"ခဏလေး ... သူဒီမှာ ရှိတယ်"
ဖုန်းခွက် ကို လက်ဝါးနှင့် အုပ်ပြီး တုန်တုန်ယင်ယင် ပြောသည်။
"ပြဿနာ တက်ပြီ ... သံအမတ်ကြီး၊ လာကေးရဲ့ တပ်တွေ လေဆိပ်နဲ့ သမ္မတအိမ်တော်ကို ချီတက် နေပြီတဲ့၊ ပြီးတော့ ... အသံလွှင့်ရုံ နဲ့ ရဲဌာနကိုလဲ ၀ိုင်းထားပြီတဲ့၊ မြို့ရဲ့ အနောက်မြောက်ဘက် က သေနတ်သံတွေ ကြားနေရတယ်တဲ့၊ အဲဒီမှာ သမ္မတ ကိုယ်ရံတော်တပ် တချို့ စောင့်နေတဲ့ ဗားဂက်စ် ရဲ့ စံနန်းတော်ကြီး ရှိတယ်လေ" ကို ဆက်ဖတ်ရန် ....
× × ×
ထိုတဒင်္ဂတွင် ကျွန်တော် ဘာမှမစဉ်းစားနိုင်ဘဲ စိတ်ပျက်စရာ ကောင်းလောက်အောင် ညံ့ဖျင်းလွန်း သည့် ကျွန်တော် လူတွေအကြောင်းသာ ခေါင်းထဲဝင်လာသည်။ နလပိန်းတုံးတွေ၊ နွားရှေ့ ထွန်ကြူး လုပ်ချင်ကြသေး ၏။ တက်စလာ ၏ မျက်နှာတွင် သွေးဆုတ်နေပြီး အယောင်ယောင် အမှားမှားနှင့် စီးကရက်တစ်လိပ်ထုတ်ပြီး ပါးစပ် တွင် ခဲသည်။
"ဟေ့ ... တော်ပြီ၊ မသောက်နဲ့"
ဒေါသတကြီးနှင့် ကျွန်တော် အော်လိုက်သံနှင့်အတူ ဟိုအဝေးဆီက စက်သေနတ်သံတွေ ကြားနေရပြီ။ စိတ်ရှုပ်ထွေးခြင်း မရှိတော့၊ တည်တည်ငြိမ်ငြိမ် ကျွန်တော် အမိန့်ပေးလိုက်သည်။
"ကဲ ... ဗိုလ်မှူးကြီး ရှိသမျှခလုတ်တွေ နှိပ်ပေတော့"
× × ×
သည်လို အခြေအနေမျိုးနှင့် ကျွန်တော် တစ်ခါမှ မကြုံဖူးပါ၊ ၁၉၅၉ခုနှစ်တွင် ဖြစ်သည့် ဟာဗားနား အရေးအခင်း မှာ တစိမ့်စိမ့် ကြီးထွားလာသည့် ပြဿနာမျိုး ဖြစ်ပြီး နှစ်ဖက် မျှမျှတတ ပြီးသွားသည့် အရေးအခင်းမျိုး ဖြစ်သည်။
ယခု အဖြစ်အပျက်ကတစ်မျိုး၊ ဘာမှစဉ်းစားချိန်၊ ဆွေးနွေးချိန်၊ ညှိနှိုင်းချိန် မရလိုက်။ တစ်နှစ်လုံး ကြိုတင်ပြင်ဆင် ထားခဲ့သည့် စီမံချက်တွေ ရုတ်ခြည်း သဲထဲရေသွန် ဖြစ်သွားနိုင်သည်။
အီရန်နှင့် အီရတ် အရေးအခင်း နောက်ပိုင်းတွင် ကျွန်တော်တို့ သံရုံးများ၏ လုံခြုံရေးကို ငွေအမြောက်အမြား အကုန်ကျ ခံပြီး ပညာရှင်များက စီမံဆောင်ရွက်ပေးကြပါ၏။ လူကောင်း သူကောင်း ရွေးလွှတ်ဖို့ကျတော့ အာရုံ မစိုက်ကြ။
သံရုံးလုံခြုံရေး တွင် တာဝန်အရှိဆုံး ပုဂ္ဂိုလ် နှင့် စီးပွားရေးသမားနှစ်ယောက် ပေါင်းပြီး သူတို့ မိန်းမတွေ နှင့် ဧည့်ခံပွဲ ကို ကျွန်တော် မသိဘဲ သွားသည်တဲ့။ သူတို့နောက်တွင် အငယ်တန်းအရာရှိ စုံတွဲတွေ တသီကြီး ပါသွားသည်တဲ့။
နောက်ပိုင်းတွင် စိတ်လှုပ်ရှားမှု မဖြစ်တော့ဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် ဆမ်နားက ကျွန်တော့်ကို ပြောပြသည်။ ဆယ်မိုင်လောက်ဝေး သည့် သူဌေးကြီးတစ်ဦးပိုင် ပင်လယ်ကမ်းခြေအိမ်ကြီး တစ်အိတ်တွင် ဧရာမ ဧည့်ခံပွဲကြီး တစ်ခု လုပ်နေသည့်တဲ့။ သံရုံးစည်းကမ်းကို ဗြောင်ချိုးဖောက်ခြင်း ပင်။
ကိုယ့်ကိုယ် ကိုလည်း ဒေါပွမိ၏။ တစ်ရက် နောက်ကျသွားသည့်အတွက် ဖြစ်၏။ သံရုံးဝန်ထမ်းများ နှင့် မိသားစု များ ကို မနက်ဖြန်တွက် ၀က်အူတင်းဖို့ ကျွန်တော် စဉ်းစားထားပြီးသား။ သည်အဆင့် ရောက်လာကြမှ ကိုယ့်ကိုယ် ကို စည်းကမ်းထားကြဖို့ ကောင်းပါ၏။
ခုတော့ မတတ်နိုင်ပြီ။ ရှိသလောက်စည်းကမ်းဖြင့် အမြန်ဆုံး လှုပ်ရှားရတော့မည်။ မိနစ်ပိုင်းအတွင်း အရေးပေါ် အဖွဲ့ဖွဲ့ ပြီး အလုပ်စကြသည်။ ဖလင်းမင်း မရှိ၍ ဂေ့ခ်ျနှင့် တပ်ကြပ်ကြီး ကောဒါးတို့က လုံခြုံရေးကို တာဝန် ယူကြသည်။
ပထမဆုံး ကြေးနန်းပို့ဖို့ ကျွန်တော် စာကြမ်းရေးသည်။ ၀ါရှင်တန်က လူတွေကို အိပ်ရာက နှိုးပြီး အလုပ်ပေးရမည့် အတွက် ကျေနပ် သလိုလို ဖြစ်မိ၏။ ညတွင်းချင်း အိမ်ဖြူတော် အရေးပေါ်ခန်းမထဲ တွင် ကျွန်တော်တို့လိုပင် သူတို့ ခေါင်းချင်း ရိုက်ကြရတော့မည်။
လွန်ခဲ့သည့် ဆယ်ရက်က ကျွန်တော်ကိုယ်တိုင် ရောက်ခဲ့သည့် အရေးပေါ်ခန်းမ။ သမ္မတ ၏ တောင်အမေရိက တိုက်အတွင်း ကွန်မြူနစ်ဝါဒ လွှမ်းမိုးရေး မိန့်ခွန်းကို နားထောင်ရ၏။
ကျွန်တော့် သံအမတ်ရာထူး ကို ကွန်ဂရက်က အတည်ပြုလိုက်သည့်အတွက် ၀မ်းသာကြောင်းလဲ သမ္မတ က ပြောလိုက်သေး၏။ ကျွန်တော့ ယခုလက်ရှိ အခြေအနေကို သူသိရှိလျှင် ၀မ်းသာနိုင်မည် မထင်ပါ။
သူ့ကို သူတို့ နှိုးပြီး ပြောကြမည်လား၊ ကျွန်တော်မထင်ပါ။ နောက်ဝင်လာမည့် သတင်းတွေကို သူတို့ စောင့်ကြည့်ဦးမည် ဖြစ်ပါသည်။
ကျွန်တော် တို့ အားလုံးရှစ်ယောက် စုမိသွားပြီ။ သတင်းတွေက ဆက်တိုက်ထပ်ဝင်နေ၏။ ခမာရစ္စတာ သူပုန်များနှင့် လာကေး ၏ တပ်များ ပူးပေါင်းပြီး သမ္မတနန်းတော်နှင့် ရဲတန်းလျားကို တိုက်နေပြီ။ စနစ်တကျ ကြိုတင် ပြင်ဆင် ထားသည့် အကွက်ဖြစ်ကြောင်း သိသာ ထင်ရှားသွားပြီ။ အသံလွှင့်ရုံကို သိမ်း လိုက်ပြီ။ တော်လှန်ရေး ကို အားလုံး လက်တွဲဖို့ သူပုန်ခေါင်းဆောင် ဘာမျူဒက်ဇ်၏ မိန့်ခွန်းကို ထပ်တလဲလဲ လွှင့်နေပြီ။
ဒင်းဘိုးမင်း ထံမှ ဖုန်းလာသည်။ အိမ်ရှင်က သမ္မတ၏ သူငယ်ချင်းဖြစ်နေ၍ ချက်ချင်း ပြန်မလာခြင်း ဖြစ်ကြောင်း ရှင်းပြ သည်။ ခုတော့ ဆက်ပြီး ခိုနေရန်သာရှိကြောင်း သူက ပြောသည်။ ကျွန်တော်က ဆက်နေဖို့အကြောင်း၊ သည်သံရုံးတွင် သူ့အတွက် အလုပ်မရှိတော့ကြောင်း ပြောပြီး ဖုန်းချလိုက် သည်။ သည်လို ပြောလိုက်ရသဖြင့် ကျွန်တော် ကျေနပ်နေသည်။
ရေဒီယို တယ်လီဖုန်း မြည်လာသည်။ ဗိုလ်မှူးအင်ဒါဆင်အသံ။ သူ့ရဲဘော်နှစ်ယောက် ကျဆုံး သွားကြောင်း၊ ဘန်ကာကျင်း ထဲက ဘယ်သူမှ မထွက်ဖို့ အမိန့်ပေးထားကြောင်း ကျွန်တော့်ကို သတင်းပို့ခြင်း ဖြစ်သည်။
သံရုံးဝင်းအတွင်းသို့ အရောက်ခေါ်ဖို့ ကျွန်တော်တို့ စဉ်းစားသေးသည်။ မဖြစ်နိုင်သဖြင့် လက်လျှော့ လိုက်ကြ ရ၏။ လမ်းတွင်အားလုံး ပိတ်နေပြီ။ မည်းမည်းမြင်သမျှ လှမ်းပစ်နေသည့် အခြေအနေ။
ကျွန်တော် အဓိကထား စဉ်းစားရမှာက သံရုံးလုံခြံရေး၊ ကမ်းတက်တပ်သား ဆယ့်ငါးယောက်ကို တပ်ကြပ်ကြီး ကောဒါး ဦးစီးစေပြီး အစောင့် ချထားလိုက်သည်။ သဲအိတ်ပတ်ပတ်လည်စီပြီး စက်သေနတ် ကိုယ်စီနှင့်။
မျက်နှာစာ သုံးဘက်ကို ဖြန့်ပြီး ချိန်ထားခိုင်းသည်။ သံရုံးဝင်း ပတ်ပတ်လည်မှ နံရံက သုံးပေထူသည့် သံကူ အားဖြည့် ကွန်ကရစ်နံရံ။ နံရံအပေါ်ပိုင်းမှ သံဆူးကြိုးတွေကို လျှပ်စစ်ဓာတ် လွှတ်ထားလိုက် သည်။ စစ်သား ဆယ့်ငါးယောက်အပြင် ကျွန်တော်တို့တွင် လုံခြုံရေးတပ်ဖွဲ့ ဆယ်နှစ်ယောက် ရှိသေးသည်။ ရှစ်ယောက်က နီကာရာဂွာ ပြည်ပြေး အဖွဲ့၊ ကျန်လေးယောက်က ပနားမားတွေ။
သူတို့က ကွန်မြူနစ် ကို အသေတိုက်မည့် လူတွေ။
သံရုံးဂိတ်ဝ တံခါးမကြီးကို သံမဏိလုံးကြီးများဖြင့် အခိုင်အမာ တည်ဆောက်ထားသည့် မျှော်စင် နံဘေး တစ်ဖက်တစ်ချက် တွင် စက်သေနတ်ဘန်ကာ တစ်ခုစီ ရှိသည်။ အတွင်းဘက် လုံခြုံရေး ရုံးခန်းတွင် ကျွန်တော် တို့ တပ်သားများ နေရာယူထားကြပြီး အပြင်တွင် အစိုးရတပ်စိတ်တစ်စိတ်က အသင့်အနေအထားဖြင့် သူတို့ တစ်တွေ စည်းကမ်းသေ၀ပ်စွာ ရှိနေကြောင်း သိရသည်။
သံရုံးဝင်း ထဲတွင် အားလုံး လေးဆယ့်နှစ်ယောက် ရှိသည်။ အမျိုးသမီးရှစ်ယောက် အပါအ၀င် စုစုပေါင်း အမေရိကန်နှစ်ဆယ့်ခုနစ်ယောက်။
ပြန်ပို့ဖို့ အမိန့်ကို မနေ့က ထုတ်ဖြစ်လိုက်လျှင် အကောင်းသားဟု ကျွန်တော် တနုံ့နုံ့ တွေးနေမိ သည်။ အမျိုးသမီးများ အတွက် ပို၍ စိတ်ပူမိခြင်း ဖြစ်၏။
အီရတ် အရေးအခင်း ဖြစ်ပြီးကတည်းက အမေရိကန် အောက်လွှတ်တော်သည် သံရုံးလုံခြုံရေး အတွက် ရန်ပုံငွေတွေ ပုံအောပေး ဖို့ သဘောတူညီခဲ့သည်။
သို့သော် စန်ကာလိုအတွက် ထူးခြားချက်မှာ သံရုံးအိမ်ရာနောက်ဘက်တွင် ဗုံးခိုကျင်းတစ်ကျင်း တူးဖြစ်သည်မှ လွဲ၍ ဘာမှ အပြောင်းအလဲ မရှိပါ။
မြေအောက် ဗုံးခိုကျင်းကမူ စိတ်ချရလောက်အောင် ခိုင်ခံ့သည်။ မီးလောင်းခန်းတစ်ခန်းလည်း လုပ်ထား၏။ တီတီရန် သံရုံးကိစ္စ နောက်ပိုင်းတွင် အမေရိကန်သံရုံးတိုင်း မီးလောင်ခန်းတစ်ခန်း လုပ် ထားကြသည်။ အရေး အကြောင်း ဖြစ်လာလို့ အခြေအနေမဟန်လျှင် အရေးကြီးသည့် စာရွက် စာတမ်းတွေကို မီးရှို့ပစ်ရန် ဖြစ်၏။ နာရီဝက် အတွင်း စက္ကူ၊ ကွန်ပျူတာ၊ ကွန်ပျူတာဓာတ်ပြား အားလုံး ပြာဖြစ်စေမည်။ မီးလောင်ခန်းနှင့် မြေအောက် လိုဏ်ဂူကို "ငြိမ်းချမ်းနယ်မြေ" ဟု နာမည်ပေးထားသည်။ ပတ်ပတ် လည် သံမဏိ နံရံ၊ ပြီးတော့ ဧရာမထုထည်နှင့် သံမဏိတံခါးရွက်တွေ။
လေ၀င်လေထွက်အတွက် အထူးခေတ်မီ လေမှုတ်စက်၊ လေစုပ်စက်ကြီးများကို အသုံးပြုထား သည်။ တာဝန် အသီးသီး ပေးပြီး လုံခြုံရေးတာဝန် ပေးထားသူများမှလွဲ၍ သံရုံးအဖွဲ့သားများနှင့် မိသားစုများ အားလုံး ကော်ဖီ အခန်းထဲတွင် စုဝေးနေကြသည်။ မွေ့ရာတွေ၊ စောင်တွေပါ သူတို့ဆီ ပို့ထားဖို့ ကျွန်တော် အမိန့်ပေး လိုက် သည်။
ကျွန်တော်တို့ တကယ်ပဲ ရုတ်ခြည်း အန္တရာယ်တွေ့တော့မှာလား။ သိပ်တော့ မထင်ပါ။ တယ်လီဖုန်း လိုင်းတွေ ပြတ် သွားပြီ ဖြစ်သော်လည်း ရေဒီယိုတယ်လီဖုန်းဖြင့် သတင်းတွေ ဆက်တိုက်ရနေ၏။
မြို့ထဲ တွင် ရှိသည့် ဗြိတိသျှသံရုံးက ပို့သည့်သတင်းအရဆိုလျှင် ခံစစ်ဘက်က အားလျော့လာပြီဟု သိရသည်။ ဗိုလ်မှူးအင်ဒါဆင်ထံ မှ ရသည့်သတင်းက တစ်မျိုး၊ သမ္မတနန်းတော်တစ်ဝိုက် တိုက်ပွဲ များ ပြင်းထန် သည်ဆို၏။ နှစ်ဖက် အကျအဆုံးများကြောင်းနှင့် သူပုန်ဘက်က အသာစီးရနေ ကြောင်းလည်း သိရသည်။
အရုဏ်တက်လောက်တွင် နန်းတော်ကို လုံးဝသိမ်းနိုင်လိမ့်မည်ဟု အင်ဒါဆင်က ခန့်မှန်းသည်။ ဖြစ်နိုင်ခြေတွေကို ကျွန်တော် တွက်ကြည့်သည်။ ဗိုလ်ချုပ်ခရုဇ်နှင့် သူ့တပ်တွေ စန်ကာလိုကို ရက်ပေါင်းများစွာ အတွင်း ရောက် မလာနိုင်။
သူရောက်လာချိန်တွင် ဗိုလ်ချုပ်လာကေးတပ်တွေနှင့် ခမာရစ္စတာတွေက မြို့ကို အခိုင်အမာ စီးနင်း နေရာ ယူထားပြီး သား ဖြစ်နေမည်။ သူ ဘာမှတတ်နိုင်တော့မည် မဟုတ်။
အရုဏ် တက်လောက်တွင် သူပုန်တွေ လက်ထဲသို့ စန်ကာလို ကျဆုံးသွားဖို့က သေချာနေပြီ။ ဗိုလ်ချုပ်ခရုဇ်၏ တပ်များ ရင်မဆိုင်ရဲလောက်အောင် အာဏာသိမ်းအဖွဲ့က အင်အားတောင့်သည်။
သည်တော့ ကျွန်တော့်တွင် အရေးကြီးဆုံး ပြဿနာနှစ်ခု ရှိလာပြိ။ အမေရိကန်က ဘယ်အတိုင်း အတာအထိ ၀င်ရမည် ကို ၀ါရှင်တန်သို့ ကျွန်တော် အကြံပေးရမည်။ နောက်တစ်ခုက သံရုံးကို အကြမ်းဖက်လာလျှင် ဘာလုပ်မည်လဲ။
ဒုတိယပြဿနာက ပိုပြီး နီးကပ်နေသည်။ ဆမ်နား၊ ဂေ့ခ်ျ၊ ကောဒါးတို့နှင့် ကျွန်တော် ဆွေးနွေး သည်။ အခြေအနေက ဘာမျူဒက်ဇ်နှင့် ဗိုလ်ချုပ်လာကေးတို့ မည်သို့ အာဏာခွဲဝေ ယူကြမည်လဲ ဆိုသည့်အပေါ်တွင် အများကြီး တည်နေ သည်။
အစောပိုင်းတွင်တော့ လာကေးလက်ထဲတွင် အာဏာ ရှိနေမည်ဟု ဆမ်နားက ယုံကြည်သည်။ သူ့အင်အားဖြင့်သာ ဗိုလ်ချုပ်ခရုဇ်၏ မာရဇွန်တပ်တွေကို တားဆီးနိုင်လိမ့်မည်ဟု ဘာမျူဒက်ဇ်က ယုံကြည်နေမည်။
နောက်ပိုင်းတွင် အခြေအနေတစ်မျိုး ပြောင်းသွားနိုင်သည်။ သူပုန်နှင့် လာကေးတပ်တွင် ပေါင်းပြီး တော့ သံရုံးကို အကြမ်း ဖက်လိမ့် မည် မဟုတ်ဟု ကျွန်တော်တို့ အားလုံး သဘောတူကြသည်။
တောင်ပိုင်းနှင့် အလယ်ပိုင်း အမေရိကတိုက်တစ်ခွင်တွင် ခမာရစ္စတာ သူပုန်တို့သည် အရက်စက်ဆုံး အကြမ်းဖက်သမား များ ဖြစ်ကြ၏။ သို့သော်လည်း အာဏာကို လက်ဆုပ် လက်ကိုင်ရပြီဆိုလျှင်တော့ တစ်မျိုး ဖြစ် သွားနိုင်သည် မဟုတ်လား။
တစ်ခုပဲ စိုးရိမ်စရာ ရှိသည် စည်းမဲ့ကမ်းမဲ့ သူပုန်တပ်ဖွဲ့မျိုးနှင့် တွေ့လျှင်တော့ အန္တရာယ် ရှိနိုင်သည် မဟုတ်လား။ စစ်ဦးဘီလူးဆို မဟုတ်လား။
ရက် အတန်ကြာတော့ မည်သည့်အန္တရာယ်မျိုးကိုမဆို ထိန်းထားနိုင်လိမ့်မည်ဟု ဂေ့ခ်ျနှင့် တောဒါး တို့နှစ်ယောက် စလုံး ယုံကြည်ထားကြသည်။ သူပုန်ဘက်တွင် လက်နက်ကြီးတွေ မရှိ၍ သံရုံးလုံခြုံ ရေးအတွက် သိပ်ပူစရာမရှိ။
အမေရိကန်ဝင်လာမည့် အရေးကို ဘာမျူဒက်ဇ်က ရှောင်မည်သာ ဖြစ်၏။ သည့်အတွက် မည်သည့် စွန့်စားခန်းမျိုး မှ ဖွင့်လိမ့်မည်မဟုတ်။
သူတို့သုံးသပ်ချက် ကို ကျွန်တော် သဘောတူပါသည်။ အမေရိကန်သမ္မတ စစ်တပ်စေလွှတ်မှ ကျွန်တော်တို့ အတွက် အန္တရာယ် မုချရှိမည် ဖြစ်ပါသည်။ သည်လိုဖြစ်ဖို့ကလည်း ရက်များစွာ ယူရပါ လိမ့်မည်။
အဆင့်တွေ က အများကြီး၊ တပ်တွေကို အသင့်ပြင်ထားပြီး သံတမန်နည်းဖြင့် စကားပြောကြရဦး မည်။ ပြီးတော့ အိမ်ရှင်နိုင်ငံ က အကူအညီ မတောင်းမချင်း တပ်ပို့လို့မရ။ ဘယ်သူက ဖိတ်ခေါ်စာ ရေးမည်လဲ။
သမ္မတ ဗားဂက်စ်နှင့် သူ့လူတွေ မိုးလင်းသည်နှင့် သုံ့ပန်း ဖြစ်ကြရတော့မည်။ ဗားဂက်စ်၏ သမ္မတ နန်းတော်ဆီ မှ နောက်ထပ် ဘာသတင်းမှ ၀င်မလာသည်မှာ နှစ်နာရီ ရှိသွားပြီ။
ကျွန်တော် တို့ လုံခြုံရေး စီမံချက်ကို စစ်ဆေးဖို့ ဂေ့ခ်ျနှင့် ကော်ဒါးကို ခေါ်ပြီး ထွက်ခဲ့သည်။ ကျေနပ် သွားသည်။ ကျွန်တော့် လူတွေအားလုံး တက်တက်ကြွကြွနှင့် ယုံကြည်မှု အပြည့်ရှိနေကြသည်။ သံရုံးအပြင်မှ အစိုးရ အစောင့်တပ်ကမူ ကြောက်နေပုံရသည်။ သို့သော် သူတို့ ဣနြေ္ဒမပျက်ကြပါ၊ လိုအပ်လျှင် သူတို့ ကူတိုက်မည့် အကြောင်း ဂေ့ခ်ျက ကျွန်တော့်ကို စိတ်ချလက်ချ ပြောသည်။
ကော်ဖီခန်း ထဲ ၀င်ကြည့်သည်။ စစ်အတွင်းက လန်ဒန်မြင်ကွင်းကို ပြေးမြင်မိ၏။ အခန်း တစ်ဖက် ထောင့် တွင် မွေ့ရာတွေ၊ စောင်တွေ စုပုံထားသည်။ အိမ်ထောင်သည်တွေနှင့် သံရုံးအမျိုးသမီး ၀န်ထမ်းတွေက ရိက္ခာစာရင်း ကို စစ်ဆေးနေကြသည်။
ဂျူလီဝက်ရှ်ဆို သည့် အမျိုးသမီးက ကျွန်တော့်အတွက် ကော်ဖီယူလာပြီး စိုးရိမ်သည့် မျက်လုံးများ ဖြင့် ကြည့်နေ သည်။ ဗင်နီဇွဲလား သံအမတ်ကြီး ဧည့်ခံပွဲတုန်းကလည်း သူ့ကို ကျွန်တော် သတိထား မိခဲ့၏။ သည်တုန်းကမူ မလိုတမာ အကြည့်ဖြင့် ...
သေနတ်သံတွေ နီးသည်ထက် နီးလာသည်။ သူတို့အားလုံးကို စုဝေးပြီး ကျွန်တော် စကားအနည်း ငယ် ပြော လိုက်သည်။
"သူပုန်တွေနဲ့ အစိုးရတပ် တချို့ပေါင်းပြီး မြို့ကို သိမ်းနေတယ်၊ မင်းတို့အားလုံးကို ပြန်ပို့ဖို့ စဉ်းစား နေတုန်းမှာ ဒီလိုဖြစ်လာတဲ့ အတွက် စိတ်မကောင်းစရာပဲ၊ ဒါပေမယ့် ချက်ချင်းတော့ ဘယ်လိုမှ အန္တရာယ် ရောက် မလာနိုင်ပါဘူး၊ သိပ်မပူကြပါနဲ့၊ အခြေအနေကတော့ ခုနေမှာ ရှုပ်ထွေးနေသေး တယ်၊ အားလုံး စိတ်အေးအေး ထားကြပါ၊ တတ်နိုင် သလောက် ၀ိုင်းပြီး အကူအညီပေးကြပါ"
အမျိုးသမီးတစ်သိုက် တီးတိုးတီးတိုး လုပ်သံ ကြားလိုက်ရ၏။
အမျိုးသမီးတစ်ယောက်က ...
"ညစာစားပွဲ သွားနေတဲ့ လူတွေသတင်းများ ဘာကြားသေးသလဲ သံအမတ်ကြီး"
သူ့ကို ကျွန်တော် မှတ်မိသည်၊ နိုင်ငံရေးကောင်စစ်ဝန်၏ ဇနီး။
"သူ့တို့ သတင်း ရတာ နှစ်ခါ ရှိသွားပြီ၊ ခင်ဗျား ဘာလို့ လိုက်မသွားတာလဲ မစ္စက်လဲဗီး"
အမျိုးသမီး မျက်ရည် လည်လာသည်။ ပြီးမှ အားတင်းလျက် ...
"ကျွန်မကို ပြောမသွားဘူးရှင့်၊ ခွေးသူတောင်းစား က ကျွန်မကို ခေါက်ထားခဲ့တာ၊ အရေးကြီးတဲ့ ကိစ္စနဲ့ အပြင် သွားစရာ ရှိတယ်လို့ပဲ ပြောသွားတာ၊ သိပါတယ်၊ ဘယ်လောက် အရေးကြီးတယ် ဆိုတာ"
မိန်းမတွေ တိုင်းထွာပြီးပြောလျှင် ကျွန်တော် အော့နှလုံးနာသည်။ မစ္စက်ဝက်ရှ်ဘက်လှည့်ပြီး ...
"နိုင်ငံခြားရေး ဌာနရဲ့ ဥပဒေစည်းမျဉ်းတွေကို ကျုပ် သိတယ်၊ ခင်ဗျားတို့ အိမ်ထောင်သည်တွေကို ကျုပ် အမိန့်ပေး ပိုင်ခွင့် မရှိဘူး၊ ဒါပေမယ့် မစ္စက်ဝက်ရှ် အနေနဲ့အားလုံးကို ကြီးကြပ်ပြီး မီးဖိုချောင် ကိစ္စတွေ၊ သန့်ရှင်းရေး ကိစ္စတွေ တာဝန်ခွဲပေးမယ်ဆိုရင် ကျုပ် သိပ်ဝမ်းသာမှာပဲ"
"စိတ်ချပါ သံအမတ်ကြီး"
ကျွန်တော် ထွက်လာခဲ့သည်။ ၀င်းထဲ ဖြတ်လျှောက်ပြီး အိမ်ရာဘက်ဆီသို့ ပြန်လာခဲ့သည်။ သေနတ်သံတွေ ကျဲသွားပြီ၊ အိုက်စပ်စပ် ရှိသည်နှင့် ရေချိုးပြီး အ၀တ်လဲလိုက်သည်။ အရှေ့စူးစူး ဆီမှ အလင်းရောင်ပျို့လာနေပြီ၊ ကျူးဘားနိုင်ငံပေါ် တွင်တော့ အရုဏ်တက်ချိန် ရောက်လာပြီ၊ သူတို့တစ်တွေ အောင်ပွဲ ခံနေကြမည့် မြင်ကွင်း ကို တွေးပြီး ကျွန်တော် ခံပြင်းနေမိ၏။
x x x
နောက် နာရီဝက်အကြာတွင် ကျွန်တော် မြေအောက်ခန်းထဲ ပြန်ရောက်သွားသည်။ ကျွန်တော်တို့ အားလုံး ရေဒီယို နားတွင် ၀ိုင်းနားထောင်နေကြ၏။ အရေးတော်ပုံအောင်ပြီ ဖြစ်ကြောင်း ဘာမျူဒက်စ်က တိုင်းပြည် သို့ အသံလွှင့် ပြောကြားသည်။
သူ့အသံ က အောင်မြင်သည်။ ပညာတတ်လေသံပါသည်။ သို့သော် သံမှန်ဖြင့် ခပ်အေးအေး ပြောသွားသည်။ သူ့ဓာတ်ပုံတွေ့ ဖူးသည်။ လူက ပုပုသေးသေး၊ နှုတ်ခမ်းမွေးနှင့် မျက်မှန်ထူးကြီးနှင့်။ အသက် က နှစ်ဆယ့်နှစ်နှစ် သာ ရှိသေးသည်။ သို့သော် လူကြီး တစ်ယောက်လို အိုစာနေ၏။
သူ့အသံတွင် တက်ကြွခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်း ရောထွေးနေ၏။ သမ္မတဗားဂက်စ်နှင့် သူ့ညီ ကျဆုံးသွားပြီး ဖြစ်ကြောင်း၊ သူတို့နောက်လိုက်တွေကို ဖမ်းဆီးထားပြီး ဖြစ်ကြောင်း သူက ထည့်ကြေညာသည်။ သူတို့ကို ပြည်သူ့ခုံရုံး တွင် တရားစီရင်မည်ဖြစ်ကြောင်း၊ ကျန်လူများ အချိန်မီ လက်နက်ချရန်နှင့် မချ လျှင် သေဒဏ်ပေးခံရမည်ဖြစ်ကြောင်းလည်း ထည့်ပြောသွားသည်။
ဗိုလ်ချုပ်လာကေး အကြောင်းကို ချီးမွမ်းခန်း ဖွင့်ပြိး တော်လှန်ရေးနှင့် လက်တွဲသည့် ရဲဘော် အကြပ်တပ်သား အားလုံး ကို ညီအစ်ကို တော်လှန်ရေး တပ်သားကောင်းများအဖြစ် ကြေညာသွား သည်။ သူပုန်နှင့် စစ်တပ် ပူးပေါင်း လိုက်သည့်တပ်ကို အမျိုးသား တော်လှန်ရေးတပ်မတော်ဟု နာမည်ပေးလိုက်သည်။ ရန်သူတွေလကို ဆက်လက် ချေမှုန်းသွားမည်ဟုလည်း ကြုံးဝါးသွားသည်။
နားထောင်ရင်း၊ နားထောင်ရင်း ကြားဖူးသည့် စကားလုံးတွေ ချည်းပါလားဟု ထင်လာသည်။ လက်စသတ်တော့ ကက်စထရို ၏ စာအုပ်ဟောင်းကြီးကို ဖုန်သုတ်ပြီး ပြန်ရွတ်နေခြင်းပါတကား။ ချာတိတ်အပေါ် ကျွန်တော် အထင်ကြီးမှုတွေ လွင့်စဉ် သွားကြသည်။
သူက ဆက်ပြီ ကျူးဘားနှင့်နီကာရာဂွာ ဘုန်းတော်ဘွဲ့တွေ ဆက်ဖွင့်သည်။ အမေရိကန်ကို ထိပါး ပုတ်ခတ်ခြင်း မရှိသည့်အတွက် ကျွန်တော့်အဖို့ ထူးဆန်းနေသည်။ ငြိမ်းချမ်းစွာ အတူ ပူးပေါင်းရေး ၀ါဒသမားလား။
လာကေး က ဆက်ပြီး မိန့်ခွန်းပြောသည်။ မာရဇွန်တပ်တွေကို လက်နက်ချဖို့ တိုက်တွန်းသည်။ သည်အခွင့်အရေး ကို အချိန်မီရယူပြီ သွေးချောင်းစီးတိုက်ပွဲများကို ရှောင်ရှားဖို့ အကြောင်းများကို အဓိက ထား ပြော သွား သည်။
အကြာကြီး စောင့်ရသည့် "အရေးတော်ပေါ်ချက်ချင်း" ကြေးနန်း ၀င်လာပါပြီ။ ငတုံးတစ်ကောင် ရေးလိုက်မှန်း သိသာနေ ပါ၏။ နိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင်ရေးခြင်း ဖြစ်မည်။ သမ္မတသည် သူ့အနားတွင် ခပ်တုံးတုံး လူတွေ ကို မွေးထားတတ်သည်။ သို့မှ အားလုံးအပေါ်မှာ သူနေနိုင်မည် မဟုတ်လား။ မေးထားလိုက် သည့် မေးခွန်းတွေက ချက်ချင်း ဖြေရမည့် မေးခွန်းတွေ အလွန် သိမ်ဖျင်းမိုက်မဲ့သည့် မွေးခွန်းများ။
"ဒေသခံတိုင်းရင်းသားတို့၏ သဘောထားကို ခံယူပါ" ဆိုတာမျိုး၊ ဒီလိုအချိန်ကြီးမှာ ကျွန်တော်က စာရွက်ညှပ် သည့် ကလစ်ဘုတ် တစ်ခုနှင့် လူတစ်ယောက်ချင်း လိုက်မေးရမှာလား။ တိုတို တုတ်တုတ် ကျွန်တော် သတင်းပြန်ပို့ လိုက်သည်။
"ဦးနှောက် ကို လက်တွေ့ကျကျ လွှာသုံးကြပါ"
အခြေအနေကို ကျွန်တော် နောက်တစ်ပတ် လိုက်ကြည့်ပြန်သည်။ သူတို့၏ စိတ်ဓာတ်အခြေအနေ မှာ တစ်မျိုးပြောင်း လာသည်။ ထိတ်လန့်ကြောက်ရွံ့မှုမျိုး မရှိတော့ဘဲ လုပ်စရာ ရှိသမျှကို တက်တက်ကြွကြွ လုပ်ကိုင် ဆောင်ရွက်နေကြ၏။
ဤသို့ဖြင့် နံနက် လင်းအရုဏ်တက်ချိန်သို့ ရောက်လာခဲ့သည်။ အရေးအခင်းထဲသို့ ၀င်လာခဲ့ပြီဟု လူတိုင်း နားလည် လိုက်ကြပြီး ပြောပြစရာတွေ ရလာမည့်အဖြစ်များ။
ရှေ့တက်လမ်း ကို ရှာဖွေနေကြသည့် အရာရှိတွေအတွက်တော့ ဘ၀အတွေ့အကြုံမှတ်တမ်းစာအုပ် ၏ စာမျက်နှာဖြစ်လာ မည့် ကာလမျိုး။
အခန်းထဲရောက်တော့ အလွန်အမင်း တာဝန်ကျေနလိုက်နှင့် မစ္စက်ဝက်ခ်ျက အကြီးအကဲ တစ်ယောက်အဖြစ် လှုပ်ရှားနေ သည်။
သို့သော် မိနစ်ပိုင်းအတွင်း အခြေအနေသည် လုံးဝ ပြောင်းလဲသွားလေတော့သည်။ ထရပ်ကား ငါးစီး သံရုံးဆီသို့ ဦးတည် မောင်း လာနေသည်။ ဂိတ်ဝတွင် ကားတွေ ထိုးရပ်လိုက်သည်။ ခေါင်မိုး ပေါ်မှာ တပ်ကြပ်ကြီးကောဒါး က ရေဒီယိုတယ်လီဖုန်းဖြင့် အခြေအနေကို ကျွန်တော်တို့အား အလောတကြီး ရှင်းပြသည်။ ကားများပေါ်တွင် အစိုးရ တပ်သားတွေ အပြည့်ပါလာသည်ဆို၏ အခန်းထဲမှာ တီဗွီ ဖန်သားပြင်တွင် ကျွန်တော် တို့ စောင့်ကြည့်နေသည်။ ဗိုလ်မှုးကြီးတစ်ယောက် ရှေ့ဆုံးကားမှ ဆင်းလာသည်။ ဆမ်နားက သူ့ ကို မှတ်မိ သည်။ ဗိုလ်ချုပ်လာကေး၏ လက်ထောက် တစ်ယောက်ဖြစ်ကြောင်း၊ လူတော် တစ်ယောက်ဖြစ်ကြောင်း သိရသည်။
ဂိတ်ဝဆီ သို့ ရောက်လာပြီး စကားပြောခွက်မှ တစ်ဆင့်ဝင်ခွင့်တောင်းသည်။ စစ်သားများက ကားပေါ်မှ မဆင်းကြ။ ဗိုလ်မှုးကြီးဆမ်နားက ကျွန်တော့်ကို လှမ်းကြည့်သည်။
ကျွန်တော် ခေါင်းညိတ်ပြလိုက်၏။ သူ လူဝင်ပေါက်တံခါးဖွင့်ပေးဖို့ လုံခြုံရေးတစ်ယောက်ကို အမိန့်ပေး လိုက်သည်။ ပြီးတော့ သူ့ကိုတွေ့ ဖို့ ဂေ့ခ်ျနှင့် ဆမ်နားထွက်သွားကြသည်။
ဗိုလ်မှုးကြီး က မနက် မိုးမလင်းသေးသော်လည်း နေကာမျက်မှန်တပ်ထား၏။ ကျွန်တော့် လူနှစ် ယောက်နောက် မှ သူလိုက်လာသည်။ မျက်နှာမသာမယာနှင့်။ တောင်အမေရိကနှင့် စပိန်သွေး ရောထားသော်လည်း သူ့အသားရောင် က မည်းပြောင်နေ၏။
ကျွန်တော့်ရှေ့ ရောက်တော့...
"သံအမတ်ကြီး....ခင်ဗျား၊ စန်းကာလိုမှာရှိတဲ့ အမေရိကန်တွေ အားလုံးရဲ့ လုံခြုံရေးကို တာဝန်ယူ တယ်ဆိုတာ ပြောဖို့ ကျွန်တော့်ကို တော်လှန်ရေး ကောင်စီက လွှတ်လိုက်တာပါ"
"ဒါပေမယ့် ကျုပ်တို့ လေ့ကျင့်ရေးတပ်ဖွဲ့က နှစ်ယောက်အသတ်ခံလိုက်ရပြီးပါပြီ"
သူက စိတ်မကောင်းသည့် အမူအရာဖြင့် ပခုံးတွန့်ပြီး...
"သံအမတ်ကြီး...ခင်ဗျား၊ ကျွန်တော်တို့ အများကြီးလဲ ကျဆုံးသွားပါတယ်၊ သူတို့နှစ်ယောက်က ကိုကာကိုလာ အလုပ်သမားတွေ နဲ့ ထိပ်တိုက်တွေ့ကြတာပါ"
ကျွန်တော် သိပ်မအံ့သြပါ။ သူတို့နှစ်ယောက်စလုံး တက်ကဆက် နယ်သားတွေဖြစ်၏။ မြေတွေ ငှား ပြီးကိုကာကိုလာ သန်သမားတွေဖြစ်ပြီး အလုပ်သမားသမဂ္ဂနှင့် အမြဲတမ်း သတ်နေကြ သူ နှစ်ယောက် ဖြစ် သည်။ သူတို့ကြောင့် ပျောက်ဆုံးသွားသည့် အလုပ်သမားတွေ၊ သေဆုံးကြ ရသူ တွေမနည်းတော့။ ၀မ်းနည်း စရာတော့ သိပ်မရှိပါ။ သို့သော် သူတိုကတွေ အမေရိကန်လူမျိုး ဖြစ်နေ ၍ လက်သည်းဆိတ် လက်ထိပ်နာ ရပါမည်။
"ဗိုလ်ချုပ်လာကေးကို ပြောလိုက်ပါ၊ ဒီကိစ္စ သူ့မှာလုံးဝ တာဝန်ရှိတယ်လို့"
သူက ခေါင်းကို သွက်သွက်ညိတ်ပြီး....
"ဟုတ်ကဲ့ပါ...ခင်ဗျာ၊ ဒါကြောင့် ခုလို ကျွန်တော်ရောက်လာတာပါ၊ ဗိုလ်ချုပ်လာကေးကိုယ်တိုင် လွှတ်လိုက် တာပါ၊ လောလောဆယ် အခြေအနေမှာ အားလုံး တည်ငြိမ်အေးဆေးသွားပါပြီ၊ ခမာရစ္စတာတွေထဲမှာ စည်းမဲ့ ကမ်းမဲ့ သမားတွေ၊ သတ်ချင်ဖြတ်ချင်ကြတဲ့သူတွေ ပါပါတယ်၊ ဒါပေ မယ့်ဗိုလ်ချုပ်က တင်းကျပ်တဲ့ အမိန့်တွေနဲ့ သူတို့ ကို ထိန်းထားနိုင်ပါပြီ၊ အမေရိကန်တွေကို ကျွန်တော်တို့ တပ်တွေက ရှာဖွေပြီး လေ့ကျင့်ရေးတပ်ဝင်းထဲမှာ စုထားပါတယ်၊ စည်းကမ်းအ ကောင်းဆုံး တပ်ခွဲတစ်ခု က စောင့်ရှောက်ထားပါတယ်၊ သူတို့လုံခြုံရေးအတွက် စိတ်ချပါ သံအမတ်ကြီး ခင်ဗျား၊ ကမ်းခြေ ဧည့်ခံပွဲ ရောက်နေတဲ့ သံအမတ်ကြီးရဲ့ လူတွေကိုလဲ ကျွန်တော် တို့ လေ့ကျင့်ရေးကျောင်းဝင်းထဲမှာပဲ ခဏပို့ ထားပါတယ်"
"ဘာဖြစ်လို့ သူတို့ကို ဒီပြန်မပို့တာလဲ"
သူက လက်ထဲကိုင်လာသည့် ယင်းတို့နှစ် တုတ်ကလေးနှင့် ပြောင်လက်နေသည့် သူ့ဖိနပ်ဦးကို တဒေါက်ဒေါက်ခေါက် ရင်း သံရုံးဝင်း ပတ်ပတ်လည်ကို စိတ်လှုပ်ရှားစွာကြည့်သည်။
"ဗိုလ်ချုပ် က လမ်းမှာ အန္တရာယ်ဖြစ်မှာ စိုးရိမ်လို့ပါ၊ ပြီးတော့ သံရုံးလုံခြုံရေးကိုလဲ သူစိတ်ပူတယ် ခင်ဗျ"
"ဘာဖြစ် လို့လဲဗျ၊ ကျုပ်တို့လုံခြုံရေး ဘာစိတ်ပူစရာရှိလဲ၊ ဒီနံရံတွေကို မြိုဖို့ ဧရာမတိုက်ပွဲကြီးတစ် ခုဆင်နွှဲမှ ရမှာ" ဗိုလ်မှုးကြီးက စိတ်မကောင်းသည့် အမူအရာဖြင့် ဆမ်နားကိုလှည့်ကြည့်ပြီး ပြန်ပြောသည်။
"အခြေအနေက ခမာရစ္စတာတွေ မြို့ထဲ ရောက်လာကတည်းက အားလုံး ထိန်းမနိုင်သိမ်းမရတွေ ဖြစ်ကုန်တယ်၊ မီရောက်နေ တဲ့ သူတို့အင်အား ငါးထောင်ကျော် ရှိနေတယ်၊ တချို့က အရမ်းမူး နေကြတယ်"
ဆမ်းနားက စိတ်မရှည်သည့် အမူအရာဖြင့် လက်ယမ်းပြီး.....
"ဒါပေမယ့် သူတို့မှာ လက်နက်ငယ်တွေပဲ ရှိတယ်မဟုတ်လား"
"မဟုတ်ဘူး၊ သမ္မတ ကိုယ်ရံတော်တပ်ရဲ့ လက်နက်တိုက်ကို သူတို့စီးမိသွားတယ်၊ အဲဒီကနေ လက်နက်ကြီးတွေ ရ သွားတယ်၊ မော်တ်ာတွေ၊ တင့်ကားပစ်ဒုံးပျံတွေတောင် ရသွားတယ်"
ဆမ်းနား မျက်နှာမည်းသွားသည်။ သူတစ်ခုခု ပြောမည် ပြင်နေစဉ် ကျွန်တော်ပြန်ဝင်လိုက်သည်။
"လာကေး က သူတို့လက်နက်တွေ ပြန်သိမ်းလို့ မရဘူးလား"
"ခုထိတော့ မဖြစ်သေးဘူးခင်ဗျ၊ ပထမဘာမျူဒက်စ်နဲ့ ဆွေးနွေးရမယ်၊ ပြီးတော့ တခြား ခမာရစ္စ တာခေါင်းဆောင်တွေ လဲ သဘောတူဖို့ လိုတယ်လေ"
ကျွန်တော် သူပြောသမျှ မယုံပါ။
"ဘာလဲ.... ခင်ဗျား ကျုပ်ကိုလာကေးနဲ့ သူပုန်တွေဘာမှကြိုမညှိထားဘူးလို့ ပြောချင်တာလား၊ ခုဘာတွေဖြစ်နိုင်လဲ ဆိုတာ သူမသိဘူးလား"
သူက မဟော်ဂနီရောင် တုတ်ချောင်းကလေးဆီကို ဆတ်ခနဲမ လိုက်ပြီး ကျွန်တော့်စွပ်စွဲချက်ကို လက်မခံသည့် အမူအရာဖြင့်.....
"ဗိုလ်ချုပ်လာကေး ဟာ ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာ အားလုံးတွက်ပြီးသားချည်းပဲ၊ သူနဲ့ ဘာမျူဒက်စ်ဟာ ညီအစ်ကို လို နေကြတာ၊ ခွေးမသား ဗားဂက်စ် လက်ထဲက စန်ကာလိုကို ကယ်တင် တဲ့ နေရာ မှာလဲ နှစ်ယောက်ပေါင်း တိုက်တာပဲ၊ အခုချိန်ကစပြီး ကျွန်တော်တို့ တိုင်းသူ ပြည်သားတွေ အသက်ရှူချောင် လာတော့ မှာပါ၊ ဒါပေမယ့်အခုရက် အတွင်းမှာတော့ အမေရိကန် လူမျိုး အားလုံးအတွက် အန္တရာယ် ရှိနေသေးတယ်၊ ခင်ဗျားတို့ကို ခမာရစ္စတာတွေမုန်းနေတာဟာ အကြောင်းမဲ့တော့ မဟုတ်ဘူး၊ ဗားဂက်စ်မင်းဆက် တည်မြဲအောင် ခင်ဗျားတို့က ကျားကန်ပေးခဲ့ တာကိုး၊ သူတို့အထဲ က တော်တော် များများ ဟာ အရမ်းသွေးဆူနေတယ်၊ တော်တော်ထိန်းရခက် တဲ့အခြေအနေမှာ ရှိနေတယ်...."
"သူတို့ခေါင်းဆောင်တွေကိုယ်တိုင် ထိန်းမနိုင်သိမ်းမနိုင်ဖြစ်နေတယ်၊ ဗိုလ်ချုပ်ကြီးလဲ တော်တော် စိတ်အနှောင့် အယှက်ဖြစ်နေတယ်၊ ဒါကြောင့် ကျွ်တော့်ကို အင်အားတစ်ရာနဲ့ သံရုံးလုံခြုံရေး တာဝန်ကိုပေး လိုက်တာပါ၊ ပြည်တော်ပြန် စီမံကိန်းမလုပ်နိုင်မီ ကာလအတွင်းပေါ့လေ"
ကျွန်တော်က သရော်သည့်လေသံဖြင့်.....
"အင်း...တော်တော် ကျေးဇူးတင်ဖို့ ကောင်းပါတယ်၊ ကောင်ပြီးလေ၊ အုတ်နံရံအပြင်ဘက်မှာပဲ ခင်ဗျား လူတွေနေပါစေ"
သူ ခေါင်းယမ်းပြီး....
"အဲဒါတော့ မဖြစ်နိုင်ပါဘူး သံအမတ်ကြီးခင်ဗျား၊ အတွင်းဘက်မှာပဲ နေရာယူကြရပါမယ်၊ ဒါမှပို စိတ်ချရမှာပါ၊ အစိုးရ တပ်တွေ အတွင်းမှာ ရှိနေရင် သူတို့ ဘယ်တော့မှလှမ်းပစ်မှာ မဟုတ်ပါဘူး"
ဆမ်းနား က ခေါင်းယမ်းပြီး...
"လုံးဝမဖြစ်နိုင်ပါဘူး ဗိုလ်မှုးကြီး၊ ခင်ဗျားလူတွေ အပြင်မှာပဲ နေရမယ်"
ထိုစဉ်ပေါက်ကွဲသံ တစ်ခု ကြားလိုက်ရ၏။ အသံလာရာဘက်သို့ ဆမ်နား ဆတ်ခနဲ လှည့်ကြည့် သည်။ ပြီးတော့ခေါင်မိုးပေါ် က ကင်းတဲကို လှမ်းကြည့်သည်။ ကောဒါး၏ဦးခေါင်းကို လှမ်းမြင်နေရ ၏။ သူ့မျက်နှာ တွင် မှန်ပြောင်းကပ်လျက်တစ်နေရာရာကို လှမ်းကြည့်နေသည်။ နောက်တစ်ချက် နီးနီး ကပ်ကပ် ပေါက်ကွဲသံ တစ်သံ ထွက်လာပြန်၏။ ကောဒါးက အောက်သို့ငုံ့ကြည့်ပြီး အမိုးပေါ်မှ အော်သည်။
"အဲဒါ မော်တာ၊ ကိုက်သုံးရာလောက်အဝေးမှာ ကျတယ်၊ အားကစားကွင်းနားက လှမ်းထုနေတာ"
ကျွန်တော် ဂေ့ခ်ျ ကို အမြန်အမိန့်ပေးလိုက်သည်။
"ပုန်းကျင်းထဲကို အားလုံးဆင်းခိုင်း၊ မီးရှို့ဖို့ကိစ္စ ချက်ချင်းလုပ်"
သူ ထွက်ပြေးသွားသည်။ ဗိလ်ုမှုးကြီးက စိတ်မရှည်တော့ဟန်ဖြင့်....
"သံအမတ်ကြီး ခင်ဗျား၊ အမေရိကန်အလံကိုချပြီး ကျွန်တော် ကျွန်တော်တို့အလံကို တင်လိုက်ပါ"
ဒါကတော့ သက်သက်စော်ကားခြင်းပဲ၊ ဒေါသတကြီး ကျွန်တော် လက်ခါပြလိုက် သည်။ မော်တာသံ နောက် တစ်လုံး ကျလာပြန်သည်။ ပြီးတော့ နောက် ထပ် တစ်လုံး၊ ပြီးတော့ဆက်တိုက်၊ ပို၍ ပို၍နီး လာ၏။ အမိုးပေါ်မှကောဒါး အသံပေါ်လာသည်။
"ကိုက်တစ်ရာ ထိ ရောက်လာပြီး အားလုံးနေရာယူကြပါ"
ကျွန်တော်တို့ အားလုံး လုံးခြုံရေးတိုက်ခန်းဆီသို့ ပြေးဝင်လိုက်ကြသည်။ ရေတပ်သားကလေး တစ်ယောက်ကို ကျွန်တော်တို့ ဖြတ်ပြေးသွားကြခြင်းဖြစ်၏။ခုမှ သေသေချာချာ ကြည့်မိသည်။ တကယ့်ချာတိတ်ကလေး။
ဗိုလ်မှုးကြီးက ကျွန်တော့်လက်မောင်းကိုဆွဲပြီး...
"သံအမတ်ကြီး ခင်ဗျား၊ တခြားလူတွေအတွက် စဉ်းစားပါဦး၊ မိန်းမတွေလဲ အများကြီးပဲ၊ ဒီကောင် တွေ ဆီမှာ မော်တာဆယ်လက်လောက်နဲ့ ဒုံးကျည်တွေရှိနေတယ်၊ ဒီတံခါးမုခ်ဝလောက်တော့ လွယ်လွယ် ကလေး ဖောက်ခွဲ ပစ်နိုင်တယ်၊ ကျွန်တော်တို့အလံကို တင်လိုက်ရင် သူတို့ဆက်ထု တော့မှာ မဟုတ်ဘူး၊ ကျွန်တော့်လူတွေကို ခံချဖို့တော့ အမိန့်ပေးထားတာပဲ၊ ဒါပေမယ့် အမေရိကန် တွေအတွက် သူတို့ အသက်စတေး ခံကြမှာ မဟုတ်ဘူး ထင်တယ်"
ခံစစ် အတွက်ဘန်ကာတွေ ဆောက်မပြီးသေးခြင်းကြောင့် ဆမ်းနားက ကျိန်ဆဲလိုက်သည်။ တခြား တစ်ဖက်ဆီ မှပေါက်ကွဲသံတစ်သံ ကြားလိုက်ရပြန်သည်။ ဗိုလ်မှုးကြီးဆမ်နားက မျက်နှာမဲ့ပြီး....
"ကျွန်တော် တို့ကို ၀ိုင်းထားပြီး သံအမတ်ကြီး၊ အချိန်မရွေး သူတို့ဝင်စီးလို့ရနေပြီ"
ရင်ထဲမှ ဒေါသကိုထိန်းပြီး မျက်နှာကို တည်ငြိမ်အောင် ကျွန်တော်ကြိုးစားလိုက်သည်။ သူက ကျွန်တော်ကြိုးစား လိုက်သည်။ သူက ကျွန်တော့်လက်မောင်း ကို ဆွဲထားဆဲ၊ တအားပုတ်ထုတ် ပစ်လိုက်ပြီး အပြေးအလွှား စဉ်းစား သည်။
ဘာမျူဒက်စ် အနေဖြင့် လာကေး၏ တပ်သားတွေကို အန္တရာယ်မပြုနိုင်ပါ၊ သူလာကေးနှင့် ပြဿနာ အဖြစ်ခံမည် မဟုတ်၊ ခရုဇ်၏ရန်ကို သူလာကေးမပါဘဲ မတွန်းလှန်နိုင်။ ထို့ကြောင့် အမေရိကန်တွေ ကို သူဘယ်လောက် မုန်းမုန်းလာကေးကြောင့် အန္တရာယ်ပေးလိမ့်မည် မဟုတ်။
ကိုယ့်ကိုယ်ကို ဒေါသဖြစ်စွာနှင်ပင် ညှိနှိုင်းဖို့ ကျွန်တော်ဆုံးဖြတ်လိုက်သည်။ ဆမ်နားက ကျွန်တော် တို့သေသေချာချာ စောင့်ကြည့်နေ၏။ ထူးဆန်းသည်မှာ ဗိုလ်မှုးကြီး၏ အမူအရာ ပြောင်းသွားခြင်း ပင်၊ စောစောကလို စိတ်လှုပ်ရှားမှု မရှိတော့ဘဲ ဖိနပ်ကိုတုတ်နှင့် ဖြည်းဖြည်းခေါက်နေဆဲ။ မျက်မှန် ထူကြီးအောက် မှ သူ့မျက်လုံးများထဲတွင် ဘာမှရှာမရ။
"ကောင်းပြီး ဗိုလ်မှုးကြီး၊ ခင်ဗျားလူတွေကို ၀င်းထဲဝင်ခွင့်ပေးမယ်၊ ဒါပေမယ့် ဘယ်အလံမှ တင်ခွင့် မပေးဘူး၊ ခင်ဗျား လူတစ်ယောက် ကို ဆက်မပစ်ဖို့ ချက်ချင်းလွှတ်ပြောခိုင်း၊ မဟုတ်ရင် ကျုပ်အစိုး ရရဲ့တုံ့ပြန်မှု ကို အ သေအလဲ ခံရလိမ့်မယ်လို့၊ ဆမ်နား၊ သူ့လူတွေကို နေရာကြည့်ချထားလိုက်"
လုံခြုံရေးရုံးခန်း ထဲမှ သူတို့ထွက်သွားကြသည်။ ကျွန်တော်တစ်ယောက်တည်း ချန်နေခဲ့သည်။ ကျွန်တော့် ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားချင်သေးသည်လေ။
အပြင်တွင် သံတံခါးမကြီးဖွင့်သံ၊ အော်ဟစ်အမိန့်ပေးသံ၊ ကားစက်နှိုးသံများ ရောထွေးဆူညံသွား သည်။ အခန်းတံခါးဝ မှာရပ်ပြီး ကျွန်တော်စောင့်ကြည့်နေသည်။ ကမ်းတက်တပ်သားနှစ်ယောက်က ဧရာမတံခါး ရွက်ကြီး နှစ်ရွက် ကိုဆွဲဖွင့်နေသည်။
ကားတွေ မောင်းဝင်လာကြ၏။ အရာရှိစီးသည့် ဂျစ်ကားတစ်စီးပေါ် တွင် မောင်းသူ ရဲဘော်တစ် ယောက် သာပါသည်။ အပေါ်မှဆင်းလာသည့် ကောဒါးနှင့် ဆမ်းနားကို ဗိုလ်မှုးကြီးက ဘာတွေပြော နေသည်မသိ။ ရုတ်ခြည်းဂျစ်ကားဆီ သို့ သုတ်ခြေတင်သွားတော့ ဟိုနှစ်ယောက် ခပ်ကြောင် ကြောင်ဖြစ်ကျန်ရစ်သည်။
ဘာသဘော ပါလိမ့်၊ မျက်လုံးချီပြီး ကျွန်တော်စောင့်ကြည့်နေသည်။ သံရုံးဝင်းထဲရောက်သည်နှင့် ကားပေါ်မှ စစ်သားတွေ ခုန်ဆင်းလိုက်ကြသည်။ စက်သေနတ်ကိုယ်စီဖြင့်၊ အပြင်ဘက်မှ မော်တာသံ တွေလုံးဝငြိမ်သွားပြီ။
ရုတ်တရက် စစ်တုရင်ပွဲတစ်ပွဲ ရှုံးသလိုခံစားလိုက်ရ၏။ ကားပေါ်မှ ခုန်ဆင်းလာကြသည့် စစ်သားတွေ စနစ်တကျ တပ်ဖြန့်ပြီး နေရာယူကြသည်။ သူတို့လက်ထဲတွင် စက်သေနတ်တွေ အသင့်အနေအထားဖြင့်။
နောက်ထပ်မော်တာသံ သုံးချက် ဆက်တိုက်ကြားလိုက်ရ၏။ နောက်ဆုံးပေါက်ကွဲသံ ပြီးသည်နှင့် ဗိုလ်မှုးကြီးက စိတ်ချ လက်ချ ဖြစ်သွားပုံရသည်။ နောက်ထပ်လာတော့မည်မဟုတ်ကြောင်း သူသိထား ပြီးသားဖြစ်သည်။
ကောဒါးနှင့် ဆမ်းနားတို့နှစ်ယောက် တွေဝေနေဆဲ။ ကျွန်တော့်နံဘေးမှ သံရုံးရဲဘော်လေး တစ်ယောက်က....
"တစ်ခုခု ပဲ သံအမတ်ကြီး၊ သူတို့ကို ကျွန်တော်တို့ပေးထားတာက အမ်သရီးတွေ၊ သူတို့ကိုင်လာ တာက၊ ပီပီဒီ၊ ရှရှား စက်သေနတ်တွေ"
ရဲဘော်ကလေး ၏ အထိတ်တလန့် မျက်လုံးတွေကို ကျွန်တော်လှမ်းကြည့်လိုက်သည်။ သူ့လက်ထဲ တွင်လည်း စက်သေနတ်နှင့်။ ကျွန်တော် ခေါင်းထဲတွင် အတွေးတစ်ချက်လက်သွားသည်။ ကိုယ့်နားထင် ကိုယ် တေ့ဖြုတ်ပစ်လိုက်ချင်ပါ၏။ ဦးနှောက်တွင် ပွင့်ထွက်သွားပါစေ၊ မင်းဒါလောက် ညံ့ရသလား။ ဒါလောက် တုံးနေသလား ဟူသည့် ဒုတိယအသံကိုလည်း ကျွန်တော်ကျယ်လောင်စွာ ကြားနေရပါ ၏။ ကြောက်ရွံ့ခြင်း၊ ဒေါပွခြင်း အလျဉ်းမရှိတော့။ အရှက်တကွဲ အကျိုးနည်းရမည့် အဖြစ်ကိုသာ ကျွန်တော် လက်ခံ ရတော့မည်။
သည်ဇာတ်လမ်းကို ကျွန်တော်အကြောင်သား စောင့်ကြည့်နေမိ၏။
ကောဒါးနှင့် ဗိုလ်မှုးကြီးဆမ်နားကို သေနတ်ဖြင့်ဝိုင်းချိန်ထားလိုက်ကြပြီး ဆမ်နားက ဘာလုပ်ရမှန်း မသိဘဲ ကျွန်တော့် ကို လှမ်းကြည့်နေ၏။ ခေါင်မိုးပေါ်တွင် နေရာယူထားကြသော အဖွဲ့တွေကို ကျွန်တော် မော့ကြည့် လိုက်သည်။
ထိုစဉ် ဂိတ်ဝဆီမှ ဆူဆူညံညံ ကြားလိုက်ရသည်။ ဂိတ်ဝတွင် တာဝန်ချထားသည့် ကျွန်တော့် ရဲ ဘော်ခြောက်ယောက် တံခါးရွက်ကြီးတွေ ကို ပြန်တွန်းဖွင့်နေသည်။ စပိန်ဘာသာများဖြင့် အော်ဟစ် အမိန့်ပေးသံ များနှင့်အတူ စက်သေနတ်သံတွေ ပွက်လော်ညံသွားသည်။ ကျည်ဆန်တွေနှင့် သံမဏိ တံခါးကြီး ထိခိုက်သံ များက နားကွဲမတတ်။
ကျွန်တော့် ရဲဘော်တစ်သိုက် အော်ဟစ် ညည်းညူကာ အတုံးအရုံးဖြစ်ကုန်သည်။ ကျွန်တော့်နံဘေး မှ ရဲဘော်ကလေး က ကျွန်တော့်ကို ဆွဲလှဲလိုက်သည်။ ပြီး......... သူသေနတ်ကို မြှောက်ပြီးချိန် သည်။ ကျွန်တော် က အတင်းဆွဲပြီး...
"ဟေ့....မပစ်နဲ့၊ နေဦး"
ဆမ်နားနှင့် ကောဒါးတို့ နှစ်ယောက်လည်း မြေကြီးပေါ်လှဲချလိုက်ကြသည်။ ရဲဘော်တစ်သိုက် က သေနတ်တွေနှင့် ချိန်ထားဆဲ။ ခဏငြိမ်သက်သွားသည်။ ဂိတ်ဝဆီသို့ ကျွန်တော်ပြန်ကြည့်လိုက် သည်။ ခန္ဓာကိုယ် ခြောက်ခု၊ အလောင်းခြောက်လောင်း၊ လမ်းပေါ်တွင် အတုံးအရုံး၊ တချို့လှုပ်ရှား နေဆဲ။
တစ်သက်နှင့်တစ်ကိုယ် အလောင်းကို ကျွန်တော်မြင်ဖူးသူမဟုတ်။ တစ်ယောက်ယောက်၏ အော်သံ လိုလိုကြားလိုက် ရသည်။ အသံလာရာဆီသို့ လှမ်းကြည့်လိုက်၏။ ကောဒါးတစောင်း လှဲနေရာမှ သူ့လက်က တင်ပါးပေါ် မှ ပစ္စတိုပေါ်တွင် တင်လျက်သား။
"ကျွန်တော် ခံချရမလား"
ကျွန်တော့်လှမ်းကြည့်ပြီး မေးနေခြင်းဖြစ်၏။
"မလုပ်နဲ့...မလုပ်နဲ့"
ကျွန်တော် ပြန်အော် လိုက်သည်။ စဉ်းစားချိန် မရပါ။ လက်တန်းဆုံးဖြတ်ပြီး ပြောလိုက်ခြင်းဖြစ်၏။ စစ်တုရင်ပွဲ ရှုံးပြီး ဘာကြောင့် အရုပ်ကလေးတွေကို ထုချေပစ်မည်လဲ။
လုံခြုံရေး ရုံးခန်းဘက် သို့ လူတစ်ယောက် လျှောက်လာသည်။ ပခုံးပေါ်တွင အစင်းတွေနှင့် ဗိုလ် တစ်ယောက်၊ ပိန်ပိန်ရှည်ရှည်၊ မျက်နှာပြားပြား၊ မြင်ဖူးသလိုလို ရှိသည်ထင်၏။ ဆံပင်တိုကို ညှပ်ထား၏။ အလယ်ပိုင်း အမေရိကတိုက်တွင် တွေ့ရခဲ့သည့် မျက်နှာမျိုး၊ ဘယ်လက်တွင် စက်သေနတ်ကို မခိုးမခန့် ကိုင်လျက် ကျွန်တော့် ကို ပြုံးပြီးကြည့်နေသည်။
"သံအမတ်ကြီး....ခင်ဗျား၊ ခင်ဗျားလူတွေကို အားလုံးလက်နက် ချခိုင်းလိုက်ပါ၊ မဟုတ်ရင် အားလုံး သေ ကုန်လိမ့်မယ်"
ကြောက်စိတ်တွေ ဘယ်ရောက်ကုန်သည်မသိ။ ဒေသစိတ်က ထိပ်တက်လာသည်။
"မင်းက ဒီလူသတ်သမား တစ်သိုက်ရဲ့ ခေါင်းဆောင်လား"
သူက ခေါင်းညိတ်ပြသည်။
"ဒါဆိုရင် ငါ့ရဲ့အစိုးရ ကိုယ်စားလှယ် အနေနဲ့ရော၊ လူကအခွင့်အရေး တစ်ရပ်အနေနဲ့ရော ငါကန့် ကွက်တယ်"
"ခွေးသားကြီး၊ ခင်ဗျားပါစပ် ပိတ်ထားလိုက်စမ်း"
ကျွန်တော့်နံဘေး မှ ရဲဘော်ကလေးက ၀ုန်းခနဲ ထရပ်သည်။ သူ့ပခုံးကို ကျွန်တော်ဖိထားပြီး တအား ညှစ် လိုက်သည်။ ကျွန်တော်ရှေ့မှ လူရမ်းကားကို စိမ်းစိမ်းကြည့်ပြီးဆက်ပြောသည်။
ဆက်ရန်
.

1 comment:
ဇာတ်လမ်းကောင်းခန်းရောက်နေပြီ. ကျေးဇူးအစ်မကြီး
Post a Comment