အချစ်လုရာမှ လူသတ်မှုဖြစ်သည့် သင်္ဘောသား
သင်္ဘောကြီးသည် ဟောင်ကောင်ဆိပ်ကမ်းကို ၀င်မည့်နေ့တွင် တက်မကိုင် သင်္ဘောသား မိုဟာမက်အာနမ် အိပ်ရာက ထမလာသည့်အတွက် တာဝန်ကျသင်္ဘောသားက သွားနိုးသည်။ အိပ်ခန်းကို အတွင်းက သော့ ခတ်ထားသည့်အတွက် အထူးသော့ (မာစတာကီး)ဖြင့် ဖွင့်ပြီး ၀င်ကြည့်သည်။ မိုဟာမက်အာနမ်သည် သူ့ အိပ်ရာပေါ်မှာ ပက်လက် အနေအထားဖြင့် သေနေတာကို တွေ့ကြရသည်။ အိပ်ခန်းတွင်းမှာလည်း အသက် ရှူကြပ်သည့် အနံ့ဆိုးတစ်မျိုးကို ရှူရိုက်ကြရသည်။
သင်္ဘောကပ္ပတိန်သည် ဟောင်ကောင်ဆိပ်ကမ်း အာဏာပိုင်ကို အသိပေး အကြောင်းကြားသည့် ကြေးနန်း ပို့သည်။ ဟောင်ကောင်က ကြေးနန်း တစ်စောင် ချက်ချင်းပြန်ဝင်လာသည်။ ပြန်ဝင်လာသည့် ကြေးနန်းက တိုတိုပြတ်ပြတ်ရေးထားသည်။
(အလောင်းကို မထိမကိုင်ပါနဲ့၊ အခန်းပိတ်ထားပါ)။
သင်္ဘောဆိပ်ကမ်းကို ၀င်ကပ်လိုက်သည်နှင့် သင်္ဘောဆိပ်ကမ်းအာဏာပိုင်အဖွဲ့နှင့်အတူ ဟောင်ကောင် ရဲတွေ၊ စုံထောက်တွေသင်္ဘောပေါ်ကို တက်လာကြသည်။ သေသူသင်္ဘောသား၏ အခန်းကိုဖွင့်ပြီးစစ်ဆေး ကြသည်။
အခန်း၏ အနေအထားနှင့် အလောင်းတည်နေပုံကို ဓာတ်ပုံရိုက်ယူကြသည်။ အိပ်ခန်းအတွင်းက အလွန် ပြင်းထန် သည့် ပိုးသတ်ဆေးတစ်မျိုး၏အနံ့နှင့် အလောင်းအနေအထားကြောင့် လူသတ်မှုဖြစ်သည် ဟု စုံ ထောက်တွေ က အဖြေထုတ်သည်။
သေသူသင်္ဘောသား အာနမ်သည် ကျန်းမာရေးကောင်းပြီး ယောက်ျားပီသသော လူချောလူဖြောင့်ဖြစ် သည်။ အမျိုးသမီးတွေ သင်္ဘောပေါ် ကို တက်သော ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဆိပ်ကမ်းလို နေရာကို သင်္ဘောဆိုက်ကပ်မိပြီ ဆိုလျှင် သင်္ဘောသား မိုဟာမကမအာနမ်၏ အနားမှာ အမျိုးသမီးတွေ ၀ိုင်းဝိုင်းလည် အောင် ဆွဲဆောင်မှု ရှိသူဖြစ်သည်။ သူတို့လူမျိုးသင်္ဘောသားအချင်းချင်းတောင် မနာလို အဖြစ် ခံရသူဖြစ် သည်။
စုံထောက်တွေသည် သေသူ၏ ကိုယ်ခန္ဓာနှင့် ပတ်ဝန်းကျင်ဖြစ်သည့် စားပွဲ၊ ကုလားထိုင်၊ တံခါးလက်ကိုင်ဘု စသည့် နေရာတွေ က လက်ဗွေရာတွေကို ကူးယူသည်။ သေသူ၏ လက်ဗွေရာတွေနှင့် တိုက်ဆိုင်စစ်ဆေး သည်။ ပတ်ဝန်းကျင်မှာ တွေ့ရှိရသည့် လက်ဗွေရာအသစ်တွေသည် သေသူ၏လက်ရာနှင့်မတူသည့် အတွက် အခန်းတွင်း မှာ တွေ့ရှိရသည့် ပူပူနွေးနွေးလက်ဗွေရာတွေသည် လူသတ်သမား၏ လက်ဗွေရာ ဖြစ်ရမည် ဟု ကောက်ချက်ဆွဲကြသည်။
" ကပ္ပတိန်မှ စပြီး အရာရှိနှင့် သင်္ဘောသားအားလုံး လက်နှစ်ဘက်ကို စင်အောင် ဆေးပြီး ရုံးခန်းမှာ လာရောက် စုရုံးပါ"
သင်္ဘော၏ အခန်းတိုင်းမှာ တပ်ဆင်ထားသည့် စပီကာမှ အင်္ဂလိပ်၊ အင်ဒိုနီးရှား၊ မင်ဒရင်း (တရုတ်) ဘာသာသုံးမျိုးဖြင့် ကြေညာချက်အသံထွက်လာသည်။ စုံထောက်တွေက သင်္ဘောသား တွေ၏ လက်ဗွေပုံစံတွေ ကို ယူတော့မည်ဖြစ်သည်။ သင်္ဘောသားတွေသည် မိမိတို့ လုပ်လက်စ အလုပ်တွေကို ချထားပြီး လက်ဗွေ လာပေးကြရသည်။ အဲဒီမှာ လူသတ်တရားခံကို မိလိုက်တော့ သည်။
အရာရှိ စားပွဲထိုး ဗဟာဒီ (မာလစ်ဗဟာဒီ)ကို ဖမ်းဆီးလိုက်တော့သည်။ ဗဟာဒီက ငြင်းသေးသည်။ သို့သော် ဖြစ်နိုင်ချေ ရှိသည့်အကြောင်းခြင်းရာအစုံကို သိထားသည့် ကုန်းပတ်ပထမအရာရှိနှင့် သင်္ဘောသားတွေ အားလုံး က သံသယမျက်လုံးတွေဖြင့် ဗဟာဒီကို ၀ိုင်းကြည့်ကြသောအခါ ဗဟာဒီ သည် မငြင်းတော့ဘဲ ၀န်ခံ သည်။
" ကျွန်တော်သူ့ကို စိတ်နာလို့ အဆိပ်ငွေ့ရှူခိုင်းပြီး သတ်လိုက်မိတယ် "
ဒီတော့ မှ စားပွဲထိုး မာလစ်ဗဟာဒီက တက်မကိုင် မိုဟာမက်အာနမ်ကို စိတ်နာသည့် ကိစ္စကို သတိရလာကြ သည်။ အော် ဒါကြောင့်ကိုးဟု သက်ပြင်းချလိုက်ကြသည်။
သင်္ဘောကြီး ဘန်ကောက်ဆိပ်ကမ်းကို ၀င်ကပ်လိုက်တယ်ဆိုလျှင်ပဲ သင်္ဘောပေါ်ကို အချောအလှတွေ နှစ် ဆယ်ကျော်လောက် တက် လာကြသည်။ အချောအလှတွေထဲမှာ ထိုင်းရုပ်ရှင် မင်းသမီးလောက်ချော သည့် ကောင်မလေး တစ်ယောက်ပါသည်။
သင်္ဘောပေါ် တက်လာသည့် အချောအလှတွေကို တစ်ယောက်တစ်ပွေစီ ၀ိုင်းဆွဲလိုက်ကြတာ လူစေ့အောင်တောင် မရလိုက်ဖြစ်သွားသည်။ အလုပ်များနေလို့ မရလိုက်သည့်အထဲမှာ တက်မကိုင် မိုဟာမက် အာနမ် လည်း ပါသည်။ နောက်ထပ် တက်လာမည့် အုပ်စုကို မျှော်နေရတော့သည်။
အဲဒီအထဲမှာ ကံကောင်းထောက်မလို့ ရုပ်ရှင်မင်းသမီးလောက်ချောသည့် ကောင်မလေးကို စားပွဲထိုး မာလစ်ဗဟာဒီ က ရသွားသည်။ ဒိသတင်းကိုကြားသည့် မိုဟာမက်အာနမ်က ဗဟာဒီ၏ အခန်းကို သွားပြီး ကောင်မလေးကို ကြည့်သည်။ ဟုတ်ပါ့ စားပွဲထိုး ဗဟာဒီနဲ့ မထိုက် တန်အောင် ချော သလေးဖြစ်နေသည်။ ဗဟာဒီက အသားမည်းမည်း၊ ရုပ်ရည်နည်းနည်း၊ ရာထူးကလည်း စားပွဲထိုးဖြစ်နေ လို့ ဒီကောင်မချောချော လေးသည် မိမိလို ပုဂ္ဂိုလိနှင့်သာ ထိုက်တန်သည်လို့ အာနမ်က မနာလို ဖြစ်သွားသည်။ ကာယကံရှင် အချော အလှကောင်မလေးကလည်း အာနမ်ကို မြင်လိုက်တယ်ဆိုရင်ပဲ အာနမ်ကို စိတ်ညွှတ်သွားသည်။ လက်ခံထားမိသည့် ဗဟာဒီကို ခွာချင်သည့်စိတ် ပေါက်သွားသည်။ ပြည့တန်ဆမတို့၏ သဘာဝ အတိုင်း ပိုက်ဆံရတာချင်းတူလျှင် ချောချောလှလှ တောင့်တောင့် ဖြောင့်ဖြောင့် ယောက်ျားနဲ့သာ အတူ အိပ်ချင် သည်။
ဒီပြဿနာသည် နေ့မကူးမီပင် အကောင်အထည်ပေါ်လာတော့သည်။ ကောင်မလေးသည် ဗဟာဒီ၏ အခန်း က ပြန်ထွက်လာခဲ့ပြီး အာနမ်၏ အခန်းကို ရောက်လာတော့သည်။ ဗဟာဒီက အာနမ်ကို မကျေနပ်လို့ သူ့ကောင်မလေး ကို လာပြန်ခေါ်သည်။
" သူငယ်ချင်း သစ္စာမဖောက်ပါနဲ့၊ ငါ့ကောင်မလေးကို ပြန်ပေးပါ "
" ငါခေါ်တာ မဟုတ်ဘူး၊ သူ့ဖာသာလာတာ၊ ရအောင်ခေါ်သွားလေ "
ကောင်မလေး ကိုယ်တိုင်က ဗဟာဒီကို မကြိုက်တော့ဘဲ အာနမ်ကို ကြိုက်နေပြီ ဖြစ်သည့် အတွက် ခေါ်လို့ မရ ဖြစ်သွားသည်။ ဒီကိစ္စဟာ ဗဟာဒီက အာနမ်ကို သတ်ပစ် ချင်လောက်အောင် စိတ်နာပြီး အရှက်ရ စေခဲ့သည့် ကိစ္စဖြစ် ခဲ့သည်။ ဗဟာဒီက ကောင်မလေးကို လက်မလွတ်ချင်လို့ သူကြေးပိုပေးပါ့မယ်လို့ ကမ်း လှမ်းတာ ကိုတောင် ကောင်မလေးက မလိုက်သည့်အပြင် ရှင့်ကို မကြိုက်ဘူး၊ ဒီအစ်ကို့ကိုပဲ ကြိုက်တယ် လို့ ပြောလိုက်သည့် စကားက သူသတ်မှု ဖြစ်စေခဲ့သည်။
" ဘယ်လို သတ်ခဲ့တယ်ဆိုတာ ပြောပြပါ"
" အနေ့ညက သူ့အိပ်ခန်းတံခါးကို ခေါက်လိုက်ပါတယ်။ တံခါးပွင့်သွားတော့ သူ့အိပ်ခန်းထဲကို ကျွန်တော် အမြန်ခုန်ဝင် လိုက်ပါတယ်။ အသင့်ယူလာတဲ့ ပိုးသတ်ဆေးဗူးနဲ့ သူ့နှာခေါင်းကို မှုတ်လိုက်ပါတယ်။ သူမူးပြီး လဲကျ သွားတတ်။ ပွေ့ချီယူပြီး သူ့အိပ်စင်ပေး တင်လိုက်ပါတယ်။ သေချာအောင် အ၀တ်မှာ အဆိပ်ဓာတ်ငွေ့ ဆွတ်ပြီး နှာခေါင်းကို ဖိထားပါတယ်။ အသက်မရှိဘူးဆိုတာ သေချာတော့မှ သူ့ဟာ သူ နှလုံးရောဂါနဲ့ သေလေဟန် အိပ်ရာပေါ်မှာ ပက်လက်အိပ်နေတဲ့ပုံစံ လုပ်ထားခဲ့ပါတယ်။
လူသတ်ကြောင်း ဖြောင့်ချက်ပေးသည့်အပြင် အသုံးပြုခဲ့သည့် အာဆင်နိတ် အဆိပ်ဓာတ်ငွေ့ ဘူးကို ပြသည်။ သေသူ၏ နှာခေါင်းကို အုပ်ခဲ့သည့် အ၀တ်စုတ်ကိုပါ အမှိုက်ပုံးထဲက ယူပေးသည်။ သူ့ကို ထောင်ချ မည်ဆိုလျှင် ဟောင်ကောင်မှာမချဘဲ သူ၏ မိခင်နိုင်ငံက ထောင်မှာသာ ချပါရန် မေတ္တာ ရပ်ခံသည်။
အချောအလှကောင်မလေးက နောက်ထပ်တစ်ခေါက် ဘန်ကောက်ကို သင်္ဘောရောက်လျှင် လက်ခံ ဆက်ဆံ ပေါင်းသင်းပါ့မည် လို့ ကတိပေးလိုက်ပါလျက် ပြိုင်ဖက်ကို သတ်လိုက်မိခြင်းဖြစ် သည်။ နောက်တစ် ခေါက် ဘန်ကောက် ကို ရောက်လျှင် အလားတူ ပြဿနာ ထပ်ဖြစ်မှာစိုးလို့ မယားလုဖက်ကို ကြိုတင်ပြီး အပြတ် ရှင်းပစ်လိုက်တာဖြစ်မည်။
မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။ ကောင်းတာအုပ်လျှင် ကောင်းတာဖြစ်မည်။
မြန်မာကျပ်စေ့ဂျပန်မှာ တွေ့လို့အဖမ်းခံရ
ကျွန်တော်နှင့် သင်္ဘောသားတစ်စုသည် ဂျပန်နိုင်ငံ ဆိပ်ကမ်းတစ်ခုမှာ သင်္ဘောတက်ကြသည်။ မြန်မာ သင်္ဘောသားတွေ ချည်း အမှုထမ်းနေသော သင်္ဘောကို သွားတက်ကြတာ ဖြစ်သည်။ အိမ်ကို ပြန်ကြ မည့် မြန်မာသင်္ဘောသားငါးယောက်အစား ကျွန်တော်တို့ ငါးယောက်က လူစားလာရောက်ကြ တာဖြစ်သည်။
ကျွန်တော်တို့ရောက်သည့် နံနက်မှာပင် အိမ်ကို ပြန်ကြမည့်သူတွေက သင်္ဘောကဆင်းပြီး လေဆိပ်ကို ဆင်း သွားကြတော့သည်။ ကျွန်တော်တို့ ငါးယောက်က နံနက် ၈ နာရီမှာရောက်သည်။ အိမ်ကို ပြန်ကြမည့် သူတွေကလည်း လွဲပြောင်းပြီးတာနဲ့ နံနက် ၉ နာရီလောက်မှာ သင်္ဘောက ဆင်းသွားကြသည်။ သင်္ဘော ဆိပ်ရှိရာမြို့၏ လေဆိပ်မှ တိုကျိုကို သွားကြလိမ့်မည်။ တိုကျိုမှ စင်္ကာပူကို သွားကြမည်ဖြစ်သည်။
ကျွန်တော်သည် လူဟောင်းထံမှ ကမန်းကတန်း လက်ခံယူထားလိုက်သည့် လုပ်ငန်းဆိုင်ရာ ပစ္စည်းနှင့် စာရွက်စာတမ်းတွေ ကို စစ်ဆေးနစဉ်မှာပင် သင်္ဘောပေါ်ကို ဂျပန်ရဲတွေ ရောက်လာပြီး အိပ်ခန်းတွေနှင့် ရုံးခန်းတွေ ကို စစ်ဆေးသည်။
ကျွန်တော် အလုပ်လုပ်နေသည့် ရုံးခန်းကို စစ်ဆေးချင်သည်ဆို၍ စစ်ဆေးခိုင်းလိုက်သည်။ အိပ်ခန်းကိုတော့ လိုက်မပြနိုင်လို့ အခန်းသော့ပေးပြီး စစ်ဆေးခိုင်းလိုက်သည်။ ကျွန်တော့် အိပ်ခန်းနှင့် ရုံးခန်းသည် အပေါ် ထပ်နှင့် အောက်ထပ် ဖြစ်နေသည်။ ကျွန်တော် အလုပ်မအားသေးလို့ စားပွဲထိုးသင်္ဘောသားက လိုက်ပြပေး သည်။ မကြာမီ စစ်ဆေးပြီးလို့ ဘာမှ မထူး၊ ဘာမှမတွေ့ဆိုပြီး အိပ်ခန်းသော့ ပြန်ပေးသည်။
ဒါပေမဲ့ ကျွန်တော်နှင့်အတူ လာခဲ့သူ တက်မကိုင်တစ်ယောက် အိပ်ခန်းထဲက မြန်မာကျပ်စေ့ တစ်စေ့တွေ့လို့ အဲဒီသင်္ဘောသား ကို ဂျပန်ရဲက ဖမ်းဆီးခေါ်ဆောင်သွားသည်ဆိုသည့် သတင်းကို ရသည်။ အခုမှ သင်္ဘောပေးရောက်သည့် သင်္ဘောသား၏ အိပ်ခန်းထဲက မြန်မာပိုက်ဆ့ ကျပ်ပြားစေ့တွေ့လို့ ဖမ်းတယ် ဆိုတာ ဘယ်လိုကြောင့် ပါလိမ့်လို့ တွေးရတော့သည်။
ညနေစောင်း မှ အဲဒီသင်္ဘောသားနှင့် ဒေသကိုယ်စားလှယ်တို့ သင်္ဘောကို ပြန်ရောက်လာကြသည်။ အပြစ် မရှိလို့ ကွင်းလုံးကျွတ် လွတ်လာခဲ့တာဟုသိရသည်။ အပြစ်ရှိတာ မရှိတာ အသာထား၊ မြန်မာပိုက်ဆံ ကျပ်ပြားစေ့ကြောင့် အဖမ်းခံရသည့် ကိစ္စကို ရှင်းပြခိုင်းရတော့သည်။
" ကျွန်တော့် အခန်းကို ရှာမယ်ဆိုလို့ ခွင့်ပြုလိုက်တယ်၊ စာရေးစားပွဲအံဆွဲထဲက ကျပ်ပြားစေ့တစ်စေ့တွေ့ သွား တယ်၊ ရဲက သူတို့မှာ ပါလာတဲ့ ကျပ်ပြားစေ့တွေနဲ့ တူသလားဆိုပြီး တိုက်ကြည့်တယ်၊ တူတယ်ဆိုပြီး ကျွန်တော့် ကို လက်ထိပ်ခတ်လိုက်တော့တာပဲ၊ ဘာမှပြောလို့မရဘူး၊ သူတို့ အင်္ဂလိပ်စကားလည်း နားမလည်ဘူး၊ ကျွန်တော် အခုမှ သင်္ဘောပေါ်ရောက်တာပါ၊ အဲဒီပိုက်ဆံဟာ ကျွန်တော့်ပိုက်ဆံမဟုတ်ပါ ဘူးလို့ ပြောတာ နားမလည် ဘူး၊ အတင်းဆွဲခေးသွားကြတယ် "
" မင်း ပစ္စည်းဟုတ်တာ၊ မဟုတ်တာ အသာထားစမ်းပါ၊ မြန်မာကျပ်ပြားစေ့က ဂျပန်နဲ့ ဘယ်လို ပြဿနာ တက်နေလို့လဲ "
" မသိပါဘူးဗျာ "
ကာယကံရှင် ကိုယ်တိင်က မသိဘူးဆိုတော့ သိသူ ဒေသကိုယ်စားလှယ်ကို မေးရတော့သည်။ ဒေသ ကိုယ် စားလှယ် ကလည်း အင်္ဂလိပ်စကား သိပ်မကျွမ်းသူဖြစ်လို့ ဒီဇာတ်လမ်းကို လိပ်ပတ်လည်အောင်။ နားထောင်သူ ဇာတ်ရေလည်အောင် မနည်းကြိုးစားပြီး ရှင်းပြရသည်။
" မြန်မာပိုက်ဆံ ကျပ်ပြားစေ့ဟာ ဂျပန်ယန်းငါးရာစေ့နဲ့ အရွယ်အစား အထူအပါး။ အလေးချိန် တိတိကျကျ တူနေ တယ်၊ မြန်မာကျပ်ပြားစေ့ကို ဆလွတ်မရှင်းထဲ ထည့်ပြီး ယန်းတစ်ရာတန် ပစ္စည်းဝယ်ရင် ဆလွတ်မရှင်းက ဂျပန်လေးရာပြန်အမ်းပြီး ၀ယ်တဲ့ ပစ္စည်းပါ ထုတ်ပေးတယ်။ အဲဒါဖြစ်နေတာကြာပြီ၊ ဘာပိုက်ဆံမှန်းမသိလို့ စုံစမ်းနေခဲ့တာ "
ဘာပိုက်ဆံမှန်းမသိ လို့ စုံစမ်းနေခဲ့တာ ကြာပြီ၊ မြန်မာပိုက်ဆံလို့ သိတာနဲ့ တစ်ပြိုင်နက် မြန်မာ သင်္ဘောသား တွေရှိတဲ့ သင်္ဘောတွေကို တက်ရောက်ရှာဖွေတာ ဖြစ်သည်။ ဒီသင်္ဘော က တွေ့လို့ သင်္ဘောသားကို ဖမ်းဆီးတာဖြစ်သည်။ ဒါပေမဲ့ အဖမ်းခံရသည့် သင်္ဘောသားက ဒီနေ့ မနက်မှ သင်္ဘောပေါ် ကိုရောက်သူဖြစ် သည်။ ဒီပိုက်ဆံ ကျပ်ပြားစေ့သည် ဒီနေ့နံနက်ကပင် အိမ်ကို ပြန်သွားသည့် သဘော်သား ၏ပိုက်ဆံ ဖြစ်နိုင် သည်။
စင်္ကာပူ၊ ဂျပန်နှင့် အမေရိကန်တို့ကဲ့သို့ ခေတ်မီတိုးတက်သည့် နိုင်ငံကြီးတွေရဲ့ လမ်းဘေးတွေမှာ၊ ကားဂိတ် တွေမှာ သင်္ဘောဆိပ်တွေမှာ ဆလွတ်မရှင်းလို့ခေါ်သည့် အလို အလျောက် ဈေးရောင်း မှန်ပုံးတွေရှိသည်။ ပိုက်ဆံထည့်ပြီး မိမိလိုချင်သည့် ပစ္စည်း၊ ရုပ်ပုံကလေးကို ဖိနှိပ်လိုက် ပါက ပိုက်ဆံပိုနေလျှင် ပြန်အမ်းသည်။ ပစ္စည်းထုတ်ပေးသည်။ ပိုက်ဆံလိုနေလျှင် အသံပြုပြီး လိုနေသည့် ပိုက်ဆံကို ထပ်တာင်း သည်။ လိုတာကို ထပ်ထည့်လိုက်တော့မှ ပစ္စည်းထုတ်ပေးသည်။ အဲဒီမှန်ပုံးထဲမှာ ဘီယာ၊ အချိုရေ၊ စီးကရက်၊ ချောကလက်၊ သကြားလုံး၊ ချွေးသုတ်တစ်ရှူးစက္ကူ စသည်ဖြင့် ရှိနေ သည်။ ရောင်းသူမဲ့ ဈေးဆိုင်လေးဖြစ်သည်။
ဂျပန်နိုင်ငံက ဆလွတ်မရှင်း မှန်ပုံးထဲကို မြန်မာပိုက်ဆံ ကျပ်ပြားစေ့ကို ထည့်ပြီး ယန်းတစ်ရာတန် ပစ္စည်းကို ၀ယ် လိုက်ပါက လိုချင်သည့် ပစ္စည်းကို ထုတ်ပေးသည့်အပြင် ဂျပန်ပိုက်ဆံ ယန်း ၄၀၀ ပြန်အမ်းသည်။ ယန်း ၄၀၀ သည် အမေရိကန်ဒေါ်လာ ၄ ဒေါ်လာနီးပါးရှိသည်။ အဲဒီလို ခံနေရတာ ကြာပြီဖြစ်လို့ ဒီပိုက်ဆံ ဘယ် နိုင်ငံ ကလဲလို့ အပူတပြင်း လိုက်လံစုံစမ်းနေခဲ့သည်ဟု သိရသည်။
အဖမ်းခံရသည့် သင်္ဘောသား၏ အခန်းမှာ နေသွားခဲ့သည့် သင်္ဘောသားသည် ဂျပန်နိုင်ငံလုပ် အဆာဟိ အရက်ကို ဗွက်ပေါက်အောင် သောက်သွားခဲ့သည်။ မိုက်ဆဲဗင်းစီးကရက်ကို ပစိဖိတ်သမုဒ္ဒရာ အထက် မှာ လေထုညစ်ညမ်းအောင် ဖွာသွားခဲ့သည်ဟု သိရသည်။ သူကတော့ အခုလောက်ဆိုလျှင် တောင်တရုတ်ပင် လယ်ပြင် ကို ဂျက်လေယာဉ်ကြီးစီးပြီး ဖြတ်ကျော်နေရော့မည်။ ညနေမိုးချုပ်လျှင် စင်္ကာပူ ကို ရောက် သွား တော့မည်ဖြစ်သည်။
ဒေသကိုယ်စားလှယ်၏ မေတ္တာရပ်ခံချက်ကြောင့် ကပ္ပတိန်က သင်္ဘောသားတွေကို အသိပေးညွှန်ကြားသည်။
" မြန်မာပိုက်ဆံ ကျပ်ပြားစေ့ လက်ဝယ်တွေ့ရှိသူတွေ အပြစ်ပေးအရေးယူခံရမယ်။ လက်ဝယ်မထားပါနဲ့၊ ကျပ်ပြားစေ့ နဲ့ ဆလွတ်မရှင်းမှာ ဈေးဝယ်တာကို ဖမ်းမိလျှင် ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ခ့ရမယ်၊ ဂျပန်နိုင်ငံ နှင့် လူမျိုး ကို စီးပွားပျက်အောင်လုပ်တဲ့ ပုဒ်မနဲ့ အရေးယူလိမ့်မယ် "
ကိုယ့် လူတွေက လုပ်လိုက်လျှင် သမိုင်းတွင်ရစ်သည်ချည်းဖြစ်သည်။ မြန်မာပိုက်ဆံ ကျပ်ပြားစေ့ကလည်း ဂျပန်ယန်း ငါးရာစေ့နှင့် ပုံသဏ္ဍာန်၊ အရွယ်အစား၊ အထူအပါး၊ အလေးချိန် တိတိကျကျ တူနေတာကိုက ဂျပန်တွေ ကံဆိုးနေတာဖြစ်သည်။ ယန်းတစ်ရာတန် ဘီယာ၊ အချိုရည် သောက်ရသည့်အပြင် ယန်း ၄၀၀ ပါ ရသေးတယ် ဆိုတော့ လုပ်တော့မှာပေါ့လို့ တွေးမိသည်။
မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။
မူးယစ်ဆေးဝါးကီလို ၅၀ တင်ယူလာသည့်သင်္ဘော
အမေရိကန်နိုင်ငံက ဆိပ်ကမ်းရဲတွေသည် ဆိပ်ကမ်းကို ဆိုက်ရောက်လာမည့် ရွှေခြင်္သေ့ ၂ အမည်ရှိ သင်္ဘော ကို စောင့်ကြိုနေကြသည်။ တောင်အမေရိကတိုက်ရှိ ကိုကင်း မူးယစ်ဆေ၀ါး အများအပြား ထုတ်လုပ် ရာ နိုင်ငံက အမေရိကန်နိုင်ငံကို ဦးတည်ခုတ်မောင်းလာနေသည့် ရွှေခြင်္သေ့ ၂ (Golden Lion 2)ဆိုက်ရောက် လာမည့် အချိန်ကို စောင့်ကြိုနေကြတာဖြစ်သည်။
ရွှေခြင်္သေ့ ၂ သင်္ဘော၏ ကိစ္စရေးရာကို စီမံဆောင်ရွက်ရမည့် ဒေသကိုယ်စားလှယ်ဆီကို ၀င်ရောက်လာနေ သည့် ကြေးနန်းစာအရ ရွှေခြင်္သေ့ ၂ သည် ဒီနေ့နံနက် ၉ နာရီမှာ ရေကြောင်းပြအရာရှိ သင်္ဘောပေါ်ကို တက်ပြီး မြစ်တွင်း ကို ၀င်လာမည်ဖြစ်သည်။ ၁၁ နာရီမှာ ဆိပ်ကမ်းကို ကပ်နိုင်သည်။
ရွှေခြင်္သေ့ ၂ သင်္ဘေသည် သူထွက်ခွာလာခဲ့သော ဆိပ်ကမ်းမှ သကြားအိတ်တွေကို တင်ဆောင်လာသည်။ သင်္ဘော၏ ကုန်ထည့်ပေါက် ၅ ပေါက်ရှိသည့်အနက် ကုန်ထည့်ပေါက် နံပါတ် ၅ ကို ဖွင့်ညပီး ကုန်ချသည့် အချိန်မှာ အထူးဂရုစိုက်ပြီး စောင့်ကြည့်ရမည်ဖြစ်သည်။
နံနက် ၁၁ နာရီတွင် ရွှေခြင်္သေ့ ၂ ဆိပ်ကမ်းကို ၀င်ရောက်လာပြီး ဆိုက်ကပ်လိုက်သည်။ နိုင်ငံခြားသင်္ဘော ကြီးတွေ ဆိပ်ကမ်းကပ်ပြီးသည်နှင့် ထုံးစံအတိုင်း လူဝင်မှု ကြီးကြပ်ရေး၊ အကောက်ခွန်နှင့် ကျန်းမာရေး ဌာန တွေက ခွင့်ပြုချက်ရသောအခါ ကုန်ချရန်အတွက် ကုန်ထည့်ပေါက်တွေကို တစ်ပြိုင်တည်း ဖွင့်လိုက်တော့ သည်။ ကုန်ထည့်ပေါက်တွေမှာ ပါလာသည့် သကြားအိတ်တွေကို ချကြတော့မည်ဖြစ်သည်။
ကုန်ထည့်ပေါက် ၅ ပေါက်ကို တပြိုင်နက်တည်းချမည်ဖြစ်လို့ အလုပ်သမားဂိုဏ်း ၅ ဂိုဏ်းအသင့်နေရာယူ ထားကြပြီးဖြစ် သည်။ ကုန်ထည့်ပေါက် နံပါတ် ၅ မှာ အလုပ်လုပ်ကြမည့် အလုပ်သမားတွေကို အထူးဂရု စိုက်ကြည့်နေ ကြသည်။ မနေ့က ညနေမှာ ၀င်ေ၇ာက်လာသည့် တယ်လီဖုန်းသတင်းကို ကြားဖြတ်နားထောင် ထားကြသည်။ တယ်လီဖုန်းသတင်းက အောက်ပါအတိုင်းဖြစ်သည်။
" ရွှေခြင်္သေ့ ၂ ကိုက်ချီလာတယ်၊ အနီရောင် ကီလို ၅၀၊ ရကြောင်းပြန်ပါ "
ဒီတယ်လီဖုန်းကြေးနန်းကို အက်ဖ်ဘီအိုင်ရဲတွေက ကြားဖြတ်ဖမ်းယူရရှိထားတာ သုံးကြိမ် ရှိပြီး ဖြစ် သည်။ ရွေခြင်္သေ့ ၂ ဆိုတာ ဘာလဲ။ ယာဉ်ရထား တစ်ခုခုဖြစ်မည်။ ယာဉ်ရထားများ ဆိုက်ရောက်ရာ နေရာ အသီး သီး ကို စုံစမ်းသောအခါ တောင်အမေရိက နိုင်ငံတစ်နိုင်ငံက ထွက်ခွာလာသည့် သင်္ဘောတစ်စီး၏ အမည် ဖြစ်နေတာ ကို သိလိုက်ရသည်။
သိပ်သေချာသွားပြီ၊ ကိုက်ချီလာသည်ဆိုသည့် စကားက သယ်ယူလာသည်ဟု အဓိပ္ပာယ်ရမည်ဖြစ်သည်။ ကီလို ၅၀ ဆိုတာက ရှင်းသည်။ အနီရောင် ဆိုတာဘာလဲ စဉ်းစားကြသည်။ သင်္ဘောထွက်ခွာလာခဲ့သည့် နိုင်ငံသည် ကိုကင်းမူးယစ်ဆေးဝါး အများအပြားထွက်သည်။ အမေရိကန်နိုင်ငံကို လမ်းကြောင်းအမျိုးမျိုးမှ နည်းအမျိုးမျိုးဖြင့် ခိုးသွင်းနေကြသည်။ မနေ့က အတော်မိုးချုပ်မှ နောက်ဆုံးဖမ်းယူရှိသည့် တယ်လီဖုန်း သတင်းက ပိုမိုတိကျ သည်။
"ရွှေခြင်္သေ့ ၂၊ နံပါတ် ၅၊ အနီရောင်၊ ကီလို ၅၀၊ ရကြောင်းပြန်ပါ "
တယ်လီဖုန်းဆက်သူသည် သင်္ဘောထွက်ခွာလာရာ တောင်အမေရိကတိုက်ရှိ နိုင်ငံ၏ ဆိပ်ကမ်းမြို့တစ်နေရာ ကလမ်းဘေးတယ်လီဖုန်းမှ ဆက်နေတာဖြစ်သည်။ တစ်ကြိမ်နှင့်တစ်ကြိမ် တယ်လီ ဖုန်းနံပါတ် မတူဖြစ်နေသည်။ သို့သော် တယ်လီဖုန်းလက်ခံနားထောင်သူကတော့ နယူးယောက်မြို့က လူမည်းတစ်ယောက်ဖြစ်နေသည်။
ရဲတွေသည် ရွှေခြင်္သေ့ ၂ ၏ ကုန်ထည့်ပေါက် နံပါတ် ၅ ဆိုတာ အထိကို ဖော်လို့ရနေသည်။ အနီေ၇ာင် ကီလို ၅၀ ဆိုတာကို စဉ်းစားရဆဲဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ရွှေခြင်္သေ့ ၂ ၏ ကုန်ထည့်ပေါက် နံပါတ် ၅ကို ဂရု တစိုက်စောင့်ကြည့်ရတော့မည်ဖြစ်သည်။ အနီရောင်ဆိုတာ ဘာလဲ။ အိတ်အနီရောင်ဖြင့် ထည့်ပေးလိုက် သလား စဉ်းစားကြ သည်။ ကုန်ထည့်ပေါက်တွေကို ဖွင့်လိုက်ပြီးဖြစ်လို့ မြွေရေခွံအိတ်အဖြူတွေဖြင့် ထည့် ထားသော သကြားအိတ် ကို မြင်နေရသည်။ အနီရောင် ကီလို ၅၀ ကို စဉ်းစားနေရဆဲဖြစ်သည်။ အဖြူရောင် အိတ်တွေကြားမှာ အနီရောင်အိတ်ဖြင့် မူးယစ်ဆေးဝါး ကီလို ၅၀ ထည့်ပေးလိုက်တာမဖြစ်နိုင်။ အနီေ၇ာင် ဆိုတာ အတွက် အတော်ခေါင်းစားနေကြသည်။
အက်ဖ်ဘီအိုင် အစီအစဉ်ဖြင့် ဆိပ်ကမ်း ရဲတပ်ဖွဲ့ဝင်တွေသည် ဆိပ်ကမ်းလုပ်သား ၀တ်စုံဖြင့် ကုန်ပေါက်နံ ပါတ် ၅ မှာ အလုပ်ဝင်လုပ်နေကြသည်။ ပီနံအိတ်လို့ ခေါ်သည့် မြွေရေခွံအိတ်တွေဖြင့် ထည့်ထားသည့် သကြားအိတ်တွေ ကို သေသေချာချာကြည့်သည်။ ယူနီယံသကြားစက်၊ ကီလို ၅၀ ဆိုသည့် စာလုံးတွေကို အဖြူရောင်ပေါ်မှာ အနက်ရောင်ဖြင့်သာ ပုံနှိပ်ထားတာ တွေ့ရသည်။ အနီရောင်အိတ်တစ်လုံးမှ မတွေ့ရ ဖြစ်နေသည်။
ကုန်ပေါက် နံပါတ် ၅ မှာ အလုပ်လုပ်နေသည့် ဗလကောင်းကောင်း၊ ထောင်ထောင်မောင်းမောင်း ကပ္ပလီလူ မျိုးအလုပ်သမား ၏ အမူအရာမမှန်တာ ကို သတိထားမိကြသည်။ လူမည်းအလုပ်သမားသည် ကုန်သယ်ကရိန်း မှာ ချိတ်ပေးရသည့် သကြားအိတ်တွေကို တစ်အိတ်ချင်း ဂရုစိုက်ကြည့်ပြီး ချိတ်ပေးနေတာ ကို သတိထား မိကြသည်။
သကြားအိတ်တစ်ထောင်လောက် ချပြီးချိန်မှာတော့ လူမည်း အလုပ်သမားသည် သကြားအိတ် အဖြူရောင် တစ်လုံးပေါ် က အနီရောင်ဖြင့် ပုံနှိပ်ထားသည့် (ကီလို ၅၀)ဆိုသည့် စာလုံးကို မြင်လိုက်တယ် ဆိုလျှင်ပဲ ငမောက် ပတ္တမြားကြီးကို မြင်လိုက်ရသလို ပြုံးပြီး မျက်လုံးပြူးသွားတာကို သတိထားလိုက်မိကြသည်။ သူ ဘာလုပ်မလဲ ဆိုတာကို လုပ်သားယောင်ဆောင်နေကြသည့် ရဲတွေက စောင့်ကြည့်နေကြသည်။ လူမည်း အလုပ်သမား သည် သူ့၏ခါးမှာ ချိတ်ထားသည့် လက်ကိုင်ဖုန်းဖြင့် သတင်းပို့သည်။
" အခုတက်လာ တဲ့ ကုန်အတွဲမှာ ပါလာပြီ "
သူပြောလိုက်တာ ဒါပဲဖြစ်သည်။ အလုပ်သမားယောင်ဆောင်ထားသည့် ရဲကလည်း သူ့လက်ကိုင်ဖုန်းဖြင့် တစ်နေရာ ကို ဆက်သွယ်ပြီး ဒီစကားလုံးကိုပဲပြောပြီး သတင်းပို့လိုက်သည်။ ပုံမှန်ဟန်မပျက် အလုပ်ဆက် လုပ်နေကြသည်။
အနီရောင် (ကီလို ၅၀)စာလုံးပါ ကုန်တွဲကို ကုန်သယ်ယာဉ်ဘယ်ကားပေါ်ကို တင်သလဲ စောင့်ကြည့်နေကြ သည်။ အဲဒီစကားနောက်က နောက်ယောင်ခံလိုက်ကြရမည်ဖြစ်သည်။ သကြားအိတ်တွေပြည့်သောအခါ ကုန်သယ်ယာဉ်ကြီး ဆိပ်ကမ်းအတွင်း မှ မောင်းထွက်သွားသည်။
အက်ဖ်ဘီအိုင်ရဲတွေ သည် ကုန်ကားကြီး၏ နောက်က အရပ်သုံးဆလွန်းကားတစ်စီးဖြင့် မျက်ခြေပြတ်မခံဘဲ လိုက်သွား သည်။ တစ်နေရာကို သတင်းပို့လိုက်ပြီဖြစ်လို့ အမြင့်ပေ ၅၀၀၀ လောက်မြင့်သည့် ကောင်းကင်က ရဟတ်ယာဉ် တစ်စီးကလည်း ကုန်ကားကြီးကို အပေါ်ကစောင့်ကြည့်လိုက်ပါသွားလေသည်။
တော်ပါသေးသည်။ ဒီအမှုမှာ သင်္ဘောသားတွေ ပါဝင်ပတ်သက်မှု မရှိဘူးဆိုတာကို ရဲက အတည်ပြုပြော ဆိုသည်။ သင်္ဘောသားတွေ ဘာမှ မသိလိုက်ရသည့်အမှုဖြစ်သည်။
မကောင်းတာ လုပ်လျှင် မကောင်းတာဖြစ်မည်။ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။
သင်္ဘောပိုင်ပိုက်ဆံကို ခိုးသည့်ကပ္ပတိန်
သင်္ဘောကုမ္ပဏီ၏ အစည်းအဝေးခန်းမထဲမှာ အမှုတစ်ခုကို စစ်ဆေးနေသည်။ အမှုက သင်္ဘောဓားပြတိုက် ခံရမှုဖြစ်သည်။ သင်္ဘေသည် စင်္ကာပူက အထွက် ညဘက်မှာ ဓားပြတိုက်ခံရတာဖြစ်သည်။ သင်္ဘောပိုင် ပိုက်ဆံဒေါ်လာ ၇၀၀၀၀ (ခုနစ်သောင်း)ထည့်ထားသည့် မီးခံသေတ္တာကို ဓားပြတွေက သယ်ယူသွားကြ သည့် အမှုအတွက် သင်္ဘောသားတွေထဲက စစ်မေးသင့်သူတွေကို မေးစစ်နေတာဖြစ်သည်။
အဓိက ပုဂ္ဂိုလ်ဖြစ်သည့် ကပ္ပတိန်ကို အလျင်စစ်မေးသည်။ ကပ္ပတိန်က ညသန်းခေါင်အချိန်မှာ သူ့အိပ်ခန်း တံခါး ကို ခပ်ပြင်းပြင်း လာခေါက်သည့်အတွက် တံခါးဖွင့်ပေးလိုက်သည်ဟုဆိုပါသည်။ နာရီကို ကြည့ိုက် တော့ ည ၂ နာရီ ထိုးနေပြီဖြစ်သည်။
" ကျွန်တော် တံခါးဖွင့်လိုက်တော့ စစ်သေနတ်ကိုင်ထားတဲ့ ပင်လယ်ဓားပြနှစ်ယောက်က ကျွန်တော့် ကို သေနတ်နဲ့ချိန်ထားပြီး မအော်နဲ့လို့ ပြောပါတယ် "
ကပ္ပတိန်၏ ပြောဆိုချက်အရ လက်နက်ကိုင်နှစ်ယောက်သည် ကပ္ပတိန်ကို ကြိုးဖြင့်တုပ်သည်။ ပါးစပ်ကို တိပ်ဖြင့် ပိတ်သည်။ မီးခံသေတ္တာကို ထမ်းယူပြီး သင်္ဘောပေါ်က ပြန်ဆင်းသွားကြသည်။ မီးခံသေတ္တာထဲမှာ သင်္ဘောပိုင် အမေရိကန်ဒေါ်လာ ခုနစ်သောင်းပါသွားသည်။ မီးခံသတ္တာ သည် နှစ်ပေပတ်လည်မျှသာ ကြီးသောပုံးဖြစ် လို့ ယောက်ျားတစ်ယောက် ထမ်းယူသွားမည်ဆိုပါက ထမ်းယူသွားလို့ရနိုင်သည်။
သင်္ဘောသည် တန်ချိန်တစ်သောင်းမျှသာကြီးသော ဆီတင်သင်္ဘောဖြစ်လို့ ဆီအပြည့် တင်ထားသောအခါ သင်္ဘော၏ ကုန်းပတ်လည် ရေမျက်နှာပြင်အထက် တစ်ပေလောက်သာ မြင့်တော့သည်။ ပင်လယ်ဓားပြတွေ အမြန်ယာဉ်ဖြင့် လိုက်လာပြီး အတက်အဆင်းလုပ်လို့ လွယ်ကူသော အခြေအနေဖြစ်နေ သည်။ ကပ္ပတိန်ကို စစ်မေးပြီးသော အခါ ကုန်းပတ်ပထမအရာရှိကို စစ်မေးသည်။
" ခင်ဗျား ဘာသိသလဲ၊ သိတာပြောပါ "
"ညသန်းခေါင် မှာ ကပ္ပတိန်က ကျွန်တော့် အိပ်ခန်းတံခါးကို လာထုပါတယ်။ ကျွန်တော် တံခါးကို ဖွင့်ကြည့် လိုက်တော့ ကပ္ပတိန်ရဲ့ ပါးစပ်မှာ တိပ်နဲ့ ပိတ်ထားပါတယ်၊ လက်နှစ်ဖက်ကို ကြိုးချည်ထားပါတယ်။ ဘာဖြစ် တာလဲလို့ မေးကြည့်တော့ ပါးစပ်က တိပ်ကပ်ထားတာကို ဆွဲခွာပြီး ဓားပြတိုက်ခံရတဲ့အကြောင်း ပိုက်ဆံတွေ အကုန် ပါသွားကြောင်း ပြောပါတယ် "
" ခင်ဗျား ဒါပဲသိသလား "
" ဟုတ်ကဲ့ ဒါလောက်ပဲ သိပါတယ်။ ကပ္ပတိန်ရဲ့ အိပ်ခန်းကို လိုက်သွားပြီး ကြည့်ပါတယ်၊ မီးခ့သေတ္တာ မရှိ တော့တာကို သိခဲ့ပါတယ် "
ကုန်းပတ်ပထမအရာရှိ ပြီးတော့ ဒုတိယအရာရှိကို စစ်မေးသည်။ ဓားပြတိုက်ခံရသည့် အချိန်ဟာ ဒုတိယ အရာရှိ တာဝန်ကျ ချိန်ဖြစ်နေသည်။ သင်္ဘောခုတ်မောင်းနေစဉ်ဖြစ်လို့ တာဝန်ကျအရာရှိနှင့် တက်မကိုင် သင်္ဘောသားတို့ တက်မစင် မှာ ရှိနေကြသည်။
" ဓားပြတွေ မော်တော်ဘုတ်နဲ့ လာပြီး သင်္ဘောပေါ် တက်လာတာသိသလား "
" မသိဘူး "
" အိပ်ပျော်နေလို့လား "
" မအိပ်ပါဘူး "
ဒုတိယအရာရှိနှင့် တက်မကိုင်သင်္ဘောသားတို့က သူတို့ဘာမှ မသိလိုက်ပါဟုဆိုသည်။ ရာသီ ဥတု ကောင်းမွန်နေသည့် အတွက် မြင်ကွင်းရှင်းလင်းနေသည်။ ရေဒါမှာလည်း ဘာမှ မပေါ်ဟုဆိုသည်။ သင်္ဘော အနီး ကို ချဉ်းကပ်လာသည့် လှေသမ္ဗာန်မတွေ့ပါဟုဆိုသည်။
နောက်ဆုံး အစစ်ဆေးခံရသူဟာ အာအို (ရေဒီယို အော်ပရေတာ)ဖြစ်သည်။ အမှုနှင့်ပတ်သက်ပြီး အရေးပါ သူမဟုတ်သော်လည်း ကပ္ပတိန်၏ လှုပ်ရှားမှုတွေနှင့် ကိုယ်ရေးကိုယ်တာတွေကို အနီးကပ်သိနေသူဖြစ်လို့ အမှုနှင့် မသက်ဆိင်သည့် မေးခွန်းတွေကို စစ်မေးခြင်းခံရသည်။
" ကပ္ပတိန်နဲ့ သူ့မိန်းမနဲ့ တစ်လမှာ ဘယ်နှစ်ကြိမ်စကားပြောသလဲ "
" ပုံမှန်ဆိုလျှင်တော့ တစ်ပတ် တစ်ကြိမ်လောက် စကားပြောပါတယ်။ အခုတလောမှာတော့ သူ့မိန်းမ ဘက်က ခေါ်လို့ နှစ်ရက်တစ်ကြိမ်၊ သုံးရက်တစ်ကြိမ်လောက် ပြောကြပါတယ် "
" ဘာတွေပြောကြလဲ သိလား "
" အင်္ဂလိပ်လို ဖြစ်တဲ့အပြင် ကပ္ပတိန်စကားပြောလျှင် ကျွန်တော်က ရေဒီယိုအခန်းအပြင် ထွက်နေတဲ့ အတွက် အားလုံး ကို မကြားပါဘူး "
" ကြားသလောက်၊ နားလည်သဘောလောက်ကို ပြောပြနိုင်မလား"
" ပိုက်ဆံပေးဖို့ ပြောတာ ကြားပါတယ်၊ ပြန်လာလို့ရလင် ပြန်လာဖို့ ပြောတာ နားလည်ပါတယ် "
စစ်မေးသူတွေ သိချင်တာလည်း ဒါပဲဖြစ်သည်။ အာအိုကို အခန်းထဲက ထွက်သွားနိုင်ပြီလို့ ပြောပြီး ကုမ္ပဏီဒါရိုက်တာအဖွဲ့ အစည်းအဝေးဆက်ထိုင်သည်။
ကပ္ပတိန်၏ဇနီးသည် အင်္ဂလန်မှာနေသည်။ အသုံးအစွဲကြီးသည်။ အရက်စွဲနေသည့်အပြင် လောင်းကစား ၀ါသနာပါသည်။ အမြဲငွေလိုနေသူဖြစ်သည်။
ကပ္ပတိန်၏ပါးစပ်ကို ပိတ်ထားသည့် တိပ်နှင့် လက်ကို ချည်ထားသည့် ကြိုးသည် သင်္ဘောက ပစ္စည်းတွေ ဖြစ်နသည်။ ကပ္ပတိန်သည် သူ့ပါးစပ်မှာ ပိတ်တားသည့် တိပ်ကို ခွာပစ်လို့ရပါလျက်နှင့် မခွာဘဲ သူ့အခန်း မှ ကုန်းပတ်ပထမအရာရှိ၏ အခန်းကို သွားသည်။ အဲဒီကိုရောက်တော့မှ သူကခွာပစ်သည်။ လက်ပြန်ကြိုးတုပ် ထားတာမဟုတ်ဘဲ လက်နှစ်ဘက်ကို သင်္ဘောကကြိုးဖြင့် ဖြစ်သလို ချည်ထားတာဖြစ် သည်။
ပင်လယ်ဓားပြတွေက မီးခံသေတ္တာကို ထမ်းယူသွားသည်ဆိုသော်လည်း သင်္ဘောနှင့် ပတ်သက်သည့် မီးခံ သေတ္တာ ထဲက အရေးကြီးစာရွက်စာတမ်းတွေက ကပ္ပတိန်၏ အခန်းထဲက စားပွဲပေါ်မှာ ကျန်နေခဲ့သည်။ မီးခံသေတ္တာသော့ လည်း ကပ္ပတိန်ဆီမှာရှိနေသည်။
ကုမ္ပဏီဒါရိုက်တာအဖွဲ့ ကသည် အကြောင်းခြင်းရာ အားလုံးကို ဆင်ခြင်သုံးသပ်ပြီး အမိန့်ထုတ်ပြန်သည်။
"ကပ္ပတိန် ကို အလုပ်ဖြုတ်လိုက်သည်။ ဤကုမ္ပဏီပိုင် မည်သည့်သင်္ဘောမှာမှ တာဝန်ထမ်းဆောင်ခြင်းမပြုရ"
အကြောင်းပြချက်တစ်စုံတစ်ရာ မဖော်ပြသော်လည်း သင်္ဘောပိုင် ပိုက်ဆံတွေကို မီးခံသေတ္တာထဲက ထုတ်ယူပြီး သေတ္တာ ကို ရေထဲပစ်ချလိုက်သည်ဟု သံသယရှိသည့်အပြင် ယုံကြည်သည့်အတွက် အလုပ်ဖြုတ် လိုက်တာဖြစ်သည်။ တစ်လကို အမေရိကန်ဒေါ်လာ ၆၀၀၀ ရသည့်ဘ၀မှ အလုပ်လက်မဲ့ဘ၀ဖြင့် သင်္ဘောပေါ်က ဆင်းသွား ရသည်။

သင်္ဘောမှာခိုးလိုက်ပြီး မူးယစ်ဆေးဝါးသယ်လာသူ
သင်္ဘောကြီးသည် တောင်အမေရိကနိုင်ငံ ဆိပ်ကမ်းမှာ ကုန်ချပြီးလို့ ပြန်လည်ထွက်ခွာတော့မည်ဆိုသည့် အခါ ကပ္ပတိန်က သင်္ဘောသားတွေကို ညွှန်ကြားသည်။
" ဒီနိုင်ငံက လူတွေဟာ အမေရိကန်ကို သွားနေချင်ကြတယ်၊ သင်္ဘောပေါ်တက်ပြီး ခိုးလိုက်လာနိုင်တယ်၊ သင်္ဘောမထွက်ခွာမီ ခိုးလိုက်လာသူရှိသလား ဂရုတစိုက်ရှာပါ "
ကုန်းပတ်ပထမအရာရှိနှင့် ဒုတိယအရာရှိတို့သည် အုပ်စုနှစ်စုခွဲပြီး သင်္ဘောတစ်စီးလုံး စတိုခန်းတွေနှင့် အိမ်သာ၊ ရေချိုးခန်းတွေပါမကျန် စေ့စေ့စပ်စပ် ရှာဖွေကြသည်။ တစ်ယောက်မှမတွေ့လို့ အခန်းတွေ အားလုံး ကို သော့ခတ် ထားလိုက်သည်။ သတ်မှတ်ထားသည့် အချိန်မှာ ဒေသအာဏာပိုင်၏ ခွင့်ပြုချက်ရသည်နှင့် ဆိပ်ကမ်းမှ ထွက်ခွာခဲ့ပါသည်။
သင်္ဘောကြီး သည် အမေရိကနိုင်ငံ တောင်ပိုင်းရှိ တက္ကဆက်ပြည်နယ်ထဲက ဆိပ်ကမ်းတစ်ခုကို ဦးတည် ခုတ် မောင်းနေသည်။ ရာသီဥတုသာယာနေသည်။ သင်္ဘောသားတွေ ကုန်းပတ်ပေါ်မှာ အလုပ်လုပ်နေကြသည်။ အမေရိကန် ကို ရောက်ရန် ၂ ရက်သာလိုတော့သည်။
သင်္ဘောကြီးက အပေါ်ဆုံးကုန်းပတ်လို့ခေါ်သည့်နေရာ (ဆန်းဒက်)မှာ သန့်ရှင်းရေးလုပ်နေသည်။ အလုပ် သင် အရာရှိလောင်း (ကဒက်)တစ်ယောက်၏ အလန့်တကြားအော်ပြီး ပြေးဆင်းလာတာ ကြားလိုက်၊ မြင် လိုက်ကြရသည်။
" အောင်မယ်လေး ... သူခိုး ... သူခိုး၊ သင်္ဘောပေါ်မှာ သူခိုး ပါလာတယ် "
အော်ပြီး အလန့်တကြား ပြေးဆင်းလာသည့် ကဒက်ကို ၀ိုင်းအုံစုရုံးလိုက်ကြသည်။ ဘာဖြစ်တာလဲ မေးကြ သည်။ ကြောက်နေ သည့် ကဒက်သည် တဆတ်ဆတ်တုန်ပြီး သူခိုး သူခိုး သူခိုး သင်္ဘောပေါ်မှာ ရောက်နေ တယ်ဟု ပြောနေသည်။ ကမ်းကို မမြင်ရသေးသည့် မက္ကဆီကို ပင်လယ်ကွေ့ထဲမှာ ဘယ်က သူခိုး က ရောက်လာရသလဲ စဉ်းစားကြရတော့သည်။
" ဘယ်မှာလဲ သူခိုး "
" အပေါ်မှာ အပေါ်မှာ၊ နှစ်ယောက်တောင် တွေ့ခဲ့တယ် "
သူ လက်ညှိုးထိုးပြသည့် အပေါ်ထပ်ကို ပြေးတက်သွားကြည့်ကြသည်။ တောင်အမေရိကတိုက်သား ကပ္ပလီ နှစ်ယောက် သည် သူတို့က ရန်မလုပ်ပါဘူး၊ ကြောက်ပါတယ်ဆိုတဲ့ သင်္ကေတအဖြစ် ခေါင်းပေါ်မှာ လက် နှစ် ချောင်းတင်ပြီး ကြမ်းခင်းမှာ ထိုင်နေကြသည်။ တစ်ယောက်က ပိန်ပိန်ရှည်ရှည်၊ တစ်ယောက်က ပုပု၀၀ကြီး ဖြစ်သည်။ နှစ်ယောက်လုံး ဂျင်းဘောင်းဘီအတို ၀တ်ထားကြသည်။
အကျ`ီလက်တို ညိုညစ်ညစ်ကို ၀တ်ထားကြသည်။ တုတ်ဓားကိုင်ထားကြသည့် သင်္ဘောသားတွေ ကို ကြောက်ပါသည် ဆိုသည့် လက္ခဏာပြနေကြသည်။
" ခင်ဗျားတို့ ဘယ်ကလဲ "
" ဆိပ်ကမ်းက ခိုးလိုက်လာကြတာပါ "
သင်္ဘော ထွက်ခွာလာသည့် ဆိပ်ကမ်းက လိုက်လာကြတာဟု ပြောသည်။ သင်္ဘောမထွက်ခွာမီ သေသေ ချာချာ ရှာပါလျက် နဲ့ ဒီလူနှစ်ယောက်ကို မတွေ့ခဲ့၊ ဘယ်နေရာက ပုန်းလိုက်ခဲ့သလဲ မေးရတော့သည်။
" ခင်ဗျားတို့ ဘယ်မှာ ပုန်းနေတာလဲ "
" ခေါင်းတိုင်ထဲဝင်ပုန်းပြီး လိုက်ခဲ့တာပါ၊ စက်နိုးလိုက်လို့မနေနိုင်အောင် ပူလာတော့မှ အပြင်ကိုထွက်ပြီး ဒီ နေရာမှာ ထိုင်နေကြတာပါ "
အစာမစားရ ရေမသောက်ရတာ ၃ ရက်ရှိပြီဟု ဆိုသည်။ သူတို့မှာ ပါလာသည့် အစာနှင့်ရေသည် ၂ ရက်စာ ပဲ ခံသည်ဟု ဆိုသည်။ ကပ္ပလီ နှစ်ယောက်အနက် တစ်ယောက်သည် လူကောင်ကြီးကြီး၊ ၀၀ကြီး ဖြစ်ရ သည့်အထဲ မှာ အကျီပွပွကြီး ၀တ်ထားသည့်အတွက် ဖိုးဝရုပ်ကြီးလို ဖြစ်နေသည်။
သင်္ဘောပေါ် မှာ ခိုးလိုက်လာသူ (စတိုးဝေး) ပါလာပြီဖြစ်လို့ အလုပ်ရှုပ်သွားပြီး နိုင်ငံတကာ ဥပဒေ အရ ဆောင်ရွက်ရတော့မည်ဖြစ်သည်။ စတိုးဝေးသည် စစ်သုံ့ပန်းနှင့်တူသည်။ မညှင်းဆဲရ၊ မသတ်ရ၊ အစာရေ စာကျွေးရမည်။ ဆေးဝါးကုသပေးရမည်။ သက်ဆိုင်ရာကို စနစ်တကျ အပ်နှံရမည်။ ကပ္ပလီနှစ်ယောက်က အသနားခံသည်။
" ကျွန်တော်တို့ကို ရဲလက်မအပ်ပါနဲ့၊ ဆိပ်ကမ်းမကပ်မီ ရေထဲခုန်ချပြီး ကူးသွားပါ့မယ် "
သူတို့အပြော မှာ ကပ္ပတိန်တောင် သဘောတူတော့မလို တွေဝေသွားသည်။ ခိုးလိုက်လာပါတယ်လို့ ဆိပ် ကမ်းအာဏာပိုင် ကို သတင်းပို့လိုက်လျှင် စည်းကမ်းဥပဒေအရ ဆောင်ရွက်ကြတော့မည်ဖြစ်သည်။ တရားခံ နှစ်ယောက် ကို တရားစွဲဆိုတာ၊ ထောင်ချတာ၊ ထောင်ကလွတ်ပါက သူ့နိုင်ငံကို ပြန်ပို့တာ စရိတ်စက အားလုံးကို သင်္ဘောကုမ္ပဏီက ပေးရမည်ဖြစ်သည်။ သင်္ဘောကုမ္ပဏီပိုင်ရှင်သည် ကပ္ပတိန် ကို ပြစ်တင်ကြိမ်း မောင်းတော့ မည်။ လိုအပ်လျှင် အလုပ်ဖြုတ်ပစ်မည်ဖြစ်သည်။ ကပ္ပတိန် အတွက် ပြဿနာဖြစ်နေသည်။ ကုန်းပတ်ပထမအရာရှိက အကြံပေးသည်။
" မလုပ်နဲ့ ဆရာ၊ ဒီကောင်တွေ ကို ဖမ်းမိလို့ အမှုပေါ်သွားရင် ဆရာ့အတွက် အပြစ်ပိုကြီးသွားလိမ့်မယ်၊ ထုံးစံ အတိုင်းသာ လုပ်လိုက် "
ခိုးလိုက်လာသူနှစ်ယောက် ကို သင်္ဘောက အချုပ်ခန်းထဲ ထည့်လိုက်သည်။ အချုပ်ခန်းဆိုတာ သင်္ဘော ၏ ဆေးရုံခန်းဖြစ်သည်။ ကုတင်နှစ်လုံးနှင့် အိမ်သာ၊ ရေချိုးခန်းပါသည်။ ကပ္ပလီနှစ်ယောက်အနက် ပိန်ပိန် ရှည် ရှည်ကသာ အင်္ကျီ ဘောင်းဘီချွတ်ပြီး ရေချိုးသည်။ အင်္ကျီပွပွဝတ်ဆင်ထားသူကတော့ ရေမချိုး၊ အင်္ကျီပွပွ ၀တ်ဆင်ထားသူ ကတော့ ရေမချိုး၊ အင်္ကျီ ဘယ်တော့မှ မချွတ်တာကို သတိပြုမိကြသည်။
သင်္ဘောမှာ ခိုးလိုက်လာသူ နှစ်ယောက် ပါလာကြောင်း ဆိပ်ကမ်းအာဏာပိုင်ထံ ကြေးနန်းပို့လိုက်သည်။ သင်္ဘောပိုင်ရှင် ၏ ရုံးကိုလည်း အသိပေးလိုက်သည်။
ဆိပ်ကမ်းကို ကပ်သည့်အချိန်မှာ လူဝင်မှုအရာရှိနှင့် ရဲတွေ စောင့်နေကြသည်။ ဒေသကိုယ်စားလှယ်၏ အကူအညီဖြင့် ခိုးလိုက်လာသူ နှစ်ယောက်ကို စနစ်တကျ လွှဲပြောင်းပေးရသည်။ ကပ္ပလီနှစ်ယောက်ကို အချုပ်ခန်း ထဲက ထုတ်ယူလာပြီး လက်ထိပ်ခတ်လိုက်သည်။ သူတို့ ၀တ်လာသည့် အ၀တ်တွေကို ချွတ်ခိုင်း ပြီး ရဲတွေ ယူလာသည့် နံပါတ်တံဆိပ် ရိုက်ထားသည့် အ၀တ်ကို ၀တ်ခိုင်းသည်။ အ၀တ်ကို ချွတ်ခိုင်းသည့် အခါ ပိန်ရှည်ရှည် က ချွတ်လိုက်သော်လည်း ပုပု၀၀ကြီးက မချွတ်ဘဲနေသည်။ ရဲက အတင်းဆွဲချွတ်လိုက် သောအခါ မယုံနိုင် စရာ မြင်တွေ့လိုက်ရသည်။
ပုပု၀၀ကြီး၏ တစ်ကိုယ်လုံးမှာ ပလတ်စတစ်အိတ်တွေဖြင့် ထည့်ထားသည့် ကိုကင်းထုတ်တွေကို တိပ်ဖြင့် ပတ်ပြီး ပူးကပ်ထားသည်။ ရဲတွေ အလန့်တကြား ဖြစ်သွားသည်။ မူရင်းပုံမပျက်မီ ဓာတ်ပုံရိုက်ယူကြသည်။ တစ်ကိုယ်လုံး မှာ ပတ်ယူလာသည့် ကိုကင်းထုတ်တွေကို စားပွဲပေး စုပုံလိုက်ရာ အချိုမှုန့် ပေါင်ထုပ်ကြီး ငါးထုပ်စာလောက် ထွက်လာသည်။ ဒေါ်လာ တစ်သန်းခန့် တန်သည်ဟု ရဲတွေက ပြောသည်။ ခိုးလိုက် လာသူ သည် မူးယစ်ဆေးဝါး သယ်ယူလာကြောင်း အသိသက်သေအဖြစ် ကပ္ပတိန်နှင့် သင်္ဘောသားတွေက လက်မှတ် ထိုးပေးရသည်။
" ဆရာ သိပ်ကံကောင်းတယ် "
ကုန်းပတ်ပထမအရာရှိက ကပ္ပတိန်ကို ပြောသည်။ ဒီကောင်ကြီးကိုသာ ရေကူးသွားခွင့်ပြုလိုက်ပါက မူးယစ်ဆေးဝါး သယ်ယူ တင်သွင်းရာမှာ ကပ္ပတိန် ပါသွားနိုင်သည်။ ထောင်အနှစ် ၂၀ ကတော့ အနည်းဆုံး ဖြစ် မည်။

ဆက်ရန်
.

1 comment:
အမကျေးဇူးးး
မြန်မာကျပ်စေ့အစကလဲ တရုပ်တွေက စခဲ့တာတဲ့..နောက်ကျရဲကသိပီးလိုက်တာ။
နောက်တခု ဖုန်းကဒ်တွေ အတုလဲ တရုပ်တွေကလုပ်တာ မြန်မာတွေကကိုင်ပီး ဖမ်းခံထိသတဲ့...
ညီမ မန
Post a Comment