Monday, October 1, 2012

သော်တာဆွေ ၏ ဖြတ်စ နှင့် ကျော်စံကေး, အပိုင်း (၁ဝ)

 မဟုတ်ဘူးဒေါ်ဒေါ် ကျွန်တော်အိမ်သာထဲက တွေ့ခဲ့ရလို့ ဘာနင်အိမ်သာ ထဲကတွေ့ခဲ့တာလဲ ငါနံဘေး ချွတ်ပြီး ချထားတာ နင်ရူးသလား ပေးခုချွတ်။ မဟုတ်ဘူး ဒေါ်ဒေါ်မယုံရင် ဟောဟို မိန်းမမေးကြည့်ပါ ဟု ပြော၍ ကျွန်တော် အကျီ်စ သွားပေးခဲ့သော မအဝှာကိုကြည့်လိုက်ရာ ထိုမိန်းမတွဲပေါ်၌ မရှိတော့ချေ။ ကိုယ့် အပြောနှင့် ကိုယ် ကြောင်စီစီဖြစ်ကာ။ ဟင်မရှိတော့ဘူး ဒီမိန်းမ ဘယ်တုန်းကများ ဆင်းသွားပါလိမ့် ... အဟုတ်ပါ အဒေါ်ရဲ့၊ ကျွန်တော်အိမ်သာ ထဲက တွေ့တာနဲ့ ဥစ္စာရှင်ပေါ်တော့ ပြန်ပေးမယ် ဆိုပြီး ချမ်းလွန်း လို့ ဝတ်ထားတာပါ ဟု ပြောပြီး အကျီင်္ကို ချွတ်ပေး လိုက်ပါသည်။ မိန်းမကြီးသည် ဒေါသတကြီးနှင့် ဆတ်ခနဲဆောင့်ဆွဲယူကာ အကျီင်္အိတ်တွေ ကို နှိုက်ကြည့်ပြီး မျက်လုံးပြူး လာကာ။  ဘာ နင်ပရိယာယ်တွေ လုပ်နေတာလဲ အိတ်ထဲ က ငွေတွေလည်း မရှိတော့ဘူး။ နင် သူခိုး… ပုလိပ် လက် အပ်ရမယ်၊ ဘယ်မှ မသွား နဲ့ ဟု ပြောလိုက်လေ ၏။ ကို ဆက်ဖတ်ရန်.............

ကျွန်တော့်မှာ ထ၍ခုန်မိမတတ် လန့်ဖျပ်သွားကာ မျက်လုံးများ ပြာလျက်… "ဘာ… ငွေမရှိတော့ဘူး။ ကျွန်တော် ဘာမှမတွေ့ဘူး။ အင်္ကျီချည်းပုံ့ပုံ့ကလေး အိမ်သာထဲမှာ တွေ့တာ ပဲ" "ဘာ… အိမ်သာ ထဲမှာ တွေ့တာလဲ၊ နင့်ဉာဏ် ဒီလောက်ပဲလား၊ ငါ့အင်္ကျီကြေမှာစိုးလို့၊ ချွတ်ပြီး နံဘေး ထား အိပ်တာ… နင်က ငါ့အနားမှာ ထိုင်ပြီး ငါ့အင်္ကျီဝတ်ထားတာတွေ့ရတယ်… အိတ်ထဲက ပိုက်ဆံမရှိ တော့ဘူး။ ဒါ… နင် မယူ ဘယ်သူယူမလဲ…" ဟု ပြောပြီး နံဘေးက လူများဘက်သို့လှည့်ကာ… "ဒီမှာရှင့်… ရှင်တို့မြင်တဲ့ အတိုင်းပဲ မှတ်ထားကြပါ။ သူလည်း ဘယ်မှမသွားပါစေနဲ့၊ ရှေ့ဘူတာ ရထား ရပ်ရင် ပုလိပ် လက် အပ်ရပါလိမ့် မယ်" ဟု စီရင်ချက်ချလိုက်လေ၏။

ချမ်းအေးလှသည့်အထဲ၌ပင် ကျွန်တော့်နဖူးမှာ ချွေးများကျလာ၍ မျက်စိထဲတွင် ပုလိပ်၊ လက်ထိပ်၊ ဂါတ်တဲတို့ကို အစီအရီမြင်လာကာ အဒေါ်ကြီးအား သေခါနီး မျက်နှာကလေးနှင့် တောင်းပန်လျက် ဖြစ် ကြောင်းရယ်တဲ့မှ ကုန်စင်ကို နံဘေးက လူများပါ သနားလာအောင် ရှင်းပြရပါတော့သည်။
ဤတွင်မှ လူအချို့သည် ကျွန်တော့်ဘက်က ယုံကြည်လာ၍ တစ်ယောက်သောသူက…
"ခင်ဗျား ပြောတဲ့ အတိုင်းဆိုရင်တော့ ခင်ဗျားမယူတာ မှန်တယ်။ ဟိုမိန်းမဖြစ်မှာပဲ။ သို့သော်လည်း အဲဒီ မိန်းမက မရှိတော့ဘူး။  ပစ္စည်းကလည်း ခင်ဗျာ့ကိုယ်မှာ အထက်ကရတွေ့နေတယ်ဆိုတော့… ပုလိပ် ရယ်၊ လက်ထိတ် ရယ်၊ ခင်ဗျား ရယ် အမြွှာပူးဖြစ်နေပြီဗျ…။ အဲဒီတော့ ခင်ဗျားက အဒေါ်ကြီးငွေကို ကြံ ဖန်ပြီး ပေးလိုက်…၊ သူ့ခမျာ ဟုတ်ဟန် လည်း မတူပါဘူး"

အဒေါ်ကြီးက ခါးထောက်ရင်း မျက်နှာရှုံ့ကာ…
"ကိုယ့်ပစ္စည်း ကိုယ့်အစုံအစေ့ရရင်တော့ ဘာသောက်မှုလုပ်စရာ ရှိသလဲ…"
နံဘေးက လူက  "ခင်ဗျာ့ငွေဘယ်လောက်လဲ…"
အဒေါ်ကြီးသည် အနည်းငယ်မျှ မျက်လုံးကစားပြီးမှ "ငါးဆယ်" ဟု ပြောလိုက်၏။
စင်စစ်မှာ သူ့အမူအရာကို အကဲခတ်ခြင်းအားဖြင့် ဤမျှဟုတ်ဟန်မတူပါ။ သို့သော် သူ ပြောသမျှ ဟုတ် ရမည်ဖြစ်သောကြောင့် ကျွန်တော်မှာ တစ်စုံတစ်ရာ မငြင်းဆိုနိုင်သည့်အပြင် ၉၇ ကျပ် ၈ ပဲ ပေးရသော ဝါတာပရု(ဖ်) ညကြည့် အဲလ်ဂျင်နာရီ အသစ်စက်စက်ကလေးကို တောင်းတောင်းပန်ပန် ပေးအပ်ခြင်း ဖြင့် နံဘေး က လူများ၏ ထိုက်တန်ကြောင်း တိုက်တွန်းချက်အရ ကျေနပ်သွားသည်ကိုပင် သူ့အား အထူး သဖြင့် ကျေးဇူး တင်ရပါတော့သည်။

ယခုအခါ၌ ကျွန်တော်မှာ ခင်မြင့်၊ ကြည်ကြည်တို့၏ ပယောဂကြောင့် အရေးကြီးသော ကြပ်ဖုံးမာဖလာ ဆုံးခဲ့၍၊ ကုတ်အင်္ကျီလည်း လက်ပံတန်း ဘူတာတွင် ချွတ်ခဲ့ရပြီး၊ မွေးသဖခင် တညည်းညည်းတညူညူ နှင့် ဝယ်ပေး ထားသော နာရီအသစ်စက်စက်ကလေးကိုလည်း အဒေါ်ကြီးအား အပ်ခဲ့ရချေပြီ။ တစ်ည လုံး ဝမ်းသွားရ၍ အားလည်း မရှိတော့ပြီ။ "ဖြစ်သမျှ အကြောင်း အကောင်းချည်း" ဆိုသော စကားမှာ ကျွန်တော့်အား တမင်သက်သက် လှောင်ဖို့ ထင်ပါသည်။ စင်စစ် ကျွန်တော့်အဖို့ ဘာမျှမကောင်းပါ။ နောက်ထပ် မည်သို့များ ဖြစ်ချေဦးမည်နည်း။ စတယ်လာ တို့ သားအမိနှင့်တွေ့ လျှင် ကျွန်တော့်ဖြစ်ပုံကို မည်သို့ပြောပါမည်နည်း။ မဖြစ်စဖူး မချိတင် ကဲ ဝမ်းနည်း ပက်လက် တွေးတောရင်း နံနက်လင်းအားကြီး အချိန်တွင် ကြည့်မြင်တိုင်ဘူတာသို့ ရောက် ခဲ့လေ၏။

နဂိုရ်ကမှ မသန်စွမ်းသော ကိုယ်ကာယတွင် တစ်ညလုံး ဝမ်းသွားထားရသောကြောင့် ခါးချည့် ယိုင်နွဲ့နေ သော ခြေလှမ်း များဖြင့် ပိုးလုံချည်အနွမ်းကလေးနှင့် စပို့ရှပ်နောက်ကျောပေါက်ကလေးကို ဝတ်ဆင် ကာ၊ လွယ်အိတ် အဟောင်းကိုလွယ်၍၊ ရထားပေါ်က ဆင်းလာရသော ကျွန်တော့်မှာ တောသူဌေး ဦးကြံဘော် ၏သား ကျော်စံကေးနှင့် လားလားမျှ မတူ။ ထမင်းသုံးရက်မျှ မစားရသော သူတောင်းစားနှင့် တူပါတော့သည်။
ဘူတာမှလျှောက် လာခဲ့၍ ဝါးခယ်မလမ်း ကုန်းမြင့်ထိပ်သို့ရောက်သောအခါ ပတ်ဝန်းကျင်ကို မျှော်ကြည့် လိုက်မိပါသည်။ ဆောင်းဥတုနံနက်ခင်း၏ တမျှဉ်းမျှဉ်းကျလျက်ရှိသော ဆီးနှင်းများသည် လူသူအပေါင်း တို့ စွန့်ခွာသွားသောကြောင့် ဝမ်းနည်းပက်လက် ငိုယိုနေသော ရန်ကုန်မြို့ကြီး၏မျက်ရည်ပေါက်များ နှင့် တူတော့သည်။ အိမ်တိုင်းစေ့ အပေါက်များပိတ်၊ သော့ခလောက်ချိတ်ကာ၊ လူသံ သူသံ ကျေးငှက် သံတို့ မရှိတော့ဘဲ အစာရေစာ ငတ်ပြတ်သဖြင့် ဟိန်းဟောက်ညည်းညူ အူဆူ၍နေကြသော ခွေးသံများ သာ အရပ်လေးမျက်နှာ မှ မသာမယာပေါ်ထွက်နေကြသည်။

"စတယ်လာတို့ မှ ရှိပါတော့မလား" ဟု လေးလံသောစိတ်နှလုံးဖြင့် ကုန်းပေါ်မှ ဆင်းအလာတွင် ခွေးနှစ် ကောင် သုံးကောက်သည် ကျွန်တော့်ဆီသို့ ပြေးလာပြီး၊ လွတ်အိတ်ထဲမှာပါလာသော ကြက်သားကြော် ပေါင်မုန့်နံ့ ကို ခံကာ အစာတောင်းကြတော့သည်။ ကျွန်တော် က တောက်တစ်ချက်ခေါက် ၍ မောင်းလိုက် သည်ကို သူတို့ ဂရုမစိုက်။ ၂ ချက် ၃ ချက်မျှ ဆက်ခေါက်မိလျှင် ရှိရင်းခွေးများ မသွားရုံမျှ မက၊ နောက် ထပ်ခွေးများပင် အမြီးနှံ့ကာ ဝိုင်းအုံလာကြပါတော့သည်။ ဤတွင် သူတို့ကို အပြစ်မဆိုသင့်ပါ။ လူနှင့် ခွေး ဆက်ဆံမှုတွင် တောက်တစ်ချက် ခေါက်ခြင်းသည် သူတို့ကို မောင်းနှင်ခြင်းဖြစ်၍ တစ်ချက် နှစ် ချက်မက ဆက်ခေါက်ခြင်းသည် သူတို့ကို လာရန် ခေါ်ငင်ခြင်းဖြစ်နေပါသည်။ ယင်းသည်ကို ကျွန်တော် သတိမပြုမိ ဘဲ ခွေးလာလေ… တောက်ခေါက်လေ၊ တောက်ခေါက်လေ ခွေးလာလေနှင့် နောက်ဆုံးတွင် များစွာသော အစာပြတ် အငတ်ခွေးထုသည် ကျွန်တော့်အား လမ်းသွားမဖြစ်အောင် ဝိုင်းရံပိတ်ဆို့လိုက် ပါတော့သည်။

မည်သည့် အခါမျှ သူတို့ချင်း မတည့်၊ တွေ့လျှင် တစ်ကောင် တစ်ကောင် ကိုက်လေ့ရှိသော ခွေးထု သည် ယခုအခါ၌ အံ့သြဖွယ်ရာ အစာငတ်ကြသည်နှင့် အချင်းချင်း ရန်မမူကြတော့ဘဲ ကျွန်တော့်ကို သာ အမြီးနှံ့ကာ နားရွက် စူကာနှင့် အစာပေးရန် အရေးဆိုကြတော့သည်။ ခွေးထုအလယ်၌ ဓနရှင်ဖြစ် နေသော ကျွန်တော်သည် ဓနရှင် ပီပီ အကြိမ်ကြိမ် ခြိမ်းခြောက်မောင်းမဲကာ မိရာခွေးများကို ခြေဖြင့်ကန် ရင်း "နင်တို့ပေးမလားဟေ့… ငါ စားဖို့ သက်သက် ယူလာခဲ့တာ၊ ငါ့နာမယ် လူစင်စစ်က ခွေးဆိုးတဲ့ဟေ့၊ နင်တို့ထက်မိုက်တယ် မှတ်လိုက်ပါ" ဟု ကြိမ်းဝါးပြီး လွတ်အိတ် ကို လက်တစ်ဖက်နှင့် အပေါ်မြှောက် လျက် ဘက်လှည့်ညာကန်ဖြင့် ပတ်ပတ်လှည့်၍ အငတ်တပ် ခွေးထုအပြင်ဘက်ထွက်ရန် ကြိုးစားပါ သည်။

 ခွေးထုလည်း အနုနည်းနှင့် မရလျှင် အကြမ်းတွယ်မှပဲဟု ဆုံးဖြတ်ကြကာ ကျွန်တော့်လုံချည်စ ကို ပတ်ပတ်လည် မှ ဝိုင်းဝန်းကိုက်ဆွဲကြပါတော့သည်။ ကျွန်တော့်မှာ ပုဆိုးကိုင်ရ၊ လွယ်အိတ်မြှောက်ရ နှင့် နဂိုရ် ကပင် အားကုန်ခမ်းနေပြီဖြစ်သဖြင့် နောက်ဆုံးတွင် လုံချည်ကျွတ်၍ ပါသွားပါတော့သည်။ သူတို့ ကိုက်ဖြဲပစ်ကြသည်နှင့် ပုဆိုးမှာလည်း ရစရာမရှိတော့ပါ။ ကျွန်တော့် ကိုယ့်မှာ မျှော့ကြိုးပတ် ဘောင်းဘီတို ညစ်ထပ်ထပ်ကလေးသာ ကျန်ခဲ့၍ ကြာလျှင် လူ့အသားကိုပင် ဝိုင်းဝန်းကိုက်ခဲကြတော့ မည် စိုးရသဖြင့် ပေါင်မုန့် တစ်လုံးကို နှမြောစွာနှင့်ပင် ပစ်ပေးလိုက်ရပါတော့သည်။ ဤတွင်မှ ခွေးထု သည် ပေါင်မုန့်ကို ဝိုင်းဝန်း လုယက်နေကြသဖြင့် ကျွန်တော် စတယ်လာတို့အိမ်ဆီသို့ သုတ်ခြေတင်လာ နိုင်ပါတော့၏။

လူသူတစ်ယောက်မျှ မတွေ့သဖြင့် တစ်လမ်းလုံး တိတ်ဆိတ်လှသဖြင့် "ရှိမှ ရှိပါ့မလား" ဟု ရင်တ ထိတ်ထိတ်နှင့် ကျွန်တော့် တစ်ကိုယ်လုံး တွင် သူတောင်းစားလောက်မှမပြောင်အောင် ရုပ်ပျက်ဆင်း ပျက်ဖြစ်နေသည်ကို စတယ်လာ တို့နှင့်တွေ့လျှင် မည်သို့ပြောရမည်နည်းဟု စိတ်ကူးလာခဲ့ရာ၊ စတယ် လာတို့ အိမ်ရှေ့အရောက်တွင် အိမ်ရှေ့တံခါးပေါက်မှ အစိတ်သားခန့်သော့ခလောက်ကြီးသည် ကျွန်တော့်မျက်နှာကို ဆီး၍ ပေါက်ပါတော့၏။
မြင်ရုံနှင့် မကျေနပ်နိုင်သေးဘဲ၊ အိမ်ပေါ်သို့ အပြေးကလေးတက်ပြီး တံခါးကို တွန်းကြည့်မိရာ၊ နံဘေး နံရံပေါ်တွင် "ခရမ်းသုံးခွ၊ ကိုကျော်လှဆီသို့ လိုက်သွားသည်" ဟု ရေးသားထားသည်ကို တွေ့ရသ ဖြင့်…

"တောက်… လူ့အကြံ ခွေးဦးသွားပေါ့" ဟု တောက်တစ်ချက် ခေါက်၍ ညည်းလိုက်ရာ ခွေးနှစ်ယောက် သည် ရုတ်တရက်ပေါ်လာသဖြင့် နောက်ထပ် ထပ်မခေါက်ဝံ့တော့ဘဲ ဆိတ်ငြိမ်၍ နေရပါတော့သည်။ ဤတွင် နောက်ဆီမှ…
"ဟေ့ ကိုကျော်စံကေး… ခင်ဗျား ဘယ့်နှယ်ဖြစ်လာတာလဲ၊ ခင်ဗျား နောက်ကျသွားပြီ ကိုကျော်လှ ဦး သွားပြီဗျ…၊ မနေ့က ခင်ဗျာ့လိုလဲ ဆုတ်ပြန်ဖြစ်သွားတဲ့ ငနဲတွေ ၃-၄ ယောက်ပဲ…၊ ဒါထက် ခင်ဗျားက အဝတ်အစားတောင် မရှိတော့လောက်အောင် ဘယ်လိုဖြစ်တာလဲဗျ" ဟု မေးသံကို ကြားရသဖြင့် လှည့်ကြည့်လိုက်ရာ၊ ပြေးချင်လျက် မပြေးရသေးဖြစ်နေသော မီးရထားဂါတ်ဗိုလ် ကိုတင့်ကြီးကို မြင်ရ ၍…
"ဟာ… ဖြစ်ပုံတော့ မပြောပါနဲ့တော့ဗျာ၊ အဖြစ်ဆိုးလွန်းလို့ စိတ်ညစ်တာနဲ့ တောက်ခေါက်လိုက်ပါ တယ်…၊ ခွေးတွေ သာ လာတော့တယ်"
"ဟာ… ဒါဖြင့် တောက်မခေါက်နဲ့တော့ဗျာ၊ အသာလာခဲ့တော့… ဘုရားကြီးသွားကြစို့ရဲ့၊ ဒီနေ့ ၁၀ နာရီ ဂျပန် ဗုံးလာချဦး မလို့တဲ့" ဟု ပြောသဖြင့် ကျွန်တော်သည် ကိုတင့်ကြီးနှင့်အတူ ဘုရားကြီးသို့ သုတ်ခြေ တင်ခဲ့ရပါ သတည်း။

ကျော်စံကေး

ထိုနေ့သည် ၁၉၄၁ ခုနှစ်၏ ဒီဇင်ဘာလ ၂၆ ရက်နေ့ဖြစ်၍ အရှေ့ပြုဗ္ဗာ နေထွက်ရာအရပ်မှ နေမျိုးနွယ် ကို ရွှေပန် တို့သည် ကျွန်ုပ်တို့အမိမြန်မာပြည်အား သူတို့၏ယောက္ခမမြန်မာပြည်အဖြစ် တော်စပ်ရန် လာရောက်ကြောင်းလမ်းနေကြသော အချန်ဖြစ်ပေရကား "ယနေ့ ၁၀ နာရီတွင် ရွှေမေတ္တာလက်ဖွဲ့ ကြေး၊ ဗုံးနှင့် မရှင်းဂန်းကျည်ဆန် များ လာရောက်ပို့သလိမ့်မည်" ဟူသော ဂါတ်ဗိုလ်ကိုတင့်ကြီး၏ မင်္ဂလာ (အင်ဖေါ်မေးရှင်း) ကို ကြားရလေလျှင်… ချစ်သူခေါ်ရန် အလာကောင်းသော်လည်း အခါနှောင်း ရုံမက မသာလောင်း ရုပ်ပေါ်နေသော ကျွန်တော် ကျော်စံကေးသည် ခွေးထုရန်ကြောင့် စိတ်ညစ်လို့ မှ တောက် မခေါက်ဝံ့ ဘဲ ဂေါ်မစွံလိုက်သူ စတယ်လာတို့၏အိမ်ပေါ်မှ ကိုယ့်ကိုယ်ကိုယ် ကောင်းစွာ မသယ် မနိုင်သော ခြေလှမ်းမို့ဖြင့် ကမန်းကတန်း ဆင်းခဲ့ရလေ၏။

"ဘယ့်နှယ်… ကိုကျော်စံကေးရယ်… ခင်ဗျား လာခဲ့တဲ့ အကြံတော့ ကျွန်တော် သိပါပြီ…၊ ဒီရုပ် ဒီရည်မျိုး ဖြစ်လာတာက ဘာပြုလို့လဲ…၊ မာဒင်္ဂဝါဒအတိုင်း မရမနေ အိမ်ရှေ့မှာလှဲပြီး… တောင်းမယ်လို့များ သူတောင်းစား စတိုင် လုပ်လာခဲ့တာလား၊ ပြောစမ်းပါဦးဗျ" ဟု ကိုတင့်ကြီးသည် အတွင်းခံဘောင်းဘီ တို့ ညစ်ထပ်ထပ်နှင့် စပို့ရှပ်အစုတ်ကလေးကို ဝတ်ဆင်လျက် လွယ်အိမ်အဟောင်းတ်စခုကို လွယ် ထားသော ကျွန်တော်၏ အင်္ဂါရုပ် ကို စေ့စေ့စပ်စပ် ကြည့်ကာ မေးနေသဖြင့်…

"ဟာ… ဖြစ်ပုံတော့ မပြောပါနဲ့ ကိုတင့်ကြီးရယ်…၊ ပထမ ကျွန်တော့်လက်သုံး ကြပ်ဖုံးမာဖလာကို ထမီ စုတ်နဲ့ အလဲခံရတယ်ဗျ၊ ဒုတိယ ၁၅ ကျပ် ၈ ပဲပေးရတဲ့ ကွတ်အင်္ကျီကို လက်ပံတန်းဘူတာမှာ ၅ ကျပ်နဲ့ ချွတ်ခဲ့ရတယ်ဗျ။ တတိယ ၉၇ ကျပ် ၈ ပဲ ပေးရတဲ့နာရီကို ငွေငါးဆယ်နဲ့ထားပြီး မီးရထားပေါ်မှာ အဒေါ် ကြီးတစ်ယောက်ကို အပ်ခဲ့ရတယ် ဗျ…၊ စတုတ္ထ သီတင်းကျွတ်လတုန်းက မြပိုးထည်တိုက်က ခင်ဗျားနဲ့ အတူ ဝယ်ခဲ့တဲ့ ဘန်ကောက် ညွှန်လုံချည်ကလေး ကို ဝါးခယ်မလမ်းထိပ်မှာ… အငတ်တပ်ခွေးထုရဲ့ ကိုက်ဆွဲဖြဲခြင်းကို ခံခဲ့ရတယ် ဗျ။ ပေါင်မုန့်တစ်လုံး ထုတ်ပေးလိုက်လို့သာ ဒီရောက်လာတာ။ နို့မဟုတ် ရင် လူပါ ကိုက်ပစ်ကြမလား သိဘူးဗျာ" ဟု ညည်းညည်းညူညူပြောလိုက်ရာ ကိုတင့်ကြီးသည် သူ၏ ကျဉ်းမြောင်းသော မျက်လုံးပေါက်များ ပိတ် သွားအောင် အံ့သြသော ရယ်ခြင်းမျိုးဖြင့် ဟက်ဟက်ပက် ပက် ရယ်မောလျက်…
"ခင်ဗျာ့ဟာလည်း… ထူးထွေသည့် အံ့ရာသော်ပဲ…၊ ကျွန်တော် နားမလည်သေးဘူးဗျ၊ ဖြစ်ပုံကို ရှင်းပါ ဦးဗျ"

ကျွန်တော်သည် ဖက်တီးကိုတင့်ကြီးအား ဖေးကာ ယိုင်နွဲ့သော ခြေလှမ်းတို့ဖြင့် ဘုရားကြီး ဆီသို့ လျှောက်ရင်း ဖြစ်ကြောင်းရယ်တဲ့ကုန်စင်ကို အကျယ်ရှင်းပြလိုက်ပါသည်။ စကားအဆုံးတွင် မွတ်တား ကိုတင့်ကြီးသည် သူ၏ကြီးမားသော ဗိုက်ကားကြီးကို ဖားပိုးတမျှ ပွလိုက်ရှုံ့လိုက်နှင့် အပြင်းအထန် ရယ်မောလေ၏။
"အဲဒီအတိုင်းပဲ… ကိုတင့်ကြီးရ၊ လူလည်း သူတောင်းစားရုပ်ပေါက်နေပြီ၊ ခင်ဗျားနဲ့တွေ့လို့သာ အဝတ် အစားကလေးရမှာ" ဟု အားကိုးတကြီးနှင့် ပြောလိုက်မိရာ ကိုတင့်ကြီးသည် ရုတ်တရက် ပိုမိုကျယ် လောင်စွာ ရယ်မော လိုက်ပြီး…
"အမယ်လေး… သေစမ်းချင်သဟဲ့ ရွှေနန်းရှင်ရဲ့၊ ကျွန်တော်လည်း ဒီခါးဝတ်ခါးစားပဲရှိတယ်၊ ကျွန်တော် နေတဲ့ အိမ် (ဒါရိုက်ဟစ်) ဗုံးချ သွားတာ ခင်ဗျား မသိဘူးလားလို့…" ဟု ပြောလိုက်သည်တွင် ကျွန်တော် MB ဆေးပြား နှစ်ပြားပြူး မျိုလိုက် ရ သလို ရင်ထဲ၌ နင့်ခနဲ ဖြစ်သွားပြီး…
"အမယ်လေး… ဟုတ်ရဲ့လားဗျာ၊ ဒီစတိုင်နဲ့များ အိမ်ပြန်ရရင်တော့ ဒုက္ခပဲ"

ကိုတင့်ကြီးသည် ဆက်လက်ရယ်မောရင်း…
"ကြံကြံဖန်ဖန်… ဖြစ်လည်းဖြစ်တတ်တဲ့လူဗျာ"
"အေးဗျာ… ပြောမယုံ ကြုံဖူးမှတွေ့ရဆိုတာပဲ၊ စိတ်ညစ်လို့ တောက်ခေါက်ပြန်တော့လည်း ခွေးတွေ သာ လာတော့တယ်"
"သူတို့ကလည်း အစာငတ်နေကြတာကိုးဗျ၊ ခင်ဗျာ့အိတ်ထဲမှာ ပေါင်မုန့်နဲ့ ဘာနဲ့ ပါသလဲ"
"ပေါင်မုန့်နှစ်လုံးနဲ့ ကြက်ပေါင်ကြော်သုံးခု ပါခဲ့တာ၊ ပေါင်မုန့်တစ်လုံး ခွေးအငတ်ထုကို လှူလိုက်ရ လို့ ပေါင်မုန့် တစ်လုံးပဲ ရှိတော့တယ်။ အခု ခင်ဗျား ဘယ်မှာ ထမင်းစားသလဲ"
"ကျွန်တော်တို့ မီးရထားကွာတာမှ လူစုချက်စားကြတယ်။ ပဲဟင်းနဲ့ ထမင်းချည်း စားနေရတာဟာ ညီး  စော်နံနေပြီ ဗျာ၊ ခင်ဗျာ့ ပေါင်မုန့်နဲ့ ကြက်သားကြော် ပါလာတာ အဆင်သင့်ပဲ" ဟု ကျွန်တော့်လွယ်အိတ် ကို ကြည့်ရင်း သွားရေမျိုချ၍ ပြောလေရာ ဤအချိန်၌ ကျွန်တော့်မှာ အိပ်ချင်စိတ်မှတစ်ပါး စားချင်စိတ် အနည်းငယ်မျှ မရှိသောကြောင့်…
"စားလေဗျာ၊ ကျွန်တော်တော့ စားချင်စိတ် နည်းနည်းမှမရှိဘူး၊ တစ်ညလုံး ဝမ်းသွားခဲ့ရလို့ အိပ်ချင်စိတ် သာ ရှိနေတာပဲ…"ဟု ခပ်ပေါ့ပေါ့ ပြောလိုက်မိ၏။ ဤသည်ပင် ကျွန်တော်၏ဆက်လက်ချောက်ကျမှုကို ဖန်တီးပြန် ပါတော့သည်။

မကြာမီ ဘုရားကြီးသို့ ရောက်ခဲ့ကြ၍ ထုံးစံအတိုင်း ဗုံးဒဏ်မှလွတ်ကင်းရန် ရသမျှ ဘုရားရှိခိုးကို ကြိုး ကြိုးပမ်းပမ်းရွတ်ဆိုပြီးနောက် ကိုတင့်ကြီး တည်းခိုနေသော ဇရပ်ပေါ်တွင် အိပ်ရာပြင်ကာ တစ်ညလုံး ပင်ပန်းသမျှ စခန်းချ၍ အိပ်ပျော်လိုက်လေ၏။
ညနေ လေးနာရီခန့် တွင် အိပ်ရာမှ နိုးလတ်သော်… အပြင်းအထန် ဆာလောင်မွတ်သိပ်လှသဖြင့် ကျွန်တော် ယူလာခဲ့သော ပေါင်မုန့် နှင့် ကြက်သားကြော်အိတ်ကလေးကို ကြည့်ရှုလိုက်ရာ ထိုအိတ် ကလေးသည် အိပ်ခါနီး က ကျွန်တော် ချထားသော နေရာ၌ ပြည့်ဖောင်းစွာ လှဲလျောင်းမနေဘဲ ခြေရင်း ဘက် ကြိုးတန်းပေါ်တွင် ပိန်ချပ်ချပ်နှင့် ခေါက်ချိုးကလေး ကွေးနေသည်ကို မြင်ရသဖြင့်…
"ဟိုက်… သောက်ကျိုးနည်း၊ ကိုတင့်ကြီး အကုန်လုံး တွယ်ပစ်ပြီထင်ပါရဲ့" ဟု အထိတ်တလန့် ရေရွတ် မိကာ ဇရပ် အတွင်း ဟိုဟိုဒီဒီ လှည့်၍ကြည့်၏။ လူသူတစ်စုံတစ်ယောက်ကိုမျှ မတွေ့ရဘဲ ကြိုးတန်း တစ်ခုပေါ်တွင် သင်းပိုင်းတစ်ထည်နှင့် တိုင်တစ်ထိုင်အရင်းနား၌ သပိတ်တစ်လုံးမှောက်ထားသည်ကို မြင်ရခြင်းအားဖြင့် ဤဇရပ် တွင် ကိုတင့်ကြီးအပြင် အခြားကိုယ်တော်တစ်ပါး နေထိုင်ကြောင်းကို သိရ ပေ၏။

ကျွန်တော်သည် သောက်ရေအိုးစင်မှ မျက်နှာသစ်ပြီးခါ ဗိုက်ထဲက ဗလောင်ဆန်လှသဖြင့် ဇရပ်ထဲ ၌ ထောင့်ကြိုထောင့်ကြား စားစရာရှာပါသော်လည်း ဘာကိုမျှမတွေ့။ နောက်ဆုံး၌ မှောက်ထားသော သပိတ်ကို လှန်လိုက် ရာ ကံအားလျော်စွာ ထမင်းပန်းကန်တစ်လုံးနှင့် ငါးခြောက်ကင်တစ်မြှောင်းကို တွေ့ရလေ၏။
"သည်ကိုယ်တော် မနက်က ဘုဉ်းပေးမကုန်လို့ ကျန်နေတာ၊ သူ ညစာစားတာလည်း မဟုတ်၊ မနက်ကျ သွန်ပစ်ရမယ့်အတူတူ ငါ စားရင် ဝမ်းတောင် သာဦးမှာပဲ" ဟု တွေးတောကာ မြိန်ယှက်စွာ စားလိုက် လေ၏။ ဆာလှသည်နှင့် မဝတဝပင် ထမင်းရော ငါးခြောက်ပါ ကုန်သွား၍ ရေကို ဗိုက်ပြည့်အောင် သောက်လိုက်ရ၏။
ဤထမင်းကို စားလိုက်မိခြင်းမှာ ကျွန်တော့်အဖို့ သံဃာစင်မက မဏ္ဍပ်ကြီးတစ်ခုလုံး မှောက်သွားပါ တော့သည်။

အကြောင်းမူကား ကျွန်တော်၏ သူတောင်းစားလောက်မျှ မပြောင်သောအသွင်အပြင်ကြောင့် ဇရပ်ပြင် သို့မထွက်ဝံ့ဘဲ ကိုတင့်ကြီးအား မျှော်ရင်း အိပ်ရာထဲ၌ တုံးလုံးလှဲနေစဉ် ညနေငါးနာရီခန့်အချိန်တွင် ကိုရင်ကြီးလား၊ ဦးပဉ္ဇင်းလား ခွဲခြားလို့ မပြောနိုင်သော ကိုယ်တော်တစ်ပါးရောက်လာကာ သပိတ်ကို အရင်ဆုံးလှန်ကြည့်ပြီး "သူ၏ထမင်းတွေ ဘယ်သူအပင်းလျှိုကုန်သလဲဟ" ဟု ဆို၍ ကြောက်ခမန်း လိလိ မြည်တွန်ကျိန်ဆဲပါတော့သည်။ ကျွန်တော်သည် သူ၏ကြီးမားသော ခန္ဓာကိုယ်ကြီးကို မြင်ရ သည်နှင့်ပင် ကြောက်ရွံ့လှ၍ ခေါင်းမထောင်ဝံ့ဘဲ သေခါနီးလူနာသဖွယ် ဆိတ်ငြိမ်စွာနေရပါသည်။
သို့နှင့်လည်း သူ၏ရန်စက်ကွင်းမှ ကျွန်တော်မလွတ်နိုင်ပါ။ ၃ မိနစ်ခန့်အကြာတွင် သူ၏ခြေသံသည် ကျွန်တော်၏ အနီးသို့ရောက်လာကာ....
"ဟေ့... သူတောင်းစား၊ နင်ဘယ်ကကောင်လဲ၊ ငါ့ဆွမ်းတွေ စားပစ်တာ နင်ပဲမှုတ်လား... "ဟို ဒေါသ တကြီးနှင့် ဝမ်းခေါင်းသံကြီးနှင့် ကြိမ်းမောင်းလေတော့၏။

ကျွန်တော့်မှာ မနေသာတော့ဘဲ ငုတ်တုတ်ထိုင်ရ၍ သူ၏ကြောက်စရာ ကတုံး(ခေါင်းတုံး) မျက်နှာကြီး ကိုကြည့် ရင်း နွားသတ်ရုံသို့သွင်းလိုက်သော နွားကဲ့သို့အသားများ တဆတ်ဆတ်တုန်လျှက်.....
"မှန်... မှန်... မှန်ပါ။ တပည့်တော် ဆာလွန်းလှတာနဲ့ စားလိုက်မိပါတယ်...ဘုရား"
ကိုယ်တော်ကြီး၏မျက်နှာသည် ရုတ်တရက် ပိုမိုခက်ထန်လာကာ...
"ဘာ.. နင်သူများပစ္စည်းကို မတောင်းမရမ်း၊ ခွင့်မပြုပဲနဲ့ အပင်းလျှိုပစ်ရတာလဲ… ခွေး"
"ကိုယ်တော်ညစာမှမစားဘဲ မနက်ကျသွန်ပစ်ရမယ့်အတူတူ"
"ဟေ... ငါ ညစာမမစားဘူးလို့ နင့်အမေလင်က ပြောသလား.. ဟင်၊ သင်္ကန်းဝတ်တိုင်း ညစာမစားဘူး မှတ်သလား"
"တ… တ... တပည့်တော် မသိလို့ပါ… ဘုရား"

"နင်.. ဘယ်စောင်းတန်းက သူတောင်းစားလဲ ပြောစမ်း... သူတောင်းစား သူခိုး"
ကျွန်တော်မှာ တဖြည်းဖြည်းစိမ့်၍စိမ့်၍ ပိုမိုကြောက်ရွံ့လာကာ
"တ… တ... တပည့်တော် သူတောင်းစား မဟုတ်ပါဘူး ဘုရာ့"
"အောင်မာ နင့်ရုပ် နင့်ရည်။ နင့်အဝတ်အစားနဲ့များ သူတောင်းစားမဟုတ်ဘူးလို့ ငါ့ကို ဝါရသလား၊ ငါ့ ဘာမောင်များ မှတ်လို့လဲ..ဟင်" ဟု ပြောရင်း သူ၏မျက်လုံးနှစ်ခုမှာ တစ်ခုနှင့်တစ်ခု ဆက်မိအောင် မျက်မှောင် ကုပ်လာပြိး လက်ဝါးနှစ်ခုကို ရုတ်တရက် ဖြန့်ထုတ်လိုက်ကာ ကျွန်တော့်လည်ပင်းကို ဖျစ်ပါ တော့သည်။

အင်အားနည်းနေသော ကျွန်တော်မှာ တစ်စံတစ်ရာ ခုခံတော်လှန်ခြင်း မပြုလုပ်နိုင်ပဲ ရုပ်ရှင်ရိုက်ရာတွင် ဒါရိုက်တာ အမိန့်ပေးလိုက်သလို လွယ်ကူးစွာပင် ပက်လက်လဲကျသွားပြီး စူဠရင်ဘတ်မိုးမျှော်ထား သကဲ့သို့ ယက်ကန် ယက်ကန်နျင့် လည်ပါင်းအစ်ခြင်းဒဏ်ကို အပြင်းအထန်ခံစားရပါသည်။ ဟစ်လို့ လည်း မအော်နိုင်၊ ရုန်းကန်၍ လည်းမရ၊ ကိစ္စဖြင့်ချောကပြီဟု အောက်မေ့ကာ ငရဲကြီးရှစ်ခန်းကို ကွက် ကွက်ကွင်းကွင်း ထင်မြင်နေ စဉ် "ဟာ... ကိုယ်တော်ကြီး ဘာဖြစ်သလဲ၊ ဘာဖြစ်တာလဲ"ဟု ကိုတင့်ကြီး၏ စိုးရိမ်တကြီးအသံကို ကြား ရပြီးနောက် ကိုတင့်ကြီးရောက်လာကာ..
"ဘာဖြစ်လို့လဲ.. ကိုယ်တော်ကြီးရဲ့ ဘာဖြစ်လို့လဲ"ဟု ဆိုရင်း အတင်းဆွဲဖြေနေသည့်တိုင်အောင်...
"ဟေ့ ဒကာတင့် ငါ့မဆွဲနဲ့၊ လွှတ်.. ဒီသူတောင်းစား အသေသတ်မယ်... လွှတ်… လွှတ်…"
"တော်ပါတော့… ဘုရား၊ တပည့်တော် သူငယ်ချင်းပါဘုရား... "
"ဟေ့... ဒီသူတောင်းစားက ဒကာတင့်သူငယ်ချင်းလား"ဟု အံ့သြသလိုပြန်ပြောရင်း သူ့လက်များ အနည်း ငယ်လျှော့ လာပါသည်။

"သူတောင်းစား မဟုတ်ပါဘူးဘုရား၊ လွှတ်ပါ၊ သူ့အကြောင်းပြောပြပါမယ်… ဘုရား"ဟု ကိုတင့်ကြီးက သူ့လက်နှစ်ဖက်ကို အတင်းဖြုတ်ကာ အကြောက်အကန် တောင်းပန်မှပင် ကျွန်တော့်လည်ပင်းနှင့် သူ့ လက်များ ကို ခွာလိုက်ပါတော့သည်။
သူ၏ကိုယ်ရုံကို ဝှေ့ရမ်သိုင်းပတ်ရင်း...
"ဒီရုပ်ရေမျိုးနဲ့ ငါ့ဆွမ်းတွေ လာခိုးစားတာ သူတောင်းစားမဟုတ်လို့ ဘာကောင်လဲဟ... ဒကာတင့်ရ"
ကိုတင့်ကြီးသည် အနည်းငယ်ရယ်မောကာ...
"စင်စစ် သူ့ရဲ့အဖြစ်မှန်ကို မသိရင် ကြမ်းပိုး... သူခိုး၊ သူတောင်းစားကလွဲပြီး ဒီ့ပြင်ထင်စရာ မရှိပါဘူး... ဘုရား"ဟု ကျွန်တော့်ဂုဏ်ရည်ကို ချီးကျူးပြောဆိုပြီးမှ..
"အမှန်ကတော့ သူ နိုင်ငံရေးကိစ္စနဲ့ ရန်ကုန်ကိုလာခဲ့တဲ့အခါမှာ လူဆိုးတွေက ဖန်းပြီး ငွေသုံးရာ ယူတဲ့ အပြင် အဝတ်တွေ ပါ ချွတ်ယူလိုက်လို့ပါဘုရား၊ သူကတော့ သူဌေးသား အင်္ဂလိပ်ကျောင်းသားပါ ဘုရား။"ဟု မုသာဝါဒ၊ ဆာဒါဒိုး အမွှမ်းတင်လိုက်၏။

ရုတ်တရက် ကိုယ်တော်ကြီး၏ မျက်ခုံးမွေးနှစ်ခုသည် ကြိုးတန်းက အဝတ်စုတ်လေဟပ်လိုက်သလို အထက်သို့ မြင့်တက်သွားကာ...
"ဟေ ဟုတ်ရဲ့လား" ဟု ပြူးတောက်သော မကျလုံးကြီးများဖြင့် ကျွန်တော့်ကြက်ပြုတ်မျက်နှာကလေး ကို စေ့စေ့ကြည့်ပြောလိုက်သဖြင့်..
"ဟုတ်...ဟုတ်... ဟုတ်ပါတယ် ဘုရား.. "
ကျွန်တော့်မှာ ခေတ္တလေနှင့် အဆက်အသွယ်ဖြတ်လိုက်ရသော ရင်ခေါင်းကို မြန်နိုင်သမျှ အတိုးချကာ ရှုံ့ချည်ပွချည်လုပ်ရင်း ပြန်လျှောက်လိုက်ရ၏။ ဤတွင်မှ ကိုတင့်ကြီး၏အလျှောက်ကောင်းမှုကြောင့် ကိုယ်တော်ကြီး၏ မျက်နှာမှာ ဒေသအရောင်များ လွင့်သွားလေသဖြင့် ကျွန်တော်မှာ အတော်ကလေး စိတ်သက်သာရာရလာပြီး ကိုတင့်ကြီးကိုလည်း အသက်သခင်ကျေဇူးရှင်အဖြစ် နှလုံးသွင်းမိပါ၏
သို့သော် နောက်တစ်မိနစ် အတွင်းတွင်...
"ခုဏ လည်ပင်းဖျစ်လို့ သေသွားအကောင်းသား၊ အလကား ကိုတင်ကြီးရောက်လာတယ်... "ဟု အပြစ် ဆိုမိပါတော့ သည်။

အကြောင်းမူကား ကိုယ်တော်ကြီ၏ ဝိုင်းစက်ဖေါင်းကားသော မျက်နှာကြီးသည် သစ်ရွက်စိမ်းမီးမြိုက်သ လို ရုတ်တရက် ရှုံ့တွသွားပြီး...
"ဒါထက် ခုည ငါဘုဉ်းပေး ဖို့ ဆွမ်းမရှိတော့ဘူး၊ အဲဒါက အရေးကြီးတယ်။ အစားရှာပေးတော့၊ ငါ ဆာလှပြီဟု မိန့်တော် မူလိုက်၏။ ကိုတင့်ကြီးမျက်နှာပင်လျှင် အတော်စိုးရိမ်ဟန် လက္ခဏာ ပေါ်လာ ကာ...
"ဟင်… ကိုကျော်စံကေးက သပိတ်အောက်က ထမင်းတွေစားပစ်သလား. "
"အေးလေ အိပ်ရာကနိုးတော့ ဆာလွန်းတာနဲ့ ခင်ဗျားကလည်း ကျွန်တော့်ပေါင်မုန့်နဲ့ ကြက်သားကြော် ကို အကုန်စား သွားတာကိုး"...
"ဟင်း ဒုက္ခပါပဲ... " ကိုတင့်ကြီးက ခေါင်းကုတ်၍ ညည်းလိုက်၏။

"နို့ ကိုတော်ကြီးဆိုတော့ ညစာမစားဘူး အောက်မေ့တာကို... "
ကျွန်တော်၏စကားမဆုံးမီ ကိုယ်တော်၏မျက်နှာမှာ မီးနီရောင်နှင့် ထိုးပေးလိုက်သလို ရုတ်ခြည်းရဲနီလာ ပြီး...
"ဟေ... သင်္ကန်းဝတ်တိုင်း ညစာမစားဘူး မှတ်သလားကွ... ငါစားတယ်၊ ငါစားတယ်၊ အခု အမြန်ရှာ ပေး...၊ မပေးရင်တော့ နင် အသေပဲ" ဟု ကြိမ်းလိုက်ပြန်သဖြင့် ကျွန်တော်မှာ နမူနာ ခံစားထားရပြီဖြစ် ၍ ကျားနှင့် ရင်ဆိုင် တိုးလိုက်ရသည်နှင့်အမျှ ကြောက်လန့်စိုးရိမ်ကာ ကိုတင့်ကြီးအား "ကယ်တော်မူပါ ဦး" ဟူသော မျက်နှာမျိုးဖြင့် ကြည့်လိုက်မိပါ၏။ ကိုကြီးတင့် အမူအရာမှာလည်း "ဒီတောင် မကျော်နိုင် တော့ဘူး" ဟူသော လူနာကြည့် မျက်နှာမျိုးဖြင့်...
"ဟင်း... ခက်တော့တာပဲ" ဟု ညည်းပြန်၏။

"ကိုတင့်ကြီးရဲ့... ထမင်းတို့ဘာတို့ ဝယ်ရင်မရနိုင်ဘူးလား"
"ရောင်းတဲ့လူ တစ်ယောက်မှမရှိဘူး"
"ဟင်... ဒါဖြင့် ဘယ့်နှယ်လုပ်ရပါ့" ဟု ကျွန်တော်သည် ခေါင်းကုတ်ရင်း အလံဖြူတင်သော မျက်နှာထား ဖြင့် ပြောလိုက်ရာ ကိုယ်တော်ကြီးသည် ရုတ်တရက် ကျယ်လောင်စွာ...
"ဘယ့်နှယ် လုပ်ရပါ့လို့ပဲ ယောက်ျားဖြစ်ပြီး အကြံဉာဏ်တုံးလိုက်တာကွာ...၊ သွား မင့်ရုပ်ကို မင်း မှန်ထဲ ကြည့်စမ်း" ဟု အတည်ပေါက်ကြီးနှင့် တိုက်ကပ်မှန်ကြီးကို လက်ညှိုးညွှန်ပြနေသဖြင့် ကျွန်တော်မှာ တိတ်တိတ်ပုန်း ပိုက်ဆံရှာနေစဉ် အသိမိတ်ဆွေနှင့် ပက်ပင်းတွေ့နေရသော အထက်တန်းစားကတော် ဟောင်း နတ်သမီးပုံ ကဲ့သို့ ယောင်တောင်တောင် ကြောင်တက်တက်၊ တရုတ်နှင့်တွေ့သော ဝက်လိုဖြစ် နေစဉ်...
"ဟေ့... ပြောနေတာ မကြားသေးဘူးလား"
သွပ်မိုးပေါ် မှ ခဲကျသကဲ့သို့ တင်းမာသော အသံမျိုးဖြင့် အံကြိတ်၍ ထပ်မံဟောက်လိုက်ပြန်၏။ ကိုတင့် ကြီးအား အရပ်ကူပါဟူသော မျက်နှာမျိုးဖြင့် ကြည့်လိုက်ရာ ကိုတင့်ကြီးမှာလည်း "မတတ်နိုင်ဘူး။ သူ ခိုင်းတာ လုပ်မှဖြစ်မယ်" ဟူသော အဓိပ္ပာယ်ပါသည့် မျက်လုံးတို့ဖြင့် ပြန်ကြည့်နေသောကြောင့် ကျွန်တော်မှာ မတတ်နိုင်တော့ ဘဲ၊ မှန်ကပ်ထားရာ တိုင်ရှေ့သို့ အူကြောင်ကြောင်နှင့် ထသွားရပါသည်။

ဆက်ရန်
.

No comments: