Saturday, September 8, 2012

မောင်ပေါ်ထွန်း ဘာသာပြန် ရေမြေခြားသော်လည်း, အပိုင်း (၁၆)

ဆွန်ယာ သီဆိုနေသော သီချင်းက တစ်ကမ္ဘာလုံး နားလည်သည့်သီချင်း။ အရှေ့တိုင်းရော အနောက်တိုင်း ပါ ခံစားနိုင်သည့် သီချင်း။ ပိတ်ပိတ်သား တိတ်ဆိတ် ငြိမ်သက်နေသည်။ ခန်းမဆောင်ထဲ တွင် သူမ၏သီချင်းသံက ညှို့ဓာတ် အပြည့်ဖြင့် ခြုံလွှမ်း မင်းမူနေသည်။ သီချင်းသံ သည် တစ်ခါ တစ်ရံ လေတိုးသံမျှ လျှော့ကျသွားပြီး တစ်ခါတစ်ရံ မုန်တိုင်းတိုက်သံလို မြင့် တက်လာ သည်။ သီချင်း ဆုံး သွားသောအခါ လက်ခုပ်သံများဖြင့် တစ်ခန်းလုံး ဝက်ဝက်ကွဲ ပဲ့တင်ဟိန်းသွား သည်။ ဆွန်ယာက ပရိသတ်များအား ဦးညွှတ်အလေးပြုပြီးနောက် ဇာတ်ခုံပေါ်မှာ ပြန်လည် ထွက်ခွာ သွား သည်။ သူမ လျှောက်သွားပုံမှာ လမ်းလျှောက်သွားသလို မထင်ရ။ ကြမ်းပြင်နှင့် ခြေဖဝါး ပွတ်တိုက် ကာ ဖြည်းဖြည်း သာသာ လျှောစီး သွားသလိုသာ ထင်မှတ်ရသည်။"" ကို ဆက်ဖတ် ရန်..........

ဆွန်ယာ မရှိတော့သော်လည်း လက်ခုပ်သြဘာသံများက မစဲသေး။ "၀မ်းစမိုး... ၀မ်းစမိုး"ဟု အော် ဟစ်ကာ ထပ်မံပွဲတောင်းသံ များကလည်း သောင်းသောင်း ညံနေဆဲ။
သို့သော် ဆွန်ယာ ကား ပြန်ထွက်မလာတော့။ သူမအစား အစီအစဉ်ကြေညာသူသာ ပေါ်ထွက် လာသည်။
"ဧည့်ပရိသတ် များ ခင်ဗျား။ မစ္စဆွန်ယာက ဧည့်ပရိသတ်များကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါ တယ်။ သူတို့ ခွင့်လွှတ် ပါ လို့လည်း တောင်းပန်ပါတယ်။ မစ္စဆွန်ယာအနေနဲ့ သီချင်းတစ်ပုဒ်ကို ဘယ်တော့မှ နှစ်ကြိမ် ထပ်ဆိုလေ့ မရှိပါဘူး ခင်ဗျား...." လော်ရာက ပထမတော့ အံ့အားသင့်မိ သည်။ ပြီးတော့ လေးစားလာမိ သည်။ နောက်ဆုံးတော့ မှ တွေဝေ သွားမိသည်။

သူက ဒီသီချင်းကိုမှ ဘာကြောင့် ရွေးဆိုရတာလဲ။ ဒီသီချင်းကို သူ ဘယ်လို လေ့ကျင့်ထားသလဲ။ တစ်ယောက်ယောက် ကို ရည်ညွှန်းလိုလို့ သူက ဒီသီချင်းကို ဆိုတာလား။ ဒါဆို ဘယ်သူ့ကို ရည် ညွှန်းချင်တာ လဲ။ ငါ့ကိုများ ရည်ညွှန်းချင်လို့လား။ ဒါဆိုရင် ငါဒီည ဒီမှာ ရောက်နေတယ်ဆိုတာ သူ ဘယ်လိုလုပ်ပြီး သိတာလဲ။ မေးစရာ မေးခွန်းတွေက တသီတတန်းကြီး ပေလာကြသည်။ သို့သော် အဖြေကတော့ တစ်ခု မှ ပေါ်ထွက်မလာ။ လော်ရာသည် ကုလားထိုင်မှ ရုတ်တရက် ထရပ်လိုက်သည်။ "ကျေးဇူးပြုပြီး ခဏလောက်နော်...။ ကျွန်မ ဆွန်ယာ နဲ့ စကားပြောစရာ ရှိလို့...." သူမက ဗိုလ်ဘရောင်းနှင့် ဂျင် တို့အား တောင်းပန် စကား ပြောပြီးနောက် ဇာတ်ခုံနောက်ဘက် သို့ လျှောက်ထွက်လာခဲ့သည်။

ဆွန်ယာအား အခန်းကလေး တစ်ခန်းထဲတွင် မှန်တင်ခုံရှေ့၌ ထိုင်နေသည်ကို တွေ့ရသည်။ သို့ သော် သူမ သည် မှန် ကို မကြည့်။ လက်နှစ်ဖက် ကို မှန်တင်ခုံပေါ်တွင် တင်ပြီး လက်ပေါ်တွင် မျက် နှာအပ်ကာ ရှိုက်ကြီး တငင် ငိုယိုနေ သည်။ လော်ရာက တံခါးဝတွင် ရပ်ကာ ခေတ္တ စောင့်ကြည့်နေသေးသည်။ ပြီးတော့မှ… အခန်းထဲသို့ ဝင် လာပြီး သူမ၏လက်ကို ဆွန်ယာ၏လက်မောင်းပေါ်သို့ တင်လိုက်သည်။
"ဆွန်ယာ… မမပါကွယ်" ဆွန်ယာက ခေါင်းကို တစ်ချက်မော့ကြည့် ပြီး နောက်သို့ ပြန်ဆုတ် သွားသည်။ လော်ရာ က အံ့အား သင့်သွားသည်။ "ကျွန်မဆီ ဘာလို့လာရတာလဲ"
သူမက အသံ မာမာဖြင့် မေးသည်။ မျက်ရည်တွေက ပါးပြင်ပေါ်သို့ စီးကျလာသည်။ မျက်တောင် ရှည်ကြီးများ ပေါ်တွင်လည်း မျက်ရည်တွေ သီးနေသည်။

"ညီမ… သီချင်း… သီချင်းဆိုတာ သိပ်ကောင်းတာပဲနော်။ ဒါနဲ့… ဒါနဲ့…"
လော်ရာ စကားထစ်နေသည်။
"ဒါနဲ့ အဲဒီသီချင်းကို ဘာကြောင့်… အဲလေ… ညီမကို အဲဒီသီချင်း ဘယ်သူသင်ပေးတာလဲဟင်"
"ဘာဖြစ်လို့ သိချင်တာလဲ"
သူမ အသံက မာမြဲမာနေသည်။
"ဘာဖြစ်လို့ဆိုတာတော့ မမ အတိအကျ မပြောတတ်ဘူး။ ဒါပေမဲ့ သိချင်တာကတော့ အမှန်ပါပဲ ညီမရယ်"
သူမက ဘာစကား ဆက်ပြောရမှန်းမသိ ဖြစ်နေသည်။ အတန်ကြာတော့မှ ဆက်ပြောသည်။

"ညီမနဲ့ မမတို့က တစ်ယောက်ကို တစ်ယောက် နားလည်သင့်ပါတယ် ညီမရယ်။ ညီမ စိတ်မချမ်း သာအောင် ဘယ်တော့မှ မလုပ်ချင်ပါဘူး။ ညီမကလည်း မမကို စိတ်မချမ်းသာအောင် မလုပ်ဘူးဆို တာ မမ ယုံကြည်ပြီးသားပါ။ တကယ်တော့ ခရစ္စတိုဖာကလေးကိစ္စကို မမ တစ်ယောက်တည်း ဆုံး ဖြတ်လို့ မဖြစ်ဘူး။ ညီမနဲ့ နှစ်ယောက်ပေါင်းပြီး ဆုံးဖြတ်မှဖြစ်မယ်။ မမက ညီမအတွက် ဘာမှမပူပါ ဘူး။ အမှန်အတိုင်း ပြောရရင် မမနဲ့ မမရဲ့… အဲ… ကလေးရဲ့အဖေအတွက်သာ တွေးပြီး ပူနေတာ ပါ"
ဆွန်ယာက သူမ၏အင်္ကျီလည်ဟိုက်ထဲ ညှပ်ထည့်ထားသော ပိုးလက်ကိုင်ပဝါနုနုကလေးကို ထုတ် ယူကာ မျက်ရည်တွေကို သုတ်နေသည်။ ထို့နောက် ထိုင်ရာမှထပြီး တံခါးကို ပြန်ပိတ်လိုက်သည်။

လော်ရာအား ကုလားထိုင်တွင် ထိုင်ရန် ညွှန်ပြသည်။ သူမ ကိုယ်တိုင်ကလည်း မှန်တင်ခုံကို ကျော ခိုင်းပြီး တခြား ကုလားထိုင် လွတ် တစ်လုံး တွင် ဝင်ထိုင်သည်။ နှုတ်ခမ်းများ ခပ်တင်းတင်း တစ်ချက်ကိုက်လိုက်ပြီးမှ စကားစပြောသည်။ "ကျွန်မ သတ္တိရှိတဲ့ မိန်းမ မဟုတ်ပါဘူး။ ကျွန်မစိတ်ကို တင်းပြီးပြောတာပါ။ ကျွန်မက မမရဲ့… ကျွန်မက သူ့… သူ့ကို အများကြီး ချစ်ခဲ့ မိပါတယ်။ ဒါကြောင့်မို့ အဲဒီသီချင်းကို ကျွန်မဘာသာ ကျွန်မ လေ့ကျင့်သင်ယူခဲ့ပါတယ်။ ဒီသီချင်းက ကျွန်မ ရင်ထဲမှာ ခံစားနေရတာတွေ။ ကျွန်မ စိတ်ထဲမှာ ရှိ တာတွေ ကို ပြောပြနေသလိုပဲ။ ကျွန်မ အိပ်မက်တွေလည်း အများကြီးမက်ခဲ့ပါတယ်။ တစ်ခါတလေ အိပ်မက်ထဲ မှာ ကျွန်မ သူ့ကို တွေ့ရပါတယ်။ သူ ကျွန်မဆီ ပြန်ရောက်လာတယ်လို့ အိပ်မက်တွေ မက်ပါတယ်။ ကျွန်မက သူကလွှဲပြီး ဘယ်သူ့ကိုမှ မချစ်နိုင်ပါဘူး"
"အဲဒီတော့ ညီမက သားကလေးကို ဆက်လက် စောင့်ရှောက်ထားမယ်လို့ ဆိုလိုတာလား"
လော်ရာ က အကင်းပါးစွာဖြင့် စကားလမ်းကြောင်း ပြောင်း၍ မေးလိုက်သည်။

ဆွန်ယာက ခေါင်းကို ခါယမ်းလိုက်ပြီး…
"မဟုတ်ပါဘူး။ ကျွန်မ အဲဒီလို မဆိုလိုပါဘူး။ သူက ဖအေတူသားပါ။ ကျွန်မကို သူ ဘယ်တော့မှ မချစ်နိုင်ပါဘူး"
ဆွန်ယာ၏လှပသော နှုတ်ခမ်းကလေးတွေ တရွရွ တုန်ယင်နေကြသည်။ သူမက စိတ်ကိုတင်းကာ နှုတ်ခမ်းကို တအား ဖိကိုက်ထားလိုက်သည်။
"ဒီတော့ ညီမ ဆန္ဒကို ပြောပြစေချင်တယ်။ ညီမ ဘယ်လိုလုပ်ချင်သလဲ။ ဘာလိုချင်သလဲ။ မမ အနေနဲ့ အတတ်နိုင် ဆုံး ကူညီပါ့မယ်။ ဘာမှအားမနာပါနဲ့။ စိတ်ထဲမှာ ရှိတာကိုသာ ပြောပါ"
ဆွန်ယာ၏ ပါးပြင်ပေါ် သို့ မျက်ရည်တွေ သွန်ကျလာကြပြန်သည်။ သူမက လက်ကိုင်ပဝါဖြင့် ကမန်းကတန်း သုတ်ပစ်သည်။

"အမှန်ကို ပြောရရင် လောလောဆယ် ကျွန်မ ပိုက်ဆံပဲ လိုချင်ပါတယ်။ ကျွန်မအတွက် ပိုက်ဆံပဲ လိုနေပါတယ်"
"ပိုက်ဆံ… ဟုတ်လား"
ဆွန်ယာက မျက်လုံးပြူးကြီးများဖြင့် လော်ရာကို မော့ကြည့်လိုက်ပြီး…
"ကျွန်မ ကိုယ့်အိမ်နဲ့ ကိုယ် တစ်ယောက်တည်းနေချင်ပါတယ်။ ပန်းရိပ်သာမှာ မနေချင်တော့ဘူး။ ဒီလုပ်ငန်းကိုလည်း မလုပ်တော့ဘူး။ ဘာမှမလုပ်တော့ဘူး။ ကျွန်မ တစ်ယောက်တည်းပဲ နေတော့ မယ်။ ကျွန်မမှာ စောင့်ရှောက်မယ့် လူတွေ ရှိပါတယ်။ ကျွန်မဆီမျာ လုပ်ခဲ့တဲ့ အဘွားကြီးတွေရှိပါ တယ်။ သူက ကျွန်မကို မလိုချင်တော့ဘူးဆိုရင် ကျွန်မကို အိပ်ပဲပေးပါ။ တစ်ယောက် တည်း အေး အေးဆေးဆေး နေနိုင်တဲ့ အိမ်ကိုပဲ လိုချင်ပါတယ်" "ဒီလိုဆို ခရစ္စတိုဖာကလေး ကိစ္စကိုရော ဘယ်လိုစဉ်းစားထားသလဲ"
"ပိုက်ဆံ မရရင် သူ့ကို ပန်းရိပ်သာမှာ အလုပ်လုပ်ခိုင်းမယ်။ ကျွန်မကို ကူညီခိုင်းမယ်။ ပိုက်ဆံရရင် တော့ မမ သူ့ကို ခေါ်သွားပါ" "သူ့ကို မမ ခေါ်သွားမယ်" လော်ရာ့ ပါးစပ်မှ လွှတ်ခနဲ ထွက်သွားသည်။

လော်ရာက ဆွန်ယာ အနားမှ ပြန်လည်ထွက်ခွာသွားရမှာကို တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေမိသည်။ သူမသည် ချစ်စရာကောင်းသော ကိုရီးယားသူ ဆွန်ယာ ကို သံယောဇဉ် တွယ်နေမိသလိုလိုပင် ဖြစ် နေပြီ။
တခြား တစ်နေရာရာ တခြား တစ်ချိန်ချိန်တွင်သာ ဆိုလျှင် သူတို့နှစ်ယောက် ခွဲခွာ၍မရနိုင်သော မိတ်ဆွေ များ ဖြစ်သွားကြမည် မှာ သေချာသည်။
ယခုတော့ သူတို့နှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် ပူးပေါင်း၍မရအောင် ခြားနားနေကြ သည်။ သည်လိုခြားနားနေရခြင်းမှာ လူမျိုးမတူသောကြောင့်လည်း မဟုတ်။ ဘာသာစကား မတူ သောကြောင့်လည်း မဟုတ်။

သူတို့နှစ်ယောက်အား တကယ်ခြားနားထားသော တရားခံအစစ်မှာ ယောက်ျားတစ်ယောက်တည်း အား ချစ်မိသော "အချစ်" နှင့် "စစ်" တို့ပင် ဖြစ်သည်။
လော်ရာက ဆွန်ယာ၏ပခုံးပေါ်တွင် လက်တင်လိုက်ပြီး…
"မမ အများကြီး စိတ်မကောင်းပါဘူး ညီမရယ်။ အများကြီး စိတ်မကောင်းပါဘူး" ဟု လေသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။
"မမက ကံကောင်းပါတယ်။ ကျွန်မက ကံဆိုးပါတယ်"
ဆွန်ယာက ယင်းသို့ပြောပြီးတော့ ဘာမှမဖြစ်သလို ဟန်မျိုးဖြင့် မှန်တင်ခုံဘက်သို့ မျက်နှာ ပြန် လှည့်ကာ သူမ၏ချစ်စရာ နှုတ်ခမ်းများကိုသာ စိတ်အေးလက်အေးနှင့် အရောင် ခြည်သနေတော့ သည်။

ထိုနေ့ ဟိုတယ်သို့ ပြန်ရောက်တော့ လော်ရာက ခရစ္စထံသို့ စာရေးသည်။
    တစ်ချိန်မှာ တစ်ခုစီပဲ လုပ်ရမှာပဲ မောင်။ အနာဂတ်ကို ကျွန်မ ပြတ်ပြတ်သားသား မမြင် သေး ပါဘူး။ ပြဿနာက ရှိနေတုန်းပါ။ ဘာလုပ်ရမှာလဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မတော့ ကလေးကို ခေါ် ကိုခေါ်လာရတော့ မယ်။ လုပ်ငန်းစဉ် ကတော့ လွယ်လွယ်ကလေးပါ။
    မောင်ဟာ ကလေးရဲ့ဖခင်အစစ်ဖြစ်ကြောင်း ကျမ်းကျိန်လွှာကို ကျွန်မဆီပို့ပေးလိုက်ရုံပါပဲ။ ဒီက သံရုံးပုဂ္ဂိုလ်တွေ ကလည်း ကျွန်မကို တစ်နည်းနည်းနဲ့တော့ အကူအညီပေးကြလိမ့်မယ်လို့ ယုံ ကြည်ပါတယ်။ အဲဒီတော့ မောင့်အနေနဲ့ လုပ်ရမှာက… ကင်ခရစ္စတိုဖာကလေးဟာ ဆွန်ယာနဲ့ ရတဲ့ မောင့် ရဲ့ရင်သွေးအစစ်ဖြစ်ကြောင်း၊ ကျွန်မဟာ မောင့်ရဲ့တရားဝင်ဇနီးဖြစ်ကြောင်း၊ ကလေးကို ခေါ် လာဖို့အတွက် ကျွန်မ ကို မောင်က ကိုယ်စားလှယ်အဖြစ် လွှတ်လိုက်ကြောင်း… ကျမ်းကျိန်စာသာ အမြန်ပို့လိုက်ပါတော့။ ကျန်တာတွေ ကိုတော့ ကျွန်မဘာသာ ကျွန်မ ကြည့်လုပ်ပါ့မယ်။ မောင့်ဆီက ကျမ်းကျိန်စာကို ရပြီးတဲ့နောက် တစ်ပတ်အတွင်း မှာ ကျွန်မ အရောက်ပြန်လာခဲ့ပါ့မယ်။ ကျွန်မကို ဆန်ဖရန်စစ္စကိုမှာ လာကြိုပါ။ ဆွန်ယာ့ကိုတော့ ကျွန်မ တို့ ပိုက်ဆံပေးရလိမ့်မယ်… မောင်။
ထို့နောက် သူမနှင့် ဆွန်ယာ တို့ တွေ့ဆုံကြရပုံကို အသေးစိတ် ဖော်ပြသည်။

ဒီတော့… ပိုက်ဆံက ဘယ်လောက်ပေးရမှာလဲ။ ဘယ်လောက်ပေးသင့်တယ်ဆိုတာ ခရစ္စ သိပါလိမ့် မယ်။ ဆွန်ယာ ကလည်း အကျပ်ကိုင်ပြီး ဘယ်ရွေ့ဘယ်မျှရယ်လို့ အတိအကျ တောင်းတာမှ မဟုတ်ဘဲ။ အနည်း ဆုံးတော့ ဒေါ်လာ ငါးထောင်လောက် ဆိုရင် အလုပ်ဖြစ်ပါလိမ့်မယ်။ ဒါလောက် ဆိုရင် ဆွန်ယာအတွက် အိမလည်း ဝယ်နိုင်ပြီ။ ပိုတဲ့ငွေကို ချေးငှားစားမယ်ဆိုရင်လည်း ဖြစ်ပြီ။ တတ်နိုင်ရင်တော့… ဒေါ်လာ တစ်သောင်းလောက် ဆိုရင် အကောင်းဆုံးပဲ။ ဒါပေမဲ့…ဒါက အရေး မဟုတ်ပါဘူး။ ဒီကိစ္စက ကလေးကို အရောင်း အဝယ် လုပ်တာမှ မဟုတ်ဘဲ။ ခရစ္စက ဆွန်ယာနဲ့ အတူနေရင်ရနိုငမယ့် ငွေနဲ့ ကလေးနဲ့ အလဲအလှယ် လုပ်တဲ့ သဘောပါ။

ဆွန်ယာ့မှာ ပိုက်ဆံလိုနေတယ်… မောင်။

လော်ရာက အတွေးကိုရပ်ကာ စာကို ဆက်ရေးသည်။
တကယ်လိုအပ်နေလို့ပါ။ အခွင့်အရေးတစ်ခုအနေနဲ့ တောင်းတာ မဟုတ်ပါဘူး။ သူက လက်ရှိ ဘဝက ရုန်းထွက် ချင်နေတယ်။ သူ တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်တယ်။ သူက မောင့်ကို ဒီနေ့ အထိ မျှော်လင့်နေတုန်းပဲ။ မောင့်ကို သူ အများကြီးချစ်ပါတယ်။ သူနဲ့ တွေ့ဆုံ ပြီး စကားပြောရတာ ကျွန်မ အနေနဲ့ လိပ်ပြာမလုံသလို ခံစားမိရပါတယ်။ ကျွန်မကိုယ်ကျွန်မ အပြစ် ၏ရှိနေသလို ခံစားရပါတယ်… မောင်။ ဘာဖြစ်လို့လဲ ဆိုတော့… ကျွန်မက မောင့်မယားဖြစ်နေလို့ပဲ ပေါ့…။

""
ပန်းရိပ်သာတွင် ဆွန်ယာနှင့် မစ္စတာချိုတို့နှစ်ယောက်သား စကားလက်ဆုံကျနေကြသည်။
"ကျွန်မအနေ နဲ့ တစ်သက်လုံး ဒီအတိုင်း မသွားနိုင်ဘူးဆိုတာ မစ္စတာချို သဘောပေါက်ပါလိမ့်မယ်"
ဆွန်ယာက သူမ၏နူးညံ့လှသော လက်နှစ်ဖက်ကို ခါယမ်းရင်းပြောသည်။
မစ္စတာချို က စေတနာအပြည့်ဖြင့် စိတ်ဝင်စားစွာ နားထောင်နေသည်။ ရုပ်ရည်လှပသော ဆွန်ယာ၏ ဘဝ မလှသည် ကို သူ ကောင်းစွာသဘောပေါက်သည်။ ဆွန်ယာသည် ပြောသည့်အတိုင်း တကယ်လုပ် မည်ဆိုသည် ကိုလည်း သူ ယုံကြည်သည်။

နှစ်များ မကြာမီတွင်ပင် ဆွန်ယာ၏ချိုမြိန်သော အသံများသည် ဇရာသဘောအရ ပျက်ယွင်း လာကြပေ တော့ မည်။ သူမ၏ချစ်စရာကောင်းသော မျက်နှာပေါ်တွင်လည်း ဇရာရိပ်တွေ ထင်လာကြပေတော့ မည်။ ထိုအခါ သူမ သည် နာမည်ကျော် ကချေသည်မတစ်ယောက် ဘဝမှ မလွဲမသွေ ကျဆင်းရပေ တော့မည်။
သို့ဖြင့် သူမ အား သာမာန်ပြည့်တန်ဆာခေါင်း တစ်ယောက်အဖြစ်သာ လူတွေက အသိအမှတ်ပြုကြပေ တော့ မည်။ "ဟုတ်ပါတယ် ဆွန်ယာ။ မင်းဘဝကို ငါ သဘောပေါက်ပါတယ်။ ကိုယ်ချင်းလည်း စာမိပါတယ်"
မစ္စတာချို တကယ့်စေတနာဖြင့် ပြောသည်။

သူ့ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာသည်။ စင်စစ်ယခုမှ စတင်ဝင်လာသော အတွေးတော့ မဟုတ်။ ယခင် ကလည်း သည်အတွေးမျိုးဝင်ခဲ့ဖူးပြီဖြစ်သည်။ အကယ်၍ ဆွန်ယာသည် ပန်းရိပ်သာလုပ်ငန်းကို စွန့်၍ အမျိုးကောင်း သမီးအဖြစ်ဖြင့် ဘဝအသစ်ကို ထူထောင်မည်ဆိုပါက မစ္စတာချိုအနေဖြင့် ဆွန်ယာ အား အိမ်သူသက်ထားဖြင့် မရွေးနိုင်စရာမရှိ။ ဤသည်မှာ သဘာဝပင်။ သည်အချက်ကို လူတွေက လည်း နားလည်ကြမည်သာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ... ဆွန်ယာသည် သာမန်မိန်းမ တစ်ယောက် မဟုတ်။ ထင်ရှားသော အနုပညာရှင်တစ်ယောက်။ အဆိုကျော်တစ်ယောက်။ သမ္ဘာရှိသော ဂီတပညာ ရှင်တစ်ယောက် ဆိုသည်ကိုတော့ လူတိုင်းလက်ခံရမည်ပင်။ ထို့ပြင် အမေရိကန် ကပြားကလေးဖြစ် သော သူမ၏သားငယ် ကိုလည်း မစ္စက်ဝင်းတားက အမေရိကန်သို့ ခေါ်သွားတော့မည်ဖြစ်သည်။ သို့ဆို လျှင်... ဆွန်ယာ အနေဖြင့် တစ်ချိန်က အမေရိကန်တစ်ယောက်နှင့် ညားခဲ့သည်ဟူသော ပြဿနာ သည်လည်း နောက်ထပ်ပေါ်လာနိုင်စရာ မရှိတော့။ ယင်းပြဿနာ မပေါ်လျှင် သားကလေးတစ် ယောက် ရှိခဲ့သည် ဟူသော ပြဿနာလည်း လုံးဝ မပေါ်နိုင်တော့။

ထို့ကြောင့် မစ္စတာချိုအနေဖြင့် ဆွန်ယာအား ဇနီးမယားအဖြစ် လက်ထပ်မည်ဆိုလျှင် မဖြစ်နိုင်စရာ အကြောင်း လုံးဝ မရှိတော့။
မစ္စတာချိုက ပါးစပ်ကို လက်ဝါးနှင့်အုပ်၍ ခပ်သဲ့သဲ့ကလေးချောင်းဆိုးသည်။ ပြီးတော့မှ စကားပြော သည်။
"ငါ့သဘောကိုပြောရရင်တော့ ကလေးကို သူ့အဖေဆီ ပို့လိုက်တာ အကောင်းဆုံးပဲ ဆွန်ယာ၊ အဲဒါဆို ရင် မင်း အနေနဲ့လည်း ဂုဏ်သိက္ခာပျက်စရာ လုံးဝမရှိတော့ဘူး။ မင်းက ကလေးကို မင်းအမေနဲ့ပဲ ထား လာခဲ့တာ ဟာလည်း သိပ်ကောင်းတဲ့စိတ်ကူးပဲ။ ဒီကလေးဟာ မင်းရဲ့သားကလေးလို့ဘယ်သူမှ မသိကြ ဘူး။ ငါတောင်မှ မသိခဲ့ဘူး"

"ဟုတ်ပါတယ်။ ဘယ်သူမှ မသိပါဘူး။ ကလေးက ဒီရိပ်သာကိုတောင် တစ်ခါပဲလာဖူးတာ။ ကျွန်မက လည်း သူ့ကို ကိုယ်သား လို မဆက်ဆံဘဲ အလုပ်သမားတစ်ယောက်လိုပဲ ဆက်ဆံခဲ့ပါတယ်"
"အဲဒါ သိပ်ကောင်းတာပေါ့။ ပြီးတော့ ကလေးက မင်းနဲ့လုံးဝမတူဘဲ သူ့အဖေနဲ့သာ တူတာဟာလည်း သိပ်ကံကောင်းတဲ့ အချက်ပဲ။ အဲဒီတော့... သူ့ကို မြန်နိုင်သမျှ မြန်မြန်သာ ပို့လိုက်ပါတော့။ မင်းအနေ နဲ့ လောကဓံတရားကို အများကြီးခံစားခဲ့ရတ ငါ သိပါတယ်။ ဒါပေမဲ့ အဲဒါတွေ ဘာမှပြန်တွေးမနေပါနဲ့ တော့။ ရသလောက်ကိုသာ ယူတော့ ဆွန်ယာ၊ တန်သလောက် မရရင်လည်း ဘာမှမကျေမနပ် ဖြစ်မနေပါနဲ့တော့"
မစ္စတာချိုက ဆွန်ယာအား ကြင်နာမြတ်နိုးစွာဖြင့် စိုက်ကြည့်နေသည်။ ပြီးတော့ ဆက်ပြောပြန်သည်။

"မင်းအတွက် ငါ အစီအစဉ် ချထားပြီးပါပြီ။ ငါ့အတွက်ဆိုရင်လည်း မမှားပါဘူး။ ဖြစ်နိုင်တဲ့ အခြေအနေ လည်း ရှိပါတယ်။ ဖြစ်လည်း ဖြစ်နိုင်ပါတယ်။ မင်းဆီက ကလေးထွက်သွားတဲ့အချိန်ကစပြီး သူ့ အကြောင်း လုံးဝ ပြည်ဖုံးကားချပစ်လိုက်ပါ။ လုံးဝ မေ့ပစ်လိုက်ပါ။ အတိတ်ကို လုံးဝမေ့ပစ်လိုက်ပြီး အနာဂတ်ကိုသာ စဉ်းစားပါတော့။ ကလေးမရှိတော့တဲ့ အချိန်မှာ မင်းအနေနဲ့ အထီးကျန်ဖြစ်လိမ့်မယ် ဆိုတာ ငါ ကိုယ်ချင်းစာမိပါတယ်။ ဒါပေမဲ့ မပူပါနဲ့။ ငါ တစ်ယောက်လုံး ရှိပါသေးတယ်။ မင်း ဘဝ ကောင်းကျိုးအတွက် ငါ ကူညီနိုင်ပါတယ်။ တကယ်တော့... ငါလည်း မင်းလိုပဲ အထီးကျန် တစ်ယောက် ပါ... ဆွန်ယာ"
သူ တော်တော် ပြောလိုက်ပြီးပြီ။ သည်လောက်ဆို တော်သင့်ပြီ။ ဆွန်ယာ သဘောပေါက်လောက်ပြီ။
သူက ထိုင်ရာမှ ထရပ်လိုက်သည်။ ဆွန်ယာကလည်း လိုက်၍ ထသည်။
မစ္စတာချို ဘာကိုရည်ရွယ်၍ ပြောကြောင်း ဆွန်ယာက ကောင်းကောင်းကြီး သဘောပေါက်ပါသည်။

သူ့စကားကို ကြားရ၍ ဆွန်ယာ ဝမ်းသာရသည်။ ကျေးဇူးလည်း တင်မိသည်။ တစ်ချိန်တည်းတွင် ဝမ်း နည်းချင်သလိုလိုလည်း ခံစားရသည်။
တကယ်တော့ သူမ အသက်ရှင်နေသမျှ ဝမ်းနည်းခြင်း ဝေဒနာကိုတော့ တစ်ချိန်မဟုတ် တစ်ချိန် ခံစား ရဦးမည်ပင် ဖြစ်သည်။
သူမအနေဖြင့် မစ္စတာချိုကု ကြည်ညိုပါသည်။ လေးစားပါသည်။ သို့သော် ချစ်ဖို့ဆိုတာကိုတော့ သူမ တွေး၍ပင် မရ။ သူမဘဝတွင် ချစ်သူတစ်ဦးသာ ရှိခဲ့သည်။ ချစ်လင် တစ်ယောက်သာရှိခဲ့သည်။ ထိုချစ်လင်သည် သူမ အား သားကလေးတစ်ယောက်နှင့် ပစ်ထားခဲ့သည်။ သို့ပေမဲ့ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူ ပြန်လာ လိမ့်မည်ဟု သူမ စောင့်မျှော်နေခဲ့သည်။ ယခုတော့ သူမ သိခဲ့ရပြီ။ သူ ဘယ်တော့မှ ပြန်မလာတော့ ဆိုသည်ကို အတိအကျ သိခဲ့ရပြီ။ သူက သူကိုယ်တိုင်တော့ မလာ။ သူ့မိန်းမကိုသာ လွှတ်လိုက်သည်။

သူ့မိန်းမက ချောလည်း ချောသည်။ ပညာလည်း တတ်သည်။ ဂုဏ်လည်းရှိသည်။
သူ့မိန်းမက ငါ့ထက် အများကြီး သာပါတယ်။ ဒါကြောင့်မို့လည်း သူက ဒီမိန်းမကို ငါ့ထက် ချစ်တာပေါ့။ သူ့မိန်းမကလည်း သူ့ယောက်ျားကို သိပ်ပြီးချစ်ပုံရတယ်။ အဲလေ... ချစ်တဲ့ချစ်သူချင်း ပေါင်းကြတာဟာ အကောင်းဆုံးပါပဲ။ ချစ်နိုင်ကြပါစေ။ ပေါင်းနိုင်ကြပါစေ။
ဆွန်ယာသည် ဘာစကားမှ ပြန်မပြောဘဲ ကိုယ့်အတွေးနှင့်ကိုယ် မစ္စတာချို နောက်မှ လိုက်လာခဲ့သည်။
တံခါးဝသို့ ရောက်တော့ နှစ်ယောက်သား မျက်နှာချင်းဆိုင် ရပ်လိုက်ကြသည်။
ဆွန်ယာက လေးစားစွာဖြင့် အကြိမ်ကြိမ် ဦးညွှတ်၍ နှုတ်ဆက်နေသည်။
မစ္စတာချိုက ခေါင်းညိတ်၍ အသိအမှတ် ပြုသည်။
ပြီးတော့... မျက်နှာလွှဲကာ အိမ်ပေါ်မှ ဆင်းလာခဲ့သည်။

အပိုင်း (၃)

ခရစ္စသည် လော်ရာတို့အား ဆန်ဖရန်စစ္စကို လေဆိပ်မှ အသင့်စောင့်ကြိုနေသည်။
ခရစ္စ၏မျက်နှာကို လှမ်းမြင်လိုက်ရသည်နှင့် တစ်ပြိုင်နက်... "အင်း... မောင်က တကယ့်ကို ခန့်ချော ချော တဲ့ ယောက်ျားတစ်ယောက်ပါလား..." ဟု ကျိတ်ပြီး မှတ်ချက်ချလိုက်မိသည်။
သူမ၏ယောက်ျားသည် မည်မျှချောသည်ဆိုတာကိုပင် လော်ရာက မသိတော့သလို ခံစားမိရသည်။ အမှန်ကတော့ သူမ သိပါသည်။ သို့ပေမဲ့ သူမသည် တခြားတစ်နိုင်ငံတွင် (ရက်ပိုင်းမျှ နေခဲ့ရသည်တိုင်) မျက်နှာပုံသဏ္ဍာန်တစ်မျိုးရှိသော ယောက်ျားများကိုသာ မြင်နေခဲ့ရသောကြောင့် ယခု ခရစ္စ၏မျက်နှာ ကို ရုတ်တရက် မြင်လိုက်တော့ တစ်မျိုးတစ်ဖုံ ဆန်းနေသလို ထင်မိခြင်းဖြစ်သည်။
မစ္စတာချိုလည်း ခရစ္စလိုပင် ချောပါသည်။

သို့ပေမဲ့... ယခု အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းဖြင့် ခန့်ချောချောသည့် သူမ၏ယောက်ျား ကို မြင်လိုက်ရသောအခါ လော်ရာက ကမ္ဘာပေါ်တွင် ယောက်ျားနှစ်မျိုး၊ မိန်းမနှစ်မျိုးရှိနေသလို ထင် မှတ်မိသည်။ ယင်းနှစ်မျိုးအနက် ဘယ်အမျိုးတွင်မှ မပါဝင်သူကတော့ ကင်ခရစ္စတိုဖာကလေးသာ ဖြစ် သည်။
ကိုရီးယားမှ ထွက်ခွာလာသည့် အချိန်မှစ၍ ခရစ္စတိုဖာကလေးက လော်ရာ့ကိုသာ တွယ်ကပ်နေခဲ့ သည်။ သူမကိုသာ အားကိုးတကြီး ဖြစ်နေသည်။ လော်ရာကလည်း ကလေးအပေါ်တွင် ကြင်နာမှု အပြည့်ဖြင့် လှိုက်လှိုက်လှဲလှဲ တုံ့ပြန်ဆက်ဆံခဲ့သည်။

ပြီးတော့လည်း... ဆွန်ယာနှင့် မစ္စတာချိုတို့အား နောက်ဆုံးနှုတ်ဆက်၍ လေယာဉ်ပေါ်ရောက်လာ သည့်အချိန်မှ စပြီး ခရစ္စတိုဖာကလေးက လော်ရာအား "မေမေ..." ဟုပင် ခေါ်လာခဲ့သည်။
ဆွန်ယာ၏ပြောဆိုဆက်ဆံပုံကလည်း ပိပိရိရိရှိလှသည်။ သူမသည် ဒေါ်လာ ၃၅၀၀ တန် ချက်လက် မှတ်ကို အေးအေးဆေးဆေးပင် လက်ခံသည်။ နည်းသည်များသည် တစ်ခွန်းမှမပြော။ သူမက ချက် လက်မှတ်ကို အင်္ကျီရင်ဟိုက်ထဲတွင်လည်း မထည့်။ ပိုက်ဆံအိတ်ထဲတွင်လည်း မထည့်။ အဆုံးစွန်ပြော ရလျှင် စားပွဲပေးတွင်တင်ထားသော ချက်လက်မှတ်ကို နောက်တစ်ကြိမ် စောင်းငဲ့၍ပင် မကြည့်။ သူမ ၏အမူအရာကို ကြည့်ရသည်မှာ ယင်း ချက်လက်မှတ်သည် သူမအတွက် ဘာမှအဓိပ္ပာယ်မရှိဟူ၍ ခံယူ ထားပုံမျိုးပင် ပေါ်လွင်နေသည်။
လေဆိပ်တွင် ဆွန်ယာက သားကလေးအား ဆုံးမစကား ပြောသည်။

"ဟိုရောက်ရင် မင်းဖေဖေ့စကားကို မြေဝယ်မကျ နားထောင်ပါ... သား။ ပြီးတော့ မစ္စက်ဝင်းတား စကား ကိုလည်း တစ်သဝေမတိမ်း နားထောင်ပါ။ သူက မင်းဖေဖေရဲ့ဂုဏ်သရေရှိ ဇနီး...။ အခု မေမေ ပြော လိုက်တာတွေ ကို ဘယ်တော့မှမမေ့နဲ့။ အမြဲတမ်း သတိရပါ။ အခန်းထဲကို ဖေဖေ ဝင်လာရင် ထိုင် ရာက ထရပ်ပြီး အရိုအသေပေးပါ။ ဖေဖေ မထိုင်သေးခင် ကိုယ်က ပြန်မထိုင်နဲ့။ ဖေဖေ စိတ်ချမ်းသာ အောင် ကျောင်းစာ ကိုလည်း နေ့တိုင်းမှန်မှန် ကြိုးစားကျက်ပါ။ စားတဲ့သောက်တဲ့ အခါမှာ လည်း ဖေဖေ အရင် စစားပြီးမှ ကိုယ်က စားပါ။ အခု မေမေ ပြောလိုက်တာတွေကို တစ်သက်လုံး မမေ့ပါနဲ့"
သည်စကားတွေ ကို သူမက လော်ရာ့ရှေ့တွင်ပင် အင်္ဂလိပ်လို ပြောသည်။ သူမအနေဖြင့် သားကလေး ကို စည်းကမ်း တကျ ဆိုဆုံးမထားကြောင်း သိစေလိုသောကြောင့် ဖြစ်ဟန်တူသည်။
ခရစ္စတိုဖာကလေးက သူ့မေမေ၏စကားကို ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်သည်။ ပါးစပ်ကတော့ ဘာမှ ပြန် မပြော။ သူသည် လေယာဉ်ကွင်းတွင် ရှိနေစဉ် တစ်ချိန်လုံး ဘာစကားမှ မပြောခဲ့။ ဂျက်လေ ယာဉ်ကြီး တိမ်တိုက် ထဲ ရောက်တော့မှ ပထမဆုံး စကားတစ်ခွန်းကို စတင်ပြောသည်။

သူက လော်ရာ့ဘက်သို့ လှည့်ပြီး ခေါ်လိုက်သည်။
"မေမေ..."
လော်ရာ ပြုံးပြရုံသာ ပြုံးပြသည်။ သို့ပေမဲ့ သူမ၏မျက်လုံးအစုံတွင် မျက်ရည်တွေ ရုတ်တရက် ပြည့်လျှံ ကာ လာကြသည်။
ယခုတော့ ခရစ္စတိုဖာက ခေါင်းငုံ့နေရာမှ ဖခင်ဖြစ်သူအား မော့ကြည့်လိုက်သည်။ ပြီးတော့ သူ့ဖခင် ပထမပြောသည့် စကားကို နားစွင့်နေသည်။
"ဟဲလို... အဲ... အား"
ခရစ္စမှာ သားဖြစ်သူနှင့် ဇနီးတို့အား ဘယ်လိုနှုတ်ဆက်ရမှန်းပင် မသိတော့လောက်အောင် စိတ်လှုပ် ရှားနေမိသည်။ သူမက ပိန်ညှောင်ညှောင်ရုပ်ရည်နှင့် သနားကလေး အမူအရာရှိသော သားငယ်အား မလုံမလဲ ဟန်ဖြင့် ငုံ့ကြည့်နေသည်။ ကလေး၏မျက်နှာက သူ့မျက်နှာနှင့် တစ်ပုံတည်းဖြစ်နေသ်။ သူ့ နှလုံးသားသည် တဒိန်းဒိန်းဖြင့် အခုန်မြန် လာသည်။
"သိပ်အရပ်ရှည်တာပဲ"
ခရစ္စတိုဖာကလေးအား ဖခင်ကကြည့်ပြီး မှတ်ချက်ချလိုက်သည်။

သားအဖနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ကြက်သေသေနေကြသည်။
လော်ရာက ခရစ္စတိုဖာ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး...
"ကဲ... ကျွန်မတို့ ဒီကနေပြီး ဘယ်ကို သွားကြမလဲ"
သူမ၏လေသံက ပုံမှန်လေသံမျိုး။

"ငါ မြို့ပြင်က ဟိုတယ်တစ်ခုမှာ အခန်းငှားထားတယ်။ နေရာက တော်တော် အေးချမ်းတယ်။ လူလည်း သိပ်မလာဘူး။ လာဂူနာကမ်းခြေမှာ...။ တို့ အဲဒီရောက်တော့မှ အေးအေးဆေးဆေး စကားပြောကြတာ ပေါ့။ အေးအေးဆေးဆေး စီစဉ်နိုင်အောင်ဆိုပြီး ငါ ခွင့်နှစ်ရက်ယူလာခဲ့တယ်။ ဒါနဲ့... မင်း စာတွေက လည်း ဘာမှ မရေရာဘူး။ အားလုံးရှုပ်နေတာပဲ။ ပြဿနာက နှစ်ဖက်စလုံးမှာ ရှိနေတယ်။ ဒီမှာလည်း အခြေအနေတွေက သိပ်ပြီး တင်းမာနေတယ်။ သတင်းထောက်တွေ လာရင်တော့ မောင်းထုတ်ရမှာပဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ငါ ဘားမင်းကိုပါ ခေါ်လာခဲ့တယ်။ သတင်းထောက်တွေ ပြဿနာကို သူ ကြည့် ရှင်းလိမ့်မယ်။ ဒီကိစ္စ သတင်းစာတွေထဲ ပါလာရင်တော့ အားလုံး ရေစုန်မျောပြီသာမှတ်တော့။ ကဲ... တို့ ဒီနေရာ က မြန်မြန်ထွက်ကြရအောင်။ မင်းတို့ပစ္စည်းတွေ ဘားမင်းရွေးယူလာလိမ့်မယ်"
လော်ရာက ခရစ္စတိုဖာ၏လက်ကို ဆုပ်ကိုင်ထားရာမှ ပြန်လွှတ်လိုက်သည်။
"ကဲ... တို့နဲ့ အမီသာ လိုက်လျှောက်တော့ ခရစ္စတိုဖာ"
လော်ရာက ပြောသည်။

ခရစ္စတိုဖာက လော်ရာ ပြောသည့်အတိုင်း သူမဘေးမှ ခြေလှမ်းသွက်သွက်ဖြင့် လျှောက်လိုက်လာ သည်။
ခရစ္စ၏ခြေလှမ်းကို လော်ရာက အမီလိုက်နိုင်သော်လည်း ခရစ္စတိုဖာအဖို့မူ မနည်းကြီးမီအောင် လိုက် နေရသည်။ ခရစ္စက သူတို့ဘေး တွင် ကလေးတစ်ယောက်ပါလာမှန်း သတိမှပြုမိပါလေစ။
လေယာဉ်ကွင်း ဂိတ်ဝတွင် သူတို့အား ဘားမင်းက အသင့်စောင့်နေသည်။ သူက လော်ရာ့ဆီသို့ လက် ကိုကမ်းပေး လိုက်ပြီး...။
"မွေးရပ်မြေ က ကြိုဆိုပါတယ် မစ္စက်ဝင်းတား"
သူက ခရစ္စတိုဖာကလေးအား တစ်ချက်စောင့်ကြည့်ပြီး မျက်နှာလွှဲလိုက်သည်။

"ကျွန်တော် ပစ္စည်းတွေ သွားရွေးလိုက်မယ် မစ္စတာ ဝင်းတား"
"ကလေးက အင်္ဂလိပ်စကား တော်တော် နားလည်ရဲ့လား"
ခရစ္စက မေးသည်။
"သိပ် နားမလည်ဘူး"
လော်ရာက ပြန်ဖြေသည်။
"နည်းနည်းပဲ နားလည်ပါတယ်"
ခရစ္စတိုဖာက ပြုံးပြီးဝင်ပြောသည်။
သူ့အပြုံးက ပွင့်လင်းသည်။ ရဲတင်းသည်။ ခရစ္စက ပြန်ပြုံးပြီးရင်း...
"ကိစ္စမရှိပါဘူး။ မကြာခင် နားလည်လာပါလိမ့်မယ်။ ကျောင်းအိပ်ကျောင်းစား ပို့လိုက်ရင် မကြာခင် တက်လာမှာပါ"
"ကျောင်းအိပ် ကျောင်းစား ဟုတ်လား"
လော်ရာက ပြန်မေးသည်။
"မေးစရာရှိတာ နောက်တော့မှ မေးပါ"
""
ဆက်ရန်
.

No comments: