ယနေ့ မူကား ထမင်းမစားသေးဘဲ စောစောစီးစီး အိပ်ခန်းဝင်သည်။ အခြားသူများကိုလည်း စောစောစီး စီး အိပ်ခိုင်း ၏။ ယခင်အခါများ၌ သူ တခြားမှ ထမင်းစားလာခဲ့လျှင် သူတို့ချန်ထားသော ထမင်းဟင်း များကို မဝတဝ စားရရှာသော ဝင်းကြည်အား စားခိုင်း၏။ ယခုမူ ဤသို့ မခိုင်း။ တစ်ရေးနိုးမှ ထစားမည် ဟု ထူးထူးခြားခြား ပြော၏။ ဧကန္တ… သူ တစ်ရေးနိုးတွင် ဘရန်ဒီ ထတွယ်ပြီး ထမင်းစားလိမ့်မည်ဟု သူ့ ဦးလေး ဓာတ် သိသော မောင်ဖြတ်စ အတိအလင်း တွေးမိ၏။ သူ့အတွယ်ခံရိုးလား။ သူ့အရင် ဦးအောင် ထဆော် လိုက်မည်ဟု ဆုံးဖြတ်ကာ မောင်ဖြတ်စသည် အရက် သောက်သူတို့၏ ထုံးစံအတိုင်း တရေးနိုး ရေဆာ လှသည်နှင့် ရေနှစ်ဖန်ခွက်မျှ သောက်လိုက်ရာ အတွင်း အရက်ဓာတ်ခံနှင့် တွေ့သဖြင့် ပြန်၍ ရီတီတီ ဖြစ်လာပြီး အိပ်ပျော်သွားလေ ၏။ ကို ဆက်ဖတ်ရန်..
သူ ဒုတိယအကြိမ် နိုးလာသောအခါ နာရီပြန်တစ်ချက်မျှ ရှိချေပြီ။ ဦးတုတ်ပေါ၏ဟောက်သံနှင့် ကလေး တို့၏ အသက်ရှုသံမှတစ်ပါး ဘာမျှမကြားရတော့ချေ။ ဘရန်ဒီတစ်ပုလင်းနှင့်ပတ်သက်သော အိပ်မက် ပေါင်းများစွာကို မက်ခဲ့၍ ဘရန်ဒီပုလင်းကို သတိရပြီး ရုတ်တရက် ထထိုင်လိုက်သည်။ သွား၍ ခိုးသောက်ရန် ကြံစည်လိုက်၏။ ပုလင်း မှာ တစ်ဖက်အခန်း ကြောင်အိမ်ထဲတွင် ရှိနေ၏။ ထိုအခန်းတွင် ဝင်းကြည်တစ်ယောက် အိပ်သည်။ သို့သော် ကိစ္စမရှိ။ ဝင်းကြည်သည် ကာလနဂါးစံချိန်ကို ချိုးရန် လေ့ ကျင့်နေသူဖြစ်၏။
ပုဆိုးကိုဝတ်၍ ထရန် ဟန်ပြင်သည်။ သူ့ဗိုက်အလွန် လေးလံ၍နေ၏။ အကြောင်းမူကား ညနေ က သောက်ထားသော အရက်နှင့် နောက်ထပ်သောက်သော ရေနှစ်ဖန်ခွက်မှာ ဆီးအိမ်ထဲ၌ ပြည့်နှက်ပြွတ် သိပ်နေ၏။ အသာကလေး ဖင်ရွှေ့သွားသော တစ်ဖက်ခန်းမှ မကြားအောင် နောက်ဖေးခွက်ထဲသို့ ခွေး ထီးတို့၏ နည်းဖြင့် စွန့်ထုတ် လိုက်၏။ ကိုယ်လက်အင်္ဂါ ပေါ့ပါး၍သွားကာ ထ၍ မိုးနက်၏ခြေလှမ်းမျိုးဖြင့် တစ်ဖက်ခန်း ဆီသို့ လျှောက်သွားလေသည်။
ရက်အတော်ကြာစွာ လမ်းမလျှောက်ဘဲ နေခဲ့ရာမှ ညနေက ချက်အရက်ကလေး၏ တန်ဖိုးကြောင့် ကောင်းမွန်စွာ လမ်းလျှောက်နိုင်ပေ၏။ အခန်းပေါက်ဝသို့ရောက်လျှင်ပင် မြွေမြည်သံကဲ့သို့ စူးရှသော ဝင်းကြည်၏ အသက်ရှူသံ ကို ကြားရလေ၏။
လပြည့်ကျော် ၇ ရက်၏ ထွက်ခါစ မှုန်မွှားသော လရောင်ကလေးသည် ဝင်းကြည်၏ခြေရင်းဘက် ပြတင်းပေါက် မပွင့်တပွင့်ကလေးမှ ခဲခဲယဉ်းယဉ်းဝင်ရောက်ကာ ကြောင်အိမ်နံဘေးသို့ မသိမသာ အလင်းရောင်ကလေး ပက်ဖြန်းနေ ၏။ မောင်ြ့ဖတ်စသည် ထိုအလင်းရောင်ကလေးကို မှန်းဆကာ လာ ခဲ့၍ ကြောင်အိမ်တံခါးကို အသာကလေး ဖွင့်ပြီး ဘရန်ဒီပုလင်းကို ကုန်း၍ စမ်းမည်အပြုတွင် နောက်ဖေး မီးဖိုချောင်ဘက် တံခါးဝမှ ရုတ်တရက် မည်းမည်းသဏ္ဌာန်ကြီးတစ်ခု ပေါ်လာသဖြင့် သတ္တိကောင်း သော မောင်ဖြတ်စမှာ ကုန်း၍ မအော်မိရန် မနည်းချုပ်တီး၍ ထားလိုက်ရ၏။
ထိုသဏ္ဌာန်ကား အခြားမဟုတ်၊ အကြံတူ ဉာဏ်တူ နောက်ဖေးဆောင်မှကွေ့ပြီး ဖောက်တံနှင့် ဖန်ခွက် ကိုင် လာသော သူ၏ဦးဘေး ကိုဘခိုင်ဖြစ်ချေ၏။
ကိုဘနိုင်သည် လရောင်မှုန်မွှားလေးကြောင့် မောင်ဖြတ်စ ပုလင်းကို ကုန်းယူမည်ပြုနေသည်ကို သိရ၍
"ဟေ့… ဖြတ်စ၊ မင်းလည်းပဲ…" ဟု နှုတ်ဆက်လိုက်ပြီးမှ မောင်ဖြတ်စမှာ သူ့ဦးလေးမှန်း သိရသဖြင့် အကြောက်ပြေ သွား၏။ သို့သော် သူခိုးကြီးနှင့် သူခိုးလေးဖြစ်၍ ဘာမှမပြောနိုင်။ အူကြောင်ကြောင်ဖြစ် နေရာ ကိုဘနိုင်က တစ်ဖန်ဆက်၍ "လာကွာ… အတူ နှိပ်ကြာတာပေါ့။ ငါလည်း မင်းအဒေါ်မသိအောင် ထလာတာကွ" ဟု ဆိုပြီး ဖန်ခွက်နှင့် ဖောက်တံကို ကြောင်အိမ်ပေါ်တင်လိုက်မှ အသက်ရှူဖြောင့်သွား ကာ တစ်စုံတစ်ရာ ကို ပြန်ပြောလိုက်မည်အပြုတွင်… "ဟိုက်… ဟိုက်" ဟု တူဝရီးနှစ်ယောက်စလုံး၏ ပါးစပ်မှ တစ်ယောက် တစ်ပေါက် အော်မိလေ၏။
အကြောင်းမှာ တစ်ဖက်မှ "ဖျောက်" ဟု ဓာတ်မီးခလုတ်ဖွင့်သံနှင့် တစ်ချိန်တည်း သူတို့ သူခိုးခန်းမှာ မီး ထိန်ထိန်လင်း သွားသောကြောင့်တည်း။
နှစ်ယောက်သား တစ်ယောက်နှင့် တစ်ယောက် ကြက်သေသေနေပြီး တစ်ယောက်မျက်နှာ တစ်ယောက် အံ့အားသင့်စွာ ကြည့်နေရာမှ နဘေးတစ်ဖက်သို့ မျက်နှာလွှဲလိုက်ကြရာ "ဟင်… ဟယ်…" ဟု နှစ်ယောက်စလုံး တစ်ယောက်တစ်ပေါက်စီး တစ်ဆက်တည်း ဒုတိယအကြိမ် အသံထွက်သွားပြန် လေ၏။
ထိုအကြိမ် ကား အခြားမဟုတ်၊ သူတို့၏စိတ်တွင် မည်သို့မည်ပုံဖြစ်ပေါ်သွားသည်ဟု ထုတ်ဖော် မရေးနိုင် လောက်အောင် မမြင်စဖူး မကြည့်အပ်သော အရာဝတ္ထုပစ္စည်းတို့ကို တွေ့မြင်ရသောကြောင့် ဖြစ်သ တည်း။
အကြောင်းမူကား ၁၅ နှစ်၊ ၁၆ နှစ် အရွယ်ရှိသော ဝင်းကြည်၏ အအိပ်ဆိုးပုံဖြစ်၏။
အကယ်၍သာ မယ်ဗမာ၊ မယ်ဒဂုံပြိုင်ပွဲရှိသကဲ့သို့ မယ်အအိပ်ဆိုးပြိုင်ပွဲရှိလျှင်မူကား ဝင်းကြည်သည် မယ် အအိပ်ဆိုး ဘွဲ့နှင့် စိန်ဘယက်ကြီးကို ယူမည်မျာ သေချာလှတော့၏။
မကြာသေးမီက မမြခင်ဝတ်ပြီး ဟောင်းနွမ်း၍ ပေးဝတ်စေသော ပိုးတွန့်လုံချည်ကလေးမှာ ခါးတွင် ဂျင် ကြိုးသဖွယ် လိမ်ကျစ်ရစ်ခွေနေ၏။ အပေါ်ရင်စေ့အင်္ကျီမှာ နံဘေး၌ ချွတ်ပုံထား၍ သူနှင့်မတန် ပွရောင်း သော ရှင်မီးအင်္ကျီ သည်လည်း လည်ပင်းတွင် စုပုံနေ၍ အရေးကြီးသောဌာနေတို့မှာ ဟာလာကျင်း၍ နေ ကုန်၏။
ပူအိုက်၍လား မသိ၊ ကိုယ်လုံးကို စင်းစင်းကြီး ပက်လက်လှန်ကာ ပေါင်တစ်ခုကို ဆန့်ထား၍ အခြား ပေါင်တစ်ခု မှာ ၁၁ ပိုင်းနှစ်ပိုင်း ဒီဂရီမျှသာ စောင်း၍ ထောင်ထားသောလေသဖြင့် အပျိုပေါက်ဝင်းကြည် ၏ဝစ်လစ်စလစ်သာ ပုံသဏ္ဌာန် မှာ တူဝရီးနှစ်ယောက်၏မျက်မှောက်တွင် လယ်ပြင် ဆင်သွားသကဲ့သို့ ထင်ရှား၍နေ၏။
ဖယောင်းတိုင် ၄၀ အားရှိသော ဓာတ်မီးပွင့်၏အောက်တွင် အိပ်ပျော်နေသူ၏ကိုယ်လုံးကိုယ်ပေါက် အလှပြပွဲကို တူဝရီးနှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ဘာမျှမပြောနိုင်ဘဲ၊ မည်မျှလောက် ပင် စိတ်ဝင်စားနေသည် မသိ၊ "ဘယ်လိုများ ငြင်းချက်ထုတ်ကြဦးမလဲ" ဟု မမြခင်၏ ရည်ရွယ် ချက် အောင်မြင်သောအသံ ကို ကြားမှသာ ရုတ်တရက် လှည့်လိုက်ကြလေ၏။
"အမယ်… ကျောင်းတုန်းက ဒရိမ်းဆင်းခဲ့တာတွေ မမေ့ကြသေးဘဲကိုး။ ကဲ… ကျုပ်ချောင်းနေတာ ကြာ လှပြီ။ ဘယ်သူလဲ ဆိုတာသာ ပြောပေရော…"
"ဟေ… ဘာကိုလဲဟ" ဟု ကိုဘနိုင်သည် လန့်ဖျပ်ကာ အော်လိုက်၏။
"ဒါကိုရှင့်… ဒါကို" ဟု မမြခင်သည် ဝင်းကြည်၏ကိုယ်ထဲသို့ စူးဝင်သွားလောက်အောင် လက်ညှိုးငေါက် ဆတ်ဆတ် ထိုးပြလေ၏။
"ဟေ…" "ဟ…" ဟု တူဝရီးနှစ်ယောက်သား သံပြိုင်အော်ကာ ဘာမျှမသိသကဲ့သို့ ဝင်းကြည်ဘက် လှည့်ပြီး ကြက်သေသေနေကြပြန်၏။
"တော်ကြပါ၊ ကြည့်မနေကြပါနဲ့တော့၊ ဝပဲ မဝကြသေးဘူးလား…။ ကောင်မကလည်း အအိပ်ဆိုးလိုက် တာ၊ ငါ ပြောရ မကောင်းတော့ဘူး။ ဒါကြောင့်…"
"ဒါ့ကြောင့် ဘာဖြစ်သလဲဟ…"
ကိုဘနိုင်က အံ့သြစွာ မေးခွန်းထုတ်လိုက်၏။
"အမယ်…၊ မသိချင်ယောင်ဆောင် မေးနေတာလား။ ရှင်းရှင်း ပြောရဦးမလား၊ ခု… ဒီကောင်မလေးမှာ မမာမချာ ရှိနေပြီရှင့်… သိကြရဲ့လား"
"ဟေ…" "ဟ" ဟု နှစ်ယောက်သား တစ်ပြိုင်နက် တစ်ယောက် တစ်ပေါက် အော်ကြပြန်သည်။
"ဟေ… ဟ တွေ လုပ်မနေကြနဲ့၊ ကိုယ့်မြင်းကိုယ်စီးလို့ ဘယ်ခရီးရောက်နေကြမှန်းမသိဘဲနဲ့ ဘယ်သူလဲ ဆိုတာသာပြော နှစ်ယောက်စလုံးပဲလား"
တူဝရီးနှစ်ယောက်သား "ဟိုက်… ဟိုက်…"နှင့် တစ်ယောက်တစ်ပေါက်အော်ကာ သူတို့၏ငယ်ထိပ်များ သည် အထက် မျက်နှာကြက်ကို တက်၍ ဆောင့်မိသကဲ့သို့ ခေါင်းကိုပွတ်နေကြလျက် တစ်ယောက် တစ်ယောက် မယုံကြည်သော မျက်လုံးတို့ဖြင့် ကြည့်ကြလေ၏။
ဦးလေးကလည်း တူကို ထင်၏။ တူကလည်း ဦးလေးကိုထင်၏။ သို့သော် ဤနေရာမျိုး၌ လျှာ သွက်လှ သော မောင်ဖြတ်စက… "ဒေါ်ဒေါ်… ကျွန်တော် မဟုတ်ဘူး" ဟု ဦးအောင်ပြင်းလိုက်၏။
"ဟိတ်… ငါလည်း မဟုတ်ဘူး" ကိုဘနိုင်က ငြင်းလိုက်ပြန်၏။
"ဘာ… ရှင်က မဟုတ်ဘူးလဲ၊ ခုနက ရှင်ပြောထားတာပဲ၊ "လာကွာ… အတူတူနှိပ်ကြတာပေါ့၊ ငါလည်း မင်းအဒေါ် မသိအောင် ထလာတာ" ဆိုတာ ဘာလဲ၊ ကျုပ် မကြားဘူး မှတ်လို့လား၊ ဒါ… ဒွတ္တဘောင် မွေးဖို့ သရေခေတ္တရာပြည် မဟုတ်ဘူး ရှင့်၊ ကျုပ်အဖေအိမ်၊ နားဆတ်ဆတ်ကြာတာတောင် ကွယ်တုန်း ပဲ"
"ဟာ… ငါပြောတာ ဒါကိုမဟုတ်ဘူးဟ…"
"ဒါမှမဟုတ်လို့ ဘယ်ဟာများ ရှိသေးလို့လဲ၊ ရှင့်ကိုယ်က လွန်လွန်းတယ်၊ ကိုယ့်မယား လည်းရှိသားနဲ့၊ ကောက်ရိုး မလောက် မြက်မလောက်…"
"ဟေ့… တော်၊ ငါ မဟုတ်ဘူးဆိုနေတာ…" ကိုဘနိုင်သည် မျက်မှောင်ကုတ်၍ အော်လိုက်၏။
မမြခင်လည်း ပိုမိုဒေါပွလာကာ နှုတ်ခမ်းကို တင်းပြီး သွားချင်း ကျစ်ကျစ်မြည်အောင် ကြိတ်ကာ မျက်လုံးကို ဖြဲထုတ်လျက်
"ဟင်း… ရှင် ငြင်းတုန်းပဲလာ၊ ခုတောင် ရှင်တို့လူမျိုးက ဟိုဒင်းပြုရင်းမိနေတောင် တကူကူးစီးတာပါ ပြောဦးမှာ…" ဟု ခပ်ရိုင်းရိုင်းတွယ်လိုက်၏။
ကိုဘနိုင်လည်း စိတ်ဆိုးသည်မှတစ်ပါး ချေချေငံငံ ပြောစရာအကြောင်းမရှိ။
"ဟေ့… တော် တန် တိတ်၊ နင် တယ်ရိုင်းပါလား" ဟုသော အော်လိုက်ရ၏။
"ကဲ… ကဲ၊ မဟုတ်ရင် အချိန်မတော်ကြီး ရှင်… ဒီအခန်းထဲ ဘာပြုလို့ ရောက်နေတာလဲ၊ ဒီသေခဲတဲ့ ဖာကျိုးကရော" ဟု မောင်ဖြတ်စဘက်သို့ လှည့်၍ မေးခွန်းထုတ်လိုက်၏။
မောင်ဖြတ်စလည်း ဉာဏ်ဆင်ကာ စိတ်မလုံ့တလုံနှင့်…
"ကျွန်… ကျွန်တော် တခြားတစ်ပါးသွားမလို့ နောက်ဖေး ထွက်ရအောင်…"
"ဘာ… နင် နောက်ဖေးထွက်ရအောင်လဲ၊ ခါတိုင်းတော့… အခန်းထဲမှာချည့် ခွက်နဲ့သွားနေပြီးတော့…"
မမြခင် က ဖြတ်၍ အော်လိုက်၏။
မောင်ဖြတ်စလည်း လန့်ဖျပ်ကာ…
"မ… မ… မဟုတ်ဘူး ခင်ဗျ… ဒီ"
"ဘာ မဟုတ်ဘူးခင်ဗျာ့လဲ၊ မမာနေရာကတောင်"
"မ… မဟုတ်ဘူးခင်ဗျာ့၊ ဒီလိုခွက်ထဲမှာချည်း သွားနေရတာ ယူပစ်လား၊ ငင်ပစ်လားနဲ့ အားနာလို့…"
"ဘာ အားနာလို့လဲ၊ ခါတိုင်းတော့ မနာဘူး၊ ခုမှထူးပြီး"
"မ… မ… မဟုတ်ပါဘူးခင်ဗျာ့"
"ဘာ… မဟုတ်ဘူးခင်ဗျ၊ လာပြန်ပလား"
"မလာပါဘူးခင်ဗျ၊ ခုညတော့ မနေ့ကသောက်တဲ့ ဆေးကလေးနဲ့ တည့်လို့ နေကောင်းထိုင်သာရှိတာနဲ့ လူများကို ဒုက္ခ မရှာပါဘူးလေ၊ ကိုယ့်ဟာကိုယ် နောက်ဖေးသွားနိုင်သားနဲ့ဆိုပြီး ထွက်လာခဲ့တာ… ဦးလေးနဲ့တွေ့တာပဲ" ဟု ပြောလိုက်ရာ မမြခင်သည် ကိုဘနိုင်သို့ တစ်ဖန်လှည့်ပြီး…
"ကဲ… ရှင်ကရော ဘာလာလုပ်တာလဲ ဝါစမ်းပါဦး"
"ငါလည်း နောက်ဖေးသွားမလို့ လာခဲ့တာ"
"ဘာ… ရှင် နောက်ဖေးသွားရင် ဒီအခန်းက သွားရမှာလား၊ ကိုယ့် အိပ်ခန်းကနေပြီး နောက်ဖေးတိုက် ရိုက်သွားနိုင်သားနဲ့ ဝါရင်လည်း ယုတ္တိရှင်အောင် ဝါ သိရဲ့လား…"
ကိုဘနိုင်သည် မောင်ဖြတ်စကို သံယောင်လိုက်၍ ဝါရာ သူ့အပြောမှားနေ၏။ အမှန်မှာ ဤအခန်းသည် သူတို့အိမ်ခန်း ၏ခြေရင်းဘက်၌ နောက်ဖေးသွားလိုလျှင် ဤအခန်းသို့လာစရာမလို။ မောင်ဖြတ်စ၏ အခန်းသာ အိမ်ရှေ့ဘက် ကျနေ၍ ထိုအခန်းမှ ဖြတ်လာရ၏။
သို့သော် သူလည်း ဂျပန်၏အဝယ်တော် လုပ်နေသူဖြစ်၍ အလိမ်အဝါ ဉာဏ်မခေ။
"ငါ စက္ကူယူရအောင် လာတာ" ဟူ၍ ထပ်ကွန့်လိုက်လေ၏။
"အောင်မာ၊ အိမ်သာထဲမှာ စက္ကူတွေတစ်ပုံတစ်ခေါင်းကြီး အမြဲရှိတယ်ဆိုတာ အသိသားနဲ့၊ လျှာအရိုး မရှိ တိုင်း လျှောက်ညာမနေနဲ့။ ခု ကောင်မလးမှာ ထင်ထင်ရှားရှား ဖြစ်တော့မယ်၊ ကျုပ်က လူပါးရှင့်၊ ကြက်သွန်ခွံ ထက် ပါးသေးတယ်၊ အဲဒါ အကဲခတ်ပြီး ချောင်းနေတာ ကြာလှပြီ၊ ခုမှ ပိတ်မိလျက်သား မိ တော့တယ်၊ ရှင်တို့နှစ်ယောက် ထဲက တစ်ယောက်ယောက်၊ ဒါမှမဟုတ် နှစ်ယောက်စလုံးပဲလား"
ဦးလေး ကလည်း တူကို မင်းလားဟူသော မျက်လုံးဖြင့် ကြည့်၏။ တူကလည်း ဦးလေးကို ထိုနည်းအတူ ကြည့်၏။
"ငါတော့ မဟုတ်ပါဘူးဟယ်… ကျမ်းကျိန်ပြောရဲပါတယ်"
"ကျွန်တော်လည်း မဟုတ်ပါဘူးဗျာ၊ မမာနေတာ ဒေါ်ဒေါ် အသိသားနဲ့…"
"အံမာ၊ ရှင်တို့နှစ်ယောက်ကမှ မဟုတ်ရင် ကောင်မလေးလည်း အိမ်က တခြားအပြင်ထွက်ရတာ မဟုတ်ဘူး။ တစ်အိမ်လုံး ကျုပ်အဖေနဲ့မှ ယောက်ျား ၃ ယောက်ရှိတာ။ ကျုပ်အဖေကိုများ လွှဲချချင်ကြ သေးသလား"
"ဒီလိုဆို… သူ ဟုတ်ချင်ဟုတ်မှာပေါ့" သွက်လက်သော မောင်ဖြတ်စက ပြောလိုက်၍ ကိုဘနိုင်က လည်း ထောက်ခံသော မျက်လုံးဖြင့် ကြည့်၏။
"ဟေ့… ဟေ့၊ ငါတော့ ဆွဲမထည့်ကြပါနဲ့ကွာ။ ငါ လူကြီးပါ၊ အသက် ၆၀ ကျော်နေပါပြီ…" ဟု ဦးတုတ် ပေါသည် အိမ်ရှေ့ခန်းမှနေ ၍ ကာကွယ်လိုက်သည်။ သူသည် မီးဖွင့်ကတည်းက အိပ်ရာမှနိုးနေ၍ အခန်းထဲမှ ပြောသမျှကို အကုန်ကြားနေ၏။ "ဘိုးဘိုး၊ ခင်ဗျား ပုလင်းတစ်လုံးတော့ နိုင်သေးတယ် မဟုတ်လား"
မောင်ဖြတ်စ က တောလိုက်၏။ "ဟေ့… ဒါက… ဘာဆိုင်လဲကွ။ ကျန်းမာရေးအတွက် သောက်တာ"
"ခင်ဗျား သောက်တာကို ပြောနေတာ မဟုတ်ဘူး။ ပုလင်းတစ်လုံးဟာ ဖွဲဆယ်ဆုပ်မက လေးတယ် မဟုတ်လား"
ဦးတုတ်ပေါမှာ အဓိပ္ပာယ်မသိသေးဘဲ
"အိုး… ဒါ ဘာဆိုင်လဲကွ"
"ဆိုင်ပြီလားဗျ။ ယောက်ျားဆိုတာ ဖွဲတစ်ဆုပ်မနိုင်မှ ဒါမျိုးလျှော့သတဲ့"
ဦးတုတ်ပေါမှာ ယခုမှ အဓိပ္ပာယ်ပေါက်သွားပြီး အကြီးအကျယ် ဒေါပွလာကာ…
"အမယ်… မင်းကများ ငါ့ကို မလေးမခန့်နဲ့" ဟု ဆိုပြီး အိပ်ရာမှ ထလာလေ၏။
"အဖေ… အဖေ၊ ဒီမလာနဲ့၊ ဒီမှာ အမြင်မတော် အထင်မတော်… ဟောဒီကောင်မ အိပ်ပုံက" ဟု သမီး က တားလိုက် မှ ရပ်တန့်သွား၏။
အကြောင်းမှာ အနား၌ ဆူညံစွာ ပြောဆိုနေကြသော်လည်း ကာလနဂါး၏ရက်ကော့ဒ်ကို ချိုးမည့် ဝင်းကြည်မှာ မနိုးသေး။ နောင် အအိပ်ဆိုး ပြိုင်ပွဲပြုလုပ်ပါက စိန်ဘယက်ကိုယူရန် လေ့ကျင့်နေတုန်းပင် ဖြစ်သည်။
မမြခင်လည်း လင်နှင့်တူကို စစ်ဆေးနေရသည်နှင့် သူ့ကို မပြုပြင်ရသေး။ ဦးတုတ်ပေါ ဝင်ရောက်လာ မည်ပြုမှပင် သတိရလာကာ ဘာမသိ ညာမသိ အိပ်နေရှာသူအား ခွေးကန်သလို ကန်ပြီး…
"ဟဲ့… ကောင်မ ထ၊ ထမီ ဝတ်၊ အအိပ်ဆိုးလိုက်တာက၊ တယ်… လေညှင်းခံလို့ ဇိမ်ရှိနေပေါ့လေ…"
နောက်တစ်ချက် ထပ်ကန်လိုက်ပြန်၏။ သို့သော် မနိုးသေး။ အိုးအိုးအင့်အင့်သာ လုပ်နေ၏။
ခမျာမှာ များစွာ ပင်ပန်း၏။ တစ်နေ့လုံး အအားမနေရ။ နံနက် စောစော ထ ရေနွေး တည်၊ ကော်ဖီကျို၊ ဈေးပြေး၊ ရေခပ်၊ ထမင်းဟင်းချက်၊ စားသောက်ဆေးကြောပြီး ကလေး သုံးယောက်နှင့် လူကြီးလေး ယောက်၏အဝတ်ကိုလျှော်ပြီး ကြမ်းတိုက်၊ နောက် နေ့ခင်းကော်ဖီဖျော်၊ အဝတ်တွေ မီးပူတိုက်၊ ညစာ ထမင်းချက်၊ စားသောက်ဆေးကြောပြီး တစ်အိမ်လုံး တံမြက်စည်းလှည်း၊ အိပ်ရာအားလုံးခင်း၊ ဦးတုတ်ပေါနှင့် မမြခင်ကို တစ်လှည့်စီ နင်းပေး။ ည ၁၀ နာရီ ၁၁ နာရီလောက်မှအိပ်၊ "သြော်… ဒါလောက် ပင် ပန်းနေ လျက်သား နဲ့တောင် ကောင်မလေး ဒီလောက်ဝသေးသကိုး" ဟု အောက်မေ့ခဲ့ကြရာ၊ ခု နင်က မမြခင်ပြောမှသာ "သြော်… ဒါကြောင့်ကိုး…" ဟု ရိပ်မိကြတော့၏။
နောက်တစ်ချက် ကန်လိုက်ပြန်၏။ ဤအချက်မှာကား ဘောလုံးချန်ပီယံ၏စံချိန်ကို မီဟန်တူသည်၊ ဝင်းကြည်မှာ မနေနိုင်တော့ဘဲ "အမယ်လေးရှင့်" ဟု အော်ကာ ထထိုင်ပြီး လုံးကျစ်နေသော ထမီကို ခဲခဲယဉ်းယဉ်းဖြည်၍ ဝတ်နေလေ၏။ "ဟဲ့… ကောင်မ ပြော၊ နင့်ဆီ ညည ဘယ်သူလာသလဲ"
ခြေနှင့်ရွယ်ရင်း မေးလိုက်၏။ "အမယ်လေး… မကန်ပါနဲ့တော့ မမရဲ့၊ ဘယ်သူမှ…"
"ပြော… မှန်မှန်" တစ်ချက် ကန်လိုက်ပြန်၏။
"အမလေး… ပြောပါ့မယ် မမရဲ့၊ ကိုမောင်ခင်…"
"ဘာ… ဘသူ၊ ဘယ်က ကိုမောင်ခင်လဲ၊ ဖြတ်စမဟုတ်လား"
"အမယ်လေး… ကျုပ် ဆွဲမထည့်ပါနဲ့ဗျာ၊ မောင်ခင်နဲ့ ဖြတ်စ နာမည်ချင်း တစ်ဂါဝုတ်လောက် ကွာပါ တယ်"
"မဟုတ်ဘူး မမရဲ့…"
"ဒါဖြင့် ဘယ်သူလဲ၊ ပြော…"
"ဘယ်သူမှ မဟုတ်ဘူး…" "ဘာ နင်က လိမ်ပြန်တာလဲ၊ ခုနက ပြောတဲ့ ကိုမောင်ခင်ဆိုတာက ဘယ်သူလဲ…"
"ဒါက မြင်းလှည်းမောင်းတဲ့ ကိုမောင်ခင်၊ ညဦးက သူ့မြင်းမလေး တိုးစိန်ကို ခြံဝင်းထဲမောင်းတာ ပြော တာ…"
"ဒါကိုမဟုတ်ဘူး။ ညည နင့်ဆီလာပြီး အိပ်တဲ့လူကို မေးတာ…"
"ဘယ်သူမှ လာမအိပ်ဘူး…"
"ဟဲ့ ကောင်မ ပြော။ ဖုံးမနေနဲ့၊ နင့်ကိုယ်နင် ဘာဖြစ်နေလဲဆိုတာ သိရဲ့လား၊ နင်က မသိဘူးမှတ်ပြီး ဖုံး နေတာ လား" "သိပါတယ် မမရဲ့။ ကျွန်မ အိပ်နေရင်း လုံချည်ကျွတ်နေလို့ မမက လုံချည်ဝတ်ဆိုလို့ ဝတ်ပြီး ဖုံးလိုက် ရပါတယ်…" တူဝရီးနှစ်ယောက် ရယ်ချင်လာ၏။ မမြခင်မှာ ဒေါထတုန်းပင်…
"ဒီကောင်မ အိပ်မှုန်စုံမွှားနဲ့ တွေ့ကရာ လျှောက်ပြောနေတယ်။ မေးတာလည်း နားလည်တာမဟုတ် ဘူး။ မနက်မှ သေသေချာချာ မေးပြီး ဥစ္စာရှင်ရော ဘာရော အတူ အိပ်က နှင်ပစ်ရမယ်" ဟု မောင်ဖြတ်စကို အနည်းငယ် မျက်စောင်းထိုး၍ ပြောလိုက်၏။
"လာကြ… လာကြ မနက်မှ ဆက်စစ်ပြီး အိမ်က နှင်ပစ်ရမယ်။ နှင်ပစ်မှ ထားလို့မဖြစ်ဘူး" ဟု ဆိုကာ ရှေ့မှ ထွက်သွားလေ၏။ တူဝရီးနှစ်ယောက်လည်း နောက်မှ ကျီးကြည့် ကြောင်ကြည့် လိုက်လာကာ ကိုဘနိုင် က မောင်ဖြတ်စ နားကပ်၍… "ဟေ့ ဖြတ်စ မင်းနဲ့လား…" "မဟုတ်ဘူးဗျ… ဘုရားစူးရစေ့"
"ဒါဖြင့် ဘယ်အကောင် များ အချောင်အုပ်သွားပါလိမ့်" "အိမ်က အဘိုးကြီးလားမှ မသိတာ"
လူချင်းကွဲသွားကြလေ၏။ ဝင်းကြည်ကား ဘာမျှနားလည်ဟန် မတူ။ အားလုံးထွက်သွားကြလျှင် တုံးလုံး လှဲပြီးပြန်၍ နှစ်ခြိုက်စွာ အိပ်ပျော်သွားပြန်လေ၏။
အိပ်ခန်းအသီးသီးသို့ပြန်၍ ရောက်ကြသော်လည်း တော်တော်နှင့်အိပ်မပျော်ကြသေးချေ။ ကိုဘနိုင်တို့ အခန်းမှ တီးတိုးဆူပွက်ငြင်းဆိုသံများကို ကြားရလေ၏။
မောင်ဖြတ်စလည်း ဤမရည်ရွယ်ဘဲ လှည်းကျိုးထမ်းရမည့်အမှုကို မစဉ်းစားဘဲ မနေနိုင်။
"ကောင်မလေးဟာ တော်တော်ကြာ ထင်ထင်ရှားရှား ဖြစ်တော့မယ်" ဆိုသော သူ့အဒေါ်၏စကားကို တွေးမိ၏။ သည်အတိုင်းမှန်လျှင် တရားခံတစ်ယောက်ယောက်တော့ ရှိရတော့မည်။ အစွပ်အစွဲခံရသူ မှာ သူတို့တူဝရီးနှစ်ယောက်၊ ဦးတုတ်ပေါကိုပါ ဆွဲထည့်သော်လည်း အမှုလိုက်က သူ့အဖေမို့ အရေး မယူ။ သူ့ကိုယ်သူ မဟုတ်ကြောင်းကိုကား သိ၏။ သူ၏ဦးလေးလား။ သူလည်း စိတ်ချရသူမဟုတ်။ အဘိုးကြီး ဦးတုတ်ပေါရော၊ သူလည်း တွယ်ချင် တွယ်မည်။
ဝင်းကြည်ကိုကား နက်ဖြန်နှင်ပစ်မည်မှာ သေချာ၏။ အလွန် အလုပ်အကိုင်ကောင်း သည်။ နှမြောစရာ ကောင်း၏။ ကောင်မလေးနှယ် မိုက်လိုက်ဘိခြင်း။ သြော်… သူလည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ် ဆို တော့ အစေခံပေမယ့်လည်း သူဌေးသမီးတွေ စိတ်နဲ့ အတူတူပေါ့။
တရားခံ များမှာ ဤနေရာ၌ ကိုယ့်ကိုယ်ကိုယ် အလွတ်ရုန်းရန်လို၏။ အကယ်၍ အမှန်အတိုင်း ဘရန်ဒီ ခိုးသောက်ရန် လာပါသည်ဟု ညက မပြော။ နံနက်ကျမှပြောလျှင် တူဝရီးနှစ်ယောက်သား တိုင်ပင်ထား ကြသည်ဆို၍ မမြခင် အယုံအကြည်ရှိမည် မဟုတ်။ ဒွတ္တဘောင်၏ဖခင် စူဠာသမ္ဘဝ၊ မဟာသမ္ဘဝ ဟူ၍ သာ စွပ်စွဲတော့မည် ဖြစ်၏။
မောင်ဖြတ်စ လွတ်အောင်ရုန်းဖို့ကား နောက်ဖေးသွားရန် ထလာခဲ့ကြောင်း ယုံကြည်အောင် လုပ်ရပေ မည်။ သူ့အဖို့ အကြောင်းယုတ္တိလည်း ပြည့်စုံ၏။ သို့သော် ခပ်စောစော အိပ်ရာထ တွယ်ထားသော အညစ်အကြေးမှာ နောက်ဖေးအိုး ပြည့်လုနီးပါးရှိနေ၏။
သူသည် သူခိုးဝတ္ထု၊ စုံထောက်ဝတ္ထုများကို ဖတ်ထားသူဖြစ်၍ ဉာဏ်မခေလှ၊ ထိုအရာများကို ဖျောက် ဖျက်ပစ်မှ အရေးလှချေမည်ဟု တွေးတောကာ ဆုံးဖြတ်ချက်ချလိုက်၏။
အချိန်ကား နံနက်စောစော၏ရှေ့တော်ပြေးဖြစ်သော လင်းကြက်တို့စ၍ နှုတ်ခွန်းဆက်ကြလေပြီ။ ဘရန်ဒီ တစ်ပုလင်း၊ ဗိုက်တစ်လုံး၏ကိစ္စအတွက် ရတက်မအေးရသော လူမမာ မောင်ဖြတ်စသည် သူ၏ နောက်ဖေးခွက် ကို မနိုင့်တနိုင် သယ်မကာ နောက်ဖေးဆောင်သို့ လာခဲ့လေ၏။
အိမ်သာခန်းအထိ သွားလျှင် အပလေတိုက်ခတ်မည်ဖြစ်၍ မသင့်လျှော်။ မီးဖိုချောင်ထဲမှနေ၍ သွန် လိုက်မှသာ တော်ချေမည်ဟု စိတ်ကူးကာ ပြတင်းပေါက်တစ်ခုဖွင့်ပြီး နောက်ဖေးလမ်းကြားထဲသို့ သွန် ချ လိုက်လေ ၏။
"ဝူးဝါး… ဝူးဝါး၊ အမလေး… ဝေါ့ဝံထွီ၊ ဘွက်နွဲ့ဟာတွေလဲကွ၊ ထွီး… လွတ်စမ်း၊ လွှတ်စမ်း… ခဏ လွှတ် စမ်း"
ဟူသော မသဲကွဲသောအသံများကို ကြားရသဖြင့် ပြတင်းပေါက်မှ ငုံ့၍ကြည့်လိုက်ရာ မှုန်မွှားသော အလင်းရောင် ကလေး၏အောက်တွင် ထွေးလုံးရစ်ပတ်နေသော ကျားသဏ္ဌာန် မသဏ္ဌာန်နှစ်ခုကို မြင်ရ သဖြင့် အံ့အား သင့်ကာ "ဟဲ့… ဟဲ့ ဘယ့်နှယ်ဟာတွေလဲ" ဟု အော်မိလေ၏။
ပုံသဏ္ဌာန်နှစ်ခုမှ တစ်ခုနှင့်တစ်ခု ပိုသီဖတ်သီ ခွဲခွာရင်း "ဝေါ့ ထွီ… လူများ မေးမနေပါနဲ့။ ခင်ဗျားကော ဘယ့်နှယ် ဟာကြီးလဲ ရက်စက်တဲ့လူဗျာ… ထွီ လူတွေမှ မမြင်တော့ဘူးလား။ အကန်းထင်ပါရဲ့" ဟု မာ ဆတ်ဆတ် ပြောသော ယောက်ျားသံကို ကြားလေ၏။
"ဟ… မြင်ရင် သွန်ချပါ့မလား၊ လူပဲ… မမြင်လို့သာပေါ့"
"လူဆိုလို့… ခင်ဗျားကိုယ် ခင်ဗျား ပြောလို့သာ ယုံရတယ်။ ဒီမှာ ကစ်(စ်) လုပ်နေတုန်းမှပဲ"
"ဟ… ဒီလိုဆို စုပ်ယူလိုက်သလို နေမှာပေါ့။ ဟီ… ဟီ…၊ ဝမ်းနည်းပါတယ်ကွာ"
"ဝမ်းနည်းရုံနဲ့နည်းနေ ဒီမှာဖြင့် ကိုယ်ချင်းစာကြည့်ပါဦး၊ ခင်ဗျားတို့ ကစ်(စ်) လုပ်နေတုန်းများ… ဒီလို…"
"ဟေ့… ဟေ့… ဒါမျိုးများ ကိုယ်ချင်းစာဖို့မပြောနဲ့၊ ထွီ… စိတ်ကူးထဲတောင် မထည့်ပါရစေနဲ့၊ ဒါနဲ့ မင်းတို့ မောင်နှံက ဘယ် ကများတုံး၊ လူများ နောက်ဖေးလာပြီး အချစ်စခန်းချနေကြရအောင်…" ဟု မေးလိုက် မှ…
"သြော်… ကိုယ့်ဆရာက မသိသေးဘဲကိုး။ ကဲ… အဝင်းရာ မထူးပါဘူးကွာ၊ မျက်နှာမော့ပြလိုက်စမ်းပါ" ဟု ဆိုပြီး ခေါင်းငုံ့နေသော မိန်းမသဏ္ဌာန်ကို မေးကိုင်ပြီးမှ ပြလိုက်ရာ ဖြတ်စမှာ…
"ဟိုက်… အမလေး… ဒေါ်ဝင်းကြည်ကိုး၊ အင်း… အင်း…ဒါကြောင့်" ဟု ဆိုတာ သူ့ဦးနှောက်ထဲတွင် အသိဉာဏ်တွေ တစ်ပြုံတစ်ခေါင်းကြီး ပေါ်လာလေ၏။
"ဘာ… ဒါကြောင့်လဲ ဆရာ"
"သြော်… မင်းတို့အတွက် ငါ စဉ်းစားမိလို့ပါ။ ငါ မေးတာ မှန်မှန်ပြောစမ်း၊ မင်းတို့ချင်း စဖြစ်ကြတာ ဘယ်လောက်ကြာပြီလဲ…" "ခုချိန်အထိ ၄ လ ၃ ရက်နဲ့ တစ်ညရှိပါပြီ"
"နေ့တိုင်း ဒီလိုတွေ့ကြတာပဲလား" "နေ့ဆက် ရက်ဆက်ပေါ့… ဆရာ"
မလွတ်လပ်သော အစေခံဖြစ်လင့်ကစား ၂၄ နာရီအတွင်း ခဲခဲယဉ်းယဉ်း လစ်ဟင်းသော အချိန်ကလေး ၁ နာရီ ခန့် ကိုပင် အချစ်အတွက် အကွက်ကျအောင် အသုံးချပုံကို စဉ်းစားမိကာ ညက ကိစ္စအတွက်နှင့် အဘိုးကြီး နှုတ်ခမ်းမွေး မီးရှို့မှုကြီးကို ရှင်းလင်းရန် စိတ်ကူးဉာဏ်ဝင်စားလေလေ၏။
"မင်းတို့ ကျူးကျူးလွန်လွန် ဖြစ်နေကြပြီလား"
"ဟာ… ဆရာ၊ ဒီယုန်မြင်လို့ ဒီချုံထွက်တာ မလွန်ဘဲနေကြပါ့မလား… ဆရာ"
"ဝင်းကြည်မှာ ကိုယ်လေးလက်ဝန်ရှိနေပြီဆိုတာကော သိရဲ့လား…"
"သိပြီလား… ဆရာ၊ ကျွန်တော်လည်း မိန်းမရခဲ့ဖူးတာပဲ"
"နို့… မင်း မိန်းမကော ရှိလျက်ပဲလား"
"မရှိတော့ပါဘူးဗျာ၊ အိမ်မှာ ဘော်ဒါတစ်ယောက်၊ ဖဲဉာဏ်သမားရယ်လို့ သုံးရစားရရှိမလား ခေါ်ထားပါ တယ်…၊ အိမ်က မယား လစ်ပြေးတယ်ဗျ။ ဒါကြောင့် သူ့ကို…"
"ဒါဖြင့် သူ့ကို တကယ်ယူနိုင်ပါ့မလား"
"ယူနိုင်ပြီလားဗျာ၊ ဆရာတို့အိမ်က လူကြီးတွေသာ သွေးဆောင်မှုနဲ့…"
"အို… ဒါအတွက် ငါ့တာဝန်ထားလိုက်၊ မင့်နာမည် ဘယ်လိုခေါ်သလဲ၊ ဘာလုပ်စားသလဲ၊ အိမ်က ဘယ်မှာလဲ"
"နာမည် က မောင်သိန်း ခေါ်ပါတယ်၊ ပန်းတနော်လမ်း နောက်နားက ကုန်းပေါ်မှာနေပြီး မြင်းလှည်း မောင်း စားပါတယ်…"
"ကောင်းပြီး၊ မင်း တကယ် ချစ် မချစ် စမ်းမယ်၊ ကဲ… ချစ်ရင် ဖက်ပြီး ကစ်(စ်) လုပ်စမ်း"
"ဟာ… ဆရာကလည်းဗျာ၊ ရှက်စရာကြီး"
"အို… တကယ်ချစ်ရင် ငါ ခိုင်းတာ လုပ်စမ်းပါ"
မောင်သိန်းဆိုသူက မနေသာတော့ဘဲ ဝင်းကြည်၏တောင့်တင်း စိုပြည်နေသော ကိုယ်လုံးကလေးကို ဖက်ကာ ဗိုလ်ဆန်ဆန် အကြာကြီး နှုတ်ခမ်းချင်းစုပ်နေလေ၏။
"ဟေ့… ဟေ့… တော်ပြီ… တော်ပြီ။ မင်းချစ်တာ သေချာပြီ၊ ဘာပြုလို့လဲဆိုတော့ ဒီလိုပေရေစိုရွှဲနေတာ တောင် ကျကျနနဖက်ပြီး ကစ်(စ်)လုပ်တာ ထောက်တော့ တကယ်ချစ်တယ်ဆိုတာ ငါ ယုံကြည်တယ်"
"သြော်… ဒီလိုလား… ဆရာ" ဟု ဆိုကာ မောင်သိန်းသည် မျက်ပေါက်ကျဉ်းကလေးများကိုမှေးပြီး သွားဖုံး လုံးကလေးပေါ်အောင် ရယ်ကာ "ဒါတော့ စိတ်ချပါဗျာ၊ ခု ထပ်ပြီး လုပ်ရဦးမလား… ဆရာ၊ ဝါသနာက မခေပါဘူး"
"တော်ပါပြီကွယ်၊ ငါ ကျေနပ်ပါပြီ"
"ဆရာ ကျေနပ်တာကတော့ ဟုတ်ပါပြီ…၊ ကျွန်တော်တို့ ပေါင်းရအောင် ဘယ်လိုလုပ်ပေးမှာလဲ"
"အို… ဒါကတော့ အလွယ်ကလေးပါကွယ်…၊ အထုပ်အပိုးနဲ့ ခေါ်ပြေးရုံပေါ့"
"အို… ဒါကတော့ ခင်ဗျား ပြောမှပဲလားဗျာ၊ ကျုပ်လည်း သိတာပေါ့၊ ဒါမှ ခင်ဗျာ့ဦးလေးကြီး သူ အရောင်းအဝယ် လုပ်နေတဲ့ ကင်ပေတိုင်က ယာမာမိုတိုကြီး သွားပြောလို့ အစေခံသွေးဆောင်မှုနဲ့ အမွေးတွေ တစ်ချောင်း စီနုတ်ပြီး လက်သည်းခွံတွေ အကုန်ခွာပစ်အောင်လားဗျ၊ တော်ပါဗျာ၊ ကျုပ် အကောင်းမှတ်လို့ သူ ခိုင်းတာ လုပ်နေ ရတယ်"
"ဟေ… အံမာ၊ ဒီလိုမဖြစ်ရပါဘူးကွာ၊ ငါ့နာမည် ဖြတ်စတဲ့ကွ။ မှတ်ထားပါ၊ မင်း မနက်ကျ အိမ်ကသာ စောင့်နေ၊ လာခေါ်ပြီး လူကြီးစုံရာ နဲ့ကို ထည့်လိုက်မယ်…။ စိတ်သာချ ပြန်တော့၊ ငါနဲ့ ဝင်းကြည်နဲ့ စီမံရဦးမယ်"
"အေး… ဒီလိုဆို ကောင်းပါပြီဗျာ။ မဟုတ်ရင်တော့ စမ်းချောင်းထိပ်က ကျုပ်တို့ မြင်းလှည်းအသင်းနဲ့ကို လူစု ပြီးတော့ ခင်ဗျား ဆေးရုံသွားတုန်း ဝိုင်းရိုက်ပစ်မယ်… သိလား" ဟု ကြိမ်းမောင်းကာ မောင်သိန်း သည် ခါးချည့်ကလေး ကုန်းကုန်းနှင့်ထွက်သွားလေ၏။
ဉာဏ်ကြီးရှင် မောင်ဖြတ်စနှင့် ဝင်းကြည်သည် တစ်ယောက်နှင့် တစ်ယောက် မည်သို့ တိုင်ပင်သင်ကြား ပြီး နံနက် အိပ်ရာထတွင် အမှုလိုက် ဒေါ်မြခင်က စစ်ဆေးသောအခါ ဝင်းကြည်က ဘယ်လိုပြောလိုက် သည်မသိ ဒေါ်မြခင်သည် မီးဖိုချောင်ထဲတွင် တစ်ယော်က်တည်းငိုကာ ဒေါသပုန်ထနေလေ၏။
"ကြည့်ကြပါဦးတော်… အသက် ၆၀ ကျော်လို့ သေခါနီးမှ အိမ်က အစေခံလေးနဲ့ ဖြစ်ရသတဲ့၊ ကိုယ်မနေ နိုင်လို့ ကမြင်းချင် ပြောရောပေါ့၊ တော်ရုံတန်ရုံဟာ ပိုက်ဆံပေးရတာပေါ့၊ ခုတော့ အိမ်က ခိုင်းတဲ့ဟာ လေးနဲ့ လူမသိ သူမသိ ဗိုက်ကြီးနေ တယ် ဆိုတော့… အမယ်လေး… ရှက်လှချည်ရဲ့"
"ညက ဖြတ်စ ပြောတာ ယောက်ျား ဖွဲတစ်ဆုပ်မနိုင်မှ လျှော့တယ်ဆိုတာ မှန်နေတာပေါ့။ ကြည့်စမ်းပါ ဦးတော်…၊ ညတိုင်း ညတိုင်း ကောင်မလေးဆီ သွားနေတာ လေးလ ကျော်ပြီတဲ့၊ သားသမီးဆွေမျိုးတွေ မျက်နှာမထောက် လုပ်ရက်လေ… အဖေရယ်" ဦးတုတ်ပေါကား ဘာမျှမသိ။ နံနက်စောစော ထုံးစံအတိုင်း တုတ်ကောက်၊ ဘောင်းဘီတို၊ ဗိုက်ရွှဲကြီးနှင့် လမ်းလျှောက်သွားလေပြီ။ ကိုဘနိုင်ကား အိပ်ရာထဲက နားထောင်နေ ၏။ မောင်ဖြတ်စကား လူနာခန်း တွင် အိပ်ချင်ပြုကာ ပြုံးစိစိလုပ်နေ၏။ ဝင်းကြည်မှာ အိမ်သာနှင့် ရေချိုးခန်းအကြားတွင် ပုနေရ၏။ ကလေးသုံးယောက်ကား မအေ့အနားတွင် ထိုင်ကာ ရောငိုနေ၏။
"ကြည့်ကြပါဦးတော်… ဒီနုနုထွတ်ထွတ်ကလေးနဲ့ဝအောင် ကမြင်းရလို့ ကောင်မလေးက နှုတ်ခမ်းမွေး ကြီး နဲ့ယားတယ် ရိတ်ပစ်မှ လာရမယ်ဆိုလို့ ဉာဏ်ဆင်ပြီး နှုတ်ခမ်းမွေးကို မီးနဲ့တမင်သက်သက်ရှို့ပြီး ကျုပ် သားလေး ဆော့တယ်ဆိုပြီး မချိမဆံ့ရိုက်သေးတယ်တော့။ နို့ပြီး ဝင်းကြည်ကိုပဲ မောင်လေး ဆော့ တာ မြင်တယ် လို့ ပြောလို့ သင်ထားလိုက်သတဲ့။ ဉာဏ်များပါပေတယ် အဖေအိုကြီးရဲ့။
သေခါနီးကြီးရဲ့။ ညကများ ဖြတ်စက ဟုတ်တာပြောတော့ အမယ်လေ… သူက စိတ်တွေ ဘာတွေ ဆိုးလို့ အော်… တဏှာ… တဏှာ၊ မြေးမှန်း သားမှန်းတောင် မသိတော့ဘူး…"
မယားငိုယို ဆူပူသံကြား၍ ကိုဘနိုင်မှာ မနေနိုင်တော့ဘဲ အကျိုးအကြောင်းကို သဲကွဲအောင် လာရောက် မေးမြန်းသဖြင့် ဝင်းကြည် ပြောသမျှကို ပြောပြကာ "သူ အရင် ဒီလိုမဟုတ်ပါဘူး ကိုနိုင်ရယ်။ လူရိုးကြီး ပါ။ ဒီမင်းတိုင်ပင်အမတ် အလုပ်လုပ်လိုက်မှ ရှိသမျှပစ္စည်းလည်းကုန်၊ အဖတ်ဆယ်မရ၊ အကျင့်စာရိတ္တ ပါ ပျက်စီး လာတာ ခုတော့ ဒီဗိုက်ကြီးနဲ့ ဒီအဘိုးကြီး ဘယ့်နှယ့် လုပ်မလဲ ကိုနိုင်ရဲ့ စီမံပါဦး…"
"သိပ်ကျယ်ကျယ်ကြီး ပြောမနေပါနဲ့ လူများကြားသွား ရှက်စရာကြီး၊ ညက ဖြတ်စပြောတာ မှန်နေတာ ပေါ့ကွ၊ သွားသွား သူ့ဆီ သွားတိုင်ပင်ချေ။ သူက ဒါမျိုး အင်မတန် ဉာဏ်ရှိတဲ့ကောင်" ဟု တူဝရီးနှစ် ယောက်မှာ အိပ်ရာထဲ မှာ တိုင်ပင်ရင်းရှိသည့်အတိုင်း သူ့တူထံ လွှတ်လိုက်လေ၏။
မမြခင်မှာ ဖခင်အိုကြီးအတွက် မနေသာတော့ဘဲ ဖြတ်စ၏အခန်းထဲသွား၍ ချော့မော့သော အသံဖြင့် နှိုး ရလေ၏။ အိပ်ချင်ယောင်ပြုနေသူမှာ တော်တော်နှင့် မနိုးနိုင်ဘဲ အတော်ကလေး လှုပ်နှိုးမှ ပါးစပ်ကိုဟ၍ "ဝါး… ဘာလဲဗျ အန်တီ…"
"ထပါဦး ငါ့တူရယ်၊ ညက မင်းပြောတာ မှန်နေတာပေါ့ကွဲ့"
ဘာမျှမသိသကဲ့သို့ မျက်လုံးကိုပွတ်ကာ။
"ဘာလဲ… အန်တီရဲ့…"
"ကောင်မဗိုက်ပေါ့ကွဲ့…၊ ခု မိုးလင်းမှ သေသေချာချာ စစ်ဆေးကြည့်တော့ အဖေနဲ့တဲ့"
"ဟင်…၊ ဖြစ်မှဖြစ်ရလေဗျာ၊ ညက ကျွန်တော် ရမ်းသန်းပြောတာ၊ ဟုတ်မှ ဟုတ်ပါ့လေလားဗျာ…၊ ကျား သားမိုးကြိုး"
"ဟုတ်ပါတယ် ငါ့တူရယ်…။ ဝင်းကြည်က အသေအချာကို ပြောပြတာ၊ နှုတ်ခမ်းမွေး မီးလောင်ပြီး ရိတ်ပစ် ရတာတောင် ကောင်မလေး က ယားတယ်ဆိုလို့တဲ့၊ ဉာဏ်ဆင်ပြီး ရိတ်တာ၊ ကြားထဲက ငါ့သား လေးတောင် အပြစ် ရှာပြီး ရိုက်လိုက်တာကွယ်…။ မသနား မညှာ မြေးကလေးကိုတောင် မအတွက်နဲ့ သူမို့ လုပ်ရက်တယ်…"
"သြော်… တဏှာဆိုတာ ဒီလိုပေါ့၊ မှောင်ထဲမှာ ဒီအမှောင် အကြီးဆုံးတဲ့"
"အေးကွယ်… အဲဒါ မင်းပဲ ကြည့်စီမံပါဦး…၊ ငါတော့ ခေါင်းမီးလောင်နေပြီ"
"ဘယ်လိုလုပ်စေချင်တာလဲ"
"ဒီအကြောင်းကို ဘယ်သူမှမသိစေဘဲ ကောင်မလေးလည်း ကျေကျေနပ်နပ်ထွက်သွားပြီး နောင်လည်း ဘယ်သူမှ မပြောလေအောင်"
မောင်ဖြတ်စ သည် ခေါင်းကုတ်၍ အနည်းငယ် စဉ်းစားဟန်ပြုကာ…
"အင်း… ဒါဖြင့် ဒီလိုလုပ်လေ၊ ငွေကလေး အနည်းအကျဉ်းတော့ ကုန်ခံရလိမ့်မယ်၊ ကောင်မလေးကို တကယ်ကြိုက်ပြီးတော့ အတည်ယူချင် တဲ့ ကောင်တစ်ယောက်ရှိတယ်၊ ကျွန်တော့်ကို အပူကပ်နေတာ ကြာပြီ"
"အမယ်လေး… လုပ်စမ်းပါကွယ်၊ ငွေ ဘယ်လောက်ကုန်ကုန် အရှက်တကွဲ အကျိုးနည်းမဖြစ်ပြီးရော…၊ သူက ဘယ်သူလဲ၊ ရိုးရိုးသားသားပဲလား"
"ဟို ပန်းတနော်လမ်း အနောက်နားက မောင်သိန်းတဲ့… ကောင်လေးက ရိုးပါတယ်"
"သြော်… ဟို မအူပင်လမ်းထိပ်က ပါးရွဲ့ရွဲ့နဲ့ မင့်ဆီ လာလာလည်တာ မဟုတ်လား"
"မဟုတ်ပါဘူး၊ ဒါက ဖိနပ်ထောင်တဲ့ မောင်သောင်းပဲ၊ ခုဟာက မြင်းလှည်းမောင်းတဲ့ မောင်သိန်း၊ ကျွန်တော်ကတော့ သူ့ကို မင်း ငါ့ကို ဘရန်ဒီအစစ်တစ်လုံး ရှာပေးရင် ပြောပေးမယ်လို့ ပြောထားသေး တယ်"
"အမယ်လေးကွယ်…၊ သူ့ ရှာခိုင်းမနေပါနဲ့တော့ ဒီကိစ္စ လွယ်အောင်သာ လုပ်စမ်းပါ၊ မနေ့က ဂြိုလ်မင်း ကြီး ယူလာတဲ့ ပုလင်းပဲ မင်းယူပါ၊ ငါ့အတွက် အရေးမကြီးပါဘူး"
မောင်ဖြတ်စ မှာ တီးပေါက်ဝင်သွားကာ အခန်းဝ၌ မတ်တတ်ရပ်ကြည့်နေသော သူ့ဦးလေးကို အဒေါ် မမြင်အောင် မျက်စိမှိတ်ပြပြီး… "ဒီလိုဆိုလည်း အကောင်းသားပဲ၊ ကဲလေ… အဘိုးကြီး ပြန်မလာခင် ကိစ္စပြီးအောင် ဝင်းကြည် ခေါ် လိုက်စမ်းပါဦး" ဝင်းကြည် မှာ ဣနြေ္ဒရရနှင့် ရောက်လာ၏။
"ကဲ… ဝင်းကြည်၊ နင့်ဖြစ်ပုံတွေ ငါ အကုန်သိရပြီ၊ ကံကောင်းလို့ တို့တူဝရီးနှစ်ယောက် အမှုပတ်နေတာ နင်က ဖွင့်ပြောလို့သာပေါ့၊ ခုတော့ ဒီအဘိုးကြီးနဲ့ဆိုတော့ ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး။ လူကြီးကစလို့ မှားမိတာတွေ မှားပါစေတော့…။ ဟောဒီ နင့်အဒေါ်များရော၊ ငါတို့ရော အရှက်တကွဲ အကျိုးနည်း မဖြစ် ကြရအောင် ငါ့စကားကို နားထောင်…၊ နင့်ကို တကယ်ကြိုက်ပြီး… ကောင်းကောင်း မွန်မွန်ပေါင်းမယ့် ကောင် ရှိနေတယ်။ မြင်းလှည်းမောင်း တဲ့ မောင်သိန်းရယ်…၊ နင် သိတယ် မှုတ်လား။ အေး သူ့ကို ယူ လိုက်။ နင့်အဒေါ်ကလည်း ငွေအနည်းအကျဉ်း ပေးလိုက်လိမ့်မယ်…"
"အေးကွယ်… ရွယ်တူတန်းတူချင်း ကောင်းပါတယ်။ ငါကလည်း ငွေ ၃၀၀ိ ပေးလိုက်ပါ့မယ်"
ဝင်းကြည် လည်း ဣနြေ္ဒရရ ခေါင်းငုံ့ကာ…
"ဟုတ်ကဲ့… ကိုကိုဖြတ် သဘောပါပဲ"
"ကဲ… ကဲ… အဘိုးကြီး ပြန်မလာခင် ပြီးသွားအောင် မောင်သိန်းကို သွားခေါ်ဖို့ ကလေးတစ်ယောက်ကို လွှတ်လိုက်၊ ကျွန်တော် စာရေးပေးလိုက်မယ်"
"ရုတ်တရက် ချက်ချင်းကြီး ဖြစ်ပါ့မလားကွယ်…။ မင်းလူက မယုံသင်္ကာဖြစ်နေ…"
"အို…၊ ဒါ ကျွန်တော့် တာဝန်ထားလိုက်၊ ဒီကောင်က လိုချင်လို့ သေလုလို့၊ ကျွန်တော် ဉာဏ်ဆင်ပြီး ပြောပါ့မယ်…၊ ကျွန်တာ် ဖျားနေတာလည်း သူ သိသားပဲ၊ (ငါ မမာတာ အိမ်က ခြေနှစ်ချောင်း ထွက်မှ ကောင်းမယ် ဗေဒင်ဟောလို့…မင်းနဲ့ အမြန်ခေါ်ပေးစားတာကွ) လို့ ပြောမှာပေါ့၊ ဒါအတွက် မပူပါနဲ့…၊ စာရွက် နဲ့ ဖောင်တိန်သာ ပေးစမ်းပါ"
မကြာမီ မောင်သိန်းရောက်လာကာ အကျိုးအကြောင်း ပြောပြလေ၏။ ငါးမိနစ်အတွင်း၌ပင် ထိုကိစ္စပြီး မြောက်သွားကာ သတို့သား မောင်သိန်းနှင့် သတို့သမီး ဝင်းကြည်တို့သည် ကိုဘနိုင်၊ မမြခင်၊ မောင် ဖြတ်စတည်းဟူသော လူကြီးလူကောင်းသုံးယောက်တို့အား ခင်စန်းမြင့်၊ မောင်တင်လှ၊ မောင်လေး တည်းဟူသော ကလေးပရိသတ်သုံးယောက်ရှေ့တွင် နှစ်ယောက်ယှဉ်တွဲ ကန်တော့ ပြီး မမြခင်ဆီက ငွေ ၃၀၀ိ နှင့် ဝင်းကြည်အဝတ်အစားထုပ်ကလေးကိုဆွဲကာ အိမ်မှဆင်း သွားကြလေ ၏။
"အမယ်လေး… ခုမှ အလုံးကြီး ကျသွားတော့တယ်…။ ငါ့ခက်ကရော အောက်မေ့နေတာ၊ မင့် ကျေးဇူး ပါပဲကွယ်..."
မောင်ဖြတ်စက ပြုံးစိစိနှင့်…
"ကျေးဇူးပြောနေရုံနဲ့ မပြီးသေးဘူး၊ ကျွန်တော့်ကို ပေးမယ်ဆိုတဲ့ ဘရန်ဒီလည်း လုပ်ဦးလေဗျာ…"
"သြော်… ဟုတ်သားပဲ၊ ပေးပါ့မယ်ကွယ်… ကဲ… သမီး သွားယူပေးလိုက်ပါကွယ်၊ သူ့ဉာဏ်ပူဇော်ခ"
"သြော်… ဒီမှာ အန်တီ၊ အဘိုးကြီး ပြန် လာရင် ဘာမှမပြောနဲ့နော်၊ ဘာမှမဖြစ်သလိုနေ သိလား…"
"အမယ်လေး ပြောဖို့ နေနေသာသာ သူ့မျက်နှာတောင် မကြည့်ချင်ဘူး"
တုတ်ကောက်၊ ဘောင်းဘီတို၊ ဗိုက်ရွှဲကြီးနှင့် လမ်းလျှောက်သွားသော ဦးတုတ်ပေါ ကား ပြန် မလာသေး။ မောင်ဖြတ်စတို့ တူဝရီးကား ဘရန်ဒီတစ်ပုလင်းနှင့် ဇိမ်တိုးလျက်…။
ဆက်ရန်
.

No comments:
Post a Comment