Tuesday, October 16, 2012

ဆွန်အဲလူ ၏ အသံဖိုင်မှာ ဆေးမင်ကြောင်ရှိမရှိ သံဝေဂမှာနေထွက်နေ၀င်ရှိမရှိ

အသံဖိုင်မှာ ဆေးမင်ကြောင်ရှိမရှိ သံဝေဂမှာနေထွက်နေ၀င်ရှိမရှိ


ဦးနှောက်တွင် မိုးအုံ့၏။ ယာယီစိတ်နေ၌ လုံးဝနောက်ကျုသည်။ ဘာကိုပဲ တွေးလိုက်၊ ကြည့်လိုက်၊ ထိလိုက်၊ သိလိုက် သည်ဖြစ်စေ အရာရာသည် အကျည်းတန်လျက်ရှိ၏။ ဖိအားဝင်တယ်၊ ပင်ပန်းရ တယ်၊ ခြေကုန်လက်ပန်း ကျရတယ် ဆိုတာ ဒါလား။ တစ်ရံတစ်ဆစ်လေးတောင်မှ မခံစားခဲ့ဖူးဘူးထင်ရတဲ့ ဆင်းရဲ ခြင်း ဆိုတာ ဒါလား။
သူ့ဘာသာ ဦးခေါင်းကို ခါထုတ်ပစ်လိုက်မိပြန်သည်။ သွားစမ်း။
အခုညဟာ လွတ်မြောက်မှုကို အပိုင်ဖမ်းဆုပ်ဖို့ သိပ်သေချာနေတဲ့ ညပဲဟု အပီအပြင် ပြဋ္ဌာန်း ပစ် လိုက်မိ ပြန် သည်။

ဘယ်လောက်တောင် ကြာခဲ့ပလဲ။ ကျွမ်းထိုးမှောက်ခုံ ငါးဖယ်ပျံလူးလှိမ့်နေရတယ်ဆိုတဲ့ ကင်ဆာဝေဒနာ။ သွားခါနီး အဆင့်မှာ အောင့်တာ၊ စူးတာ၊ ကျင်တာ၊ နာတာ၊ ကိုက်တာ အစရှိတဲ့ (ဖော်ပြနိုင်စွမ်းရဲ့ ဟိုဘက် ရောက်နေတဲ့) ခံစားမှု ဆိုးဆိုးဝါးဝါးတွေ (အမျိုးပေါင်းခုနစ်ရာကျော်)ကို အသေအလဲ ခံစားရတယ်ဆိုတဲ့ ကင်ဆာရောဂါ။
ဦးအောင်လွန်းချိန် ရဲ့ စိတ်ဝေဒနာက ကင်ဆာထက် အဆပေါင်းကုဋေကုဋာ ပိုလို့ဆိုးလွန်းလှတယ်ဆိုတာ ကိုယ်တိုင် ကလွဲရင် ဘယ်သူသိမှာတုန်း။
ညသည် မှောင်၏ တိတ်ဆိတ်၏။ ငြိမ်သက်၏။ သိပ်သည်း၏။ လျှို့ဝှက်၏။ လေးနက်၏။ ထိုဟာတွေသည် လူတို့က "ည" အပေါ် သာမန်ကာလျှံကာ သုံးသပ်မိသမျှ ကောက်ချက်ဆွဲထားသော အနက်အဓိပ္ပာယ်အချို့ အနက် က တစ်စိတ်တစ်ပိုင်းမျှသာဖြစ်သည်။

ဦးအောင်လွန်းချိန် ၏ အသက်က ၆၃ နှစ်ရှိပြီဖြစ်သည်။ သူ့ကိုယ်သူ ချားလ်(စ်)မင်းသားနှင့် လည်းကောင်း၊ အင်္ဂလန် နည်းပြဟောင်း၊ အဲရစ်ဆင်နျင့်လည်းကောင်း ရွယ်တူဟု ပြောလေ့ရှိသော ထိုပုဂ္ဂိုလ်အတွက်မူ ည သည် စောစောက ပြောခဲ့သမျှ မကချေ။
အကြမ်းဖျဉ်း သဘော ပြောကြည့်ရလျှင် သူ့အတွက် ညသည် အမင်္ဂလာသက်သက်သာဖြစ်လို့နေ၏။ ည သည် အထီးကျန်မှု အား နက်ရှိုင်းစေ၏။ နောင်တ၏ လှိုင်းဂယက်များကို အရှိထက်ပို၍ ကျယ်ပြန့်စေ၏။ သိမ်ငယ်ပြီး သား စေတသိက်ကို ပိုမိုကျုံ့ဝင်စေ၏။ ထို့ထက် ပီပြင်အောင်ဆိုရလျှင် ညသည်သူ့ထံမှ "အိပ် ပျော်ခြင်း" မှန်သမျှ ကို ထာဝရ သိမ်းပိုက်ထားခဲ့သည်မှာ မမှတ်မိလောက်အောင် ကြာခဲ့ပြီပဲ။

စင်စစ် ညအဖို့ သူ့စည်းပတ်လမ်းနှင့် သူ၊ သူ့သဘောသဘာဝနှင့်သူ၊ ရိုးရိုးသားသား မောင်းနှင်နေတာဖြစ် သည့်တိုင် ဆောက်တည်ရာမဲ့ လျက်ရှိသော လိပ်ပြာ အကျဉ်းသားတစ်ဦးအဖို့မူ မရဏယန္တရား တစ်စင်း သဖွယ် သာဖြစ်တော့ပြီ။
သူ့အဖို့ ခုလို ညမျိုး ကို အချိန်အကြာကြီးယူကာ အသည်းအသန်စောင့်ဆိုင်းခဲ့ရသည်ဖြစ်၏။
ကံကောင်း ချင်တော့ " တိုင်းရက်တဲ့ ပက္ကလာ၊ မိုးရွာတာနှင့် အခန့်သင့် " ဆိုတာ မျိုးဖြစ်သည်။
ဇွန်လလယ် ၏ မုတ်သုန်မိုး၊ လဆုတ်ပက္ခ၏ အလင်းအာျးို့တဲ့မှု၊ ထို့ပြကင် မိုးသက်မုန်တိုင်း (အငယ်စား) ကြောင့် လျှပ်စစ်ပင်မ ဓာတ်အားလိုင်းကလည်း ယာယီပြတ်တောက်လို့ နေသေးတော့သည်။
ကြည့်စမ်း။ ည ၁၂ နာရီ ၄၅ မိနစ် မှောင်ထားစမ်း။ အားရပါးရ မှောင်လိုက်စမ်း။

ည၀တ်စုံ အနွမ်းလေး ကလွဲပြီး ဖိနပ် ပါးလေးတောင်မှ စီးမထားသော သူ့ခန္ဓာကိုယ်အား ပြင်ပလေအေးနှင့် မိုးရေစက် အချို့က ဆီးကြိုပွေ့ဖက်လိုက်သည်။
ဝင်းတံခါး ကနေ အသာလျှိုပြီး လမ်းမပေါ် သူထွက်လာခဲ့ပြီးပြီ။ လုံးဝ ယတိပြတ် စိတ်တွန်းအားကြောင့် ရည်းစားဦးနှင့် ပထမဆုံးအကြိမ် ချိန်းတွေ့ဖို့ တက်ဝကနေသော ဆယ်ကျော်သက် လူပျိုနုထွက်လေးရဲ့ ရင်ခုန်မှု မျိုး ခံစားနေရ သလားပင် မသိနိုင်။
ပြီးတော့မည်။ အဆုံးသတ်တော့မည်။
မကြာခင် မိနစ်ပိုင်းအတွင်း အခံရအဆိုးဆုံး ၀ဋ်ကြွေးကြမ္မာ၏ သားကောင်ဘ၀ကနေ အောင်လွန်းချိန် လွတ်တော့ မဟေ့။ လာပြီကွနော်။

စင်စစ် သူ့ အိမ်ရှိရာ လူမလိုင်ရပ်ကွက်က လမ်းမကြီးနှင့် နည်းနည်း လှမ်းနေသေးသည့်အတွက် ငါးမိနစ် လောက် ထပ်ဖြုန်း ပစ်ရဦးတော့မည်။ စိတ်ရေ နည်းနည်းရှည်ထားလိုက်ပါဦး။
လမ်းသွယ် တစ်လျှောက် နန်းတော်လို ရဲတိုက်လို အိမ်ကြီးတွေချည့်ဖြစ်သည်။ ၀င်းခြံတံတိုင်းအမြင့်စားကြီး တွေ၊ သံတံခါး ခံ့ခံ့ လှလှကြီးတွေ။ ဒါသည် သူတို့ ရွှေမှုန်စားဓနရှင် ရပ်ကွက်ရဲ့ အဓိကရ အမှတ်အသားပင် ဖြစ်သည်။ သူ့အိမ်ဆိုလျှင် မြေတိုက်ခန်း အပါအ၀င် သုံးထပ်တောင်ရှိသည်။ တင်းနစ်ကုတ်၊ ရေကူးကန်၊ အို ... ဘာတွေ လျှောက်တွေးနေ မိပြန်တာတုန်း၊ အမျှင် မတန်းစမ်းနဲ့။
သူ ရှေ့ကို အလောတကြီး ဆက်လှမ်းလိုက်ပြန်သည်။ ခြေလှမ်းကျဲကျဲနှင့် သွက်သွက်။
ဟော ... လမ်းမကြီးပေါ်ရောက်ပြီ။ လမ်းမီးရော၊ အခြားမီးတွေပါ ပျက်လို့နေသည်။ ခုဆို လမ်းရယ်၊ ညရယ်၊ အမှောင်ရယ်။ ပြီးတော့ အဲသည်အနေအထားကို အမိအရ အမဲလိုက်နေတဲ့ အောင်လွန်းချိန်ဆိုသော အခွင့် အရေး မုဆိုး ရယ်။



တချို့က အခုလို ဘုံခုနစ်ဆင့်ဘ၀မျိုး ရောက်ချိန်မှာ မိမိကိုယ်ကို နှိမ့်ချသယောင်ယောင် (နိဝါတ ၀ါဒသမား ကဲ့သို့) ငယ်နုစဉ် က အဆုံးမဲ့ ဆင်းရဲခဲ့ဖူးသေးကြောင်း၊ ဇာတ်ကြောင်းလှန်လေ့ရှိတတ်ကြသည်။ စင်စစ်မူ ကျုပ် က ဘာအခြေခံမှ မရှိပေမယ့် ကိုယ်ပိုင် အရည်အသွေး၊ ဥာဏ်စွမ်း၊ လူစနဲ့ သုည ဘ၀ကနေ ခုလို အဆင့်မျိုးရောက်အောင် တက်လှမ်းနိုင်ခြ့တာဗျဟူ၍ အသားလွတ် ကိုယ်ရည်သွေးချင်သည့် လူ့အဆံ ချောင်တို့၏ အူမစီခြင်း၊ မရင့်ကျက်ခြင်း အူမှတ်လက္ခဏာသာ မဟုတ်သလော။
ထို လူသွမ်း တို့ရဲ့ မကိုးမကား လုပ်ရပ်မျိုး အောင်လွန်းချိန်တို့ ဘယ်တော့မှ မလုပ်။ ဖြစ်နိုင်လျှင် ရွှေဇွန်း ကိုက်ပြီး မွေးဖွား လာသူ တစ်ဦးအသွင်ပင် အထင်ရောက်စေ့ချင်သေးသူဖြစ်သည်။
စင်စစ် သူ့မူလဘ၀ကဖြင့် လုံးဝ အောက်ခြေဆုံးအလွှာ၏ နင်းပြားလူတန်းစားသာဖြစ်သည်ကို သူ့မိန်းမသို့ပင် အသိမပေးတမ်း လျှို့ဝှက်ခဲ့သူဖြစ်သည်။

မည်မျှပင် ဆင်းရဲပန်းတောင်းဖြစ်ခဲ့သည်ဆိုစေ အသက် ၄၂ နှစ်ကျော်ကျော် တွင်တော့ အောင်လွန်းချိန် တစ် ယောက် ၀ိုင်းကြီးကောင်းမှာ (Jackpot) အလယ်ပုံ ကျုံးမိသလိုမျိုး မတော်တဆ မဟုတ်သည့် တမင် ဆင်ထားသော ခလုတ်ကို မိမိရရကြီးနင်းကာ ...။ ဤသို့ဖြင့် နေ့ချင်းညချင်း ပလက်ဖောင်းတစ်ပြေးညီ အနေအထား မှသည် ဘီလ်ဂိတ်အနွယ်တော်ဝင် အတန်းထိ ဘ၀ပြောင်းခဲ့သည်ဆိုလျှင် (ယုတ္တိဗေဒချိန်ခွင် ကို ပစ်ချပြီး) မျက်စိမှိတ်ယုံလိုက်ပါ။
ပကတိ အဖြစ်အနေ ကား လမ်းဘေးပုံစားထမင်းဆိုင် အဆင့်မှသည် ဟင်းအမယ် ဒါဇင်ချီသော ကြယ်ငါးပွင့် ဟိုတယ် စားပွဲကနေ စားပြီးတာနဲ့ သွားကြားထိုးတံကိုက်ပြီး ကိုယ်နှင့်မဆိုင်သလို ထထွက်လာနိုင်ခဲ့သော အခြေအနေသို့ အဟုတ်တကယ် ရောက်ရှိခဲ့သည်ကား ဧကန်ဧက (လုံးဝအမှန်တရား) ဖြစ်နေသောကြောင့် ပင်။

သူ့ဘ၀ အဘိဓာန်တွင် ကာယဒုစရိုက်တို့မှရှက်ခြင်း၊ ကြောက်ခြင်း (ဟီရိသြတ္တပ) ဟူသော ဝေါဟာရ ကို မေ့ဖျောက်၏။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာမည်သော ဗြဟ္မစိုရ်တရားလေးပါးအားလည်း ကျောခိုင်း၍ ထားလိုက်၏။ ထို့ပြင် မြင့်မြတ်သူတိုင်း မဖြစ်မနေ အလေးထားရမည့် လူချင်းစာတရားကိုပင် လျှင် လျစ်လျူရှု ထားခဲ့သေးလေသည်။
ထို၏ တစ်ဖက်တွင်ကား လောဘနှင့် တဏှာ၊ ဒေါသနှင့် မာန၊ အလိမ်ဥာဏ်မာယာနှင့် မရှိသောဂုဏ်ကို ရှိဟန်ဆောင်ခြင်း (သာဌေယျ)၊ ရက်စက်ခြင်းနှင့် ယုတ်မာမှု စသည်တို့၏အဆုံး၌ တိရစ္ဆာန်ယောက်ျား (တိစ္တာန ပုရိသ) အကျင့်ဆိုးများကိုမူ ဦးထိပ်ရွက်လေရကား၊ အကုသိုလ် အကျိုးပေးသန်သောအခိုက်မို့ ရုပ်ဒြပ်စည်းစိမ် ကြွယ်ဝသော မဟာသူဌေးမင်းဘ၀အား လုံးဝသိမ်းပိုက်နိုင်ခဲ့တော့သည် ဖြစ်လေ၏။

ရုရှားသား အီဗရာဟီမိုဗစ်တို့လိုမျိုး (ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့) လူရာဝင်သူရာဝင် ဘဏ်စာရင်း၊ ဇိမ်ခံစက်လှေတွေ၊ ကုမ္ပဏီရှယ်ယာ၊ ခန့်မှန်းရမလွယ်သော အက်ဆက်ပိုင်ခွင့်များနှင့် အရာရောက်မှု အတိုင်းအတာ ဂရပ်မျဉ်းကား ဘယ်တေ့မှ မရပ်တော့မည့် ဒီဇိုင်းမျိုးနှင့် ထိုးတက်နေခဲ့တော့သည်။
နောက်ဆုံး စီးပွားရှိန်စော် အောင်မြင်မှုအပေါ် ငြီးတောက်လာရသည့် အသွင်အပြင်ထိ ရတနာပုံရဲ့ ရတနာပုံ ဆိုက်ခဲ့ပြီး ...။



ကျိတ်ခံနေရသော တစ်ကိုယ်တော် စိတ်ဝေဒနာကား ခြုံခိုတိုက်ခိုက်သူ သို့မဟုတ် အသေခံဗုံးခွဲသမားနှင့် တူသည် ဟုပြောချင်၏။
သူ တံခွန် ထူနေစဉ် ဘ၀တုန်းကဖြင့် အစစအရာရာ ဖြောင့်ဖြူးလိုက်သမှ မတော်တဆ ခလုတ်တိုက်တယ်ဆို တာမျိုး ပင် မကြုံခဲ့ရပေ။ သို့တိုင်အောင် နောက်ပိုင်း၏ နောက်ပိုင်းရောက်လာတော့ ကာလပယောဂ ၏ စေ့ဆော်မှုအား ငြင်းဆန်၍မရနိုင်သော အခြေအနေအရပ်ရပ်ကြောင့် ပြဿနာတို့ အစလန်ရလေတော့ သည်။
ရိုးရိုးလေးဖြစ်စဉ်အတိုင်း ဦးအောင်လွန်းချိန်တစ်ယောက် အချိန်တန်သည်ဖြစ်စေ။ မဖြစ်စေ "ခွင် "သို့မဟုတ် "လုပ်ငန်းစဉ် " တစ်ရပ်၏ ပြင်ပသို့ လွင့်စဉ်ထွက်ခဲ့ရ၏။
ထိုသည်အခြားမဲ့၌သူဆောက်တည်ရာမရဖြစ်သည်။ သွေးရူးသွေးတမ်းရောဂါမျိုးစွဲကပ်သေးသည်။

ထေရ၀ါဒနှင့် ဖီလာကျသော ဘိုးတော်၊ ယတြာ၊ ၀ိဇ္ဇာ၊ ဂမ္ဘီရ။ ထို့ပြင် တခြားယောင်ယောင် ဆရာတွေ ၏ ခြေသလုံးတကာကို ဖက်တွယ်ဦးခိုက် အညာအချူခံခဲ့သေး၏။ သို့တိုင် ရေလိုက်လွဲမှုအလျောက် ရပြီးသား ကို ပြန်ရဖို့ ကား ဘယ်သူမှ ဖန်တီးမပေးတော့နိုင်။
နောက်တော့ မျက်စိလည်ပြီး ဂိတ်ဆုံးမှာ ဗုဒ္ဓ၀ါဒထံ သူအယောင်ပြ ခိုလှုံဖြစ်လာသည်။ သည်တွင် သူနှင့် ရွယ်တူတန်းတူတွေ ၏ ယေဘုယျယဉ်ကျေးမှုအား စေ့ငုဖြစ်ပြန်၏။
၎င်းတို့ကား စိတ်ပါသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ ယုံယုံ မယုံယုံ လူကြားကောင်း၊ လူမြင်ကောင်းအောင် ဘုရား သွားကျောင်းတက်ပြကြ၏။ ဓမ္မာရုံဘက် ခြေဦးလှည့်၏ လှူရေး၊ တန်းရေး၊ တရားပွဲအရေးရှင်ပြရဟန်း ခံ၊ ကျောင်း၊ သိမ်၊ တန်ဆောင်းနှင့် ရေတွင်းရေကန် တူးဖော်ရေး စသည် စသည်အမှုများတွင် သတင်းစာနှင့် ရုပ်မြင်မီဒီယာ သို့တိုင် ထဲထဲဝင်ဝင် လုပ်ပြနေကြသည် မဟုတ်သလော။

ဦးအောင်လွန်းချိန် ၏ အသိုင်းအ၀ိုင်း မိတ်ဆွေသင်္ဂဟမှအစ သားပေးသမီးယူ ဂုဏ်တုဂုဏ်ပြိုင် ခမည်းခမက် တွေအထိ ဘာသာရေး အခမ်းအနားတွေမှာ ခေါင်းပေါင်းစတထောင်ထောင် စလွယ်တသိုင်းသိုင်း လုပ်နေမှ တော့ သူလည်း ဟန်ပြသူတော်စပ်ယိမ်းထဲ ၀င်နွှဲရတော့သည်သာ။ ထိုအခါ ဘာဖြစ်သနည်း။ တရားနာရ၏။ ဘုရားစာ၊ တရားစာ ဖတ်ရ၏။ အဘိဓမ္မာသင်တန်းတွေ ဘာတွေ တက်ယောင် တတ်ယောင် ပြုရ၏။ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်စသည်တို့ကို ပကာသနအလို့ငှာပင်ဖြစ်စေ ရွတ်ဖတ် ကျက်မှတ် ပြောဆိုရပြန်၏။ ဆွေးနွေးရ၏။ မေးမြန်း၏။ ဓမ္မသာဝန၊ ဓမ္မသာကစ္ဆာဆိုလား ဘာလား။
ယင်းကြောင့် ဦးအောင်လွန်းချိန်တစ်ယောင် "သဒ္ဓါ" ဟူသော အမြုတေ စကားလုံးနှင့် နွှယ်၍ "ကံ"နှင့် "ကံ ၏အကျိုးတရား" တို့အကြောင်း စိုးစဉ်းမျှ စူးစမ်းမိခြင်းသည်ပင်လျှင် ...။



ကောင်းမှု မကောင်းမှု၏ အကျိုးဆက်ဟူသမျှသည် ပြုသူ၏နောက်သို့ သံသရာ မဆုံးမချင်း တောက်လျှောက် လိုက်ရိုး ထုံးစံရှိသည်ဆိုပါကလား။ သူ့ကြွေးရှိရင် ဆပ်ရမယ်ဆိုသောသဘော။
မဝေးကွာလှသေးသော အတိတ်သည် ပို့ဆောင်ရေးကုမ္ပဏီ DHL လိုမျိုး ၀န်ဆောင်ခပေးစရာမလိုဘဲ "နောင်တ" ပါဆယ်ထုပ်များ ကို ဦးအောင်လွန်းချိန်ထံ ဆိုက်ဆိုက် မြိုက်မြိုက်ကြီး ယူဆောင်လာခဲ့ပါပကော။
ထိုင်နေရင်း မှာပင် နှလုံးခုန်မြန်လာ၏။ တစ်မိနစ်အကြိမ်ရှစ်ဆယ်ကနေ ကိုးဆယ်တစ်ရာ မက။ ချွေးစေးတွေ ပေါက်ပေါက်ကျလာ၏။ အလိုလို ရေငတ်ကာ ကယောင်ချောက်ချား အသွင်မျိုးဆောင် လာသည်။
ရေခဲရေတစ်ခွက်၊ မရသေးဘူး။ သံပုရာရည် လက်ဖျော် ချဉ်စူးစူးပေါက်ပေါက်။ ဒါလည်း မတိုး။ အို ... ရှုပ်ပါတယ်။ မနက်က ခံထား တဲ့ ငါးပါးသီလ ခဏဘေးချိတ်ပြီး ၀ီစကီပုလင်းဆီ လက်ရောက်၏။ သို့တိုင် မရ။

သွေးမူးတာက သတ်သတ်၊ ကြောက်တာက သတ်သတ်၊ တစ်ကန့်စီ တခြားစီဖြစ်လို့နေသည်။
လက်တွေမှာ (ယခုလောလောဆယ် ဘာမှ စွန်းပေမနေဘဲလျက်) စေးကပ်သယောင် ဖြစ်ထင်မှား၏။ ဒါဘာတွေလဲ။ ဆုပ်ချည် ဖြန့်ချည် ကိုယ်ပိုင်လက်ချောင်းများကို ပြန်ကြည့်ရင်း ဇဝေဇ၀ါ သံသယ၀င်လာပြန် သည်။
မျက်ရည် ၏အသံကိုကြား၏။ ငိုကြွေးခြင်း၏အရောင်ကို မြင်၏။ နာကျည်းမှုမှ ထုတ်လွှတ်သော တုန်ရိုက်မှုက ထင်ဟပ်၏။ တက်ခေါက်သံများ ၏ ဂယက်က ပွက်လောထလို့ နေပြန်သည်။ တစ်ပြိုင်နက်တည်း၌ သစ္စာသည် မားမားရပ်၏။
ယင်းအခိုက် ကိုယ်စောင့်နတ်၏ စိတ်မလုံခြုံမှု အခြေအနေကြောင့် အပြစ်သား ၀ိညာဉ်က ပိုင်စိုးပိုင်နင်းကြီး ၀င်ရောက် ပူးကပ်လာသောအခါ သူ့တွင် နင်းစရာ မြေကြီးမရှိတော့ချေ။
နံရံကပ်နာရီ ၏ ဂျောက်ဂျောက်မြည်သံသည် ရင်ဘတ်အားထုရိုက်၏။ စက္ကန့်တံလေးသည် ရှေ့မတိုးတော့ ဘူးဟု သူထင်လာသည်။

သူ့အတွက် မိုးမြန်မြန်လင်းမှ ဖြစ်တော့မည်။ အလင်းရောင်အောက်တွင်ဆိုလျှင် အခြားသူတွေနှင့် အတူ ရောနှောပြီး စိတ်ပြေလက်ပျောက် နေခွင့်ရဦးမည်။ အထီးကျန်သွေးပျက်မှုမှ ယာယီထွက်ပြေးခွင့် ရလျှင်ပင် ဖြေသာမည်။
ဖြစ်နိုင်လျှင် ညဟူ၍ လုံးဝမရှိသော ကမ္ဘာတစ်ခု ၀ယ်ပစ်လိုက်ချင်သည်။ (သူ့မှာ ပိုက်ဆံရှိသည်။) ပြီးတော့ အဲဒီကမ္ဘာမှာ (စည်းစိမ်ပြုတ်ချင် ပြုတ်ပလေ့စေ) "အပျော်"တွေ ထပ်ဝယ်ပစ်ဦးမည်။ (ဒါက သူ့အတွေး)။
သို့တိုင် တကယ့် ပကတိသွင်ပြင်မှာက သဘာဝတရားအား ငွေနှင့်ပြုပြင်စီရင်လို့ မရသည်ကိုလည်းကောင်း၊ နိယာမဖြစ်စဉ် အား တန်ခိုးအာဏာဖြင့် သွေဖည်အောင် လုပ်လို့မရသည်ကိုလည်းကောင်း၊ ၀ဋ်ကြွေးကြမ္မာ အား လာဘ်သပ်ပကာနှင့် ဖြားယောင်း၍မဖြစ်နိုင်သည်ကိုလည်းကောင်း၊ ဗုဒ္ဓစာပေများတွင် လေ့လာသိရှိပြီး ဖြစ်လျက် ဦးအောင်လွန်းချိန် (တလွဲ)စိတ်ကူးယဉ်နေမိခြင်းသာဖြစ်သည်။



အေးလွန်း၍ပူ၏။ ပူလွန်း၍ အေး၏။ အလွန်ပြင်းထန်စွသောနှင့် သေစေတတ်သော အဆိပ်နှစ်မျိုးပေါင်းသော် (ရောဂါပင် လျှင် ပျောက်စေသော)မသေသော ဆေးဝါးအဖြစ်သို့ အသွင်ပြောင်း၏။
ပထမပိုင်း တွင် အကြောက်တရားသည် အန်နာကွန်ဒါ (Anaconda) မြွေကြီးကဲ့သို့ သူ့အတ္တမနောအား ဆုပ်ညှစ်လိမ်ကျစ်၏။ အခံရခက်စွာ၊ နာကျင်စွာ၊ ၀မ်းပန်းတနည်း သူငိုကြွေးဟစ်အော်၏။ မိမိကျူးလွန်ထား သည်များနှင့် ဆတူပြန်လည် ခံစားပေးဆပ်ရမည်ဟု အထိတ်တလန့် သိလိုက်သောအခါ အကြီးအကျယ် သည်းခြေပျက်မျှ ယူကျုံးမရဖြစ်၏။ အပြစ်မှ ကိုယ့်ကိုယ်ကိုယ် ပြန်ဆည်ရန် သွေးရူးသွေးတန်းကြိုးစား၏။
ဖြစ်ခါစ၌ ဘယ်လိုအိပ်ဆေးမှ မတိုးတော့သည်ကို ကိုယ့်ဘာသာသိအပြီးတွင် ည၀တ်အင်္ကျီ ဖိုးရိုးဖားရားဖြင့် လမ်းမများပေါ် ဦးတည်ရာမဲ့ လျှောက်သွားနေမိ၏။

တစ်ညက နှစ်ည၊ နှစ်ညက သုံးလေးငါးညရှိသော် ထိုလမ်းမများပေါ်မှာ မိမိလိုအသွင်တူ ဝေဒနာရှင်တွေကို သတိပြုလာ ခဲ့မိတော့သည်။
တချို့ ည၀တ်အင်္ကျီနှင့် တချို့စုံထောက်လို လောင်းကုတ်ကြီးနှင့်၊ တချို့ဖိနပ်ပါ၏။ တချို့ဖိနပ်ဗလာ။ အားလုံး တူတာ တစ်ခု ကတော့ ခံစားချက်မဲ့၊ တူရူမဲ့ အလောင်းကောင်တွေ လမ်းလျှောက်သလို တစ်ည လုံး ကြောင်လည်ကြောင်ပတ် လျှောက် သွားနေကြခြင်းပင်ဖြစ်သည်။
ထိုအထဲ မှာ မျက်နှာသိပါ၏။ သူစိမ်းပါ၏။ ခပ်ရွယ်ရွယ်ပါ၏။ သက်ကြီးပိုင်းပါ၏။
ဤတွင် ဦးအောင်လွန်းချိန် ဂရုထားရတော့သည်။ စိမ်းသူက အကြောင်းမဟုတ်သည့်တိုင် သိကျွမ်းဟောင်းက အာလာပ သလ္လာပ လာလုပ်နေခဲ့သော် ပုတ်သင်ဥနှင့် ညောင်မြစ်တို့၏ လုံခြုံရေးကို ငဲ့ရ ဦးမည်မဟုတ်သလော။

ထို့ကြောင့် ညပိုင်းလမ်းထွက်ပုံကို သေနင်္ဂဗျူဟာ ပြောင်းရ၏။ တစ်ညလျှင် လမ်းကြောင်းတစ်ကြောင်း လွှဲ ရ၏။ အချိန်ကိုလည်း မထပ်အောင် သတိထားရ၏။
တစ်ပြိုင်နက်တည်းမှာပင် ရွက်ပုန်းသီး စိတ်ရောဂါကုသမားတော်တွေထံ ပုန်းလျှိုးကွယ်လျှိုး သွားရောက်ပြီး မိမိဝေဒနာအတွက် ဆွေးနွေးကာ ၎င်းတို့ညွှတ်သည့်အတိုင်း ဆးဝါးဓာတ်စာနှင့် အနေသနကို ပြုပြင်ယူရ၏။ ဗုဒ္ဓဘာသာဝင် စိတ်ကုများက "၀ိပဿနာ" ကို လမ်းညွှတ်၏။ သို့သော် ...
မည်းလွန်းတော့ဖြူ ထူလွန်းတော့ ပါးဆိုသည့်နှယ် နောက်ဆုံးအန္တိမတွင် ကြောက်လွန်းလှသောကြောင့် ထူပူ ထုံကျင်ပြီး အကြောက်တွေ "ဆုံး" သွား၏။
အောင်လွန်းချိန် "ရဲ"ပြီ။
" တိုင်းရက် တဲ့ ပက္ကလာ၊ မိုးရွာတာနှင့် အခန့်သင့် "ဆိုတာမျိုးဖြစ်သည်။ ည။ မီးပျက်တဲ့ည။ မိုးကရွာ၊ လေကဖြူး၊ လူကပြတ်။ ပြီးတော့ အချိန်က အကာလ၊ ညသန်းခေါင်ကျော်။
သူ နက်မှောင်ပြောင်ချောသော ရှစ်လမ်းသွား ကတ္တရာလမ်းမကြီးပေါ် အချိန်ကိုက်ရောက်လာပြီ။

ဘေးဘယ်ညာကို မျှော်၏။ သူမျှော်တဲ့ အတိုင်း တောင့်တနေသည့် အခြင်းအရာ တစ်ရပ်ပေါက်ပွားလာဖို့ပဲ လိုတော့ သည်။
ညဉ့်နက်နက်မှာ ဆယ့်နှစ်ဘီး တပ် မှောင်ခိုသစ်ကားကြီးတွေ သည်လမ်းမှာ လွန်းထိုးနေကျဖြစ်သည်။
စပေါ့လိုက် လိုက် ရှေ့မီးစူးစူးနဲ့ အဲသည့် ဖူဆိုကားကြီးတွေက သာ အောင်လွန်းချိန်စ၏ ပါရမီ ကို ဖြည့်ဆည်းပေးမည့် မာတလိ ဝိသကြုံ မဟုတ်သလော။
အဖန်ငါးရာ ငါးကမ္ဘာတွေ နားလိုက်စမ်းပါ။
ခန့်မှန်းခြေ နာရီဝက် မရှိတရှိ အောင့်အည်းသည်းခံလိုက်ပြီးနောက် မျှော်နေသည့် အတိုင်းမီူးရောင်စူးစူး လင်းလင်း တစ်ခု အရှေ့ဘက်ဆီမှ ပေါ်လာသည်။ ဝမ်းသာလွန်းလို့ ကြက်သီးမွေးကညင်းပင် ဖြန်းခနဲ ထသွား ၏။ နေပေ့စေဦး၊
ကိုငါးရာ ကိုက်လေးရာ ကိုက်သုံးရာ အောင့်ထားဦး ၊ လူလုံးမပြနဲ့ဦး၊ လုံးဝ လုံးဝ ဆာပရိုက်စ် ၊ လျှပ်တစ်ပြက် တကယ့်လျှပ်တစ်ပြက်။
သူ လမ်းဘေူးညောင်ပင်ခြေမှာ အားယူ တွယ်ကပ်ပြီးခြေနျစ်ချောင်း အားယူလျှက် သားပြင်ကာ မျက်လုံးတွေကို ဆန့်ထုတ်ထား ၏၊ အသက်က ထူးအောင့်စရာမလို။
သည်လိုနဲက ကိုက်နျစ်ရာ ကိုက်စစ်ရာ သူ့ရင်တွေ ပိုခုန်လာ။
ဒိုင်း
တကယ့် ဒင်နီယယ်ကရိတ်ရဲ့ အက်ရှင်ကားထဲက အတိုင်း ဖြစ်သည်။ သူ ဘာမှ မဘာလိုက်ရသေးခင် ကားကြီးက ရှေ့ဘီးတစ်လုံး ကွဲထွက်ပြီး လမ်းဘေး ကုန်းဇောင်း အတိုင်း ကသောင်းကနင်း ထိုးဆင်းသွား၏၊ နှစ်ပတ်မက လိမ့်၏၊ သစ်လုံးတွေ မီးခြစ်ဆံဘူး သွန်ချသလို ဖွာလန်ကြဲ ကုန်တာကို လျှပ်စီးအလက် မှာ မြင်လိုက်ရသည်။
ခဏရှိတော့ အငြိမ်၊
ညသည် စောစောတုန်းက ဘာမှ မဖြစ်ခဲ့သလိုမျိုး သြကာသလောက အား ငယ်နိုင် သဘောထား လျက် အေးစက်တိတ်ဆိတ်မှု့အောက် တွင် မြှုတ်နှံထားရစ်ခဲ့ပြီးနောက်။

ဆွန်အဲလူ
၂၀၁၂ မဟေသီ မဂ္ဂဇင်း အောက်တိုဘာ
.

No comments: