Friday, September 21, 2012

ဟိန်းလတ် ဘာသာပြန် အဖြူ ကိုချစ်သော အမည်း အမည်းကိုချစ်သော အဖြူ, အပိုင်း (၆)

"ဒါပေမဲ့ ငါထပ်ပြောလိုက်ပါရစေဦးကွာ၊ မင်းဟာ ဘန်နီကာတက္ကသိုလ်ကိုတက်မယ့် ပထမဆုံး အိန္ဒိယကျောင်းသား ပါ။ မင်းကို သူတို့က အထူးတလည် ဂုဏ်ပြုကြိုဆိုကြမှာ သေချာပါတယ်။ မင်းဟာ သိပ် ယဉ်ကျေး သိမ်မွေ့တဲ့လူ၊ သိပ်ကြင်နာသနားတတ်တဲ့သူ ဆိုတာ ငါ သိပါတယ်။ စဉ်းစဉ်းစားစား ချင့်ချင့် ချိန်ချိန် ကျင့်ကြံပါနော်" ရာဂျာက ခေါင်းညတ်လိုက်သည်။ မျက်ရည်မကျစေ ရန် နှုတ်ခမ်းသား ကို အတင်းကိုက်ထားရ သည်။ သူ ဘာမှ ပြန်မပြောနိုင်မီမှာပင် "အင်း ဒီကော့ မီးလ်ရောက်ပြီ" ဟူသော အသံကို ကြားလိုက်ရသည်။ ဘုန်းတော်ကြီး က သူ့ဝန်စည်စလွယ်တွေကို ကူမပေးသည်။ ရထားရပ်လိုက်တော့ ဘုန်းကြီးက အရင် ဆင်းသည်။ ရာဂျာက နောက်မှ လိုက်သည်။ မိန်းမလှလေး နံဘေးမှ ဖြတ်သွားသောအခါ ကောင်မလေးက ပြုံးပြီး "ဘိုင့်ဘိုင့်" ဟု နှုတ်ဆက်သည်။ သူကတော့ ဘာမှပြန် မပြောမိ။ နှုတ်ဆက်စကားလေးပင် သူ့နှုတ်ခမ်းမှ တိုးထွက် မလာနိုင်တော့။ စိုးရွံ့တုန်လှုပ်မှုများဖြင့် သူသည် ထုံထိုင်းနေချေပြီတကား။ ကို ဆက်ဖတ်ရန်...

(၆)

"လူစီဘဲလ်၊ လူစီဘဲလ်၊ ထတော့ကွယ်၊ မြန်မြန်ထလိုက်စမ်း နောက်ထပ် သမီးကို အမေ ထပ်မနှိုး ချင်တော့ ဘူးနော်" အမေနှိုးသံကို ကြားရသည်။ လူစီ နိုးနေသည်မှာ ကြာပြီ။ အိပ်ရာထဲတွင် နှပ်နေရင်း အမေ့ကို ဘာမှ ပြန်မဖြေ။ "လူစီဘဲလ်" ဟူသော သူ့နာမည် ခပ်ဆန်းဆန်းလေးအကြောင်းကိုသာ သူက တွေးနေမိ သည်။ နေရောင်ခြည်တန်းလေး သည် သူ့အခန်းထဲသို့ ၀င်လာသည်။ နေခြည်လေးသည် ဘဲလေး ကချေသည်လေး ကို ကခုန်နေသည်။ တစ်နေရာမှ တစ်နေရာသို့ လှပစွာ ကူးပြောင်းနေ၏။
အခန်းထဲ တွင် အရုပ်များက ဟိုနေရာ သည်နေရာ ကြဲပြန့်နေသည်။ စာအုပ်များကိုလည်း နေရာ တကာ တွေ့နေရသည်။ ကုလားထိုင်ပေါ်မှာ၊ စားပွဲမှာ၊ ကြမ်းပြင်ပေါ်မှာ၊ သမိုင်းစာအုပ်၊ ပထ၀ီ စာအုပ်၊ သင်္ချာစာအုပ် များမှ ပြည့်ကျပ်နေသည်။ ဖရိုက်၏ စိတ်ပညာ၊ ဂျိန်းအိုင်ယာ၊ လေဒီချက်တာ လေချစ်သူ၊ အမေရိကန် ယဉ်ကေးမှုသမိုင်း၊ ဟီရိုရှီမားမျိုးစေ့များ။

အခန်းနံရံတွင်ကား ရုပ်ရှင်မင်းသားများ၊ ဘောလုံးသမားများတို့၏ ရုပ်ပုံများ၊ အလံများ၊ တံခွန်များ၊ သတင်းစာဖြတ်ပိုင်း များ၊ ဖိတ်စာများ ကပ်ထားသည်။ မှန်ဘောင်သွင်းထားသော ဒီပလိုမာ လက်မှတ် ၂ခု ကိုလည်း တွေ့ရသည်။ တစ်ခုက ဂရမ္မကျောင်းဆင်းလက်မှတ်၊ တစ်ခုက အထက် တန်းကျောင်းထွက် လက်မှတ်။ အခန်းအလယ်တွင်တော့ ဓာတ်စက်ကြီးတစ်လုံး ရှိသည်။ ဘေးမှာ တော့ ဓာတ်ပြားပုံကြီး တစ်ပုံ။

နေခြည်တန်းလေးသည် ဟိုတစ်ကွက်ဒီတစ်ကွက် ထိန်လင်းနေရာမှ ယခုအခါ ခန်းလုံးပြည့် ထွန်းညှိသွားပေပြီ။ အခန်းထဲ မှ မိသားစုံဓာတ်ပုံကြီးကို ထင်ထင်ရှားရှား မြင်လာရသည်။ ဓာတ်ပုံထဲ တွင် သူ့မိခင်အလှသည် ထင်းထင်းပြတ်ပြတ်ကြီး ပေါ်လွင်နေသည်။ သူ၏ ဆံပင်ရှည်ကြီးကို ကျစ်ဆံမြီးကျစ်ကာ ထိပ်ပေါ်တွင် စုတင် ထားသည်။ မျက်လုံးပြူးပြူး၊ နှာခေါင်းချွန်ချွန်၊ မေးရိုး သွယ်သွယ်၊ ပါးစပ်မှာ ပုံပန်းကျနလွန်းသည်။ နားရွက်များ ကား ခပ်သေးသေး နူးနူးညံ့ညံ့၊ ဒီတစ်နိုင်ငံလုံးမှာ ငါ့အမေလောက်လှ တဲ့ မိန်းမ ဘယ်သူမှရှိမှာ မဟုတ်ဘူးဟု လူစီ က ဂုဏ်ယူမိ၏။

အမေ့နံဘေး တွင် ရပ်နေသော အဖေ့ပုံကို ကြည့်လိုက်သည်။ လှကညာနှင့် ဘီလူးသတ္တ၀ါပါလား၊ အဖေ့နှာခေါင်း က ပြားသည်။ မျက်လုံးများက မှေးလွန်းသည်။ မျက်ခုံးမွေးထူထူအောက်တွင် မျက်လုံးများကို အတော် ရှာယူရသည်။ ကြိုးဝိုင်းတွင်းမှ မရှုမလှ အထိုးခံရပြီး ဆင်းလာသော ကြေးစားလက်ဝှေ့သမားပုံမျိုး။ သူ့ဖခင်သည် ငယ်စဉ် ကတည်း တကယ်ပဲ လက်ဝှေ့ထိုးခဲ့ဖူးသည်။ လက်ဝှေ့ထိုး၍ရသော ပိုက်ဆံဖြင့် ညကျောင်းတက်ခဲ့ရသူ။

နှာခေါင်းရိုးလည်း ကျိုးခဲ့၊ နားရွက်များလည်း ထူထဲခဲ့သည်မှာ လက်ဝှေ့ပွဲများမှ ရလာဒ်ဟု ပြောသည်။ သည့်အရင်က ဆိုလျှင် သူက ချောပါသည်တဲ့။
ဘယ်နှယ့်လုပ်များ အဖေနဲ့အမေ အကြောင်းပါခဲ့ပါလိမ့်။ သူက စဉ်းစားနေမိသည်။ တွေိးလု့ကောင်း တုန်း သူ့အမေ အသံ ပေါ်လာပြန်သည်။ "လူစီဘဲလ်၊ လူစီဘဲလ်၊ ခုထိမထသေးဘူးလား။ အ၀တ်အစား မလဲသေး ဘူးလား။ အိန္ဒိယပြည်က မင်းသားလေး ကြွလာမယ်ဆိုတာ မင်းမေ့နေပြီလားကွယ်"
"သူလာ မှာ သမီးမေ့နေလို့ အမေရေ" ပြောပြောဆိုဆို ည၀တ်အင်္ကျီကြီးနှင့် မီးဖိုထဲ သို့ ပြေးထွက်ခဲ့ သည်။ နောက်မှ သူအမေ၏ လည်ပင်း ကို ပြေးဖက်လိုက်သည်။ "ဟေ့ ဖက်တီး ဘာလာလုပ်နေတာလဲ" မီးဖိုထဲ မှ သူ့ညီမ ကိုလည်း လှမ်းစလိုက်၏။

"ငါက မ၀ဘူးဟဲ့၊ ငါ့နာမည် ဖက်တီးလည်း မဟုတ်ဘူး၊ ငါ့နာမည်က ဟားရီးရက်အေမိစ်။ နင့်နာမည် လူစီဘဲလ် ထက် ပိုကောင်းတယ် သိရဲ့လား၊ လူစီဘဲလ်ထက် ကောင်းတာက လူစီဗိုက်ပူနှင့် ဗိုက်ကြီးက ပူနေတာပဲ သိလား" လူစီဘဲလ်က သူ့ညီမခေါင်းကို သွားထုသည်။ ညီမက သူ့ကို ပြန်လိုက်ထုသည်။
"ဟဲ့ဟဲ့ လူစီဘဲလ် ကိုယ့်ညီမကို သွားသွားအရောမ၀င်ပါနဲ့လို့ အမေ ဘယ်နှခါပြောရမလဲ။ နင်နဲ့ဟယ် အရိုအသေတန်လိုက်တာ" "သူက စတာကို အမေရ" "အမေရေ သမီးက သူ့ကိုဘယ်တော့မှ စပြီး မစပါဘူး။ သူကပဲ သမီးကို ဖက်တီး ဖက်တီးနဲ့ လာခေါ်တာ၊ သူက သမီးဆို သိပ်မုန်းတယ် အမေရဲ့" ပြောပြောဆိုဆို ကြူကြူပါအောင် ငိုချပါလေတော့သည်။

"မငိုပါနဲ့ အချစ်လေးရယ်" ဟု အမေက သူ့ကို ရင်ထဲထည့်ပြီး ပွေ့ပိုက်ကာ ချော့လိုက်သည်။ "လူစီဘယ်လဲက အရူး ကွယ့်၊ သူ့ကို ဂရုမစိုက်ပါနဲ့ သမီးရယ်" ထိုအချိန်တွင် စားပွဲပေါ်မှ ကလေးက "နို့သောက်မယ် နို့သောက်မယ်" ဟု အော်ဟစ်နေသည်။
လူစီဘဲလ် က ရေခဲသေတ္တာထဲမှ နို့တစ်ခွက် ယူပေးလိုက်သည်။ ကလေးနို့သောက်နေစဉ် သူ၏ လည်ဂုတ်သား ကစ်ကစ်လေး ကို လူစီက နမ်းလိုက်သည်။ နောက်ပြီး သူ့နှာခေါင်းနှင့် ပွတ်ပြီး ယားအောင်ကလိသည်။ ကလေး က ရယ်နေသည်။

ကလေးက နို့သောက်ပြီးနောက် "ကောင်းလိုက်တာ လူစီဗိုက်ပူရယ်" ဟု အော်လိုက်သည်။ မျက်ရည်စီးကြောင်း များနှင့် ဟာရီယက် မှာ အခုတော့လည်း ထပြီး ရယ်ပြန်၏။
"ကြည့်စမ်း အမေ၊ ကြည့်စမ်း၊ ကလေးကတောင် ကျွန်မကို လူစီဗိုက်ပူတဲ့"
"ဒါ ဟာရီယက် က စလိုက်တဲ့စနက်ပဲ၊ ဒါနဲ့ အမေဘာချက်နေတာလဲ ဟင်"
"ဟင်းချက်နေတာ ကွယ့် ဧည့်သည်အတွက် ဟင်းလေ၊ အိန္ဒိယလူမျိုးတွေက မုန့်သိပ်မစားဘူးကွ ဟင်းပဲ စားတာ" "ဟုတ်လား ဟင်းချက်နည်းကို အမေဘယ်က ရလဲဟင်" "ဟောဒီ မဂ္ဂဇင်းထဲက ရတာကွ၊ ဒီမှာ ကြည့်လေ၊ အရှေ့အိန္ဒိယ ဟင်းတဲ့၊ ရုပ်ပုံပါတွေ့တယ် မဟုတ်လား" လူစီဘဲလ်က ပုံကိုကြည့်နေစဉ် ဟာရီယက် က ပါ ၀င်ကြည့်သည်။ ကလေးကလည်း ပြပါပြပါနှင့် အော်နေသည်။
သူ့ အမေ အယ်လ်ဗီယာက ဖတ်ပြသည်။

"ဤဟင်းသည် ရာဂျာ တစ်ယောက်အား ကျွေးရန် အရှေ့အိန္ဒိယဟင်းပင် ဖြစ်သည်။ ယနေ့ခေတ်ကဲ့ သို့ နိုင်ငံတကာ ကူးလူးဆက်ဆံနေသော ခေတ်ကာလတွင် သင့်အိမ်ကိုလည်း အိန္ဒိယလူမျိုးဧည့်သည် တစ်ယောက် လာကောင်းလာနိုင်ပေမည်။ သို့ဆိုလျှင် အောက်ပါ အိန္ဒိယဟင်းချက်နည်းအတိုင်း စိတ်ချက်လက်ချ ချက်ပြုတ် ပါလေ။ ဘုရင်၏ လျှာဖျားနှင့် ခံတွင်းတွေ့မည့် ဟင်းလျာ ဖြစ်မည်မှာ သေချာလှပေသတည်း"
"ဟာ တိုက်ဆိုင်လိုက်တာ အမေ၊ သူ့နာမည်ကလည်း ရာဂျာတဲ့၊ ဖေဖေ ပြောဖူးတယ်။ အိန္ဒိယဘုရင် တွေကို ရာဂျာ လို့ ခေါ်တယ်တဲ့၊ အခု ဟင်းကလည်း ရာဂျာအတွက်ဆိုတော့ သူ့အတွက် အံကိုက်နေ တာပေါ့နော်၊ သမီး တစ်တို့လောက် မြည်းကြည့်ပါရစေ မေမေ၊ တစ်တို့တည်းပါ"
ဟာရီယက် က သူ့အမေခါးကို ဖက်ပြီး ပူဆာနေသည်။

"ကဲကဲ ရော့ဒီမှာ မြည်းကြည့်"
"သိပ်ပူပါလား အမေရဲ့၊ သူ ဘယ်နှယ့်လုပ် စားမလဲ"
"သူတို့ က ဟင်းပူပုမှ စားတတ်တယ်တဲ့၊ မဂ္ဂဇင်းထဲမှာ ပါတယ်လေ"
လူစီဘဲလ် ကလည်း တစ်ဇွန်းထပ်ပြီး မြည်းကြည့်သည်။
"အမေ ဘာတွေ လျှောက်ထည့်ထားတာလဲ ဟင်"
"ပန်းသီးရယ်၊ စပျစ်သီးခြောက်ရယ်၊ ကြက်သားရယ်၊ ကြက်သွန်ရယ်၊ မဆလာရယ်၊ အညွှန်းအတိုင်း ထည့်တာပဲ၊ အုန်းသီးတောင် ထည့်ရကောင်းမလား စဉ်းစားနေတာ၊ ကဲ သမီးတို့ အ၀တ်အစား သွားလဲ ချေတော့လေ၊ ဘူတာရုံ သွားကြိုကြ မယ် မဟုတ်လား"

"အမေရယ် မပူပါနဲ့၊ အချိန်ကျရင် အကုန်ပြီးသွားမှာ၊ ဒါပေမဲ့ တစ်ခုတော့ တောင်းပန်ပါရစေ အမေ၊ မရဘူး လို့တော့ မပြောပါနဲ့နော်၊ အမေ့ကိုလေ အဖေ နယူးယောက်က ၀ယ်ပေးခဲ့တဲ့ အ၀ါရောင် ၀တ်စုံသစ်လေး သမီး ၀တ်ပါရစေနော်" "သမီးရယ်၊ မေမေ့ပစ္စည်း သမီးပစ္စည်းပဲပေါ့၊ ဘာမှ ခွင့်တောင်းစရာ မလိုပါဘူး၊ ဒီအ၀တ်တော့ ၀တ်မသွားပါနဲ့ကွယ်၊ သမီးနဲ့ မလိုက်လို့ပါ။ အမေတို့လို အသက်ကြီးတဲ့သူတွေသာ ငယ်သွား နုသွား အောင် ၀တ်တဲ့ အ၀တ်မျိုး ကွယ့်၊ သမီးတို့လို နုပျိုသူတွေဝတ်ရင် အလကားပဲ" "ဒါပေမဲ့ မေမေရယ်၊ ဒီဝတ်စုံလေးကို သမီးသိပ်ကြိုက် လို့ သမီးနဲ့ သိပ်လိုက်ပါတယ်၊ လုပ်ပါ အမေရယ်" "မပေးနဲ့ အမေ၊ သူ့ကို မပေးနဲ့ အ၀တ်သစ် အစားသစ်ကြီး သူ့ကို ပေးမ၀တ်စေနဲ့" ဟာရီယက်က ၀င်၍ တားသည်။

"ဒီမှာ ဟာရီယက်၊ နင့်အသက်နဲ့ကိုယ် အိုးစားမကွဲချင်ရင် ၀င်မစွက်စမ်းနဲ့"
"ကဲကဲ ၀တ်ချင်သပဆိုလည်း ၀တ်ပါ သမီးရယ်၊ ဒါပေမဲ့ ဒီတစ်ခါပဲနော်၊ နောက်ဆို မရတော့ဘူး"
လူစီဘဲလ်က သူ့အမေကို တစ်ချက် နမ်းလိုက်သည်။ ထို့နောက် ဟာရီယက်အား လျှာထုတ်ပြကာ အခန်းထဲမှ ထွက်ပြေးသွားတော့သည်။
"မေမေရေ၊ သူက သမီးကို လျှာထုတ်ပြသွားတယ်။ သူ့လို ၁၇နှစ် သမီးက ဒါမျိုး လုပ်သွားတာကြည့် စမ်း၊ ရှက်စရာကောင်း လိုက်တာနော်၊ သိပ်မိုက်တဲ့ ကောင်မလေးပဲ"
"မမိုက်ပါဘူး သမီးရယ်၊ ဒီအရွယ်ဆိုတာ ထိန်းရသိမ်းရ အခက်သားကွယ့်"
"အမေက အစ်မကြီးကျတော့ သမီးထက် သိပ်ကို ပိုချစ်တယ်နော်" ပြောပြောဆိုဆို ဟာရီယက်က ငိုပြန်လေတော့ သည်။

"သမီးကို ဘယ်သူမှ မချစ်ကြပါဘူး၊ သမီး သိပါတယ်။ သမီးက ၀လည်း ၀တယ်။ တိုက်တိုက်ခိုက်ခိုက် လည်း လုပ်တတ်တာကိုး။ လူစီဘဲလ်နဲ့ မောင်လေးကိုတော့ လူတိုင်းက ချစ်ကြတယ်။ တစ်ကမ္ဘာလုံး ဘယ်သူမှ သမီးကို မချစ်ကြဘူး"
"ဟာရီယက် အချစ်ကလေးရယ်၊ ဒီလို မဟုတ်ပါဘူးကွယ်၊ အမေတို့အားလုံးက သမီးကို ချစ်ကြပါတယ်။ ဒီလိုအတွေးမျိုးတွေ မတွေးစမ်းပါနဲ့"
"ဟော ကားသံကြားတယ်။ သမီးတို့ အဖေလာပြီ ထင်တယ်။ ကဲကဲ မျက်ရည်တွေ သုတ်လိုက်စမ်း၊ ဖေဖေကြီး မြင်သွားရင် ရှက်စရာကြီး"
"သမီးမှာ လက်ကိုင်ပုဝါ မရှိဘူး အမေရ"
"ရော့ရော့ မေမေ့ဥစ္စာယူ၊ သမီးလေးက လိမ္မာတယ်နော်"
ဒေါက်တာအေမိစ်က်မီးဖိုချောင်ထဲ ၀င်လာသည်။

"ဟော သမီးလေး မျက်ရည်တွေနဲ့ပါလား၊ ဘာဖြစ်တာလဲကွ၊ မဖြေဘူးလားကွ ဟင်။ မျက်ရည်ဆိုတာ ဆားဓာတ် ကို အလကား ဖြုန်းတီးတာကွ" "ဖေဖေ၊ ဖေဖေ၊ ချီပါ ချီပါ" "ဟော သားလေးပါလားကွ၊ ဘယ်သွားနေတာ လဲဟင်" သားလေးကို ကောက်ချီလိုက်ပြန်သည်။ "လူစီဘဲလ်ကော ဘယ်သွားနေတာလဲကွ"
"ရေချိုးနေတယ် အဖေကြီးရ၊ လူစီဘဲလ်က ရေမြန်မြန်ချိုးဟေ့၊ အဖေကြီး ရောက်နေပြီ"
လူစီဘဲလ် သီချင်းတကြော်ကြော်အော်ကာ ရေချိုးနေသည်။ ရေချိုးရင်း အိန္ဒိယမင်းသားလေးကို မှန်းပြီး စဉ်းစား ပုံဖော်ကြည့်နေသည်။ ရာဂျာမလာခင် ကြိုတင်ပြင်ဆင်ထားသည့် အနေနှင့် နေရူး၏ ကိုယ်ရေး အတ္ထုပတ္တိကို သူဖတ်ထားသည်။

"ရာဂျာသည် နေရူးလို ရုပ်ရည်မျိုးများလား၊ နေရူးတစ်ဝက်လောက် ချောဥိး၊ ကျောင်းက ကောင်မတွေ တော့ အရူးအမူး ဖြစ်ကုန်ကြတော့မှာပဲ၊ နေရူး အသက်နှစ်ဆယ် နှစ်ဆယ့်နှစ်နှစ်လောက်က ရုပ်မျိုး ရှိလိမ့်မယ်နဲ့တူတယ်။ နာမည်လေးကလည်း "ရာဂျာ" ဆိုတာ မင်းသားတဲ့၊ ဆင်ကြီးစီးပြီး အ၀တ်ဖြူ ကြီးကို ၀တ်ပြီး စိန်တွေ နီလာတွေ စီခြယ်တန်ဆာဆင်လို့ အချွေအရံ မောင်းမမိဿံတွေနဲ့ လာမှာလား။ ဒီလိုတော့ ဟုတ်မယ် မထင် ပါဘူး။ သူက ကျောင်းသားပဲ၊ အို နေရူးလောက် ချောရင်ပဲ တော်ပါပြီ"

အပြင်ဘက်မှ ဟာရီယက်က တံခါးခေါက်နေသဖြင့် အတွေးစ ပြတ်သွားသည်။ လူစီဘဲလ်သည် မျက်နှာသုတ် ပ၀ါဖြူကြီး ရင်လျားကာ အပြင်သို့ ထွက်ခဲ့သည်။ ဘီရိုထဲမှ အမေ့ဝတ်စုံကို ထုတ်လိုက် သည်။ ဘရာစီယာ တစ်ထည်ကို ကောက်ဝတ်၊ နိုင်လွန်ခြေအိတ်ကိုစွပ်၊ ခါးပတ်ပတ်၊ သူ့ဆံပင်တိုလေး ကို ဖီး။ နှုတ်ခမ်းနီ အသစ် ထပ်ဆိုးကာ မီးဖိုထဲသို့ ဆင်းခဲ့၏။ "ဟာ ငါ့သမီးက တယ်လှပါလားကွ"
အဖေက ပြောပြောဆိုဆို သမီးကို ပွေ့ချီလိုက်သည်။ နောက်ကားပေါ် သွားကြသည်။ ကားမထွက်ခင် အမေပြောသံ ကို တစ်ခွန်းကြားလိုက်ရသေးသည်။ "အမေချက်ထားတဲ့ဟင်းကိုတော့ သူကြိုက်မှာပါ နော်" တဲ့။

ဆက်ရန်
.

No comments: