Sunday, September 9, 2012

အဏ္ဏဝါစိုးမိုး ၏ ငယ်ဘဝလမ်း

လျှောက်လှမ်းခဲ့သည့် ငယ်ဘဝလမ်း

လူသားတိုင်း လျှောက်လှမ်းဖြတ်သန်းကြရသည့် ငယ်ဘဝလမ်းဆိုတာ လူသားတိုင်းမှာ ကိုယ်စီရှိကြတာ သေချာ သည်။ လူသား ၏ အလွှာနှင့် အဆင့်အတန်းကိုလိုက်၍ ငယ်ဘဝဖြတ်သန်းလျှောက်လှမ်းရာလမ်းတို့သည် အကြမ်းအားဖြင့် သုံးမျိုးမျှ ခွဲခြားလျှင် လုံလောက်သည်။ ရွှေလင်ဗန်းဖြင့်အချင်းတေး၊ မြပုခက်ဖြင့် အိပ်စက်၊ ရွှေဇွန်းဖြင့် အိပ်စက်၊ အမေဝါးခွံ့သည့် ထမင်းကိုစားပြီး ကြီးပြင်းခဲ့သူ လျှောက်ခဲ့သည့်လမ်း၊ ကျူးကျော်ရပ် ကွက် ထဲက လဲပြိုလုနီးနီး တဲအိုပျက်မှာ အမေကညှစ်၊ အပြင်ထွက်လာရသည့် လမ်းဟူ ၍ ဖြစ်သည်။
လူ့ဘဝ အစမှ ငယ်ဘဝဖြစ်သန်းခဲ့သည့် လမ်းသုံးသွယ်မှာ ကျွန်တော်ဘယ်လမ်းကလာသည့် ဆိုတာကို ကျွန်တော်ကိုယ်တိုင် မသိလို့ စာဖတ်သူများက ဆုံးဖြတ်ပေးကြရန်  ဖြစ်သည်။ ကျွန်တော်သည် မိမိလာခဲ့သည့် လမ်း ကို မသိရုံသာမက မွေးသက္ကရာဇ်မသိ။ နာမည်မရှိသူဖြစ်သည်။

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ထဲက ကျိန္တလီရွာမှာ အဖဦးဘအေးနှင့် အမိ ဒေါ်စိန်ဥတို့မှ ဒုတိယကမ္ဘာစစ် အတွင်း မှာ မွေးသည်။ မွေးချင်းလေးယောက်၊ သို့မဟုတ် သုံးယောက်အနက် အငယ်ဆုံးဖြစ်သည်။ ကျွန်တော် တို့နှင့် အတူ မွေးချင်းဘယ်နှစ်ယောက်ရှိသည် ဆိုတာကိုပင် အတိအကျမသိ၊ အတိအကျသိတာ သုံးယောက်ဖြစ်သည်။ ကျွန်တော် အထက်က မိန်းကလေးတစ်ယောက်၊ အခါလည် သမီးအရွယ်မှာ ကွယ်လွန်သည် ဟု ပြောသံကြားဖူးသည်။
ကျွန်တော်ကို ဒုတိယကမ္ဘာစစ်အတွင်းမှာ မွေးတာကတော့ သေချာသည်။ ကျွန်တော်သည် ဂျပန်ခေတ် ကို သေသေချာချာ မမှတ်မိသော်လည်း ဂျပန်ကို အင်္ဂလိပ်က ပြန်တိုက်လို့ ကျွန်တော်တို့မိသားစု ရွာကို စွန့်ခွာပြီး ညောင်ပင်ကွင်း ရွာက အဘိုးနှင့် အဘွားပိုင်နက်လယ်တဲကို ပြေးဝင်ခုံလှုံကြရတာကို မှတ်မိသည်။ အဲဒီလို စစ်ပြေးရလို့ ကျွန်တော်မွေးရက်ကို မှတ်ထားသည့် ရက်ချုပ်(ဇာတာ)ပျောက်ဆုံးခဲ့ရသည်။ ကျွန်တော့်မွေးသက္ကရာဇ် ကို အဖေရော အမေပါ မမှတ်မိတော့လို့ ကျွန်တော်ဗေဒင် မေးခွင့်မရှိသူဖြစ်ခဲ့ရသည်။ အမေပြောဖူးတာ တစ်ခုရှိသည်။

'' နင်ဟာ ညီလုံးနဲ့ မီးဝင်မီးထွက်''
ညီလုံး ဆိုတာ ကျွန်တော်သူငယ်ချင်း ကျော်ဆွေကို ပြောတာဖြစ်သည်။ ကျော်ဆွေ၏ မွေးသက္ကရာဇ်သည် ၁၃၀၃-ခု တန်ခူးလဆန်း(၅)ရက် (၁၃-၃-၁၉၄၁)ဖြစ်သည်။ ကျော်ဆွေနှင့် မီးဝင်မီးထွက်ဆိုသည့်အတွက် ကျွန်တော်နှင့် ကျော်ဆွေ သည် ၇ ရက်ငယ်ဖြစ်ဖွယ်ရှိသည်။
ဂျပန်ကျူးကျော်စစ် သည် မြန်မာနိုင်ငံတော် ၁၉၄၂-ခုနှစ်မှာ ဝင်ရောက်လာခဲ့တာဖြစ်သည်။ ကျွန်တော်သည် ဂျပန်ခေတ် ကို အိပ်မက်လိုမှတ်မိနေသည့်အတွက် ၁၉၄၁-ခုနှစ်မှာ မွေးတာ ဖြစ်နိုင်သည်။ ဒါဆိုလျှင် ကျွန်တော် သည်၂၀၀၁-ခုနှစ် မှာ အသက်၇၀ ပြည့်ခဲ့ပြီဖြစ်သည်။ ကျွန်တော်သည် မွေးသက္ကရာဇ်ကို တိတိကျကျ မသိဖြစ်ခဲ့ ရသည်။
မွေးသက္ကရာဇ် ကို မသိရုံသာမက နာမည်လည်းမရှိသူဖြစ်သည်။ အဘိုးက (ဟိုသူ)ဟုခေါ်သည်။ အဘွား၊ အဖေနှင့်အမေ တို့က (အပုလေး)ဟု ခေါ်သည်။ အဒေါ်၊ အစ်ကိုတွေနှင့် ဆွေမျိုးတွေက (ညီညီလေး) လို့ခေါ်သည်။ ပုပုလေးမို့ အပုလေးလို့ ခေါ်ကြသည်။ ညီအငယ်လေးဖြစ်လို့ ညီညီလေးဟု ခေါ်ကြတာဖြစ်သည်။

ကျွန်တော် ယခုရောက်နေသည့် နှစ်ပေါင်း ခုနှစ်ဆယ်မှ ငယ်ဘဝအစကို ပြန်လှည့်ကြည့်လိုက်သည်။ ကျွန်တော်ဘဝအစ ကို ကျွန်တော် စတင်မှတ်မိတာ ဗုံးခိုကျင်း ထဲမှာ ဖြစ်သည်။ ဂျပန်ကို အင်္ဂလိပ် က ပြန်တိုက်နေပြီဖြစ်လို့ လေယာဉ် ပျံသံကြားလျှင် ဗုံးခိုကျင်းထဲ ပြေးဝင်ကြရသည်။ ကျွန်တော်တို့ အိမ်နောက်ဘက်က သရက်ပင်ကြီးအောက် မှာ မိသားစုဆယ်ယောက်လောက် ဝင်ထိုင်နေနိုင်လောက်သည့် ဗုံးခိုကျင်း တူးထားသည်။ လူတစ် ရပ်ခန့်နက်သည့်အတွက် ယာယီပြုလုပ်သည့် ဝါးလှေကားဖြင့် အတက်အဆင်း လုပ်ကြ ရသည်။ ကျွန်တော်အစ်ကိုနှစ်ယောက်က တက်ဆင်းလုပ်နိုင်ကြ သော်လည်း ကျွန်တော့်ကိုတော့ အမေ က ချီယူပြီး ဆင်းတက်ရတာကို မှတ်မိသည်။

လေယာဉ်ပျံသံတွေ ပျောက်သွားပြီဆိုလျှင် လူကြီးတွေအားလုံးနှင့် ကျွန်တော် အစ်ကိုနှစ်ယောက်က ကျင်းပေါ် တက်သွားကြသည်။ ကျွန်တော်တစ်ယောက်တည်း ကျင်းထဲမှာ ကျန်နေခဲ့သည်။ ကျွန်တော်အော်ငိုတာကို မှတ်မိသည်။

'' အစ်မရေ..ခဲဝါကြီး ကြောက်တယ်။''
ကျွန်တော်တို့ညီအစ်ကိုတွေက အမေကို အစ်မလို့ ခေါ်သည်။ အဘွားကိုကျတော့ အမေလို့ခေါ်ကြသည်။ ကျွန်တော် ၏ဘဝအစသည် စနစ်တကျမဟုတ်ဘဲ အတော် စည်းပျက်ကမ်းပျက် လာခဲ့တာဖြစ်သည်။ ကျွန်တော် တို့ ရခိုင်ဒေသမှာ မြေခွေး၊ ခွေးအကို ခဲဝါလို့ ခေါ်ကြသည်။ ခွေးအတွေကလည်း ညမိုးချုပ်တာနဲ့ ရွာထဲဝင်လာပြီး အိမ်မွေး ကြက်တွေ ကို ကိုက်ချီလေ့ရှိသည်။ ကျွန်တော် က ခွေးအတွေ ကိုက်မှာ ကြောက်တယ် လို့ အော်ငိုတာဖြစ်သည်။ လူ့ဘဝအစသည်  အကြောက်တရားဖြင့် စခဲ့သည်။ ဘဝ တစ်လျှောက်လုံး အကြောက်တရား သာ ရှင်သန်လာခဲ့ရသည်။
၁၉၄၅-ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ပြီးသည်ဟု သမိုင်းမှတ်တမ်းစာအုပ်တွေမှာ ဖတ်ရသည်။ စစ်အတွင်း ကာလတွေမှာ ကျွန်တော်သည် လယ်သူမ၊ ကောက်စိုက်သမ၊ အမေ၏ ရွှံ့ပေနေ သည့် နို့ကိုစို့နေတုန်းပဲ ရှိသေးသည်။ ညောင်ပင်ကွင်းရွာ က အဘိုးနှင့်အဘွားပိုင်သည့် လယ်ကိုအဖေက လုပ်သည်။ အမေက ပျိုးနုတ်၊ ကောက်စိုက် လုပ်သည်။ အမေက ကျွန်တော်ကိုနို့တိုက်ပြီး လယ်ထဲဆင်းသွားတော့သည်။ ကျွန်တော် သည် အဒေါ် အပျိုနှင့်အဘွားတို့ လက်ပေါ်တွင် ကြီးပြင်းခဲ့ရသည်။

၁၉၄၇-ခုနှစ်မှ ကျွန်တော်အသက်(၆)နှစ်လောက်ရှိရော့မည်။ စစ်ကြီးပြီးသွားပြီဖြစ်လို့ ကျွန်တော်တို့မိသားစု ကျိန္တလီရွာ ကို ပြန်ပြောင်းလာခဲ့သော်လည်း ရွာမှာ တက်စရာစာသင်ကျောင်းမရှိလို့ ကျွန်တော် ကို ကျောင်းမထားရသေး။ ကျွန်တော် ကကြီး ခခွေးမပြောနဲ့ ဝလုံးတောင် မရေးတတ်သေးသည့် နှစ်ဖြစ်သည်။ ဒီနှစ် မှာ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံလိုက်ရသည်။ လုပ်ကြံခံလိုက်ကြရသည့် အာဇာနည်တွေမှာ ပုံတွေကို ကြည့်ပြီး နာမည်တွေကို ကျွန်တော်သိနေသည်။ ဘယ်ဟာက ဗိုလ်ချုပ်အောင်ဆန်း၊ ဘယ်ဟာက ဦးဘဝင်း၊ ဘယ်ဟာက ဦးရာဇတ် ဆိုတာတွေကို ကြည့်ရုံဖြင့် သိနေသည်။ ကျွန်တော်အဒေါ် တအံ့တသြပြော သည်။

'' ဟယ်..ဒီကောင်လေး စာမဖတ်တတ်ဘဲနဲ့ အကုန်သိတယ်တော့''
အာဇာနည်ကြီးတွေ နဲ့ နာမည်နှင့် ဓါတ်ပုံကိုတွဲသိရုံသာမက အဒေါ်အပျိုတွေ အော်ဆို နေကြသည့် အာဇာနည်ချင်း ကိုပါ အလွတ်ရနေသည်။
(နှစ်ကောဇာသက္ကရာဇ်-၉ ခုနှစ်အလာ၊ ငါခေါင်အာသာဝယ်၊ ကံကြမ္မာခေမွဲ၊ ဆန်း-၂ရက်နေ့စနေကို မရွေ့စေ မှတ်စမြဲ၊ တို့ဗိုလ်ချုပ်ထွဋ်အခေါင်ကို မလွတ်အောင်သတ်ပွဲ၊ ဇွတ်မရှောင် သေနတ်ကြဲတာကြောင့်၊ ပြတ်စဲရခန္ဓာ၊ ဦးဘချို၊ သခင်မြ ရယ်နှင့် အထင်ကဦးရာဇာတ်ပါ ဦးဘဝင်း မိုင်းပွန်တစ်ဖြာရယ်၊ တိုင်းကွန်ခြာ တံခွန်လွှားသလိုပ၊ ဝန်တစ်ပါး မန်းဘခိုင် လွမ်းရဖြိုင်ကာ ဦးအုန်းမောင် ကံဆိုးရှာတယ် ရန်ငြိုးဟာ သက်ဆင်းလို့ ကိုမောင်ထွေး ရဲဘော်တစ်ဖြာပါ နွှဲပျော်ကာ သေပွဲဝင်ကြလေး)
ဘယ်သူရေးစပ်ပေးသည့် တေးထပ်လင်္ကာကို သီဆိုကြသည်မသိ၊ အဒေါ်အပျိုတွေ လွမ်းလွမ်းဆွေးဆွေး ဆိုနေကြသံကြား လို့ ကျွန်တော်ပါအလွတ်ရနေခဲ့သည်။ ကျွန်တော်ကို ဥာဏ်ကောင်း သည်။ ကျောင်း ထားပေးနိုင် လျှင် စာတတ်မည်ဟု ပြောသည်။ အသက်(၆)နှစ်၊ (၇)နှစ်အထိ ကျွန်တော် စာမဖတ် တတ်သေးဖြစ်နေ သည်။

၁၉၄၈-ခုနှစ်မှာ မြန်မာပြည်လွတ်လပ်ရေးရပြီဆိုရင် ကျွန်တော်တို့ရွာမှာ ပျော်ပွဲရွှင်ပွဲ တွေလုပ်ကြသည်။ ကျွန်တော် တို့အိမ်နှင့် ဗိုလ်တဲဝင်းကြားက နွားစားကျက်ကွင်းထဲမှာ ပြုလုပ်ကြသည်။ ပြေးခုန်ပစ်ပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲတွေ၊ ကျင်းပသည်။ ကျွန်တော်အသက် ၇ နှစ် သို့မဟုတ် ၈ နှစ်သားလောက်ရှိပြီဖြစ်လို့ လွတ်လပ်ရေးရတာကို ကောင်းစွာ မှတ်မိနေသည်။ စာမဖတ်တတ် တာပဲရှိတယ်။ အားလုံးကို မှတ်မိနေသည်။

ထုပ်ဆီးတိုးပွဲမှာ ရွာ့ကွမ်းတောင်ကိုင်အပါအဝင် ရွာကအပျိုတွေ အားလုံးပါဝင် ကစားနေကြသည်။ ပါဝင်ကစားနေကြသည့် အပျိုတွေအားလုံးလောက်နီးပါးက  ထဘီတိုတို ဝတ်ဆင်ထားကြ လို့ ခြေသလုံးတွေအားလုံး ပေါ်နေကြသည်။ ကြုံတောင့် ကြုံခဲဒီလိုမျိုးမှာ မြင်ရတွေ့ရခဲသည့် အပျိုတွေ ၏ ခြေသလုံးတွေ ကိုကြည့်ချင်လို့၊ ထုပ်ဆီးတိုးပွဲ  လူပျိုတွေ၊ ကာလသားတွေနှင့် အဘိုးကြီးတွေလည်း ပါသည်။ အပျိုတွေ ကလည်း လူပျိုတွေ၊  ကာလသားတွေ ဝိုင်းကြည့်နေတော့ ကိုယ့်အသံ ကို သူတို့ကြားအောင် (အေးကြည်မ ပြန်သူကို မလွတ်စေနဲ) ဆိုတာကို မလိုအပ်ဘဲ အသံကုန်ဟစ်ပြီး မ သံပေးသည်။ လူပျိုတွေ ကလည်း သူတို့ ပိုးနေသည် အပျိုတွေကြားအောင် (မခင်အေး နင့် နောက်မှာပြန်သူ) လို့ အော်ပြောပြီး ဖိုသံပေး သည်။ထုပ်ဆီးတိုးပွဲ ဆိုတာကလည်း လာသူကို လွှတ်ပေးပြီး၊ ပြန်သူကို မိအောင် ဖမ်းရသည့် ပွဲဖြစ်သည်။

လူပျိုကာလသားတွေက ထုပ်ဆီးတိုးပွဲမှာ ဝိုင်းဆီးတိုးပွဲမှာ ဝိုင်းအုံနေကြပေမဲ့ ကျွန်တော်တို့ ကလေးတွေ က ခေါင်းအုံးရိုက်ပြိုင်ပွဲကို သဘောကျကြသည်။ လွှဲရိုက်လိုက်လို့ တစ်ဖက်လူက ရှောင်ပေးလိုက်လျှင် ရိုက်သူအားလွန်ပြီး လိမ့်ကျသွားတာ၊ တွဲလောင်းကြီးဖြစ်နေတာကို အရမ်းသဘောကျသည်။ ရယ်ရသည်။
ချောတိုင်တက်ပွဲက အစည်ကားဆုံးဖြစ်သည်။ ပေတစ်ရာလောက်မြင့်သည့် ဝါးပိုးတိုင်ထိပ်မှာ တစ်ဆယ် တန်ငွေစက္ကူ တစ်ရွက်ကို အလံလွှင့်ထူထားသည်။ ငွေတစ်ဆယ်ဆိုတာ နည်းနည်းနောနော မဟုတ်။ ဆန်တပြည် ကို တစ်မတ်သာပေးရသော ခေတ်ဖြစ်သည်။ ချောတိုင်ထိပ်က ငွေတစ်ဆယ်ကို လိုချင်ဇောဖြင့် ပုဆိုး ကို ခါးတောင်း ကျိုက်ထားသူတွေ တစ်ယောက်ပြီး တစ်ယောက် တက်ဖို့ကြီုးစားကြသည်။ တစ်ယောက်မျှ မတက်နိုင် ဖြစ်နေကြသည်။ ချောတိုင်ထိပ်မှာ ထည့်ထားသည့် အုန်းဆီ၊ နှမ်းဆီး၊ ပဲဆီတွေက တိုင် လှုပ်လိုက်တိုင်း အောက်ကို စီးဆင်းလာသဖြင့် ချောကျလို့တက်မရဖြစ်နေကြသည်။ ဒီအခြေနေမှာ ဘကြီးဦးကြာခိုင်ရောက် လာပြီး အကြံဥာဏ်ပေးသည်။

ဟေ့ကောင်တွေ ချောတိုင်ဆိုတာ ဒီလိုတစ်ယောက်ချင်းတက်လို့ ဘယ်တုံးကရဖူးလို့လဲ၊ တစ်ယောက်ပခုံးပေါ် တစ်ယောက် နင်းတက်၊ ဟိုကောင်ညီပုကြီးလာ၊ တိုင်ကိုဖက်ထားပြီး ထိုင်နေ၊ သာလှက ညီပုကြီးရဲ့ ပခုံးနှစ်ဖက်ပေါ် တက်ထိုင်၊ တင်အောင်က သာလှပေါ်တက်၊ လှထွန်းက တင်အောင်ပေါ်တက်၊ ဟိုကောင်တွေ လွန်းရွှေ၊ လှထွန်း၊ အောင်မြေ၊ အကုန်လာကြ၊ ကွမ်းသီးပင်၊ အုန်းပင်အတက်ကျွမ်းတဲ့ သိန်းဖေက အပေါ်ဆုံးကနေ၊ အောင်လံကို လှမ်းဖြုတ်၊ အားလုံးအယောက် (၂၀) ပြည့်ပြီ၊ အားလုံး မတ်တက်ထမယ်၊ တစ်၊ နှစ်၊ သုံး ထကြစမ်း အောက်ဆုံးက ဗလကောင်းကောင်းဖြင့် ထိုင်နေသည့် ညီပုကြီးက စပြီး အင့် အင့် အဲ အဲ ဖြင့် ထရပ်လိုက်သည်။ ချောတိုင်ကြီးကို ဖက်ထားကြသည့် ယောက်ျား(၂၀) တို့သည် လေတိုက်နေသည့် ဝါးပင်ကြီးလို လေထဲမှာ ယိမ်းထိုးလှုပ်ယမ်းနေသည်။ အပေါ်ဆုံးက ကိုသိန်းဖေ သည် ငွေတစ်ဆယ်ကို ဖမ်းကိုင်နိုင်ဖို့ လက်တစ်ကမ်း အလိုသာရှိတော့သည်။ ကွမ်းသီးပင်၊ အုန်းပင် အတက်ကျွမ်းသူဖြစ်လို့ နည်းနည်းလေး တက်နိုင်လျှင် ရတော့မည်ဖြစ်သည်။ ဒီအခြေအနေမှာ အောက်ဆုံးက ကိုညီပုကြီးက ဘကြီး ကြာခိုင်ကိုမေးသည်။

ငွေတစ်ဆယ်ကို ရလျှင် ဦးလေးကိုလည်း ရှယ်ယာခွဲပေးရ ဦးမှာလား ပေးရမှာပေါ့ ကွ၊ ငါအကြံဥာဏ်ပေးလို့ နင်တို့ငွေတစ်ဆယ် ရတော့မယ်လေ၊ နည်းနည်းပဲ လိုတော့တယ်၊ ဟေ့ကောင် သိန်းဖေ တက်လိုက်၊ တက်လိုက် တစ်ထွာ လောက် ပဲလိုတော့တယ်
အပေါ်ဆုံးက ကိုသိန်းဖေနှင့် ငွေတစ်ဆယ် တစ်ထွာလောက်အလိုမှာ လူပဒေသာပင်ကြီးသည် ကြိုးပြတ် သွားသည့် ပုတီးကုံးလို ဝုန်းခနဲပြုတ်ကျပြီး တစ်ယောက် အပေါ်တစ်ယောက် ပိကျလဲ ပြိုးသွားတော့ သည်။ အောက်ဆုံး က ကိုညီပုကြီးတစ်ယောက်သာ ချောတိုင်နှင့် ဆယ်ပေလောက် အကွာမှာ ခါးတောင်းကျိုက် ကို ဖြုတ်ပြီး အကီင်္ျပြန်ဝတ်နေတော တွေ့ကြရသည်။ ကိုညီပုကြီးက တိုင်ကိုဖက်ထားသည့် လက်ကို ဖြုတ်ပြီး ခွာထွက်သွားလို့ အားလုံးပြုတ်ကျကုန်တာဖြစ်သည်။

ဆုငွေတစ်ဆယ်ရခါနီးမှာကွာ.... ညီးပုကြီး နင်ဘယ်လိုလုပ်လိုက်တာလဲကွ
ဘယ်လိုလုပ်ရမှာလဲကွ၊ ရမယ့်ဆုငွေက တစ်ဆယ်၊ လူနှစ်ဆယ်ဝေယူလျှင် တောင် တစ်ယောကက်ကို ငါးမူးပဲ ရမယ်၊ သူများတွေရဲ့ ပခုံးတွေကို နင်း တက်သွားပြီး အပေါ်ဆုံးကနေတဲ့ သိန်းဝေကလည်း ငါးမူး၊ အောက်ဆုံးကနေရ တဲ့ ငါကလည်း ငါးမူးပဲရမယ်၊ ဒီးကြားထဲမှာ ဦးကြာခိုင်က သူ့ကိုပါ ဝေစုခွဲပေးရဦးမယ် ဆိုတော့ တစ်ယောက် ကို ငါးမူးတောင် မရတော့ဘူး၊ ငါက အရူးမှ မဟုတ်ဘဲ အဲဒီတော့ ဒီအလုပ်က ထွက်လိုက်တာပေါ့ ကျွန်တော်တို့ရွာက ချောတိုင်တက်ပွဲသည် လုပ်အားနှင့် ရပိုင်ခွင့် မညီမျှတာကို တွက်ချက်တတ် သူ တစ်ယောက်ကြောင့် လွတ်လပ်ရေးရသည့် နေ့မှာပင် စည်းလုံး ညီညွတ်မှု ပြိုကွဲပြီး ဆုတော်ငွေနှင့် လွဲခဲ့ ရတာကို မှတ်မိနေသည်။

မြန်မာပြည်လွတ်လပ်ရေး ရပြီးဖြစ်လို့ ကျွန်တော်တို့ရွာမှာ စာသင်ကျောင်းပြန် ဖွင့်သည်။ နော်မန်ကျောင်းထွက် ဆရာကြီး ဦးမောင်ခန့် ကျောင်းမှာ ကျောင်းနေ ရန်အတွက် အဘွားက ကျွန်တော့်ကို ကျောင်းအပ်သည်။ ခြံထွက် ငှက်ပျောသီး လက်ရင်းဖီးကြီးကို လင်ပန်းပေါ်တင်ပြီး အဘွားက ရွက်ယူပြီး ရှေ့က သွားသည်။ ကျွန်တော် က ကျောက်သင်ပုန်းလေးကို ပိုက်ပြီး အဘွား နောက်က လိုက်သွားရသည်။ ကျွန်တော့်ပုံက ခေါင်းတုံးပြောင်၊ အင်္ကျီအဖြူ လက်တို ခပ်ပွပွနှင့် ခါးပုံစ တွဲလောင်းကျ နေသည့် ဖိုသီဖတ်သီလုံချည် တိုတို ဝတ်ထားသည်။ ကျွန်တော့်အသက် (၇) နှစ်၊ သို့မဟုတ် (၈) နှစ်သား အရွယ်လောက်မှာ သူငယ်တန်း စတက်ရသည်။ ဆရာကြီး ဦးမောင်ခန့် က အဘွား ကျောင်းအပ်လက်ဆောင် ငှက်ပျောဖီးကြီးကို ငှက်ပျောဖီးကြီးကို လက်ခံယူပြီး ပြော သည်။

ကြီးတော် ဒီကောင်ကို ကျောင်းထားတော့မလို့လား အေးကွယ်...သေစာရှင် စာလေးလောက် ရေးတက် ဖတ်တတ်အောင် ကျောင်းထားကြည့် မလို့ပဲ၊ မလိမ္မာရင်ရိုက်ပါ၊ မကျိုးမပဲ့လျှင် တော်ပြီ ယမမင်းလက်ကို ဝကွက်ပြီး အပ်ခံ လိုက်ရသည့် ငရဲသားလို ခံးစားလိုက်ရသည်။မကျိုးမပဲ့လျှင် တော်ပြီဆိုတော့ အတော် နာရဦုးမည်လို့ နားလည်းလိုက်သည်။ ဆရာကြီး ဦးမောင်ခန့်နှင့် ကျွန်တော်တို့ အိမ်နီးချင်းဖြစ်လို့ ဆရာကြီးက ကျွန်တော့် အကြောင်း ကိုသိနေသည်။ ကျောင်းမနေရသေးလို့ စာမတက် ပေမတတ်သော်လည်း အလွန်ဆော့ သည့် အကောင်ဆိုတာကို သိနေသည်။ ဒုက္ခတော့ များပြီးလို့ တွေးနေမိသည်။
သူငယ်တန်း က စတက်ရမည့် ကျွန်တော့်ကို ဆရာမ ဒေါ်အေးတင် အတန်းကို ပို့လိုက်သည်။ ဆရာမ  ဒေါ်အေးတင် ဆိုတာကလည်း အလွန်အရိုက်ကြမ်းသည်ဟု ကြားဖူးနေသည်။ အသက်(၄၀) ပြည်ခါနီးသည် အထိ အပျိုကြီးဘဝဖြင့် နေရလို့ စိတ်တိုနေသူဖြစ်သည်။ ငါကံနှယ်တယ် ဆိုးပါလား ဟု တွေးမိသည်။

(၁၉၈၈-ခုနှစ် အရေးအခင်းဖြစ်ပြီးတော့ ကျွန်တော်ရွာကို ရောက်သွားသည်။ ကျွန်တော်တည်ခိုးနေသည့် ကျွန်တော့်အဒေါ်၏ အိမ်ကို လာလည်သည့် အဘွားအို တစ်ယောက်ကို သေသေချာချာ ကြည့်တော့မှ ဆရာမကြီး ဒေါ်အေးတင် ဆိုတာသိလို့ ပိုက်ဆံ (၂၀၀) ဖြင့် ကန်တော့လိုက်ပါသည်။ ဤကား စကားချပ်)
ကျွန်တော်တို့ရွာ သည်ုမြန်မာပြည်သူတွေရသည် လွတ်လပ်ရေးနှင့် အတူ ရောင်စုံသူပုန် တွေကို ရလိုက်သည်။ ကွန်မြူနစ်၊ အလံနီ၊ ရဲဘော်ဖြူနှင့် ဓားပြအဆင့် သာရှိသည့် အဖွဲ့လေးတွေကိုပါ အဆစ်ရလိုက်သေးသည်။ ကျွန်တော် တို့ အိမ်အပေါ်ထပ်မှာ မြန်မာပြည် ကွန်မြူနစ် ပါတီ်  (ရခိုင်ပြည်နယ်ဋ္ဌာနခွဲ) ဆိုင်းဘုတ် ချိတ်ဆွဲထားသည်။ ကျွန်တော့်အစ်ကို ကြီးကကျောင်းသားရဲခေါင်ဆိုပြီး ကွန်မြူနစ်ဖြစ်သွားသည်။ ကျွန်တော့် အကိုကြီးကို အကြောင်း ပြုပြီး အဖေနှင့် အမေပါ ရဲဘော်နှင့် ရဲနီမေဖြစ် သွားခဲ့ကြသည်။ ကျွန်တော်တို့ အိမ်ကို ရောက်ဖူး သည့် ကွန်မြူနစ်ခေါင်းဆောင်တွေက သခင်တင်မြ၊ နဂါးနီးဦးထွန်းအေး၊ ဗိုလ်ကျော်ဇော်တို့ကို မှိတ်မိနေသည်။ ဒီအချိန် မှာ ဗိုလ်ဖိုးကွန်းက ရဲဘော်ဖြူ ခေါင်းဆော်အဖြစ်နဲ့ ဂွမြို့မှာ အခြေစိုက်ထားသည်။

မြန်မာတွေ ရရှိထားသည့် လွတ်လပ်ရေးသည် အတုကြီးသာ ဖြစ်သည်လို့ ယုံကြည်ပြီး တောခို လာကြသည့် တောခိုလာကြသည့် ရောင်စုံသူပန်တွေ အချင်းချင်းတိုက်ခိုက်ကြတာမှာ ရွက ကျောင်းနေအရွယ် ကလေးငယ်တွေနှင့် အတူ ကျွန်တော်ပါ မြေဇာပင်ဖြစ်ခဲ့ရ ပါသည်။ ကျောင်းတွေပိတ်လိုက်ရသည်။ ကွန်မြူနစ်က စာသင်ကျောင်း မှာ လူထုစည်းဝေး ပွဲလုပ်ပြီး ပစ္စည်းမဲ့ လူတန်းစား အာဏာရရှိရေး၊ အရင်းရှင် စနစ်တိုက်ဖျက်ရေး လယ်လုပ်သူ လယ်ပိုင်းရေး တရားဟောသည်။
နောက်နေ့ မှာ ရဲဘော်ဖြူ က ရွထဲဝင်လာပြီး ဆရာကြီးကို ခေါ်ယူကြိမ်းမောင်းသည်။ ကွန်မြူနစ်တွေ တရားဟော ဖို့ အတွက် စာသင်ကျောင်းကို အသုံးပြုခွင့် ပေးရမလားဆိုပြီး ဆရာကြီးကို သတိပေးသည်။ ကျွန်တော်တို့ ရွာသား မဟုတ်သည့် ကျောင်းဆရာ၊ ဆရာမတွေ ကြောက်ပြီး ကျောင်းမတက်ရဲ ဖြစ်ကုန်ကြသည်။

နောက်နေ့မှာတော့ အလံနီတပ်တွေ ဝင်လာပြီး စာသင်ကျောင်းကို မီးရှို့ပစ် လိုက် သည်။ ကျောင်းမရှိတော့သည့် အတွက် ဆရာ၊ ဆရာမတွေကလည်း ထွက်ပြေးကုန်ကြသည်။ ကျွန်တော်လည်း သူငယ်တန်း မအောင်မီ ကျောင်းပြီး သွားလေတော့သည်။
ကျွန်တော့်ရွာ ကိုန္တလီ သည် အစဉ်အလာ ရှိသည့်ရွာဖြစ်သည်။ လက်သီးပုန်း တော်လှန်ရေးသမား သခင်ဘတင် (ဗိုလ်ဘတင်) ကို မွေးဖွားခဲ့သည့် ရွာဖြစ်သည်။ ဆရာသိန်းဖေမြင့် အိန္ဒယကို အသွားမှာ တစ်ညအိပ် ဝင်နားသွားသည့် ရွာဖြစ်သည်။ သူပုန်တွေသည် ဒီရွာကို ခြေကုပ်ယူချင်ကြသည်။ ကွန်မြူနစ်တွေသည် လက်သီးပုန်း သခင်ဘတင်၏ အဖေနှင့်အမေ (အဘိုးဦးဖိုးဖေနှင့် အမေကြီး ဒေါ်မယ်သီ) တို့ အိမ်မှာမနေဘဲ ကျွန်တော်တို့အိမ်မှာ လာနေကြသည့်အတွက် ကျွန်တော်ဒုက္ခရောက်တော့သည်။

ရဲဘော်ဖြူ က ကျွန်တော်အစ်ကိုကြီးကို ဖမ်းဖို့ကြိုးစားသည်။ အစ်ကိုကြီးကို မမိသောအခါ ကျွန်တော့် အဖေနှင့်အမေ ကို ဖမ်းသွားလေတော့သည်။ အဖေနှင့် အမေ ကို သတ်တော့မည့်ဆဲဆဲမှာ ကွန်မြူနစ်တွေက ဝင်တိုက် လို့ အဖေနှင့်အမေတို့ သေဘေးက လွတ်ခဲ့သည်။ သေဘေးကလွတ်တာနဲ့ ရွာကိုမပြန်ရဲတော့ သည့် အတွက် အစ်ကိုကြီးနှင့်အတူ တောခိုသွားလေတော့သည်။
    ကွန်မြူနစ်တို့၏ လယ်လုပ်သူသာလယ်ပိုင်ရမည်ဆိုသည့် ဥပဒေကြောင့် ကျွန်တော့်အဘိုးနှင့် အဘွားတို့က သီးစား ချထားသည့် လယ်တွေ၊ ယာတွေ၊ ကိုင်းတွေအားလုံး အပြုတ်တိုက်ခံလိုက်ရသည်။လယ်မဲ့၊ ယာမဲ့ဖြစ်ပြီး ခြံထွက်သီးနှံလေးတွေ ရောင်းစားနေခဲ့ကြရသည်။ ဆန်စပါးမရှိ၊ ဝင်ငွေမရှိ၊ စားစရာမရှိဖြစ်သောအခါ အဘိုးနှင့် အဘွား က ကျွန်တော် တို့ ညီအစ်ကိုနှစ်ယောက်ကို မကျွေးနိုင်မမွေးနိုင်တော့ပါဘူးဆိုပြီး ရွာဦးကျောင်းဆရာတော် ထံ အပ်နှံလိုက်တော့သည်။

    ''မသေအောင်လည်း မွေးပါဘုရား၊ စာလည်းသင်ပေးပါဘုရား''
အဲဒီလိုဖြင့် ကျွန်တော်အသက် ဆယ်နှစ်သား အရွယ်လောက်မှာ ဘုန်းကြီးကျောင်းသားဖြစ်ခဲ့ပါသည်။ ဘုန်းကြီးကျောင်းပညာ ၏ သင်ရိုးအခြေခံ (ပရိုင်မာရီ) ဖြစ်သည့် သင်ပုန်းကြီးက စပြီး သင်ယူရသည်။ မိမိနှင့် အသက်တူ အရွယ်တူ ကျောင်းသားလေး၊ ကိုရင်လေးတွေနှင့်အတူ စာအော်ကျက် ရသည်။ ကျောင်းသားလေးဘဝမှာ ပင် သင်ပုန်းကြီးကို ကျေညက်လို့ မင်္ဂလာသုတ်ကိုတက်ရသည်။
ဘုန်းကြီးကျောင်းသားလေးဘဝ မှာ အဖေနှင့်အမေကို လွမ်းသည်။ အဖေ၊အမေနှင့် အစ်ကိုကြီးတို့ ကွန်မြူနစ်တွေ ဘဝဖြင့် ဘယ်အရပ် ဘယ်ဒေသတွေကို ရောက်နေသည်ကို မသိရလို့ ကိုရင်ဝတ်နေသည့် အစ်ကိုလတ်ကိုပဲ မိဘလိုအားကိုးပြီး နေခဲ့ရသည်။ ဘုန်းကြီးကျောင်းသားဆိုတော့ ညစာပြဿနာရှိနေသည်။ ညစာပြဿနာ ကို ဖြေရှင်းသည့် အနေအနေဖြင့် ကိုရင်လေးဝတ်လိုက်ပါသည်။ ကိုရင် ဆိုတော့ ညစာကိစ္စပြီး သွားသည်။ ရှင့်ကျင့်ဝတ် နှင့်အညီ နေရသည့်အတွက် တာဝန်ကြီးလာသည်။

ဆရာတော် ၏ တင်းကျပ် သည့် စည်းကမ်းနှင့်စာပေပို့ချ သင်ပေးမှုကြောင့် ကိုရင်ဝတ်ဖြင့်ပင် စာဝါ အတော်ပေါက်ခဲ့သည်။ ပရိတ်ကြီးဆယ့်တစ်သုတ်၊ အပြင်အောင်ခြင်း၊ အတွင်းအောင်ခြင်း၊ ရတနာရွှေချိုင့်၊ နမက္ကာရ၊ လောကနီတိ၊ ရှင်မဟာရဌသာရ ဆုံးမစာ၊ ရှင်မဟာသီလဝံသ ဆုံးမစာ၊ သူတော်ဦးနု စကားပုံ၊ သိင်္ဂါလောဝါဒ ကျင့်ဝတ်လင်္ကာ ဆိုတာတွေကို အလွတ်ရခဲ့သည်။
ကိုရင်ကြီးတွေ ဦးဇင်းတွေနှင့် အတူတွဲပြီး သင်္ဂြိုဟ်ကိုးပိုင်း၊ သဒ္ဒါကြီးရှစ်စောင်၊ ဝိနည်းငါးကျမ်း စာဝါပြီးသည် အထိ သင်ကြားတက်မြောက်ပြီးချိန်မှာတော့ ကျွန်တော့် အသက် (၁၆)နှစ်လောက် ရှိခဲ့ပါသည်။ ကိုရင်ဘဝဖြင့် စိတ်ကစားသည့် အရွယ်ဖြစ်လာခဲ့သည်။ အဲဒီမှာ ကျွန်တော်စရိုက်နှင့် ဇာတိပြလာတော့သည်။

ကျွန်တော့် စရိုက်နှင့် ဇာတိဆိုတာ တခြားမဟုတ်၊ မိန်းကလေးချောချောမြင်လျှင် ပိုးချင်ပန်းချင်သည့် စရိုက်ဖြစ်လာသည်။ ကျွန်တော်သည် သူငယ်တန်းကျောင်းသားဘဝ ကတည်းက ပိုးတက်ပန်းတက်နေခဲ့သည်။ သူငယ်တန်းကျောင်းသား ဘဝမှာ ကျွန်တော်နှင့် အတန်းတူသည့် ထွေးငယ်လေးကို ပိုးနေခဲ့တာဖြစ်သည်။ ကျွန်တော့် အသက် (၇) နှစ်။ ထွေးငယ်လေးက ဖြူဖြူချောချောလေးဖြစ်သည်။
သူ့မိဘတွေကလည်း ချော်လည်ကြတော့ သစ်သစ်လွင်လွင် ဝတ်နိုင်ဆင်နိုင် သည်။ ကျောင်းသူတွေထဲ မှာ ထွေးငယ်လေး က ပေါ်လွင်နေသည်။ ဒီလိုပေါ်လွင်နေလို့လည်း ကျွန်တော်နှင့် သူငယ်တန်းကျောင်းသား အားလုံးက ထွေးငယ်လေးကို ပိုးနေကြတာ ဖြစ်နိုင်သည်။

ကျွန်တော့်အသက် (၇) နှစ်သားအရွယ်မှာ ပိုးတက်ပန်းတတ်နေပြီ ဆိုတော့ လွန်တာပေါ့ လို့ ပြေကြမည်ထင်သည်။ ကျွန်တော်ကြားဖူးတာ တစ်ခုရှိသည်။ လူသားတို့၏ လိင်စိတ်သည် (အထူးသဖြင့် ယောကျာ်းတို့၏ လိင်စိတ်သည်) (၇) နှစ်တစ် ကြိမ်ပေါ်သည်ဟု ကြားဖူးသည်။ အသက်ူ(၇) နှစ်သား အရွယ်မှာ ကလေးစိတ်ဖြင့် ပိုးပန်းတတ်ပြီး (၈) နှစ်၊ (၉) နှစ်အရွယ်မှာ ပုံမှန်ပြန်ဖြစ်သွားသည်ဟု ဆိုပါသည်။ အသက်(၁၄) နှစ် အရွယ်မှ တစ်ကြိမ် ပြန်ပေါ်လာပြီး ချောချောလှလှ မြင်သမျှ ကို ပိုးပြန်းတော့သည်။ ဒီတစ်ခါပေါ်သည့် လိင်စိတ်သည်(၁၅)နှစ်၊ (၁၆) နှစ်၊ (၁၇) နှစ်လောက်အထိ မပျောက်ဘဲ နေတတ်သည်။ (၁၈)နှစ်လောက် ရောက်လျှင် ပုံမှန် ပြန်ဖြစ်သွားပြန်သည်။

(၇) နှစ် သုံးလီဖြစ်သည့် (၂၁) နှစ်ကတော့ အဆုံးဝါးဆုံးဖြစ်သည်။ အသက် (၂၁) နှစ်သည် စိတ်မနိုင်သူ၊ မအောင့်နိုင်သူများ မိန်းမခိုး၊ လင်နောက်လိုက်၊ အိမ်ထောင်ကျသော နှစ်ဖြစ်သည်။ (၂၁) နှစ်ကို လွန်မြောနိုင် လျှင်တော့ (၂၈) နှစ်သည် သေချာပေါက် အိမ်ထောင်မကျ လျှင်တော့ (၃၅) နှစ်သည် သိပ်ပြီး မသေချာတော့ သည် နှစ်ဖြစ်သည်။ အပျိုကြီး လူပျိုကြီးဖြစ်ဖို့ အတော်နီးစပ်သွားပြီိဖြစ်သည်။
ကျွန်တော်ရောက်ရှိနေသည့် အသက် (၁၆) နှစ်သည် ချောချောလှလှမြင်လျှင် ပိုးချင်ပန်းသည့် ကာလဖြစ်သည်။ ကျွန်တော့် အသက် (၁၆) နှစ်ဆိုသော်လည်း ရောက်ရှိသေည့်ဘဝက ကိုရင်ဖြစ်နေသည်။ အဲဒီမှာ ဘဝနှင့်ဗီဇ သဟဇာတ မတည့်ဖြစ်တော့သည်။ ဆပ်ပြာမွှေးဖြင့် ရေချိုးသည်။ အမွှေးနံပျောက်သွားမည် စိုးလို့ ဆပ်ပြာရည် စင်အောင် ရေမချိုး ပဲ ဆွမ်းခံထွက်သည်။ ဆွမ်းလောင်းသည့် အပျိုချောချော မှန်သမျှကို စိတ်ဖြင့် ပိုးသည်။ အရမ်း ရင်ခုန်သည့် အတွက် မောသည်။

နေ့စဉ်စာဝါတက်နေရသည့်ကြားက လစဉ်ထုတ်မဂ္ဂဇင်းတွေ ဖြစ်သည့် ရှုမဝ၊ သွေးသောက်တွေကို ဆရာတော် မသိအောင် ခိုး ဖတ်သည်။ သင်းကြူကြူပေါင်ဒါကို မသိမသာ ခိုးလိမ်းသည်။ ဆရာတော် ၏ စောင့်ကြည့်တာခံရသည့် ကိုရင်ဖြစ်လာသည်။
၁၉၅၈-နှစ် သည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ဆယ်နှစ်ကြာပြီးသည့်ုကာလ ဖြစ်သည်။ ကျွန်တော့်ဘဝသည် လည်း အပြောင်းအလဲတွေ အများကြီးဖြစ်သည့် နှစ်ဖြစ်သည်။ ၁၉၅၆- ခုနှစ်လောက်ကပင် ကျွန်တော့်အစ်ကို သည် ကိုရင်ဝတ်ကထွက်ပြီး ပြည်တော်သာခေတ် (၇) တန်းစာမေးပွဲကို ဟယ်ရီတန်စနစ်ဖြင့် အချောင်အောင် ထားခဲ့သူ ဖြစ်သည်။ (၇) တန်းအောင်သော်လည်း မြိုကိုသွားပြီး (၈) တန်းမတက်နိုင်လို့ ရွာသရဲ (လမ်းသရဲ ထက် အဆင့်မြင်သူ) ဖြစ်နေ သည့် ကျွန်တော့် အစ်ကိုကို ကွန်မြူနစ်ခေါင်းဆောင်က ဖမ်းဖို့လိုက်လို့ ရွာက ထွက်ပြေး သည်။ ရန်ကုန် ကို ရောက်သွားသည်။ ရေတပ်သားဖြစ်သွားသည်။ ရေတပ်ယူနီဖောင်း ဝတ်စုံဖြင့် ဓာတ်ပုံဖြင့် ဓာတ်ပုံ ရိုက်ပြီး ကျွန်တော့်ဆီကို ပို့သည်။ စာရေးသည်။

ညီးလေး... ဒီစာကိုရလျှင် ရွာကထွက်ပြီး ရန်ကုန်ကိုလာခဲ့၊ နင်ဟာ တစ်တန်းမှ မအောင်သေးဘူး၊ အလွတ် ပညာသင် ကျောင်း တက်ပါ၊ နင်ဟာ ဘုန်ကြီးမဖြစ်နိုင်ဘူး၊ နင်ရုပ်က နှာဘူးရုပ်၊ အသက်ကြီးလာမှ ဘုန်းကြီး ဝတ်က ထွက်လျှင် နင်ဒုက္ခရောက်လိမ့်မယ်၊ ဒီစာကိုရလျှင် ရွာကထွက်ခဲ့တော့
အဲဒီလိုဖြင့် ကျွန်တော်သည် ၁၉၅၈-ခုနှစ်မှာ ရန်ကုန်မြို့ကို ရောက်ခဲ့သည်။ အစ်ကိုရေတပ်သား က ကျောင်း ထားပေးလို့ ၁၉၅၉-ခုနှစ်မှာ ပြည်တော်သာခေတ်(၇) တန်းကို နှစ်ချင်းပေါက် အောင်မြင်ခဲ့ပါသည်။ ကိုရင်ဝတ်ဖြင့် (၇) တန်းအောင်ခဲ့ တာ ဖြစ်သည်။

ကျွန်တော် တို့ခေတ်က (၇) တန်းအောင်ပြီးလျှင် (၈) တန်း၊ (၉) တန်းတက်စရာမလိုဘဲ အလွတ် ပညာသင်ကျောင်း တက် ရင်း ဆယ်တန်း ကို ဝင်ဖြေခိုင်းသည်။
၁၉၆၀-ပြည်နှစ်မှာ ကျွန်တော်ဆယ်တန်းဝင်ဖြေသည်။ နှင်းချင်းပေါက် ကျုံရှုံးပါသည်။ သုံနှစ်ဆက်တိုက် စာမေးပွဲ ကျသည်။ အသက် ကလည်း (၂၀) ပြည့်တော့မည် ဖြစ်သည်။ ကိုရင်ဝတ်ဖြင့်ပင် ကျောင်းအတူတက်သည့် တာမွေ က ကျောင်းသူတစ်ယောက်နှင့် စာပေးစာယူ ဖြစ်လိုက်သေးသည်။
၁၉၆၂-ခုနှစ်မှာ တန်းမြင့်ကျောင်းထွက် လက်မှတ်ရစာမေးပွဲ အောင်သည်။ ကျွန်တော့်အစ်ကိုကလည်း အိမ်ထောင် ကျနေပြီဖြစ်လို့ အစ်ကို့ကို ကျွန်တော့် ဝန်မပိ စေချင်တာနဲ့ ကိုရင်ဝတ်က လူ ထွက်ပြီး ရေတပ်မတော် ထဲ ကို ဝင်လိုက်ပါသည်။ ကျွန်တော်၏ ငယ်ဘဝ ဇာတ်သိမ်းသွားပါတော့သည်

အဏ္ဏာဝါစိုးမိုး
.

1 comment:

စံပယ်ချို said...

အဏ္ဏဝါစိုးမိုး ၏ ငယ်ဘဝလမ်းလေးကို
လာဖတ်နေပါတယ် အမရွှေစင်ရေ
ဆရာကြီးရေးတဲ့ ဟာသနှောဗဟုသုတလေးတွေ
အားလုံးကိုလဲကြိုက်လို့ပါ