ဇော်ဟိုး က ရုတ်တရက် တိတ်တိတ်နေရန် အချက်ပေးပြီး ကိုမြတ်မင်းကို ဆွဲ၍ သစ်ပင်နောက် သို့ ၀င်ကာ ပုန်းခိုနေစေ သည်။ ကိုမြတ်မင်း လည်း သစ်ပင်နောက်သို့ဝင်၍ ပုန်းနေလိုက်၏။
" လူသံ ကြားတယ်။ ခဏလေး "
ဇော်ဟိုးက မှန်ဘီလူးကို လွယ်၍ သစ်ကိုင်းထောင်ထားသည့်အတိုင်း သစ်ပင်ပေါ်သို့ တွယ်တက်သွား သည်။ တော သည် တိတ်ဆိတ်နေလျက်ပင်။ ဇော်ဟိုးက သစ်ပင်အမြင့်ပိုင်းသို့ ဆက်၍ တက်သွားသည်။ ပြီး တော့ မှ ပြန်ဆင်းလာသည်။ ကို ဆက်ဖတ်ရန်..............
" တောင်ခြေ မှာ လူတွေ ရောက်နေတယ်။ ကျုပ်တို့ကို နောက်ယောင်ခံလိုက်နေတာလား မသိဘူး "
" ဟုတ်လို့လား "
" ဒီလမ်း ကို ဘယ်သူမှ မလာတတ်ဘူး။ ကျုပ်တို့ခြေရာတွေ ကြည့်ပြီး လိုက်လာတာနေမယ် "
" လောဟိုဖြစ်မယ် "
ကိုမြတ်မင်း စကားကြောင့် ဇော်ဟိုး အံ့အားသင့်သွားသည်။
" သူတို့တောင်ပေါ်တော့ ဆက်မတက်လာဘူး။ ဒီအတိုင်းသွားလို့တော့ မဖြစ်တော့ဘူး။ ကျုပ်တို့ အန္တရာယ် ရှိတယ်၊ လာဗျာ "
ဇော်ဟိုး က ကိုမြတ်မင်းဆီသို့ ကြိုးတစ်ချောင်း ပစ်ပေးပြီး လျှိုမြောင်ဘက်သို့ ခေါ်သွားတေ့သည်။ ဇော်ဟိုး လက်ထဲ ၌ ကြိုးပုခက်တစ်လုံး ကိုင်ထားသည်။ လျှိုထိပ်သို့ ရောက်သောအခါ ဇော်ဟိုးက ကြိုးတစ်စဖြင့် ကြိုးပုခက် ကို ချည်ပြီး ကြိုးစတစ်ဖက်ကို ကိုမြတ်မင်း လက်ထဲထည့်၍ လျှိုထဲသို့ ဆင်းသွားတော့သည်။
အတော်လေး ကြာပြီးနောက် ဇော်ဟိုး ပြန်တက်လာခဲ့သည်။
" ကဲ၊ ဆွဲရအောင် "
ဇော်ဟိုးက ကိုမြတ်မင်းလက်ထဲမှ ကြိုးစကို ကိုင်ရင်း တိုင်ပင်လိုက်သည်။ ကိုမြတ်မင်းလည်း အားစိုက် ဆွဲ တော့သည်။ ကြိုးက တဖြည်းဖြည်းတက်လာသည်။ ကြိုးပုခက်ထဲတွင် ကျောက်တုံးများ ပါလာသည်။ သူတို့ နှစ်ဦးအား စိုက်ကာ အတန်ကြာကြာ ဆွဲတင်နေရသည်။ ကြိုးပုခက် ပြတ်မကျသည်ကပ် ကံကောင်း လှတော့ ၏။
" အမယ်လေး၊ ကျောက်တုံးတွေ ဘာလုပ်ဖို့လဲကွာ "
" ထောင်ချောက် ဆင်ရမယ်ဗျ။ ဒီလူတွေ ဆက်မလိုက်နိုင်အောင် လုပ်ရမှာ "
ကိုမြတ်မင်း က ပေါက်ပြဲနေသော လက်များကို ပွတ်သပ်နေမိသည်။
" လောဟို ဆိုတဲ့ကောင် က ဖောက်ခွဲရေးသမားဗျ။ ဒီကောင့် သတင်းကိုသိရတာ မကြာသေးဘူး။ ဆိုင် ကို ရောက်နေတာ အကြံရှိလို့နေမယ် "
ဇော်ဟိုး က ဖွင့်ပြောပြလာတော့သည်။
" ဟုတ်လိမ့်မယ်။ ဒီကောင့်ကို ညညကျရင် တဲအနောက်ဘက်မှာ လာစကားပြောတဲ့ကောင်တွေ ရှိတယ်။ ဒီကောင့် ကို မသင်္ကာတာကြာပြီ"
" ရော့ ... ဟိုဘက်ကို ဆွဲထား "
ဇော်ဟိုးက သစ်ကိုင်းတစ်ကိုင်းကို ကွေးရင်း တစ်ဖက်ကို ဆွဲထားစေသည်။
" ငါတော့ လူမသတ်ဘူးနော်။ ပြဿနာဖြစ်မယ် "
သူ့စကား ကို ဇော်ဟိုး က ခေါင်းခါသည်။
" ခင်ဗျားမသတ်ရင် ခင်ဗျားကို သူတို့ကသတ်မှာ။ သေမလား သတ်မလား နှစ်မျိုးပဲရှိတယ်။ တောထဲမှာ လျင်သူ စားစတမ်း ပဲ။ ဒီကောင်တွေ ဘယ်လောက်ရက်စက်တယ် ဆိုတာ ခင်ဗျား မသိလို့ပြောနေတာ။ ခင်ဗျားကို သတ်ပြီး ခင်ဗျားအသည်း ကို မီးကင်စားမယ်ဆိုရင် ခင်ဗျားကျေနပ်မလား "
" ဟာ ဒီကောင့်ပုံကြည့်ရတာ ရိုးရိုးကလေးပါ "
ဇော်ဟိုး က သစ်ငုတ်ကို မြေကြီးထဲသို့ ရိုက်သွင်းရင်း သစ်ခက်များဖြင့် အုပ်လိုက်သည်။
" ကဲ ကျုပ်တို့ ညအိပ် လို့ မဖြစ်တော့ဘူး။ အခုကစပြီး ကျုပ် ခွင့်မပြုမချင်း စကားတစ်ခွန်းမှ မပြောနဲ့တော့။ လျှိုဘက် ကို အရင်သွား။ အဲဒီမှာ စောင့်နေ။ လုံးဝ မလှုပ်ရှားနဲ့နော်။ ရော့ သစ်ပင်ပေါ်တက်ပြီး ပုခက် ကို ဖြုတ်လိုက်။ ကျုပ်သွားချောင်းလိုက်ဦးမယ်"
ဇော်ဟိုး က ဓားတစ်ချောင်းကိုပေးပြီး စတင်ထွက်ခွာရန် ပြင်လိုက်သည်။
" ဟေ့ကောင် ငါ သစ်ပင် မတက်တတ်ဘူး "
" ရအောင် တက်ဗျာ။ အသံလည်း မထွက်စေနဲ့။ ဒီကောင်တွေမှာ သေနတ်ပါတယ်။ ဘာသံမှ မထွက်စေနဲ့၊ ကြားလား "
ဇော်ဟိုး က ပြောပြီးသည်နှင့် ချက်ချင်း ထွက်သွားပါတော့သည်။
ကိုမြတ်မင်း လက်ထဲမှ ဓားကိုတစ်လှည့်၊ သစ်ပင်ပေါ်မှကြိုးပုခက်ကို တစ်လှည့် ကြည့်နေဖြစ်တော့သည်။
...........................................................................................................................................
ဆရာဝန်က ဆေးအဖြေစာရွက်ကို ဂရုတစိုက်ဖတ်နေသည်။
ကိုဇော်မင်းက ဆရာဝန်ထံမှ ထွက်လာမည့်အဖြေကို စောင့်နေဆဲ။
ခုတင်ပေါ်တွင် လူနာက အသက်ကို ခက်ခက်ခဲခဲ ရှူနေသည်။
" အစာ အဆိပ်သင့်တာပဲဗျ။ ဘာတွေ စားထားလို့လဲ "
" ငါးရှဥ့်စားတာပဲဆရာ "
" ငါးရှဉ့်က ၀ယ်စားတဲ့ ငါးရှဥ့်လား "
" စက်ရုံမှာ ဖမ်းတာပဲ ဆရာ။ ကျွန်တော့်ရှေ့တင် ဖမ်းကြတာ "
" ဘယ်သူတွေ စားသေးလဲ "
" သူ အရင်ဆုံးစားတာ။ စားပြီးပြီးချင်း အန်တာပဲ။ ပြီးတော့ သတိလစ်သွားတာပဲ။ ကျန်လူတွေလည်း ဆက်မစားရဲတော့ဘူး " " ချက်စားတာလား " " မဟုတ်ဘူး ဆရာ။ ငါးရှဥ့်ကို သံကြိုးနဲ့တုပ်ပြီး ရွှံ့နဲ့မံပြီး ကင်စားတာ ဗျ "
ဆရာဝန်က ခေါင်းခါသည်။ သူက ဆေးစာရွက်အဖြေကို ကိုင်လျက် လူနာကို ကြည့်လိုက်၏။ ကိုဇော်မင်း လည်း ဦးလေးဖြစ်သူ ၏ ဝေဒနာ ကို အကဲခတ်နေသည်။
"ငါးရှဥ့် ကို မီးကင်စားတာနဲ့ အဆိပ်မသင့်ဘူးဗျ။ ငါးရှဥ့်က အသားနူးညံ့တယ်။ မီးကင်စားတာလည်း ရွှံ့နဲ့ မံ တာ ဆိုတော့ မကျက်စရာ မရှိဘူး။ အေးလေ၊ အဲဒီ ငါးရှဥ့်ကင် ကိုပဲ ဓာတ်ခွဲရတော့မှာပဲ။ ယူလာတယ်မို့လား "
" ဟုတ်ကဲ့ဆရာ "
သူတို့ စကားပြောနေဆဲ မှာပင် ငြိမ်းက ရောက်ရှိလာသည်။ ကိုဇော်မင်းက ငြိမ်းကို ခေါင်းညိတ်ပြသည်။ ငြိမ်းက အနား သို့ရောက်လာ၏။
" မငြိမ်းနု ပါလား။ ဒီကို လာတာလား "
ဆရာဝန်က ငြိမ်းကို သိကျွမ်းပြီးသားမို့ လှမ်းမေးလိုက်သည်။
" ဟုတ်ကဲ့ ဆရာ။ ကိုဇော်မင်းနဲ့က ငယ်သူငယ်ချင်းတွေပါ။ သူ့ဦးလေးဆေးရုံတင်ရတယ်ဆိုလို့၊ သက်သာ လားဆရာ "
" အခုတော့ သတိမရသေးဘူး။ အစာအဆိပ်သင့်တာပါ "
ငြိမ်းက စောစောက ဖုန်းဆက်၍ ကိုဇော်မင်း ပြောပြထားသည်မို့ ဆက်၍ မမေးတော့ဘဲ နားထောင်နေသည်။ ပြီးတော့ လူနာကို တစ်လှည့် ဆရာဝန်ကို တစ်လှည့်ကြည့်နေသည်။
" မငြိမ်းနု ဘာပြောစရာ ရှိလို့လဲ "
" ဟုတ်ကဲ့ "
ငြိမ်းက ကိုဇော်မင်းကိုပါ အကဲခတ်လိုက်ပြန်သည်။
" ငြိမ်းစက်ရုံကို ရောက်ခဲ့တယ်ကိုဇော်။ ဂိုထောင်ကိုလည်း ၀င်ကြည့်ပြီးပြီ။ ငါးရှဥ့်တွင်းနားမှာ ဓာတုဗေဒ အဆိပ်တွေ မြေကြီး ထဲမှာ ပျံ့နေတယ်။ ငြိမ်း နမူနာယူလာတယ် "
ငြိမ်းစကားကြောင့် ကိုဇော်မင်း အံ့အားသင့်သွားသည်။
" ဓာတ်ခွဲ လို့ ရအောင် ယူလာတာပါ "
ငြိမ်းက ပလတ်စတစ်ဖြင့် အလုံ ပိတ်ထားသော မြေသားနမူနာများကိုပြရင်း ဆရာဝန်ထံသို့ ကမ်းပေးလိုက်၏။ ဆရာဝန် က ချက်ချင်းပင် ဓာတ်ခွဲခန်းသို့ ထွက်သွားတော့သည်။ ထို့အတူ နပ်စ်မများကိုပါ ခွဲစိတ်ခန်းပြင်ထား ရန် အော်ပြောလိုက်တော့သည်။
" သူ့အစာအိမ်ကို ခွဲစိတ်ရမယ်နဲ့တူတယ် ကိုဇော်။ ဒါပေမဲ့ ဓာတ်ခွဲပြီးတဲ့ အဖြေကို စောင့်ပါဦး "
" ဟုတ်ရဲ့လား ငြိမ်းရယ် "
" ငြိမ်း ပိုးကောင်တွေ ဖမ်းပြီး စမ်းခဲ့ပြီးပြီ။ တီကောင်လို ကောင်တောင် အဲဒီမြေကြီးနဲ့တွဲထားလိုက်တာ သုံးမိနစ်တောင် မခံဘူး။ ငါးရှဥ့်က ဓာတုဗေဒအဆိပ်သင့်နေတာ။ သူဘာလို့ မသေလဲတော့ ငြိမ်းလည်း မသိဘူး "
" ဒုက္ခပါပဲကွာ။ ဦးလေးတော့ ဒုက္ခရောက်ပြီနဲ့တူတယ် "
" ဆရာဝန်တွေ ရှိတာပဲ။ စိတ်မပူပါနဲ့ ကိုဇော် "
သူတို့ စကားပြောနေချိန်မှာပင် လူနာက တစ်ချက် တွန့်လိမ်လာပြီး ပါးစပ်မှ အရည်တချို့ထွက်ကျလာ၏။ ကိုဇော်မင်း က သုတ်ပေးရန် ပြင်သည်။
" နေဦး ကိုဇော်။ လက်အိတ်နဲ့သုံး "
သူတို့စကားပြောနေချိန်မှာပင် လူနာက တစ်ချက် တွန့်လိမ်လာပြီး ပါးစပ်မှ အရည်တချို့ထွက်ကျလာ၏။ ကိုဇော်မင်းက သုတ်ပေးရန် ပြင်သည်။
" နေဦး ကိုဇော်၊ လက်အိတ်နဲ့သုံး "
သူတို့ထံသို့ နပ်စ်မတစ်ဦး အပြေးရောက်လာပြီး လူနာနှင့် ခပ်ကွာကွာနေဖို့ သတ်ပေးလာသည်။ မကြာခင် မှာပင် အစောင့်နှစ်ဦး အပြေးအလွှားရောက်လာပြီး လူနာကို တွန်းလှည်းပေါ်သို့ တင်လိုက်သည်။ သူတို့ မျက်နှာများ ကို ဆေးရုံအရေးပေါ်ပိတ်စများ တင်ထားကြသည်။
" ဘယ်ခေါ်သွားမလို့လဲ ဆရာမ "
ကိုဇော်မင်းက လှမ်းမေးလိုက်ပါသည်။
" ခွဲစိတ်ခန်း သွင်းရမယ်ရှင့်။ ဟိုမှာ လက်မှတ်သွားထိုးလိုက်ပါ "
" အိုသွေး မှာထားလိုက် ချက်ချင်းသွားနော် "
အစောင့်တစ်ယောက်က လှမ်းအော်ရင်း လူနာကို တွန်းထုတ်သွားတော့သည်။ ဆရာဝန်က သူတို့ထံသို့ အပြေးတစ်ပိုင်းဖြင့် ရောက်လာသည်။
" ကိုဇော်မင်း ကျွန်တော် ဆေးရုံက ဆရာမနှစ်ယောက် ထည့်ပေးလိုက်မယ်။ ခင်ဗျား စက်ရုံကို သွားပါ။ ဘယ်သူ့ မှ မပြန်ခိုင်းနဲ့နော်။ ကာကွယ်ဆေးထိုးဖို့ လိုကောင်းလိုလိမ့်မယ်။ မငြိမ်းနု သူနဲ့ လိုက်သွားပေးပါလား။
ဆရာဝန် စကားကြောင့် ငြိမ်းက ခေါင်းညိတ်သည်။ ကိုဇော်မင်း မျက်မှန်ကို ပင့်ရင်း ခေါင်း ချာချာလည် လာ တော့သည်။ ငြိမ်းက ကိုဇော်မင်း လက်များကို ဆုပ်ကိုင်ရင်း အားပေးပါသည်။
" စိတ်မပူပါနဲ့ ကိုဇော်။ ဓာတ်ခွဲခန်းက အဖြေထွက်တဲ့အထိ စောင့်ကြည့်ရမှာပါ။ လာ သွားစို့ "
သူတို့ ထွက်ခွာသွားသည်နှင့် ဆရာဝန်က ရဲစခန်းသို့ ဖုန်းဆက်၍ အကြောင်းကြားလိုက်သည်။ စက်ရုံမှ ၀န်ထမ်းများ အိမ်ပြန်သွားပါလျှင် မလိုအပ်ဘဲ ရောဂါပျံ့နှံ့မှာစိုးရသည်။ ဓာတ်ခွဲခန်းမှ အဖြေကို သိပြီးမှ ကာ ကွယ်ဆေးထိုးဖို့ သင့်မသင့်စဉ်းစားရတော့မည်။
ကိုဇော်မင်းတို့ စက်ရုံသို့ရောက်လာချိန်တွင် ကြိုတင်ဖုန်းဆက်ထားသည်မို့ အလုပ်သမားများ ဂိတ်ပေါက်၌ စုရုံးရောက်ရှိနေကြတော့သည်။ ကိုဇော်မင်းက စက်ရုံမှ အလုပ်သမားအားလုံးကို နှစ်ပိုင်းခွဲလိုက်သည်။ ငါးရှဥ့်ဖမ်းသည့် အုပ်စုတွင်ပါသော အလုပ်သမားများနှင့် မပါသော အလုပ်သမားများ ခွဲလိုက်ခြင်းပင်။ မကြာ ခင်မှာပင် စခန်းမှူးလည်း ရောက်လာသည်။ ကျန်းမာရေးဌာနမှ ၀န်ထမ်းများလည်း ရောက်ရှိလာသည်။ ကိုဇော်မင်းက လမ်း၌ နပ်စ်မတစ်ဦး ပြောပြသမျှ အလုပ်သမားများကို ပြန်ရှင်းပြနေသည်။
" အခုချိန်ကစပြီး ဂိုထောင်ဘက်ကို ဘယ်သူမှမသွားကြပါနဲ့။ ဥက္ကဋ္ဌ မူးလဲသွားတာ အစာအဆိပ်သင့်တာလို့ သိရပါတယ်။ အဲဒီဂိုထောင်က မြေမှာ ဓာတုဗေဒအဆိပ်တွေ ၀င်နေတယ်လို့သိရပါတယ်။ ခင်ဗျားတို့ ခဏ တော့စောင့်ကြပါ။ ဆေးရုံက မြေကြီးကို ဓာတ်ခွဲတဲ့အဖြေ ထွက်လာပြီးရင် ကာကွယ်ဆေးထိုးသင့်ရင် ထိုးရ ပါမယ်။ ခင်ဗျား တို့ ရောဂါရမှာစိုးလို့ ခဏနေခိုင်းတာပါ။ ငါးရှဥ့်ဖမ်းတဲ့နေရာမှာ ပါတဲ့လူတွေကတော့ ကျွန်တော်နဲ့ အတူ ဒီည ဆေးရုံမှာလိုက်နေရပါမယ်။ ၂၄ နာရီစောင့်ကြည့်ရမှာပါ။ ကျန်တဲ့လူတွေကတော့ ဆေးရုံက အဖြေ ထွက်လာပြီးလို့ရှိရင် ပြန်လို့ရပါပြီ။ ဆေးထိုးရမယ် ဆိုရင်လည်း ဆေးထိုးခံပြီးပြန်ရုံပါပဲ"
စက်ရုံအလုပ်သမားများက လူလေးဆယ်ကျော်ရှိနေကြသည်။
နပ်စ်မတစ်ဦးက ဥက္ကဋ္ဌ၏ အခြေအနေကို ရှင်းပြပါသည်။
" လောလောဆယ်တော့ အစာအိမ်ထဲက အစာတွေ စုပ်ထုတ်နေပါတယ်။ သွေးစစ်ကြည့်လို့ သွေးထဲမှာ အဆိပ်ပျံ့နေပြီဆိုရင်တော့ ရန်ကုန်ကို ပို့ရပါမယ်။ အခု ခွဲစိတ်ခန်းထဲရောက်နေပါပြီ။ အဆိပ်က ဓာတုဒေသ အဆိပ်ဖြစ် လို့ စောင့်ကြည့်ရဦးမှာပါ "
ကိုဇော်မင်းက ထိုင်ခုံတစ်လုံးတွင် ၀င်ထိုင်နေသည်။ ငြိမ်းက ကိုဇော်မင်းနံဘေးတွင်ရပ်၍ အားပေးကူညီသော စိတ်ဖြင့် စောင့်ကြည့်အကဲခတ်နေပါတော့သည်။
ဦးကောင်းမြတ် က ဖုန်းထဲ၌ ကချင်စကားဖြင့် ပြောပြနေသည်။ ဒေါ်သီရိက စိုးရိမ်စွာဖြင့် ရပ်ကြည့်နေပါ သည်။ စုနှင့် အဆက်အသွယ်ပြတ်နေသည်မှာ (၂)ရက် ရှိခဲ့ပြီ။ မြစ်ဆုံရုံးခွဲမှလည်း စုံစမ်း၍မရချေ။ ထို့ကြောင့် ဦးကောင်းမြတ် တို့ စိတ်ပူနေကြတော့သည်။
ဦးကောင်းမြတ် က မြစ်ကြီးနားမှ မိတ်ဆွေထံသို့ ဖုန်းဆက်နေခြင်းပင်။ ဦးကောင်းမြတ် ဖုန်းပြောပြီးချိန် တွင် ဒေါ်သီရိ က မေးလိုက်သည်။
" ဘာတဲ့လဲ အဖေ။ ဘာတဲ့လဲဟင် "
" ငါ လိုက်သွားမယ်။ သူတို့လည်း စုံစမ်းထားမယ်တဲ့ "
" အဖေ လိုက်သွားမယ်။ မဟုတ်တာ အဖေရယ် "
ဦးကောင်းမြတ် က ဒေါ်သီရိကို မျက်လုံးစိုက်၍ ကြည့်နေ၏။
" အဖေ လိုက်လို့ ... "
ဒေါ်သီရိ စကားမဆက်နိုင်။
" ဘာလဲ၊ နင် လိုက်သွာ်းမယ်လို့ပြောချင်လို့လား။ နင့်ဆိုင်ကိုနေ့တစ်ပိုင်းတောင် မပိတ်ရဲဘဲနဲ့ အပိုတွေ ပြောမနေနဲ့ "
" အဖေ ဘယ်လို ပြောတယ် "
ဦးကောင်းမြတ် က ခေါင်းခါနေသည်။
" ကျွန်မကို အပြစ်တင်တယ်။ အဖေ့မြေး သူ့ဟာသူ၊ သူ့ဟာသူ .... "
" နူး ဘယ်မှာလဲ "
ဦးကောင်းမြတ်က စကားဖြတ်၍ မေးလိုက်ည်။ ဒေါ်သီရိ သူ့ပါးစပ်ကို သူ့ လက်ဖြင့်ပိတ် လျှက် ကြောင်ငေး နေဆဲ ပင်။ " နင့်တို့ကုမ္ပဏီက အဲဒီကလေးမနဲ့ သူ့ကလေးကို ၀ှက်ထားမှန်း ငါ သိတယ်။ အေး နင့်သမီးအသက်နဲ့ လဲ ချင်လဲ ရမှာ၊ နားလည်လား "
" ဒါဆို၊ အဖေ ဘာသိထားလဲ၊ အဖေ ဘာသိထားလဲ။ ပြောပါဦး အဖေ "
ဦးကောင်းမြတ်က ခေါင်းခါရင်း ထလိုက်သည်။ ဒေါ်သီရိက ဆက်တီခုံများကြား မှ ဖြတ်လာ ရင်း မေးမြန်း နေဆဲပင်။
" သမီးက ဘယ်သွားတာလဲ။သမီး ဘယ်သွားတာလဲ။ အဖေ သိတယ်မို့လား၊ ပြောပါ အမေရယ်။ ကျွန်မ စိတ်ပူလို့ပါ "
" ငါ မသိဘူး သီရိ။ နင့်သမီးက နင်တို့ကုမ္ပဏီက မြတ်မင်းနောက်ကို လိုက်စုံစမ်းနေတာ။ အခု ဘယ်ရောက် နေလဲ ငါ မသိဘူး။ သူ မသွားခင်က နောက်နေ့မှာ ဖုန်းဆက်မယ်လို့ ပြောသွားတာ။ အခု (၂)ရက် ရှိနေ ပြီ"
" ဒါဆို အဖေ လွှတ်လိုက်တာပေါ့ "
" ငါမလွှတ်ပါဘူး။ သူ့ဘာသာ စုံစမ်းနေတာ။ ကချင်မလေးကို နင်တို့ကုမ္ပဏီက ၀ှက်ထားတာဆိုတော့ နင့် သမီး ကိုလည်း သူများ ဖမ်းထားတာနေမှာပေါ့။ ကဲ ငါ ဒီနေ့ပဲ လိုက်သွားမယ်။ အကြောင်းထူးရင် ဖုန်းဆက် မယ်။ နင် ပြန်တော့ "
ဦးကောင်းမြတ် က ပြောပြီးသည်နှင့် အခန်းထဲသို့ ၀င်လာခဲ့တော့သည်။ အခန်းထဲမှ သော့ခတ်ထားသော ဗီရိုက ဖွင့်လိုက်သည်။ ဗီရိုတံခါး က ကြပ်ညှပ်နေသဖြင့် အားသုံး၍ ဆွဲဖွင့်ရ၏။
ဦးကောင်းမြတ် က ဗီရို ထဲကို ကြည့်လိုက်မိသည်။ ကချင်တိုင်းရင်းသားဝတ်စုံကို တွေ့ရ၏။
ဒေါ်သီရိက အခန်းထဲသို့ ၀င်ရန် တံခါးဖွင့်လိုက်သည်။ အခန်းထဲ၌ ဦးကောင်းမြတ် ကြည့်နေသော ကချင် ၀တ်စုံ ကို တွေ့လိုက်ရ၍ အခန်းဝ၌ပင် ရပ်လျက်ငေးကြည့်နေတော့သည်။ ဦးကောင်းမြတ်က အခန်းဝ သို့ လျှောက်လာ၏။ ထို့နောက် အခန်းတံခါးကို အသာအယာ ပြန်ဆွဲပိတ်လိုက်ပါတော့သည်။
.......................................................................................................................................
ကိုမြတ်မင်းသည် သစ်ပင်နောက်၌ ပုန်းခိုနေရင်း ဇော်ဟိုး လာမည့်လမ်းသို့ ငေးမျှော်၍ ကြည့်နေသည်။ ည သည် ပို၍ နက်ရှိုင်းလာခဲ့ပြီ။ တစ်ချက်တစ်ချက်တောကောင်သံတို့ ကြားနေရသည်။ ကိုမြတ်မင်း သစ်ပိုင်း ရှည်တစ်ချောင်း ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း စောင့်စားနေသည်။
တောင်အောက် မှ အသံသဲ့သဲ့ကို ကြားရပြီး သေနတ်သံတစ်ချက် ပေါ်ထွက်လာသည်။ ထို့နောက် အော်ဟစ် သံများ ကြားရသည်။ တဖြည်းဖြည်းနှင့် အသံများက တောင်ပေါ်သို့တက်လာကြ၏။ ကိုမြတ်မင်း အထိတ် တလန့်ဖြစ်နေ မိပြီ။
တောင်အောက်ဆီမှ ပြေးလာသံကိုကြားရသည်။ သို့သော် မည်းမှောင်နေသည်မို့ ဘာမှမမြင်ရ။ ပုန်းခိုနေ သောသစ်ပင်ဆီသို့ လူတစ်ယောက်ပြေးလွှား၍ လာနေရင်း "ဟေ့လူ" ဟု လှမ်း၍အော်သံပေး သည်။ ဇော်ဟိုး အသံပင်။
" ငါ ဒီမှာဟေ့ "
ကိုမြတ်မင်းက အသံပေးပြီး ထရပ်လိုက်သည်။ ဇော်ဟိုး အပြေးအလွှားရောက်လာပြီး သစ်ပင်နောက်သို့ဝင် ၍ ပုန်းလိုက်သည်။
" တစ်ကောင်တော့ ကျုပ်ဆော်ခဲ့ပြီ။ နှစ်ကောင် ကျန်သေးတယ်။ ဒီကောင်တွေ တက်လာပြီဗျ။ ရော့၊ ဒါ ခဏ ကိုင်ထား " ဇော်ဟိုးက သူ့လက်ထဲမှ ယမ်းတောင့်တစ်တောင့်ကို ကမ်းပေးလိုက်သည်။ ဘာလဲဟု ကိုမြတ်မင်းက မေး လိုက်သည်။
" ယမ်းတောင့် ဗျ။ ဒီကောင်တွေ ဆက်လိုက်လာရင် ချောင်းထဲမှာ ရေကြီးအောင် လုပ်မလို့။ ကဲ၊ ခဏနေဦး၊ ကျောက်တုံးမောင်း ဖြုတ်လိုက်ဦးမယ်။ ဒီကောင်တွေမှာ သေနတ်ပါတယ်ဗျ။ ငြိမ်ငြိမ်လေး နေနော် "
ဇော်ဟိုးက ပြောပြီးသည်နှင့် ငုတ်ရိုက်ထားသော သစ်ကိုင်းဆီသို့ တရွေ့ရွေ့တိုးသွားသည်။ သစ်ကိုင်း မှာ ကွေးညွှတ်ထားသည်မို့ ငုတ်တိုင်ကို ပင့်လိုက်ပါက အရှိန်ဖြင့် ပြေးထွက်၍ ကျောက်တုံးများ ဆင့်ထားသော အပုံကို ထိသွားလိမ့်မည်။ ထိုကျောက်တုံးများက တောင်အောက်သို့ ပြေးဆင်းသွားလိမ့်မည်။
ဓာတ်မီးရောင်များက တဖြည်းဖြည်း တောင်ပေါ်သို့ တက်လာနေ၏။ ဇော်ဟိုးက ငုတ်တိုင်ကို ပင့်၍ ဖြုတ်ချ လိုက်သည်။ သစ်ကိုင်းက ဝေါခနဲအသံမြည်၍ ဆင့်ထားသောကျောက်ပုံကို ပြေးတိုက်မိတော့သည်။
ကျောက်တုံးများက အသံမြည်ဟည်းကာ ပြေးထွက်သွားတော့သည်။
" တောင်ပြိုပြီဟေ့။ ပြေး ပြေး "
တောင်အောက်မှ တက်လာသူက အော်သံပေးသည်။ ကျောက်တုံးများက တရစပ် လှိမ့်ဆင်းသွားသည်။ ထိုအခိုက်မှာပင် ငယ်သံပါအောင် အော်လိုက်သောအသံ ကြားလိုက်သည်။ ဓာတ်မီးရောင်များ တဖြည်းဖြည်း ဝေးသွားတော့၏။
" ကဲ၊ ဒီကနေခွာမှ ဖြစ်မယ်။ ဒီကောင်တွေ ပြန်တက်ချင်တက်လာမှာ "
ဇော်ဟိုးက ကျောပိုးအိတ်များကို ကောက်လွယ်ရင်း သတိပေးလိုက်သည်။ ထို့နောက် ရှေ့မှ ဦးဆောင်၍ လျှိုဘက်ဆီသို့ ထွက်ခွာသွားတော့သည်။ ကိုမြတ်မင်းလည်း မနေသာတော့ လက်ထဲမှ သစ်ကိုင်းကို ပစ်ချ၍ နောက်မှ ဆက်လိုက်သွားတော့သည်။
" ကျုပ်တို့ လျှိုအောက်ဘက် ရောက်တဲ့အချိန်ဆိုရင် လ ထွက်ပြီ။ ချောင်းကို ကောင်းကောင်းဖြတ်လို့ရတယ်။ ဒီကောင်တွေ ဒီလမ်း အတိုင်း ဆက်လိုက်လာရင် ချောင်းရေကြီးအောင် မိုင်းဆင်ရမယ် "
ဇော်ဟိုး က လျှို့ထိပ်သို့ ရောက်သည်နှင့် ကြိုးတစ်ချောင်းကို သစ်ပင်၌ချည်၍ အောက်ဘက်သို့ ချလိုက် သည်။ ထို့နောက် ဓာတ်မီးဖြင့် လျှိုကိုထိုးကြည့်ရင်း လေ့လာလိုက်သည်။
" ကြိုးက နည်းနည်းတော့တိုတယ်။ ဟိုးမှာ သစ်ပင်တစ်ပင် ထွက်နေတာတွေ့လား။ အဲဒီကို အရင်သွားနှင့် ကျုပ် ကြိုးကိုင်ထားပေး မယ် "
ကိုမြတ်မင်း က ငြင်းဆန်ရန် မ၀ံ့။ ကြိုးကိုကိုင်၍ လျှိုထဲသို့ ဆင်းသွားတော့သည်။ ကိုမြတ်မင်း ဆင်းသွားပြီးနောက် ဇော်ဟိုးက ကြိုးကိုဖြေ၍ အောက်ဘက်သို့ ဖြည်းဖြည်းချင်း ဆင်းလာခဲ့သည်။ သစ်ပင် နားတွင် ကိုမြတ်မင်း က စောင့်နေ၏။ ထို့နောက် ကြိုးကို သစ်ပင်မှာချည်၍ ဆက်ဆင်းကြသည်။ သူတို့လျှို အောက်ဘက် သို့ ရောက်လာချိန်တွင် လရောင်ကိုစ၍ တွေ့ရသည်။
" မင်း ဒီလိုလုပ်နေတာ ကြာပြီလား "
ကိုမြတ်မင်း က မေးခွန်းထုတ်လိုက်သည်။
" ဒီတော ဒီတောင်တွေကို ကာကွယ်ဖို့ ကျုပ် သစ္စာဆိုထားပြီးပြီ။ ကျုပ်အဖေလည်း ဒီတာဝန်ထမ်းခဲ့တယ်။ ကျုပ် ဘိုးဘွားတွေ အဆက်ဆက် ဒီအလုပ်လုပ်ခဲ့တယ်။ ကျုပ် တတ်နိုင်တဲ့နည်းနဲ့ ကာကွယ်ရတာပဲ "
" ငါ ဒါကြောင့် တောင်ပြိုတယ်၊ တောင်ပြိုတယ်ဆိုတာ အံ့သြနေတာ "
"တောင် တကယ်ပြိုတာလည်း ရှိတယ်။ ကျုပ်တို့ ခဏခဏ ကြုံဖူးတယ်။ တစ်ခါတလေ ရေနဲ့အတူ သစ်ပင် တွေ ပါလာတယ်။ ကျောက်တုံးတွေ ပါလာတယ်။ တန်ဖဲရွာတောင် တစ်ခြမ်း ပါသွားဖူးတယ်။ ဒီတော ဒိတောင်ကို ဘယ်သူ မှ မဟန့်တားနိုင်ဘူး။ ဒီတောင်တွေက အသက်ရှိတယ်ဆိုတာ ကျုပ်တို့ကလွဲပြီး ဘယ်သူမှ မယုံကြဘူး "
" မင်း ဘာကိုဆိုလိုတာလဲ "
ကိုမြတ်မင်းအမေး ကို ဇော်ဟိုး တောခုတ်ဓားကို ကိုင်ရင်း ရေစပ်မှ သစ်ပင်တစ်ပင်ဆီသို့ လျှောက်သွားကာ အဖြေပေးသည်။
ကိုမြတ်မင်း က ပင်စည်ကို ခုတ်ထစ်နေသောဇော်ဟိုးကို ကြည့်နေ၏။ ဇော်ဟိုးက သစ်ပင်နှင့် ရေစပ်ကို ခြေ လှမ်း လှမ်းလိုက်သည်။
" အခု ဆယ်လှမ်း ရှိတယ်နော်။ ခင်ဗျား နောက်တစ်ကြိမ် ဒီနေရာကို ရောက်ရင် လာပြန်တိုင်းပြည့်။ ခင်ဗျားမယုံနိုင်အောင် ဖြစ်သွားမယ် "
ကိုမြတ်မင်း က ရယ်နေသည်။ ထိုစကားမျိုးကို မည်သူ ယုံမည်နည်း။
"ငါ ရွှေကလွဲရင် ဘာမှမယံဘူး "
ကိုမြတ်မင်း က စကားဖြတ်ပြီး ချောင်းထဲသို့ စတင်၍ ဖြတ်ကူးလိုက်တော့သည်။ ထို့နောက် စကားဆက်ပြန် သည်။
" မင်းက ငါမြေပုံဆွဲတာကို အလကားပဲလို့ပြောချင်လို့ ဒီစကားတွေပြောနေတာ မို့လား။ တောတွေတောင်တွေ ဆိုတာ လူလုပ်မှရွေ့ တာပါကွာ။ အခု မြစ်ဆုံမှာပဲ ကြည့်လေ၊ တောကိုဖြိုနိုင်တာ လူ၊ တောင်ကိုဖြိုနိုင်တာ လူ၊ မြစ်ကို ပြောင်းနိုင်တာလည်း လူတွေပဲ။ မင်း တောတွေ တောင်တွေ မြစ်တွေက လူဖန်တီးသမျှ ခံနေရပြီလေ "
ဇော်ဟိုး က ဓားကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ သို့သော် သူ့အတွေး၌ နူးကိုမြင်ယောင်လာ၏။ နူးပွေ့ချီ ထားသည့် ရင်သွေးလေးကို မြင်ယောင်လာ၏။ သားယောက်ျားလေး ဟု သိရသည်နှင့် သူ့ရင်တွင်း၌ အဆ မတန် ကြည်နူး သွားမိသည်။ သို့ရာတွင် ကချင်ရိုးရာ နတ်ပူဇော်မှု ကိုပင် သူ မလုပ်ပေးနိုင်သေး။
သူအံကို တင်းတင်းကြိတ်၍ ချောင်းရေ ကို ဓားဖြင့် ပိုင်းလိုက်သည်။ ကိုမြတ်မင်းက သူ့ဘာသာ ဆက်၍ လျှောက်သွားသည် မို့ ဘာမှ မရိပ်မိပါချေ။
လောဟိုက ဒဏ်ရာရလာသော သူ့လူနှစ်ယောက်ကို ငေးစိုက်၍ ကြည့်နေသည်။ တဲအတွင်း၌ အသက်ငင် နေသော သူ့ရဲဘော်နှစ်ဦး ကို မြင်နေရသည်မို့ သူ ဒေါသထွက်လာသည်။ မလှမ်းမကမ်း၌ စုက ငုတ်တုတ်လေး ထိုင်နေသည်။
" ငါ့အစ်ကို သေတာ လည်း ဒီအတိုင်းပဲ။ ဒီကောင့်ကို ငါ့လက်နဲ့ မသတ်ရရင် ငါမကျေနပ်ဘူး "
လောဟို စကားကို စု ဂရုတစိုက် နားထောင်နေသည်။
" ဒီကောင်တွေ ရွှေကြောကို တွေ့ပြီဆိုတာနဲ့ ငါ မိအောင်ဖမ်းပြမယ် "
စုက လောဟို ကို စူးစမ်းနေသည်။ လောဟိုသည် ထမင်းဆိုင်က အလုပ်သမားလေး မဟုတ်တော့။ တကယ့် လက်နက်ကိုင် တစ်ယောက်အဖြစ် ခက်ထန်ကြမ်းတမ်းနေတော့သည်။ သူ ထမင်းဆိုင်မှာ အလုပ် ၀င်လုပ်နေ ခြင်းသည် ဇော်ဟိုးကို လေ့လာအကဲခတ်နေခြင်းဖြစ်သည်။ ပြီးတော့ ကိုမြတ်မင်း ရှာနေ သည့် ရွှေကြောသစ် ကို အနီးကပ် စောင့်ကြည့်နေခြင်းပင်။ ကိုမြတ်မင်းက သူ့ကို မြစ်ကြီးနား သို့ နူး ဆေးရုံ တက်စဉ် ပ လွှတ်လိုက်သည်။ သူပြန်လာတော့ ကိုမြတ်မင်း မရှိတော့။ နူးတို့သားအမိလည်း ရန်ကုန်ရောက် သွားခဲ့ပြီ။ သူ့အနေဖြင့် ဇော်ဟိုး ကိုလည်း လက်စားချေမည်။ ကိုမြတ်မင်းထံမှ ရွှေကြောမြေပုံကိုလည်း ရအောင် ယူမည်။ သည့်အတွက် စုကို သူဖမ်းထားပြီးပြီ။ အလဲအလှယ် လုပ်ရမည်ဟု သူက တွက်နေသည်။
" ငါ့ကို ပြန်လွှတ်ပေးပါ။ နင် လိုချင်ရင် ငါ ပိုက်ဆံ မှာပေးမယ်နော် "
စုက စကားကမ်းလှမ်းလိုက်သည်။
လောဟိုက ခေါင်းခါနေသည်။
" မရဘူး။ နင့်ပါးစပ်ကိုပိတ်ထား။ ငါ့အစ်ကိုရဲ့အသက်၊ ငါ့လူတွေရဲ့အသက်ကို နင်လျော်ပေးမှာလား "
" ငါနဲ့ဘာဆိုင်လို့လဲ " " နင်တို့အားလုံး အတူတူပဲ။ ဒီနယ်မြေကို လာတယ်၊ ဒီနယ်မြေကိုလာတယ်၊ ဒီနယ်မြေက လူတွေကို အသုံးချတယ်။ ပြီးရင် ဒီနယ်မြေက လူတွေရဲ့ဘ၀ကို တန်ဖိုးမထားကြဘူး "
" အဲဒီထဲမှာ ငါ မပါဘူး လောဟို။ ငါက သတင်းထောက်. ရွှေရှာတဲ့လူမဟုတ်ဘူး။ ငါ့အဘိုးကလည်း ကချင် လူမျိုး။ ငါ့အဖေကလည်း ကချင်လူမျိုး။ ငါ့မှာလည်း ကချင်သွေးပါတယ်။ ငါ ဒီကိုလာတာ ဒီနယ်မြေရဲ့ ပျက် စီးနေတာတွေ စုံစမ်းပြီး ဂျာနယ်မှာ ဖော်ပြတယ်။ နင့်အစ်ကို သေတာ ငါနဲ့ ဘာမှမဆိုင်ဘူး "
လောဟိုက လက်မခံ။
" လောလောဆယ်တော့ ငါ မလွှတ်ပေးနိုင်ဘူး။ မနူးကို ဘယ်မှာ ထားတယ်ဆိုတာ နင် သိရမယ်။ မနူးကို ငါ့ လက်ထဲ ရောက်အောင် နင် ကူညီရမယ်။ ဒါမှ ဇော်ဟိုးကို ငါ လက်စားချေလို့ရမှာ။ ဒါမှမရရင် ဒီကောင်တွေ ကို ငါ သတ်မယ်။ နင် ငါ့လက်ထဲမှာ ရှိနေရင် ငါ့နောက်က လိုက်နေတဲ့လူတွေ ငါ့ကို ဖမ်းရဲမှာမဟုတ်ဘူး "
" နင် သက်သက်ယုတ်မာတာ။ နင် လူမှဟုတ်သေးရဲ့လား။ နင်မှ တကယ်ယုတ်မာတာ သိလား "
လောဟို က ထိုင်နေရာမှ ထရပ်ပြီး စု ထိုင်နေသောနေရာသို့ တိုးကပ်လာပြီး ပါးကို ရိုက်ချလိုက်သည်။ စုပုံ၍ လဲကျသွားတော့ သည်။
" ငါ့လူတွေရှေ့မှာ မချေမငံ ပြောဦး။ နောက်တစ်ခါ ပြောရင် နင့်ပါးစပ်ကို ငါ ဓားနဲ့လှီးမယ်။ နင့်ကို ငါ ပြော ထားမယ်။ ငါ ကချင် မဟုတ်ဘူး။ ဒီနယ်မြေကို ငါတို့ ပိုင်တယ်။ ဒီနယ်မြေရတနာကို ငါတို့ပဲ ရရမယ်။ နင်တို့ က လူမျိုးတွေကြီးထွားကတည်းက ရွှေလာရှာကြတာ။ နောက်တော့ နင်တို့ ငါတို့ကို နှင်ထုတ်တယ်။ နင်တို့ အားလုံး သွေးချောင်း စီးစေရမယ်။ နားလည်လား "
စု က အံ့သြစွာဖြင့် လောဟို ကို ကြည့်နေသည်။
ဆက်ရန်
.

No comments:
Post a Comment