Friday, September 21, 2012

သော်တာဆွေ ၏ ဖြတ်စ နှင့် ကျော်စံကေး, အပိုင်း (၂)

ဘရန်ဒီတစ်ပုလင်း

ဤခေတ်အခါ၌ ဤကဲ့သို့သော ပျားအုံတံဆိပ် သံကြိုးခတ်ဘီးဟိုက် ဘရန်ဒီစစ်စစ်ကို ရှာဖွေယူဆောင် လာနိုင်သူအား အထူးပင် ချီးမွမ်းသြဘာ ထောမနာပြုဖွယ် ကောင်းပါပေ၏။
အကြောင်းမှာ နစ်ပွန်မာစတာတို့ စိုးစံတော်မူသော ဒုတိယမြောက်နှစ်ဖြစ်၏။ ၎င်းမာစတာများ ကိုယ်တိုင်ပင် ဆာကေး ခေါ် အဘိဓမ္မာ ချက်အရက် လောက်မှ မစွံသော ဂျပန်စိမ်ရည်ကို သောက်သုံး နေသောအချိန်ဖြစ်၍ အနောက်နိုင်ငံဖြစ်လက်ကျန် ဘီယာ၊ ဘရန်ဒီ၊ ဝီစကီတို့ကား ကြက်ပျောက် ငှက် ပျောက် ပျောက်ကုန်ကြလေပြီ။ လူမမာ ဓာတ်စာအတွက် သတင်းစာကြော်ငြာနှင့် လိုက်လံရှာဖွေသော သူများပင် လက်လျှော့ရသော အခါ သမယကြီးဖြစ်ပေ၏။

အကယ်၍သာ စမ်းချောင်းကွက်သစ်ရှိ မင်းတိုင်ပင်အမတ်ဟောင်း ဦးတုတ်ပေါ၏နှုတ်ခမ်းမွေးကို ထူးဆန်းစွာ မီးမလောင်ခဲ့ ပါမူ ထိုဘရန်ဒီတစ်ပုင်းသည် ဤရပ်ကွက်သို့ ရောက်လာမည်မဟုတ်ပါချေ။
လူပျိုဘဝ ၌ ရည်စားပေါင်း တစ်ဒါဇင်ကျော်မျှ သူ့အရင် လင်ယူသွားကြသည်ကို ဤမျှမဆွေးပူမိ။ ထုံပလုံလုံ တေခဲ့သည်။ ချစ်လှစွာသော သမီးအကြီးဆုံး လင်ပေးစားခါနီး သူ့ရည်းစားနောက် လိုက်ပြေး ခဲ့စဉ် ကနှင့်လည်း မနှိုင်းယှဉ်နိုင်။ ရှိသမျှပစ္စည်းကလေး ကုန်အောင်ပင် ကြိုးပမ်းခဲ့၍ အမတ်ရာထူးရပြီး နောက် အမတ် တို့၏ဘာဝ အပျော်အပါးလွန်သဖြင့် အရင်းငွေတစ်ပြားမှ မစုမိခင် အမတ်သက်ကုန်ဆုံး သည်ကို ဤမျှ ဝမ်းမနည်းမိ။ အမတ်လုပ်ပြီး ရမ်းကားမှု့ကြောင့် မယားဖြစ်သူ စိတ်ညစ်သေသည်လည်း မထောင်းတာလှ။

ယခုတစ်မူ အခြားအခြားသော သေရာမပါနိုင်သည့် ပစ္စည်းတွေ၊ ဂုဏ်တွေ ပျက်စီးနိမ့်လျောခဲ့သည် ထက် ဤ ရှင်အတူ၊ သေမကွဲ ပါမည်ထင်ခဲ့သော မိမိ၏ခန့်ခန့်ထည်ထည် နှုတ်ခမ်းမွေးကြီးကို ထူးဆန်း စွာ မီးလောင် ဆုံးရှုံးပျက်စီးရသောကြောင့် အလွန့်အလွန့် နှမြောတသ ပူဆွေးဝမ်းနည်းခြင်းကို ဖြစ်ရ လေတော့၏။
သူ အမတ်ဖြစ်စဉ်က မူ ကာတွန်းဆရာတို့သည် ယခု ဗိုလ်ချုပ်၏ပုံလို ထိပ်မောက်ရန် အရေးကြီးဘိသကဲ့ သို့ (ယင်းဝတ္ထုရေးစဉ် ၌ ဗိုလ်ချုပ်အောင်ဆန်း ရှိနေသေးပါ၏။ သူ၏ပုံမှာ တွဲလွဲဆွဲထားသော ထန်းလက် ခြောက်ကြီး သဖွယ် နှုတ်ခမ်းမွေးကြီး ကားနေရန် အရေးကြီးလှပေ၏။

သူ၏နှုတ်ခမ်းမွေးမျိုးမှာ လူတစ်သိန်းလျှင် တစ်ယောက်မရှိ။ သူ၏ပါရမီထူး၍သော သူ၌တန်ဆာဆင်နေ သည်ဟု ယူဆခဲ့၏။ "နှုတ်ခမ်းမွေးကြီးနှင့် ဦးတုတ်ပေါ၊ ဦးတုတ်ပေါကြီးနှင့် နှုတ်ခမ်းမွေး" ဟု ဝေးနီးရပ် ခြား ကျော်ကြားသော သူ၏ဆွေမျိုးမိတ်ဆွေများကပင် သူ့နှုတ်ခမ်းမွေးကြီးအတွက် ဂုဏ်ယူနေကြ သည် ဟု သူ ထင်မြင်ခဲ့၏။
ယခု တစ်မူ ထိုနှုတ်ခမ်းမွေးကြီး ဆုံးရှုံး ရချေပြီ။

ဦးတုတ်ပေါ သည် အသက်အရွယ်ကြာမှ ဘာမျှမလုပ်တော့ဘဲ အမတ်ရာထူးဒဏ်ကြောင့် ရှိသမျှပစ္စည်း ကလေး ကုန်ခဲ့၍ လက်ကျန်အိမ်တစ်လုံးပေါ်တွင် အိမ်ထောင်သည်သမီးတစ်ယောက်နှင့်နေကာ သမက်၏လုပ်စာကို စားနေ ၏။ သူ၏အကျင့်မှာ နံနက်စောစောတွင် အမတ်ဖြစ်စဉ်က စတိုင်အတိုင်း ဘောင်းဘီတိုတို၊ ဗိုက်ရွှဲရွှဲ၊ နှုတ်ခမ်းမွေးကားကား၊ တုတ်ကောက်တစ်ဖက်နှင့် လမ်းလျှောက်လေ့ရှိ၏။ ထမင်းစားခါနီးတွင် အရက်ကလေး မှန်မှန်သောက်၍ မြိန်ယှက်စွာ စားနိုင်သဖြင့် အသက်ကြီးနေသော် လည်း ကျန်းမာ ဝဖြိုးတုန်းပင်ဖြစ်၏။
အထူးသဖြင့် သူ အနှစ်သက်ဆုံးမှာ ဆေးပြင်းလိပ်ဖြစ်၏။ ဘယ်တော့မှ အပြတ်မခံနိုင်။ ဆေးပြင်းလိပ် နှင့် ဓာတ်မီးခြစ်တစ်ခု မှာ လက်၌ အမြဲတစေရှိနေရ၏။ ဆေးပြင်းလိပ်ကိုလည်း မည်မျှပင်တိုတို ပါးစပ် တပ်၍ရလျှင် တစ်ဖွာရရ၊ နှစ်ဖွာရရ ညှိသောက်လေ့ရှိ၏။ အိပ်ခါနီးတွင် ဆေးလိပ်ကို အဝသောက်အိပ် တတ်၍ ပျော်ခါနီးတွင် ဆေးလိပ်တိုတို ခေါင်းအုံးနား၌ ချထားကာ နိုးလျှင် နိုးချင်း ဘာမျှမပြော၊ ဘာမျှ မလုပ်၊ မျက်နှာ မသစ်၊ ပလုတ်မကျင်းသေးဘဲ ဆေးလိပ်တိုတို  ပါးစပ်တွင် အလျင်အမြန်တပ်ပြီး မီးညှိ လေ့ရှိ၏။

တစ်နေ့သောအခါ၌ ဦးတုတ်ပေါသည် နံနက်စာကို မြိတ်ယှက်စွာစားပြီး အိမ်ရှေ့ခန်းတွင် တုံးလုံး လှဲကာ ဆေးပြင်းလိပ်မှိန်းရင်း ထမင်းလုံးစီလေ၏။ အိပ်ပျော်ခါနီးတွင် ဆေးလိပ်တိုကလေးကို ထုံးစံ အတိုင်း ခေါင်းအုံးအနီး ဓာတ်မီးခြစ်ကလေးနှင့်အတူ ချထားလိုက်၏။ ဆေးလိပ်တိုကလေးမှာ လက်ဆစ်တဝက် မျှသာ ကျန်တော့၏။
မည်မျှကြာအောင် အိပ်ပျော်သွားသည်မသိ ရုတ်တရက် အိပ်ရာမှနိုးပြီး နှုတ်ခမ်းတွင် စိမ့် ခနဲ အေးတေး တေးရှိသည်ဟု ထင်မိ၏။ သို့သော် ထုံးစံအတိုင်း ဘာကိုမျှမလုပ်၊ ဘာကိုမျှ မစဉ်းစားသေး ဘဲ ဆေးလိပ် တိုကို ပါးစပ်တပ်ကာ ဓာတ်မီးခြစ်ကို ကပ်၍ခြစ်လိုက်လေ၏။
မီးသည် ရုတ်တရက် ဟုန်းခနဲ ထတောက်ကာ နှုတ်ခမ်းမွေးတို့ကို တဖျစ်ဖျစ်နှင့် လောင်လေ၏။

"ဟဲ့… ဘာဖြစ်တာလဲဟဲ့… ဘယ့်နှယ်ပါလိမ့်…" ဟု ရုတ်တရက်မူ ဘာမျှမလုပ်နိုင်ဘဲ ခြေမကိုင်မိ တစ် ယောက်တည်း အော်နေမိ၏။ နောက်မှ သတိရလာကာ ပုဆိုးခါးပုံစနှင့် မ၍ ပွတ်တိုက်လိုက်မှသာ မီး ငြိမ်း သွားတော့၏။ သို့သော် သူ၏နှုတ်ခမ်းမွေးရှည်ကြီးများ မရှိတော့ချေ။ မီးမြိုက်ခါစ ဝက်မွေးကဲ့သို့ ကျိုးတိုးကျဲတဲ တွန့်တွန့် လိမ်လိမ်ကလေးများသာ ကျန်တော့၏။
မျက်နှာကြီးရဲရဲနှင့် အနီးရှိတိုင်တွင် ချိတ်ထားသော မှန်ကိုသွား၍ ကြည့်လေ၏။ "ဟိုက်… သောက်ကျိုး နဲရော" ဟု တစ်ခွန်းတည်းအော်ကာ အသက်ပါသွားသကဲ့သို့ ပါးစပ်ကြီးအဟောင်းသားနှင့် ကြက်သေ သေနေလေ၏။ တစ်မိနစ်ကြာ မှ သတိရကာ သက်ပြင်းကြီးချလျက် ဓာတ်မီးခြစ်ကို ပြန်၍ ကိုင်ကြည့် လိုက်ရာ မီးစာမှာ ငါး စင်တီမီတာမျှ ရှည်ထွက်နေသည်ကို တွေ့လာသဖြင့် ပတ်ဝန်းကျင်ကိုကြည့်ပြီး "တောက်" တစ်ချက် ပြင်းစွာခေါက် လိုက်လေ၏။

ဘယ်သူ့ကိုမှမမြင်သဖြင့် "ဝင်းကြည်" ဟု မီးဖိုချောင်တွင် အမြဲတစေရှိရမည်ဖြစ်သော အစေခံမလေးကို ကျယ်လောင် စွာ ခေါ်လိုက်လေ၏။
သူ့ခေါ်သံနှင့် တစ်ဆက်တည်း "ရှင်…"ဟုထူးကာ ဆံပင်ကို ပြင်ပတ်ရင်း အပျိုပေါက်မလေးတစ်ယောက် ထွက် လာလေ၏။ သူ၏နှုတ်ခမ်းမွေးကိုကြည့်ပြီး ရယ်ချင်၏။ သို့သော် မရယ်ဝံ့။
"ဓာတ်မီးခြစ် ကို ဘယ်သူကိုင်တာမြင်သလဲ"
"ဘိုးဘိုး အိပ်နေတုန်းက မောင်လေး ကိုင်တာ မြင်တယ်" ဟု မဆုတ်မဆိုင်း ဖြေလိုက်၏။ အကြောင်း မူကား ဝင်းကြည် သည် အိမ်၌ဖြစ်သမျှ မသိဟူ၍ မဖြေရ။ ဖြေခဲ့လျှင် အကြီးအကျယ် ဆူပူခြင်းခံရလေ့ရှိ သဖြင့် ဟုတ်ဟုတ် မဟုတ်ဟုတ် အမြန်ဖြေရန် အကျင့်ရနေပြီးဖြစ်၏။ မောင်လေးဆိုသူမှာလည်း လေး နှစ်အရွယ်မျှဖြစ်၍ မဟုတ်ဘူး ဟု အမှန်အတိုင်း ငြင်းဆိုခဲ့လျှင် အပျိုပေါက်ဝင်းကြည်က ယုတ္တိယုတ္တာနှင့် နိုင်အောင်ပြော မည် ဖြစ်ပေ၏။

တစ်အိမ်လုံးတွင် မောင်လေးမှာ အငယ်ဆုံးဖြစ်၍ ဝင်းကြည်မှာ မောင်လေးကို ကောင်းမွန်စွာ စကား ရည်နိုင် သဖြင့် သူ့ခမျာ မဟုတ်ဘဲနှင့် ခံရပေါင်းများချေပြီ။ ယခုမူကား ကြီးလေးသော အပြစ်ကို ခံရချေ တော့ မည်။
ဦးတုတ်ပေါသည် ဝင်းကြည်၏အဖြေကို ကြားလျှင်ကြားချင်…
"မောင်လေးရေ… ဟေ့… မောင်လေး…" ဟု ကုန်း၍ ခေါ်လေ၏။
မောင်လေးသည် အဘိုးခေါ်သံကိုကြား၍ မုန့်ကျွေးမည်ထင်ကာ အပြေးလာခဲ့လေ။ လှေကားထစ်ဆုံး အောင် မတက်ရမီ ဦးတုတ်ပေါသည် ချိုင်းက မြှောက်ယူပြီး "ဓာတ်မီးခြစ် ဆော့ရမလား… ဆော့မလား" ဆိုကာ အပြင်း အထန် ရိုက်လေ၏။

မောင်လေး နာလွန်းလှ၍ ပွက်လောရိုက်အောင် ငိုလေ၏။ သုံးအိမ်ကျော်လောက်၌ သွား၍ မိန်းမချင်းစု ပြီး အတင်းပြောနေသော မောင်လေး၏မိခင် မမြခင် ကြားသဖြင့် အဖော်တစ်စုနှင့် အပြေးကလေး လာကြလေ၏။
"အမယ်လေး… အဖေ ဘယ့်နှယ့်လုပ်တာလဲ။ ကျွန်မ သားကလေးကို မရိုက်စဖူး ရက်စက်လှချည်လား" ဟု ဆို တကာ အတင်း ဆွဲယူထားမှ လက်လွှတ်လိုက်တော့၏။
ဦးတုတ်ပေါသည် မောင်လေး ဓာတ်မီးခြစ်ယူဆော့ပြီး မီးစာဆွဲမြှင့်ထား၍ မိမိနှုတ်ခမ်းမွေးကို လောင် ကုန်ကြောင်း ပြောဆိုပြသရာ မိန်းမတစ်ခုမှာ ငိုအားထက် ရယ်အားသန်ကြကုန်၏။
သို့သော် ကြာကြာ မရယ်ဝံ့ကြ၊ စိတ်နှလုံးထိခိုက်လှသော ဦးတုတ်ပေါ၏မျက်နှာထားကြောင့် မျက်နှာပိုး သတ်ကြ ရကုန်။

ဦးတုတ်ပေါသည် မိမိမြတ်နိုးလှစွာသော နှုတ်ခမ်းမွေးကြီး ဆုံးရှုံးရခြင်းနှင့် ဒေါသအလျောက် မရိုက်စဖူး မြေးကလေးကို ရိုက်မိခြင်းတို့ကြောင့် လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းပက်လက် မျက်ရည်များကျလာ၍ အရေရှုံ့ တွနေသော လက်မောင်းကြီးနှင့် သက်ငယ်ပျစ်နှင့်တူသော မျက်ခုံးမွေးကြီး များ အောက် ဝယ် စေးထန်းထန်းမျက်ရည်တို့ကို သုတ်ကာ အိပ်ခန်းသို့ဝင်သွားလေ၏။

ထိုနေ့မှစ၍ ဦးတုတ်ပေါသည် သူ၏နှုတ်ခမ်းမွေးကြီးအတွက် မစားနိုင် မသောက်နိုင်ဖြစ်ကာ ဝေးနီး ခြောက်စပ်မှ မိတ်ဆွေဆွေမျိုး များထံ စာဖြင့်လည်းကောင်း၊ လူကြုံဖြင့်လည်းကောင်း မိမိနှုတ်ခမ်းမွေး ကြီး ဆုံးရှုံးရကြောင်းကို အကြောင်းကြားလိုက်လေ၏။
ထိုမိတ်ဆွေ၊ ဆွေမျိုးတို့လည်း မနေသာတော့ဘဲ ထူးထွေတည့်အံ့ရာသောကို လာရောက်မေးမြန်းကြ ကုန်၏။ ထိုသူ တို့သည် သူ၏နှုတ်ခမ်းမွေးအတွက် အိပ်ရာထဲမှနေ၍ ရေးကြီးခွန်းကျယ် ပြောနေပုံနှင့် သူ ၏ မီးလောင်ပြီးနေသော နှုတ်ခမ်းကိုကြည့်ကာ သူ မမြင်အောင် ရယ်ကြလေ၏။ သူ၏ မျက်မှောက်တွင် မူကား မရယ်ဝံ့။ မသာအိမ်လာသူများကဲ့သို့ ဝမ်းနည်းဟန်ဆောင်ရလျက် မောင်လေး အမိုက်ကလေး မကောင်းကြောင်း ကိုသာ ဝင်းကြည် စကားအရ ရိုးမယ်ဖွဲ့နေကြရ၏။

ထိုနှုတ်ခမ်းမွေးမီးလောင်မှုကြီးကား ဤကဲ့သို့ပင်လျှင် ဝင်းကြည်စကားမအရ မောင်လေးကိုသာ အပြစ် ဆိုနေကြခြင်းဖြင့် ပြီးစီးသွားလိမ့်မည်ဟု အောက်မေ့ခဲ့ကြရာ ဦးတုတ်ပေါ၏မိတ်ဆွေဖြစ်သူ ပဲခူးမြို့မှ ပင်ရှင်ရ စုံထောက်ကြီး ဦးဇော်ဝင်းရောက် လာမှပင် တစ်မျိုးတစ်ဖုံး ပြောင်းလဲသွားပြန်လေ၏။

စုံထောက် ဦးဇော်ဝင်း၏ယူဆချက်မှာ ဤနှုတ်ခမ်းမွေးကြီးကို ချွတ်ချွတ်ချုံးအောင် လောင်ခြင်းသည် မီးစာ ရှည်နေရုံနှင့် မလောင်နိုင်၊ တစ်စုံတစ်ယောက်သောသူသည် တစ်နည်းတစ်ဖုံအားဖြင့် တမင်သက် သက် စီမံထား ဟန်တူကြောင်း၊ မိမိ အတိအလင်းပြောရလျှင် မောင်လေးမဟုတ်၊ မောင်လေးထက် အသက်များစွာကြီးသူ (ကျားမ မခွဲ) တစ်ယောက် (သို့မဟုတ် တစ်ယောက်ထက်ပို၍) သည် ဦးတုတ်ပေါ အိပ်နေစဉ်တွင် ပထမ မီးစာ ကို ဆွဲထုတ်ပြီး၊ ဒုတိယ နှုတ်ခမ်းမွေးကို (သို့မဟုတ်) ဆေးလိပ် တိုတိုပါ) ဓာတ်ဆီလောင်း လိုက်လေ သည်။ နောက် ရုတ်တရက် ရှောင်သွားသည်။ ထို့ကြောင့်သာ ထို နှုတ်ခမ်းမွေးကြီး ကို ပြုတ်ပြုတ်ပြုန်းအောင် လောင်ကျွမ်း ရသည်ဟု ပြောဆိုလေ၏။ ထိုစကားကို ကြား လျှင် ဦးတုတ်ပေါသည် ရုတ်တရက် အိပ်ရာထဲမှ ထထိုင်ကာ…
"အမယ်လေး စုံထောက်ဉာဏ်များ တယ်စူးရှပါလား…၊ ဒါ ဟုတ်ရမယ်၊ ဒါကြောင့် အိပ်ရာကနိုးတော့ ကျုပ်နှုတ်ခမ်း အေးစိမ့်စိမ့်ဖြစ်နေတာပဲ။ ဟုတ်ပြီ… ဟုတ်ပြီ။ ဦးဇော်ဝင်း စုံထောက်စမ်းပါ။ ဒီတရားခံပေါ် ရင် ကပ်ပေတိုင် မှာ အလုပ်လုပ်နေတဲ့ ကျုပ်သားကို ပြေးပြီး ကြီးလေးသော၊ မတန်တဆသော အပြစ် ကို ပေးခိုင်းပါ့မယ်" ဟု ကြိမ်းဝါး ပြောဆိုလိုက်လေ၏။

မီးလောင်စဉ်၌ အိမ်မှာရှိနေသူတို့ကို စုံစမ်းရာ (၁) အစေခံမလေး ဝင်းကြည်၊ အသက် ၁၅ နှစ် ၆ လ။ (၂) မောင်ဖြတ်စ၊ ၂၁ နှစ်နှင့် ၃လ။ ဦးတုတ်ပေါ၏သမက်ဖြစ်သူ ကိုဘနိုင်၏တူ၊ ရောဂါဟောင်း ပြန်ထ၍ အိပ်ရာ ထဲ လဲနေ ရသူ။ ဤနှစ်ယောက်အနက် ဒုတိယလူမှာ ထင်မြင်ယူဆဖွယ်ရှိနေ၍ စုံစမ်းကြည့်ရာ အောက်ပါအတိုင်း သိရ၏။ "ဖြတ်စ" ဆိုသည်မှာ အင်္ဂလိပ်ဘာသာမှ ဆင်းသက်လာသော အမည်ဖြစ်၏။ သူငယ်စဉ်က သူ့အမေ လင်နှင့်တူလွန်း၍ အင်္ဂလိပ်လို Same chip ဟု ခေါ်ရာမှ မြန်မာလို တိုက်ရိုက်ပြန်လိုက်သောအခါ "ဖြတ်စ" ဖြစ် လာ၏။

ထက်မြက်သော ယောက်ျားတစ်ယောက်၌ (၁) အရက်သောက်ခြင်း၊ (၂) လောင်းကစားခြင်း၊ (၃) မိန်းမ လိုက်စားခြင်း တည်း ဟူသော ဝါသနာသုံးခုအနက် တစ်ခုခုကို ဝါသနာပါရမည်ဟု စာဆိုရှိရာ မောင် ဖြတ်စမှာ ထိုသုံးခုလုံး ကို တင်းပြည့်ကျပ်ပြည့် ဝါသနာပါသူဖြစ်သောကြောင့် သူ့အိမ်မှာ သူ့ဒဏ်ကို မခံ နိုင်တော့ ဘဲ နှင်ထုတ် ထား ၍ ဝါသနာချင်းတူသူ သူ့ဦးလေး ကိုဘနိုင်က ခေါ်ယူထားခြင်းဖြစ်၏။
ဦးတုတ်ပေါနှင့် ရန်စဆို၍ကား နောက်တစ်လလောက်က ဦးတုတ်ပေါ၏မြေး မော်လီ ခေါ် အပျိုမလေး လာစဉ် က မောင်ဖြတ်စ အတင်း လူပျိုစကားပြောပြီး ဖက်နမ်းမိ၍ ဦးတုတ်ပေါက နာနာကြည်းကြည်း ပြောဆိုဖူး၏။

သို့သော် ဦးဇော်ဝင်းက သူ့ကို တီးခေါက်ကြည့်သောအခါ ယဉ်ကျေးစွာပင် ဦးမင်းထင်မြင်ယူဆချက်မှာ များစွာလျော်ကန် သင့်မြတ်လှပါကြောင်း၊ သို့သော် အခြားလူတစ်စုံတစ်ယောက်၏ပယောဂမပါဘဲ သူ ကိုယ်တိုင် ပင်လျှင် သူ့ဟာသူ သုတ်သင်ချင်၍ ဉာဏ်ဆင်ပြုမူသည်လည်း ဖြစ်နိုင်ပါကြောင်း၊ အကြောင်း မှာ အချို့သော လူကြီးများသည် မိန်းမငယ်လေးများကို ယူချင်လာ၍ ကြီးရာမှ ငယ်ရွယ်နုပျိုလာအောင် ဆံပင်ကို ဆေးဆိုးခြင်း၊ နှုတ်ခမ်းမွေးတို့ကို ရိတ်ပစ်ခြင်းများကို တွေ့ဖူးပါကြောင်း…။
ယခု ကျွန်ုပ်တို့၏ကျေးဇူးရှင် ဘိုးဘိုးပေါမှာလည်း ပုထုဇဉ်မျှဖြစ်၍ သူ့စိတ်မှာ မဖောက်မပြန်ဟု မပြောနိုင် ပါကြောင်း၊ သူ၏နှုတ်ခမ်းမွေးမှာ အစဉ်သဖြင့် ဆွေဂုဏ် မျိုးဂုဏ်ကို အသားယူလာသည်ဖြစ်၍ အလိုအလျောက် ရိတ်ပစ် ရန်မှာ ခဲယဉ်း၍ ဉာဏ်ဆင်ပြုသည်လည်း ဖြစ်နိုင်ပါကြောင်း၊ အကုသိုလ် ဝင် လာကာ ရောဂါဟောင်းပြန်ထနေသူဖြစ်၍ ဤကဲ့သို့ မကောင်းမှုကြီးကို မပြုဝံ့ပါကြောင်း စသည်ဖြင့် လည်း ချေငံစွာပြောပြလေ၏။

ဦးဇော်ဝင်း ကိုယ်တိုင်ပင် မောင်ဖြတ်စ ပြောသကဲ့သို့ နှုတ်ခမ်းမွေးဖြတ်ပြီး မိန်းမငယ်လေး ယူဖူးသူဖြစ်၍ ဤအမှု ကို ဆက်လက်စုံစမ်းရန် ရွံ့တွန့်တွန့်ဖြစ်နေစဉ် ပဲခူးမှ မိမိမယား အထွေးဆုံးကလေး လင်ငယ် နောက် လိုက် သွားကြောင်း သံကြိုးရောက်လာသဖြင့် အလျင်အမြန် ပြန်သွားရလေ၏။

ပြန်ခါနီးတွင် မိတ်ဆွေဦးတုတ်ပေါမှာ နှုတ်ခမ်းမွေးအတွက် မအိပ်နိုင် မစားနိုင် အိပ်ရာထဲလဲပြီး ပိန်ချုံး နေသည်ကို သနား ၍ နှုတ်ခမ်းမွေးကို အလျင်အမြန် နဂိုအတိုင်း ပြန်ဖြစ်ရန် ဂျာမနီပြည်မှလာသော ဆေးရှိကြောင်း၊ ထိုဆေး မှာ သုံးခါမျှ သုတ်လိမ်းလိုက်လျှင် ဘိုးဘိုးအောင် ဆင်းလာပြီး တောင်ဝှေးဖြင့် ထိုးပေးလိုက်သကဲ့သို့ အံ့သြဖွယ် ရာ ရုတ်တရက် ချက်ချင်း နဂိုအတိုင်း ပြန်ဖြစ်လာမည်၊ ယခု ဂျပန် ခေတ်ပင်လျှင် လက်ကျန်များ ရှာ၍ ရနိုင်ကြောင်း၊ ပုလင်းပုံသဏ္ဍာန်မှာ ပုတုရှည်သော ပြားတားလုံးတုံး ဖြစ်၍ တံဆိပ်မှာ ကမ္ဘာပေါ်တွင် မဖြစ်ပေါ်သေးသော ကတ္ထူးကတ္တခေါ် ခြေ ၃ ချောင်းရှိ အကောင်ရုပ် ဖြစ်၏။ ပုလင်းပတ်စက္ကူပေါ်တွင် မည်သည့် လူမျိုးမှ မဖတ်နိုင်သောစာ ကို ရေးထားကြောင်း စသည်ဖြင့် ဦးတုတ်ပေါ အိပ်ရာမှ ထအောင် ဉာဏ်ဆင်ပြီး မှာထားခဲ့လေ၏။
ဦးတုတ်ပေါမှာ ထိုစကားကို ကြားသည့်နေ့မှစ၍…
"ကျုပ် တိုးကြောင်ကလေးမှာကျန်တဲ့ လယ်တစ်ခိုင် ကုန်ချင်ကုန်ပါစေဗျာ။ အဲဒီဆေးကို မရရအောင် ရှာ မယ်" ဟု ဆိုကာ အိမ်တွင် မနားတော့ဘဲ ရန်ကုန်နယ်တစ်ဝိုက် ဈေးရှိသမျှကို မြေလှန်စနစ်ဖြင့် ရှာလေ ၏။ ထိုစဉ်အတွင်း၌လည်း ဝမ်းဆွဲသည် ဒေါ်ဖွားတုတ်ကြီး ညွှန်ကြားချက်အရ နှုတ်ခမ်းမွေးနေရာကို ကြက်သွန် မပြတ်တိုက်ထား၍ သူ့အနားကပ်လျှင် ကြက်သွန်နံ့ တထောင်းထောင်း ထနေလေ၏။

ဤကဲ့သို့ မနားမနေ ရှာဖွေခဲ့ရာ ရက်ပေါင်းအတော်ကြာသောအခါတွင် သူ၏မရှိသောဆေးကိုကား မတွေ့၊ ရေကူး ကံဘဲ့ ဟိန္ဒူဗလီ၏နောက်ဖေး ကုလားနွားတင်းကုပ် နှစ်ခုအကြားရှိ ညဈေးကလေးတွင် အထက်ဖော်ပြပါ ပျားအုံတံဆိပ် ဘီဟိုက်ဘရန်ဒီတစ်ပုလင်းကို တွေ့လေ၏။
အမတ်ဖြစ်စဉ်ကပင် အရက်အကြောင်းကို ကောင်းကောင်း နားလည်ခဲ့သော ဦးတုတ်ပေါသည် မဆိုင်း မတွ ဈေးမဆစ်ဘဲ တရုတ်တစ်ယောက်နှင့် လု၍ ဝယ်လိုက်လေ၏။

ဤမျှရှားပါးခက်ခဲ့သော အရက်ပုလင်းကို ကြံကြံဖန်ဖန် ရရှိ၍ မိမိနှုတ်ခမ်းမွေးပေါက်ဆေးကို ရသလောက်နီးပါး ဝမ်းသာကာ ပယင်းရောင်အဆင်းကလေးကို ကြည့်ရှု့လျက် ထိုယခင်အမတ်ဘဝ တွင် ဤ ဘရန်ဒီမျိုးနှင့် မြူးထူးစဉ် က ဟိုတယ်မယ်လေး များ၏ကနွဲ့ကရ အမူအရာကလေးများကို တွေးတောနေစဉ် ရုတ်တရက် မမျှော်လင့်သော မိမိသမီး မမြခင်၏ခုနစ်ဗိုက်သည် မျက်စိထဲ၌ ကွင်းခနဲ ပေါ်လာသဖြင့် ရင်ထဲတွင် ဒိတ်ခနဲဖြစ်ကာ "ဟိုက်… မဖြစ်ဘူး… မဖြစ်ဘူး။ ငါ သောက်လို့မဖြစ်ဘူး။ သူ မီးဖွားဖို့က အရေးကြီးတယ်။ ခါတိုင်း ကလေးတွေတုန်းက ဒါနဲ့ချည်းမွေးနေတာ။ သူ့ပေးမှပဲ။ အင်း… သူ့ ပေးလိုက်ရင် ဘယ်လောက်များ ဝမ်းသာမလဲလို့" ဟု တွေးတောကာ ရုတ်တရက် အမြန်အိမ်သို့ ပြန်ခဲ့ လေ၏။

အိမ်သို့ရောက်လျှင်ရောက်ချင်း မိမိ ရှားရှားပါးပါး ရလာခဲ့သော ပစ္စည်းကို လက်ထဲမှမချမီ ဝမ်းသာအား ရ ပြောဆိုကြွားဝါလိုက်ချင်လှသည်။ သို့သော် အိမ်၌ မမြခင်မရှိ။ အစေခံဝင်းကြည်နှင့် အသည်း အသန် ရောဂါထနေသော "မောင်ဖြတ်စ" သာရှိသည်။ ထိုနှစ်ယောက်အနက် ဝင်းကြည်က ဘာမျှနားမလည်၍ အကျိုးရှိမည် မဟုတ်။ နားလည်သောသူကို ပြမှသာ အသားပါမည်ဟု အကြံရကာ လူနာ၏အခန်းပေါက် ဝသို့သွား၍  "ဟေ့ ဖြတ်စ" ဟု ခေါ်လိုက်လေ၏။

မောင်ဖြတ်စသည် တစောင်းအိပ်နေရာမှ "ခညာ" ဟု မသက်သာသော အသံဖြင့် ထူးကာ သူ၏ကိုက်ခဲ လှသော ခါးတစ်ဖက် ကို လက်တစ်ဖက်ဖြင့် ဖိနှိပ်ရင်း သမင်လည်ပြန်လှည့်၍ ကြည့်လေ၏။ ပုလင်းကို ကိုင်မြှောက်ပြရင်း "ဟေ့ ဒီမှာကြည့်စမ်းကွ"
"ဘာလဲဗျ…  ကတ္ထူးကတ္တတံဆိပ် နှုတ်ခမ်းမွေးဆေး ရခဲ့ပြီလားဗျ"
"မဟုတ်ပါဘူးကွ။ ဘရန်ဒီလေ… ပျားအုံတံဆိပ် ဘီဟိုက်ဘရန်ဒီ အစစ်ပေါ့ကွ"

ဘီဟိုက် ဘရန်ဒီအစစ်ဟု ကြားလိုက်လျှင်ပင် မောင်ဖြတ်စသည် ဘိုးဘိုးအောင် သိမ်ကြီးဈေး၌ ဆင်းပြီး ဇာဘော်လီ တစ်ထည် အကြွေးဝယ်သည်ဟူသော သတင်းကိုကြားရသော အဒေါ်ကြီးတစ်ယောက်ကဲ့ သို့ အံ့သြ လန့်ဖျပ်သော အမူအရာနှင့် အိပ်ရာမှ လူးလဲထကာ ကြားရသောအသံကိုပင် မယုံကြည်နိုင် သော မျက်နှာထားဖြင့် "ဘာ… ဘီဟိုက်ဘရန်ဒီအစစ်… ကြံကြံဖန်ဖန်ဗျာ၊ မဟုတ်တာကြီးကို ဒီလိုအခါ ကြီးမှာ။ ခင်ဗျား ဟာ ကြမ်းပိုးဈေးက ပလာညင်းကြီး ထင်ပါရဲ့"
"ပလာညင်းဆိုတာ ဘာလဲကွ"
"ပလာညင်းဆိုတာ ပုလင်းညာပေါ့ဗျ"
ဦးတုတ်ပေါ၏မျက်နှာမှာ ရုတ်တရက် တင်းမာခက်ထန်လာကာ "ဘာ… မင်းက ငါ့ကို အညာမိရအောင် လူအမှတ်လို့လား။ မင်းတိုင်ပင်အမတ် လုပ်လာတဲ့အကောင်ကွ။ ဒီမှာ ကြည့်စမ်း၊ သံကြိုးခတ်နဲ့ ထိပ်က ခဲတောင် မပွန်းသေးဘူး…" ဒေါနှင့် မောနှင့် သွား၍ ပေးလိုက်၏။

မောင်ဖြတ်စသည် သေသေချာချာကိုင်တွယ်ကြည့်ရင်း အမဲလိုက်ခွေးကဲ့သို့ ပုလင်းကို အနံ့ခံကြည့်ကာ ရုတ်တရက် ခေါင်းထောင်လာပြီး "ဟာ… အစစ်ပဲဗျို့ ဘိုးဘိုး။ ဘယ်က ရခဲ့တာလဲ၊ တစ်လုံးတည်းလား ဟင်၊ ဘယ်လောက်ပေးခဲ့ ရသလဲ" ဟု ဝမ်းသာအားရ မေးမြန်းကာ ရဟန္တာတစ်ပါး ကိုယ်ထင်ပြသည် တွင် ဖူးမြင်ရသကဲ့ သို့ ဦးတုတ်ပေါ၏မျက်နှာကို ငေးမောကြည့်ရှု့နေလေ၏။
ဤတွင်မှ ဦးတုတ်ပေါမှာ အကျေနပ်ကြီး ကျေနပ်ကာ "ဟဲဟဲ ဟဲဟဲ ငါ လူပါးပါကွ။ အစစ်မှန်းသိလို့ ဝယ်ခဲ့တာ၊ ရေကူးကကွ။ ၅၅ ကျပ်တည်းပေးခဲ့ရတယ်။ နားမလည်တဲ့ ဟိန္ဒူကုလားဆီကမို့ပေါ့။ နား လည်တဲ့လူဆို ၁၀၀ိ ပေးတောင် ဘယ်ရမလဲကွ…"

"ဘိုးဘိုးက သိပ်တော်တာပဲဟင်။ ကျွန်တော် ဘိုးဘိုးကို သိပ်ကျေးဇူးတင်တာပဲ။ ကျွန်တော် ဆေးလိုနေ တာနဲ့ အဆင်သင့် ပဲ။ ကျွန်တော်သာ ဒါသောက်လိုက်ရရင်…"
မောင်ဖြတ်စ၏ စကားမဆုံးမီ ဦးတုတ်ပေါ၏မျက်နှာမှာ ရုတ်တရက် တင်းမာခက်ထန်သွားပြန်ကာ "အောင်မာ… အောင်မာ… မင်းဖို့များ မှတ်နေလား။ ရာရာစစ ငါတောင် မသောက်ရက်ဘူး။ ငါ့သမီး မီး နေတော့ သောက်ဖို့ ယူလာတာ ပေး… ပေး"
ပြန်၍ မပေးဘဲ "ဘိုးဘိုးကလည်းဗျာ… အန်တီ့ဗိုက်က ခုမှ ခုနစ်လလောက် ရှိသေးတာ။ နှစ်လလိုသေး တာပဲ။ ကျွန်တော် ဒါသောက်လိုက် လို့ ကျန်းမာလာတော့ အစားဝယ်ပေးမှာပေါ့ဗျ…"
"အောင်မာ မင်းလိုကောင်မျိုးလား ရှာရမှာ ဖာကျိုးရောဂါနဲ့ သေမယ့်မသာ၊ ပေးပါကွာ…"

"ဘိုးဘိုးကလည်း  ရှာချင်ရမှာပေါ့ဗျ။ ဘိုးဘိုးတို့ ကတ္ထူးကတ္တတံဆိပ် နှုတ်ခမ်းမွေးဆေးတောင် ရှာပေးပါ ဦးမယ်။ ဖျား စူးပါစေ့။ ဘိုးဘိုး နှုတ်ခမ်းမွေး မီးလောင်ကတည်းက ကျွန်တော် တစ်နေ့မှ စိတ်မကောင်း ဘူး။ မမာနေလို့သာ… မာရင် ကြာလှပြီ ရှာပေးတာ"
"ဟေ့ ဖြတ်စ၊ ချွဲမနေပါနဲ့ကွာ၊ ပေးစမ်းပါ မြန်မြန်…"
"ဘိုးဘိုးကလည်းဗျာ၊ ပြပြီးမှတော့ ပေးပါတော့ဗျာ။ ခွေးဝမ်းသာအောင် လေလည်ပြသလို မလုပ်ပါနဲ့ ဗျာ။ ငရဲကြီးတတ်ပါတယ်…" ဦးတုတ်ပေါ သည် သည်းမခံနိုင်တော့ဘဲ "ပေးကွာ" ဟု ဆိုကာ အတင်းလု၍ ထွက်သွားလေ၏။

မောင်ဖြတ်စမှာ အားမနိုင်၍ မာန်လျှော့လိုက်ရကာ "ချီး… အစဦးတော့ လာပြပြီးတော့ မပေးနိုင်ဘဲနဲ့ နှုတ်ခမ်းမွေးတင် မဟုတ်ဘူး၊ မျက်ခုံးမွေးကြီးပါ မီးရှို့ပစ်ဖို့ကောင်းတယ်၊ ဒီ ဘရန်ဒီတော့လားကွာ… မရ ရအောင် ခိုးသောက်မယ်" ဟု မကြားတကြား ရေရွတ်လိုက်လေ၏။
ဦးတုတ်ပေါမှာ မိမိ ခက်ရာခက်ဆစ်ရလာခဲ့သော ဘရန်ဒီကို လာရောက်ပြသကာ အသားယူကြွားဝါ သွားရ၍ ကျေနပ်သလောက် နဂိုဓာတ်ခံ ရင့်သန်ခဲ့သော မောင်ဖြတ်စမှာ မသက်မသာရှိလှချေ၏။ အကြောင်းမူကား ညနေ ၆ နာရီတွင် ငါးကြော်၊ ခွေးတောက်ရွက်ဟင်းချိုနှင့် ဝင်းကြည် ထမင်းလာပို့ သောအခါ ဖြတ်စမှာ မစားနိုင် မသောက်နိုင် ဒုက္ခတွေ့ရလေ၏။

လက်ရေဆေးကာ ငါးကြော်ကို ဖဲ့ဝါးလိုက်ပြီး ထမင်းတစ်လုတ်စားလိုက်ရာ မျို၍မကျ။ ဟေ့ခနဲ လေလှန် လာလျက် ရင်ခံနေ၏။ ခွေးတောက်ရွက်ဟင်းချိုကို သောက်ချလိုက်ရာ လည်ချောင်းထဲ၌ နင့်ခနဲဖြစ် သွားပြီး အကြောင်းမထူး။ နောက်ထပ် စားချင်စိတ်မရှိ။ ဘာကြောင့်ပေလဲဟု စဉ်းစားလိုက်ရာ ပုလင်း တစ်လုံး မျက်စိထဲ၌ ကွက်ခနဲပေါ်လာပြီး "ဘရန်ဒီ… ဘရန်ဒီ" ဘရန်ဒီ သောက်ချင်၍သာ ထမင်းမစား နိုင်ဖြစ်နေသည်ကို သူ တွေး မိလေ၏။ ဝမ်းထဲက ဟာသည်။ လေပျို့သည်။ ဆာသည်။ သို့သော် စားချင်စိတ်မရှိ။ လျှာလေးသည်။ သွားရည်စို သည်။ ဇွန်းပန်းကန်ကိုင် လျှင် လက်တုန်နေ၏။ ဤကား ရေချိန်မကိုက်သေးသော အသောက်သမားတို့ ၏ ဒုက္ခတည်း။

မောင်ဖြတ်စသည် အိပ်ရာထဲ လဲသည်မှစ၍ အရက်ဖြတ်ထားခဲ့ရာ ၅ ရက်မျှကြာသောအခါ နေနိုင် ထိုင် နိုင် ကျင့်သားရပြီးဖြစ်ခဲ့၏။ ယခုမူ မီးခဲပြာဖုံးကို မှုတ်၍ပေးလိုက်သကဲ့သို့ ဦးတုတ်ပေါ ၏ ကရော် တိုက်မှု ကြောင့် ဝေဒနာဟောင်း ပြန်ပေါ်လာခြင်းဖြစ်၏။ ခုနေအခါ၌ ဦးတုတ်ပေါ ထိုပုလင်းကိုင်၍ လာခဲ့ပါမူ ရိုက်၍ယူလိုက်မည်ဟု အောက်မေ့မိ၏။
သို့သော် ယခုအခါ၌ ထိုပုလင်းကိုရရန် ဘယ်နည်းနှင့်မှ မဖြစ်သေး။ သစ် မရမီစပ်ကြား ဝါးပေါင်းကွပ်မှပဲ ဟု ကြံမိကာ ဝင်းကြည်ကို အသာလေး လက်ပြခေါ်လိုက်၍ လမ်းထိပ် လန်ဘားခေါက်ဆွဲဆိုင်တွင် ချက်အရက် တစ်ပိုင်းနှင့် ဝက်နံကင် တစ်ကျပ်ဖိုး ဝယ်ရန် ရေဘူးကလေးနှင့် လွှတ်လိုက်ရလေ၏။

ထိုချက်အရက်ရောက်မှပင် ထမင်းကို မြိန်ယှက်စွာစားနိုင်၍ စားပြီး ဗိုက်လေးလေးရှိသည်နှင့် တုံးလုံးလှဲ ကာ အိပ်လိုက်လေ၏။
သူ မည်မျှကြာအောင် အိပ်ပျော်သွားသည်မသိ၊ "ဒါဖြင့် ဟန်ကျတာပဲ။ ဒီဘရန်ဒီ ငါဖို့ပေါ့" ဟူသော သူ့ ဦးလေး ကိုဘနိုင်၏မူးသံကြီးကို ကြားမှ လန့်နိုးကာ ဘရန်ဒီအတွက် သူ့ဦးလေး သောက်ပစ်မည်ကို စိုးရိမ် တကြီးဖြစ်မိလေ၏။ ထိုအခိုက် မမြခင်၏အသံပေါ်လာလေ၏။
"အမယ်လေး မလုပ်ပါနဲ့ရှင်၊ ကျွန်မ မီးဖွားတော့ သောက်ဖို့ပါ၊ ပေးပါ…"
"ဟဲဟဲ… ဟဲဟဲ… မင်းတို့က ဘာသောက်သောက်ဖြစ်တာ၊ သူ မီးဖွားဖို့က အရေးကြီးပါတယ်။ ပေး လိုက်ပါကွာ…" ဟု ဦးတုတ်ပေါ ပြောသံကိုပါ ကြားလိုက်ရ၏။

"ရော့… ရော့… ဒါဖြင့် ထားလိုက်၊ ကြောင်အိမ်ထဲထားလိုက်" ဟု ဆိုကာ ပုလင်းပြန်ပေးပြီး အိမ်ရှေ့ခန်း သို့ ထွက်သွားလေ၏။
"ကိုနိုင်… ဘယ်လဲ၊ လာ… ထမင်းစားလေ၊ ထမင်းပြင်ပြီးပြီ"
"ဟာ… မစားတော့ဘူးကွာ၊ ဗိုက်ပြည့်နေတယ်"
"ထမင်းဟင်းတွေ အလကားဖြစ်ကုန်တော့မယ်၊ ကြက်သားကြော်၊ သရက်သီးသုပ်နဲ့ ခွေးတောက်ရွက် ဟင်းချိုလေး ကလည်း ချိုကချိုနဲ့… စားလိုက်ပါ"

"မဆာတုန်း စား အပိုပေါ့ကွာ၊ ငါ တစ်ရေးနိုးမှ စားမယ်၊ ထားလိုက်… ထားလိုက်။ အိပ်မယ်ကွာ၊ မင်းတို့ လည်း စောစော အိပ်ကြ" ဟု ဆိုပြီး သူ၏အိပ်ခန်းဆီသို့ သွားရင်း မောင်ဖြတ်စ၏အခန်းပေါက်တွင် ခေတ္တရပ်ပြီး "ဟေ့… မောင်ဖြတ်စ အိပ်နေပလား၊ ဘယ့်နှယ်နေသေးလဲ မနေ့က ဆေးနဲ့ ဟန်ရဲ့လား"
"ဟန်ပါလိမ့်မယ်… ထင်ပါရဲ့ဗျာ၊ အကြောအခြင်တွေ ကိုက်နေတာပဲ"
"အေးပေါ့ကွာ…၊ ဖာရောဂါဆိုတာ ဒီလိုပေါ့၊ သေနိုင်ပါဘူး" ဟုဆိုပြီး ထွက်သွားလေ၏။
ယနေ့ ကိုဘနိုင်၏အမူအရာမှာ ခါတိုင်းနေ့များနှင့် မတူချေ။ ခါတိုင်းနေ့များတွင် အိမ်သို့ရောက်လျှင် ရောက်ခြင်း ရေချိုးထမင်းစားပြီး အရက်ရှိန်ပြန်၍ ပူအိုက်လာသဖြင့် အင်္ကျီတုံးလုံးချွတ်ခါ အိမ်ရှေ့ ဧည့် ခန်းကြမ်းပြင်ပေါ်တွင် ကလေးတွေနှင့် ဖင်တက်ခေါင်းခွ လူးလှိမ့်ရင်း အိပ်ပျော်လေ့ရှိ၏။ တစ်ရေးနိုး မှ သာ အိပ်ခန်းဝင်လေ့ရှိ၏။

ယနေ့မူကား ထမင်းမစားသေးဘဲ စောစောစီးစီး အိပ်ခန်းဝင်းသည်။ အခြားသူများကိုလည်း စောစောစီး စီး အိပ်ခိုင်း ၏။ ယခင်အခါများ၌ သူ တခြားမှ ထမင်းစားလာခဲ့လျှင် သူတို့ချန်ထားသော ထမင်းဟင်း များကို မဝတဝ စားရရှာသော ဝင်းကြည်အား စားခိုင်း၏။ ယခုမူ ဤသို့ မခိုင်း။ တစ်ရေးနိုးမှ ထစားမည် ဟု ထူးထူးခြားခြား ပြော၏။ ဧကန္တ… သူ တစ်ရေးနိုးတွင် ဘရန်ဒီ ထတွယ်ပြီး ထမင်းစားလိမ့်မည်ဟု သူ့ ဦးလေး ဓာတ်သိသော မောင်ဖြတ်စ အတိအလင်း တွေးမိ၏။
သူ့အတွယ်ခံရိုးလား။ သူ့အရင် ဦးအောင် ထဆော်လိုက်မည်ဟု ဆုံးဖြတ်ကာ မောင်ဖြတ်စသည် အရက် သောက်သူတို့၏ ထုံးစံအတိုင်း တရေးနိုး ရေဆာလှသည်နှင့် ရေနှစ်ဖန်ခွက်မျှ သောက်လိုက်ရာ အတွင်း အရက်ဓာတ်ခံနှင့် တွေ့သဖြင့် ပြန်၍ ရီတီတီ ဖြစ်လာပြီး အိပ်ပျော်သွားလေ၏။

ဆက်ရန်
.

No comments: