Tuesday, September 11, 2012

မောင်ပေါ်ထွန်း ဘာသာပြန် ရေမြေခြားသော်လည်း, အပိုင်း (၁၉)

"ဒီစာ ခရစ္စတိုဖာဆီ က လာတာ။ သူ စာကောင်းကောင်း ရေးတတ်နေပြီ မောင်။ ဝမ်းသာစရာပဲ" "သူ ဘာတွေ ရေးထား သလဲ" "မောင့်ဆီရေးတဲ့ စာပါ။ ကျွန်မ ဖတ်ပြရမှာလား" ခရစ္စက ခေါင်းညိတ်ပြ သည်။ လော်ရာက အသံထွက်၍ ဖတ်ပြသည်။ ကို ဆက်ဖတ်ရန်..............

ချစ်လှစွာသော ဖေဖေ…
သားမောင် ရိုသေစွာ စာရေးလိုက်ပါတယ်။ အခုဆိုရင် သားမောင် ကောင်းကောင်း ရေကူး တတ်နေပါပြီ။ ဒိုင်ဗင်ထိုး လည်း ကျွမ်းကျင်နေပါပြီ ဖေဖေ။ ဘေ့စ်ဘောတို့ ဘာတို့လည်း ကစားတတ်နေ ပါပြီ။ အခုဆိုရင် တချို့ကျောင်းသားတွေ နွေရာသီကျောင်းပိတ်ရက်မှာ အိမ်ပြန်တဲ့လူ ပြန်သွားကြပါပြီ။ သားမောင် ဘယ်တော့ အိမ်ကို ပြန် ရမှာလဲ ဖေဖေ။ သားမောင်ဆီ စာပြန်မှာလား ဖေဖေ။ မကြာခင်မှာ ကျောင်းသားတွေ အကုန်လုံး ပြန်ကြ ပါတော့မယ်။ သားမောင်ဟာ ဖေဖေတို့ကိုပဲ နေ့တိုင်းမျှော်နေမိပါ တယ်။ ဘယ်တော့ လာခေါ်ကြ မှာလဲဟင်။ သားမောင် သင်ခန်းစာတိုင်းမှာ အမှတ်လည်း ကောင်း ကောင်း ရပါတယ် ဖေဖေ။
ဖေဖေ့သား
ခရစ္စတိုဖာ

"တော်တော် တော်တဲ့ ချာတိတ်ပဲ"
ခရစ္စက ပြောသည်။
"အဲဒီတော့ သူ့ဆီ မောင် ပြန်စာရေးမှာလား"
"မင်းပဲ ရေးလိုက်ပါ"
"နွေရာသီ ကျောင်းပိတ်ရက်ကိစ္စ ဘယ်လိုလုပ်မှာလဲ"
"ငါ ကျောင်းကို သွားစုံစမ်းတုန်းက မေးကြည့်ခဲ့ပြီးပြီ။ သူတို့ ကျောင်းမှာ နွေရာသီ ရက်အားအတွက် အစီအစဉ်တွေ ရှိ တယ်။ လေ့လာရေးစခန်း ထွက်တာမျိုးပေါ့။ ကျောင်းသားတွေ တော်တော်များများ အိမ်ပြန်လေ့ မရှိကြ ပါဘူး" လော်ရာက စာကို အိတ်ထဲ ပြန်ထည့်လိုက်သည်။

"ဒီရက်တွေမှာ မောင် အလုပ်သိပ်များနေတယ်လို့ ကျွန်မက စာရေးလိုက်ပေမဲ့ သူက ယုံမှာ မဟုတ် ဘူး။ မောင့်အနေနဲ့ ပြန်စာရေးဖို့တောင် အချိန်မရဘူးလို့ စာပြန်လိုက်ရင် သူက ဘယ်နည်းနဲ့မှ လက်ခံမှာ မဟုတ် ဘူး မောင်" "ငါ တောင်းပန်ပါတယ် လော်ရာ၊ ကျေးဇူးပြုပြီး…"
လော်ရာက ခင်ပွန်းသည်၏မျက်နှာကို မောကြည့်လိုက်သည်။ သူ့အသံတွင် ဒေါသသံပါသဖြင့် အံ့သြ သွားမိ သည်။ ထို့ကြောင့် သူမက လေအေးအေးငြဖ့် ပြောသည်။
"ကျွန်မ မှားတာရှိရင် ခွင့်လွှတ်ပါ မောင်။ ကတယ်တော့ ဒီကလေးကို မောင်နှင့် ကျွန်မတို့က ဒီလိုခေါ် လာခဲ့ကြ တာပါ။ သူဟာ သူ့အတွက် စိမ်းနေတဲ့ဒေသမှာ သူစိမ်းတွေကြားထဲရောက်နေတာကို မောင် လည်း သိပါတယ်"
"ဒါဆို တို့ သူ့ဆီသွားကြမယ်။ ခရစ္စမတ်ပွဲတော်ရက်မှာ သူနဲ့အတူ သွားနေကြမယ်"
"ဟင်… မောင် တကယ်ပြောတာလားဟင်။ တကယ်ပြောတာလား မောင်"
"တကယ်ပြောတာပေါ့။ ပြီးတော့ မင်းကလည်း ခရစ္စမတ်ပွဲမှာ ငါနဲ့ နှစ်ယောက်တည်းဆိုရင် ပျော်မှာ မဟုတ်ဘူး။ တို့က နှစ်ယောက် တည်း မဟုတ်တော့ဘူး။ နောက်တစ်ယောက် တိုးလာပြီ… မဟုတ်လား"
"အဲဒါကလဲ…"

"ဟုတ်ပါတယ်… ငါ သိပါတယ်။ ငါ သိပါတယ်။ ငါ့အပြစ်ကြောင့်ပါ"
"ကျွန်မက အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ သူ့ခမျာ တစ်ယောက်တည်း အားငယ်နေ မှာကြောင့် မို့လို့ ပြောတာပါ။ မောင်ကသာ ဒီကလေးကို သူ့အမေနဲ့ပဲ ထားခဲ့ပါဆိုရင်… ကျွန်မက ဒီကလေးကို ခေါင်းထဲ ထည့်ပြီး လုံးဝ မစဉ်းစားပါဘူး"
"ဒါဆိုရင် သူ့ကို ပြန်ပို့သင့်သလား"
"မောင်က ပြန်ပို့ပါဆိုရင် ကျွန်မ ပြန်ခေါ်သွားမယ်လေ…"
ခရစ္စ က လက်ထဲမှ ဇွန်းနှင့်ခက်ရင်းကို ပြန်ချလိုက်သည်။
"မင်းက တကယ်ပြောနေတာလား"
"ဟုတ်တယ်။ ကျွန်မ တကယ်ပြောနေတာပါ။ ကလေးနဲ့ နီးနီးကပ်ကပ် တစ်ယောက်ယောက်ရှိနေမှဖြစ် မယ်… မောင် ။ ကလေး ကို ချစ်မယ့်လူတစ်ယောက် သူ့အနီးမှာ ရှိမှဖြစ်မယ်"

"လော်ရာ… မင်းက ငါ့ကို တမင် ဒေါသဖြစ်အေင် ဆွပေးနေတာလား။ တကယ်ဆိုရင် ခုနေခါမှာ သူ့ အနေနဲ့ ဘာများ လိုအပ်သေးသလဲ။ အားလုံး ပြည့်စုံနေပြီ မဟုတ်လား။ ပညာလည်း သင်ရပြီ။ အဝတ် အစား လည်း ပြည့်စုံပြီ။ စားရေးသောက်ရေးလည်း မပူရတော့ဘူး။ အခုဆိုရင် သူ့အနေနဲ့ ကြိုးစားရင် ကြိုးစားသလို အခွင့်အရေးတွေ ရနိုင်တဲ့ နိုင်ငံကိုရောက်နေပြီ မဟုတ်လား"
"ဒါပေမဲ့ သူ့အတွက် အလိုအပ်ဆုံး အရာကိုတော့ မရသေးဘူး မောင်။ သူ့အတွက် အလိုအပ်ဆုံး အရာ က မိသားစုပဲ"
ခရစ္စက လက်သုတ်ပဝါကို စားပွဲပေါ် ပစ်ချလိုက်ပြီး…
"ကဲ… ဒါဆိုရင် ငါ လုံးဝ စွန့်လွှတ်လိုက်တော့မယ်။ ငါ အရွေးမခံတော့ဘူးလို့ ဘားမင်းကို ပြောလိုက် တော့မယ်။ ငါ ဘာနိုင်ငံရေးမှ မလုပ်တော့ဘူး။ တစ်သက်လုံး ဒီကလေးကိုပဲ ပြုစုစောင့်ရှောက်သွား တော့မယ်"
"အဲဒါဆိုရင် နောက်ဆုံးပွဲ ဖြစ်မှာပဲ။ အဲဒီလိုသာဆိုရင် မကြာခင်မှာ ကျွန်မ ကွာရှင်းခွင့် တောင်းရလိမ့် မယ်"

"လော်ရာ… မင်း… ဘယ်လိုပြောလိုက်တာလဲ"
"ဒီလိုပဲ ပြောရမှာပေါ့။ မောင်နဲ့ ဆက်ပေါင်းနေစရာမှ အကြောင်းမရှိတော့တာပဲ"
"ငါကလည်း ဒီဘဝကို ကျေနပ်နေတယ်လို့ မပြောပါဘူးကွ"
"ဘာလဲ၊ ကျွန်မကို ဆိုလိုတာလား"
သူတို့ လင်မယားသည် ယခင်အခါများကလည်း ရန်ဖြစ်ခဲ့ဖူးသည်။ သို့သော် ယခုလောက်တော့ အကျယ် အကျယ် ဘယ်တော့မှ မဖြစ်ခဲ့စဖူး။
လော်ရာ က ခင်ပွန်းသည်၏မျက်နှာကို စေ့စေ့ကြည့်လိုက်သည်။ သူ၏မျက်လုံးပြာကြီးများသည် ဒေါသ စိတ်ကြောင့် အရောင်တလက်လက် တောက်နေကြသည်။ လော်ရာ၏နှလုံးသားသည် အေးစက်သွား သလို ထင်လိုက်ရသည်။

သူတို့ လင်မယားကြားတွင် ခရစ္စတိုဖာကလေး ပြဿနာထက် ကြီးကျယ်သော ပြဿနာ တစ်ရပ်တော့ ပေါ်ပေါက် လာခဲ့ပြီ။ ဒီအချက်ကို သူမ ဘယ်လိုရှင်းပြနိုင်ပါမည်နည်း။ ခရစ္စ သည် သူမ မျှော်လင့် ခဲ့သော လူစားမျိုး မှ ဟုတ်ပါသေးရဲ့လားဟူသော သံသယစိတ်က သည်းမခံနိုင်လောက်အောင် ကြီးမားလာခဲ့ပြီ။ သူသည် အမှန်တရား ကို ရင်မဆိုင်ရဲဘဲ ရှောင်ဖယ်ရန်သာ ကြိုးစားနေပါရော့လား။ ဂုဏ်သရေရှိ လူကြီး လူကောင်း တစ်ယောက်ပီပီ အသိတရားရှိရှိဖြင့် ကိုယ့်တာဝန်ကိုကိုယ် ပြည့်ပြည့်ဝဝ မယူရဲပါကလား။ သူက ယခုလို ဂုဏ်သရ ကျဆင်းမည့် လုပ်ရပ်မျိုးကို လုပ်နေလျှင် သူမ အနေဖြင့် ဘယ်လိုလုပ်ပြီး သည်းခံနိုင် ပါမည်နည်း။

ငါ စိတ်ကူးပုံမဟုတ်သေးပါဘူး။ ငါက ငါဖြစ်စေချင်တဲ့ ပုံစံနဲ့ သူ့ကို တိုင်းတာနေသလိုဖြစ်နေပြီ။ တကယ် လို့ ဒီကလေး ဟာ ငါ့သားကလေးသာဆိုရင် ငါ အမြတ်နိုးဆုံး အရာကို  စွန့်လွှတ်ပြီး ဒီကလေးကို တရား ဝင် အသိ အမှတ် ပြုနိုင်ပါ့မလား။
သို့သော် သူမအဖို့ အမြတ်နိုးဆုံးအရာမှာ လင်တော်မောင် ခရစ္စသာဖြစ်သည်။ ထို့ကြောင့် အကယ်၍ သူမ အနေဖြင့် အခြားယောက်ျားတစ်ပါးနှင့်ရသော ကလေးလေးတစ်ယောက်ကို မိဘမဲ့ဂေဟာတွင် ထားရသော အချိန် တွင် ခရစ္စအနေဖြင့် ယင်းကလေးကို ဘယ်နည်းနှင့်မျှ လက်မခံနိုင်ဟုလည်း မိမိက အတပ် သိနေသည် ဆိုပါလျှင် ယင်းကလေးအကြောင်းကို သူမက ခရစ္စအား ပွင့်ပွင့်လင်းလင်း ပြောပြရဲ ပါမည်လား။ သို့မဟုတ် လုံးဝ မပြောဘဲ တစ်သက်လုံး ရေငုံနှုတ်ပိတ်နေပါမည်လား။

သည်မေးခွန်းအတွက် အဖြေမထွက်။ အဘယ့်ကြောင့်ဆိုသော် ယင်းသို့သော ပြဿနာ မပေါ်ပေါက် သောကြောင့် ပင် ဖြစ်သည်။
တကယ်တွေးကြည့်လိုက်လျှင် ယခုကိစ္စတွင် ခရစ္စအနေဖြင့် ဆုံးရှုံးမှုမှာ လူတစ်ဦးတစ်ယောက် ဆုံးရှုံး ခြင်း မဟုတ်။ အကြီးကျယ်ဆုံးသော ဘဝရည်မှန်းချက်ကြီးတစ်ရပ် ဆုံးရှုံးခြင်းသာဖြစ်နိုင်သည်။ ယင်း ရည်မှန်းချက် မှာလည်း မိမိ တစ်ယောက်တည်းအတွက် မဟုတ်။ နိုင်ငံအတွက် လူမျိုးအတွက် ရည်မှန်း ချက် ဖြစ်သည်။
ခရစ္စသည် ထိုရည်မှန်းချက်အတွက် မွေးဖွားလာသူလည်းဖြစ်သည်။ ထိုရည်မှန်းချက်အတွက်ပင် ပညာ သင်ယူခဲ့ခြင်းဖြစ် သည်။ သူတို့မျိုးရိုးသည် အစဉ်အလာအရ တိုင်းပြည်တာဝန်ကို ထမ်းဆောင်လာခဲ့ကြ သူ များသာ ဖြစ်သည်။

ခရစ္စသည် အာဏာကိုလိုချင်သည်။ ဟုတ်ပါသည်။ သူသည် ပြည်နယ် အုပ်ချုပ်ရေးကောင်း တစ်ယောက် ဖြစ်ချင်သည်။ အဘယ့်ကြောင့်ဆိုသော် ပြည်သူတွေအနေဖြင့် ရိုးသားဖြောင့်မှန်သော ပြည်နယ် အုပ်ချုပ်ရေးမှူးကောင်း ကို အလိုရှိနေသောကြောင့် ဖြစ်သည်။
သူသည် အရွယ်ရောက်လာသည့် အချိန်မှစ၍ တိုင်းပြည်တိုးတက်ရေး လုပ်ငန်းများကိုသာ ဦးစူးမဂ္ဂထား ကာ စိုက်လိုက် မတ်မတ် ဆောင်ရွက်လာခဲ့သည်။ "နိုင်ငံသားကောင်း တစ်ယောက်အနေနဲ့ မိမိပြည်နယ် ကောင်းကျိုးကို ပထမဆုံး ဆောင်ရွက်ရမယ်။ အဲဒီက တစ်ဆင့် မိမိနိုင်ငံ ကောင်းကျိုးအတွက် ဆောင် ရွက်ရမယ်" ဟူသောစကားကို သူ မကြာခဏ ပြောလေ့ရှိသည်။ "ကျွန်တော် သမ္မတဖြစ်လာတဲ့အခါ…" ဟူသော စကားမျိုးကိုကား ဘယ်တုန်းကမှ မပြောခဲ့စဖူး။ သို့သော် ယင်းစကား ကို သူက ပါးစပ်မှထုတ် မပြောသည့်တိုင်အောင် ရင်ထဲတွင်တော့ တိုးတိုးကလေး ကျိတ်၍ ရေရွတ်နေမိပေလိမ့်မည်။ သည် အချက်ကို သူလည်း သိပါသည်။ လော်ရာလည်း သိပါသည်။

လွန်ခဲ့သော ညက အဖြစ်ကလေးကိုပဲ ကြည့်ပါဦး။ ခရစ္စသည် ညကြီးမင်းကြီး အိပ်ရာမှထလျက် အခန်း ထဲ ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ ပြီးတော့ ဇနီးသည်အား နှိုးကာ အခွန်တော် ကိစ္စ ပြုပြင် ပြောင်းလဲရေးနှင့် ပတ်သက်သော သူ၏စိတ်ကူးများကို စိတ်ပါလက်ပါ ပြောပြသည်။ လော်ရာကလည်း လင်တော်မောင် ပြောပြသည်ကို  စိတ်ဝင်စားစွာ နားထောင် သည်။
သူ့စကား ဆုံးသောအခါ လော်ရာက ထောက်ခံချက် ပေးလိုက်သည်။
"မောင့်ကို ကျွန်မ ယုံပါတယ် မောင်။ မောင် လုပ်ရင် တကယ် အောင်မြင်မှာပါ"
ခရစ္စက အကျေနပ်ကြီး ကျေနပ်သွားပြီး ချစ်ဇနီးကလေးအား အားရပါးရ ပွေ့ဖက်ထားလိုက်သည်။ ထိုနေ့က သူတို့နှစ်ယောက် သည် အရုဏ်တက်ချိန်တွင်မှ အိပ်ပျော်သွားခဲ့ကြသည်။

သို့သော်… ယနေ့အဖြစ်ကတော့ မနေ့က အခြေအနေနှင့် တခြားစီဖြစ်နေသည်။ မနေ့က လင်မယား နှစ်ယောက် ချစ်ရည် လူးကာ အပျော်ကြီး ပျော်ခဲ့ကြသည်။ ယနေ့တွင်မူ သူတို့နှစ်ယောက် အကျယ် အကျယ် ရန်ဖြစ်နေကြသည်။ လော်ရာက သူ့ယောက်ျားကိုတော့ ချစ်ပါသည်။ သို့သော်လည်း တစ်နေ ရာတွင်တော့ တစ်ခုခု မှားယွင်းနေပြီဆိုသည်ကို သူမ ခံစားမိသည်။
ခရစ္စက ဆွန်ယာ့အကြောင်းကို သူမအား မပြောဘဲ ထိမ်ချန်ထားခဲ့သည်။ သည်အချက်ကို သူမအနေ ဖြင့် ခွင့်မလွတ်နိုင်။ သည်မျှသာမကသေးပါ။ ခရစ္စတိုဖာကလေးအကြောင်းကိုလည်း ခရစ္စက စာရောက် သည့်နေ့ အထိ အကြာကြီးမပြောဘဲ ထားခဲ့သည်။ သည်အချက်ကိုလည်း သူမအနေဖြင့် ခွင့်လွှတ်နိုင် စရာ မရှိတော့။

သိုသော်… ကလေးမှာ အပြစ်ကင်းစင်စွာဖြင့် မွေးဖွားလာခဲ့သော လူသားကလေးသာဖြစ်သည်။ သူသည် လူသား တစ်ယောက်အနေဖြင့် လူ့ဘဝသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ထို့ကြောင့် သူ့မှာ အသက်ရှင်နေထိုင်ခွင့်ရှိသည်။ အိုးနှင့် အိမ်နှင့်။ မိဘနှင့် ပျော်ရွှင်စွာ နေထိုင်ခွင့်ရှိသည်။ ထို့ကြောင့် ကလေးကိစ္စနှင့် ပတ်သက်၍ ခရစ္စ က ခေါင်းရှောင်ချင်သော်လည်း သူမအနေဖြင့် ခေါင်းရှောင်နေ၍ မဖြစ်။ အပြစ်ကင်းစွာ မွေးဖွားလာသော လူသား ကလေး တစ်ယောက်ကို ငဲ့ကွက်ရမည်။ ထိုလူသား ကလေးမှာ သူမ ချစ်သော လင်တော်မောင် ၏ ရင်သွေးကလေးဖြစ်နေသဖြင့် ပို၍ပင် အကြင်နာတရား ထားရဦးမည်။

"မောင်… ကျွန်မ ပြောမှားဆိုမှား ရှိရင် ခွင့်လွှတ်ပါ။ မောင့်ကို ကျွန်မ အများကြီးချစ်ပါတယ် မောင်ရယ်"
ချစ်ဇနီး၏ကြင်နာယုယသော စကားကြောင့် ခရစ္စ၏ရင်ထဲမှ တင်းမာနေသော ဒေါသစိတ်များ ရုတ် ခြည်း အရည်ပျော် သွားသည်။
"မင်းကိုငါ ဘယ်လောက် ချစ်တယ်ဆိုတာကိုလည်း ဘုရားသခခင် သိပါတယ် လော်ရာ။ ငါ့ဘဝမှာ မင်း ကလွဲပြီး ဘယ်သူမှ တွယ်တာမြတ်နိုးစရာ မရှိတာ အမှန်ပါ။ မင်း စိတ်ချမ်းသာမယ်ဆိုရင် ငါ တတ်နိုင် တာ ဘာမဆို လုပ်ပေးချင်ပါတယ်။ တစ်ချိန်တည်းမှာ ငါ့အတွက်လည်း မင်းအနေနဲ့ ဂုဏ်ယူစေချင်ပါ တယ်"
ခရစ္စက ရှေ့သို့ နှစ်လှမ်းတိုးကာ လော်ရာအား သူ့ရင်ထဲသို့ ဆွဲယူလိုက်သည်။

"ခွင့်ပြုပါ ခင်ဗျား"
တံခါးဝမှ ပေါ်ထွက်လာသော အသံကြောင့် နှစ်ယောက်သားဖက်ထားရာမှ အလန့်တကြား ကိုယ်ချင်း ခွာလိုက်ကြသည်။ တံခါးဝတွင် ဂျိုးဘားမင်း ရပ်နေသည်။ သူ့မျက်နှာတွင် အားနာစိတ်။ ရှက်စိတ်တွေ ပေါ်လွင်နေသည်။
"အခုလို နှောင့်ယှက်မိတာ ခွင့်လွှတ်ပါ ခင်ဗျား။ အထူးသဖြင့် ဇနီးမောင်နှံနှစ်ယောက် ချစ်ကြည်နူးကြ တုန်း နှောင့်ယှက်မိတာကို အများကြီး စိတ်မကောင်းပါဘူး"
ခရစ္စက ရယ်ပြီး နောက်သို့ ပြန်ဆုတ်လိုက်သည်။
"ဒါပေမဲ့… ကျုပ်တို့က ရိုးရိုးတန်းတန်းပါဗျာ။ လာပါ ဂျိုး၊ လော်ရာ… ကော်ဖီတစ်ခွက် ထပ်လုပ်ပါဦး။ အမှန်ကတော့…"
ခရစ္စက စားပွဲထိပ်တွင် ပြန်ထိုင်လိုက်သည်။ လော်ရာကလည်း ဣနြေ္ဒမပျက်ပင် ခင်ပွန်းသည်နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။

"အမှန်ကတော့ မဲဆွယ်လုပ်ငန်းမှာ လော်ရာပါ ဝင်ကူဖို့ ကိစ္စကို ကျုပ်တို့ ဆွေးနွေးနေကြတာပါ… ဂျိုး။ ကဲ… ထိုင်စမ်းပါဦး"
ဘားမင်းက သူတို့ကြားမှ ကုလားထိုင်လွတ်တွင် ဝင်ထိုင်သည်။
"ကျွန်တော်လည်း အဲဒီကိစ္စ ဆွေးနွေးဖို့ လာခဲ့တာပဲ မစ္စတာ ဝင်းတား။ ကျွန်တော်တို့က အမျိုးသမီး အသင်းအဖွဲ့တွေ၊ ကလပ်တွေအားလုံး စည်းရုံးထားပြီးပြီ။ သူတို့က ခင်ဗျား မိန့်ခွန်းပြောတာကို နား ထောင်ချင်နေကြတယ် မစ္စက်ဝင်းတား။ ခင်ဗျား သဘောတူရင် ပထမဆုံးမြို့ထဲမှာ ဟောပြောပွဲလုပ် မယ်။ ပြီးရင်… ပြည်နယ်တစ်ခွင် လှည့်လည်ပြီး ဟောပြောမယ်"
လော်ရာက အံ့အားသင့်သွားဟန်ဖြင့်…
"သူတို့က မောင် ဟောပြောတာကိုပဲ နားထောင်ချင်ကြတာပါ။ ကျွန်မကို နားမထောင်ချင်ကြပါဘူး။ ကျွန်မ အနေနဲ့လည်း ဘာမှဟောပြောစရာ မရှိပါဘူး"

ဘားမင်းက ပြုံးကြည့်ရင်း…
"မစ္စတာဝင်းတားက အမျိုးသားတွေပွဲမှာ ဟောပြောပါလိမ့်မယ်။ အဲဒီတာ့… ခင်ဗျားက ဘာအကြောင်း စိတ်ဝင်စားသလဲ။ ကိုယ် စိတ်ဝင်စားတာ ဟောပြောရုံပဲပေါ့"
ခရစ္စက ခပ်မြူးမြူးကလေး ရယ်လိုက်ပြီး…
"အဲဒီအကြောင်း သူ့မေးမနေပါနဲ့။ သူက တော်တော်ခွကျတဲ့ ရေအောက်သတ္တဝါတွေအကြောင်းကိုပဲ စိတ်ဝင်စားတာဗျ။ အဲဒီသတ္တဝါတွေက တစ်ချိန်တည်းမှာ အပင်ဆိုလည်း ဟုတ်တယ်။ သတ္တဝါတွေဆို လည်း ဟုတ်တယ်။ အဲဒီအကြောင်းသာ ဟောပြောရရင်တော့ အမျိုးသမီးတွေက လော်ရာ့ကို အရက် မူးနေတယ်လို့ ထင်ကြမှာ သေချာတယ်။ ဒါပေမဲ့ သူတို့က နားတော့ ထောင်ကြမှာပါ"
ဘားမင်းက ကြောင်သွားပြီး…
"မောင်က နောက်ပြောနေတာ မဟုတ်ဘူး မစ္စတာဘားမင်း။ တကယ်ပြောနေတာပါ။ ကျွန်မက အဏ္ဏဝါ ဗေဒ ဆေးပညာရှင် တစ်ယောက်မို့လို့ပါ"

"ဟင်… ကျွန်တော်ကတော့ မစ္စက်ဝင်းတား ကိုယ်ဟန်ပြမယ် လုပ်ခဲ့တာလောက်ပဲ သိတာ"
"အဲဒါလည်း ဟုတ်ပါတယ်။ ဒါပေမဲ့… အဲဒါက ကျွန်မ ပါရဂူဘွဲ့အတွက် တက္ကသိုလ်တက်နေတုန်းက ခဏ လုပ်ခဲ့တဲ့အလုပ်ပါ"
"အဲဒီအချက်က အရေးကြီးတယ် လော်ရာ"
ခရစ္စက ခပ်မြူးမြူးကလေး ပြောသည်။
"အဲဒါအလုပ်ဖြစ်မှာ သေချာတယ်။ မစိုးရိမ်ပါနဲ့ ဂျိုး"
"ကျွန်တော်က မစိုးရိမ်ပါဘူး။ အဲဒါဆို ပိုလို့တောင် ကောင်းသေးတာပေါ့။ မစ္စက်ဝင်းတားအနေနဲ့ တက္ကသိုလ်ပညာတတ် အမျိုးသမီးတွေကို ခင်ဗျားရဲ့သိပ္ပံပညာလုပ်ငန်းအကြောင်း ဟောပြောပြီး တခြား အမျိုးသမီးတွေကိုတော့ ကိုယ်ဟန်ပြမယ် လုပ်ခဲ့တဲ့ အတွေ့အကြုံပြောပြနိုင်တာပေါ့"
"အဲဒီတော့ ကျုပ်က ဘယ်နေရာက ပါဝင်ရမှာလဲဗျ"
ခရစ္စက ဖြတ်မေးလိုက်သည်။

"မစ္စတာဝင်းတားက မစ္စက်ဝင်းတားသွားရာ လိုက်ရုံပဲပေါ့။ အမျိုးသမီးတွေက မစ္စတာဝင်းတားအနေနဲ့ အိမ်ရှင်မကို မီးဖိုချောင်ကိစ္စတွေမှာ ဝင်ကူပါရဲ့လား။ ကလေးတွေကို ချစ်တတ်သလား… ဆိုတာ သိချင် ကြလိမ့်မယ် ခင်ဗျ"
ခရစ္စ ငြိမ်ကျသွားသည်။
လော်ရာက အေးဆေးစွာပင် ဝင်ပြောသည်။
"ကျွန်မတို့မှာ ကလေးမရှိတာတော့ တော်တော် စိတ်မကောင်းစရာပါပဲရှင်…"
သို့သော် ခရစ္စက ဘာမှမထူးခြားသလို အမူအရာဖြင့်…
"မင်း လုပ်နိုင်ပါတယ်… လော်ရာ။ သူ ဟောပြောမယ်ဆိုတာ စာရင်းပေးလိုက်စမ်းပါ… ဂျိုး။ အမျိုးသမီး တွေ အံ့အားသင့်သွားကြပါလိမ့်မယ်။ ဒါနဲ့… ရိုးတေရီကလပ်မှာ ကျုပ်ပြောမယ့် ကိစ္စကော အစီအစဉ် လုပ်ပြီးပြီလား"
"အားလုံး စီစဉ်ထားပြီးပါပြီ"
သူတို့စကားပြောနေစဉ် လော်ရာက ထိုင်ရာမှ ဖြည်းဖြည်းထ၍ အခန်းထဲမှ ထွက်လာခဲ့သည်။ သူမ ထွက်လာခဲ့သည်ကို ခရစ္စနှင့် ဘားမင်းတို့ပင် သတိပြုမိကြပုံ မရ။

အပြင်ဘက် ပန်းခြံထဲတွင် နံနက်ခင်းနေရောင် ဖြာကျနေသည်။ ပန်းခြံက သိပ်ပြီးမကျယ်သော်လည်း ပန်းမျိုးစုံကို ဂရုတစိုက်စနစ်တကျ စိုက်ပျိုးထားသဖြင့် ရှုခင်းက သာယာလှသည်။ ပန်းခြံထဲတွင် ရေပန်း တစ်ခု။ စားပွဲဝိုင်းတစ်ခုနှင့် သံကုလားထိုင် နှစ်လုံးကိုလည်း လော်ရာက ကိုယ်တိုင် အစီအမံဖြင့် ပြုလုပ် ထားသည်။
ပန်းခြံရောက်လာတော့ ကိုရီးယားမှ ဆွန်ယာတို့ အိမ်ခြံဝင်းမှ ပန်းခြံကလေးကို ရုတ်တရက် သတိသွားရ မိသည်။ ဆိုးလ်မြို့ပေါ်သို့ စီးမိုးနေသော တောင်စွယ်တောင်တန်းများ။ ရှေးဟောင်း နန်းတော်များ၏ ကော့ပျံနေသော အမိုးအထွတ်များနှင့် လမ်းပေါ်တွင် ကြိတ်ကြိတ်တိုးသွားလာနေကြသော လူအုပ်များ ကို မြင်ယောင်လာသည်။ အထူးသဖြင့် ကင်ခရစ္စတိုဖာကလေးကဲ့သို့သော လမ်းပေးမှ ခြေသံလုံးအိမ် တိုင် အမေရိကန်ကပြားကလေးများ၏မျက်နှာကို မြင်ယောင်လာမိသည်။
လော်ရာသည် အတွေးနက်စွာဖြင့် သံကုလားထိုင် တစ်လုံးတွင် ဝင်ထိုင်လိုက်သည်။

အုတ်တံတိုင်းပေါ်သို့ ကိုင်းညွှတ်နေသည့် သဖန်းပင်ပေါ်မှ ငှက်တစ်ကောင်၏ သာယာသော မြည်ကျူး သံ ပေါ်ထွက်လာသည်။ သို့သော် လော်ရာသည် ငှက်မြည်သံကိုကြားပင် မကြားလိုက်မိ။ သူမ၏စိတ် အာရုံက အဝေးတစ်နေရာသို့ ရောက်နေသည်။
ရှေးဆန်၍ ရိုးရာအစဉ်အလာ ယဉ်ကျေးမှုကို အထူးမြတ်နိုးသော ယနေ့ ကိုရီးယားနိုင်ငံမှ ဆိုးလ်မြို့ တော်ကား မယုံကြည်နိုင်လောက်အောင်ပင် အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီ။ ယနေ့ ဆိုးလ်မြို့ တော်တွင် အနောက်တိုင်း ယဉ်ကျေးမှု လွှမ်းမိုးကာ အမေရိကန် လူငယ်များ ခြေချင်းလိမ်လျက်ရှိနေပြီ။ သည်အကြောင်းကို တွေးမိသောအခါ မဝေးသေးသော ကာလတုန်းက ခဏတာတွေ့ခဲ့ရသော ဗိုလ် ဘရောင်း၏မျက်နှာသည် လော်ရာ၏မှတ်ဉာဏ်ကွန်ရက်ထဲသို့ မမျှော်လင့်ဘဲ ရုတ်တရက် ဝင်ရောက် လာလေသည်။
ဗိုလ်ဘရောင်း၏မျက်နှာတွင် အရွယ်အလျောက် လွတ်လွတ်လပ်လပ် ပျော်ချင်ပါးချင်သော စိတ်ကို ချုပ် တီးထားရသည့် လက္ခဏာများ ထင်ရှားစွာ ပေါ်လွင်နေသည်။ သည်အချက် ကို လော်ရာက ပီပီပြင်ပြင် မြင်ယောင်မိသည်။

ခရစ္စလည်း ဒီအတိုင်းနေမှာပါပဲ။ တကယ်တော့ သူတို့ဟာ သွေးသားသောင်းကျန်းတုန်း အရွယ်တွေဖြစ် လို့ အများစုအနေ နဲ့ ရမ္မာက်ဆန္ဒတွေကို လိုက်လျောမိကြမှာကတော့ သေချာပါတယ်။ အဲဒီတော့ ဆွန်ယာလို မိန်းမချောလေး တစ်ယောက်ကို မလွှဲမရှောင်သာ ချစ်မိတဲ့အတွက် ခရစ္စကို အပြစ်တင်လို့ ရနိုင်ပါ့မလား…။

ဆက်ရန်
.

No comments: