ဖြူရော်ကြီးသည် ပေါချာချာ မျက်နှာကြီးနှင့်…
"အို… ငါ ပူစီသာ အိုကေရရင်တော့ကွာ၊ တို့ ကျပ်ခိုးစင်ပေါ်မှာ ဆွဲထားတဲ့ ငါးခြောက်ပြားကြီးတွေ ကိုက် ချပေးမှာပဲဟေ့ စိတ်ချ"
"အေး… ဒါဖြင့်လည်း ကောင်းပြီ၊ တို့ နနွင်းမှုန့်သွားခိုးချေဦးမယ်၊ မင်း အဲဒီကသာ စောင့်နေပေတော့၊ တို့ အသံပေးလိုက်ရင် လာခဲ့ သိလား"
ဖြူရော်ကြီး သည် နှုတ်ခမ်းမွေး တစ်ချက် နှစ်ချက် သမ်းရင်း ခေါင်းညိတ်ရင်း အမြီးကြီးတန်းတန်းနှင့် အိမ်ပေါ် သို့ ပြန်တက်သွားလေသည်။ ကျွန်တော်နှင့် ကုပ်ကြားသည် ဗမာ့ရပ်ကွက်၌ စီးပွားရေးဖြတ် လမ်းလိုက်တတ် သူ တို့ကို ကြောက်ရွံ့သဖြင့် စောစောစီးစီး တံခါးပိတ်သော ကုလား ကုန်စုံဆိုင်သို့ လစ် ခဲ့ပါတော့ သည်။ ကို ဆက်ဖတ်ရန်.......
ဝုတ်… အူ… ဝေါ်
ကျွန်တော်သည် ကုလားဆိုင်ထဲမှ နနွင်းမှုန့်များ ယူခဲ့ပြီး၍ ကုပ်ကြားက ဖြူရော်ကိုခေါ်လိုက်ခြင်းဖြစ်ပါ သည်။ ဤအသံ ကိုပင် နားစွင့်နေမည်ဖြစ်သော ဖြူရော်ကြီးသည် အလျှင်အမြန်ဆင်းလာပြီး ကျွန်တော့် ဆီရောက်လာကာ…
"ဟေ့… နနွင်းမှုန့်တွေ ရခဲ့ပြီလားကွ၊ ဟာ… အောင်နက် လက်ထဲက တံမြက်စည်းကလေးက ဘာလုပ်ဖို့ လဲကွ"
ကျွန်တော် သည် လက်ထဲက ဘရပ်ရှပ်ကို ထောင်ပြကာ…
"ဟာ… ဒါ တံမြက်စည်းမဟုတ်ဘူးကွ၊ မင့်အမွေးကို နနွင်းမှုန့်ရေဖျော်ပြီး သုတ်ဖို့ ဘရပ်ရှပ်ကွ"
ဖြူရော် သည် သူ့နှုတ်ခမ်းမွေးကြီးကို လက်နှင့်သပ်ကာ…
"ငါ သိပါဘူးကွာ၊ မင်းတို့ပဲ သင့်လျော်အောင် စီမံပေးကြတော့၊ ငါဖြင့် ကောင်မလေးနဲ့ တွေ့ရမှာကို တွေးပြီး ရင်တထိတ်ထိတ် နဲ့ ဟီဟိ"
ငနဲကြီးမှာ အတော်အူမြူးနေပါသည်။
"ကဲ… ကဲ လာ… လာ ရေဘုံဘိုင်ကို သွားကြမယ်၊ အစဦးဆုံး မင့်ကိုယ်ကိုယ် ရေချိုးပစ်မှ ဖြစ်မယ်၊ နို့ မဟုတ်ရင် မင့်ကိုယ်က ပြာတွေ ဘာတွေနဲ့ နနွင်းသုတ်လို့ရမှာမဟုတ်ဘူး"
ကျွန်တော် က ဤသို့ ပြောသည်ကို ကုပ်ကြားက ပြူးကလာ ပျာကလာနှင့်…
"ဟ… အောင်နက်ရ သူ့ ရေချိုးပေးလို့ ဖြစ်ပမလားကွ၊ ကြောင်ရေချိုးရင် မိုးရွာတယ်လို့ လူတွေက ပြော ကြတယ် ကွာ၊ ခုနှယ် မိုးရွာလို့ကွာ လယ်တွေ ရိတ်သိမ်းတဲ့အချိန်ကြီးမှာ သောင်းကျန်းသူတွေက နှောင့် ယှက်ရတဲ့အထဲ မိုးဖျက်လို့ တို့တိုင်းပြည်က လူတွေ ငတ်မွတ်ခေါင်းပါးတဲ့ဘေးကြီး ဆိုက်နေပါဦးမယ်"
ကုပ်ကြားကြီးက စိုးရိမ်တကြီး ပြောလိုက်ရာ ချစ်မုန်ယိုနေသော ဖြူရော်ကြီးက…
"လူတွေ ငတ်လို့ သေသေကွာ၊ ငါနဲ့ ပူစီ အိုကေဖို့သာ အရေးကြီးပါတယ်၊ ဟေ့… အောင်နက် မင်း သင့် တော်တယ် ထင်ရင် လုပ်သာ လုပ်ကွ" ဟု တစ်ဇွတ်ထိုးသံကြီးနှင့် ပြောလိုက်ရာ အစိုးရိမ်ကြီးသော ကုပ်ကြား က "ဟေ့ ဖြူရော်ရ လူတွေ စားစရာမရှိတော့ တို့ပါ ငတ်မှာကွ သိရဲ့လား"
"အမယ်လေး… ကုပ်ကြားရာ တို့က ဘာငတ်စရာ ရှိလဲကွ၊ လူက မကျွေးရင် ကြွက်ခုတ်စားနေမှာပေါ့ ကွ၊ မင်းတို့ရော ငါ တို့လို ကြွက်စားပါလားကွ၊ သိပ်ကောင်းတာပဲ"
"အို… ကြွက်သား စားတာက တောက ခွေးတွေပါကွာ၊ တို့တော့ မစားချင်ပါဘူး။ ရွံစရာက ကောင်းနဲ့"
ဖြူရော်ကြီး က မခံချင်သောအသံနှင့်
"မင်းတို့စားတဲ့ လူ့ချေးကတော့ ရွံစရာမကောင်းဘူးလား ကဲ"
ကုပ်ကြားက မျက်နှာရှုံ့မဲ့ကာ…
"အောင်မာ ဟေ့ ဖြူရော်ရ… မင်း တစ်ခါလောက် မြည်းကြည့်စမ်းကွာ၊ ဘယ်လောက် အနံ့အရသာ နဲ့ ပြည်စုံသလဲဆိုတာကို သိရအောင်၊ ဟင်း တစ်ခါစားမိရင် ဟို ဒေါက်တိုတို့အိမ်က ပေါက်ဖော်ကြီးပြော သလို အီပျိုကြီး ဘိန်းရှား ယူမိတာကို ဖစ်စွားပီဆိုတာ ဖြစ်သွားမယ် သိရဲ့လား"
"ဟေ့… မင့်သွား သွားချေးများတိုင်း ဘာပြောပြောကွာ၊ သူများ စွန့်ပစ်တဲ့ အညစ်အကြေးတော့ စက်ဆုပ်စရာ အကောင်းဆုံး ကွ"
ကုပ်ကြားမှာ မခံချင်သလို ဖြစ်သွားကာ…
"အောင်မာ ဟေ့… တို့စားတာက ဘာမှအကုသိုလ်မဖြစ်ဘူး၊ မင်းတို့ ကြွတ်ခုတ်ရတဲ့အလုပ်သာ အလကား သက်သက် အကုသိုလ်အလုပ်ကြီးကွ၊ ငရဲအိုး ဇောက်ထိုးဆင်းမယ့်ကောင်ကွ" ဟု မဆီမဆိုင် ဘုမှုတ်လိုက် ရာ ဖြူရော်က ထပ်ဆင့်၍…
"ဟေ့… ဘာလို့ တို့က ငရဲကြီးရမှာလဲကွ၊ တို့အမျိုး ထုံးစံကွ"
"တို့ ချေးစားတာလည်း တို့အမျိုးထုံးစံမဟုတ်လို့ ဘာလဲကွ၊ မင်းက စက်ဆုပ်စရာ အကောင်းဆုံးလေး ဘာလေးနဲ့ ဘာ ကြောင်ပါးဝတာလဲ"
ကုပ်ကြားကလည်း ဘုတောလိုက်ရာ ဖြူရော်ကပါ စိတ်ဆိုးလာပြီး
"မင်းကရော ဘာခွေးပါးဝတာလဲကွ၊ ဟား… ဟား… မင်းတို့ ထုံးစံကလည်း လူ့ချေးစားရတယ်လို့ပဲ ဟီး ဟီး"
ဖြူရော်ကြီး က ရယ်သွမ်းသွေးလိုက်ရာ ကုပ်ကြားက ရုတ်တရက် သွားဖြဲလိုက်သဖြင့် သူတို့နှစ်ကောင် သည် အချင်းချင်း စကားနိုင်လုရင်း ရန်ဖြစ်ကြတော့မည်ကို သိသောကြောင့်
"ကဲ… ဟေ့ တော်ကြပါကွာ၊ တစ်ကောင်နဲ့ တစ်ကောင် စကားနိုင်လုရင်းနဲ့ မျိုးရိုးထုံးစံတွေ ရောက်သွား ကြပြီ။ တစ်ဖက်နှင့်တစ်ဖက် အမျိုးဘာသာမတူတာကို ထိခိုက်မပြောရဘူးကွ၊ အရင်တုန်းက ကုလား ဗမာ ရိုက်ကျတာ ဟာ ဒီလိုကိစ္စမျိုးပေါ့ကွ၊ တော်ကြာ မင်းတို့နှစ်ကောင်နဲ့ အမှိုက်ကစ တံမြက်စည်း မီးလောင်ဆိုတာလို ငါတို့တိုင်းပြည် မှာ အစိုးရနေရာလုရင်း ဆူပူသတ်ဖြတ်နေကြတဲ့အထဲ ခွေးနဲ့ကြောင် အဓိကရုဏ်းကြီး ဖြစ်နေ ဦးမယ်ကွာ၊ ဖြူရော်ကလည်း တော်ဟေ့… ကုပ်ကြားကလည်း ပါးစပ်မဟနဲ့"
ကုပ်ကြားက မကျေနပ်သံဖြင့်…
"ဟုတ်ပါဘူးကွာ၊ ငါက ပြောတာက တိုင်းပြည်အတွက် စိုးရိမ်လို့ သူ့ကို ရေမချိုးဖို့ အကောင်းပြောတာပါ ကွာ"
"အေး… ဟုတ်ပါတယ်ကွာ၊ ကြောင် ရေမချိုးဘူးဆိုရင် ဖြူရော်ကို ရေလောင်းတယ်၊ ရေဆွတ်တယ်ပေါ့ ကွ၊ စကားလှည့် သုံး ဖြစ်တာပဲ၊ ကဲ… လာ လာ ရေဘုံဘိုင် သွားကြမယ်"
ကုပ်ကြားနှင့် ဖြူရော်မှာ တစ်အိမ်တည်းနေ မိတ်ဆွေပင် ဖြစ်ကြသော်လည်း ခဏခဏ စကားနိုင်လုရင်း ရန်ဖြစ် တတ်ကြပါသည်။ ခါတိုင်းလိုဆိုလျှင် ဖြူရော်က ဤမျှနှင့် မလျှော့၊ ယခုမှ သူ့ကိစ္စအတွက်မို့ ကျွန်တော် ပြောသည်နှင့် ပင် ပြီးငြိမ်းကာ ရေဘုံဘိုင်သို့ ရှောရှောရှူရှူ လိုက်ခဲ့ပါသည်။
ရေဘုံဘိုင်သို့ရောက်လျှင် ကုပ်ကြားနှင့် ကျွန်တော်သည် ဖြူရော်၏ကိုယ်မှ ပြာတွေ ဖုန်တွေ စင်သွား အောင် ရေလောင်း၍ (ရေချိုးတာ မဟုတ်ဘူးနော်) ဘရပ်ရှပ်နှင့် တိုက်ပေးကြပါသည်။
"ဟေ့… ဖြူရော် မချမ်းဘူးလား"
ကျွန်တော် တို့မှာ သူ့အား ရေလောင်းပေးနေရင်းပင် ချမ်းလှသဖြင့် မေးလိုက်ရာ ဖြူရော်ကြီးက မေးခိုက် ခိုက်တုန်သွံကြီးနှင့်ပင်…
"ချမ်းချမ်းကွာ… ကိစ္စမရှိပါဘူး၊ စီစီကလေးနှင့်တွေ့တော့ နွေးသွားမှာပေါ့၊ မြန်မြန်သာ ပြီးအောင်လုပ် ကြပါ"
သူ့ကိုယ် စင်ကြယ်သွားသောအခါ၌ နနွင်းကို ရေနှင့်ဖျော်၍ ဘရပ်ရပ်နှင့် သုတ်ပေးကြပါသည်။
ဖြူရော်ကြီးသည် ကျွန်တော်တို့လုပ်သမျှ ငြိမ်ခံနေရာမှ…
"ဟေ့… အောင်နက်ရ၊ နနွင်းသုတ်ပြီးတာနဲ့ ငါနဲ့ ဝါဝီနဲ့ သေသေချာချာ တူပါ့မလားကွ၊ သူ့အမွေး ဝါပုံ ကွက်ပုံတွေ အတိုင်း ကျကျနန သုတ်နော်"
"အမယ် စိတ်ချပါကွ၊ ငါ ဒရိုက်တာ ဦးဘရှင်ကြီးအိမ်က ခွေးမ ယောဂီရောင်ကလေးကို သွားသွားဂေါ် ရင်းနဲ့ ဦးဘရှင်ကြီး ရယ် ရုပ်ရှင်ရိုက်ဖို့ ဇာတ်လိုက်တွေကို မိက်ကပ်လုပ်တာ မြင်ဖူးတယ်ကွ၊ ငါ သူ့နည်း အတိုင်း မင့်ကို ဝါဝီ နဲ့မတူ တူအောင် ကျကျနန လုပ်ပေးပါ့မယ်ကွာ"
တစ်ကိုယ်လုံး သုတ်ပြီးသောအခါ၌ ကုပ်ကြားက
"ဟေ့ ဖြူရော်ရေ… မင်းတော့ ရဲဘော်အဝါဖြစ်သွားပြီကွ"
"အမယ်လေး… မပြောကောင်း ပြောကောင်း၊ မလုပ်ပါနဲ့ကွာ၊ ရဲဘော်အဖြူနဲ့တွေ့ရင် ငါ့ကို ဆော်နေပါဦး မယ်၊ သြော်… ဒါထက် ငါ့ကိုယ်က တော်တော်နဲ့ သွေပါ့မလားဟေ့၊ စိုနေရင် ဘယ့်နှယ်လုပ်မလဲ"
"သွေ့ပါ တယ်ကွာ၊ မင်းတို့ကြောင် ကိုက အင်မတန် အပူများတာပဲ၊ မင်းလည်း အခုသွားရဦးမှာ မဟုတ် သေးပါဘူး၊ တို့မွဲခြောက်ကြီး နဲ့ ဝါဝီကို လိုက်ကိုက်ပစ်ရဦးမှာပဲ၊ မင်းက ဟောဒီမှာ တောခိုပြီးနေရစ်ခဲ့၊ ငါတို့က ဟိုနှစ်ကောင် ကို တို့အိမ်က သခင်က အခု ညအဖို့ ဘယ်ကြောင်မှ အိမမ်ကို လာတာ လက်မခံ ရဘူးဆိုတဲ့ အမိန့်ထုတ်လို့ လိုက်ကိုက်ရတယ်လို့ ပြောပြီး ဆော်မယ်… သိရဲ့လား"
ဖြူရော်ကြီးက အတော်သဘောတွေ့နေရာမှ အကြံကြီးတစ်ခုကို သဘောပေါက်ဟန်ဖြင့်…
"ဟေ့… ဒီမှာဟေ့… အောင်နက်နဲ့ ကုပ်ကြား၊ ငါ တစ်ခုပြောမယ်ဟေ့။ မင်းတို့ ငါ ပြောတာကို လုပ်ပေး မယ်လား"
"ဘာတုံး"
"ဒီမှာကွာ… နည်းနည်းတော့ဆိုးတယ်၊ ဝါဝီကြီးကို အသေဖြစ်ဖြစ် ပူစီ စိတ်ပျက်လောက်အောင် ရုပ်ပျက် ဆင်းပျက် မရှုမလှဖြစ်ဖြစ် ကိုက်ပစ်ကြကွာ၊ ဒီကောင်ကြီးမရှိတော့မှ ငါနဲ့ ပူစီနဲ့ အစဉ်ဟန်သွားမှာကွ၊ အဲဒီလိုဆိုရင် မင်း တို့ကို ငါ နေ့တိုင်း စားစရာ ချပေးမယ်… သိလား"
ဖြူရော်ကြီး၏အကြံ မှာ ရက်စက်လွန်းလှသဖြင့် ကျွန်တော်သည် ကုပ်ကြား၏မျက်နှာကို ကြောင်၍ ကြည့်နေ မိပါသည်။
ဤတွင် ကုပ်ကြားကပါ…
"အေး… ငါလည်း ဝါဝီကြီးတော့ အမုန်းကြီး မုန်းနေတာပဲ၊ ဘာလဲကွ တော်သလင်းလတုန်းက တို့က သူတို့ အိမ်က မေရီကို သွားဂေါ်တော့ အမယ်… ဒီဗမာခွေးတွေနဲ့ မေရီနဲ့ မတန်ဘူးလေး ဘာလေးနဲ့ အိမ် ပေါ်ကနေ စွာနေတာ၊ ငါ အဲဒီတုန်းကတည်းက သူ့ကို ဆော်ချင်နေတာ"
ဤတွင် ကျွန်တော်ကပါ စိတ်ပေါက်ပေါက်ရှိလာ၍…
"အမယ်… သူက တို့ကို ဗမာခွေးဆိုတော့ သူက ဘာကြောင်မို့လဲကွ"
"သူ့ကိုယ်သူ ဆိုင်းယမ်းမီးကက်ဆိုလား၊ ယိုးဒယားကြောင်ဆိုလား ပြောတာပဲကွ" ဟု ဖြူရော်ကြီး က ထောက်ခံလိုက်ရာ ကုပ်ကြားက…
"ဟာ… ဒါဖြင့် တို့ဗမာကြောင်မဟုတ်တဲ့အကောင်၊ အလစ်ဆော်မယ်ကွာ၊ လာ သွားကြ စို့… အောင်နက် ဟေ့ ဖြူရော်တော့ ဒီမှာနေခဲ့၊ တို့ ကိစ္စပြီးမှ လာခေါ်မယ်" ဟု ဆိုကာ ကျွန်တော်တို့နှစ်ကောင် ထွက်ခဲ့ကြ ပါသည်။
ဖြူရော်ကြီးကား ချုံတစ်ခုအောက်၌ ထိုင်၍ ကျန်ခဲပါသည်။
"ဟေ့ အောင်နက်ရေ… တို့ရဲဆေးကလေး နည်းနည်း တင်ရအောင်ကွာ"
လမ်းတွင် ကုပ်ကြားက ပြောလိုက်သဖြင့် ကျွန်တော်က…
"ဒီအချိန်ကြီး ဘယ်မှာ ရမှာလဲကွ"
"ဟို စိမ်ရည် ဆိုင်နောက်ဖေးက ကစော်ဖက်တွေပေါ့ကွ၊ ညနေတုန်းကမှ ထုတ်တာ၊ တရုတ်တွေ ဝက်စာ အတွက် လာမယူကြသေး ဘူး၊ အဲဒါ တို့သွားတွယ်လိုက်ရရင် ဆောင်းတွင်းကြီး အချမ်းလည်းလုံမယ်၊ ကြောင်တွေနဲ့ ကိုက်ရ ခဲရတော့ လည်း သွေးရဲအောင်ပေါ့ကွာ"
ကျွန်တော်လည်း အကြိုက်တွေ့သွားကာ (အင်း… သော်တာဆွေတို့များ ခွေးဖြစ်တာတောင်…)
"အင်း… ဒါဖြင့် သွားကြမယ်"
ကျွန်တော် တို့သည် မကြာမီ၌ တရုတ်စိမ်ရည်ဆိုင်နောက်ဖေးတွင် စားပွဲတွင် ထိုင်လျက်ရှိကြပါသည်။ တဖြည်းဖြည်း မူးလာသောအခါ ဖြူရော်ဆီက နေ့စဉ် စားစရာရမှာနှင့် အမျိုးရေးခွဲခြားသော ဝါဝီ၏ အကြောင်းကို ပြောရင်းဖြင့် ဝါဝီကို အသေကိုက်ရန် ဆုံးဖြတ်လိုက်ကြပါတော့သည်။
ပြာသိုလ နှင်းငွေရည်သည်း ဝေ့လည် ဝေ့လည်နှင့် ကူးလူးလျက်။
တစ်နှစ် တစ်ရာသီ ကြောင်လောကီသည် တညောင်ညောင်… တဝမ်ဝမ်နှင့် မူးရူးလျက်။
နှစ်ကောင်သား ထန်းရေမူး ကြက်ခိုးပေါ် (ကျုပ်တို့ခွေးက ကျွဲတော့ မခိုးနိုင်ဘူးဗျ၊ ဟုတ်လား) ဆိုသကဲ့ သို့ ထွေရာလေးပါး ပြောကြရင်းမှ တော်သလင်းလက အဖြစ်အပျက်ကို ရောက်သွားလေ၍ ဝါဝီက သူတို့ အိမ်က မေရီနှင့် ကျွန်တော်တို့ ဗမာခွေးတွေ မတူမတန်ကြောင်း ဝင့်ကြွားခဲ့သောစကားကို ရောက် ရှိသွားပြန်ကာ ကစော်ဖတ်ရှိန် ကလည်း သွေးထိုးနေပြီဖြစ်သဖြင့် ဝါဝီကို အသေကိုက်ရန် ထပ်မံဆုံးဖြတ် ချက် ချလိုက်ပြန် ပါသည်။
"ကဲ ပြောနေကြာတယ်… လာ အောင်နက်၊ ဒီကောင်ကို လိုက်ရှာကြစို့"
ကုပ်ကြား က ပြောလိုက်သည်တွင် ကျွန်တော်ကလည်း အတော်ထွေနေပြီဖြစ်၍…
"လာ… သွားမယ်၊ ဒီကောင် တို့အိမ်နားတွေ့မှာပါပဲဟာ၊ ဟေ့ ဂုတ်ကြား ငါ မူးရင် ဘယ်လိုလဲဆိုတာ မင်း သိတယ်မဟုတ်လားကွ၊ ကြောင်အသက် ပုရွက်ဆိတ်လောက်တောင် မအောက်မေ့ဘူးကွ"
"ဟေ့… ငါကရောကွ၊ မိုက်ပြီဆိုရင် တူးတူးခါးခါး မိုက်တယ်၊ အေး… လိမ္မာပြီဆိုရင်တော့ သူများနဲ့ မတူ ဘူးကွ"
ကျွန်တော်တို့သည် ကြောင်နံ့ခံကာ ဒုန်းပြေးရင်း ကိုယ်ရည်သွေးခဲ့ကြပါသည်။
ကျွန်တော်တို့ အိမ်အနီး ပိန္နဲပင်အောက်သို့ ရောက်လျှင်…
"ဟေ့… တွေ့ပြီဟေ့၊ ဟိုမှာ… လိုက်ကွာ ဆော်ကွာ"
"ဂွမ်… ဂွီ… ဝမ် … ဝမ်… ဝမ်… ဝမ်…"
ကျွန်တော်တို့ လိုက်ကိုက်ပုံကလည်း အလွန်မြန်လှ၍ ဝါဝီမှာလည်း ခါတိုင်း ကျွန်တော်တို့က ကိုက်လေ့ မရှိသဖြင့် အမှုမဲ့ အမှတ်မဲ့တွင် အမိခံရခြင်းဖြစ်လေသည်။
"အမယ် ပြန်ကုတ်တယ်၊ ကိုက်တယ်၊ ဆော်ကွာ.. ဆော် အောင်နက်၊ အသေဆော်ကွ"
ကုပ်ကြားမှာ ကြောင်၏ရှေ့ပိုင်းမှ ကိုက်ရမည်ဖြစ်၍ ပြန်ကုတ်ခြင်း ကိုခြင်းကို ခံရလေသည်။ ကျွန်တော် မူကား မူးပင် မူးသော်လည်း ခွေးအမူးပါးဖြစ်၍ ကြောင်၏ခါးရိုးနှင့် နောက်ပိုင်းတို့ကိုသာ ခဲလေသဖြင့် ကုပ်ကြားကဲ့သို့ မခံရပါ။
"ဝမ် … ဝမ်… ဝမ် … ဝမ်… ဝမ်…"
တဝမ်ဝမ်အော်သံသည် တဖြည်းဖြည်း တိမ်၍ တိမ်၍ သွားပြီး နောက်ဆုံး၌ အသံပြတ်သွားတော့သည်။
"ဟေ့… ကုပ်ကြား၊ တော်တော့ကွ… သေပြီ"
ကုပ်ကြားသည် ခဲထားသော လည်မျိုကို လွှတ်လိုက်ကာ…
"အေး ဟုတ်ရဲ့လား… သေမယ့်သေတော့လည်း မြန်လိုက်တာကွာ၊ ငါ ကိုက်လို့တောင် အားမရသေး ဘူး"
"ကဲ ကဲ လာဟေ့ နောက်တစ်ကောင် လိုက်ရဦးမှာပဲ။ မွဲခြောက်ကြီးကို ရှာကြဦးစို့"
ကျွန်တော်တို့ အိမ်ပတ်လည်၌ မွဲခြောက်ကြီးကို လိုက်၍ ရှာကြသည်။ သို့သော် မတွေ့ရပါ။ အသံလည်း မကြား ရပါ။ ထို့ကြောင့် ကျွန်တော်တို့ "ခြေလျှော့" လိုက်ကာ…
"ကဲ… ကုပ်ကြားရေ… မွဲခြောက်ကြီး အခုည မလာဘူးထင်တယ်ကွ၊ သူတို့အိမ်ကများ သေတ္တာထဲ ထည့်ပိတ်ထားသလား မသိဘူး"
"အေး… မလာလည်း တစ်ရန်အေးတာပေါ့ကွာ၊ လာဟေ့… တို့ဖြူရော်ကြီး ပြန်ခေါ်ပြီး မင်းတို့အိမ်ပေါ် တင်ပေးလိုက်ကြစို့"
"အေးဟေ့… ပူစီကလေးကဖြင့် အခု ကိုက်သံခဲသံတွေကြားရတော့ သူမှာတဲ့အတိုင်း ငါက ဖြူရော်ကြီး နဲ့ မွဲခြောက်ကြီး ကို ကိုက်လွှတ်နေပြီ အောက်မေ့ပြီး အတော် ဝမ်းသာနေမှာပဲကွ"
"ဝမ်… ဝမ်… ဝမ်"
"ဟေ့… ရှေ့က ကြောင်ကို ခွေးကိုက်သံပါလားဟေ့၊ ဘယ်အကောင်ကို ဘယ်အကောင်ကများ ဆော် နေသလဲ မသိဘူး၊ လာဟေ့ မြန်မြန်ပြေးကြစို့"
ကျွန်တော် သည် စကားတပြောပြောနှင့် ဖြူရော်ကြီးကို ထားခဲ့သောနေရာသို့ လေးဘက်မှန်မှန် ပြေးလာ ရင်းမှ ကြောင်အော်သောအသံကို ကြားရသဖြင့် ကဆုန်စိုင်း၍ ပြေးသွားကြပါသည်။
မလှမ်းမကမ်း သို့ ရောက်လျှင်…
"ဟေ့… ဟေ့ ဒေါက်တိုနဲ့ ကြန်စုံရယ်၊ တို့ဖြူရော်ကြီးကို ဆော်နေတာပါလားကွ"
ကုပ်ကြားသည် သူတို့ဆီသို့ တစ်ဟုန်ထိုး ပြေးသွားရင်း…
"ဟေ့… ဟေ့ ဒေါက်တိုနဲ့ ကြင်စုံ တို့အိမ်က ဖြူရော်ကြီးကို ဘာလုပ် မတရာလုပ်နေကြတာလဲကွ"
"ဘယ်ကလာ… မင်းတို့အိမ်က ဖြူရော်ကြီးဟုတ်ရမှာလဲကွ၊ သေသေချာချာ ကြည့်ပါဦး၊ ဟို ဗိုလ် ကပြားအိမ်က ဝါဝီပါကွ"
ကုပ်ကြားသည် ကမူးရှူးထိုးအသံနှင့်…
"မဟုတ်ဘူး၊ တော်ကြ တော်ကြာ၊ တို့ ဖြူရော်ကြီးကို နနွင်းသုတ်ထားတာကွ"
"ဟိုက်… ဒါကြောင့် နနွင်းစော် နံတာကိုးကွ၊ ဘာသဘောလဲကွ၊ မင်းတို့ဟာက"
"ဘာသဘောလဲတော့ ကိုယ် နောက်မှ ပြောပြမယ်၊ ဖြူရော်ကြီးကို ထူလိုက်ကြပါဦး၊ ဟေ့… ဖြူရော်… ဖြူရော်၊ ထကွ… အတော်နာသွားလား"
ဒေါက်တိုတို့၏ သွားချက်ဖြင့် နနွင်းယောင် ကွက်တိကွက်ကြားဖြစ်နေသော ဖြူရော်ကြီးသည် ပလက် လက် လဲနေရာမှ ထကာ
"နာပြီလား ကွ… သူတို့က အသေကိုက်ကြမလို့တဲ့၊ မင်းတို့ အလာစောပေလို့ပေါ့ကွာ"
ဤတွင် ကျွန်တော်က
"ဟေ့… ဒေါက်တို၊ မင်းတို့က ဘာပြုလို့ သူ့ကို အသေကိုက်ရမှာလဲကွ"
"သူ့ကို မဟုတ်ဘူးကွ၊ ဝါဝီကို အသေကိုက်ရမှာ၊ အခု သူက ဝါဝီ အယောင်ဆောင်နေတာကိုးကွ၊ ဟီ… ဟီ ငါတော့ ရယ်ချင်လှတယ်ကွာ၊ ငါ့အိမ်က မွဲခြောက်ကြီးအကြံနဲ့ တူနေပြီ ထင်တယ်"
ကျွန်တော်တို့မှာ အံ့အားသင့်မိကာ
"ဘယ်လိုလဲ… သူ့အကြံက"
ဒေါက်တိုတို့သည် ရွှန်းပြက်ပြက်မျက်နှာနှင့်
"တခြားဟုတ်ပါရိုးလားကွ၊ မင်းတို့အိမ်က ပူစီက ဝါဝီကို ကြိုက်နေတာသိလို့ သူ့ကို ဝါဝီနဲ့တူအောင် လုပ် ပေးပါ ဆိုလို့ ငါတို့က ဟို ပန်းချီဆရာ အိမ်က ရေဆေးအဝါတွေခိုးပြီး ခြယ်ပေးလိုက်ရပါရောလားကွ"
"ဟိုက်"
"ဟိုက်"
ကုပ်ကြားနှင့် ကျွန်တော်မှာ တစ်ယောက်တစ်ခွန်း အော်ရင်း မျက်လုံးပြူးသွားကာ ကျွန်တော်က…
"ဟေ့… ကုပ်ကြား… တို့ ကိုက်တုန်းက ဆေးစော် မနံဘူးလားကွ"
"အေး… နံတယ်ကွ၊ မင့်ကို ငါ ပြောမယ်တောင် ကြံမိသေးတယ်"
ဤတွင် ဒေါက်တိုနှင့် ကြန်စုံတို့ မျက်လုံးပြူးကာ…
"ဟေ့ မင်းတို့ မွဲခြောက်ကြီးကို ကိုက်ခဲ့ကြတယ်"
"ဝါဝီရယ်လို့ ကိုက်ထာပဲကွ၊ ဟုတ် မဟုတ်တော့ မသိသေးဘူး၊ သေတော့ သေပြီ"
ဒေါက်တို ထခုန်ကာ…
"ဟိုက်… ဘယ်နေရာမှာလဲကွ၊ လာ သွားကြည့်ကြရအောင် မွဲခြောက်ကြီးများ ဖြစ်နေရင် ဒုက္ခ"
ကျွန်တော်တို့သည် အားလုံးပြေးသွားကြရာ ကိုက်ခဲ့သော နေရာသို့ ရောက်လျှင် ကြောင်သေကို မတွေ့ ရသဖြင့်…
"ဟေ့ ကုပ်ကြား တို့ သေပြီရယ်လို့ ထားခဲ့တာ၊ ဒီအသေကောင်က ဘယ်များ ထပြေးပါလိမ့်"
ဤတွင် မလှမ်းမကမ်းရှိ အကွယ်တစ်ခုမှ…
"ဟေ့… ငါ မသေဘူးကွ၊ ရေကူးတတ်တယ်၊ အယ်… ဟုတ်ပါဘူး၊ ဒီမှာ လာကြည့်ကြဦး၊ ဒေါက်တိုတို့ ကြန်စုံ တို့ရာ၊ အောင်နက်နဲ့ ကုပ်ကြားရယ် ငါ့ကို ဆော်သွားကြတာ" ဟူသော ညောင်နာနာအသံ ထွက် ပေါ်လာသဖြင့် ဒေါက်တို က ပြေးသွားကာ…
"ဟေ့… မွဲခြောက်ကြီး ဘယ့်နှယ်နေသေးသလဲဟ"
အားလုံး ပြေးလိုက်သွားကြပြီး မွဲခြောက်ကြီးကို ဝိုင်းဝန်းပြုစုကြပါသည်။ ကျွန်တော်မှာ စိတ်မချမ်း မသာ ဖြစ် လှ၍…
"ကဲ… မွဲခြောက်ကြီးရယ်၊ ငါတို့ တောင်းပန်ပါတယ်ကွာ… အမှန်က ဝါဝီမှတ်ပြီး ဖြစ်ရတာကွ၊ တို့ဖြူရော် လည်း နနွင်း သုတ်မိလို့ မင့် ဒေါက်တိုတို့ ဆော်လိုက်ကြတာကွ… ငါတို့ အရောက်စောသွားလို့သာပဲ"
"နို့ မင်းကော ငါတို့သေပြီလို့ ထားခဲ့တာ၊ မင်း မသေသေးဘူး၊ အတော် အသက်ပြင်းတဲ့အကောင်"
ဤတွင် မွဲခြောက်ကြီးက မသက်မသာသော အသံဖြင့်…
"ဟာ… ငါ အကြံရလို့ပေါ့ကွာ၊ နို့မဟုတ်ရင် သေမှာပဲ၊ မင်းတို့က အသေကိုက်မယ်လို့ ပြောသံကြားတာ နဲ့ ငါက သေချင်ယောင် ဆောင်လိုက်တာကွ"
"အေး… မင်းက ဉာဏ်ကောင်းလို့ တော်ပါသေးရဲ့ကွာ…၊ ကဲ ဖြစ်ပုံ ပျက်ပုံများလည်း ပြောကြပါဦး" ဟု အစချီပြီး တစ်ဖက်နှင့်တစ်ဖက် ရှင်းလိုက်ကြသောအခါ သူတို့အကြံမှာလည်း ကျွန်တော်တို့အကြံ အတိုင်းပင် ဖြစ်၍ ငိုအားထက် ရယ်အားသန်ကြပါတော့သည်။
စကားအဆုံး၌ ဉာဏ်ကြီးရှင် ကုပ်ကြားက…
"ကဲ… ကဲ ဖြူရော်နဲ့ မွဲခြောက် မင်းတို့တော့ အကြံတူ ဉာဏ်တူချင်း ဖြစ်နေကြပြီ။ သို့သော် လူတွေလို အကြံတူ ရန်သူ လို့ သဘောမထားကြဘဲ အချင်းချင်း လက်ဆွဲနှုတ်ဆက်ကြကွ" ဟု ခွေးလည်လုပ်၍ ပြောလိုက်ရာ ကြောင်နှစ်ကောင်လည်း အူကြောင်ကြောင်နှင့် လက်ဆွဲ အမည်အပြု တွင် ဒေါက်တိုက…
"ဟေ့… ဟေ့ နေကြပါဦး၊ သူတို့ချင်း ဘာမှဖြစ်ကြတာမှ မဟုတ်ဘဲကွ၊ ဖြစ်တာက ငါတို့က သူတို့ကို ကိုက်ကြတာ ပဲကွ"
ဤတွင်မှ ကုပ်ကြားက သတိရကာ…
"အို… ဒေါက်တိုနဲ့ ကြင်စုံက ဖြူရော်ကိုပေါ့၊ မင်းနဲ့ ငါက မွဲခြောက်ကြီးကိုပေါ့ကွ" ဟု ရှင်းလိုက်မှ အားလုံး နားလည်ကြကာ တစ်ဖက်နှင့် တစ်ဖက် လက်ဆွဲနှုတ်ဆက်လိုက်ကြပါတော့သည်။
ဤတွင် ကုပ်ကြားက…
"ကဲ… အဝါရောင်သုတ်တဲ့ ကြောင်နှစ်ကောင်တော့ ဒုက္ခရောက်ကြပြီ၊ ဟိုကြောင်ဝါအစစ်က ဘယ်မှာ ရောက်နေ မလဲ"
ကောက်ကာ ငင်ကာ မေးလိုက်ရာ ဖြူရော်ကြီးက စိတ်ပျက်သံကြီးနှင့်…
"မင်းတို့ ငါတို့ အလုပ်များနေကြတုန်း သူ ပူစီဆီ ရောက်ပြီး အိုကေနေမှာပေါ့ကွ၊ ငါတို့သာ ကြံသာကြံ ကံမလိုက် လို့ မသေရုံ ခံလိုက်ရတယ်၊ ဟီး" ဟု ငိုချင်း ချလိုက်ပါသည်။ မွဲခြောက်ကြီးကလည်း ထို့အတူ ပင်။
"အမယ်လေး အကြောင်းမလှလိုက်ပုံက… ဆောင်းလ ဤပြာသို၌ မဒီကညာကို ကြင်လိုဇောရယ်နဲ့၊ ကြင်လို… ကြင်လိုဇောရယ်နဲ့"
ကျွန်တော် နားညည်းလာ၍
"ဟေ့… တော်စမ်းပါကွာ၊ ကြောင် ငိုချင်း ချတယ်ရယ်လို့လည်း မရှိပါဘူး"
ထိုအခါ၌ ကျွန်တော်သည် ပူစီ့ဆီက ဆိတ်ရိုးကို သတိရလေပြီ။ ဝါဝီသည် ပူစီဆီ သို့ ကောင်းမွန် စွာ ရောက်ရှိနေပြီဖြစ်၍ ကျွန်တော် စွမ်းဆောင်ပေးလေဟန်ဖြင့် ဆိတ်ရိုးကို အချောင်သွား၍ တောင်းရ မည်။ ထို့ကြောင့် ကျွန်တော် သည် ခွေးစု ကြောင်စုကို ဝမ်းနည်းနှင့် အမြန်ခွဲလိုက်ကာ ကုပ်ကြားကို လက်တို့ ၍ ခေါ်ခဲ့ပါသည်။
ကျွန်တော် အိမ်အောက်သို့ရောက်သောအခါ အိမ်ပေါ်မှာ တဂျစ်ဂျစ်နှင့် ကြမ်းကို ကြောင်ခြေသည်း ခြစ်သံများ ကြားရပါသည်။ ကျွန်တော်က အသံတိုးတိုးနှင့်…
"ဟေ့… ကုပ်ကြး ပူစီနှင့် ဝါဝီ တွေ့နေကြပြီကွ"
"ဟေး… မင်း ဆိတ်ရိုးသာ တောင်းပေတော့"
"ဟေ့… ပူစီ၊ ပူစီ"
ကျွန်တော် သည် အပေါ်သို့ မော်၍ မော်၍ ခေါ်လိုက်ပါသည်။ ခြေသည်းကုတ်သံများ ရပ်သွားကာ "နေဦး နေဦး ကိုကိုဝီ… ခဏ" ဟူသော ပူစီ၏အသံကလေးကို ကြားရပြီးနောက် ပူစီသည် ကြမ်းပေါက် တစ်ခု မှ ခေါင်းပြူလာကာ…။
"ဟေ့… ဘာတုံးဟေ့၊ အောင်နက် အရေးထဲမှာ"
"နင့်အတွက် ဆောင်ရွက်ပေးပြီး ငါ့ကို ဆိတ်ရိုးပေးတော့လေ"
ပူစီ၏မျက်နှာမှာ ရုတ်တရက် အံ့အားသင့်သွားကာ…
"ဟေ့… နင့် ငါ ပေးပြီးပြီမဟုတ်လားလို့၊ ကိုကိုဝီ အိမ်ပေါ်ရောက်ရောက်ချင်းပဲ၊ နင် က အောက်ကစောင့် နေ လို့ ဟောဒီအပေါက်ကပဲ ငါ ချပေးလိုက်တာပဲဟ"
ကျွန်တော့် ရင်ထဲ၌ ဒိတ်ခနဲ ဖြစ်သွားကာ…
"ဟေ… နင် တကယ်ချပေးလိုက်ပြီလား"
ပူစီသည် စိတ်မရှည်နိုင်သဖြင့်
"တကယ် မဟုတ်လို့ နင့်ပဲ ငါ ဒီအချိန်မျိုးမှာ အချိန်ကုန်ခံပြီး အပိုစကားကြောရှည်အောင် ပြောနေရ မလား ဟ"
"ဟေ… ဒါဖြင့် နင် ခွေးမှားပြီး၊ ငါ ဒီဆိတ်ရိုးကို မရဘူး"
"ဘာလဲ… အောင်နက်၊ နင် အခု မူးလာသလား၊ နင်မှ အစစ်ပါဟယ်၊ နင့်ကျောနက်နက်ကြီးကို ငါ မြင် လိုက်ပါ တယ်…၊ တော်ဟယ်၊ နင် မူးတိုင်း ငါ့တို့ကို လာနောက်မနေနဲ့၊ ငါတို့ အေးအေးဆေးဆေး ချစ်နေ ပါရစေ" ဟု ဆိုပြီး ခေါင်းပြန်ဝင်၍ သွားပါတော့သည်။
ကျွန်တော့် မှာ အစဉ်းစားရကျပ်ကာ
"ဟေ့… ကုပ်ကြား၊ ပူစီကတော့ လိမ်ပြောမှာ မဟုတ်ဘူးကွ၊ ဘယ်အကောင်များ ငါ့အယောင်ဆောင်ပြီး ဘုံးသွား ပါလိမ့်"
ကုပ်ကြားသည် ရုတ်တရက် သတိရလာဟန်နှင့်…
"တခြားကောင် ဟုတ်ရိုးလားကွာ၊ ငါတို့ ပြောနေကြတုန်းက ချွတ်ခနဲ ကြားလို့ သွားကြည့်တော့ သုတ် ခြေတင်ပြေး တဲ့ ဟို ခွေးသူခိုး ဝဲစားကလေး ဖြစ်မှာပေါ့ဟ"
ဤတွင်မှ ကျွန်တော် သတိရကာ…
"အေး ဟုတ်ပြီ ဟုတ်ပြီ၊ ငနဲကလေး ငါတို့ပြောနေတာကို အကုန်ကြားမယ်ကွ၊ ဒါကြောင့် သူ ငါတို့ အလုပ်များနေ တုန်းမှာ ဝါဝီနောက်က နောက်ယောင်ခံလိုက်သွားပြီး တစ်ခါတည်း တောင်းတာနဲ့ တူ တယ်ကွ၊ ဟေ့ ဒါပေမဲ့ ဒီကောင်ကလေး ဟာ ခွေးနီကလေးမဟုတ်လားကွ၊ ပူစီကပြောတော့ ငါ့ကျော ပြင် မည်းမည်းကြီး ပဲ မြင်လိုက်သတဲ့"
ကုပ်ကြားက ကျွန်တော်ကုပ်ကို တစ်ချက်ပုတ်လိုက်တော့…
"မင်းကလည်း တယ်ညံ့သေးတာပဲ၊ မင်း ဖြူရော်ကိုတော့ အဝါဖြစ်အောင် နနွင်းသုတ် တတ်ပြီး ခွေးနီ ကျောမည်းအေင် အိုးမဲနဲ့ ပွတ်မှာကို မတွေးမိတော့ဘူးလားကွ"
ကျွန်တော် ငိုင်ကျသွားတော့သည်။
အိမ်ပေါ် က ပူစီနှင့် ဝါဝီ တို့ကာ ဂျိုးဂျိုးဂျစ်ဂျစ်နှင့်…။
ဆက်ရန်
.

No comments:
Post a Comment