Sunday, October 28, 2012

တင်မောင်မြင့် ဘာသာပြန် မုန်တိုင်းထန်ကမ်းခြေ, အပိုင်း (၈)

မီယာဘိုဒီ
စန်ကာလို
(တတိယနေ့)


တဖြည်းဖြည်းနှင့် ကျွန်တော့် ဒေါသတွေ လျော့ပြေစပြုလာသည်။ အားလုံး တစ်နေ့နှင့် တစ်ည ကြာခဲ့ ပြီ။ တစ်ထစ်ချင်း လျော့ကျလာခြင်းမျိုး၊ သို့သော် စိတ်ဓာတ်တော့ မကျ၊ တစ်ပြိုင်တည်းတွင် အမုန်းစိတ် တို့ အနည် ထိုင်ကာ တစ်နေရာတည်းတွင် စုစည်းလျက် ခွန်အားတစ်ရပ်အဖြစ် ဖွဲ့စည်းပြီးသားဖြစ်သွား သည်။
နှစ်ပေါင်းများစွာ အကောင်အထည်မရှိခဲ့သည့် ရင်ထဲမှ အမုန်းဒြပ်ရုပ်တစ်ခုသည် လူတစ်ယောက်အဖြစ် ယခု ပုံပေါ်လာပြီ၊ သည်အမုန်းခွန်အား ရင်မှာခိုအောင်းခဲ့သည်မှာ နှစ်ဆယ့်ငါးနှစ်ရှိခဲ့ပြီ။ ရမ္မက်နှင့်ယှဉ် သည့် အမုန်းတရား။ ဘာကိုမှ မမြင်နိုင်အောင် ပြင်းထန်သည့် အာဃာတတစ်မျိုး။
ခုတော့ ပုံပေါ်လာပြီ၊ ယုတ္တိဗေဒဖြင့် ဆင်ခြင်နိုင်လာပြီ၊ ပစ်မှတ်ကို ပီပီပြင်ပြင်မြင်လာပြီ၊ ကျွန်တော့် ဦးနှောက်ကို ဆူဝေနေအောင် ပြင်းထန်သည့် ပူပူလောင်လောင် ခံစားမှုတစ်မျိုး၊ ဒေါသမုန်တိုင်းထက် အင်အားကြီးမားသည့် စိတ်စွမ်းအင် တစ်မျိုး။

ဒေါသစိတ်သည် စင်စစ် အဓိပ္ပာယ်မရှိပါ။ မုန်းတီးခြင်းကမူ အခြေခံတစ်ခု ရှိသည်။ ဆင်ခြင်တုံတရားပါ သည်။
သူလိုလူ ကို ကျွန်တော် လွယ်လွတ်ကလေး အကဲဖြတ်လို့ ရပါသည်။ ကျွန်တော်သည် မနူးမနပ် ပညာတတ် တစ်ယောက် မဟုတ်ပါ။ သူ့ထောင်ချောက်ထဲ ဝင်ရလောက်အောင် ဉာဏ်နည်းသည့် ငတုံး တစ်ယောက် မဟုတ်ပါ။ ထိန်းမနိုင် သိမ်းမရဖြစ်သွားသည့် အခြေအနေကြောင့် အမိခံလိုက်ရခြင်းဖြစ်ပါ သည်။ သို့သော် ကျွန်တော့်စိတ် ကို ကျွန်တော် ထိန်းနိုင်သည်။
သူက ကျွန်တော့်သိက္ခာ ကို နင်းခြေပြီး လိုတာရလိမ့်မည်ဟု မျှော်လင့်ထားပုံ၊ မကောင်းဆိုးရွာ တစ် ယောက် ၏လောကအမြင်မျိုး၊ ဒါကိုက စိတ်ဓာတ်အင်အားနုံ့နဲ့ သူတို့၏အပြုအမူမျိုး မဟုတ်လား။
အသိဉာဏ်အဆင့်မြင့်သူတိုင်း သည် ဂုဏ်သိက္ခာကို ဦးထိပ်ပန်ဆင်ကြသည်။ ထို့ကြောင့် ဒေဝါလီခံသွား ရသည့် လုပ်ငန်းရှင်ကြီးတွေ တိုက်ပေါ် မှ ခုန်ချသတ်သေကြခြင်းဖြစ်သည်။ ငွေသန်းပေါင်းများစွာနှင့် အတူ ဂုဏ်သိက္ခာပါ ဆုံးရှုံးသွား သည့် အဓိပ္ပာယ်။

ဘာကြောင့် သူ့ဦးနှောက်ထဲကို ဟဲမင်းဝေး သေနတ်ကျည်ဆန်ပစ်သွင်းခြင်းလဲ၊ သူ့အတွက် ဂုဏ်သိက္ခာ သည် ခွန်အားဖြစ် ၏။ အိုမင်းရင့်ရော်ခြင်းက ခွန်အားကို တိုက်စားသွားသည့်အခါ ဘဝသည် သူ့အတွက် ဘာအဓိပ္ပာယ်မှ မရှိတော့။
ဒေါသ က ကျွန်တော့်ကို အခါခပ်သိမ်း လွှမ်းခြုံထားသည့်အခါ စိတ်အနေသည် တစ်မျိုးပြောင်းလဲလာခဲ့ သည်။
အနေဆင်းရဲ၊ အစားဆင်းရဲခြင်း ကို သတိမမူမိတော့၊ လူသားတစ်ယောက်အနေဖြင့် ဂုဏ်သိက္ခာမဲ့ရခြင်း ကိုသာ နှလုံး သွင်းနေမိတော့၏။ အတွင်းခံဘောင်းဘီမှအပ အဝတ်ဗလာဖြင့် ပိန်လှီစွာ ရပ်နေသော ကျွန်တော့် ကို ကြည့်ပြီး တိရာစ္ဆာန် ဖမ်ဘိုနာ က လှောင်ပြောင်ရယ်မောနေ ၏။ ခြေသလုံးကြွက်သားတွေ သေးလွန်းသည့် အတွက် ငယ်ငယ် ကပင် ကျွန်တော် သိမ်ငယ်ခဲ့ရသည်။

ကျွန်တော် ငယ်စဉ်ကပင် အပေါင်းအသင်း သိပ်မရှိလှ၊ သူငယ်ချင်းဆို၍ မရှိသလောက်ပင်၊ ဘာကြောင့် ဟူသည် ကိုတော့ တိတိကျကျ ကျွန်တော် မသိ၊ သို့သော် ဘဝကို သည်အတိုင်းလျှောက်လာခဲ့ခြင်းဖြစ် ပါသည်။ ဥတစ်လုံး တစ်ကောင် ကြွက်သမား တို့၏ထုံးစံအတိုင်း အနိဋ္ဌာရုံနှင့်ကြုံလျှင် မဖြုံတတ်၊ အနေ အထိုင် စနစ်ကျသည်၊ တခမ်းတနားနေ ၏။
သည်အထာတွေ ကို သူ သိနေလောက်ပြီ၊ သံရုံးဝန်ထမ်းတွေဆီက သူ လေ့လာပြီးနေလောက်ပြီ၊ မီးပူ ကော့နေအောင် တိုက်ထားသည့် ရှပ်အင်္ကျီကိုမှ ကျွန်တော် သဘော ကျကြောင်း၊ ကော်ဖီ ကောင်း ကောင်း ကို သောက်တတ်ကြောင်း က အစ သူ လေ့လာပြီးလောက်ပြီ။

ထို့ကြောင့် အထက်ဆုံးမှ အောက်ဆုံးသို့ သူ ဆွဲချပြီး ကျွန်တော့်ကို မေးခွန်းတွေမေးမည်။ ကျွန်တော့် ဂုဏ်သိက္ခာ ကို နင်းခြေပြီး ကျွန်တော့်ဆီမှ ညှစ်ယူမည်။
ရေပုံး ကို ကမုတ်လုပ်ပြီး အိမ်သာတက်ရခြင်း ဆင်းရဲ၊ ဝက်စာ ကို လက်နှင့်ယူစား ရသည့် ဒုက္ခ၊ ပုံးထဲက ရေကို ငုံ့သောက် ရသည့်အဖြစ်တို့ကို ကျွန်တော် မည်ရွေ့မည်မျှ ခံပြင်းနာကြည်းနေမည်ကို သူ သိမည် မုချ။
သည်နည်းဖြင့် သူ စိတ်ဓာတ်စစ်ဆင်သည် ဆိုလျှင်တော့ မှားနေပြီ။ အမုန်းတရားကြောင့် ကျွဲပခုံး အောင် အရေထူနေသူ တစ်ယောက် သည် တော်ရုံနာကျင်မှုကို စိတ်ဓာတ်ရေးရာအရ ခုခံပြီးသား ဖြစ် နေတတ်သည် မဟုတ်လား။
သူ့အား ကျွန်တော် ဘယ်လောက်မုန်းနေသည်ကို သူ မသိနိုင်၊ သူလိုလူကိုရော သူ့ကို သည်လို လူစား ဖြစ်အောင် မွေးထုတ်လိုက် သည့် စနစ်ကိုပါ ခါးသီးမုန်းတီးခြင်းဖြစ်၏။ အနေအစား သက်သောင့်သက် သာဖြစ် ဖို့ ဘယ်တော့မှ ကျွန်တော် ဒူးထောက်လိမ့်မည်မဟုတ်ပါ။ သည်အနိဋ္ဌာရုံကဏ္ဍတစ်ခု မြန်မြန် ပြီးစေချင်သော် လည်း သည်အကြောင်း ဘယ်တော့မှ သူ မသိစေရ။

လူစာ မဟုတ် သည့် အစားအစာကို ကျွန်တော် ခုပဲ စားပြီးပါပြီ၊ သံဖြူခွက်ကလေးတစ်လုံး ကြမ်းပေါ် တွင် ရှိနေသည် မှာ နာရီများစွာကြာပြီ၊ ဖမ်ဘိုနာက ရေယူပြီး ဝင်လာသည်။ အထဲက မကုန် မချင်း နောက်ထပ်မရဟု ပြောသည်။
ကျွန်တော် သည်ဘဝရောက်သည် ကို သူ ကြည့်ပြီး ကြည်နူးနေသည်။ ကျွေးသည့်အစာကို မစားဘဲ တံတွေးနှင့် ထွေးပစ် ချင်၏။ သို့သော် ဆင်ခြင်တုံတရားက ကျွန်တော့်ကို အမြဲသတိပေးနေ၍ ကြိတ် မှိတ် စားနေရ ၏။ ခွန်အား လိုသည် မဟုတ်လား။ စားသည့်အခါ ဂျောဂျီကယ်လ်ဒီရိုဆိုသည့် သတ္တဝါ အကြောင်း စဉ်းစားပြီး စား သည်။ အမုန်းစိတ် ပိုပြင်းလာမှ မျိုချလို့ရသည်။ တစ်လုတ်စားပြီးလျှင် တစ်ခါ ပျို့တက်လာ၏။ သည်ရေနှင့် သည်အစားအစာကြောင့် ကာလဝမ်းရောဂါရဖို့ သေချာသလောက်ဖြစ်နေ ပြီ။ ပြီးတာ့ သည်ဘက်က ပုံး တစ်ပုံး၊ အနံ့တထောင်းထောင်းနှင့်။
အချစ်မှာတောင် စိတ်ဓာတ်ရေးရာ ညှဉ်းပန်းမှုရှိသေးတာပဲဗျာ၊ ခင်ဗျား သိပါတယ်…တဲ့၊ ဘာကိုဆိုလို တာလဲ၊ သူ့ဖိုင်တွဲ ထဲမှာ သည်ကိစ္စပါရှိနေပြီလား။ နှစ်တွေကြာခဲ့ပြီပဲ၊ မဖြစ်နိုင်ပါ။ သည်အကြောင်း ဘယ်သူ့ကိုမှ မပြောဖူး တာပဲ၊ ခု စဉ်းစားလိုက်ရင်တောင် ရင်မှာ နာကျင်ဆဲ။

ကောက်ရိုးမွေ့ရာပေါ်တွင် ဒူးနှစ်ဖက်ပိုက်ပြီး ကျွန်တော် ထိုင်နေသည်။ ခြေမနှစ်ဖက် ရောင်နေသည်။ အဆစ်ရောင်ရောဂါ ထနေပြီ။ ကြာလေဆိုးလေ ဆိုးလာတော့မည်။
ကျွန်တော့်ဆေးဘူးတွေ ယူပေးဖို့ပြောတော့ ဖမ်ဘိုနာက ရယ်ပစ်သည်။ သည်ရောဂါမျိုး သည်ခွေးသား ရစေချင် သည်။ ကယ်လ်ဒီရိုလာ မှ တောင်းကြည့်ဦးမည်။ သူ ဒီနေ့လာမှာလား၊ မနက်ဖြန်မှလာမှာလား မသိ။ သူ နောက်ခြေလှမ်း က ဘာဖြစ်မည်လဲ။

မြွေဟောက်စစ်ဆင်ရေးအကြောင်း ကျွန်တော် အားလုံး သိပါသည်။ ကျူးဘားမှ ထွက်ပြေးလာသူ လိုဗီယန်ကို စစ်တုန်း က  ကျွန်တော် အစအဆုံးပါခဲ့သူပဲ။ သည်စစ်ဆင်ရေးကို ကျွန်တော်နှင့် ဂျိမ်းဆန် နှစ်ယောက်ပေါင်း ပြီး ရေးဆွဲ ခဲ့ခြင်းဖြစ်၏။ သူ ပြောသည့် အတိုင်း ပင်လယ်ကွေ့နောက်ပိုင်းသည် စစ်ဆင်ရေးက ကက်စထရိုဖြုတ်ချရေး တွင် အကြီးဆုံး ထိုးစစ်စီမံကိန်းဖြစ်သည်။
အောက်တိုဘာလ တွင် မဟာအောက်တိုဘာ တော်လှန်ရေးနေ့ အခမ်းအနား တက်ရန် မော်စကိုသို့ ကက်စထရို ကျိန်းသေ သွားမည်။ အာဏာသိမ်းခံရခြင်း၏ အရသာကို သင်း လက်တွေ့သိရှိခံစားရ တော့မည်။ ကိုယ့်အတတ်နှင့် ကိုယ် ဝဋ်လည်မည့်အဖြစ်။

တွေးရင်းတွေးရင်း  ပီတိဖြစ်လာသည်။ သူက တပည့်ကျော် လမ်းသရဲကိုလွှတ်ပြီး ကျွန်တော့်ပါးစပ်ကို ဖွင့်ခိုင်း သည်တဲ့၊ ညှဉ်းဆဲ ခိုင်းသည်တဲ့၊ သည့်အတွက် သင်းတို့ဒဏ်ခတ် ခံကြရလိမ့်မည်။ မြွေဟောက် စစ်ဆင်ရေးပြီး လျှင် သူတို့ ပြေးစရာမြေမရှိနိုင်တော့။
ကျူးဘား ကို ကျွန်တော် တစ်ခေါက်ပြန်သွားဦးမည်။ ကျွန်းနိုင်ငံကလေးအကြောင်း ခေါင်းထဲရောက်လာ လျှင် သူကလေးမျက်နှာ က တရေးရေး ပေါ်လာစမြဲ။ တစ်ခု ထူးခြားသည်မှာ လွန်ခဲ့သည့် နှစ်အနည်း ငယ်အတွင်း သူ့ရုပ်သွင် သည် ကျွန်တော့်အာရုံတွင် ဝိုးတဝါးမဟုတ်တော့ဘဲ ပီပီပြင်ပြင်ထင်ဟပ်နေခြင်း ဖြစ်ပါ၏။ အထူးသဖြင့် နှုတ်ခမ်းနှင့် မျက်လုံးများ။
အိပ်မက်ကို ဇာဖွဲ့ပြီး ဋီကာချဲ့သူများအား ကျွန်တော် စိတ်ပျက်တတ်ပါသည်။ မသိစိတ်အကြောင်း ပြော လျှင် ကျွန်တော် စိတ်မဝင်စားတတ်ပါ။

သို့သော် အိမ်မက်ထဲတွင် သူ့နှုတ်ခမ်းနှင့် မျက်လုံးများကိုသာ ကွက်ပြီး ဘာကြောင့် ကျွန်တော် ခဏ ခဏ မြင်မက်နေ ပါသလဲ။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အမှောင်ထုလွှမ်းထားသလိုမျိုးမဟုတ်။ အလွန် လင်း သည့်ရောင်ခြည် တစ်မျိုးတွင် သူ့ခန္ဓာကိုယ်လောင်ကျွမ်းပျောက်ကွယ်သွားခြင်းမျိုး။
သူ့မျက်လုံးအစုံ က ကျွန်တော့်ကို အမြဲစောင့်ကြည့်နေသည်။ လွမ်းဆွတ်ကြေကွဲနေသည့် မျက်လုံးများ။ ပြီးတော့ ကျွန်တော့် တစ်ကိုယ်လုံး ကို မီးလျှံဖြစ်စေသည့်နှုတ်ခမ်းများ သည်ဝေဒနာက ဘယ်တုန်းကမှ လျော့ပါးသွားခြင်း မရှိခဲ့ပါ။ ယခုတော့ အဟောင်းတို့ အသစ်ဖြစ်ရပြန်ပါချေပြီ။ သည်အတိတ်ကမ္ဘာသည် တမ်းတစရာ ဘဝလက်ဆောင် တစ်ခုဖြစ်သလို ကျွန်တော့်အတွက် ကျိန်စာတစ်မျိုးလည်း ဖြစ်လေသည်။

ဂျော်ဂျီ
စန်ကာလို
(သုံးရက်မြောက်နေ့)


ပြတင်းပေါက်တွင် သူ ရပ်နေသည်။ မိမွေးတိုင်း ဖမွေးတိုင်းပုံစံဖြင့်။ စိတ်ထဲမှ အစီအစဉ်ကို ပြောင်းပစ် လိုက် သည်။ သူ့ကို ခေါ်လာခဲ့ခြင်း အတွက် မှားတော့ မမှားပါ။ သူ သောင်းကျန်းချင်တိုင်း သောင်းကျန်း ခွင့် ရနေ၏။
သည်လို သောင်းကျန်းမှုအတွက် ကျွန်တော် သူ့ကို စွဲလမ်းနေခြင်းလား။ အခန်းထဲ သို့ ပြန်လှည့် လာပြီး ရေချိုးခန်း ဆီသို့ လျှောက်သွားသည်။ သူ ဘယ်လောက်လှကြောင်း ကျွန်တော် တစ်ခါက ပြောပြဖူး သည်။ သူက သူ့ကိုယ်သူ လှသည် မထင်။ အလှတရားကို သူ မသိ။ သည့်အတွက် ပိုလှနေသည်လား။ ရံခါတွင် သူ့မျက်နှာလေး မှာ ပကတိအပြစ်ကင်းစင်နေ၏။
ခေါင်း ကို မော့မော့ထားပြီး လမ်းလျှောက်ပုံက ကျွန်တော် ငယ်ငယ်က ကြည့်ဖူးသည့် အမေရိကန် မင်း သမီး အာဗာဂဒ်နာနှင့် တစ်ပုံစံတည်း။ ထို့ကြောင့် အင်းနက်ဇ်ကို တွေ့တွေ့ချင်း မှတ်မိနေခြင်းဖြစ်၏။
တစ်မိနစ် အတွင်း  သူ ရေချိုးခန်း ထဲက ပြန်ထွက်လာသည်။ မှန်လင်ပန်းကလေး ကိုင်လျက်၊ လင်ပန်း ပေါ်တွင် ပုလင်း သေးသေးလေး တစ်လုံး ပါလာသည်။ ခုတင်ပေါ်တွင် သူ ဝင်ထိုင်သည်။ သူနှင့် ကျွန်တော့်အကြားတွင် မှန်လင်ပန်းကလေး ကိုချသည်။ ပုလင်းကလေးကို ဖွင့်ပြီး အဖြူမှုန့်တွေ မှန်ထဲ သွန်ချသည်။ ကိုကင်းမှုန့်တွေ။

"မင်း ဒါ ဘယ်ကရသလဲ"
"ဒီဟိုတယ်က ရတာပေါ့၊ ဒါ အမေရိကန်ပိုင်ဟိုတယ်လေ၊ နိုင်ငံခြားသားတွေ အများကြီး ဒီမှာရှိနေတာ ပဲ၊ ဒီမှာ ဘိန်းဖြူ ကစပြီး ဆယ့်နှစ်နှစ် သမီးကလေး အထိ ရနိုင်တယ်၊ ဒါ အခန်းစားပွဲတိုးဆီကရတာလေ"
"ဘယ်လာက် ပေးရသလဲ"
"ဟင့်အင်း… ဘယ်လောက်မှ မပေးရပါဘူး"
"မပေးရဘူး… ဟုတ်လား"
သူက လျှို့ဝှက်စွာ ပြုံးပြီး…
"ဟုတ်တယ် ဂျော်နီ ရဲ့၊ အင်းနက်ဇ်က သူ့ကို ပြောတယ်လေ၊ ငါ့လူ အပြင်ထွက်နေတဲ့အချိန်မှာ နင် ငါ့ဆီ လာခဲ့ လို့၊ ဆယ်မိနစ် အချိန်ပေးမယ်၊ နင် ကြိုက်တာလုပ်လို့"
"ကြိုက်တာလုပ်… ဟုတ်လား"

"ဟုတ်တယ်လေ… ဆယ်မိနစ်တည်းပဲဟာ၊ သူ အရမ်းပျော်သွားတယ် သိလား"
ကျွန်တော် တံတွေး မျိုချ လိုက်သည်။ သူ ကျွန်တော့်ကို စောင့်ကြည့်နေ၏။ သူက တအားကုန် ပြုံးလိုက် ၏။  ကျွန်တော့်မျက်နှာ တွင် ဘာခံစားမှုမှမပြ၊ သူ ကျွန်တော့်ကို ရွှီးနေခြင်းလား၊ တကယ် ပြောနေခြင်း လား၊ အမှန်ပြောခြင်း ဖြစ်နိုင် ပါသည်။
ရင်ထဲမှ လှုပ်ခတ်မှုကို ကျွန်တော် သရုပ်မခွဲနိုင်ပါ။ ဒေါသနှင့် အားနည်းမှု ရောထွေးနေခြင်းဖြစ်ပါလိမ့် မည်။ လောလောဆယ် သူ့မျက်နှာ လှလှလေး ကို လက်သီးနှင့် ဖျက်ဆီးပစ်လိုက်ချင်စိတ်သာ လွှမ်းမိုး နေ၏။
သူကလည်း မျှော်လင့်နေပုံ၊ သူက တိုက်ပွဲကို တမင် ဖိတ်ခေါ်နေသည့် မိန်းမသားမျိုး။

တစ်ခါက ဧည့်ခံပွဲတစ်ခုတွင် အရက်မူးနေသည့် မိန်းကလေးတစ်ယောက် ကို ဖန်ခွက်နှင့် ပေါက်သည်။ ကျွန်တော့် ကို ရိသဲ့သဲ့ လုပ်လို့တဲ့လေ။ တစ်ခါတွင်တော့ ကျွန်တော့်အခန်းထဲမှာ သူ ရှိနေစဉ် ရည်းစား ဟောင်း က  ကျွန်တော့်ဆီကိစ္စတစ်ခု အကူအညီလို၍ဖုန်းဆက်သည်။ သည်တော့လည်း အချစ်ဟောင်း နှင့် ပြန်ပြောင်း စားမြုံ့ပြန်စရာလေးတွေ ပြောဖြစ်ကြသည်။ ထိုနေ့က ရှိရှိသမျှ ခွဲစရာမှန်သမျှ တစ်ခု မကျန် ပေါက်ခွဲပစ်သည်။ ကျွန်တော် ကတော့ ဘော့ဘ်မာလေး၏ဓာတ်ပြားကို အကျယ်ကြီးဖွင့်ပြီး နား ထောင်နေလိုက်သည်။ သည်လို မနာလိုဝန်တို မှုမျိုး ကို ကျွန်တော့်ထံမှ သူ မြှူဆွယ်ခြင်းဖြစ်၏။ သူ အောင်မြင်ပါသည်။
ကျွန်တော့် အတွက် စုပ်တံလေးတစ်ခု လှမ်းပေးသည်။ ကျွန်တော် ငြင်းလိုက်၏။ သူက ပခုံးတွန့်ပြီး အဖြူမှုန့် ကလေးများ ဆီသို့ ခေါင်းငုံ့လိုက်သည်။ မှန်ထဲတွင်လည်း သူ့အလှရောင်ပြန်ထင်ဟပ်နေ၏။ အဖြူမှုန့်ကလေးများ ကို အားပါးတရ ရှူသွင်းလိုက်သည်။

ဟာဗာနာမှာပင် သူ ဒါမျိုးရအောင် ရှာတတ်သည်။ လေယာဉ်ကွင်းတွင် ဘယ်မှောင်ခိုသမား၏လက်ထဲ ဘယ်လောက် ပါလာသည်ကအစ သူ သိသည်။
ကျွန်တော် စစ် ရသည့် အမှုတစ်ခုနှင့် ဆက်နွှယ်နေသည့် သူ့ကို လွန်ခဲ့သည့် သုံးနှစ်က စတွေ့ခဲ့ခြင်းဖြစ် သည်။ နှစ်နှစ်ပေါင်းသင်းခဲ့ သည့် သူ့ယောက်ျားမှာ နေဝင်ချိန် ရောက်နေသူဖြစ်သည်။ သူ့ကို ကျွန်တော် တို့ လျှော့လျှော့ပေါ့ပေါ့ အပြစ်ပေးခဲ့ ပါသည်။ သို့သော် နောက်တစ်လအကြာတွင် မီးခိုချောင်ထဲတွင် ဝါယာကြိုးနှင့် ကြိုးဆွဲချသေနေသည် ကို တွေ့ရ၏။
သွေးရိုးသားရိုး အမှုမဟုတ်ဟု ကျွန်တော် ထင်သည်။ သို့ဖြင့် ပထမဆုံး စစ်ဆေးမေးမြန်းခံရသူမှာ အင်းနက်ဇ် ဖြစ် လာသည်။

ကျွန်တော့်ရုံးခန်းထဲသို့ သူ ရောက်လာတော့ ပူပူလောင်လောင် ကြောင်ကြောင်ကျားကျား ဂျစ်ပစီ စကတ်ကြီး ဝတ် လို့၊ ခြေထောက်တွင် ဖိနပ်မပါ၊ ကျွန်တော့်ပထမဆုံး မေးခွန်းက…
"မင်းယောက်ျား ဘာကြောင့် ကိုယ့်ကိုယ်ကို သတ်သေရတယ်ဆိုတာ မင်း သိသလား"
သူ့အဖြေက တိုက်ရိုက် ဆန်လွန်းသလို စက်ဆုပ်ရွံရှာစရာလည်း ကောင်း၏။
"သိတာပေါ့၊ သူ့ကို ထားခဲ့ပြီး သူ့သူငယ်ချင်းနဲ့ ကျွန်မ တွဲတယ်လေ၊ သူက ကျွန်မမရှိဘဲ မနေနိုင်ဘူး၊ ကျွန်မက သူ့ကို စိတ်ကုန်နေတယ်၊ ဒါပါပဲ"
သူ့ယောက်ျား ၏သူငယ်ချင်းဆိုသူကိုလည်း ငြီးငွေ့လာပြန်သည်။ သို့သော် ထိုသူငယ်ချင်းကတော့ သူ့ ကိုယ်သူ သတ်မသေခဲ့ပါ။ ရက်အနည်းငယ်ကြာတော့ အင်းနက်ဇ် ကျွန်တော့်အခန်းသို့ ပြောင်းလာခဲ့ သည်။

ကျွန်တော့်ခြေရင်း တွင် ကန့်လန့်ဖြတ် ကျောဆန့်နေသည်။ ကိုကင်း တန်ခိုးပြချိန်ကို စောင့်နေခြင်းဖြစ် သည်။ ကျွန်တော်တို့နှစ်ယောက်၏ရှေ့ရေး ကို တွေးကြည့်သည်။ ရှင်းရှင်း မြင်နေရပါ၏။ သည်မိန်းမ သည် ဆပ်ကပ်လှောင်အိမ် ထဲက ခြင်္သေ့တစ်ကောင်လို ကြောက်စရာကောင်းသည့် မိန်းမဖြစ်သည်။
ကျွန်တော်က ဆပ်ကပ်သမား၊ သံလှောင်အိမ်ထဲကို တုတ်တံတစ်ချောင်းမှမပါဘဲ ဝင်သွားသူ၊ ရှေးတုန်း က သည်လို ရုပ်ရှင်ကားဟောင်းများ ကျွန်တော် ကြည့်ဖူးသည်။ ရုပ်ဆင်းရူပကာ အမူအရာနှင့် တိရစ္ဆာန် တွေကို ထိန်းသွားခြင်းဖြစ်သည် ဟု ပရိသတ်က ထင်ကြသည်။ အမှန်မှာ အလွန်စူးရှသည့် စိတ် စွမ်းအင် ဖြင့် တောရိုင်း တိရစ္ဆာန်ကို အောင်နိုင်ခြင်းဖြစ်၏။
အားနည်းချက်။ ဒါမှမဟုတ် ကြောက်ရွံ့မှု စဉ်းငယ်ပြရုံဖြင့် အရိုးအသား တခြားစီ ဖြစ်သွားနိုင်သည်။

ကျွန်တော့်ခြေထောက်တွေကို သူ ပွတ်သီးပွတ်သပ် လုပ်နေသည်။ ပြီးလျှင် တစ်ဆင့်တက်၍ သောင်း ကျန်းတော့ မည်။
အိပ်ရာနံဘေး မှ တယ်လီဖုန်း မြည်လာသည်။ ဘာမျူဒက်ဇ်၏လက်ထောက်အသံ၊ သူ စိတ်လှုပ်ရှားနေပုံ ရ၏။ စင်ကာလို ကို အမေရိကန် က ယနေ့ အရုဏ်တက်အချိန်မှစပြီး လေကြောင်းအားလုံး ပိတ်ဆို့ ဖို့ ကြေညာ လိုက်ကြောင်း သတင်းပို့ခြင်းဖြစ်သည်။
စန်ကာလိုကမ်းခြေ မှ သုံးမိုင်ကျော်အတွင်း တွေ့သည့်သင်္ဘောမှန်သမျှ မြှုပ်ပစ်မည်။ ဆယ်မိုင်အတွင်း ဝင်လာ သည့် လေယာဉ်မှန်သမျှ ပစ်ချမည်တဲ့။ နစ်မစ်ဇ်ပေါ်မှ ဖိုက်တာ လေယာဉ်များ အသင့်ပြင်ထားပြီ တဲ့။

လောလောဆယ်ဆယ် မာနာဂွာသို့ ထွက်မည့် လေယာဉ်တစ်စင်းရှိသည်။ ကျွန်တော် ပြန်ချင်လျှင် စီစဉ် ပေးမည် ဟု ပြောသည်။  ကျွန်တော်က မလိုကြောင်း ပြောပြီး ဖုန်းချလိုက်သည်။
ထင်သည့် အတိုင်း အမေရိကန်တုံ့ပြန်မှုက မြန်ဆန်သည်။ နီကာရာဂွာ အတွေ့အကြုံရှိနေပြီမဟုတ် လား။ စန်ကာလို ကို  စစ်ရေးအားဖြည့် အကူအညီ ရောက်လာချိန် သူတို့ပေးမည်မဟုတ်။ နာရီကိုကြည့် လိုက်တော့ ခုနစ်နာရီ ခွဲနေပြီ၊ နောက်နာရီဝက်အတွင်း ရိက္ခာပို့သည့်ကား ထွက်တော့မည်။
သံအမတ် ကို သည်နေ့အနားပေးဖို့  ကျွန်တော် စီစဉ်ထားသည်။ သို့သော် ရက်ပေါင်းနှစ်ဆယ် အချိန်ရ ချင်မှ ရတော့မည်။ အင်းနက်ဇ်ရင်ခွင်ထဲမှ ခြေထောက်တွေကို ဆွဲယူလိုက်ပြီး ကမန်းကတန်း ထလိုက် သည်။

အိပ်ရာပေါ်မှ ဆင်းပြီး အပြေးအလွှား အဝတ်လဲသည်။ သူ စိတ်အနှောင့်အယှက်ဖြစ်သွားသည့် လေသံ မျိုးဖြင့်…
"ဒါက ဘယ်သွားဦးမှာလဲ"
"သံရုံးလိုက် သွားရမယ်၊ ဒီည ကိုယ် ပြန်နိုင်မှာ မဟုတ်ဘူး၊ ဟိုမှာ အိပ်မယ်"
"ကျွန်မက ဘာလုပ်ရမှာလဲ"
တီဗွီနှင့် ကက်ဆက်ကို လက်ညှိုးထိုးပြပြီး…
"အခွေကောင်းကောင်းတွေရှိတယ်၊ အခန်းထဲမှာ ထမင်းမှာစားပေါ့"
သူ့ ဆီလာမည့် အခန်းစားပွဲထိုးအကြောင်း ကျွန်တော် မေ့နေသည်။ သူက ထထိုင်ပြီး ဒေါသ သည်းထန် နေ သည့် လေသံဖြင့်…
"သွားစမ်းပါ၊ မနေနိုင်ပါဘူး၊ အပြင်ထွက်စားမှာပဲ"
"မထွက်နဲ့၊ အပြင်မှာ ဘာမှစိတ်မချရဘူး၊ အခန်းထဲမှာ မစားချင်ရင် အောက်ဆင်းစား၊ ဒါမှမဟုတ် ရင် လေယာဉ်ကွင်း ကိုသွား၊ တစ်နာရီအတွင်း မာနာဂွာကို ထွက်မယ့်လေယာဉ်တစ်စင်း ရှိတယ်၊ လိုက်မယ် ဆိုရင် ကိုယ် စီစဉ်ပေးမယ်၊ နောက်ဆိုရင် လေယာဉ်တစ်စင်းမှ ရှိတော့မှာ မဟုတ်ဘူး"
သူ ငြိမ်သွားသည်။ ပြန်ဖို့ စဉ်းစားနေခြင်းလား၊ ကျွန်တော်ကတော့ ပြန်စေချင်နေသလား။

အဝတ်လဲပြီး သားရေအိတ်နှင့် ဖိုင်တွဲတွေ ကောက်ယူလိုက်သည်။ အခန်းဝရောက်တော့ ပြန်လှည့် ကြည့်လိုက် သည်။ ဒူးထောက်ပြီး မျက်နှာကို လက်ကိုင်မှန်အဝိုင်းထဲတွင် ကြည့်နေ၏။ ကျွန်တော်က တံခါးကို ဆွဲဖွင့်ရင်း…
"ကိုယ့်အတွက် ပိုက်ဆံနည်းနည်းတော့ ထားခဲ့နော်"
"ဘာလုပ်ဖို့လဲ၊ လက်မှတ်ထိုးလိုက်ရင် အကုန်ရနေတာပဲ"
သူ ကျွန်တော့် ဘက် လှည့်ကြည့်သည်။ ကျွန်တော်တို့နှစ်ယောက် သံလှောင်အိမ်ထဲ ရောက်နေပြီ။ သတ္တိ ရှိရင် ရှေ့တိုးခဲ့ ဟု အဓိပ္ပာယ်ဆောင်သည့် မျက်လုံးများဖြင့် ကျွန်တော့်ကို သူ စိုက်ကြည့်နေ၏။ သူက လေအေး ကလေးဖြင့်…
"အခန်း စားပွဲထိုး ကို ပိုက်ဆံပဲ ပေးလိုက်ပါတော့မယ်လေ"

အားနည်းသည့်သဘောလား၊ သွေးတိုးစမ်းခြင်းလား၊ ကျွန်တော်က အရေးမထားဟန်ဖြင့်…
"ပိုက်ဆံ သိပ်မကျန်တော့ဘူး မဟုတ်လား၊ ဆယ်မိနစ်တည်းပဲကွာ"
တံခါးပိတ်ပြီး ကျွန်တော် ထွက်ခဲ့သည်။ လေးငါးလှမ်း လှမ်းပြီးသည်နှင့် တံခါးရွက်ကို တစ်ခုခုလာမှန်သံ၊ ကျကွဲသံကြားလိုက်၏။ ကြည့်မှန်ကလေး ဖြစ်မည်ထင်သည်။
လှောင်အိမ်ထဲ က တိရစ္ဆာန်က ခုန်အုပ်သည်။  သို့သော် ဆပ်ကပ်ဆရာကို မမိ။

ဆက်ရန်
.

No comments: