Thursday, October 11, 2012

အဏ္ဏဝါစိုးမိုး ၏ သင်္ဘောသားလောက မှုခင်းများ, အပိုင်း (၉)

ရေထဲကန်ချခံရသည့် ကပ္ပလီနှစ်ယောက်ကို အမေရိကန် ကမ်းခြေစောင့် ရေတပ် သင်္ဘောက တွေ့ရှိ သွားပြီး သယ်ယူသွားခဲ့ သည်။ ကပ္ပလီနှစ်ယောက်၏ ထွက်ဆိုချက်ကို ကပ္ပတိန် ငြင်းလို့မရသည့် အချက်က သက်ကယ် အင်္ကျီ မှာ ရေးထိုးထားသည့် သင်္ဘောနာမည်တွေကြောင့်ဖြစ်သည်။
မကောင်းတာ လုပ်လျှင် မကောင်းတာဖြစ်မည်။ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။
ကို ဆက်ဖတ်ရန် ..............

သင်္ဘောထွက်မည့်ရက်ကို လျှို့ဝှက်မထားသူ အရေးယူခံရ
ကုန်တင်သင်္ဘောများသည် စစ်သင်္ဘောများ မဟုတ်သည့်အတွက် သင်္ဘော၏ လှုပ်ရှားမှုတွေကို လျှို့ဝှက် ထားစရာ မလိုဟုထင်ကြသည်။ ကုန်တင်သင်္ဘောများသည် စစ်သင်္ဘောများ မဟုတ်သလို ကုန်တင် သင်္ဘောတွေက သင်္ဘောသားတွေသည်လည်း စစ်သားတွေမဟုတ်၊ နိုင်ငံရေးသမားတွေ မဟုတ်သည့်အတွက် ကုန်တင် သင်္ဘောတွေ၏ ခရီးစဉ်တွေနှင့် လှုပ်ရှားသွားလာမှုတွေကို လျှို့ဝှက်ထားစရာ မလိုဟု ထင်ခဲ့ကြသည်။
သင်္ဘောသားတွေသည် စစ်သားတွေမဟုတ်၊ နိုင်ငံရေးသမားတွေ မဟုတ်သည့်အတွက် ရိုးသားပွင့်လင်းကြ သည်။ ဘာကိုမျှ လျှို့ဝှက်မထားပဲ သိထားတဲ့အတိုင်း၊ ကြားထားသည့်အတိုင်း မေးသူရှိက ပြောကြတော့ သည်။ အဲဒီလို ရိုးသားပွင့်လင်းတာဟာ တစ်ခါတစ်လေ ကြီးမားသည့် ပြဿနာနှင့် ရင်ဆိုင်ရတော့သည်။

ကျွန်တော်တို့ သင်္ဘောသည် တောင်အမေရိကတိုက်ရှိ နိုင်ငံတစ်နိုင်ငံက ပြန်လည်ထွက်ခွာလာသည်။ ထို နိုင်ငံ သည် မူးယစ်ဆေးဝါးဂိုဏ်းကြီးတွေ ခိုအောင်းရာနိုင်ငံဖြစ်လို့ အမေရိကန်နိုင်ငံက အထူး သတိထားစောင့်ကြည့်ခြင်း ခံရသည့် တိုင်းပြည်ဖြစ်သည်။ အဲဒီနိုင်ငံက ထွက်သည့် ကိုကင်းတွေသည် အမေရိကန်နိုင်ငံ ကို လမ်းကြောင်းအမျိုးမျိုးမှ ၀င်ရောက်နေသည့်အတွက် သတိဖြင့် စောင့်ကြည့်နေ ရတာ ဖြစ်သည်။
ကျွန်တော်တို့ သင်္ဘောသည် ဒီနိုင်ငံက ထွက်လာပြီး ဘယ်ကိုသွားနေသည်ဆိုတာကို ရေဒီယိုဆက်သွယ်ရေး အရာရှိနှင့် ကပ္ပတိန်မှလွဲပြီး ဘယ်သူမှမသိအောင် လျှို့ဝှက်ထားသည်။ ဒီကိစ္စ သည်အထူးကိစ္စ တစ်ရပ် မဟုတ်သ်ေလည်း တောင်အမေရိက နှင့်အာဖရိကမှ ပြန်ထွက်သည့် ကုန်တင်သင်္ဘောတိုင်း သတိထားကြရ သည့် ကိစ္စဖြစ်သည်။
တောင်အမေရိကနှင့် အာဖရိကတိုက်က နိုင်ငံတွေမှာ နေထိုင်ကြသည့် နိုင်ငံသားတချို့သည် သူတို့နိုင်ငံမှာ မနေချင် လို့ ကုန်တင်သင်္ဘောကြီးတွေပေါ်မှာ ခိုးလိုက်ပြီး အမိနိုင်ငံမှ တခြားနိုင်ငံသို့ ထွက်ပြေးကြသည်။ အထူးသဖြင့် အမေရိကန်နိုင်ငံ ကို ထွက်ပြေးဖို့ ကြိုးစားကြလေ့ရှိသည်။

ကျွန်တော်တို့ သင်္ဘောသည် ဆိပ်ကမ်းမှ ထွက်ခွာလာပြီး သုံးရက်မြောက်နေ့မှာ အလုပ်တာဝန်ဖြင့် ကုန်း ပတ်ပေါ်သို့ သွားသည့် သင်္ဘောသားတစ်ယောက်၏ အလန့်တကြား အော်ဟစ်ပြီး သတိပေးသံကို ကြားလိုက် ရသည်။
" လာကြပါဦး၊ သူခိုး သူခိုး၊ သင်္ဘောပေါ်မှာ သူခိုးပါလာတယ် "
သင်္ဘောကြီး သည် ပင်လယ်ပြင်မှာ ခုတ်မောင်းနေတာဖြစ်လို့ ဘယ်က သူခိုးက တက်ရောက်နိုင် မှာလဲ။ အော်သံကြားရာသို့ တုတ်တွေ၊ ဓားတွေနှင့် ရရာလက်နက်မျိုးကို ကိုင်ဆောင်ပြီး ကုန်းပတ်ပေါ် ကို ပြေးသွား ကြသည်။ ကုန်းပတ်ပေါ်မှာ ဦးခေါင်းပေါ်ကို လက်နှစ်ချောင်းတင်ပြီး ငုတ်တုတ်ထိုင်နေကြသည်။ ကပ္ပလီ နှစ်ယောက် ကို တွေ့လိုက်ရသည်။ ရန်မလုပ်ပါဘူးဆိုသည့် ပုံဖြင့် အဖမ်းခံနေကြတာဖြစ်သည်။ ကုန်းပတ် ပထမအရာရှိနှင့် ကပ္ပတိန်တို့က စစ်ဆေးမေးမြန်းသည်။

" ခင်ဗျားတို့ ဘယ်ကလဲ "
ကပ္ပတိန်မေးတာကို ရိုသေလေးစားစွာဖြေကြားသော်လည်း ကြောက်နေသည့် လက္ခဏာမတွေ့ရသည့်အတွက် အတွေ့အကြုံရှိဟန် တူသည်။ သင်္ဘောထွက်ခွာလာခဲ့သည့် ဆိပ်ကမ်းမြို့ကပါဟု ဖြေသည်။
" ဘာကြောင့်သင်္ဘောပေါ် တက်လာကြတာလဲ "
" အမေရိကန်နိင်ငံကို သွားချင်လိုပါ "
" ဒီသင်္ဘော က အမေရိကန်ကို သွားမယ်လို့၊ ခင်ဗျားတိုပကို ဘယ်သူပြောသလဲ "
ကပ္ပလီနှစ်ယောက်သည် ဘယ်လိုဖြေလျှင် ကောင်းမလဲဆိုသည့် သဘောဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြ သည်။ ဒီအဖြေသည် သူတို့နှစ်ယောက်၏ ဘ၀အရှေ့ရေးအတွက် အလွန်အရေးပါ သော အဖြေဖြစ် သည်။

ကုန်တင်သင်္ဘောတစ်စီးသည် ဆိပ်ကမ်းမှာ ကုန်တင်ကုန်ချပြီးလျှင် ဘယ်ခရီးဆက်သွားမည်ဆိုတာကို ဒေသ အာဏာပိုင်ဖြစ် သည့် ဆိပ်ကမ်းကုန်တင်ကုန်ချ တာဝန်ရှိသူက အသိဆုံးဖြစ်သည်။ ထိုတာဝန်ရှိပုဂ္ဂိုလ် သည် သတင်းရောင်းစားနိုင် သူဖြစ်သည်။ သင်္ဘောတစ်စီးသည် ကုန်တင် ကုန်ချပြီးပါက ဘယ်နိုင်ငံကို ဆက်လက်ထွက်ခွာသွားမည်ဆိုတာကို သူက သိသည်။
ဒီနိုင်ငံမှာ မနေချင်လို့ ကုန်တင်ကုန်ချ သင်္ဘောကြီးတွေပေါ်မှာ ခိုးလိုက်ပြီး တစ်ခြားနိုင်ငံကို ထွက်ပြေးလို သူတွေက သူ့ကို ချဉ်းကပ်ပြီး သတင်းဝယ်ရသည်။ သူက သတင်းရောင်းစားသည်။ အထူးသဖြင့် အမေရိကန်နိုင်ငံသို့သွားမည့် သင်္ဘော၏ သတင်းကို ရောင်းစားနိုင်ပါက ကြေးကောင်းရသည်။ တစ်ခါတစ် လေ သတင်းမှားကို ရောင်းစားပြီး မတရားလုပ်သေးသည်။ နောက်ဆိပ်ကမ်းကို ရောက်တော့မှ အမေရိကန် နိုင်ငံမဟုတ်ဘဲ မိမိတို့နိုင်ငံထက် ဆင်းရဲစုတ်ပြတ်နေသော နိုင်ငံကို ရောက်သွားသဖြင့် ပိုက်ဆံပေးပြီး သတင်း ၀ယ်ခဲ့သူတို့မှာ ခိုးလိုက်လာရတာအကျိုးမရှိဘဲ အဖမ်းခံရတာ အဖက်တင်တာမျိုးဖြစ် တတ်သည်။

သင်္ဘောထွက်ခွာမည့် သတင်းနှင့် နောက်ဆိုက်ကပ်မည့် သတင်းကို ဆိပ်ကမ်းအာဏာပိုင်ဆီက ၀ယ်ခဲ့ပါ တယ်လို့ ဖွင့်ဟ ပြောဆိုမိပါက မိမိတိုင်းပြည်ကို ပြန်ရောက်လျှင် အငြိုးအတေးခံရမည်။ အရေးယူ လုပ်ကြံခံ ရ နိုင်သည်။ ဒါကြောင့် ဒီအဖြေဟာ အရေးကြီးသည်။ သူတို့ ဘယ်လို ဖြေမလဲ နားထောင်နေကြရသည်။
" ဒီသင်္ဘောက သင်္ဘောသားတစ်ယောက်ဆီက ရပါတယ် "
" ဘယ်သူ့ဆီကလဲ "
" နာမည်နှင့် ရာထူး ကို မသိပါ၊ လူမြင်လျှင် မှတ်မိပါတယ် "
လူကိုမြင် လျှင် မှတ်မိပါသည်ဆိုသည့်အတွက် သင်္ဘောမှာ ရှိသမျှ လူကုန်အားလုံး တန်းစီပြရတော့သည်။ ကပ္ပလီနှစ်ယောက် က တန်းစီနေသူတွေထဲက ရာထူး အထိုက်အလျောက်ကြီးသူ တစ်ယောက်ကို လက်ညှိုး ထိုးပြ သည်။ လက်ညှိုးထိုးခံသူ က ငြင်းသေးသည်။

" ကျွန်တော်မပြောဘူး၊ သူတို့နှစ်ယောက်ကို တစ်ခါမျှ မမြင်ဖူးဘူး "
" ကျွန်တော် တို့ကို မပြောပါဘူး၊ ခင်ဗျားကောင်မလေးကို ပြောတယ်။ ခင်ဗျား ကောင်မလေးက ကျွန်တော် တို့ကို ပြန်ပြောတယ် "
ဒီတော့မှ ဇာတ်လမ်းက ရှင်းသွားတော့သည်။ ကိုယ့်လူသည် ကျွန်တော်တို့နှင့်အတူ နိုက်ကလပ်မှာ သူ့ ကောင်မလေးနှင့်အတူ အိပ်သည်။ သူ့ကောင်မလေးက ချောတော့ အပြတ်ကြွေ သည်။ ကောင်မလေး မေးသမျှ ကိုဖြေ သည်။ တောင်းသမျှကိုပေးသည်။ ကောင်မလေးက သူ့ဆီက ရသည့်သတင်း ကို ကပ္ပလီနှစ် ယောက်ကို ရောင်းစားခဲ့တာဖြစ်နိုင်သည်။
သင်္ဘောပေါ် မှာ ခိုးလိုက်လာသူ (စတိုးဝေး)နှစ်ယောက် ပါလာကြောင်း၊ သင်္ဘောပိုင်ရှင်ကိုရော၊ နောက်ဆိုက် ကပ်မည့် ဆိပ်ကမ်း ရှိရာ အမေရိကန်နိုင်ငံကိုပါ အသိပေးအကြောင်းကြားရတော့သည်။ သင်္ဘောပိုင်ရှင် ဆီက ကြေးနန်း ၀င်လာသည်။

" ခိုးလိုက်လာသူ နှစ်ယောက်ကို သူ့နိုင်ငံသို့ ပြန်ပို့ရမည့် ကုန်ကျစရိတ်ကို နှုတ်မလုံသူ သင်္ဘောသား၏ လစာ မှ ဖြတ်တောက် ယူပါ"
နှုတ်မလုံသူ သင်္ဘောသားက သဘောတူလိုက်ရသည်။ သဘောမတူဘူးဆိုပါက အလုပ်ပြုတ်သွားနိုင်သည်။ မှတ်လောက် သားလောက် ဖြစ်သွားသည်။
မကောင်းတာ လုပ်လျှင် မကောင်းတာဖြစ်မည်။ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။

ပင်လယ်ဓားပြကို ခုခံသည့် သင်္ဘောသား၏ရလာဒ်

သင်္ဘောသားလောက မှာ မှားယွင်းစွာ တွေးခေါ်ခံယူထားသည့် အတွေးအခေါ်တစ်ခုရှိသည်။ မိမိ၏သင်္ဘော ကို ဘေးအန္တရာယ်မှ စွန့်စားပြီး ကာကွယ်ပေးလျှင် မိမိကို သင်္ဘောပိုင်ရှင်က သဘောကျပြီး သူကောင်းပြုလိမ့်မည် ဆိုသည့် ယုံကြည်ချက် ခံယူချက်ဖြစ်သည်။ ဒီခံယူချက်သည် တချို့ မြန်မာသင်္ဘော သားတွေ မှာလည်း ရှိသည်။
သူကောင်းပြုခံချင် သည့် ရည်ရွယ်ချက်က ဒီသင်္ဘောကုမ္ပဏီမှာ မိမိကိုယ်တိုင်လည်း အမြဲတမ်း အမှုထမ်းခွင့် ရပြီး မိမိ ၏ သားစဉ်မြေးဆက်ဒီသင်္ဘောကုမ္ပဏီ၏ မိသားစုဝင်ဖြစ်ချင်သည့် ဆန္ဒကြောင့် သူကောင်းပြုခံချင် တာဖြစ် သည်။ သူကောင်းပြုခံရရေးအတွက် သင်္ဘောကို ဘေးအန္တရာယ် မကျရောက်အောင် စွန့်စားကာ ကွယ်တာမျိုးတွေ ကို လုပ်ကြသည်။

သင်္ဘော ကို ဘေးအန္တရာယ်ဖြစ်အောင် စွန့်စားကာကွယ်ခြင်းသည် အတိုင်းအတာ တစ်ခုအထိ လိုအပ်သည်။ မှန်ကန်သည် ဆိုသော်လည်း မလိုအပ်ဘဲ မစွန့်စားအပ်သည့် တချိုကကိစ္စတွေရှိသည်။ လုပ်ဖော်ကိုင်ဖက် သင်္ဘောသား တို့၏ အသက်အန္တရာယ်ကို ကာကွယ်ဖို့ စွန့်စားတာမျိုးကတော့ လိုအပ်သည်။ စွန့်စားသင့် သည့်။ ဥပမာ - သင်္ဘောပေါ် မှာ မီးလောင်နေတာကို တွေ့လို့ စွန့်စားငြိမ်းသက်တာမျိုး၊ ရေ၀င်ပေါက်ကို ရေငုပ်ပြီး ပိတ်တာမျိုးတွေဖြစ်သည်။

သင်္ဘောသား ၏ မလိုအပ်ဘဲ စွန့်စားမှု တစ်ချို့ရှိသည်။ သင်္ဘောပိုင်ရှင်၏ အကျိုးစီးပွားကို ထိခိုက်နိုင်သည့် အတွက်၊ သင်္ဘောပိုင်ရှင် က စွန့်စားသည့် သင်္ဘောသားကို ကျေးဇူးမတင်သည့်အပြင် အပြစ်တင်သည်။ စိတ်ဆိုး သည်။ သင်္ဘောသား၏ မလိုအပ်ဘဲ စွန့်စားလိုက်မှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် ပြဿ နာတွေကြောင့် ဆုံးရှုံးမှု အတိုင်းအတာများပြားသွားနိုင်သည်။
ဥပမာ၊ တစ်ချို့နိုင်ငံတွေက ဒေသအာဏာပိုင်တွေသည် သင်္ဘော၏ အပြစ်အနာအဆာတွေကို ထောက်ပြပြီး ရစ် သည်။ တောင်းသလောက်မပေးလျှင် အလုပ်ကိစ္စပြီးမြောက်အောင် ဆောင်ရွက်မပေးဘဲ အချိန်ဆွဲပြီး ညစ်သည်။ သူတို့တောင်းသည့် တန်ဖိုးသည် ဒေါ်လာတစ်ထောင်မျှသာဖြစ်ကောင်းဖြစ်မည်။ သူတို့ညစ်လို့ သူတို့လိုချင်သည့် အခြေအနေရောက်အောင် ဖြည့်စွက်ပေးရမည်ဆိုလျှင် ဒေါ်လာသိန်းနှင့် ချီပြီး ကုန်သွားနိုင်သည်။ သူတို့တောင်း သလောက် ပေးလိုက်တာက သက်သာသည်။

တောင်းရမလားဆိုပြီး ဒေသအာဏာပိုင်ကို ဆဲဆိုတာမျိုး၊ ဆွဲထိုးတာမျိုး မလုပ်မိဖို့ အရေးကြီးသည်။
အိမ်နီးချင်းနိုင်ငံကြီး တစ်နိုင်ငံ၏ ဆိပ်ကမ်းတစ်ခုမှာ ကြုံခဲ့ရတာကို သတိရသည်။ ဆိပ်ကမ်းအာဏာပိုင်က စာရွက်စာတမ်းတွေ ကို လက်မှတ်ထိုးဖို့အတွက် လက်ဖက်ရည်ဖိုးတောင်းသည်။ ကပ္ပတိန်က မပေးသည့် အတွက် လက်မှတ်ထိုးမပေးဘဲ ထားသည်။ တာဝန်ရှိသူက လက်မှတ်မထိုးသည့်အတွက် ကုန်တင်ကုန်ချ လုပ်လို့ မရဖြစ်နေသည်။ သင်္ဘောတစ်စီးသည် ဆိပ်ကမ်းမှာ ကပ်ထားလျှင် ဆိပ်ကမ်း ကပ်ခ နေ့စဉ်ပေးနေ ရသည်။ တာဝန်ရှိသူတောင်းသည့် လက်ဖက်ရည်ဖိုးသည် ဆိပ်ကမ်းမှာ ရပ်နားထားခ၏ တစ်ဝက်စာပင် မရှိပါ။ ကုန်တင် ကုန်ချမလုပ်ရဘဲ ဆိပ်ကမ်းမှာ ရက်တွေကြာလာသည့်အခါ သင်္ဘောပိုင်ရှင်က ဘာကြောင့် ရက်ကြာနေတာလဲကွ ဟု မေးတော့သည်။ ဒီတော့မှ တာဝန်ရှိသူ၏ ရုံးကို သွားပြီး တောင်း သလောက် ကို ပေးလိုက်ရဖူးသည်။
သင်္ဘောသားတို့သည် သင်္ဘောပိုင်ရှင်၏ အကျိုးစီးပွားကို ကာကွယ်သည့် အနေဖြင့် မျက်နှာလိုအားရ လုပ် သည့် အလုပ်ထဲ မှာ ပင်လယ်ဓားပြကို ခုခံတိုက်ခိုက်တာဟာ အန္တာရာယ်အများဆုံးလုပ်ရပ်ဖြစ်သည်။

အာဖရိကနိုင်ငံ တစ်နိုင်ငံ၏ ဆိပ်ကမ်းတစ်ခုမှာ သင်္ဘောကို ဓားပြတိုက်မှု တစ်မှုဖြစ်ခဲ့သည်။ သင်္ဘောသည် ဆိပ်ကမ်း ကို ၀င်ကပ်ခွင့်မရသေးလို့ ရေလယ်မှာ ကျောက်ချပြီး စောင့်ဆိုင်းနေစဉ်မှာ ဓားပြတိုက်ခံရတာဖြစ် သည်။ ဓားပြတွေသည် မော်တော်ဘုတ်တစ်စီးဖြင့် ရောက်လာကြပြီး သင်္ဘောကြီးဘေးမှာ ၀င်ကပ်လိုက်ကြ သည်။ တာဝန်ကျ သင်္ဘောသားက သင်္ဘောပေါ်မှ ငုံ့ကြည့်လိုက်သောအခါ စစ်ယူနီဖောင်းတွေ ၀တ်ဆင်ထား ပြီး မောင်းပြန်စက်သေနတ်တွေ ကိုင်ထားသူတွေဖြစ်နေသည်။
အစိုးရစစ်တပ် က စစ်သားတွေ သတင်းတစ်ခုရလို့ စစ်ဆေးဖို့ လာတယ်ထင်ပြီး တာဝန်ကျသင်္ဘောသားက လှေခါးချပေးလိုက်သည်။ စက်သေနတ်ကိုင် ယူနီဖောင်းဝတ် ငါးယောက်သည် လှေကားမှ သင်္ဘောကုန်းပတ်ပေါ်ကို တက်လာကြသည်။ သင်္ဘောပေါ်ရောက် လာကြသော အခါ ကပ္ပတိန်ရုံးခန်းကို မသွားဘဲ သင်္ဘောကုန်းပတ်ပေါ်မှာ တင်ယူလာသည့် ကုန်သေတ္တာ(ကွန်တိန်နာ)တွေ ဆီကို တန်းသွားကြ သည်။ ကုန်သေတ္တာတွေ၏ သော့တွေကို သေနတ်ဖြင့် ပစ်ဖွင့်ကြပြီး အတွင်းက ပစ္စည်းတွေ ကို သယ်ယူကြ တော့သည်။

သင်္ဘောသည် ဂျပန်နိုင်ငံက လာတာဖြစ်လို့ ကုန်သေတ္တာတွေထဲမှာ ဂျပန်နိုင်ငံလုပ် ပစ္စည်းမျိုးစုံ ပါလာသည်။ ရေဒီယို၊ ကက်ဆက်၊ တီဗီ၊ ကင်မရာအမျိုးမျိုး၊ အ၀တ်အစားနှင့် ကလေးကစားစရာပစ္စည်း စုစုပေါင်း တန်ဖိုး ဒေါ်လာသန်းနှင့်ချီပြီး တန်သည့်ပစ္စည်းတွေကို သယ်ယူပြီး မော်တော်ဘုတ်ပေါ်ကို တင်နေကြသည်။
ဒီတော့မှ တာဝန်ကျသင်္ဘောသားက ဓားပြတိုက်နေပြီဆိုတာသိပြီး အရေးပေါ်အချက်ပေး လျှပ်စစ်ခေါင်း လောင်းကို တီးသည်။ သင်္ဘောတစ်စီးလုံးရှိ လျှပ်စစ်ခေါင်းလောင်းတွေ မြည်နေစဉ်မှာ တာဝန်ကျ သင်္ဘော သားက သင်္ဘောနံရံမှာ ချိတ်ထားသည့် မီးသတ်ပုဆိန်ကို ဖြုတ်ယူပြီး ဓားပြတစ်ယောက်ကို ပြေးဝင်ခုတ် သည်။
သေနတ်သမား က ပုဆိန်ကိုင်ပြီး ပြေးဝင်လာသည့် သင်္ဘောသားကို စက်သေနတ်ဖြင့် ထိုးပစ်လိုက်သည်။ သင်္ဘောသား ၏ လက်ကို ထိမှန်ပြီး ပုဆိန်လွတ်ကျသွားသည်။ မျက်နှာကို ထိမှန်ပြီး လဲကျသွားတော့ သည်။ သေနတ်သမားက တက်မစင်၏ မှန်ပြတင်း မှ အောက်ကိုငုံ့ကြည့်နေသူတွေ ကိုလည်း သေနတ် ကို ထောင်ပြီး အတွဲလိုက်ပစ်ခတ်လိုက်သဖြင့် တက်မစင်က မှန်တွေ ကွဲကုန်သည်။ ကပ္ပတိန်နှင့်အတူ ကြည့်နေသူတွေ ၀စ်ချ လိုက်ကြရသည်။

ဓားပြတွေသည် ကုန်သေတ္တာဖောက်ယူလို့ရသမျှ ပစ္စည်းတွေ ကို မော်တော်ဖြင့် တင်ပြီး ပြန်လည် ထွက်ခွာသွားကြသည်။ ဒီတော့မှ သေနတ်ဒဏ်ရာဖြင့် လဲကျနေသော သင်္ဘောသား ကို ပြေးကြည့် ကြရသည်။ မသေသော်လည်း လက်တစ်ချောင်းကျိုးသွားသည်။ မျက်စိတစ်ဖက် ကန်းသွားသည်။ ဆိပ်ကမ်းအာဏာပိုင် ကို အကြောင်းကြားပြီး ဆေးရုံတင်လိုက်ရသည်။ ကပ္ပတိန်က သင်္ဘောသားတွေကို ထမင်းစားခန်းမှာ စုရုံးပြီး သြ၀ါဒပေးသည်။

" မစွန့်စားပါနဲ့၊ ယခုအဖြစ်ကို သင်ခန်းစာယူပါ၊ သင်္ဘောဖြင့်တင်ယူလာတဲ့ ကုန်ပစ္စည်းတွေဟာ သင်္ဘောပိုင် ရှင်ရဲ့ ပစ္စည်း မဟုတ်ပါဘူး။ ဒီပစ္စည်းတွေအတွက် အာမခံထားပြီးဖြစ်တယ်။ ပစ္စည်းပိုင်ရှင် မနစ်နာဘူး၊ အာမခံကုမ္ပဏီ က လျော်ကြေးရမယ်။ နစ်နာတာက စွန့်စားတဲ့ သင်္ဘောသားဖြစ်တယ်။ ဆေးရုံတင်ခဲ့ရမယ်၊ အလုပ်ပြုတ်ပြီ၊ ဆေးရုံ က ဆင်းလျှင် သူ့မိခင်နိုင်ငံကို ပြန်ပို့ရမယ်။ သင်္ဘောကုမ္ပဏီမှာလည်း ကုန်ကျစရိတ် တွေ အများကြီးဖြစ် သွားပြီ၊ စွန့်စားတဲ့ သင်္ဘောသားကို ကျေးဇူးမတင်တဲ့အပြင် အကုန်အကျများလို့ စိတ်ဆိုးနေပြီ၊ မစွန့်စား ပါနဲ့ "
ကပ္ပတိန် သည် ဒီသြ၀ါဒကို စောစောက မိန့်ကြားထားသင့်သည်။ သင်္ဘောသားက မသိတော့ သင်္ဘောပိုင်ရှင် က မျက်နှာလို အားရဖြစ်အောင် စွန့်စားတာဖြစ်သည်။ အခုတော့ လက်တစ်ဖက်ကျိုး၊ မျက်လုံးတစ်ဖက်ကန်း ဘ၀ဖြင့် အလုပ်ပြုတ်ရပြီဖြစ်သည်။
မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။

မေ့ဆေး၊ တို့ဆေး သုံးပြီး သင်္ဘောသား၏ ပိုက်ဆံကိုခိုးသူ


နိုင်ငံတကာ သင်္ဘောသားတွေအပါအ၀င် မြန်မာသင်္ဘောသားတွေသည် နိုင်ငံမျိုးစုံကိုရောက်သည်။ လူမျိုးစုံနှင့် ကြုံတွေ့ရ သည်။ အဖြစ်အပျက်မျိုးစုံကြုံရသည်။ ကျွန်တော်နှင့်အတူ သင်္ဘောတစ်စီးပေါ်မှာအတူ အမှုထမ်း ခဲ့ဖူးသည့် မြန်မာသင်္ဘောသားတက်မကိုင်တစ်ယောက်ပြောပြသည့် သူ့ကိုယ်တွေ့ အဖြစ်အပျက်က စိတ်ဝင်စားဖို့ ကောင်းသည်။ ဗုဒ္ဓဘာသာ ယုံကြည်ကိုးကွယ်မှု၏ တန်ဖိုးကို တက်စေသည်။
မြန်မာ သင်္ဘောသားတွေပါသည့် ကုန်တင် သင်္ဘောတစ်စီးသည် အာဖရိကနိုင်ငံ တစ်နိုင်ငံ ဆိပ်ကမ်း သို့ ရောက်ရှိ သွားသည်။ ထိုနိုင်ငံသည် ဆင်းရဲနွမ်းပါးသည့်အပြင် အုပ်ချုပ်ရေး ညံ့ဖျင်း သည့်နိုင်ငံဖြစ်သည့်အတွက် မသမာမှု၊ လာဘ်စားမှု၊ ငွေညှစ်မှု၊ ခိုးမှု၊ လုယက်မှုတိုပဲဖင့် အန္တရာယ် များသောနိုင်ငံဖြစ် သည်။

နိုင်ငံခြားသင်္ဘောတစ်စီး ဆိပ်ကမ်းကို ဆိုက်ကပ်လိုက်ပြီဆိုလျှင် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့နှင့်အတူ ဘာကောင်မှန်းမသိရသည့် ဘာတာဝန်မှ မရှိသူတွေလည်း သင်္ဘောပေါ်ကို တက်လာကြသည်။ လွယ်လွယ် ကူကူ တက်လာလို့ရတာတော့မဟုတ်။ တာဝန်ရှိသူ သို့မဟုတ် လုံခြုံရေးအစောင့်ကို လာဘ်ထိုးပေးကမ်းပြီး တက်ရောက် လာသူတွေဖြစ်သည်။
သင်္ဘောပေါ် ကို တက်လာသူတွေထဲက တာဝန်ရှိသည့် အာဏာပိုင် အဖွဲ့ဝင်ဆိုသူတွေက သင်္ဘောကပ္ပတိန်ကို ညှစ်သည်။ အသေးအဖွဲ့အပြစ် အနာအဆာလေးတွေကို ပုံကြီးချဲ့ပြီး ဒဏ်ငွေဒေါ်လာ သိန်းနှင့်ချီပြီး တပ်ရိုက်ဖို့ ခြိမ်းခြောက် သည်။ သင်္ဘောမှာ သူတို့တွေ့ရှိထားသည့်အပြစ်အနာအဆာလေး အတွက် ဒဏ်တပ် မခံလိုပါက သူ့ကို ဒေါ်လာ ဘယ်လောက်သာ ပေးပါ၊ အားလုံးအဆင်ပြေသွားအောင် လုပ်ပေးမည် စသည်ဖြင့် ညှစ်သည်။

တာဝန်မရှိဘဲ သင်္ဘောပေါ် တက်ရောက်လာသူတွေကလည်း သင်္ဘောပေါ်မှာ ရှိသမျှပစ္စည်းတွေကို လစ်ရင် ခိုးသည်။ မလစ် လျှင် တောင်းသည်။ သင်္ဘောပေါ်မှာ လှည့်ပတ်သွားပြီး လှန်းထားသည့် ဘောင်းဘီ၊ သုံးနေ သည့် ကိုယ်တိုက် ဆပ်ပြာ၊ ချွတ်ထားသည့် ဖိနပ်ကအစ ယူသည်။
သင်္ဘောသားတွေ စွန့်ပစ်ထားသည့် အမှိုက်ပုံးကိုဖွင့်ပြီး လှန်ပြန်ရှာသည်။ ပုလင်းခွံ၊ ဘူးခွံ၊ စက္ကူကဒ်ဘူးက အစ ရောင်းစား လို့ ရတာမှန်သမျှ အကုန်ယူသည်။ အဲဒီလို ခိုးလို့ရလာသမျှကို သင်္ဘောကအဆင်းမှာ လုံခြုံ ရေး ကို တစ်ဝက်ခွဲပေးရသေးသည်။
သင်္ဘောပေါ်ကို တက်လာသူတွေထဲမှာ ထူးဆန်းတာက အောက်လမ်းနည်းပညာကိုသုံးပြီး သင်္ဘောသားတွေ ကို ကြောင်နေအောင်၊ မူးမေ့နေအောင်လုပ်ပြီး သင်္ဘောသားပိုင်ပစ္စည်းတွေကို ခိုးတတ်သူ တွေ ပါလာတတ်ခြင်း ပင်ဖြစ်သည်။

ကျွန်တော် တို့ ငယ်ငယ်က ဖတ်ဖူးသည့် အာလာဒင်နှင့် မီးခွက်ဆန်းပုံပြင်ထဲက မှော်ဆရာကြီးသည် အာဖရိ ကမှာ နေထိုင် သည်။ သူသည် မီးခွက်ဆန်းတစ်ခုကို ရယူရန်အတွက် တရုတ်ပြည်သို့ သွားလေသည်။ စသဖြင့် အော်ဖတ်ခဲ့ရတာကို မှတ်မိနေသည်။ မှော်အတတ်၊ အောက်လမ်းပညာအတတ်တွေသည် အာဖရိ ကမှာ ယနေ့တိုင် ရှိနေသေးသည် ဟု ယူဆရသည်။
အာဖရိကနိုင်ငံ ဆိပ်ကမ်းတစ်ခု မှာ ကျွန်တော့်မိတ်ဆွေ သင်္ဘောသား ကြုံခဲ့ရသည့် အဖြစ်အပျက်သည် အတော် ထူးဆန်း သည်။ အံ့သြစရာကောင်းသည်။ သူသည် ဒီနိုင်ငံ၏ အကြောင်းကိုသိလို့ သတိဖြင့်နေသူ ဖြစ်သည်။

သင်္ဘောဆိပ်ကမ်းမှာ ကပ်ထားစဉ် အလုပ်နားနေသည့်အတွက် သူသည် မိမိ၏အိပ်ခန်းမှာ အနားယူ လဲလျောင်းနေသည်။ ဒီအချိန်မှာ တစ်စုံတစ်ယောက်က အိပ်ခန်းတံခါးကို လာခေါက်သည်။ ဘယ်သူမှန်းမသိလို့ တံခါးဖွင့်ပေး လိုက်သည်။
တံခါးလာခေါက်သူ သည် သပ်ရပ်သားနားစွာ ၀တ်ဆင်ထားသည့်အပြင် တာဝန်ရှိသူလို့ထင်ရလောက်သည့် စာရွက် စာတမ်းတွေထည့်ထားသောဂျိမ်းစ်ဘွန်းလက်ဆွဲဆိတ်ကို လက်မှာဆွဲထားသည်။ သူ့ကို ပြုံးရွှင်ဖော် ရွှေ စွာ နှုတ်ဆက်သည်။
" ကောင်းသောနံနက်ခင်းပါ လူကြီးမင်း "
" ဟုတ်ကဲ့ ကောင်းသော နံနက်ခင်းပါ ခင်ဗျာ "
ဧည့်သည် သည် ၀င်ခွင့်မတောင်းဘဲ အိပ်ခန်းထဲကို ၀င်လာသည်။ သင်္ဘောသား၏ပခုံးကို တရင်းတနှီး ဖက်လိုက်ပြီး ပြုံးရွှင် စွာ စကားပြောသည်။

" လူကြီးမင်းရဲ့ ပါဆင်နယ်ဖက်စ် ဒီကလဲလား စာရွက်မှာ အမေရိကန်ဒေါ်လာ သုံးထောင်ရှိကြောင်း ဖော်ပြ ထားတာတွေ့ တယ်၊ အဲဒါ တကယ်ရှိသလား သိချင်ပါတယ်။ ခဏပြပါ"
ကျွန်တော့် မိတ်ဆွေ သင်္ဘောသားသည် ဧည့်သည်၏ ဖော်ရွေစွာပွေ့ဖက်ကိုင်တွယ်မှုအပြင် ဧည့်သည်ဆီက ရသည့် အနံ့ တစ်မျိုးကြောင့်ဧည့်သည်ပြောသမျှကို ယုံပြီး ခိုင်းသမျှကို လုပ်နေတော့သည်။ နိုင်ငံတစ်နိုင်ငံ၏ ဆိပ်ကမ်း တစ်ခုကို ၀င်ပြီဆိုလျှင် မိမိပိုင်ဆိုင်သမျှတွေကို စာရွက်ပေါ်မှာ ရေးပြီး ဆိပ်ကမ်းအာဏာပိုင်ကို တင်ပြရ သည်။ မိမိ၏ တစ်နှစ်ကျော်ကျော် လုပ်အားခ လစာငွေတွေကို စုဆောင်းထား သည့် ဒေါ်လာသုံးထောင် ရှိကြောင်း ဖော်ပြထားတာကို သူသိနေသည်။ တာဝန်ရှိသူဖြစ်လိမ့်မည်ဟု ယုံလိုက်သည်။

လုံခြုံစွာ သိမ်းဆည်းထားသည့် နေရာမှ ဒေါ်လာသုံးထောင်ကို ထုတ်ယူလိုက်သည်။ ဧည့်သည်၏ လက်ထဲကို ထည့်ပေးလိုက်သည်။ ဧည့်သည်က ဒေါ်လာသုံးထောင်ပြည့်သလား ရေကြည့်သေးသည်။ ပြီးတော့မှ သင်္ဘောသား ၏ အမည်၊ ရာထူးအဆင့်တွေကို ရေးမှတ်သည်။ သူဆွဲလာသည့် ဂျိမ်းစဘွန်းအိတ် ထဲကို ဖွင့်ပြီး ပိုက်ဆံတွေ ကို ထည့်သည်။
" လူကြီးမင်းရဲ့ ပိုက်ဆံတွေကို စ်စဆေးဖို့အတွက် ကျွန်တော်ရုံးကို ခဏယူသွားမယ်။ အတုတွေလား၊ အစစ် တွေလား စစ်ရမယ်၊ အတုတွေဆိုလျှင် လူကြီးမင်းကို အရေးယူရမယ်၊ မစိုးရိမ်ပါနဲ့ အတုတွေဆိုလျှင်လည်း အရေးယူ မခံရအောင် ကျွန်တော် ကူညီပါ့မယ် "
သင်္ဘောသားသည် ဒီအခြေနေအထိ ဘပြန်ပြောရမှန်းမသိအောင် ဆွံ့အနေသည်။ ဧည့်သည်ပြောသမျှ ကို ကြောင်ပြီး ကြည့်နေမိသည်။ ဧည့်သည်၏ အပြောအဆိုနှင့် ရှုရှိုက်နေရသည့် အနံ့တစ်မျိုးကြောင့် သတိလစ် သလို ဖြစ်နေသည်။ ဧည့်သည်သည် ပိုက်ဆံတွေရပြီဖြစ်လို့ ထပြန်တော့မည့်အချိန်မှာ သင်္ဘောသား ၏ ခေါင်းရင်းနံရံမှာ ကပ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်ပုံကို လှမ်းမြင်လိုက်သည်။
ဗုဒ္ဓရုပ်ပွားတော် သည် မူလက မျက်လုံးတော်ကို မှိတ်ပြီး စက္ခုနြေ္ဒချနေသော ပုံတော်ဖြစ်သည်။

ယခုတော့ မျက်လုံးတော် ကို ဖွင့်ပြီး သင်္ဘောသားကို ကြည့်နေတာ မြင်လိုက်ရသည်။ နှုတ်တော်ကလည်း (နင့်ကို လိမ် ညာနေတာ၊ နင် ဘာကြောင်နေတာလဲ) ဟု မိန့်တော်မူနေသယောင် သတိရလိုက်သည်။ ဒီတော့မှ သတိပြန် ၀င်လာပြီး ဧည့်သည်၏ လက်ကို ဖမ်းဆဲထားပြီး အော်ပြောလိုက်သည်။
" ဟေ့လူ၊ ဟေ့လူ ခင်ဗျား ဘာလုပ်တာလဲ၊ ခင်ဗျား မပြေးနဲ့ "
သင်္ဘောသား သည် ဧည့်သည်၏ လည်ဂုတ်ကို ဆွဲထားပြီး စားပွဲပေါ်က တယ်လီဖုန်းနံပါတ်(၀)သုညကို လှည့်အော် လိုက်သည်။
" ကျွန်တော့် အခန်းကို လာကြပါဗျို့၊ သူခိုး သူခိုး သူခိုး "

နိုင်ငံခြား သင်္ဘောတွေက တယ်လီဖုန်းနံပါတ်တွေသည် သုညဆိုလျှင် သင်္ဘောတစ်စီးလုံးကြားနိုင်သည်။ တစ် ဆိုလျှင် ကပ္ပတိန်၊ ၂ ဆိုလျှင် အင်ဂျင်နီယာ၊ ၃ ဆိုလျှင် တက်မစင်၊ ၄ ဆိုလျှင် စက်ခန်း စသည်ဖြင့် ပြော နိုင်အောင် လုပ်ထားသည်။
သင်္ဘောသား ၏ အော်ပြောသံကို ကြားသော သင်္ဘောသားတွေနှင့် ကုန်းပတ်ပထမအရာရှိတို့ တုတ် ဓားတွေ ကိုင်ပြီး ရောက်လာကြသည်။ တာဝန်ရှိသူ ဟန်ဆောင်ထားသူကို ၀ိုင်းဖမ်းလိုက်ကြသည်။ သူ့လက်ဆွဲ အိတ်ထဲ က သင်္ဘောသား၏ ပိုက်ဆံတွေကို ပြန်ထုတ်ယူပြီး လုံခြုံရေးလက်ကို အပ်လိုက်သည်။ ခေါင်းရင်း နံရံက ဗုဒ္ဓရုပ်ပွားတော်ပုံကို လှမ်းကြည့်ပြီး လက်အုပ်ချီလိုက် သည်။ ရုပ်ပွားပုံတော် သည် မူလပုံအတိုင်းပြန်ဖြစ်နေ သည်။
မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။

ဆက်ရန်

.

1 comment:

ပင်နီ said...

Thanks a lot ...