Saturday, October 13, 2012

အဏ္ဏဝါစိုးမိုး ၏ သင်္ဘောသားလောက မှုခင်းများ, အပိုင်း (၁၁)

ပြည့်တန်ဆာမ၏ လက်ပတ်နာရီကို ခိုးသည့်သင်္ဘောသား

ကျွန်တော်တို့သင်္ဘောသည် အာဖရိကနိုင်ငံတစ်နိုင်ငံ၏ ဆိပ်ကမ်းတစ်ခုမှာ ကုန်ချတာ ရက်ကြာနေသည်။ တစ်ပတ် ဆယ်ရက်ခန့်အကြာမှာ သင်္ဘောပေါ်ကို ဒေသခံရဲနှစ်ယောက် သင်္ဘောပေါ်ကို တက်လာပြီး တက်မကိုင် သင်္ဘောသားတစ်ယောက်ကို ပစ္စည်းခိုးမှုဖြင့် လာဖမ်းသည်။
" ဘယ်သူ့ပစ္စည်း ကို ခိုးတာလဲ "
" သူ့ကောင်မ ရဲ့ လက်ပတ်နာရီကို ခိုးတာတဲ့ကွာ "
ကျွန်တော် မယုံနိုင်အောင် ဖြစ်သွားသည်။ သင်္ဘောသားတစ်ယောက်သည် ပြည့်တန်ဆာမ၏ လက်ပတန်နာရီကို ခိုးတယ် ဆိုတာ သင်္ဘောသားလောကမှာ တစ်ခါမျှမကြားဖူးလို့ မယုံနိုင်ဖြစ်မိသည်။ သင်္ဘောသား၏ ပစ္စည်း ကိုသာ ပြည့်တန်ဆာမက ခိုးသည့်အမှုတွေ အများကြီးဖြစ်ခဲ့ဖူးသည်။ ဒီအမှု၏ ဇာတ် မ်းအစကို ပြန်တွေးမိသည်။
တက်မကိုင်သင်္ဘောသားသည် အသားဖြူဖြူ၊ ရုပ်ဖြောင့်ဖြောင့်၊ ယောက်ျားပီသသော ရုပ်လက္ခဏာရှိသူဖြစ် သည်။ ရှင်းအောင်ပြောရလျှင် မိန်းမကြိုက်ရုပ်မျိုးဖြစ်သည်။

ဒီဆိပ်ကမ်းက ဖိုမင်လို့ခေါ်သည့် ကုန်တင်ကုန်ချအလုပ်သမားခေါင်းသည် ဒီသင်္ဘောသားကို သူ့နှမနှင့်ပေး စားချင်ပါသည် ဟု နောက်သလိုပြောင်သလိုဖြင့် နေ့စဉ်ပြောနေသည်။ တက်မကိုင် သင်္ဘောသားကလည်း အဲဒီလို အပြောခံရတာ ကို သဘောကျနေသည်။ အလုပ်သမားခေါင်း၏ နှမ ကပ္ပလီမကို တကယ်လိုချင်လို့ မဟုတ်သော် လည်း စိတ်ဝင်စားသဖြင့် လိုက်ကြည့်ချင်နေသည်။
တစ်နေ့မှာတော့ ယောက်ဖလောင်း ခေါ်ရာကို လိုက်ပါသွားလေတော့သည်။ ညနေဘက်မှာ သင်္ဘောပေါ် သို့ ပြန်ရောက်လာသောအခါ အကြောင်းစုံသိရသည်။
" သူ့နှမအရင်း မဟုတ်ဘူးဗျ၊ ၀မ်းကွဲ ဒါမှမဟုတ် ဆွေမျိုးတော်တာဖြစ်မယ်။ ကောင်မလေးက မဆိုးဘူး၊ မိဘ ဆင်းရဲတယ်၊ စားစရာမရှိလို့ ဆန်ဝယ်ပေးခဲ့ရသေးတယ် "
" ဆန်ဖိုး ကျေခဲ့ရဲ့လား "
" ကျေပါတယ်၊ နက်ဖြန်လည်း လာခဲ့ပါဦးတဲ့ "

နောက်နေ့ကစပြီး အဲဒီကောင်မလေးအိမ်ကို နေ့တိုင်းသွားတော့သည်။ ကောင်မလေးရဲ့ မိဘတွေ ပြောတဲ့ စကား ကို သဘောကျပြီး ကျေနပ်နေသည်။
" သမီး ကို တရားဝင်လက်ထပ်ပြီး မယူနိုင်ဘူးဆိုတာကို သိပါတယ်။ ငါ့တူနဲ့ ရုပ်ချင်းတူ တဲ့ မြေးလေး တစ် ယောက် သမီးဗိုက်ထဲမှာ ကျန်ခဲ့လျှင် ကျေနပ်ပါပြီ "
မတော်ရ တဲ့ ယောက္ခမကြီးက အဲဒီလိုပြောတာကို သဘောကျပြီး နေ့တိုင်းသွားပြီး ကောင်မလေးနှင့် အတူ အိပ်သည်။ ကောင်မလေး မိသားစု နေ့စဉ်စားဖို့ လိုအပ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်နှင့် သား ငါးတွေပါ ၀ယ်ပေးရသည့်အပြင် ကောင်မလေးအတွက် လိုအပ်သည့် အ၀တ်အစားနှင့် အလှကုန်ပစ္စည်းတွေပါ ၀ယ်ပေး ရသည်။

သူတို့မိသားစုပြောသလို ကလေးလိုချင်လို့ သမီးကို ပေးထားပါသည် ဆိုလျှင်တောင် ကလေးမွေးလာပါက ဒီသင်္ဘောသား ၏ဘ၀သည် မစဉ်းစားရဲအောင်ဖြစ်ရသည်။ ဒီကလေး၏ ရှေ့ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယောက်ကျားလေးဖြစ်ပါက ရှင်ပြုပေးရေးကိစ္စတွေဟာ မတွေးရဲစရာဖြစ်သည်။ ငါ့ရင်သွေးလေး တစ်ယောက် အာဖရိက မှာ ရှိနေတယ်ဆိုတဲ့ အသိခေါင်းထဲဝင်လာလျှင် ဖခင်တစ်ယောက်အနေဖြင့် အိပ်မပျော်ဖြစ်ရ မည့် ကိစ္စဖြစ်သည်။
ဒီလိုဖြင့် တစ်ပတ်ဆယ်ရက် ကြာလာသောအခါ ကုန်ကျစရိတ် အတော်များလာပြီဖြစ်လို့ စဉ်းစားလာတော့သည်။ အပေါင်းအသင်းတွေ ကလည်း ပြောကြသည်။
" မင်းဟာက တွက်ချေမကိုက်ပါဘူးကွာ၊ ငါတို့ နေ့စဉ်ဆိုင်ပြောင်းပြီး လယ်လီဝယ်စားနေတာမှ ကုန်ကျစရိတ် သက်သာသေး တယ် "
ဒီစကား သည် တက်မကိုင်သင်္ဘောသားကို အမြင်မှန် ရသွားစေခဲ့သည်။ နောက်နေ့ကစပြီး အဲဒီကောင်မလေး အိမ် ကို မသွားဘဲ နေလိုက်တော့သည်။
သင်္ဘောသားက ကောင်မလေးဆီကို မသွားဘဲ နေတော့ သင်္ဘောပေါ်မှာ အလုပ်လုပ်နေသည့် ယောက် ဖလောင်း အလုပ်သမားခေါင်း က ဘာကြောင့် မသွားတော့တာလဲဟုမေးသည်။

" သူငယ်ချင်းကို ကိုယ့်နှမက မျှော်နေတယ်၊ ဘာ့ကြောင့် မလာတာလဲတဲ့။ ဒီနေ့လာခဲ့ပါတဲ့၊ ဒီညသွားအိပ် လိုက် ပါဦး "
သင်္ဘောသား ကို မျှော်တာက နေ့စဉ်လိုအပ်နေသည့် မိသားစု စားစရိတ် လိုချင်လို့ မျှော်တာဖြစ်သည်။ သင်္ဘောသား က မသွားဘဲနေသည်။ မိသားစုနေ့စဉ်စားစရိတ်အပြင် ကောင်မလေးလိုချင်သည့် အ၀တ် အထည်နှင့် အလှကုန် ပစ္စည်းလေးတွေ ၀ယ်ပေးရသေးသည်ဟုဆိုပါသည်။ ကောင်မလေးလိုချင်သည့် လက်ပတ်နာရီ တစ်လုံး ၀ယ်ခိုင်းတာကို ဈေးများလို့ ၀ယ်မပေးနိုင်ကြောင်း ပြောလိုက်ရသည်ဟုဆိုသည်။

သင်္ဘောသား က မသွားဘဲနေသည့်အခါ ကောင်မလေးက သင်္ဘောသားသည် သူ့လက်ပတ်နာရီကို ခိုးယူ သွားပြီး ရှောင်တိမ်းနေကြောင်း ရဲစခန်း ကို တိုင်သည်။ ရဲနှစ်ယောက် သင်္ဘောပေါ်ကို တက်လာပြီး သင်္ဘောသား ကို ဖမ်းဆီးအမိန့် ထုတ်ပြသည်။ သင်္ဘောကပ္ပတိန်က ရဲတွေကို မေးခွန်းထုတ်သည်။
" ငါ့သင်္ဘောသားကို ဖမ်းဖို့ ၀ရမ်းပါတယ်ဆိုလျှင် ဖမ်းပါ၊ ခင်ဗျားတို့မှာ ကျုပ်သင်္ဘောပေါ်တက်ခွင့် ပါမစ်ပါ သလား၊ ပါလျှင်ပြပါ "
ဒီတော့မှ ရဲနှစ်ယောက် မျက်လုံးပြူးနေတော့သည်။ ဂရိလူမျိုးကပ္ပတိန်သည် သဘာရင့်ဝါရင့်ဖြစ်လို့ အတွေ့ အကြုံများစွာ ရှိသူ ဖြစ်သည်။ သက်ဆိုင်ရာနိုင်ငံတော်၏ အလံတော် လွှင့်တင်ထားသည့် သင်္ဘောသည် ထိုအလံတော် ၏ နိုင်ငံဖြစ်သည်။ နိုင်ငံခြားသင်္ဘောပေါ်ကို ကပ္ပတိန်၏ ခွင့်ပြုချက်မရဘဲ ဘယ်သူမှ တက်ခွင့် မရှိဘူး ဆိုတာ ကို ရဲတွေ မေ့လျော့ပြီး တက်လာခဲ့ကြတာ ဖြစ်သည်။ ဒုက္ခရောက်နေပြီဖြစ်သည်။ ပိုင်နက် ကျူးလွန်မှုဖြင့် တရားစွဲ ခံရတော့မည်ဖြစ်သည်။ ဒါပေမဲ့ ဂရိလူမျိုးကပ္ပတိန်က အလွန်ပါးနပ်သည်။

    " ကောင်းပြီ ငါသင်္ဘောသားနှင့်အတူ ငါကိုယ်တိုင် တရားရုံးကို လိုက်ခဲ့မယ် "
ကပ္ပတိန် သည် သင်္ဘောမာလိန်းမှူးကြီး အဆောင်ယောင် အပြည့်ပါသည့် ယူနီဖောင်း အဖြူရောင်ကို ၀တ်သည်။ ဦးထုပ်လျှာပေါ် မှာ ရွှေရောင်ပန်းခက် နှစ်ခက်ပါသည့် ဦးထုပ်အဖြူကို စမတ်တကျ ဆောင်းသည်။ သူ့တပည့် သင်္ဘောသားကိုလည်း တိုးတိုးပြောသည်။
" အ၀တ်အစား သစ်လွင်သပ်ရပ်အောင်ဝတ်၊ နက္ကတိုင်စီး၊ တရားရုံးမှာ ဘာမှဝင်မပြောနဲ့၊ ပြောစရာရှိတာ ငါ ပြော မယ်။ ဒီနိုင်ငံက လူတွေဟာ စုတ်စုတ်နုတ်နုတ်မြင်လျှင် ဖြဲခြောက်တတ်ကြသည်။ ဂျာမန် အာဏာရှင် ဟစ်တလာ လို အဆောင်အယောင်တွေ ဆင်မြန်းပြီး ဟိတ်ဟန်လုပ်ပြလျှင် အထင်ကြီးတယ်၊  ဣနြေ္ဒသိက္ခာနဲ့ တည်တည်နေ "
ကပ္ပတိန်နှင့် သင်္ဘောသားတို့ ရဲနှစ်ယောက် ခေါ်ရာနောက်ကို လိုက်ပါသွားကြသည်။ ရပ်ကွက်ကောင်စီ အဖွဲ့ဝင် လူမည်းတွေ က မျက်နှာဖြူ သင်္ဘောကပ္ပတိန်ကို မြင်လိုက်တယ်ဆိုလျှင်ပဲ ထိုင်နေရမလို၊ ထရပ်ရ မလို ဖြစ်ကုန်ကြ သည်။ အမှုကို မြန်မြန်စစ်ပြီး စီရင်ချက်ချသည်။

သင်္ဘောသား သည် တရားလို ထိုမိန်းကလေး၏ လက်ပတ်နာရီကို ခိုးယူကြောင်း ပေါ်လွင် ထင်ရှား သဖြင့် ဒေသငွေ- ၇၀၀၀ နှင့် ညီမျှသော အမေရိကန်ဒေါ်လာ ၆၀ ကို ပေးလျော်စေ၊ မပေးနိုင်ပါက အလုပ်ကြမ်းနှင့် ထောင် သုံးလ ကျခံစေ "
ဂရိလူမျိုး ကပ္ပတိန်က ဒေါ်လာ ၆၀ ကို ထုတ်ပေးလိုက်သည်။ အမှုပြီးသွားသည်။ ကေင်မလေးမိသားစုနှင့် အာဏာပိုင် အဖွဲ့ တို့ ပူးပေါင်းလုပ်ကြံသည့် လုပ်ကြံမှုဆိုတာ သိသော်လည်း အရှည်အရှည် ဖြစ်နေပါက မိမိ တို့သာ နစ်နာမည်ကို သိလို့ ဒေါ်လာ ၆၀ ဖြင့် ပွဲသိမ်းလိုက်တာဖြစ်သည်။ အတွေ့အကြုံများစွာရှိသည့် ကပ္ပတိန် ၏ အမြှော်အမြင်ရှိမှုပင်ဖြစ်သည်။
ဒီဇာတ်လမ်း မှာ အလုပ်သမားခေါင်းက ပြည့်တန်ဆာခေါင်းဖြစ်သည်။ ကောင်မလေးက ပြည့်တန်ဆာဖြစ် သည်။ လုပ်ကြံပွဲကြီး ဖြစ်သည်။
မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။

မူးယစ်ဆေးဝါးဂိုဏ်းနှင့် ပတ်သက်နေသည့်သင်္ဘောသား

ကျွန်တော်တို့သင်္ဘောသည် မူးယစ်ဆေးဝါးဂိုဏ်းကြီးတွေရှိရာ တောင်အမေ၇ိက နိုင်ငံတစ်နိုင်ငံ၏ ဆိပ်ကမ်းမှာ ဆိုက်ကပ် ထားသည်။ ဒီဆိပ်ကမ်းက ကုန်တင်တာ ကြာနေသည်။ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် အလုပ်သမားတွေ ဆန္ဒပြ လို့ ကုန်တင်တာကြာနေသည်။ မိုးရွာလို့ ကုန်တင်တာကို ရပ် ထားရသည်။
ကျွန်တော် တို့ သင်္ဘောသားတွေကတော့ လေမလာတာ ကြာတိုင်းကောင်း၊ လှေသူကြီးကို လှေသားထောင်း ဆိုတာ မျိုးဖြင့် ဘယ်လောက်ကြာကြာ လကုန်လျှင် လစာရမည်ဆိုပြီး ပျော်နေကြသည်။ ညနေတိုင်း နိုက်က လပ်ကို သွားသည်။ နိုက်ကလပ်က ကောင်မလေးတွေနှင့် တွဲပြီး ကကြသည်။ သောက်စားပျော်ပါးကြသည်။
ဒီဆိပ်ကမ်း မှာ ရက်တွေကြာလာတေ့ နိုက်ကလပ်မျာ တွေ့မြင်သူတွေနျင့် ခင်မင် ရင်းနှီးနေကြတော့ သည်။ နိုက်ကလပ်က အပျော်တမ်းကောင်မလေးတွေနှင့် ရင်းနှီး သလို နိုက်ကလပ် ကိုလာပြီး သောက်စားပျော်ရွှင် နေသည့် ငွေကြေးချမ်းသာသူ လူကြီးလူကောင်းတွေနှင့်လည်း ရင်းနှီးခင်မင် လာကြသည်။

အိန္ဒိယသင်္ဘောသား ရှရစ်ဆာဆင်ဆိုသူ အလုပ်သင်အရာရှိနှင့် ခင်မင်ရင်းနှီးလာသူ ဒေသခံလူကြီးလူ ကောင်း တစ်ယောက်သည် ရှရပ်ဆာဆင်ကို အကြောင်းပြုပြီး သင်္ဘောကို လာလည်သည်။ ဒေသခံလူမျိုးဖြစ် လို့ အသားမည်းသော် လည်း ၀တ်စားထားတာက အပျံစားဖြစ်နေသည်။ အ၀တ်အစားကို စမတ်တကျ ၀တ်ဆင်ပြီး နက္ကတိုင် အမြဲစည်းသည်။ စိန်လက်စွပ်ကြီးကလည်း တန်ဖိုး ဘယ်လောက်ရှိမှန်း မသိနိုင် သော်လည်း ကွင်းထား သည့် ရွှေစက ၂ ကျပ်သားလောက်ရှိသည်။ ဒေါ်လာငါးထောင်လောက် တန်သည့် ရိုးလက်စ်နာရီနှင့် တွဲဆက် ထားသည့် ရွှေလက်ပတ်ကြိုးကြီးကလည်း ၅ ကျပ်သားခန့်ရှိသည်။ အသက်အ ရွယ် ကလည်း လေးဆယ့်ကျော်မျှသာရှိဦးမည်။ သွက်လက်နေသည်။ စပိန်စကားပြောသည့်နိုင်ငံက အင်္ဂလိပ်စကားပြောသူဖြစ် လို့ နိုင်ငံခြားသားသင်္ဘောသားတွေနှင့် မိတ်ဆွေဖြစ်နေသည်။

ဒီလူသင်္ဘောကို လာလည်လျှင် သင်္ဘောသားတွေ စားသောက်ဖို့ အစားအသောက်တွေ ၀ယ်လာတတ် သလို ကပ္ပတိန် ကို လက်ဆောင်ပေး ဖို့ အဖိုးတန် ၀ိုင်ပုလင်းတွေ ဘာတွေ ယူလာတတ်သည်။ သင်္ဘောက လုံခြုံရေး အစောင့်ကလည်း ဒီလူ သင်္ဘောပေါ်တက်လာလျှင် မစစ်မဆေးသည့်အပြင် အလေးပင် ပြုလိုက် သေးသည်။ မုန့်ဖိုးပိုက်ဆံနှင့် လက်ဆောင်ပစ္စည်းမြိုးမြိုးမြတ်မြတ် ရနေဟန်တူသည်။ ဒီလူလာတိုင်း အတာချီကေ့စ် ခေါ် ဂျိမ်းစ်ဘွန်း လက်ဆွဲသေတ္တာကို အမြဲ ဆွဲလာလေ့ရှိသည်။ သင်္ဘောသားတွေ အားလုံး နှင့်လည်း ခင်မင်နေသည်။ သင်္ဘောက ကျွေးသည့် နေ့လယ်စာကိုပင် ၀င်စားသည်အထိ ခင်မင်နေပြီဖြစ် သည်။
ညနေဘက်မှာ နိုက်ကလပ်မှာ တွေ့ကြပြီဆိုလျှင် ကျွန်တော်တို့ သင်္ဘောက သင်္ဘောသားတွေ သောက်စား ထားသည့် ကျသင့်ငွေကို သူက ရှင်းပေးသည့် အခါမျိုးတောင် ရှိသည်။ အတော်ချမ်းသာသူဖြစ်မည်ဟု ယုံ ကြည်နေကြ သည်။ သူသည် မကြာမီ အမေရိကန်နိုင်ငံကို အလုပ်ကိစ္စဖြင့် သွားမည်ဟုပြောသည်။

" ကျွန်တော် တို့လည်း အမေရိကန်ကို ပြန်သွားရမယ် "
" ဟုတ်လား၊ အမေရိကန်ရောက်လျှင် ကျွန်တော့် လက်ကိုင်ဖုန်းကို ခေါ်လိုက် "
သူ့ဖုန်းနံပါတ် ကို ရေးပေးသည်။ သူ့မိတ်ဆွေ ရှရစ်ဘာဆင်က သိမ်းယူထားလိုက်သည်။ သူသည် နယူး ယောက် သို့မဟုတ် ၀ါရှင်တန်သို့ အလုပ်ကိစ္စဖြင့် သွားရန်ရှိနေသည်ဟု ပြောသည်။ ကျွန်တော်တို့ သင်္ဘော ကလည်း ဒီနိုင်ငံ က တိရစ္ဆာန်အစာတွေကို အမေရိကန်နိုင်ငံက တောင်ပိုင်း ဆိပ်ကမ်းတွေကို ပို့ပေးနေရ သည်။ နောက်တစ်ခေါက် ပို့ပေးရဦးမည်။
ထိုပုဂ္ဂိုလ်သည် သင်္ဘောမထွက်မီရက်တွေမှာ ဂျိမ်းစ်ဘွန်း လက်ဆွဲအိတ်ကို ဆွဲပြီး မကြာခဏ လာလည်လေ့ ရှိသည်။ နောက်နေ့ မှာ ဆိပ်ကမ်းမှ သင်္ဘော ပြန်လည်ထွက်ခွာတော့မည်ဖြစ်ကြောင်း နိုက်ကလပ်မှာတွေ့ လို့ အသိပေးလိုက်ကြသည်။ သူကလည်း နောက်တစ်ရက်နှစ်ရက်ဆိုလျှင် အမေရိကန်နိုင်ငံကို သွားမည်ဟု ပြောသည်။ အဲဒီညက ခွဲခွာနှုတ်ဆက်သည့် အထိမ်းအမှတ်ဖြင့် အ၀သောက်စားကြသည်။ ကုန်ကျစရိတ် အားလုံးကို သူက ရှင်းသွားသည်။

နောက်နေ့မှာ ကျွန်တော်တို့ သင်္ဘောသည် အဲဒီဆိပ်ကမ်းက ပြန်လည် ထွက်ခွာခဲ့ပါသည်။ အာရေဗီယံပင်လယ် ကို မောင်းနျင်ပြီး နျစ်ရက်ခန့် ကြာသည့်အခါ မစ္စစပီမြစ်ဝကို ရောက်ပြီး ရေကြောင်း ပြတတ်သည်။ မြစ်ထဲကို ဆယ်နာရီမျှကြာအောင် မောင်းဝင်ပြီး နယူးအော်လင်းမြို့ဆိပ်ကမ်းမှာ ကပ်လိုက် သည်။ ကုန်ချတော့မည်ဖြစ် သည်။
တိရစ္ဆာန်အစာတွေ သည် အမှုန့်နှင့် အခဲလေးတွေ ဖြစ်လို့ လေပိုက်ဖြင့် စုပ်ပြီး ချမည်ဖြစ်လို့ ကုန်ချတာမြန် မည်။ ကုန်တန်ချိန် တစ်သောင်းကျော် ကို နှစ်ရက်မျှသာ ကြာမည်ဖြစ်သည်။ သင်္ဘောသည် နောက်နှစ်ရက် သုံးရက်ကြာ လျှင် နယူးအော်လင်းမှ ပြန်ထွက်ရမည်။

သင်္ဘောရောက်လို့ ကုန်ချနေစဉ် နောက်နေ့နံနက်မှာ သင်္ဘောကို သူရောက်လာတော့သည်။ ဟိုနိုင်ငံမှာ သူ့ကို တွေ့ခဲ့ကြရသည့်အတိုင်းပင် ဖြစ်သည်။ စမတ်တကျ ၀တ်ဆင်ထားသည်။ ဂျိမ်းစ်ဘွန်း အိတ်ကို လက်မှာ ဆွဲထားသည်။ သင်္ဘောသားတွေနှင့် တရင်းတနှီးနှုတ်ဆက်သည်။ အထူးသဖြင့် သူ့မိတ်ဆွေ ရှရပ် ဘာဆင်ကို ဖက်လဲတကင်း နှုတ်ဆက်သည်။ ရှရက်ဘာဆင်၏ အခန်းမှာ တစ်နေကုန်မျှနေပြီး ညနေ စောင်း မှာ ပြန်တော့မည် ဆိုပြီး သင်္ဘောသားတွေကိုနှုတ်ဆက်သည်။
သူသည် သင်္ဘောလုံခြုံရေးအစောင့်ကို ဖော်ရွေစွာ နှုတ်ဆက်ပြီး ပြန်မည်ဟု ပြောသည်။ ဒါပေမဲ့ လုံခြုံရေး အစောင့် က သူ့ကို မပြန်ပါနဲ့ဦးဟုပြောသည်။ သင်္ဘောပေါ်ကို ဘယ်အချိန်ကရောက်နေမှန်းမသိသည့် အရပ် ၀တ် ၀တ်ထားသည့် အက်ဖ်ဘီအိုင် ရဲနှစ်ယောက်က သူ့လက်ကိုင် အိတ် (ဂျိမ်းစဘွန်းအိတ်)ကို ဖွင့်ခိုင်း သည်။ ဒီတော့ မှ သူသည် သင်္ဘောပေါ်က ခုန်ချပြီး ပြေးဖို့ ကြိုးစားသေးသည်။ နောက်ကျသွားသည်။ ရဲတွေက သူ့ကို လက်ထိပ်ခတ်လိုက်ကြသည်။

" လူကြီးမင်းကို ဖမ်းလိုက်ပြီ "
သူ့အိတ်ထဲမှာ အလေးချိန် ငါးပိသာခန့်ရှိသည့် ကိုကင်းအမှုန့်တွေကို ပလတ်စတစ်အိတ်နှင့် ထည့်ပြီး ယူလာ တာဖြစ် သည်။ အမေရိကန် ဒေါ်လာ ဆယ်သန်းဖိုးခန့် တန်ဖိုးရှိသည်ဟု သိရသည်။ ရဲတွေသည် ကပ္ပတိန်ကို သတင်း ပို့ပြီး သင်္ဘောသား ရှရတ်ဘာဆင်ကိုပါ ဖမ်းဆီးသွားလေတော့သည်။ ဘာဆင်က သူဘာမျှ မသိပါ ဟု ပြော သည်။
နောက်တစ်နေ့နံနက်မှာ ဘာဆင် သင်္ဘောကို ပြန်ရောက်လာသည်။ အမှုမှ ကွင်းလုံးကျွတ် လွတ် လာတာ ဖြစ်သည်။ ရဲစခန်းမှာ သက်သေထွက်ချက်ပေးခဲ့ရသည်ဟု ဆိုပါသည်။ ရဲက ကပ္ပတိန်ကို ရှင်းပြသည်။

" သူ ဘာမှမသိဘူးဆိုတာ ဟုတ်ပါတယ်၊ ဟိုလူက သူမသိအောင် သူ့အိပ်ခန်းထဲက လော်ကာနောက်မှာ ၀ှက် ထည့်ပေးလိုက်တာပါ "
ရတြွေ ပြောပြချက်အရ ဟိုနိုင်ငံက သတင်းပို့ လို့ ဒီလူနောက်ကို နောက်ယောင်ခံလိုက်နေခဲ့တာ ကြာပြီဟု ဆိုသည်။ ဒီလူ သည် သင်္ဘောသားတွေကို မိတ်ဆွေဖွဲ့သည်။ သင်္ဘောသား၏ အခန်းထဲက တစ်နေရာမှာ သင်္ဘောသား မသိအောင် မူးယစ်ဆေးဝါးအထုပ်ကြီးကို ထားခဲ့သည်။ အခု ပြန်လာယူတာမှာ အဖမ်းခံ ရတာ ဖြစ်သည်။ သင်္ဘောသားတွေ သတိထားရမည့်လူမျိုးဖြစ်သည်။
အမှန်တော့ မူးယစ်ဆေးဝါးဂိုဏ်းကြီးတွေနျင့် အရောင်းအ၀ယ် ကွန်ယက်ကြီးတွေထဲမှာကိုက လျှို့ဝှက်သည့် သတင်းပေးတွေ ရှိနေပြီး ဖြစ်သည်။ ဒီအတွက် အမေရိကန်သည် လစာဒေါ်လာသန်းပေါင်းများစွာ အကုန် အကျခံပြီး ရုပ်ဖျက်ဝန်ထမ်းတွေ ခန့်ထားပြီးဖြစ်သည်။ သင်္ဘောက လုံခြုံရေး အစောင့်သည်ပင် အက်ဖ်ဘီ အိုင် ရဲသားဖြစ်နေသည်။
မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။

ဂျပန်နိုင်ငံမှာ မော်တော်ကားခိုးသည့် သင်္ဘောသားများ

ကျွန်တော်တို့သင်္ဘောသည် ဂျပန်ဆိပ်ကမ်းတစ်ခုမှာ သစ်လုံးတွေ ချနေတာ တစ်ပတ် ဆယ်ရက်ခန့်ကြာနေ သည်။ ဆိပ်ကမ်း မှာ ရက်ကြာနေသောအခါ ဆိပ်ကမ်းအနီးမှာ ရှိသည့် ချုံပုတ်ထဲက အဖြူရောင် မော်တော် ကားတစ်စီး ကို စိတ်ဝင်စားလာကြသည်။
ချုံပုတ်ထဲ မောင်းဝင်ပြီး ကားပေါ်မှာ ချစ်ပွဲဝင်နေကြသည့် စုံတွဲလို့ ထင်ခဲ့ကြသည်။ ဂျပန်နိုင်ငံမှာ ဒါမျိုးတွေ ခဏခဏ ကြုံတွေ့ရလို့ စိတ်မ၀င်စားဘဲနေခဲ့ကြသည်။ ဒီမော်တော်ကားကို ဒီနေရာမှာ နေ့စဉ် မြင်တွေ့နေရ သည့် အတွက် စိတ်ဝင်စားလာကြသည်။ ချုံထဲကိုဝင်ပြီး ကားကို ကြည့်ကြသည်။

နီစန်းလော်ရယ် အမျိုးအစား ဇိမ်ခံကားကြီး ဖြစ်နေသည်။ မော်ဒယ်နိမ့်နေပြီဖြစ်သော်လည်း သူ့ခေတ် သူ့အခါက အတော်ကောင်းခဲ့သည့် ကားမျိုးဖြစ်သည်။ တံခါးတွေကို သော့ခတ်မထားသည့်အပြင် စက်နှိုးရန် အသင့်ဖြစ်အောင် သော့တန်းလန်းတွေ့ ရသဖြင့် ကားပေါ်တက်ပြီး စက်နှိုးကြည့်သည်။ တဂီးဂီးမြည်ပြီး စက်မနိုးဖြစ်နေ သည်။ ဘက်ထရီအားကုန်နေတာ သိလိုက်သည်။ ဆီတိုင်ကီထဲမှာ ဆီလက်ကျန် ရှိနေသည်။ ချုံထဲ က အပြင်ကို တွန်းထုတ်လိုက်ကြသည်။
လမ်းမပေါ်ရောက်သောအခါ တွန်းနိုးကြသည်။ စက်နိုးသွားလေတော့သည်။ အရမ်းပျော်သွားကြသည်။ ကားပေါ် ၀ိုင်းအုံ တက်ပြီး ဆိပ်ကမ်းအနီးမှာ လျှောက်မောင်းကြသည်။ မြို့တွင်းသည် ဆိပ်ကမ်းနှင့် အတော် လှမ်းသည့် အပြင် မြို့တွင်းကို မမောင်းရဲလို့ ဆိပ်ကမ်းဝင်းထဲမှာပဲ ပတ်မောင်းနေကြသည်။ ကားထဲမှာ ဆီ နည်းနေပြီဖြစ်လို့ ဆီအပြည့် ထည့် ထားလိုက်ကြသေးသည်။ သင်္ဘောအနီးမှာ ရပ်ထားသည်။

သင်္ဘောထွက်မည့်နေ့ မှာ ဆိပ်ကမ်းအာဏာပိုင်က သင်္ဘောသားတွေ ပိုင်သည့် မော်တော်ယာဉ်ကို သင်္ဘော ပေါ် တင်ယူသွား ရန် မေတ္တာရပ်ခံသည်။
" ခင်ဗျားတို့ကား ကို ပြန်ယူသွားပါ "
ဒီတော့မှ ပြဿနာကို စတော့သည်။ သင်္ဘောသားတွေက မိမိတို့ ပိုင်ကားမဟုတ်ကြောင်း။ ချုံထဲက တွန်း ထုတ်ပြီး အပျော်စီးနေကြခြင်းသာဖြစ်ကြောင်း ရှင်းပြသည်။ ဆိပ်ကမ်းအာဏာပိုင်က တအံ့တသြ ပြော သည်။
" ဟာ ပြဿနာပဲ၊ ချုံထဲမှာ သူ့ဟာသူနေတာ ခင်ဗျားတို့ ဘာဖြစ်လို့ သွားယူတာလဲ။ အဲဒီကားကို ပိုင်ရှင်က မလိုချင်တော့ လို့ စွန့်ပစ်ထားတာ၊ ဂျပန်မှာ အဲဒီလို စွန့်ပစ်လို့ မရဘူး၊ အခကြေးငွေပေးပြီး စနစ်တကျဖျက်စီး ပစ် ရမယ်။ ဖျက်ဆီးခ မပေးနိုင်လို့ ချုံထဲမှာ လာပစ်ထားတာ၊ ရဲက ပိုင်ရှင်ကို စုံစမ်းနေဆဲဖြစ်မယ်။ အဲဒီကား ကို ခင်ဗျားတို့က ယူစီးတော့ ခင်ဗျားတို့ကား ဖြစ်သွားပြီ၊ ဆိပ်ကမ်းမှာ ထားခဲ့လို့ မရဘူး။ သင်္ဘောပေါ် တင်ယူသွားပါ "
ဒီတော့မှ ကား ကို သေသေချာချာ စစ်ဆေးကြည့်ကြသည်။ ပိုင်ရှင်ကို ဖော်ထုတ်လို့ မရနိုင်အောင် စနစ်တကျ ဖျက်ဆီး ထားတာ တွေ့ရသည်။ နံပါတ်ပြားမရှိရုံသာမက အင်ဂျင်နံပါတ်ကိုပါ ကျောက်စက်ဖြင့် ပွတ်တိုက် ဖျက်ဆီး ထားသည်။

ဂျပန်နိုင်ငံမှာ ကားဟောင်းတစ်စီး ကို ဖျက်ဆီးခပေးရတာဟာ ကားသစ်တစ်စီး ၀ယ်ရတာလောက် ကုန်ကျ စရိတ် ရှိသည်ဟု သိရသည်။ အဲဒါကြောင့် မသုံးလိုတော့သည့် ကားကို ချုံပုတ်ထဲ လာပစ်ထားတာ ဖြစ်သည်။ အဲဒီပြဿနာအထုပ် ကိုမှ ကျွန်တော်တို့က ဆွဲထုတ်ပြီး ဆော့မိကြတာဖြစ်သည်။ အခုတော့ ပြဿနာဖြစ်ပြီ။ ဘယ်လို လုပ်ကြမလဲဟု တိုင်ပင်ကြသည်။
" ထားခဲ့ လို့ မရလျှင် ယူသွားမယ်၊ သင်္ဘောပေါ်တင်ကွာ "
သင်္ဘောပေါ်ကို တင်မလို့ ကရိန်းတွေ ဘာတွေ ပြင်ဆင်နေတော့ မှ နောက်ထပ် ပြဿနာ တစ်မျိုး တိုးလာ ပြန်သည်။ ပြဿနာကို တင်ပြလာသူက အကောက်ခွန် အရာရှိဖြစ် သည်။ မော်တော်ယာဉ်နှင့် ပတ်သက် သည့် စာရွက်စာတမ်းတွေကို တောင်းသည်။
" ကုန်ထုတ်လုင်စင်ပြပါ၊ ရောင်းခွန်၊ ၀ယ်ခွန် ဆောင်ထားတဲ့ စာရွက်တွေပြပါ "

ပြဿနာက မသေးဘူးဆိုတာ သိလိုက်ကြသည်။ ဂျပန်အရာရှိတွေသည် အင်္ဂလိပ်စကားကို အလုပ်ဖြစ် အောင် မပြောနိုင်ကြသည့် အပြင် လုပ်ထုံးလုပ်နည်းကို အသေကိုင်ပြီး စာအုပ်ကြီးအတိုင်း လုပ်လေ့ ရှိသဖြင့် ပြဿနာကမပြီး ဖြစ်နေသည်။ သင်္ဘောထွက်ခွင့်မရ ဖြစ်နေသည်။ ဆိပ်ကမ်းမှာ တစ်ရက်ပိုကြာ သွားလျှင် သင်္ဘောပိုင်ရှင်က မေးတော့မည်ဖြစ်သည်။
အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာပြောနိုင်သည့်အပြင် ပြဿနာကို အစအဆဆုံးသိနေသည်။ ဒေသကိုယ်စား လှယ် ကို အကူအညီတောင်းရတော့သည်။
" ဘယ်လိုလုပ်ရမလဲ၊ ကျွန်တော်တို့ကို ကူညီပါဦး "
" ခင်ဗျားတို့ကလည်း အေးအေးဆေးဆေး မနေနိုင်ကြဘူး၊ လက်ဆော့ ခြေဆော့ လုပ်ကြတဲ့ လူတွေပဲ၊ ည သန်းခေါင်လောက် မှာ သင်္ဘောထွက်ပါ၊ ညအမှောင်မှာ သင်္ဘောပေါ်ကို တင်ယူသွားပေတော့။ ပစိဖိတ် သမုဒ္ဒရာ အလယ်ခေါင်ရောက်လျှင် ရေထဲကိုပစ်ချလိုက်ပေတော့၊ နောက်ပိုင်း ပြဿနာကို ကျွန်တော် ကြည့်ရှင်းလိုက်မယ် "

တော်ပါသေးရဲ့ ကျေးဇူးရှင်ကြီးရယ်။ ညနေ ၄ နာရီမှာ ထွက်မည့် သင်္ဘေသည် ညအမှောင်ကို စောင့်နေရ သည့် အတွက် ၁၀ နာရီခန့် နောက်ကျခံပြီး ထွက်လိုက်ရသည်။ သင်္ဘော အ၀င်အထွက် မရှိသည့် ဆိပ်ကမ်း ဖြစ်လို့သာ တော်ပေတော့သည်။ သာကေတလို ကြည့်မြင်တိုင်လို ဆိပ်ကမ်းမျိုးဖြစ်သည်။ ဆူးလေလို ဆိပ်ကမ်းဆိုလျှင် နောက်တစ်စီးအတွက် ချက်ချင်းနေရာဖယ်ပေးရမည်ဖြစ်သည်။ ကံတရားသည် ကိုယ့်ဘက် မှာရှိနေသေးသည်။
" အော် သတိရလို့ သတိပေးရဦးမယ်။ မော်တော်ကားကို ရေထဲပစ်မချမီ ဆီတွေအားလုံး ထုတ်ပစ်နော်၊ ဓာတုဆေးရည် နဲ့ သေသေချာချာဆေးပြီးမှ ပစ်ချပါ။ ပင်လယ်ထဲမှာ ဆီကွက်ကြီးပေါ်လာလို့ ဂြိုလ်တုက ဓာတ်ပုံ ရိုက် ယူပြီး အဖမ်းခံနေရဦးမယ် "
အောင်မယ်လေး၊ ကျေးဇူး အခါတစ်ရာလောက် တင်လိုက်တာ ကျေးဇူးရှင်ကြီးရယ်။ အဲဒီပြဿနာ က ဖြစ်ပြီ ဟေ့ဆိုလျှင် ဒေါ်လာသန်းနှင့် ချီပြီး ဒဏ်ရိုက်ခံရမည့်ကိစ္စ ဖြစ်သည်။ ကမ္ဘာကို ပတ်ကြည့်နေကြသည့် ဂြိုလ်တုတွေ သည် ၂၄ နာရီလုံး ကမ္ဘာကို ဓာတ်ပုံရိုက်ပြီး မြေပြင်က စောင့်ကြည့်နေကြသည့် စခန်းတွေ ကို ပေးပို့ နေကြသည်။ ပင်လယ်ရေပြင်ထဲကို အမှိုက်၊ စက်သုံးဆီ၊ ဓာတုဆေးရည်၊ ပလတ်စတစ်သွန်ချ၊ ပြစ်ချ သည့် သင်္ဘောတွေ ကို ဓာတ်ပုံ ရိုက်ယူပြီး ဒဏ်ရိုက်နေသည်။ အဲဒိလို ဖြစ်ပြီဆိုလျှင် သင်္ဘောကုမ္ပဏီ ဒေ၀ါလီခံရ သည့် အခြေဆိုက်သွားနိုင်သည်။
" စိတ်ချပါ ခင်ဗျာ၊ ဒီဗြဟ္မာကြီး ဦးခေါင်းကို အရောင်မထွက်၊ အနံ့မထွက်နိုင်အောင် ပိပိရိရိ အစဖျောက်ပစ် လိုက်ပါ့မယ် "

" အိုကေ ဒုန့်ဝါရီ ဗွန်ဗွိုင်းရေခ်ျ "
ဒေသကိုယ်စားလှယ်က ကောင်းပြီ၊ မစိုးရိမ်နဲ့၊ ကံကောင်းသည့် ရေကြောင်းလမ်းခရီးဖြစ်ပါစေလို့ ဆုတောင်း ပေးခဲ့ပြီး သင်္ဘော ကို ထွက်ခွာခွင့်ပြုလိုက်သည်။ ဆိပ်ကမ်းအာဏာပိုင်တွေရဲ့ အလစ် မှာ မော်တော်ကား ကို သင်္ဘောပေါ်တင်ပြီး တာပေါ်လင်ဖြင့် အုပ်ထားလိုက်သည်။ ညအမှောင်ရောက်ချိန်မှာ ဆိပ်ကမ်း က ထွက်ခွာခဲ့ပါသည်။ ပစိဖိတ်သမုဒ္ဒရာအလယ်ခေါင်ကို ရောက်လျှင် ကားကို ရေထဲပစ်ချရဦးမည်။ ဆီတွေ ထုတ်ပြီး ဓာတုဆေးရည်ဖြင့် သန့်ရှင်းရေး လုပ်ရဦးမည်။ အလုပ်များရသည့်အထဲမှာ အလုပ်ပို သွားတာဖြစ် သည်။
မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။

ဆက်ရန်
.

No comments: