Saturday, August 4, 2012
ကြူးနှစ် ၏ ဇာတ်ကောင်တွေဆီက ထွက်ပြေးတဲ့ဇာတ်လမ်း, အပိုင်း (၆)
အဲသိလို ... အပင်ပန်းခံရကျိုးတော့ နပ်ပါရဲ့။ ငါတစ်ရက်ဆီ ထွက်ရောင်းလို့ရတဲ့ အမြတ်ဟာ ငါတို့ လင်မယား သုံးရက် ထိုင်စား လို့ရတယ်။ ဒါပေမဲ့ စီးပွားရေးလုပ်တဲ့နေရာမှာ အမြတ်ကို ကုန်အောင် သုံးပြီး မှ နောက်ထပ် အမြတ် ထပ်ရှာတယ် ဆိုတဲ့ ပုံစံစနစ် ဘယ်မှာမှ မရှိဘူး။ တစ်နေ့လုပ် တစ်နေ့ စား ဘ၀တွေ ကိုတော့ ငါ ထည့် မပြောချင်ဘူး။ ငါကတော့ ငါ့ဒီဇယ်ဖောက်သည်တွေရဲ့ အိမ်ကလေး  တွေမှာ ညဘက် လိမ္မော်ရောင် နီကြင်ကြင် မီးရောင်ကလေး ပုံမှန်လင်းနေနိုင်ဖို့၊ သူ့ရက်ပတ် နဲ့သူ၊ ပုံမှန်ဒီဇယ် ထွက်ရောင်းနေတာပဲ။ ကို ဆက်ဖတ်ရန်.......
အဲဒီအချိန်မှာ ... ငါ့အချစ်ဆုံး၊ အချစ်ခဲ စန်းချိုက ... ငါ့လုပ်စာကို ထိုင်စားနေသတဲ့လား။ (ဟိုး-ဟိုး-နိုး-နိုး) သူကလည်း သူစိတ်ကူးထားတဲ့အတိုင်း။ "မယင်းကုန်း" တို့ "မိုးကြိုးပစ်" တို့လို ဥယျာဉ်ရွာ တွေကနေ၊ ပန်းမျိုးစုံနဲ့ ဟင်းရွက်သီးနှံတွေ ဖောက်သည်ယူပြီး၊ တောင်းတစ်လုံး၊ ချိန်ခွင် တစ်လက်နဲ့ ရွာစဉ်လှည့်လို့ (ဟင်းရွက်စုံ ... ပန်း) လို့ အော်ရောင်းရတယ်။
သူလည်း တစ်နေ့ကို အသွားအပြန် မိုင် ၂၀လောက်တော့ လျှောက်ရတာပဲ။ (၃)လလောက်ကြာတော့ နဂိုက တုတ်ခဲနေ တဲ့ သူခြေသလုံး မည်းမည်းကြီးတွေ ဆင်ခြေထောက်ရောဂါသည်လို ပိုတုတ်လာတော့တာပဲ၊ ဒါပေမဲ့ စန်းချို က ၀က်လူးမှာနေတုံးက အပျိုဘ၀ကတည်းက ရောင်းတတ် ၀ယ်တတ်ခဲ့တာဆိုတော့ သူ ကုန်စိမ်းနဲ့ ပန်းရောင်းတာ က ငါ ဒီဇယ်ရောင်းတာထက်တောင် ပိုမြတသေး။
မင်းတို့အဲသလို စီးပွားရေးအဆင်ပြေလာကြတော့ ကိုယ့်အိုးကိုယ့်အိမ် သီးခြားခွဲပြီး မဆောက်ကြ ဘူးလား ဦးဘာဘူ က မေးသောအခါ၊ သန်းဆိုင်ကလေးနက်သော မျက်နှာထားဖြင့် ဦးခေါင်းကို ဖြည်းလေးစွာ ခါယမ်းပြသည်။
... သုံးအိမ်စုရွာသစ်ကွင်းဆိုတဲ့ ပျံကျရွာမှာ ...၊ နေ့ချင်းညချင်း အိုးသစ်အိမ်သစ် ထဆောက်လို့ မဖြစ်ဘူး ဦးဘာဘူ၊ ကျွန်တော်တို့ကို စိတ်ဝင်စားပြီး မျက်လုံးဒေါက်ထောက် ကြည့်လာကြလိမ့်မယ်၊ ပြီးရင် ပတ်ဝန်းကျင် ကလည်း အချေးအငှား ထူတတ်ပါဘိနဲ့၊ သူခိုးသူဝှက်ကလည်း ပေါသေးဗျ၊ ဒီတော့ ကျွန်တော်တို့က ရှိတာကလေးတွေ ကို ကျစ်ကျစ်ပါအောင် ထုပ်ထားပြီး မွဲလက်စနဲ့ မွဲချင် ယောင်နေရတယ်၊ ကျွန်တော် ဒီဇယ်လျှောက်ရောင်းလို့ မြတ်တာကိုလည်း လျှော့ပြောရတယ်။
တစ်ခါတလေ ဒီဇယ်ပုံးပေါက်သွားလို့ အရှုံးပေါ်တယ်ဆိုပြီး ပလီစိချောက်ချက် သတင်းလွှင့် ရသေးတယ်၊ စန်းချို ကလည်း ကျွန်တော့်ထက်တောင် ပါးသေးတယ်။ နားကပ်ပန်နိုင်ရဲ့သားနဲ့ နားကပ်တောင် မလုပ်ဘူး။ သူ့ကုန်စိမ်းတွေ ကလည်း ခဏခဏပုပ်ရတာနဲ့။ ပန်းတွေလည်း ညှိုးရကုန်လို့ လွှင့်ပစ်ရတာနဲ့ ဟားဟား၊ ပတ်ဝန်းကျင် ကို ယုံလောက်အောင် လှည့်စားထားရတာပေါ့ဗျာ။ ကုန်ကုန်ပြောရရင် ကျွန်တော်တို့ လင်မယား ဘယ်တော့မှ ဟင်းကောင်း ကျွေးကောင်း အမဲသား ငါးဖွယ်ဖွယ်ရာရာ ချက်မစားဘူး။
ငါးပိရေတို့စရာ ....ပဲပြုတ်..ဒါတွေပဲ အုပ်ပြနေခဲ့ကြတယ်။ ကျွန်တော်လည်း ပုဆိုးအစုတ်၊ အင်္ကျီကုပ်ပြဲနဲ့ ဒီဇယ် လှည့်ရောင်းနေတာပဲ စန်းချိုကလည်း သင့်တော်ရုံ အဝတ်အစားပဲ ဝတ်တယ်။ အဖိုးတန် နောက်ဆုံးပေါ်တွင် ဝယ်နိုင်ရဲ့သား နဲ့ ဝယ်မဝတ်ဘူး။ ကျွန်တော်တို့က မင်သေသေနဲ့ သရုပ်ဆောင်ပြတော့ ပတ်ဝန်းကျင်ကလည်း သန်းဆိုင် နဲ့ စန်းချိုတို့ လင်မယားဟာ မျောက်လောင်းဘဝက မတက်လာပါလားလို့ ယုံကြည်သွားကြတယ်။ ကျွန်တော် တို့ နှစ်ယောက်၊ ဦးခန့်အိမ်ဘေးက ကတ်သီးကတ်သတ် ကျဉ်းကျဉ်းကျုတ်ကျုတ် အဖီ ကလေးထဲ မှာ ခွေးတိုးဝက်ဝင်နေမြဲ နေခဲ့ကြတာပေါ့။ တစ်ခုတော့ ရှိတယ်။
ဦးခန့်ရဲ့ စက်ဘီး နဲ့ ကျွန်တော်က စီးပွားရေးလုပ်နေတော့၊ စက်ဘီးရဲ့ တန်ရာတန်ကြေးကို ကျွန်တော် အရစ်ကျ ဆပ်လိုက်တာ၊ စက်ဘီးကို ကျွန်တော် ပိုင်သွားပြီ။
ဦးခန့်ဟာ ကျွန်တော်ကျေးဇူးရှင် ဖြစ်သလို၊ ဒီ... ဟာကြူလီ ဘီးအိုကြီးဟာလည်း ကျွန်တော်သွေးသောက် ရဲဘော်ကြီးပေါ့။ ဒီကောင်ကြီး ရှာပေးခဲ့တဲ့ ပိုက်ဆံက နည်းနည်းနောနောမှ မဟုတ်တာပဲ။ စက်ဘီးနဲ့မဟုတ်ပဲ၊ တခြား မီးထွန်းဆီသည်တွေလို တောင်းနဲ့ရွတ် အထမ်းနဲ့ထမ်းပြီး လည်ရောင်းကြည့်ပါလား၊ စက်ဘီးနဲ့လောက် ဘယ်ခရီး တွင်ပါ့မလဲ။ စန်းချို ခြေသလုံးကြီးတွေ တုတ်လာသလို  ကျွန်တော့် ခြေသလုံကြွက်သားတွေလည်း စက်ဘီးနင်း ရလွန်းလို့ ကျောက်တုံး ကျောက်ခဲ တွေလို မာကျစ်ကုန်ကြပြီ။
ရှေးလူကြီးစကား ရှိရဲ့နော်"သွားပါများ ခရီးရောက်"တဲ့။ ကျွန်တော့်ကျတော့ "သွားပါများ သတင်းရတာ" ၊"မေးပါများစကားရ"တာ မဟုတ်ဘူး၊ ကိုးကျောင်း ကိုးကျင်းလျှောက်သွားနေတော့ အကျိုးရှိမယ့် ပါးစပ်သတင်းတွေရတာပေါ့။ ကျွန်တော်......မြို့က တရုတ်ကြင်ဝှက်ဆီမှာ ဒီဇယ်ဝယ်လာတိုင်း ဟောဒီ ကျိုက်ဒေးယျုံ ဘုရားကြီးဘေးက ဖြတ်ဖြတ်လာရတယ်။ ပြန်ရင်လည်း ဘုရားကြီးဘေးက ဖြတ်ဖြတ်ပြန်ရတယ်။ ကျွန်တော်က ဘုန်းကြီးလူထွက်သားမို့ ဘာသာတရားကိုင်းရှိုင်းတာ မဟုတ်ဘူး။ ဟောဒီ.... ကျိုက်ဒေးယျုံ ဘုရားကြီး ဟာ သမိုင်းဝင်ဆု တောင်းပြည့်ဘုရားကြီးလို့  ကြားဖူးနားဝ ရှိတဲ့အတွက်၊ ဒီဇယ် လာဝယ်ရင်.....ဘုရားကြီးမှာ စက်ဘီ ခဏရပ်ပြီး၊ ဘုရားရင်ပြင်တော်ပေါ်က ကျွန်တော့်မွေးနံ ရာဟုထောင့်မှာ ဘုရာ်းဝတ်ပြုရင်း ဆု တောင်းတတ်တယ်။(ဟဲဟဲ)ဆုတောင်းတာတွေကတော့ တစ်ခါဘုရားဖူးတစ်မျိုးပဲ၊ ဒီဇယ်ရောင်း ကောင်းဖို့လည်း ပါတယ်။
ထီပေါက်ဖို့လည်းပါတယ်။ လိမ္မာပြီး ရုပ်ချောတဲ့ သမီးဦးလေးရဖို့လည်း ပါသေးရဲ့ မျက်လုံးပြူး၊ နှာတံတို၊ ပါးစပ်ပြဲ၊ အသားမည်း မယားက သမီးချောကလေးမွေးဖို့ဆိုတာကတော့... တောင်ထိပ်မှာ ကြာပေါက် မယ့် အံဖွယ်သရဲ ထူးကဲ တဲ့ ဆုလာဘ်ကြီးပါလေ။
    အဲဒီတုန်းက.... ဘုရားကြီးဟာ ပြုပြင်စောင့်ရှောက်မှု လျော့ရီနေတော့၊ အတော့်ကို အသွင် အပြင်ကို ညှိုးငယ်နေတယ်၊ ရွှေသင်္ကန်းတွေကွာကျပြီး ကြေးညှော် အလိမ်းလိမ်းနဲ့၊ ထီးတော်မှာလည်း သံချေးစွဲပြီး မည်း တူးနေတယ်။ ရင်ပြင်တော်မှာလည်း ရေညှိတွေ၊ သစ်ရွက်ခြောက်တွေ၊ ငှက်ချေးတွေ တင်းကျပ်ပြည့်လို့။ မဟာရံတိုင်းကလည်း နေရာတော်တော်များများမှာ အင်္ဂတွေကွာပြီး၊ အောက်ခံ အုပ်တွေ ကွက်ကျားပေါ်နေကြသည်။ ဂန္ဓကုဋီတိုက်တစ်ခုပဲ။ နည်းနည်းပါးပါး သပ်ရပ်တယ်။ ဒါတောင် သန့်ရှင်မှုနည်းတော့ ပန်းခြောက်တွေကော၊ အပြင်ကလွင့်လာကြတဲ့ သစ်ရွက်ခြောက်တွေပါ သမံ တလင်းပေါ်မှာ အမြဲပြန့်ကျဲနေတ်ာတွေ့ရတယ်။ ဆင်းတုတော်ကိုလည်း မှန်မှန်ရောင်တော် ဖွင့်ပုံမရဘူး။
    ဘုရားကြီးရဲ့ မုခ်ဝအနား၊ မဟာရံတိုင်းဘေးမှာ အကြော်ဆိုင်တဲကလေးတစ်လုံးရှိတယ်။ ကျွန်တော်က ရွာကထွက်ရင် အဲဒီအကြော်ဆိုင်မှာ စက်ဘီးအပ်ပြီး၊ ဘုရားတက်ဝတ်ပြု၊ ဝတ်ပြုပြီး ပြန်ဆင်းလာရင် အဆာပြေ အကြော်စားရင်း အကြော်ကြော်ရောင်းနေတာက အသက်(၅၀)ယောက် မိန်းမလျာကြီးတစ်ယောက်ကိုး၊ အပြောအဆို အဆက်အဆံ ကတော့ မိန်းမသားအစစ်ထက်တောင် သိမ်မွေ့ပါသေးဗျား၊ သူ့ဆိုင်မှာ ကျွန်တော် က ပုံမှန်ဖောက်သည်လို ဖြစ်နေတာ...၊ သူနဲ့ ကျွန်တော် မိတ်ဟောင်း ဆွေဟောင်းတွေလို ရင်းနှီးပြီး လေပေးဖြောင့်နေကြတာပေါ့လေ။ ကျွန်တော် ဒီခြံကွက်ကို ဝယ်ဖြစ်နေတာ၊ အဲဒီအကြော်သည် မိန်းမလျာကြီး ကိုစစ်တင်ကြောင့်ပဲ။ သွားပါများသတင်းရဆိုတဲ့ စကားအတိုင်း ကျွန်တော် အကျိုးအမြတ်ရခဲ့တာလေ။
အဲဒီတုန်းက....၊ ကျွန်တော်မြေကွက်ပိုင်ရှင် ဖဲသမားအဘိုးကြီးဦးစိန်သီးဟာ၊ ကျွဲသူဌေး ကုလားကြီး ရဲ့ မြေကွက်ကြီးကို မောင်ပိုင်စီးပြီး၊ ဖဲရှုံးတိုင်း ဖဲ့ဖဲ့ရောင်းတာက ဘာမှမကျန်တော့ဘူး။ အခု ကျွန်တော်ပိုင်တဲ့ပေ (၄၀) (၆၀) မြေကွက်ပဲ ကျန်တော့တယ်။ အဘိုးကြီးဟာ မွဲတေပြီးစားရမဲ့မဲ့၊ သောက်ရမဲ့ဖြစ်နေတော့ ဒီမြေကွက် ကို မရောင်းမဖြစ်၊ ရရာဈေးနဲ့ ရောင်းရတော့မယ်။ အကြော်သည် မိန်းမလျာကြီး ကိုစစ်တင်က နယ်ဝယ်နိုင်ရင် ဒီမြေကွက် ကို ဝယ်ထားလိုက်၊ ဦးစိန်သီးက အလကားပဲ တင်းဈေးနဲ့ ရောင်းမှာတဲ့၊  သူက မသေခင် ကလေးမှာ ခြံရောင်းရတဲ့ငွေနဲ့ ဖဲရိုက်သွားချင်သေးပုံရတယ်။ နင်လိုချင်ရင် ငါစပ်ပေးမယ်။ ငါပွဲစား လုပ်မှာတော့ မဟုတ်ဘူးနော် ကောင်လေး လို့ပြောတယ်။
 ခြံကွက်က၊ ဘုရားကြီးရဲ့ မုခ်ဦးကနေ ပေ (၁၀၀) ကျော်ကျော်ပဲ ဝေးမယ်ထင်ပါရဲ့။ မြို့ဘက်ကနေ ဘုရားကြီးမုဒ်ဝကို ဦးတိုက်လာတဲ့ မြေလမ်းရဲ့ညာဘက်မှာ ကပ်လျက်၊ မြေကွက်ပေါ်မှာ ဘာပင်မှတော့ မရှိဘူး၊ ရေတွင်းတူးရင်လည်း သိပ်အနက်ကြီး တူးစရာမလိုဘူးတဲ့။ ဒီတော့ ....၊ ခုလို (ဗိုက်နာ) နေ တဲ့ ခြံရှင်ရဲ့ ခြံကိုအနီးအနားလူတွေ၊ မြို့ထဲကလူတွေ ဘာကြောင့် မဝယ်ကြရသလဲ။ ကျွန်တော် တစ်ဆိတ်လေ့လာကြည့်ရတာပေါ့။ ဝယ်ပြီးကာမှ ပြဿပေါ်လာပြီး။ အရှုပ်အရှင်းတွေဖြစ်ရင် ကျွန်တော်ငွေဆုံးမှာ မဟုတ် လား။ ကျွန်တော်ငွေက အမွေရတဲ့ငွေ၊ ထီင်္ပေါက်တဲ့ငွေ၊ ကောက်ရတဲ့ငွေမဟုတ်ဘူး။ လင်မယားနှစ်ယောက် ကျွဲ လိုနွားလို အလုပ်လုပ်၊ ခွေးလိုဝက်လိုစားပြီး။
အဆင်းရဲခံစုဆောင်းထားခဲ့တဲ့ငွေ..... ။တစ်နည်းအားဖြင့်၊ ဒီငွေဟာ ကျွန်တော်တို့လင်မယား ရဲ့ ချွေး တွေသွေးတွေပဲ။ ဒီငွေကို အရင်းပြုပြီး၊ ကိုယ်ပိုင်ခြံတွေဝယ်ရမှာ၊ ပြီးတော့ ကိုယ်ပိုင်အိမ်ဆောက်ရဦးမှာ.... ဒီငွေကို အဟောသိကံ အလဟဿတော့ အဖြစ်မခံနိုင်ဘူး။
    ဒီလိုဗျ.... ၊ ဦးစိန်သီးရဲ့ မြေကွက်ကို ဘာကြောင့်မဝယ်ကြသလဲဆိုရင်၊ ဒီမြေကွက်ဟာ ဘုရားဝတ္တကမြေနဲ့ ငြိနေတယ် လို့ တချို့က ပြောပြတယ်၊ အရပ်စကားတစ်ခုကလည်း သူပုန်တွေက ကုလားကြီး ရဲ့ ကျွဲတွေကို ဝင်ဖမ်းတုန်းက ၊ ခုခံတဲ့၊ ကုလားကြီးရဲ့ လူယုံတော်၊ ဆာမိဆိုတဲ့ ကုလားပကုကလေးကို ဒီမြေပေါ် မှာ လှံစွပ်နဲ့ထိုးသတ်ဖူးတယ်။ ဒီမြေကွက်တစ်နေရာမှာပဲ အလောင်းကို မြှပ်လိုက်တယ်လို့ ဆိုတယ်။ ....။ ပါးစပ်ရာဇဝင် ဆိုတော့ ဟုတ်မဟုတ်တော့ မသိဘူး။ အဲဒီ ကုလားဆာမိဟာ မကျွတ်မလွတ်သေးဘူးတဲ့။ သူ့သခင်ကြီး ရဲ့မြေကို သစ္စာရှိစွာ ရှောင့် စောက်နေတုန်းပဲတဲ့။ ဒါက အရပ်စကားအတိုင်းတစ်ခု။ နောက်တစ်ခု ရှိသေးတယ်။
ဘင်္ဂလားကို ရောက်တဲ့ ကျွဲသူဌေးကုလားကြီး ဦးမန်းနီးဟာ၊ သူ့ကျွဲတွေကို ဖမ်းလည်းဖမ်း၊ သတ်လည်းသတ်၊ သူ့ မြေကိုလည်း အဓမ္မသိမ်းပိုက်တဲ့၊ သူခိုးဓားပြအုပ်စုကို ကလဲ့စားချေတဲ့အနေတဲ့၊ ဘင်္ဂလားက နေသိမ်း ပိုက်တဲ့။ သူခိုးဓါးပြအုပ်စုကို ကလဲ့စားချေတဲ့အနေနဲ့၊ ဘင်္ဂလားအနေကျိန် စာတိုက်နေခဲ့သတဲ့။ ဒါကြောင့်လည်း သူ့မြေကွက်ကြီးကို မတရား အပိုင်သိမ်းပိုက်တဲ့သောင်းကျန်းသူ အဆက်အနွယ် ဦးစိန်သီးဟာ ဆက်တိုက် ကံဆိုးမိုးမှောင်ကျခဲ့ရတယ်။ သူမယား မြွေကိုက်ခံရလို့ သေတယ်၊ သားတစ်ယောက်က စွာလွန်း၊ မိုက်လွန်းလို့ ဝိုင်းရိုက်သတ်လိုက်တာ လက်သည်တောင် မပေါ်ဘူး၊ ဦးစိန်သီးလည်း လောင်းကစားတိုင်း တစ်ရှုံးတည်းရှုံးပြီး၊ စီးပွားပျက်သွားတယ်။ ဘယ်သားသမီး၊ ဘယ်ဆွေမျိုးကမှ သူ့ကို အဖက်မလုပ်ဘဲ ဝိုင်းပယ်စွန့်ပစ်ခြင်း ခံရတယ်။ အိုကြီးအိုမရွယ်မှာ သူ တောင်းစားဖြစ်လုလု၊ ကုန်းကောက်စရာမရှိအောင်၊ မွဲတေလေရဲ့၊ ဒါတွေဟာ ကုလားကြီးဦးမန်းနီး ရဲ့ ကျိန်ျစာထိတာပဲတဲ့။ ဦးစိန်သီးဆီကနေ ဒီမြေကွက်ကို ပေါချောင်ကောင်းနဲ့ ဝယ်တဲ့သူတွေ ကိုလည်း ကုလားကြီးရဲ့ ကျိန်စာကဆက်ပြီး စူးနေဦးမှာတဲ့။
ဒါတွေဟာ မိန်းမလျာကြီး ကိုစစ်တင်ဆီက ကျွန်တော်ကြိုတင်ကြားသိရတဲ့ သတင်းကောင်း တွေပဲ။တင်းကောင်းလို့ ပြောလို့နားမရှုပ်ကြပါနဲ့။ သူတစ်ပါးတွေ မဝယ်ရဲကြလို့။ အရောင်း ထိုင်းနေ တဲ့ မြေကွက်ဟာ တက်ဈေးမရှိဘဲ ကျဈေးဘဲရှိနေမှာပေါ့၊ မဟုတ်ဘူးလား။ ပြီးတော့ လည်း၊ မတန်ရေ တန်ဲ့ ဈေးနဲ့ရောင်းတော့ မှာလေ။
ဒီလိုနဲ့ ကျွန်တော် ဒီမြေကွက်ကို ရလိုက်တယ်။ ကျွန်တော်ဘယ်လောက်ပဲ ပေးခဲ့ရတယ်ဆိုတာ ပြောပြရင် ဒီခေတ် မှာ လူရယ်စရာကြီး ဖြစ်သွားမယ်။ ထားပါတော့၊ ကျွန်တော်တကယ်ပေးခဲ့တဲ့ ဈေးအမှန်ကို ကျွန်တော်တို့ လင်မယား ရယ်၊ မြေရှင်ဦးစိန်သီးရယ်၊ မိန်းမလျာကြီး ကိုစစ်တင်ရယ် လွှဲလို့  ဘယ်သူ့မှ မသိနိုင်ပါဘူး။ ဒီမြေကွက် ကို ကျွန်တော်ဝယ်လိုက်လို့၊ အနီးဝန်းကျင်မှာတော့ ဝေဖန်သံတွေ စီစီညံသွားသတဲ့။ တစ်နေကုန် အကြော်ဆိုင် မှာထိုင်ပြီး၊ ရပ်ရွာထောက်လှမ်းစုံစမ်းရေး အခမဲ့ တာဝန် ထမ်းဆောင်နေတဲ့ ကိုစစ်တင်ပြောပြတာပါ။
''ဦးစိန်သီး မြေကွက်ကို ဝယ်လိုက်တာ ဘယ်သူလဲကွ။''
''ချောင်းစောက် ဘက်မှာတော့...ခပ်တုံးတုံးငနဲ တစ်ကောင်ပေါ့ကွာ၊ ဦးစိန်သီးနဲ့ ဟို.... ဂန်ဒူးစစ်တင်နဲ့   ပေါင်းပြီး အချဉ် ဖမ်းလိုက်ကြတာလေ။ ဒီမြေက ဘုရားမြေကွ၊ ဒါကြောင့်... ဦးစိန်သီး အော်ရောင်းနေတာ ကိုတောင် မသိချင်ယောင်ဆောင်နေခဲ့ကြတာ နှစ်ပေါင်းဘယ်လောက်ကြာပြီလဲ။
'' ဒါ...ဘုရားမြေမဟုတ်ဘူးကွ ၊ကုလားမြေ... ၊ ကျွဲမွေးတဲ့ကုလားကြီးရဲ့မြေ၊ ဟိုတုန်းက ခေတ်ပျက် တော့ ကုလားကြီး က ကျွဲတွေကော မြေကွက်ကြီးကိုပါ ထားရစ်ခဲ့ပြီး ကုလားပြည်ပြန်ပြီး ပြေးရရှာတာ၊ ဗမာ(မြန်မာ) ပြည် မှာ သူ့အမျိုးတစ်ယောက်မှ မကျန်ရစ်ဘူးတဲ့''
    ''အမှန်တော့... ဘုရားမြေလည်း မဟုတ်ဘူး။ ကုလားမြေလည်း မဟုတ်ဘူး။ နိုင်ငံပိုင်မြေပဲ။ အစိုးရက  ဂရံ ချမပေးရင် အချိန်မရွေး ပြည်သူပိုင်သိမ်းလို့ရတယ်။ ဒီတောသားမို့ အစဉ်းမစား စွတ်ဝယ် ရဲသကွာ၊ ငါ့ဆို အလကားပေးတောင် မယူဘူး။ ပြီးတော့ ဒီမြေကွက်က ခိုက်တတ်တယ် ဆိုတာ တစ် နယ်လုံး သိထားကြတာပဲ။
    '' အသတ်ခံရတဲ့ ကုလားလေးကလည်း မကျွတ်သေးဘူးလို့ ပြောတယ်၊  လသာတဲ့ ညတွေ မှာဆိုရင် ...ကုလားသီချင်းး အမြဲကြားရဆိုပဲ။
    ''မင်းတို့ ကောင်လေးကလည်း စကားမရှိစကားရှာ၊ အတော်ပေါက်တီးပေါက်ရှာပြောတဲ့ သတ္တဝါတွေ၊ ဘုရားကြီးနား မှာ မင်းအမေ့လင်အစိမ်းသရဲတွေ နေဝံ့ပါတဲ့မလား။
    တစ်ညတော့..... အိပ်ရာထဲမှာ စန်းချိုကို ကျွန်တော်က နှစ်ကိုယ်ကြားပြောတယ်။
    '' စန်းချို... နင် သရဲတစ္ဆေကြောက်တတ်လားဟင်။
    '' ဘာပြုလို့တုံးဟ''
    ကျွန်တော်က ပါးစပ်နဲ့ သူ့နားရွက်နဲ့ ထိမတက်ကပ်ပြီး။
    '' ငါတို့...ဝယ်လိုက်တဲ့မြေကွက်မှာ ကုလားသရဲရှိတယ်လို့ ပြောနေကြလို့ဟ။ အဲဒီကုလားကို သူပုန်တွေက ငါတို့မြေကွက်ပေါ်မှာ သတ်ပြီး။ အဲဒီ မြေကြီးထဲမှာပဲ မြှပ်ပစ်ခဲ့ကြတာတဲ့။ ကုလားသရဲ ဆိုတော့ ပရိတ်ရွတ်တာကို နားလည်မှာမဟုတ်ဘူး၊ ဘုရားတရားလည်း သိမှာမဟုတ်ဘူး။ ဒါကြောင့်..... ဒီသရဲ  သက်ဆိုးရှည်ပြီး ဒီမြေမှာ စွဲနေတာဖြစ်လိမ့်မပေါ့။
    စန်းချိုက သူ့အသံအောအောပြဲပြဲကြီးနဲ့ ထရယ်တယ်။ သူ့ကိုယ်လုံးကြီး လှုပ်လိုက်တော့ ၊ကျွန်တော်တို့နေတဲ့ တဲအဖီ ဝါးကြီးပြင်လည်း ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်သွားလေရဲ့။ ကျွန်တော်တို့ ခြံဝယ် ထားတာကို ဦးခန့်တို့မပြောနဲ့။ သုံးအိမ်စု ရွာသစ်ကွင်းကော၊ ချောင်းစောက်တစ်ရွာလုံးပါ ဘယ်သူမှ မသိဘူး။ ကျွန်တော်ကလည်း ဟန်မပျက် ဒီဇယ်ရောင်းတုန်း၊ စန်းချိုကလည်း ကိုယ်ဝန်ဗိုက်ကြီး တစ်ခွဲသားနဲ့  ကုန်စိမ်းတွေပန်းတွေ လည်ရောင်းတုန်းပါပဲ။ ရသမျှကို စုကြတယ်။ ငွေစုရင် အထုပ် အထည်ကြီးလို့ ငွေသားမစုဘူး။ ရွှေထည်လက်ဝတ်လက်စားလည်း မစုဘူး။ လက်ဝတ်လက်စားက ပြန် ရောင်းရင်၊ ကိုယ်လုပ်တုန်းက အချိန်အတွယ်အတိုင်း ဘယ်တော့မှ မရဘူး။ အရှုံးနဲ့ ပြန်ရောင်းရတာ၊ ရွှေဈေးကျချိန်ဆို ပိုနာသေးတယ်။ ဒီတော့ ကျွန်တော် တို့က ရွှေသားချည်း တစ်ပဲ တတ်နိုင် တတ်နိုင်၊ တစ်မူးတတ်နိုင် တတ်နိုင် ဝယ်စုတယ် ၊ သိမ်းလို့လည်း လွယ်တယ်၊ ပြန်ရောင်း ရင်လည်း ဈေး မနာဘူး။
လက်ဝတ်လက်စားမလုပ်ဘဲ၊ ပထမဆုံး ဝါးအိမ်ကလေးဆောက်တော့ ညွှန်သူကတော့ ကျွန်တော် အချစ်ဘူးကြီး စန်းချိုပေါ့လေ။
    ဒီမြေကွက်ပေါ်မှာ၊ ပထမဆုံး ဝါးအိမ်ကလေးစဆောက်တော့လည်း စီစဉ်ညွှန်ကြားသူက စန်းချိုပဲ။ တံငါသည့် သမီး ငါးစိမ်းသည် က အဆောက်အအုံအကြောင်း ဘယ်လိုနားလည်နေလိမ့်လို့ ကျွန်တော် စဉ်းစား မရဘူး။ ခြံစည်းရိုး ကိုတောင် စန်းချိုက သူကိုယ်တိုင် ကိုယ်ဝန်ဗိုက် ကြီးတစ်မမနဲ့ သယ်ပြီးခတ်တာ။ လွှဖြတ်၊ သံရိုက်၊ နှီးတုပ် .....အကုန် သူ ပဲလုပ်တာ။ ကျွန်တော်တို့ ဘုရားကြီး နား ပြောင်းလာကတည်းက... .ဈေးမရောင်းကြဘူးလေ။ ကျွန်တော်က ဆိုက်ကားအငှားနင်းနေပြီး ရတာက လေးနဲ့ ခြိုးခြိုးခြံခြံ ချွေတာ စားနေကြတယ်။ ဒီအိမ်ကလေးမှာပဲ ကျွန်တော်သားအကြီးကောင် မိုးကျော်အောင် ကို မွေးတာ။ သားဦးရလို့ ကံထူး တာလား။ ကံထူးလို့ သားဦးရတာလားတော့ မသိဘူး။  ကျွန်တော်တို့ ကံထူးလာတာတော့ အမှန်ပဲ။
××××××  ××××××  ××××××× 
ဆက်ရန်
No comments: