နောက်နှစ်နာရီ ခန့် ကြာသောအခါ သူတို့လင်မယားသည် ဟိုတယ်ခန်းထဲတွင် မျက်နှာချင်းဆိုင်ထိုင် ကာ ဆွေးနွေးနေကြသည်။ ကင်ခရစ္စတိုဖာကလေးကတော့ ကပ်လျက် အခန်းတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မော ကျနေပြီ။ ခရစ္စတိုဖာကလေး သည် ရေနွေးနှင့် နံနက်စာစားပြီးမှ အိပ်ပျော်သွားခြင်း ဖြစ်သည်။
"ကျောင်းအပ် ဖို့ ကိစ္စ ငါ အားလုံး စီစဉ်ထားပြီးပြီ။ ကျောင်း က ကျောင်းကောင်းပါ"
ခရစ္စက ပြောသည်။
"ကလေးကို မောင်က အိမ်ကို ခေါ်မသွားဘဲ အခုလို ကျောင်းအိပ်ကျောင်းစား ပို့မယ်ဆိုတာကိုသာ ကျွန်မ ကြိုတင် သိခဲ့ ရရင် ကျွန်မ သူ့ကို ဒီကို လုံးဝခေါ်မလာဘူး။ သူ့အမေဆီမှာပဲ ထားပစ်ခဲ့တယ်.။ ကျွန်မကတော့ ဒီကလေး မှာ အနည်းဆုံး မိဘ တစ်ယောက်ယောက်တော့ အနီးကပ် ရှိဖို့ လိုအပ် တယ်လို့ ထင်တယ်... မောင်"
လော်ရာ လည်း ရေချိုးပြီးပြီ။ နံနက်စာလည်း စားပြီးပြိ။ သူမသသည် နှင်းဆီရောင်နှင့် ပန်းနုရောင် ဝတ်စုံကို ဝတ်ထား သဖြင့် ပို၍ လှနေသလို ထင်ရသည်။ သို့သော် ရုပ်ရည် လှသလောက် မျက်နှာ အမူအရာကတော့ တင်းမာနေသည်။
ခရစ္စက ဇနီးသည်အား သိုင်းဖက်လိုက်သည်။ သူမက အဖက်မခံ။ လင်တော်မောင်၏ လက်ကို ညင် သာစွာဖြင့် ပြန်လည် ပုတ်ချလိုက်သည်။
"မောင်က ကလေးအတွက် ဒီအတိုင်းပဲ အစီအစဉ် ဆွဲထားသလား"
သူမက မကျေနပ်သံဖြင့် မေးသည်။
ဤသို့လျှင် သူတို့လင်မယားသည် အချေအတင် စကားများခဲ့ကြရသည်။ တစ်ဦးပေါ်တစ်ဦး အလွန်ချစ် ကြတာကတော့ အမှန်ပင်။ သို့သော်လည်း ခံယူချက်နှင့် ပတ်သက်လာလျှင်တော့ တစ်ယောက်နှင့် တစ်ယောက် အလျှော့ မပေးတတ်ကြ။
လွန်ခဲ့သော တစ်နာရီခန့်ကလည်း သည်လိုပင် စကားများခဲ့ကြသေးသည်။ လော်ရာ ရေချိုးခန်းထဲမှ ထွက်လာတော့ စိတ်လန်း ကိုယ်လန်းနှင့် တော်တော့်ကို လှနေသည်။ ခရစ္စက သူမအား ဖက်မည် လုပ် တော့ လော်ရာ က အဖက်မခံဘဲ သူ့လက်ကို ဆွဲဖယ်ပစ်လိုက်သည်.။
ဤတွင် ခရ္စမှာ အနည်းငယ် ဒေါသဖြစ်သွားပြီး ရှက်ပြုံးပြုံးရင်း...
"ဘာလဲ... မင်းက ငါ့ကို မကျေနပ်လို့လား။ မင်းက ကိုယ့်သဘောအတိုင်း လုပ်ချင်ရာလုပ်နေတာပဲ။ ငါ့ ကိုလည်း ပွင့်ပွင့် လင်းလင်း မပြောချင်ဘူး။ ဟိုတုန်းက မင်း ဒီလိုပုံစံမျိုး မဟုတ်ပါဘူး"
ခရစ္စ၏ စကားကြောင့် လော်ရာ ဒေါသဖြစ်ရပြန်သည်။ ထို့ကြောင့် သူမက စိတ်ပေါက်ပေါက်ဖြင့် အော် ပြော လိုက်သည်။
"ဒီမှာ မောင်။ မောင် ဒီလိုမျှိုး ပြောတာ မောင့်အစား ကျွန်မရှက်မိတယ်။ တကယ်တော့ ကျွန်မက ပြဿနာရဲ့ အဖြေကို ရှာနေတာပါ။ ကျွန်မ ဘာကိုမှ အတိအကျ မဆုံးဖြတ်နိုင်သေးတာပါ"
"ကောင်းပါပြီ... ကောင်းပါပြီ။ မင်းပဲ ဆုံးဖြတ်ပါ။ မင်းပဲ အဖြေရှာပါ"
ဤသို့ဖြင့် တစ်ယောက်နှင့်တစ်ယောက် အချေအတင် စကားများခဲ့ကြရပြန်သည်။
ယခု သူတို့ရောက်ရှိနေသော နေရာမှာ ကာလီဖိုးနီးယားပြည်နယ်အတွင်းမှ ရှုခင်းသာယာ၍ စိတ်ကြည် နူး စရာကောင်းသော နေရာတစ်နေရာဖြစ်သည်။ သူတို့လင်မယား၏ချစ်ပန္နက်ကို အသစ်တစ်ဖန် ပြန် လည်စိုက်ထူ ရန်အတွက် ခရစ္စက သည်နေရာကို တမင်တကာ ရွေးချယ်၍ လာရောက်ခြင်းဖြစ်သည်။
သူတို့ အခန်းဝရန်တာမှကြည့်လိုက်လျှင် ခပ်လှမ်းလှမ်းတွင် ကမ်းခြေသဲသောင်ပြင်ကို မြင်နေရသည်။ ပစိဖိတ် သမုဒ္ဒရာ ရေမျက်နှာပြင်ပေါ်တွင် လှိုင်းအိကလေးများ တငြိမ့်ငြိမ့် တလိပ်လိပ်ဖြင့် ဆော့ ကစား နေကြသည်။ ကောင်းကင်ပြာနှင့် ပင်လယ်ပြာတို့အား မိုးကုပ်စက်ဝိုင်းက တစ်သားတည်း ဆက်စပ်ထား သည်။ ဝဲယာနှစ်ဖက်တွင် နက်မှောင်သော ကျောက်တောင်ကြီးများက ပင်လယ်ပြင်သို့ တိုးထွက်နေကြ သည်။
ရှုခင်းက စိတ်ကူးယဉ်စရာလည်းကောင်းသည်။ ဖော်ကွာဝေးသူများအတွက် ချစ်သူကို လွမ်းဆွေးတသ စရာ လည်း ကောင်းသည်။ ခရစ္စက သည်ရှုခင်းကို ကြည့်ရင်း လော်ရာ့ကို တသသဖြစ်လာမိသည်။ လော်ရာနှင့် ခွဲခွာနေခဲ့ ရသော နေ့ရက်များကို ဆွတ်ဆွတ်ပျံ့ပျံ့ ပြန်လည် သတိရမိသည်။
လော်ရာ သည် ခရစ္စ၏ဘေးမှ ဆိုဖာကုလားထိုင်ရှည်ပေါ်တွင် လှဲအိပ်နေသည်။ ခရစ္စက သူမ၏လက် ကို ဆုပ်ကိုင်လိုက်သည်။
"ဒီမှာ လော်ရာ... ဒီကလေးဟာ တို့နှစ်ယောက်အကြားကို ရောက်လာမယ်ဆိုရင်..."
"ရောက်လာမယ် ဆိုရင် မဟုတ်ဘူး။ ရောက်ကိုရောက်နေပြီ။ အဲဒါ သူ့ကို ကျွန်မတို့ ဘယ်လိုစီစဉ်မလဲ"
"သူ့ကို ကျောင်းအပ်လိုက်မယ်"
"အဲဒီနောက်တော့ကော..."
"တစ်ချိန်မှာ တစ်ခုပဲ လုပ်စမ်းပါ"
"ကောင်းပြီလေ။ သူ့ကို ကျောင်းအပ်လိုက်ပါ။ အဲဒီတော့ ဘယ်ကျောင်းမှာ အပ်မလဲ"
"နယူးဟမ်းပ်ရှိုင်းယားပြည်နယ် က ဝိတ်ထ်ကျောင်းမှာ အပ်မယ်။ ဒီကျောင်းက အသေးစား ပုဂ္ဂိုလ်က ကျောင်းတွေ ထဲမှာ အကောင်းဆုံး ကျောင်းပဲ"
"ဒါဆို ကျောင်းပိတ်ရက်တွေမှာ ဘယ်လို လုပ်မလဲ"
"ကျောင်းပိတ်ရက်တွေ လည်း ကျောင်းမှာပဲနေတဲ့ ကျောင်းသားတွေ အများကြီးရှိပါတယ်။ မိဘတွေက ဥရောပမှာ ရှိနေကြတော့ အိမ်မပြန်တော့ဘဲ ကျောင်းမှာ ဆက်နေကြပြီး စာလိုက်နိုင်အောင် ကျူရှင်ယူ တဲ့လူတွေ ယူကြ တယ်။ သူလည်း အဲဒီလိုပဲ လုပ်ရင်ရတာပေါ့"
"အဲဒီကျောင်းက မိဘမဲ့ကလေးတွေအတွက် တမင်ဖွင့်ထားတဲ့ ကျောင်းလား"
"မဟုတ်ပါဘူး"
"ဒါဆိုရင် သူက မိဘမဲ့ကလေး ဖြစ်နေမှာပေါ့။ ကျွန်မ တကယ်ပြောတာပါ မောင်။ ဒီကလေးကို ကျွန်မ ခေါ်လာခဲ့တာ တကယ့်မှားတာပဲ။ ဖြစ်နိုင်ရင် ခုချက်ချင်းတောင် ပြန်ပို့လိုက်ချင်တော့တယ်"
"မင်း ဟာ သိပ်ပြီး အတွေးလွန်နေပြီ လော်ရာ။ သူ ကိုရီးယားမှာ နေရင် ဘာဖြစ်မလဲဆိုတာ တွေးကြည့် စမ်းပါ။ ဘာပညာမှ တတ်မှာမဟုတ်ဘူး။ လူရာလည်း ဝင်မှာမဟုတ်ဘူး။ ဒီမှာဆိုရင် သူ့အနေနဲ့ ပညာ ကောင်းကောင်း ရမယ်။ တော်ရင် တော်သလို အခြား အခွင့်အရေးတွေလည်း ရမယ်"
"ဒါပေမဲ့... ကိုယ့်အိမ်ကိုယ့်ရာနဲ့ မိဘကိုတော့ မရနိုင်ပါဘူး"
ခရစ္စက ဒေါသ စိတ်ကြောင့် ထိုင်ရာမှ ရုတ်တရက် ထရပ်လိုက်သည်။
"ကဲ... ဒီလိုဆို ကောင်းပြီ။ ငါ အားလုံးကို စွန့်လွှတ်လိုက်တော့မယ်။ ရွေးကောက်ပွဲမဝင်တော့ဘူး။ တို့ တစ်နေရာ ပြောင်းရွှေ့ပြီး ဒီကလေးကိုပဲ ပြုစုစောင့်ရှောက်ကြမယ်။ ငါ့အနေနဲ့ ဘဝသစ် ထူထောင်နိုင် မယ့် လူမသိ သူမသိ နေရာသစ်တစ်ခုကို ပြောင်းကြမယ်"
"ကျွန်မ ဒီကလေး ကို သူ့အမေဆီ အချိန်မရွေး ပြန်ပို့လို့ ရပါတယ်"
ခရစ္စက ထိုင်ရာမှထကာ ဝရန်တာလက်တန်းတွင် မှီ၍ ပင်လယ်ပြင်ကို ငေးကြည့်နေသည်။ ပင်လယ် ပြင်သည် ရေလှိုင်းတွန့်များဖြင့် တလက်လက် တောက်နေသည်။ သူက လော်ရာဘက်သို့ ပြန်လှည့် ကာ...
"ဟင့်အင်း... မင်း သူ့ကို ပြန် မပို့ရဘူး"
"ဘာဖြစ်လို့ မပို့ရမှာလဲ"
"သူ့ကို ခေါ်ချင် လို့ ခေါ်လာပြီးမှ ဘာဖြစ်လို့ ပြန်ပို့ရမှာလဲ။ ငါ့ဘက်က လုပ်သင့်တဲ့ အလုပ်ကို လုပ်ပြီးပြီ။ ငါဟာ ကလေးအဖေ ဖြစ်ကြောင်းလည်း တရားဝင် ကြေညာခဲ့ပြီးပြီ။ သူ့အတွက် ငါ့မှာ တာဝန်ရှိတယ်ဆို တာ ငါ သိပါ တယ်။ ဒါပေမဲ့ အဲဒီလို တာဝန်ရှိတဲ့အတွက် ငါ့ရည်မှန်းချက်နဲ့ ငါ့ဘဝကို စွန့်လွှတ်ရမယ်လို့ ငါ မယုံကြည်ဘူး။ ဒီမှာ လော်ရာ လူသားတစ်ယောက်အတွက် သက်သက်ကိုသာ ငါ မစဉ်းစားနိုင်ဘူး။ လူသား တစ်ယောက် အတွက် ငါ့ လုပ်ရပ်ကြီး တစ်ခုလုံးကို မစွန့်လွှတ်နိုင်ဘူး။ အဲဒီလူသားဟာ မင်းနဲ့ ငါတို့ ရဲ့ရင်သွေးဖြစ်နေရင်တောင် မှ ငါ မစွန့်လွှတ်နိုင်ဘူး။ မင်းက လိုအပ်တာထက်ပိုပြီး တောင်းဆိုနေ တယ်လို့ ငါ ထင်တယ်"
သူက အားနှင့် မာန်နှင့် ပြောသည်။ သို့သော် လော်ရာကတော့ အေးအေးဆေးဆေးပင် တုံ့ပြန်သည်။
"ကျွန်မက ဘာမှမတောင်းဆိုပါဘူး မောင်။ ကျွန်မက မောင် ဘယ်လိုလုပ်မလဲဆိုတာကိုပဲ သိချင်တာ ပါ။ အခု ကျွန်မ သိရပြီ။ ဒါပေမဲ့ ကျွန်မ စိတ်ပြောင်းသွားပြီ။ ဒီကလေးအကြောင်း ကျွန်မ ဘာမှမသိခဲ့ရင် သိပ်ကောင်း မှာပဲ။ မောင့် လျှို့ဝှက်ချက်ကို မောင့်ရင်ထဲမှာ ထိန်းသိမ်းထားခဲ့ရင် သိပ်ကောင်းမှာပဲ။ ကျွန်မက အဲဒီလိုပဲ စိတ်ကူးမိတော့တယ်"
ထို့နောက်တွင်တော့ လော်ရာ ငြိမ်ကျသွားပြီး ရုတ်တရက် ငိုပါလေတော့သည်။ ယခုလို လော်ရာက ဘယ်တုန်း ကမှ မငိုခဲ့စဖူး... တရှုံ့ရှုံ့ဖြင့် ရှိုက်ငိုနေသော ဇနီးသည်ကို ကြည့်ကာ ခရစ္စမှာ မနေတတ် မထိုင်တတ်ဖြစ်နေတော့ သည်။ လွန်ခဲ့သော နှစ်ပေါင်းများစါာက သူ လ်ုပခဲ့သောအလုပ်တစ်ခု၏ မကောင်းကျိုးကို ယခုမှသာ သူက လေးလေးနက်နက် ခံစားမိတော့သည်။
သူက လော်ရာ့ဆီသို့ ပျာယီးပျာယာ လျှောက်လာပြီး လော်ရာ့တစ်ကိုယ်လုံးကို သိုင်းဖက်လိုက်သည်။ သူ့ရင်ထဲ မှာတော့ အပ်နှင့်ဆွသလို ခံစားနေရလေသည်။
"ငါ့ကို ခွင့်လွှတ်ပါ လော်ရာ။ ငါ့ကို ခွင့်လွှတ်ပါ။ ငါ မှားခဲ့တာကို ငါ သိပါပြီ လော်ရာ"
လော်ရာက မျက်နှာကို ဆတ်ခနဲမော့ကာ ခရစ္စကို ကြည့်လိုက်သည်။ မျက်ရည်တွေက ပါးပြင်ပေါ်သို့ စီးကျ လာကြသည်။
"ကျွန်မက မောင့်အကြောင်းကို တွေးနေတာ မဟုတ်ဘူး မောင်။ မောင့်ကို နားလည်ပြီးသားပါ။ အတိတ် က ဖြစ်ရပ် အတွက် မောင့်ကို ကျွန်မ အပြစ်လည်း မတင်လိုပါဘူး။ အဲဒီအကြောင်းကို တွေးလည်း မတွေးချင် ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီကိစ္စ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကိုမှ ကျွန်မ မသိတာဘဲ။
ကျွန်မက အဲဒီကိစ္စကို ဘယ်လိုမှလည်း သဘောမထားပါဘူး။ တကယ်လို့ ဒီကလေးသာ မရှိခဲ့ဘူးဆိုရင် ကျွန်မက အဲဒီကိစ္စကို ရယ်တောင်ပစ်လိုက်ဦးမယ်။ ဒါပေမဲ့ အခုတော့ ကလေးက ရှိနေပြီ။ ဒီကလေး ဟာ ကျွန်မတို့ အသက်ရှင်နေသမျှ ကျွန်မတို့နဲ့ ပတ်သက်နေမှာပဲ။ သူ ဘာပဲဖြစ်ဖြစ် ကျွန်မတို့မှာ တာဝန်ရှိနေမှာပဲ"
လော်ရာ က သူမ၏ဦးခေါင်းကို ခရစ္စ၏ပခုံးပေါ်တွင် မှီတင်ထားသည်။ ခရစ္စက လော်ရာ့တစ်ကိုယ်လုံးကို တင်းကျပ် စွာ ဖက်ထားသည်။ အကြာကြီးဖက်ထားသည်။
သူ ဘာစကားမှ မပြောတတ်တော့။ ပြောစရာလည်း ဘာစကားမှ မရှိတော့။ သူ့သားကလေးသည် သူတို့ထံ သို့ ရောက်လာခဲ့ပြီ မဟုတ်ပါလား။
နောက်ဆုံးတော့ သူတို့လင်မယားအိမ်သို့ ပြန်ရောက်လာခဲ့ကြသည်။ အချိန်က သန်းခေါင်အချိန်မို့ တစ် အိမ်လုံး တိတ်ဆိတ် လျက်ရှိသည်။
ခရစ္စသည် တက္ကစီကားခရှင်း၍ ပစ္စည်းတွေ သယ်ချနေသည်။ လော်ရာ တစ်ယောက်တည်း အိမ်ထဲသို့ ဝင်လာသည်။ သူမသည် တံခါးဝမှ မီးလုံးကို ဖွင့်ကာ ဧည့်ခန်းထဲသို့ ဝင်လာခဲ့သည်။ တစ်အိမ်လုံး သန့် ရှင်းပြောင်လက်နေ သည်။ ဂရီတာက အခန်းကို မှန်မှန် တိုက်ချွတ်သန့်ရှင်းထားကြောင်း သိသာသည်။ သို့ပေမဲ့ အခန်းထဲ တွင် ပန်းတော့ လုံးဝ မရှိတော့။
ခရစ္စက လော်ရာအား ဘယ်နေ့အိမ်သို့ ပြန်မည်ဆိုတာကို မပြောခဲ့။ ယင်းသို့ မပြောခဲ့သည်မှာ ဘယ်နေ့ ပြန်မည် ဆိုတာကို ခရစ္စကိုယ်တိုင်လည်း မဆုံးဖြတ်ရသေးသောကြောင့်ပင် ဖြစ်သည်။
တကယ်တော့ ယနေ့မနက် ဝိတ်ထ် အထက်တန်းကျောင်းတွင် ခရစ္စတိုဖာကလေးကို ကျောင်းအိပ် ကျောင်းစား အပ်ပြီးတော့ မှသာ ရုတ်တရက် ဆုံးဖြတ်ချက်ချကာ လေယာဉ်ပျံကလေးတစ်စင်းငှားပြီး အိမ်သို့ ပြန် လာခဲ့ကြခြင်းဖြစ်သည်။
လော်ရာသည် ကုလားထိုင်တွင် ထိုင်ချလိုက်ပြီး ဦးထုပ်နှင့် လက်အိတ်များကို ချွတ်ထားလိုက်သည်။
သည်အိမ်ကြီးသည် သူမ၏အိမ်။ သူမ ပိုင်သောအိမ်။ ယခု သူမသည် ကိုယ့်အိမ်သို့ ကိုယ် ပြန်ရောက် လာခဲ့ပြီ။ သို့သော် စိတ်ထဲတွင်ကား ပျော်ရွှင်ဝမ်းသာခြင်း တစ်စက်ကလေးမျှမဖြစ်မိ။ သူမသည် ထူးထူး ဆန်းဆန်း ဝမ်းနည်းနေ မိသည်။ ခရစ္စတိုဖာကလေးကို အောက်မေ့နေမိသည်။ သည်လိုဖြစ်လိမ့်မည်ဟု အစတုန်းက သူမ လုံးဝ မထင်မိခဲ့။ ယခုတော့ သူမဘဝထဲသို့ သည်ကလေး ဝင်ရောက်လာခဲ့ပြီ။ တာဝန်တစ်ရပ်အဖြစ် ဝင်ရောက် လာခြင်းမဟုတ်။ မှီခိုသူ လူသားတစ်ယောက်အဖြစ် ဝင်ရောက်လာခဲ့ ခြင်းဖြစ်သည်။
ဟုတ်ပါသည်။ သည်ကလေး ကိစ္စတွင် သူမလည်း ဝင်ရောက် ပတ်သက်နေပါပြီ။
တံခါးဝမှ ခရစ္စ ခြေသံကိုကြားရသည်။ တံခါးပြန်ပိတ်သံ ကြားရသည်။ အခန်းထဲသို့ ခရစ္စ ဝင်လာသည်။
"အိမ်ပြန်ရောက်လာတာ သိပ်ကောင်းတာပဲ လော်ရာ။ မင်း အိမ်ပြန်ရောက်လာတာ ငါ ဝမ်းသာတယ်။ အိမ်တစ်အိမ်မှာ အိမ်ရှင်မ မရှိရင် သိပ်ဆိုးတာပဲ"
ပြီးတော့ သူက လော်ရာ၏မေးကို လက်ဖြင့် အသာမကာ ငုံ့၍ နမ်းသည်။ လော်ရာကလည်း လိုလိုချင် ချင် တုံ့ပြန် ခံစားသည်။
သည်ကိစ္စ တွင် သူမတစ်ယောက်တည်း လုပ်၍မဖြစ်နိုင်ဆိုသည်ကို လော်ရာက ကောင်းကောင်းသိ သည်။ ခရစ္စ မရှိလျှင် သူမ မနေနိုင်။ ခရစ္စကို မမုန်းနိုင်။ ခရစ္စတိုဖာကလေး ကိစ္စအတွက် အကောင်းဆုံး ဖြစ်အောင် ဘယ်လိုလုပ်ရမည်ဆိုတာကိုလည်း သူမ အနေဖြင့် အတိအကျ မပြောတတ်။ ခရစ္စကလည်း ဘာလုပ်ရမည် ဆိုတာကို အတိအကျ မပြောတတ်။ သို့သော်... ကလေးအပေါ်တွင် ဖခင်တစ်ယောက် အဖြစ် ဆက်ဆံပုံကိုတော့ သူမ ကျေနပ်မိသည်။ ခရစ္စက ကလေးအပေါ်တွင် ထားရှိသော သူ့စေတနာ သူ့မေတ္တာကို ပါးစပ်ဖြင့် ထုတ်ဖော်၍ မပြောသော်လည်း အမူအရာဖြင့်တော့ ပြသည်။ သူ့မေတ္တာ၊ သူ့ စေတနာမပါဘဲနှင့် သည်ကလေး ၏အနာဂတ် ဘဝ မဖြောင့်ဖြူးနိုင်ဆိုသည်ကို သူက ကောင်းစွာ သဘောပေါက်ထားပုံမျိုး အရိပ်လက္ခဏာများကိုတော့ အထင်အရှား မြင်တွေ့ ရသည်။ သားအဖနှစ် ယောက် ရယ်ရယ်ပြုံးပြုံးဖြင့် ပြောဆို ဆက်ဆံကြသည်ကို ကြည့်၍ လော်ရာ က ကျိတ်ပြီး ပီတိဖြစ်မိ သည်။
"ဒါက ဘာလဲ... ဖေဖေ"
"ဒါကိုရော ဘယ်လို ခေါ်သလဲ... ဖေဖေ"
ခရစ္စတိုဖာကလေးက တွေ့ရာမြင်ရာကို မနားတမ်း လျှောက်မေးသည်။ အစားအသောက်။ ယာဉ်၊ အစားလုံး။ အရာဝတ္ထုနှင့် အဆောက်အအုံ တွေ့သမျှ လျှောက်မေးသောအခါ ဖခင်ဖြစ်သူက စိတ်ရှည် စွာ ပြန်ဖြေသည်။
သူတို့ သည် ဝိတ်ထ် အထက်တန်းကျောင်းတွင် တစ်ရက် တည်းခိုပြီး ခရစ္စတိုဖာကလေးအတွက် အဝတ်အစားတွေ ဝယ် ကြသည်။ ကျောင်းအုပ်ကြီး ဒေါက်တာ ဂျိမ်းဘားလက်နှင့် တွေ့ဆုံပြီး အင်္ဂလိပ် စာပြ အထူးကျူရှင် ဆရာငှားရေးအတွက် ဆွေးနွေးတိုင်ပင်ကြသည်။ ခရစ္စတိုဖာနှင့် တစ်ခန်းတည်းနေရ မည့် ကျောင်းသား ကလေးနှင့် တွေ့ဆုံကာ တရင်းတနှီး စကားပြောကြသည်။ ထိုကလေးမှာ နယူး ယောက် မှဖြစ်ပြီး သူ့မိဘ များက ကွာရှင်းပြတ်စဲထားကြပြီး ဖြစ်သည်။
"ကောင်လေး က တော်တော် သဘောကျစရာ ကောင်းပါတယ်"
သူတို့ ပြန်ခါနီးတွင် ဒေါက်တာဘားလက်က ခရစ္စတိုဖာကလေးအကြောင်းကို ယင်းသို့ မှတ်ချက်ချလိုက် သည်။
ကျောင်းအုပ်ကြီး က အနည်းငယ် စိတ်ဆတ် ပုံရသော်လည်း စိတ်ကောင်းတော့ရှိပုံရသည်။ သူက ခရစ္စ တိုဖာကလေးနှင့် ခရစ္စတို့ ရုပ်ချင်းဆင်သည်ကို သတိပြုမိကောင်း ပြုမိလိမ့်မည်။ သို့သော် သည်ကိစ္စ နှင့် ပတ်သက် ၍ ဘာတစ်ခွန်းမှ မေးမြန်းစုံစမ်းခြင်းမပြု။ လော်ရာ ရှင်းပြသည်ကိုလည်း သူက မထူး ဆန်းသလိုပင် နားထောင်သည်။သူမ ကိုရီးယားသို့ ခရီးထွက်ရင်း သည်ကလေးကို တွေ့သဖြင့် ခေါ်ယူ လာခဲ့ကြောင်း၊ သူတို့ လင်မယားအား မိဘအရင်းသဖွယ် သဘောထားရန် သူမက ကလေးအား ပြောပြ ထားကြောင်း။ သူတို့လင်မယား တွင် သားသမီးမရှိ၍ ကျောင်းအိပ်ကျောင်စားထားလျှင် ကလေးအနေ ဖြင့် အင်္ဂလိပ်စာ ပို၍ တက်လာနိုင်ကြောင်း လော်ရာ က ပြောပြသည်။
လော်ရာ ပြောပြချက်ကို ဒေါက်တာဘားလက်ကလည်း သဘောတူလက်ခံသည်။
"ဟုတ်ပါတယ်။ အဲဒါ အကောင်းဆုံးပါပဲ။ နှစ်မကုန်ခင် ကောင်းကောင်းတတ်သွားမှာပါ။ အခု ကျုပ် ကျောင်းမှာ ဘရာဇီးလ်က ကလေးတစ်ယောက်ရှိတယ်။ ရောက်လာခါစက အင်္ဂလိပ်စကား တစ်လုံးမှ မပြောတတ်ဘူး။ အခု သူ့အခြေအနေ ကိုတွေ့ရရင် ခင်ဗျားတို့ အံ့သြသွားကြလိမ့်မယ်"
သူက နောက်ဘက်သို့ လှမ်းခေါ်လိုက်သည်။ အသားညိုညို မျက်လုံးပြာပြာနှင့် ကလေးတစ်ယောက် သူ့ရှေ့သို့ အပြေးကလေး ရောက်လာသည်။ ကလေး၏မျက်နှာသည် ပြုံးရွှင်နေသည်။
ဒေါက်တာဘားလက်က ကလေး၏ကောက်ခွေခွေ ဆံပင်နက်များကို လက်ဖြင့် ထိုးဖွရင်း...
"မင်း အင်္ဂလိပ်စာ အတတ်မြန်တဲ့အကြောင်း ငါက ပြောပြနေတယ်။ အဲဒီတော့ ဟောဒီက ခရစ္စတိုဖာကို စိတ်ဓာတ်မကျအောင် မင်းက ကူညီရမယ်... ဟုတ်လား"
"ဟုတ်ကဲ့ ဆရာကြီး။ ကျွန်တော် ကူညီပါ့မယ်။ စိတ်ချပါ ခင်ဗျား"
ကလေး က အင်္ဂလိပ်လို သွက်လက်ချက်ချာစွာ ပြောသည်။
ထို့နောက် သူက ခရစ္စတိုဖာ၏လက်မောင်းကို ဆုပ်ကိုင်ကာ အပြင်သို့ ခေါ်ထုတ်သွားသည်။ ခဏ အကြာတွင် သူတို့ နှစ်ယောက်သား အားကစားကွင်းထဲတွင် ဘေ့စ်ဘော ကစားနေကြသည်ကို မြင်တွေ့ကြရသည်။
သို့ပေမဲ့... လော်ရာတို့ လင်မယားအဖို့ သည်နေ့မနက်တွင် အခက်အခဲကလေးတွေတော့ တွေ့ရသေး သည်။
သူ့ကို ကျောင်း တွင် ထားပစ်ခဲ့ပြီး လော်ရာတို့ လင်မယား ပြန်သွားကြမည်ကို တွေးပြီး ခရစ္စတိုဖာက စိတ်မကောင်းဖြစ်နေသည်။
သူတို့ လင်မယား ကျောင်းဝင်းထဲမှ ထွက်ခွာနီးတွင် ခရစ္စတိုဖာက သူလည်း ပြန်လိုက်မည်စဟု အတင်း တွယ်ကပ်နေတော့သည်။
သို့ဖြင့် လော်ရာက ချော့မော့ ဖျောင်းဖျရသည်။
"ကလေးက ပြန်လိုက်လို့ ဘယ်ဖြစ်ပါ့မလဲကွယ်။ ကျောင်းမှာနေမှ စာတတ်တော့မှာပေါ့။ နေရစ်ခဲ့ပါ ကလေးရယ်။ အန်တီ တို့လည်း ခဏခဏ လာလည်မှာပဲဟာ။ ပြီးတော့.... ဒီမှာ အဖော် ကျောင်းသား လေးတွေလည်း အများကြီး ရှိတာပဲ မဟုတ်လား"
ခရစ္စတိုဖာကလေးက လော်ရာ၏မျက်နှာကို အံ့သြစွာဖြင့် မော့ကြည့်သည်။ ပြီးတော့ သူမ၏လက်ကို ဆုပ်ကိုင် ကာ အတင်းတွယ်ကပ်နေသည်။
"ကျွန်တော် မနေချင်ဘူး။ ပြန်လိုက်မယ်"
ဤတွင် ခရစ္စမှာ မလွှဲမရှောင်သာ၍ ဝင်ပြောရတော့သည်။
"တို့ ပြန်လာဦးမှာပါ ကလေး ရယ်။ ခဏ ခဏ လာမှာပါ။ နေရစ်ပါနော်။ ကလေးက လိမ္မာပါတယ်ကွယ်"
ခရစ္စတိုဖာကလေးက လော်ရာ၏လက်ကို ပြန်ဖြုတ်ပြီး ဖခင်ဖြစ်သူ၏လက်မောင်းကို သူ့လက်နှစ်ဖက် ဖြင့် တင်းတင်း ဆုပ်ကိုင်လိုက်ပြန်သည်။ သို့သော် ဘာစကားမှတော့ မပြော။ သူ့မျက်နှာကလေး က တောင်းပန်နေသည့် ဟန်ဖြင့်။ မျက်လုံးအစုံတွင်လည်း မျက်ရည်တွေ ရွှန်းလျက်...။
"မောင်..."
လော်ရာက ပြောသည်။
"ဒီအဖြစ်ကို ကျွန်မ ကြည့်မနေနိုင်တော့ဘူး။ ကျွန်မ ရင်ထဲမှာ မခံနိုင်တော့ဘူး။ သူ့ခမျာ အခုမှ မိစုံဖစုံ နဲ့ နေရသေးတာ။ အခုပဲ ပြန်ခွဲရမယ်ဆိုတာ ဝမ်းနည်းရှာမှာပေါ့။ အဲဒါ ဘယ်လိုလုပ်ကြမှာလဲ။ ပြန်ပြီး စဉ်း စားကြည့်ပါဦး... မောင်"
"ကိစ္စ မရှိပါဘူး။ ပြန်မှာသာ ပြန်ကြပါ" ဒေါက်တာဘားလက်က ဝင်ပြောသည်။
"ကျုပ် ကြည့်ပြီး ပြောပြပါ့မယ်။ သူ့အနေနဲ့ တစ်ရက်နှစ်ရက်တော့ ခံစားရမှာပေါ့။ နောက်တော့ လည်း နေသားကျ သွားပါလိမ့်မယ်"
နောက်ဆုံးတော့ သူတို့လင်မယား ခရစ္စတိုဖာကလေးအား ဒေါက်တာဘားလက်၏ရင်ခွင်ထဲ ထိုးအပ် ကာ နောက် လှည့်ပြီး ကျောင်းဝင်းထဲမှ ခပ်မြန်မြန်ကလေး ထွက်လာခဲ့ကြပါတော့သည်။
ယခုတော့ လော်ရာသည် လူသူမရှိသော ဧည့်ခန်းကြီးထဲ ပြန်ရောက်နေပြီ။ အခန်းထဲတွင် ပန်းအိုးတွေ လည်း မရှိ။
သူမသည် ထိုင်နေရာမှ ရုတ်တရက် ထရပ်လိုက်သည်။ ပြီးတော့ လှေကားရင်းသို့ လျှောက်လာသည်။ ခရစ္စက မီးဖွင့်သည် အထိ ရပ်စောင့်နေသည်။
ခရစ္စက သူမအနားသို့ လျှောက်လာပြီး သူမ ပခုံးကို သိုင်းဖက်လိုက်သည်။ ပြီးတော့ နှစ်ယောက် သား လှေကားအတိုင်း တက်လာခဲ့ကြသည်။
"ကျွန်မ ကလေး ကို အောက်မေ့နေသလိုပဲ... မောင်"
"တစ်ရက် နှစ်ရက် ဆို အောက်မေ့ ပြေသွားမှာပါကွယ်"
"ကလေး က သိပ်ငယ်သေးတယ်... မောင်"
"ထားလိုက်စမ်းပါကွယ်"
"ဟုတ်... ဟုတ်ကဲ့...။ ဟုတ်ကဲ့..."
လော်ရာက သက်ပြင်း မှုတ်ထုတ်လိုက်သည်။
တကယ်တော့ သည်အကြောင်းကို သူမ မေ့ပစ်ရမည်။ ဒါကို သူမ သဘောပေါက်သည်။ သို့သော် ဘယ် တော့မှ မေ့၍ရနိုင်မည် မဟုတ်။ ဒါကိုလည်း သူမ နားလည်ပါသည်။
ဘာပဲဖြစ်ဖြစ် လောလောဆယ်တွင် သူမအနေဖြင့် ခင်ပွန်းသည် အကြောင်းကိုသာ အလေးထား၍ စဉ်းစားရမည် ဖြစ်သည်။ သို့သော် သူမ မစဉ်းစားနိုင်။ သူ့ကို ယခင်ကလို စိတ်ရောကိုယ်ပါ မချစ်နိုင် တော့။ ချစ်၍ မရတော့။
ချစ်၍ မရသော်လည်း ချစ်နိုင်အောင်တော့ ကြိုးစားရမည်သာ။ သူ ရွေးကောက်ပွဲ အောင်နိုင်သွားပြီး သည့်နောက် တွင် အခြေအနေတစ်မျိုးပြောင်းလာနိုင်သည်။ အခြေအနေ ကောင်းလာနိုင်သည်။ ယင်း အချိန် အထိတော့ စောင့်ကြည့်ရလိမ့်မည်။
လောလောဆယ် တွင်တော့ သူမအနေဖြင့် ဇနီးမယားကောင်းတစ်ယောက်အဖြစ် သူ့ကို ပြုစုရမည်။ သူ့လုပ်ငန်းအောင်မြင်ရေး အတွက် အစွမ်းကုန် ကူညီရလိမ့်မည်။
ဒါက သူ့အနေဖြင့် မလုပ်မဖြစ်သော အုလပ်။ လုပ်ကို လုပ်ရမည့် အလုပ်...။
သည်အချက်ကို လော်ရာ ကောင်းစွာ သဘောပေါက်ပါသည်။
""
ဆက်ရန်
.

No comments:
Post a Comment