Wednesday, September 5, 2012

မောင်ပေါ်ထွန်း ဘာသာပြန် ရေမြေခြားသော်လည်း, အပိုင်း (၁၃)

''အို... ဟုတ်ကဲ့. နောက်ထပ် ကျေးဇူးအများကြီး တင်ပါတယ်ရှင် ဂွတ်နိုက် မစ္စတာချို'' လော်ရာ  တံခါးရွက် ကို ပြန်ပိတ်ပြီး လက်ကိုင်ဖုကို လှည့်ကာ သော့ခတ်လိုက်သည်။ အခန်း ထဲတွင် သူမတစ်ပါး ဘယ်သူမျှ မရှိ။ အားငယ်စိတ်သည် ဆိုင်းမဆင့် ဗုံမဆင့် ဝင်ရောက်လာပြီး သူမ တစ်ကိုယ်လုံး ခြုံလွှမ်းသွားသည်။ အထီးကျန် အဖော်မဲ့ခြင်း ဝေဒနာကို သူမ ဆို့နင့်စွာ ခံစားရတော့ သည်။ ကို ဆက်ဖတ်ရန်.........

သည်လိုအခြေအနေမျိုးကို သမုဒ္ဒရာရေအောက်တါင် ထူးဆန်းသော ရေသတ္တဝါများ အကြား ၌ ရေကူး နေစဉ်တုန်း ကသာ မကြာခဏကြုံခဲ့ရဖူးသည်။ လူသားကမ္ဘာနှင့် တခြားစီဖြစ်သော ရေအောက် ကမ္ဘာ တွင် ရောက်ရှိလာ စဉ် စိတ်အားငယ်ခြင်း ဝေဒနာသည် သူမအား တကယ်ပင် ဖိစီးခဲ့သည်။ သို့သော် လည်း သူမသည် မိမိစိတ် ကို ထိန်းချုပ်နိုင်ခဲ့သည်။ အဏ္ဏဝါဗေဒပညာရှင် လုပ်မည်ဆိုလျှင် ရေအောက် ၌ စိတ်အားငယ် ဝေဒနာ ကို ခံစားရမည်မှာ ရှောင်လွဲ၍ မရသော ဓမ္မတာပင် ဖြစ်သည်။ သို့သော် ရေအောက်သို့ တစ်ယောက်တည်းမဆင်းဘဲ အဖော်နှင့် ဆင်းလျှင် ယင်းအခက်အခဲကို ကျော်လွှား နိုင်သည်သာ ဖြစ်သည်။

တစ်ခါက လုပ်ဖော်ကိုင်ဖက်ဖြစ်သူ သိပံ္ပပညာရှင် ဂျွန် ဝီလတန်နှင့် အတူ ပင်လယ်ရေ မျက်နှာပြင် အောက် ပေခုနှစ်ဆယ် အထိ ငုပ်၍ သုတေသနလုပ်ငန်းများ လုပ်ခဲ့ဖူးသည်။ ဝီလတန်က သူမ၏ ဘေး မှ စောင့်ရှောက် လိုက်ပါလာသည်။ သူမက ရေစီးနှင့်အတူ မျောပါလာသော အယ်လဂျေူးပင်မျာူးကို တစ်မျိုးပြီး တစ်မျိုး ရှာဖွေစုဆောင်းသည်။ မတော်လျှင် ငမန်း သို့မဟုတ် ဘာရာကျူဒါ စသော လူသား စား ရေသတ္တဝါကြီး များ၏ အန္တရာယ်နှင့် အချိန်မရွေး ဝင်တိုးနိုင်သည်။ သို့သော်လည်း သူမက လုံးဝ မကြောက်။ စိတ်အား ငယ်ခြင်း လည်း လုံးဝမဖြစ်မိ။
အဘယ့်ကြောင့်ဆိုသော် မိမိဘေးတွင် စောင့်ရှောက်လိုက်ပါလာသော အဖော်တစ်ယောက် ရှိနေ သောကြောင့် လည်း ဖြစ်သည်။ ထို့အပြင် မိမိတို့၏ သုတေသန လုပ်ငန်းကြီး အောင်မြင်လျှင် လူသား အားလုံးအတွက် တန်ဖိုး မဖြတ်နိုင်သော အသက်ကယ် ဆေးစွမ်းကောင်းများကို ဖော်ထုတ်နိုင်မည် ဟူသော ယုံကြည်ချက်ကြောင့် လည်း ဖြစ်သည်။
ယခုမူ ထိုသို့ မဟုတ်။ သူမသည် အလွန်တရာမှ အားငယ်မိသည်။

ကုလားထိုင်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး သူမ အခြေအနေကို ပြန်လည် သုံးသပ်ကြည့်သည်။
ငါ ဒီကို ဘ့ာလာလုပ်နေတာလဲ။ ငါဘာမှမသိတဲ့။ ဘာမှနားမလည်ဘဲ ဒီနေရာမှာ ခရစ္စလည်း မပါဘဲနဲ့ ဘာလုပ်နေရတာလဲ။ ဒီနေရာမှာ နေနိုင်ဖို့အတွက် ငါ့မှာ ဘာအခြေအနေမှလည်း မရှိဘူး။ ဘယ်သူမှ လည်း မရှိဘူး။ ငါနဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ လာခဲ့ပေးမဲ့ အခုအချိန်အထိ ပြဿနာရဲ့ အဖြေ ကိုလည်း စဉ်းစားလို့ မရသေးဘူး။ အလကားပဲ။ အချိန်ကုန် လူပန်းရုံပဲ ရှိမယ်။ အိမ် ကို မြန်မြန်ပြန်တာပဲ အကောင်းဆုံး ဖြစ်လိမ့်မယ်။
တကယ်တော့ ဒီပြဿနာက စစ်ကြောင့် ဖြစ်လာရတဲ့ ပြဿနာပါ။ စစ်ပွဲတွေ ရှိနေသမျှ ဒီပြဿနာ မျိုး တွေလည်းအမြဲတမ်း ပေါ်ပေါက်နေဦးမှာပဲ။ ဘယ်တော့မှ ဖြေရှင်းလို့ ဆုံးနိုင်မှာ မဟုတ်ဘူး။
သူမက စိတ်လျှော့ဟန်ဖြင့် လက်နှစ်ဖက် ကို ရှေ့သို့ ဆန့်ကားလိုက်သည်။

ထိုအခိုက် စားပွဲပေါ်မှ တယ်လီဖုန်း မြည်လာသည်။ စကားပြောခွက်ကို ကမန်းကတန်း ကောက်ကိုင် လိုက် သည်။ ကိုရီးယားသံဝဲဝဲဖြင့် အင်္ဂလိပ်လို ပြောသံကို ကြားရသည်။
''မစ္စက် ခရစ္စတိုဖာ ဝင်းတားနဲ့ ကျေးဇူးပြုပြီး ပြောပါရစေ''
''ဟုတ်ကဲ့ ပြောပါ'' ''အဝေးပြော တယ်လီဖုန်း လာနေပါတယ်ရှင်''
လော်ရာက ဘာမှ ပြန်မပြောလိုက်နိုင်မီမှာပင် ခရစ္စ၏ အသံကို ကြားရတော့သည်။ အသံက ရေမြေ တောတောင် အထပ်ထပ် ကို ကျော်ဖြတ်ကာ ရောက်လာသော်လည်း အခန်းချင်းကပ်၍ ပြောနေသလို ပင် ပီပင်ပြတ်သားသည်။ တစ်ခါတလေ လေထု အပြောင်အလဲကြောင့် မသိမသာ အသံ အနိမ့်အမြင့် တော့ ရှိနေသည်။

''ခု ပြောနေတာ လော်ရာလား''
''ဟုတ်ပါတယ်... မောင်။ မောင့်အသံ ကြားရတာ ကျွန်မ ဝမ်းသာလိုက်တာ မောင်ရယ်။ မောင့်ဆီ ကျွန်မ ဖုန်း မဆက်မိတာ အများကြီး စိတ်မကောင်းပါဘူး'' ''မင်း ဘယ်တော့ ပြန်လာမယ် စိတ်ကူးသလဲ''
''ဘာဖြစ်လို့လဲ ကျွန်မ ဘယ်လိုမှ မပြောနိုင်သေးဘူးး.... မောင်။ ကျွန်မ အခုမှ လုပ်ငန်းစခါစ ရှိသေး တယ်။ ကျွန်မ ကလေးနဲ့တော့ တွေ့နေရပါပြီ'' ''ကလေးက ဘယ်သူနဲ့ တူသလဲ'' ''မောင့်ရုပ်အတိုင်းပါပဲ''
တစ်ဖက်မှအသံ တိတ်သွားသည်။ လော်ရာက အော်၍ ခေါ်လိုက်သည်။

''မောင်… မောင်…''
''ပြောပါ... ငါ နားထောင်နေပါတယ်''
''ကလေး ကိစ္စ ကျွန်မ ဘယ်လိုလုပ်ရမှန်း မသိဘူး... မောင်''
''သူ့ကို တစ်နေရာက သင့်တော်တဲ့ ကျောင်းတစ်ကျောင်းမှာ အပ်ထားခဲ့ပါ။ ပြီးရင် အမြန် ပြန်လာခဲ့ တော့။ ဒီက အခြေအနေ က မင်း မရှိလို့ မဖြစ်တော့ဘူး။ ငါ့ကို ပါတီက ကိုယ်စားလှယ်လောင်းအဖြစ် ရွေးလိုက်ပြီ''
''အိုး... ကြားရတာ ဝမ်းသာလိုက်တာ မောင်ရယ်''
''ဒါပေမဲ့.. လုပ်စရာတွေ တစ်ပုံကြီး ရှိသေးတယ်။ ဒါနဲ့ ... ပိုက်ဆံ လုံလုံလောက်လောက် ရှိသေးရဲ့ လား''
''ဟုတ်ကဲ့။ အများကြီး ရှိပါသေးတယ်။ ကျွန်မ ဒီမှာ တစ်ပြားမှ မသုံးရသေးဘူး။ ကျွန်မ ဆွန်ယာနဲ့ လည်း တွေ့ပြီးပါပြီ''
''သူ့မှာ ငွေကြေး အကူအညီများ လိုသလား''
''အဲဒါတော့ သူက ဘာမှ မပြောသေးဘူး။''

''မင်းအနေနဲ့ အခက်အခဲ တစ်ခုခုကြုံရင် အမေရိကန်သံရုံးကို အကူအညီတောင်းဖို့ မမေ့ပါနဲ့ သူတို့ကို ဒီအတွက် ထားတာ'' ''ကျွန်မမှာ ဘာအခက်အခဲမှ မရှိပါဘူး။. နောက်တစ်ဆင့် ဘာလုပ်ရမယ်ဆိုတာကို မဆုံးဖြတ်နိုင်သေး တာ တစ်ခုပါပဲ'' ''ဒါဆိုရင် အိမ်ကိုပဲ ပြန်လာခဲ့ပါတော့လား''
''ပြန်လို့ မဖြစ်သေးဘူးမောင်။ ကျွန်မ ဒီကိုရောက်လာပြီးမှ ဘာမှမလုပ်နိုင်ခဲ့ဘဲ ပြန်လို့ မဖြစ်သေးဘူး။ ကလေး အတွက် တစ်ခုခု လုပ်ပေးခဲ့ဦးမှ'' ''ဒါဖြင့်လည်း ငါ လိုက်လာခဲ့ရမှာလား''
''မလိုပါဘူး။ လုပ်စရာ ရှိတာတွေ ကျွန်မပဲ လုပ်ခဲ့ပါ့မယ်''

စကားဆက်ပြောစရာတော့ ကုန်သွားပြီ။ သို့သော်လည်း လော်ရာက စကားပြောခွက်ကို ပြန်မချသေး ဘဲ ကိုင်မြဲ ကိုင်းထားသည်။ သူမက ခရစ္စ၏ အသံကို ဆက်၍ ကြားချင်နေသေးသည်။
''မောင်... ကိုရီးယားနိုင်ငံက သိပ်ပြီးလှတာပဲ။ ဒါကို မောင် အရင်တုန်းက ကျွန်မကို မပြောပြခဲ့ဖူးပါဘူး။ ဒါပေမဲ့ ကျွန်မ အတွက်တော့ အားလုံးလိုလို စိမ်းနေတယ်… မောင်။ လူလည်း တစ်ထွေ၊ ရေလည်း တခြား ဆိုသလို ဖြစ်နေတယ်။. သူတို့စသကားလည်း ကျွန်မ နားမလည်ဘူး။ သူတို့သဘောထားလည်း နားမလည်ဘူး။ သူတို့က ကျွန်မ တို့ တွေးသလို မတွေးကြဘူး''
''ငါ ပြောတာသာ လုပ်ပါ။ အမေရိကန်တွေဆီက အကူအညီတောင်းပါ''
''ကောင်းပါပြီ... မောင်''
ရုတ်တရက် တစ်ဖက်မှ အသံတိုးသွားသည်။ ခရစ္စက စကားဆက်ပြောနေသော်လည်း လော်ရာက ပီပီ သသ မကြားရတော့။

''မောင်.... မောင်... ကျွန်မဖုန်းကို ကိုင်ထားသေးတယ်လေ။ ပြောပါ... ဆက်ပြေပါ''
သို့သော်လည်း အချည်းနှီးသာ။
နောက်ဆုံးတော့ သူမက တယ်လီဖုန်းကို ပြန်ချလိုက်ပြီး အိပ်ရာထဲတန်းဝင် လိုက်လေတော့သည်။

နောက်တစ်နေ့ မနက် အိပ်ရာမှ နိုးလာတော့ ညတုန်းက သူမ အိပ်မက်မက်ခဲ့သလို ထင်မှတ်မိသည်။ အိပ်မက်ထဲ တွင် ခရစ္စနှင့် စကားပြောခဲ့သလိုလို ထင်နေမိသည်။ ပြောခဲ့သော စကားတွေကိုလည်း သူမက အသေးစိတ် မှတ်မိနေသည်။ ငါပြောတာသာ လုပ်ပါ။ အမေရိကန်တွေဆီက အကူအညီတောင်းပါ။ ခရစ္စက ယင်းသို့မှာ သွားသည်။ သူ မှာသွားသည့်အတိုင်းလည်း သူမက တကယ်လုပ်သည်။
အိပ်ယာ မှ ထပြီးနောက် ရေမိုးချိုးသည်။ ဖြီးလိမ်းပြင်ဆင်သည်။ ပြီးတော့.... အောက်ထပ်သို့ ဆင်းလာ ခဲ့သည်။
''အမေရိကန်သံရုံး ဘယ်မှာ ရှိပါသလဲ'' သူမက ဟိုတယ်စာရေးကို မေးကြည့်သည်။

''ဟိုတယ်ရှေ့က လမ်းမကြီးဖြတ်ကူးလိုက်ပြီး တွေ့တဲ့လူ မေးကြည့်ပါ မဒမ်'' လော်ရာအား ရုံးခန်းမကြီးထဲ သို့ ခေါ်လာသည်။ နောက်တစ်ခန်းသို့ ဆက်ဝင်လာသည်။ မျက်နှာထား အေးစက်စက်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်ကို တွေ့ရသည်။ ''မစ္စက်ဝင်းတားလား၊ ထိုင်ပါ။ ကျွန်မ ဘာအကူအညီ ပေးရမှာပါလဲ''
ထိုအမျိုးသမီးက အိုဟိုင်ယို ပြည်နယ်သံ ဝဲဝဲဖြင့် မေးသည်။ လော်ရာက ကုလားထိုင်တွင် ဝင်ထိုင် လိုက်ပြီးနောက်.... ''ကျွန်မ ကလေးတစ်ယောက်ကို ရှာဖို့လာတာပါ။ အမေရိကန်ကပြား ကလေးပါ.... မစ္စ.... ''
''ကျွန်မ နာမည် မစ္စပစ်တမင်းပါ၊ ကလေးက ရှင့်ယောက်ျားရဲ့ ကလေးလား'' ''မစ္စပစ်တမင်းက ဘယ်လို လုပ်ပြီး သိပါ သလဲ''

''ဒီကိစ္စမျိုးအတွက် လာတာ ရှင်က ပထမဆုံး မဟုတ်ပါဘူး။ နောက်ပြီးတော့လည်း..... ရှင့်လို အမျိုးသမီးတွေ သာ မဟုတ်ပါဘူး။ အမျိုးသားတွေ ကိုယ်တိုင်လည်း သူတို့သားသမီးတွေ ရှာဖို့ မကြာမကြာ ရောက်ကြပါတယ်''
‘အဲဒီလို ကလေးတွေ နဲ့ ပတ်သက်ပြီး ကျွန်မတို့ အစိုးရက ဘယ်လိုအကူအညီများ ပေးနိုင်ပါမလဲ’’
‘ဘာအကူအညီ မှ မပေးနိုင်ပါဘူး မစ္စက်ဝင်းတား။ ကျွန်မတို့မှာ အဲဒီကလေးတွေကို ကူညီရေးအတွက် ဘာစီမံကိန်း မှ ချမှတ်ထားတာ မရှိသေးပါဘူး။ အခုဆိုရင်... ကျွန်မတို့ နိုင်ငံက စစ်သားတွေ အာရှ နိုင်ငံပေါင်း ခုနစ် နိုင်ငံမှာ ရောက်နေကြတယ်။ အဲဒီတော့.....’’
‘အဲဒီတော့ သူတို့နဲ့ ရတဲ့ အဲဒီနိုင်ငံက ကလေးတွေ ဘယ်လို အခြေအနေမျိုး ရောက်နေပါသလဲ’’
‘အဲဒါတော့ ကျွန်မလည်း ဘာမှ မပြောတတ်ပါဘူး။ ကျွန်မတို့မှာ သူတို့အတွက် ဘာစီမံကိန်းမှ....’’
‘ဒီအချက် စောစောက ပြောပြီးပါပြီ’’ မစ္စပစ်တမင်းက စားပွဲပေါ်မှ စာရွက်များကို လှန်ကြည့်နေသည်။

‘အဲဒီတော့ ကျွန်မက ဘာကူညီရမှာလဲ’’
‘ကျွန်မအနေနဲ့ အကောင်းဆုံး လုပ်သင့်တဲ့ အချက်ကို သိပါရစေ’’
‘ဒါကတော့ မစ္စက်ဝင်းတားက ဘာကို လုပ်ချင်တယ် ဆိုတာပေါ်မှာ တည်ပါတယ်’’
‘လောလောဆယ် ကျွန်မ ဘာကို လုပ်ရမှန်း မသိအောင် ဖြစ်နေပါတယ်’’
‘လုပ်နိုင်တာက နှစ်ချက်တော့ ရှိတယ် မစ္စက်ဝင်းတား။ ဒါပေမဲ့ အဲဒီနှစ်ချက် အနက် တစ်ချက်ကိုပဲ လုပ်လို့ရမယ်။ အဲဒီကလေး ကို ဒီမှာပဲ ထားပစ်ခဲ့ပါ။ ဒါမှမဟုတ် အမေရိကကို ခေါ်သွားပါ’’
‘ဒီမှာပဲ ထားပစ်ခဲ့ရင် ကလေးအနေနဲ့ ဘယ်လို ဖြစ်လာနိုင်ပါသလဲ။ ကျွန်မ ဆိုလိုတာက သူ့ကို ဘော်ဒါကျောင်းမှာ အပ်ထားခဲ့ရင် ဖြစ်ပါ့မလား’’ ‘ဒီမှာက ဘော်ဒါကျောင်းက ကလေးတိုင်းကို လက်မခံဘူး။ ဒါနဲ့ သူ့အသက် ဘယ်လောက် ရှိပြီလဲ’’

‘၁၂ နှစ်ပါ’’ ‘ဒါဆိုရင် ဒီမှာ သူ့အတွက် ဘော်ဒါကျောင်း မရှိဘူး။ သူ့ကို မိဘမဲ့ကလေး တစ်ယောက်အဖြစ် မသတ် မှတ်ဘူး’’ ‘ဒါဖြင့် ကျွန်မ ဘယ်လို လုပ်ရပါ့မလဲ’’ ‘’အကောင်းဆုံးကတော့ သူ့ကို မေ့ပစ်လိုက်ပါ။ တခြား အမေရိကန်တွေ လည်း ဒီလိုပဲ လုပ်ကြတာပဲ။ သူတို့လို ကလေးတွေက ထောင် သောင်းချီလို့ ရှိနေတယ်’’
‘သူတို့လေးတွေ နောင်ရေး ဘယ်လို နေပါ့မလဲ’’
‘ဒါက ဒီနိုင်ငံမှာ ဘာတွေ ဖြစ်လာမလဲဆိုတဲ့ အချက်အပေါ်မှာ တည်နေတယ်။ တကယ်လို့ ဒီနိုင်ငံကို ကွန်မြူနစ်တွေ ဝင် လာရင် ဝင်လာနိုင်တဲ့ အခြေအနေလည်း ရှိနေတယ်။ ကျွန်မတို့က ဗီယက်နမ်ကို ဖိသွန်ပြီး ကူညီမယ် ဆိုရင် ဒီနိုင်ငံက ကျွန်မတို့ စစ်သားတွေကို ဗီယက်နမ်ကို စစ်ကူလွှတ်ရမယ်။ အဲဒါဆိုရင် ကွန်မြူနစ်တွေ ဝင်လာကြမယ်။ သူတို့ ဝင်လာရင် ဒီကလေးတွေကို သူတို့က တစ်ယောက် မကျန် သတ်ပစ်လိမ့်မယ်။ မသတ်ရင်လည်း ကွန်မြူနစ် ကလေးတွေ ဖြစ်လာအောင် ကျုံးသွင်းလိမ့် မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ကို ဘယ်သူကမှ အသိအမှတ် မပြုကြလို့ပဲ’’
ယင်းသို့ ပြောပြီးနောက် မစ္စပစ်တမင်းက ရှင်းလင်းစ စာရွက်စာတမ်းများကို ဆက်လက်၍ ရှင်းနေ သည်။

လော်ရာက သူမအား အတန်ကြာကြာ စောင့်ကြည့် နေပြီးနောက် စိတ်မရှည်ချင်သလို ဖြစ်လာသည်။ ထို့ကြောင့် တဲ့တိုးကြီး ပင် မေးလိုက်သည်။
‘မစ္စပစ်တမင်းကို ကျွန်မ တစ်ခု မေးပါရစေ။ မစ္စပစ်တမင်း အနေနဲ့ ဒီကလေးတွေကို သားသမီးချင်း စာနာပြီး မသနား မိဘူးလား’’ ‘သနားတော့ကော ကျွန်မက ဘာတတ်နိုင်မှာလဲ။ ဘာမှ မတတ်နိုင်ဘူး’’
‘ဒီကလေးအတွက်တော့ ကျွန်မ တစ်ခုခု အဓိပ္ပယ် ပေါက်အောင် လုပ်သွားချင်ပါတယ်။ ဖြစ်နိုင်တဲ့ နည်းလမ်းများရှိရင် ကျေးဇူးပြုပြီး လမ်းညွှန်ပါဦး မစ္စပစ်တမင်း၊ ကျေးဇူး အများကြီး တင်ပါတယ်’’
မစ္စပစ်တမင်းက မျက်မှန်ပေါ်မှ ကျော်၍ကြည့်ရင်း....... ‘ဖြစ်နိုင်တဲ့ နည်းလမ်းကို စောစောက ကျွန်မ ပြောခဲ့ပြီပဲ။ သူ့ကို အမေရိကကို ခေါ်သွားလို့ ရပါတယ်။ ရှင့်ယောက်ျားက ဒီကလေးဟာ သူ့ရင်သွေးအစစ် ဖြစ်ကြောင်း တရားဝင် ကြေညာရင် အမေရိကကို ခေါ်သွားပြီး နိုင်ငံသားအဖြစ် သွတ်သွင်းလိုက်ရုံပဲပေါ့’’

‘ဒီနည်းလမ်းပဲ ရှိသလား” ‘ဒီနည်းလမ်းပဲ ရှိတယ်’’ လော်ရာ ထိုင်ရာမှ ထရပ်လိုက်သည်။ ‘ကျေးဇူးတင်ပါတယ်’’ ‘မလိုပါဘူး’’ ကိစ္စက သည်မှာတင် ပြတ်နေပြီ။ ဦးနှောက်ခြောက်ခံကာ ထွေထွေထူးထူး စဉ်းစားနေစရာ မလိုတော့။ သူမ အနေဖြင့် ခရစ္စတိုဖာကလေးကို သည်တွင်ပဲ မေ့ပစ်လိုက်ပြီး အိမ်ကိုပဲ တန်းပြန်သွားတော့ မှာလား။ ဒါမှမဟုတ် ခရစ္စကို ကလေးအဖေအဖြစ် ကြေညာခိုင်းပြီး ကလေးကို အမေရိကကိုပဲ ခေါ်သွား ရမှာလား။  ဟုတ်ပြီ။ ပြဿနာက အဖြေ ထွက်နေပြီ။ လမ်းနှစ်သွယ်ရှိတဲ့အနက် တစ်လမ်း ရွေးဖို့ပဲ လိုတော့တယ်။ ဟိုတယ်ကို ပြန်သွားမယ်။ ပြီးတော့ မောင့်ဆီကို စာရေးမယ်။ သူ့အနေနဲ့ အမှန်ကို ဖွင့်ဟဝန်ခံလိုက်တာ အကောင်းဆုံးနဲ့ အလွယ်ဆုံး နည်းလမ်းပဲဆိုတာ ရေးလိုက်မယ်။
ဒီကိစ္စ ပြတ်သွားရင် ကလေးကို အမေရိက ခေါ်သွားလို့ရပြီ။

သူ့ကို ခေါ်သွားပါ လော်ရာ။ ခေါ်ဖြစ်အောင် ခေါ်သွားပါ။ ကလေးက သူ့အဖေနဲ့ သိပ်တူတာပဲ။ သူ့အဖေသာ မြင်ရရင် သိပ်ပြီးချစ်မှာပဲ....သိပ်ပြီးချစ်မှာပဲ.........။
လော်ရာ လမ်းမကြီးကို ဖြတ်၍ သံရုံးသို့ လျှောက်သွားသည်ကို ဟိုတယ်ရှိ သူမအခန်းအပေါ်ထပ် အခန်းပြတင်းပေါက်မှ မစ္စတာချိုက ရပ်ကြည့်နေသည်။ လော်ရာ သံရုံးမှ ပြန်ထွက်၍ ဟိုတယ်သို့ ပြန်လျှောက်လာတာကိုလည်း သူမြင်ရသည်။ ယခုဆိုလျှင် လော်ရာသည် သူမ အခန်းထဲ ပြန်ရောက် နေရော့မည်။
မစ္စတာချိုအနေဖြင့် အမေရိကန် အမျိုးသမီး တစ်ယောက်နှင့် ယခုလို တွေ့ဆုံပြီး ရင်းရင်းနှီးနှီး စကား မပြောခဲ့ရသည်မှာ နှစ်ပရိစ္ဆေဒ တော်တော်ပင် ကြာခဲ့ပြီ။
တစ်ကြိမ်က ကြုံခဲ့ရသော အတိတ်ဖြစ်ရပ်များသည် သူ၏ စိတ်မျက်စိရှေ့တွင် မှုန်ဝါးဝါး ပြန် ပေါ်လာကြသည်။

ကြာတော့ တော်တော်ကြာခဲ့ပါပြီ။ သူ တက္ကသိုလ်ကျောင်းသားဘ၀ နောက်ဆုံးနှစ်တုန်းက ဖြစ် သည်။ ထိုစဉ်က သူသည် အမေရိကန် ကျောင်းသူလေး တစ်ဦးကို အရူးအမှုး စွဲချစ်ခဲ့သည်။ သူကလေးသည် ယခု မစ္စက်ဝင်းတားနှင့် ရုပ်ချင်း အလွန်ဆင်သည်။ သူမ၏ ဆံပင်က  သိပ့်ပြီးတော့ မနီ။ ရုပ်ရည်ကလည်း အလှကြီးမဟုတ်။ သို့ပေမဲ့ မစ္စတာချို၏ မျက်စိထဲမှာတော့ ''တက္ကသိုလ်တစ်ကျောင်း လုံး ဒီသူငယ်မ အလှဆုံး'' ဖြစ်နေ သည်။
သို့ဖြင့် သူက ယင်းအမေရိကန် ကျောင်းသူကလေးနှင့် လက်ထပ်ခွင့်ပြုပါမည် အကြောင်း သူ့မိဘ များထံ လှမ်း၍ စာရေးလိုက်သည်။ သားထံမှ စာကို ဖတ်ရတော့ မိဘများမှာ အလွန် စိတ်ချမ်းသာ ဖြစ်ကြရသည်။

သားထံသို့ ပြန်စာ ရေးသော်အခါတွင်လည်း ချော့မော့၍ တစ်မျို။ ခြိမ်းခြောက်၍ တစ်နည်း ရေးသား လိုက်သည်။ ပြန်စာတွင် မိဘနှစ်ပါး၏ မျက်ရည်များပင် စွန်းထင်း၍ ပါလာသည်။
သည်လိုနှင့် မစ္စတာချိုမှာ မိဘနှစ်ပါး၏ စိတ်ချမ်းသာမှုကို ငဲ့ကာ အမေရိကန်သူ ကလေးအား ရင်နင့် စွာဖြင့် စွန့်လွှတ် လိုက်ရရှာသည်။
ထို့နောက်တွင်တော့ သူသည် တက္ကသိုလ် နောက်ျဆုံးနှစ် စာမေးပွဲ  ဖြေဆိုပြီး မိဘရပ်ထံသို့ ပြန်လာခဲ့ သည်။ အမိနိုင်ငံသို့ ပြန်ရောက်ပြီးနောက် ရက်များ မကြာမီတွင်ပင် အကြာကြီးကတည်းက မိဘများ ရွေးချယ်ထားသော မိန်းကလေးနှင့် လက်ထပ်လိုက်သည်။

သူ၏ ကိုးရီးယားသူ ဇနီးမှ သမီးတွေ အများကြီးနှင့် သား တစ်ယောက် ထွန်းကားသည်။ သမီးတွေ အရွယ်ရောက် လာသောအခါ သင့်လျော်သော ခင်ပွန်းလောင်းများနှင့် အိမ်ထောင်ရက်သားချပေးသည်။ သားငယ် ဆယ့်နှစ်နှစ်သားခန့် အရွယ်တွင် ဇနီးသည် ကွယ်လွန်သွားသဖြင့် မစ္စတာချိုမှာ ဖြေမဆည် နိုင်အောင် ခံစားရရှာသည်။
ယခုတော့ တစ်ကိုယ်ရေ တစ်ကာယ မုဆိုးဖိုဘ၀ဖြင့် ကိုယ်ဘ၀ကိုယ် နေပျော်အောင် နည်း အမျိုးမျိုး ဖြင့် ဖြေဖျော်နေ ရင်းမှ နှလုံးသား ပြဿနာ နှစ်ခုနှင့် လာ၍ ငြိနေရပြန် သည်။
ပထမ ပြဿနာက ရုပ်ရည် ချောမောသော ပြည့်တန်ဆာမကလေး ဆွန်ယာအား စွဲချစ်မိသည့် ပြဿ နာ။ ဒုတိယ ပြဿနာ က ယခုမှ တွေ့ဆုံသိကျွမ်းရသော အမေအရိကန်သူ မစ္စ၀င်းတားအား စွဲလမ်းမိ သည့် ပြဿနာ။

သို့သော် သူက ဆင်ခြင်တုံတရားရှိသော လူတစ်ယောက်။ ထို့ကြောင့် ယင်းအမျိုးသမီး တစ်ယောက် ကို အိမ်ထောင်ပြု ဖို့ ဆိုသည်မှာ လုံးဝ မဖြစ်နိုင်။ ထို့ပြင် လင်ရှိ အမေရိကန် အမျိုးသမီး တစ်ယောက်ကို ယူဖို့ ဆိုတာ ကလည်း ဘယ်နည်းနဲ့မျှ မဖြစ်နိုင်။ ဖြစ်နိုင်သည့် တိုင်အောင် ဘယ်လိုမှ မသင့်လျှော်သော အလုပ်။
သို့သော် ယင်းအမျိုးသမီး နှစ်ယောက်စလုံးကို အလွန် စိတ်ဝင်စား မိတာကတော့ တကယ်ပင်။ စိတ်ဝင် စားမိတာ ကလည်း တခြားကြောင့် မဟုတ်။ ယင်း အမျိုးသမီးနှစ်ယောက် စလုံးပင် တစ်ယောက်တည်း သော အမေရိကန် အမျိုးသားနှင့် ယှက်နွယ် ပတ်သက်နေသောကြောင့် ဖြစ်သည်။
ထို အမေရိကန် အမျိုးသားတွင် ထူးခြားသော ဥပဓိရုပ်ရည် ရှိကို ရှိရမည်ဟု သူက ယုံကြည်သည်။ ထို့ပြင် ထိုသူသည် ယခုအခါ နိုင်ငံရေး အာဏာ ရရေးအတွက်  အပြင်းအထန် ကြိုးစားနေကြောင်း ကိုလည်း သိရှိရ သည်။

နောက်တစ်ချက်မှာ အဆိုပါ အမျိုးသမီး နှစ်ယောက်တို့၏ တစ်ယောက်နှင့် တစ်ယောက်မတူ ခြားနား ချက်များကြောင့် လည်း သူက ပို၍စိတ်ဝင်စားမိခြင်းဖြစ်သည်။ တစ်ယောက်သော အမျိုးသမီးက အလွန် မိန်းမ ပီသသည်။ အလွန် သိမ်မွေ့နူးညံ့သည်။ တစ်ယောက်သော အမျိုးသမီးက ယောက်ျားဆန်ပြီး အလွန် အသိဥာဏ် ထက်မြက်သည်။ သည်အကြောင်းကို ယမန်နေ့ညနေက သူက ပါးစပ်မှ ထုတ်ဖော် ၍ပင် ချီးကျူးမိသည်။
သူ၏ ချီးကျူးစကားကို လော်ရာက စိတ်ဝင်စားစွာဖြင့် နားထောင်သည်။ သူက လော်ရာက သူ့ခံစား ချက်ကို အလေးအနက် မထားသလို တည်တည်မှန်မှန် လုပ်နေ၍ သူ့အနေဖြင့် စကားပြောရန် အခွင့် အရေး မရနိုင် ခဲ့တော့။

ဘယ်လိုပဲဖြစ်ဖြစ် လော်ရာ၏ လှုပ်ရှားမှုများကိုတော့ သူက အထူးစိတ်ဝင်စားမိသည်။ အမေရိကန် သံရုံးသို့ လော်ရာ ဘာသွားလုပ်သနည်း။ သံရုံးတွင် သူ့လူယုံ ရှိသည်။ သူ့စပိုင် ရှိသည်။ သူ့စပိုင်က သူ့ထံ သတင်းလာပို့လိမ့်မည်။
လောလောဆယ်တွင် ဆွန်ယာ့ဆီ သွားလည်တာပဲ ကောင်းမည်။ သူမ၏ အမေရိကန်ကပြား သား ကလေး ကိုလည်း တွေ့ချင်သည်။     နောက်တစ်နာရီခန့်တွင် မစ္စတာချိုသည် 'ပန်းရိပ်သာ' ရှိ ဆွန်ယာ၏ သီးသန့် အခန်းထဲ တွင် ထိုင်ကာ ဆွန်ယာနှင့် စကားပြောနေသည်။
သူက ခရစ္စတိုဖာဝင်းတား အကြောင်းကို ပြောပြရန် ဆွန်ယာအား တောင်းပန်သည်။

ဆွန်ယာက ကိုရီးယားစကားဖြင့် ပြောပြသည်။ သူမသည် ရုပ်ချောသလောက် စကားပြောလည်း ကောင်းသည်။ သူမ၏ အသံက  ချိုသာ အေးမြသည်။ သူမ၏ ဟန်ပန်မူရာက ယဉ်ကျေးသိမ်မွေ့သည်။ မစ္စတာချိုကဲ့သို့သော အထက်တန်းလွှာ လူကြီးလူကောင်းများနှင့် အဆင့်တန်းမြင့်မြင့် စကားပြောတတ် သည်။
'ကျွန်မ တို့ ဇာတ်လမ်းက  ဘယ်ပုံဘယ်နည်း စတင်ခဲ့တယ်ဆိုတာ ပြောပြဖို့တောင် မလွယ်သလိုပါပဲ မစ္စတာချို'
ဆွန်ယာ က သည်လိုပင် နိဒါန်းချီလိုက်သည်။

ဆွန်ယာသည် ကြမ်းခင်းထိုင်ခုံပေါ်တွင်ထိုင်ကာ သူတို့နှစ်ယောက်ကြားမှ စားပွဲနိမ့်လေးပေါ်တွင် တံတောင်တင်ကာ မေးဖျားကို လက်ထောက်ထားသည်။ သူမသည် အစိမ်းရောင်ဂါဝန်နှင့် အဝါနုရောင် အင်္ကျီကို ဝတ်ထားသည်။ အင်္ကျီလက်မောင်းက အောက်သို့ လျှောကျနေသဖြင့် နို့နှစ်ရောင် လက် မောင်းသားနုနုကို အတိုင်းသား မြင်နေရသည်။ အချိုးအဆစ်ပြေပြစ်ပြီး အရိုးအခြင် ပျော့ပြောင်းနူးညံ့ သော ကိုယ်ကာယ ပိုင်ရှင်လေး ကား။ လက်ခုံ လက်ဖဝါးကလေးတွေကလည်း အရိုးမရှိသလို အိစက် နူးညံ့သော အသွင်ကို ဆောင်နေသည်။ လက်ချောင်းကလေးတွေက အိဖောင်း သွယ်ပျောင်းကာ လက်သည်းကလေးတွေကလည်း ပုံပန်းတကျနှင့် ပုလဲရောင်တောက်နေသည်။

'တကယ်တော့ ကျွန်မဟာ မစ္စတာချို သိတဲ့အတိုင်း အောက်တန်းစား မိသားစုထဲက မဟုတ်ပါဘူး။ ဒါကြောင့်မို့လည်း တခြား မိန်းကလေးတွေ အများစုလို အမေရိကန်တွေကို မြင်ရင် ငမ်းငမ်းတက်လည်း မလိုက်ခဲ့ဘူး။ ကျွန်မ မိဘတွေက ပညာတတ်တွေပါ။ ဖေဖေက ကျောင်းဆရာ။ ကျွန်မက တစ်ဦးတည်း သော သမီး။ ကျွန်မတို့ အိမ်ကို ဗုံးကြဲခံရတဲ့အကြောင်း မစ္စတာချိုကို ကျွန်မ အရင်တုန်းက ပြောခဲ့ဖူးပါ ပြီ။ ဖေဖေလည်း ဗုံးထဲ ပါသွားရှာတယ်။ အဲဒီအချိန်ကစပြီး ကျွန်မတို့သားအမိလည်း ဘဝပျက်တာပါပဲ။ ကျွန်မတို့ သားအမိ နှစ်ယောက်မှာ ခိုကိုးရာမဲ့ပြီး လမ်းပေါ်ရောက်တဲ့အထိ ဒုက္ခရောက်ခဲ့ရပါတယ်။ အဲဒီအချိန် မှာ နိုင်ငံခြားစစ်သားတွေကလည်း မြို့ထဲက လမ်းတကာမှာ ခြေချင်းလိမ်နေကြတယ်။ လယ်ကွင်းထဲ ကျိုင်းကောင် ကျသလို ပြုတ်ပြုတ်စီိး ကြိတ်ာကြိတ်တိုးနေတယ်။ သူတို့ အန္တရာယ်ကို ဘယ်သူမှ မရှောင်နိုင်ပါဘူး။ ကျွန်မ မေမေတောင်မှ မရှောင်နိုင်ခဲ့ပါဘူး။

သူမက မျက်နှာကို လက်ဝါးနှင့် အုပ်လိုက်သည်။ ခဏကြာတော့မှ ဆက်ပြော''
''ဒီအကြောင်းကို ကျွန်မ ပြောလို့ မဖြစ်ဘူး။ ဘယ်လိုပြောရမှန်းလည်း မသိတော့ပါဘူး။ ဒါပေမဲ့ အဲဒီ တုန်းက ကျွန်မ ဆုံးဖြတ်လိုက်တာကတော့ ငါ့မေမေကို ငါကယ်တင်ရမယ်ဆိုတဲ့အချက်ပဲ။ ဒါနဲ့ ကျွန်မ လည်း စစ်ဒဏ်ကြောင့်  မိဘမဲ့ဖြစ်နေတဲ့ တခြားမိန်းကလေး ဆက်သွယ်ပြီး သီချင်းဆိုပါတယ်။ ကလည်း ကပါတယ်။ ဒီလိုနဲ့ ပဲ ကျွန်မတို့ သားအမိနှစ်ယောက် ဝမ်းကျောင်းခဲ့ကြရပါတယ်။
''နောက်တော့ အခန်းကလေး တစ်ခန်းငှားပါတယ်။  ကျွန်မ အလုပ်သွားတဲ့ အချိန်မှာ မေမေက အိမ်မှာ ကျန်ရစ်ပါတယ်။ ကျွန်မက တခြားမိန်းကလေးတွေလို ပင်ပန်းသိပ်မခံနိုင်လို့ ခဏခဏ နေမကောင်း ဖြစ်ပါတယ်။ ကျွန်မအဲဒီလို နေမကောင်းလို့  အလုပ်မလုပ်တဲ့အခါမှာ ကျွန်မအသိ မိန်းကလေးတွေက ကျွန်မကို ထမင်းကျွေးပါတယ်။ သူတို့ကျွန်မပေါ်မှ သိပ်ပြီး ကောင်းပါတယ်။ ဒါပေမဲ့ မေ့မေ့အတွက်ကျ တော့ သူတို့ဆီက ကျွန်မမျှော်လင့်ပါဘူး။ သူ့ခမျာတွေကလည်း သူတို့ရတဲ့ ပိုက်ဆံလေးနည်းနည်း ပါးပါးထဲက ဖဲ့ပြီး ဝယ် ကျွေးရတာ။ ဒါနဲ့ တစ်နေ့ကျတော့ အမေရိကန်တွေစုပြီး ကတတ်တဲ့ နေရာ တစ်နေရာကို ကျွန်မ ရောက် သွားပါတယ်။ ကျွန်မက အဲဒီနေရာကို သွားရမှာ သိပ်ပြီး ကြောက်မိပါ တယ်။ ကျွန်မတို့ အားလုံးလိုလို အမေရိကန်ကို အကြောက်ဆုံးပါပဲ။

''ကျွန်မ အဲဒီနေရာ ရောက်သွားတော့ စားပွဲမှာ တစ်ယောက်တည်း ထိုင်နေတဲ့ လူငယ်တစ်ယောက်ကို သတိပြုမိပါတယ်။ သူက တော်တော်လည်း ရုပ်ချောတယ်။ ဒါပေမဲ့ သူ့မျက်နှာကတော့ ၀မ်းနည်း ကြေကွဲနေတဲ့ ပုံမျိုး ပေါက်နေတယ်။ သူက တခြား အမေရိကန်တွေနဲ့ စာရင် အသက်လည်း တော်တော် ငယ်ပါသေးတယ်။ ဒါပေမဲ့ သူက သူများတွေလို ၀ိုင်းထဲ ၀င်မကဘူး။ ကျွန်မလည်း သူတို့ အကကို  တော်တော့်ကို မုန်းတယ်"
''ဒါနဲ့ ကျွန်မက စဉ်းစားမိတယ်။ တကယ်လို့ ငါ ဒီလူငယ်နားမှာ သွားထိုင်နေရင်တော့ တခြား ယောက်ျားတွေ အန္တရယ်က  ကင်းလွတ်လိမ့်မယ်လို့ ကျွန်မ စဉ်းစားမိတယ်။ ကျွန်မ သူငယ်ချင်း ဒေါ်လီ ကလည်း ကျွန်မကို အဲဒီ လူငယ်နားမှာ သွားထိုင်နေဖို့ တိုက်တွန်းပါတယ်။ ဒီလိုနဲ့ပဲ ကျွန်မတို့ ဇာတ် လမ်း စခဲ့တာပါ မစ္စတာချို''
ဆွန်ယာက ဆက်မပြောလိုတော့သည့် ဟန်မျိုးဖြင့် အကြာကြီး ငြိမ်နေသည်။ မစ္စတာချိုက မအောင့်နိုင် ၍ မေးသည်။

''ဇာတ်လမ်း စခဲ့ပုံကိုတော့ သိရပါပြီ။ ဇာတ်လမ်း အဆုံးကိုလည်း ပြောပြပါဦး။ ဇာတ်လမ်း အဆုံးမှာ ကလေးတစ်ယောက်က ဘယ်လိုရောက်လာတာလဲ''
ဆွန်ယာက လက်ချောင်းကလေးတွေကို ပေါင်ပေါ်တွင်တင်ရင်းအသာ လိမ်ချိုးနေသည်။ တော်တော် ကလေး ကြာတော့မှ ဆက်ပြောပြန်သည်။
''သူ ပြန်သွာမှာကို ကျွန်မ  သိပ်ပြီး စိုးရိမ်မိခဲ့ပါတယ်။ သူဟာ ကျွန်မရဲ့ ကယ်တင်ရှင်ပါ။ တခြား ယောက်ျားတွေရဲ့ အန္တရယ်တွေကြားက ကျွန်မကို ကယ်တင်ခဲ့တာ သူပါပဲ။ တခြား ယောက်ျားလေး တွေက သိပ်ပြီး ကြမ်းကြတာ။ သိပ်ပြီး ကြောက်စရာကောင်းတာ။ ကျွန်မ သူနဲ့ တွဲနေတာ မြင်တော့ သူတို့က ကျွန်မ အနား မကပ်ရဲကြတော့ဘူး''
''အဲဒီနောက်ပိုင်း ကျတော ကျွန်မတို့ နှစ်ယောက် တဲအိမ်ကလေးမှာ အတူ နေကြပါတယ်။ အိမ်လခက အပြီးအပိုင် အမေရိကန်ဒေါ်လာ ၁၅၀ ပေးရတယ်။ အဲဒီ ပိုက်ဆံကို သူကပဲ ပေးပါတယ်။ အိမ်ရှင်က အဲဒီပိုက်ဆံနဲ့ ငွေတိုးချ စားပါတယ်။ သူ သူ့နိုင်ငံ ပြန်တော့ အဲဒီ ဒေါ်လာ၁၅၀ ကို အိမ်ရှင်က သူ့ကို ပြန်ပေးလိုက်တယ်။ ကျွန်မတို့ အဲဒီအိမ်ကလေးမှာ နေနေကြတဲ့ ကာလအတွင်းမှာ သူက တပ်တွင်း ရိက္ခာဆိုင်က ရသမျှ ပစ္စည်းတွေကို ကျွန်မတို့ အတွက် ၀ယ်လာပေးပါတယ်။''

မစ္စတာချိုက ခေါင်းညိတ်လိုက်သည်။ ဆွန်ယာက ဆက်ပြောသည်။
''ဒါနဲ့ ကျွန်မက အဲဒီပစ္စည်း တွေကို မှောင်ခိုဈေးမှာ ပြန်ရောင်းပြီး အိမ်အတွက် အမေရိကန် ယောက်ျား တွေ နဲ့ ပေါင်းရင် ဒီအလုပ်ကတော့ မလုပ်မဖြစ် လုပ်ရတဲ့ အလုပ်ပါပဲ။ ပြီးတော့ သူ့ဆီကို သူ့မိဘတွေဆီ ကလည်း စာအိတ်နဲ့ ထည့်ပြီး ပိုက်ဆံ ပို့လေ့ရှိပါတယ်။ ဒါပေမဲ့ အဲဒီ ပိုက်ဆံကိုတော့ သူ ကျွန်မကို မပေးပါဘူး။ သူ့ အပြောတော့ မြောက်ပိုင်းက စပိုင်တွေက တောင်ပိုင်းကို ၀င်လာပြီး အမေရိကန် ပိုက်ဆံတွေကို ၀ယ်ကြတယ် လို့ သိရပါတယ်။ သူတို့က အဲဒီငွေတွေနဲ့ တခြား နိုင်ငံတွေမှာ ကိုယ်ကျိုး အတွက် အသုံးချကြတယ်လို့ သူက ပြောပါတယ်။ အမေရိကန် ပိုက်ဆံကတော့ နေရာတကာမှာ တန်ဖိုး ရှိတာပါပဲ''
''ဒါနဲ့ ကလေး အကြောင်းလုံးဝ မပြောသေးဘူးနော်''

မစ္စတာချိုက ဖြတ်ပြောလိုက်သည်။ ဆွန်ယာ မျက်နှာတွင် ရှက်သွေးဖြာသွားသည်။ ရှက်စနိုး အမူအရာ ကလေးဖြင့်ပင် သူမက  ဆက်ပြောပြန်သည်။
''ကျွန်မ သူ့ကို တစ်နေ့ ထက်တစ်နေ့  ပိုချစ်လာမိပါတယ်။ သူဟာ ကျွန်မ ဘ၀မှာ မရှိမဖြစ်တဲ့ လူတစ် ယောက် ဖြစ်လာခဲ့ဖူပါတယ်။ ကျွန်မဟာသူ့ကို ချစ်သလို ဘယ်ယောက်ျားကိုမှ မချစ်ခဲ့ဖူးပါဘူး။ သူက ကျွန်မကို ကြင်နာပါတယ်။ ကျွန်မအပေါ်မှာ သိပ်ပြီး ကောင်းပါတယ်။ ကျွန်မကို ကြင်နာပါတယ်။ ကျွန်မ က လွဲပြီး ဘယ်မိန်းမနဲ့မှလည်း သွားမနေဘူး။ ကျွန်မကို လက်ထပ်ယူပါလို့ ကျွန်မက သူကို ပြောပါ တယ်။ သူက ဘာပြန်ပြောသလဲဆိုတော့ ''တစ်နေ့တော့ ထပ်ဖြစ်ပါလိမ့်မယ်'' တဲ့။ သူက ဒါလောက်ပဲ ပြောပါတယ်။ တကယ်လက်ထပ်ယူပါ့မယ်လို့ အတိအကျ ဘယ်တော့မှ မပြောပါဘူး။''
''ဒါနဲ့ ကျွန်မ စဉ်းစားမိပါတယ်။ ကျွန်မမှာ ကလေးရလာရင် ကလေးကိုရော ကျွန်မကိုရော သူတို့နိုင်ငံကို ခေါ်သွားမှာ ကျိန်းသေပဲလို့ ကျွန်မ တွက်မိပါတယ်။ ကျွန်မမှာ ကိုယ်ဝန် ရှိနေပြီ လို့ ပြောတဲ့ အခါကျတော့ သူက ကျွန်မကို စိတ်ဆိုးပါတယ်။ သူက ကျွန်မကို စိတ်ဆိုးပေမဲ့ ကလေးလိုချင်တာကတော့ အမှန် ပါပဲ။ တစ်ခါတလေကျတော့လည်း စိတ်ညစ်နေသလိုပဲ။ သူ့ရင်ထဲမှာ ဘယ်လို ခံစားနေရမှန်းတော့ ကျွန်မ မပြောတတ်တော့ပါဘူး''

''ဒီလိုနဲ့ တစ်နေ့ကျတော့ သူ ပြန်သွားပါတော့တယ်။ သူနဲ့ နေခဲ့တဲ့တစ်ချိန်လုံး ကျွန်မ မေမေကို တခြား မှာပဲ ထားခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မေမေ့ဆီကို အမေရိကန်တွေ ရောက်လာမှာ ကြောက်လို့ပါ ပဲ။ ကျွန်မက ကျွန်မမှာ မိဘတွေ မရှိတော့ဘူးလို့ အရင်ကတည်းက ပြောထားခဲ့ပါတယ်''
''ဘာဖြစ်လို့လဲ'' ''ဘာဖြစ်လို့လဲဆိုတော့ ကျွန်မမှာ သူ့အပြင် ဘယ်သူမှ မှီခိုစရာ မရှိတော့ဘူးလို့ သူက ထင်အောင်လို့ပါ ပဲ။ အဲဒီလို ထင်ရင် သူက ကျွန်မကို တစ်ယောက်တည်း ထားခဲ့ပြီး သူ့နိုင်ငံ ပြန်သွားမှာ မဟုတ်ဘူး လို့ ယုံကြည်လို့ပါပဲ။ ဒါပေမဲ သူ ထွက်သွားတယ်။ ကျွန်မဆီကို စာတစ်စောင်လည်း ရေးလိုက်တယ်။ သူ ဘယ်မှာ နေတယ်။ သူ ကျွန်မကို အောက်မေ့တယ်။ တစ်နေ့ကျတော့ ပြန်လာနိုင်ပါလိမ့်မယ်ဆိုပြီး စာထဲမှာ ရေးထားပါတယ်။ အဲဒီစာကို ကျွန်မ ဒီနေ့အထိ သိမ်းထားတုန်းပါပဲ''။
''ဒါပေမဲ သူက ကတိ မတည်ဘူးဆိုပါတော့''။

''ဟုတ်ပါတယ်... သူ ဘယ်တော့မှ ကတိ မတည်ခဲ့ပါဘူး''
''မင်း သူနဲ့ စတွေ့ တုန်းက သူ့မှာ မိန်းမ ရှိတယ်ဆိုတာ မသိဘူးလား''
''မသိပါဘူး၊ သူလည်း တစ်ခါမှ မပြောခဲ့ပါဘူး''
''မင်းက မေးမကြည့်ဘူးလား''
''ကျွန်မက သူပြောပြလိမ့်လို့ မျှော်လင့်နေခဲ့ပါတယ်။ အဲဒီ ကိစ္စမျိုးတွေ မေးရမှာလည်း  ကြောက်ပါ တယ်''
''ဒါဖြင့် မင်း အခုထိ သူ့ကို ချစ်နေတုန်းပဲလား''
''မချစ်တော့ ပါဘူး။ သူ့အပေါ်မှ  ကျွန်မ အချစ်ခန်းခြောက်ခဲ့တာ ကြာခဲ့ပါပြီ ''
''အဲဒီတော့ ဘယ်လိုလုပ်မလဲ။ နောက်ပိုင်း ဘယ်လို စခန်းသွားကြမလဲ''
''သူ့သားကလေး အတွက် သူက တန်ရာတန်ကြေးကိုတော့ ပေးရမှာပေါ့။ ပေးကိုပေးရမယ် တာဝန် လည်း သူ့မှာ ရှိနေတယ်လေ''

မစ္စတာချိုနှင့် သူ့မေမေတို့ စကားပြောနေကြသည်ကို ကင်ခရစ္စတိုဖာကလေးက မှန်ပြတင်းအပြင်ဘက် ဇီဇ၀ါပန်းချုံ  နောက်ကွယ်တွင် ရပ်ကာ တိတ်တိတ်ကလေး ချောင်းနားထောင် နေသည်။
သူဘယ်လို မွေးဖွားခဲ့ကြောင်းကို ယခုမှ အတိအကျ အစုံသိရတော့သည်။ သူ့ဖခင်၏ နာမည်ကိုလည်း မကြာမီကမှ သိရှိခဲ့ရသည်။ ယခင်က သူ သိခဲ့ရသမျှမှာ သူ့ဖခင်သည် အမေရိကန်လူမျိုး တစ်ယောက်ဖြစ်သည် ဆိုတာလောက် သာ ဖြစ်သည်။ ယင်းသို့ သိရသော်လည်း သူ့အနေဖြင့် ၀မ်းသာစရာကား မကြုံရ။ ၀မ်းနည်းစရာသာ ကြုံရသည်။

''ဒီကောင်တွေက တို့လူမျိုးနဲ့ ဘယ်လိုမှ မဆိုင်ဘူး။ ဒီကောင်တွေ တို့နိုင်ငံမှ ရှိနေလို့ ဘာအကျိုးရှိမှာ လဲ''
သူ့လို ကပြားကလေးတွေကို မြင်တိုင်း ကိုရီးယားတိုင်းရင်းသား တွေက ယင်းသို့ဖြင့် ကဲ့ရဲ့ သဂြုင်္ိဟ် စကား ဆိုကြသည်။ သူတို့က သည်စကားမျိုးကို လမ်းပေါ်တွင်လည်း ပြောကြသည်။ တစ်ခါတရံတွင် သူတို့က ကြံတုန်းကြံခိုက် စကားအဖြစ်သာ ပြောသွားကြသဖြင့် ပြီးပြီးပျောက်ပျောက် သဘောရှိသော် လည်း တစ်ခါတရံတွင်ကား သူတို့စကားကို ကြားရ သည်မှာ ကြက်သီးထစရာပင် ကောင်လှသည်။
တစ်နေ့တုန်က အဘိုးကြီး တစ်ယောက် လူပုံအလယ်တွင် အော်ကြီးဟစ်ကျယ် ပြောသွားသောစကား ကို ယခုတိုင် ကြားရသည်မှာ ကြက်သီးထစရာပင် ကောင်းလှသည်။
''ဟေ့... ဒီမှာ....ငါ ပြောမယ်။ ဒီ လူရာမ၀င်တဲ့ အမျိုးဖျက် ကပြား ကောင်လေးတွေကို တခြားနည်းနဲ့ မရှင်းပစ်နိုင်ရင် သူတို့အားလုံး ပင်လယ်ထဲ မောင်းချလိုက်ရုံပဲ ရှိတော့တယ်''။
''သည်လိုနှင့် သူ့ခမျာ ကျောင်း နေချင်၍လည်း သူ့ကိုတွေ့လျှင်  ပြောင်လှောင် သရော်ကြသည်။ လက်ညှိုးငေါက်ငေါက် ထိုးကားကဲ့ရဲ့ ကြသည်။

ထို့ပြင် သူ့မျက်လုံးတွကလည်း မပြူး။ သူ့နှာခေါင်းလည်း မရှည် ပါဘဲလျက် သူ့အား ''ဟေ့ မျက်ပြူး..၊ ဟေ့ နှာခေါင်းရှည်'' ခေါ်၍လည်း စကြသေးသည်။ သူသည် မှတ်မိသည့် အရွယ်မှစ၍ ဤနိုင်ငံတွင်ပင် အပယ်ခံ ဖြစ်ခဲ့ရသည်။ သူအဖို့ ဤနိုင်ငံတွင် နေစရာ မရှိ။ သူ့တွင်အဘွား တစ်ယောက်နှင့် အမေတစ် ယောက် ရှိ တာတော့ မှန်ပါသည်။ သို့သော် အဘွားက သူ့ကို ဒီနေ့တွင် ငုံထားမတတ် ချစ်သော်လည်း မနက်ဖြန် ကျတော့ သေလု မတတ် ရိုက်နှက်တတ်သည်။
မေမေကို ကျပြန်တော့လည်း သူက ချစ်လည်းချစ်သည်။ မုန်းလည်းမုန်းသည်။ မေမေက အလွန်ရုပ်ရည် ချောမော သည်။ ထို့ကြောင့် သူက ချစ်သည်။ မုန်းရတာကတော့ သူ့မေမေသည် သူမနှစ်သက်သော လုပ်ငန်းဖြင့် အသက် မွေးနေသောကြောင့် ဖြစ်သည်။

သူသည် သူမေမေ၏ ပန်းရိပ်သာတွင် မနေ့ကမှ ပထမဆံး အကြိမ် ရောက်ခဲ့ဖူးသည်။ ပန်းရိပ်သာတွင် မိန်မချာလေးတွေ ပြည့်နှက်နေသည်။
မေမေ က သူ့ကို ပန်းရိပ်သာသို့ ခေါ်သွားပြီး ရေချိုးပေးသည်။ ခေါင်းလျှော်ပေးသည်။ ပြီးတော့ ဆံပင်ကို လည်း တိုတို ညှပ်ပေးသည်။
''သားဟာ ဒီနေ့ ကစပြီး နောက်ကို အမြဲတမ်း ''ပန်းရိပ်သာမှာ'' မေမေနဲ့ အတူ ကူလုပ်ပေးရမယ်။ ဒါကြောင့်မို့  ဒီက လုပ်ငန်းတွေကို ကျွမ်းကျင်အောင် လေ့လာရမယ်'' ဟုလည်း မေမေ ကပြောသည်။

ဆက်ရန်
.

1 comment:

နော်နော် said...

စောင့်မျှော်နေပါမည်....