Sunday, September 16, 2012

ဟိန်းလတ် ဘာသာပြန် အဖြူ ကိုချစ်သော အမည်း အမည်းကိုချစ်သော အဖြူ အပိုင်း (၁)

ဘာသာပြန်သူ၏ အမှာ


ကျွန်တော်တို့ မြန်မာလူမျိုးများတွင် ချစ်စရာကောင်းသော ဓလေ့စရိုက် ကလေးတွေ အများအပြားပင် ရှိနေပါ သည်။
ကိုယ်လူမျိုး မို့ ကိုယ်ဂုဏ်တင်ပြောကြားခြင်း မဟုတ်ပါ။
နိုင်ငံရပ်ခြား တိုင်းတစ်ပါးသားများ ရေးကြသော "မြန်မာပြည်" နှင့် သက်ဆိုင်သော စာအုပ်တိုင်း တွင်ပင် မြန်မာ တို့၏ ချစ်စရာဓလေ့စရိုက်များကို မကွယ်မ၀ှက်တမ်း ၀န်ခံရေးသားခဲ့ကြသည်မှာ အထင်အရှား ပင် ဖြစ် ပါသည်။
အထူးသဖြင့် လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု မရှိဘဲ တန်းတူရည်တူ ဆက်ဆံတတ်မှု။

ဇာတ်နိမ့်ဇာတ်မြင့် မခွဲတတ်မှု။
အသားအရောင် ခွဲခြားခြင်း လုံးဝမရှိမှု စသည်တို့သည် အခြားသော လူမျိုးများတွင် ရှားမှရှားသော အရည်အချင်း တစ်ပါး ဖြစ်နေပါသည်။ မြန်မာတို့အဖို့မူကား အရေးတယူ ထားစရာပင် မလိုသော၊ ထမင်းစား ရေသောက် မေ့မေ့ပျောက်ပျောက် ထားလောက်သော ကိစ္စရပ်များသာတည်း။


မှတ်မှတ်ရရ မနှစ်က သင်္ကြန်။
ကျွန်တော် တို့ လမ်းထိပ်မဏ္ဍပ်မှာ ဆယ်ကျော်သက် သွေးစုန်းမျက်မည်းအရွယ် လှပျိုဖြူလေးများ အစုလိုက် အပြုံလိုက် ရှိသဖြင့် ရေပက်ခံကားများ တိုးမပေါက်အောင် စည်ကားနေပါသည်။
"ဒီကားက ဘဲလေးတွေက မိုက်တယ်ဟေ့။ ဂျင်းဂျက်ကက်တွေ ဂျင်းပင်တွေ ၀မ်းဆက်နဲ့ချည့်ပဲ။ ပက်ကွပက်"
"ဟေ့ ဟေ့ ကားဖုံးပေါ် ထိုင်နေတဲ့ ကောင်ကို ဖိပက်ကွ၊ ကျော်ဟိန်းနဲ့ တူတယ်ကွ"
ကောင်မလေးတွေ ကလည်း ကောင်မလေးတေါ။

ရေပက်သည့်နေရာမှာပင် မျက်နှာလိုက် ပက်ကြသည်။
သူတို့ကျတော့ "ဘဲ" ခပ်မိုက်မိုက်လေးတွေကိုမှ ရွေးပက်ကြသည်။
ကားတစ်ကား ဆိုက်လာသည်။ ထုံးစံအတိုင်း ရွေးပက်ကြသည်။
ကိုယ့်လူနှင့်ကိုယ်။ အသီးသီး အသက၊ အသက။
ကောင်ကလေးတစ်ယောက်မှာတော့ ပက်မယ့်လူမရှိဘဲ ကြားလပ်နေသည်။
သူကလည်း အာဂ။

"အစ်မရယ်၊ ကျွန်တော့်ကို တစ်ဖလားလောက် မပက်တော့ဘူးလား ဟင်"
သူ့ရှေ့တည့်တည့်မှ ဖြူဖြူချောချော ကောင်မလေးကို တောင်းပန်နေသည်။
"အို မပက်ချင်ပါဘူး၊ အသားမည်းမည်းနဲ့ ကုလားကို"
"အော် အစ်မ ရယ် ကုလားမှာလည်း အသည်းနဲ့ပါဗျာ၊ အသားမည်းပေမယ့် အသည်းက ဖြူပါတယ်"
တခြားသူတွေတော့ မသိ။ သူ့စကားလေးသည် ကျွန်တော့်ရင်ထဲကိုတော့ နက်ရှိုင်းစွာ စူးနစ်သွားခဲ့ပါ သည်။

အသားအရောင် လုံးဝ ခွဲခြားခြင်း မရှိသော နိုင်ငံတစ်ခုတွင်းမှ အမှတ်မထင် မြင်ကြားလိုက်ရသော အဖြစ် အပျက်လေး မို့ပါ။
သို့သော် သူတို့နှစ်ယောက်လုံး အလေးအနက်ထားကြမည့် ကိစ္စ ဟုတ်မည် မထင်ပါ။
ပြောသည့် သူကလည်း မေ့မေ့ပျောက်ပျောက်၊ ခံရသည့်သူကလည်း ပြီးလွယ် စီးလွယ် ဖြစ်ကြ သည်သာ ဖြစ်ပါသည်။
ကျွန်တော် တို့ ကမ္ဘာ၏ တခြားဘက် အခြမ်းတွင်ကား-


အသားအရောင်ခွဲခြားမှု။
ယင်းကြောင့် ယနေ့ တောင်အာဖရိကတွင် ကမ္ဘာပျက်နေရလေပြီး။ သွေးချောင်းစီးနေကြလေပြီ။
လက်နက် ကို လက်နက်ချင်း စစ်ခင်းပြီး သွေးစာရင်း ရှင်းနေကြပေပြီ။
ဗြိတိန်နှင့် အမေရိကတို့တွင်ကား -
အကြမ်းဖက် ဆန္ဒပြပွဲများ၊ လူဖြူလူမည်း အဓိကရုဏ်းများ၊ စစ်အေးတိုက်ပွဲသံများ ညံနေလေပြီ။
"လူဖြူ ဆိုတာ လူဝါ၊ လူမည်း၊ လူညိုတွေ ကို အုပ်ချုပ် မင်းလုပ်ဖို့ မွေးဖွားလာရတဲ့ သူတွေပဲ"
တစ်ချိန်က အာဏာရှင် ဟစ်တလာ က ထိုသို့ ဟစ်ကြွေးခဲ့ဖူးသည်။

စနစ်တကာ့ စနစ်ထဲတွင် "အသားအရောင် ခွဲခြားရေးစနစ်" သည် လူမဆန်ဆုံး၊ အဆင့်အတန်း အနိမ့် ဆုံး၊ အယုတ်ညံ့ဆုံး စနစ် ပင် ဖြစ်သည်။
ထိုစနစ်မျိုး ကို ယနေ့ နှစ်ဆယ်ရာစုခေတ်အထိ မွေးဖွားပျိုးထောင် အသက်ဆက်ပေးနေသူတွေ ရှိနေ သေး သည်။ အရေပြားပေါ် မှ အပ်ဖျားတစ်ထောက်စာမျှသာ ပါးလှပ်လှသော အရောင်အဆင်းလေးတစ်ခုအတွက် နှင့်၊ လူချင်း အတူတူ၊ တန်းတူ အခွင့်အရေး ရဖို့ဝေးစွ။ လူ့နောက်သူ့နောက်ရောက်ပြီး အောက်တန်းကျ လှသော ဘ၀မျိုး သို့ ရောက်ရှိနေကြရသော "အသားမည်း" များ၏ ကံကြမ္မာမှာ။
သို့သော သူတို့ကံကြမ္မာမှာ သူတို့၏ အတိတ်ကာလ ၀ိပါက်ကြောင့်တော့ မဟုတ်တန်ရာ။
သူတို့၏ ဇစ်မြစ် ကို သူတို့သိသည်။ တရားခံကို သိသည်။

ထို့အတွက် ခေါင်းငုံ့ခံ မနေကြတော့။
သို့ဖြင့် သူတို့၏ အနာဂတ်သည်ကား မဝေးလှတော့ချေ။
ကျွန်တော် သည် ၁၉၇၇ခုနှစ်က "ငမည်း" ဆိုသော စာအုပ်တစ်အုပ်ကို ရေးသားထုတ်ဝေခဲ့ဖူးပါသည်။ ထိုစာအုပ် အမှာစာ နိဂုံးပိုင်းတွင် "မြန်မာပြည်သူတို့၏ လူမည်းများအပေါ် စာနာစိတ်ကို ဤစာအုပ်က ယိုဖိတ်နိုင်စေမည် ဆိုပါက ဤစာအုပ်ကို ဘာသာပြန်ရကျိုးနပ်သည်ဟုပင် ယူဆမိပါသည်" ဟု ရေးသားခဲ့ပါသည်။
စာအုပ် ကပ်ဆိုက်နေသော ထိုကာလပိုင်းတွင် "ငမည်း" စာအုပ်မှာ ထင်တာထက် ပို၍ အရောင်းသွက် ခဲ့သည်ကို အားရ စဖွယ် တွေ့ရပါသည်။ မြန်မာပြည်သူတို့၏ လူမည်းများအပေါ် စာနာစိတ်ကို အတိုင်းအတာ တစ်ခုအနေဖြင့် အကဲဖြတ်ခွင့် ရခဲ့ပါသည်။
ထို့ကြောင့် "အဖြူကိုချစ်သောအမည်း အမည်းကိုချစ်သောအဖြူ" ကို အားမာန်ပြည့်ဝ စွာ ရေးသား နိုင်ခြင်း ဖြစ် ပါသည်။


"အဖြူကိုချစ်သောအမည်း အမည်းကိုချစ်သောအဖြူ"
ဤစာအုပ်မှာ နိုင်ငံရေးစာအုပ် မဟုတ်ပါ။ ၀တ္ထုစာအုပ်တစ်အုပ်သာ ဖြစ်ပါသည်။ သို့သော် သာမန်ဝတ္ထု ကား မဟုတ်။ ဇာတ်ကောင် များ ကိုယ်နှိုက်ကပင် ထူးခြား၍ ဖြစ်ပါသည်။
ဗီယက်နမ်မလေးနှင့် အမေရိကန်စစ်ဗိုလ်၊ ဗြိတိသျှမင်းသားနှင့် ဂျပန်ခရီးကြိုမလေး၊ ပြင်သစ်ပန်ချီ ဆရာနှင့် ဟာဝေယံ ကျွန်းသူ၊ ယိုးဒယားမင်းသမီးနှင့် အီတာလျံပြဇာတ်မင်းသား။
ကမ္ဘာ့စာပေနယ် တွင် လူမျိုးတစ်မျိုးနှင့် တစ်မျိုး ချစ်ကြိုက်ဆုံတွေ့ကြသော မေတ္တာဘွဲ့ စာအုပ် များစွာ ပေါ်ထွန်းခဲ့ပါသည်။ ပေါ်ထွန်းနေပါသည်။ ပေါ်ထွန်းပါဦးမည်။
သို့သော်
"အဖြူကိုချစ်သောအမည်း အမည်းကိုချစ်သောအဖြူ" မှ ဇာတ်ကောင်များကား ယခင်က မပေါ်ခဲ့ဖူး သော ဇာတ်ကောင်များ။ ကျိကျိတက်ချမ်းသာသော သန်းကြွယ်သူဌေးသား၊ ရုပ်ရည်ရူပကာ အင်မတန်ချောသော သူ၊ ဗြဟ္မာဏ ဇာတ်နွယ်၊ "အိန္ဒိယအမျိုးသားလေးတစ်ဦး" အမေရိကန်ပြည် တက္ကသိုလ်တစ်ခုမှ ပါမောက္ခချုပ် တစ်ဦး ၏ သမီး "အမေရိကန်နီဂရိုးမလေး" တစ်ဦး ၏ အချစ်ဇာတ်လမ်း။

လူဖြူတစ်ယောက်နှင့် လူမည်းတစ်ယောက်တို့၏ အချစ်ဇာတ်လမ်းမှာ မထူးဆန်းပါ။ အိန္ဒိယပြည်သား နှင့် လူမည်း မလေးတို့၏ ဇာတ်လမ်းမှာ ထူးဆန်းပါသည်။
"အမည်း" ချင်းအတူတူကြားမှ "အသားအရောင် ခွဲခြားမှုပြဿနာ" မှာကား ထူးခြားလှပါသည်။ "အသားအရောင် ခွဲခြားမှု" သရုပ်သကန်သည်လည်း ပိုမိုရုပ်လုံး ကြွလာပါသည်။ ပို၍ စက်ဆုပ် ရွံ့ရှာ ဖွယ် လည်း ကောင်း လာပါသည်။ သို့ဖြင့် စနစ်တစ်ခုကို တိုက်ဖျက်ရာတွင် အကောင်းဆုံးအနုပညာ လက်နက် တစ်ရပ် ဖြစ်လာခဲ့ပါသည်။

ဤစာအုပ်ပါ အခန်းတစ်ခန်းကို ၁၉၇၂ခုနှစ်လောက်က မိုးဝေမဂ္ဂဇင်းတွင် "ကိုသက် (မော်တင်စွန်း) "က "အဖြူကို ချစ်သောအမည်း အမည်းကိုချစ်သောအဖြူ" ဟူသော အမည်ဖြင့်ပင် တစ်လပြတ် ၀တ္ထု ကို လေး တစ်ပုဒ်အဖြစ် ဘာသာပြန် ဖော်ပြခဲ့ဖူးပါသည်။ ထိုဝတ္ထုတိုလေးကို စာဖတ်ပရိသတ် အတော် များများက အသည်းစွဲ ခဲ့ကြပါသည်။ ကျွန်တော်ကမူ ပို၍ စွဲလွန်းလှသဖြင့် မူရင်းစာအုပ်ကို မရအရ ရှာဖွေကာ၊ ယခုလုံးချင်း တစ်အုပ် အဖြစ် ပြန်ဆို ရေးသားလိုက်ရပါသည်။

မူရင်းစာအုပ်အမည် အတိအကျမှာ "ဗြဟ္မဏနှင့် ရွှေမင်းသမီး (The Brahman the Belle) ဖြစ်ပါသည်။ သို့သော် ကျွန်တော် က လူသိများနှင့်ပြီးသော အမည်တစ်ခု ဖြစ်သည့် "အဖြူကိုချစ်သောအမည်း အမည်းကို ချစ်သောအဖြူ" ဟူသော အမည်ကိုသာ ယူလိုက်ပါသည်။
ကုလသမဂ္ဂအဖွဲ့ကြီး၏ ၁၉၇၈ခုနှစ်အတွက် သတ်မှတ်ထားသော "နိုင်ငံတကာ အသားအရောင် ခွဲခြားမှုနှစ်"ကို ဤစာအုပ်ဖြင့် ဂုဏ်ပြုခွင့်ရသဖြင့် ကျေနပ်မိပါသည်။
 
ဟိန်းလတ်
၁.၉.၁၉၇၈



ရာဂျာသည် ဆင်စွယ်ဖြင့် ထုလုပ်ထားသော "လက်ခ်ျမီး မယ်တော်" ရုပ်တုရှေ့တွင် ရပ်လိုက်သည်။ လက်ခ်ျမီး မယ်တော် သည် လာဘ်လာဘပွားများမှုကို ကူမသော ဟိန္ဒူနတ်ဘုရားမ ဖြစ်သည်။ လက်ခ်ျမီး မယ်တော် ရုပ်တုနှင့် မျက်နှာချင်းဆိုင်တွင်ကား ဖြူဖွေးတောက်ပနေသော ဧရာမရေခဲ သေတ္တာကြီးတစ်လုံး။ ထိုရေခဲသေတ္တာ မွေးဖွားရာ နယ်မြေသို့ ရာဂျာ သွားရတော့မည်။ အိန္ဒိယမှ သူ ထွက်ခွာရတော့မည်။ ဌာနေ လပ်ကနောင်းမြို့ ကို ခွဲရတော့မည်။ သူမွေးဖွားခဲ့ရာ ဤအိမ်ကြီးကို စွန့်ရ တော့မည်။ တကယ်တော့လည်း ယခုအချိန် တွင် ဤအိမ်ကြီးမှာ လူသူနည်းပါးပြီး မေတ္တာတရားတွေ လည်း ခေါင်းပါးနေပါပြီလေ။

သူသည် နာရီ ကို စိတ်မရှည်စွာဖြင့် ကြည့်လိုက်၏။ ဒီလစ်တို့၊ မိုဟန်တို့၊ နီမာရ်တို့ ဘာဖြစ်လို့ မလာကြ သေး ပါလိမ့်။ သူတို့က နေ့လယ် လာကြမယ်လို့ ပြောခဲ့ကြပြီးသား။ သူတို့ကို နိုင်ငံခြားသွားမယ့် သတင်း ပြော မလို့ စောင့်နေတာ ခုထိပေါ်မလာနိုင်ကြသေးပါလား။ ဒီသူငယ်ချင်း သုံးယောက်နဲ့ သူ့အဘိုးဖြစ်သူ ကိုတော့ သူတကယ် ပဲ လွမ်းရပေမည်။ လပ်ကနောင်း တစ်မြို့လုံးတွင် စိတ်တူသဘောတူ ဟူ၍လည်း ဒီလူစုသာ ရှိသည် မဟုတ် ပါလား။ သူတို့သာမရှိလျှင် သူ့ဘ၀မှာ အထီးကျန်။ အဖေ့ကိုတော့ ချစ်စိတ် နည်းနည်း ရှိသေးသည် ဟုကား သူ ၀န်ခံရပေမည်။ သို့သော် အဖေ က အိမ်သိပ်ကပ်လေ့ မရှိသဖြင့် မရင်းနှီးလှ။ အမေ့အပေါ်တော့ ချစ် တာထက် သနားတာက ပိုမည်ဟု ထင်သည်။

သူငယ်ချင်း သုံးယောက်ထဲတွင်လည်း "ဒီလစ်" နှင့် သူ အရင်းနှီးဆုံး။ ဒီလစ်သည် မူစလင်။ သို့သော် ဆွေးမျိုး စပ်လျှင် သူနှင့် တစ်ဖက်တစ်လမ်းအနေဖြင့် ဆွေမျိုး တော်နေပြန်သည်။ ဒီလစ်အဒေါ်သည် သူ့ဦးလေးနှင့် လက်ထပ်ခဲ့ သည်လေ။ ထိုမင်္ဂလာဆောင်မှာ ၂၅နှစ်တိုင်တိုင် လပ်ကနောင်းမြို့တွင် ပြောစမှတ်လုံးလုံး ဖြစ်ခဲ့၏။ ဒီလစ် တို့ မိသားစုသည် ချမ်းသာကြွယ်ဝသော မင်းမျိုးမင်းနွယ် "ဂါမင်ဒါ" လူမျိုးများ ဖြစ်ကြသည်။ သူတို့ ပိုင်သော မြေများမှာ လက်ညှိုးထိုး မလွဲ။ သူတို့က ချမ်းလည်း ချမ်းသာ သည်။ သြဇာကိက္ကမလည်း ရှိ၏။ လူမှု အသိုင်းအ၀န်းကိုပင် ပယ်လှန်ဆန့်ကျင်နိုင်သော ဂုဏ်သြဇာတို့ နှင့်လည်း ပြည့်စုံသည်။ ထို့ကြောင့်ပင် မူစလင်-ဟိန္ဒူ လက်ထပ်ပွဲ ပင် ဖြစ်ခဲ့သည်မှာ အထင်အရှား။

"မိုဟန်ဒေဆိုင်း" ကမူ ကျောင်းဆရာဟောင်းတစ်ယောက်၏သား။ ဒီလစ်ချမ်းသာသလောက် မိုဟန် ဆင်းရဲ၏။ သို့သော် လပ်ကနောင်း ရှိ ဟိန္ဒူအသိုင်းအ၀န်းတွင်တော့ သူတို့ကို လက်ခံ အသိအမှတ် ပြုထားကြသည်။ အဘယ်ကြောင့် ဆိုသော် သူတို့က "ဗြဟ္မဏ" နွယ်ဝင်များ ဖြစ်သ်ည။ "နီမာရ်" ကမူ ဘင်္ဂါလီလူမျိုး။ သူ့မိခင် မုဆိုးမကြီးနှင့် အတူ အိမ်ကလေးတစ်လုံးတွင် နေထိုင်ကြသည်။ သူတို့က ဇာတ်နိမ့် "ဝေစယ" မျိုးနွယ်"
ဒီလစ်၊ မိုဟန်၊ နီမာရ်နှင့် ရာဂျာတို့အားလုံး တက္ကသိုလ် ရောက်ကြပြီး အချစ်ခင်ဆုံး အရင်းနှီးဆုံး သူငယ်ချင်း များလည်း ဖြစ်လာခဲ့ကြသည်။ ငါတော့ သူတို့အကြောင်းကို ငါ့အကြောင်းထက်တောင် ပိုသိ သေးတယ်ဟု ရာဂျာက တွေးမိသည်။

ငါက ဘယ်သူလဲ။ ငါက "ရာဂျာကုမတြိဝေဒိ" ပေါ့။ ဒေ၀သုံးပါး စောင့်ရှောက်သူတို့ အဓိပ္ပာယ် ရသူ။ ဗြဟ္မဏတွေထဲမှာ အမြင့်ဆုံး လူတန်းစား။ တကယ်လို့ ငါတို့ ဗြဟ္မဏတွေဟာ ဗြဟ္မာကြီးရဲ့ ဦးခေါင်းက ဖန်ဆင်းပေး တဲ့ လူတွေသာ ဖြစ်ရိုးမှန်လျှင်တော့ ငါ့ဘ၀ဟာ ဒီထက်ပျော်စရာကောင်းမှာ အမှန်ပဲ။ ငါ့ဘ၀ ရဲ့ ပျော်ရွှင်မှုကို ဒီမှာ မခံစားရသလောက်၊ အမေရိကကျရင် ကောင်းကောင်း ခံစားနိုင်မှာပဲလေ။ ရာဂျာသည် ဤသို့ ဖြေတွေးလေး တွေးမိပြန်သည်။
ရာဂျာ သည် မဟတ္တမဂန္ဒီ၏ ဓာတ်ပုံကြီး နံဘေးတွင် ရှိသော ရှေးဟောင်းမှန်ကြီးရှေ့တွင် သွား ရပ်ပြန်သည်။ သူ့ရုပ်သွင် ကို မှန်ထဲမှာ ကျေနပ်ဖွယ် မြင်တွေ့ရသည်။ သို့သော် ယုံကြည်စိတ် ပြည့်ဝမှု ကား မရရှိခဲ့။ သူ့အဘိုး မကြာခဏ ပြောဖူးသော စကားကို သွားသတိရမိသည်။

"မင်းမျက်နှာ က အားပျော့တတ်တဲ့ မျက်နှာမျိုးပဲကွ၊ တစ်နေ့ မင်း ဒါနဲ့ပဲ သောကတွေ ပွားလာရ လိမ့်မယ်နော်"
သို့သော် သူ့ကို ချစ်သော သူ့အဘိုးက နောက်စကားတစ်မျိုးလည်း ပြောတတ်ပါသေးသည်။
"မင်းဟာ ယောက်ျားချောတော့ ချောတဲ့အကောင်ပဲကွ၊ ဒါကို ဘယ်သူမှ ငြင်းလို့မရဘူး။ ငါကိုယ်တိုင် လည်း လူချော တစ်ယောက် ဆိုတော့ ငါ့အမွေ မင်းရခဲ့တာ ဖြစ်မှာပေါ့လေ"
ရာဂျာက သူ့ရုပ်သူ မှန်ထဲ သေသေချာချာ ကြည့်မိပြန်သည်။ အိန္ဒိယမှာ ချောတယ်လို့ပြောတဲ့ သူ့ရုပ်မျိုး ကို အခြေအနေ လုံးဝမတူတဲ့ အမေရိကမှာ လက်ခံနိုင်ကြပါမလား။ သူ့မျက်နှာက ပိန်ပိန် သွယ်သွယ်၊ မေးရိုး ကားကား၊ နှာခေါင်းက ဖြောင့်တန်းပြီး ချွန်နေသည်။ မျက်လုံးတွေက နက်ရှိုင်းနေ၏။ မျက်တောင် မွေး ရှည်ရှည် များသည် လိပ်ပြာတောင်ပံ ခတ်သလို ချောမွေ့သော မျက်နှာပြင်ပေါ်တွင် တဖျတ်ဖျတ် ဖွင့်ပိတ်နေတတ်၏။

ပါးစပ်ကလည်း ပုံပန်းကျနစွာ ထုလုပ်ထားသကဲ့သို့ သေသပ်လှပနေ၏။ နှုတ်ခမ်းသား ထူထူထဲထဲလေး များ သည် ဖွေးဖြူသော သွားများနှင့် ပဏာရလှ၏။ မေးချွန်ချွန်မှာမူ ယောက်ျားထက် မိန်းမပိုဆန်နေ သလားမသိ။
မဟာနဖူးပြင်ပေါ်တွင် ကောက်ကွေ့ဝဲကျနေသော ဆံစများကိုကား ဖြေင့်အောင် ဘယ်လို လိမ်းလိမ်း မရ။ ကွေ့ကွေ့ကောက်ကောက်နှင့် ဖြစ်ချင်တိုင်း ဖြစ်နေသော ကောက်တိ ကောက် ကွေ့ ဆံပင်ပုံစံကပင်လျှင် နှစ်လိုဖွယ်ရာ စိတ်ကူးယဉ်ဖွယ်ရာ မျက်နှာအလှအပ တစ်ခုကို ဖန်တီးထားသည့်နှယ်။
သူ့ရုပ်ရည် ကို သူအသေးစိတ် ရှုမှတ်နေစဉ်အတွင်းမှာပင် တံခါးခေါင်းလောင်းသံကို ကြားလိုက်ရသည်။ အိမ်ဖော်မလေးတစ်ဦးသည် ခြေဖော့နင်းကာ တံခါးသွားဖွင့်နေသံကိုပါ ကြားနေရ၏။ သူတို့အိမ်တွင် အိမ်ဖော်များ သည် မမြဲ။ တစ်ယောက်ပြီးတစ်ယောက် လဲနေရ သည်။ သူ့မိခင် စိတ်ကြိုက်နှင့် တွေ့သည်ဟူ၍ပင် မရှိ။

သူတို့နှင့် မြဲနေသူဟူ၍ ထမင်းချက်ကြီးတစ်ယောက်သာ ရှိသည်။ ပိန်ပိန်ရှည်ရှည်နှင့် အမြဲ ဖျတ်ဖျတ် လတ်လတ်  ဖြစ်နေသော ထမင်းချက်ကြီး၏ သြဇာကိုမူ သူ့အမေလည်း မပယ် လှန်သာ။ ထမင်းချက်ကြီး သည် ရှေးရိုးစဉ်လာ သမားကြီးလည်း ဖြစ်သည်။ လက်ယက်သည့် အဝတ်များကိုသာ ဝတ်တတ်၏။ ဖိနပ်ကို ပင်လျှင် ကြိုးကျစ် ဖိနပ်စီး၏။ သားရေဖိနပ် ဆိုသည်မှာ တိရစ္ဆာန်များကို သတ်ဖြတ်ပြီးမှ ပြုလုပ်ရသဖြင့် မသန့်ရှင်းဟု ဆို၏။

ရာဂျာ့အမေ ကဲ့သို့ ပင် သတ်သတ်လွတ်သမားကြီးလည်း ဖြစ်၏။ နံနက်စောစော ဈေးသို့သွားရာတွင် သူ့ဒိုတီနှင့် အမဲသားတန်းလျှောက်ရာ တွင် ပွတ်ထိမိလျှင် အိမ်ရောက်ရောက်ချင်း ရေမိုးသန့်စင် အဝတ်သစ် အစားသစ် လဲကာ ဘုရားသခင်ထံတွင် ခွင့်လွှတ်ရာ ခွင့်လွှတ်ကြောင်း အကြိမ်ကြိမ် ရှိခိုး တောင်းပန်တတ်သူ။
သူသည် လက်ကနောင်း တစ်မြို့လုံးတွင် အကောင်းဆုံး ထမင်းချက်တစ်ဦး အဖြစ် နာမည်ကြီးသူ ဖြစ်သည်။ သူတို့အိမ် တွင် မီးဖိုဆောင်နှစ်ဆောင် ထားသည်။ တစ်ဆောင်မှာ သူတို့မိသားစုအတွက် ချက်ပြုတ်ရန်၊ တစ်ဆောင် မှာ ပြင်ပ ဧည့်သည်များ၊ ပမာဆိုရလျှင် ဒီလစ်ကဲ့သို့သော မူစလင်၊ နီမာရ်ကဲ့သို့သော ဇာတ်နိမ့်များ အတွက် ကျွေးမွေးရန်၊ ပန်းကန် အိုးခွက် များလည်း တသီးတခြား၊ ဘယ်တော့မှ မရောနှောရ။

တံခါးဖွင့်သံ ကြားလိုက်ရသောအခါ သွားကျိန်းလွန်း၍ အံကြိတ်လိုက်ရသည်။ တံခါး ပတ္တားများမှာ ဆီ မထည့်သည်မှာ ကြာပေပြီ။ သူ့မိခင်ကို ဆီဝယ်ခိုင်းသော်လည်း ခုထိ အကောင်အထည် မပေါ်သေး။ ဈေးကိုဆီ ဘယ်သူ သွားဝယ် မလဲ။ သူ့အမေလား။ အမေက တော့ အိမ်ပြင်ထွက်ခဲလှ၏။ ဆွေမျိုးများထံ တစ်ခါတစ်ရံ သွားတတ်သည်မှ အပ တခြား ဘယ်မှမသွား။ စိတ်ဘဝင် ဝတိဖျားသို့ ရောက်နေသော အဖေ့အဖို့ တံခါး ပတ္တာထည့်ရန် ဆီ ဝယ်ရေး မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စ။ ဘဏ္ဍာစိုးကော။ တစ်ပတ်တစ်ခါ ဘဏ္ဍာစိုး ပြောင်းနေ ရသည်။ သူ့အမေ သည် ကြေးပြားလေးတစ်ပြား တစ်ချပ်မျှပင် ပေါက်ပေါက်စေ့စေ့ တွက်ပြီး လူတကာကို မယုံတတ် သူဖြစ်ရာ ဆီမဝယ်ဖြစ်ခင် မှာပင် တစ်ယောက်ပြီးတစ်ယောက် ထွက် ကုန်ကြပြီ။ သူကိုယ်တိုင်ကော၊ သူကလည်း အပြင်ထွက် သည်နှင့် တံခါးအကြောင်းကို မေ့သွား တတ်သူ။

သူ တံခါးပေါက် ရောက်သွားသော အခါ သူ့ သူငယ်ချင်းသုံးယောက်ကို တွေ့လိုက်ရသည်။
"သူရဲကောင်းကြီး ကို ကောင်းချီးပေးကြ" "ကမ္ဘာကြီး ကို ယဉ်ကျေးအောင် လုပ်ဖို့ သူရှေ့ခရီး ဆက်တော့ မယ်ဟေ့" "မှော်ဆရာလေးကို ဝိုင်းချီးကျူးကြ ရအောင်ကွ" "တော်လောက်ပါပြီကွာ၊ တော်လောက်ပါပြီ၊ ဒီလောက် မြောက်ပင့်ရုံနဲ့ပဲ ငါက ကျေနပ်လှပြီ သူငယ်ချင်းတို့ရယ်" ရာဂျာ က ပြန်ပြောသည်။ "ရာဂျာရယ် ငါတို့ကြားတာ အမှန်ပဲလား၊ မင်း အမေရိကကို တကယ်ပဲ သွားတော့မှာ လားကွ" တကယ်ပေါ့ မိုဟန်ရ။ ငါ့ခေါင်းကောင်းလို့ မြောက်စားတဲ့ အနေနဲ့ အမေရိကန်ကို ပို့ကြမှာကွ" မိုဟန် က ခေါင်းညွတ်ပြီး ဆလံသုံးကြိမ်ပေးသည်။ နောက်ပြီး သူက ပြောသည်။

"ဒါပေမဲ့ ဟေ့ကောင်ရ၊ မင်းကြားတယ် မဟုတ်လား။ မျက်ကန်းတို့နိုင်ငံမှာ မျက်လုံးတစ်လုံး တည်း ရှိတဲ့သူက ဘုရင်ဖြစ်တယ် ဆိုတဲ့ စကားလေ။ ဒီပညာသင်ဆုလျှောက်ကြတဲ့ သူတွေထဲ မှာ အညံ့အဖျင်းတွေချည်းပဲ။ ဒီထဲ မှာ မင်းက အောင်နိုင်သူဆိုတော့ အဲလေ အောင်နိုင်ပေမပေါ့ ကွာ ဟဲ ဟဲ"
"မိုဟန်ပြောတာ မှန် သကွ၊ ကျောင်းသာချင်း လဲလှယ်ရေး အစီအစဉ်မှာ မင်းလည်း ဓားစာခံ တစ်ယောက်ပေါ့ ကွာ" "ငါက ကျောင်းသားလဲလှယ်ရေး အစီအစဉ်နဲ့ သွားမှာမဟုတ်ဘူးကွ၊ ငါက အမေရိကန်နိုင်ငံရဲ့ ဧည့်သည်တော်ကျောင်းသား အနေနဲ့ သွားရမှာ၊ အဲဒီမှာ မဟာသိပ္ပံဘွဲ့ ယူရမယ်။ ကုန်ကျ စရိတ်အားလုံး အမေရိကန်နိုင်ငံ က ခံမယ်တဲ့" ရာဂျာက ပြန်ရှင်းပြလိုက်သည်။

"ဒါဆို မင်းတက်ရမယ့် တက္ကသိုလ်ကို မင်းရွေးပြီးပြီလားကွ"
နီမာရ်က နောက်ပြောင်နေသော သူငယ်ချင်းနှစ်ယောက်ကြားမှ ဝင်ပြီး အတည်ပေါက် မေးလိုက်သည်။
"ဒါတော့ မရွေးရသေးဘူးလေ။ တက္ကသိုလ်က သူတို့ထုံးစံအတိုင်း ရွေးပေးမှာပေါ့။ နိုင်ငံတကာ ပညာရေး တက္ကသိုလ် က ရွေးပေးရမယ်တဲ့။ ငါနားလည်တာကတော့ တက္ကသိုလ် ရာပေါင်းများ စွာက ငါ့ကို လိုချင်နေကြတယ် ကွ။ အဲဒီထဲကမှ ကံကောင်းချင်တဲ့ တက္ကသိုလ်တစ်ခုခုကို ငါ ရောက်ရမှာပေါ့ကွာ"
"အမေရိက မှာ သွားပညာသင်ရတယ်ဆိုတဲ့ အရသာကို စဉ်းစားကြည့်စမ်းကွာ" နီမာရ်က အားကျစွာ ပြောသည်။

"နီမာရ်ကလည်း အ ပါ့ပေ့ကွာ။ ရာဂျာက အမေရိကသွားပြီး ပညာသင်မှာမှ မဟုတ်တာ"
"ပညာသွားမသင်လို့ ဘာသွားလုပ်ရမှာလဲကွ" နီမာရ်က မေးသည်။
"အေးလေ၊ ပညာသင်ဖို့ မသွားလို့ ဘာလုပ်ဖို့ သွားရမှာလဲလို့" ဒီလစ်ကလည်း ထပ်မေး၏။"

ဆက်ရန်
.

No comments: