိမည်မဟုတ်။ တစ်မြို့နယ်လုံးတွင် နှစ်ကွက်သာရှိသည်။ တစ်ကွက်မှာ ဘော်ဒါကျောင်းပိုင်ဖြစ် သည်။ လယ်ကွက် အသစ်တစ်ခုသည် အကျယ် ၆၊ အရှည် ၂၀၊-၃၀၊ ခန့်သာရှိသည်။ တချို့လယ်ကွက်မှာ အလျား ၄၀၊-၅၀၊ ရှည်သည်။
ထိုစဉ်အခါ က လယ်ထွန်စက်ရှီသည်ဟုပင် မကြားဖူးသေး။ ကျွဲနွားလည်း မရှိသော ကျောင်းသား များသည် ခြေလက် များကိုသာ သုံးကြသည်။ ဦးစွာ ပေါက်ပြားနှင့်ပေါက်။ တောင်ကျရေကို သွယ်၍ဖြည့်။ ပြီးလျှင် ကျောင်းသား အယောက် ၄၀ ခန့် လယ်ကွက်ပြည့် မတ်တပ်ရပ်ကြသည်။ ပြီးလျှင် ဆရာကြီးက ပါးစပ်မှ တိုင်းရင်းသား ဘာသာစကားဖြင့် " ကဘဲ့ ကဘဲ့ ... ကနွန်၊ ကနွန် " (Kabye Kabye, Kanawan kanawn) ဟု အဆက်မပြတ်ရေရွတ် ၍ "တိုင်ပင်" ပေးတော့သည်။ အဓိပ္ပာယ်မှာ "နင်းပါ၊ နင်းပါ၊ ကပါ၊ ကပါ၊ ဒူးကို ညွတ်ပဲ့ ညွတ်ပဲ့ လုပ်ပါ " ဟုဖြစ်၏။
ထိုအခါ ကျောင်းသားများသည် ဆရာကြီး၏ ပါးစပ်ဆိုင်းသံအတိုင်း မနုဿထွန်နောင်းများဖြင့် မြေစာခဲများ ကို ချေမှုန်းကြသည် မှာ အလွန်ပင် ကြည့်ကောင်းတော့၏။ ခြေဖ၀ါးများဆီမှ ရွှံ့ဗွက်နင်းသံသည် "ဖွက်ဖပ်၊ ပလွတ်ပလပ် " ထွက်လာပြီး ရွှံ့များအထက်သို့ ခုန်တက်လွင့်စင်၍ ပေါင်နှစ်ချောင်းကြား ၀င်ဝင်သွားကြ သည်။ ကျောင်းသား များသည်ဘောင်းဘီတိုဝတ်ာကသည်မဟုတ်။ ဤနည်းဖြင့် ဂင်ရန်လီတို့ မိမိရနက္ခာ မိမိ စိုက်ပျိုး ၍ ပညာရှာကြရသည်။
ဤမျှ လယ်ကို ကြိုးစားထွန်ပါသော်လည်း လယ်ဆန်ဖွေးဖွေးထမင်းမွှေးမွှေး စားရသည်ဟု ဂင်ရန်လီ မမှတ်မိ။ မည်းမည်းသေးသေးတောင်ပံနှင့် အကောင်များစားသုံး၍ ဆန်ပေါက်ဟောင်းလောင်းနှင့် ချဉ်စုပ်နံ ဟောင်နေ သည့် ထမင်းများကို စားရသည်ကိုသာ အမှတ်ရနေ၏။
ထိုဆန်များ မှာ မြစ်ကြီးနားမှာ ကားဖြင့် သယ်လာသည့် ဆန်များ၊ ပတ်ဝန်းကျင်ရွာများမှာ လာရောင်း သည့် တောင်ယာဆန်များကို ကြိုတင်ဝယ်ယူစုဆောင်းထားသည့် ရိက္ခာဖြစ်သည်။ ဆန်ကို အိတ်နှင့်မထား။ ပုတ် လိုက်၍ ထားရာ ပုတ်ဝတွင် ဆန်ကို မမြင်ရ။ မည်းမည်းသေးသေး ပျံသန်းနိုင်သည့် ပိုးကောင်းများ သိန်းသန်း မက တို့က ဖုံးအုပ်ထားသည်။ ဤအကောင်များကို နှိမ်နင်း၍မရပါ။ တောင်ပံပါ၍ ဘယ်မှာ ပေါက် ဖွားပြီး ဘယ်က လာသည်ကို မသိ၊ လေနှင့်အတူ ပါလာကျရာ ဒေသခံများက "လေကောင်" (Nbung kanu)ဟု သမုတ်ကြသည်။
ဆရာကြီး သည် ရိက္ခာစုဆောင်းရေးကိုလည်း တာဝန်ယူသည်။ မြစ်ကြီးနားမှ ဂျစ်ကားဖြင့် သယ်လာသော ဆန် ကို ၀ယ်သည်။ အနီးပတ်ဝန်းကျင်မှ တစ်နိုင်တစ်ပိုင်ဆားနှင့် လဲလှယ်ရန်ထမ်းလာသည့် ဆန်ကိုလည်း လမ်းဆုံလမ်းခွ တွင်စောင့်၍ ၀ယ်၏။ တစ်ခါသော် ရွာမှ ဆန်ထမ်းလာသည့် ရွာသားများ ဈေးနှုန်းမကိုက်၍ ဆန်ရောင်း ရန် ငြင်းဆန်ကြ၏။ ထိုအခါ ဆရာကြီး၏ ဒေါသအိုးပေါက်ကွဲကာ ရွာသားထံမှ တောင်ဝှေးကိုလု၍ လိုက်ရိုက်တော့ သည်။ ဤကိစ္စ အရပ်လူကြီးများ ဖျန်ဖြေတောင်းပန်၍သာ အမှုမဖြစ်ပဲ ကျေအေးသွား၏။ ဆရာကြီး အကြောင်း တစ်နယ်လုံး ဟိန်းသွား၏။ မည်သို့ပင်ရှိစေ ဆရာကြီးသည် ကျောင်း သားများအဖို့ ကိုယ်ကျိုး မငဲ့ ဤမျှစွန့်စားရှာပါသည်။
ဤချဉ်စ်ုသော ထမင်းကိုပင် ၀လင်အောင် စားရသည်မဟုတ်။ စကေးအချိုးနှင့် ချက်ရ၏။ ဝေငှရ၏။ တစ်နပ် တစ်ပန်းကန်သာ ခွဲတမ်းရသည်။ လိုက်ပွဲမရှိ၊ ထပ်ယူ၇န် နတ္ထိ၊ ဒီတော့ အားကောင်းမောင်း သန် ကျောင်းသားကြီးများ အဘယ်မှာလျှင် ထမင်းဝမည်နည်း၊ ဂင်ရန်လိကတော့ ကလေး အရွယ်သာ ရှိ၍ ခွဲတမ်း ထမင်း မကုန်ပါ။ ထို့ကြောင့် ဂင်ရန်လီနားတွင် ကျောင်းသားကြီးတစ်ဦးဦးက ကပ်ထိုင်၍ စား၏။ ဂင်၇န်လီ မကုန်သော ထမင်းကို ဦးအောင်ယူစားရန်ဖြစ်သည်။ ဂင်ရန်လီသည်လည်း မိမိမကုန်သော ထမင်း ကို ကျောင်းသားကြီးတစ်ဦးဦးအား ပေးကမ်းမြဲတည်း။ အရေးကြုံက အားကိုးရသည်မဟုတ်ပါလော။ ဂင်ရန်လီ က သူဝလောက်အောင်ယူပြီး သူ့ဘေးတွင် ကပ်ထိုင်စားသူအား " ကို ... ထမင်း ... " စကားပင် မဆုံးသေး ပန်းကန်ပြား သူ့ရှေ့ရောက်နေပြီ။ နှုတ်ဖြင့် နောက်မှလိုက်၍ "ထည့်လေ "ဟု ပြောလေသည်။
ဂင်ရန်လီ တို့ ဘော်ဒါကျောင်းသားများ အစိုးရဘော်ဒါ ဆောင်မရှိစဉ်က ၀ါ့စပ်ခူးရပ်ကွက်ရှိ သာသနာ ပိုင် ဘော်ဒါဆောင် တွင် နေကြရ၏။ ထိုဘော်ဒါဆောင်တွင် နေစဉ်အခါက ရိက္ခာဆန်ကို သာသနာပြု ဆရာမကြီး မမဘော်နီ အိမ်တွင် ထားကာ ကျောင်းဆရာမဒေါ်ချစ်ခင်က ကြီးကြပ်၏။ နေ့စဉ် ကျောင်းသား များ၏ ဦးေ၇ကို ကြည့်ပြီး ထုတ်ပေးသည်။ ဘော်ဒါကျောင်းသားကြီးများသည် မလောက်ငှသည့်ကြားက အရေးပေါ်ည ဖျားနာသူ များအတွက် ဆန်ပြုတ်ပြုတ်တိုက်ရန် တစ်နေ့လျှင် နို့ဆီဘူး တစ်လုံးစ နှစ်လုံးစ စုဆောင်းထားကြသည်။ တစ်နေ့သော အခါ ဂင်ရန်လီသည် ဆန်ရိက္ခာထုတ်သည့်နေရာသို့ လိုက်သွား၏။ ဆရာမသည် ဆန် ကို ချွေတာကြရန်၊ ဖျားနာပျက်ကွက်သူ ရှိက လျှော့ချက်ရန် ပြော၏။ ထိုအခါ ကလေးဖြစ် သော်၇န်လီသည် မိမိတို့ တွင် စု၍ထားသော ဆန်တစ်ပုံး ခန့်ရှိကြောင်း သဘောရိုးဖြင့် ပြောမိ၏။ အမှန်တော့ ထိုကိစ္စသည် ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်သည် ကို ဂင်ရန်လီမသိရှာ။
ဤတွင် ထမင်းစားချိန်၌ အကြီးအကျယ် ပြဿနာတက်တော့၏။ ဂင်ရန်လီပြောသောစကားကို ဆန်ထုတ် တာဝန် ကျသူ ကျောင်းသားကြီး က မီးဖိုချောင်သို့ သယ်လာဖော်သည်ချလိုက်၍ဖြစ်၏။ ဂင်ရန်လီပြောသော စကား သည် မူလအတိုင်းမဟုတ်တော့ဘဲ "ဆန်အပိုရှိကြောင်းဂင်ရန်လီက ဆရာမအား တိုင်ကြားလိုက် သည်" ဟု ဖြစ် လာ၏။ " နောက်နေ့များတွင် ဆန်လျှော့ပေးတော့မည်" ဟု ဖြစ်လာ၏။ ထို့ကြောင့် မူလက ပင် ထမင်း မ၀ကြသည့် ကျောင်းသားကြီးများ၏ ဒေါသပေါက်ကွဲသွားစေ၏။ တစ်ယောက်သော ကျောင်း သားကြီးက "ထမင်း မ၀ရင် သူ့ကို သတ်စားကြတာပေါ့ " ဟုပြောလေ၏။ ထိုနေ့မှစ၍ ဂင်ရန်လီသည် ထို ကျောင်းသား အား နောင်နှစ်ပေါင်းများစွာ ကြာသည်အထိ မျက်နှာချင်းမဆိုင်၊ စကားမပြောဘဲ နေတော့ သတည်း။
ဤချဉ်၍ နံဟောင်သောထမင်း ကို ဘာဟင်းနှင့် စားရပါသနည်း။ စကားကြွယ်သော ကျောင်းသားကြီးတစ်ဦးက " အရိပ်ထင်ဟင်း" (Shingna dawng si)ဟု အမည်နာမပေးလေသည်။
ကြည့်ပါ။ ဟင်းရွက်ပြုတ်ရည်ကို ငုံ့ကြည့်မည်ဆိုလျှင် ဟင်းခွက်ထဲ မိမိမျက်နှာမြင်ရမည်။ ကြာလာတော့ အရိပ်ထင် ဟင်းနှင့်ချည်း နှစ်ပါးသွား၍မဖြစ်၊ ကျောင်းပိတ်ရက်များတွင် မှိုမျှစ်ချိုးကြ၏။ ချောင်းပိတ်မြောင်းပိတ်၍ ဖား၊ ငါးရှာကြသည်။ ဤနည်းကား သမ္မာအာဇီဝနည်းဟုခေါ်လျှင် ရသည်။ ဤနည်းထက် မြိုးမြိုးမြက်မြက် စား ရသော နည်းလည်းရှိသေး၏။ ဤနည်းသည် လူကြား၍မတော်၊ လူသိ၍ မဖြစ်သော အမှောင်ထုကို အကာအကွယ်ပြု ၍ လှုပ်ရှားရသည့် လုပ်ငန်းဖြစ်သည်။ ဂင်ရန်လီသည် ထိုလုပ် ငန်းတွင် ရေခပ်၊ မီးမွေး အလုပ်ဖြင့် ကြိမ်ဖန်များစွာ ပါဝင်ဆင်နွှဲဖူး၏။
ထိုစဉ် က ဘော်ဒါကျောင်းသားများသည် အစိုးရဘော်ဒါဆောင်တွင် နေကြပြီး ကျောင်းသူများမာ သာသနာ ပိုင်ဘော်ဒါဆောင် တွင် နေကြ၏။ သို့သော် စားဖိုဆောင်ကိုမူ အစိုးရဘော်ဒါဆောင်နားတွင် အမျိုးသား၊ အမျိုးသမီး ခွဲပြီး နှစ်ဆောင် ဆောက်ထားသည်။ အမျိုးသားသတ်သတ်၊ အမျိုးသမီးသတ်သတ် ကိုယ့် အဆောင်နှင့် ကိုယ် စားကြ၏။
တိုးတိုးသားဟင်း ရှိသောနေ့တွင် ယောက်ျားကလေးများသည် ဟိုဟိုဒီဒီ သိပ်မသွား။ ကိုယ့်နေရာ၌ တိတ် ဆိတ်စွာ ထိုင်၍ စားရ၏။ ထမင်းခူးချိန်တွင် အသား ကို အရင်ထည့်ပြီး ထမင်းနှင့် အုပ်ရ၏။ " စားသည့်အခါ ထမင်း ကို မလှန်နှင့် မနယ်နှင့် အသားတုံး ကို လက်နှင့် အသာစမ်းပြီး ထမင်းနှင့်အတူ ပါးစပ်ထဲထည့်ပါ" ဤသို့ ကျောင်းသားကြီး များက သွန်သင်ထားကြသည်။ " ဘော်ဒါကျောင်းသူ ကိုယ့်အစ်မ၊ ညီမရှိလည်း မကျွေးနှင့် ရည်းစား ရှိကလည်း အသိမပေးရ" ဤကား ပညတ်တရားတည်း။
ထို့ကြောင့် အိမ်မွေးတိရစ္ဆာန်သတ်စား၍ ဘော်ဒါကျောင်းသားများ တောင်အုပ်ရုံး (တောင်ပေါ်ဒေသတွင် သာရှိသော ရာထူးဖြစ်သည်) ရောက် ၍ တရားရင်ဆိုင်သောအခါ ဘော်ဒါကျောင်းသူများမပါပေ။
တောင်အုပ်ရုံးရောက် သည်မှာ ဤသို့ဖြစ်၏။ ဒေသ၏ ဓလေ့အတိုင်းအိမ်တိုင်း ကြက်၊ ၀က်။ တိရစ္ဆာန်မွေး ကြသည်။ သို့သော် လှောင်၍မမွေး၊ လွှတ်ထားကြ၏။ ၀က်များ၊ ဆိတ်များသည် ဘော်ဒါမီးဖိုဆောင်သို့ ကျူးကျော် လာကြသည်။ ထို့ကြောင့် တိရစ္ဆာန်မလွှတ်ရေး အမိန့်ထုတ်ရ၏။ ဘော်ဒါဆောင်နှင့် မလှမ်းမကမ်း တွင် တိုင်းရင်းသူနှင့် ညားသည့် တရုတ်ကြီးရှိ၏။ သူသည် အရက်ချက်ပြီး ၀က်မွေး၏။ သူ၏ ၀က်များ သည် ဘော်ဒါမီးဖိုဆောင် သို့ လာရောက်ကျူးကျော်ကြကုန်၏။ ထိုးဆွ၍ ဗွက်ထစေ၏။ နောက်ပိုင်းတွင် ၀က်များ သည် တစ်ကောင်ပြီး တစ်ကောင် တရုတ်ကြီးထံ ပြန်မလာတော့ပေ။
သူ့ဝက် များ မရှိတော့၍ တရုတ်ကြီးသည် ဘော်ဒါမီးဖိုဆောင်နား ရစ်သီရစ်သီ လုပ်နေ၏။ သဲလွန်စရှာ၏။ မတွေ့။ တရုတ်ကြီးသည် ကျောင်းသားများအား မသင်္ကာသော်လည်း မစွပ်စွဲရဲ၊ သူ့ထက်ခွန်အားကြီးသော လူအုပ် ကို ကြောက်ပုံရသည်။ ကျောင်းသားများသည် တရုတ်ကြီး၏ ၀က်သားကို ရွှေဖရုံသီးနှင့် ချက်စားကြ ရာကောင်း စွာ မကျက်၍လားမသိ၊ ၀မ်းလျှောကုန်ကြ၏။ တစ်ဦးသော ကျောင်းသားသည် အိမ်သာထဲ အတင်းဝင်ပါရာ ငုတ်တုတ်ထိုင်နေသူ၏ မျက်နှာမှလွဲ၍ အောက်ပိုင်းတစ်ကိုယ်လုံး မစင် အလိမ်းလိမ်း ဖြစ်ကုန်တော့သည်။ စိတ်ဆိုး၍လည်း မဖြစ်၊ လူသိမခံနိုင်။ ရေဘုံပိုင်သို့သာအသော့နှင် ရတော့၏။
ထိုမှကာလအတန်ကြာသည့် ညတစ်ညတွင် ဘော်ဒါဆောင်နှင့် ကပ်လျက်ရှိသည့် မူလ တန်းကျောင်း ဆောင်နားတွင် ကျောင်းသားကြီး ဇော်အောင်က တစ်လံလောက်ရှိသည့် ၀ါးရင်းတုတ် တစ်ချောင်းကိုင်၍ ဂင်ရန်လီနှင့် မောင်လဂျာတို့အား လက်တို့ခေါ်ကာအသံနှိမ့်၍ -
" ငါ့ကို လက်နှိပ်ဓာတ်မီး ထိုးပေးကြစမ်း" ဟု ပြော၏။
" ဟုတ်ကဲ့၊ ဟုတ်ကဲ့ " ကလေးနှစ်ဦး ပြိုင်တူထူးကြသည်။ သူတို့နှစ်ယောက်က ဘာအတွက်ဟု မေးမနေ။ ချက်ချင်း သိပြီ။ ရိပ်မိပြီ။ မူလတန်းကျောင်းဆောင် သည် နှစ်ပေခွဲမျှ သာမြင့်ရာ၊ ကျောင်းသားကြီး က လေးဖက် ထောက် ၀င်ရ၏။ ဂင်ရန်လီနှင့် လဂျာတို့မှာ ကလေးများဖြစ်၍ ကုန်းဝင်ရသည်မှာ သူ့ထက် သက် သာ၏။
အထဲသို့ ဓာတ်မီးထိုားကည့်သည့်အခါ ဆိတ်ကလေးနှစ်ကောင်နှင့် ဆိတ်မဘကီး အိပ်နေ၏။ ဇော်အောင် သည် ၀ါးရင်းတုတ် ဆွဲ၍ ဆိတ်မကြီးရှိရာသို့ ခက်ခက်ခဲခဲ ချဉ်းကပ်သွားသည်။ ဂင်ရန်လီနှင့် လဂျာတို့က ဓာတ်မီး ထိုးပေးသည်။ ဇော်အောင်သည် ၀ါးရင်းတုတ်ကို ဆိတ်မကြီး၏ ဦးချိုစောင်းတည့်တည့် မိုးထား၏။ ပြီးမှ အားသွန် ရိုက်ချလိုက်သည်။ ရိုက်ချသည်ဆိုသော်လည်း ဖိချလိုက်သည်ဆိုက ပို၍မှန်မည်။ အကြောင်း သော် အောက်ကြမ်းခင်းသည် နှစ်ပေခွဲမျှသာ မြင့်ရာ တုတ်ကို ကြမ်းခင်းနှင့် ကပ်၍ မြှောက်ထားသည့် တိုင် တုတ် သည် ဆိတ်ခေါင်းနှင့် တစ်ပေမျှသာမြင့်၏ ဆိတ်သည် အံ့သြလောက်အောင် သေလွယ်သည့် သတ္တ ၀ါဖြစ်၏။ အကယ်၍ ဤမျှအမြင့်ဖြင့် ၀က်တစ်ကောင်၏ ခေါင်းကို ဖိရိုက်လျှင် ၀က်အဖို့ အယားပြေသာ ရှိ ပေမည်။ ယခု ဆိတ်က ထိုသို့ မဟုတ်။ တစ်ချက်မျှ မအော်နိုင်ဘဲ ခေါင်းငိုက်စိုက်ကျသွား၏။ ဇော်အောင် သည် ဓာတ်မီးပိတ်ခိုင်းပြီး ဆိတ်မကြီးအား တရွတ်တိုက် ဆွဲထုတ်သွား၏။ ကျန်သည့်အပိုင်းကို ထုံးစံ အတိုင်း ဆောင်ရွက်လိုက်ကြသည်။ သားရေ၊ ဦးခေါင်း၊ ခြေထောက်နှင့် အူများကို အဝေးတစ်နေရာ တောထဲ စွန့်ပစ် လိုက်ပြီး ကျန်အစိတ်အပိုင်းများသည် ကျောင်းသားများ၏ ငါ့ဝမ်းပူဆာမနေသာသည့် ၀မ်းဗိုက်များဆီသို့ ၀င်ရောက်ပျောက်ကွယ် သွားကုန်၏။
နောက်နေ့များတွင် ဆိတ်ကလေးနှစ်ကောင် သည် မိခင်ပျောက်၍ တပဲပဲအော်နေကြ၏။ ဆိတ်ပိုင်ရှင် ဦးဇော်ဝမ် သည် ဆိတ်မကြီးနှင့် ကလေးများ သူ့အိမ်ပြန်မလာ၍ ဘော်ဒါဆောင်သို့ လာရောက်ရှာဖွေ၏။ သူပ အိမ်သည် တရုတ်ကြီးအိမ်နှင့်လမ်းမကြီးသာခြားသည်။ သူသည် နို့ဆာ၍ တပဲပဲအော်နေသော ဆိတ် ကလေးနှစ်ကောင် ကို ပွေ့ပြီးပြန်သွား၏။ စကားတစ်ခွန်းမှ မပြော။ နောက်နှစ်ရက်ကြာသည့်အခါ ဆိတ် ကလေး နှစ်ကောင်အား မူလတန်းကျောင်းဆောင်ဘေး တွင် ချထားပြီး ပြန်သွား၏။ စကားတစ်ခွန်းမှ မပြော သော်လည်း အံကြိတ်ထား သည့် မေးရိုးကားကားကို အဝေးကပင် မြင်နိုင်၏။ ဂင်ရန်လီသည် ဆိတ်ကလေး နှစ်ကောင်ကိုကြည့်ပြီး များစွာ သနားမိ၏။ သို့သော် ယခုမှ ဘာများတတ်နိုင်ပါမည်နည်း။
တနင်္ဂနွေနေ့ရောက်သောအခါ ဘော်ဒါကျောင်းသားများလည်း ဘုရားကျောင်းတက်ကြ၏။ ဤတွင် ဘုရားကျောင်း ကို မှ မလေးစား ဆိတ်ပိုင်ရှင် ဦးဇော်ဂမ်သည် ရုတ်တရက် ထပြီး ဘော်ဒါကျောင်းသားများအား ကြိမ်းမောင်းပြောဆိုလေသည်။ စကားသံကျယ်လောင်လှရာ ဘုရားကျောင်းနံရံ တွင် ပဲ့တင်ထပ်လျက်ရှိ၏။ သူက ဆိတ် ကို မည်သူတွေ သတ်စားသည်ကို သိကြောင်း၊ ဆိတ်ခေါင်း။ ခြေထောက်များလည်း တွေ့ကြောင်း၊ သူ့အနေနှင့် ခွင့်လွှတ်လိုသော်လည်း ဆိတ်လေးနှစ်ကောင်ကို သနားမိကြောင်း။ သူတို့တစ်တွေ မကြာခင် သေဆုံးကြမည်သာဖြစ်ကြောင်း။ ဤအကြောင်း၊ နောင်တွင် ဤနေရာ၌ မပြောတော့ကြောင်း၊ ဘာကြောင်း၊ ညာကြောင်း၊ ရှည်လျားစွာ ဆဲဆိုပြောကြားသွား၏။ ဂင်ရန်လီတို့ကျောင်းသားများသည် မျက်နှာသေ ကလေး တွေနှင့် အောက်သမံတလင်းကို စိုက်ကြည့်ကာ ငုတ်တုတ်ထိုင်ကြလျက်။
နောက်နှစ်ရက်ကြာသောအခါ ဘေည်ဒါအုပ်လည်းဖြစ်၊ ကျောင်းအုပ်လည်းဟုတ်သည့် ဆရာကြီးဥိးဂျော ရှိုးဝါး ဦးဆောင် ၍ ဘော်ဒါကျောင်းသားများ တောင်အုပ်ရုံးတော်သို့ တန်းစီချီတက်သွားကြ၏။ မြို့မိမြို့ဖ ဆို သူများနှင့် တောင်အုပ်ကြီးအား ရုံးရှေ့မြက်ခင်းပြင် တွင် တွေ့ရ ၏။ ဘော်ဒါကျောင်းသား များသည် မြက်ခင်း ပြင် တွင် စုထိုင်ပြီး မြက်သီးများကို ချွေ၊ မြက်ပင်များကို လက်သည်းနှင့် ဆိတ်ဖဲ့ကစားကာ တိတ်ဆိတ် စွာ နေကြသည်။
မြို့မိမြို့ဖတစ်ဦးသည် ကျောင်းသားများအား ပြစ်တင်စကား၊ ဆုံးမစကား တစ်ခွန်းမျှမပြောဘဲ ကျောင်းအုပ် ကြီးနှင့် ဆရာ၊ ဆရာမများကိုသာ ဖိဟောက်နေ၏။ ဆရာ။ ဆရာမများသည် ကျောင်းသားများအား မကြပ် မတ်ကြောင်း။ မဆုံးမကြောင်း အလုပ်မလုပ်ကြောင်း စသည်ဖြင့် စွပ်စွဲပြောဆို၏။ ဆရာကြီးကား တစ်ခွန်းမျှ ခွန်းတုံ့ မပြန် အေးဆေးစွာနေ၏။ အမှန်တော့ ဆရာကြီး အပါအ၀င် ဆရာ။ ဆရာများသည် ကိုယ်ရေး ကိုယ်တာ ဘေးချိတ်ပြီး နေ့စဉ်နှင့်အမျှ ကျောင်းကိစ္စတွင် နှစ်မြှုပ်နေသူများဖြစ်ကြ၏။ မြို့မိမြို့ဖကြီး ကလည်း ကျောင်းသားများကို ပြစ်တင်ပြောဆိုခြင်းထက် လခစား ဆရာများအား ပြောဆိုခြင်းက ပိုမိုသင့်လျော် မည်ဟု ယူဆပုံ ရသည်။ ငတ်ပြတ်နေသော ဘော်ဒါကျောင်းသားများအား ထိုတောသူဌေး။ မြို့မိမြို့ဖကြီးက တစ်စုံ တစ်ရာ ထောက်ပံ့သည်ဟု ဂင်ရန်လီ မမှတ်မိပေ။ တစ်ခုပြောရန်ရှိသည်မှာ ကျောင်းသားများသည် သူများအိမ် သွား၍ မခိုးမ၀ှက်၊ ကြက်ဥမနှိုက်၊ မိမိပိုင်နက်သို့ ကျူးကျော်လာသော တိရစ္ဆာန်များအား ဆုံးမ ခြင်း သာ တည်း။ နောက်ဆုံးတွင် တောင်အုပ်ကြီးက ကျောင်းသားများ၊ ဆရာများအား ဆုံးမစကားပြောဆို၍ လွှတ်လိုက်လေ သတည်း။
ဤသို့ဆိုလျှင် ဘော်ဒါကျောင်းသားများသည် မဟုတ်တာလုပ်၊ မကောင်းတာကြံ၍ နေကြသည်ဟု ယူဆရန် ရှိသည်။ အမှန်တော့ ဤကဲ့သို့မဟုတ်၊ ဥယျာဉ်စိုက်သည်။ တောင်ယာခုတ်သည်။ လယ်လုပ်သည်။ ၀ါးခုတ်၊ ထင်းခွေ ရသည်။ ပတ်ဝန်းကျင်ရွာသွား၍ ဆန်သယ်ရသည်။
တစ်ခါသော် ဂင်ရန်လီတို့ ဘော်ဒါကျောင်းသားများရိက္ခာဆန်ပြတ်၍ ဆွမ်ပရာဘွမ်မြို့မှ (၁၀)မိုင်ဝေး သည့် ဂေါ့နန်ရွာ သို့သွား၍ ဆန်သယ်ရ၏။ ဆန်သယ်သွားရမည့် ကိစ္စ သည် ပျော်ပွဲစား ထွက်သကဲ့ သို့ ပျော်ရွှင်ဖွယ် ရာခရီးစဉ်မဟုတ်၍ အကြိတ်အနယ် ငြင်းခုံပွဲဆင်နွှဲရသေးသည်။
ကျောင်းသားကြီး တချို့က ကလေးများကို ချန်၍ သူတို့ချည်းသွားရန် အဆိုပြုကြ၏။ တချို့က ထမင်းခွဲတမ်း အညီအမျှ စားသည်။ ဘော်ဒါဆောင်ကြေး အညီအမျှပေးသည်။ ထို့ကြောင့် ဆန်ကိလည်း အညီအမျှ ထမ်းရမည် ဟု ဆိုကြ၏။ နောက်ဆုံးတွင် " အညီအမျှ" အဖွဲ့က အနိုင်ရသွား၍ "လူကြီးတစ်ပုံး၊ ကလေးတစ် ပုံးအညီ အမျှထမ်းစေ" ဟု ဆုံးဖြတ်ကြ၏။ (တစ်ပုံ ၈ ပြည်) ထို့ကြောင့် ဂင်ရန်လီသည် ဆန်ထမ်း ရန် ကျောင်းသားကြီးများနှင့်အတူ ဂေါ့နန်ရွာသို့ ကြွမြန်းရရှာသည်။
ဤနေရာတွင် ဂေါ့နန်ရွာမှ တရုတ်ကြီးအကြောင်း အနည်းငယ် ပြောရန်ရှိသည်။ တရုတ်ကြီးသည် ဆွမ်ပရာ ဘွမ်မြို့ မှ ပူတာအိုဘက်သွားရာလမ်းတွင် ကုန်စုံဆိုင်ဖွင့်သည်။ မြစ်ကြီးနားမှဆိုလျှင် ဆွမ်ပရာဘွမ်မြို့ထက် (၁၀)မိုင် ပိုဝေးသည်။ သိုသော် အစစအရာရာ တရုတ်ကြီးဆိုင်တွင် ဆွမ်ပရာဘွမ်မြို့ဈေးထက် ဈေးချို သည်။ ဂင်ရန်လီတို့ ကျောင်းသားများ မှောင်ရီပျိုးသောအချိန်၌ ရောက်ပြီး တန်းလျားတစ်ခုတွင် တည်းခို ကြ၏။ တရုတ်ကြီး သည် ကျောင်းသားများအား ထိုညချက်စားရန် ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်။ အလကား ပေး၏။ တစ်ဦးချင်းကိုလည်း မီးခြစ်၊ တွယ်ချိတ်၊ ငါးမျှားချိတ်၊ ထန်းလျက် ဝေပေးသေးသည်။ ထိုညအဖို့ ဆန်သယ်ကျောင်းသား များသည် တရုတ်ကျွေးသော ထမင်းဟင်းကို အ၀အပြဲစားပြီး အိပ်ရာဝင်ကြသည်။
တရုတ်ကြီး သည် ဆန်ဘယ်ကရပါသနည်း။ လယ်လုပ်သလား။ မလုပ်ပါ။ တောင်ယာ ခုတ် သလား။ ဝေးပါသေး သည်။ ထးခြားသော တရုတ်ကြီးသည် သူ့ထံယူလာသမဆ အကုန်လက်ခံ၏။ ဖရုံ သခွားရောင်း လည်းဝယ်သည်။ ကြက်၊ ၀က်လည်း လက်ခံသည်။ ဆန်လည်းယူသည်။ သို့နှင့် သူ့ထံတွင် ဆန်မှစ၍ စားနပ် ရိက္ခာများ အပြည့်အစုံ ရှိသည်။ ဤသတင်း ဆရာကြီး ဦးကျော်ရှိုးဝါး၏ ရွှေနားတော်သို့ ပေါက်ကြားသွား၍ ဂင်ရန်လီတို့ ဆန်သယ်အော်ပရေးရှင်း ဆင်နွှဲရခြင်းဖြစ်သတည်း။
ဂင်ရန်လီသည် ဆန်(၈)ပြည်မနိုင်ပါ။ တောင်ဆင်း၊ တောင်တက်ပေါသည့်ဒေသတွင် ကလေးတစ်ဦး ဤမျှ မထမ်းနိုင် ပါ။ ထမင်းကျန် ကျေးဇူးသည် ဤနေရာ၌ တုံ့ပြန်၏လာပါသည်။ သူထမင်းကျန် ပေးကမ်းထား သည့် ကျောင်းသားကြီးက ထမ်းကူသည်။ သို့တိုင်အောင် ဘော်ဒါဆောင် ပြန်ရောက်သောအခါ ဂင်ရန်လီ၏ လည်ပင်း သည် (၂)ပတ်တိတိ လှည့်စောင်း၍မရအောင် ပုဝင်သွားပြီး ဦးခေါင်းခွံသည်လည်း ထိမရအောင် ပူစပ်နေ ပါတော့သည်။ ပေါင်နှစ်ချောင်းနှင့် ခြေသလုံးများတောင့်ပြီး လမ်းလျှောက်တိုင်း ကွတကွတဖြစ်နေ သည်။
အဘယ့်ကြောင့် တရုတ်ကြီး၊ တောရွာလေးတွေ ဤမျှစုဆောင်းပေးကမ်းနိုင်ပါသနည်း။ နောင်မှသိရသည် တရုတ်ကြီးသည် ထိုဒေသမှ ထွက်ရှိသမျှရွှေကို သိမ်းကျုံးဝယ်ထားသည်။ ငွေဖြင့် ၀ယ်သည်။ ပစ္စည်းနှင့် ဖလှယ် သည်။ ပြီးလျှင် မန္တလေးသို့ တိုက်ရိုက်ဆင်းပြီး ရွှေကို ထုခွဲသည်။ ဆယ်ဆမက မြတ်သည်။ ဂင်ရန် လီ မျတ်မိသည်။ ထိုဒေသ၊ ထိုအချိန်က ရွှေတစ်ကျပ်သား ၈၀ိ/ နှင့် ၁၀၀ိ/-ကြားရှိသည်။ တရုတ်ကြီး သည် ရွှေေ၇ာင်းပြီး မနဈလးမှ ပစ္စည်းဝယ် ကာ ဂေါ့နန်ရွာ သို့ တောက်လျှောက် သယ်လာ သည်။ ရွှေထပ်စုသည်။ ပစ္စည်းဝယ်သူ၊ တစ်ခုခုလာရောင်းသူ ဒေသခံများအား မီးခြစ်၊ ငါးမျှားချိတ်၊ အပ်၊ အပ်ချည်လုံး၊ ထန်းလျက် အလကားဝေသည်။ ရွှေပိုက်ပြီး မန္တလေးဆင်းပြန်သည်။ ဤကား တရုတ်ကြိး၏ မဟာဗျူဟာ၊ နည်းဗျူဟာ များဖြစ်သည်။
ဘော်ဒါဆောင်နေ ကျောင်းသားများသည် ဟင်းအတွက် တောထွက်ရှာသည်။ ခိုးဝှက်စားသည်ဆိုသည့် အလုပ် မှာ တစ်ခါတစ်ရံ၊ တစ်ကြိမ်တစ်ခါအတွက်သာကောင်း၏။ နေ့စဉ်နှင့်အမျှ လိုအပ်သော ဟင်းလျာ အတွက် ဆရာကြီး သည် ကျောင်းစွာ စီမံထားသည်မှာ ဆောင်းကာလဥယျာဉ်စိုက်ပျိုးရေး လုပ်ငန်း တည်း။ ယောက်ျားဘော်ဒါဆောင်နှင့် မီးဖိုဆောင်ကြား တောင်စောင်းကွက်လပ်တွင် ဥယျာဉ်ခြံတစ်ခု တည်ထောင် ထား သည်။ ထိုဒေသသည် မြေမျက်နှာပြင် ညီညာ၍မနေ။ တောင်စောင်း၊ တောင်ကုန်း၊ ချိုင့်ဝှမ်းဖြင့် သာပြည့်နေသည်။ ဘော်ဒါဥယျာဉ်ကို လှေကားထစ်သဖွယ် တောင်စောင်းမြေကြီးကို ခုတ်ထစ် ပြီး မြေညှိ ထားသည်။ ခုတ်ထစ်ထားသော မြေပေါ်တွင် သီးနှံဖြစ်ထွန်းအောင် လုပ်ရသည်မှာ လွယ်သည့် အလုပ် မဟုတ်။ ထိုအချိန် ကတီစူပါ။ ယူရီးယားဓာတ်မြေသြဇာဆိုသည်ကို ကြားပင် မကြားဖူး။ ထို့ကြောင့် အဓိက အားထားရ သည့် မြေသြဇာမှာ နွားချေးသာတည်း။ သို့နှင့် နွားချေးရှာပုံတော်ထွက်ရသည်မှာ အိမ် တကာ။ ပတ်ဝန်းကျင်ရွာအနှံ့။
နွားချေးများကို ကျင်းကြီးများတူး၍ သိုလှောင်ထားရ၏။ အလျားအနံ ၆ ပေ ပတ်လည်၊ အနက် ၅ ပေ တူးပြီး တဲဆောက် ၍ အမိုးလုံစွာ မိုးထားရသည်။
ထိုသို့ လှောင်ထားသည့် နွားချေးသည် နှစ်လ၊ သုံးလ ခန့်ကြာသည့်အခါ လောင်ကျွမ်းဆွေးမြေ့သွားပြီး အလွန် ကောင်းသည့် မြေသြဇာ ဖြစ်လာသည်။ နွားချေးကို အစိမ်းလိုက်သုံးပါက နွားချေးတွင် ပါလာ သည့် မြက်သီးများသည် သီိးနှံထက် မြန်ဆန်စွာ ပေါက်ပွားရှင်သန်ပြီး သီးနှံကို ကြုံလှီသေးကွေးစေ သည်။ လှောင်ထားသော မြေဆွေး မှာ မြက်သီးများအပူငွေ့ဖြင့်သေပြီ။
နွားချေးများ ကို မြို့မှ သု့းလေးမိုင်ဝေးသည့် ဖုန်နွံ၊ ကုလားကထောင်၊ ရှအူယန်စသည့်ရွာများမှ သယ် ရ၏။ ကျောင်းပိတ်ရက်များတွင် ဘော်ဒါဆောင်လုံးကျွတ် ရှမ်းအမျိုးသမီးများ ဈေးရောင်းထွက်သလို ၀ါးခြင်းနှစ် လုံးစီ ထမ်း ၍ သယ်ရ၏။ ကျောင်းဖွင့်ရက်များ၏ နံနက်ခင်းတွင်မူ ဂင်ရန်လီနှင့် လဂျာကဲ့သို့သော ချာတိတ် များ၏ အလုပ်ဖြစ်လာသည်။ ၀ါးခြင်းနှစ်လုံး ရှေ့နောက်ဆွဲ၍ ထမ်းပိုးကိုယ်စီနှင့် ကလေးတို့အား အဝေး ကပင် မြင်နိုင်သည်။
နွားမွေးသည့်အိမ်တိုင်း အိမ်ရှင်အား ခွင့်တောင်းပြီးကောက်၊ လမ်းပေါ်တွေ့ရင်လည်းကောက်။
တချို့ နွားရှိသော အိမ်များတွင် ကျောင်းနေဘက်ကျောင်းသူလေးများ၊ အတန်းတူ၊ အခန်းတူများရှိကြသည်။ ဂင်ရန်လီ တို့ ကလေးအရွယ်ဟုသာဆိုသော်လည်း ကောင်မလေးချော၏။ မချော၏။ ကြည့်တတ်နေပြီ၊ ရှက်တတ်နေပြီ။ သို့ဖြစ်၍ နွားချေးထမ်းသော အချိန်များတွင် ကောင်မလေးများမည်မျှပင် ချောပါစေ၊ မျက် နှာချင်း မဆိုင်မိအောင် မျက်နှာလွှဲထားရ၏။ ဘေးဘီမကြည့်၊ ခလုတ်တိုက်၍ မလဲမိစေရုံ မျက်လွှာချ၍ ရှေ့ တစ်လှမ်းသာကြည့်၍ နွားချေးဂိုဒေါင် သို့ လစ်ရမြဲဖြစ်သည်။
ထိုနွားချေးဖြင့် စိုက်ပျိုးထားသော သီးနှံရှင်သန်ရေးအတွက် အ ဓိကကျသည့်အရာမှာ ရေဖြစ်၏။ ထိုမြို့ တွင် ရေကို သံပိုက်များသွယ်တန်း၍ ဝေငှ၏။ ဂင်ရန်လီတို့ ဥယျာဉ်အနားတွင် အများသုံး ရေဘုံပိုင်တစ်ခုရှိ၏။ ထိုဘုံပိုင်မှ လာသောရေဖြင့် နံနက်တစ်ကြိမ် ညနေကျောင်းဆင်းပြီး တစ်ကြိမ် လောင်းရ၏။ ရေလောင်းရ သည့် အလုပ် သည် နွားချေးထမ်းရသောအလုပ်ထက်ပင် ဆိုးရွားလှ၏။ ရေလောင်းတာများ ခက်တာမှတ် လို့၊ ပျော်စရာ ပင် ဆိုးရွားလှ၏။ သို့သော် ဆွမ်ပရာဘွမ်မြို့၏ ဆောင်းရာသီသည် ပြင်းထန်လှပါ၏။ ရေခဲမှတ် မရောက် ၍ ရေ မခဲသော်လည်း သံပိုက်မှ ထွက်လာသောရေသည် ရေခဲရေထက်ပင် အေးပါ၏။ နံနက် ဝေလီဝေလင်း အဆောင်အပြင် သို့ ထွက်လိုက်သည်နှင့် မျက်နှာပေါ်သို့ အအေးလှိုင်း ရိုက်ခတ်ရာ။ ပျား အကောင်သေးသေး များ တစ်ပြိုင်တည်း အတုပ်ခံရသကဲ့သို့ ကျင်ခနဲ၊ စူးခနဲ ခံစားရသည်။ ဖိနပ် မပါ ခြေဗလာ ဖြစ်၍ ခြေဖ၀ါးများ ထုံကျဉ်င တစ်ကိုယ်လုံးခိုက်ခိုက်တုန်ပါသည်။
ရေလောင်းသည်ဆိုသော်လည်း ရေပန်းကရားရှိသည်မဟုတ်၊ ၀ါးကျည်တောက် များဖြင့် လောင်း ရသည်။ ရေဒလဟော မကျစေရန် ထိပ်တွင်သပွတ်အူ၊ သစ်ရွက်တို့ဖြင့် ဆို့၍လောင်းရသည်။ ပိုက်မှ လာသောရေဖြစ် ၍ ကြိုးဖြင့် ငင်ရန်မလို။ ဘုံပိုင်ခေါင်းတွင် ၀ါးကျည်တောက်အ၀တည့်၍ ဘုံပိုင်ခေါင်း လှည့်ရန်သာ လို၏။ ရေပြည့်သောအခါ တစ်ပင်ပြီး တစ်ပင် လောင်းရ၏။ ရေခဲထက်အေးသော ရေကိုလက် နှင့် မထိရလေအောင် သတိထားသော်လည်းမရ။ ၀ါးကျည်တောက်ကိုမ၍ အပေါ်ထောင်သည့်အခါတိုင်း ရေသည် ကျည်တောက် အ၀နှုတ်ခမ်းမှ အောက်သို့စီးကျလာပြီး လက်ဝါးပြင်ဆီသို့ ရောက်လာ၏။ စိမ့်ခနဲ ကျင်ခနဲ ခံစားရသည် မှာ အသည်းခိုက်ပါ၏။
ရေလောင်းခြင်း လုပ်ငန်းပြီး၍ အလုပ်သိမ်း၊ ထမင်းစားမည်လုပ်သောအခါ လက်ချောင်းများသည် အအေးဒဏ် ကြောင့် ကွေးဆန့်၍ မရအောင် တောင့်တောင့်ကြီးဖြစ်နေသည်။ မီးဖိုပေါ်လက်ဖြန့်၍ ကင်ပြန် လျှင် လည်း ယားကျိကျိနာကျင်မှု ဝေဒနာမျိုး ခံစားရပြန်၏။ ထမင်းကိုဆုပ်၍ မရအောင် လက်ချောင်း များ တောင့်တင်းနေတတ်၏။ ဖြည်းဖြည်းချင်းမီးကင် ၍ လေ့ကျင့်ခန်းသဖွယ် ကွေးဆန့်ကစားကာမှ ထမင်းကို ဆုပ်ကိုင် ၍ ရပါတော့သည်။
ရေလောင်းသည့် ကလေးများ အခွင့်အရေးတစ်ရပ်တော့ရပါ၏။ မုံညင်းဖူးခူး၍ ပြုတ်စားသည်ကို မည်သူမျှ ဘာမှ မပြော။ မုံညင်းဖးပြုတ် စားချိန်မရသောအခါ မုံညင်းရွက်များကိုခူးပြီး ဓားနှင့် အပိုင်းပိုင်းစဉ်း၊ သို့မဟုတ် လက်နှင့် ဆွဲလိမ် ချိုးဖဲ့ပြီး ဆားအနည်းငယ်ခတ်ကာ ပယ်ပယ်နယ်နယ်၊ နယ်ဖတ်ရသည်။ ထိုအခါ မုံညင်း ရွက်တို့မှ ခါးစပ်စပ် စိမ်းစိမ်းအရည်များ အမြှုပ်ထ၍ထွက်လာ၏။ ထိုအရည် အမြှုပ်တို့ကို ညှစ်ပစ်ပြီး ငရုပ်သီး မျှစ်သိုခြောက် တို့နှင့် တစ်ဖန် ရောနယ်ကာ ထမင်းနှင့် လွေးရပါ၏။ ထိုမုံညင်းသုတ်သည် ခိုးဝှက်၍ သတ်စား သော ၀က်သား၊ ဆိတ်သားဟင်း ကို မမှီသော်လည်း ထိုမရှိရှားဒေသ၌ ဂင်ရန်လီတို့ ခံတွင်းတွေ့ထမင်းဝင် သောနတ်သုဒ္ဓါတည်း။
ထမင်း ကို စိန်ပြေနပြေစား၍ မဖြစ်။ ပထမအကြိမ် ကျောင်းခေါင်းလောင်းထုးသံကြားရပြီ။ သို့နှင့် ထမင်းကို နတ်သုဒ္ဓါ မုံညင်းရွက်စိမ်းသုတ်နှင့်ရော၍ ပလုပ်ပလောင်းဝါး၊ အရိပ်ထင်ဟင်းနှင့်မျိုချ၊ ပလုပ်ကျင်း၊ အနီး ရှိ ဘော်ဒါဆောင်သို့ အပြေးအလွားပြန်။ လွယ်အိတ်ကိုဆွဲကာ တောင်ထိပ်ပေါ်ရှိ ရွှေကျောင်းတော်သို့ လစ်ရ မြဲတည်း။ ယခုတော့ ထိုကာလ၊ ထိုဘ၀ ကိုပင် အမှတ်ရလွမ်းနေမိတော့သည်။
ဆက်ရန်
.

No comments:
Post a Comment