Friday, October 12, 2012

အဏ္ဏဝါစိုးမိုး ၏ သင်္ဘောသားလောက မှုခင်းများ, အပိုင်း (၁ဝ)

ပြည့်တန်ဆာမကို မတရားကျင့်သည့်သင်္ဘောသား

ကျွန်တော် အိပ်ရာကနိုးလာတော့ သင်္ဘောသား ထမင်းစားခန်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။ ဘာတွေ ဖြစ်တာလဲ လို့ မေးကြည့်တော့ တက်မကိုင် ဆလမ်းအာမက် မုဒိမ်းမှုဖြင့် အဖမ်းခံရလို့ အချုပ် ထဲရောက်နေ သည်။ အာမခံရရန် ကုန်းပတ်ပထမအရာရှိနှင့် သင်္ဘောသားတချို့ရဲစခန်းကို လိုက်သွားကြ ရန် ပြင်ဆင်နေ ကြတာဖြစ်သည်။
တက်မကိုင် သင်္ဘောသား ဆလမ်းအာမက်ဆိုတာ ကျွန်တော့် ဘော်ဒါဖြစ်သည်။ ကျွန်တော်နှင့် အတူတူ တွဲပြီးကဲသူဖြစ်သည်။ အင်ဒိုနီးရှားသင်္ဘောသားအများစုသည် အင်္ဂလိပ်စကား ကျွမ်းကျင်စွာ မပြော တတ်လို့ သူ တို့ကို အုပ်ချုပ်မည့် ကုန်းပတ်အရာရှိနှင့် သင်္ဘောသားခေါင်းတွေလည်း အင်ဒိုနီးရှားလူမျိုးတွေ ကိုပဲခန့်ထား ရသည်။

တက်မကိုင် ဆလင်းအာမက်ကတော့ အင်ဒိုနီးရှားရေတပ်ကထွက်ပြီး သင်္ဘောလိုက်သူဖြစ်လို့ အင်္ဂလိပ်စကားကို အတော် သွက်လက်စွာ ပြောနိုင်သူဖြစ်သည်။ အင်္ဂလိပ်စကားပြောနိုင်သူဖြစ်လို့ မြန်မာသင်္ဘောသား ကျွန်တော်နှင့် တွဲမိကြတာဖြစ်သည်။ သူနှင့်တွဲနေလို့ ကျွန်တော်တောင် အင်ဒိုနီးရှား စကားထမင်းစားရေသောက် တတ်ခဲ့သေး သည်။
မနေ့က သူနှင့်ကျွန်တော် နိုက်ကလပ်က ခွဲခဲ့ကြတာ ညသန်းခေါင် ၂ နာရီကဖြစ်သည်။ ဒီနေ့နံနက် သူ အဖမ်းခံနေ ရပြီဟု သိရသည်။ အမှုက မုဒိမ်းမှုတဲ့၊ ဘယ်အမျိုးသမီးကိုများ မုဒိမ်းကျင့်တာပါလိမ့်ဟု တွေးရ တော့သည်။
မနေ့ညနေ က နိုက်ကလပ်မှာ သူနှင့်တွဲနေသည့် ကောင်မလေးကို ကြည့်ရတာ အတော်လည်ပုံရသည်။ ကျွန်တော် က နှုတ်ဆက်တော့ ကျွန်တော့်ကို ခပ်တည်တည် ဆက်ဆံပြလိုက်သေးသည်။ သူ့လူအာမက် ကိုလည်း ကျွန်တော်နှင့် ခပ်ခွာခွာနေရန် သတိပေးထားသည်ဟု ရိပ်စားမိလိုက်သည်။ ကျွန်တော်သည် သူ့ကို အကဲခတ်နေတယ် ဆိုတာ သိလို့ သူ့လူအာမက်ကို ကျွန်တော်နှင့် ခွဲထုတ်ချင်တာဖြစ် မည်။

နေ့လည်စာစားချိန်လောက်မှာ ကုန်းပတ်ပထမအရာရှိနှင့်အတူ ရာဇ၀တ်သားအာမက်ပါ သင်္ဘောပေါ် ကို ပြန်ရောက် လာသည်။ အာမခံရတာလားဆိုတော့ မဟုတ်ဟုဆိုသည်။ ကွင်းလုံးကျွတ်၊ တရားသေ လွတ်လာ တာဟုဆိုသည်။
" မုဒိမ်းမှုဆိုတာ အာမခံမရဘူး၊ ထောင်ကျလျှင်ကျ မကျရင် တရားသေလွတ်ပဲ "
" အကြံအဖန်ပေါ့ဗျာ၊ အမှုကလည်း အကြံအဖန်အမှုပဲ "
အကြံ အဖန် လုပ်လို့ ကွင်းလုံးကျွတ် လွတ်လာတယ်ဆိုတာကိုတော့ သဘောပေါက်သည်။ ပိုက်ဆံပေးလိုက် လို့ လွတ်လာတာဖြစ် သည်။ အမှု ကလည်း အကြံအဖန်ပဲဆိုတာကို စိတ်ဝင်စားနေသည်။ ဘယ်လိုဖြစ် တာလဲ မေးကြည့် ရသည်။

ဆလမ်းအာမက် သည် သူ့ကောင်မလေးကို တစ်ညလုံးအတွက် ဒေါ်လာ ၂၀ ဖြင့် ဟိုတယ်ကို ခေါ်သွားခဲ့ သည်။ ဟိုတယ် ခန်းမ ဆယ်ဒေါ်လာ ထပ်ကုန်သေးသည်။ ဒီကောင်မလေးသည် အာမက်ကို သူနေသည့် အခန်း ကို ခေါ်မသွားဘဲ ဟိုတယ်ကို ခေါ်သွားတာကိုက အကြံအစည်နှင့် ဖြစ်မည်။ ပြည့်တန်ဆာရယ်၊ ဟိုတယ်ရက်၊ သင်္ဘောသား ရယ်၊ ပြဿနာတွေဖြစ်နိုင်သည်။ ဟိုတယ်သည် သင်္ဘောသားကို ပြဿနာလုပ် လို့ အကောင်းဆုံးနေရာဖြစ်သည်။ အကုန်အကျများသွားနိုင်သည်။
အာမက် သည် သူ့ကောင်မလေးနှင့်အတူ ဟိုတယ်ကို ရောက်သည့်အခါ မိုးလင်းခါနီး ၃ နာရီကျော်နေပြီ ဖြစ် သည်။ နံနက် ၆ နာရီမှာ သင်္ဘောကို အရောက်ပြန်ရမည်ဖြစ်လို့ ဈေးတွက် တွက်ကြည့်ရာ တွက်ခြေ မကိုက် ဖြစ်နေ သည်။ တစ်ကြိမ်သာ ဆက်ဆံရမည်ဆိုပါက မတန်လို့ တွေးမိသည်။ မိုးလင်းခါနီး ၃ နာရီ မှ ၅ နာရီ အာရုဏ်တက်ချိန်အထိ အခန်းဝင်ကြသည်။ အာမက်ထင်သလို မဖြစ်ဘဲ သဘောကွဲလွဲနေတော့သည်။

" ၀မ်းစ်မိုး ဒါလင် "
" နိုးမိုး၊ ဆောရီး၊ တွမ်းတီးဒေါ်လာဖော် ၀မ်းရှော့ "
ဆလမ်းအာမက် ဒေါသထွက်သွားသည်။ ကောင်မလေးက လက်မခံ၊ ဒေါ်လာ ၂၀ ဖိုးသည် တစ်ခါသာရမည် ဟုပြောသည်။ နောက်ထပ်ဆနဒရှိလျှင် ပိုက်ဆံထပ်ပေးပါဟု တောင်းသည်။ သင်္ဘောသားနှင့် အတူ အိပ် သည့် ပြည့်တန်ဆာလောကမှာ အစဉ်အလာမရှိသည့် ကိစ္စဖြစ်လို့ အာမက်က မလိုက်လျောနိုင်ဖြစ်နေသည်။
မိုးလင်းတော့မည်ဖြစ်လို့ ကောင်မလေးသည် သူ့အိပ်ခန်းကို ပြန်တော့မယ်ဆိုပြီး အ၀တ်အစားတွေကောက် ၀တ်သည်။ နာရီကြည့်လိုက်တော့ ၅ နာရီ ထိုးခါနီးပြီဖြစ်သည်။ အာမက်သည်လည်း သင်္ဘောကို ၆ နာရီ အရောက်ပြန်ရမည်။

အာမက် သည် ဆန္ဒမပြည့်ဝသေးလို့ ကောင်မလေးကို ကြည့်ပြီး ဒေါသထွက်နေသည်။ အ၀တ် အစားတွေ ပြန်ဝတ်နေသည့် ကောင်မလေးကို အိပ်ရာပေါ် တွန်းလှဲပြီး သူလိုချင်သည့် ဆန္ဒကို အတင်းအဓမ္မ ရယူပစ် လိုက်သည်။ ကဲပြီးပြီ၊ ကြွချင်ကြွပေတော့လို့ ပြောလိုက်သည်။
ကောင်မလေး သည် အ၀တ်အစားတွေကို ကမန်းကတန်း ကောက်ဝတ်ပြီး ဟိုတယ်အခန်းတွင်းမှ ပြေးထွက် သွားသည်။ အာမက်ကို နှုတ်တောင်မဆက်ခဲ့ဟု သိရသည်။ ပုံမျန်အတိုင်းဆိုလျှင် နှုတ်ဆက်အနမ်းဖြင့် ခွဲခွာကြစမြဲဖြစ်သည်။
အာမက် သည် အ၀တ်အစားဝတ်ပြီး ဟိုတယ်အောက်ထပ်ကို ဆင်းလာခဲ့သည်။ ဟိုတယ်၏ ဧည့်ကြိုကောင် တာမှာ ရဲအရာရှိ တစ်ယောက်နှင့်အတူ သူဆင်းအလာကို စောင့်ကြိုနေသည့် သူ့ကောင်မလေးကို တွေ့လိုက် ရပါတော့ သည်။ ကောင်မလေး က မကျေနပ်လို့ ရဲကို ဖုန်းဖက်ခေါ်ယူလိုက်တာဖြစ်သည်။ ရဲအရာ ရျိက ဆလမ်းအာမက် ကို လက်ထိပ်ခတ်လိုက်တော့သည်။

" လူကြီးမင်းကို မုဒိမ်းမှုနဲ့ ဖမ်းလိုက်ပြီ "
" ကျွန်တော် သူ့ကို အခကြေးငွေပေးပြီး ဆက်ဆံတာပါ "
" သူ ကျေနပ်အောင် ခင်ဗျားမပေးဘူး၊ သူ သဘောမတူဘဲ အဓမ္မဆက်ဆံတယ် "
" ဘာဖြစ်လဲ၊ သူက ပြည့်တန်ဆာမပဲ "
" ပြည့်တန်ဆာမ ကို မဆိုထားနဲ့၊ ခင်ဗျားရဲ့ ဇနီးကိုတောင် သဘောမတူဘဲ အတင်းအဓမ္မ ကာမဆက်ဆံလျှင် မုဒိမ်းမှုပဲ "
" မှားပါတယ် "

အဲဒီလိုဖြင့် အာမက် ရဲအချုပ်ထဲကို ရောက်သွားခဲ့တာ ဖြစ်သည်။ ဒီအမှုမှာ ကောင်မလေးရယ်၊ ရဲရယ်၊ ဟိုတယ် ၀န်ထမ်းရယ် ပေါင်းပြီး လုပ်ကြံတာဖြစ်သည်။ ကောင်မလေးကို နောက်ထပ်ဒေါ်လာ ၂၀ လောက်ပေးလိုက်လျှင် ဘာပြဿနာမှ မဖြစ်နိုင်။ အခုတော့ အာမက်ကို အမှုမလုပ်အောင် ဒေါ်လာ ၅၀၀ ပေးပြီး ရွေးထုတ် လာခဲ့ရသည်ဟု သိရသည်။ ကောင်မလေးနှင့် ဟိုတယ်ဝန်ထမ်းတို့က တစ်ယောက် ကို ဒေါ်လာ တစ်ရာစီ ရကြမည်။ ရဲအရာရှိက သုံးရာရမည်။ ဖျံနှစ်ကောင် အဝေမတည့်လို့ ငါးကြင်းဗိုက်သားကို စားလိုက် ရသည့် မြေခွေးနှင့် အတော်တူသည်။ သင်္ဘောသားတိုင်း သတိထားရမည့်ကိစ္စဖြစ်သည်။
မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။

အမှန်အကန်ရမည်ပြောပြီး အကြံအဖန်လုပ်သူများသတိထား

ကျွန်တော်တို့ သင်္ဘောသည် နိုင်ငံကြီး တစ်နိုင်ငံ၏ ဆိပ်ကမ်းကို ရောက်သွားသည်။ ဆိပ်ကမ်းကို ၀င်ကပ်ခွင့် မရသေးလို့ ကျောက်ချပြီး စောင့်နေရသည်။ ကျွန်တော်တို့လိုပင် ဆိပ်ကမ်းကို ၀င်ကပ်ပြီး ကုန် တင်ချခွင့် ရရန် စောင့်နေသည့် သင်္ဘောတွေ အများကြီး ကျောက်ချထားတာ တွေ့ရသည်။ စောင့်နေရင်း၊ တက်မစင် မှ ရေဒီယို တယ်လီဖုန်းဖြင့်အော်ပြီးမေးသည်။
" ခပေါင်း၊ ဒူးယား ရှိလားဟေ့၊ ရှိရင် ၆၅ ကို တက်ခဲ့ "
" ခပေါင်း ၊ ဒူးယား၊ ရေခဲရေ၊ ကွမ်းယာ အစုံရှိတယ်၊ လာပါပြီ "

ဒီစကားတွေက သင်္ဘောသားအချင်းချင်းသာ နားလည်နိုင်သည့် စကားတွေ ဖြစ် သည်။ နိုင်ငံခြား တိုင်းပြည် တွေက ဆိပ်ကမ်းတွေမှာ ပင်လယ်ပြင်မှာ သင်္ဘောချင်းတွေ့ကြပြီဆိုလျှင် မေး၊ ဖြေ လုပ်ကြသည့် စကားတွေဖြစ်သည်။ မြန်မာတွေရှိလားဟေ့၊ ရှိလျှင် လေလှိုင်း ၆၅ ကို ပြောင်းပြီးတက်ခဲ့၊ စကားပြောကြရ အောင် လို့ ခေါ်လိုက်တာဖြစ်သည်။ ၆၅ ကို ရောက်သောအခါ ရေဒီယို ပူခြစ်ပြီး မီးထွက်မတတ် ကြာအောင် အားရ ပါးရပြောကြတော့သည်။
" သူငယ်ချင်းတို့ သင်္ဘောမှာ ရွှေဘယ်လောက်ပါသလဲ "
" တစ်ခိုင်လုံးရွှေပါ ခင်ဗျာ "

" ကောင်းတယ်ကွာ၊ ပျော်စရာကြီးပေါ့၊ တို့ရွာမှာတော့ သူကြီးက ဦးစ၊ ချီးဗူးက ခေါပုတ်၊ စက်ချုပ်က ကုလား၊ ဓာတ်ကြိုးက ဖောက်ထုပ်၊ ရွှေနှစ်ဆယ်သားတိတိ ရှိတယ် "
နားရှုပ်သွားပြီထင်သည်။ ဘာမှရှုပ်စရာမလိုပါ။ တို့ရွာဆိုတာက တို့သင်္ဘောလို့ ပြောတာဖြစ်သည်။ သူကြီး ဆိုတာက ကပ္ပတိန်ကို ပြောတာ၊ ဦးစဆိုတာ အမေရိကန်လူမျိုး၊ ယူအက်စ်အေကို စာလုံးပေါင်းဖတ်တာ၊ ချီးဗူး ဆိုတာ ကုန်းပတ်ပထမအရာရှိ၊ ခေါပုတ်ဆိုတာ စိတ်ပုပ်၊ စိတ်ယုတ် ရှိသည့် ခေါမ (ဂရိ) လူမျိုး၊ စက်ချုပ်ဆိုတာ အင်ဂျင်နီယာချုပ်၊ ကုလားလူမျိုး၊ ဓာတ်ကြိုးဆိုတာ လျှပ်စစ်အရာရှိ၊ ဖောက်ထုပ်ဆိုတာ ဖိလစ်ပိုင် လူမျိုး ရှင်းပါသည်။ ရေ၊ွှ ၂၀ သားက ပိုလို့တောင် ရှင်းပါသေးသည်။ မြန်မာ သင်္ဘောသား ၂၀ တိတိ ပါသည် ဟု ပြောတာဖြစ်သည်။ မြန်မာတွေက မိမိကိုယ်ကို မိမိ ရွှေမြန်မာလို့ ခေါ် ကြသည်။ တစ်ဖက်က ပြန်ဖြေသည့် တစ်ခိုင်လုံးရွှေ ဆိုတာက တို့သင်္ဘောမှာ သင်္ဘောသားအားလုံး မြန်မာ တွေချည်းပဲလို့ ပြောလိုက်တာဖြစ်သည်။

ရွှေမြန်မာအချင်းချင်း နိုင်ငံခြားတိုင်းပြည်မှာ တွေ့ကြတော့ ဟိုအကြောင်း၊ ဒီအကြောင်း၊ မော်တော်ကား အကြောင်း၊ ဒေါ်လာဈေးအကြောင်း အားပါးတရ ပြောနေကြသည်။ အဲဒီအချိန်မှာ အခြား သင်္ဘောတစ်စီး က ရွှေမြန်မာတစ်ယောက်၏ အသံတစ်ခု ပေါ်ထွက်လာသည်။
" ဘော်ဒါ တို့ ပြောနေတဲ့ စကားတွေကြားရတော့ သတင်းစုံကြားရလို့ ၀မ်းသာတယ်ဗျို့၊ အခုရောက်နေတဲ့ ဒီနိုင်ငံ ကိုတော့ သတိထား၊ မနေ့က ကျွန်တော့်သင်္ဘောက သင်္ဘောသားတစ်ယောက် ရေရေလည်လည် ခံလာခဲ့ရတယ် "
" ဘာဖြစ်တာလဲဗျ၊ ပြောပြပါဦး "
" အမှန်အကန်လေးတွေရမယ်ပြောပြီး အကြံအဖန် လုပ် လွှတ်လိုက် တယ်လေ၊ ထောင်ကျ မှာ ကြောက် လို့ ဒေါ်လာ တစ်ထောင် ပေးခဲ့ရတယ် "

ဒီနိုင်ငံအကြောင်း ကောင်းကောင်းသိသည်။ ဘုရင်စနစ်မှ ကွန်မြူနစ် စနစ်ကို ပြောင်းပြီးသည့် နှစ်ပေါင်း ငါးဆယ်ကျော် ကာလမှာ ပြည်သူတွေ ပြင်ပကမ္ဘာနှင့် အဆက်ပြတ်နေခဲ့သည်။ အမေရိကန်ဒေါ်လာဆိုတာကို ကိုင်ဖူးဖို့ ဆိုတာ အသာထား၊ မြင်တောင် မမြင်ဖူး၊ နိုင်ငံခြားသားတွေကို မြင်လျှင် မမြင်ဖူးသလို လိုက်ကြည့်နေ ခဲ့ကြသည်။
၁၉၈၀ ခုနှစ် ၀န်းကျင်မှာ ဆိုရှယ်လစ်စီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေးစနစ်ကို ဖွင့်ပေးလိုက်သောအခါ သူဌေးဖြစ်နောက်ကျနေပြီဆိုပြီး အမေရိကန်ဒေါ်လာကို အကြံအဖန်၊ ကလိမ်ကကျစ်နည်း အပါအ၀င်၊ ရသည့်နည်းမျိုး စုံဖြင့် ရအောင်ရှာတော့သည်။

၁၉၈၀ ခုနှစ် မတိုင်မီကဆိုလျှင် ဒီနိုင်ငံက ရဲတွေအပါအ၀င် ၀န်ထမ်းတွေသည် လာဘ်မစား၊ အတောင်းအရမ်း မလုပ်၊ ပေးမှ လုပ်ပေးတာမျိုးမရှိ၊ နိုင်ငံခြားသားကို စကားမပြော၊ သင်္ဘောမှာတာဝန်ကျသည့် ရဲသည် သင်္ဘောသားတွေနှင့် စကားမပြော၊ သင်္ဘောက တိုက်သည့်ရေကိုပင် မသောက်၊ ကျောက်ရုပ်လိုရပ်ပြီး လူတိုင်း ကို မသင်္ကာသည့် မျက်စိဖြင့် ကြည့်ပြီး တာဝန်ထမ်းဆောင်နေခဲ့ သည်။
အခုတော့ ဆိပ်ကမ်း အာဏာပိုင်ကအစ လုံခြုံရေးအထိ ပေးမှ ကမ်းမှ အဆင်ပြေသည်။ လုံခြုံရေး တာဝန်ကျ ရဲသည် ကျွေးတာကို စားသည်။ ပေးတာကို ယူသည်။ မပေးလျှင် တောင်းသည်။ လုံခြုံရေး တာဝန်အပြင် ပြည့်တန်ဆာခေါင်းအလုပ်ကိုပါ ပူးတွဲထမ်းဆောင်နေသည်။ အတော်အတင့်ရဲနေကြ ပြီဖြစ်သည်။ တာဝန်ရှိသူတွေနှင့် လူငယ်တော်တော်များများ အင်္ဂလိပ်စကားပြောတတ်နေကြသည်။ ဈေး ကွက်စီးပွားရေး စနစ် နောက်ကျနေလို့ အရှိန်အဟုန်ဖြင့် အမီလိုက်တာ အရှိန်လွန်ပြီး ရှေ့ကို ရောက်နေပြီ ဖြစ်သည်။ ဟိုသင်္ဘောက သင်္ဘောသား ဘယ်လိုခံခဲ့ရတယ်ဆိုတာ သိချင်လို့ မေးကြည့်ရသည်။

" ဘော်ဒါတို့သင်္ဘောက ရဲဘော် ဘယ်လိုခံစားခဲ့ရတယ်ဆိုတာ ပြောပြပါဦး "
ကျွန်တော်တို့ ဆိပ်ကမ်းမှာ ကပ်ပြီး ကုန်တငျနေတာဗျ၊ နောက်နှစ်ရက်လောက် ကြာဦးမယ်။ မနေ့က ညနေဘက် မှာ အပြင်ထွက်လည်ကြတော့ ဆိပ်ကမ်းအတွက် ဂိတ်ပေါက်မှာ စောင့်နေကြတဲ့ အုပ်စုထဲက တစ်ယောက်က အမှန်အကန် တွေရှိတယ်၊ လိုက်ပို့မယ်ဆိုလို့ လိုက်သွားတာ၊ ရဲက လာဖမ်းလို့ ဒေါ်လာ တစ်ထောင်ပေးခဲ့ရတယ်လေ၊ မပေးလျှင် အလုပ်ကြမ်းနှင့် ထောင်သုံးနှစ်ချပစ်မယ်ဆိုလို့ ကြောက်ပြီး ပေးခဲ့ရတာ "
ကောင်မလေးတွေ ငယ်ငယ်ချောချောလေးတွေ ပြည့်တ်ဆာ လုပ်နေတဲ့အိမ်ကို လိုက်ပို့မယ်ဆိုလို့ လိုက် သွားမိသည် ဟု ဆိုပါသည်။ သင်္ဘောသားကလည်း ဒီနိုင်ငံသူနှင့် ပျော်ပါးရမည်ဆိုလို့ ဖီလင်တက်ပြီး လိုက်သွား မိတာဖြစ်သည်။ ပြည့်တန်ဆာခေါင်းဆိုသူ ခေါ်သွားသည့် အမိမ်ကို ရောက်တော့ ကောင်မလေးတွေ ကို တွေ့ပါသည်။ ငယ်ငယ်ချောချောတွေ ဖြစ်သည်။ သတ်မှတ် ထား သည့် အခကြေးငွေပေးပြီး ပျော်ပါးမလို့ အခန်းတွင်ဝင်ပြီး ဘောင်းဘီချွတ်နေစဉ်မှာပင် ရဲတွေရောက်လာပြီး ဖမ်းဆီး တာ ခံလိုက်ရသည်။ သတ်မှတ်ထားသည့် ကြေးကလည်း ပေးပြီးဖြစ်သည်။ ဘာမှ မလုပ်ရသေးမီ အဖမ်းခံလိုက်ရတာဖြစ်သည်။

ပြည့်တန်ဆာပုဒ်မဖြင့် အဖမ်းခံရတာဖြစ်လို့ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ကျခံရတော့မည်ဖြစ် သည်။ ထောင်ကျမခံလိုပါက ဒေါ်လာ တစ်သောင်းပေးရမည်ဟုဆိုသည်။ သင်္ဘောသားက ဒီနိုင်ငံမှာ အလုပ်ကြမ်းဖြင့် ထောင်ကျလျှင် သိပ်မသက်သာဘူးဆိုတာကို သိလို့ အသနား ခံပြီး ဈေး ဆစ်တာ နောက်ဆုံးမှာ ဒေါ်လာတစ်ထောင်ဖြင့် ဈေးတည့်သွားသည်။ လောလောဆယ် ဒေါ်လာတစ်ရာသာပါသည့်အတွက် သင်္ဘော ကို ပြန်ယူပြီး ပေးလိုက်ရသည်ဟု ဆိုပါသည်။
အကြံအဖန်အကောင် လိုက်ပြသည့် ကောင်မလေးတွေသည် တကယ့် ပြည့်တန်ဆာတွေမဟုတ်။ အထင်ခံ၇အောင် သရုပ်ဆောင်နေသူတွေသာ ဖြစ်သည်ဟုဆိုပါသည်။ အထင်ခံရအောင်၊ သဘာဝကျအောင်၊ အခန်းထဲရောက်လျှင် အ၀တ်အစားတွေကို ချွတ်ပြလိုက်သေးသည်ဟုဆိုပါသည်။ အလုပ်ဖြစ်ခါနီးမှ အချိန်မီရောက်လာပြီး ဖမ်းလိုက်တာဖြစ်သည်။ ပြည့်တန်ဆာခေါင်းရယ်၊ အိမ်ရှင်ရယ်၊ ကောင်မလေးတွေရယ်၊ ရတြွေရယ် ၀ိုင်းလုပ် ပေါင်းစားနေကြတာဖြစ်သည်။

သင်္ဘေသားသည် ကမ္ဘာပတ်ပြီး ပျော်နေရုံဖြင့် မပြီးပါ။ စာဖတ်ပြီး ဗဟုသုတ ရှိအောင် လေ့လာဖို့ လိုသည်။ နိုင်ငံတွေ၏ သမိုင်းနှင့် နိုင်ငံရေး၊ စီးပွးရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတွေကို ကြိုသိထားလျှင် ရှောင်ရန် ကိစ္စတွေ ကို သိပြီး အန္တရာယ်ကင်းမည်ဖြစ်သည်။
မကောင်းတာလုပ်လျှင် မကြောင်းတာဖြစ်မည်။ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။

ဆက်ရန်
.

No comments: