တကယ်တော့ သည်အကြောင်းကို သူမ မေ့ပစ်ရမည်။ ဒါကို သူမ သဘောပေါက်သည်။ သို့သော် ဘယ် တော့မှ မေ့၍ရနိုင်မည် မဟုတ်။ ဒါကိုလည်း သူမ နားလည်ပါသည်။
ဘာပဲဖြစ်ဖြစ် လောလောဆယ်တွင် သူမအနေဖြင့် ခင်ပွန်းသည် အကြောင်းကိုသာ အလေးထား၍ စဉ်းစားရမည် ဖြစ်သည်။ သို့သော် သူမ မစဉ်းစားနိုင်။ သူ့ကို ယခင်ကလို စိတ်ရောကိုယ်ပါ မချစ်နိုင် တော့။ ချစ်၍ မရတော့။ ချစ်၍ မရသော်လည်း ချစ်နိုင်အောင်တော့ ကြိုးစားရမည်သာ။ သူ ရွေးကောက်ပွဲ အောင်နိုင်သွားပြီး သည့်နောက် တွင် အခြေအနေတစ်မျိုးပြောင်းလာနိုင်သည်။ အခြေအနေ ကောင်းလာနိုင်သည်။ ယင်း အချိန် အထိတော့ စောင့်ကြည့်ရလိမ့်မည်။ လောလောဆယ် တွင်တော့ သူမအနေဖြင့် ဇနီးမယားကောင်းတစ်ယောက်အဖြစ် သူ့ကို ပြုစုရမည်။ သူ့ လုပ်ငန်းအောင်မြင်ရေး အတွက် အစွမ်းကုန် ကူညီရ လိမ့်မည်။ ဒါက သူ့အနေဖြင့် မလုပ်မဖြစ်သော အုလပ်။ လုပ်ကို လုပ်ရမည့် အလုပ်...။ သည်အချက် ကို လော်ရာ ကောင်းစွာ သဘောပေါက်ပါသည်။ ကို ဆက်ဖတ်ရန်...
""
လော်ရာ တို့ လင်မယား ပြန်ထွက်သွားကြပြီ။ ခရစ္စတိုဖာက ရပ်ကြည့် ကျန်ရစ်သည်။ သူ့မျက်စိကို သူ မယုံနိုင်အောင် ဖြစ်မိသည်။
သူက သူတို့ လင်မယားကို အားကိုးသည်။ သူ့ကို သူတို့လင်မယား ပိုင်သည်။ သူ့ကံကြမ္မာသည် သူတို့ လင်မယား လက်ထဲတွင် ရှိသည်။ သူက ယင်းသို့ပင် တွေးမိသည်။
သို့သော် ယခုတော့ သူတို့လင်မယား ပြန်သွားကြပြီ။ သူ့ကို တစိမ်းတွေလက်ထဲ အပ်ထားခဲ့ပြီး သူတို့ ပြန်သွားကြပြီ။ ဘယ်လိုမှ မယုံနိုင်စရာကြီးပါလား။ ယုံယုံ မယုံယုံ သူတို့ ပြန်သွားကြတာကတော့ တကယ့်အဖြစ်မှန်ပါပဲ။
သူတို့နှစ်ယောက် အငှားကားပေါ် တက်ကြသည်။ သူ လှမ်းမြင်နေရသည်။
ပြေးလိုက်သွားချင်စိတ် ဖြစ်ပေါ်လာသည်။ သို့သော် ပြေးလို့မရ။
ပြုတ်တူကြီး လို ညှစ်အားကောင်းသော လက်ကြီးက သူ့လက်မောင်းကို တအားဆုပ်ကိုင်ထားသည်။
"ငြိမ်ငြိမ်နေစမ်းပါ ခရစ္စတိုဖာ"
သူ့လက်ကို ဆုပ်ကိုင်ထားသော လူကြီးက ခပ်တည်တည် မာန်ဖြင့် ပြောသည်။
ထိုလူကြီး၏နာမည်မှာ ဒေါက်တာဘားလက်ဖြစ်ကြောင်း သူ သိသည်။ ထိုလူကြီးသည် မည်သူမည်ဝါ ဖြစ်သည်ဆိုတာကိုတော့ သူ မသိ။
ဒေါက်တာဘားလက်သည် အရပ်ရှည်ရှည်နှင့် ပိန်ပိန်ပါးပါးဖြစ်သည်။ သူ့အရွယ်က သိပ်မကြီးသေး။ သို့ သော် လူငယ်တစ်ယောက်တော့ မဟုတ်။ အနည်းဆုံး လေးဆယ်ကျော် ငါးဆယ်နီးပါးခန့်ရှိမည် ထင်ရ သည်။ သူ့ရုပ်ကို ကြည့်ရသည်မှာ အကြင်နာတရာ ရှိပုံရသည်။ မစ္စတာချိုလည်း သူ့လိုပင် အကြင်နာ တရားရှိပုံရသည်။ သို့သော် မစ္စတာချိုက အတိတ်ကာလတွင် ကျန်ခဲ့ပြီ။ တခြားပုဂ္ဂိုလ်တွေလည်း မစ္စတာချိုလိုပင် အတိတ်ကာလတွင် ကျန်ခဲ့ကြပြီ။
မေမေ့ကို သွား၍ သတိရမိသည်။ ပြီးတော့… ဘွားဘွားမျက်နှာကို မြင်ယောင်လာသည်။
"သွား… သွား… ဆယ်ခါသွား။ နင့်အဖေ အမေရိကန်ဆီ မြန်မြန်လိုက်သွား…"
ဘွားဘွားက ယင်းသို့ပြောကာ သူ့ကို အိမ်ထဲက မောင်းထုတ်သည်။ သည်လိုမောင်းထုတ်ပေမဲ့ သူက စိတ်မဆိုး။ ဝမ်းပင်သာ လိုက်သေးသည်။
ဘွားဘွားက သူ့ကျောပြင်ကို အကြိမ်ပေါင်းများစွာ ဗြောတီးခဲ့သည်။
"ဟေ့… တိရစ္ဆာန်ကလေး။ ဆို့… အပင်းဆို့… ဝအောင်ဆို့။ ပါးစပ်က ချေးအန်အောင် ဆို့စမ်း…"
အစားတစ်လုပ် စားတိုင်း ဘွားဘွားက သူ့အား ယင်းသို့ပင် ကျိန်စာကျွေးခဲ့သည်။
မေမေ… မေမေက အလွန်လှသည်။ အလွန်ချောသည်။ သို့ပေမဲ့ လူရှေ့သူရှေ့တွင် သူက မေမေလို့ မခေါ်ရ။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်မေမေနှင့် ကိုယ့်ဘွားဘွားရှိသော ဇာတိနိုင်ငံကို စွန့်ခွာပြီး တစိမ်းနိုင်ငံသို့ ထွက် ခွာလာခဲ့သည် မှာ သူ့အဖို့ မှန်ကန်သောလုပ်ရပ် ဖြစ်နိုင်ပါ့မလား။ ယင်းနိုင်ငံမှာက သူ့ကို လူတိုင်း နား လည်ကြသည်။ သူကလည်း လူတိုင်းကို နားလည်သည်။
သူ တော်တော် စိတ်ဓာတ်ကျသွာသည်။ ခွန်အားတွေ… သတ္တိတွေ ကုန်ခန်းသွားသည်။
သူ့အား အမေရိကန် ကလေး… နိုင်ငံခြားသားကလေး… မျက်လုံးပြူးကလေး… ဟု လှောင်ပြောင်ခေါ် ဝေါ် ခဲ့သော ကိုရီးယားကလေးတွေကို ပြန်ချတတ်သော သတ္တိ။ သူ့ကို မချစ်သော သူ့မေမေအား ပြန်ချစ်နိုင်သော သတ္တိ…။ သူချစ်သော ပုဂ္ဂိုလ်များ။ သူ ချစ်သာ အမိနိုင်ငံကို စွန့်ခွာပြီး သူ့ဖေဖေ၏ဇနီး ဆိုသော လူဖြူအမျိုးသမီးတစ်ယောက်ကို အားကိုးယုံကြည်ကာ တစိမ်းနိုင်ငံသို့ပင် လိုက်လာနိုင်ခဲ့သော သတ္တိ။ ယခုအချိန် တွင် ယင်းသတ္တိတွေ အားလုံး သူ့စိတ် သူ့ကိုယ်မှာ ဖဲခွာလွင့်ပျောက်သွားကြပြီ။
သူ့ဖေဖေကို တွေ့ရတော့ သူ အားတက်မိခဲ့သည်။ ငါ့ဘဝ လုံခြုံပြီ။ ငါ့နောင်ရေး အေးပြီဟု ထင်မှတ်မိခဲ့ သည်။
သို့သော် ယခုမူ သူ အားလျော့သွားပြီ။ သူ့ဘဝ မလုံခြုံ။ သူ့နောင်ရေးမအေး။ သူသည် အထီးကျန် တစ်ယောက်ဘဝသို့ ပြန်ရောက်သွားသည်။
သူလည် လော်ရာတို့ လင်မယားထံမှာ မျက်နှာလွှဲပြီး သူ့လက်ကို ဆုပ်ကိုင်ထားသော အရပ်ရှည်ရှည် ပုဂ္ဂိုလ်ကြီး အား အားကိုးတကြီးဖြင့် မှီကပ်ထားလိုက်သည်။
ပြီးတော့ သူသည် ဝမ်းပန်းတနည်းဖြင့် ရှိုက်၍ ရှိုက်၍ ငိုချလိုက်သည်။ သူ့တစ်ကိုယ်လုံး သိမ့်သိမ့်တုန် နေသည်။ သူ့ အသည်းတွေ အစိတ်စိတ် အမြွာမြွာ ကွဲထွက်ကုန်ပြီ။
သူက ငိုရှိုက်ရင်းမှပင် ကိုရီးယားလို စကားတွေ တတွတ်တွတ် ပြောနေသည်။ သူ့စကားကို ဘယ်သူမှ နားလည်မည် မဟုတ်။
"ကျွန်တော့်ကို သူတို့ ပစ်သွားကြပြီ… ကျွန်တော့်ကို ပစ်သွားကြပြီ…"
သူက ငိုရှိုက်ရင်း ပြောသည်။
ဒေါက်တာဘားလက်က ကိုယ်ကိုကိုင်းကာ သူ့ကို ပွေ့ဖက်လိုက်သည်။ တကယ်တော့ သူ့စကားကို ဒေါက်တာ ဘားလက် တစ်လုံးမှ နားမလည်။ သို့ပေမဲ့ ကလေးငယ်၏ခံစားချက်ကို သူ နားလည်သည်။
လူတွေက သူ့ထံသို့ ကလေးတွေ ခေါ်လာကြသည်။ ပြီးတော့ သူ့ထံတွင် ပစ်ထားခဲ့ပြီး ပြန်သွားကြ သည်။ သူတို့သည်လို ဘာကြောင့် လုပ်ကြသည်ကို သူ မသိ။ သူ့ထံသို့ ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြတာကိုပဲ သူ သိသည်။ သည်ကလေးတွေအတွက် သူက တစ်ခုခုလုပ်ပေး ရမည် ဆိုတာလောက်ကိုပဲ သူ သိသည်။
သူက ကလေးတွေကို ကျွေးမွေးရမည်။ နေရာထိုင်ခင်း ပေးရမည်။ စာသင်ပေးရမည်။
ယင်း လုပ်ငန်းများအတွက် သူ့ကို ကူညီရန် ဆရာတွေ ခန့်ထားသည်။ ဆရာတွေအနေနှင့် အကြင်နာ တရားရှိရမည်။ အမှန်ကို ပြောရမည်ဟု သူက တင်းကျပ်သော စည်းကမ်းထုတ်ထားသည်။
"လာပါ… ခရစ္စတိုဖာ။ လာပါ ကလေးရယ်။ မငိုပါနဲ့တော့ကွယ်"
သူ ကလေး၏ခေါင်းကို တယုတယ ပွတ်သက်ကာ ပြောသည်။
"သူတို့ ပြန်လာဦးမှာပဲ။ ဒီလိုပဲ တခြား မိဘတွေလည်း မကြာ မကြာပြန်လာကြတာပဲ။ ဒီမှာ မင်းပျော် သွားမှာပါ။ မင်းလိုပဲ တခြား ကလေးတွေ အများကြီးရှိပါတယ်။ နောက်တစ်ရက် နှစ်ရက်ဆိုရင် မင်း ပျော်သွားပါလိမ့်မယ်။ ကဲ… လာ မင်း သိပ်ဆာနေပြီ။ တစ်ခုခု စားလိုက်ပါဦး"
ဤသည်ကား ငိုနေသော ကလေးတစ်ယောက်အား ဒေါက်တာ ဘားလက်၏လက်သုံး အချော့စကား။
ငိုနေသော ကလေးအား စားစရာတစ်ခုခု ကျွေးမည်။ တခြားကလေးတွေနှင့် ကစားခိုင်းမည်။ ဒါမှ မဟုတ် စကား ပြောခိုင်း မည်။
သူက ခရစ္စတိုဖာအား ဧရာမ စားသောက်ဆောင်ကြီးတစ်ခုထဲသို့ ခေါ်လာခဲ့သည်။ စားသောက် ဆောင် တာဝန်ခံ က စားဖိုမှူး မစ္စက်ဘက်တယ်။ မစ္စက်ဘက်တယ်သည် အချက်အပြုတ် အလွန်ကောင်းသည်။ ဘယ်ကလေး အတွက် ဘာချက်ပေးရမည်ဆိုတာကိုလည်း ကောင်းကောင်း နားလည်သည်။
သူတို့ရောက်သွားချိန်တွင် မစ္စက်ဘယ်တယ်သည် စားပွဲတွင်ထိုင်၍ ကော်ဖီသောက်နေသည်။
"ဟောဒီမှာ ကျောင်းသားသစ်တစ်ယောက် ရောက်လာပြန်ပြီ။ မစ္စက်ဘက်တယ်။ လူကြီးတွေ ပြန်သွား တော့ သူက ငိုကျန်ရစ်တယ်။ အဲဒါ ကြည့်ပြီးေ ချာ့စမ်းပါဦး။ သူက အင်္ဂလိပ်စကားတော့ သိပ်မပြော တတ်သေးဘူး။ အခုမှ ကိုရီးယားက ရောက်တာလာ…။ မစ္စတာ ခရစ္စဝင်းတားတို့ လင်မယားက သူ့ကို ခေါ်လာတယ်။ သူတို့က ဖီလာဒေးလ်ဖီးယားမှာ နေကြတာ။ ဒါပေမဲ့ ကလေးကိုတော့ ကျုပ်တို့ဆီမှာပဲ ထားမယ်တဲ့။ နောက်ကြောင်း ရာဇဝင်တော့ ရှိမှာပေါ့။ အဲလေ… ဒီကိုရောက်လာတဲ့ ကလေးတိုင်းမှာ နောက်ကြောင်းရာဇဝင်ရှိကြတာပဲ မဟုတ်လား။ ကိုင်း… သူ တော်တော် ဆာနေရော့မယ်။ တစ်ခုခု ကျွေး စမ်းပါဦး။ သူ့နာမည်က ခရစ္စတိုဖာတဲ့"
"အတော်ပဲ ဆရာကြီး။ ကျွန်မ ခုတင်ကပဲ သကြားကိတ်မုန့်တွေ လုပ်ထားတယ်။ သူ့ကို ထားခဲ့ပါ ဆရာ ကြီး။ ကျွန်မ ကြည့်ကျွေးလိုက်ပါ့မယ်"
သူမက စားပွဲနားသို့ ကုလားထိုင်တစ်လုံး ဆွဲယူလိုက်သည်။ ပြီးတော့ ကော်ဖီတစ်ခွက် ထပ်ထည့်သည်။ ပန်းကန်ပြားထဲတွင် သကြားကိတ်မုန့် ထည့်သည်။
"ထိုင်ပါ… ခရစ္စတိုဖာ"
ခရစ္စတိုဖာက ဝင်ထိုင်သည်။ ပါးပြင်ပေါ်မှ မျက်ရည်များကို လက်ခုံဖြင့် သုတ်ပစ်လိုက်သည်။
ဒေါက်တာဘားလက် ပြန်ထွက်သွားသည်။ မစ္စက်ဘက်တယ်က ခရစ္စတိုဖာအား ပြုံး၍ ကြည့်နေသည်။
နှစ်ယောက်သား ဘာစကားမှမပြောကြ။ ကလေးက အင်္ဂလိပ်စကား မပြောတတ်တော့လည်း ဘာပြော နေစရာ လိုသေးသလဲ ဟု မစ္စက်ဘက်တယ်က တွေးမိသည်။
သူမက ပန်ကန်ပြားထဲသို့ မုန့်တွေ ထပ်ထည့်ပေးသည်။ ခရစ္စတိုဖာသည် ဆာဆာဖြင့် အားရပါးရ စား နေ သည်။ ကော်ဖီက ပူလည်း ပူသည်။ ကျလည်း ကျသည်။ သူ တော်တော်ကြိုက်ပုံရသည်။
သူ့မျက်နှာ တွင် မျက်ရည် မရှိတော့။ သူ နေသာထိုင်သာ ရှိသွားပြီ။ စိတ်ငြိမ်သွားပြီ။ အိပ်ချင်စိတ် ပင် ပေါ်လာသည်။
မစ္စက်ဘက်တယ်က ထိုင်ရာမှ ထရပ်လိုက်ပြီး…
"ကဲ… ဆိုဖာပေါ်မှာ လှဲလိုက်ပါလား လူကလေး။ အန်တီကြီးက စောင်ခြုံပေးမယ်နော်။ တစ်မှေး လောက် အိပ်လိုက်ပါ… ဟုတ်လား။ နိုးလာတော့ အများကြီး လန်းသွားလိမ့်မယ် သားရဲ့"
ခရစ္စတိုဖာ က မစ္စက်ဘက်တယ် ပြောသောစကားလုံးတိုင်းကို နားမလည်။ သို့သော် သူမ ဘာဆိုလို သည် ဆိုတာ ကိုတော့ ကောင်းစွာ သဘောပေါက်သည်။
သို့ဖြင့်… သူက စားပွဲမှထသွားပြီး ဆိုဖာပေါ်လှဲအိပ်လိုက်သည်။
မစ္စက်ဘက်တယ်က သူ့ကိုယ်ပေါ်တွင် ရောင်စုံကွက်ကျား စောင်ဟောင်းကြီးတစ်ထည်ခြုံပေးသည်။
ခရီးဝေးမှ လာခဲ့ရခြင်း။ စိတ်ထဲတွင် တငွေ့ငွေ့ လွမ်းဆွေးနေခြင်းတို့ကြောင့် မိနစ် အနည်းငယ်အတွင်း သူ အိပ်ပျော်သွားတော့သည်။
..............................................................................................................................................................
ဝေးလံလှစွာသော ကိုရီးယားနိုင်ငံမှ ပန်းရိပ်သာတွင်တော့ ဆွန်ယာသည် သူမ၏အဝတ်အစားနှင့် အသုံး အဆောင် ပစ္စည်းများကို သိမ်းဆည်းထုပ်ပိုးလျက်ရှိလေသည်။
သူမသည် ပန်းရိပ်သာမှ အပြီးအပိုင် ထွက်ခွာသွားရတော့မည်။ သူမ မြတ်နိုးလှစွာသော ပန်းရိပ်သာကို စွန့်လွှတ် ကာ မစ္စတာချို၏ဇနီးမယားအဖြစ် ဘဝသစ် ထူထောင်ရတော့မည်။
မစ္စတာချိုနှင့် ဆွန်ယာတို့အား မစ္စတာဂျိုရှဝါပက်ဆိုသူ ကုန်သည်ကြီးတစ်ဦးက အောင်သွယ်လုပ်၍ စေ့ စပ်ပေးခဲ့ခြင်းဖြစ် သည်။
မစ္စက်ပက်သည် ယခင်က အမေရိကန်များထံမှ ကန်ထရိုက်ဆွဲခြင်းဖြင့် စီးပွားဖြစ်ကာ ကျိကျိတက် ချမ်းသာ လာခဲ့သည်။ ယခုအချိန်တွင်မူ အမေရိကန်များနှင့် အဆက်ဖြတ်ကာ မကြာမီက ချုပ်ဆိုခဲ့သော ကိုရီးယား-ဂျပန် ကုန်သွယ်ရေး စာချုပ်အရ ဂျပန်ကုမ္ပဏီများနှင့်သာ ဆက်သွယ်လုပ်ကိုင်လျက်ရှိသည်။
မစ္စတာပက်က ဖြောင့်မှန်ရိုးသားသော အမေရိကန်များကိုလည်း မကြိုက်။ မရိုးသားသော အမေရိကန် များ ကိုလည်း ရွံသည်။ အဘယ့်ကြောင့်ဆိုသော် ရိုးသားသော အမေရိကန်များအား လာဘ်မစား၍ မကြိုက်။ မရိုးသားသော အမေရိကန်များအား လာဘ်စား၍မကြိုက်။ ယင်းသို့လျှင် ကိုရီးယားတွင် အမေရိကန် လူမျိုးနှစ်မျိုးနှစ်စား ရှိနေသည်။
ဂျပန်တွေကတော့ ဘယ်လိုနည်းနှင့်မှ လာဘ်ထိုး၍မရ။ သူတို့က အလုပ်ကိစ္စကိုသာ အဓိကထားကြ သည်။
မစ္စတာပက် အနေဖြင့် အမေရိကန်တွေကို မုန်းတီးရခြင်း အခြားအကြောင်းတစ်ခုလည်း ရှိသေးသည်။ ယင်းမှာ အမေရိကန်စစ်သားတွေ က ကိုရီးယားအမျိုးသမီးများကို ယူကာ ကိုရီးယားကပြားကလေးတွေ မွေး ထုတ်နေကြခြင်းပင် ဖြစ်သည်။
ကိုရီးယားအမျိုးသမီးကလေးများမှာ သည်အလုပ်ကို ပင်ကိုက မနှစ်သက်ကြသော်လည်း စစ်ဒဏ် ကြောင့် စီးပွားကြောင့် စီးပွား ပျက်ကာ ဝမ်းရေးအတွက် မလွှဲမရှောင်သာ လုပ်ကိုင်နေကြရခြင်းသာ ဖြစ် သည်။
မည်သို့ပင်ဖြစ်စေ မစ္စတာပက်မှာ တစ်ယူသန် မျိုးချစ်တစ်ယောက်ဖြစ်သဖြင့် အဆိုပါ ကပြား ကလေး တွေ ကို မွေးစ ကတည်းက ဖျောက်ဖျက်ပစ်ရမည်ဟု အမြဲတမ်း ကြုံးဝါးနေသူဖြစ်သည်။ အကယ်၍ ယင်းကလေးတွေ ငယ်စဉ်က မသေခဲ့လျှင်လည်း မျိုးဆက်မပွားနိုင်အောင် သင်းကွပ်ပစ်ရမည်ဟု သူက ဆိုသည်။
သူ့ခံယူချက် အရ ကိုရီးယား လူမျိုးများက ရှေးကျသော လူမျိုးဖြစ်၍ သွေးသန့်သည်။ လူမျိုးစစ်သည်။ သူတို့နှင့် လူမျိုးချင်း နီးစပ်သော တရုတ်နှင့် ဂျပန်လူမျိုးများနှင့်တောင်မှ လုံးဝ သွေးမနှောဘဲ အမျိုးဂုဏ် ကို ရာစုနှစ်ပေါင်း များစွာ ထိန်းသိမ်းလာခဲ့ကြသည်။ သို့ပါလျက် အမေရိကန်တွေ ရောက်လာတော့မှ ယခုကဲ့သို့ လူမျိုးမသန့်သည့် ကပြား ကလေးတွေ ပေါ်ပေါက်လာခြင်းမှာ လုံးဝ သည်းခံနိုင်စရာမရှိဟု မစ္စတာပက်က အလေးအနက် ယုံကြည်သည်။ စကားစပ်မိသဖြင့် သူက မစ္စတာချိုအား ပြောပြသည်။
"ဒီကပြားကလေးတွေကို တိုင်းပြည်က မောင်းထုတ်ပစ်ရမယ်ဗျ။ လိုအပ်ရင် ပင်လယ်ထဲတောင် ပစ်ချ သင့် ပစ်ချရမှာပဲ" သို့သော် မစ္စတာချိုကတော့ သူ့လောက် စိတ်မကြမ်း။ နိုင်ငံခြားတွင် အကြာကြီးနေဖူးသူဖြစ် ၍ နိုင်ငံတကာ အခြေအနေသို့ နားလည်သဘောပေါက်သူ ဖြစ်သည်။
သို့သော်… ယင်း ကပြားကလေးတွေကို သူတို့ဖခင်များ၏နိုင်ငံကို ပို့ ရမည်ဆိုသည်ကိုတော့ မစ္စတာချိုက လက်ခံ သည်။ အမေရိကန်လူမျိုးတွေက လူမျိုး စစ်မှန်ခြင်းကို နားလည်ကြပုံမရ။ သူတို့လူမျိုးတွေ၏ အသားရောင်၊ ဆံပင် အရောင်၊ မျက်လုံးအရောင်အမျိုးမျိုး ကွဲပြားနေကြတာကို ကြည့်ပါလား။
မစ္စတာချို က မိမိအနေဖြင့် ပန်းရိပ်သာမှ မိန်းကလေး တစ်ယောက်၏အမေရိကန် ကပြားသားကလေး တစ်ယောက် ကို အမေရိကန်နိုင်ငံသို့ ပို့ဖြစ်အောင် ဆောင်ကြဉ်း ပေးခဲ့ဖူးကြောင်း မစ္စတာပက်အား ဂုဏ် ယူစွာဖြင့် ပြောပြ လိုက်သည်။
တစ်ချိန်တည်းတွင်ပင် ပန်းရိပ်သာပိုင်ရှင် ဆွန်ယာအား သူက လက်ထပ်လိုသဖြင့် မစ္စတာပက် အနေ ဖြင့် အောင်သွယ်လုပ်၍ စေ့စပ်ကြောင်းလမ်းပေးရန်လည်း မေတ္တာရပ်ခံသည်။
မစ္စတာချို ၏မေတ္တာရပ်ခံချက်ကို မစ္စတာပက်ကလည်း လိုလိုချင်ချင် သဘောတူလက်ခံသည်။ အဘယ့် ကြောင့် ဆိုသော် မစ္စတာချို၏စက်ရုံများမှ ထုတ်လုပ်သော ကုန်ပစ္စည်းအချို့အတွက် သူက ကန်ထရိုက် ဆွဲရန် စိတ်ကူး ထားသောကြောင့်ပင်ဖြစ်သည်။
ဤသို့ဖြင့် မစ္စတာပက်၏ နားဖောက်မှုကြောင့် မစ္စတာချိုနှင့် ဆွန်ယာတို့ ဂဟေဆက်၍ ဖူးစာဖက်ခဲ့ကြ ခြင်းဖြစ် သည်။
ယနေ့ ဆောင်းဦးပေါက်ရာသီ နံနက်ခင်းတွင် ပန်းရိပ်သာဂိတ်ဝ၌ အမေရိကန်လုပ် ဇိမ်ခံကားတစ်စီးရပ် ထား သည်။ ဆွန်ယာ သည် ပန်းရိပ်သာရှိ သူမ၏သီးသန့်ခန်းထဲတွင် ကိုယ်ပိုင်ပစ္စည်း ပစ္စယကလေးများ ကို နောက်ဆုံး အကြိမ် အပြီးသတ် စစ်ဆေးသိမ်းဆည်းလျက်ရှိသည်။
အိမ်ဖော်မကလေးအား အခန်းထဲမှ ပြန်ထွက်ခိုင်းလိုက်ပြီးနောက် အမြဲတမ်း သော့ခတ်ထားသော အလှ ပြင်စားပွဲ အံဆွဲ ကို သော့ဖွင့်လိုက်သည်။ ထို့နောက် ကလေးအဖေ၏ဓာတ်ပုံများကို ထုတ်ယူသည်။
ခန့်ချောချောသော မျက်နှာကို စိုက်ကြည့်နေရင်း သူမ၏ရင်သည် သိမ့်ခနဲ တုန်သွားမိသည်။
ကလေးအဖေ အမေရိကန်လူမျိုးအပေါ်တွင် သူမအနေဖြင့် အချစ်မရှိတော့ကြောင်း မစ္စတာချိုအား သူမ က ညာပြောခဲ့သည်။ သူမသည် တကယ်လည်း ယင်းခံစားမှုမျိုး မကြာခဏ ဖြစ်ပေါ်ခဲ့ဖူးသည်။ သို့သော် သူမ၏နှလုံးသား ကို သူမ သိပါသည်။ သူမနေဖြင့် လုံးဝ မျှော်မှန်းချက်မထားတော့သည့် တိုင်အောင် အကယ်၍သာ ထိုပုဂ္ဂိုလ်နှင့် ပြန်လည်ပေါင်းရမည်ဆိုလျှင် သူ့ကို ပြန်၍ ချစ်နိုင်ဦးမည်သာဖြစ်သည်။
သူမ ဘဝ တွင် ယင်းပုဂ္ဂိုလ်လောက် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မချစ်ခဲ့စဖူး။ သူတို့ နှစ်ယောက် တစ်ယောက် စကား တစ်ယောက် နားမလည်မီ အချိန်ကပင် တစ်ယောက် ခံစားချက်ကို တစ်ယောက် နားလည်ခဲ့ကြသည်။ ခံစားချက်ချင်း တူညီခဲ့ကြသည်။ သူကလည်း သူမအား တကယ်ပင် ချစ်ခဲ့သည်။ သည်အချက် ကို သူမ ကောင်းစွာ ယုံကြည်ပါသည်။ ထိုအချိန်က သူသည် အမေရိကန်နိုင်ငံတွင် ကျန် ရစ်ခဲ့သော သူ့ဇနီးကို သူ့နှလုံးသားထဲတွင် ဒုတိယအဆင့်၌သာ ထားခဲ့သည်။ သည်အချက်ကိုလည်း ဆွန်ယာက ခြွင်းချက် မရှိ ယုံကြည်ခဲ့သည်။
သို့သော် အခုတော့ အချိန်တွေ ကုန်လွန်သွားခဲ့ပါပြီ။ သူမ၏လုပ်ငန်းလည်း အဆုံးစွန်အဆင့်သို့ ရောက် ရှိနေပြီ။ နောက်တစ်နှစ် နှစ်နှစ်ဆိုလျှင် သူမအနေဖြင့် အရွယ်ကျလာပေတော့မည်။ ထိုအချိန် တွင် သူမ နေရာ တွင် သူမ ထက် နုပျိုသော သူမထက် ရုပ်ရည်ချောမောသော အမျိုးသမီးကလေးတစ်ယောက်ယောက် က နေရာ ဝင်ယူလာပေလိမ့်မည်။
ယခုဆိုလျှင် သူမသည် မစ္စတာချို၏ဒုတိယ အိမ်ထောင်အဖြစ် ပေါင်းသင်းနေထိုင် သွားရတော့မည်ဖြစ် သည်။ သို့သော်လည်း ဂုဏ်ငယ်စရာတော့ လုံးဝမရှိ။ မယားငယ်သဘော နေထိုင်သွားရမည်မဟုတ်၍ ဘယ်လိုမှ သိက္ခာကျ စရာ မရှိ။ သူမသည် ဓာတ်ပုံကို စေ့စေ့စပ်စပ် စိုက်ကြည့်နေမိသည်။
ဒီပုံတွေကို သိမ်းထားလို့ မဖြစ်ဘူး။ လင်သစ်အိမ်မှာ လင်ဟောင်းဓာတ်ပုံ သိမ်းထားလို့ မသင့်တော်ဘူး။
စိတ်ထဲတွင် ခေတ္တမျှ ချီတုံချတုံဖြစ်နေမိသည်။ နောက်ဆုံး ဆုံဖြတ်ချက်တစ်ခုကို ယတိပြတ် ချလိုက် သည်။
ထို့နောက်တွင် စားပွဲပေါ်ရှိ ယွန်းခွက်ထဲတွင် စိုက်ထားသော ဖယောင်းတိုင်ကို မီးညှိလိုက်သည်။ ပြီး တော့ ဓာတ်ပုံ ကို ဖယောင်းတိုင်မီးတွင် ရှို့လိုက်သည်။ ဓာတ်ပုံကို မီးစွဲလောင်ပြီး တွန့်လိမ်ကွေးကောက် သွားသည်။ ကြည့်နေရင်းမှာပင် ခဏအတွင်း ဓာတ်ပုံတစ်ခုလုံး ပြာမှုန်ဘဝသို့ ရောက်ရှိသွားတော့ သည်။
နောက်ထပ် ဓာတ်ပုံ တစ်ပုံ ကျန်နေသးသည်။ တစ်လသားအရွယ်က ရိုက်ထာသော သားကလေး၏ ဓာတ်ပုံ။
ဆွန်ယာ က သားကလေးကို ရင်ဘတ်တွင်ကပ်၍ ပွေ့ချီထားသည်။ သည်ဓာတ်ပုံကို ကလေးအဖေ ကိုယ်တိုင် ရိုက်ခဲ့ခြင်းဖြစ်သည်။
ဆွန်ယာက ဓာတ်ပုံထဲမှ သူမ၏မျက်နှာကို သေသေချာချာ စိုက်ကြည့်နေသည်။
ထိုစဉ်က သူမအရွယ် တော်တော်ပင် ငယ်သေးသည်။ ချောလည်း အလွန်ချောသည်။ သားကလေးက လည်း အမေရိကန် ဝတ်စုံကလေးနှင့် ချစ်စရာကလေး။ ယင်းဝတ်စုံကို သူ့ဖေဖေ တစ်နေရာက ဝယ် လာခဲ့သည်။ ဆွန်ယာ က သားကလေးအား ဝတ်ပေးပြီးတော့ သူတို့အိမ်ကလေးရှေ့တွင် သားအမိနှစ် ယောက် ဓာတ်ပုံ အရိုက်ခံခဲ့ကြသည်။
ယခုတော့ သူမ၏သားကလေးသည် သူမ အနီးတွင် မရှိတော့။ သူ့အဖေ၏မယားကြီး အမေရိကန်မနှင့် အဝေးကြီး သို့ လိုက်ပါသွားခဲ့ပြီ။ သူမသည် အဖေဖြစ်သူကို မုန်းလို့မရနိုင်တော့ သားဖြစ်သူကိုပင် မုန်း ချင် သလိုလို ဖြစ်လာသည်။ အဖေဖြစ်သူက သူမအနားတွင် အမြဲတမ်း ရှိနေသလို ခံစားနေရသည်။ သို့ သော် သားဖြစ်သူကတော့ သူမအဖို့ တစိမ်းဆန်နေသည်။ ဘာမှမဆိုင်သော ကြားလူတစ်ယောက်လို ဖြစ်နေသည်။
သူမသည် ယင်းဓာတ်ပုံ ကိုလည်း ဖယောင်းတိုင်မီးတွင် ရှို့လိုက်သည်။ သက်မတစ်ချက်ချကာ ပြာကို လက်ဝါးပေါ် ခြွေချသည်။ ပြီးတော့… ထိုင်ရာမှထကာ ပြတင်းပေါက် အနီးသို့ လျှောက်လာခဲ့သည်။ ထို့ နောက် လက်ကိုဖြန့်ကာ ပြာ များကို ပါးစပ်ဖြင့် မှုတ်လိုက်သည်။ ပြာများသည် လေထဲတွင် လွင့်ကာ ရေ ကန်ထဲ သို့ကျသွားကြသည်။
ဤသို့ ပြုလုပ်ခြင်းမှာ အတိတ်ကို မေ့ပစ်ချင်သောကြောင့်ပင် ဖြစ်သည်။ သို့သော် တော်တော်နှင့် မေ့၍ ရနိုင်မည် မဟုတ် ဆိုသည်ကို သူမ ရင်ထဲက အလိုလို သိနေသည်။
သူမသည် နိုင်ငံခြားသား တစ်ယောက်အား ယုံစားမိ၍ သူမ တစ်ကိုယ်လုံးကို ပုံအပ်မိခဲ့သည်။ ထိုသူက သူမအား သားကလေးတစ်ယောက်ကိုယ်ပွား ပေးထားခဲ့သည်။ ယခုအချိန်တွင် ထိုသူနှင့် သူမတို့ ရာ သက်ပန် ခွဲခွာခဲ့ကြပြီဖြစ်သော်လည်း သူတို့နှစ်ယောက်၏အကြားတွင် သားကလေးတစ်ယောက်ရှိနေ သည်ဟူသော အချက်ကိုကား တစ်သက်လုံး မေ့ပျောက်၍ ရနိုင်တော့မည် မဟုတ်။
သည်ကလေးကို ဘယ်အရာကမှလည်း မဖျက်ဆီးနိုင်။ အဆုံးစွန်ပြောရလျှင် သေခြင်းတရားသည်ပင် လျှင် သူ့ကို မဖျက်ဆီးနိုင်။ အဘယ့်ကြောင့်ဆိုသော်… အကယ်၍ သူ သေသွားပြီးသည့်တိုင်အောင် တစ်ချိန်တုန်းက သူ အသက်ရှင်နေခဲ့ ပါသည်ဟူသော အချက်ကို ဘယ်သောအခါမှ မေ့ပျောက်၍ ရနိုင် မည် မဟုတ်သောကြောင့်ပင် ဖြစ် သည်။
သည်အတွေးများသည် ဆွန်ယာ၏နှလုံးသားကို ဖွဲမီးပမာ တငွေ့ငွေ့ဖြင့် လောင်ကျွမ်းစေသည်။
သို့သော်လည်း သူမက စိတ်ကိုတင်းကာ ယင်းအတွေးများကို မောင်းထုတ်ပစ်လိုက်သည်။
အခန်းထဲတွင် ယူစရာပစ္စည်းများ ကျန် မကျန် သေချာအောင် မျက်လုံးတစ်ချက် ဝေ့၍ နောက်ဆုံး အကြိမ် ကြည့်လိုက်သည်။
ပြီးတော့… အိမ်ဖော်ကို ပြန်ခေါ်လိုက်ပြီး ပန်းရိပ်သာမှ ထွက်ကာ ခြံဝတွင် အသင့်ရပ်ထားသော ဇိမ်ခံ ကားပေါ်သို့ တက်သည်။ "ဒါနဲ့ မမလေး… မကြောက်မိဘူးလား… ဟင်"
ကားထွက်လာတော့ သူမ၏ဘေးတွင် ထိုင်လိုက်လာသော အိမ်ဖော်မကလေးက ရုတ်တရက် ကောက် ကာငင်ကာ မေးလိုက်သည်။ "ဘာကို ကြောက်ရမှာလဲ" ဆွန်ယာက ပြန်မေးသည်။
"သြော်… ကျွန်မက မစ္စတာချိုရဲ့အိမ်မှာ သွားနေရမှာကို ပြောတာပါ။ သူ့အိမ်ကြီးက ဧရာမအိမ်ကြီး လို့ ပြောသံကြား ဖူးတယ်… မမလေးရဲ့"
"မမက မကြောက်ပါဘူးကွယ်။ ဘဝသစ်ကို စရမှာမို့ တွေးပြီး ပျော်တောင် ပျော်မိပါသေးတယ်"
သူမက ပြောလို့သာ ပြောလိုက်ရပေမဲ့ စိတ်ထဲကတော့ တကယ်ပင် ကြောက်နေမိသည်။ အဘယ့် ကြောင့် ဆိုသော် သူမသည် တရားဝင် လင်ယောက်ျားတစ်ယောက်ကို ဘယ်တုန်းကမှ မရခဲ့ဖူးသော ကြောင့် ပင် ဖြစ်သည်။ ယခုတော့ သူမအနေဖြင့် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တရားဝင် လင်ယောက်ျား တစ်ယောက် ကို တကယ်ပင် ယူကို ယူရပေတော့မည်။
.................................................................................................
"အဲဒါက ဘယ်က စာလဲ"
ခရစ္စက မေးသည်။
သူတို့လင်မယားသည် ယနေ့ နွေရာသီ နံနက်ခင်းတွင် မနက်စာ စားနေကြသည်။ အိမ်ဖော် ဂရီတာက လိမ္မော်ရည်ဖန်ခွက်များကို စားပွဲတွင် လာချသည်။ ဝက်သားကင်နံ့နှင့် ကော်ဖီနံ့များက အခန်းထဲတွင် မွှေးပျံ့နေသည်။
"ဓာတ်ခွဲခန်းက ဝီလတန်ဆီကပါ"
လော်ရာက ပြောသည်။
"သူ ကျွန်မကို အချိန်ပြည့် ပြန်လာလုပ်စေချင်တယ်။ အယ်လဂျေးသုတေသန စီမံကိန်းကို ကြီးကြပ်ဖို့ အတွက် ကျွန်မကို ခေါ်တာ။ သူကတော့ ယူဂလီးနား သုတေသန လုပ်ငန်းကိုပဲ ဖိလုပ်ချင်လို့တဲ့"
ခရစ္စက ရယ်လိုက်ပြီး…
"ဟဲ… ဟဲ… ယူဂလီးနားဆိုတာ မိန်းကလေးတစ်ယောက် နာမည်တော့ မဟုတ်ပါဘူးနော်"
လော်ရာက ပြုံးလျက်…
"မိန်းကလေး မဟုတ်ပါဘူး။ သမုဒ္ဒရာ ရေအောက်မှာ တွေ့ရတဲ့ အပင်တစ်မျိုးကိုခေါ်တာ။ သိပ္ပံဝေါဟာ ရနဲ့ ပြောရရင် ကိုယ်ပြန်မှီဝဲပင်လို့ ခေါ်တယ်"
လော်ရာက မျက်ခုံးချီကာ ထပ်ဆင့် မေးခွန်းကို စောင့်နေသည်။
"အသေးစိတ်ကလေး လုပ်ပါဦး"
"ဒီအပင်က တိရစ္ဆာန်တစ်ကောင်လိုပဲ အာဟာရလိုအပ်တဲ့ အပင်တစ်မျိုးဖြစ်တယ်။ တချို့အပင်တွေက ဗီတာမင် ထုတ်ပေးတယ်။ တချို့အပင်တွေက ဗီတာမင် ကျွေးရမယ်။ ယူဂလီးနားဆိုတာ အဲဒီလို အပင် တစ်မျိုးပေါ့။ သူ့ကို ဗီတာမင် ဘီ (၁၂) ဓာတ် ကျွေးရတယ်"
"ဒီတော့…"
"ဒီတော့ ယူဂလီးနား သုတေသနလုပ်ငန်း အောင်မြင်ရင် သွေးအားနည်းရောဂါအတွက် ဆေးကောင်း တစ်မျိုး ဖော်စပ်နိုင်မယ်။ သွေးကင်ဆာရောဂါအတွက်လည်း ဆေးကောင်းဖော်ထုတ်နိုင်လိမ့်မယ်လို့ ယုံ ကြည်ထား တယ်"
လော်ရာက အသေးစိတ် ရှင်းပြနေပေမဲ့ ခရစ္စက လုံးဝ စိတ်မဝင်စား။ သူ့အတွေးက တခြား သို့သာ ရောက်နေ သည်။
"ငါ့အနေနဲ့တော့… မင်းကို ဓာတ်ခွဲခန်း ပြန်မသွားစေချင်သေးဘူး" ဟု သူက ပြောသည်။
လော်ရာက…
"ဒါဖြင့် ကျွန်မ အိမ်မှာ ဘာလုပ်နေရမှာလဲ… မောင်"
"အိမ်မှာ ဘာလုပ်နေရမှာလဲ။ ငါ့မိန်းမ လုပ်နေရမှာပေါ့။ ငါ ရွေးကောက်ပွဲအတွက် အကြိတ်အနယ် မဲ ဆွယ်ရတော့မယ်။ အဲဒီအချိန်မှာ မင်းက ငါ့အနားမှာ ရှိနေရမှာပေါ့။ ငါ့ရဲ့ဇနီးချောကလေးကို ငါ့အနားမှာ ရှိနေစေချင်တယ်"
"ကျွန်မက လူတကာနဲ့ လက်ဆွဲနှုတ်ဆက်ရတဲ့ အလုပ်မျိုး မကျွမ်းကျင်ဘူး။ အဲဒါကို မောင်လည်း သိသားပဲ"
"မစိုးရိမ်ပါနဲ့။ လက်ဆွဲနှုတ်ဆက်တဲ့ အလုပ်ကို ငါ လုပ်ပါ့မယ်။ မင်းက ငါ့ဘေးမှာရပ်ပြီး ပြုံးရုံသာ ပြုံး နေစမ်းပါ။ ကိုယ်ဟန်ပြမယ် လုပ်ခဲ့တုန်းက ပညာတွေကို သတိရစမ်းပါ။ အဲဒီနည်းက သိပ်ပြီး ထိရောက် တယ်"
"အဲဒါက ကြာခဲ့ပါပြီ"
"သိပ်မကြာသေးပါဘူး။ မင်း ပါရဂူဘွဲ့မရခင် နှစ်နှစ်လောက်ကပါ"
"မောင်က တော်တော်စိတ်ရှည်တာပဲနော်"
"ငါက မင်းအတွက် ဂုဏ်လည်း ယူပါတယ်။ ပြည်နယ်အုပ်ချုပ်ရးမှူးတိုင်းမှာ အရည်အချင်း နှစ်ခုရှိတဲ့ ဇနီးမယား မရှိကြပါဘူး။ ပထမ အရည်အချင်းက အလှ။ ဒုတိယ အရည်အချင်းက အသိဉာဏ်"
လော်ရာ က နောက်စာတစ်စောင်ကို ယူ၍ ဖွင့်လိုက်သည်။ သူမက လက်ရေးကို မှတ်မိသည်။
"ဒီစာ ခရစ္စတိုဖာဆီ က လာတာ။ သူ စာကောင်းကောင်း ရေးတတ်နေပြီ မောင်။ ဝမ်းသာစရာပဲ"
"သူ ဘာတွေ ရေးထားသလဲ"
"မောင့်ဆီရေးတဲ့ စာပါ။ ကျွန်မ ဖတ်ပြရမှာလား"
ခရစ္စက ခေါင်းညိတ်ပြသည်။ လော်ရာက အသံထွက်၍ ဖတ်ပြသည်။
ဆက်ရန်
.

No comments:
Post a Comment