အပြင်ဘက်မှ ဟာရီယက်က တံခါးခေါက်နေသဖြင့် အတွေးစ ပြတ်သွားသည်။ လူစီဘဲလ်သည် မျက်နှာသုတ် ပ၀ါဖြူကြီး ရင်လျားကာ အပြင်သို့ ထွက်ခဲ့သည်။ ဘီရိုထဲမှ အမေ့ဝတ်စုံကို ထုတ်လိုက် သည်။ ဘရာစီယာ တစ်ထည်ကို ကောက်ဝတ်၊ နိုင်လွန်ခြေအိတ်ကိုစွပ်၊ ခါးပတ်ပတ်၊ သူ့ဆံပင်တိုလေး ကို ဖီး။ နှုတ်ခမ်းနီ အသစ် ထပ်ဆိုးကာ မီးဖိုထဲသို့ ဆင်းခဲ့၏။ "ဟာ ငါ့သမီးက တယ်လှပါလားကွ"
အဖေက ပြောပြောဆိုဆို သမီးကို ပွေ့ချီလိုက်သည်။ နောက်ကားပေါ် သွားကြသည်။ ကားမထွက်ခင် အမေပြောသံ ကို တစ်ခွန်းကြားလိုက်ရသေးသည်။ "အမေချက်ထားတဲ့ဟင်းကိုတော့ သူကြိုက်မှာ ပါ နော်" တဲ့။ ကို ဆက်ဖတ်ရန်............
(၇)
"သမီးတို့ကို သူက သဘောကျပါ့မလား"
လူစီဘဲလ်က ကားမောင်းသော သူ့အဖေအား မေးလိုက်သည်။
"သဘောကျ ပါလိမ့်မယ်ကွယ်" "မဟုတ်ဘူး ဖေဖေရဲ့ သမီးဆိုလိုတာက သူဟာ သမီးတို့အခြေအနေတွေကို သိပါ့ မလားလို့၊ သူက အိန္ဒိယအမျိုးသားဆိုတော့ အခြေအနေတွေကို နားလည်ဖို့ အတော်ခက်လိမ့်မယ်။ ကျွန်မတို့ ပြဿနာ ကို သူ မသိဘူး မဟုတ်လား" "ဒါတွေကို မပူပါနဲ့ သမီးရယ်။ ဒါတွေကို သူ မကြောက်လို့ ဒီပြဿနာတွေ သူသိလို့ ဘန်နီကာတက္ကသိုလ်ကို သူရွေးတာဖြစ်မှာပေါ့" "ဖေဖေကော သူ့ကို ဘယ်လိုပုံ ထင်သလဲ" "ဖေဖေလည်း သေသေချာချာ မပြောနိုင်ဘူးကွယ့်၊ ဖေဖေက အိန္ဒိယလူမျိုးတွေကို သိပ်မသိ ဘူး၊ ဖေဖေ ဆေးကျောင်း တက်တုန်း က အိန္ဒိယကျောင်းသား တချို့တော့ တွေ့ခဲ့ဖူး တယ်။ နောက်ပိုင်း ကျတော့ သူတို့က အင်္ဂလန်ကို ပညာသင်သွားကြလို့ ကွဲသွားကုန်တာပဲ"
"နောက်တော့ကော" "နောက်ပိုင်းမှာ အိန္ဒိယလူမျိုးဆရာဝန်တွေ ဇနီးသည်တွေ ကို ဆေးပညာနှီးနှော ဖလှယ်ပွဲတွေ မှာ တွေ့ဖူး တာပဲ၊ ရင်းတော့ ရင်းရင်းနှီးနှီး မသိပါဘူး" "သူတို့က အစားရှောင်သလားဟင်၊ အမဲသားကော စား သလား" "တချို့ကတော့ အမဲသား စားကြတာပဲ၊ ဒါပေမဲ့ အများစုကတော့ သတ်သတ်လွတ် သမားတွေပဲ" "ဟာ ဒါဆိုရင်တော့ မေမေတော့ ဒုက္ခပဲ၊ မေမေက ရာဂျာအတွက် ကြက်သားချက်ထားတာ" "သူတို့ရှောင်ကြ တာ က အမဲသားပါ၊ နွားကို သူတို့က အထွတ်အမြတ် သတ္တ၀ါအဖြစ် ထားကြတယ်ကွ။ သမီး အမေဟင်း ကို မြည်းကြည့်သေးလား" လူစီဘဲလ်က ခေါင်းညိတ်ပြလိုက်၏။
"ကောင်းရဲ့လား သမီးရဲ့" "ကောင်းတော့ ကောင်းပါတယ်။ ဒါပေမဲ့ အဖေတော့ ကြိုက်မှာ မဟုတ်ဘူး၊ သိပ်ပြီး ပူတဲ့စပ်တဲ့ ဟင်းပဲ" ကားလေသည် ဘူတာရုံကို ရောက်လာသည်။ လူစီဘဲလ်က ပလက်ဖောင်းပေါ် ဆင်းသွား သည်။ "ဟိုမှာ ကြည့်စမ်း ဖေဖေ ဘုန်းတော်ကြီး မစ္စတာမက်သီယာစ်နဲ့၊ သူ့ဘေးကလူဟာ ရာဂျာ မဖြစ်နိုင်ဘူး လားဟင်" သူ့အဖေနှင့် ဘုန်းတော်ကြီးတို့ အားရ၀မ်းသာ နှုတ်ဆက်လိုက်ကြသည်။
"ဖရက်ရေ ငါမင်းရဲ့ ကျောင်းသားတစ်ယောက်နဲ့ မိတ်ဆက်ပေးရဦးမယ်။ ဒါက ရထားပေါ်မှာ အတူတူ စီးလာကြတာ ကွ၊ ရာဂျာ ဒါက ဒေါက်တာဖရက်ဒရစ် အေမိစ် ဆိုတာလေ၊ ဘန်နီကာတက္ကသိုလ်ရဲ့ အဓိပတိကြီးပေါ့"
"တွေ့ရတာ ၀မ်းသာပါတယ် ရာဂျာ၊ ဆရာတို့က မင်းကို ၀မ်းသာအားရ ကြိုဆိုလျှက်ပါကွယ်"
ဒေါက်တာအေမိစ်က သူ့နဂိုထုံးစံအတိုင်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုနှုတ်ဆက်ကာ လက်ကမ်းပေးလိုက် သည်။
သို့သော် ရာဂျာ ၏ မျက်နှာကို ကြည့်လိုက်ပြီး စိတ်ဓာတ်ကျသွားသည်။ ထို့ကြောင့် -
"မစ္စတာရာဂျာရယ်၊ မင်းဟာ နီဂရိုးတက္ကသိုလ်ကို လာတယ်ဆိုတာမှ သိရဲ့လားဟင်" ဟု ပြောလိုက်မိ သည်။
"အခြေအနေတွေကို ရထားပေါ်မှာ ငါပြောခဲ့ပြီးပါပြီ။ ရာဂျာ ဒေါက်တာအေမိစ်ရဲ့ သမီးအကြီး လူစီဘဲလ် နဲ့ မင်းကို မိတ်ဆက်ပေး ရဦးမယ်" လူစီဘဲလ်က ဧည့်သည်တော်ကို မျက်တောင် မခတ်ပင် စိုက်ကြည့်နေမိ၏။ သူထင်တာ ထက်တောင် ပိုချော ပါကလား။ သူချောပုံကို ငေးကြည့်နေ၍ သူဘာတွေ ပြောခဲ့သည်ကို သတိမထား မိခဲ့။ သူ့ဖခင် ဘာတွေပြောသည် ဘယ်လိုမှာသွားသည်ကိုလည်း မသိ။ ဘုန်းတော်ကြီးက မိတ်ဆက်ပေးသည့် အချိန် အထိ သူ က ငေးလို့ကောင်းတုန်း။
"လူစီဘဲလ် ငေးကြည့်တာဟာ ရိုင်းတယ်နော်"
သူ့အဖေက လေသံမှန်မှန်ဖြင့် သတိပေးသည်။
"ရှင်လာတဲ့အတွက် ကျွန်မတို့ သိပ်ဝမ်းသာပါတယ်။ ရှင်ဟာ ဘန်နီကာကို လာတက်တဲ့ ပထမဆုံး အိန္ဒိယအမျိုးသားပါပဲ" ထိုအချိန်တွင် အဝေးမှ ဂီတသံများ ထွက်ပေါ်လာသည်။ ကားနှစ်ဆယ်နှင့် ထရပ်ကားတစ်စီးတို့ ပေါ်လာသည်။ ထရပ်ကားပေါ်တွင် သီချင်းများ တကြော်ကြော် အော်ဆို လာသော ကောင်လေးနှင့် ကောင်မလေးများကို တွေ့ရသည်။ ကားပေါ်တွင် ဆိုင်းဘုတ်များ တပ်ထားသည်။
"ဘင်ဂျမင်ဌာနေက ကြိုဆိုပါတယ်" "အိန္ဒိယကျောင်းသားကို ဂုဏ်ပြုပါတယ်"
ထရပ်ကား မှာ အနီးသို့ ရောက်လာသောအခါ ကျောင်းသားများသည် အိန္ဒိယရုပ်ရှင်သီချင်းတစ်ပုဒ်ကို ဆို လာကြောင်း ရာဂျာ က သတိပြုမိ၏။
"သူတို့ ဒီသီချင်းကို ဘယ်လိုရကြသလဲဟင်" ရာဂျာက လူစီဘဲလ်ကို လှမ်းမေးသည်။
"ကျွန်မတို့အတန်းထဲမှာ အိန္ဒိယမှာ ၆လလောက် နေခဲ့ဖူးတဲ့ ကောင်မလေးတစ်ယောက် ရှိတယ်လေ၊ သူက သူ့ကိုယ်သူ အိန္ဒိယပါရဂူလို့ ယူဆထားတယ်၊ သူပဲ ဒီသီချင်း သင်ပေးတာ ဖြစ်မှာပဲ"
ကျောင်းသားကျောင်းသူများ မှာ ရာဂျာကို ၀ိုင်းပြီး ဂုဏ်ပြုကြသည်။
ဆံပင်ရှည်ရှည် ထူထူနှင့် မျက်လုံးညိုညို လှဧကရီလေး တစ်ယောက်က ရှေ့ထွက်လာပြီး လက်အုပ် ချီကာ "နမာစ်တေ" လုပ် သည်။ ထို့နောက် ပန်းကုံးတစ်ကုံးကို ရာဂျာလည်ပင်းကို လာစွပ်ပေးသည်။
"ဘင်ဂျမင်းဘန်နီကာ က ကြိုဆိုပါတယ်ရှင်၊ ကျွန်မက မာရီယန်ဒေါင်းဖီးလ်ပါ"
ရာဂျာ၏ ၀န်စည်စလွယ်များကို ကောင်လေးတွေကို ၀ိုင်းသယ်ပေးကြသည်။ လူစီဘဲလ်တစ်ဘက်၊ မာရီယန် တစ်ဘက် ခြံရံပြီး ကြားမှ ရာဂျာကိုထားကာ မောင်းထွက်ခဲ့ကြသည်။ ဘူတာရုံတွင်ကား ဒေါက်တာ အေမိစ်နှင့် ဘုန်းတော်ကြီးတို့သာ ကျန်ခဲ့၏။ နှစ်ယောက်တည်း ကျန်တော့ ဒေါက်တာ မေးသည်။ ဘုန်းကြီးကလည်း ဇာတ်လမ်းစုံ ပြန်ပြောပြသည်။ ရထားပေါ် စတွေ့ခဲ့ပုံ၊ စကားလက်ဆုံ ကျပုံ၊ နီဂရိုးတက္ကသိုလ်မှန်း သူသိသွားသောအခါ သူ စိတ်ဓာတ်ကျသွားပုံများ။
"ဒါနဲ့များ ဘာဖြစ်လို့ ဒီလောက်တောင် ဖြစ်သွားရသလဲကွာ၊ အိန္ဒိယလူမျိုးတွေကလည်း ငါတို့ အကြောင်း သိသင့် သလောက် သိပါတယ်။ ကုလသမဂ္ဂမှာ အိန္ဒိယကိုယ်စားလှယ်က အာဖရိကအုပ်စု ကို အမြဲမဲပေးတာပဲ"
"နိုင်ငံရေးနှင့် လူမှုရေးက ကွာတယ်ကွ၊ အိန္ဒိယနိုင်ငံဟာ ကုလသမဂ္ဂမှာ အာရှအာဖရိက အုပ်စုထဲမှာ ပါတယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ အိန္ဒိယလူမျိုးတွေဟာ ပုဂ္ဂလိက တစ်ဦးချင်းအနေတော့ အသားမည်း တဲ့သူတွေအပေါ်မှာ အာဖရိကလူမျိုးတွေအပေါ်မှာ နှိမ့်နှိမ့်ချချ ဆက်ဆံတတ်တယ်။ ဘုံဘေထုတ် သတင်းစာတွေထဲမှာ လက်ထပ်ကြော်ငြာတွေကြည့်၊ အသားဖြူမလေးတစ်ယောက် အလိုရှိသည်။
အသားဖြူသူ မိန်းကလေးသာ လျှောက်ခွင့် ရှိသည်လို့ ကြော်ငြာတတ်တယ်ကွ၊ ရာဂျာတို့ရဲ့ မြောက်ပိုင်း အိန္ဒိယ နယ်သားတွေဟာ သာပြီးတော့ အသားအရောင် ခွဲစိတ်ရှိကြတယ်ကွ"
"အေးလေ၊ ခုမှတော့ ဘယ့်နှယ်တတ်နိုင်မလဲကွာ၊ ရာဂျာကို တခြားတက္ကသိုလ် ပြောင်းပေးဖို့ဆိုတာ လည်း သိပ်နောက်ကျ သွားပြီ မဟုတ်လား"
"ဒီလိုလည်း မလုပ်ပါနဲ့လေ၊ ဘန်နီကာဟာ သူ့အတွက် အသင့်တော်ဆုံး နေရာဖြစ်မယ်လို့ ငါ ထင်ပါတယ်"
"ငါတို့အတွက်တော့ အကောင်းဆုံး ဖြစ်ပါ့မလားကွာ၊ ငါမင်းကို သတင်းတစ်ခု ပြောရဦးမယ်၊ ငါ လှုပ်ရှား မှုကော်မတီဥက္ကဌ အဖြစ် အရွေးခံရတယ်ကွ"
"၀မ်းသာပါတယ် ကွာ၊ လိုအပ်တဲ့အချိန်ကျရင် ငါ့ကို ခေါ်ကွာ"
ဒေါက်တာ ဘုန်းတော်ကြီးကို ဘုရားရှိခိုးကျောင်းအထိ ကားမောင်း လိုက်ပို့ပေးလိုက်သည်။ တစ်ယောက်တည်း ကျန်ရစ်သော အခါ ဒေါက်တာအေမိစ်သည် အထီးကျန်စိတ်လေး၏ ဖိစီးခြင်းကို ခံစားလိုက်ရ၏။ သူ့အဖို့ အထီးကျန် သည်ကား မဆန်းလှတော့။ ငယ်စဉ်ကပင် သူ့မိဘနှစ်ပါးလုံး ဆုံးပါး သွားကြ၍ မိဘမဲ့ကျောင်းတွင် ကြီးပြင်း လာရလေသူ။
သူခြောက်နှစ်၊ ခုနှစ်သားအရွယ်လောက်တွင် ခန်းမကြီးထဲမှာ တစ်ယောက်တည်း ငိုနေတုန်း ကြမ်းတိုက်သော မိန်းမကြီးတစ်ယောက်က သူ့ကို တွေ့သွားသည်။ "ဘာဖြစ်လို့ ငိုနေတာလဲ ကလေးရယ်" သူက ဘာမှပြန်မဖြေ။ ထိုအခါ မိန်းမကြီးက သူ့ကို ပိုက်ထွေးကာ ရင်ခွင်ထဲ ထွေးပိုက်ထားလိုက်သည်။ "ငါ သိပါတယ် သိုးကလေးရယ်၊ မင်းဟာလည်း ငါ့လို အထီးကျန်ပဲ မဟုတ်လား" သူ အငိုတိတ်သည်အထိ ချော့သည်။ သူက အဘွားကြီး ကို မေးလိုက်သည်။ "အမေကြီး ဒီကို နေ့တိုင်း ရောက်သလား ဟင်" "တနင်္ဂနွေ့ကလွဲလို့ နေ့တိုင်း လာပါတယ် ကွယ်" "ဒါဆို ကျွန်တော်နဲ့ တွေ့ရဦးမှာပေါ့နော်" "အေးပေါ့ သိုးလေးရဲ့၊ သားနဲ့ တွေ့ကြရဦးမှာပေါ့"
နောက်ပိုင်းတွင် သူသည် ထိုအဘွားကြီးကို မျှော်ရတော့သည်။ ပတ်ကြားအက်နေသော ဖုံးဆိုးမြေက မိုးကိုမျှော်သလို။ သူက သူ့ဒုက္ခကို ပြောပြသည်။ အဘွားကြီးက နှစ်သိမ့်ပေးတတ်သည်။ အဘွားကြီး နှင့် သူ၏ ရင်နှီးမှုကို အခြားကောင်လေးတွေကပင် မနာလို ဖြစ်လာကြသည်။ တနင်္ဂနွေနေ့ တစ်နေ့ တွင် သူ့ကို ဧည့်သည် တစ်ယောက်က ဧည့်ခန်းထဲမှာ တွေ့လို၍ စောင့်နေကြောင်း ဆရာမတစ်ယောက် က လာပြောသည်။ သူ့ကို တွေ့မည့် ဧည့်သည်မှာ တစ်ခါမျှ မရှိခဲ့။ သူ အံ့သြသွားသည်။ ဧည့်ခန်းထဲသို့ ရင်တထိတ်ထိတ်နှင့် သွားကြည့် သည်။ ဆိုဖာပေးတွင် ထိုင်နေသော အဘွားကြီး "ဆာရာဂျိန်း" ကို တွေ့လိုက်ရ၏။ မြင်မြင်ချင်း သူ့ကို မမှတ်မိ။ အဘွားကြီးက သိပ်ပြီး သားနားနေ သကိုး။ နှင်းဆီပန်း များ ဝေနေသော ကောက်ရိုး ဦးထုပ်ကြီး ဆောင်း လို့။ ကော်လံဖြူ လက်နားဖြူပါသော အင်္ကျီ မည်းကြီးနှင့်။ ခြေအိတ်တွေ ဖိနပ်တွေ ကလည်း တကယ့် အကောင်းစားတွေ။
"ဟေး သိုးကလေး၊ မင်းနဲ့ တစ်နေကုန် အချိန်ဖြုန်းဖို့ အမေ လာတာ"
သူက အဘွားကြီးဘေးရှိ ဆိုဖာပေါ် ၀င်ထိုင်လိုက်သည်။ သူတို့နှစ်ယောက် စကားတွေ ဖောင်နေအောင် ပြောကြ သည်။ ဧည့်ချိန်ကန်ုသည်အထိ မပြန်ခင်မှာ အဘွားကြီးက သူ့အိတ် အကြီးကြီး ကို ဖွင့်ကာ အထဲမှ ပန်းသီး တစ်လုံး၊ လိမ္မော်သီးတစ်လုံးနှင့် သေတ္တာလေးတစ်လုံးကို ထုတ်လိုက် သည်။ "အမေ မင်းအတွက် ဘာယူလာသလဲဆိုတာ ကြည့်လိုက်စမ်း" သူက ဗူးလေးကို ဖွင့်လိုက်၏။ အထဲတွင် သကြားချောင်းများ အပြည့်။
"သိုးကလေးရေ၊ ပန်းသီးနဲ့ လိမ္မော်သီးကတော့ မင်းအတွက်သက်သက်ပဲ၊ သကြားချောင်းတွေကိုတော့ မင်းအခန်း ထဲက ကလေးတွေ ဝေပေးလိုက်နော်" သူတို့ အခန်းရှည်ရှည် ကျဉ်းကျဉ်းလေးထဲတွင် ကလေး ၁၆ယောက် နေကြရသည်။ သူက လိမ္မော်သီး နှင့် ပန်းသီးကိုလည်း ပြကာ အဘွားကြီး လာကြောင်း ပြောပြသော အခါ ကလေးတွေက အံ့သြကုန်ကြ သည်။
"ကဲ တို့တွေ ပါတီလေးတစ်ခု လုပ်ကြရအောင်ကွာ" ဟု သူက ပြောကာ မောင်းချဓားတစ်ချောင်းဖြင့် ပန်းသီးနှင့် လိမ္မော်သီး ကို ၁၆စိပ်စိပ်လိုက်သည်။ နောက် သကြားချောင်းတစ်ခုစီ ဝေပေးခဲ့ပုံကို ပြောပြ လိုက်သည်။
"ဒါ သိပ်မှန်တဲ့အလုပ်ပဲကွ၊ မင်းလုပ်တဲ့အလုပ်က သိပ်မှန်ကန်တာပဲကွယ်၊ နောက် တနင်္ဂနွေန့ အမေ လာဦးမယ်၊ စိတ်သာချ" အဘွားကြီးက ခေါင်းတညိတ်ညိတ် ပြော၏။ နောက် လာတိုင်းလည်း အဘွားကြီးက မုန့်များ ယူလာ တတ်သည်။ ကလေးတွေအားလုံးကို ဝေမျှကျွေးသည်။
"ငါလေ မင်းကို အိမ်ခေါ် သွားချင်ပါတယ်ကွာ၊ ဒါပေမဲ့ ငါလည်း ငါ့တစ်ဝမ်းတ်စခါးတောင် အနိုင်နိုင် ဆိုတော့ မင်းကို ဂရုစိုက်နိုင်အား မှာ မဟုတ်ဘူး" "ဒါက အရေးမကြီးပါဘူး အမေ၊ အမေ ကျွန်တော့်ကို ခေါ်ထားတာ မထားတာ ထက် ကျွန်တော့်ကို ချစ်နေတယ်ဆိုတာကသာ ပိုအရေးအကြီးပါတယ်"
သူကလည်း အမြဲပင် ထိုသို့ ပြန်ပြောတတ်သည်။
သူ ၁၂နှစ်ပြည့်သော တနင်္ဂနွေ တစ်ရက်တွင်မူ အဘွားကြီးမလာ။ သူကတော့ တမျှော်မျှော် စောင့်နေခဲ့ သည်။ နောက်တစ်နေ့လည်း အဘွားကြီး ကြမ်းတွေလာမတိုက်။ နောက်တစ်ပတ်လုံးပင် အဘွားကြီး အရိပ် အယောင် မတွေ့ရ။ တစ်ပတ်လုံး ကုန်သွားပြီးနောက် တနင်္ဂနွေနေ့ကျမှ သူ့ကို ဧည့်သည် တစ်ယောက် က တွေ့ချင်သည် ဆို၍ ဧည့်ခန်းထဲ ထွက်ခဲ့၏။ ဧည့်ခန်းထဲ ရောက်သောအခါ အဘွားကြီးကို သူ ရှာသည်။ အဘွားကြီး ကို သူမတွေ့ရ။ မိန်းမငယ်လေး တစ်ယောက်ကိုသာ တွေ့ရသည်။
"ဆာရာဂျိန်း ဆီက ပစ္စည်းကို မမ ယူလာပေးပါတယ်ကွယ်"
အထုပ်တစ်ထုပ် ကို လှမ်းပေးလိုက်၏။
"သူကော ဘယ်မှာလဲ ဟင်" "သူ ဆုံးရှာပြီကွယ်"
"သူ မသေမဘူး၊ သူ မသေဘူး၊ သူ ကျွန်တော့်ကို ဘယ်တော့မှ ပစ်သွားမှာ မဟုတ်ဘူး၊ မဟုတ်ဘူး"
သူ အော်ငိုတော့သည်။ "အရင်အပတ် တနင်္ဂနွေနေ့ကပဲ မင်းဆီ လာမယ်လုပ်တုန်း သူ သေသွားရှာတယ်"
သူ ငိုတော့သည်။ နောက်ဆုံးကျတော့ မောလွန်း၍ အထုပ်လေးဖက်ကာ အိပ်ပျော်သွားသည်။ ထပ်နိုး လာတော့ ငိုပြန်သည်။ သူ၏ အကြင်နာ အယုအယလေးတွေ၊ မေတ္တာတရားတွေကို သတိရလေ ယူကျုံး မရ ဖြစ်ရလေ။ သြော် အခုတော့ ငါတစ်ယောက်တည်း ဖြစ်ပြန်ပါကလား။ ရက်အတော်ကြာပင် သူသည် အဘွားကြီး ပေးခဲ့သော အထုပ် ကို မဖွင့်မိ။ ဖွင့်မိပြန်တော့လည်း အံ့သြရ သည်။ အဘွားကြီးက သူ့ကို စာအုပ် တစ်အုပ် ပေးခဲ့ပါကလား။ စာရွက်များကား နှစ်ကြာ၍ အ၀ါရောင် ပင် သန်းနေချေပြီ။ စာအုပ်ခေါင်းစဉ်ကို ဖတ်လိုက်သည်။
"ဖရက်ဒရစ် ဒေါက်ကလပ်စ်၏ ဘ၀ဇာတ်ကြောင်း၊ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ"
ဟင် ငါ့နာမည်ပါလား၊ ငါ့နာမည်လည်းပဲ ဖရက်ဒရစ် ဒေါက်ကလပ်စ်။ စာအုပ်ကို ဖွင့်လိုက်သည်။ ဖတ်ကြည့်သည်။ "ငါ့ဘ၀ရဲ့ အခါးသီးဆုံး နေ့တွေကိုတော့ ဘယ်တော့မှ မမေ့။ ကျွန်ဘ၀၏နေ့ရက်များ။ ကွန်ဗေးဆိုသူ နှင့် အတူနေခဲ့ရသော ၆လ သက်တမ်း။ ငါတို့ဟာ ရာသီမရွေး အလုပ်လုပ်ခဲ့ကြရတယ်။ လယ်ကွင်း ပြင် ထဲမှာ ဘယ်လောက်ပူပူ ဘယ်လောက်အေးအေး၊ မိုးရွာရွာ နေပူပူ အမြဲအလုပ်နဲ့လက် မပြတ်ဘူး။ နေ့ရောည ပါ အလုပ်၊ အလုပ် အလုပ်တွေချည်းသား။ အရှည်ဆုံးနေ့တွေဟာ ငါ့အတွက်တော့ သိပ်တို လွန်း လှတယ်။ ငါလည်း ပထမတော့ မလုပ်နိုင်ဘူး။
လနည်းနည်းကြာတော့မှ ဒီစည်းကမ်းနဲ့အညီ နေလာတတ်တယ်။ မစ္စတာကွန်းဗေးဟာ ငါ့ကို သိမ်းသွင်းရာမှာ အနိုင် ရခဲ့ပြီ။ ငါ့ခန္ဓာ ငါ့စိတ်၊ ငါ့ဝိညာဉ် အကုန်လုံး သူနိုင်သွားပြီ။ ငါ့ပင်ကိုသဘာဝ ပျက်စီးသွားပြီ၊ ငါ့ဥာဏ်တွေ လည်း ဆိတ်သုဉ်းကုန်ပြီ၊ စာလည်း မဖတ်နိုင်တော့၊ ငါ့ဘ၀တစ်ခုလုံး၏ လင်းရောင်ခြည်လည်း အမှောင်ကျ သွားပြီ။ ကျွန်ဘ၀ရဲ့ မှောင်မည်းတဲ့ညတွေဟာ ငါ့ကို ဖိစီးပိတ်လှောင်ခဲ့သည်။ လူကနေ နွားဖြစ်ခဲ့ပြီ"
သူသည် ဖတ်ရင်း ဖတ်ရင်း အသက်ရှူကျပ်လာသည်။ ထိုအကြောင်းအရာများသည် သူနှင့် ဘာမျှ မဆိုင်သလို။
သို့သော် သူကြီးလာတော့မှ သိလာသည်။ အဘွားကြီး ဒီစာအုပ်ကို ဘာဖြစ်လို့ ပေးခဲ့ ကြောင်း သူသိလာသည်။ သူ့ကို ဖရက်ဒရစ်ဒေါက်ကလပ်စ်ဟု ဘယ်သူနာမည်ပေးခဲ့သလဲ။ သူ့အဖေ ပေးခဲ့သလား၊ အမေပဲ ပေးခဲ့သလား၊ သူမိသ။ သို့သော် ထိုနာမည်အတွက် သူဂုဏ်ယူ၏။ သူသည် ထိုဖရက်ဒရစ်ဒေါက်ကလပ်စ်လိုပင် မိဘမဲ့ အနှိမ်ခံ ၀ိုင်းပယ်ခံ။ သို့သော် ထိုဖရက်ဒရစ်ဒေါက်ကလပ်စ် သည် ဘ၀ကို အရှုံးမပေး တိုက်ခဲ့သည်။ အောင်ပွဲကို အရယူခဲ့သည်။ သူကကော။ သူလည်း ဖရက်ဒရစ်ဒေါက်ကလပ်စ် အေမိစ်ပဲ။ လူတွေကြားတွင် ပြောစမှတ်ဖြစ် ကျန်ရစ်သူဖြစ်အောင် ဂုဏ်သတင်း ပြောင်အောင် လုပ်ရမှာပါကလား။
သူ့အကြောင်းကို သမီး "လူစီဘဲလ်" အား မကြာခဏ ပြန်ပြောပြတတ်၏။ သူ့လက်ချောင်းများမှာ တုတ်ခိုင်နေ သည်။ အဆစ်တွေက ကြီးသည်။ လက်သည်းများမှာ လေးထောင့်စပ်စပ်။
ထိုလက်များ သည် သူ၏သမိုင်း။ မိဘမဲ့ကျောင်းတွင် အုပ်ထိန်းသူတွေက ထိုလက်များကိုပင် ရိုက်နှက် ခဲ့သည်။ လက်ဝှေ့ကြိုးဝိုင်းတွင် ထိုလက်များဖြင့်ပင် ထိုးသတ် ငွေရှာခဲ့ရသည်။ သံမဏိစက်ရုံအတွက် ထိုလက်များဖြင့် မီးဖုတ်ခဲ့ရသည်။ အလုပ်ရုံဒေါက်တာဘွဲ့ရသည်အထိ တက္ကသိုလ်တွင် ၆နှစ်တာ လုံးလုံး ထိုလက်များဖြင့်ပင် ဓာတ်လှေကား အဖွင့်အပိတ် အလုပ်ကို လုပ်ပြီး ကျောင်းတက်ခဲ့ရသည်။ ဒုတိယကမ္ဘာစစ်အတွင်း တရုတ်၊ အိန္ဒိယ၊ မြန်မာ စစ်မြေပြင်တွင် ထိုလက်များသည် သေနတ်မောင်း များကို ဖြုတ်ခဲ့ရ၏။ ထိုစစ်မြေပြင်တွင် ဘုန်းတော်ကြီး ဂျွန်မက်သီယာ့စ်နှင့် တွေ့ခဲ့ရသည်။ ကျန်အရာရှိ အားလုံးမှာ "တောင်ပိုင်းသား" တွေမို့ သူ့ ကို နှိမ်ကြသည်။ မက်သီယာ့စ်ကား မြောက်ပိုင်းသား။ ထို့ကြောင့် သူ့နှင့်အဖော် ရသွားသည်။ သူတို့နှစ်ဦးသည် ရဲရင့်သော ကမ္ဘာသစ် တစ်ရပ်ကို ထွင်းထုနိုင် ခဲ့ကြသည်။ မက်သီယာ့စ်ကိုကား အခြားအရာရှိများက အံ့သြနေကြ သည်။ ဒီလူမည်းနဲ့ များ ဘာဖြစ်လို့ မိတ်ဆွေဖွဲ့ပါလိမ့်။
သမ္မတရုစဗဲ့ သေဆုံးသွားသောအခါ ပြဿနာများသည် ပိုရှုပ်ထွေးကုန်သည်။ အဘိုးကြီးသေ သည်နှင့် ချောင်းမြောင်းနေသော ၀ံပုလွေ သည် သိုးအုပ်များကို ၀င်ဆွဲတော့သည်။ ပြည်တွင်းစစ် အနိဋ္ဌာရုံများ။
သူ့ဘ၀ သူအချစ်ဆုံး ကား သူ့ချစ်သူ "အယ်လ်ဗီယာ"။ အယ်လ်ဗီယာသည် သူပြန်လာသောအခါ သိပ်ဝမ်းသာနေရှာ သည်။ သူကား သူ့ခင်ပွန်း ခရီးသွားရာနောက် ဘယ်တော့မှ မလိုက်တတ်။ အပြင်ထွက်ရမှာ ကို သိပ်စိုးရွံ့သူ။ အခု ခေတ်သစ်ရောက်ပြီ။ တိုက်ပွဲများကား မငြိမ်သေး။ တိုက်ပွဲ ခရာသံပင် ဟိုအဝေးမှ ကြားနေရဆဲ။ ဓားသွေးကြရတော့မည်။ လူဖြူလူမည်းတိုက်ပွဲ။ သူသည်ကား ထိုတိုက်ပွဲတွင် ကော်မတီဥက္ကဋ္ဌ။ သူ့ဇနီး အယ်လ်ဗီယာကမူ သူ့ကို ထိုအလုပ်မျိုး မလုပ်စေချင်။ ဒါကို ပြဿနာဟု သူမထင်ခဲ့။ သို့ဆိုလျှင်။
ယခု ရာဂျာဆိုသော အသားမည်းလေးသည် နီဂရိုးတက္ကသိုလ် မတက်ချင်ဆိုသော ပြဿနာကိုကော သူဘယ်လို ရှင်းပြရမည်နည်း။ သူမကကော ဘာပြောမည်နည်း။ စောင့်ကြည်ရမလား။ သူမကို ဖွင့်ပြော ရမလား။
သူ့စိတ်နှလုံးကား လေးလံလှပါဘိ။ "ရာဂျာ" သည် ထရပ်ကားပေါ်တွင် မတ်တတ်ရပ် လိုက်လာရင်း ရှိုးတိုးရှန့်တန့် ဖြစ်လာသည်။ သူ့နံဘေးမှ ကောင်မလေးနှစ်ယောက်၏ ပေါင်သားများက သူ့ကို ပွတ်သပ်နေ ၍ ဖြစ်သည်။ "လူစီဘဲလ်"က ရုပ်ခပ်ချောချော၊ ခပ်တောင့်တောင့် ကောင်လေးတစ်ယောက်နှင့် သူ့ကို မိတ်ဆက်ပေး သည်။ "လူဝီ ဒါက ရာဂျာမာတြိဝေဒိတဲ့။ ရာဂျာလို့လည်း ခေါ်တယ်။ မင်းနဲ့ အခန်းဖော်ဖြစ်လာမယ့် သူပဲ" "ဟုတ်ကဲ့ တွေ့ရတာ ၀မ်းသာပါတယ် ရာဂျာ" "လူစီဘဲလ်" က နောက်ကောင်လေးတစ်ယောက်နှင့် မိတ်ဆက်ပေးပြန်သည်။
"ဂျင်မီရေ ဒါက ရာဂျာတဲ့။ လက်ဆွဲနှုတ်ဆက်လိုက်စမ်းပါဦး"
"တွေ့ရတာ ၀မ်းသာပါတယ် ရာဂျာ၊ ဒီတက္ကသိုလ် လာတက်တဲ့အတွက် သိပ်ဂုဏ်ယူပါတယ်၊ တကယ့်ကို ၀မ်းသာပါတယ်ဗျာ" ထို့နောက် လက်ဆွဲနှုတ်ဆက်ကြရာ ရာဂျာ့လက်ကို ခပ်တင်းတင်း ဖျစ်လိုက်သဖြင့် အတော်နာသွား သည်။ "ဘတ်စကတ်ဘောအသင်းမှာတော့ ဂျင်မီက စတားပဲ" "ကျွန်တော်ကတော့ အမြဲပဲ စတား ပါပဲခင်ဗျာ" ဂျင်မီက လက်မထောင်ကာ ခပ်နောက်နောက် ၀င်သောလိုက်၏။ စကားဝိုင်းမှာ ဘတ်စကတ်ဘော အကြောင်း ရောက်သွားသည်။ နောင်နှစ်ပွဲစဉ်အတွက် ဆက်ဆွေးနွေးနေကြသည်။ ရာဂျာကိုပင် မေ့သွားကြ၏။ ရာဂျာကို မမေ့သူမှာ "လူစီဘဲလ်"။ လူစီဘဲလ်ကား သူ့အသက် ၁၇နှစ်တာလုံးလုံးတွင် ဒီနေ့အပျော်ဆုံး။ မိုးတိမ်လို လွင့်ကာပင် ပျော်နေသည်။ ရာဂျာအနားမှာသာနေရလျှင် ခရီး ကို မဆုံးတမ်း ပင် သွားလိုက်ချင်ရဲ့။
ရာဂျာနှင့် စကားပြောနေရလျှင်လည်း တစ်သက်လုံးပင် ပြောပါရစေ။ မမောနိုင် မပန်းနိုင်။ ရာဂျာ၏ အင်္ဂလိပ်လိုပြောသော အင်္ဂလိပ်လေသံလေးမှာ အလွန်နားဝင်ချိုသည်။ နည်းနည်းတော့ ပိုသွားလိမ့်မည်။ အတိသယ၀ုတ္တိအလင်္ကာ။ သို့သော် အနည်းဆုံး ကောင်မလေးတွေ တော့ မေ့မျော ကုန်ကြမည် မှာတော့ သေချာ၏။ ခုပင်ကြည့်။ ရာဂျာအလှကို နစ်မျောနေကြသော ကားပေါ်က မိန်းကလေးများ။
ကားသည် "လူစီဘဲလ်" တို့ အိမ်ရှေ့ ထိုးဆိုက်လိုက်သည်။
ရာဂျာက "လူစီဘဲလ်" တို့ အိမ်ကြီးကို မြင်ရတော့ အတော် အံ့သြသွားသည်။ အိမ်ကြီးမှာ ခမ်းနားလွန်း သည်။ တောင်ကုန်းလေးပေါ် မေးတင်ပြီး ဆောက်ထားသော အိမ်ကြီးမှာ ဗိသုကာကောင်းတစ်ဦး၏ အဆန်းတကျယ်လက်ရာဖြင့် ရှုချင့်စဖွယ် ဖြစ်နေသည်။ အိမ်ခန်းဖွဲ့စည်းပုံများကား ခပ်ရိုးရိုး။ မဂိုဗိသုကာ လက်ရာမျိုး ဟု ရာဂျာထင်မိသည်။ အိမ်၏ ၀ရန်တာကြီးကား ကြီးကြီးမားမား ခန့်ခန့် ထည်ထည်။ ၀ရန်တာပေါ် တွင်ကား "အယ်လ်ဗီယာ ဟာရီယက်"နှင့် ကလေးတို့ ရပ်နေကြသည်။ ရာဂျာကို လူစီဘဲလ်က အိမ်သားများနှင့် မိတ်ဆက်ပေး သည်။ ရာဂျာက လှိုက်လှိုက်လှဲလှဲ စိတ်ပါ လက်ပါ နှုတ်ဆက်သည်။ ဘူတာရုံမှာ တုန်းကလို အေးတိအေးစက် မဟုတ်တော့။ "မစ္စစ်အေမိစ်" သည် အတော်လှသူ ဖြစ်ကြောင်း တွေ့ရ၍ အံ့သြသွား သည်။ အိန္ဒိယမှ ပန်းပုပညာကျော်များ ထွင်းထုထား သော ရုပ်တုများကဲ့ သို့ပင် သေသပ်သားနားလှ၏။ ဒေါက်တာအေမိစ်တွင် ဤမျှလှပသော ဇနီးရှိလိမ့် မည်ဟု သူ မမျှော်လင့်ခဲ့။ မျက်မှန် ၀ိုင်းဝိုင်းကြီး ကြားမှ ပြူးကျယ်သော မျက်လုံးများဖြင့် ဇီးကွက်မလေး သဖွယ် သူ့ကို စိုက်ကြည့်နေသော ခပ်၀၀ကောင်မလေး ကိုကား သူ သဘောကျမိသည်။
"ဒီလောက် ခရီးဝေးကြီးကလာရတာ ငါ့သားဖြင့် မောလာ၊ အိုက်လာတော့မယ်၊ ညစာမစားခင် ရေလေး မိုးလေး ချိုးလိုက် ပါဦးလား၊ အပေါ်ထပ်က သားရဲ့အခန်းထဲမှာ သားလိုချင်တာတွေ အကုန်ရှိတယ်၊ ဟာရီယက်က အခန်း ကို လိုက်ပြလိမ့်မယ်နော်" မစ္စစ်အေမိစ်က ပြောသည်။ ကော်ဇောခင်းထားသော လှေကားပေါ် တက်ရင်းနှင့်က ဟာရီယက် သည် ရာဂျာအား သူ့အကြောင်း အစအဆုံး ပြောသွားတော့သည်။ အသက်ကိုပင် တစ်ချက်မရှူတမ်း ခရား ရေလွှတ် တတွတ်တွတ်။ မိုးဦးကျ တောင်ကျစမ်းရေလိုလည်း ဖြစ်သည်။ တဝေါဝေါ တ၀ုန်းဝုန်း၊ သူ့အမည်မှာ အပြည့်အစုံခေါ်လျှင် ဟာရီယက် တပ်မင်းအေမိစ် ဖြစ်ကြောင်း။ အတန်းထဲတွင် သူသည် အတော်ဆုံး ဖြစ်ကြောင်း။ ကဗျာရွတ်ပြိုင်ပွဲတွင် သူ ပထမရ၍ စာအုပ်ဆုရကြောင်း။ သို့သော် ထိုစာအုပ် မှာ ကလေးဖတ်စာအုပ်မျိုးဖြစ်၍ မကြိုက်။ သူကြိုက်သောစာအုပ်မှာ "လေဒီချက်တ်လေချစ်သူ" စာအုပ် မျိုး ဖြစ်ကြောင်းများ။
ရာဂျာမှာ သူ့စိတ်ကူးနှင့်သူ၊ မကြားတစ်ချက် ကြားတစ်ချက် ဖြစ်နေရာမှ "လေဒီချက်တ်လေချစ်သူ" ဟူသော ဒီ၊ အိပ်ခ်ျ၊ လောရင့်၏ စာအုပ်နာမည် ကြားလိုက်သည်နှင့် ခေါင်းနပန်းကြီးသွားသည်။ ထိုစာအုပ်မှာ ညစ်ညမ်း သည်ဟု ယူဆထားသဖြင့်၊ အိန္ဒိယတွင် ယောက်ျားချင်းတောင် လူပုံအလည် တွင် ချမဆွေးနွေးရဲသော ၀တ္ထု ဖြစ်၏။ "ဘာလဲ၊ မင်းတကယ်ပဲ လေဒီချက်တ်လေချစ်သူ စာအုပ် ဖတ်ပြီးလို့လား ကွ"
"တကယ် ဖတ်ပြီးတာပေါ့ရှင်၊ အဲဒီ စာအုပ်ပိုင်ရှင်ကတော့ လူစီဘဲလ်လေ။ သူက ကျွန်မ မမြင်အောင် ဖွက်ထားတယ်။ ဒါပေမဲ့ ဘာရမလဲ၊ ဟိုတစ်နေ့က သူ့စာအုပ်စင်ပေါ်မှာ မေ့ကျန်ခဲ့တာ တွေ့ရလို့ ကျွန်မက ခိုးဖတ်လိုက်တာပေါ့" "ကြိုက်ရဲ့လား" "ကြိုက်တာပေါ့ရှင်"
ရာဂျာ က ဘာပြန်ပြောရမှန်းပင် မသိတော့။ လူစီဘဲလ်အကြောင်း စဉ်းစားမိ၍ ဖြစ်သည်။ လူစီဘဲလ် ကို မြင်လျှင်မြင်ချင်း အပြစ်ကင်းသူလေးဟု ထင်မိခဲ့သည်။ လောကအကြောင်း ဘာတစ်ခုမှ သိနား မလည် သေးသော အဖြူထည်မလေးဟု မြင်ခဲ့မိသည်။ ခုတော့ သူ့အထင်အမြင်များသည် မှားကုန်ပြီလော။ သူသည် အခြားအမေရိကန် မိန်းကလေးများထဲကလိုပင် အတူတူနှင့် အနူနူပင် ဖြစ်ချေပါပကော။
သူ့အတွေးများကို မာရီယက်၏ မေးခွန်းတစ်ပုဒ်က လှန့်နှိုးလိုက်သည်။
"ရှင်က မင်းသားလား" "ဘာပြောတယ်" "သြော်၊ ရှင်က မင်းညီမင်းသားလားလို့ မေးတာပါ။ လူစီဘဲလ် က ပြောတော့ ရာဂျာဆိုတာ မင်းသားကို ပြောတာတဲ့။ ဒါပေမဲ့ ကျွန်မတော့ မယုံပါဘူး၊ ရှင့်ကြည့်ရတာ ကျွန်မအဖို့တော့ မင်းညီမင်းသားပုံမှ မပေါက်တာ" "ကဲ ဒီလိုဆို ပြောစမ်းပါဦးကွ။ မင်းညီမင်းသားဆိုတာ ဘယ်လိုပုံများလဲ" "ရှင်နဲ့ မတူတာတော့ အမှန်ပဲ"
ရာဂျာက ပြုံး၍သာ နေတော့သည်။ ဆက်ရှင်းပြန်လျှင် ဒီကလေးမလေးနှင့်က စကားကြော ပြတ်တော့ မည် မဟုတ်။ သူ့ကို ပြတိုက်က ထူးဆန်းသော ပစ္စည်းတစ်မျိုးလို စူးစမ်းလေ့လာနေ၍ ဘယ်တော့မှ ပြီးမည် မထင်။
"ဒါက ဧည့်သည်တွေနေတဲ့ အခန်းပဲ" ဟာရီယက်က အခန်းကို ပြပြီး၊ သူ့ကိုပင် မစောင့်တော့ ဘဲ လှေကားအောက် သို့ ပြေးဆင်းသွားတော့ သည်။
"သူက မင်းညီမင်းသားတဲ့။ သူ့နည်းနဲ့သူ မင်းညီမင်းသားတဲ့လေ" ဟုလည်း အသံကုန် အော်သွားလေ သည်။
အခန်းထဲရောက်သောအခါ ရာဂျာသည် ကုတင်ပေါ်တွင်ထိုင်ချလိုက်သည်။ ခေါင်းက တဒိန်းဒိန်းနှင့် ကိုက်နေသည်။ ခေါင်းကို လက်နှင့် အသာဖေးမထားရသည်။ တစ်ကိုယ်လုံးလည်း ကိုင်ရိုက်ထား သလိုပင် နာကျင်နေ သည်။ အတွေးစ များလည်း ရှုပ်ထွေးနေသည်။ သူ ဘာဆက်လုပ်ရမလဲ။
သူကတော့ လက်ကနောင်း ကိုပဲ ပြန်ချင်လှပြီ။ သို့သော် ထိုသို့ တပ်ခေါက်ပြန်ဖို့ကလည်း မလွယ်။
ဒါဆို ဒီတက္ကသိုလ်ပဲ တက်နေမလား။ ဒီတက္ကသိုလ်မှ မတက်ချင်ဘူးဆို ဘယ်တက္ကသိုလ် သွားတက် မလဲ။
တခြားတက္ကသိုလ်တွေအကြောင်းလည်း သူမသိ။ ၀င်ခွင့်ဘယ်လို တောင်းရမည်ကိုလည်း နားမလည်။ သူ့ အတွက် အစမှအဆုံး စီစဉ်ပြီးသားကတော့ ဘင်ဂျမင်ဘန်နီကာ တက္ကသိုလ်သာ ရှိတော့သည်။
"ရှင်ဟာ ဘင်ဂျမင်ဘန်နီကာတက္ကသိုလ်ကို လာတက်တဲ့ ပထမဆုံး အိန္ဒိယကျောင်းသားပဲ"
"လူစီဘဲလ်" ၏ စကားသံကလေးကို ပြန်လည်ကြားယောင် လာမိသည်။
သူသာ ကျောင်းမတက်ဘဲ ပြန်သွားလျှင် "လူစီဘဲလ်" က ဘာထင်မလဲ။ သူ့အဖေ ဒေါက်တာအေမိစ် ကကော တွေ့တွေ့ချင်း ပြောခဲ့သေးသည် မဟုတ်လား။ "မင်းဟာ နီဂရိုးတက္ကသိုလ် လာတက်တယ်ဆိုတာ မသိဘူးလားဟင်" သူ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသော ကျောင်းသူကျောင်းသားတွေကတော့ ဘယ်လို ထင်ကြမလဲ။ ခုတော့ သူသည် သူ့မိခင်လို ဖြစ်နေပေပြီ။ သူ့မိခင်မကြာခဏ ပြောတတ်သော စကားတစ်ခု ရှိသည် မဟုတ်လား။ "င့ါမှာ ပြေးစရာ မြေ မရှိဘူး" ဆိုတာလေ။ ခုလည်း သူ ဒီအဖြစ်မျိုး ကြုံနေရပြီ။
သူ့ကံကြမ္မာကြောင့်ပေလော။
အိပ်ရာမှ ထလိုက်ပြီး ကြမ်းပြင်ကို ငုံ့ကြည့်လိုက်၏။ ကြမ်းပေါ်တွင် သူ့အရိပ်ကိုပင် သူမြင်နေရသည်။ အခန်းထဲမှ ပရိဘောဂအားလုံးသည်လည်း တောက်ပြောင်ပြီး တဖိတ်ဖိတ် လက်နေကြသည်။ အိပ်ရာခင်း မှာလည်း ဖြူဆွတ်နေသည်။ ခန်းဆီးအဖြူများသည် တလက်လက် အရောင်ထနေသော သတ္ထုကွင်းများဖြင့် တန်ဆာ ဆင်ထားသည်။ တစ်ခန်းလုံးပင် သန့်ရှင်းလန်းဆန်းနေသည်။ သူတို့ အိမ်နှင့်တော့ ကွာလှသည်။ အိမ်မှာတော့ သူ့အဖေက ပစ်စလက်ခတ်။
ပြတင်းပေါက် မှ အပြင်ကို ကြည့်လိုက်တော့ စိမ်းစိုနေသော မြက်ခင်းပြင်ကြီးပေါ် တွင် မြက်စားနေ ကြ သော နွားအုပ် များကို မြင်လိုက်ရသည်။ အိန္ဒိယမြင်ကွင်း မျိုး။ သူ့စိတ်များသည် ကြည်လင် သွား၏။
တစ်ဖက်ခန်းကား ရေချိုးခန်း၊ ဆေးအဖြူနှင့် အပြာသုတ်ထားသည်။ အခန်းထဲ ၀င်ဝင်ချင်း သတိပြုမိ သည်ကား သူ့တစ်သက်တာ တွင် အကြီးဆုံးသော၊ အနူးညံ့ဆုံးသော မျက်သုတ်ပုဝါကြီး တစ်ထည် စင်ပေါ်တွင် လှမ်းထား သည်ကိုပင် ဖြစ်၏။ ရေပန်းမှ ရေကို စိမ်ပြေနပြေ ချိုးလိုက်သည်။ အမွှေး ဆပ်ပြာတုံးကလည်း ဧရာမကြီး။
အိန္ဒိယတွင် သူ ရေချိုးခဲ့ပုံကို ပြန်အမှတ်ရသည်။ စည်ဝိုင်းကြီးဘေးတွင် ဆောင့်ကြောင့်ထိုင်ပြီး ရေပုံးဖြင့် ခပ်ချိုး ခဲ့ရပုံ။ ခုပုံမျိုးနဲ့တော့ ကွာပါပေ့။ အ၀တ်အစား လဲပြီးသောအခါ ကိုယ်လုံးပေါ်မှန်ကြီးရှေ့တွင် သွားရပ် လိုက်သည်။ ကော်လာအမြင့်၊ ခါးသိမ်သိမ်နှင့် အိန္ဒိယအမျိုးသား ၀တ်စုံသည် သူနှင့် လိုက်ဖက်လွန်းလှသည်။ တကယ့်ကို ချောမော သော မင်းသားတစ်ပါး အလား။ သူက လှေကားပေါ်မှ ဆင်းခဲ့သည်။ စိတ်မှာ လွတ်လပ်ကြည်လင် နေ သည်။ စောစောက ပူပန်ပုံမျိုးမှာ ယခု မရှိတော့။ ဧည့်ခန်းထဲတွင်ကား အိမ်ရှင်မိသားစု ကို တွေ့ရ သည်။
ဒေါက်တာအေမိစ်သည် ပုံပန်းကျနသော ၀တ်စုံကို ၀တ်ထားသည်။ သူချပ်ယပ်သော ၀တ်စုံထဲမှ သူ၏ လှပသော ခန္ဓာကိုယ်အချိုးအဆက်များက ပေါ်လွင်နေသည်။ သူ့နံဘေးမှ ဆိုဖာပေါ်တွင် ထိုင်နေသူ ကတော့ သူ့ဇနီး။ မြစိမ်းရောင် ၀တ်စုံနှင့်။ သူ့ရှေ့တွင်မတော့ လူစီဘဲလ်။ သူက အ၀ါရောင်ဝတ်စုံကို ၀တ်ထားသည်။ ရာဂျာ ကတော့ ထိုဝတ်စုံသည် သူနှင့်မလိုက်။ သူ့အမေနှင့် လိုက်မည်ဟု တွေးမိ၏။ လူစီဘဲလ်ဘေးတွင်ကား အဖြူရောင် ၀တ်စုံပွပွလေးဖြင့် "ဟာရီယက်"။ ခုမှသူသည် ပို၍ ဘဲမ ၀၀လေး နှင့် တူနေသည်။
ရာဂျာ အခန်းထဲသို့ ၀င်အလာတွင် ဟာရီယက်က လူစီဘဲလ်ကို ပြောလိုက်သံကို နားစွန်နားဖျား ကြားလိုက် မိသည်။
"ဒီဝတ်စုံကို ဖေဖေက နင့်ကို ၀တ်ခွင့်ပြုလို့လား" "တိတ်တိတ်နေစမ်းပါဟယ်" လူစီဘဲလ်က ခပ်ကြိတ်ကြိတ်လေး ပြန် ကျိန်းလိုက်သည် ။ "မစ္စတာကုမာ ကြွပါရှင့်" မစ္စက်အေမိစ်က ဖိတ်ခေါ်သည်။
"သိပ်ခမ်းနားတဲ့အခန်းကြီးပဲ ခင်ဗျာ" ရာဂျာက အခန်းပြင်ဆင်ထားပုံကို ကြည့်ပြီး မချီးကျူးပဲ မနေနိုင်သဖြင့် ချီးမွမ်းခန်း ဖွင့်လိုက်သည်။
"ရာဂျာ သောက်တတ်ရင် သောက်ပါလား"
ဒေါက်တာ အေမိစ်က ဖန်ခွက်ကို မြှောက်ပြီး ဖိတ်ခေါ်သည်။
"ကျွန်တော်တို့ ဒေသတချို့မှာ အရက်သောက်ခွင့် မရှိပါဘူး ခင်ဗျား"
ရာဂျာက ငြင်းလိုက်သည်။
"ဒါပေမဲ့ သောက်နေကြတာပဲ မဟုတ်လားကွ"
"ဟုတ်ကဲ့ ဒါတော့ ဒါပါပဲ"
ရာဂျာကလည်း ရယ်ပြီး ပြန်ပြောလိုက်သည်။
"ကဲ ညစာ စားကြရအောင်"
မစ္စက်အေမိစ်က စကားဝိုင်းကို ဖြတ်လိုက်သည်။
"သမီးလည်း သိပ်ဆာနေပြီ အမေ"
မာရီယက်က ဆိုဖာပေါ်မှ ကမန်းကတန်း ထပြီးပြောသည်။
"လုပ်ပြီ သူကတော့ ထုံးစံအတိုင်းပဲ"
လူစီဘဲလ် က သူ့ညီမကို မကျေမနပ် ပြောလိုက်သည်။
"ထုံးစံအတိုင်း မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မှန်ကန်တဲ့ သစ္စာဆိုရမယ်ဆိုရင် အစ်မက ကျွန်မ ထက် အဆ တစ်သန်းလောက် ပိုပြီး အစားကြီးတာပဲ မဟုတ်လား"
"အေး ဟုတ်တယ်။ ငါက နင့်ထက် အဆတစ်သန်း ပိုစားနိုင်ပေမယ့် နင့်လိုတော့ ဖက်တီးလေး ဖြစ်မနေဘူးဟ"
"ကဲ တော်ကြပါတော့ သမီးရယ်" "ကျွန်မ ထင်တယ်လေ။ အိန္ဒိယ ညီမလေးတွေတော့ ဒီလို ပြန်ပြီး ငြင်းကြခုံကြ မှာ မဟုတ်ဘူးနော်" လူစီဘဲလ်က ရာဂျာကို မေးသည်။
"ဒီလိုပါပဲခင်ဗျာ။ ဒီပံအတိုင်းပါပဲ။ ကျွန်တော်တို့ အားလုံးဟာ လူသားတွေပဲ မဟုတ်လား။ လူသားချင်း အတူတူပဲ ရန်ဖြစ်ကြ၊ တည့်ကြနဲ့ပေါ့"
"ကဲ ညစားသုံးဆောင်ကြရအောင်။ အမေက အထူးစပါယ်ရှယ် ဟင်းတွေ ချက်ထားပါတယ်"
ထမင်းစား စားပွဲကြီးကား ခမ်းနားလှသည်။ ပန်းကန်ခွက်ယောက်များ အားလုံးမှာ ပြောင်လက်နေကြ သည်။
ရာဂျာကမူ ဖုံးအုပ်ထားသော ပန်းကန်များကို လျှောက်ကြည့်ရင်း ဘာဟင်းတွေ ချက်ထားပါလိမ့် ဆိုသည်ကို သိချင်စိတ် ပြင်းပြနေသည်။
သို့သော် မဆလာ မပါမည်မှာ သေချာသဖြင့် ခံတွင်းတော့ တွေ့မည်ဟု သူမထင်။
"ဒေါက်တာရေ ဆုလေးဘာလေး တောင်းပါဦး"
မစ္စက်အေမိစ်က ပြော၍ ဒေါက်တာ ဘုရားစာရွတ်သည်။ ရာဂျာကမူ ခရစ်ယာန်နယ်မြေထဲ ရောက်နေပြီ ပဲ။ ဒီအချိန် ကစပြီး ဆက်တိုက် ခရစ်ယာန်အသိုင်းအ၀ိုင်းတွေနဲ့ချည်း တွေ့ရဦးမှာပါကလား။
"ဟင်းနဲ့ သုံးဆောင်ပါ ရာဂျာ။ မင်းအတွက် ထမင်းလည်း သီးသန့် ချက်ပေးထားပါတယ်"
ဆုတောင်းပြီးနောက် မစ္စက်အေမိစ်က ပြောသည်။
"ကျွန်တော့်ကို ခုလို တစ်ယောင်တစ်ဆောင်လုပ်ပေးတာ သိပ်ပြီး ကျေးဇူးတင်ပါတယ် ခင်ဗျာ"
ရာဂျာကလည်း ရင်ထဲမှလာသော တကယ့်အသံဖြင့် ပြန်ပြောမိသည်။
"ကျွန်တော့် ထမင်းနဲ့ဟင်းကို ၀ိုင်းသုံးဆောင် ကြပါလား ခင်ဗျာ" သူက ထပ်ဖိတ်ခေါ်လိုက်သည်။
"ကျွန်မ တို့ မစားနိုင်ပါဘူးရှင် ဟင်းတွေက သိပ်စပ်လွန်းလွန်းလို့ပါ"
"ဒီဟင်းက ကျွန်တော်တို့ဆီမှာ စားနေကျပဲ။ ရုံးပတီသီးဟင်း မဟုတ်လား"
ငွေခွက်ဖြင့် ထည့်ထားသော ဟင်းကို ရာဂျာက ပြောလိုက်သည်။ ထို့နောက် ထမင်းနှင့်ဟင်းကို နယ်ဖတ် စားတော့သည်။ သူစားသည်ကို တစ်ဝိုင်းလုံးမှ ၀ိုင်းကြည့်နေကြသည်။
"သိပ်အရသာ ရှိတဲ့ ဟင်းပါပဲခင်ဗျာ"
ရာဂျာ က ပလုပ်ပလောင်း စားရင်း ပြောသည်။
ဒေါက်တာအေမိစ်ကလည်း
"ဟင်းတွေ သိပ်ကောင်းပါလားကွ" ဟု ချီးကျူးသည်။
"ကြိုက်တယ်ဆိုတာ သိရလို့ ၀မ်းသာပါတယ် ဒေါက်တာ"
မစ္စက်အေမိစ်က ပြုံးရွှင်စွာ ပြန်ပြောသည်။
"ဒီစရိုက်လေးက အိန္ဒိယအမျိုးသမီးတွေနဲ့ သိပ်တူတာပဲခင်ဗျာ"
ရာဂျာက မှတ်ချက်ချသည်။
"ဘာဖြစ်လို့ ပြောနိုင်တာလဲကွယ်"
မစ္စက်အေမိစ်က မေးသည်။
"ဘာဖြစ်လို့လဲဆိုတော့ ခင်ပွန်းသည်ကို နာမည်မခေါ်ဘဲ ရာထူးကို တပ်ပြီးခေါ်လို့ပါ"
"အိန္ဒိယအမျိုးသမီးတွေက သူတို့ခင်ပွန်းသည်တွေကို ဘယ်တော့မှ နာမည်မခေါ်ဘူးလား ဟင်"
လူစီဘဲလ်က ၀င်မေးပြန်သည်။
"ရှေးကျတဲ့ အသိုင်းအ၀ိုင်းမှာတော့ ဘယ်တော့မှ နာမည်မခေါ်ကြပါဘူး"
"ဒါဆို သူ့ခင်ပွန်းကို ဘယ်လိုခေါ်သလဲဟင်"
"ဂျီးလို့ ခေါ်ပါတယ်"
"ဒါဆို ရှင့်ခင်ပွန်းနာမည် ဘယ်သူလဲလို့ မေးရင်ကော၊ ဘယ်လို ပြန်ဖြေမလဲ"
"သူက ဖြေဖို့ ငြင်းလိမ့်မယ်"
"ဒီလိုဆိုရင် သူ့ခင်ပွန်းသည်ကို ညွှန်ပြပြီး ဒါက ဘယ်သူကလဲလို့ မေးရင်ကော"
"ဒါ ကျွန်မခင်ပွန်းပါလို့ ပြောချင်ပြောမယ်။ ဒါမှမဟုတ် ဒါကလေးတို့ရဲ့ အဖေပါလို့ ဖြေချင်ဖြေမယ်။ သူ့ခင်ပွန်းနာမည် ဟာ သူ့ရင်ထဲမှာ အမြဲရှိနေမယ်။ ဒါပေမဲ့ ပါးစပ်က ဘယ်တော့မှ ခေါ်မှမဟုတ်ဘူး။ ဂျီးလို့ ပဲခေါ်မှာပဲ၊ ကျွန်တော်တို့ ၀န်ကြီးချုပ်ကို ကျွန်တော်တို့က "နေရူးဂျီးလ လို့ ခေါ်ကြပါတယ်။ ကျွန်တော်တို့ထက် အသက် အားဖြင့် ဒါမှမဟုတ် ဥာဏ်ပညာအားဖြင့် ရာထူးအဆင့်အတန်းအားဖြင့် ပိုပြီး မြင့်မြတ်ကြီး ကျယ်တဲ့လူတွေ ကို ကျွန်တော်တို့က "ဂျီး" လို့ တပ်ပြီး ခေါ်ကြပါတယ်"
"ကျွန်မ တို့ လူငယ်တွေ အရွယ်ကတော့ကော ဘယ်လိုခေါ်သလဲဟင်၊ ကျွန်မကို ရှင်က လူစီဘဲလ် လို့ပဲ ခေါ်မလား၊ နောက်ပြီး ကျွန်မကကော ရှင့်ကို" လူစီဘဲလ်က "ရာဂျာ" အမည်ကို တပ်ပြီး ခေါ်ရန် ရှက်ရွံ့နေ သည်။
"ယောက်ျားလေးက မိန်းကလေးကို "ဘင်း" လို့ ခေါ်ပါတယ်။ မိန်းကလေးက ယောက်ျားလေးကို "ဘိုင်" လို့ခေါ်ပါတယ်။ "ဘင်း" ဆိုတာက ညီမ၊ အစ်မပေါ့၊ "ဘိုင်" ဆိုတာကလည်း အစ်ကို၊ မောင်လေး လို့ အဓိပ္ပာယ်ရတယ်။ မိန်းကလေးတစ်ယောက် ကို "ဘင်း" လို့ခေါ်ရင်၊ သူ့ကို ကိုယ့်ညီမလို အစ်မလို ခင်မင်တယ်လို့ ဆိုလို တာပေါ့။ ဒါကြောင့် ခင်ဗျားကို ကျွန်တော်က "ဘင်း" လို့ခေါ်မယ်နော်"
"လူစီဘဲလ်ကတော့ မောင်ရင်းနှမလို ဆက်ဆံရဖို့ အတော်ခက်မယ်ကွ"
ဒေါက်တာအေမိစ်က ၀င်ပြောသည်။ "ဟုတ်တယ်၊ ဟုတ်တယ်၊ အဲဒါ ရှင် ကံကောင်းတာပဲ။ သူ့လို ညီမမျိုး မရတာ သိပ်ကံကောင်းတယ် မှတ်" ဟာရီယက်က ၀င်ပြောတော့ တစ်ဝိုင်းလုံး ရယ်လိုက်ကြရသည်။
သို့ဖြင့် ညစာ စားပွဲလေး မှာ အတော်စိုပြေသွားသည်။
ရာဂျာကမူ "မစ္စက်အေမိစ်" ကို ကြည့်ပြီး၊ အတော်ချောတဲ့ အမျိုးသမီးပဲဟု ထပ်ပြီး အကဲဖြတ်မိသည်။
သူ့ကို မြင်စကတည်းက ချောမောလှကြောင်း သိရှိခဲ့ပြီးပြီ။ ခုထပ်ပြီး ကြည့်ရမြင်ရပြန်တော့လည်း သေသပ်လှပ ကျနသော ရုပ်ရည်ပိုင်ရှင် ဖြစ်နေသည်မှအပ ရယ်စရာကောင်းသော မျက်မှန်အ၀ိုင်းလေး တပ်ထားသည်မှ အပ ပေါ့လေ။
လူစီဘဲလ်က မတော်တရော် အင်္ကျီကြီး ၀တ် ထားသည်ဟု သူ ထင်မိသည်။ နောက်ပြီး သူသည် သူ့မိခင်၏ အလှကို မမီ။ သူ့အဘိုးတစ်ခါတုန်းက ၀ယ်ပေးခဲ့သော တရုတ်မ အရုပ်လေးနှင့် တူနေသည်။ ဆံပင် ဖြောင့်တန်းတန်းလေးနှင့် မျက်လုံးဝိုင်းစက်စက်လေးနှင့် ပါးအို့နီနီနှင့် အရုပ်လေးပုံမျိုး။ အရုပ် ထက်သူက ပို၍ စားသည် ကတော့ တောက်ပြောင်စူးရှသော မျက်လုံး။ လူစီဘဲလ်သည် ဖအေတူ သမီးလေး ဖြစ်သည်။ သူ့ဖခင်ကဲ့သို့ပင် ရဲရင့်ပြတ်သား စိတ်ဓာတ်ခိုင်မာသည့် သရုပ်များ ပေါ်လွင်နေ သည်။
အချိုပွဲများ ရောက်လာသည်။ ပါးပါးလှီးထားသော ဒိန်ခဲ။ ရေခဲမုန့်။ ပန်းသီးကိတ်မုန့်။
"ဒါတွေက အမေရိကန်အချိုပွဲကွဲ့။ ပန်းသီးကိတ်နဲ့ ဒိန်ခဲတွေ စားချင်စား၊ ရေခဲမုန့်ပဲ စားချင်စား။ ကြိုက်သလို စားနိုင်တယ်" မစ္စက်အေမိစ်က ပြောသည်။
ထို့နောက် သူက ပန်းသီးကိတ်ကို လှီးကာ သူ့ခင်ပွန်းသည်ကို လှမ်းပေးလိုက်သည်။
"ဒေါက်တာ့အတွက်" "အို မဟုတ်တာ၊ မင်းရဲ့ဧည့်သည်ကို အရင်ဆုံး ပေးပါကွယ်"
"ရပါတယ်၊ ရှင်သာ အရင်စားစမ်းပါ" ဒေါက်တာအေမိစ်က ရာဂျာအား တောင်းပန်အကြည့်ဖြင့် ကြည့်လိုက်သည်။
ပခုံးကို လည်း တွန့်ပြကာ ဘာမှမတတ်နိုင်ဟူသော ပုံမျိုး လုပ်ပြသည်။ သို့သော် သူ့မျက်နှာကြီးကို ကြည့်ရသည် မှာကား ကျေနပ်ဂုဏ်ယူနေပုံရသည်ဟု ရာဂျာက ထင်မိပါသည်။ ဒုတိယ ဦးစားပေးအနေနှင့် ရာဂျာကို ပန်းသီးကိတ် လှီးပေးသည်။ "ကျွန်တော် အရင်က တစ်ခါမှ ပန်းသီးကိတ် မစားဖူးပါဘူး။ သိပ်အရသာရှိတဲ့ မုန့်မှန်း ခုမှသိပါတယ်။ ပန်းသီးကိတ်နဲ့ ရေခဲမုန့် တွဲစားရတဲ့ ပထမဆုံးအရသာကို ကျွန်တော် ဘယ်တော့ မှ မေ့နိုင်တော့မှာ မဟုတ်ပါဘူး ခင်ဗျာ"
ရာဂျာ၏ စကားကို ကြားရတော့ မစ္စက်အေမိစ်၏ မျက်နှာတစ်ခုလုံးသည် ကျေနပ်မှုဖြင့် ၀င်းပသွားလေ တော့ သည်။ "ကဲ ညစာလည်း စားပြီးပြီ။ လူစီဘဲလ်ရေ ရာဂျာကို ကျောင်းဝင်းကို လိုက်ပြချေပါလား။ လမ်းလျှောက် ရင်းနဲ့ပေါ့။ တခြားကျောင်းသားတွေ ရောက်မလာသေးခင် အေးအေးဆေးဆေး ရှင်းရှင်းလင်းလင်း ကြည့် ရတာပေါ့"
ဆက်ရန်
.

No comments:
Post a Comment