Saturday, September 8, 2012

စုမီအောင် ၏ ငယ်ငယ်တုန်းက

မိသားစုရုပ်ရှင်

'' တို့များငယ်ငယ်တုန်းကပေါ့ '' ဟုအစချီကာ ငယ်ငယ်တုန်းကအကြောင်းကို မည်သူမဆို ပြောဖူးကြလိမ့်မည်။ ထိုသို့ ပြောလေတိုင်းမှာလည်း အားလုံး၏ မျက်လုံးများမှာ အရောင်၊ အရိပ် အမျိုးမျိုး ရစ်ဝဲနေမည်ဟု ကျွန်မ ထင်ပါ သည်။ သူ့အပိုင်း၊ သု့အကန့်၊ သူ့အချိန်၊ သူ့ကာလနှင့်အတူ ဖြတ်သန်းခဲ့သည့်ရက်စွဲများဆီသို့ လွမ်းဆွတ် တစ်လှည့်၊ တက်ကြွတစ်ခါ ပုံပြင်တစ်ပုဒ်ပမာ ပြောကြလိမ့်မည်။ ထိုပုံပြင်များမှ အခန်းကဏ္ဍစုံလင်လှပြီး ရသမျိုးစုံကိန်းဝပ်နေ မည်မှာ ငြိတွယ်တင်ကျန်နေပါသည်။ တချို့အခန်းများကတော့ အချိတ်အဆက် ပင် မမိတော့ဘဲ ဖရိုဖရဲပြုတ်ထွက်ခဲ့ရာ ဘယ်ဆီဘယ်ဝယ် ပျောက်ဆုံးခဲ့မှန်း အစရှာမရတော့ပါ။

''ငယ်ငယ်တုန်းကပေါ့...'' ဟု အစချီပြောပြမည့်သူများသာ မရှိခဲ့ပါက ကျွန်မတို့အားလုံး၏ငယ်ဘ ၀ဖြစ်စဉ် အားလုံး မှေးမှိန်လျော့ရဲသွားကာ တစ်ချိန်ချိန်၌ အပြီးတိုင်ပျောက်ဆုံးသွားရချိမ့်မည်ဟု ကျွန်မ အထိတ်တလန့် စဉ်းစားမိသေးသည်။ ထိုသို့အဖြစ်မခံလိုပါ။ ကျွန်မ မသေဆုံးခင် ကျွန်မ၏ ''ငယ်ငယ်တုန်းက '' အကြောင်းတစ်စုံ တစ်ယောက် ကိုတော့ ပြောပြခဲ့ချင်ပါသည်။
လူတိုင်းမှာ ''ငါငယ်ငယ်တုန်းကပေါ့ ...''ဟု အစချီပြောပြစရာ ပုံပြင်များစွာ ရှိသကဲ့သို့ ကျွန်မမှာလည်း အသေအချာကို ရှိနေပါသည်။ ရှင်တို့အားလုံးနှင်ထပ်တူ ''ကျွန်မ ငယ်ငယ်တုန်း ကပေါ့ '' ဟု ပြောပြချင်စရာ ပုံပြင်များစွာ ရှိသည့်အနက် အလွန်အမင်း ပြောပြချင်နေသည့် ပုံပြင်လေး တစ်ပုဒ် လောလောလတ်လတ် ရှိနေပါသည်။ ခုနေခါ တစ်ယောက်ကများ အစဖော် မေးလာခဲ့သည်ရှိသော် မည်မျှကောင်း လိုက်မည်နည်း။

ထိုသို့ စဉ်းစားနေစဉ်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် သူတို့ (ဆရာ ကောင်းသန့်နှင့် ကိုသဲအောင်) က ကျွန်မကို မေးလာကြလေပြီ။
''ငယ်ငယ်တုန်းက.... ''တဲ့။
ဟုတ်ပြီ ။ ကျွန်မ အလွန်အမင်း ပြောပြချင်နေသည့် ငယ်ငယ်တုန်းက အကြောင်းလေးတစ်ခု အခုပြောပြ လိုက်ပါမည်။
ကျွန်မတို့မှာ မောင်နှမ ခုနှစ်ယောက်ရှိပါသည်။ ဖေဖေ၊ မေမေနှင့်ဆို မိသားစု ကိုးယောက်ဖြစ် သည်။ ဖေဖေက မေမေ့ထက် အသက် ဆယ့်တစ်နှစ်ကြီး သည်။ ဖေဖေနှင့် အိမ်        ထောင်ကျချိန် မှာ မေမေက အခြေခံတန်းမြင့်ကျောင်း (ယခု အခေါ် ဆယ်တန်း  အောင်မြင်ပြီးစ အ ရွယ်လေးသာ ရှိပါသေးသည်။ မိဘများနှင့် အစ်ကိုနှစ်ယောက် က မေမေ့ကို  အရာရာချုပ်ချယ် သည်ဟု သိရပါသည်။ ဆံပင်ရှည်တွေ ကို ဘယ်တော့မှ ဖားလျားချခွငြ့်မပြုဘဲ ဆီလိမ်းကာ အမြဲစည်းကျစ်၊ ထုံးနှောင်ထား ရသည်။ ခေတ်ပေါ်အင်္ကျီ၊ ဂါဝန်လှလှလေးများ ၀တ်ခွင့်မပြုဘဲ ရင်ဖုံး  ရင်စေ့လက်ရှည်နှင့် လုံချည် ကို ခြေမျက်စိဖုံးအောင် ၀တ်ရသည်။

ကျောင်းသွားလျှင် အစ်ကိုနှစ်ယောက်က တစ်လှည့်စီ ကျောင်းခန်းထဲအထိ လိုက်ပို့သည်။ ကိုယ်တိုင် စက်ဘီးမနင်းရ။ ကျောင်းဆင်းချိန် ကွက်တိ လာစောင့်ခေါ်သည်။ ဘယ်မှ မသွားမလာရ။ မိန်းကလေး သူငယ်ချင်း များ ပင်လျှင် အိမ်လာလည်ခြင်းကို မကြိုက်၊ လာခဲ့လျှင် လည်း အခြားကျောင်းသူတွေအိမ်မှာလို အိမ်အတွင်းခန်း ထဲ ရင်းနှီးစွာဝင်ထိုင်၊ လွတ်လပ်စွာ စကားဆိုခြင်းများ မပြုရ၊ ဧည့်ခန်းမှာပင် ထိုင်ရပြီး မိဘနှစ်ပါး က အနားကထိုင်စောင့် နားထောင်နေတတ်သည်။

စာပေ၊ သဘင်၊ ဂီတ၊ အားကစားတို့နှင့်စပ်လျဉ်း၍ ကျောင်းမှာ ဘာတစ်ခုမှ ပါဝင်ဆင်နွှဲခွင့်မပြုပါ။ မေမေက ကဗျာ၊ ၀တ္ထုများ ရေးချင်သည်။ ကျပန်းစကား ၀င်ပြောချင်သည်။ ကြက်တောင် ၀င်ရိုက်လိုသည်။ ဘာတစ်ခုမှ လုပ်ခွင့်မရသည့် အဆုံး ထိုထိုသော တင်းမာသည့်ချုပ်ချယ်မှုများ အောက်က ရုန်းထွက်ရန် နည်းလမ်းရှာသည့် အခါ ဖေဖေက အဓိကဇာတ်လိုက်အဖြစ် ပါဝင်တော့သည်။
'' အဖေငယ်ငယ်တုန်းက ...''ဟု အစချီကာ ဖေဖေက သူ့ငယ်ဘ၀ဖြတ်သန်းမှုများအကြောင်း မကြာခဏပြောပြ တတ်၍ ကျွန်မ တို့ အလုံးစုံကို သိခွင့်ရခဲ့သည်ချည်းသာ။
ငယ်ဘ၀ပုံပြင်များပြောပြနေစဉ် ဖေဖေ့အသံက အားသွန်တက်ကြွနေပြီး မျက်းလုံးများသည်လည်း ရွှန်းလက်တောက်ပနေ တတ်သည်။ အထူးသဖြင့် ''သမီးတို့အမေနဲ့တွေ့တုန်းကပေါ့....''ဟု အစချီ လာ လျှုင်တော့ လူကြီးလူအိုတစ်ယောက်၏ ဝေသီသီ မှုန်မှိုင်းမှိုင်း မျက်လုံးများ မဟုတ်တော့ ဘဲ ဖေဖေ့မျက်လုံး များသ ည် သိသိသာသာကြီးပင် တောက်ပလာတတ်သည်။

ကျန်းမာရေးမှူးပေါက်စလေး ဖေဖေသည် မေမေတို့ခြံနှင့်ကပ်လျက် ခြံဝင်းမှာ ခေတ္တနေထိုင်ရစဉ် စာမေးပွဲ အပြီး နွေရာသီကျောင်းပိတ်ရက် တစ်ခုမှာ အိမ်ကဖွင့်သည့်ရွှေဆိုင်မှာ ထိုင်နေတတ်သည့် မိန်းကလေး ကို မြင်လျှင်မြင်ချင်း မျက်စိကျ သွားခဲ့သည်။ သည်မိန်ကလေးမ ဖေဖေတွေ့ဖူးသည့် ရဲတင်း ပွင့်လင်းမှုအပြည့်ရှိသည့် နာ့စ်မများနှင် မတူ၊ ပကတိဖြူစင်ရိုးသား သည့် နုနု နယ်နယ် ကျောင်းသူလေး ဖြစ်ပုံ ရသည်ဟု ဖေဖေကကောက်ချက်ချသည်။

ပြီးတော့ သည်မိန်းကလေးက ရွှေဆိုင် မှန်ပုံးထဲက ရွှေထည် ပစ္စည်းများအပေါ် ရောင်းချရန် လည်းကောင်း၊ ၀တ်ဆင် ရန် လည်းကောင်း စိတ်ဝင်စားမှု အလျဉ်းမရှိ။ မျက်လုံးအစုံက အိမ့်အပြင်ဘက် လမ်းမကြီးပေါ်မှာ စက်ဘီး စီးလျက်၊ စကားဆိုလျက် ဖြတ်သန်းသွားလာနေသည့် ရွယ်တူမိန်းကလေးတွေ ကို ငေးကြည့်နေတတ် သည်။
လွတ်လပ်မှုကို ရှာဖွေနေသည့် မိန်းကလေး၏မြင်ကွင်းထဲသို့ ဖေဖေက ရိပ်သီရိပ်သီ တိုးဝင်  သွားခဲ့ သည်။ ရွှေထည်ပစ္စည်း တစ်စုံတစ်ရာ ၀ယ်နိုင် ခြင်းမရှိ၊ ရွှေဈေးနှုန်းပင် ဟန်ပြမေးမြန်းခြင်း မရှိ၊ မှန်ပုံးထဲ ခင်းကျင်း ထား သည့် လက်ဝတ် ရတနာများကို မကြည့်၊ မှန်ပုံးပေါ် ထောက်တင်ထား သည့် မိန်းကလေး၏ လက်ချောင်း လှလှလေး များ ကိုသာ မမှိတ်မသုန် ကြည့်နေသည်။ သည်မိန်း ကလေးလက်ထဲသို့ ရည်းစားစာလေး တစ်စောင် ဘယ်လိုဘယ်ပုံ၊ ဘယ်ချိန်ဘယ်ခါ ထည့်ပေးရပါ ဟု ဖေဖေ စဉ်းစားနေခဲ့သည်။

    ဖေဖေပပြောတော့ မနက်မနက် သူခြံထဲမှာ ရိမ်းဘာကွင်းခိုလိုက်၊ ဘားတန်းကစားလိုက်၊ ဒိုက် ထိုးလိုက်၊ ကင်းမြီးကောက်ထောင် လိုက်၊ အမျိုးမျိုး ကျန်းမာရေး လေ့ကျင့်ခန်းတွေ လုပ်နေတာကို မေမေက ပြတင်းကနေ ခိုးကြည့်နေခဲ့ သည်တဲ့။ မေမေကပြောတော့ ပြတင်းပေါက်မှန်ချပ်တွေ ငှက်မွေးတစ်ချောင်းနဲ ဖုန်လှည်းကျင်းရင်း၊ လိုက်ကာတွေကြား ကနေ အမှတ်တမဲ့ မြင်မိခြင်းပါတဲ့။ ကိုးရိုးကားရားနဲ့ ဘာလေ့ကျင့်ခန်းတွေလုပ်နေမှန်း မသိပါဘူး၊ တကယ်လုပ်တာကနည်းနည်း သက်သက်မဲ့ အမေ ကြည့်အောင် သူ ဟန်ရေးပြနေတာတဲ့။
    နှစ်ဦးနှစ်ဖက် မည်သို့ဆိုစေ၊ ဖေဖေ့ကမ္ဘာမှာ လွတ်လပ်မှုနယ်ပယ်အသစ် တစ်ခုရှိလိမ့်မည်ဟု ယုံကြည် ကိုးစားလျက် မေမေသည် ဖေဖေ့နောက်သို့ ရဲရဲကလေး လိုက်ပါသွားခဲ့သည်။
    ''အဲဒီတုန်းက အဖေတတို့ငှားတဲ့ ဂျစ်ကားနာမည်က ရွှေမိတဲ့'' ဟု ဖေဖေပြောစဉ်က ဖေဖေမျက်ဝန်းမှာ ငယ်မူငယ်သွေး လွှမ်းကာ ကြည်လင်တောက်ပနေခဲ့သည်။ မေမေက '' ကလေး တွေကို ဘာတွေ လျှောက်ပြောပြနေ တာလဲ'' ဟု အသံကျိတ်ကျိတ်ပြောကာ မျက်စောင်း လှမ်းခဲ့ပါ သည်။

    လွတ်လပ်မှုနယ်ပယ်အသစ်မှာ မေမေနှင့်ဖေဖေ အပြည့်အ၀ ပျော်ရွှင် ငြိမ်းချမ်းခဲ့သလား၊ သူတို့တစ်ဦးစီ၏ အတွင်းသား ထဲသို့ ကျွန်မ ထွင်းဖောက်ဝင်ရောက် နိုင်ခြင်းမရှိ၍ အသေအချာ မပြောတတ်ပါ။ ကျွန်မ ပြောနိုင် သည်က ဖေဖေနှင့်မေမေ နှစ်ဦးစလုံး ကျွန်မတို့ ကလေးတွေကို လွတ်လပ်မှုအပပြည့်အ၀ပေးကာ အတားအဆီး မဲ့ ချစ်ခဲ့ကြသည်ဆိုတာပါပဲ။ ရေတံခွန်မှ ရေများ ဒလဟော သွန်စီးကျနေခဲ့သည့် ချစ်ခြင်းမေတ္တာရေစင် များကြောင့် ကျွန်မတို့ကလေး ခုနှစ်ယောက်စလုံး ငယ်ဘ၀ကို ငြိမ်းချမ်းအေးမြစွာ ခံစားခဲ့ရသည်။
    လွတ်လပ်စွာ နေထိုင်လှုပ်ရှားခွင့် မရှိခဲ့သည့် သူ့ငယ်ဘ၀ကို တစ်ခါသတိရလိုက်တိုင်း ကျွန်မတို့ကို မေမေက လွတ်လပ်မှု တံခါးတစ်ချပ် တိုးမြှင့်ဖွင့်ပေးတတ်သည်။ မေမေက သူ့ကလေး ခုနစ်ယောက်လုံး ကို ဘာတစ်ခုမှ ချုပ်နှောင်တားဆီးခြင်းမရှိဘဲ လွတ်လပ်မှုအပြည့်ဖြင့် ကြီးပြင်းစေရသော ကလေး များဖြစ်စေခဲ့သည်။ ချစ်ခြင်းဖြင့် အနားကွပ်ထားသည့် လွတ်လပ်မှု ကြောင့် ထိုလွတ်လပ်မှုကို အလွဲ သုံးစား လုပ်ရန် ကျွန်မတို့စိတ်ကူးမရှိခဲ့ပါ။

 တစ်လျှောက်လုံး ငြိမ်ချမ်းလွတ်လပ်ခဲ့သည့် ငယ်ငယ်တုန်းက ဘ၀ထဲ ကျွန်မသဘောအကျ ဆုံးအချိန်ကတော့ မိသားစု ရုပ်ရှင်ကြည့်ချိန်များ ပဲဖြစ်သည်။
အိမ်မှာကြည့်ခြင်း မဟုတ်ပါ။ မိသားစုအားလုံး လွတ်လပ်ပျော်ရွှင်စွာ လမ်းလျှောက်ထွက်ရင် ရုပ်ရှင်ရုံမှာ သွာကြည့်ခြင်းဖြစ် ပါသည်။ မြို့ကလေး၏ ဗိုလ်ချုပ်လမ်းပေါ်ရှိ '' ကတိုး '' ရုပ်ရှင်ရုံတွင် မြန်မာဇာတ်ကားများ တင်လေ့ မရှိပါ။ သည်ရုပ်ရှင်ရုံက နိုင်ငံခြားဇာတ်ကားများ တင်လေ့မရှိပါ။  ရှားရှားပါးပါး ကတိုးရုံမှာ မြန်မာ ဇာတ်ကား တစ်ကားသာ ကြည့်ဖူးသည်။ မေမေ့အစ်ကိုအငယ် ဒါရိုက်တာ သန်းစိန်သစ်ရိုက်ကူးသည့် ''ပုဂံပြည်မှ အိုချစ်ရာ '' ဇာတ်ကား ဖြစ်သည်။ ထိုစဉ်က ဦးလေးဖြစ်သူ၏ ဇာတ်ကားဖြစ်ရာ အထူးအခွင့်အနေနှင့် ကျွန်မတို့ ထိုင်ခုံ လက်မှတ် ၀ယ်စရာမ လိုဘဲ မေတ္တာလက်မှတ်ဖြင့် ကြည့်ခဲ့ရပါသည်။

ကျွန်မတို့ငယ်ငယ်က ဘာကိုမဆို မိသားစုလိုက် အတူတကွ လုပ်ဆောင်ကြ သည်။ မြို့နယ်  ကျေးရွာ များသို့ ဖေဖေဆေးစစ်သွားလျှင် ဖေဖေကိုယ်တိုင်မောင်းသည့် လဲန်းရိုဗာ ကားထဲ တစ်မိသားစုလုံး ထိုင်လိုက်ကာ ပါသွားလေ့ရှိသည်။ စည်ပင်ကြီး လို ကျေးရွာဘက်သွား လျှင် ဆေးစစ်သွားသည်နှင့် မတူ ဘဲ ပျော်ပွဲစားထွက်သကဲ့သို့ ဖြစ်နေတတ်သည်။ ဖေဖေက တစ်အိမ် တက်ဆင်း စစ်ဆေးနေချိန်မှာ ကျွန်မတို့က တစ်ရွာလုံး မှာ အကောင်းဆုံးအိမ်ဟုယူဆရသည့် အိမ်တစ်အိမ် မှာ နေခဲ့ပြီး အိမ်ရှင်တွေချကျွေးသမျှ ထိုင်စား၊ ချောင်းရေထဲဆင်း ရေကူးကြ၊ ဆော့ကြ၊ စားကြ၊ လက်ဆောင်ပေးလိုက်သည့် ခြံထွက်ပစ္စည်းများယူကြ၊ အိမ်အပြန် ကားပေါ်မှာ အိပ်ငိုက်ပြီး ပြန်လာကြနှင့် ဖေဖေ့အလုပ်ကို ကူညီလုပ်ပေးရမှန်း မသိအောင်ကို ကျွန်မတို့ငယ် ပါသေးသည်။

ကျွန်မတို့မိသားစုသည် တစ်နေရာရာသွားလျှင်ဖြစ်စေ၊ အိမ်သန့်ရှင်းရေးလုပ်လျှင်ဖြစ်စေ၊ တစ်ခုခု လုပ်စားကြ လျှင်ဖြစ်စေ အားလုံးအတူတကွလုပ်ကြ ၊ စားကြသည်။ ထမင်းစားလျှင် လူမစုံမချင်း စောင့်ကာ လူစုံမှ စားကြသည်။ မိသားစုလိုက် လုပ်ဖြစ်သည့်ကိစ္စများထဲ ရုပ်ရှင်ကြည့်သည့် အလုပ်ကို ကျွန်မ အလွန် သဘောကျသည်။ ရုံမှာ ကားသစ်လဲတိုင်း ကြည့်ဖြစ်သလား သိပ်တော့ မသေချာလှပါ။ တစ်လ မှာ နှစ်ကြိမ်၊ သို့မဟုတ် သုံးကြိမ်တော့ ကြည့်ဖြစ်သည်ထင်ပါသည်။ ကြည့်တိုင်းလည်း ညနေ ၆ နာရီခွဲပွဲကိုသာ ကြည့်ကြသည်။ အားလုံးကျောင်းတွေ၊ ကျူရှင်တွေ ပြီးချိန်၊ ဖေဖေဆေးခန်းပိတ်ချိန်၊ အားလုံး ကိုယ်စီ အားလပ်ချိန်မှာ ကြည့်ဖြစ်သည်ထင်ပါသည်။ များသောအားဖြင့် ကျောင်းပိတ်သည့် စနေ၊ တနင်္ဂနွေနေ့ ညများဖြစ်ဟန် တူပါသည်။

ရုပ်ရှင်ကြည့်ဖြစ်ရန် မည်သူက အစဖော်သည်ဆိုတာကိုတော့ ကျွန်မ သေချာမမှတ်မိပါ။ နံနက်ပိုင်း ကတည်းက သည်နေ့ည ရုပ်ရှင်ကြည့်ကြမည်ဟု အသံတစ်စထွက်လာသည်နှင့် ကျွန်မတို့ အားလုံး ရုပ်ရှင်ထဲကို စိတ်က ကြိုရောက်နေကြ သည်။စက်ဘီးလေး ဂျောက်ဂျက် နှင်းကာ ဇာတ်ကားအမည် သွားကြည့် သည့် မောင်ငယ်လေးက ''ဒီနေ့ ရုပ်ရှင်က ဆေးရောင်စုံ မြင်ကွင်း ကျယ်၊ ကာလာစကုပ်တဲ့ '' ဆို၍ ရယ်ကြရသေး သည်။  ရုပ်ရှင်ဇာတ်ကားအမည်က ''ဘာ'' ဆိုတာ သေချာမသိဘဲလည်း ထိုရုပ်ရှင်ကြည့် ရဖို့အရေး ကြိုတွေးကာ ပျော်နေကြခြင်းကား ထူးဆန်း လှပါဘိ။ ကျွန်မတို့ မိသားစု ရုပ်ရှင်ကြည့်ပုံ မှာ တွေးကြည့်လျှင် ထူးဆန်းပါသည်။ ပြနေသည့် ရုပ်ရှင်ဇာတ်ကား ကောင်းလွန်း၍ ကြည့်သင့်သည်ယူဆကာ သွားကြည့်ခြင်း မျိုး မဟုတ်ဘဲ မိသားစုလိုက် ရုပ်ရှင်ကြည့် အပန်းဖြေအနားယူခြင်းကို နှစ်သက်စွာ လုပ်ဆောင်နေ သည့် သဘော ဟုထင်ပါသည်။

 ''အဲဒီကားကြီး မကြည့်ချင်ပါဘူး'' ဟု ဘယ်သူ့ဆီကမှ တစ်ခါမျှ အသံမကြားဖူးပါ။ မည်သည့်ကား မဆို မိသားစုအားလုံးသာပါလျှင် စိတ်တူကိုယ်တူ သွားရောက်ကြည့်ကြမည့်သဘော။ တစ်ခါက ကျွန်မ သိပ်ကြည့်ချင်သည့် ဂေါ်ဇီလာဇာတ်ကားရုံတင်ချိန်မှာ အစ်ကိုကြီးနှင့် အစ်မကြီးက စာမေးပွဲရှိနေ၍ သူတို့ကိုငဲ့ညှာသော အားဖြင့် မကြည့်ရပါ။ သူတို့ကို ထားခဲ့ရောပေါ့ဟု ကျွန်မကတွေးသော်လည်း မေမေက ထားခဲ့ချင်ပုံမရပါ။  လူစုံမှ ကြည့်မည်ဟုဆိုပါသည်။ သည်အ ထိမိသားစုဘ၀နှင့် ရုပ်ရှင်ကို  ကျွန်မတို့တန်ဖိုးထားကြပါသည်။
သည်နေ့ည ရုပ်ရှင်ကြည့်မည် ဟုရည်ရွယ်လျှင်လည်း ထိုအချိန်တွင်အားလပ်အောင် လုပ်ထားကြ သည်။ ညကျရင် ရုပ်ရှင်ကြည့်မှာဆိုသည့်အတွေးက ကျွန်မတို့ဦးခေါင်းထဲဝယ် တစ်နေကုန် နေရာ ယူထားတတ်သည်။ စောစောအိပ်ချင်တတ်သည့် ကျွန်မက  ရုပ်ရှင်ရုံထဲ အိပ်မငိုက်အောင် ကြိုအိပ်ထား မှဟု တွေးကား နေ့လယ်ပိုင်းမှာ ၀အောင်အိပ်ထားရတတ်သည်။ အစ်ကိုကြီးက  ညနေ ၆ နာရီချိန်းထားသည့် သူငယ်ချင်း ဆီ ခပ်စောစောကြိုထွက်သွားကာ အမီပြန်လာမည်ဟု ဆိုတတ်သည်။

စာကြမ်းပိုးအစ်မလတ်က ညဦးပိုင်း စာကြည့်ချိန်ပဲ့မှာစိုးပြီး နေ့ခင်းပိုင်းမှာ စာကြည့်စာပွဲ  ကြိုထိုင်ကာ စာကျက် ထားတတ်သည်။ မေမေက ရုပ်ရှင်သွားလျှင်ဝတ်မည့် ကျွန်မတို့ အ၀တ်အ စားများကို  ပြန့်ပြူးသပ်ရပ်အောင် မီးပူ တိုက်ကာ ချိတ်တွင် အသင့်ချိတ် ပြင်ဆင်ပေးတတ်သည်။ ဖေဖေက သူ့လူနာတွေကို ''ညပွဲ ကျွန်တော် တို့မိသားစု ရုပ်ရှင်သွားကြည့်မှာ၊ ခင်ဗျားမိတ်ဆွေကို စောစောလာခိုင်းဗျ'' ဟု နံနက်ကတည်းက လက်ဆင့်ကမ်းမှာနေတတ်သည်။ သရေစာမက်သည့် မောင်ငယ်လေးက ''ညကျ ရုပ်ရှင်ကြည့်ရင် ကတိုးရုံနားက ဆိုင်မှာ ရေခဲမုန့်နှစ်ခွက် စားမယ်နော်'' ဟု ကြိုတင်ပူဆာနေတတ်သည်။  အစ်မကြီးက သူငယ်ချင်း ဆီဖုန်းခေါ်ကာ ''ငါ ဒီညနေ နင့်မွေးနေ့ မလာတော့ဘူး၊ ငါတို့ မိသားစု ရုပ်ရှင်သွားကြည့်မလို့ဟ ''ဟု တောင်းပန် စကား ဆိုနေတတ်သည်။ အစ်မကြီး၏အသံတွင် မိသားစုလိုက် ရုပ်ရှင်ကြည့်မည့်ကိစ္စအပေါ် ဂုဏ်ယူ ၀င့် ကြွား ဟန်က အထင်းသား ပေါ်နေသည်။ ကျွန်မ၏ မိသားစု ရုပ်ရှင်ကို မည်သည့်အကြောင်း ကိစ္စမျိုး ကမှ နှောင့်ယှက်ဖျက်ဆီး၍မရနိုင်ပါ။

လက်ရွေစင် ဇာတ်ကားများ အိမ်တွင် ငှားရမ်းကြည့်တာမျိုးမဟုတ်ဘဲ ရုပ်ရှင်ရုံတွင်ပြသမျှ သွားကြည့်သည့်အခါ တစ်ခါတစ်ခါ ကျွန်မတို့မျှော်လင့် သလောက်မကောင်းသည့်ဇာတ်ကားမျိုး လည်း ကြည့်မိရတတ်ပါသည်။ ဇာတ်ကားကြီိးကလည်း... မင်းသမီးကြီးကလည်း၊ ဇာတ်သိမ်းကြီး ကလည်း စသဖြင့် သားသမီးများဆီက အသံထွက် လာတိုင်း ''ဆီချက်စားရအောင် '' ဒါမှမဟုတ်  ''တစ်ခုခု စားရအောင်'' ဟု ဖေဖေက ဆိုတတ်သည်။ ကြည့် ရတာ ကျွန်မတို့ကို အာရုံလွှဲပြောင်း ပေသည်ဟု ထင်ပါသည်။ တကယ်လည်း ဆီချက် စား၊ ရေခဲမုန့်စားနေချိန်မှာ ရုပ်ရှင်ကားမ ကောင်း သည့်ကိစ္စက ပပျောက်သွားပါသည်။

အိမ်ရောက်သည်နှင့် ''ကြည့်ရတာမတန်ဘူး၊ တော်ပြီ၊ နောက်မကြည့်တော့ဘူး'' ဟု တစ်ယောက်က ပြောလျှင် ''ဟုတ်တယ်၊ မကြည့်တော့ဘူး '' ဟု ၀ိုင်းကာ ဟာမိုနီလိုက်ကြသည်။ သို့သော် နောက်တစ်ခါ မည်သူက အစဖော်သည်မသိ၊ ရုပ်ရှင်ကြည့်မည်ဟု အသံတစ်စထွက် လာလျှင် နောက်မကြည့်တော့ဘူးဆိုသည့် စကားများကို ကိုယ်စီမေ့ကာ ရုပ်ရှင်ကြည့်ရန် ပြင်ဆင်နေတတ်ကြပြန်သည်။ တစ်အိမ်လုံး တံခါများပိတ်၊ သော့များခတ်ကာ တစ်မိသားစုလုံး ရုပ်ရှင်ကြည့်လိုက်ကြပြန်ပြီ။
ဇာတ်ကားကောင်း လျှင်တော့ အိမ်အပြန် ကျွန်မတို့ခြေလှမ်းများက မြန်ဆန်သွက်လက်နေပြီ ဘယ်သူက ဘယ်လို၊ ဘယ်အခန်းမှာ ငါဘယ်ဘလိုလန့်သွားတာ၊ ဒါက  ဒီလိုမဟုတ်ပါဘူး စသဖြင့်  တစ်လမ်းလုံး ဆူညံအော်ဟစ် ကာ ငြင်းခုံ၊ ပြောဆို လာတတ်ကြသည်။

ကျွန်မတို့မိသားစုလိုက်ကြီး လမ်းလျှောက်ထွက်လာပြီးဆိုလျှင် လမ်းတွင်ဆုံသမျှ မိတ်ဆွေများက အလွန် အားကျကြသည်။ သူတို့အားလုံးက တညီတညွတ်တည်း ''ဒမောင်နှမတွေ ဘယ်တုံး" ဟု နှုတ်ဆက်လေ့ ရှိသည်။ "ဒီမိသားစု ဘယ်တုံး" ဟု မပြောကြပါ။ ဖေဖေက အရွယ်တင်နုပျိုသလို မေမေကလည်း အစ်မကြီးတို့လို သမီးအပျိုပေါက်လေးများနှင့် ညီအစ်မ သဖွယ် ဖြစ်နေသဖြင့် အားလုံးက ဒီမောင်နှမတစ်တွေဟု ဆိုကြခြင်းဖြစ်သည်။
    ဖေဖေက ပြုံးပြုံးကြီးလုပ်လျက် မေမေ့ပခုံးကို ဖက်ကာ "ဒါက ညီမအကြီးဆုံး"၊ တစ်ခါ မေမေ လက်ဆွဲ ထားသည့် ကျွန်မေညီမလေးကို ပြကာ"ဒါလေးက ညီမ အထွေးဆုံး" ဟု ထပ်ဆင့် ကွန့်ပေးတတ်သည်။

    ပြီးတော့ တစ်ဆက်တည်း "ရုပ်ရှင်သွားကြည့်မလို့လေဗျာ" ဟု ပြောလျှင် သူတို့အားလုံး၏ မျက်နှာမှာ အံ့သြရိပ်စွန်း သွားတတ်ကြသည်ကို ကျွန်မသုတိထားမိပါသည်။ ကျွန်မတို့မိသားစု၏ ၀တ်စားဆင်ယင်ပုံသည် ညနေခင်း အပန်းဖြေ ရုပ်ရှင်သွားကြည့်ပုံနှင့် မတူဘဲ အင်္ဂလန် ဘုရင်မကြီး၏ တော်ဝင်ပွဲလမ်းသဘင် အခမ်းအနား တက်ရောက်မည့် အထူးဧည့်သည်တော်များ ကဲ့သို့ ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာ ဆင်ယင် ထားကြ၍ အံ့သြခြင်းဖြစ်နိုင်ပါသည်။ ဟုတ်ပါသည်။ ကျွန်မတို့ မိသားစုအတွက် ရုပ်ရှင်ကြည့်ခြင်းသည် မြင့်မြတ် ခမ်းနားသော အမှုကိစ္စပြုဘိသကဲ့သို့ ကြီးမြတ်ထည်ဝါ နေတတ်ပါသည်။

    ကတုံးရုံတွင်တင်သော ရုပ်ရှင်ဇာတ်ကားများမှာ စုံလင်လှသည်။ ဥရောပကား တင်သလို၊ ဂျပန်၊ အိန္ဒိယကာလည်း တင်သည်။ ကာတွန်းကားလည်း တင်ပါသည်။ So This Is Love, Take Me Away, Princess And Photographer တို့လို အချစ်ကားများလည်း ပါသလို၊ ဂျိန်းမ်စ်ဘွန်း၊ ယူဘရိုင်းနားလို ဇာတ်ကြမ်း အက်ရှင်ကား လည်း ပါသည်။ သိပ္ပံကား၊ ဂြိုဟ်သားကားလည်း ပါသည်။ ဂေါ်ဇီလာကား၊ ကင်းကောင်ကား၊ ပင့်ကူကား စသည့် အကောင်ပလောင်ကားများလည်း ပါသည်။ ငလျင်ကား၊ မီးတောင်ကား စွန့်စားခန်း သည်းထိတ် ရင်ဖိုကားများလည်း ပါသည်။
    ကျွန်မတို့ကတော့ ကလေးများကပီပီ ဘာကိုမဆို စူးစမ်းလေ့လာ ကြည့်ချင်သည့် အရွယ်မို့ထားတော့။ ကြည့်ရင်းနှင့် ပျင်းလာလျှင်လည်း ကလေးပီပီ ရုံထဲမှာ အိပ်ငိုက် ပစ်လိုက်မည်။ ဖေဖေနှင့် မေမေ တို့က ကျွန်မတို့ ကလေးကြိုက်ဇာတ်ကားများ ကို ဘယ်လို သည်းညည်းခံ ကြည့်ခဲ့ကြမှာပါလိမ့်။ ကျွန်မငယ်ငယ်တုန်းကတော့ ထိုမချက် ကို စဉ်းစားရကောင်း မှန်းပင် မသိခဲ့ပါ။ ယခုကျမှသာ အရေးတယူ စဉ်းစားမိခြင်းဖြစ်ပါသည်။

    ဖေဖေနှင့်မေမေသည် သူတို့အကြိုက် ဇာတ်ကားဆိုသည်ထက် ကလေးများအားလုံးကို ခေါ်ကာ မိသားစု လိုက် ရုပ်ရှင်ကြည့်ခြင်း အရသာမှာ နှစ်ခြိုက်ပျော်ဝင်နေ၍ ဖြစ်ပါလိမ့်မည်။
    နောင်အခါ ကျွန်မတို့ မြို့ကလေးတွင် တီဗီများ ကြည့်နိုင်၊ ဗီဒီယိုများ စိတ်ကြိုက် ကြည့်နိုင် လာသော်လည်း ကျွန်မ တို့ မိသားစုမှာတော့ ရှပ်ရုင်ရုံမှာ သွားကြည့်မြဲ။ ကျွန်မတို့ မိသားစုမှာတော့ ရုပ်ရှင်ရုံမှာ သွားကြည့်မြဲ။ ကျွန်တို့မောင်နှမတွေ ဘွဲ့ကိုယ်စီရ၊ အလုပ်ကိုယ်စီလုပ်၊ အိမ်ထောင် အသီးသီးကျ။ နေရာဒေသ အသီးသီး ကွဲပြားခြားနား သွားရာ လူစုံတက်စုံတော့ ကြည့်ခွင့် မရတော့ပါ။
    ကျွန်မမှတ်မိပါသေးသည်။ ကျွန်မအလုပ်နားရက်၊ မြို့ကလေးသို့ အလည်ခဏပြန်လာချိန် မိသားစု ရုပ်ရှင် သွားကြည့်ကြမည်ဆိုရာ ကျွန်မစိတ်ထဲ လသားအရွယ် ကလေးငယ်တစ်ဖက်နှင့် အစ်မကြီးကတော့ အိမ်စောင့် ကျန်ရစ် လိမ့်မည်ဟု တွေးထားခဲ့သည်။ သို့သော် ထိုသို့ မဟုတ်ဘဲ ငယ်ငယ်တုန်းကလိုပင် တစ်အိမ်လုံး၊ တံခါးများပိတ်၊ သော့များခတ်ကာ အစ်မကြီးပါ ကလေး ငယ်လေးပွေ့လျက်နှင့် လိုက်ပါလာလျှင် ကျွန်မ အံ့သြရတော့သည်။ ရုပ်ရှင်ရုံထဲတွင် ကလေးက ထုံးစံအတိုင်း အာခေါင်ခြစ် ငို လျှင် မေမေ က မြေးကလေးကိုချီကာ အပြင်ထွက် ချော့မြှူထိန်းပေးပြီး အစ်မကို စိတ်ဖြောင့်လက်ဖြောင့် ကြည့်စေခဲ့ ပါသေးသည်။

    ကိုယ်စီ အလုပ်တာဝန်များဖိစီးလာမှုကြောင့် ဖေဖေမေမေ မိသားစုရှိရာ မြို့ကလေးသို့ ကျွန်မတို့ မောင်နှမများ စုံလင်စွာ မရောက်ဖြစ်တော့ပါ။ မောင်၊ ညီမလေး များ က နိုင်ငံရပ်ခြား မှာ။ ဖေဖေ စပ်ပေး သည့် ဆေးကို သောက်မှ ပျောက်သည်ဟု ယုံကြည်ရင်းစွဲ ရှိသည် တဲ့။ ဆေးခန်းလေး မှာတော့ ဆိုင်းဘုတ် လေးတစ်ခု ထပ်တိုးလာခဲ့ပြီ။ ကျွန်မတို့ အစ်မအကြီးဆုံး၏ သားကလေး ဒေါက်တာ တေဇာဝေယံ။ အဘိုးနှင့်မြေး ဆေးခန်း အတူ ထိုင်ကြပြီ။
ယခုနှစ် သီတင်းကျွတ်လပြည့်နေ့ တရားဝင် အလုပ်ပိတ်ရက်က တစ်ရက်တည်း ဖြစ်သော်လည်း ခွင့်ရက်ရှည် ထပ်ယူကာ နှစ်ကာလများစွာ အဆက်ပြတ်နေသော ဇာတိမြို့ ကလေးကို ကျွန်မ ရောက်သွားခဲ့သည်။ ရုပ်ရှင်ရုံများ သည် အမည်နာမကအစ ပြောင်းလဲနေခဲ့ပြီ။ 3D ရုပ်ရှင်ရုံပင် ရှိသည်တဲ့။ ဖေဖေ၊ မေမေ၊ အစ်မကြီး၊ အစ်မလတ်၊ တူလေးတို့ ရှိသည်။ ငယ်ဘဝကို တမ်းတသည့်သဘော၊ မိသားစုရှိသလောက်သာ ရုပ်ရှင် သွားကြည့်မည်ဟု ကျွန်မ စဉ်းစားထား သည်။ သို့သော် မဖြစ်နိုင်တော့ပါ။
ငယ်ငယ်တုန်းကမိသားစုရုပ်ရှင်သည် ဒဏ္ဍာရိဆန်ဆန် မှုန်ဝါးသွားခဲ့ပြီ။

အစ်မလတ်က သူ့အခန်းထဲမှာ တီဗီတစ်လုံးနှင့် ကိုရီးယားကား ကြည့်နေသည်။ ဖေဖေ က အောက်ထပ်ဧည့်ခန်း မှာ သူကြည့်ချင်ရာ Channel များကို ကိုယ်တိုင် remote control ဖြင့် ရွှေ့ပြောင်း ကြည့်နေသည်။ မေမေက အပေါ်ထပ် သူ့အခန်းလေး ထဲမှာ သီးသန့် တီဗီတစ်လုံးနှင့် ကြည့်တော့ကြည့်နေသည်။ ရုပ်ရှင်တော့မဟုတ်၊ ကမ္ဘာကြီးမှာ ဖြစ်ပျက်သမျှ သတင်းအချက်အ လက်တွေ ချက်ချင်းလွှင့်ထုတ်သမျှ နောက်ဆုံးရုပ်ပုံနှင့်တကွ လှုပ်လှုပ် ခတ်ခတ် ကမ္ဘာ့ဖန်သား ပြင်ထဲ တိုးဝင်လျက် မိသားစု ရုပ်ရှင်ကို သတိမရတော့ပါ။ အစ်မကြီးက အိမ်မကြီး အပေါ်ထပ်က သူ့အခန်းထဲမှာ ကြီးမားပြန့်ပြူးသည့် မြင်ကွင်းနှင့် တီဗီကြီးကို ကြည့်တော့ကြည့်နေ သည်။ Sky Net ရုပ်ရှင်တော့ ရုပ်ရှင်၊ မိသားစုရုပ်ရှင် မဟုတ်။ တစ်ကိုယ်ရေရုပ်ရှင်၊ အခန်းဝ ကနေ ရပ်ကြည့် နေသည့် ကျွန်မအား ''လာကြည့်၊ ဖိလစ်ပိုင် ဇာတ်လမ်းတွေ အရမ်းကောင်းတယ်'' ဟု လက်ရပ် ခေါ်လိုက်သေးသည်။

ကျွန်မ၏တူလေးအခန်းထဲ ဝင်လိုက်သည်။ ငယ်စဉ်က လသားအရွယ်လေးနှင့် မိသားစု ရုပ်ရှင်ထဲ တိုးဝင်ကြည့်ဖူးခဲ့သည့် ကလေး။ သည်တူလေးကို မိသားစုရုပ်ရှင်အကြောင်း ကျွန်မ ပြောပြချင် သေးသည်။ သူ့အခန်းထဲက အိပ်ရာထက်မှာ အေးအေးလူလူ လှဲနေသည့် တူလေးကို တွေ့၍ ပြောပြချင်ရန် အကောင်းဆုံး အချိန်ပဲဟု ကျွန်မယူဆလိုက်သည်။ သို့သော် ကျွန်မ ယူဆချက်မှားသွား၏။ အနားရောက်မှ သူက လှဲလှောင်းနေသည်မဟုတ်။ အိပ်ရာထဲမှာ သူ့လက်ပ်တော့်ပ်နှင့် PES Game (pro-Evolution Soccer) ဘောလုံး ကစားနေသည်။
 ဘာမှတောင် မဟရသေး။ တူလေးက ''လာမနှောင့်ယှက်နဲ့၊ လူနာတွေမလာခင် အချိန်လေးပဲ ဆော့ရတာ''တဲ့။

ရန်ကုန် အိမ်ပြန်ရောက်ချိန်မှာ ''နေပြည်တော်ရုံမှာ ရုပ်ရှင်သွားကြည့်ရအောင်''ဟု ခင်ပွန်းသည်ကို ကျွန်မပြောလိုက် ရာ သူ့မျက်လုံး က အံ့အားသင့်ဟန် မြောက်တက်သွားသည်။ ကျွန်မဆန္ဒကို လိုက်လျော့ပေးချင် စိတ်ဖြင့် ''သွားလေ သွားတာပေါ့'' ဟု သူပြောခဲ့သော်လည်း ယနေ့ထိ ကျွန်မ တို့ ရုပ်ရှင်ရုံမှာ ရုပ်ရှင် မကြည့်ဖြစ်ပါ။ နှစ်ယောက်စလုံး အားမည့်အချိန်ကို ညိဖို့ ကြိုးစားသော် လည်း ကျွန်မတို့နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း အားချိန်က ရုပ်ရှင်ကားတစ်ကားစာ အချိန် လေးပင် မရနိုင်တော့သည့်အထိ တစ်စုံတစ်ရာက ကျွန်မ တို့ကို ဝါးမျိုသွားခဲ့ပြီ။
ယခုအခါဝယ် ကျွန်မတို့ငယ်ငယ်ကလို မိသားစုရုပ်ရှင် အေးအေးလူလူ ကြည့်နိုင်သူများ ရှိ မရှိ ကျွန်မ သိချင်စမ်း ပါသည်။ ရှိခဲ့လျှင် ရှင်နှင့် ရှင့်မိသားစုဝင်များ အားလုံးအတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း သည်နေရာကနေ ချီးမွှမ်းထောပနာ စကားဆိုလိုက်ပါသည်။

စုမီအောင်
.

1 comment:

နော် said...

ကြည်နူးစရာ မိသားစုရုပ်ရှင်ကြည့်ကြပုံလေး။အားကျမိပါတယ်။နောနော်တို့ငယ်တုံးကကျတော့မိသားစု ရုပ်ရှင် အတူကြည့်ဖို့နေနေသာသာ မိသားစုစုံတောင် အမြဲမရှိဘူး။ :(