Tuesday, September 11, 2012

သူရိန်ဝင်း ဘာသာပြန် အကျဉ်းစခန်း အမှတ် ၁၄ မှ လွတ်မြောက်ခြင်း (မြောက်ကိုရီးယား) အပိုင်း (၁))

အကျဉ်းစခန်း အမှတ် ၁၄ မှ လွတ်မြောက်ခြင်း

(Blaine Harden ၏ Escape from Camp 14 စာအုပ်အား ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး အခန်းဆက်ဖော်ပြ သွားမည်ဖြစ်ပါသည်။)
မြောက်ကိုရီးယားအကျဉ်းးစခန်းတွင် မွေးဖွားပြီးလွတ်မြောက်လာခဲ့သည့် တစ်ဦးတည်းသောပုဂ္ဂိုလ်၏ သျှင်းဒုန်းဟရော့ (Shine Doung-hyuk) ၏ မယုံလောက်စရာဇာတ်လမ်းကို တင်ပြလိုက်ခြင်းဖြစ်သည်။
လွန်ခဲ့သည့် ၂၆ နှစ်က သျှင်းကို အကျဉ်းစခန်း အမှတ် ၁၄ အတွင်းတွင် မွေးဖွားခဲ့သည်။ အကျသ်းစခန်းအမှတ် ၁၄ သည် မြောက်ကိုရီးယား ၏ တောင်တန်းများပေါ်တွင် ပျံ့နှံ့တည်ရှိနေသည့် နိုင်ငံရေး အကျဉ်းစခန်း များစွာထဲမှ အကျဉ်းစခန်းတစ်ခုဖြစ်သည်။ ပြုံးယမ်းမြို့၏ မြောက်ဘက် ၅၅ မိုင် ခန့်အကွာတွင်ရှိ သည့် ထိုအကျဉ်းစခန်း သည် ထိန်းချုပ်မှုအပြည့်ရှိနေသည့် စခန်းနယ်မြေဖြစ်သည်။

လွတ်မြောက်စရာ ထွက်ပေါက်မရှိသည့် အကျဉ်းစခန်းတစ်ခုပင်။ ထိုစခန်း၏ တစ်ုတည်းသော စီရင်ချက် မှာ ထောင်ဒဏ်တစ်သက် ဖြစ်သည်။ အကျဉ်းကျနေသူများသည် တစ်နေ့လျှင် ၁၂ နာရီမှ ၁၅ နာရီအထိ အလုပ် လုပ်ကြရသည်။ ကျောက် မီးသွေးမိုင်းတွင်းတူးခြင်း၊ ရေကာတာများ တည်ဆောက်ခြင်း၊ စစ်ယူနီဖောင်းများ ချုပ်ခြင်းတို့ကို လုပ်ကိုင်ရသည်။ သုတ်သင်ကွပ်မျက် ခံရသည့်အချိန်၊ အလုပ်ခွင်အတွင်း ထိခိုက်သေဆုံး ရသည့် အချိန်၊ သို့မဟုတ် ငတ်မွတ်မှုကြောင့် နာမကျန်းဖြစ် သေဆုံးချိန်ရောက်မှသာလျှင် ထိုအလုပ်များလုပ်ကိုင်ရခြင်းမှ အဆုံးသတ်သည်။ အကျဉ်းစခန်းအမှတ် ၁၄ သို့မဟုတ် မြောက်ကိုရီးယား ၏ နိုင်ငံရေး အကျဉ်းစခန်း တွင် မွေးဖွားပြီး လွတ်မြောက်ခဲ့သူဟူ၍မရှိပါ။ သျှင်း မှတစ်ပါး အခြားမည်သူမှ မလွတ်မြောက်နိုင်ခဲ့။

ဤသည်မှာ သူ၏ ဇာတ်လမ်းပင်ဖြစ်သည်။

စိတ်နှလုံးထိခိုက်လောင်မြိုက်စေသောနေရာတစ်ခု၏ အကြောင်း၊ စိတ်လှုပ်ရှားဖွယ်၊ ထိတ်လန့်တုန်လှုပ်ဖွယ်၊ ကိုယ်တွေ့အဖြစ်သနစ်ဖြစ် သည့် အကျဉ်းစခန်းအမှတ် ၁၄ မှ လျှို့ဝှက်မှောင်မိုက်သည့် တိုင်းပြည်အတွင်း သို့ သော့ဖွင့်ဝင်ရောက်ခွင့်ပေးပြီး စာဖတ်သူကို မည်သည့်အခါကမျှ သွားခွင့်မပေးခဲ့ သည့် နေရာတစ်ခု ဆီသို့ ခေါ် ဆောင်သွားပါလိမ့်မည်။

သူ၏ ပထမဆုံး မှတ်ဥာဏ်မှာ သုတ်သင်ကွပ်မျက်မှုဖြစ်သည်။ သူနှင့်သူ့မိခင်ကေးဒေါင်းဖြစ်အနီးရှိ ဂျုံခင်းတစ်ခုဆီသို့ သွားသည်။ ထိုနေရာတွင် အကျဉ်းသားထောင်ပေါင်းများစွာကို အစောင့်များက ၀န်းရံစုရုံး ခိုင်းထားသည်။ လူအုပ်ကြီးကိုမြင်၍ စိတ်လှုပ်ရှားပြီး ကလေးငယ်က လူကြီးများ၏ခြေထောက်များ ကြားမှရှေ့ဆုံး သို့ တွားဝင်လိုက်သည်။ ထိုနေရာတွင် လူတစ်ဦးကို သစ်သားတိုင်တစ်တိုင်တွင် အစောင့်များက ချည်နှောင်နေ သည်ကို သူတွေ့လိုက်ရသည်။

သျှင်းဒုန်းဟရော့ (Shin Dounghyuk) သည် ၄ နှစ်သားအရွယ် ထိုသတ်ဖြတ်မှုမတိုင်မီကလေးမှာ ကြားနေရ သည့် စကားသံ များကို နားလည်ရန်ငယ်လွန်းနေသည်။ နားမလည်နိုင်သေးသည့်အရွယ်။ နောင်လာမည့်နှစ် များတွင် ကြုံဆုံရသည့် ကွပ်မျက်မှုဒါဇင်ပေါင်းများစွာတွင် လူအုပ်ကြီးကို ပြောဆိုနေသည့် အစောင့် ၏ပြောဆို မှုများ ကို နားထောင်ရလေ့ရှိသည်။ မကြာမီသေရတော့မည့် အကျဉ်းသားကို အလုပ်ကြမ်းဖြင့် ပေးဆပ်မှုပြုလုပ် ရန်နိုင်ငံတော်က ကမ်းလှမ်းပေးခဲ့ပြီးပြီ။ သို့သော် မြောက်ကိုရီးယားအစိုးရ၏ ရက်ရောမှုကို ငြင်းပယ်ခဲ့သည်ဟု အစောင့်က ပြောဆိုသည်။ သူ၏အသက်ဇီဝိန်ကို နုတ်ယူတော့မည့် နိုင်ငံတော်ကြီးကို ဆဲရေးကျိန်ဆိုခြင်း မလုပ်နိုင် ရန် အစောင့်များက အကျဉ်းသားပါးစပ်ထဲသို့ ကျောက်စရစ်ခဲများထိုးသွင်းပြီး ဦး ခေါင်းကို ခေါင်းစွပ် စွပ်ချလိုက်သည်။

ပထမဆုံးတွေ့ကြုံရသည့် ထိုသတ်ဖြတ်မှု၌ အစောင့် ၃ ယောက် သေနတ်ဖြင့်ချိန်ရွယ်နေသည်ကို သျှင်းက ကြည့်နေ သည်။ အစောင့်တစ်ဦးစီက သေနတ် ၃ ချက်စီပစ်လိုက်သည်။ သူတို့၏ ရိုင်ဖယ်သေနတ်ပေါက်ကွဲသံ များကြောင့် ကလေးငယ်သည် ထိတ်လန့်သွားပြီး နောက်ပြန်လဲကျသွားသည်။ သို့ရာတွင် သွေးများ စွန်းထင်းပေကျံ ကာ ပျော့ခွေနေသော ခန္ဓာကိုယ်ကို အစောင့်များက ကြိုးဖြေပေးနေသည်ကို မြင်ရဖို့ အချိန်မီ ကပျာကယာ သူ လူးလဲထလိုက်သည်။ သေဆုံးနေသည့် အလောင်းကို စောင်နှင့်ဖုံးအုပ်ကာ လှည်းပေါ် သို့ပစ်တင်လိုက်ကြသည်။
မြောက်ကိုရီးယား၏ နိုင်ငံရေးရန်သူများကို ထားရှိသည့်အကျဉ်းထောင်တစ်ခုဖြစ်သည့် အကျဉ်းစခန်း အမှတ် ၁၄ တွင် ကွပ်မျက်သုတ်သင် မှုကို ကြည့်ရှုရန် စုဝေးခွင့်ပေးသည်မှအပ ကျန်အချိန်တွင် လူနှစ်ဦးထက်ပို၍ စုရုံးခွင့် မပြုပေ။ ကွပ်မျက်သုတ်သင်သည့်မြင်ကွင်းကို အကျဉ်းသားတိုင်း လာကြည့်ရသည်။ ချွေးတပ်စခန်းတွင် လူပုံ အလယ်သတ်ဖြတ်မှုနှင့် ထိုသတ်ဖြတ်မှုကြောင့်ဖြစ်ပေါ်လာသည့် အကြောက်တရားကို သင်ခန်းစာပေး သင်ကြားပို့ချမှု အချိန်တစ်ခုအဖြစ် အသုံးချသည်။

အကျဉ်းစခန်းအတွင်းက သျှင်း၏ အစောင့်များမှာ သူ၏ဆရာများပင်ဖြစ်သည်။ ပြီးတော့ သူတို့က သူ့ကို မွေးမြူထားသူများဖြစ်သည်။ သူ၏ဖခင်နှင့် မိခင်ကို သူတို့က ရွေးချယ်ပေးထားသည်။ စခန်း၏ စည်းမျဉ်း များကို ချိုးဖောက်သူသည် သေဆုံးရခြင်းနှင့် ထိုက်တန်သည်ဟု သူတို့ကသင်ပေးထားသည်။ သူ၏ကျောင်း အနီးရှိတောင်စောင်း တွင် ဆောင်ပုဒ်တစ်ခုရှိနေသည် " ကျွန်ုပ်တို့အားလုံး ဥပဒေစည်းမျဉ်းနှင့် အညီ နေထိုင်ကြသည်" ဟူ၍ဖြစ်သည်။ ထိုကလေးငယ်က စခန်း၏စည်းကမ်းချက် ၁၀ ခုကို အလွတ် ကျက်မှတ်ရသည်။ နောက်ပိုင်းတွင် သူက ထိုစည်းကမ်းချက်ကို "ပညတ်တော် ၁၀ ပါး"ကို သူ ယခုတိုင် ရွတ်ဆိုနိုင်ဆဲဖြစ် သည်။ ပညတ်ချက်အမှတ်(၁)က ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားသူကို ဖမ်းမိ လျှင် ချက်ချင်း ပစ်သတ်ရမည်ဟူ၍ဖြစ်သည်။
ပထမဆုံး အကြိမ် တွေ့ကြုံခဲ့ရသည့် ထိုကွပ်မျက်မှုအပြီး ၁၀ နှစ် အကြာတွင် ထိုနေရာသို့ပင် သျှင်းပြန်ရောက် လာသည်။ ယခုတစ်ဖန် အစောင့်များက လူစုဝေးခိုင်းလိုက်ပြန်သည်။ ယခင်လိုပင် မြေပြင်တွင်သစ်သားတိုင် တစ်တိုင် ကို ရိုက်သွင်းစိုက်ထူလိုက်ပြန်သည်။ ယာယီကြိုးစင်တစ်ခုကိုလည်း ဆောက်လိုက်ပြန်သည်။

ယခုတစ်ကြိမ်တွင်တော့ အစောင့်တစ်ယောက် မောင်းနှင်သည့် ကား၏ နောက်ခုံတွင်ထိုင်ကာ သျှင်း ထိုနေရာ သို့ ရောက်ရှိလာသည်။ သူ့ကို လက်ထိပ်ခတ်ကာ အ၀တ်စုတ်တစ်ခုမှ စုတ်ဖြဲထားသည့် အ၀တ်စဖြင့် မျက်နှာကို ပိတ်စည်းထားသည်။ သူ့ဖခင်ကိုလည်း လက်ထိပ်ခတ်ကာ မျက်စိကိုစည်းနှောင်းထားသည်။ ဖခင်က သူ၏ဘေး တွင်ထိုင်ကာ လိုက်ပါလာသည်။
သူတို့နှစ်ဦးသည် အကျဉ်းစခန်းအမှတ် ၁၄ အတွင်းရှိ မြေအောက်အကျဉ်းစခန်းတွင် ရှစ်လ ကြာပြီးနောက် ပြန်လည်လွတ်မြောက်လာသည်။ သူတို့ကို လွှတ်ပေးစဉ် မြေအောက် တွင် တွေ့ကြုံခဲ့ရသည် များကို မည်သည့် အခါမျှ မဆွေးနွေးပါဟူ၍ လက်မှတ်ထိုးပေးခဲ့ရသည်။

ထိုထောင်ထဲက အကျဉ်းထောင်တွင် သျှင်းနှင့် သူ၏ဖခင်ထံမှ ထွက်ဆိုဝန်ခံမှုထွက်ပေါ်လာအောင် အစောင့် များက နှိပ်စက်ကြသည်။ သျှင်း ၏မိခင်နှင့် တစ်ဦးတည်းသော အစ်ကိုတို့၏ မအောင်မြင်ခဲ့သည့် လွတ်မြောက် ရန် အားထုတ်မှုကို သူတို့ကသိချင်ကြသည်။ အစောင့်တွေက သျှင်း၏ အ၀တ်အစားများကို ချွတ် ပြီး သူ့ခြေကျင်းဝတ်နှင့် လက်ကောက်ဝတ် တို့တွင် ကြိုးချည်လိုက်သည်။ ပြီးတော့ သူ့ကို မျက်နှာကျက်က ချိတ်ကောက် မှာ ချိတ်ဆွဲထားကြသည်။ သူ့ကိုယ်ခန္ဓာကို မီးဖိုပေါ်သို့ နှိမ့်ပေးလိုက်သည်။ သူ့အသားတွေ စတင် မီးလောင်လာချိန်မှာ သူသတိလစ်သွားသည်။

သို့သော် သူ ဘာကိုမျှဝန်မခံ။ သူ့တွင် ၀န်ခံစရာလည်းမရှိပါ။ ထွက်ပြေးလွတ်မြောက်ရန်အတွက် အမေ၊ သူ့အစ်ကို တို့နှင့် သူပူးပေါင်းကြံစည်ခဲ့တာ မရှိခဲ့။ အကျဉ်းစခန်းထဲမှာ မွေးလာကတည်းက အစောင့်များသင် ကြားပေးလိုက် သည့်အရာ ကို သူယုံကြည်ထားသည်။ သူဘယ်တော့မှ မလွတ်မြောက်နိုင်။ လွတ်မြောက်ရန် ကြိုးစားမည့် အကြောင်း ပြောလာသူဆိုလျှင် ဘယ်သူဖြစ်ဖြစ် သူ သတင်းပေးရမည်။ အပြင်လောကတွင် နေ ထိုင်မည့် ဘ၀ကို အိပ်မက်ထဲမှာပင် သျှင်းတစ်ယောက် စိတ်ကူးမယဉ်ခဲ့ဖူးခဲ့။
မြောက်ကိုရီးယားကျောင်းသားတိုင်း သိကြရမည့် အကြောင်းအရာကို အစောင့်ဆရာများက သူ့ကိုလုံးဝ သင် မပေးခဲ့ပါ။ အမေရိကန်တို့သည် မြောက်ကိုရီးယားတို့၏ အမိမြေကို ကျူးကျော်စော်ကားရန် ကြံစည်နေသည်။ အယုတ်တမာကောင်တွေ ဟူ၍ ဖြစ်သည်။ တောင်ကိုရီးယား သည် သူ့အမေရိကန် သခင် ၏ ခွေးမ။ မြောက်ကိုရီးယား သည် ကြီးကျယ်ခမ်းနားသည့် တိုင်းပြည်ကြီးဖြစ်သည်။ မြောက်ကိုရီးယား၏ ရဲရင့် ထက်မြက် လှသည့် ခေါင်းဆောင်ကြီးများကို ကမ္ဘာက မနာလို မရှုဆိတ် ဖြစ်နေကြသည် ဟူ၍ မြောက်ကိုရီးယားကျောင်းသား များ သင်ယူကြရသည်။ တကယ်တော့ သျှင်းသည် တောင်ကိုရီးယား၊ တရုတ် သို့မဟုတ် အမေရိကန်ပြည်ထောင်စုဆိုသည့် နိုင်ငံများ ရှိနေသည်ဟူ၍ပင်မသိပါ။

သူ့နိုင်ငံသားများနှင့် မတူသည့် အချက်က (ကင်ဂျုံအီးလ်)ကို သူတို့နိုင်ငံမှာခေါ်သလို ချစ်သောခေါင်းဆောင် ကြီး ၏ ခွေးချေးများ တောအနှံ့တွင် တွေ့နေရသည့် ဓာတ်ပုံကြီးများနှင့် ကြီးပြင်းလာခဲ့ရသူမဟုတ်ပါ။ ကင်၏ ဖခင် မြောက်ကိုရီးယား ကို တည်ထောင်ခဲ့သူ မဟာ ခေါင်းဆောင်ကြီး ကင်အီဆွန်း၏ ဓာတ်ပုံ၊ ရုပ်ထုများ ကိုလည်း မမြင်ဘူး ပါ။ ခေါင်းဆောင်ကွယ်လွန်အနိစ္စရောက်ခဲ့ပြီ ဖြစ်သော်လည်း သူသည် မြောက်ကိုရီးယားနိုင်ငံ ၏ ထာဝရ သမ္မတကြီးအဖြစ်ရှိနေဆဲပါ။

အစောင့်က သူ၏မျက်နှာစည်းအ၀တ်ကို ဖြေပေးလိုက်သည့်အခါ လူအုပ်ကြီးကို သူမြင်လိုက်ရသည်။ သစ်သား တိုင်နှင့် ကြိုးစင်တွေ မြင်လိုက် ရသည်။ ကွပ်မျက်ခံရတော့မှာပါလားဟု သူယုံကြည်လိုက်သည်။ သို့သော် သူ့ပါးစပ်ထဲ သို့ ကျောက်စရစ်ခဲတွေ ထိုးသွင်းတာတော့ မရှိ။ သူ့လက်ထိပ်တွေကို ဖြုတ်လိုက်သည်။ သူနှင့် သူ့အဖေ တို့ကို အစောင့်တစ်ယောက်က လူအုပ်ရှေ့ဆီ သူ့ကိုခေါ်သွားသည်။ သူနှင့်သူ့အဖေတို့ကပွဲ ကြည့် ပရိသတ်တွေဖြစ်တော့ မည်။
အစောင့် များက သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦးကို ကြိုးစင်ဆီသို့ ဆွဲယူလာသည်။ လူငယ်တစ်ဦးကိုဖြင့် သစ်သား တိုင် မှာ ချည်နှောင်လိုက်သည်။ အမျိုးသမီးနှင့် လူငယ်မှာ အခြားသူများမဟုတ်သျှင်း၏ မိခင်နှင့်အစ်ကို တို့ဖြစ်နေသည်။

အစောင့်တစ်ဦးက သူ့မိခင်၏လည်ပင်းမှကြိုးကွင်းကို ဆွဲတင်းလိုက်သည်။ သူ့မိခင်က သူ့ကို လှမ်းကြည့် လိုက်သည်။ သျှင်းက အကြည့် ကို လွှဲဖယ်လိုက်သည်။ ကြိုးကွင်းလျှော၏အဆုံးတွင် အမျိုးသမီး၏ ဆန့်ငင် ဆန့်ငင်လှုပ်ရှားမှုများ ရပ်တန့်သွားပြီးနောက် အစောင့်သုံးဦးက သျှင်း၏ အစ်ကိုကို ပစ်ခတ်လိုက်ကြသည်။ အစောင့် တစ်ဦးလျှင် ၃ ချက်စီပစ်လိုက်သည်။
သူ့မိခင်နှင့် အစ်ကိုတို့ အသက်ဇီဝိန်ချုပ်ငြိမ်းသွားသည့်အဖြစ်ကို ကြည့်နေစဉ် မိမိသေဆုံးရခြင်းမဟုတ်သည့် အတွက် သျှင်း စိတ်သက်သာရာ ရသွားသည်။ ထွက်ပြေးဖို့ကြိုးစားသည့် သူ့အမေနှင့် အစ်ကိုတို့ကို သူဒေါသ ထွက်မိသည်။ ၁၅ နှစ်တိုင်တိုင် မည်သူ့ကိုမျှ ၀န်ခံခဲ့ခြင်းမရှိခဲ့သော်လည်း သူ့အမေနှင့် အစ်ကိုတို့ သုတ်သင်ခံ ရခြင်းမှာ သူ့လက်ချက်ဆိုသည်ကိုဖြင့် သျှင်းသိနေခဲ့သည်။

နိဒါန်း

သူ၏မိခင် ကြိုးဆွဲချအသတ်ခံရပြီးနောက် ၉ နှစ်အကြာတွင်သျှင်းသည် လျှပ်စစ်ဓာတ်အားလွှတ်ထားသည့် ခြံစည်းရိုး ကို လူးလွန့်ကျော်ဖြတ်ကာ နှင်းတောအတွင်းသို့ ၀င်ရောက်ပြေးထွက်ခဲ့သည်။ အချိန်က ၂၀၀၅ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့ဖြစ်သည်။ ထိုအချိန် မတိုင်မီက မြောက်ကိုရီးယား ၏ နိုင်ငံရေးအကျဉ်းစခန်း တွင် မွေးဖွားခဲ့သည့် မည်သူမျှ အပြင်လောကသို့ အသက်ရှင် လွတ်မြောက်သည်ဟူ၍ မရှိပါ။ စိစစ်သိရှိရသမျှ သျှင်း တစ်ဦးတည်းသာ ထိုသို့ လွတ်မြောက်နိုင်ခဲ့သူဖြစ်နေဆဲပင်။
သူသည် အသက်က ၂၃ နှစ်ရှိပြီ။ သို့သော် အကျဉ်းစခန်းခြံစည်းရိုးအပြင်ဘက်တွင် သူနှင့်သိကျွမ်းသူ တစ် ယောက် မျှမရှိပါ။

တစ်လအတွင်းတွင် သူသည် တရုတ်နိုင်ငံထဲလျှောက်လှမ်းလာခဲ့သည်။ ၂ နှစ် တာကာလအတွင်းမှာ တောင် ကိုရီးယား တွင် သူနေထိုင်နေသည်။ နောင်လေးနှစ်ကြာပြီးနောက်တွင် သူသည် ကယ်လိဖိုးနီးယား ပြီးနောက် တွင် သူသည် ကယ်လီဖိုးနီးယားပြည်နယ်လူ့အခွင့်အရေး အုပ်စုတစ်ခုဖြစ်သည့် မြောက်ကိုရီးယား လွတ်လပ်ရေး (LINK)၏ ထိပ်တန်းသံတမန်တစ်ဦးဖြစ်နေသည်။
သူ၏ အမည်က ယခုအချိန်မှာတော့ သျှင်းဒုန်းဟရော့ (Shin Doung-hyuk)ဖြစ်နေပြီ။ တောင်ကိုရီးယားကို သူရောက်လာပြီးနောက် သူ့ကိုယ်သူ ပြန်လည်ဆန်းသစ်ရန် ထိုအမည်ကို ပြောင်းလိုက်ခြင်းဖြစ်သည်။ ဖျတ် လတ်ပြီး သတိရှိနေသည့် မျက်လုံးများဖြင့် ချောမောသူတစ်ယောက်ဖြစ်သည်။ လော့အိန်ဂျယ်လိစ် သွားဆရာဝန် က သူ့သွားတွေကို ပြန်ပြင်ပေးထားသည်။ အကျဉ်းစခန်းတွင် သူ့သွားတွေက တိုက်လို့မရပါ။ သူ၏ ကိုယ်ကာယ ကျန်းမာရေးအခြေအနေက ကောင်းမွန်နေသည်။ သို့သော် သူ၏ ကိုယ်ခန္ဓာ က မြောက်ကိုရီးယားချွေးတပ် အကျဉ်းစခန်းတွင် ကြီးပြင်းခဲ့ရခြင်း၏ ကြမ်းတမ်းခက်ခဲဒုက္ခများ၏ လမ်းပြမြေပုံ တစ်ခုဖြစ်နေ သည်။ မြောက်ကိုရီးယား အစိုးရ က ချွေးတပ်အကျဉ်းစခန်းမရှိပါဟု မလျှော့တမ်းပြောဆိုနေဆဲ ပင်။

အာဟာရ ချို့တဲ့မှုကြောင့် သူသည် အရပ်ပုကာ ပိန်ပါးနေသည်။ အရပ်က ငါးပေခြောက်လက်မရှိပြီး ကိုယ် အလေးချိန်ပေါင် ၁၂၀ ခန့်ရှိသည်။ ကလေးဘ၀ အလုပ်ကြမ်းဒဉ်ကြောင့် သူ့လက်တွေ ခွင်နေ သည်။ ကြော ပြင်နှင့်တင်ပါးမှာ နှိပ်စက်ရာတွင်သုံးသည့် မီးတောက်တို့ လောင်မြိုက်ထားသည့် အမာရွတ်တွေ ရှိနေသည်။ သူ့ဆီးခုံ အထက်အရေပြားတွင် ဒဏ်ရာအပေါက်ကြီးရှိနေသည်။ သူ့ကို နှိပ်စက်စဉ်က မီးဖိုပေါ်တွင် သူ့ကို ချိတ်ဆွဲထားလေ့ရှိခဲ့သည့် ချိတ်ကောက်ကြောင့် ရလာသည့် အပေါက်ဒဏ်ရာ ဖြစ်သည်။ သူ့ခြေကျင်းဝတ်တွေ မှာ သံခြေကျင်းတွေကြောင့် ဒဏ်ရာအမာရွတ်တွေရှိနေသည်။ သူ့ကို တိုက်ပိတ် အပြစ်ပေးခဲ့စဉ်က ထိုသံခြေကျင်းများဖြင့် သူ့ကို ဇောက်ထိုးချိတ်ဆွဲထားခဲ့သည်။ သူ့လက်ယာဘက် လက်ခလယ် ၏ ပထမအဆစ် က ဖြတ်တောက်ခံထားရသည်။

အကျဉ်းစခန်းအတွင်းက အထည်ချုပ်စက်ရုံတွင် ချုပ်စက်ကို လွှတ်ချမိခဲ့သည့်အတွက် အစောင့်က အပြစ်ပေးစဉ် ဖြတ်တောက် ခံခဲ့ရခြင်းဖြစ်သည်။ သူ့ခြေထောက်နှစ်ဖက်စလုံးရှိ ညိုသကြီး၊ ခြေကျင်းဝတ်မှ ဒူးခေါင်းနေရာ အထိ ပုံပျက် ပန်းပျက်ဖြစ်ကာ လျှပ်စစ်ဓာတ်အားလွှတ်ထားသည့် သံကြိုးများ ၏လောင်မြိုက်ခြင်းကြောင့် အမာရွတ်ဒဏ်ရာများနှင့်ဖြစ်နေသည်။ ထိုလျှပ်စစ်ဓာတ်အားလွှတ်ထားသည့် သံဆူးကြိုးများ က သူ့ကို စခန်းအမှတ် ၁၄ တွင် ဆက်လက်ပိတ်နှောင်ထားခြင်းမှာ မတတ်နိုင်ခဲ့။
သျှင်းသည် ကင်ဂျုံအန်းနှင့် အသက်အရွယ် အတူတူခန့်ရှိလိမ့်မည်။ ကင်ဂျုံအီးလ်၏ တတိယမြောက် သားဖြစ်သည့် ပါးမို့မို့နှင့်ကင်ဂျုံအန်းသည် ၂၀၁၁ ခုနှစ်တွင် သူ့ဖခင်သေ ဆုံးပြီးနောက် နိုင်ငံ့ ခေါင်းဆောင်ဖြစ် လာခဲ့သည်။ တစ်ခေတ်တစ်ချိန်တည်းတွင် ကြီးပြင်းလာသည့် သျှင်းနှင့်ကင်ဂျုံအန်းတို့ နှစ် ဦးက မြောက်ကိုရီးယားရှိ ဆင်းရဲမျက်နှာမွဲနှင့် အခွင့်ထူးခံတို့ကို ထင်ထင်ရှားရှားပုံဖော်ပြနေသည်။ လူတန်း စားခွဲခြားမှု မရှိဟု အမည်ခံထားသည့် မြောက်ကိုရီးယားတွင် အမှန်တကယ်တော့ မျိုးရိုးနှင့် အသိုင်းအ၀ိုင်း ကသာအရာရာ ကိုဆုံးဖြတ်ပေးသည်။

ကင်ဂျုံအန်းက ကွန်မြူနစ်မင်းသားတစ်ပါးအဖြစ် လူ့လောကသို့ ရောက်လာပြီး နန်းတော်စည်းရိုး ၏ နောက်ဘက်တွင် ကြီးပြင်းခဲ့ရသည်။ သူသည် ဆွစ်ဇာလန်နိုင်ငံတွင် အမည်ဝှက်တစ်ခိုဖြင့် ပညာသင်ကြားခဲ့ သည်။ ထို့နောက် သူ၏အဖိုးအမည်ကို ဂုဏ်ပြုမှည့်ခေါ်ထားသည့် အထက်တန်းလွှာလူတန်းစားသာ တက် ရောက်ရ သည့် တက္ကသိုလ်တွင် ပညာလေ့လာရန် မြောက်ကိုရီးယားသို့ ပြန်လာခဲ့သည်။ သူ၏မိဘ ဂုဏ်ရှိန် ကြောင့် သူသည် ဥပဒေ၏အထက်တွင် အသက်ရှင် နေထိုင်ခဲ့သည်။ သူ့အတွက် အရာအားလုံး ကဖြစ်နိုင် သည်။ သူ့မှာ စစ်ရေးအတွေ့အကြုံအမှန်တကယ်မရှိသော်လည်း ကိုရီးယားပြည်သူ့တပ်မတော်၏ ကြယ် လေးပွင့် အဆင့်ရှိ ဗိုလ်ချုပ်အဖြစ် ၂၀၁၀ ခုနှစ်တွင် ရာထူးဂုဏ်အပ်နှင်းခံရသည်။
တစ်နှစ်ကြာပြီးသည့်နောက်တွင် နှလုံးရောဂါဖြင့် သူ့ဖခင်ရုတ်တရက်ကွယ်လွန်ပြီးနောက်တွင် မြောက်ကို ရီးယား ၏ နိုင်ငံပိုင်သတင်းမီဒီယာက သူ့ကို ကောင်းကင်ဘုံမှပို့ဆောင်လိုက်သည့် နောက်ထပ်ခေါင်းဆောင် တစ်ဦး အဖြစ် ပြောဆိုပုံဖော်ခဲ့ကြသည်။

သျှင်းကတော့ လူ့လောကသို့ ကျွန်တစ်ယောက်အဖြစ် မွေးဖွားလာခဲ့ပြီး ဗို့အားမြှင့် လျှပ်စစ်ဓာတ်အား လွှတ် ထားသည့် သံဆူးကြိုးခြံစည်းရိုး၏ အတွင်းတွင် ကြီးပြင်းခဲ့ရသူဖြစ်သည်။ စာဖတ်တတ်သည်ဆိုရုံ၊ ရေတွက် တတ်သည် ဆိုရုံ အဆင့်ကို အကျဉ်းစခန်းအတွင်းရှီ ကျောင်းတွင် သင်ယူခဲ့ရသည်။ သူ့ဖခင်၏အစ်ကိုများ ကျူးလွန်ခဲ့သည်ဟု မှန်းဆရသည့် ရာဇ၀တ်မှုများ သူ့သွေးထဲမှာစွန်းထင်းနေသည့်အတွက် သူသည် ဥပဒေ ၏ အောက်တွင် ကြီးပြင်းခဲ့ရသည်။ သူ့အတွက်တော့ ဖြစ်နိုင်သည့်အရာဟူ၍ ဘာမျှမရှိ။ နိုင်ငံတော်က ပြဋ္ဌာန်းပေးလိုက်သည့် သူ့အလုပ်ကိုင် အလားအလာမှာ အလုပ်ကြမ်း လုပ်ကိုင်ရခြင်းသာဖြစ်သည်။ ထို့ပြင် ကာလရှည်ကြာ ငတ်ုမွတ်မှုကြောင့်ဖြစ်သည့်ရောဂါဖြင့် အသေစော ရခြင်း သာဖြစ်မည်။ ထိုအခြေအနေသို့ ရောက်လာရာတွင် တရားစွဲဆိုထားခြင်းမရှိ၊ တရားခွင်စစ်ဆေးမှုမရှိ၊ အယူခံဝင်ရတာ မျိုးမရှိ လူမသိ သူမသိ ရောက်ရှိခဲ့ရသည်။

သျှင်းအသက်ရှင်လွတ်မြောက်ခဲ့သည့် ဇာတ်လမ်းက နာဇီအကျဉ်းစခန်းမှ လွတ်မြောက်လာသူများနှင့်မတူ။ သူ့အမေ က သူ့ကို ရိုက်နှက်သည်။ သူ့အမေနှင့် တစ်နှစ်တွင် ငါးညသာ အတူအိပ်စက်ခွင့်ရသည့် သူ့အဖေ က သူ့ကို ဂရုမစိုက်။ မသိကျိုးကျွံပြုထားသည်။ သူ့အစ်ကိုက သူ့အတွက် သူစိမ်းတစ်ယောက်ဖြစ်သည်။ အကျဉ်းစခန်း အတွင်းက ကလေးများသည် မယုံကြည်ရ။ ရိုင်းစိုင်းကြမ်းတမ်းသည်။ သူဘယ်အရာမျှ မတတ် မြောက်သေးခင် မှာ သျှင်းသည် ထိုကလေးများအားလုံး၏ အကြောင်းကို သတင်းပေးပြောဆိုခြင်းဖြင့် အသက်ရှင်သန်ရေး ကို တတ်သိနားလည်ခဲ့သည်။
ချစ်ခြင်းမေတ္တာ၊ သနားဂရုဏာနှင့်မိသားစုအချင်းချင်းပြောဆိုသည့်စကားလုံးများသည် သူ့အတွက် အဓိပ္ပာယ် တစ်စုံတရာ မရှိ။ ဘုရားသခင်သည် ကွယ်ပျောက်မသွား၊ မသေဆုံး။ ဘုရားသခင်ဆိုသည်ကို သျှင်း လုံးဝမကြား ဖူးခဲ့။

Night ၏အဖွင့်တွင် Wiesel က အရွယ်ရောက်ပြီး သူတစ်ဦး၏ သေခြင်းတရားနှင့်ဆိုးယုတ်မှုအကြောင်း သိ နားလည်မှုသည် သူတွေ့ရှိဖတ်ရှုခဲ့သည့် စာပေနယ်ပယ်၏ အကန့်အသတ်အတွင်း၌ ရှိပါလိမ့်မည်ဟုရေး သားခဲ့ သည်။
အကျဉ်းစခန်းအမှတ် ၁၄ မှာတော့ စာပေရှိသည်ဟူ၍ သျှင်းမသိရှိပါ။ စခန်းအတွင်းမှာ စာအုပ်ဆို၍ တစ်အုပ် တည်းသာမြင်ဖူးသည်။ ကိုရီးယားသဒ္ဒါစာအုပ်ဖြစ်သည်။ အစောင့်ယူနီဖောင်းကို ၀တ်ဆင်ထားသည့် သူတို့ ဆရာ၏ လက်ထဲတွင် ရှိနေသည့်သဒ္ဒါစာအုပ်ကိုသာမြင်ဖူးသည်။ သူ့ဆရာက ခါးတွင်ခြောက်လုံးပျူးသေနတ် ကိုချိတ်ဆွဲထားပြီး သျှင်း၏အတန်းဖော်တစ်ဦးကို သင်ပုန်းထောက် တုတ်တံဖြင့်သေအောင်ရိုက်ခဲ့ဖူးသည်။
နာဇီ အကျဉ်းစခန်းများမှ ရှင်သန်လွတ်မြောက်ခဲ့သူများနှင့်မတူဘဲ သျှင်းသည် လူ့အသိုင်းအ၀ိုင်းမှ နုတ်ဖယ် ယူသွားခံ ရခြင်းမဟုတ်ပါ။ သူသည် ငရဲသို့ ဆင်းသတ်ရန် အတင်းဆွဲခေါ်ခံခဲ့ရသူမဟုတ်ပါ။ သူသည် ထိုငရဲ ဘုံ၌ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပါသည်။ ထိုအရပ်ဒေသ၏ စံတန်ဖိုးများကို သူသည်ခံယူသည်။ ထိုနေရာကို သူက အိမ်ဟုခေါ်ဝေါ်သည်။

မြောက်ကိုရီးယား၏ အကျဉ်းစခန်းအရေအတွက်သည် ဆိုဗီယက် ရူးလက်အကျဉ်းစခန်းထက် နှစ်ဆ ကာလ ရှည်ကြာသည်။ မြောက်ကိုရီးယား၏ ထိုစခန်းများမည်သည့်နေရာတွင်ရှိသည်ကို အငြင်းပွားစရာမရှိ ပါ။ အလွန်ကြည်လင် ပြတ်သားသည့် ဂြိုလ်တုဓာတ်ပုံများ က မြောက်ကိုရီးယား ၏ ကျောက်ဆောင် ကျောက် ကမ်းပါး ပေါများ လှသည့် တောင်တန်းများပေါ်တွင် ပျံ့နှံ့တည်ရှိနေသည့် ကျယ်ပြန့် လှသည့် အကျဉ်း စခန်းခြံစည်းရိုး များကို ပြသနေသည်။ အင်တာနက် အချိတ်အဆက်ရှိသူ မည်သူမဆို Google Earth တွင် တွေ့နိုင်သည်။

ထိုအကျဉ်းစခန်း များတွင် အကျဉ်းသားပေါင်း ၁၅၄၀၀၀ ခန့်ရှိမည်ဟု တောင်ကိုရီးယား အစိုးရက ခန့်မှန်း ထားသည်။ အမေရိကန်နိုင်ငံခြားရေးဌာနနှင့် လူ့အခွင့်အရေး အုပ်စုအများအပြားက နှစ်သိန်းအထိရှိမည်ဟု တွက် ချက်သည်။ အကျဉ်းစခန်းများ၏ ဂြိုလ်တုဓာတ်ပုံကို ဆယ်စုနှစ်တစ်ခုကြာ စစ်ဆေးပြီးနောက် ၂၀၁၁ ခုနှစ်တွင် အကျဉ်းစခန်း အတွင်းတွင် အဆောက်အအုံအသစ်များ ရှိနေကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်း သာခွင့် အဖွဲ့ကြီးက သတိပြုမိကာ အကျဉ်းစခန်းတွင် ဦးရေတိုးပွားနေသည်ကို စိုးရိမ်ပူပန်နေသည်။ ကင်ဂျုံ အီးလ်ထံမှ အတွေ့အကြုံမရှိသည့်သူ၏ သားငယ်ထံသို့ အာဏာရွှေ့ပြောင်းချိန်တွင် အခိုက်အတန့်မတည် ငြိမ်မှုများဖြစ်နိုင်သည်ဟု စိုးရိမ်ကြသည်။

တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီနှင့် လူ့အခွင့်အရေး အုပ်စုများ၏ပြောဆိုမှုအရ ချွေးတပ် အကျဉ်းစခန်းခြောက်ခုရှိနေသည်။ အကြီးဆုံးစခန်းမှာ ၃၁ မိုင် ရှည်လျားပြီး ၂၅ မိုင် ကျယ်သည်။ လော့အိန် ရျယ်လိစ် မြို့ကြီးထက် ကျယ်ပြန့်သည့် ဧရိယာဖြစ်သည်။ လျှပ်စစ်ဓာတ်အားလွှတ်ထားသည့် သံဆူးကြိုးများ ကာရံထားပြီး အစောင့်မျှော်စင်များ၊ လက်နက်ကိုင်များလှည့်လည်ကာ စောင့်ကြပ်ထားသည်။ ထိုအထဲမှ စခန်းနှစ်ခုဖြစ် သည့် အမှတ် ၁၅ နှင့် ၁၈ တွင် ထပ်မံသင်ကြားရေးဇုန်များ ရှိနေသည်။ ထိုနေရာတွင် ကံကောင်းသော အထိန်းသိမ်းခံရသူ အချို့ ကင်ဂျုံအီးလ်နှင့် ကင်အီဆွန်းတို့၏ သင်ကြားမှုကို ခံယူကြရသည်။ အကျဉ်းသား များက ထိုသင်ကြားမှုများကို လုံလောက်သည့် အတိုင်းအတာ အထိ အလွတ်ကျက်မှတ်နိုင်ပြီး သစ္စာစောင့် သိသည်ဟု အစောင့်များကို ယုံကြည်အောင် လုပ်ဆောင်နိုင် လျှင်သူတို့ကို ပြန်လွှတ်ပေးနိုင်ပါသည်။ သို့ရာတွင် နိုင်ငံတော် လုံခြုံရေးအဖွဲ့က သူတို့ကို ဘ၀တစ်လျှောက်လုံး စောင့်ကြည့်နေမည်။ အခြားစခန်း များကတော့ ထိန်းချုပ်မှုအပြည့်ရှိနေသည့် စခန်းများ ဖြစ်သည်။ ထိုစခန်းများ၌ အကျဉ်းသားများသည် အသက် ဆုံးရှုံး ရသည်အထိ အလုပ်လုပ်ကြရသည်။ သူတို့ ကိုပြန်လည်ကုစား၍ မရနိုင်လောက်အောင် ဆိုးရွားသူများ ဟုခေါ်ကြသည်။

သျှင်းကို မွေးဖွားခဲ့သည့် အကျဉ်းစခန်း အမှတ် ၁၄ သည် ထိန်းချုပ်မှုအပြည့်ရှိနေသည့် စခန်းဖြစ်သည်။ စခန်း အမှတ် ၁၄ ၏ ထူးထူးခြားခြား ရက်စက် ကြမ်းတမ်းသည့် အလုပ်ခွင်အခြေအနေနှင့် နိုးနိုးကြားကြားရှိ သည့် အစောင့်များကြောင့်စခန်းအားလုံးထဲတွင် အကြမ်းတမ်းဆုံးစခန်းဟု ဂုဏ်သတင်းကျော်ဇောသည်။ ထို့ပြင် အကျဉ်းသား များ၏ ကျူးလွန်သည့်ပြစ်မှုကို ခွင့်မလွတ်နိုင်လောက်စရာဆိုးရွာမှုဟု ရှုမြင်သည်။ နိုင်ငံတော်၏ အမြင်ကြောင့်ဖြစ်သည်။ အကျဉ်းသားအများစုမှာ အာဏာရပါတီ၊ အစိုးရအဖွဲ့နှင့် စစ်တပ် မှ နုတ်ပယ်ခံ ထားရသည့်အရာရှိများဖြစ်သည်။ သူတို့နှင့်အတူ မိသားတစ်စုလုံးလည်း လိုက်ပါလာရသည်။ ပြုံး ယမ်းခရိုင်တောင်ပိုင်း Kaechon အုပ်ချုပ်ရေးနယ်မြေအနီး မြောက်ကိုရီးယားအလယ်ပိုင်းတွင် ၁၉၅၉ ၀န်းကျင်လောက်က စတင်တည်ဆောက်ခဲ့သည့် စခန်းအမှတ် ၁၄ သည် ခန့်မှန်းခြေအကျဉ်းသား ၁၅၀၀၀ ခန့်ရှိနေသည်။ မိုင် ၃၀ ခန့်ရှည်လျားပြီး ၁၅ မိုင်ခန့်ကျယ်ဝန်းသည့် စခန်းအမှတ် ၁၄ တွင် မွေးမြူရေးခြံများ မိုင်းတွင်းများ ရှိသည်။ မတ်စောက်လှသည့် တောင်ချိုင့်များတစ်လျှောက်တွင် စက်ရုံများခွေရစ်ပျံ့နှံ့နေသည်။

သျှင်းသည် ချွေးတပ်အကျဉ်းစခန်းအတွင်းမွေးဖွားကာ လွတ်မြောက်လာပြီး သူ၏အကြောင်းကိုပြောပြသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်နေပေမယ့်လည်း ထိုစခန်းများကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရသူ အနည်း ဆုံး ၂၆ ဦးရှိပါသည်။ ယခုအခါ သူတို့သည် လွတ်လပ်သည့် ကမ္ဘာတွင် နေထိုင်လျက်ရှိကြသည်။
မြောက်ကိုရီးယားအများစုသည် တရားစွဲဆိုအရေးယူသည့် ဖြစ်စဉ်တစ်စုံတရာမရှိဘဲ အကျဉ်းစခန်းများဆီသို့ ပို့ဆောင်ခံနေ ရသည်။ အများစုမှာ မိမိတို့ကို မည်သည့်ပြစ်မှုနှင့် စွဲဆိုထားသည်ကိုပင် မသိရှိရဘဲ သေဆုံးကြရသည်။ သူတို့၏ နေအိမ်များမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံနေရသည်။ အများ အားဖြင့် အမျိုးသားလုံခြုံရေးအေဂျင်စီ Bowibu က ညအချိန် တွင် ဖမ်းဆီးခေါ်ဆောင်သွားကြသည်။ မျိုးရိုး စဉ်ဆက် ပြစ်ဒဏ်ချမှတ်ခြင်းသည် မြောက်ကိုရီးယားတွင် တရားဝင်သည်။ အမှားကျူးလန်သူသည် သူ၏မိဘ၊ သားသမီးများနှင့်အတူ အကျဉ်းချခံရသည်။ ပြည်သူ့ရန်သူများဖြစ်သည့် မည်သူ့ကိုမဆို သူတို့၏မျိုးစေ့ကို မျိုးဆက်သုံးခုအထိ သုတ်သင်ပစ်ရမည်ဟု ကင်အီဆွန်းက ၁၉၇၂ ခုနှစ်တွင် ဥပဒေချမှတ်ခဲ့သည်။

၂၀၀၈ ခုနှစ် ဆောင်းရာသီ၏နေ့လည်စာတစ်ခုတွင် သျှင်းနှင့် ကျွန်တော်ဆုံတွေ့ခဲ့သည်။ ဆိုးလ်မြို့ထဲက ကိုရီးယားစားသောက်ဆိုင်တစ်ခုတွင် ကျွန်တော်တို့ဆုံခဲ့ကြသည်။ စကားမပြတ်ပြောပြီး အစားအသောက် အာသီသ ပြင်းထန်သူဖြစ်သည်။ ထမင်းနှင့် အမဲသားလိုက်ပွဲအများအပြားကို အငမ်းမရ စားသောက်နေခဲ့သည်။ စားသောက်နေစဉ် မှာပင် သူ့အမေကြိုးဆွဲချကွပ်မျက်ခံရတာကို ကြည့်နေတုန်းက မည်သို့ခံစားခဲ့ရပုံကို ကျွန်တော်နှင့် ကျွန်တော့် ဘာသာပြန်သမားကို ပြောပြခဲ့သည်။ စခန်းအတွင်းမှာ သူ နှိပ်စက်ခံရခြင်းအတွက် သူ့ မိခင် ကို သူက အပြစ်တင်သည်။ သူ့မိခင်ကို ယခုတိုင် စိတ်ဆိုးဒေါသထွက်နေဆဲ ဟု တခုတ်တရပြောဆိုသည်။ သူသည် သားလိမ္မာ တစ်ယောက်တော့ မဟုတ်ခဲ့ဟုဆိုသည်။ သို့သော် ဘာ့ ကြောင့်ဆိုသည်ကိုတော့ ရှင်း မပြခဲ့ပါ။

အကျဉ်းစံနှစ်များအတွင်း ချစ်ခြင်းမေတ္တာဆိုသည့်စကားလုံးကို သူလုံးဝ မကြားဖူးခဲ့ဟုပြောပြသည်။ သေချာ သည် က သေဆုံးခဲ့ပြီဖြစ်သည့်တိုင် စက်ဆုပ်နေဆဲအမျိုးသမီးတစ်ဦးဖြစ်သည့် သူ့မိခင်ထံမှ ချစ်တယ်ဟူသည့် စကားလုံး ကို မကြားဖူးခဲ့။ တောင်ကိုရီးယားဘုရားကျောင်း တစ်ခုထဲတွင် ခွင့်လွှတ်ခြင်းဟူသော အယူအဆကို သူကြားဖူး ခဲ့သည်။ သို့ရာတွင် သူနားမလည်နိုင်ပါ။ အကျဉ်းစခန်း အမှတ် ၁၄ မှာ ခွင့်လွှတ်ပါ ဟု တောင်းဆိုခြင်းမှာ အပြစ်မပေးရန် တောင်းပန်ခယခြင်းဖြစ်သည်ဟု သူကပြောသည်။
အကျဉ်းစခန်းအကြောင်း ကိုယ်တွေ့ မှတ်တမ်းတစ်အုပ် သူရေးခဲ့သည်။ သို့ရာတွင် တောင်ကိုရီးယား၌ လူစိတ်ဝင်စားမှု အနည်းအကျဉ်းသာ ရရှိခဲ့သည်။ သူသည် အလုပ်မရှိ ငွေမရှိနှင့် ရှေ့ဆက် ဘာလုပ်ရမည်မသိ ဖြစ်နေသည်။ စခန်း အမှတ် ၁၄ ၏ ဥပဒေသများက အမျိုးသမီးတစ်ဦးနှင့် အရင်းနှီးဆုံး ထိတွေ့ဆက်ဆံ ရန် သူ့ကို ဟန့်တားနေသည်။ ယခုဆိုလျှင် သူက သင့်တော်သည့် ချစ်သူတစ်ယောက် လိုချင်နေသည်။ သို့သော် မည်သို့စတင်ရမည်ကို မသိဟု သူကပြောသည်။

နေ့လယ်စာ စားပြီးသွားတဲ့နောက် ဆိုးလ်မြို့က သူငှားဖို့ မတတ်နိုင်တော့တဲ့ စိတ်မကောင်းစရာအခန်းလေး ဆီကို ကျွန်တော့်ကို သူခေါ်သွားသည်။ သူက ကျွန်တော့်မျက်လုံးတည့်တည့်ကို မကြည့်ပေမယ့်လည်း အဖြတ်ခံ ထားရသည့် သူ့လက်ချောင်းကိုပြသည်။ ဒဏ်ရာအမာရွတ်တွေနှင့် သူ့နောက်ကျောကိုပြသည်။ သူ့ ရဲ့ပုံကို ဓာတ်ပုံရိုက်ခွင့်လည်း ကျွန်တော့်ကို ပေးသည်။ ဒုက္ခဆင်းရဲတွေ ခါးစည်းခံခဲ့ရပေမယ့်လည်း သူ့မှာ ကလေးဆန် သည့် မျက်နှာရှိနေဆဲပါ။ သူ့အသက် ၂၆ နှစ်။ အကျဉ်းစခန်းအမှတ် ၁၄ မှ အပြင်ဘက်သို့ ရောက်ရှိနေသည်မှာ သုံးနှစ်ရှိပြီ။
သျှင်း၏ ဘ၀ဇာတ်လမ်းက အပြင်ကမ္ဘာကလူတွေ ရှုမြင်နိုင်ဖို့ တံခါးဖွင့်ပေးလိုက်ခြင်းဖြစ်သည်။ ကင်မျိုးဆက် သည် ကလေးငယ် များကို ကျွန်ပြုသတ်ဖြတ်ပြီး မည်သို့ ဆက်လက်ရှင်သန်နေဆဲဆိုသည်ကို မြင်တွေ့နိုင်ရန် တံခါးဖွင့်လိုက်ခြင်းဖြစ်သည်။ ကျွန်တော်တို့နှင့် တွေ့ဆုံပြီး ရက်အနည်းငယ်အကြာတွင် သျှင်း၏ ဂရုဏာသက်ဖွယ်ဓာတ်ပုံနှင့် တုန်လှုပ်ချောက်ချားစရာဆောင်းပါး ၀ါရှင်တန်ပို့စ်၏ ရှေ့မျက်နှာစာ တွင် ထင်ထင် ရှားရှားကြီးပါလာသည်။

" သျှင် ကြံ့ကြံ့ခံခဲ့ရသည့် ရက်စက်မှုများသည် ထိတ်လန့် တုန်လှုပ်စရာဖြစ်သည်။ သို့သော် ထိုနည်းတူစွာ ပင် မြောက်ကိုရီးယား ချွေးတပ်အကျဉ်းစခန်းများတည်ရှိနေမှုကို ကမ္ဘာကြီးက လျစ်လျူရှုထားခြင်းသည် လည်းထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်သည်"ဟု ၀ါရှင်တန်ပို့စ်အယ်ဒီ ဘာ့အာဘော်တွင် ရေးသားထားသည်။
" အမေရိကန် သမ္မတ ဖရန့်ကလင်ဒီရုစဗဲ့သည် ဟစ်တလာ၏ အကျဉ်းစခန်းဆီသို့သွားရာ မီးရထားလမ်းများ ကို အဘယ်ကြောင့် ဗုံးမကြဲချခဲ့သနည်းဟု အမေရိကန်ကျောင်းသားများ ဆွေးနွေးခဲ့ကြသည်။ နောင်လာ မည့် မျိုးဆက်ဖြစ်သည့် သူ တို့၏ သားသမီးများကလည်း အနောက်နိုင်ငံများသည် ကျင်လည်ပြတ်သားလှ သည့် ကင်ဂျုံအီး၏ အကျဉ်းစခန်းဂြိုလ်တု ဓာတ်ပုံများကို စိုက်ကြည့်ပြီး ဘာမျှ မလုပ်ဆောင်ခဲ့ သည့်အကြောင်း ကို မေးကြပါလိမ့်မည်" ဟု အယ်ဒီတာ့ အာဘော် ကို အဆုံးသတ်ထား သည်။

ဆက်ရန်
မော်ကွန်း အမှတ် (၁) စက်တင်ဘာလ 2012
.

No comments: