''ကွမ်းအစ်ယူခဲ့စမ်းကွာ'' မကြာမီ ချာပရာစီ ပြန်ဝင်လာတော့ ကွမ်းအစ်တစ်လုံး ပါလာသည်။ ကွမ်းအစ်မြင်ရတော့ ရာဂျာကျေနပ် သွားသည်။ အိန္ဒိယတွင် သူတို့သည် ကွမ်းစားမြဲ၊ ယခု ပြတ်နေ သည်မှာ ကြာပြီ။ ''အိန္ဒိယ က ထွက်လာတည်းက ကွမ်းမစားရတာ ကြာပြီဗျ။'' ရာဂျာ က ပြောပြော ဆိုဆို ကွမ်းတစ်ယာ ယာပြီးပါးစောင်ထဲတွင် ငုံလိုက်၏။ မေတာ ကတော့ ကွမ်းမစား။ ကို ဆက်ဖတ်ရန်.....
''ငါမင်းကို အိမ်ခေါ်တွေ့တာက တခြားလူတွေ မကြားစေချင် မသိစေချင်တာတွေ ပါလို့ကွ။ ငါမင်းကို ပြောမှာက တခြား မဟုတ်ဘူး။ နိုင်ငံတကာပညာရေးတက္ကသိုလ်က မင်းကို ဘန်နီကာတက္ကသိုလ်ပို့လိုက်တာ မှားပြီး ပို့လိုက်တာပါဆိုတဲ့ စာတစ်စောင် ရထားလို့ကွ''
''မှားလို့ ဟုတ်လား''
''အေး၊ မှားပြီ ပို့မိတာတဲ့၊ မင်းကို ပို့ရမှာက မက်ဆာချူးဆက်ပြည်နယ်က ဘန်ကာတက္ကသိုလ် ဒါပေမဲ့ နာမည်တွေရောကုန်ပြီး မှားသွားတာတဲ့။ ဘန်ကာ နဲ့ ဘန်နီကာ ကွာ၊ နာမည်ချင်းကလည်း ဆင်တယ် မဟုတ်လား။ စာလုံးပေါင်းချင်းကလည်း မတိမ်းမယိမ်း''
''ဒါဆို ကျွန်တော်သွားရမှာက ဘန်ကာတက္ကသိုလ်ပေါ့နော်။''
အေး ဟုတ်တယ်။ နောက် ကျောင်းအဖွင့်မှာ မင်းအဲဒီကို သွားတက်ရမယ်။ ဇွန်လ ၁ ရက်နေ့ ကျောင်းဖွင့်အမီ မင်း အဲဒီကို ကျောင်းပြောင်းခွင့် လျှောက်လွှာတင်ရုံပဲ၊ လျှောက်လွှာ မတင်ရင်တော့ မင်းနေရာကို တခြားကျောင်းသား တစ်ယောက် ရသွားမယ်ကွ။
ရာဂျာ ကမူ နှလုံးခုန်သံပင် ရပ်သွားသံပင် ရပ်သွားသလား ထင်လိုက်ရသည်။ အသက်ရှူလို့ပင် မရတော့၊ မေတာကတော့ သူ့ကို အကဲခတ်နေသည်။ ဘာတစ်ခွန်းမှတော့ ဝင်မတိုက်တွန်းတော့။
''ကျွန်တော် ဘယ်တော့မှ ဘန်နီကာက မခွာချင်ဘူးဗျာ။ ဘယ်တော့မှ မခွာချင်ဘူး'' ရာဂျာက ပြောလိုက်သည်။
''အေးကွာ၊ တကယ်တော့လည်း မင်းဘန်နီကာက မခွာသင့်ပါဘူး၊ မင်းအဲဒီမှာပဲ နေသင့်တာပဲ။ ဒါက မင်းတာဝန်မဟုတ်လား၊ မင်း အဲဒီမှာ ပျော်တယ်ဆိုရင် သူတို့တွေနဲ့ ရောနှောနေ နိုင်တယ်ဆိုရင် ပြီးတာပဲ မဟုတ်လား၊ နောက်ပြီး မင်းပညာသင်ပြီး နိုင်ငံပြန်လာတော့ကော ဘန်နီ ကာကပြန်လာလာ ဘန်ကာ က ပြန်လာလာ ဘာထူးမှာမို့လဲကွ၊ တူတူ ချည်းပဲမဟုတ်လား၊ ဒါပေမဲ့ တို့နိုင်ငံက ပညာတတ်အချို့က အမြင်ကျဉ်းကြ တယ်ကွ၊ သူတို့ကတော့ ဒီတက္ကသိုလ်နှစ်ခုရဲ့ ကွာခြားချက်တွေကိုသိနေကြတယ်။ မက်ဆာချူးဆက်ပြည်နယ် ''ဘန်ကာ''တက္ကသိုလ် အကြောင်း လူတိုင်း သိကြတယ်။ ဒီတက္ကသိုလ်ကိုးကွ၊ ဒီတက္ကသိုလ်က သာဆင်းရင် မင်းအစိုးရအလုပ်ကို အေးအေးဆေးဆေး ခေါင်းခေါက်ရွေးနိုင်တယ်ကွ၊ ဒါပေမဲ့ ''ဘန်နီကာ''က ဆင်လာတယ်ဆိုရင်တော့ ကွာ
မေတာ က ဆက်မပြောဘဲ ပခုံးတွန့်ပြလိုက်သည်။
ရာဂျာကတော့ ချက်ချင်းပြန်မဖြေ၊ ပြောပြန်တော့လည်း အသံလေးမှာ တိုးလွန်းလှသည်။
''ကျွန်တော် ဘန်နီကာက ဘယ်တော့မှ မထွက်ဘူးဗျာ။ ဘယ်တော့မှ မထွက်ဘူး၊ ဒေါက်တာမေတာရယ် ကျွန်တော် ကို ပြန်ခွင့်သာပြုပါတော့။''
သူ မတ်တတ်ရပ်လိုက်သည်။
ဒေါက်တာမေတာကလည်း မတ်တတ်ရပ်လိုက်သည်။
''ရာဂျာကြီးရယ်၊ နောက်တစ်ခါ ထပ်တွေ့ရင် တို့တွေ ပြေလည်သွားကြလိမ့်မယ်။ ငါက မင်းအဘိုးတို့ မင်းအဖေတို့ကို လေးစားကြည့်ညိုတဲ့ သူတစ်ယောက်ပါပဲ။ ဇွန်လမတိုင်မီတော့ တို့ဆီကို အကြောင်းကြား ဦးနော်၊ စိတ်ပြောင်းမယ် ဆိုရင်ပေါ့နော်''
ရာဂျာ က စကားပြောရန် ဟန်ပြင်လိုက်သည်။ သို့သော် ဒေါက်တာမေတာက လက်ကာပြီး ပြန်ပြောသည်။
''ငါသိပါတယ် ငါနားလည်ပါတယ်ကွာ၊ မင်းဘန်နီကာက ဘယ်တော့မှ သွားမှာမဟုတ်ဘူးဆိုတာ''
ရာဂျာက ဘာမှပြန်မပြော။ သို့သော် လက်အုပ်ချီကာ နမာစ်တေ့ လုပ်ပြီး ထွက်ပြီး ထွက်လာခဲ့သည်။ အပြင်ရောက်တော့ သူ့တွင် အတွေးပေါင်းစုံ ရစ်ပတ်နေသည်။ မေတာက ဘန်နီကာတက္ကသိုလ်အပေါ် အထင်သေးနေ ပုံပေါ် သည်။
ဘန်ကာ အပေါ် အမြင်ကျတော့ တစ်မျိုး။
အိန္ဒိယ ပညာတတ် လူတန်းစားတွေက ဘန်နီကာထက် ဘန်ကာကို ပိုကြိုက်ကြတယ်ဆိုပဲ။ အဲဒီအချက်လေး တစ်ခု တည်း အတွက် နဲ့ ငါက ဘာဖြစ်လို့ ကျောင်းပြောင်းရမှာလဲ။ မေတာအပေါ် သူဆက်ဆံပြောဆိုခဲ့ပုံကို သူကျေနပ် မိသည်။ ထို့အတူ လူစီဘဲလ်နှင့် သူ့အဘိုးတို့သည်လည်း ကျေနပ်ကြမည်ပင်။ ထို့ပြင် ဒေါက်တာအေမိစ် ကိုလည်း သူဂုဏ်ယူ စွာ ပြောနိုင်တော့မည်။
သူ့ကို အခွင့်အရေးလေး ပေးတာတောင် သူက ဘန်နီကာမှ ထွက်ခွာရန် ငြင်းဆန်ခဲ့ပုံ။
နာရီကို ကြည့်လိုက်သည်။ အချိန်တွေ အများကြီး ပိုနေသေးသည်။
လှပသော ဝါရှင်တန်ကို လှည့်ပတ်ကြည့်ရှုနိုင်သေးသည်။ လှပသော ဝါရှင်တန်မြို့မှာလည်း ဘင်ဂျမန်ကာ ပုံစံ ရေးဆွဲပေး ခဲ့သော မြို့ကြီးပင် မဟုတ်ပါလား။
သူ ဘယ်တွေ သွားကြည့်ရမလဲ။
လင်ကွန်းဗိမာန်၊ ကွန်ဂရက်စာကြည့်တိုက်၊ ဝါရှင်တန်တရားရုံးချုပ်၊ အိမ်ဖြူတော်
သူ့ခေါင်းထဲ တွင် သူအသွားသင့်ဆုံးနေရာတစ်ခု ပေါ်လာသည်။ တက်စီငှားကာ ထိုနေရာသို့ သွားခဲ့သည်။
''ဖရက်ဒရစ်ဒေါက်ကလပ်စ်'' အထိမ်းအမှတ်ပြတိုက်။
သူ့ကို လမ်းပြတစ်ယောက်က ကြိုဆိုသည်။ အိန္ဒိယလူမျိုးဧည့်သည် သည်တစ်ယောက်ဖြစ်၍ ထိုသူက ပို ဂုဏ်ယူ သွားပုံရသည်။
ထိုအိမ်ကြီး မှာ ၁၅ ဧက ကျယ်သော ပရဂုဏ်ကြီးထဲတွင် ဆောက်လုပ်ထားကြောင်း၊ မူလမြေပိုင်ရှင်က ထိုမြေကို အိုင်းရစ် လူမျိုးနှင့် နီဂရိုးတို့အား မရောင်းခဲ့ရန် ဒီကရီပြုခဲ့ကြောင်း၊ သို့သော် ဖရက်ဒရစ်ဒေါက်ကလပ်က မရမနေ ဝယ်ယူပြီး ၁၈၉၅ ခု သူသေဆုံးချိန်အထိ နေသွားခဲ့ကြောင်း လမ်းပြက ပြောပြသည်။
ဧည့်ခန်း ထဲတွင် အမျိုးသမီးပုံကြီး ၂ ပုံရှိသည်။
တစ်ပုံမှာ ''ဆူဆန်ဘီအင်တိုနီ'' ၏ပုံ အခြားတစ်ပုံမှာ အယ်လစ်ဇဘက်ကေဒီစတင်ကန် ၏ပုံ။
သူတို့ နှစ်ယောက်လုံးပင် အမျိုးသမီး အခွင့်အရေးတိုက်ပွဲဝင် ခေါင်းဆောင်များဖြစ်ကြသည်။ ဒေါက်ကလပ်စ်ကို ကြည်ညိုသူ၊ ဒေါက်ကလပ်စ်၏ မိတ်ဆွေများလည်း ဖြစ်ကြသည်။
အောက်ထပ် ဧည့်ခန်း တွင်လည်း အသားရောင်ခွဲခြားမှုကို တိုက်ဖျက်ခဲ့သော ခေါင်းဆောင်ကြီး များ၏ပုံ၊ ကျွန်ပိုင်ရှင် စနစ် ကို တိုက်ဖျက်ခဲ့သော သူရဲကောင်းကြီးများ၏ပုံများ ချိတ်ဆွဲထားသည်။
အပေါ်ထပ် တွင် သမ္မတတလင်ကွန်း လုပ်ကြံရပြီးနောက် သမ္မတကတော်က ဒေါက်ကလပ်စ်ကို ပေးခဲ့သော သမ္မတကြီး ၏ လမ်းလျှောက်တုတ်ကောက်ကို တွေ့ရသည်။
စားပွဲခုံတစ်ခုံပေါ်မှ အမျိုးသမီးတစ်ယောက်၏ ပုံကိုလည်း ရာဂျာ သတိပြုမိသည်။ မျက်လုံးပြူးပြူး၊ နှာတံပေါ်ပေါ်၊ နှုတ်ခမ်း ပုံ လှလှ ဆံပင်အလည် မှ ခွဲထားသော အင်မတန် လှသည့် အမျိုးသမီး ပုံ ဖြစ်၏။ တစ်ခါ ဆုံးဖြတ်ချပြီးလျှင် ဘယ်တော့မှ မပြင်တတ်သော ရုပ်မျိုးဟု ရာဂျာထင်မိ၏။
သူသည် ဒေါက်ကလပ်စ်၏ ဒုတိယဇနီး ဖြစ်သည်။
''သူက လူဖြူ အမျိုးသမီးဗျ။ နယူးယောက်မြို့က ထင်ရှားတဲ့ မိဘတွေက မွေးဖွားလာခဲ့တဲ့သူပဲ။ ကောလိပ်က ဘွဲ့ရသူ လည်း ဖြစ်သည်။ ၁၈၇၀ လောက်မှာ ဖရက်ဒရစ်ဒေါက်ကလပ်စ်နဲ့ တွေ့ပြီး လက်ထပ်ခဲ့တယ်။ သူ့ လက်ထပ်တာ ကို ဝေဖန်ကြတိုင်း သူက ကျွန်မ ချစ်လာရင် အဲဒီချစ်သူဟာ အသားရောင်ကြောင့်တော့ လက်မထပ်ဖြစ် ဘဲ မနေနိုင်ဘူး၊ ကျွန်မ လက် ကို လက်ထပ်ရမှာပဲလို့ ပြန်ဖြေတယ်တဲ့''
လမ်းပြလေး က ပြောပြသည်။ ကျောင်းအပြန်ရထားပေါ်တွင် ရာဂျာ ထိုစကာလုံးများကို ပြန်ကြားနေမိနေသည်။
''ချစ်လာရင် အသားရောင်ကြောင့်တော့ လက်မထပ်ဖြစ်ဘဲ မနေနိုင်ဘူး၊ ကျွန်မ လက်ကိုလက် ထပ်ရမှာပဲ ''ဟူသော စကား၊ သူကောလူစီဘဲလ်အပေါ် ထိုသို့ပြုမူ ကျင့်ကြံရဲပါ့မှာာလား။ သူ လူစီဘဲလ်ကို ချစ်သည်။ လူစီကို ပိုင်ဆိုင်ချင် သည် သူတို့နှစ်ယောက်၏ နောက်ခံအခြေအနေသည် မည်မျှကွဲပြားနေစေကာမူ သူတို့နှစ်ယောက် က ပျော်ပျော်ရွှင်ရွှင်။ နေနိုင်သွားမည်သာ ဖြစ်သည်ဟု သူခံစားမိသည်။
သူပထမဆုံး အကြိမ် ရထားပေါ်တွင် တွေ့ခဲ့သော မျက်နှာဖြူမလေးကို သတိရမိ၊ ထိုရုပ်ပုံလွှာလေးကို သူအမြဲ သတိရနေမိသည်။ သို့သော် ယခုသူလိုချင်သူမှာ ထိုမျက်နှာဖြူမလေးချောချောမဟုတ်။ ယခုသူလိုချင်သည့်သူမှာ လူစီဘဲလ်၊ သူတို့နှစ်ယောက် အတော် ကွဲပြားခြားနားနေသည်။ ဒါပေမဲ့ သူက လူဖြူမလေးကိုမချစ်။
သူချစ်သည်က လူစီဘဲလ်။
သူကောင်းကောင်း သိလိုက်ပါပြီလေ။
လူစီဘဲလ် သည် သူ့ကို ဘူတာရုံမှကြိုနေသည်။ ဂါဝန်နီ ဆွယ်တာအဖြူ၊ ဆံပင်လေးကို ဖြန့်ချထားလျက်။ သူ့ကိုကြည့်ရသည် မှာ ယခင်ကထက် ပို၍လှနေသည်။ သူ့ကို မြင်သည်နှင့် လူစီဘဲလ်သည် ကသောကမျော ပြေးလာသည်။
''ရာဂျာ၊ ရာဂျာရေ၊ ကျွန်မလေ မောင့်ကို သိပ်လွမ်းတာပဲကွယ်''
''မောင် လည်း မင်းကို လွမ်းတာပဲကွယ်။''
''သူက နမ်း ရန် ကြံသေးသည်။ သို့သော် လူထဲသူထဲမို့ ရှက်သေးသဖြင့် ပြန်ချိုထားလိုက်သည်။''
ထို့ကြောင့် လက်ကလေးကိုသာ လှမ်းဆွဲလိုက်သည်။
''ဝါရှင်တန် က ဘယ်လိုနေလဲဟင်''
''အံ့သြစရာ ကောင်းတာပေါ့။''
''ဘာလဲ မောင့် အဖေ ပြောနေကျ အံ့သြပုံမျိုးလား။ တကယ်ပဲ အံ့သြတာလား''
''တကယ့် ကို အံ့သြစရာကောင်းတာပေါ့။''
''ဘယ်လို အံ့သြစရာကောင်းတာလဲ ပြောပါဦး''
''ဘာလဲ''
''ကျွန်မ ကားမောင်း လာတာ မောင်ရဲ့။ဒါက ပထမဆုံးအကြိမ် ဖေဖေမပါဘဲ ကျွန်မကားမောင်း ခွင့်ရတာ သိလား။ ကျွန်မ တစ်ယောက်တည်း လာခဲ့တာ''
''တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ မစ္စလူစီဘဲလ်ရယ်။ ''
ဟာရီယက် က နောက်မှနေ ပေါ်လာသည်။
''မင်း ဘာလုပ်တာလဲကွ''
ရာဂျာ က မေးလိုက်သည်။
''ရှင်တို့နှစ်ယောက်လုံးကို စောင့်ကြည့်နေတာပေါ့။ ရှင်က သူ့ကို နမ်းမှာကို လူစီဘဲလ်က ကျွန်မ မမြင်စေချင်ဘူး တဲ့လေ။''
''ဟာရီယက်။ ငါနင့်ကို တစ်ခါမှ အဲဒီလို မပြောဖူးပါဘူးဟယ်''
''အေးလေ၊ ပါးစပ်က ဖွင့်မပြောပေမဲ့ စိတ်ထဲတော့ အဲဒီလိုရှိမှာပေါ့။ ဟုတ်လား''
ကားပေါ်ရောက်သော အခါ လူစီဘဲလ်က
''ဟာရီယက်၊ နင်က နောက်ခန်းသွားထိုင်စမ်း''
''မထိုင်ပါဘူး၊ ကျွန်မတို့အားလုံး ရှေ့မှာ ထိုင်မှာပေါ့။ ရာဂျာက အလယ်ကထိုင်လေ။ ဒါဆို အစ်မလေးမှာ သူရှိနေပြီ မို့ ကျေနပ်စရာပေါ့။
''ဟေ့၊ ရှေ့ခန်း ၃ယောက်ထိုင်တယ်ဆိုတာ ဥပဒေနဲ့ မညီမညွှတ်ဘူးကွ''
''ဒါတော့ မသိဘူးလေ''
ထို့နောက် ဟာရီယက်က ဇွတ်ပေကာ ထိုင်နေသဖြင့် ရာဂျာမှာ မိန်းကလေးနှစ်ယောက်ကြားတွင် ထိုင်ရင်း လိုက်ခဲ့ရသည်။
ရာဂျာ က ဝါရှင်တန်တွင် သူတွေ့ခဲ့ရပုံများကို ပြန်ပြောသည်။ ကောင်မလေးနှစ်ယောက်လုံးက တစူးတစိုက် နားထောင်ကြသည်။
သူဆန္ဒပြပွဲ ထဲ ပါသဖြင့် ဒေါက်တာမေတာက ဘယ်လိုစိတ်ဆိုးပုံ၊ သူက ဘယ်နည်းပြန်ပြောပုံများ။
နိုင်ငံတကာ ပညာရေးအကြောင်းကိုကား သူမပြောဘဲ ချန်ထားလိုက်သည်။ လူစီဘဲလ်က ထပ်မမေးမီ သူသည် ဖရက်ဒရစ်ဒေါက်ကလပ်စ် ၏ အိမ်သွားကြည့်ပုံကို စကားလမ်းကြောင်း ပြောင်းပြောလိုက်သည်။
၁၂
ရာဂျာကို သူဘယ်လောက်ချစ်သလဲ။
သူ့ကိုယ်သူ ကောင်းကောင်းသိသည်ဟု လူစီဘဲလ်ထင်မိသည်။ ရာဂျာဆိုသော နာမည်လေးကြား လိုက်ရသည်နှင့် ပင် သူ့ပါးပြင်တစ်ခုလုံး ချစ်သွေးတို့ လျှမ်းတက်ကုန်သည်အထိ။
ရာဂျာ ကို အသည်းရော နှလုံးရော ပုံပြီး ချစ်ပါသည်။ဒါပေမဲ့ ရာဂျာနှင့်အတူ အိန္ဒိယသို့ လိုက်သွားချင်သလား။
ပြီးခဲ့သော ဆန္ဒပြပွဲကြီးက သူ့စိတ်နေစိတ်ထားကို ဗြောင်းဆန်ပစ်လိုက်ပြီ။ ထိုတိုက်ပွဲကြောင့် သူ့အားမာန် များသည် ပိုပြီး တက်ကြွလာခဲ့ရသည်။
လူမှုအခွင့်အရေး တိုက်ပွဲသည် တခြားကိစ္စတွေထက် ပိုအရေးကြီးသည်။
ထိုအကြောင်း ကို စဉ်းစားလိုက်တော့ သူ့အာရုံတွင် လူစီဘဲလ်ဖပေါ်လာတတ်သည်။ ရာဂျာသည်လည်း ဆန္ဒပြပွဲ ထဲမှာ ပါတာမဟုတ်လား။ ဒါပေမဲ့ အဲဒီအထဲလည်း ပါတဲ့သူ။ နောက်ပြီး အဲဒီထဲက လူလည်း ဖြစ်တယ်လေ။
လူဝီက သူ့ကို ချစ်သည်။
သူကလည်း တစ်နည်းတစ်ဖုံ ခင်မင်မိပါသည်။
လူဝီက ရုပ်ချောသည်။ ဥာဏ်ကောင်းသည်။ နောက်ပြီး စိတ်ဓါတ် ခိုင်မာသည်။
နှိုင်းစရာ ဆိုလို့ သူ့အဖေခြေရာ နင်းနိုင်သည့် လူမျိုးဟုပင် ပြောရချေမည်။ သူ့မိဘတွေကလည်း လူဝီနှင့် သဘောတူကြသည်။
သူ့အမေ ကတော့ ရာဂျာကို ပိုသဘောကျပုံရသည်။
လူဝီအိမ်လာလျှင် မေမေက မီးဖိုချောင်ထဲ ခေါ်တွေ့တတ်ပြီး ရာဂျာလာလျှင်မူ ဧည့်ခန်းထဲခေါ်တွေ့တတ်သည်။ ဒါကလည်း နားလည်နိုင်လောက်ပါသည်။
လူဝီက လူရင်းကိုး
အသွေးတူ အသားတူ ကိုး။
သုခ၊ ဒုက္ခ ခံစားဖော် ခံစားဖက်ကိုး။
ရာဂျာကတော့။
သူအိန္ဒိယ သို့ မလိုက်ဟုဆိုလျှင် ရာဂျာကကော အမေရိကန်မှာ ဆက်နေနိုင်ပါ့မလား။
သူနေနိုင်မည်မထင်၊ နေလည်းနေချင်ပုံမရ၊ ရာဂျာသာ တခြားလူဖြူတက္ကသိုလ် တစ်ခုခု ရောက်သွားရင် သူမြင်တာ ကြားတာ သိတာတွေ ပြောင်းသွားကုန်မှာပါ။ ဒါနဲ့ သိပ်ကွာခြားတာ သူသိလာမှာပါလေ။
ရာဂျာ က ဗြဟ္မဏမျိုးနွယ်တဲ့။
ဇာတ်မြင့်သည်။
လူတိုင်းနှင့် ဒွေးရောယှက်တင် နေနိုင်ပါ့မလား။
ရာဂျာ က သိပ်ချောသည်။
သိပ်လည်း ဥာဏ်ထက်မြက်သည်။
သိပ်လည်း အံ့သြစရာကောင်းသည်။
နောက်ပြီး သတ္တိလည်း မခေ။
ဆန္ဒပြပွဲတုန်းက သူ့လုပ်ရပ်များသည် သူ့သတ္တိကို သက်သေထူပြနေသည် မဟုတ်လား။
သို့သော် သူသည် တစ်ချိန်လုံး တစ်သက်လုံး တိုက်ပွဲဝင်နိုင်ပါမလား။
ပိတ်ထားသောတံခါး ကို အဘယ်မျှ ကြာကြာခေါက်နေနိုင်မှာလဲ။
လူစီဘဲလ် သည် သူ့ဖာသာသူ မေးခွန်းထုတ်လိုက်၊ သူ့ဖာသာသူ လှဲချလိုက် လုပ်နေသည်နှင့် တူနေသည်။ ကိုယ့်ဖာသာ ကို အမေးအဖြေ လုပ်နေသည်ကို မကျေနပ်သဖြင့် သူ့အမေကို မေးကြည့်ပြန်သည်။
''မေမေ ရာဂျာနဲ့ ပတ်သတ်လို့ ဘယ်လိုသဘောရမလဲ ဟင် ''
ထိုမေးခွန်းမှာ တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ်၊ အထပ်ထပ်အခါခါ မေးနေကျ မေးခွန်းဖြစ်သဖြင့် သူ့အမေ လည်း စိတ်မရှည်တော့။
''လူစီဘဲလ်ရယ်။ တခြားမေးခွန်းတွေ မမေးတော့ဘူးလား ၊ခုတော့ တစ်ခါလာလဲ ဒီမေးခွန်း နှစ်ခါလာလဲ ဒီမေးခွန်း ပဲ၊ နင်ကတော့လေ ခရစ်တိုဖာကိုလံဘတ်ထက်တောင် ဂုဏ်ပြုခံရဖို့ ကောင်းနေပြီ။ သူက အမေရိကန်တိုက် ကို တွေ့ခဲ့ရုံပဲ ရှိတယ်။ နင်ကတော့ ပြောစရာ မရှိအောင် တော်တယ်ဆို၊ ဒါနဲ့များ ငါ့ကို ထပ်မေး မနေတော့၊ ရာဂျာအပေါ် ဘယ်လိုသဘောရသလဲလို့''
လူစီဘဲလ် သည် သူ့အမေကိုမေးမရတော့ သူ့ညီမဟာရီယက်ဘက်သို့ လှည့်ရတော့သည်။
ဟာရီယက် ကတော့ ရာဂျာအကြောင်းဆိုလျှင် အမြဲပင် အငြင်းတမ်း နားထောင်တတ်သည်။ ဟာရီယက်က ရာဂျာဘက် က ရာဂျာအား မိုးကျရွှေကိုယ်တမျှပင် အထင်ကြီး၏။
ရာဂျာ သည် သူ၏စံပြ။
လူစီဘဲလ်က ရာဂျာကိုမယူလျှင် သူကတော့ ယူမှာအမှန်ပင်ဟု ပြောတတ်သည်။ သူက ရာဂျာသည် သူ့တစ်သက်တာ တွင် တွေ့ဖူးသမျှ လူတွေအားလုံးထက် အဆအရာ သန်းပေါင်းများစွာ နှိုင်းမရအောင် သာသူဖြစ်သည် ဟု ယူဆထားသည်။
သို့သော် လူစီဘဲလ်က လူဝီတစ်ခါတုန်းကူ ပြောခဲ့သော စကားများကိုလည်း ကြားယောင်မိသည်။
ဆက်ရန်
.

No comments:
Post a Comment