Thursday, September 13, 2012

မောင်ပေါ်ထွန်း ဘာသာပြန် ရေမြေခြားသော်လည်း, အပိုင်း (၂၁)

ခရစ္စတိုဖာက စာအုပ်ပေါ်မှ မျက်နှာကိုခွာ၍ ခေါင်းမော့ကြည့်သည်။ သူတော်တော်ပိန်နေသည် ကို လော်ရာ က ချက်ချင်း သတိပြုလိုက်မိသည်။ သို့ပေမဲ့ မတ်တတ်ရပ်လိုက်သောအခါမှ သူ့အရပ် လည်းတော်တော် ရှည်နေပြီ ဆိုသည် ကို သတိပြုလိုက်မိပြန်သည်။ "ဟင်...ကျွန်တော့်ဆီ လာတယ်" သူက အံ့အားသင့် နေဟန်ဖြင့် အော်ပြောလိုက်သည်။ ထို့နောက်ခေတ္တမျှ တုံ့ ဆိုင်းဆိုင်း ဖြစ်နေပြီး တော့ မှ လော်ရာ့ ထံသို့ ပြေးလာသည်။ ပြီးတော့ လော်ရာ့ပခုံးတွင် မျက်နှာ အပ်ကာ ငိုပါလေတော့ သည်။ လော်ရာက သူ့ကိုလက်နှင့်ဖက်ထားပြီး ဒေါက်တာဘားလက် ၏ မျက်နှာ ကို လှည့်ကြည့် လိုက်သည်။ "သူ ဒီမှာ နေရတာ မပျော်ဘူးလား...ဆရာကြီး"  ကို ဆက်ဖတ်ရန်..............

ဆရာကြီး မဖြေမီတွင် ခရစ္စတိုဖာက ၀င်ဖြေလိုက်သည်။ သူက မျက်နှာကို မော့ကာ မျက်ရည်စက် လက်ဖြင့် ပြုံးရင်း..... "ကျွန်တော် ဒီမှာပျော်ပါတယ်... အန်တီ။ အန်တီ အခုလိုလာတာကို ၀မ်းသာလွန်းလို့ မျက်ရည် ကျ မိတာပါ"
"ဟုတ်ပါတယ်...မစ္စက်ဝင်းတား။ သူ ဒီမှာနေရတာ ပျော်ပါတယ်။ ဒါပေမဲ့...တစ်ခါတလေ စိတ်ဓာတ် ကျမိတာ ကလေးတွေတော့ ရှိတာပေါ့လေ...။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံကလည်း သူ့အတွက် တစိမ်းနိုင်ငံ။ ပြီးတော့ မစ္စက်ဝင်းတား တို့ လင်မယားရဲ့ ဆက်ဆံပုံကလည်း စိမ်းသလိုလို ဖြစ်နေ တယ်ဆိုတော့......"
ခရစ္စတိုဖာကလေး လည်း မည်သူမည်ဝါ ဖြစ်ကြောင်းကို လော်ရာတို့ လင်မယားက ဒေါက်တာဘား လက်အား လုံးဝမပြောကြ။ သို့ပေမဲ့.... ပညာရှိသော ဆရာကြီးကတော့ အခြေအနေကို အကဲခတ်၍ သိတန်သလောက် သိထာပြီး ဖြစ်လိမ့်မည် ဟု လော်ရာက တွေးမိသည်။ တကယ် တော့ ဆရာကြီးက ဘာမှ မမေးသောကြောင့် သူတို့ ကလည်း အထွေအထူးရှင်းပြနေစရာ မလိုတော့ဟု ယူဆထားခြင်းပင် ဖြစ်သည်။

ဆရာကြီးနှင့် နှစ်ယောက်ချင်း တွေ့ဆုံပြီး အဖြစ်မှန်ကို ပြောပြလိုက်ရကောင်းမည်လားဟု စဉ်းစား နေစဉ်တွင်ပင် ဆရာကြီး က စကားဆက်ပြောသည်။
"ခရစ္စတိုဖာ ငိုတာကို ဘယ်လိုမှ သဘောမထားပါနဲ့...မစ္စက်ဝင်းတား။ ကျုပ် အာရှနိုင်ငံ တော်တော် များများ ကို ရောက်ဖူးပါတယ်။ ဂျပန်ခေတ်တုန်းကလည်း ဂျပန်မှာ တော်တော်ကြာ ကြာ နေခဲ့ပါတယ်။ အာရှ တိုက်သားတွေ အနေနဲ့ မျက်ရည်ကျတာကို ဂုဏ်သိက္ခာ ကျစရာလို့ မထင် ကြပါဘူး။ အာရုံခံစားတတ်တဲ့ လက္ခဏာ လို့ ယူဆကြတယ်။ အခုခရစ္စတိုဖာမှာလည်း အဲဒီလက္ခ ဏာရှိတာတွေ့ရတယ်။ တကယ်တော့... သူ့အနေ နဲ့ ခံစားနေရတဲ့ ပြဿနာတစ်ခုခု ရှိတာက တော့ အမှန်ပါပဲ"
"ကျွန်မ တို့ အဲဒီကိစ္စဆွေးနွေးကြရအောင်လား...ဆရာကြီး။ ဖြစ်နိုင်ရင်  ဒီညကျွန်မတို့ ဒီမှာပဲ တည်းခွင့် ပြုစေ ချင်ပါတယ်"

"အို...ဟုတ်ကဲ့။ ဖြစ်ပါတယ် မစ္စက်ဝင်းတား။ ကျုပ်တို့ ကျောင်းမှာအကောင်းဆုံး ဧည့်ရိပ်သာ အဆင်သင့်ရှိ ပါတယ်။ ကဲ...ခရစ္စတိုဖာ...မစ္စက်ဝင်တားကို အရှေ့ဆောင်ကိုသာ တစ်ခါတည်း ခေါ်သွားတော့။ ပြီးတော့ညစာ စားတော့ လည်း မင်းနဲ့အတူ စားသောက်ဆောင်မှာပဲ စားလိုက်ကြ ပေါ့ဟုတ်လား။ ကဲ..ခရစ္စတိုဖာနဲ့ပဲ လိုက်သွား ပါတော့ မစ္စက်ဝင်တား။ မစ္စက်ဝင်းတားကလည်း သူ့ဆီကိုပဲ လာလည်တဲ့ ဧည့်သည် မဟုတ်လား"
ဒေါက်တာဘားလက် ပြန်ထွက်သွားသည်။ ခရစ္စတိုဖာက လော်ရာ၏ လက်ကို တင်းတင်းဆုပ်ကိုင် ကာ ဆူညံနေသော ကျောင်းသားအုပ်ကို ဖြတ်၍ ခန်းမဆောင်အတိုင်း လျှောက်လာခဲ့ကြသည်။
ထို့နောက် အရှေ့ဘက်သို့ လှည့်၍စင်္ကြံလမ်းအတိုင်း ဆက်လျှောက်လာခဲ့ကြပြီး အခန်းတစ်ခန်း ရှေ့ရောက်သော အခါ ခရစ္စတိုဖာက တံခါးကို ဖွင့်လိုက်သည်။ အခန်းမှာ ကျယ်ကျယ်ဝန်းဝန်းနှင့် ခမ်းနား သပ်ရပ်စွာ ပြင်ဆင်ထား၍ နေချင့်စဖွယ် ကောင်းလှသည်။

လော်ရာသည် ဆိုဖာကုလားထိုင် တစ်လုံးတွင် ၀င်ထိုင်ပြီး ခရစ္စတိုဖာအား သူမအနီးသို့ ဆွဲကပ် လိုက်သည်။
"လာပါဦး သားရဲ့။ အန်တီ ကြည့်စမ်းပါရစေဦး။ သားကြည့်ရတာ အရပ်ရှည်ပြီး ပိန်သွားသလိုပဲ။ ဒါနဲ့ အစား အသောက်ရော ၀၀လင်လင် စားရပါရဲ့လား"
ခရစ္စတိုဖာ က ရှက်စနိုးဟန်ဖြင့် ခေါင်းညိတ်ပြသည်။ ပြီးတော့ သူမျက်လုံးအစုံတွင် ရုတ်တရက် မျက်ရည်တွေဲလာကြပြန် သည်။ လော်ရာက ကလေး၏ အတွင်စိတ်တွင် ခံစားနေရသော အခြေအနေကို နားလည် စွာဖြင့် ဘာစကားမှ မပြောဘဲ ငြိမ်နေလိုက်သည်။ သို့သော် နောင်တွင် သည်လိုအဖြစ်မျိုး မရှိစေရတော့ ဟု သူမက တွေးလိုက်မိသည်။

"ကျွန်တော့်ဖေဖေ ဘယ်တော့လာမလဲ...ဟင်"
ခရစ္စတိုဖာ က ကောက်ကာငင်ကာ မေးပါလေတော့သည်။
"လာမှာပေါ့ သားရဲ့။ သားဖေဖေ ခရစ္စမတ်ပွဲတော်အမီ လာမှာပေါ့၊ ခရစ္စမတ်ပွဲတော်အကြောင်း သားသိ တယ် မဟုတ်လား" ခရစ္စတိုဖာ က ခေါင်းညိတ်ပြသည်။
"ဒါနဲ့ အန်တီ့ကို ပြောစမ်းပါဦးကွယ်။ ကဲ...ထိုင်ပါဦး"
သူမက အနီး မှ ကုလားထိုင်ကို ညွှန်ပြရင်း.....
"ရေခဲပြင် လျှောစီးတာကိုရော သားသိသလား"
ခရစ္စတိုဖာက ကုလားထိုင်တွင် ၀င်ထိုင်သည်။

"လျှောစီးတာကိုတော့ သိပါတယ်။ စီးတော့ မစီးတတ်ပါဘူး"
"အေး ဒါဆိုရင် စီးတတ်အောင် သင်ရမယ်တော်။ သားဖေဖေက လျှောစီးအလွန် တော်တယ်ကွဲ့။ အဲဒါသူ အကြိုက်ဆုံး အားကစားနည်း ပဲ ခရစ္စမတ် ရာသီမှာ အန်တီတို့ လာတဲ့အခါ ဟိုတောင် တန်းတွေဆီ သားကိုခေါ်သွားပြီး လျှောစီးသင်ပေးမယ် သိလား။ ဒီက ကျောင်းသားကလေး အားလုံး လိုလိုလျှောစီး ကျွမ်းကျင်ကြ လိမ့်မယ်လို့ အန်တီ ထင်တယ်။ သားလည်း သားဖေဖေလို ချန်ပီယံ ဖြစ်လာရမှာပေါ့ကွယ်။ အဲဒါဆိုရင် သားပျော်မှာလား....ဟင်"
ခရစ္စတိုဖာ က မျက်လုံးအရာင် တလက်လက်ဖြင့် ခေါင်းညိတ်ပြသည်။ လော်ရာ တော်တော်စိတ် ချမ်းသာ သွားသည်။ သူမက ဆက်ပြောသည်။
"အဲဒီတော့ အန်တီက သားအတွက် လျှောစီးသင် ဆရာကောင်း တစ်ယောက် ငှားပေးမယ်။ လိုအပ်တဲ့ ပစ္စည်းတွေ လည်း အပြည့်အစုံ ၀ယ်ပေးမယ် သိလား"
"အန်တီလည်း လျှောစီးတတ်သလား"
"တတ်တော့ တတ်ပါတယ်။ ဒါပေမဲ့ သားဖေဖေလိုတော့ မကျွမ်းကျင်ဘူးကွယ်"

ဤသို့ဖြင့် သူတို့နှစ်ယောက်သည် တစ်နာရီ နီးပါးခန့် တရင်းတနှီး ပျော်ရွှင်စွာ စကားပြောနေကြ ပြီးနောက် ညစာစားချိန် ခေါင်းလောင်းထိုးသံ ပေါ်ထွက်လာသဖြင့် စားသောက် ခန်းမဆောင်သို့ လာခဲ့ကြသည်။
စားသောက်ခန်း ထဲ ရောက်သောအခါ ခရစ္စတိုဖာသည် လော်ရာအား စားပွဲတစ်လုံးတွင် နေရာချ ထားခဲ့ပြီးနောက် သူကတခြား စားပွဲတစ်လုံးသို့ သွားကာ မိတ်ဆွေ ကျောင်းသားကလေးတွေနှင့် အတူ ထိုင်ပြီး စကား တပြောပြောဖြင့် မြိန်မြိန်ရှက်ရှက် စားသောက်နေသည်။ သည်အဖြစ်ကို မြင်ရ သောအခါ လော်ရာက ခင်ပွန်းသည် ၏ လျှို့ဝှက်ဖြစ်ရပ်ကို ကျောင်းအုပ်ကြီးအား မပြောပြတော့ရန် ဆုံးဖြတ်ချက် ချလိုက်လေသည်။ သူမ အနေဖြင့် သည်ဖြစ်ရပ်ကို ဘယ်လိုလုပ် ရှင်းပြရပါမည်နည်း။ ဘာပဲဖြစ်ဖြစ် မိမိ ခင်ပွန်းသည် အပေါ်တွင် သစ္စာစောင့်သိ ရမည့် တာဝန်သည် သူမ၏ အဓိကတာ ၀န်ပင် မဟုတ်ပါလား။

ညဦးပိုင်းတွင် လော်ရာသည် ခရစ္စတိုဖာနှင့် အတူ ကျောင်းပြဇာတ် သွားကြည့်သည်။ ပြဇာတ် မှာ ကျောင်းသားကလေး များ ကိုယ်တိုင် ပါဝင်ကပြသော ဟာသပြဇာတ်ဖြစ်သည်။ ခရစ္စတိုဖာက တစ်ချိန် လုံး တဟားဟားနှင့် ရယ်နေသည်ကို ကြည့်၍ လော်ရာက အလွန်သဘောကျနေမိသည်။
ပြဇာတ်ပြီးသော အခါ လော်ရာက ခရစ္စတိုဖာအား သူမ၏အခန်းအထိ ခေါ်လာပြီး အိပ်ရာဝင် နှုတ်ဆက် စကားပြော သည်။
"ကဲ… မနက်စာ စားပွဲကျတော့ ထပ်တွေ့ကြတာပေါ့ ဟုတ်လား။ အဲဒီနောက်တော့ အန်တီလည်း သား ဖေဖေဆီ ပြန်သွားရဦးမယ်"
လော်ရာ၏စကားကြောင့် ခရစ္စတိုဖာ၏ရွှင်နေသော မျက်နှာသည် ရုတ်ခြည်း ညှိုးကျသွားသည်။

ထို့နောက် ဂွတ်နိုက်… မေမေဟု နောက်ဆုံး နှုတ်ဆက်ကာ ဦးညွှတ်အရိုအသေ ပေးပြီး နေရာမှ ပြန် လည် ထွက်ခွာ သွားတော့သည်။
လော်ရာက စင်္ကြံလမ်းအတိုင်း လျှောက်ထွက်သွားသော ခရစ္စတိုဖာကလေးအား ရပ်ကြည့်ကျန်ရစ်ပြီး စင်္ကြံလမ်းချိုးကွယ် သွားသောအခါတွင်မှ မျက်နှာလွှဲကာ အခန်းတံခါးကို ပိတ်လိုက်လေသည်။

" တကယ်တော့ ကလေးကို ကျွန်မ တမင်တွေ့ချင်တာနဲ့ သွားတွေ့တာပါ မောင်။ အဲဒီလို တွေ့ချင် တာကလည်း သူ ကျောင်း မှာ ပျော်ရဲ့လား။ အခြေအနေကောင်းရဲ့လားဆိုတာ သိချင်လို့ပါ။ ဒီကိစ္စဟာ ကျွန်မ ရင်ထဲမှာ ဝန်ထုပ် ဝန်ပိုးကြီးတစ်ခုလို လွယ်ထားရသလို ထင်နေတယ်။ ဒီပြဿနာကို မောင်နဲ့ ကျွန်မတို့ လုံးဝ မရှင်းနိုင်သေး ပါဘူး။ ဒါကို မောင်လည်း သိပြီးသားပါ"
နောက်တစ်နေ့တွင် လော်ရာသည် သန်းခေါင်လောက်မှ အိမ်သို့ နောက်ကျပြီး ပြန်ရောက်လာသည်။ ခရစ္စသည် သတင်းစာတွေ တစ်စောင်ပြီး တစ်စောင် ဖတ်ရင်း ဧည့်ခန်းတွင် ထိုင်စောင့်နေသည်။
ယခုတော့ ရေမိုးချိုးပြီး အဝတ်အစားလဲကာ အပေါ်ထပ် လသာဆောင်တွင် လင်မယားနှစ်ယောက် အအေးသောက် ရင်း စကားပြောနေကြပြီ။

"အဲဒီလို မင်း တစ်ယောက်တည်း ဘာကြောင့် သွားတွေ့ရသလဲဆိုတာ ငါတော့ လုံးဝ သဘောမပေါက် ဘူး လော်ရာ"
သူ့အသံ က နည်းနည်းမာသည်။ သူ သဘောမတူကြောင်း သိသာသည်။
"မတော် လို့ လမ်းမှာ မင်း အန္တရာယ် တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ။ ငါ့အနေနဲ့ ဘယ်လိုလုပ်ပြီး လိုက် ရှာရမလဲ ဆိုတာ စဉ်းစားလို့တောင် မရဘူး။ ဒီအတိုင်းဆို ဓာတ်ခွဲခန်းမှာလည်း မင်း ဘယ်သွားတယ်ဆို တာ မှာထားခဲ့ ပုံ မရဘူး။ ဟုတ်ပါတယ်။ မင်း မမှာထားခဲ့ပါဘူး။ ဒီနေ့ မနက်ပိုင်း ဒေါက်တာ ဝီလဆတန် က မင်းဆီ ဖုန်း လှမ်းဆက်တာဟာ မင်း သူ့ကို ဘာမှမပြောခဲ့လို့ ဆက်တာပေါ့။ တကယ်လို့သာ မနေ့ည က မင်း ငါ့ဆီ မဆက်ခင် သူကသာ အရင်ဆက်မယ်ဆိုရင်တော့ မင်းအတွက် စိတ်ပူပြီး ငါ ခေါင်းမီး တောက်ရမှာ သေချာတယ်။ ခုခေတ် က သိပ်ပြီး အန္တရာယ်များတယ် လော်ရာ။ မင်း လုပ်ပုံမနိပ်သေးပါ ဘူး"

"ကျွန်မ သူနဲ့ သွားတွေ့မယ်ဆိုတာ မောင့်ကို ပြောသင့်တယ်ဆိုတာ ကျွန်မ စဉ်းစားမိပါတယ်။ ဒါပေမဲ့ မပြောဖြစ်ခဲ့ တာတော့ ကျွန်မ အပြစ်ပါပဲ။ ကျွန်မ သူ့ကို သိပ်ပြီးတွေ့ချင်လွန်းလို့ပါ"
"ဘာဖြစ်လို့ တွေ့ချင်တာလဲ"
"ကျွန်မ သူ့ကို မမေ့နိုင်လို့ပါ"
"ပြဿနာ က မပြီးပြတ်သေးဘူး… လော်ရာ"
"မပြီးပြတ်သေး လို့ ပိုဆိုးတာပေါ့။ ဒီကိစ္စကို  ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင်လုပ်ဖို့ ကျွန်မတို့မှာ တာဝန် ရှိနေတယ်… မောင်"
ခရစ္စက သက်ပြင်း တစ်ချက် မှုတ်ထုတ်လိုက်သည်။

"သူက ငါနဲ့ မတူခဲ့ရင်လည်း အကောင်းသား"
"သူက မောင်နဲ့ တူနေတယ်။ အနှေးနဲ့အမြန် အဖြစ်မှန် ပေါ်လာလိမ့်မယ်။ ဘယ်လိုမှ ရှောင်လို့ မရဘူး"
"အဲဒီတော့… ငါ ရွေးကောက်ပွဲနိုင်ပြီးမှ ရှင်းကြရင် မဖြစ်ဘူးလား"
"အဲဒါဆိုရင် ပိုဆိုးသထက် ဆိုးသွားလိမ့်မယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ အပုပ်အရှုပ်ဆိုပြီး ကျော် မကောင်း ကြားမကောင်း ဖြစ်သွားလိမ့်မယ်။ ဒီမှာ… မောင်။ မောင့်အဖြစ်က ပါးစပ်ထဲက အစာ မျိုမချ နိုင်သလိုဖြစ်နေတယ်။ မထူးပါဘူး။ မျိုသာ ချလိုက်ပါ။ ဒီကလေးကို ဒီအတိုင်း တချောင်ချောင်မှာ ဝှက် ထား လို့ မဖြစ်ဘူး။ မောင့်ရဲ့ဂုဏ်သိက္ခာက အရေးကြီးသလား။ ဒီကလေးက အရေးကြီးသလားဆိုတာ တစ်ချိန်ချိန် မှာ မောင် အပြတ် ဆုံးဖြတ်ရလိမ့်မယ်"
ခရစ္စ၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ သို့သော် သူက သူ့ကိုယ်သူ ကာကွယ်သည်။

"ပြဿနာက ဒီအဆင့်ထိ မရောက်သေးပါဘူး။ ဟုတ်ပါတယ်။ ငါ့အနေနဲ့ သားကလေး တစ်ယောက် လိုချင်ပါတယ်။ ဒီဆန္ဒ အမြဲတမ်းရှိနေတာ မှနန်ပါတယ်။ တကယ်လို့ ငါ့အနေနဲ့ သာမန်ပြည်သူ တစ် ယောက်သာ ဆိုရင် ဒီကလးကို ခုချက်ချင်း ကောက်မွေးလိုက်မှာပဲ။ ခုချက်ချင်း တရားဝင် သား အဖြစ် ကြေညာလိုက်မှာပဲ။ ငါ့ရဲ့ကျော်ကြားမှု၊ ငါ့ရဲ့ဂုဏ်သိက္ခာကို လုံးဝ ငဲ့မနေတော့ပါဘူး။ ဒီအခြေအနေကို မင်း သဘောပေါက်ရဲ့လား"
သူ့အသံ တွင် ဒေါသရိပ် နည်းနည်းပါနေသည်ကို လော်ရာ သတိပြုမိသည်။
"ဟုတ်ပါတယ်။ ကျွန်မ သဘောပေါက်ပါတယ်။ မောင် အာဏာကိုမက်နေတယ်။ အာဏာ လိုချင်နေ တယ်။ အာဏာရလာရင်လည်း မောင်က အာဏာကို ကောင်းကောင်း အသုံးချတတ်မှာပါ။ ဒီအချက် ကို တခြားလူထက် ကျွန်မ က ပိုသိပါတယ်။ ဟုတ်ပါတယ်။ မောင်က အာဏာရရင် အပျော်လုံး ဆို့နေမယ့် လူပါ။ ဒါကို ဘယ်သူမှ မငြင်းနိုင် ပါဘူး ဘာဖြစ်လို့လဲဆို…"

"တော်ပါ… လော်ရာ။ တော်ပါ…" "ဟုတ်ပါတယ်။ ငါ ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်ချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်နယ်လူထု အတွက် ပြည်နယ်အုပ်ချုပ်ရေးမှူးကောင်း တစ်ယောက် ဖြစ်ချင်လို့ပဲ။ ဒါဟာ ငါ့ကိုယ်ကျိုး အတွက် မဟုတ်ပါဘူး။ နိုင်ငံရေး ပတ်သက်လို့ လုပ်ရပ်မှားတွေကို ငါ မြင်နေရတယ်။ အဲဒီအမှားတွေ ကို ငါ့အနေ နဲ့ အမှန်ရောက်အောင် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ ဒါကြောင့် ငါ ပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ် ချင်တယ်။ ပြီးတော့လည်း ဖြစ်နိုင်ရင် ဖြစ်နိုင်အောင်လည်း ကြိုးစားဖို့ ရည်ရွယ်ထားတယ်။ အမေရိကန် ပြည်ထောင်စု ရဲ့သမ္မတအထိ ငါ ဖြစ်ချင်တယ်။ အဲဒါလည်း ကျော်ကြားမှုကို လိုချင်လွန်းလို့ မဟုတ် ပါ ဘူး။ တိုင်းပြည်အတွက် တိုးတက်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် ဦးဆောင်လုပ်ကိုင်ကြည့် ချင်လို့ပါ။ ဒါ ငါ့စိတ်ထဲ ရှိတာကို အမှန်အတိုင်း ပြောတာပါ။ ဒီတော့ ငါ့ ရည်ရွယ်ချက် အောင်မြင်ဖို့ အတွက် ပြည်သူတွေ ရဲ့အကူအညီ ကို အများကြီး လိုအပ်တယ်။ မင်း အပါအဝင် လူအများစုကြီးရဲ့ အကူအညီကိုရမှဖြစ်မယ် လော်ရာ"
သူက ခဏမျှ စကားကို ရပ်လိုက်သည်။ ပြီးတော့မှ အားနှင့်မာန်နှင့် ဆက်ပြောသည်။

"ငါလည်း ငါ့ကိုယ်ငါလည်း ယုံကြည်တယ်။ ငါ့ရည်ရွယ်ချက်ဟာ မွန်မြတ်တယ်ဆိုတာကိုလည်း ငါ သိ တယ်။ ငါဟာ လူတစ်ယောက်အနေနဲ့ တိုင်းပြည်အတွက် လုပ်နိုင်တာကို ကြီးကြီးကျယ်ကျယ် လုပ်ခဲ့ ချင်တယ်။ ဟုတ်တယ်။ ငါ လုပ် ကို လုပ်ရမယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီနေ့ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး ပြဿနာတွေရဲ့အဖြေကို ငါ သိထားတယ်လို့ ငါ ယုံကြည်တဲ့အတွက်ကြောင့်ပါပဲ။ အဲဒီတော့… မင်းကို ငါ မေးပါရစေ။ ငါ့အနေနဲ့ ကိုရီးယားမှာ အမှားတစ်ခု ကျူးလွန်းခဲ့မိတာကြောင့် ဒီလုပ်ရပ်တွေအားလုံး ရေထဲမျှောပစ်လိုက်ရတော့မှာလား။ ငါ့ဘဝကို ရေစုံမျှောလိုက်ရတော့မှာလား။ တိုင်းပြည်အတွက် ရည် မှန်းချက်တွေကို စွန့်လွှတ် လိုက်ရတော့မှာလား"
သူက လရောင်ဆမ်းထားသော လော်ရာ၏မျက်နှာကို စေ့စေ့ကြည့်ကာ အဖြေကို စောင့်နေသည်။ သို့သော် လော်ရာ က ဘာမှပြန်မပြောဘဲ သူ့မျက်နှာကိုသာ ငေး၍ ပြန်ကြည့်နေသည်။ ခရစ္စက ဆက် ပြောပြန် သည်။

"ငါ့အဖြစ်က မလွယ်ပါဘူး… လော်ရာ။ ငါ့ကိုယ်ငါ တိုက်ပွဲမှာ ကျသွားပါစေလို့ ဆုတောင်းခဲ့ရတဲ့အထိ ငါ စိတ်ဆင်းရဲ ခဲ့ရတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် စိတ်ညစ်စရာ မြင်ကွင်းတွေကိုပဲ မြင်နေရတယ်။ စိတ်ညစ်စရာ အကြောင်းတွေကိုပဲ ကြားနေရတယ်။ အဲဒီအချိန်မှာ မင်းက တခြားတစ်ကမ္ဘာမှာ ရှိနေ တယ်။ ငါဟာ အထီးကျန်အဖော်မဲ့တဲ့ဘဝရောက်ပြီး စိတ်ဓာတ်တွေ အကြီးအကျယ် ကျနေတယ်။ အဖော်ကောင်း တစ်ယောက် ကို နီးနီးကပ်ကပ် အလွန်လိုအပ်နေတယ်။ အမှန်အတိုင်းပြောရရင် ရိုးသား ဖြူစင်တဲ့ မိတ်ဆွေကောင်း ကို ငါ သိပ်ပြီး တောင့်တမိတယ်။ ဒီအခြေအနေမျိုးမှာ ငါလည်း တခြား အမေ ရိကန် လူငယ်စစ်သား ကလေးတွေနဲ့ ဘာမှမထူးခြားပါဘူး။

ဒါပေမဲ့ ငါက အပေါစား မိန်ကလေးဆီတော့ မသွားပါဘူး။ ဒါကိုတော့ ငါ အဝေးကရှောင်ခဲ့တာ အမှန်ပါ။ တကယ် လို့ ဆွန်ယာ နဲ့သာ မတွေ့ခဲ့ရင် ငါ ဘယ်သူနဲ့မှ တွဲခဲ့မှာမဟုတ်ပါဘူး။ ငါ့ဘာသာ ငါ တစ်ယောက်တည်း ပဲ ဖြစ်သလို နေနေခဲ့မှာပေါ့။ ဆွန်ယာကလည်း ငါ့လိုပဲ အထီးကျန်တစ်ယောက်တည်း ဖြစ်နေတဲ့မိန်းကလေး။ သူ့ကို ငါ ကပွဲမှာ တွေ့ ရပေမဲ့ သူက အပေါစား မိန်းကလေးမဟုတ်ပါဘူး။ သူဟာ ဒီလုပ်ငန်းနဲ့ အသက်မွေးနေရပေမဲ့ မင်းမြင် ခဲ့တဲ့အတိုင်း တန်ဖိုးရှိတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူ့အရည်အချင်းတွေကို မင်းလည်း သိပါတယ်။ သူက ငါ့ကို တကယ်လည်း ချစ်ပါတယ်။ ငါ့အနေနဲ့လည်း သူ့ကို တကယ်လိုအပ်ခဲ့ပါတယ်။ ငါဟာ ဆွန်ယာ့ကို အပေါစားမိန်းကလေးတစ်ယောက်လို့ လုံးဝမထင်ခဲ့ဘူး။ သူက အသက်ငယ်တယ်။ အခြေ အမြစ်မရှိဘူး။ အိမ်ခြေရာခြေ မရှိဘူး။ ဒါပေမဲ့… အဲဒီအတွက် သူ့ကို အပေါစားလို့ သတ်မှတ်လို့မရပါ ဘူး။ ဒါပေမဲ့… မင်းနဲ့ယှဉ်ရင်တော့ အလကားပါပဲ… အလကားပါပဲ။ ဘာမှယှဉ်လို့ မရပါဘူး"
လော်ရာ၏ရင်ထဲတွင် ဆို့နင့်နင့် ခံစားလာရသည်။ သို့သော် သူမက ဘာမှမပြော။ မလှုပ်မယှက် ငြိမ်သက်စွာဖြင့်သာ နားထောင်မြဲ ထောင်နေသည်။

"ဒီလိုနဲ့… ကလေး မွေးလာတယ်။ ဒါဟာ မရှောင်မလွှဲသာမှ နောက်ဆုံးအဆင့်အဖြစ် ငါ လိုချင်တဲ့ အရာ ပါ။ ကလေးရလာတော့ ငါ အကြီးအကျယ် တုန်လှုပ်သွားမိတယ်။ ကိုယ့်ကိုယ်ကိုယ် ပြစ်မှုကြီးတစ်ခု ကျူးလွန်သွားမိသူလို့လည်း ထင်လာမိတယ်။ ကလေး လိုချင်တဲ့စိတ် တစ်ခါတစ်လေ ဖြစ်ပေါ်ခဲ့မိတယ် ဆိုတာ ငါ ဝန်ခံပါတယ်။ ဒါပေမဲ့ ဒီကလေးကိုတော့ ငါ့ရင်သွေးကလေးလို့ လုံးဝမထင်ခဲ့ဘူး။ ဒီကို ခေါ် လာဖို့ ဆိုတာကိုလည်း ငါ အိပ်မက်တောင် မမက်ခဲ့ပါဘူး။ သူက ကိုရီးယားမှာ မွေးတယ်။ သူဟာ ကိုရီး ယားနိုင်ငံနဲ့ပဲ ပတ်သက်တယ်။ အဲ… ငါ့အနေနဲ့ ဝမ်းသာချင်သလိုလို ဖြစ်ခဲ့တာ တစ်ချက်တော့ ရှိတယ်။ ဆွန်ယာ့မှာ သားကလေး ရလာတဲ့အတွက် သူ့ကို ပြုစုစောင့်ရှောက်ဖို့ လူတစ်ယောက် ရလာပြီဆိုပြီး ငါက တစ်နည်းအားဖြင့် ဝမ်းသာ မိခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါက သူနဲ့အတူတူ တစ်သက်လုံး မနေနိုင်ဘူး။ ကိုယ့်နိုင်ငံ ပြန်ရမယ်။ မင်းဆီ ပြန်ရမယ် မဟုတ်လား"
သူက စကားရပ် ၍ လော်ရာထံမှ တုံ့ပြန်ချက်ကို မျှော်သည်။ သို့သော် လော်ရာက ဘာမှမပြော။ သည် တော့မှ သူက ဆက်ပြောပြန်သည်။

"ဒီအကြောင်း တခြားမိန်းမတစ်ယောက်ကို ပြောပြရတာ တော်တော်ခက်ခဲတဲ့အလုပ်ပဲ။ ဒါကြောင့်မို့လို့ လည်း ရောက်စ က မင်းကို ငါ မပြောဖြစ်ခဲ့ရတာပါ။ မင်းကို ငါ အများကြီးချစ်ပါတယ်… လော်ရာ။ မင်းရဲ့ အလှ။ မင်းရဲ့ အသိဉာဏ်ဟာ ဘယ်သူနဲ့မှ ယှဉ်လို့မရပါဘူး။ ဒါကြောင့်လည်း ငါဟာ ဆွန်ယာနဲ့ သူ့ သားကလေးကို လုံးဝ ဂရုမစိုက်ဘဲ နေနိုင်ခဲ့တာပေါ့။ ငါက သူ့ကို ဘာကတိမှ မပေးခဲ့ပါဘူး။ သူ လိုချင် တာကို ငါက ပေးခဲ့တယ်။ ငါ လိုချင်တာ ကို သူက ပေးခဲ့တယ်။ ဒီလောက်ပါပဲ။ အတိတ်ဟာ အတိတ် မှာ ကျန်ခဲ့ပါပြီ"

"ဒါပေမဲ့ တခြားလူတွေက ဒီအခြေအနေတွေကို ဘယ်လို နားလည်နိုင်ပါ့မလဲ။ ပြည်နယ် အုပ်ချုပ်ရေး မှူးဖြစ်ချင်တဲ့ လူတစ်ယောက်။ တတ်နိုင်ရင် သမ္မတအထိ ဖြစ်ချင်တဲ့ လူတစ်ယောက်ရဲ့ဘဝကို စာနာ စိတ်နဲ့ နားလည်တဲ့လူ ဘယ်နှယောက် ရှိပါ့မလဲ။ လူတွေက တော်တော် ရက်စက်ကြတယ်။ လိုတစ်မျိုး မလိုတစ်မျိုး။ တရားမျှတမှုဆိုတာ လုံးဝ မရှိကြတော့ဘူး။ အဲဒီတော့ ငါ့အနေနဲ့ သူတို့ရဲ့သားကောင် ဘဝမျိုးကို ဘာဖြစ်လို့ အရောက်ခံတော့ မှာလဲ။ ငါ့ဘဝ ဘာလို့ အပျက်ခံတော့မှာလဲ"
လော်ရာ က သူ့စကားကို စိတ်ဝင်စားစွာ နားထောင်နေသည်။ သို့ပေမဲ့ ယခုအချိန်တွင် ခရစ္စက သူမ တစ်ယောက်တည်း ကိုသာ ပြောနေခြင်းမဟုတ်ကြောင်း သူမ သဘောပေါက်သည်။ သူက သူ ရင်ဆိုင် နေရသော ပြဿနာ ကို မမြင်ရသော ခုံသမာဓိ ရုံးတော်တွင် ထုချေလျှောက်လဲနေခြင်းဖြစ်သည်။ ပြည်သူတွေ ထံ တင်ပြနေခြင်းဖြစ်သည်။ တစ်ကမ္ဘာလုံးသို့ တင်ပြနေခြင်းဖြစ်သည်။

သူ့ခံစားချက်ကို လော်ရာ နားလည်ပါပြီ။ သို့သော် သူမက ဘာမှပြန်မပြော။
သူမသည် နေရာမှ ထကာ ခရစ္စအနီးသို့သွားပြီး သူ့ဘေးတွင် ဒူးထောက် ထိုင်ချလိုက်သည်။ ပြီးတော့ ခရစ္စ ရင်ခွင် တွင် ခေါင်းအပ်ကာ ဖက်ထားလိုက်သည်။
သူမရင်သည် တဖျပ်ဖျပ် ခုန်လာသလို ခံစားရသည်။

အပြောင်းအလွဲများစွာဖြင့် နေ့ရောညပါ အငြိမ်မနေရဘဲ ရက်တွေ လတွေ ကုန်လွန်သွားခဲ့သည်။ ထိုကာလ အတွင်း လော်ရာသည် ခြေကုန်လက်ပန်းကျကာ စိတ်မောလူမောဖြစ်ခဲ့ရသည်။ တစ်ခါ တလေများ ငါ တခြားတစ်နိုင်ငံ ကိုများ ရောက်နေသလား။ လူတွေ မြင်ရတာလည်း တစိမ်းတွေလိုပဲ။ သူတို့ပြောတာ ဆိုတာတွေကိုလည်း ငါ ဘာမှ နားမလည်ဘူး… ဟူ၍ပင် အတွေး ဝင်ခဲ့မိသည်။
သူမသည် မပြုံးချင်ဘဲလျက်လည်း ပြုံးခဲ့ရသည်။ လူပေါင်းများစွာနှင့် လက်ဆွဲနှုတ်ဆက်ရသောကြောင့် သူမ၏လက်မှာ ယခင်ကထက် မာသွားသလိုပင် ထင်ခဲ့ရသည်။ သူမ ကျင်လည်နေရသော ဘဝကား သူမနှင့် ဘယ်လိုမှ မပတ်သက်သော ဘဝပါတကား။

သူမနှင့် ခရစ္စတို့သည် ဇာတ်ဆောင်တွေ ဖြစ်နေကြသည်။ ပျော်တော်ဆက်တွေ ဖြစ်နေကြသည်။ အဝတ်အစားတွေ မကြာခဏ လဲကြရသည်။ နေ့ရော ညပါ ဓာတ်ပုံတွေ အရိုက်ခံကြရသည်။
သို့ပေမဲ့… ခရစ္စကတော့ တစ်စက်ကလေးမျှ အပြုံးမပျက်။ သူ့မျက်နှာ သူ့အမူအရာတွင် ပင်ပန်းရိပ် လည်း စိုးစဉ်းမျှ မထင်။ သူသည် အလွန်အားတက်နေသည်။ အလွန်ပျော်ရွှင်နေသည်။
သူက တိုင်းရေးပြည်ရေး။ ကမ္ဘာ့အရေးနှင့်ပတ်သက်သော မိန့်ခွန်းတွေကို တစ်ပွဲပြီးတစ်ပွဲ မမောတမ်း ဟောပြောနေသည်။ သူသာလျှင် ပြည်သူတွေ အားကိုးလောက်သော ပြည်နယ်အုပ်ချုပ်ရေးမှူးကောင်း ဖြစ်ကြောင်း သက်သေ သာဓကတွေ ထုတ်ပြနေသည်။

ခေတ်ကလည်း ခေတ်ဆိုးကြီး။ တစ်ကမ္ဘာလုံး တင်းမာမှုတွေ ပေါ်ပေါက်နေကြသည်။ အရှေ့တောင် အာရှတွင် စစ်ဖြစ်နေသည်။ တိုးတက်စနိုင်ငံများ အချင်းချင်း ရန်စောင်နေကြသည်။ နေရာတကာတွင် စစ်ကို ဦးတည်နေသော တင်းမာမှုတွေ ပေါ်ပေါက်နေကြသည်။
"မောင်… ခေတ်ကြီး ကလည်း မကောင်းပါလား။ ဒီခေတ်မှာမှ ကျွန်မတို့ လူလာဖြစ်ရတာ သိပ်ကံဆိုး တာပဲ… နော်" တစ်ည တွင် လော်ရာက လင်တော်မောင်အား ညည်းပြောပြောမိသည်။

"ဘယ့်နှယ် အဓိပ္ပာယ်မရှိတာ။ ဒီခေတ်မှ စိတ်ဝင်စားဖို့ ကောင်းတာ... လော်ရာ။ ဒီခေတ်မှာ လူသား တွေ အတွက် အကောင်းဆုံး အလုပ်တွေ လုပ်နိုင်မှာ"
"လုပ်နိုင်မယ့် အခြေအနေတွေ က ပေးနေတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီပြည်သူတွေကို ဘယ်လိုလုပ်ပြီး စည်းရုံးလို့ ရနိုင် ပါ့မလဲ"
"ရနိုင်အောင် စည်းရုံးရင် ရနိုင်ရမှာပေါ့။ ပြည်သူတွေက အဓိကမဟုတ်ပါဘူး။ ခေါင်းဆောင်သာ အဓိက ပါ။ ငါ ကလည်း ပြည်သူတွေကို ခေါင်းဆောင်ခေါ်ယူသွားဖို့ကိုပဲ ရည်ရွယ်တယ်။ တစ်ဆင့်စီ တစ်ဆင့်စီ ပေါ့။ ကိုယ်လိုချင် တဲ့ နေရာကို ခေါ်သွားရမှာပေါ့"
"ဘယ်လိုခေါ်သွားမှာလဲ"
"ပြည်သူတွေက အုပ်စုတွေကွဲပြီး စည်းရုံးရေး ပျက်ပြားနေကြတယ်။ တို့ ဘာလူမျိုးလဲဆိုတာ မေ့နေကြ တယ်။ အဲဒါကို တစ်သွေးတစ်သံတည်း၊ တစ်လုံးတစ်စည်းတည်းဖြစ်အောင် စည်းရုံးယူရမယ်။ မယုံရင် မင်း စောင့်ကြည့် စမ်းပါ။ ငါသာ အာဏာရလာရင်... တကယ်တော်တဲ့ အာဏာရှင် ဖြစ်လာမှာ သေချာပါ တယ်"

သူက ပြောပြီး ပြုံးနေသည်။
"ဒီစကားကို လူထုရှေ့မှာတော့ ကျေးဇူးပြုပြီး မပြောလိုက်ပါနဲ့... မောင်ရယ်"
လော်ရာကလည်း ပြုံးနေသည်။
"လော်ရာက ပြောသင့်တဲ့ အချိန်။ မပြောသင့်တဲ့ အချိန်ဆိုတာ ရှိပါတယ်... လော်ရာ။ ငါက မပြောသင့် တဲ့ အချိန် မှာ သွားပြောရလောက်အောင် မမိုက်သေးပါဘူး။ အခုအချိန်မှာ ငါက မျိုးချစ်စိတ် သဘော တရားတွေ ကိုပဲ ဟောပြောနေတယ်။ အာဏာရသွားပြီးတဲ့ နောက်မှာ ဒီသဘောတရားကို အသေးစိတ် ရှင်းပြမယ်။ လက်တွေ့အကောင်အထည် ဖော်ပြမယ်"

တစ်နေ့ထက် တစ်နေ့ ရွေးကောက်ပွဲ ကျင်းပရန် အချိန်နီးကပ်လာသည်နှင့်အမျှ သူတို့အားလုံး အကြောက်ဆုံး အချက် ကတော့ ဘယ်ကလာမှန်းမသိသော အပုပ်ချ အတင်းစကားများပင်ဖြစ်သည်။ သမ္မတ ဟာဒင် အကြောင်းနှင့်ပတ်သက်၍ သူမ၏ဖခင် ပြောဖူးသည်ကို လော်ရာ ရုတ်တရက် သွား၍ သတိရမိသည်။ ဟာဒင် သမ္မတလောင်း အဖြစ် အရွေးခံတော့ ပြိုင်ဘက်ရန်သူများက ဟာဒင်သည် အမေရိကန်လူမျိုးမစစ်။ ကပ္ပလီသွေး ပါသည်ဆိုကာ အပုပ်ချ သတင်းလွှင့်ခဲ့ကြသည့်အကြောင်း ဖြစ် သည်။ ဤသည်မှာ လွန်ခဲ့သော မျိုးဆက်နှစ်ဆက် ကာလက ပေါ်ပေါက်ခဲ့သော ဖြစ်ရပ်...။ သို့သော်... လူမျိုးမစစ်မှုနှင့် ပတ်သက် ၍ နိုင်လိုမင်းထက် ပြုမှုများမှာ ယနေ့ခေတ်တွင်လည်း ဆိုးရွားစွာ တည်ရှိနေ ဆဲပင်ဖြစ်သည်။

ပြီးတော့... သမ္မတ ဂရိုဗာ ကလီးဗ်လင်းကိစ္စလည်း ရှိသေးသည်။ သူ့ပြဿနာနှင့် ထပ်တူထပ်မျှလို ဖြစ် နေသည်။ ကလီးဗ်လင်း သည် တရားမဝင်ရခဲ့သော သားကလေးကို လူသိရှင်ကြား ကြော်ငြာပြီး ရွေး ကောက်ပွဲဝင်ခဲ့သည်။ သူ့ကို တိုင်းပြည် က သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။
သို့သော် ကလီးဗ်လင်းအား ပြည်သူတွေက ခွင့်လွှတ်နိုင်သော်လည်း ခရစ္စကိုကျတော့ ခွင့်လွှတ်နိုင်ကြ မည် မဟုတ်။ အကယ်၍ သူ့တွင် တရားမဝင်သော ကိုရီးယားကပြားသားကလေး တစ်ယောက်ရှိနေ သည်ဆိုတာကို ဆန့်ကျင်ဘက် အုပ်စုက သိသွားခဲ့လျှင် သည်ပြဿနာသည် ဒိုင်းနမိုင်းပေါက်ကွဲသလို ဝုန်းခနဲ ဖြစ်လာနိုင်သည်။
သည်အကြောင်းကို တွေးမိသောအခါ လော်ရာမှာ စိတ်ထဲက ကျိတ်ပြီး အကြီးအကျယ် ပူနေမိတော့ သည်။

ဆက်ရန်
.

No comments: