"ကျွန်တော်တို့ နိုင်ငံရဲ့ ပြဿနာကို ကျွန်တော်တို့ ဖြေရှင်းနိုင်ပါတယ်ဗျာ" ရာဂျာ က ခင်အေးအေး ပင် ပြန်ပြော လိုက်သည်။ လူဝကြီးအနီးသို့ ခပ်ပိန်ပိန်မိန်းမတစ်ဦး ရောက်လာ သည်။ လူဝကြီး မိန်းမ ဖြစ်ဟန် တူ၏။ "ကဲ ရှင့်ပါးစပ်ကျယ်ကြီး ပိတ်မလား မပိတ်ဘူးလား ပြောစမ်း၊ ကောင်လေးခမျာ ဘယ်လောက် အနေရ ကျပ်နေပြီလဲ သိရဲ့လား၊ ဒီမှာ မောင်လေး သူ့ကို သိပ်ဂရုမထားပါနဲ့၊ သူက အာတွေ့တိုင်း လျှောက်ပြီး ဒီလို အပေါက်ရှာပြောတတ်တဲ့လူပါ" ရာဂျာ က အမျိုးသမီးကို ပြုံးပြ လိုက်သည်။ အမျိုးသမီး က ပြန်ပြုံးပြ သည်။ နှစ်လိုနွေးထွေး ဖွယ်ရာ အပြုံး။ ကို ဆက်ဖတ်ရန်...
(၅)
"ဂျိမ်းစတောင်း" ဘူတာတွင် အသားမည်းမည်းနှင့် ခရစ်ယာန်ဘုန်းကြီး တစ်ယောက် တက်လာသည်။ ဘုန်းကြီးက ရာဂျာဘေးခုံတွင် ၀င်ထိုင်သည်။ နောက်ပြီး
"မင်းက အိန္ဒိယပြည်ကလား" ဟုမေးသည်။
ရာဂျာက ပခုံးတွန့်ပြကာ ဟိန္ဒူစတန်နီဘာသာဖြင့် ပြန်ဖြေ၏။
"ကျွန်တော့်ကို ခွင့်လွှတ်ပါ၊ ကျွန်တော် အင်္ဂလိပ်ဘာသာစကား ညံ့လို့ မိခင်ဘာသာစကားနဲ့ပဲ ပြောပါရစေ"
"ဒါလည်း နားလည်ပါတယ်" ဘုန်းကြီး ဟင်ဒီဘာသာစကားဖြင့် ပီပီသသကြီး ပြန်ပြော၏။
"ငါ ဟင်ဒီဘာသာစကား အသုံးမပြုတာ ကြာလို့ အမှားအယွင်း ရှိရင် တောင်းပန်ပါတယ်ကွာ"
ရာဂျာက ရယ်ပစ်လိုက်သည်။
"ခွင့်လွှတ်ပါဆရာ၊ ကျွန်တော် အင်္ဂလိပ်လို ပြောတတ်ပါတယ်၊ ပြီးခဲ့တဲ့ မိနစ်ပိုင်းလောက်တုန်းက တွေ့ကြုံ ခဲ့တဲ့ အဖြစ်အပျက်ကို ကြောက်ပြီး ဒီလို ပြောလိုက်တာပါ"
သူက စောစောက လူဝကြီးနှင့် အဖြစ်အပျက်ကို ပြန်ပြောပြသည်။ သူက စိတ်ပါလက်ပါ ပြောနေ၍ ပတ်ဝန်းကျင်ကိုပင် ခေတ္တမေ့ သွားသည်။ သတိရ၍ ကြည့်လိုက်သောအခါ စောစောက မိန်းမလှလေးသည် သူ့ကို ပြုံကြည့်ပြီး သူပြောတာတွေ မိန်းမလှလေးတို့က ထိုထိုင်ခုံတွင် ပြန်လာထိုင်ကြသည်။ ထို့နောက် သူ့ကို လှည့်မကြည့်ဘဲ ကာတွန်း စာအုပ်တစ်အုပ်ကို စိတ်မပါ လက်မပါ ဖတ်နေခဲ့သည်။ ခုမှသူ့ကို ပြန်ကြည့်နေပြီ။ ရာဂျာ ၀မ်းသာသွားသည်။
"ဟင်ဒီဘာသာဘယ်လို တတ်သလဲ၊ ကျွန်တော့်ကို ပြောပြပါဦး"
"ငါက ၁၉၃၀ ခုနှစ်လောက်က အိန္ဒိယမှာ သာသနာပြုလုပ်ငန်းတွေ လုပ်ခဲ့ဖူးသေးတယ်လေ၊ ပြီးခဲ့တဲ့ စစ်ပွဲတုန်း ကလည်း အိန္ဒိယဘက်မှာ စစ်ဘက်တရားဟောဆရာ လုပ်ခဲ့ဖူးသေးတယ်၊ ငါ့နာမည်က "ဂျွန်မာသယာစ့်" ပါ၊ ဘုန်းတော်ကြီး မစ္စတာဂျွန်မာသယာစ့်လို့လည်း ခေါ်ပါတယ်၊ ဒါပေမဲ့ ခုကတည်းက ပြေထားရဦးမနော်၊ ငါက ဘုန်းတော်ကြီး ဆိုတဲ့ ဘွဲ့ကြီး တပ်ခေါ်တာတော့ မကြိုက်ဘူးဗျ"
"ဟုတ်ကဲ့ခင်ဗျ၊ ကျွန်တော့်နာမည်က ရာဂျာကုမာတြိဝေဒိပါ၊ လပ်ကနောင်းဇာတိပါ"
"လပ်ကနောင်းဆို ငါရောက်ဖူးတာပေါ့၊ ဒါပေမဲ့ ပူနာမှာ အနေများပါတယ်။ ဒါကြောင့် ဟင်ဒီထက် မာရာသီ ဘာသာစကား ကို ပိုတတ်ပါတယ်၊ ဒီကို မင်းဘာလုပ်ဖို့ လာတာလဲ"
"မဟာဝိဇ္ဇာဘွဲ့ ယူဖို့ပါ"
"ဘယ်ဘာသာရပ်နဲ့လဲ"
"စာပေအနုပညာပါ"
"ဘယ်မှာ သင်ရမှာလဲ"
"ဘင်ဂျမင်ဘင်နီကာ တက္ကသိုလ်ပါ"
"ဘင်ဂျမင်ဘင်နီကာ တက္ကသိုလ်၊ ဟုတ်လား"
"မကြားဖူးလို့လား ခင်ဗျား"
"ကြားဖူးတာပေါ့။ ငါနေတာ အင်ဒီကော့မီးလ်မှာပဲ။ တက္ကသိုလ်နဲ့ ဆယ်မိုင်ပဲဝေးတယ်လေ"
"ဟာ ဘယ်လောက် ကံကောင်းလိုက်သလဲလို့။ ကျွန်တော်တို့ ဘာသာစကားတတ်တဲ့သူနဲ့လည်း တွေ့ရတယ်။ အဲဒီလူ ဟာ ကျွန်တော်နေမယ့် မြို့မှာပဲ နေတတ်တဲ့သူနဲ့ မိတ်ဆွေဖြစ်ရတာ သိပ်ကံကောင်းပါတယ်ဗျာ"
"မြို့မဟုတ်ဘူးဗျ နယ် နယ်။ မြို့နဲ့အတော်ဝေးတယ်။ ဒါနဲ့ မင်းဘာဖြစ်လို့ ဘန်နီကာတက္ကသိုလ်ကို ရွေးတာလဲ"
"ကျွန်တော်မရွေးပါဘူး။ ဒါက နိုင်းငံတကာ ပညာရေးသိပ္ပံက ရွေးပေးတာပါ။ ဘန်နီကာဆိုတာက ဘယ်သူ့နာမည် ကို အစွဲပြုမှည့် ခေါ်ထားတာလဲ ဟင်"
"ဘန်နီကာ ဆိုတာက ၁၈ ရာစုနှစ်က ထင်ရှားတဲ့ သင်္ချာပညာရှင်နဲ့ နက္ခတ်ဗေဒပညာရှင် တစ်ယောက်ပဲ၊ သူက မေရီလန်ပြည်နယ် သားလေ။ သူက ၀ါရှင်တန်မြို့တော်ကြီ်း တည်ဆောက် ရာမှာ ပါဝင်လုပ်ဆောင် ပေးတဲ့သူပဲ။ သမ္မတ ဂျက်ဖာဆင်နဲ့ သူငယ်ချင်းတဲ့။ ဒါပေမဲ့ ခုလိုထင်ရှားလာရတာ သူ့ရဲ့ ပြက္ခဒိန်ကြောင့် ပဲ။ ၁၇၉၀ ခုနှစ်လောက်က သူ့ပြက္ခဒိန်ကို အမေရိကန်တစ်နိုင်ငံလုံးက သုံးစွဲကြရတယ်"
ဘုန်းကြီး ၏ စကားများမှာ စိတ်ဝင်စားစရာ ကောင်းသည်။ သို့သော် စကားများနောက်ကွယ်တွင် တစ်ခုခုကို ဖုံးကွယ်ထား ပုံ ရသည်။
ရာဂျာကတော့ တစ်ချက်ချက် မိန်းမလှလေးကို ခိုးကြည့်မိသည်။ ကောင်မလေးကလည်း သူ့ကိုကြည့်နေသည် ကို တွေ့ရသည်။
ကောင်းမလေး ကပြုံးပြသည်။ နောက်ပြီး သူ့အမေကို တစ်စုံတစ်ခုကို ပြောလိုက်သည်။
ကောင်မလေး ၏ အပြုံးကို ရာဂျာ ကျေနပ်သွားသည်။ သူအမေရိကတွင် ပျော်နိုင်ကောင်းပါရဲ့။ ခုနက သူစကားပြော မှား သွားတာမဟုတ်နိုင်ဘူးဆိုတာ သေချာပြီ။
ရာဂျာက ဘုန်းကြီးနှင့် စကားလက်ဆုံ ကျနေသည်။ သူနေရမည့်မြို့လေး အကြောင်းကို ဘုန်းကြီးက အသေးစိတ် ပြောပြနေ သည်။
"တို့်မြို့မှာ ခက်တာက လူမျိုးရေးခွဲခြားမှု ရှိတာပဲကွ။ နီဂရိုးတွေနဲ့ ပတ်သက်လို့ပေါ့။ မြို့မှာ လူဖြူတွေက တစ်ပိုင်း။ နီဂရိုးတွေ က တစ်ပိုင်း"
"နီဂရိုးတွေ နဲ့ လူဖြူတွေကြားမှာ လူမှုရေး ညှိနှိုင်းပေးမှုတွေ မရှိဘူးလား"
"ရှိတော့ ရှိပါတယ်။ ဒါပေမဲ့ သိပ်အရာ မရောက်လှဘူးပေါ့ကွာ။ မင်း စိတ်မဆိုးဘူးဆိုရင် ပြောရ ဦးမယ်။ ခုဟာက မင်းတို့လို ဗြဟ္မဏနဲ့ တခြားဇာတ်နိမ့်သူတွေ ပေါင်းဖို့သင်းဖို့ အတော်ကြိုးစား ရမှာပဲနော်"
"ကျွန်တော် ဗြဟ္မဏဆိုတာ ခင်းဗျားဘယ့်နှယ်လုပ် သိသလဲ"
"နာမည် ကိုက တြိဝေဒိဆို မဟုတ်လား။ ဝေဒသုံးပါး ဆိုတဲ့ အဓိပ္ပယ်။ ဒါဆို ဗြဟ္မဏပဲ ဖြစ်ရမှာပေါ့။ မဟုတ် ဘူးလား"
"ကျွန်တော်က တချို့နေရာတွေမှာ ရှေးဟောင်းဆန်ပါတယ်။ ကျွန်တော် ဒီကိုမလာခင်မှာ ကျွန်တော့်အဘိုးက မှာလိုက်တယ်။ မဟာဘာရတ စာမျက်နှာတွေကြားထဲက ရုန်းထွက်ပြီး ၂၀ ရာစုထဲကို ရဲရဲဝင်ဖို့ ပြောပါတယ်။ ဒါပေမဲ့ ကျွန်တော် က အတိတ်ကို ချစ်တယ်။ ပစ္စုပ္ပန်ဟာ စိတ်နောက်စရာ ကောင်းတယ်။ ရှုပ်ထွေးတယ်။ ပုံသဏ္ဍန် မဲ့တယ်။ ကျွန်တော့်အကြောင်းတွေ သိရတော့ ခင်ဗျား မအံ့သြဘူးလား"
"နည်းနည်းတော့ အံ့သြတာပေါ့ကွာ။ ငါတွေးမိတာက ဒီကလူတွေက အတိတ်ကိုဘာမှ ဂရုစိုက်ကြတဲ့သူတွေ မဟုတ်ဘူး ကွ။ အများစုက ပစ္စုပ္ပန်ကိုလည်း သိပ်ကြိုက်ကြတာလည်း မဟုန်ဘူးကွ။ အားလုံးက အနာဂတ်ကိုပဲ အိပ်မက် မက်နေကြတယ်။ မျှော်နေတတ်ကြတယ်။ ဒီလိုလူတွေနဲ့ မင်းနဲ့ ဖြစ်ပါ့မလားမသိဘူး။ ဒါပေမဲ့ မင်းရဲ့ အတွေး အခေါ်ကတော့ စိတ်ဝင်းစာစရာ ကောင်းပါတယ်။ တို့အုပ်စုမှာ လာပြီး ပြောပြပါလား။ ငါတို့ရဲ့ ဆွေးနွေမှု စကားဝိုင်းကို တနင်္ဂနွေနေ့ ညတိုင်း အမြဲ လုပ်လေ့ရှိတယ်ကွ"
"ကျွန်တော် အဲဒီကို လာခဲ့ပါနမယ်။ တက္ကသိုလ်နဲ့ ဘုရားကျောင်း နဲ့က အတော်ဝေးသလား"
"မဝေးပါဘူး ဘတ်စ်ကားနဲ့ ၁၅ မိနစ်ခရီးပဲ ကြာမယ်"
ရာဂျာက ကောင်မလေးကို ခိုးကြည့်ပြန်သည်။ ပါးစပ်မှ တစ်ခုခုကို ၀ါးနေသည်မှအပတိတ်ဆိတ်စွာ ထိုင်နေသည်ကို တွေ့ရသည်။ "ကျွန်တော်တော့ ပီကေ၀ါးတာ မကြိုက်ပါဘူး"
"ငါလည်း မကြိုက်ပါဘူးကွ။ ဒါပေမဲ့ ဟေ ဟို ပီကေ၀ါးနေတဲ့ ကောင်မလေးကတော့ အတော် ဆွဲဆောင်မှု ရှိသားနော်" ရာဂျာ က ပြုံးရင်ပြောလိုက်သည်။
"အဲဒါကို ငါ သတိပြုမိပါတယ်ကွာ"
"ဟာ၊ သတိပြုမိတယ် ဟုတ်လား"
ရာဂျာက တအံ့တသြကြီး လှမ်းမေးလိုက်သည်။
"အေးပါ့ကွာ။ ငါကလည်း ကန်းနေတဲ့လူမှ မဟုတ်တာ ဟား ဟား ဟား" ဘုန်းကြီးက သူ့ဖာသာသူ သဘောကျပြီး ရယ်နေ သည်။
"သူ့ကိုသိလား ဟင်" ရာဂျာက မေးလိုက်သည်။ သိပ်ပြီးအလောတကြီး သိလိုဟန်မပေါ်အောင်လည်း ထိန်းထိန်း သိမ်းသိမ်းနှင့်။
"မသိဘူးကွ။ ဒါပေမဲ့ မင်းသိချင်တယ်ဆို ငါစုံစမ်းပေးပါ့မယ်။ သိဖို့ လွယ်ပါတယ်ကွ"
"နေပါစေ နေပါစေဗျာ" ရာဂျာက ကမန်းကတန်း ပိတ်လိုက်ရသည်။ ထို့နောက် စကားလမ်းကြောင်း လွှဲပစ်သည့်အနေနှင့် "တက္ကသိုလ် အဓိပတိကို သိသလားဟင်"
"ဒေါက်တာ ဖရက်ဒရစ် ဒေါက်ကလပ်စ်အေမိစ်ကို ပြောတာလား၊ သူနဲ့ ငါနဲ့က သိတာကြာပြီကွ၊ ငါနဲ့ မိတ်ရင်းဆွေရင်း တစ်ယောက်ပဲ" "သူ့အပေါ် ဘယ်လိုမြင်သလဲ" "သတ္တိရှိပြီး မြင့်မြတ်တဲ့ လူတစ်ယောက်ပါပဲ"
"ဘာဖြစ်လို့ သတ္တိရှိတယ် မြင့်မြတ်တယ် လို့ ပြောနိုင်သလဲဗျ"
"ဒီစကားလုံးတွေက သူ့အတွက် ရည်ရွယ်ထားတဲ့ စကားလုံးတွေမို့ပဲကွ၊ သူဟာ အလုပ်လည်း ကြိုး စားတယ်၊ တော်လည်းတော်တယ်၊ စိတ်ထားလည်း ဖြူစင်တယ်၊ သူ့မှာ အိမ်ထောင်ရှိတယ်။ ၁၇နှစ်အရွယ် သမီးချောလေး ရယ်၊ ၁၁နှစ်သမီးရယ်၊ ၂နှစ်သားလေးရယ်၊ သူက အခုမှ အသက် ၅၀ ရှိသေးတယ်"
ရာဂျာ ကမူ ဘုန်းကြီး၏ စကားများကို မကျေနပ်နိုင်။ အုန်းသီးလို စကားမျိုးဟု ထင်သည်။ ယခု အပြင်အခွံလွှာ ကို ပြောနေသည်။ အတွင်းသားများကိုကား ဖုံးကွယ်ထားသည်။
"ဘန်နီကာ"ရဲ့ အကြောင်းရင်းအမှန်က ဘာလဲ။ ဘုန်းတော်ကြီးကား တစ်ခုခုကို ဖုံးကွယ်ထား ကြောင်း ထင်ရှားနေပြီ။ သူကား မအောင့်အီးနိုင်တော့။
"ကျွန်တော် ခုထိ မရှင်းသေးဘူး၊ ဘန်နီကာတက္ကသိုလ်နဲ့ ပတ်သက်လို့ ခင်ဗျား ကျွန်တော့်ကို မပြောပြချင်တဲ့ အချက်တွေ ရှိ လိမ့်ဦးမယ်လို့ ကျွန်တော် ထင်တယ်၊ ကျွန်တော့်ကို ကူညီစမ်းပါဗျာ၊ ကူညီမယ် လို့လည်း မျှော်လင့်မိပါတယ်၊ ဘန်နီကာတက္ကသိုလ်ရဲ့အကြောင်းကို အကုန် သိပါရစေ"
"ငါ ဆေးတံသောက်ချင်သေးတယ်ကွယ်၊ ခံတွင်းချဉ်နေတာ ကြာပြီ"
ဘုန်းကြီးက ဆေးတံမီးညှိကာ ဖွာနေသည်။ အတော်ကြာမှ သိပ်မကျန်တော့ ဘူး။ ပြောစရာရှိ တာ တော့ ပြောရမှာပေါ့ကွာ" ရာဂျာကမူ ငြိမ်ပြီး နားထောင်နေသည်။ ဘုန်းကြီးသည် ဆေးတံကို တစ်ချက် ရှိုက်ဖွာလိုက်သည်။ မီးခိုးလုံးမျးသည် ကွေ့ကောက်စွာဖြင့် အပေါ်သို့ တက်သွားကြသည်။
ထို့နောက် သူက ဆေးတံကို ခေါက်လိုက်ပြီး ပိုင်းပိုင်းပြတ်ပြတ် အသံဖြင့် ပြောလိုက်၏။
"ရာဂျာ ဘင်ဂျမင်ဘန်နီတက္ကသိုလ်က နီဂရိုးတက္ကသိုလ်ကွ"
"ဘာဆိုလိုတာလဲဗျ၊ နီဂရိုးတက္ကသိုလ်ဆိုတာ"
"ငါပြောတာ ရှင်းပါတယ်၊ ဒါဟာ နီဂရိုးကျောင်းသားတွေအတွက် ဖွင့်ထားတဲ့ နီဂရိုး တက္ကသိုလ်ပေါ့ကွ"
"တခြား တခြား လူမျိုးတွေတောင် မရှိဘူးလားဟင်"
"မရှိဘူးကွ" "ဘာဖြစ်လို့ နီဂရိုးတက္ကသိုလ်သက်သက် ဖြစ်နေရတာလဲဟင်"
"ရာဂျာရယ် မင်းက ငါတို့သမိုင်းကို ဘာမှမသိသေးပဲကိုး။ အသားရောင် ခွဲခြားမှုဆိုတဲ့ စနစ်ကြောင့် နီဂရိုးတွေဟာ တခြားကောလိပ်တွေ တက္ကသိုလ်တွေမှာ တက်ခွင့်မရှိကြလို့၊ သူတို့ဖာသာ သီးခြား တက္ကသိုလ်တစ်ခု ထူထောင်ကြ ရတယ်။ အဲဒီလိုမှ မထူထောင်ရင် ဘယ်မှာသွား ပညာသင်နိုင်ကြ မလဲ။ ဒီနေ့ခေတ်မှာတောင် နီဂရိုး လက်တစ်ဆုတ်စာလောက်က လူဖြူတက္ကသိုလ်တွေမှာ ပညာ သင်နိုင်ကြသေးကွ"
"ကျွန်တော်တို့ အိန္ဒိယကျောင်းသားတွေကိုကော နီဂရိုးတက္ကသိုလ် သွားမယ်ဆိုလို့ ငါလည်း အံ့သြသွားတာပေါ့။ ဒါပေမဲ့ကွာ ဒီအချက်တစ်ခုတည်းကြောင့် အိန္ဒိယလူမျိုးဖြစ်ဖြစ် ဘာလူမျိုး ဖြစ်ဖြစ် ဘန်နီကာတက္ကသိုလ်ကို မတက်သင့်ဘူး လို့ မပြောနိုင်ပါဘူး" "ဒီလိုဆို တခြားလူတွေနဲ့ ကျွန်တော်နဲ့ ဆက်ဆံရေးကကော ဘယ်လိုဖြစ်မလဲ" "ဒါတော့ ခက်တယ်ကွ။ ခက်တယ်"
ရာဂျာနားလည်သွားပေပြီ။ မိန်းမလှလေးသည် ဘန်နီကာ တက္ကသိုလ်ဆိုသော စကားလုံးကို ကြားလိုက်သည်နှင့် တစ်ခါတည်း မူပျက်သွားကာ မခေါ်နိုင် မပြောနိုင် ဖြစ်သွားခဲ့သည် မဟုတ် လေ။ ဤသည်မှာ အိန္ဒိပြည်မှလာသော အိန္ဒိယနိုင်ငံသားဖြစ်ကြောင် သိ၍မဟုတ်။ နီဂရိုး တက္ကသိုလ်တက်မည့် သူမှန်းသိ ၍ ဝေးစွာ ရှောင်ရှားကြခြင်းသာ ဖြစ်သည်။ တခြားလူတွေ ကလည်း ဒီကောင်မလေလိုပင် သူ့ကို ဆက်ဆံကြပေ မည်။ မတူမတန်သလို ဇာတ်နိမ့်သလို။ အောက်တန်းစားလို့ဆိုပြီး။
ရာဂျာကား ထောင်ချောက်ထဲမိသွားလေပြီ။ အလှည့်စားခံလိုက်ရပေပြီ။ ဒေါသစိတ်သည် တလှိုက် လှိုက် တိုးတက်လာသည်။ လှိုင်းလုံးများ တလိမ့်လိမ့်နှင့် ကျောက်ဆောင်ကို ရိုက်ခတ်သလိုပင် သူ့တစ်ကိုယ်လုံး လည်း ဒေါသစိတ်ဖြင့် အထုအထောင်း ခံနေရသည်။
ဘုန်းတော်ကြီး က သူ့ပခုံးကို လာဆုတ်ပြီး အားပေးသည်။
"ဒီသတင်း က မင်းကို အံ့သြတုန်လှုပ်စေမယ်ဆိုတာ ငါသိပါတယ်။ ဘန်နီကာတက္ကသိုလ်ကို သွားမယ်ဆိုတဲ့ မင်းစကား ကို ကြားရကတည်းက ငါဘယ်လို စဖွင့်ပြောရမယ်ဆိုတာ စဉ်းစားနေ တာ။ ဒါဟာ နီဂရိုးတက္ကသိုလ် ပါလို့ မင်းကို မပြောရက်ဘူး။ အခုမင်းက မေးလို့ ပြောလိုက်ရတာ ကွယ့်"
"ဒါပေမဲ့ ငါထပ်ပြောလိုက်ပါရစေဦးကွာ၊ မင်းဟာ ဘန်နီကာတက္ကသိုလ်ကိုတက်မယ့် ပထမဆုံး အိန္ဒိယကျောင်းသား ပါ။ မင်းကို သူတို့က အထူးတလည် ဂုဏ်ပြုကြိုဆိုကြမှာ သေချာပါတယ်။ မင်းဟာ သိပ်ယဉ်ကျေး သိမ်မွေ့တဲ့လူ၊ သိပ်ကြင်နာသနားတတ်တဲ့သူ ဆိုတာ ငါ သိပါတယ်။ စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန် ကျင့်ကြံပါနော်"
ရာဂျာက ခေါင်းညတ်လိုက်သည်။ မျက်ရည်မကျစေရန် နှုတ်ခမ်းသားကို အတင်းကိုက်ထားရ သည်။ သူ ဘာမှ ပြန်မပြောနိုင်မီမှာပင် "အင်း ဒီကော့ မီးလ်ရောက်ပြီ" ဟူသော အသံကို ကြားလိုက်ရသည်။
ဘုန်းတော်ကြီး က သူ့ဝန်စည်စလွယ်တွေကို ကူမပေးသည်။ ရထားရပ်လိုက်တော့ ဘုန်းကြီးက အရင် ဆင်းသည်။ ရာဂျာက နောက်မှ လိုက်သည်။ မိန်းမလှလေး နံဘေးမှ ဖြတ်သွားသောအခါ ကောင်မလေးက ပြုံးပြီး "ဘိုင့်ဘိုင့်" ဟု နှုတ်ဆက်သည်။ သူကတော့ ဘာမှပြန်မပြောမိ။ နှုတ်ဆက်စကားလေးပင် သူ့နှုတ်ခမ်းမှ တိုးထွက် မလာနိုင်တော့။ စိုးရွံ့တုန်လှုပ်မှုများဖြင့် သူသည် ထုံထိုင်းနေချေပြီတကား။
ဆက်ရန်
.

No comments:
Post a Comment