Wednesday, September 12, 2012

သူရိန်ဝင်း ဘာသာပြန် အကျဉ်းစခန်း အမှတ် ၁၄ မှ လွတ်မြောက်ခြင်း (မြောက်ကိုရီးယား) အပိုင်း (၂)

" သျှင် ကြံ့ကြံ့ခံခဲ့ရသည့် ရက်စက်မှုများသည် ထိတ်လန့် တုန်လှုပ်စရာဖြစ်သည်။ သို့သော် ထိုနည်းတူစွာ ပင် မြောက်ကိုရီးယား ချွေးတပ်အကျဉ်းစခန်းများတည်ရှိနေမှုကို ကမ္ဘာကြီးက လျစ်လျူရှုထားခြင်း သည် လည်း ထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်သည်"ဟု ၀ါရှင်တန်ပို့စ် အယ်ဒီတာ အာဘော် တွင် ရေးသားထားသည်။
" အမေရိကန် သမ္မတ ဖရန့်ကလင်ဒီရုစဗဲ့သည် ဟစ်တလာ၏ အကျဉ်းစခန်းဆီသို့သွားရာ မီးရထားလမ်း များ ကို အဘယ်ကြောင့် ဗုံးမကြဲချခဲ့သနည်းဟု အမေရိကန်ကျောင်းသား များ ဆွေးနွေး ခဲ့ကြသည်။ နောင်လာ မည့် မျိုးဆက်ဖြစ်သည့် သူ တို့၏ သားသမီးများကလည်း အနောက်နိုင်ငံ များ သည် ကျင်လည်ပြတ်သားလှ သည့် ကင်ဂျုံအီး၏ အကျဉ်းစခန်းဂြိုလ်တု ဓာတ်ပုံများ ကို စိုက်ကြည့်ပြီး ဘာမျှ မလုပ်ဆောင်ခဲ့ သည့်အကြောင်း ကို မေးကြပါလိမ့်မည်" ဟု အယ်ဒီတာ့ အာဘော် ကို အဆုံးသတ်ထား သည်။
ကို ဆက်ဖတ်ရန်...........

သျှင်း၏ အကြောင်းကို အကဲဖြတ်ရာတွင် အခြားအခြားသော စခန်းအတွင်းမှ အကျဉ်းသားများသည်လည်း သူ့နည်းတူ သူ့ထက် ဆိုးရွားသည့် ဒုက္ခနှင့် ရင်ဆိုင်ရသည်ဟူ၍ စိတ်ထဲစွဲမှတ်သင့်ပါသည်။ မြောက်ကိုရီးယား အကျဉ်းစခန်း အစောင့်ဟောင်း အန်မိယောင်ချူး၏ ပြောပြချက်အရ စခန်းထဲမှ အခြားကလေးများနှင့်စာလျှင် သျှင်း က အနည်းငယ်သက်တောင့်သက်သာနေခဲ့ရသည်ဟု ဆိုပါသည်။
အမေရိကန်နှင့် မြောက်ကိုရီးယား ဆက်ဆံမှုတွင်လည်း နျူးကလီးယား လက်နက်နှင့် ဒုံးကျည်ကိစ္စသာ အမြဲ လွှမ်းမိုးနေခဲ့ သည်။ အကျဉ်းစခန်းကိစ္စက အမြဲနောက်တွင် ကျန်ရစ်ခဲ့သည်။ " တိဘက်တွေမှာ ဒလိုင်လားမားတွေရှိတယ်။ ရစ်ချတ်ဂီရိ တယ်။

မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည် ရှိတယ်။ ဒါဖားတွေအတွက် မီယားဖားရိုး နဲ့ ဂျော့ကလူးနီး ရှိတယ်။ မြောက်ကိုရီးယား အတွက် အဲဒီလို ပုဂ္ဂိုလ် မျိုးတစ်ယောက်မှမရှိဘူး"ဟု အကျဉ်းစခန်း မှလွတ်မြောက်လာသူများ ကို ၀ါရှင်တန်သို့ ခေါ်ဆောင်လာသည့် တက်ကြွလှုပ်ရှားသူ Suzanne Scholte ကို ကျွန်တော့် ကိုပြောပြသည်။
အကျဉ်းစခန်းများ တွင် ကျန်ရှိနေဆဲ သိန်းနှင့်ချီနေ သည့် အကျဉ်းသားများအတွက် ကိုယ်စားပြုပြောရန်သူ သည် ထိုက်တန်သူ မဟုတ်ဟု သျှင်းက ကျွန်တော့်ကိုပြောသည်။ အသက်ရှင် လွတ်မြောက်ဖို့ သူလုပ်ဆောင်ခဲ့ခြင်း အတွက် သူရှက်နေသည်။

သူသည် အင်္ဂလိပ်စာ သင်ဖို့ ငြင်းဆိုသည်။ သူ့ကို အရေးပါ အရာရောက်စေမည့် အင်္ဂလိပ်ဘာသာစကားနှင့် သူ့အကြောင်း ကို ထပ်ပြန်တလဲလဲပြန်မပြောပြချင်တာလည်း အင်္ဂလိပ်စာမသင်ယူချင်သည့်အကြောင်းထဲက တစ်စိတ် တစ်ပိုင်းဖြစ်သည်။ သို့သော် မြောက်ကိုရီးယားက ကြိုးစားပမ်းစားဖုံးကွယ်နေသည့်အရာကို ကမ္ဘာ ကြီးကသိရှိ နားလည်စေချင်စိတ်ကတော့ အရူးအမူးရှိနေသည်။ သူ့ဝန်ထုပ်ဝန်ပိုးမှာ အတော်လေးလံ ပါသည်။ ချွေးတပ်အကျဉ်းစခန်းတွင် မွေးဖွားကြီးပြင်းခဲ့သည့်မည်သူမျှ စခန်းအတွင်းမှာ ဘာတွေ ဖြစ်ပျက်နေသည် ကို ရှင်းပြဖို့မလွတ်မြောက်နိုင်ခဲ့ပါ။ သျှင်း တစ်ဦးတည်းသာ လွတ်မြောက်ခဲ့သည်။ အကျဉ်းစခန်း အတွင်း မှာတော့ ငရဲမီးက ဆက်လက်တောက်လောင်နေဆဲပင်။

အခန်း (၁)

စခန်းအမှတ် ၁၄ ထဲက အကောင်းဆုံးသော အကျဉ်းသားရပ်ကွက်မှာ သျှင်းနှင့် သူ့မိခင်တို့ နေထိုင်ရသည်။ သစ်သီးခြံ တစ်ခုနှင့် ကပ်လျက်ရှိသည့် စံပြရွာတစ်ခုဖြစ်သည်။ နောင်အခါမှာ သူ့မိခင် ကြိုးပေးကွပ်မျက်ခံရ သည့် ကွင်းပြင်နှင့် မျက်နှာချင်းဆိုင်နေရာတွင် ရှိနေသည်။ ထိုရွာတွင် အထပ်တစ်ထပ်သာရှိသည့်အဆောက် အအုံ ၄၀ ရှိပြီး တစ်ခု စီတွင် မိသားစုလေးစုထားသည်။ သျှင်းနှင့် သူ့မိခင်တို့မှာလည်း သူတို့ ကိုယ်ပိုင်အခန်းရှိသည်။ ထိုအခန်း ရှိ ကွန်ကရစ်ကြမ်းပြင်တွင် သူတို့ဘေးချင်းကပ် အိပ်ကြသည်။ မိသားစုလေးစုအတွက် မီးဖိုဆောင် တစ်ခုတည်း သာ ရှိသည်။ မီးဖိုခန်းတွင် မီးသီးဆို၍ တစ်လုံးတည်းသာရှိသည်။ တစ်ရက်မှာ လျှပ်စစ်မီး နှစ်နာရီ ရသည်။ မနက်ပိုင်း တွင် လေးနာရီမှ ငါးနာရီကြားရပြီး ညဘက်တွင် ၁၀ နာရီ မှ ၁၁ နာရီအထိ မီးရရှိသည်။

ပြတင်းပေါက်များကို ဖောက်ထွင်း မမြင်ရသည့် မီးခိုးရောင်ဗီနိုင်းဖြင့် လုပ်ထားသည်။ အခန်းများကို ကိုရီးယား နည်းဟန် အတိုင်း အပူပေးထား သည်။ မီးဖိုဆောင်ရှိ မီးသွေးမီးဖိုမှ အခိုးထုတ် ပိုက်များကို အိပ်ရာကြမ်းပြင်အောက် တွင် ထားကာ အပူပေး သည်။ သူတို့အကျဉ်းစခန်းမှာ ကျောက်မီးသွေး မိုင်းတွင်းတွေ ရှိသည်။ အပူပေးရန် မီးသွေးက အလွယ်တကူ ရနိုင်သည်။
သူတို့နေထိုင်ရာနေရာတွေ မှာ အိပ်ရာ၊ စားပွဲ၊ ကုလားထိုင်မရှိ။ ရေပေးသည့် ရေပိုက်မရှိ။ ရေချိုးကန်မရှိပါ။ တစ်ခါ တစ်ရံ ရေချိုးချင်သည့် အကျဉ်းသားတွေ နွေရာသီမှာ မြစ်ထဲသို့ ခိုးကြောင် ခိုးဝှက်ဆင်းချိုး ရသည်။ သောက်ရေအတွက် ရေတွင်းတစ်ခုမှာ မိသားစု ၃၀ ခန့်ဝိုင်းသုံးရသည်။ အိမ်သာ တစ်လုံးတည်း ကို မျှဝေသုံး ရသည်။

အိမ်သာကို မိန်းမ၊ ယောက်ျား အလယ်မှကန့်ထားသည်။ မစင်စွန့်ခြင်း၊ ဆီးသွားခြင်းက ထိုနေရာ၌ ပင်ခွင့်ပြု သည်။ အကြောင်းကတော့ လူ၏ အညစ်အကြေးကို စခန်းတွင်းက စိုက်ပျိုးရေးအတွက် မြေသြဇာ အဖြစ် အသုံးပြု၍ဖြစ် သည်။
သျှင်း ၏ မိခင် က သူ၏တစ်နေ့တာ အလုပ်ခွဲတမ်းကို ပြီးစီးခဲ့ပြီဆိုလျှင် ထိုညအတွက်စားစရာနှင့် နောက်နေ့ အတွက် စားစရာ ယူလာခဲ့နိုင်သည်။ မနက်လေးနာရီတွင် သူက သားအတွက်နှင့် သူ့အတွက် နံနက်စာ ကို ပြင်ဆင်သည်။ အစားအသောက်က အပြောင်းအလဲမရှိ။ ပြောင်းဆန်ယာဂု၊ ဆားရည်စိမ်ဂေါ်ဖီရွက်၊ ဂေါ်ဖီရွက်ဟင်းချို က နေ့စဉ်နေ့တိုင်း အစားအသောက်ဖြစ်ပါသည်။ သျှင်း သည် ထိုအတိုင်း မနက်စာညစာကို နေ့စဉ်နီးပါး ၂၃ နျစ်တိုင်စားခဲ့သည်။ မစားသည့်ရက်မှာ အပြစ်ဒဏ်ပေးသည့် အနေဖြင့် အစာစားခွင့်မရသည့်ရက်များဖြစ်သည်။

သူကျောင်းတက် ဖို့ အရမ်းငယ်လွန်းသေးသည့်အချိန်က မနက်ခင်းတွေမှာ သူ့ကိုအိမ်မှာတစ်ဦးတည်း ထားရစ်ခဲ့ ရသည်။ သူ့အမေက နေ့လယ်ချိန်ကျမှ နေ့လယ်စာစားရန် အလုပ်ခွင်ထဲမှ ပြန်လြာသည်။ သျှင်းက အမြဲတမ်းပင် ဆာလောင်နေပြီး သူပမိခင် မနက်အလုပ်သို့ ထွက်သွားသည်နှင့် ချက်ချင်းနေ့လယ်စာကို စား ပစ်လိုက်သည်။
သူ့အမေ၏ နေ့လည်စာကိုပါ စားပစ်လိုက်သည်။ သူ့အမေ နေ့လယ်ခင်းပြန်လာပြီး စားစရာဘာမှ မကျန်တော့သည် ကို တွေ့သည့်အခါ ဒေါသအမြတ် ချောင်းချောင်းထွက်ပြီး သူ့သားကို ပေါက်ပြား၊ ဂေါ်ပြား၊ သူ့လက်နှင့် နီးစပ်ရာ တစ်ခုခုနှင့် ရိုက်နှက်တော့သည်။ တချို့အခန်မျာ်းဆိုလျှင် နောင်အခါမှာ အစောင့်တွေ ကသူ့ကို ရိုက်နှက်သည့်အတိုင်းအဆကဲ့သို့ ကြမ်းတမ်းပြင်းထန်သည်။

သို့တိုင် သူ့မိခင်ထံမှအစာကို ရနိုင်သမျှ ရယူနေဆဲဖြစ်သည်။ မကြာမကြာလည်း ထိုသို့လုပ်သည်။ သူ့ မိခင် နေ့လယ်စာကို စားလိုက်လျှင် သူ့မိခင်ဆာလောင်နေလိမ့်မည်ဟု သူ့စိတ်ထဲမှာ မဖြစ်ပေါ်မိ။ နောင်နှစ်ပေါင်း များစွာ ကြာပြီးသည့်နောက် သူ့မိခင်သေဆုံးပြီး သူသည်လည်း အမေရိကားမှာနေထိုင်ချိန် သူ့မိခင်ကို သူချစ်သည် ဟု ကျွန်တော့်ကို ပြောပြသည်။ သို့သော် ဤသို့ ပြောဆိုခြင်းမှာ ပြန်ပြောင်းပြောပြခြင်းသာဖြစ် သည်။ ယဉ်ကျေး သည့် ကလေးတစ်ဦးသည် သူ၏မိခင်ကိုချစ်သင့်သည်ဟု သူသိရှိပြီးမှ ပြောလာသည့် စကားဖြစ် သည်။ စခန်းအတွင်းမှာ ရှိစဉ်တုန်းက အစားအစာအတွက် သူ့ကိုမှီခိုနေရစဉ်၊ သူမနက်စာ၊ ညစာ များကို ခိုးယူစားသောက်နေခဲ့စဉ်၊ ရိုက်နှက်ချက်တွေကို ကြံ့ကြံ့ခံနေရစဉ်က သူ့အမေကို အသက်ရှင်သန်ရေး အတွက် ပြိုင်ဘက်တစ်ယောက်အနေဖြင့်သာ သူမြင်ခဲ့သည်။

သူ့မိခင်၏နာမည်မှာ ဂျန်းဟေဂရော၊ လူကောင်သေးသေး၊ သန်မာသည့် လက်များဖြင့် အနည်းငယ်ပြည့်ဖြိုး သူတစ်ယောက် အဖြစ် သျှင်းက သူ့မိခင်ကို မှတ်မိထားသည်။  ဆံပင်တိုတိုညှပ်ထားသည်။ စခန်းတွင်းက အမျိုးသမီး အားလုံး ထိုကဲ့သို့ပင် ဆံပင်တိုထားရသည်။ တြိဂံပုံသဏ္ဍာန် ခေါက်ါထားသည့် အ၀တ်စ အဖြူဖြင့် ခေါင်းကိုအုပ်ကာ လည်တိုင်နောက်ဘက်တွင် ချည်နှောင်ထားရသည်။ သူ့မိခင်၏မွေးနေ့မှာ ၁၉၅၀ ခုနှစ်၊ အောက်တိုဘာ ၁ ရက်ဟု မြေအောက်အကျဉ်းထောင်တွင် သျှင်း မေးမြန်းစစ်ဆေးခံရစဉ်က စာရွက်စာတမ်း တစ်ခုပေါ်တွင် သူတွေ့ရှိထားခဲ့သည်။
သူ့နောက်ကြောင်း အတိတ်ကို သားကိုတစ်ခါမျှမပြောခဲ့။ သူ့မိသားစုအကြောင်း ဘာကြောင့် ဤစခန်း သို့ ရောက်ခဲ့ရသည်ကို လုံးဝမပြောပြခဲ့ပေ။

သျှင်းကလည်း ဘယ်တုန်းကမှ မမေးခဲ့ပါ။ သူ့မိခင်၏ သားအဖြစ် သူ၏တည်ရှိမှုကို အစောင့်များက စီစဉ်ခဲ့ခြင်းဖြစ် သည်။ သူနှင့် သျှင်း၏ ဖခင်ဖြစ်လာမည့်သူကို အစောင့်များ က ရွေးချယ်ခဲ့ကြသည်။ ဆုလာဘ် တစ်ခုအဖြစ်ပေးအပ် သည့် လက်ထပ်ထိမ်းမြားခြင်းတွင် သူတို့နှစ်ဦးသည် တစ်ဦးအတွက် တစ်ဦး အပြန်အလှန် ဆုလာဘ် အဖြစ်ရရှိလိုက်ကြခြင်းဖြစ်သည်။
အိမ်ထောင် မရှိသူတို့က ကျား၊ မသီးသန့်ခွဲထားသည့် အဆောင်များတွင် အိပ်ကြရသည်။ သျှင်း အလွတ် ကျက်မှတ်ထားရသည့် စခန်းအမှတ် ၁၄ ၏ အဋ္ဌမမြောက် ဥပဒေစည်းမျဉ်းမှာ ကြိုတင်ခွင့်ပြုချက် မရှိဘဲ လိင်ဆက်ဆံမှု ရှိကြောင်းတွေ့ရှိရလျှင် အပြစ်ကျူးလွန်သူများကို ချက်ခြင်းပစ်သတ်ရမည်ဟူ၍ဖြစ် သည်။

မြောက်ကိုရီးယား ၏ ချွေးတပ်အကျဉ်းစခန်းအားလုံးမှာ စည်းကမ်းဥပဒေများက သည်အတိုင်းပင်ဖြစ်သည်။ ယခင်က အကျဉ်းစခန်းအစောင့်ဖြစ်ခဲ့ဖူးသူတစ်ဦးနှင့် အကျဉ်းသားဟောင်းများကို ကျွန်တော် အင်တာဗျူး လုပ်ခဲ့သည့်အချက်အလက်များအရပြောရလျှင် ခွင့်ပြုချက်မရှိဘဲ လိင်ဆက်ဆံရာမှ ကိုယ်ဝန်ရလာလျှင် သို့မဟုတ် ကလေးမွေးဖွားလာခဲ့လျှင် မိခင်နှင့်ကလေးကို သတ်ပစ်လေ့ရှိပါသည်။ အစား အစာပိုပိုသာသာရရှိရန်၊ သက်သက်သာသာအလုပ်တာဝန်ရရှိရန်အတွက် အစောင့်များနှင့် လိင်ဆက်ဆံကြရသည့် အမျိုးသမီးများက သူတို့ ၏ အရဲစွန့်မှု သည် အလွန်အန္တရာယ်များကြောင်းသိကြ သည်ဟုသူတို့က ဆိုသည်။ သူတို့မှာ ကိုယ်ဝန် ရလာပြီဆိုလျှင် ဆက်လက်ရှင်သန်ခွင့်မရှိတော့ပါ။

လိင်မဆက်ဆံရစည်းမျဉ်း ရှိနေသည့်စခန်းတွင် ဆုလာဘ်အနေဖြင့် ခွင့်ပြုပေးသည့်ထိမ်းမြားခြင်းသာလျှင် အန္တရာယ် အကင်းဆုံးဖြစ်သည်။
လက်ထပ် ထိမ်းမြားခြင်းသည် အလုပ်ကြိုးစားမှုနှင့် ယုံကြည်ရသော သတင်းဖောက်သည်ချမှုအတွက် အန္တိမ အပိုဆုကြေးဖြစ်ကြောင်းပြ သည့် အကျဉ်းသားတို့အတွက် မက်လုံးဖြစ်သည်။ ယောက်ျားအသက် ၂၅ နှစ်တွင် လက်ထပ် ထိမ်းမြားခွင့်ဆုလာဘ် လက်ခံနိုင်သည်။ အရွယ်ရောက်ရှိပြီး အမျိုးသမီးက ၂၃ နှစ် အရွယ်တွင် စံချိန် မီသည်။ လက်ထပ်ထိမ်းမြားမှုကို တစ်နှစ်လျှင် သုံးကြိမ်၊ လေးကြိမ် အစောင့်များက ကြေ ညာချက်ထုတ်သည်။ အထူးသဖြင့် နေ့ကောင်းရက်ကောင်းများဖြစ်သည့် နှစ်သစ်ကူးနေ့ သို့မဟုတ် ကင်ဂျုံ အီးလ် ၏ မွေးနေ့ တို့တွင် ကြေညာလေ့ ရှိသည်။ မည်သူ့ကို လက်ထပ်လိုသည်ဟု ဆုံးဖြတ်ချက်ချရာတွင် သတို့သားရော သတို့သမီး ပါ ပြောရေးဆိုခွင့်မရှိကြပါ။

တစ်ယောက်က သူလက်ထပ်ရမည့် သူသည်လက်မခံနိုင်လောက်စရာအသက်အရွယ်ကြီးရင့်နေလျှင်၊ ရက် စက်သူဖြစ်နေ လျှင် သို့မဟုတ် အကျည်းတန်နေလျှင် အစောင့်များက တစ်ခါတစ်ရံ လက်ထပ်ထိမ်းမြားခြင်း ကို ဖျက်သိမ်းပေး သည်။ ထိုသို့ဖြစ်ခဲ့လျှင် အမျိုးသားရော အမျိုးသမီးကိုပါ နောက်တစ်ကြိမ် လက်ထပ်ခွင့် မပေးတော့ ပါ။ စခန်းတွင်းက စက်ဆိုင်တွင် သတ္တုတွင်ခုံကို တပ်ဆင်မောင်းနှင်ရာတွင် သူ၏ကျွမ်းကျင်မှု အတွက် ဆုလာဘ် အနေဖြင့် အစောင့်များက ဂျန်း(သျှင်း၏မိခင်)ကို သူ့အားပေးသည်ဟု သျှင်း၏ဖခင် သျှင်း ဂယောဆော့ပ် က သျှင်းကိုပြောပြသည်။ သျှင်း၏မိခင်က တော့ဘာ့ကြောင့်လက်ထပ်ခြင်းဆုလာဘ် အပ်နှင်း ခံရသည် ကို သူ့အား လုံးဝ မပြောပြပါ။

သို့သော် စခန်းထဲက အခြားသတို့သမီးများကဲ့သို့ပင် လက်ထပ်ထိမ်းမြားခြင်းသည် သူ့အတွက် ရာထူး တိုး ခြင်းတစ်မျိုးဖြစ်သည်။ လက်ထပ်လိုက်ခြင်းကြောင့် ယခင်ထက် အနည်းငယ် ပိုကောင်းသည့် အလုပ်နှင့် နေရာထိုင်ခင်း ကို ရရှိလိုက်သည်။ စံပြရွာထဲ တွင် ကျောင်းနှင့်ဆေးခန်းရှီသည်။ လက်ထပ်ပြီး သိပ်မကြာမီ မှာပင် စခန်းတွင်းအထည်ချုပ်စက်ရုံရှီ ပြွတ်သိပ်စုပြုံနေရသည့် အမျိုးသမီးဆောင်မှ ထိုစံပြရွာ သို့ပြောင်းရွှေ့ ပေးခဲ့ကြသည်။ ဂျန်းက အနီးအနားက စိုက်ပျိုးရေးခြံထဲမှာ လူတိုင်းအငမ်းမရလိုချင်နေသည့် အလုပ် တစ်ခု ကိုရသည်။ ထိုနေရာတွင် ဟင်းသီးဟင်းရွက်စိမ်း၊ စပါးနှင့် ပြောင်းဖူးတို့ကို ခိုးဝှက်နိုင်ဖို့ အခွင့် အလမ်းတွေ ရှိ နေသည်။

လက်ထပ်ပြီး သည့်နောက် ဇနီးမောင်နှံ ငါးညဆက်တိုက် အတူအိပ်ခွင့်ရသည်။ ထိုငါးညအိပ်ပြီးသည့်နောက် သျှင်း၏ဖခင် သည် အလုပ်ဆိုဒ်ထဲက အဆောင်တွင် ဆက်နေရသည်။ တစ်နှစ်တာတွင် အကြိမ်ရေ အနည်းငယ် သာ ဇနီးထံ သို့ သွားရောက်ရန် ခွင့်ပြုချက်ရသည်။ သူတို့နှစ်ဦး၏အချစ် ဇာတ်လမ်းမှာ သားနှစ်ယောက် ထွန်းကားခဲ့သည်။ အကြီးဆုံးသား သျှင်းဟီဂရူးက ၁၉၇၃ တွင် မွေးဖွားသည်။ သားငယ်သျှင်း ကို နောက်ရှစ်နှစ်ကြာပြီးမှ ရရှိသည်။

ညီအစ်ကိုနှစ်ယောက် တစ်ဦးကို တစ်ဦး သိသည်ဆိုရုံမျှသာရှိသည်။ သျှင်းကို မွေးသည့်အချိန်တွင် အစ်ကို ဖြစ်သူ က မူလတန်းကျောင်း ကို အဝေးတစ်နေရာမှ တစ်နေ့ ၁၀ နာရီတက်နေရသည်။ သျှင်းလေးနှစ်သား အရွယ်မှာ သူအစ်ကိုက အိမ်မှ အဆောင်သို့ ပြောင်းရသည်။ အသက် ၁၂ နှစ်ဆိုလျှင် သီးခြား အဆောင် သို့ ပြောင်းရွှေ့ရသည်။
သူ့ဖခင်နှင့်ပတ်သက်၍ သူ့ဖခင်သည် တစ်ခါတစ်ရံ ညဘက်တွင် ပေါ်လာပြီး မနက်အစောကြီးပြန်ထွက်သွား သည်ဟု မှတ်မိနေသည်။ သူက သားကိုသိပ်ဂရုမစိုက်လှ။ အဖေရှိနေခြင်းသည် သူ့အတွက် ဘာမှမထူးခြား သလို သူကြီးပြင်းခဲ့သည်။

အကျဉ်းစခန်းမှ လွတ်မြောက်လာခဲ့ပြီး နောက်နှစ်များတွင် အဖေ၊ အမေ၊ အစ်ကိုဆိုသည့် စကားလုံး များနှင့် နွေးထွေးမှု၊ လုံခြုံမှု၊ ချစ်ခင်မှုတို့ကို လူအများက ရောစပ်ယှက်နွယ်ထားသည်ဟု သျှင်းသိလာခဲ့သည်။ ထိုအရာများသည် သူ၏ အတွေ့အကြုံမဟုတ်ပါ။ အကျဉ်းစခန်းအတွင်းက သူနှင့်အခြား ကလေးများ ကို အကျဉ်းသားဖြစ်နေရခြင်းမှာ လူတို့မိဘများ၏ မကောင်းမှုဒုစရိုက်များကြောင့်ဖြစ်သည်ဟု အစောင့်များက သူတို့ကို သင်ကြားပေးထားသည်။ သူတို့တွင် ဖောက်ပြန်သည့် သွေးများရှိနေသည်ကို အမြဲတမ်း ရှက်နေသင့်သော်လည်း သူတို့၏ မွေးရာပါအပြစ်များကို အလုပ်ကြိုးစားခြင်း၊ အစောင့်များ၏အမိန့်ကို နာခံခြင်း၊ မိဘတို့၏ အခြေအနေကို သတင်းပေးခြင်းဖြင့် ဆေးကြောသန့်စင်နိုင်သည်ဟု ကလေးများကို သင်ကြားထားသည်။ စခန်းအမှတ် ၁၄ ၏ ဒသမမြောက် ဥပဒေသက အကျဉ်းသားတစ်ဦးသည် အစောင့်တစ်ဦးချင်း ကို မိမိဆရာအဖြစ် အမှန်တကယ် သတ်မှတ်ထားရမည်ဟု ဆိုထားသည်။ ထိုဥပဒေသ သည် သျှင်အတွက်တော့ ကျိုးကြောင်းညီညွတ် အဓိပ္ပာယ်½ရွသည်။ ကလေးဘ၀ဆယ်ကျော်သက်အရွယ်တွင် သူ၏ မိဘခပ်စိမ်းစိမ်းပင်နေကာ နှုတ်ဆိတ်နေခဲ့ကြသည်။

သျှင်းသည် ကိုယ်ခန္ဓာပိန်လှီကာ ဘာသိဘာသာနေတတ်သည့် ကလေးဖြစ်သည်။ အချိန်တော်တော်များများမှာ အပေါင်းအသင်း ဆို၍မရှိပေ။ သူပအတွက် သေချာမှုတစ်ခုကတော့ အခြားသူများ၏ လုပ်ရပ်များကို သတင်းပေး တိုင်ကြားခြ်းဖြင့် ယုတ်ညံ့ဆိုးယုတ်ခြင်းမှ ပြန်လည်ရုန်းထွက်ခြင်းအကြောင်း အစောင့်ဆရာတို့၏ သင်ကြား ပို့ချမှုသာလျှင်ဖြစ်သည်။ သို့ရာတွင် အမှားနှင့်အမှန်အပေါ် သူနားလည်ထားမှုကို သူ့မိခင်နှင့် အကျဉ်းစခန်း အစောင့်များကြားတွင် သူတွေ့ကြုံရ သည့်အမှတ်မထင် အဆန်းတကြယ်အဖြစ်များက မကြာခဏ ညစ်နွမ်းနောက်ကျိ သွားစေခဲ့သည်။

သူ၁၀ နှစ်သားအရွယ်မှာ သျှင်းသည် တစ်ညနေခင်းတွင် အိမ်မှအပြင်ဘက်သို့ထွက်ပြီး သူ့မိခင်ကိုရှာဖို့ ထွက်လာခဲ့သည်။ သူဆာလောင်နေပြီ။ သူ့အတွက်သူ့အမေက ညစာစီစဉ်ပေး၇မည့် အချိန်ရောက်နေပြီ။ သူ့အမေ အလုပ်လုပ်သည့် အနီးအနား၌ရှိနေသည့် စပါးခင်းဆီသို့လျှောက်လာပြီး သူ့မိခင်ကိုတွေ့မိသလားဟု အမျိုးသမီး တစ်သိုက် ကို မေးလိုက်သည်။ ဘိုစီဂျီဒိုရောရဲ့ အခန်းကို သန့်ရှင်းရေးလုပ်ပေးနေတယ်ဟု အမျိုးသမီး က သူ့ကိုပြောပြသည်။ စပါးစိုက်ခင်းတာဝန်ခံအရာရှိ အစောင့်ဆရာ၏ ရုံးခန်း ကို ပြောလိုက်ခြင်းဖြစ် သည်။

အစောင့်၏ရုံးခန်းသို့သျှင်းလျှောက်သွားသည်။ ရှေ့ဘက်တံခါးသော့ခတ်ထားသည်ကို တွေ့ရသည်။ အဆောက်အအုံဘေးရှိ ပြတင်းပေါက်မှတစ်ဆင့် သူအထဲကို ချောင်းကြည့်လိုက်သည်။ သူ့အမေဒူးထောက်ကာ ကြမ်းတိုက်နေသည်ကို မြင်လိုက်ရသည်။ သျှင်းကြည့်နေတုန်းမှာပဲ ဘိုဒီဂျီဒိုရောက သူ့မြင်ကွင်းထဲရောက် လာသည်။ သူက သျှင်းအမေ၏ နောက်ဘက်သို့ ချဉ်းကပ်လာပြီး အတင်းပွတ်သပ်နေတော့သည်။ သူ့အမေက ဘာငြင်းဆန်မှုမှ မလုပ်။ သူတို့နှစ်ဦးစလုံးအ၀တ်များကို ဖယ်ခွာ လိုက်ကြသည်။ သူတို့နှစ်ဦးကို သျှင်းကြည့်နေ ခဲ့သည်။

သူမြင်ခဲ့ရသည့် အကြောင်းနှင့်ပတ်သက် ၍ သူ့မိခင်ကို သူလုံးဝ မမေးမြန်းခဲ့။ သူ့ဖခင်ကိုလည်း ထိုအကြောင်းကို သူ ဘာတစ်လုံးတစ်ပါဒမှမပြောခဲ့။
ထိုနှစ်မှာပင် သျှင်း၏ အတန်းထဲမှ ကျောင်းသားများ သူတို့မိဘများ၏အလုပ်တွင် ၀ိုင်းကူကြရသည်။ သူလည်း မနက်ခင်း တစ်ခု ၌ သူ့မိခင် ကောက်စိုက်ရာသို့ လိုက်ပါခဲ့သည်။ သူ့မိခင် မှာ နေကောင်း ပုံမရ။ ကောက်စိုက်နေစဉ် နောက်လန်လဲချိန်မတိုင်မီလေးမှာပင် လေးလံနေသည့် သူ၏လှုပ်ရှားမှု ကို အစောင့်ကမြင် သွားသည်။ "ခွေးမ"၊ အစောင့်ကသူ့ကို အော်လိုက်သည်။ "ခွေးမ" ဆိုသည့်အခေါ်အဝေါ် က အကျဉ်းစခန်း အစောင့်များက အမျိုးသမီးအကျဉ်းသားများကို ပြောဆိုရာတွင် သုံးသည့် စံသတ်မှတ်ထားသည့် အခေါ် အဝေါ်ဖြစ်သည်။ သျှင်းနှင့်အခြား ယောက်ျားအကျဉ်းသားများကို "ခွေးမသားတွေ"ဟုခေါ်ဝေါ်သည်။

" ကောက်ပင်လေးတောင် မစိုက်နိုင်တဲ့ကောင်မက မျိုဆို့နိုင်တယ်ပေါ့ဟုတ်လား" ဟု အစောင့်ကမေးသည်။ အမျိုးသမီး က တောင်းပန်သည်။ သို့သော် အစောင့်ကပို၍ ဒေါသထွက်လာသည်။ " ဒီခွေးမ အလုပ်ကိုပြီးအောင် လုပ်မှာမဟုတ်ဘူး" ဟု အစောင့်ကအော်သည်။ သျှင်းသူ့မိခင်အနီးမှာရပ်နေစဉ်မှာပင် အစောင့်က သူ့မိခင်ကို အပြစ်ဒဏ်ပေးနည်း အသစ်ကို စမ်းသပ်လိုက်သည်။ "ဟိုကန်သင်းပေါင်ပေါ်မှာ သွားဒူးထောက်ပြီး လက်ကိုမြှောက် ထားစမ်း။ ငါနေ့လယ်စာစားပြီးလို့ ပြန်လာတဲ့အထိ အဲဒီအတိုင်းနေစမ်း "
သျှင်း၏မိခင် သည် ကန်သင်းပေါင်ပေါ်တွင် တစ်နာရီခွဲကြာ ဒူးထောက်နေရသည်။ လက်များက အပေါ် သို့ မြှောက်ထားရသည်။ ကလေးက ဘေးကရပ်ပြီး ကြည့်နေရသည်။ သူ့မိခင်ကို ဘာပြောရမှန်းသူမသိ။ ထို့ကြောင့် ဘာမှ မပြောဘဲနေလိုက်သည်။

အစောင့်ပြန်လာသည့်အခါ သျှင်း၏မိခင်ကို အလုပ်ပြန်လုပ်ဖို့ အမိန့်ပေးပြန်သည်။ အားနည်းပြီး ဆာလောင် မွတ်သိပ်နေသည့် အတွက် မွန်းလွဲပိုင်းတွင် သတိလစ်သွားသည်။ သျှင်းက အစောင့်ဆီသို့ပြေးကာ အကူအညီပေး ရန် တောင်းပန်သည်။ အခြားအလုပ်သမားတွေက သူ့မိခင်ကို အရိပ်ရနေရာတစ်ခုဆီသို့ ဆွဲယူ သွားကြသည်။ ထိုနေရာတွင် သူ သတိပြန်ရလာသည်။
ထိုနေ့ညနေခင်း တွင် အတွေးအမြင်ဆိုင်ရာ အားထုတ်ကြိုးပမ်းမှု တွေ့ဆုံပွဲသို့ သျှင်းသည် သူ့မိခင်နှင့်အတူ တက်ရောက် ခဲ့သည်။ မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ရေးအတွက် မဖြစ်မနေစုဝေးရသည့် တွေ့ဆုံပွဲဖြစ်သည်။ ဘိုဝီဂျီဒိုရော ၏ ဦးဆောင်ရာ နောက်သို့ စိုက်ခင်းအကျဉ်းသားအလုပ်သမ ၄၀ နှင့် လိုက်သွားစဉ်သျှင်း၏ မိခင် သည် ထိုစုဝေးပွဲ၌ ဒူးညွတ်လဲ ကျသွားသည်။ သူ၏ အလုပ်ခွဲတမ်းပြီးမြောက်အောင် မလုပ်နိုင်သည့်အတွက် သူ့ကို ဆူပူကြိမ်းမောင်းကြ သည်။

ရှေ့လဆက်ရန်
မော်ကွန်း အမှတ် (၁) စက်တင်ဘာလ 2012.

No comments: