Sunday, October 14, 2012

အဏ္ဏဝါစိုးမိုး ၏ သင်္ဘောသားလောက မှုခင်းများ, အပိုင်း (၁၂)

ချစ်သူတောင်းတာကို မပေးလို့ အထိုးအကြိတ်ခံရသည့်သင်္ဘောသား

    တောင်အမေရိကတိုက်ရှိ ဗင်နီဇွဲလားနိုင်ငံ ပိုတိုကာပဲလိုးမြို့ ဆိပ်ကမ်းမှာ သင်္ဘောကြီး ကုန်ချနေစဉ် က ဖြစ်သည်။ သင်္ဘောပေါ်ကို ရဲတွေရောက်လာပြီး ဆေးရုံက ကုတင်ပေါ်မှာ တင်ပြီး ကုသထားရသည့် လူတစ်ယောက် ၏ ဓာတ်ပုံကို ပြသည်။ ဓာတ်ပုံရှင်ကို သိပါသ လားဟုမေးသည်။
    "ဒီလူဟာ ခင်ဗျားတို့ သင်္ဘောကလား"
    "ဟာ... ဒါဟာ ဒီသင်္ဘောက သင်္ဘောသားပဲ ဘာဖြစ်တာလဲ ဘာဖြစ်တာလဲဆိုတာ မသိရသေးဘူး၊ လမ်းပေါ် မှာ သတိလစ်ပြီး လဲကျနေလို့ ဆေးရုံကိုတင်ထားတယ်။ သတိရ လာမှ မေးကြည့်ရတော့မှာပဲ၊ မျက်နှာမှာ ဖူးယောင် တဲ့ ဒဏ်ရာတွေတွေ့ရတယ်။

    ဒီသင်္ဘောသားသည် မနေ့ညနေက အလုပ်သိမ်းပြီးချိန်မှာ နေ့စဉ်သူသွားနေကြ နိုက်ကလပ်ကိုသွားသည်။ ထုံးစံ အတိုင်း သူ့ကောင်မလေးနှင့် အတူတွဲပြီး သောက်သည်။ တွဲကသည် နိုက်ကလပ်ပိတ်ချိန်မှာ သူ့ကောင်မလေးနေသည့် အခန်းကို လိုက်သွားပြီး အတူအိပ်သည်။ ဒါကနေ့စဉ် သူလုပ်နေကျ အတိုင်း သာဖြစ်သည်။ ဘာမှ မထူးဆန်းပါ။
    ထူးဆန်းတာက ဒီနေ့နံနက်၇ နာရီမထိုးမီ သင်္ဘောကို ပြန်ရောက်လာရမည့်အစား ရောက်မလာတာက ထူးဆန်းနေ သည်။ မနေ့က သောက်တာများသွားလို့ သူ့ကောင်မလေး၏ အခန်းမှာ အိပ်ပျော်နေသည် လို့ပဲထင်နေခဲ့ကြသည်။ အခုတော့ ဆေးရုံပေါ်ကို ဒဏ်ရာတွေဖြင့် ရောက်နေသည်။ ဘာဖြစ်တာပါလိမ့် ဟု တွေးကြရတော့သည်။
    အရာရှိတစ်ယောက်ဆေးရုံကို လိုက်ခဲ့ပါ။ သင်္ဘောက အရာရှိနှင့် သင်္ဘောသားနှစ် ယောက်တို့ ရဲတွေနှင့် အတူ ဆေးရုံကိုလိုက်သွားကြသည်။ ဆေးရုံကိုလိုက်သွားတော့ လူနာသတိရနေသည်။ ဆေးရုံမှာ ဆက်နေလို ကနေနိုင်သည်။ သင်္ဘောကို ပြန်လိုက ပြန်လိုက်သွားလို့ရသည်ဟု ဆရာဝန်ကပြောသည်။

    ဒီနေ့ညနေမှာ ကုန်ချပြီးလျှင် သင်္ဘောပြန်လည် ထွက်ခွာမည်ဖြစ်လို့ ဆေးရုံကဆင်း ခိုင်းပြီ်း ပြန်ခေါ် လာခဲ့သည်။ လူနာကလည်း သင်္ဘောကို ပြန်လိုက်မည်ဟုပြောသည်။ ဆေးရုံကုတင်ပေါ်က လူနာကို တွဲယူပြီး အငှားယာဉ်ဖြင့် သင်္ဘော ကို ပြန်လာခဲ့ကြသည်။
    ဘာဖြစ်တာလဲ ဝိုင်းရိုက်ပြီး ပစ္စည်းလုခံရတာ သူသည် နိုက်ကလပ်ကို မသွားမီ ကုန်တိုက်ကြီးတစ်ခုကို ဝင်ပြီးကြည့် သည်။ အလှကုန်ပစ္စည်းတွေ ဈေးပေါလို့ သိမ်းကြုံးဝယ် သည်။ အမေရိကန်ဒေါ်လာဖြင့် ဝယ်သည့် အတွက် ဈေးပေါသည်ဟု ထင်ရသော်လည်း ငွေလဲနှုန်းအရ သူတို့နိုင်ငံသူ နိုင်ငံသားတွေအဖို့တော့ အလွန်ဈေးကြီးသည့် ပစ္စည်းတွေဖြစ် နေသည်။ နှုတ်ခမ်းနီ၊ မိတ်ကပ်၊ ပေါင်ဒါ၊ ရေမွှေး၊ လက်သည်း ဆိုးဆေးတွေ ဝယ်သည်။ ဒေါ်လာ ၂၀ဖိုးလောက် ဝယ်တာပစ္စည်းအမျိုး၂၀လောက်ရသည်။ ဒေသခံ မိန်းကလေးတွေမသုံးနိုင် သည့် ပစ္စည်းတွေဖြစ်သည်။
    နိုက်ကလပ် ကိုရောက်သွားတော့ သူ့ကောင်မလေးက ဘာတွေဝယ်လာသလဲလို့ မေးသည်။ သူကလည်း ဝယ်ယူလာ သည့် ပစ္စည်းတွေပြသည်။

    ဟယ်အကောင်းစားတွေပါလား ဘယ်သူ့ကိုပေးမလို့လဲ ကိုယ့်ညီမတွေနဲ့ တူမတွေ လက်ဆောင်ပေးမလို့ပါ ကျွန်မ ကိုရော မပေးဘူးလား မပေးပါဘူး ကိုယ့်ဟာကိုယ် ဝယ်သုံးပေါ့ ဒီအဖြေ သည် ပြသာနာဖြစ်ဖို့ စတာ ဖြစ်သည်။ အိပ်ခန်းထဲရောက်မှ ချော့တောင်းမည်ဟု ရည်ရွယ်ပြီး မတောင်းတော့ပဲ နေလိုက်သည်။ မူမပျက် သောက်စား ကခုန်နေခဲ့သည်။
    ည ၂နာရီနိုက်ကလပ်ပိတ်ချိန်မှာ ကောင်မလေး၏ အခန်းကို အတူပြန်ကြသည်။ ကောင်မလေး၏ အခန်း ကိုရောက်တော့ ထုံးစံအတိုင်း အားပါးတရ ချစ်လိုက်ကြသေးသည်။ ချစ်ပြီးသောအခါ ကောင်မလေးက သင်္ဘောသား ဆီက သူလိုချင်သည့် အလှကုန်ပစ္စည်းလေး တွေ တောင်းပြန်သည်။

    မီးယာမိုး၊ ဒါလေးရယ်၊ ဒါလေးရယ်၊ ဒီဟာလေးရယ်ကို ကျွန်မကိုပေးပါ့လားလို့ မီယာမိုးဆိုတာ စပိန် စကားဖြစ် သည်။ အချစ်ရေလို့ ပြောတာဖြစ်သည် သင်္ဘောသား က ခေါင်းခါပြီး နိုး ဆောရီးပဲ လို့ပဲ ငြင်း လိုက်သည်။ ကောင်မလေးက ညသန်းခေါင်လောက်ကြီးမှာ တစ်နေရာကို ဖုန်းဆက်ပြီး စကားပြောနေသည်။ သူတို့ ဘာသာစကား (စပိန်)ဖြင့် ပြောနေလို့ ဘာတွေပြောမှန်း မသိ ဖြစ်နေ သည်။ပြောပြီးတော့ ကောင်မလေး လည်း အိပ်ယာဝင်သည်။
    နှိုးစက်ပေးထားသည့် နာရီက နှိုးလို့ နံနက် ၅နာရီမှာ သင်္ဘောသားအိပ်ရာက ထပြီးကောင်မလေး အခန်း ကပြန်ခဲ့ သည်။ ကောင်မလေးအိမ်ရှိရာ လမ်းကထွက်ပြီး လမ်းမကြီးပေါ်ကို တက်ခါနီးမှာ ကပ္ပလီလူမျိုး သုံးယောက်က သင်္ဘောသားအနီးကို ကပ်လာပြီး အလှကုန်ပစ္စည်းတွေ ထည့်ထားသည့်အိတ်ကို ဆွဲလုသည်။ သင်္ဘောသားက ပြန်လုသည်။
  သင်္ဘောသားကို ဝိုင်းထိုးကြသည်။ သင်္ဘောသားကလည်း ပြန်ထိုးသည် သုံးယောက် နှင့်တစ်ယောက်ဖြစ် လို့ ပြန်မထိုးနိုင်တော့ပဲ သတိလစ်ပြီးလဲကျသွားသည်။ သတိပြန်ရလာလို့ ထဖို့ကြိုးစားသည့်အခါ ရင်ဝကိုဆောင့် ကန်ခံ လိုက်ရလို့ သတိလစ်သွားခဲ့တော့သည်။
    ကောင်မလေးတောင်းသည့် ရေမွှေး၊ နှုတ်ခမ်းနီနှင့် လက်သည်းဆိုးဆေး ပုလင်းလေး ပေးလိုက်လျှင် ဒီလို မဖြစ်။ မပေးသည့်အတွက် ကောင်မလေးက သူ့လူတွေဆီဖုန်းဆက်ပြီး လမ်းကဖြတ်လုခိုင်းလိုက်တာဖြစ်သည်။ အဲဒီဆိပ်ကမ်း ကိုရောက်လျှင် သတိထားကြရမည်။
    မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။ကောင်းတာလုပ်လျှင် ကောင်းတာဖြစ် မည်။

ဆဲတတ်သည့် ကြက်တူရွေး မွေးမိသည့်သင်္ဘောသား

    သင်္ဘောကြီးဆိပ်ကမ်းသို့ ဆိုက်ကပ်သွားသည့်အခါ ထုံးစံအတိုင်းပင် ဆိပ်ကမ်းအာ ဏာပိုင်အဖွဲ့ ဆယ်ယောက် ခန့် သင်္ဘောပေါ်သို့ တက်လာကြသည်။ လူဝင်မှု ကြီးကြပ်ရေး၊ အကောက်ခွန်၊ ကျန်းမာရေး၊ သင်္ဘောကြံ့ခိုင်မှု စစ်ဆေးရေး၊ ဒေသကိုယ်စားလှယ်နှင့် ကပ်လိုက်လာသည့် ဆာကောင်မှန်းမသိသူ စသဖြင့် စားဖို့၊ ဝါးဖို့၊ ညှစ်ဖို့၊ တက်လာကြသူတွေ ဖြစ်သည်။
    ကုန်းပတ် ပထမအရာရှိနှင့် ကပ္ပတိန်တို့ကလည်း ပြာပြာသလဲ ကြိုဆိုသည့်အပြင် အသောက်အမြည်းတွေဖြင့် ဧည့်ခံ သည်။ ဒီနိုင်ငံ၏အကြေင်းကို သိနေလို့ အညစ်မခံရအောင်၊ လိုလေသေးမရှိ ပြုစုနေတာဖြစ်သည်။ ဘီယာ၊ အရက်၊ စီးကရက်တွေ လက်ဆောင်ပေးဦးမည့် အပြင် နေ့လည်စာပါ ကျွေးဦးမည်ဖြစ်သည်။ သင်္ဘောပေါ်ကို တက်လာ သူတွေကလည်း သူတို့်အိမ်မှာ မစားမသောက်ဖူးသည့် အစားအသောက်တွေကို သင်္ဘောပေါ်မှာ အဝအပြဲ သောက် စားကြတော့မည်ဖြစ်သည်။

  တိုင်းပြည်တစ်ပြည်၏ အဆင့်အတန်းကို သင်္ဘောသားတွေက အကဲခတ်တတ်သည်။ ဆိပ်ကမ်းကို ဆိုက်ကပ်လာသည့် သင်္ဘောပေါ်ကို ဒေသကိုယ်စားလှယ် တစ်ယောက်နှင့် တာဝန်ရှိသူ တစ်ယောက်၊ နှစ်ယောက် သာ သင်္ဘောကို တာတယ်ဆိုရင် အဲဒီနိုင်ငံသည် အဆင့်အတန်းမြင့်သော တိုင်းပြည်ဖြစ် သည်။ ဒေသကိုယ်စားလှယ် တစ်ယောက်တည်း လာပြီး ပြုဖွယ်ကိစ္စအားလုံးကို တာဝန် ယူလုပ်သွားပြီဆိုလျှင် အဲဒီနိုင်ငံသည် ကမ္ဘာမှာ အဆင့်အတန်း အမြင့်ဆုံးနိုင်ငံ ဖြစ်သည်လို့ သိနိုင်သည်။
    ဒေသ ကိုယ်စားလှယ်နှင့်အတူ ဌာနပေါင်းစုံက လူတွေ အုံနဲ့ကျင်းနဲ့ သင်္ဘောပေါ်ကို တက်လာပြီး စားကြသောက်ကြ တောင်းရမ်းကြပြီဆိုလျှင် အဲဒီနိုင်ငံသည် အဆင့်အတန်းအ နိမ့်ဆုံးနိုင်ငံ ဖြစ်ရုံသာမကအလွန် အန္တရာယ် များသောနိုင်ငံ ဖြစ်သည်။ အထူးသတိထားရတော့ သည်။

    သင်္ဘောပေါ်တက်လာသည့် အုပ်စုကြီးထဲက သင်္ဘောကို စစ်ဆေးရန် တာဝန်ရှိသူဆို သူတစ်စုက သင်္ဘောသားတွေ ၏ သင်္ဘောသားတွေ၏ အိပ်ခန်းတွေကို စစ်ဆေးချင်သည်ဟု ဆိုသည်။ အခန်းတွေအတွင်း ရှာဖွေမည် ဟုဆိုသည်။ လက်ကျန်၊အရက်ပုလင်းလက်ကျန်နှင့် သုံးလက်စ ကိုယ်တိုက်ဆပ်ပြာခဲပါ မကျန်အောင် တောင်းဖို့ အတွက် အကွက်ဆင်တာဖြစ် သည်။ စစ်ဆေးခွင့်ပြုလိုက်သည်။
    စစ်ဆေးရေးအဖွဲ့သည် တစ်နာရီမျှကြာအောင် စစ်ဆေးပြီးသောအခါ သင်္ဘောသားတစ် ယောက၏ အခန်းမှ သိမ်းဆည်း လာသည့် ကတ္တဝါ (ကြက်တူရွေးအကောင်ကြီး) တစ်ကောင် နှင့်အတူ ကပ္ပတိန်၏ အခန်း ကိုပြန်ရောက်လာကြသည်။ နိုင်ငံတကာ ဥပဒေအရ ဆိပ်ကမ်းကို ဆိုက်ကပ်လာသည့် သင်္ဘောပေါ်မှာ တိရစ္ဆာန် ပါမလာရဆို သည့် စည်းမျဉ်းကို ချိုးဖောက်တာ ဖြစ်သည်။ ဒီကိစ္စအတွက် သင်္ဘောသားသည် ဒဏ်ရိုက်ခံ ရတော့မည်ဖြစ်သည်။ ငှက်ပိုင်ရှင် သင်္ဘောသားကို မေးသည်။

    ဒီငှက် ကို ဘာကြောင့် သင်္ဘောမှာထားသလဲ စကားပြောတတ်လို့ ဝယ်ပြီး မွေးထား တာပါ ကျွန်တော့်အိမ်ကို ယူသွား မှာပါ။ အိမ်ကို ယူသွားတာကနောက်၊ အခုပြသနာတက်နေပြီ ဆိပ်ကမ်းကိုကပ်စဉ်က သင်္ဘောပေါ်မှာ ငှက်တစ်ကောင် ပါလာကြောင်း တင်ပြထားတာမပါ သည့်အတွက် ဒဏ်ရိုက်ခံရမည့်အပြင် ငှက်ကိုပါ သိမ်းသွားတော့ မည် ဖြစ်သည်။်
    သင်္ဘောသား သည် ဒီကြက်တူရွေးကြီး (ကတ္တဝါ)ကို အင်ဒိုနီးရှားနိုင်ငံ၏ ဆိပ်ကမ်းတစ်ခုကို ရောက်စဉ်က ဆယ်ဒေါ်လာပေးပြီး ဝယ်ယူလာတာဖြစ်သည်။ ကြက်တူ ရွေးကြီးသည် အင်ဒိုနီးရှားပြောတတ်သည့်အပြင် သင်္ဘောသား သင်ထားသည့် အင်္ဂလိပ်စကား တွေကိုလည်း ပြောတတ်နေသည်။ အလွန်စကားတတ်လွယ်သော ငှက်မျိုးဖြစ် လို့ သင်္ဘော သားက ငှက်ကိုအရမ်းချစ်သည်။

   ဒဏ်ငွေဒေါ်လာတစ်ရာနှင့် ငှက်ကိုသိမ်းပြီး သတ်ပစ်ရမယ် မလုပ်ပါနဲ့ ဆရာတို့ရယ် ဒဏ်ငွေဒေါ်လာ တစ်ရာပေးပါ့မယ်၊ ငှက်ကိုတော့ မပေးပါရစေနဲ့ ငှက်ကို မသိမ်းစေချင်လျှင် တစ်ရာနဲ့တော့မရဘူး နှစ်ရာပေးပါ မလုပ်ပါ နဲ့ ဆရာရယ် ကျွန်တော့်လစာ ၃၅၀ပဲရပါတယ်။ အချိန်ပိုလုပ်ခနဲ့ ဘာနဲ့ကို ဟိုဟာပေါင်းမှ စုစုပေါင်း တစ်လ ကို ၅၀၀ပဲရပါတယ်။ ဒေါ်လာ၁၀၀ပဲ လုပ်ပါ။
    တစ်ရာတော့မရဘူး ၁၅၀ပေး နောက်ထပ်ဈေးမဆစ်နဲ့ သင်္ဘောသားဆီက ရမည့် ဒေါ်လာ ၁၅၀ကို ခွဲဝေယူကြဖို့ အတွက် တစ်ယောက်ကိုဘယ်လောက်ရမလဲ စိတ်တွက်ဖြင့် တွက် နေကြဟန်တူသည်။ တစ်ယောက် ကို ၁၅ ဒေါ်လာလောက် ရနိုင်သည်။ မဆိုးပါဘူးလို့ တွေးနေကြတာဖြစ်မည်။

    သင်္ဘောသားက ဒေါ်လာ၁၅၀ထုတ်ပေးလိုက်သည်။ တာဝန်ရှိသူတွေက ငှက်လှောင် အိမ်ကလေးကို သင်္ဘောသား လက်သို့ ပြန်ပေးလိုက်သည်။ သင်္ဘောသားက သူ့ငှက်ကလေးကို ပြန်ရလို့ ဝမ်းသာပြီး ငှက်လှောင်အိမ် ကလေးကို ကိုင်မြှောက်ကြည့်လိုက်သည်။ ဆိပ်ကမ်း အာဏာပိုင် အဖွဲ့ဝင်တွေကလည်း ငှက်ကို လက်ပြ နှုတ်ဆက်ပြီး ဆုတောင်းပေးသည်။
    Good Luck ကံကောင်းပါစေ
    Fuck you all ! ခင်ဗျားတို့ အားလုံးကို...ပဲ ထင်တယ်။
    လှောင်အိမ်ထဲက ငှက်က ပီပီသသ ဆဲလိုက်သည့် အသံကြောင့် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့နှင့် ကပ္ပတိန်တောင် အလန့်တကြားဖြစ်သွားသည်။ ရယ်တော့မလို ပြုံးတော့မလို ဖြစ်နေရာမှ မျက်နှာတွေ နီမြန်း လာပြီး စိတ်ဆိုးကြတော့သည်။ သင်္ဘောသား ၏ လက်ထဲက ငှက်လှောင်အိမ်ကို ပြန်ယူဖို့ လုပ်ကြသည်။
''ဒီငှက် ကို အသရေဖျက်မှုနဲ့ အရေးယူရမယ်''
''မလုပ်ပါနဲ့ ဆရာ တို့ရယ်၊ ကျွန်တော်သင်တဲ့အတိုင်း ကျွန်တော့်ကို ဆဲတာပါ''
''မဟုတ်ဘူး၊ သူဆဲတဲ့ အထဲမှာ ခင်ဗျားတို့အားလုံး you all ! လို့ပါတယ်။ ခင်ဗျားကို ဆဲတာမဟုတ်ဘူး၊ ကျုပ် တို့ကို ဆဲတာ၊ အသရေဖျက်မှုနဲ့ ဖမ်းဆီးသတ်ပစ်ရမယ်''

ကပ္ပတိန်က ကြားဝင် ဖြန်ဖြေပြီး ညှိနှိုင်းကြရာ ဒေါ်လာ ၅၀၀ ဖြင့် ကျေနပ်ပြီး အမှုပိတ်လိုက်ကြသည်။ သင်္ဘောသား မှာ ပိုက်ဆံမရှိလို့ လောလောဆယ် ကပ္ပတိန်က စိုက်ထုတ်ပေးလိုက်ရသည်။ သင်္ဘောသား၏ လစာ မှ ပြန်ဖြတ်ယူရမည် ဖြစ်သည်။
မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။

အရက်ဖိုးအကြွေးမဆပ်လို့ အရေးယူခံရသည့် သင်္ဘောသား

အာဖရိက နိုင်ငံတစ်နိုင်ငံ၏ ဆိပ်ကမ်းမှာ သင်္ဘောဆိုက်ကပ်ထားစဉ် ဒေသခံရဲနှစ်ယောက် သင်္ဘောပေါ်ကို တက်လာ သည်။ ရေဒီယိုဆက်သွယ်ရေး အရာရှိနှင့် သင်္ဘောသားငါးယောက် တို့သည် ဘားဆိုင်မှာ အရက် အကြွေးသောက်သွားပြီး ကြွေးလာမဆပ်သည့်အတွက် ဖမ်းဆီးရန်လာကြောင်း ဖမ်းဝရမ်းထုတ်ပြသည်။
အရက်အကြွေးသောက်သွားပါသည်ဆိုသည့် အုပ်စု၏ ခေါင်းဆောင်က ကျွန်တော် ဖြစ်နေသည်။ ကပ္ပတိန်က ကျွန်တော်ကို သူ့ရုံးခန်းသို့ ခေါ်ပြီး မေးသည်။

''ဟုတ်သလား''
''မဟုတ်ဘူးဆရာ၊ ကျွန်တော်တို့ ၅ ယောက်သောက်တာ ပေါင် ၇၀၀၀ ကျတယ်။ ကျွန်တော် အကျေပေးပြီး ပြန်တော့မယ်ဆိုတော့ ဘားပိုင်ရှင်အမျိုးသမီးက မပြန်ပါနဲ့၊ သောက်ပါဦးလို့ ပြောတယ်။ ကျွန်တော် က ပိုက်ဆံမရှိတော့ဘူးလို့ ပြောတော့ ပိုက်ဆံပေးစရာမလို ကျွန်မ ဧည့်ခံပါ့မယ် အလကားသောက်ပါဆိုလို့ ဆက်သောက်ကြ တာ ဝီစကီ တစ်ပုလင်းကုန်သွား တယ်''
အဲဒီညက အဖြစ်စုံကို ကပ္ပတိန်ကို ပြောပြလိုက်သည်။ ဘားဆိုင်အမျိုးသမီးက ကျွန်တော်တို့ ၆ ယောက်ကို ညအိပ်စေ ချင်သည်။ သူ့ဆိုင်က စားပွဲထိုး ကောင်မလေးတွေနှင့် အတူ အိပ်စေချင်သည်။ ဒါမှ အရက်ဖိုးရော ကောင်မလေးတွေအတွက် ညကြေးပါ ရမည်ဖြစ်သည်။ ကျွန်တော်တို့ကလည်း ပိုက်ဆံမရှိဘဲ သူ့ဆန္ဒ အတိုင်း ညအိပ်သည်။ နောက်နေ့နံနက်မှာ စောစောအိပ်ရာက ထပြီး သင်္ဘောကို လစ်လာ ခဲ့ကြသည်။ နောက်နေ့မှာ အဲဒီဘားဆိုင်ကို မသွားတော့ဘဲ တခြားဆိုင်ကို သွားတာသိသွားပြီး မကျေနပ်လို့ ဘားဆိုင် ပိုင်ရှင် အမျိုသမီးက တိုင်တာ ဖြစ်သည်။

အကြောင်းစုံ သိသွားသည့်အတွက် ကပ္ပတိန်က ခေါင်းညိတ်သည်။ ကိုယ့်လူတွေအကြောင်း သိနေလို့ မသိမသာ ပြုံးသည်။ အရက်တစ်ပုလင်းကို အလကားသောက်သွားသည့်အပြင် ကောင်မလေးတွေအတွက် ညကြေး ကိုလည်း လာမပေးသည့်အတွက် မကျေနပ်လို့ တိုင်တာဖြစ်သည်။ တိုင်ချက်ဖွင့်ရာ မှာတော့ ကောင်မလေးတွေနှင့် အိပ်ခလို့ မဖော်ပြဘဲ အရက် အကြွေးသောက် သွား လို့သာ ဖော်ပြထားသည်။ ကောင်မလေးတွေနဲ့ အိပ်တာကို ဖော်ပြလျှင် သူ့ကို ပြည့်တန်ဆာခေါင်းပုဒ်မဖြင့် အရေးယူ ခံရနိုင်သည်။ ကပ္ပတိန်က ရဲနှစ်ယောက်ကို စကားပြောသည်။

''ကောင်းပြီ၊ ကျွန်တော့်သင်္ဘောသားတွေကို ဖမ်းဖို့ ဝရမ်းပါလာတယ်ဆိုတော့ ဖမ်းပေါ့ဗျာ၊ ဒီသင်္ဘောဟာ ဂရိအလံ တင်ထားတယ်ဆိုတော့ ဒါဟာ ဂရိနိုင်ငံပဲ။ ဒီသင်္ဘောပေါ်ကို ကျုပ်ရဲ့ ခွင့်ပြုချက်နဲ့ ဆိပ်ကမ်း အာဏာပိုင်ရဲ့ ခွင့်ပြုချက်မပါဘဲ ခင်ဗျားတို့ တက်ခွင့်မရှိဘူး၊ ခွင့်ပြုချက်ပါသလား၊ မပါလျှင် ခင်ဗျားတို့ နှစ်ယောက်ကို ကျုပ် တရားစွဲမယ်''
ရဲနှစ်ယောက် သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ဘာပြောရမှန်းမသိ ဖြစ်နေကြသည်။ ရဲတွေက လူမည်းတွေ ဖြစ်နေသည်။
ကပ္ပတိန် က ဂရိလူမျိုးဖြစ်လို့ လူဖြူ ဖြစ်နေသည်။ ခေတ်တွေ စနစ်တွေ ရာစုနှစ်နဲ့ ချီပြီး ပြောင်းလဲ ခဲ့ပြီ ဖြစ်သော်လည်း လူမည်းတွေ သည် လူဖြူတွေကို ရိုသေသည့် အလေ့အထ အရှိန်မသေသေး ဖြစ်နေသည်။ လူဖြူ ကပ္ပတိန် ၏ ခြိမ်းခြောက်တာကို ခံလိုက်ရတော့ ကြောက်ပြီး တုန်တုန်ယင်ယင် ဖြစ်ကုန်ကြသည်။ ကပ္ပတိန် က စကားဆက်ပြောသည်။

''ကဲ တရားရုံးကို ကျုပ်ကိုယ်တိုင် လိုက်ခဲ့မယ်၊ အာအို အဝတ်အစား သွားလဲပါ''
ကျွန်တော် ပါ တရားရုံးကို လိုက်ရမည်ဖြစ်လို့ အဝတ်အစားလဲရန် အိပ်ခန်းကို ပြန်လာခဲ့သည်။ အိပ်ခန်း ထဲရောက်သည်နှင့် ကျွန်တော့် အိပ်ခန်းထဲက တယ်လီဖုန်းမြည်သည်။ ကောက်ကိုင်ပြီး နားထောင်လိုက်တော့ ဖုန်းခေါ်သူဟာ ကပ္ပတိန် ဖြစ်နေသည်။
''အာအို၊ အဝတ် ကို စမတ်ကျကျဝတ်၊ လူမည်းတွေဟာ စုတ်စုတ်နုတ်နုတ်ဝတ်လျှင် အထင်သေးတတ်တယ်၊ အထက်တန်း ကျကျ ပျံနေအောင် ဝတ်စားထားလျှင် အထင်ကြီး လေးစားတယ်''
''ဟုတ်ကဲ့ ဆရာ''
ကျွန်တော် သည် အဲရိုးရှပ်အင်္ကျီလက်ရှည်ကို ဝတ်သည်။ နက်ကတိုင် စည်းလိုက်သည်။ ဘောင်းဘီတွေထဲက အကောင်းဆုံး ကို ဝတ်လိုက်သည်။

ကပ္ပတိန်သည် ရေယာဉ်မှူးကြီး အဆောင်အယောင်ဖြစ်သည့် အဖြူရောင် ၀မ်းဆက်ကို ၀တ် ထားသည်။ ခါးပတ်နှင့် ဖိနပ်အဖြူကို ၀တ်ထားသည်။ ဦးထုပ်မဆောင်းသော်လည်း ပခုံးက ရာထူးတံဆိပ်ကပ်ရမည့် နေရာမှာ အင်္ကျီပေါက် ကလေးတွေကို မြင်နေရသည့်အတွက် မာလိန်း မှူးကြီးဆိုတာ သိသာလှသည်။ လာခေါ်သည့် ရဲနှစ်ယောက်နှင့်အတူ လိုက်သွားကြသည်။
ဒေသရပ်ကွက် ကောင်စီရုံးကို ရောက်သွားကြသည့်အခါ တရားလို ကားပိုင်ရှင် အမျိုးသမီးနှင့် သက်သေ ထွက်ဆိုကြမည့် စားပွဲထိုးကောင်မလေးတွေ ရောက်နေကြသည်။ တရားခံကျွန်တော့်ကို မြင်လိုက်တော့ လူလည်ကြီး ဘာတတ်နိုင်သေးလဲ ဆိုသည့် အကြည့်ဖြင့် ကြည့်နေကြသည်။ တရားရုံးအခြေအနေနှင့် တရားသူကြီးအဖွဲ့ ကို မြင်လိုက်ရတော့ ပါတိကောင်စီခေတ်က ဆိုက္ကားသမားက တရားသူကြီး ဖြစ်နေတာကို သတိရ မိသည်။ ရပ်ကွက် ပြည်သူ့တရားရုံးဖြစ်သည်။ တရားသူကြီးက ငါတို့အတွက်ပါ ကျန်အောင် များများ တောင်းနော် လို့ တရားလိုအမျိုးသမီးကို သတိပေးသလို မျက်ရိပ်ပြနေသည်။ စွဲချက်ကို ဖတ်ပြ သည်။

'' သင်နှင့် အပေါင်းအပါ ၅ ယောက်တို့သည် ပေါင် ၃၅၀၀ ဖိုးအရက်သောက်သွားပြီး ပေးဆပ်ရန် ပျက် ကွက်ကြောင်း တိုင်တန်းထားပါသည်။ အပြစ်ရှိပါသလား ''
ကျွန်တော်က အပြစ်မရှိကြောင်း ပြောရန်ထမည်ပြုစဉ် ကပ္ပတိန်က ကျွန်တော့် ပခုံးကို ဖိပြီး ပြန်ထိုင်းခိုင်းပါသည်။ အပြစ်ရှိကြောင်း ၀န်ခံလိုက် ဟု တိုးတိုးပြောသည်။ ကျွန်တော် အံ့သြ သွားပါသည်။ ကပ္ပတိန်၏ အမိန့်ဖြစ်လို့ မငြင်းဝံ့ ဘဲ အပြစ်ရှိကြောင်း ၀န်ခံလိုက်ရသည်။
'' ရက်စ်အိုင်ဒူး ''
တရားခံ ကျွန်တော်က ၀န်ခံလိုက်သည့်အတွက် အမှုစစ်ဆေးတာ ပြီးဆုံးသွားသည်။ ကပ္ပတိန် က ဒေသသုံးငွေ ပေါင် ၃၅၀၀ နှင့် ညီမျှသည့် အမေရိကန်ဒေါ်လာ ၃၅ ကို ထုတ်ပေး လိုက်သည်။ တရားသူကြီး က သွားလိုရာသို့ သွားနိုင်ပြီဆိုလို တရားရုံးက ပြန်ခဲ့ကြသည်။ အပြန် လမ်းမှာ ကပ္ပတိန်က ပြောသည်။

'' ဒါမျိုးဖြစ်လာလျှင် ဘယ်တော့မှ မငြင်းနဲ့၊ သူတို့တောင်းသလောက်ပေးလိုက်လျှင် ကိစ္စပြတ် တယ်။ ငြင်းလျှင် သံသရာ ရှည်သွားမယ်၊ ရုံးချိန်းရက်ခွာပေးမယ်၊ သင်္ဘောထွက်သွားလျှင် နင့်ကို ဒီနိုင်ငံမှာ ထားခဲ့ ရမယ်။ နောက်ဆက်တွဲ ဖြစ်လာမဲ့ပြဿနာရဲ့ ကုန်ကျစရိတ်ဟာ ဒေါ်လာ သောင်းနဲ့ချီပြီး ကုန်သွားနိုင်တယ်။ အခု ၃၅ ဒေါ်လာ ပဲ ကုန်တယ်။ နင်တို့ ၆ ယောက် မျှခံလိုက်လျှင် တစ်ယောက်ကို ၆ ဒေါ်လာတောင် မကုန်ဘူး၊ နင်လည်း အသက်ကြီးမှ သောက်ကမြင်းကြောထ တဲ့ အလုပ်တွေ ဆင်ခြင်တော့ ''
အတွေ့အကြုံ ရင့်ကျက်ပြီး အမြော်အမြင်ရှိသည့် မာလိန်းမှူးကို ချီးကျူး ကျေးဇူးတင်မိပါသည်။ အတွေ့အကြုံ မရှိသည့် သင်္ဘောသားများ သတိထားစရာဖြစ်သည်။
မကောင်းတာ လုပ်လျှင် မကောင်းတာဖြစ်မည်။ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။

 ဆက်ရန်
.

6 comments:

Anonymous said...

Hello shwe zin oo!!!
Thanks for the article by u soe moe but the stories are too old.
people may think that it will be the current situation of the seamen.
i'm also seaman n we are now strickly prohibited the use of alcohol and very less time to go ashore because of the nature of the work and other tasks like international safety management system(ISM) and security. Owners want to spend less time in port to save money. So i want to say that we are like prisoners for six to ten months. No more fun for seamen nowadays. Pls understand our lives and be optimist.

A human being from the other side of the world

ပင်နီ said...

Thanks a lot A ma ... :)

Anonymous said...

အမရွှေစင် စာတွေရိုက်တင်ပေးနေတဲ့အတွက် အထူး ကျေးဇူးတင်ပါတယ်...ဆရာအဏ္ဏ၀ါစိုးမိုး စာတွေလဲ ကြိုက်ပါတယ်....လူ့လောက လူ့သဘာဝ လူ့စရိုက် အမျိုးမျိုး ဆိုတာ သဘောင်္သားလောကမှာလဲ ရှိမှာပါပဲ..ဘယ်နေရမှ လူကောင်းတွေကြီးမရှိနိုင်သလို မကောင်းတဲ့လူတွေကြီးဘဲလဲ မဟုတ်ပါဘူး...ဆရာ့စာများ ဆက်လက်တင်ပေးဖို့တောင်းဆိုပါတယ်...

SHWE ZIN U said...

ဦးစိုးမြင့် (ဆရာအဏ္ဏဝါစိုးမိုး) ဟာ သဘောင်္သားလုပ်သက် ၁၈နှစ် သဘောင်္ကုမ္ပဏီ ၇ခု သင်္ဘော ၁၃စီး နိုင်ငံ၆၅ နိုင်ငံ အတွေ့အကြုံများကိုလည်း ပင်လယ်ပျော်ကြီး ဆိုတဲ့ နံမည်နဲ့ စာအုပ်ထုတ်ထားပါသေးတယ် အင်တာနက် မှာ မရှိသေးရင် ကျနော် ရိုက်တင်ပေးအုန်းမှာပါ

အခု မတင်ဖြစ်တာက ကလေး တွေ မအားလို့ မရိုက်နိုင်လို့ မတင်တာပါ

ဆရာတို့ သဘောင်္သားဘဝ တာဝန်ထမ်းဆောင်စဉ် က အခြေအနေတွေ ကို အရှိ အတိုင်း ဖော်ပြထားတဲ့ အတွက် ဖတ်ရတဲ့သူ အကျိုးမယုတ်ဘူး လို့ ထင်ပါတယ်

ခေတ်ဆိုတာ အမြဲပြောင်းနေတာပါ အခုခေတ်သဘောင်္သား တွေ ဘဝကိုလည်း အဲလို ရေးနိုင်သူ ရှိရင်လည်း ကျနော် တင်ပေးပါမယ်

စာဖတ်သူအားလုံးအား လေးစားလျှက်
ရွှေစင်ဦး
.

Anonymous said...

ကျေးဇူးးးအမ..ဖတ်ရန်မျှော်နေပါတယ်...






ီမ မန

Anonymous said...

We never thought that U Soe Moe's nonfictions were in current situation. But we interested in life style of very senior seaman as like him. He was not only an old sailor, also the best writer one. We loved his honesty.
by the way,
I don't think so, that the fundimental life style of seaman was totally changed into a new atmosphere after the year of ISM code. There would be many different circumstances between past and present. But seamens' behaviors were 90%depened on individual desireness and self-controlling.

Sister.. Shwe Zin,, Thank u so much for your kindness.
Ko toe