Saturday, August 4, 2012

မာန်(တောင်လုံးပြန်) ၏ ရွှေမုဆိုး, အပိုင်း (၇)

သူ့အသက်နှစ်ဆယ်တွင် အိမ်တက်မင်္ဂလာ ကျင်းပခဲ့သည်။ အဘိုးက ဦးစီးဦးဆောင်ပြုကာ ကျင်းပ ပေးခြင်းပင်။ သူတို့ အိမ်တက် မင်္ဂလာပွဲ ကျင်းမနေစဉ်မှာပင် လူစိမ်းသုံးဦး ရောက် လာကြ သည်။ သူတို့က အဘိုးနှင့်အတူ အိမ်ဝင်း ထဲ မှ ထွက်ခွာသွားကြ၏။ သူတို့ မင်္ဂလာပွဲ ကျင်းပနေခိုက်မှာပင် သေနတ်သံ ကြားရသည်။ အဖေနှင့် ရွာသား တချို့ ပြေးထွက် သွားကြ၏။ အဖေတို့ပြန်လာချိန်တွင် အသက်မဲ့နေသော အဘိုး၏ ခန္ဓာကိုယ် ကို ပွေ့၍ပြန် လာကြသည်။ သူ အဘိုး ကို ပြေး၍ ပွေ့မိသည်။ အဘိုး လက်ထဲ၌ တင်းတင်း ဆုပ်ကိုင် ထားသည် မှာ ရွှေကျောက်ချပ် လွှာ အပိုင်းလေး။
အဖေက သူ့ကို ချက်ချင်းပင် ရန်ကုန်သို့ ထွက်ခွာစေခဲ့သည်။ ဤနယ်မြေတွင် သူ့အတွက် အန္တရာယ် ရှိနေပြီ။ ရွှေချပ်လွှာ ဘယ်နေရာမှ ရသည်ကို သိထားသော သူ့အဖို့ အသက်အန္တရာယ် ကမသေးလှ။ ထို့ကြောင့် သူတို့လင်မယား နှစ်ဦး စလုံး အမြန်ပင် ထွက်ခွာလာခဲ့ ကြရ၏။
ကို ဆက်ဖတ်ရန်..........

သူ့အာရုံများကို ပြန်၍စုစည်းမိချိန်တွင် စုထံမှစာက စားပွဲထက်၌ တည်ရှိနေဆဲ။ စုစာထဲ၌ မြစ်ဆုံ တွင် သူတွေ့ခဲ့ ရသော လူနာနှင့် ကောင်လေးနှစ်ယောက် အကြောင်း ရေးထားသည်။ စု မေးမြန် ကြည့်သမျှ ထိုကောင်လေး များ ရွှေကြောသစ် သွားရှာသည့်အကြောင်း ပါလာသည်။ ညကြီးမင်း ကြီးတောင်ပြို၍ သစ်ပင်ပိသည့်အကြောင်း ပါလာသည်။ ကုမ္မဏီများမှ ရွှေမုဆိုးများ ရွှေကြောအ သစ်ကိုရှာဖွေနေသည့် သတင်းများ ပါသည်။
သူက စာကို ပြန်၍ဖတ်ကြည့်မိသည်။

"......................"
"အဘိုးရေ၊ စုတော့ အဲဒီနေရာကို သွားရှာကြည့်ချင်တယ်။ သူတို့ပြောတာ သိပ်အံ့သြစရာ ကောင်းလို့ပါ။ အဘိုးက စုကို တစ်ခုတော့ ကူညီစေချင်တယ်။ အခုနူးဆိုတဲ့ ဂျိန်းဖောသူလေး ရန်ကုန် မှာ ဆေးရုံလာတက်နေပါတယ်။ အဲဒါ သူ့ကို အဘိုးစောင့်ရှောက်ပေးပါနော်။ သူ့ကိုစု မြစ်ကြီးနားမှာ မီးဖွားဖို့ ကူညီပေးပြီးပြီ။ သူ့ကလေး က နေမကောင်းလို့ ဦးမြတ်မင်းတို့က ရန်ကုန် ဆေးရုံပို့လိုက်ကြတာ။ အဲဒါ အဘိုးစောင့်ရှောက်ပေး ပါနော်။ စု သတင်းထူးရင် စာရေးပါ့မယ်"

 "ချစ် သော စုမြတ်"

ဦးကောင်းမြတ်က စာကို ပြန်၍သိမ်းလိုက်သည်။
စုပြောသည့် နူးဆိုသော ဂျိန်ဖောသူလေးကို သူသွားကြည့်ရန် ပြင်ဆင်လိုက်ပါတော့သည်။

အယ်ဒီတာ ဦးစိုးအေးသည် ဦးကောင်းမြတ် ပေးသည့်စုမြတ် ရေးလိုက်သော စာကို ဂရုတစိုက် ဖတ် ကြည့်ပြီးနောက် စဉ်းစားရင်း မေးခွန်းထုတ်လိုက်သည်။
"အန်ကယ် သွားမေးတော့ နူးမရှိတော့ဘူးလို့ ဦးသိန်းဇော် ပြောတာ စဉ်းစားစရာပဲနော်"
"ကျွန်တော် လည်း အဲဒါပဲ အံ့သြနေတာ။ ဘုရားကျောင်းက လာခေါ်လို့ ထည့်ပေးလိုက်တယ်တဲ့။ သူက ပြောပြီးတာ နဲ့ ကျွန်တော့်ကို ဘာမှဆက်မပြောတော့ဘူး။ ဒါကြောင့် ဆရာတို့ဆီ လာခဲ့တာ"
"မဖြစ်နိုင်ဘူး လို့ အန်ကယ် ထင်နေလား"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဆရာရယ်၊ စုက သေသေချာချာ ရေးထားတာ။ နူးဆိုတဲ့ ကောင်မလေး ကရန်ကုန်မှာ ဘယ်သူ နဲ့မှမသိဘူး။ ဦးသိန်းဇော်တို့ အစီအစဉ်နဲ့ ကလေးကို ဆေးကုဖို့ လိုက်လာတာ။ သူတို့က ဘာလို့ ဒီလောက် ကူညီနေ တာလဲ။ ဒီကိစ္စမှာ တစ်ခုခုတော့ ထူးခြားနေ တာအမှန်ပဲ"
"စုကို ဖုန်းဆက်တော့ သူလည်း အံ့သြနေတယ်။ ကိုမြတ်မင်း ဆိုတဲ့လူလည်း တန်ဖဲမှာ မရှိတော့ ဘူးတဲ့။ ဇော်ဟိုး ရောက်လာပြီး ခရီးထွက်သွားကြတယ်လို့ပြောတယ်။ သူစုံးစမ်းလို့မရဘူးတဲ့။ ဘယ်သူမှလည်း မသိဘူး တဲ့။ ထမင်းဆိုင်ကိုလည်း ပိတ်ထားတယ်လို့ ပြောတယ်။ စု ပြောတာ တော့ နူးကိုဘုရားကျောင်းက လာခေါ်တာ မဖြစ်နိုင်ဘူးတဲ့။ ကိုမြတ်မင်းနဲ့ ဇော်ဟိုးတို့ တစ်ခုခု ကြံနေတယ်လို့ သူထင်တယ်တဲ့။ ဘာလဲတော့ သူလည်း အတိအကျ မသိဘူး။ ကိုမြတ်မင်း စုံစမ်း နေတဲ့ရွှေကြောသစ်ကိစ္စနဲ့ ပတ်သက်နေမလား မသိဘူးတဲ့"
ဦးကောင်းမြတ် က ရုတ်တရက်သတိရသွားပြီး ချွေးမဖြစ်သူထံသို့ ဖုန်းဆက်လိုက်ပါသည်။ သို့ရာ တွင်ဖုန်းထဲ၌ ဖုန်း မအားသေးကြောင်း ပြန်ဖြေသံကြားနေရတော့သည်။

"ကျွန်တော် စု အမေဆီလိုက်သွားဦးမယ်။ တစ်ခုခုထူးရင်း ဖုန်းဆက်မယ်နော်....."
သူ့စကား ကို ဦးစိုးအေးက ခေါင်းညိတ်ပြီး စာကို စာအိတ်ထဲ ပြန်ထည့်ပေးလိုက်ပါသည်။ ဦးကောင်းမြတ်တစ်ယောက် ဒေါ်သီရိအိမ်သို့ ကားမောင်းလာခဲ့ပါသည်။ သို့ရာတွင် အိမ်မှာလည်း ဒေါ်သီရိ ရှိမနေ။  သူက အိမ်ဖော်ကောင်မလေး ကို မှာကြား၍အိမ်သို့ပင် ပြန်လာခဲ့ပါတော့သည်။
သူ့အတွေး များက ရှုပ်ထွေးနောက်ကျိနေတော့၏။
...................................................................................................................................
ဒေါ်သီရိ က ဦးသိန်းဇော် ပြောပြသည့်စကားများကို အာရုံစိုက်၍ နားထောင်နေမိသည်။ ဦးသိန်းဇော် ကဧည့်ခန်း ထဲမှာပင် ရှင်းပြနေသည်။

"ဒီကိစ္စက အရမ်းကိုအရေးကြီးတယ်နော်။ သတင်းပေါက်ကြားလို့ လုံးဝမဖြစ်ဘူး။ ပြဿနာက မီးခိုးကြွက်လျှောက် ဖြစ်လာမှာ၊ သီရိသမီးကို မရရအောင် ပြန်ခေါ်လိုက်။ သူ့အဘိုးက မေးလား မြန်းလား လုပ်လာပြီ၊ သတင်း တစ်ခုခု ထွက်တာနဲ့ တို့ဆုံးရှုံးမှုက အရမ်းကြီးမားတယ်။ လုံးဝလျှို့ ၀ှက်ထားနိုင်မှ ဖြစ်မှာ။ သီရိ အဲဒါကို သဘောပေါက်တယ်နော်။ မောင်မြတ်မင်းက ဟိုမှာ အသက် နဲ့ရင်းပြီး လှုပ်ရှားနေရတာ။ ဒီရွှေကြော ကို ရဖို့ သေချာနေပြီ။ အဲဒါလည်း ဒီကလေးမလေး တို့လက် ထဲမှာ ရှိနေမှဖြစ်မှာ။ ဒါလည်း ရက်ပိုင်းလေး ပါပဲ။ ပြီးရင် အားလုံးအကျိုးရှိမယ့် ကိစ္စ။ ဒါကြောင့် သီရိသမီးကို ရအောင်ပြန်ခေါ်ပါ။ ပြီးတော့ အဘိုးကြီး ကို ထိန်းထားဖို့။ သူနဲ့ကလေးမ ကိုပေးတွေ့လို့ လုံးဝမဖြစ်ဘူး၊ သိလား"
ဒေါ်သီရိ ခေါင်းညိတ် ပါသည်။

"သမီးကို ရအောင်ပြန်ခေါ်။ သူက အဲဒီမှာ သတင်းတွေ ရေးနေတယ်တဲ့"
"အဲဒါက ဘာမှ မဟုတ်ဘူး အန်ကယ်ရယ်။ သူက အပျော်တမ်းသတင်းထောက်ပါ"
ဦးသိန်းဇော် က ခေါင်းခါပါသည်။ စားပွဲပေါ်မှာ စာအိတ်အရှည်တစ်အိတ်ကို ဖောက်၍ အထဲမှ ဓာတ်ပုံများကို ထုတ်ပြလိုက်သည်။ ဒေါ်သီရိက ဓာတ်ပုံများကို ကြည့်၍ အံ့အားသင့်နေ၏။
မြစ်ဆုံဒေသ မှ ရွှေလုပ်ကွက်များကို ကျကျနနပုံဖော်ထားသည့် ရိုက်ချက်များဖြစ်နေသည်။ မြင်ရ သည့်ဓာတ်ပုံ များက အံ့သြစရာ။ ဓာတ်ပုံ၏နောက်ဘက်တွင် ပုံစာလက်ရေးများ ပါနေသည်။ ဒေါ်သီရိက အသံထွက်ဖတ်ကြည့်သည်။

"မြစ်ဆုံဒေသ ၌ အလွန်အကျွံ ရွှေတူးဖော်မှုကြောင့် သဘာဝမြေလွှာများ ပျက်စီး"
ဒေါ်သီရီက နောက်တစ်ပုံကို ကြည့်ပြီး စာကိုဖတ်သည်။
"သစ်တောများ ပျက်သုဉ်းခြင်း၏ တရားခံမှာ ရွှေတူးသူများကြောင့်"
"မြစ်အတွင်း၌ ဓာတုပစ္စည်းပါသည့်အရည်များနှင့် အနည်အနှစ်များ ရွှေလုပ်ကွက်များကြောင့် ဖြစ်ထွန်းနေရ"
"ဘုရား...ဘုရား.. ဒီကလေးမလေး ဘာတွေလျှောက်လုပ်နေတာပါလိမ့်"
"အဲဒါတွေက မောင်မြတ်မင်း သူ့ကင်မရာကို ကူးပေးရင်း ယူထားတဲ့ပုံတွေ"
ဒေါ်သီရိက ဘုရားထ လိုက်သည်။

"အို ဒီကလေးမ ဘာတွေလျှောက်လုပ်နေပါလိမ့်နော်။ ဒုက္ခပါပဲ၊ သူက ရွှေလုပ်ကွက်တွေ သွား ကြည့်ချင်တာ အကြံနဲ့ကိုး။ ဘုရား ဘုရား"
ဦးသိန်းဇော် က သတင်းသစ်ဂျာနယ်ကို ထုတ်၍ ဖတ်ရှုရမည့်စာမျက်နှာကို ပြသလိုက်ပါသည်။ ဂျာ နယ်၌ သတင်းခေါင်းစီးဖော်ပြထားသည်က
"ဖြစ်ဆုံမှ ရွှေလုပ်ကွက်များကြောင့် မြစ်ရေညစ်ညမ်းမှုတိုးပွားနေ"ဟူ၍ဖြစ်သည်။ အောက်ခြေတွင် ကလောင်ရှင် က စုမြတ်ဖြစ်နေ သည်။
"ဒီသတင်း က ဂျာနယ်မှာပါလာပြီ သီရိရေ။ အဲဒါ သီရိသမီးရဲ့ လက်ချက်ပဲ"
"မဖြစ်ဘူး။ သူ့ကို ချက်ချင်း ပြန်ခေါ်မှရမယ်။ ဒါ ဒါ သူ့အဘိုးမြှောက်ပေးနေတာမယ်။ ဟုတ်ပါပြီ ဟုတ်ပါပြီ၊  သူတို့နှစ်ယောက် တရုန်းရုန်းဖြစ်နေတာ ဒါကြောင့်ကိုး။ မဖြစ်ဘူး အန်ကယ်၊ မဖြစ်ဘူး၊ သမီးကို ချက်ချင်း ပြန်ခေါ် ရမယ်။ ဒင်းကို အဲဒီမှာ ထားလို့ကို မဖြစ်ဘူး။ အမယ်လေး သမီးမိုက်... ကြည့်စမ်း အမေ့ကို ညာရက် တယ်နော်။ ဟင်း"
ဒေါ်သီရိ က ချက်ချင်းပင် ဧည့်ခန်းထဲမှ ထွက်သွားပါတော့သည်။

အခန်း (၇)

လုံခြုံရေးတာဝန်ခံက ဓာတ်ပုံကို ကြည့်ပြီး ခေါင်းခါပြလိုက်သည်။
" ဒီကောင် ဒီနယ်မှာ ရှိတာတော့ သေချာတယ်။ မနေ့ကပဲ မြစ်ကြီးနားဆေးရုံမှာ တွေ့လိုက်တာတဲ့။ တန်ဖဲ ဘက် ကို ပြန်သွားတယ်ဆိုလို့ "
ရဲအရာရှိ စကားကြောင့် တာဝန်ခံက ဓာတ်ပုံကို ပြန်ကြည့်လိုက်သည်။ ထို့နောက်ရုံးအတွင်းမှ ကျန်လူများကို အသိပေးလိုက်၏။
" ကဲ ကိုယ့်လူတို့ရေ၊ ဒီဓာတ်ပုံကို လာကြည့်ကြပါဦး။ ဖောက်ခွဲရေးသမားတဲ့။ အသက်က ဆယ့်ရှစ်နှစ်။ တရုတ်စကား၊ ဂျိန်းဖောစကား၊ မြန်မာစကားကောင်းကောင်းတတ်တယ်။ သူ့ကို မြင်ဖူးတဲ့လူရှိလား၊ လာ ကြည့်ကြဟေ့ "
တာဝန်ခံ ၏ စကားကြောင့် ရုံးထဲမှလူများ လာကြည့်ကြသည်။ ဓာတ်ပုံထဲမှာ ပျောက်ကျားဝတ်စုံနှင့် ချာတိတ် တစ်ဦး၊ လက်နက်ကိုင်ရင်း ကင်မရာကိုကြည့်နေသည့်ပုံ။ သူတို့အားလုံး ဓာတ်ပုံထဲမှလူကို မသိကြ။

သူတို့ ကြည့်နေဆဲမှာပင် ရွှေလုပ်ကွက်မှ အလုပ်သမားတစ်ဦး ရုံးထဲသို့ ၀င်လာသည်။ ရဲအရာရှိက လှမ်း၍ ခေါ်လိုက်၏။
" ဆရာကြီး ဒီဓာတ်ပုံထဲက လူကို သိလား၊ ကြည့်ပါဦး"
ရဲအရာရှိစကားကြောင့် ထိုလူက ဓာတ်ပုံရှိရာသို့လျှောက်လာပြီး ကြည့်သည်။ ခေါင်းခါ၍ပြန်ပေး၏။ ထို့နောက် ရုံးထဲမှ ဖိုင်တွဲကိုယူ၍ ပြန်ထွက်သွားတော့သည်။ ရုံး၏အပြင်ဘက်သို့ ရောက်လာမှ သူ တုံခနဲ ရပ်လိုက်၏။ ထို့နောက် ရုံးထဲသို့ ပြန်လှည့်ဝင်လာပြီး ဓာတ်ပုံကို ပြန်ကြည့်သည်။ စေ့စေ့စပ်စပ် ကြည့်သည်။ ပြီးတော့ သူ မှတ်မိ သွားတော့သည်။
" ထမင်းဆိုင်က ကောင်လေးပဲ။ နေပါဦး သူ့နာမည်က ... "
ရဲအရာရှိကော ကျန်လူများပါ သူ့စကားကို ငံ့လင့်နေကြ၏။

" လောဟူ ... မဟုတ်သေးပါဘူး။ လောဟို ... အင်း၊ လောဟို ထင်တယ်"
" ဘယ်ထမင်းဆိုင်လဲ "
ရဲအရာရှိက ဆက်၍မေးလာသည်။
" တန်ဖဲ ကလေ။ ဆိုင်ရှင်က ဗိုက်ကြီးသည် ကောင်မလေး၊ သူ့ယောက်ျားက သစ်ခွရှာတယ် "
ရဲအရာရှိက စကားပြောစက်ကို ထုတ်၍ ချက်ချင်းပင် အကြောင်းကြားကာရုံးထဲမှ ပြန်ထွက်သွားတော့သည်။
..........................................................................................................................................................
စက်ရုံ၏ ဂိုထောင်အ၀တွင် အလုပ်သမားတစ်စု အုံခဲ၍ ၀ိုင်းကြည့်နေကြသည်။ တွင်းတစ်တွင်း၏အ၀တွင် တစ်ယောက်က ငါးမျှားကြိုးကို ဆွဲကိုင်ထားသည်။ တွင်းဝမှ ခေါင်းပြူ၍ ထွက်လာသော ငါးရှဥ့်တစ်ကောင် သည် အန္တရာယ်ကို မြင်ရသည်မို့ တွင်းထဲသို့ ပြန်၍နောက်ဖုတ်သွားပြန်သည်။ ငါးရှဥ့်၏ခေါင်းက လက်ဖက် ရည်အကြမ်းပန်းကန်လုံးမျှရှိသည်မို့ စက်ရုံအလုပ်သမားများ ငြာသံပေး၍ အားပေးနေသည်။ ငါးမျှားကြိုးကိုင် ထားသူကလည်း အလျှော့မပေး။ ခြေကန်၍ဆွဲနေသည်။

" ဟေ့ ဆွဲမရရင် တွင်းကို တူးကွာ။ ဒီကောင်တွေ အမြီးပိုင်းမှာ တစ်ခုခုတွယ်စရာရှိရင် ထုတ်ရခက် တယ်။ ဟေ့ ပေါက်တူးနဲ့တူးကွာ "
ဥက္ကဋ္ဌ စကားကြောင့် တစ်ယောက်က ပေါက်တူးကို ပြေးဆွဲပါတော့သည်။ ငါးရှဥ့်က ရှေ့မှကြိုးကို ဆွဲလိုက် တိုင်း မျိုထားပြီးသော ငါးစာနှင့် ငါးမျှားချိတ်ကြောင့် ကောင်းစွာ မရုန်းနိုင်။ ငါးမျှားကြိုးစ ကိုင်ထားသူမှာလည်း အတင်းကာရော မဆွဲရ။ ငါးရှဥ့်က အကောင်ကြီးလှသည်။ အရှည် မည်မျှရှိမည်ကို မခန့်မှန်းနိုင်သေး။
ပေါက်တူးသမား က အပြေးအလွှားရောက်လာပြီး တွင်းကိုခန့်မှန်း၍ ပေါက်ပါတော့သည်။ လူအုပ်စု ကလည်း ပေါက်တူးတစ်ချက် မြေလွှာကိုထိုးခွဲလိုက်တိုင်း ငြာသံပေးနေကြ၏။ ပေါက်ချက်က တဖြည်းဖြည်း နက်လာ သည်။

" ငါးရှဥ့်ကို မထိစေနဲ့နော်။ ဒီကောင့်ကို အရှင်လိုက် မီးကင်မယ်။ ရွှံ့နဲ့မံပြီး ကင်စားမယ်ဟေ့ "
ဥက္ကဋ္ဌက သူ၏ ဆူဖြိုးနေသော ၀မ်းဗိုက်ကြီးကို ပုတ်ကာ ၀မ်းခေါင်းသံကြီးဖြင့် ပြောနေ၏။ သူ့နံဘေးတွင် ရပ် နေသော ကိုဇော်မင်း က စိတ်ပျက်သွားမိသည်။
" ဟာ အမြီးပိုင်းတွေ့ပြီ။ နည်းတဲ့ကောင်ကြီး မဟုတ်ဘူးကွ"
ပေါက်တူးသမား က အော်လိုက်ခြင်းပင်။
ငါးရှဥ့် သည် ကွန်ကရစ်တုံး အပျက်မှ တိုးထွက်၍ မြေတွင် စိုက်နေသော သံချောင်းတစ်ခုကို အမြီးပိုင်းဖြင့်ရစ် ပတ်ထားရှာသည်။

" ဖယ် ဖယ်၊ ညှပ်နဲ့ဆွဲမယ် "
တစ်ယောက်က ကွင်းပါသော ညှပ်အားကြောင့် အားယူထားသော သံချောင်းကို ဖြေချလိုက်ရင်း တယမ်း ယမ်းလုပ်နေတော့ ၏။
" ဆွဲထုတ်၊ ဆွဲထုတ်၊ ပါပြီဟေ့ "
တစ်ယောက်က အော်သည်။
ဥက္ကဋ္ဌ ကလည်း ငြာသံပေးသည်။ ငါးရှဥ့်သည် တွင်းလည်းပျက်၊ ညှပ်ဖြင့်လည်းအညှပ်ခံ၊ ငါးမျှားကြိုးလည်း မျိုထားလေပြီမို့ သည်မုဆိုးများဒဏ်ကို အညံ့ခံရလေပြီ။ လူအုပ်ထဲမှ အစွမ်းပြချင်သူများက သဲကြမ်းများကို ပြေးကျုံး၍ ငါးရှဥ့်ကို ပတ်ပြီး ဖမ်းကြသည်။ ဆာလာအိတ်အလွတ်တစ်လုံးထဲသို့ သွင်းလိုက်ကြ သည်။ ငါးရှဉ် ခမျာ လူအုပ်၏ လက်တွင်းသို့ သက်ဆင်းခဲ့ရရှာလေပြီ။

ကိုဇော်မင်းက ငါးရှဥ့်ဖမ်းပွဲကျင်းပပြီး အောင်မြင်စွာ ထွက်ခွာသွားကြသူများကို စိတ်မသက်မသာ ကြည့်နေ တော့သည်။ ညနေဆိုလျှင် အရက်ဝိုင်းကြီး ၀ှဲချီးကျင်းပပေတော့မည်။ ငါးသလောက် ပေါများစဉ် ကလည်း ဤသို့ ပွဲမျိုး မကြာမကြာ ကျင်းပတတ်သည်။ ဥက္ကဋ္ဌကိုယ်တိုင် သောက်ကြ စားကြဖို့ အားပေး တတ်သည် ကိုး။
ကိုဇော်မင်း က သူ့ကိုယ်သူပင် အပြစ်တင်မိပါသည်။

ယနေ့ ငါးရှဥ့်ဖမ်းပွဲကြီးသည် သူ့ကြောင့် ဖြစ်ပေါ်ခဲ့ရခြင်းပင်။ သူတို့စက်ရုံ၏ ရေဆိုးစွန့်ပေါက်က ဂိုထောင်ထဲ မှ ဖြတ်၍စီးနေသည်။ ထိုရေဆိုးစွန့်ပေါက် သွားရာလမ်းကြောင်းကို သိအောင် ကြိုးစားရင်း ဂိုထောင်မှ ပစ္စည်းများ ကို ရှင်းခိုင်းရာမျ ငါးရှဥ့်ကို တွေ့လိုက်ရခြင်းပင်။ ပထမတော့ မြွေဟုထင်ကြသည်။ သို့ရာတွင် ငါးရှဥ့်မှန်း သိသွားသောအခါ ငါးမျှားကြိုးဖြင့် ပိုးဟပ်ကို အစာတပ်၍ တွင်းထဲသို့ တုတ်တံသွင်း၍ မျှားကြခြင်းပင်။
ကိုဇော်မင်း က ဖယ်ရှားလက်စ ပစ္စည်းဟောင်းများကို ကြည့်ရင်း ရေဆိုးပေါက်ထွက်ရာကို ဆက်၍ ခြေရာခံ နေမိသည်။ ရေဆိုးပေါက်လမ်းက ငါးရှဥ့်တွင်းနဘေးမှ ဖြတ်၍ ဖောက်ထားသည်ကို တွေ့၏။ ထိုနေရာ တစ်ဝိုက်တွင် ဆီချေးရောင်မြေသားကိုတွေ့ရသည်။ သူက ထိုနေရာကို မှတ်သားပြီး ဆက်ရှင်းရမည့် ပစ္စည်း များကို ကြည့်ရင်း ပြန်ထွက်လာခဲ့တော့သည်။
..................................................................................................................................
စုက သူမှတ်မိသမျှ တောင်တက်လမ်းကို စာအုပ်ထဲ၌ ရေးမှတ်ရင်း ရှေ့ဆက်တက်ရမည့်ခရီးကို မော့၍ ကြည့် လိုက်သည်။ လမ်းပြဖြစ်သူ လောဟိုက တောင်ခါးပန်းထိပ်တွင်ရပ်၍ မှန်ဘီလူးဖြင့် အကဲခတ်နေသည်။ စုက အမောပြေပြီမို့ ရေဗူးကိုပြန်ပိတ်ပြီး တောင်ပေါ်သို့ဆက်၍ တက်လာခဲ့သည်။
" ဝေးသေးလား လောဟို ရယ်။ ငါ မောလို့ သေတော့မယ် "
စုက မေးခွန်းထုတ် လိုက်သည်ကို လောဟိုက သစ်မြစ်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ခေါင်းညိတ်ပြပါသည်။

" ရှေ့မှာ ချောင်းသွယ်နှစ်ခု ကျန်သေးတယ်။ မိုးမချုပ်ခင်ရောက်မှာပါ။ အဲဒီမှာတည်းဖို့ လင့်စင်ရှိတယ်။ အစ်မ အဲဒီ ကိုရောက်မှ ဖြစ်မှာ။ ကျွန်တော် တို့မှာ ရိက္ခာမရှိတော့ဘူး"
လောဟို က ခပ်သွက်သွက်ဖြေပြီး ရှေ့မှ ဦးဆောင်၍တက်သွားသည်။
" သူတို့ ရွှေကြောသစ် သွားရှာတာ သေချာပါတယ်နော် "
လောဟိုက တောဆောင်းဦးထုပ်ကို ချွတ်၍ ခါလိုက်သည်။
" ကိုမြတ်မင်း က အကြံနဲ့နေနေတာ အစ်မရဲ့။ သူက ကိုဇော်ဟိုးဆီက ရွှေကြော နေရာသိချင်လို့ ထမင်းဆိုင် မှာ နေနေတာ။ မြစ်ကြီးနားကနေ မနူးကို ရန်ကုန်ပို့တာလည်း သူ့အကြံပဲ။ ဒါမှ ကိုဇော်ဟိုး က ရွှေကြောနေရာ ကို ပြောမှာလေ "
" ယုတ်မာလိုက်တာ ဟယ်။ လူမဆန်လိုက်တာ။ သူသိချင်ရင် သူ့ဘာသာသွားရှာပါလား "
သူ့စကား ကို လောဟို ပြန်ဖြေရှင်းပြသည်။

" ဘယ်ရမလဲ အစ်မရဲ့။ ဒီတောက သိပ်တောကြမ်းတာ။ လမ်းမသိရင် ဘယ်လိုမှ မသွားတတ်ဘူး။ ချောင်း တွေ လျှိုတွေက ပြည့်နေတာ။ တောပြိုတာ၊ ရေကြီးတာလည်း ခဏခဏပဲ။ မသွားတတ်ရင် တောထဲမှာတင် လမ်းပျောက်ပြီး ပြန်လို့မရတော့ဘူး။ ပြီးတော့ သွားလာခွင့်ပိတ်ထားသေးတယ်။ လူတိုင်းသွားလို့မရဘူး။ အခု အစ်မ က အတင်းသွားချင်နေလို့ ကျွန်တော် လိုက်ပို့တာ။ ကျွန်တော်လည်းရှေ့က ချောင်းနှစ်ချောင်းကျော် ပြီး မသွားတတ်ဘူး "
" အေးပါတယ် ငါလည်း ရောက်ဖူးအောင်လို့ပါ "
" အစ်မ က ကိုမြတ်မင်းနဲ့ ဘာတော်လို့လဲ "
" ဘာမှ မတော်ပါဘူး။ ငါ့အမေက သူတို့ကုမ္ပဏီမှာ ရှယ်ယာဝင်တယ်လေ။ ပိုက်ဆံ ထည့်ထားတယ်လို့ ပြောတာ။ ကုမ္ပဏီပိုင်ရှင် က ငါတို့နဲ့အမျိုးမကင်းဘူး "
လောဟိုက ခေါင်းညိတ်နေသည်။ သစ်မြစ်ကြီးတစ်ခုက လမ်းကို ကန့်လန့်ဖြတ်၍ခံနေသည် မို့ လောဟို က ကျော်တက်ပြီး စုကို လက်ကမ်းပေးလိုက်သည်။ စုက လက်ကို အားပြု၍ ဆွဲကိုင်ပြီး သစ်မြစ်ပေါ်သို့ ခုန် တက်လိုက်၏။ ကိုယ်ဟန်ချက် လွဲသွားသည်မို့ ဒယီးဒယိုင်မြစ်ပြီး လောဟိုဘက်သို့ ယိုင်ကျသွား သည်။ လောဟို က လက်ဖြင့် ထိန်းနေရင်း အောက်သို့ ပြန်ချပေးလိုက်၏။

" ကျေးဇူးပဲ မောင်လေး "
" ရပါတယ်။ ကျွန်တော်တို့ မြန်မြန်သွားရအောင်၊ မှောင်တော့မယ် "
" အေးပါဟယ်၊ ငါ မောနေလို့ပါ "
စုက လောဟိုနောက် မှ ဆက်၍လိုက်လာခဲ့ရင်း လောဟိုကို နောက်ကျောဘက်ဆီမှ အကဲခတ်လိုက်သည်။ သူ့အတွေးများက သစ်မြစ်ဆုံပေါ် အတက် ရုတ်တရက် လဲပြိုသွားသည့်အဖြစ်ကို ပြန်တွေးလိုက်သည်။ သူ လဲပြိုစဉ်က လောဟို ရင်ဘတ်ထဲသို့ လက်တစ်ဖက် ရောက်သွားသည်။ သူ့လက်က မာကျောသောအရာတစ်ခုကို ထိလိုက်မိ၏။ စု ဆက်၍ တွေးတောနေသည်။ မှန်ဘီလူးကို ထိမိခြင်းလား။ မဟုတ်နိုင်။ မှန်ဘီလူးက ခါးဘက်တွင် တွဲလောင်းကျနေခြင်းပင်။ စုက ထပ်မံ၍ စဉ်းစားပြန်သည်။ သူ စမ်းမိ သောအရာက ဘာလဲ။ ဓားတော့ မဟုတ်။ သူ့အတွေးများကို စေ့စေ့စပ်စပ် ပြန်ခြုံငုံရင်း ခြေလှမ်းတုံ့ခနဲ ဖြစ် သွားသည်။

သေနတ် ...
သူ စမ်းမိသည်က သေနတ်ပါလား။
သူ အံ့အားသင့်စွာဖြ့် ရှေ့တက်နေသော လောဟိုကို လှမ်းကြည့်လိုက်သည်။ လောဟိုကလည်း သူ့ကို စူး စိုက်၍ကြည့်နေ သည်။ လောဟို ကြည့်နေသည်က လျှို့ဝှက်မှုအပြည့်ပင်။ စု တံတွေးကိုမျိုချပြီး လောဟိုကို စိုက်ကြည့်နေပြီးမှ ပြေးနေရင်း ကျောပိုးအိတ်ကို ဖြုတ်သည်။ တောင်စောင်းမှအရှိန်ဖြင့် ပြေးဆင်းနေရင်း ကျောပိုးအိတ်ကိုဖွင့်၍ စာအုပ် ကို စမ်းသည်။ စမ်းနေသော်ငြား စာအုပ်ကို ရှာ၍မတွေ့။ စုပြေးလက်စကို ရပ် လိုက်သည်။ စာအုပ် မပါလျှင် သူ ဒုက္ခရောက်တော့မည်မို့ ကျောပိုးအိတ်ကို သွန်ချလိုက်သည်။ စာအုပ်က မတွေ့သေး။ စု ရေဘူး ကိုပွေ့ရင်းဆက်၍ ပြေးဆင်းလာသည်။
စမ်းချောင်းလေးတစ်ခု ကို တွေ့ရသည်နှင့် သူ ဖြတ်ကျော်ရန် နေရာရှာသည်။ ရေတိမ်သောနေရာမှဖြတ်၍ ကူးလာခဲ့၏။ သူ ကူးလာရင်း စမ်းချောင်းတစ်ဖက်သို့ လှမ်းကြည့်လိုက်သည်။ လူနှစ်ဦး မတ်တတ်ရပ်လျက် သူ့ကို ကြည့်နေ၏။ လက်ထဲမှာ သေနတ်ကိုယ်စီပိုက်လျက်။ စု နောက်သို့ ပြန်လှည့်ပြေးသည်။ သို့ရာတွင် သူခြေလှမ်းမရွှေ့။
ကမ်းစပ်၌ လောဟို ရပ်နေသည်။
သူ့လက်ထဲမှာက စာအုပ်လေးတစ်အုပ်နှင့်။
ကမ်းတစ်ဖက်လူများက လောဟိုကို လက်လှမ်းပြနေပါလား။
.................................................................................................................................
ကိုမြတ်မင်းသည် ဇော်ဟိုး၏ လုပ်ရပ်ကို မလှမ်းမကမ်းမှ အကဲခတ်နေသည်။ ဇော်ဟိုးက သစ်ပင်ရင်းတွင် ပန်းများကို ကျကျနန ထောင်လိုက်သည်။ ထို့နောက် ဒူးထောက်လျက် လက်နှစ်ဖက်ကို ယှက်၍ နှုတ်မှ တဖွ ဖွရွတ်ဆိုနေပါသည်။ သူတို့ရှေ့တွင်နက်ရှိုင်းသော ချောက်ကမ်းပါးကြီးရှိနေသည်။ ဇော်ဟိုးက ရွတ်ဖတ်ပူ ဇော်ပြီးသည်နှင့် ပန်းများကို တရိုတသေ ယူဆောင်ပြီး ပွင့်ဖတ်များ အား ခြွေ၍ ချောက် ကမ်းပါးအောက်ဘက် သို့ ချပေးနေသည်။ ရွတ်ဖတ်ခြင်းကို ဆက်၍ပြုနေဆဲ။ ကိုမြတ်မင်းက သစ်ပင်ကို မှီရင်း မြေပုံစာရွက်ကိုထုတ် ၍ မင်နီဖြင့် လိုင်းတားနေသည်။
သူတို့ခရီးထွက် လာသည်မှာ ဆယ်ရက်ကျော်ခဲ့ပြီ။
ဤခရီးစဉ် အတွက် အပေးအယူလုပ်ခဲ့ကြသည်။

ဇော်ဟိုးက ရွှေကြောသစ် ရှိသည့်နေရာကို လိုက်ပို့ပေးမည်။ ကိုမြတ်မင်းက နူးနှင့်ကလေးငယ်ကို ဘေးမသီ ရန်မခ ပြန်ခေါ် လာပေးရမည်။ ပထမတော့ ဇော်ဟိုးက ကိုမြတ်မင်းကို ဓားထုတ်၍ အပြတ်ရှင်းရန် အထိ ဒေသထွက်လာခဲ့သေးသည်။ သူ မရှိခိုက်မှာ ဇနီးနှင့်ရင်သွေးကို အဝေးတစ်နေရာသို့ ပို့ရပါမည်လား ဟု ဒေါသ ထွက်ခဲ့ခြင်းပင်။ သို့ရာတွင် ကိုမြတ်မင်းက အသက်အသေခံရန်အသင့်။ သူ သေချင်သေပစေ။ သူ သိလိုသည် မှာ ရွှေကြောသစ် ရှိမည့်နေရာပင်။ နောက်ဆုံးတော့ ဇော်ဟိုးစိတ်လျှော့လိုက်တော့သည်။ ကိုမြတ်မင်း က ရွှေကြောသစ် ရှိမည့်နေရာကို မြေပုံတောင်းသည်။ ဇော်ဟိုးက မြေပုံပေးရန်မရှိ။ မြေပုံဆွဲပြ လို့ရမည့် နေရာမျိုးလည်းမဟုတ်။ ပြီးတော့ ဇောင်္ဟိုးတို့ ဘိုးစဉ်ဘောင်ဆက် စောင့်ထိန်းခဲ့ကြသည့်အပြင် ဘယ်လိုနည်း နဲ့ မှပေးဖို့ စိတ်ကူးမရှိပါချေ။
သူတို့နှစ်ယောက်ညှိနှိုင်းခဲ့ကြသည်။

ကိုမြတ်မင်း ကို ရွှေကြောရှိရာသို့လိုက်ပို့ပေးမည်။ လမ်းခရီးစဉ်ကို ကိုမြတ်မင်းရေးဆွဲနိုင်သည်။ ထိုနေရာ ရောက် လျှင် နိုင် သလောက် ရွှေကျောက်ချပ်လွှာများဆယ်ယူခွင့်ပြုသည်။ တန်ဖဲသို့ ပြန်ပို့ပေးမည်ဟု သဘောတူ ခဲ့ကြသည်။ ထိုသဘောတူညီချက်ရရချင်း ကိုမြတ်မင်း ချက်ချင်း ခရီးထွက်လာခဲ့ခြင်းပင်။
ဇော်ဟိုး က ပူဇော်ပသပြီးသည်နှင့် သစ်ပင်တစ်ပင်မှ အကိုင်းအလက်များကို တောခုတ်ဓားဖြင့် ခုတ်ထစ်၍ ထင်းစိုက် ရန်ပြင်ဆင်ပါသည်။
" ဆက်မသွားတော့ဘူးလား။ စောပါသေးတယ်ကွာ "
ကိုမြတ်မင်းက မေးခွန်းထုတ်လိုက်ခြင်းပင်။

" ဟိုရှေ့မှာ လျှို့တစ်ခုခံနေတယ်။ ချောင်းတစ်ခုဖြတ်ရဦးမှာ "
" ဘာချောင်းလဲ "
ကိုမြတ်မင်းက မြေပုံစာရွက်ကို ထုတ်၍ မေးလိုက်ပြန်သည်။
" က်ဖြီခ"
ကိုမြတ်မင်းက ချောင်းနာမည်ကို ရှာသည်။ ပြီးတော့ ဇော်ဟိုးကို မြေပုံပြပြီး ဒါလားဟု မေးသည်။ ဇော်ဟိုးက မျက်လုံးပင့်၍ပြန်ကြည့်ပြီး
" ကျုပ် စာမတတ်ဘူးဗျ။ ဘယ်နှခါပြောရမလဲ "
" ဒါဆို ငါ ဒီထဲက ချောင်းနာမည်တွေဖတ်ပြမယ်။ မင်းက နားထောင်ပြီး ဘယ်နားမှာရှိလဲ ပြောပြ "
" ခင်ဗျားနဲ့ ကျုပ် သဘောတူညီချက်ယူထားတာပဲ လုပ်မယ်။ ကျန်တာ ဘာမှဆက်မပြောနဲ့ "
" ဒါဆို အခု မမှောင်သေးဘူး။ ခရီးဆက်မယ်လေ "
" ရှေ့ကို သွားကြည့်ပါလား "
ဇော်ဟိုးက ခုတ်လက်စ ထင်းကို ဖြတ်ရင်း မီးမွှေးရန် ပြင်လိုက်သည်။ ကိုမြတ်မင်းက တောင်ကမ်းပါးဘက်သို့ ဆက်လျှောက်သွား၏။ သစ်ပင်ကြီးတစ်ပင်ကွယ်နေသည်ကို ကျော်၍ကြည့်လိုက် သည်။ လျှိုက မတ်စောက်လွန်း လှသည်။ ဟိုးအောက်ဘက်မှ ချောင်းငယ်တစ်ခု စီးဆင်းနေ၏။ သွယ်ထား သောကြိမ်တံတား ဟိုးအောက်ဘက် မှာ ချောင်းငယ်တစ်ခု စီးဆင်းနေ၏။ သွယ်ထားသော ကြိမ်တံတားတစ်ခုကို လှမ်းမြင်နေ ရသည်။ ခရီးက ရှေ့ဆက်ဖို့ အချိန်ကောင်း မဟုတ်တော့။

ဇော်ဟိုးက သစ်ကိုင်းအရှည်တစ်ခုကို ခုတ်လှဲ၍ သစ်ပင်ကြီးတစ်ပင်၏ ခြေရင်းတွင် ထောင်လိုက်သည်။ ထို့ နောက် ကိုမြတ်မင်း ကျောပိုးအိတ်နှင့်တွဲ၍ ချီထားသော ကြိုးပုခက်လိပ်ကို ဖြုတ်၍ သစ်ကိုင်းမှတစ်ဆင့် သစ်ပင်ကြီး ၏ အောက်ဆုံးအကိုင်းပေါ်သို့ တွယ်တက်သွားတော့သည်။ သစ်ပင်ပေါ်တွင် ကြိုးပုခက်ကို ဆင် လိုက်သည်။ ပြီးတော့ သစ်ပင်ပေါ်မှ ပြန်ဆင်းလာခဲ့သည်။ ကိုမြတ်မင်းက အသားခြောက်ကို ထုတ်၍ ဇော် ဟိုးကို ကမ်းပေး လိုက်၏။ ဇော်ဟိုးက မယူ။ သူ့အိတ်ထဲမှ ထမင်းခြောက်ထုပ်ကို ထုတ်၍ သူ့ဘာသာ စားနေ လိုက်၏။
ကိုမြတ်မင်း က ဇော်ဟိုးအနီးတွင် ၀င်ထိုင်လိုက်သည်။

" ငါ မင်းနဲ့ မိတ်ဆွေဖြစချင်တာပါကွာ။ မင်း ငါ့ကို မိတ်ဆွေလို သဘောထားစေချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ငါက ရွှေရှာ တဲ့လူ။ ရွှေရှာတာ ငါတစ်ယောက်တည်းမဟုတ်ဘူး။ ဒီကမ္ဘာမှာ ရွှေကိုလိုချင်လို့ ရှာ နေတဲ့လူတွေ အများကြီး ပဲ။ တကယ်လို့ ငါမရှာလည်း တခြားလူတွေ လိုက်ရှာမှာပဲ။ မင်း ဘယ်လောက် လျှို့ဝှက်နိုင်မှာလဲ။ ဒီခေတ်မှာ နည်းပညာတွေ တိုးတက်လာပြီ။ ဘာမှ လျှို့ဝှက်ထားလို့ မရတော့ဘူး။ ငါ ဒီ ရွှေကြောကိုတွေ့ရင် အစိုးရဆီ ခွင့်တောင်း မှာပဲ။ သက်ဆိုင်ရာကို ခွင့်တောင်းမှာပဲ။ အကျိုးတူ ပူးပေါင်းခွင့်ရ အောင် ဆောင်ရွက်မှာပဲ။ အားလုံးကောင်း ဖို့ ငါ လုပ်ရတာ။

မင်းနဲ့ငါ ရန်သူ မဟုတ်ပါဘူး"
" ကျုပ် ခင်ဗျားတို့ကို မိတ်ဆွေမတော်နိုင်ဘူးဗျ "
" ဘာဖြစ်လို့လဲ "
" ခင်ဗျားတို့ ရောက်လာလို့ ကျုပ်တို့မြေတွေ ပျက်စီးတယ်။ ရေတွေပျက်စီးတယ်။ သစ်ပင်တွေ ပျက်စီးတယ်။ ဟိုတုန်းက ဒီဒေသဟာ သိပ်အေးချမ်းတဲ့နယ်မြေ။ လာသမျှလူတိုင်း ကြည်နူးရတဲ့နယ်မြေဖြစ် ခဲ့တယ်။ အခု ခင်ဗျားတို့ လာမှ အားလုံးပျက်စီးကုန်ပြီ။ ခင်ဗျားတို့ဟာ ကျုပ်မိတ်ဆွေ တစ်သက်လုံးမဖြစ်နိုင် ဘူး။ ကျုပ်နဲ့မှ မဟုတ်ပါဘူး။ တောင်ပေါ်နတ်သမီးကလည်း ခင်ဗျားတို့ကို မိတ်ဆွေဖွဲ့မှာ မဟုတ်ဘူး။ လော ဘသားတွေ၊ လူယုတ်မာတွေလို့ပဲ သတ်မှတ်တယ်။ အခုပဲ ကြည့်လေ။ ကျုပ်မိန်းမနဲ့ ကလေးကို ခင်ဗျား ၀ှက်ထားတာ "
ဇော်ဟိုး စကားကို ကိုမြတ်မင်းက ပြင်းပြင်းထန်ထန် တုံ့ပြန်တော့သည်။

" မင်း ဘာလို့ အသာတကြည် မပြောတာလဲ။ ငါတောင်းတာက ရွှေကြောရှိတဲ့မြေပုံ တောင်းတာ။ ပြီးရင် မင်းတို့အတွက် ထိုက်ထိုက်တန်တန် ပေးမယ်လို့ ငါပြောသားပဲ "
ဇော်ဟိုးက ခေါင်းခါနေသည်။
" မင်း မိန်းမ ကို ငါ ဆေးကုပေးတာလည်း ပြောဦးလေ "
ဇော်ဟိုးက မဲ့ပြုံးပြုံးသည်။
" ခင်ဗျား စေတနာရှိလို့ လုပ်တာမှမဟုတ်ဘဲ။ ကျုပ်ဆီက ရွှေကြောရချင်လို့ လုပ်တာပဲ မဟုတ်လား "
" တော်ကွာ ဇော်ဟိုး၊ တော် တော်။ မင်း ငါ့စေတနာကို တစ်နေ့နားလည်လိမ့်မယ်။ ဒီရွှေကြောဟာ ငါတို့ မယူရင် တစ်နေ့ မှာ သူများတိုင်းပြည်က လာယူသွားလိမ့်မယ်။ အဲဒီအခါကျရင် မင်း ဘာပြောမလဲ။ အခုပဲ မင်းကြည့်လေ၊ ငါတို့က ပေးထားတဲ့လုပ်ကွက်မှာပဲ တူးကြတာ။ ငါတို့ကြောင့် မင်းတို့သစ်ပင်တွေ၊ မြေကြီး တွေ၊ ရေတွေ ဘယ်လောက် ပျက်သလဲ။ ငါတို့ အခွန်ဆောင်ပြီး လုပ်ကြတာ။

မင်းတို့သစ်ပင်တွေ၊ ရေတွေ၊ မြေတွေ တကယ်ပျက်စီးနေတာ မင်းမြင်လား။ ဧကရာနဲ့ထောင်နဲ့ သောင်းနဲ့ချီပြီး ပျက်ကုန်တာ မင်းမြင်လား။ အဲဒါကို မင်း ပြောဦးလေ "
" ကျုပ် ကျိန်ဆိုပြီးပြီ။ အဲဒါတွေ တစ်နေ့ ပြန်ပေးဆပ်ရလိမ့်မြယ် "
" မင်း ရူးနေလား ဇော်ဟိုး။ ခေတ်မမီတဲ့ အတွေးအခေါ်တွေနဲ့ ရှင်သန်မနေနဲ့တော့။ကမ္ဘာကြီးဟာ ဘာမှ ဖုံး ပိတ်ထား လို့ မရတော့ဘူး။ မင်း မလိုချင်ရင် ဘေးဖယ်နေလိုက်။ လိုချင်တဲ့သူက လာယူလိမ့်မယ်။ အဲဒါ လောက ဥပဒေ ပဲ ရှင်းလား "
" ရှူး "
ဇော်ဟိုး က ရုတ်တရက် တိတ်တိတ်နေရန် အချက်ပေးပြီး ကိုမြတ်မင်းကို ဆွဲ၍ သစ်ပင်နောက် သို့ ၀င်ကာ ပုန်းခိုနေစေ သည်။ ကိုမြတ်မင်းလည်း သစ်ပင်နောက်သို့ဝင်၍ ပုန်းနေလိုက်၏။
" လူသံ ကြားတယ်။ ခဏလေး "
ဇော်ဟိုးက မှန်ဘီလူးကို လွယ်၍ သစ်ကိုင်းထောင်ထားသည့်အတိုင်း သစ်ပင်ပေါ်သို့ တွယ်တက်သွား သည်။ တော သည် တိတ်ဆိတ်နေလျက်ပင်။ ဇော်ဟိုးက သစ်ပင်အမြင့်ပိုင်းသို့ ဆက်၍ တက်သွားသည်။ ပြီး တော့ မှ ပြန်ဆင်းလာသည်။

ဆက်ရန်
.

No comments: