"ဒါဆို မင်းတက်ရမယ့် တက္ကသိုလ်ကို မင်းရွေးပြီးပြီလားကွ" နီမာရ်က နောက်ပြောင်နေသော သူငယ်ချင်းနှစ်ယောက်ကြား မှ ဝင်ပြီး အတည်ပေါက် မေးလိုက်သည်။
"ဒါတော့ မရွေးရသေးဘူးလေ။ တက္ကသိုလ်က သူတို့ထုံးစံအတိုင်း ရွေးပေးမှာပေါ့။ နိုင်ငံတကာ ပညာရေး တက္ကသိုလ် က ရွေးပေးရမယ်တဲ့။ ငါနားလည်တာကတော့ တက္ကသိုလ် ရာပေါင်းများ စွာက ငါ့ကို လိုချင်နေကြတယ် ကွ။ အဲဒီထဲကမှ ကံကောင်းချင်တဲ့ တက္ကသိုလ်တစ်ခုခုကို ငါ ရောက်ရမှာပေါ့ ကွာ" "အမေရိက မှာ သွားပညာသင်ရတယ် ဆိုတဲ့ အရသာကို စဉ်းစားကြည့်စမ်းကွာ" နီမာရ်က အားကျ စွာ ပြောသည်။ "နီမာရ် ကလည်း အ ပါ့ပေ့ကွာ။ ရာဂျာက အမေရိကသွားပြီး ပညာသင်မှာမှ မဟုတ်တာ" "ပညာသွားမသင်လို့ ဘာသွား လုပ်ရမှာလဲကွ" နီမာရ်က မေးသည်။ "အေးလေ၊ ပညာသင် ဖို့ မသွားလို့ ဘာလုပ်ဖို့ သွားရမှာလဲလို့" ဒီလစ် ကလည်း ထပ်မေး၏။" ကို ဆက်ဖတ်ရန်......
အမေရိကမှာ စာအုပ်တွေအပြင် ဘာရှိသေးသလဲ။ ဟဲ ဟဲ မိန်းကလေးတွေပေါ့ကွ၊ နို့နှစ်ရောင် ပခုံးသားတွေ၊ မျက်လုံးပြာပြာလေးတွေ ပေါင်တံလှလှလေးတွေ၊ ဒူးဆစ်ဝိုင်းဝိုင်းလေး၊ သလုံးသား ပြည့်ပြည့်လေး တွေ ဟာ နိုင်လွန်ခြေအိတ်ပါးလေးတွေ ထဲက ရုန်းထွက်လို့၊ နီမာရ် ငါ့ကို အမှန်ပြောစမ်း၊ မင်း မိန်းကလေးတွေ ရဲ့ ခြေထောက် ကို မြင်ဖူးရဲ့လား"
"မမြင်းဖူးဘူး ကွ၊ ခြေထောက် ဆိုလို့ ငါက အမဲပေါင်ဘဲ မြင်ဖူးတယ်"
"အေး မင်းအတွက် အမဲပေါင်လောက်နဲ့ ကျေနပ်နိုင်ပေမယ့်၊ ငါ့အဖို့တော့ ဒီလောက်နဲ့ မရောင့် ရဲနိုင်ဘူး မောင်။ ဆာရီတွေ အထပ်ထပ်ခြုံထားတဲ့ တို့ဆီက မိန်းကလေးတွေနဲ့တော့ ငါနဲ့ မဖြစ် ဘူး၊ ကဲကွာမင်းပဲ စဉ်းစားကြည့်ဦး၊ မင်း စိတ်ကြိုက် မိန်းကလေးတွေ ရှိမယ့်နေရာမှာ မင်း မနေ ချင်ဘူးလား။ ငါပြောတာ မိတ်ဆွေ ကို ပြောတာမဟုတ်ဘူးနော်။ မင်းရဲ့မိတ်ဆွေတွေထဲက လေးစားဖွယ်ရာ မိန်းကလေး တစ်ယောက်ယောက် ကို ပြောတာ။ နှုတ်ဆက်အနမ်းလေး ဘာလေး နမ်းလို့ရတာလေးကို ဆိုလိုတာကွ။ ဒါမျိုး ကောင်မလေး များရရင် ငါတော့ လည်ပင်း တစ်ပင်းလုံး ရွှေအပြည့် ဆင်ပေးချင် ပေးတော့မယ်ကွာ"
သူသည် စိတ်ကူးယဉ် အမျိုးသမီးလေးကို ရင်ခွင်ထဲပိုက်ပြီး စကားပြောရသည့်ဟန်ဖြင့် စိတ်ပါ လက်ပါ ပြောပြနေသည်။
"အိုအချစ်ရယ်၊ မင်းဟာလည်း အရုဏ်ဦးရဲ့ အလှလို လှပပါပေတယ်ကွယ်။ အို လစန္ဒာမျက်နှာ ပြင်နဲ့။ ဆင်ပေါက်ရဲ့ တင်ပါးနဲ့၊ မြွေလိုလည်တိုင်မျိုးနဲ့၊ ငန်းလိုခါးမျိုးနဲ့၊ ကြာပန်းလို မျက်လုံးမျိုး နဲ့ အလှလေးရယ်"
အားလုံး ဝိုင်းရယ်ကြသည်။ "ဒီလစ်ရယ်၊ အဓိပ္ပာယ်မရှိတာတွေ ပြောမနေစမ်းပါနဲ့ကွာ။ အမေရိကန်မလေး တစ်ယောက်ကို မင်းပြောသလိုပြောမယ်ဆိုရင် တက်သေသွားလိမ့်မယ်ကွ။ ပြောစမ်းပါဦး။ ဘာတဲ့ ဆင်ပေါက် ရဲ့ တင်ပါးဆိုတာလေ။ ဒီမှာ ငါပြောပြမယ်။ နားထောင်ပါ မိန်းကလေးရယ်။ မင်းလေးဟာလေ တကယ့်ကို ကြွေရုပ်လေး လို လှပါတယ်ကွယ်။ သိပ်ချစ်စရာကောင်း တဲ့ ရွှေသား ရုပ်သွင်လေး ပေ လား။ တေးဆိုတတ်တဲ့ ချစ်စဖွယ်ငှက်ကလေးလား။ ကဲကွာ ကိုယ်နဲ့ ဘယ်တော့ ချိန်းတွေ့ နိုင် မလဲဟင် အဲဒီလိုပြောရတယ်ကွ"ဟု ရာဂျာက ဝင်ပြောပြန်သည်။
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ဒါပေမဲ့ အရေးကြီးတာက စကားလုံးမဟုတ်ဘူးကွာ၊ ဘယ်လို အသုံး အနှုန်း သုံးသုံး ဟောဒီလို ပိုင်ပိုင်နိုင်နိုင်လေး ဖက်တတ်ဖို့သာ အဓိကပါကွ"
ပြောပြော ဆိုဆို ဒီလစ်က ဟန်အမူအရာများလုပ်ပြ၍ ပွဲကျသွားကြပြန်သည်။ ထိုအချန်တွင် ရာဂျာတို့အမေ အခန်းထဲ သို့ ရောက်လာသည်။ သူသည် ပိုးပျော့ဆာရီ အပြာရောင်နှင့် ဘလောစ်အပြာရောင်တို့ကို ဝတ်ထားသည်။ ခါးတွင်မတော့ သော့တွဲကြီးချိန်လို့ မျက်နှာပြင် ပေါ်တွင် အရေးအကြောင်းများစွာ ရှိနေသဖြင့် သူ့အသက် ကို ခန့်မှန်းနိုင်သည်။ သူ့အသား မှာ စိမ့်နေအောင် မည်းလှသည်။ ချောမွတ်ဖြူဖွေးသော အသားအရေ ကို ဘန်းတင်သော နိုင်ငံ တွင် သူ့အသားအရောင် မှာ ပဏာမစားလှပေ။ အသားအရောင်နှင့် ပတ်သက် ၍ ရာဂျာ တို့ မကြာခဏ အငြင်းအခုန် ဖြစ်ခဲ့ကြရသည်။ သို့သော် ဘယ်တော့မှ ကျေနပ်လောက်ဖွယ် အဖြေ များ ကို မရခဲ့ကြ။
"မိန်းမတစ်ယောက်ရဲ့အလှဟာ အသားအရောင်နဲ့ မဆိုင်ပါဘူးကွာ အရေးကြီးတာက သဘော သကာယကောင်း ပြီး လင်ယောက်ျား အပေါ် ချစ်ကြင်နာ နားလည်တတ်မှုပဲ မဟုတ်လား"
"ဒါပေမဲ့ အသားမည်းတဲ့မိန်းမတော့ ဘယ်လောက် သဘောကောင်းကောင်း ငါတို့က ဘယ်လို လုပ် ကြိုက်နိုင် မလဲကွာ"
ငြင်းသံခုန်သံ များကို ရာဂျာ ကြားယောင်မိသည်။ သို့သော် ဤပြဿနာသည် သူ့အဖို့ ရှေ့ လျှောက်တ်က်စရာ လမ်း မမြင်တော့။ အမေရိကန်တွင် သူ့ဘေးပတ်ပတ်လည်၌ အသား ဖြူမလေးများ ဝိုင်းနေမည်သာ ဖြစ်သည်။ ထိုအထဲမှ အဖြူတကာ့ အဖြူဆုံး အဖြူမလေး ကို ခေါင်းခေါက်ရွေးရန်သာ သူ့အတွေးကို သူ့မိခင်၏ စကားသံ က အစဖြတ်ပစ်လိုက်သည်။
"ဟဲ့ မင်းသူငယ်ချင်းတွေကိုဘာမှ မကျွေးတော့ဘူးလားကွဲ့ မင်းဟာလေ တို့ရဲ့ ဓလေ့ထုံးစံ တွေ၊ အမူအကျင့်တွေ ကို မေ့ပြီး အနောက်တိုင်း သိပ်ဆန်ချင်နေတဲ့ ကလေးပဲ"
"အမေ ကလည်း ဘာတွေ လျှောက်ပြောနေတာလဲဗျ၊ ခုနကပဲ စားပွဲထိုးကို စားစရာတွေ အမှာ ခိုင်းထားပြီးပါပြီ"
"ဒါဆို ဒီကောင် ခုထိ ဘာလို့ မလာသေးတာလဲ၊ အတော်ထူတဲ့နုံတဲ့ အကောင်ပဲ စားပွဲထိုး၊ စားပွဲထိုး လာစမ်း ပါဦးဟဲ့" အမေ့အသံသည် တစ်အိမ်လုံး ကျွတ်ကျွတ်ညံသွား၏။
"ဟုတ်ကဲ့ ခင်ဗျ၊ ဟုတ်ကဲ့ ခင်ဗျ" ဟု အသံတုန်တုန်ချည့်ချည့် ကြောက်ကြောက်ရွံ့ရွံ့နှင့် အဘိုးကြီးတစ်ယောက် ထွက် လာ သည်။ သူ့အသက် မှာ အတော်ကြီးလှပေပြီ၊ မုတ်ဆိတ်မွေး ဖြူကြီးမှာလည်း ရှည်လှပြီ။ စွပ်ကျယ် လက်ပြတ်နှင့် ဘောင်းဘီတိုလေးကို ဝတ်ထားသည်။ ဘောင်းဘီအောက်မှာ သူ၏ပိန် ချည့်ချည့် ခြေထောက်လေး များ က တုတ်ချောင်းလေး နှစ် ချောင်းလို ငေါထွက်နေသည်။ လက်ထဲတွင်ကား လက်သုတ်ပဝါ တစ်ထည်ကို ခေါက်လိုက် ဖြန့် လိုက်နှင့် စိတ်လှုပ်ရှားစွာဖြင့် အိမ်ရှင်မကြီး၏ စကားကို နားထောင်နေ သည်။ "လက်ဖက်ရည်လေး လာပို့ဖို့ ဘယ်နှခါရှိပြီလဲ မှာနေရတာ၊ နင်ဟာလေ အ အလို့သာ ငါထင် ခဲ့တာ၊ အခုတော့ အရုံတင်မကဘူး၊ နားပါပင်းနေတဲ့ လူပါလုား၊ ဘာလဲ ငါတို့က နင့်ဆီ လက်ဖက်ရည် လာဆက်ဖို့များ နင်က စောင့်နေတာလား၊ နင်တို့လိုလူတွေက အခုခေတ်မှာ ဒီလိုစိတ်မျိုး တော်တော်ပါက်နေ၊ ငါ ပြောလိုက် ရ မကောင်းဘူး" အဘိုးကြီးကတော့ ဘာတစ်ခွန်း မှ ပြန်မပြော၊ ကျောက်ရုပ်ကြီး တစ်ရုပ်လိုသာ မတုန်မလှုပ်။
"ဘာလဲ အလုပ်ပြုတ်သွားချင်ပြီလား" "မဟုတ် မဟုတ်ပါဘူး၊ သခင်မကြီးရယ်" "နင်ဟာလေ တစ်ပြားမှ တန်တဲ့လူ မဟုတ်ဘူး၊ နင်လုပ်တတ်တာဆိုလို့ စားဖို့ရယ်၊ အတင်း ပြောဖို့ရယ်၊ အတင်းပြောဖို့ရယ်၊ စားဖို့ရယ်မပဲ မဟုတ်လား" အဘိုးကြီးက တစ်ခုခု ပြန်ပြောချင်သည်။ သို့သော် သူ့နှုတ်ခမ်းများကား တုန်လှုပ်နေသည်။ ဝါကျတစ်ကြောင်း ပီပီပြင်ပြင် မထွက်နိုင်။ သူ့ကို ကြည့်ရသည်မှာ သနားစရာ ကောင်းလွန်းနေ၍ ရာဂျာက ဝင်ပြော လိုက်ရသည်။
"အမေကလည်း အလကား လျှောက်ဆူနေတာပဲ၊ သူလည်း လူကောင်းသူကောင်းပဲဟာ၊ လုပ် နိုင်ကိုင်နိုင်တဲ့ သူပါ" "အေးလေ၊ မင်းကြိုက်တယ်ဆိုလည်း သူ ဒီမှာဆက်နေစေပေါ့ မင်းစကားကလည်း ဥပဒေတစ် ခုကိုးကွဲ့၊ ကဲ အဘိုးကြီး သွားတော့၊ လက်ဖက်ရည်သွားယူ မြန်မြန်ယူခဲ့နော်" အဘိုးကြီးက မသွားခင် ရာဂျာအား ခါးကိုင်းပြီး အရိုအသေပြု သွားသည်။ ထို့နောက် နဖူးဖြင့် ခြေထောက်ကို တို့နမ်းသည်။ သို့သော် ရာဂျာက ခြေထောက်ကို ရှောင်ဖယ် ပစ်လိုက်ပြီး "ကဲ လက်ဖက်ရည်သာ သွားယူစမ်းပါဗျာ"
အဘိုးကြီး သုတ်သုတ်လေး ထွက်သွားပြီး ငွေလင်ပန်းအပြည့် လက်ဖက်ရည်အိုးနှင့် မုန့်မျိုးစုံ ယူလာသည်။ သို့သော် ရာဂျာ့ မိခင်ရှေ့ရောက်သော အခါ အလိုလိုခြေတုန် လက်တုန် ဖြစ်သွား ပြီး တစ်လင်ပန်း လုံး မှောက် ကုန်တော့သည်။ လက်ဖက်ရည်ပူပူ ကျက်ကျက်ကြီးသည် အဘိုး ကြီးလက်မောင်းပေါ် ဖိတ်ကျပြီး လောင် ကုန်တော့ သည်။
ရာဂျာ့အမေကား ဆူလို့ ဆဲလို့မပြီးတော့။ အဘိုးကြီးကမူ ဘာမှပြန်မပြော။ ကလေးငယ်တစ် ယောက်လို ရှိုက်၍ ရှိုက်၍ သာ ငိုနေတော့၏။ မိုဟန်က အဘိုးကြီးကို သွားထူကာ၊ ရာဂျာအား လိမ်းဆေးတစ်ခုခု သွားယူခိုင်းသည်။
ရာဂျာနှင့် မိုဟန်တို့က အဘိုးကြီးကို ပြုစုနေသည်ကို တွေ့ရသောအခါ ရာဂျာ့အမေက မျက်စောင်းကြီး တခဲခဲနှင့်၊ နောက်ပြီး အစေခံနောက်တစ်ယောက်ကို ခေါ်ကာ ဖိတ်စင်နေ သော လက်ဖက်ရည်များ၊ ကိတ်မုန့်များကို အသိမ်းခိုင်းသည်။ သူ သိမ်းပြီးသောအခါ ရာဂျာ့ အမေက မေးလိုက်သည်။
"နင် ဒီမုန့်တွေ အချိုပွဲတွေကို ဘယ်ယူသွားမလို့လဲ" အမှိုက်ပုံးထဲ သွားထည့်မလို့ပါ မမ"
"အေး ဒီအတိုင်းပဲလုပ်၊ နင်တို့အစေခံတန်းလျားကို ယူသွားမယ်လို့တော့ စိတ်မကူးနဲ့ တို့စား တဲ့အစားမျိုး နင်တို့ ဘယ်တော့မှ မစားရဘူး၊ သိလား" "ကျွန်တော် အမှိုက်ပုံးထဲပဲ သွားပစ်ပါ့မယ် မမ"
ကောင်လေးက ဒုတိယမ္ပိ ထပ်ကတိပေးရှာပြန်သည်။ နောက်တော့ ရာဂျာ့အမေ သည် ခေါင်းမူးသည်ဆိုကာ အိပ်ခန်းထဲ ဝင်သွားတော့သည်။
သူ ထွက်သွားတော့မှ ဒီလစ်က သက်ပြင်းတစ်ချက် ချလိုက်သည်။ ဘယ်သူမှ ဘာစကားမှ မပြောဖြစ်ကြတော့။ သူတို့၏ ပျော်ရွှင်စိတ်အားလုံးမှာ ရာဂျာ့အမေကြီးကြောင့် ပျောက်ဆုံးကုန် ကြပေပြီ။
မကြာခင် ထမင်းချက်ကြီး က လက်ဖက်ရည်ပွဲ လာချသည်။ လက်ဖက်ရည်အပြင် ပလာတာပူပူ နွေးနွေးများပါ ပါလာ၏။ ထမင်းချက်ကြီးမှာ ခေါင်းမော်မကြည့်ဝံ့ဘဲ ခေါင်းတငုံ့ငုံ့နှင့် သူ့အလုပ်သာ သူဆက်လုပ်ပေးနေသည်။
နီမာရ် က ပလာတာစားရင်းနှင့် ''ပလာတာက ကိတ်မုန့်ထက် စားကောင်းတယ်နော်'' ဟု ပြောသည်။
မိုဟန်ကမူ စဉ်းစဉ်းစားစားနှင့် ''ငါတော့ ငါတို့ရဲ့ ကျေးကျွန်တွေကို ဘယ်တော့များမှ လူလိုသူလို ဆက်ဆံနိုင်မယ့် အချိန် ရောက်မလဲဆိုတာကို စဉ်းစားနေမိတယ်ကွာ'' ''ငါတော့ မထင်မိပါဘူးကွာ'' ဒီလစ်က ဝင်ပြောသည်။
''ငါလည်း ဒီပြဿနာကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ စဉ်းစားဆဲပဲ'' ''ဒီမှာ သူငယ်ချင်းတို့၊ နည်းနည်း တိုးတိုးလေး ပြောကြပါကွာ နည်းနည်းလေး လေသံလေး နှိမ့်လိုက်ကြပါလား''
''ဘာဖြစ်လို့ တိုးတိုးပြောရမှာလဲကွ၊ ငါတို့က မဟုတ်တာ ပြောနေတာမှ မဟုတ်တာ၊ ငါတို့ဆီမှာ အလုပ်အကျွေး လုပ်ပေးနေတဲ့သူတွေကို ငါတို့ နှိပ်စက်နေတယ်ဆိုတာ ကမ္ဘာက သိသွားမှာ ကြောက်လို့လား၊ မစိုးရိမ်ပါနဲ့ ဒီလစ်ရယ်၊ နေ့စဉ် သတင်းစာတွေထဲမှာ ကြည့်စမ်း၊ အရှင်သခင်တွေက ကျေးကျွန်တွေအပေါ် လူမဆန်စွာ ရက်စက်နှိပ်ကွပ်နေကြတဲ့ သတင်းတွေ အများကြီး ပါနေတာ မတွေ့ဘူးလား၊ ဒါပေမဲ့ မင်းတို့လို လူတန်းစားတွေ က ဒါတွေ လက်ခံ မခံကို အပြင်က လူတွေက နားမလည်နိုင်ကြတာက ဆိုးတယ်ကွ''
မိုဟန် က စိတ်အားထက်သန်စွာ ပြောနေသည်။ ဤတွင် ဒီလစ်က ခုန်ထလိုက်ပြီး သူတို့ လူတန်းစားဘက်မှ ကာကွယ်တော့သည်။
''ဒီလို ရက်စက် ကြမ်းကြုတ်မှုမျိုးကို ငါ လက်မခံပါဘူး မိုဟန်၊ ဒါကိုလည်း မင်းသိပါတယ်၊ ခုနက ဖြစ်ရပ်မျိုးကို ငါလည်း သိပ်မလိုလားလှပါဘူး၊ ဒါပေမဲ့ မင်းနဲ့ငါ မတူညီတဲ့ အချက်တစ်ချက် ရှိတာက ငါဟာမင်းလို အစေခံတစ်ယောက်နဲ့ တန်းတူရည်တူ ဖြစ်လာမယ့် နေ့မျိုးကိုတော့ မတမ်းတဘူးကွာ၊ သူနဲ့ငါဟာ ဘယ်တော့မှ တန်းတူ ညီတူ ဖြစ်မှာ မဟုတ်ဘူး၊ မွေးဖွားတဲ့ အခြေအနေဝန်းကျင်ကိုပဲ ကြည့်ကြည့်၊ ပညာအရည်အသွေးကိုပဲ ကြည့်ကြည့်၊ သူနဲ့ငါဟာ ဘယ်တော့မှ တူမှာ မဟုတ်ဘူးကွ''
''ဒါပေမဲ့ တစ်နေ့ကျရင် အစေခံတွေဟာလည်းပဲ မင်းတို့ငါတို့လို ပညာတွေ သင်လာနိုင်မှာပေါ့ကွ''
''အေးလေ၊ ဒီလိုအခြေအနေ ရောက်လာရင်လည်း သူ့ထက်တော့ ငါက မြင့်မြတ်တဲ့အဆင့်မှာ ရှိနေဦး မှာ သေချာတယ်၊ ငါ့အသက် ရှင်နေသေးသရွေ့ ငါ့ထက်တော့ မကြောနိုင်ပါဘူးကွာ''
''ဒါဆို မင်းဟာ မဟုတ်မတရားတဲ့ ခေတ်ကြီးထဲမှာ ကြီးပြင်းနေတဲ့လူပဲ ဖြစ်မှာပဲ''
''ဒါကို ငါသိပါတယ်၊ ဒါကြောင့်လည်း ငါ ဝမ်းနည်းရတယ်လေ၊ ဒီထက်ကောင်းတဲ့ ခေတ်ကိုတော့ ငါလည်း မျှော်လင့် ချင်ပါတယ်ကွာ''
''ဒီခေတ်ဟာ ခေတ်ကောင်းပဲကွ၊ ဘာမှ ထပ်မျှော်လင့်နေစရာ မလိုဘူး၊ တို့ခေတ်ဟာ အကောင်းဆုံးခေတ်ပဲ''
မိုဟန်၏ စကားသံသည် အားမာန်ပါနေသည်။ သူ့မျက်နှာသည်လည်း ယုံကြည်စိတ်ဖြင့် ဝင်းပနေသည်။
သူငယ်ချင်း တို့ ငြင်းခုန်နေသည့်ကြားသို့ ရာဂျာကား ဘာတစ်ခွန်းမှ ဝင်မစွက်၊ ဤအငြင်းအခုန် ပွားလာအောင် စတင် မီးမွှေးပေးခဲ့သူမှာ သူ့မိခင် ဖြစ်သည်ကို သူကောင်းစွာ သိသည်။ လပ်ကနောင်းတစ်မြို့လုံးလည်း သူ့မိခင် ၏ အာကြမ်းလျှာကြမ်းမှုကို အကုန်သိကြပြီးသား။
အိန္ဒိယ၏ အမျိုးသားအားကစားမှာ 'စကားပြောခြင်း' ပင် ဖြစ်သည်။ အင်္ဂလန်မှာ ကရစ်ကက်၊ အမေရိကန် မှာ ဘေ့စ်ဘောလ် လို အမျိုးသားအားကစားအဖြစ် ခုံမင်နှစ်သက်ထားကြသကဲ့သို့ပင် အိန္ဒိယတွင် လူ တစ်ယောက် စကားပြောကောင်းလျှင် ဝိုင်းအထင်ကြီးထားကြသည်။ အလုပ် ထက်အပြောကို ဦးစားပေးနေကြသည်။ သူ့အမေ သည် စိတ်ညစ်တယ်ဟု မကြာခဏ ညည်းညူတတ်၏။ ထို့ကြောင့် သူငယ်ငယ်တုန်းက သူ့အမေကို အကြံပေးခဲ့ဖူးသည်။ ''မပျော်ဘူးဆိုရင် ထွက်ပြေးပါလား အမေရဲ့''
''ဘယ်ပြေး ရမလဲ၊ မြောက်ဘက် ဟိမဝန္တာကိုလား၊ အရှေ့ဘက် ကာလကတ္တားကိုလား၊ အဲဒီမှာ လူတွေ သန်းနဲ့ချီပြီးရှိတာ အမေ့ကို ဘယ်သူက လာဂရုစိုက်နိုင်မလဲ၊ အမေရဲ့ ဇာတိမြေဖြစ်တဲ့ အနောက်ဘက် ဂူဂျရက်ရွာကို ပြေးရမလား၊ ဒါပေမဲ့ အဲဒီိလိုပြေးရင် လူတွေပြောကြမယ်၊ နင်ဟာ လင်ကို ပစ်ပြေးလာတဲ့ မိန်းမ၊ ငါတို့ဆီမလာနဲ့၊ တောင်ဘက်အရပ်ကိုသွား၊ အနောဝတရေအိုင်မှာ နင့်အပြစ်တွေကို သွားပြီး ဆေးကြောစမ်းလို့၊ တကယ်တမ်းပြောတော့ အမေ့မှာ ပြေးစရာမရှိပါဘူး သားရယ်၊ အမေ့အတွက် တံခါးဖွင့်ထားတဲ့နေရာဆိုလို့ မရှိပါလားကွယ်''
''အဘိုးရဲ့ တံခါးတော့ ဖွင့်ထားသားပဲ အမေရဲ့''
''အေး ဟုတ်တယ်၊ ဒီတံခါးကတော့ အမြဲပဲဖွင့်ထားလျက်ပါပဲကွယ်''
နှစ်ပေါင်းများစွာ ကြာလာသောအခါ အမေသည် မငိုတော့။ သူ့စိတ်များသည် ပို၍ ငြိမ်လာသည်။ ပိုထိန်း လာနိုင် သည်။ သူ့ကိုယ်သူသာ ထိန်းလာနိုင်သည်။ သူတစ်ပါးအပေါ် ဒေါသတော့ မထိန်းတတ်။ ထစ်ခနဲ ရှိလျှင် ဒေါသ။ ထစ်ခနဲရှိ လျှင် စိတ်တို။ ဝုန်းဝုန်းဒိုင်းဒိုင်း။
သူ့အမေအကြောင်း စဉ်းစားနေဆဲမှာပင် သူ့အဖေပေါက်ချလာသည်။ ရာဂျာ့အဖေ့နာမည်မှာ 'မိုတီလားလ်ဘီဂျေးတြိဝေဒိ' ဖြစ် သည်။ အရပ်ခြောက်ပေကျော်သလောက် ခန္ဓာကိုယ်မှာ ကိုင်းကိုင်းကြီး မဟုတ်ဘဲ တုတ်တုတ်ခိုင်ခိုင်ကြီး ဖြစ်သည်။ သူသည် အနောက်တိုင်းဝတ်စုံကို ကျနစွာ ဝတ်ဆင်ထားသည်။ သူ၏ အီတလီဖြစ် ပိုးဝတ်စုံမှာ ချပ်ချပ်ယပ်ယပ် ဖြစ်နေသည်။ သူ့ကြည့်ရသည်မှာ ရေချိုးရာမှ ခုချက်ချင်း ထလာသည့် ပမာ လန်းဆန်း သစ်လွင်လှသည်။ နှာခေါင်းကြီးကြီး၊ သိန်းငှက်လို စူးရှသော မျက်လုံးများနှင့် ပထန်လူမျိုး ပုံ ပေါက်နေသည်။ ကြမ်းကြမ်းရမ်းရမ်း သူ့ပုံပန်းမှာ သူ့သား ရာဂျာနှင့်ကား တခြားစီ။
ကောင်လေးများကို ခေတ္တစောင့်ခိုင်းပြီး အခန်းထဲဝင် အဝတ်လဲ၏။ ထွက်လာတော့ အိန္ဒိယရိုးရာဝတ်စုံနှင့် သူ့ဝတ်စုံ ၏ လည်ပင်းပေါက်နှင့် လက်ဖျားများတွင် ပန်းပွင့်ကွက်များ ထိုးထားသည်။ ကြယ်သီးများကား စိန်ကြယ်သီးများ။ ''ကဲ တစ်ခုခု သောက်ကြရအောင်၊ စားပွဲထိုးရေ လာစမ်းပါဦး''
သို့သော် ဘယ်သူမှ ပေါ်မလာ၊ ဒုတိယအကြိမ် ခေါ်လိုက်တော့မှ ပေါ်လာသည်။ နောက်က ဘီလူးသဘက်တွေ လိုက်လာသည့်အလား သုတ်သီးသုတ်ပျာနှင့်၊ သို့သော် သူ့ဆရာကို မြင်လိုက်ရတော့ စိတ်သက်သာရာ ရသွားဟန်ဖြင့် ပြုံးလိုက်၏။ 'မိုတီလားလ်' က အဘိုးကြီးလက်မောင်းတွင် ပတ်တီးစီးထားသည် ကို မြင် လိုက်သည်။ ဘာဖြစ်တာလဲ ဟု မေး၏။ အဘိုးကြီးက ဝေ့လည်ကြောင်ပတ် ဖြေသည်။ သို့သော် မိုတီလားလ်က အကင်းပါး၏။ ထိုဇာတ်လမ်းမျိုးသည် သူ့အတွက်မဆန်းတော့။
''ကဲ ကဲ မင်းအနာပျောက်သွားအောင် ရော့ ငွေငါးကျပ် ဘောက်ဆူးအဖြစ်နဲ့ ယူသွားစမ်းကွာ'' အဘိုးကြီးမှာ အနာချက်ချင်း ပျောက်သွားသလိုပင် ဝမ်းသာသွား၏။ ''ကဲ ဘယ်သူ ငါနဲ့ သောက်မလဲကွ''
''ကျွန်တော်တော့ အရက်ပြင်းပြင်း မသောက်တတ်ပါဘူးခင်ဗျ'' နီမာရ်က ငြင်းသည်။
''ကျွန်တော်ကတော့ အရက်ပြင်းပြင်းမှ ကြိုက်ပါတယ် ခင်ဗျ'' ဒီလစ်ကတော့ တစ်မျိုး။
''ကဲ မိုဟန်ကကော ဘယ်လိုလဲကွ''
''ဒီညဟာ ရာဂျာရဲ့ အောင်မြင်မှု အထိမ်းအမှတ်ပွဲမို့ ကျွန်တော် နည်းနည်းပါးပါး လုပ်ပါမယ် ခင်ဗျ''
''ကဲ ဒီလိုဆို စလိုက်ကြရအောင်၊ ဒီနေ့ဟာ ထူးခြားတဲ့ နေ့ပဲကွယ်၊ ငါ စီစဉ်ထားတာတွေ အကုန်ဖြစ်လာတဲ့နေ့ပဲ''
အရက် တစ်ကျိုက် မော့လိုက်ပြီး မိုတီိလားလ်က ပြောသည်။ ရာဂျာကတော့ သူ့အဖေ၏ ဤအပြောမျိုးကို ရိုးနေပေပြီ။ သူ့အဖေတွင် ဘယ်တော့မှ စိတ်ဓာတ်ကျခြင်း၊ စိတ်ပျက်လက်ပျက် ဖြစ်ခြင်းကို မတွေ့ဖူး။ ဧည့်သည်ကောင်လေး များ ကလည်း သူ့ကို ရှုံးနိမ့်ခြင်းအရသာကို ဘယ်သောအခါမှ မမြည်းစမ်းဖူးသူ၊ အရာရာ အောင်မြင်ရေး လျှို့ဝှက်ချက်ကို သိနေသူ၊ လောက တစ်ခွင်လုံး အောင်နိုင်နေသူ တစ်ဦးအဖြစ် မြင်နေကြ သည်။
အောင်မြင်သော ရှေ့နေကြီး 'မိုတီလားလ်တြိဝေဒိ' သည် သူ့အမှုသည် အားလုံးကိုလည်း သည်လို ပင် ပြောခဲ့ဖူးသည်။ ''ခင်ဗျားတို့အမှု ဘာမှ မပူနဲ့၊ နိုင်ကိုနိုင်စေရမယ် စိတ်ချ''။ သူပြောသလို အမှုတွေ ဆက်တိုက် နိုင်ခဲ့သည် သာ များသည်။ တချို့တလေ ရှုံးခဲ့လျှင်လည်း ဘယ်သူကမှ သူညံ့လို့ဆိုကာ လာပြီး အပြစ် မဖို့ကြ။
မိုတီလားလ် လို ယောက်ျားမျိုးကား အားခွန်ဗလ၊ ခွန်အားသိတ္တိနှင့် စွန့်စားရဲသော သတ္တိတို့ဖြင့် ပြည့်ဝသူ၊ အခွင့်အရေးကောင်း ကို လက်မလွှတ်တမ်း အသုံးချတတ်သူ၊ ထို့ကြောင့် အမျိုးသမီးတွေက သူ့ကို ချစ်မြတ်နိုး ကြသည်။
သူ၏ ကြီးထွားကြံ့ခိုင်သော ကိုယ်လုံးကိုယ်ထည်ကြီးကလည်း သူတို့ကို အကာအကွယ်ပေးနိုင်၊ သူတို့အားကိုး ခိုလှုံနိုင်ဖွယ်ရာ၊ အထူသဖြင့် လင်ယောကျာ်း ပျော့စိပျော့နဲ့ အေးတိအေးစက်များကို ပိုင်ဆိုင်ထားရသူ အိမ်ထောင်ရှိ အမျိုးသမီးများအတွက် သူသည် တကယ့်စံပြ၊ သူသည် အပေးအကမ်းလည်း ရက်ရောလှသည်။ သူ့ရှေ့ တွင် ငွေကြေးအကြောင်း ချူသံပါအောင် မညည်းနှင့်၊ နည်းနည်းလေး ညည်းလိုက်သည်နှင့် သူ့အိတ်ကပ်ထဲ မှ ငွေ တို့သည် ဟောတစ်ရွက် ဟောတစ်ရွက်၊ လျှောခနဲ လျှောခနဲ ထွက်ကုန်လေ၏။
ဒီကမ္ဘာလောကတစ်ခုလုံးတွင် သူမုန်းသူဟူ၍၊ ရွံ့သူဟူ၍၊ မနှစ်လိုသူဟူ၍ တစ်ဦးသာလျှင် ရှိသည်။ ထိုသူကား သူ့ဇနီး။ သူ၏ အိမ်ထောင်ရေးအကြောင်းကို စဉ်းစားမိတိုင်း တုန်လှုပ်ခါးသီး သွားတတ်သည်။ ဤသို့သော ထမင်းလုံး တစ္ဆေ အိပ်မက်ဆိုးကြီးမှ လွတ်မြောက်အောင်လည်း အစဉ်ထာဝရ သူကြိုးစားနေဆဲ။
မိုတီလားလ် သည် ငယ်စဉ်က မွေးချင်းပေါက်ဖော် သားသုံးယောက်အနက် အရေးပေးခံရဆုံး သား တစ်ယောက် ဖြစ်သည်။ ဟိန္ဒူဘာသာတရားကို နက်နက်ရှိုင်းရှိုင်း ကိုးကွယ်ဆည်းကပ်သူ တစ်ဦးတည်းသော သားလည်း ဖြစ်သည်။ သူသည် အနှစ်လေးဆယ်လုံးလုံး တစ်မျိုးပြီးတစ်မျိုး မဟုတ်တာတွေ လုပ်ပြခဲ့သော သူ့ဖခင်ကို တရားပြမည့်သူဟု လပ်ကနောင်း တစ်မြို့လုံးမှ ယူဆထားကြသည်။
မိုတီလားလ်၏ ဖခင်၊ ရာဂျာ၏ အဘိုးဖြစ်သူ 'ဒေါက်တာမိုဟန်လားလ် ကုမာရ်တြိဒေဝိ'သည် ပညာဥာဏ်ရှိသည်။ သတ္တိရှိသည်။ အတွေးအခေါ် ထက်မြက်သည်ဟု လူတိုင်းက သတ်မှတ်ပြီးသား။ သို့သော် သူကြိုက်တာ သူလုပ်ရာတွင်လည်း ဘယ်သူကမှ တားမရဆီးမရနိုင်အောင် တစ်ဖက်စွန်းသို့ ရောက်တတ်၍ လူတိုင်းက လန့်နေခဲ့သူ။ သူသည် 'ဗြဟ္မောသမဂ္ဂ' ဂိုဏ်းဝင်တစ်ဦး ဖြစ်သည်။ 'ဗြဟ္မောသမဂ္ဂ' သည် ' ရမ်မိုဟန်ရွိုင်း' ထူထောင်ထားသော ဟိန္ဒူဘာသာ ပြုပြင်ရေးဂိုဏ်းဖြစ်သည်။ ထိုဂိုဏ်းသည် အမျိုးသမီးတို့၏ အခွင့်အရေးကို တိုက်ပွဲဝင်ပေးသည်။ ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ချပေးသော ဓလေ့ကို တိုက်ခိုက်သည်။ မုဆိုးမများ အိမ်ထောင်သစ်ပြုခွင့်ကို ထောက်ခံသည်။ ဟိန္ဒူ-မူစလင် ချစ်ကြည်ရေးကို လုံးပမ်းသည်။
'မိုဟန်လားလ်' သည် ဟိန္ဒူရိုးရာ အစဉ်အလာကောင်းများ ကို တော်လှန်ပြုပြင်ခဲ့သူ တစ်ဦး ဖြစ်သည်။ ဆွေမျိုးအသိုင်းအဝန်းတို့ ဝိုင်းရံတားဆီးနေသည့်အထဲမှ ရေခြားမြေခြား နိုင်ငံခြားသို့သွားကာ အင်္ဂလန် တွင် ဆေးပညာ ဒေါက်တာဘွဲ့ကို အရယူခဲ့သူလည်း ဖြစ်၏။
သူအင်္ဂလန်သို့ ရောက်သောအခါ သဘောကျစရာ အချက်များစွာ တွေ့ခဲ့သည်။ ကူလီများ၊ တံမြက်လှည်း သမားများ၊ အလုပ်ကြမ်းသမားများကို လူလိုသူလို လေးလေးစားစား ဆက်ဆံပုံမျိုး။ အိန္ဒိယတွင်ကား ကူလီ များဆို လူတကာက နှိမ့်ချဆက်ဆံခဲ့ကြသည်ကို သူကြုံခဲ့ရဖူးသည်။ ယောကျာ်းနှင့် မိန်းမများ ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်း ဆက်ဆံကြပုံများကိုလည်း သူအံ့သြနေသည်။ ဥရောပမှ အမျိုးသမီးများသည် အိန္ဒိယမှ အမျိုးသမီး များနှင့်မတူ၊ လူမှုရေးနှင့် စီးပွားရေး လွတ်လပ်မှု ရသများကို ခံစားနေကြရပုံကိုလည်း အားကျမိ၏။
၁၉၂၆ ခုနှစ်၊ အင်္ဂလန်မှ အထွေထွေသပိတ်ကြီးကိုလည်း သူကြုံခဲ့ရ၏။ သူသည် သူ့အင်္ဂလိပ် လူမျိုး ကျောင်းသားသူငယ်ချင်းများနှင့်အတူ ကျောက်မီးသွေးတွင်းတူး အလုပ်သမားများနှင့် လက်တွဲပြီး အထွေထွေ သပိတ်ကြီးတွင် ပါဝင်ခဲ့သည်။ ထိုအခါ သူနှင့်အတူ အင်္ဂလန်ရောက်နေကြသော ချမ်းသာကြွယ်ဝ သည့် အိန္ဒိယတိုင်းသားများက အံ့သြနေကြ၏။
၁၉၈၂ ခုနှစ် တွင် သူသည် လပ်ကနောင်းသို့ ပြန်ရောက်၏။ ထိုအခါ မဟတ္တမဂန္ဓီနှင့် နေရူးတို့ ဦးဆောင် ဆင်နွှဲနေသော 'အကြမ်းမဖက်ရေး ဆန္ဒပြပွဲ' များကို ကြုံရပြန်သည်။ ထိုဆန္ဒပြသမားများကို မြင်းစီးပုလိပ်များက တုတ်နှင့်ရိုက်၊ မြင်းနှင့်တိုက်ကြသည်။ လူတွေမှာ သွေးသံရွှဲရွှဲ၊ အလဲလဲအကွဲကွဲ။ လက်နက်မပါသော၊ အကူအညီမဲ့လူများကို လက်နက်ကိုင်ပုလိပ်များက ရက်ရက်စက်စက် ဖိနှိပ်နေကြသော မြင်ကွင်းသည် သူ့ဒေါသ ကို ဆွပေးလိုက်၏။
''ဘာကွ၊ အကြမ်းမဖက်ရေးတဲ့၊ ဟုတ်လား၊ ဘယ်သူ့ကို အကြမ်းမဖက်ရမှာလဲ၊ ကြည့်ကြစမ်း၊ တို့လူတွေ အရိုက် ခံနေရတယ်၊ ဓားနဲ့ အခုတ်ခံနေရတယ်၊ မုဒိန်းအကျင့်ခံနေကြရတယ်၊ ဒါကို တို့က ငုံ့ခံနေကြရမှာလား၊ အကြမ်းမဖက်ရေး ဆိုတာ ဘာလဲ၊ ဂန္ဓီက အင်္ဂလိပ်လူမျိုးတွေကို၊ ချမ်းသာတဲ့ အိန္ဒိယလူမျိုးတွေကို၊ သူ့မိတ်ဆွေတစ်စု ရဲ့ ပစ္စည်းဥစ္စာတွေကို၊ လူချမ်းသာတွေကို ကာကွယ်ပေးနေတာ လား၊ ဘာလဲကွ အကြမ်း မဖက်ရေး၊ တို့တွေရဲ့ တကယ့်ရန်သူတွေကို အကြမ်းဖက်ရမယ်၊ တို့တွေရဲ့ ခံစားမှုတွေ ပေါက်ကွဲ လာတဲ့ တစ်နေ့မှာ မုန်တိုင်းတွေ ထန် လာစေရမယ်''
ဆက်ရန်
.

No comments:
Post a Comment