ရှေးဆန်၍ ရိုးရာအစဉ်အလာ ယဉ်ကျေးမှုကို အထူးမြတ်နိုးသော ယနေ့ ကိုရီးယားနိုင်ငံမှ ဆိုးလ်မြို့ တော် ကား မယုံကြည်နိုင်လောက်အောင်ပင် အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီ။ ယနေ့ ဆိုးလ်မြို့ တော်တွင် အနောက်တိုင်း ယဉ်ကျေးမှု လွှမ်းမိုးကာ အမေရိကန် လူငယ်များ ခြေချင်းလိမ်လျက်ရှိနေပြီ။ သည်အကြောင်းကို တွေးမိသောအခါ မဝေးသေးသော ကာလတုန်းက ခဏတာတွေ့ခဲ့ရသော ဗိုလ် ဘရောင်း၏မျက်နှာ သည် လော်ရာ၏ မှတ်ဉာဏ်ကွန်ရက် ထဲသို့ မမျှော်လင့်ဘဲ ရုတ်တရက် ဝင်ရောက် လာလေသည်။ ဗိုလ်ဘရောင်း၏မျက်နှာတွင် အရွယ် အလျောက် လွတ်လွတ်လပ်လပ် ပျော်ချင်ပါးချင်သော စိတ်ကို ချုပ် တီးထားရသည့် လက္ခဏာများ ထင်ရှားစွာ ပေါ်လွင်နေသည်။ သည်အချက် ကို လော်ရာက ပီပီပြင်ပြင် မြင်ယောင်မိသည်။ ခရစ္စလည်း ဒီအတိုင်းနေ မှာပါပဲ။ တကယ်တော့ သူတို့ဟာ သွေးသားသောင်းကျန်းတုန်း အရွယ်တွေဖြစ် လို့ အများစု အနေ နဲ့ ရမ္မာက်ဆန္ဒတွေကို လိုက်လျောမိကြမှာကတော့ သေချာပါတယ်။ အဲဒီတော့ ဆွန်ယာ လို မိန်းမချောလေး တစ်ယောက်ကို မလွှဲမရှောင်သာ ချစ်မိတဲ့အတွက် ခရစ္စကို အပြစ်တင်လို့ ရနိုင်ပါ့မလား…။ ကို ဆက်ဖတ်ရန်.........
အိမ်ရှေ့တံခါး ပြတ်ပိတ်သံ ကြားလိုက်ရသည်။ ခရစ္စက သည်လိုပင် ဂွမ်းခနဲ၊ ဗန်းခနဲ အမြဲတမ်း ဆောင့် ပိတ်သည်။ ဂျိုးဘားမင်း ပြန်ထွက်သွားပြီ ဖြစ်ကြောင်း အတပ်သိလိုက်သည်။
သူမ ထိုင်နေရာ မှ ပြန်ထကာ အိမ်သို့ ပြန်ဝင်လာခဲ့သည်။
ထို့နောက် ခရစ္စ အနီးသို့ လျှောက်လာပြီး လက်နှစ်ဖက်ဖြင့်လည်ပင်းကို သိုင်းကာဖက်ရင်း ပြော လိုက်သည်။
"စိတ်ချပါ မောင် ရယ်။ မောင့်လုပ်ငန်းကို အစွမ်းကုန် ကူညီပါ့မယ်မောင်ရယ်"
လော်ရာ ကားပေါ်မှဆင်း၍ "တာဝါရိပ်သာ"အိမ်ကြီး၏ ဆင်ဝင်အောက်ထဲသို့ ၀င်လာချိန်တွင် အပြင် ဘက်၌ မိုးဖွဲဖွဲ ကလေး ရွာလျက်ရှိသည်။
ယခု ဟောပြောပွဲပြုလုပ်မည့်နေရာမှာ မစ္စက်ဟင်နရီအလန်၏ တိုက်ခန်းကျယ်ကြီးထဲတွင်ဖြစ်သည်။ ယခုတော့ လော်ရာ အနေဖြင့် ပရိသတ် ကို ရင်ဆိုင် ရန် ကြောက်ခြင်း၊ ရှက်ခြင်း လုံးဝမရှိတော့။
သူမက အဘိုးကြီး ဟင်နရီအလန်ကို လူပုဂ္ဂိုလ်တစ်ယောက် အနေဖြင့်လည်း ခင်မင်လေးစားသည်။ ခရစ္စ ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် ငွေကြေးရက်ရက်ရောရော ကူညီသောကြောင့်လည်း အလွန်ကျေးဇူး တင်မိသည်။ သူသည် ခရစ္စအတွက် ကျောက်ဆောင်ကြီးပမာ အားကိုးလောက် သော အင်အားကြီး တစ်ရပ်ပင် ဖြစ်သည်။ သူမအဖိုကဆိုလျှင်လည်း အမြဲတမ်း၊ ယုံကြည်သင့် သောမိတ်ဆွေကောင်းကြီး တစ်ဦး ပင် ဖြစ်သည်။ သို့သော် သူမ အနေဖြင့် ဘာအကူအညီမှတော့ မတောင်းခဲ့စဖူး။
အဘိုးကြီးကလည်း သူမအပေါ်တွင် သမီးအရင်းအချာပမာ ချစ်ခင်ကြင်နာမှု ရှိသည်။
လော်ရာသည် ဓာတ်လှေကားစီး၍ (၁၈)ထပ်သို့ တက်လာခဲ့သည်။ အခန်းတံခါး ပွင့်လာပြီး တံခါး ၀တွင် ဟင်နရီအလန်က စောင့်ကြိုနေသည်။
"ကဲ...ကြွပါ...ကြွပါ....လော်ရာ။ ဒီမှ လူစုံရောက်နေကြပါပြီ။ အားလုံးလိုလို ဘဏ်သူဌေးကတော တွေ၊ လုပ်ငန်းပိုင်ရှင် ကတော်တွေချည်းပါပဲ။ သူတို့က သူတို့သဘောမကျရင် ပိုက်ဆံတစ်ပြား တောင် အကုန်ခံမယ့် လူတွေ မဟုတ်ဘူး။ အဲ... သူတို့ ကြိုက်ပြီဆိုရင်တော့ ပိုက်ဆံကို တင်းနဲ့ခြင် ပြီးပေးပါလိမ့်မယ်။ အဲဒီတော့ တို့က သူတို့ပေးချင်လာအောင် ကြိုးစားကြည့်ရမှာပေါ့၊ ဟုတ်လား။ ခရစ္စလို အားမာန်ရှိတဲ့ စိတ်စေတနာ ကောင်းတဲ့ လူငယ်တစ်ယောက်အနေနဲ့ သူတို့နိုင်ငံကို သူ့ ကိုသိပ်ပြီး ကြောက်နေတဲ့ အန္တရာယ်တွေ က ကယ်တင်နိုင်မှာ သေချာပါတယ်။ သူတို့ကို ကိုယ့်ဘက်ပါအောင် ဘယ်လို စည်းရုံး ရမယ်ဆိုတာ မင်းသိပြီးသားပါ"
လော်ရာသည် မစ္စတာ ဟင်နရီအလန် နောက်မှလိုက်ကာ ခန်းနား ကျယ်ဝန်းသော ဧည့် ခန်းဆောင်ကြီး ထဲသို့ဝင် လာခဲ့သည်။ အခန်းထဲတွင် စုစုပေါင်း အမျိုးသမီး တစ်ရာခန့် ထိုင်နေကြ သည်။
သူတို့ကို လော်ရာအား အပြုံးမျက်နှာများဖြင့် လှမ်းကြည့်နေကြသည်။ စံပြမယ် လုပ်ခဲ့ဖူးသော အတွေ့အကြုံ သည် သူမအတွက် အလွန်အထောက်အကူ ပြုကြောင်းလော်ရာက တွေးမိသည်။ သူမက ပရိသတ်အထာကို ချက်ချင်း ပင် အကဲခတ်သိရှိလိုက်ပြီ။ သူမအနေဖြင့် သူတို့အား မယုတ် မလွန်ရွှင်မြူးတည်ငြိမ်သော အမူအရာဖြင့် ချဉ်းကပ်ရမည်။ သူမသည် အနာဂတ်တွင် တက်လမ်း ရှိသော နိုင်ငံရေးသမား တစ်ယောက်၏ ဇနီးမယား ဖြစ်ကြောင်းပြောရမည်။ သို့သော်လည်း အဓိက အချက်များကို တိုတိုနှင့် လိုရင်းသာ ပြောပြီး သူတို့က မေးခွန်းထုတ်နိုင်ရန် အချိန်များများပေးရ မည်။ သို့မှသာ သူမအနေဖြင့် သူတို့၏ သဘောထားကို သိရှနိုင် မည် ဖြစ်သည်။
မစ္စက်ဟင်နရီအလန်က ထိုင်ရာမှ ထကာလော်ရာအား ပရိသတ်နှင့် မိတ်ဆက်ပေးသည်။
"ကိုယ်စားလှယ်လောင်း တစ်ယောက်ရဲ့ ဇနီးဟာ ဘယ်လို အပျို၊ သမီးလဲဆိုတာကို ကျွန်မတို့ အမျိုးသမီးတွေ အနေ နဲ့ သိချင်တဲ့ဆန္ဒအမြဲတမ်း ရှိနေကြပါတယ်။ ကျွန်မပြောတာ မှန်ပါသလား ရှင်။ အဲဒီတော့ အခုလို ကျွန်မ တို့ ပြည်နယ်အုပ်ချုပ်ရေမှူးလောင်းရဲ့ ဇနီးဖြစ်သူ မစ္စက်ဝင်းတားနဲ့ ဧည့်ပရိသတ်များကို မိတ်ဆက်ပေးခွင့် ရတဲ့ အတွက် ကျွန်မအများကြီး၊ ၀မ်းသားပါတယ်။ ဂုဏ်လည်း အများကြီး ယူပါတယ်ရှင်။"
"မစ္စက်ဝင်းတားဟာ သူ့ခင်ပွန်းနဲ့အတူ နေရာများစွာကို ခရီးထွက်ပြီး၊ ဟောပြောနေရတဲ့အတွက် အလွန် အလုပ်များတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း... သူ့ဓာတ်ပုံတွေ ကို သတင်းစာတွေ ထဲမှာ ကျွန်မတို့ အကြိမ်ပေါင်းများစွာ မြင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့...ဒီနေ့မှာတော့ ကျွန်မတို့ အများစုအနေနဲ့ မစ္စက်ဝင်းတား ကို လူကိုယ်တိုင် ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်ပါတယ်။"
"အဲဒီတော့ အခုအချိန်ကစပြီး တစ်နည်းအားဖြင့် ကျွန်မတို့ရဲ့ အနာဂတ် သမ္မတကတောဖြစ်တဲ့ မစ္စက်ဝင်းတား က ပြောပါလိမ့်မယ်ရှင်"
လော်ရာက ရှက်ပြုံးကလေးဖြင့် နေရာမှ ထရပ်လိုက်သည်။ သို့သော် ဟန်လုပ်ထားသော ရှက်ပြုံး ကားမဟုတ်။
"ကျွန်မဟာ ဒီလို လုပ်ငန်းမျိုးနဲ့ ယဉ်းပါးသူ တစ်ယောက်မဟုတ်ပါဘူးရှင်။ အမှန်အတိုင်း ၀န်ခံရ ရင် ဒီလို လုပ်ငန်းမျိုးကို လုံးဝ မကျွမ်းကျင်ပါဘူး။ ကျွန်မဟာ ပင်ကို အားဖြင့် အေးအေးဆေးဆေး နေတတ်သူ တစ်ယောက် ပါ။ တကယ်တော့ ကျွန်မတို့ လင်မယား နှစ်ယောက် စလုံး အေးအေးဆေးဆေး နေတတ်ကြတဲ့ လူတွေချည်း ပါပဲ။"
"ကျွန်မ ဒီနေ့ဒီနေရာကို ရောက်လာတာဟာ ကျွန်မရဲ့ ပင်ကိုဆန္ဒကြောင့် မဟုတ်ပါဘူး။ ကျွန်မ ခင်ပွန်းက သွား ဆိုလို့ ရောက်လာရတာ ဖြစ်ပါတယ်။ ဒီနေရာကို လာရောက် ဟောပြောရရင်လည်း သိပ်ပြီး ၀မ်းသာ မှာ သေချာပါတယ်။ သူက တစ်နေရာမှာ သွားဟောပြောနေရလို့ သူ့ကိုယ်စား လွှတ်လိုက်ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မို့ သူ့ကိုယ်စား ကျွန်မအခုလို လာရောက် ဟောပြောရ ခြင်းဖြစ်ပါတယ်။"
"ဟောပြောမယ်ဆိုတော့ ကျွန်မဘယ်ကစ ပြောရမှန်းတောင် မသိတော့ပါဘူး။ အဲဒီတော့.... ကျွန်မရဲ့ ခင်ပွန်းကို အခုကြွရောက်လာတဲ့ ပရိသတ်နဲ့ ကျွန်မကပဲ မိတ်ဆက်ပေးပါ့မယ်။"
"သူဟာ ဘယ်လို ရုပ်ရည်မျိုး ရှိပါသလဲ။ ဟုတ်ကဲ့... သူ့အရပ်က ခြောက်ပေနှစ်လက်မပါ။ သူ့မျက် လုံးတွေက အပြာရောင်ပါ။ သူ အားရပါးရ စကားပြောတဲ့ အခါနဲ့စိတ်ဆိုးတဲ့အခါတွေမှာ သူ့မျက် လုံးတွေဟာ အရောင်တောက် လာတတ်ပါတယ်။ သူဟာ တင်းနစ်ကစားတာကို ၀ါသနာပါပါ တယ်။ ရေခဲပြင် လျှောစီး တာမှာလည်း အလွန်တော်ပါတယ်။ မြင်းစီးလည်း ကျွမ်းကျင်ပါတယ်။ ကျွန်မတို့ နှစ်ယောက် စလုံး မြင်းစီးဝါသနာပါကြပါတယ်။ သူကဂေါသီးရိုက်တာကိုလည်း ၀ါသနာ ပါပါတယ်။ ကျွန်မ ကတော့ ဂေါက်သီးရိုက်တာ ၀ါသနာမပါပါဘူး။"
"ပညာရေးနဲ့ ပတ်သက်လို့ပြောရရင် သူဟာ ဟားဗက်တက္ကသိုလ်က ဘောဂဗေဒ ဂုဏ်ထူးနဲ့ ဘွဲ့ရခဲ့သူ ဖြစ်ပါတယ်။ ဘွဲ့ရပြီးတဲ့နောက် နယူးယောက်မြို့က ဘဏ်တိုက်ကြီး တစ်ခုမှာ ၀င်ရောက် လုပ်ကိုင်ခဲ့ ပါတယ်။ ဘဏ်တိုက်မှာ အလုပ် လုပ်ရင်း သူဟာငွေကြေးကိစ္စကို နားလည် အောင်လေ့လာခဲ့ပါတယ်။ ငွေကို အကျိုး ရှိအောင် ဘယ်လိုအသုံးချမလဲ။ ဘယ်လိုထိန်းသိမ်းစု ဆောင်းမလဲ။ စီးပွားရေး လုပ်ငန်းရှင်တွေကို ဘယ်လိုနည်းနဲ့ ငွေထုတ်ချေးမလဲ။"
"အဲဒီပညာရပ်တွေကို နားလည်အောင် ဆည်းပူးပြီးတဲ့အခါ ဟားဗက်တက္ကသိုလ်ကို ပြန်တက်ပြီး ဥပဒေဘွဲ့ကို ယူခဲ့ပါတယ်။"
"သူဟာ ကိုရီးယား ကို သွားရောက်ပြီးတော့လည်း စစ်မှုထမ်း တာဝန်ကို ပြီးဆုံးအောင် ထမ်းဆောင် ခဲ့ပါတယ်။ စစ်မှုထမ်း တာဝန်ပြီးဆုံးတော့ ကိုယ့်နိုင်ငံ ပြန်လာပြီး ဒီမြို့က နာမည်ကြီး ရှေ့နေ့လုပ် ငန်းဌာန တစ်ခုမှာ"
"ဒါတွေဟာ သူရဲ့ အပြင်ပန်းဘ၀၊ လူမှုရေးဘ၀ ရုပ်ပုံလွှာတွေပါပဲ၊ သူရဲ့ အိမ်တွင်းဘ၀၊ မိသားစု ဘ၀ရုပ်ပုံလွှာ ကတော့...."
သူမက စကားရပ်၍ စဉ်းစားဟန်ဖြင့်ခေါင်းကို ငုံ့လိုက်သည်။ ပြီးတော့မှ ခေါင်းကို ပြန်မော့ကာ ပရိ သတ်အား ပြုံးကြည့်ပြီး ဆက်ပြောသည်။
"သူရဲ့ အိမ်တွင်းဘ၀၊ မိသားစုဘ၀ကို ကျွန်မ ဘယ်လိုပြောရပါ့မလဲ။ ကျွန်မတို့မှာ သားသမီး တစ်ယောက်မှ မထွန်းကားခဲ့ပါဘူးရှင်။ ကျွန်မတို့ လင်မယားနှစ်ယောက် သားသမီးဘယ်လောက် လိုချင်ကြသလဲဆိုတာ ကိုယ်ချင်းစာစိတ်နဲ့ တွေးလို့သာ ကြည့်ကြပါတော့ရှင်။ တကယ်လို့ ကျွန်မတို့မှာသာ သားသမီးကလေးတွေ ရှိခဲ့ရင် ကျွန်မခင်ပွန်းဟာ ဖခင်ကောင်း တစ်ယောက် ဖြစ်လိမ့်မယ်ဆိုတာ ကျွန်မအနေနဲ့ အကြွင်းမဲ့ ယုံကြည် ပါတယ်"
"ကျွန်မခင်ပွန်း ရဲ့ စိတ်နေစိတ်ထားနဲ့ ပတ်သက်လို့ ပြောရရင်တော့ သူဟာ အစဉ်အလာကို လေးစားပါတယ်။ စည်းကမ်း ကို အလွန်ရိုသေပါတယ်။ ကျိုးကြောင်းညီညွတ်စွာ ဆင်ခြင်တွေး တောခြင်းကို ယုံကြည်ပါတယ်။ ပြီးတော့....သူဟာ အမှန်တရားကို မြတ်နိုးသူလည်း ဖြစ်ပါတယ်။ သူဟာအမြဲတမ်း အမှန်တရား ဘက်က ရပ်လေ့ရှိပါတယ်"
သူမက စကားကို ရပ်လိုက်ပြန်သည်။ ခရစ္စတိုဖာကလေး၏ ရုပ်ပုံလွှာကို ရုတ်ရက် မြင်ယောင်လာ သည်။
ဟင့်အင်း...ဟင့်အင်း...၊ ဒီအချိန်မှာ သူ့အကြောင်းလုံးဝ မတွေးသင့်ဘူး။
သို့ဖြင့် သူမကပြောလက်စ စကားကို ကမန်းကတန်း ဆက်ပြောသည်။
"နိုင်ငံရေး အရ ပြောရရင်တော့ ကျွန်မရဲ့ ခင်ပွန်းဟာ အကောင်းဆုံးအတော်ဆုံး လူငယ်ရီပတ် ပလစ်ကန် ပါတီဝင်တွေ ရဲ့ ကိုယ်စားဝင်ရောက်လာသူ တစ်ဦးလို့ ဆိုရပါလိမ့်မယ်"
ထို့နောက် ပရိသတ်ထဲမှ မေးမြန်းချက်များကို သူမက ယဉ်ကျေးစွာ၊ လိမ္မာပါးနပ်စွာဖြင့် ဖြေဆို သွားသည်။ ပရိသတ် များက သူမ၏ဟန်မူရာနှင့်တကွ အပြောအဆိုကိုပါ သဘောကျ နှစ်သက် ကြောင်းသိသာလှသည်။
နောက်တစ်နာရီခန့် အကြာတွင် သူမက နိဂုံးချုပ်စကား ပြောသည်။
"ဒီနေ့အဖို့တော့ ဒီလောက်နဲ့ ကျေနပ်လောက်ပါပြီ။ အခုလိုလာရောက် တွေ့ဆုံပြီး ရင်းရင်းနှီးနှီး နှီးနှော ဖလှယ်ခွင့်ရတာကို ကျွန်မအနေနဲ့ အများကြီး ၀မ်းသာမိပါတယ်။ ဂုဏ်လည်း ယူမိပါတယ်။ ကျွန်မ ကို မေးမြန်းကြတဲ့အတွက် ကျွန်မအနေနဲ့ အများကြီး ဗဟုသုတ ရပါတယ်။ အားလုံး ကျေးဇူးတင်ပါတယ်ရှင်။"
သူမက ပရိသတ် ကို မျက်နှာလွှဲကာ ကုလားထိုင်တွင် ထိုင်ချမည်လုပ်တုန်း မစ္စက်ဟင်နရီအလန်က ရုတ်တရက် ထလာပြီး သူမ၏လက်ကို ကိုင်ကာ....
"နေပါဦး...ခဏနေပါဦး...မစ္စက်ဝင်းတား။ ကျွန်မက ပရိသတ်နဲ့ နောက်တစ်ကြိမ် ၀ယ်ပြီး မိတ် ဆက်ပေးချင်သေးလို့ပါ။ ကြွရောက်လာကြတဲ့ အမျိုးသမီးများရှင့်....၊ ကျွန်မတို့ရဲ့ ပြည်နယ်အုပ် ချုပ်ရေးမှူးလောင်း ရဲ့ ဇနီးဖြစ်တဲ့ မစ္စက်ခရစ္စတိုဖာ ၀င်းတားကို ကျွန်မက ပရိသတ်နဲ့ မိတ်ဆက် ပေးပြီးပါပြီ။ ယခုအချိန် ကစပြီး နောက်ထပ် အမျိုးသမီး တစ်ယောက်နဲ့ ဆက်လက်ပြီး မိတ်ဆက် ပေးပါရစေရှင်။"
"အခု ဟောပြောသွားတဲ့ အမျိုးသမီးဟာ နာမည်ကျော် အမျိုးသမီး သိပ္ပံ ပညာရှင် ဒေါက်တာ လော်ရာဒီဝစ် လည်း ဖြစ်ပါတယ်ရှင်။ သူဟာအဏ္ဏ၀ါဗေဒ ဆေးသိပ္ပံပညာရပ်ကို အခြား ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး နှစ်ယောက်နဲ့အတူ ပူးတွဲပြီး သုတေသန ပြုလုပ်လျက် ရှိပါတယ်။ ဒီပညာရပ် နဲ့ ပတ်သက်ပြီး မိတ်ဆွေများ မသိတာရှိရင်လည်း ဘယ်လိုမှ မဖြစ်ကြပါနဲ့။ ကျွန်မကိုယ်တိုင်လည်း ဘာမှမသိပါဘူးရှင်။ ကျွန်မအနေနဲ့ ရှာဖွေဖတ်ရှုလေ့လာ ရပါဦးမယ်။ အချုပ်အားဖြင့် သိရသ လောက်တော့ ဒီပညာရပ် ဟာ ရေအောက်ရှိ အပင်တွေနဲ့ သတ္တ၀ါတွေကို လေ့လာစမ်းသပ်ပြီး လူသားတွေအတွက် အလွန်အကျိုးရှိစေမယ့် ဆေးစွမ်းကောင်းတွေ ဖော်ထုတ်မယ့် ပညာရပ် ဆိုတာလောက်တော့ သိရပါတယ်။ အဲဒါဟုတ်ပါသလား မစ္စက်ဝင်းတား"
မစ္စက်ဟင်နရီအလန်၏ ချီးကျူးစကားကြောင့် လော်ရာမနေတတ် မထိုင်တတ်သလိုပင် ဖြစ်သွားမိ သည်။
သို့သော် ပရိသတ်များ၏ လက်ခုပ်သံကတော့ တဖြောင်းဖြောင်းဖြင့် တစ်ခန်းလုံး ဆူညံသွားလေ သည်။
ထို့နောက် လက်ဖက်ရည်ပွဲနှင့် ကောက်တေးစားပွဲသို့ အားလုံးထလာကြသည်။
စားသောက်နေကြစဉ် အဏ္ဏ၀ါဗေဒဆေးပညာ အကြောင်းကို တစ်ယောက်မှ မမေးကြ။ တခြား ရောက်တတ် ရာရာ အာလာပသလ္လာပ အကြောင်းအရာများကိုသာ ပြောကြသည်။
ပြန်ခါနီးကျတော့ လော်ရာက တံခါးဝတွင် ရပ်ကာ မစ္စက်ဟင်နရီအလန်အား တိုးတိုးမေးလိုက် သည်။
"ဘယ်လို သဘောရပါသလဲ မစ္စက်အလန်၊ ပရိသတ်က ကျွန်မအပေး တစ်မျိုးများ မြင်သွားမလား မသိဘူး"
အမယ်လေး...တူမကြီးရယ်။ ပရိသတ်က ကြိုက်လွန်းလို့ လက်ခုပ်သြဘာသံ ပေးကြတာ တူမကြီး အမြင်ပဲ မဟုတ်လား။ အမှန်က ဒီအချိန်ဟာ အသိဥာဏ်ရှိတဲ့ အမျိုးသမီးတွေအတွက် တခြား အမျိုး သမီးတွေအားလုံးဂုဏ်ယူရမယ့် အချိန်ပဲကွယ့်
မစ္စက်ဟင်နရီအလန်က ယင်းသို့ပြောပြီးနောက် လော်ရာ၏ပါးပြင်ကို တစ်ချက်နမ်းလိုက်သည်။
ပြီးတော့ လော်ရာအတွက် အခန်းတံခါးကို ဖွင့်ပေးလိုက်လေသည်။
ခရစ္စတိုဖာကလေးထံမှ စာ....။
လေးစားပါသော ဖေဖေ....
နောက်အပတ်ဆိုရင် ဇူလိုင်လ(၄)ရက် ရောက်လာပါတော့မယ်။ အမျိုးသားလွတ်လပ်ရေးနေ့ကြီး ဖြစ်လို့ ကျောင်းသားမိဘတွေ ရောက်လာကြတော့မယ်။ အဲဒီလိုပဲ ပြောနေကြတာကို သားမောင် ကြားရပါတယ်။ ရော့ကတ်လွှတ်ပွဲကို ကျေးဇူးပြုပြီးလာကြည့်ကြပါ။
ဖေဖေချစ်သောသား
ခရစ္စတိုဖာဝင်းတား
လော်ရာက ဘာစကားမှ မပြောဘဲစာကို ခရစ္စထံသို့ကမ်းပေးလိုက်သည်။
ခရစ္စက ဖတ်ကြည့်သည်။
"ဒီစာ ဒီနေ့ ရောက်တာလား"
"ဟုတ်တယ်။ ဒါနဲ့ ကျွန်မမောင့်အတွက် အရက်တစ်ခွက် စပ်လိုက်ရမှာလား"
"ကောင်းသားပဲ။ တို့လေးရက်နေ့မှာတော့ ဘယ်လိုမှ သွားလို့ဖြစ်မှာမဟုတ်ဘူး။ ငါက ပြည်နယ် မြို့တော်မှာ အရေးကြီးတဲ့ မိန့်ခွန်းပြောစရာ ရှိနေတယ်။ လူတစ်ယောက် ဒေါ်လာလေးရာတန် ညစာစားပွဲပေါ့။ မင်းလည်း ငါနဲ့လိုက်ရမယ်။ ဒါနဲ့ ရော့ကတ်ဆိုတာက ဘာကိုပြောတာလဲ"
"သြော်...ရော့ကတ် ဆိုတာလား။ မီးရှူးမီးပန်းလွှတ်တာကိုပြောတာပါ"
"သြော်...ဒီလိုလား။ အဲလေ...ဘာပဲဖြစ်ဖြစ် ခရစ္စမတ်မှာတော့ တို့သွားလို့ရပါတယ်။ ငါလည်း ပြောထားပြီးသားပဲ"
"အင့်...ဒီမှာ စပ်ပြီးသား အရက်"
ခုမှ ဇူလိုင်လပဲရှိသေးတာ။ ခရစ္စမတ်က အဝေးကြီးကျန်သေးတာပဲဟု လော်ရာက တွေးလိုက်မိ သည်။ သို့သော် သူမက အခြေအနေကို သဘောပေါက်ပါသည်။ မပေါက်တောင်မှ ပေါက်သည်ဟု တော့ယူဆပါသည်။
ယခုအချိန်တွင် မဲဆွယ်ရေးလုပ်ငန်းက အလွန်အရေးကြီးနေသည်။ ခရစ္စအနေဖြင့် အရေးကြီးသော မဲဆွယ်မိန့်ခွန်းများကို တစ်ပွဲပြီး တစ်ပွဲဟောပြော နေရသည်။ ပြည်သူတွေကလည်း သူ့အပေါ်တွင် အလွန်မျှော်လင့်ချက် ထားကြသည်။ သူတို့က ခရစ္စအား "သတ္တိရှိသော ပုဂ္ဂိုလ်"ဟုပင် ခေါ်ဝေါ်နေ ကြပြီ။ ခရစ္စသည် အရေးကြီးသော နိုင်ငံရေး ပြဿနာများနှင့် ပတ်သတ်ပြီး ကြီးကျယ်သော မေးခွန်း များကို ဖြေကြားနေရသည်။ သူ့အနေဖြင့် မိမိနိုင်ငံ၏ ပြဿနာများကိုသာမက ကမ္ဘာ့ပြဿ နာ များကိုပါ အဖြေရှာနေရသည်။ သို့ပါလျက်မိမိ၏ ကိုယ်ရေး ကိုယ်တာ ပြဿနာ ကလေးတစ်ခု ကို ပြတ်ပြတ်သားသား မဖြေရှင်းနိုင်တာကိုတော့ လော်ရာက ဘယ်လိုမှ ဘ၀င်မကျနိုင်အောင် ဖြစ်မိ သည်။
သည်အကြောင်းတွေကို စဉ်းစားရင်း သူမက ဂရိုဗာကလီးဗ်လင်းအကြောင်းကို သွား၍သတိရမိ သည်။ ကလီးဗ်လင်း သည် တရားမ၀င်မွေးဖွားသော ကလေးတစ်ယောက် ကို မွေးစားထားခဲ့သည်။ သူ သမ္မတလောင်း အဖြစ် အရွေးခံသောအခါ ထိုအကြောင်းကို အမှန်အတိုင်း ဖွင့်ဟ၀န်ခံခဲ့သည်။
သူက ကလီးဗ်လင်း လောက်တောင်မှ သတ္တိမရှိဘူးလား။ သူ့အနေနဲ့ ဒီလိုသာ သတ္တိ ကြောင်နေမယ် ဆိုရင် ငါ့အနေနဲ့ သူ့ကို ကူညီနေတာ ဘာအဓိပ္ပာယ် ရှိဦးမှာလဲ။ သူ့လုပ်ရပ်တွေက ရောဘာတန်ဖိုး ရှိဦးမှာလဲ။
"ရွေးကောက်ပွဲပြီးရင် ငါကကမ္ဘာလှည့် ခရီးထွက်ရဦးမယ်။ ခရစ္စမတ်ရက်အား အတွင်း မှာ ဖြစ်ကေင်း ဖြစ်နိုင်တယ်။ ဒါက မလုပ်မဖြစ်တဲ့အလုပ်။ မင်းအတွကရော ငါ့အတွက်ရော သိပ်ပြီး အရေးကြီး တယ်"
"ဒါပေမဲ့...ခရစ္စမတ်ရက် အတွင်းမှာတော့ သွားလို့မဖြစ်ဘူးမောင်။ အဲဒီရက်အတွင်းမှာ ကျွန်မတို့ က ခရစ္စတိုဖာ ဆီ ရောက်နေရမယ် မဟုတ်လား"
"ဟုတ်ပါတယ်။ ငါပြောထားပြီးပြီပဲ"
သူ့စကားတွေက မပြတ်သား။ ပါးစပ်ထဲတွေ့တာလျှောက်ပြောနေသလို ထင်မှတ်ရသည်။ ထို့ ကြောင့်လော်ရာက သူ့ကိစ္စဆက်စဉ်းစား မနေတော့ဘဲ ကိုယ့်ကိစ္စအတွက်သာ တွေးတော့သည်။
ယခု ဆိုလျှင် ဇူလိုင်လေးရက် ရောက်ရန် ဆယ်ရက်သာလိုတော့သည်။ ဓာတ်ခွဲခန်းများ ဒေါက်တာ ၀ီလတန်က သူမ အား သူ့လုပ်ငန်း တိုးတက်မှုမျာျးကို လာကြည့်ရန် ဖိတ်ခေါ်ထားသည်။
"မင်းရဲ့ စူးရှတဲ့ မျက်လုံးတွေနဲ့ ထက်မြက်တဲ့ အသိဥာဏ်တွေကို သိပ်ပြီး လိုအပ်နေ တယ်... လော်ရာ" ဟု ဒေါက်တာ ၀ီလတန် က စာထဲတွင် ရေးလိုက်သည်။
"စမ်းသပ်ကန်ထဲမှာ မွေးထားတဲ့ အကောင်ကလေးတွေက တကယ့်ကိုအစွမ်းပြ နေကြပြီ။ ဒီအကောင် ကလေးတွေ က တစ်ချိန်တည်းမှာ အပင်တွေလည်း ဟုတ်တယ်။ သူတိုကအထဲမှာ ကလိုရိုဖီးဓာတ်တွေ ပါဝင်တယ်။ ကင်ဆာရောဂါ ကာကွယ်ရေးအတွက် အစွမ်းထက်တဲ့ ဆေးနည်း သစ်ကိုဖော်ထုတ်နိုင်လိမ့်မယ်လို့ ယုံကြည် တယ်။ ယုံကြည်တဲ့ အတိုင်း တကယ်အောင်မြင်ပါစေ လို့ပဲ ဆုတောင်းနေရတော့တာပဲ"
လော်ရာက စပ်အရက် သောက်နေရင်းမှ ခရစ္စထံတွင် ခွင့်တောင်းလိုက်သည်။
"ဒါနဲ့....မောင်။ ကျွန်မကို ခွင့်တစ်ရက်လောက်များ ပေးနိုင်မလားဟင်။ ကျွန်မ ဓာတ်ခွဲခန်းကို ခဏသွားကြည့်ချင်း လို့ပါ။ ဒေါက်တာဝီလတန်က စမ်းသပ်မှုအသစ် တစ်ခုကို တွေ့နေပြီလို့ ယုံကြည်နေ တယ်မောင် ရဲ့" "ကောင်းပါတယ်။ သွားလိုက်ပါ"
သူမထင်းထားသလို မဟုတ်ဘဲ ခရစ္စကရှောရှောရှူရှူ ခွင့်ပြုစကား ဆိုသောကြောင့် လော်ရာ မှ နောက်ထပ် မေးမည့် မေးခွန်းကိုပင် ဆကမမေးဖြစ်တော့။ သူမေးချင်သည့် မေးခွန်းက တခြားမ ဟုတ်။ တကယ် လို့ ကျွန်မအဲဒီက တစ်ဆင့် ခရစ္စတိုဖာဆိ ဆက်သွားရင် မောင်သဘောတူပါ့မ လား။ ကျွန်မတို့က ဇူလိုင်လေးရက်နေ့ မှာ မသွားနိုင်ဘူးဆိုတော့ ဒီကြားထဲသွား တွေ့လိုက်ရင် သူဝမ်းသာရှာမှာပဲ မောင်။
သို့ပေမဲ့..... သူမက သည်မေးခွန်းကို မမေးဖြစ်တော့။ ဓာတ်ခွဲခန်းရောက်ပြီးတော့မှ အခြေအနေ အရကြည့် လုပ်တာပေါ့ဟူ၍ စိတ်ထဲတေးထား လိုက်သည်။ "ကျေးဇူးတင်ပါတယ်...မောင်"
"ကိုယ်ကတောင် ပြန်ပြီး ကျေးဇူးတင်စရာ ရှိပါသေးတယ်။ မင်းဟောပြောတာကို အမျိုးသမီးတွေ သိပ်ပြီး သဘောကျနေကြတယ် လို့ ဟင်နရီအလန်က ပြောတယ်။ အဲဒီအတွက် ကိုယ် အများကြီး ကျေးဇူးတင် ပါတယ် လော်ရာ" သူက ပြောရင်းဆိုရင်း လော်ရာ့ဘေးသို့ ကပ်လာပြီး အားရပါးရနမ်းနေသည်။ အကြာကြီး နမ်းနေ သည်။ နှစ်ယောက်စလုံး ရင်ဝယ်သိမ့်သိမ့်ကြည်နူးရသော အနမ်း။
နောက်ရက်သတ္တတစ်ပတ်ခန့် အကြာတွင်လော်ရာသည် ဓာတ်ခွဲခန်းသို့ရောက်နေသည်။ မိမိအ လွန်ဝါသနာ ပါသော အလုပ်နှင့် လေးစားခင်မင်သော ဆရာသမား လုပ်ဖော်ကိုင်ဖက်များအား လပေါင်းများစွာ ခွဲခွာနေခဲ့ရပြီးမှ ယခု ကဲ့သို့ ပြန်လည်ဆုံစည်းရသည့်အတွက် သူမအလွန်ဝမ်းသာ ပျော်ရွှင်မိသည်။
ဓာတ်ခွဲခန်း တွင် နှစ်ရက်တိတိ လေ့လာခဲ့ပြီးနောက် သုံးရက်မြောက် နံနက်နယူးဟမ်းပ်ရှိုင်းယား ပြည်နယ်သို့ ကိုယ်တိုင် ကားမောင်း၍ ထွက်ခွာလာခဲ့သည်။
သူမ သည် ကားမောင်းလာရင်း ကင်ခရစ္စတိုဖာကလေး၏ မျက်နှာကိုမြင်ယောင်လာသည်။ အထူးသဖြင့် ဘော်ဒါကျောင်း တွင် နောက်ဆုံးခွဲခွာခါနီး အမူအရာပျက်နေသော ခရစ္စတိုဖာကလေး ၏မျက်နှာကို အမှတ် ထင်ထင် မြင်ယေင်နေမိသည်။
သူ့ဖခင်သည် သူ့ကိုကျောင်းအိပ်ကျောင်းစား အပ်ထားခဲ့ပြီးနောက် အိမ်သို့ပြန်သွားတော့မည်ဟု သိရသော အခါ ခရစ္စတိုဖာကလေးက ဘာစကားမှ မပြောတော့။ သို့ပေမဲ့... သူ့မျက်လုံးအစုံ တွင်တော့မျက်ရည်တွေ ရွှန်းလာ သည်။
လော်ရာ သည် ဓာတ်ခွဲခန်းထဲတွင် နှစ်ရက်လုံးလုံး စိတ်နှင့်ကိုယ်ကို မြှုပ်နှံထားခဲ့သည့်တိုင်အောင် ခရစ္စတိုဖာကလေး ၏ ပြဿနာကို လုံးဝမမေ့။ အမြဲတမ်း သတိရနေသည်သာ ဖြစ်သည်။ ကလေး၏ ပြဿနာ သည် အရေးကြီးသော ပြဿနာဖြစ်သည်ဟူသော ခံယူချက်က သူမ၏ဦးနှောက်ထဲတွင် သံမှိုစွဲသလို စွဲနေသည်။
ထို့ကြောင့်လည်း ယမန်နေ့ညက ခရစ္စထံသို့ ဖုန်းလှမ်းဆက်ခဲ့ခြင်းဖြစ်သည်။
"မောင်...ကျွန်မ မူလအစီအစဉ်အတိုင်း မနက်ဖြန် ပြန်နိုင်ဦးမယ် မထင်ဘူး။ နောက်ထပ် နှစ်ရက် သုံးရက်လောက် နေရဦး မယ် ထင်တယ်"
"ဒါဆို ဇူလိုင်လေးရက်နေ့အတွက် နောက်ကျနေမှာပေါ့"
"မကျပါဘူ။ သုံးရက်နေ့ညမှာ ကျွန်မ အရောက်ပြန်ခဲ့ပါ့မယ်။ ဖြစ်နိုင်ရင် နှစ်ရက်နေ့ ည လည်း ရောက်ချင် ရောက် လာနိုင်တယ်"
"ကိုယ် က နောက်နေ့ပွဲအတွက် သိပ်ပင်ပန်းနေမှာစိုးလို့ပါ"
"စိတ်ချပါ...မောင်၊ ဖြစ်ပါတယ်။ ကျွန်မ မပင်ပန်းပါဘူး"
သည်လိုနှင့် နောက်ထပ်ထွေရာလေးပါး ရယ်စရာ မောစရာ ကလေးတွေ ခေတ္တ မျှ ပြောကြပြီး နောက်ဖုန်းကို ပြန်ချလိုက်ကြသည်။
ယခုလို တစ်ယောက်တည်း ကားမောင်းပြီး ထွက်လာရင်း ပြန်ကျွေးကြည့်တော့မှ ဆုံးဖြတ်ချက် ဘယ်လောက် မှန်သည် ဆိုတာကို ရှင်းရှင်းလင်းလင်း သဘောပေါက်မိတော့သည်။
သူမသည် ဓာတ်ခွဲခန်းတွင် သူမ၏ လုပ်ငန်းတာဝန်ကို ပြီးပြတ်အောင် လုပ်ကိုင်ခဲ့ပြီးနောက် စမ်း သပ်တွေ့ရှိချက် အစီရင်ခံစာ ကို ဒေါက်တာဝီလတန်ထံ ရေးသားတင်ပြခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် လည်း ယခုအချိန်တွင် ခရစ္စတိုဖာကလေးကိစ္စကို ခေါင်းအေးအေးဖြင့် စဉ်းစားစားနို င်ခဲ့ ခြင်းဖြစ် သည်။ စဉ်းစားကြည့်လေလေ အခြေအနေမှန်ကို ပို၍ ပြတ်ပြတ်သားသား၊ မြန်လာလေလေပင်။
ကလေးကိစ္စက သည်အတိုင်း အချိန်ဆွဲပြီး လိပ်ခဲတည်းလည်းထား၍ ဘယ်နည်းနှင့်မျှ မဖြစ်တော့။ ရွေးစရာ က နှစ်လမ်းသာ ရှိတော့သည်။ ပထမလမ်းက ကလေးကို ခရစ္စ၏တရားဝင်သား အဖြစ် အသိအမှတ်ပြုကာ မိမိတို့ အိမ်သို့ ခေါ်ရန်ဖြစ်သည်။ ဒုတိယလမ်းက ကိုရီယားနိုင်ငံရှိ သူ့မိခင်ထံ ပြန်ပို့ရန်။
ယင်းသို့ အဖြူအမည်း ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချလိုက်ပြီးသောအခါတွင်မှ သူမ၏ ခေါင်းထဲတွင် ကြည်ကြည် လင်လင် ဖြစ်သွားတော့သည်။
လော်ရာ မောင်းလာသော ကားကလေးသည် ညနေစောင်းတွင် ၀ိတ်ထ်ယောက်ျားကလေး အထက်တန်း ကျောင်းဝင်း ထဲသို့ ကွေ့ဝင်လိုက်သည်။
သူမ လာမည်ဆိုသည်ကို ကြိုတင်အကြောင်းမကြားဘဲ ယခုလို ရောက်လာခြင်းမှာ တမင်တကာ အကြောင်း ရှိ၍ ဖြစ်သည်။ သူမက ခရစ္စတိုဖာကလေး ၏ အခြေအနေကို ပကတိအတိုင်းမြင်တွေ့ ချင်သောကြောင့် ဖြစ် သည်။
သူမသည် ကားကိုကျောင်းရှေ့တွင် ရပ်ထားခဲ့ပြီးနောက် လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်သည်။
ချက်ချင်းပင် ခပ်ကြီးကြီး ကျောင်းသားကလေး တစ်ယောက်ကျောင်းရှေ့သို့ ထွက်လာသည်။
"ဒေါက်တာဘားလက် ရှိသလား....ကလေး"
"ဟုတ်ကဲ့...ရုံးခန်းထဲမှာ ရှိပါတယ်။ ဒါပေမဲ့သူ အခုပဲအိပ်ပြန်ဖို့ လုပ်နေပြီခင်ဗျာ"
"ဒါဖြင့်...ဆရာကြီး ကို ခဏ ပြောပေးပါကွယ်။ မစ္စက်ခရစ္စ၀င်းတား လာပါတယ်လို့ ပြောပေးပါ နော်"
ကျောင်းသားကလေး ပြန်ထွက်သွားပြီးနောက် လော်ရာသည် ဧည့်ခန်းဆောင်ထဲတွင် ရပ်စောင့် ကျန်ရစ်သည်။
မကြာမီ တွင်ပင် သူမထံသို့ ဒေါက်တာဘားလက် ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာသည်ကို မြင်လိုက်ရသည်။ သူမကို မြင်လိုက်ရတော့ ဒေါက်တာဘားလက်၏ မျက်နှာတွင် အံ့သြရိပ်များ ဖြစ်ပေါ်သွားသည်။
"ဟဲလို...မစ္စက်ဝင်းတား။ ဆိုင်းမဆင့် ဗုံမဆင့်နဲ့ဘာများ အကြောင်းထူရှိလို့ပါလိမ့်"
"သြော်.. အကြောင်းထူး မရှိပါဘူး ဆရာကြီး။ ကျွန်မ လမ်းကြုံတာနဲ့ ခရစ္စတိုဖာကလေး အခြေ အနေ ၀င်ကြည့်တာပါ"
"သြော်... အကြောင်းထူး မရှိပါဘူး ဆရာကြီး။ ကျွန်မ လမ်းကြုံတာနဲ့ ခရစ္စတိုဖာကလေး အခြေ အနေ၀င်ကြည့်တာပါ"
"သြော်...သူ့ အခြေအနေလား။ သူ့အခြေအနေကတော့ သိပ်ကောင်းပါတယ်ဗျာ။ သိပ်ကောင်းပါ တယ်။ လာပါ။ ကြွပါ။ သူ့ကို ကျုပ်ခေါ်ခိုင်း လိုက်ပါ့မယ်"
"ဖြစ်နိုင်ရင် မခေါ်ပါနဲ့လား...ဆရာကြီး။ သူရှိတဲ့နေရာ ကျွန်မသွားကြည့်မယ်လေ။ သူ့ကို ကျွန်မက မမျှော်လင့်ဘဲ ရုတ်တရက် တွေ့ချင်လို့ပါ"
သို့ဖြင့် ဒေါက်တာဘားလက်က လော်ရာအား ဦးဆောင်ခေါ်လာခဲ့သည်။ ခရစ္စတိုဖာကလေးအား စာကြည့်ဆောင် ထဲတွင် တစ်ယောက်တည်းတွေ့ ကြရသည်။ သူသည်ပြတင်းပေါက် အနီးမှ ကုလားထိုင်တွင် ထိုင်ကာဆည်းဆာ အလင်းရောင်ဖြင့် စာအုပ်ကြီးတစ်အုပ်ကို စိတ်ဝင်စားစွာ ဖက်နေသည်။
"ခရစ္စတိုဖာ...ဒီဘက်ကို လှည့်ကြည့်စမ်းပါဦး"
ဆရာကြီးက လှမ်းပြောလိုက်သည်။
ခရစ္စတိုဖာက စာအုပ်ပေါ်မှ မျက်နှာကိုခွာ၍ ခေါင်းမော့ကြည့်သည်။ သူတော်တော်ပိန်နေသည်ကို လော်ရာက ချက်ချင်းသတိပြုလိုက်မိသည်။ သို့ပေမဲ့ မတ်တတ်ရပ်လိုက်သောအခါမှ သူ့အရပ် လည်းတော်တော် ရှည်နေပြီ ဆိုသည်ကို သတိပြုလိုက်မိပြန်သည်။
ခရစ္စတိုဖာက စာအုပ်ပေါ်မှ မျက်နှာကိုခွာ၍ ခေါင်းမော့ကြည့်သည်။ သူတော်တော်ပိန်နေသည်ကို လော်ရာက ချက်ချင်း သတိပြုလိုက်မိသည်။ သို့ပေမဲ့ မတ်တတ်ရပ်လိုက်သောအခါမှ သူ့အရပ် လည်းတော်တော်ရှည်နေပြီ ဆိုသည် ကို သတိပြုလိုက်မိပြန်သည်။
"ဟင်...ကျွန်တော့်ဆီ လာတယ်"
သူက အံ့အားသင့် နေဟန်ဖြင့် အော်ပြောလိုက်သည်။ ထို့နောက်ခေတ္တမျှ တုံ့ ဆိုင်းဆိုင်း ဖြစ်နေပြီး တော့ မှ လော်ရာ့ထံသို့ ပြေးလာသည်။ ပြီးတော့ လော်ရာ့ပခုံးတွင် မျက်နှာအပ်ကာ ငိုပါလေတော့ သည်။ လော်ရာက သူ့ကိုလက်နှင့်ဖက်ထားပြီး ဒေါက်တာဘားလက် ၏ မျက်နှာကို လှည့်ကြည့် လိုက်သည်။
"သူ ဒီမှာ နေရတာ မပျော်ဘူးလား...ဆရာကြီး"
ဆက်ရန်
.

No comments:
Post a Comment