အညစ်ပတ် ခံရတဲ့သူက ရှက်နေစရာ မလိုပါဘူး၊ သူ လုပ်ရဲမှသာ ကိုယ်က ခံရဲပြရုံပေါ့"
"ဟာဗျာ… မဟုတ်သေးပါဘူး၊ ဟော… ဆရာ ဆရာ၊ ဒီဝက်နံရိုးကြော် က နာမည်ကြီး ဆရာ၊ ရော့ ရော့ … မြည်းပါဦး"
ကိုငွေထွန်း၏ မျက်နှာပေါ်တွင် တဒင်္ဂဖြတ်သန်းသွားသော အရိပ်အယောင်များစွာကို သူ သတိထားမိ လိုက် သည်။ ကိုငွေထွန်း မျက်နှာမူရာသို့ လိုက်ကြည့်မိ၏။ ဘယ်သူမျှ မရှိ။
ဟိုတယ် အနောက်ဘက် ကားရပ်ထားရာဆီသို့ ကားတစ်စင်း ထွက်လာသံကြားရပြီး သူတို့မြင်သာ သော နေရာ မှ ကားတစ်စီးဖြတ်သွားသည်။ မာဇဒါဂျစ်တစ်စင်း…။ ကိုငွေထွန်းသည် သူ့အား အားနာစွာကြည့်ရင်း ဘီယာထပ်မှာနေသည်။ ကို ဆက်ဖတ်ရန်.................
(၃)
ရှည်လျားလှသော ညသည် အကျည်းတန်လှစွာ ကုန်ဆုံးသွားခဲ့လေပြီ။ အမေ၏ဘုရားရှိခိုးသံသည် တိုက်ခန်း အတွင်း၌ ပျံ့လွင့်လျက်ရှိ၏။ သူသည် သားကြီးကို တင်းကျပ်စွာဖက်ရင်းက ကားသံ ကို စောင့် မျှော်နေဆဲ။ ကားရပ်သံ ကြားလျှင် အသင့်ထသွားနိုင်ရန် ပြင်ဆင်ထားဆဲ။
နောက်ဆုံးတော့ သူသည် ပြင်ဆင်ရတော့သည်။
"ဘယ်လဲ မောင်ကျော်လွင်"
"လိုက်စုံစမ်းရမှာပေါ့"
"ဘယ်တွေလဲ"
"အစုံပါပဲ… အမေ"
"ကော်ဖီလေး ဘာလေး သောက်ဦးကွယ်"
"နောက်ကျနေမယ်၊ အလုပ်လည်း သွားရဦးမှာ"
နှင်းပွင့်တွေ ဝေနေဆဲမို့ သိပ်ပြီး လင်းလင်းချင်းချင်း မရှိလှသေးသော ဝန်းကျင်သို့ သူ ဝင်လိုက်၏။ အဖြေကို သိထားနှင့်သည်မှာ ကြာလှပေမဲ့ တကယ်တမ်း အဖြေထွက်လာတော့ ရုတ်တရက်ကြီးမို့ သူ လက်ခံနိုင်သေးပုံ မရ။
ဆေးရုံကြီး အရေးပေါ်လူနာဌာနတွင်လည်း "အောင်နိုင်" ဟူသောအမည်၊ "နုသွယ်အေး" ဟူသော အမည်တို့ကို ရှာမတွေ့။ ရေခဲတိုက် ရောက်သောကိစ္စတို့တွင်လည်း ထိုအမည်မျိုးများ မပါ။ ယာဉ်ထိန်း ရဲတွင် စုံစမ်းသောအခါ၌လည်း အောင်နိုင့် ကားနံပါတ်မျိုး ယာဉ်တိုက်မှုဖြစ်ပွားခြင်းမရှိခဲ့။
သူသည် လေးလံသော ခြေတို့ကို သယ်ကာ ပြည်သူ့အိုးအိမ်ပိုင် တိုက်ခန်းတစ်ခုရှေ့သို့ သွားနေခဲ့၏။ ကားရပ်နေကျနေရာ တွင် ကားရပ်မထား၊ ကားမရှိ။ ဘယ်လိုက်ရမှန်းမသိတော့၍ ယောင်လည်လည် ရပ်နေစဉ် မှာ အခန်းတံခါးတွင် သော့ခတ်မထားသည်ကို သတိထားမိ၏။ တံခါးကို လူရွယ်တစ်ယောက် က လာဖွင့်ပေး သည်။
"ဆရာလား၊ ဆရာ ခွင့်တစ်ပတ်ယူပြီး မနေ့က မနက်ပိုင်းကပဲ ကားနဲ့ ထွက်သွားပါတယ်၊ ဘယ်ကိုသွား မယ် ဆိုတာ ပြောမသွားပါဘူး၊ တယ်လီဖုန်းလည်း ပေးမသွားပါဘူး၊ ဘာမှလည်း မှာမသွားပါဘူး၊ ဘာမှ လည်း ပေးသွားတာ မရှိပါဘူး၊ ဦးကျော်လွင် လာရင် ဆိုတာမျိုးလည်း မှာမသွားခဲ့ပါဘူး"
(၄)
"ဘာထူးလဲ မောင်ကျော်လွင်"
"ဆေးရုံမှာရော ရေခဲတိုက်မှာရော မရှိကြဘူး"
"ဟိုအကောင့်… အိမ်မှာရော"
"တောကျီးကန်းဆီမှလည်း မရှိဘူး"
"အဲဒီကောင်ရော တွေ့ခဲ့သလား"
"သူလည်း ခွင့်တစ်ပတ် ယူသွားတယ် ကြားတယ်"
"အင်း… ဘာလုပ်ကြမလဲ မောင်ကျော်လွင်"
"အရုပ်မဆိုးအောင်တော့ အကောင်းဆုံး လုပ်ပေးရတော့မှာပေါ့ အမေ"
"မင်းနှယ်ကွယ်"
"သူတို့အပြစ်ချည်းပဲလည်း မဟုတ်ဘူးလေ"
အိပ်ခန်းထဲမှ အသံကြားရ၏။
"မေမေ… မေကြီး… မေမေကြီးရေ…"
အမေ သည် မျက်လုံးများကို အင်္ကျီလက်စဖြင့် သုတ်ရင်း "အဘွား လာပြီ သားရေ" ဟု အသံပေး ကာ ပြေးဝင်သွား၏။
ရုံးသို့ထွက်လာသော အခါ အမေပျောက်၍ ငိုသော သားငယ်၏ရှိုက်သံနှင့် သမီးပျောက်၍ ငိုနေသော အမေ၏ ရှိုက်သံတို့သည် သူ့နောက်ပါးမှ တစ်ရစ်ဝဲဝဲ လိုက်ပါလာကြ၏။ နှင်းဝေ၍ နေမသာသော နံနက် ခင်း။ သို့သော် သူ နေကာမျက်မှန် တပ်ထား၏။
(၅)
"ကွန်ဂရက်ကျူလေးရှင်း မောင်ကျော်လွင်၊ ဆရာ မင်းကို စောင့်နေတာ နိုင်ငံခြားသွားဖို့ ကိစ္စတစ်ခု ကျ လာတယ်၊ နောက်လ သွား ရမယ်"
"ဟုတ်ကဲ့… ဆရာ"
"ဟုတ်တယ်၊ အဲဒါ အုပ်ချုပ်ရေးဌာနမှာ ပုံစံတွေ ယူပြီး အမြန်ဖြည့်ပေးပါ၊ ဆရာ လက်မှတ်ထိုးပေး ဖို့ စောင့်နေမယ်"
"ဘယ်ကိုလဲ"
"အိန္ဒိယကို တစ်လခွဲသွားရမယ်။ ကွန်ဂရက်ကျူလေးရှင်း အဂိန်း မောင်ကျော်လွင်"
"ကျေးဇူးပါပဲ ဆရာ"
သူသည် စက်ရုံမှူးအခန်းမှ သူ့အခန်းသို့ ပြန်လာခဲ့၏။ ကိုငွေထွန်းက သူ့ကို ကြည့်နေသည်။
နေ့လယ် ထမင်းစားချိန်မှာ ကိုငွေထွန်းက သူ့ကို နိုင်ငံခြား လေ့လာရေးခရီးအကြောင်း ပြောပြပေတော့ မည်။ ယခု ပင်လျှင် ကိုငွေထွန်း ပါးစပ်ပြင်နေလေပြီ။
တယ်လီဖုန်းသံ ထွက်ပေါ်လာ၏။ ဆင်နားရွက်တံခါးကို တွန်းဖွင့်ဝင်ပြီး တယ်လီဖုန်းကို ကောက်ကိုင် လိုက်၏။
"သူငယ်ချင်း… ဇီးကွက်"
တယ်လီဖုန်းခွက် ကို ကိုင်ထားသော လက်သည် တုန်လာ၏။
"မင်းကို အားနာတယ် သူငယ်ချင်း၊ တိုတိုပဲ ပြောတော့မယ်၊ ငါဟာ ယောက်ျားပီပီ လုပ်သင့်တဲ့ ကာလ ကို ရောက်လာလို့…"
သူသည်ကား ငြိမ်သက်စွာ။
"မရှောင်သာတဲ့ အချိန်မှာ ပြတ်ပြတ်သားသား လုပ်လိုက်တာ အားလုံးအတွက် အကောင်းဆုံးပဲလို့ ငါ ယူဆ တယ်၊ မင်းအနေနဲ့က ကြိုက်တာကို ကြိုက်သလိုသာ လုပ်တော့၊ ငါ ခံဖို့အသင့်ပဲ၊ ငါ့ကို ခွင့်လွှတ်ပါ လို့တော့ မတောင်းပန်ချင် ဘူး၊ တောင်းပန်ရမယ့်အချိန်လည်း မဟုတ်တော့ဘူး"
လည်ချောင်း တွင် ပူလောင် ခြောက်ကပ်လာနေခြင်းကို ကြောက်မက်ဖွယ် ခံစားနေရ၏။
"မင်း ဘာလုပ်မလဲ ဇီးကွက်"
"ဇီးကွက်မရော…"
"ရှိတယ်၊ ပြောမလား"
"ဟင့်အင်း၊ မင်း ကိုင်ထားဦး"
"………"
"………"
"တောကျီးကန်း"
"အေး…"
"မင်းတို့နှစ်ယောက် နက်ဖြန်နေ့ခင်း ငါ မရှိတဲ့အချိန်မှာ အိမ်ကို သွားပါ"
"ဟင်…"
"သွားပါ၊ ငါ စီစဉ်ပါ့မယ်၊ သွားမယ် မဟုတ်လား"
"………"
"ကတိပေးပါကွာ၊ သူငယ်ချင်း"
"ကောင်ပြီ"
"တောကျီကန်း"
"အင်…"
"ဇီးကွက်မ ကို နှုတ်ဆက်လိုက်ကြောင်း ပြောပါ"
သူသည် တယ်လီဖုန်းကို သတိကြီးစွာဖြင့် ပြန်လည်ချလိုက်၏။ နှင်းဝေသော နံနက်ပိုင်းဖြစ်ပေမဲ့ သူ့နဖူး တွင် ချွေးများစို့လျက် ရှိနေသည်။
ဆင်နားရွက် တံခါးကို ခေါက်သံပေးပြီး တွန်းဖွင့်ဝင်လာသူ တစ်ဦးက သူ့အား နိုင်ငံခြားလေ့လာရေးခရီး ပုံစံများ ပေးသွား၏။ ဆရာက အမြန်ဖြည့်ပေးပါလို့ မှာလိုက်သတဲ့။
ညစ်ပတ်တဲ့သူ နဲ့ ညစ်ပတ်ခံရတဲ့သူ။
ကောက်ညစ်သူ နဲ့ ကောက်ညစ်ခြင်း ခံရတဲ့သူ။
သူသည် အားပါးတရ ရယ်မောနေမိ၏။
(၆)
ထူးဆွန်းလှစွာ အိမ်သို့ စောစောပြန်ရောက်လာသော ဖခင်ကို သားငယ်သည် အယ်လဲဝမ်းသာ ကြိုဆို လေ သည်။ အမေကတော့ စူးစမ်း၏။ "ဘာမှ မထူးခြားပါဘူး အမေရယ်" ဟုသာ ချွေးသိပ်ရင်း သားကို အဝတ်အစား ဆင်သည်။ "အမေ အိမ်စောင့်လိုက်ပါဦး၊ ကျွန်တော်တို့ သားအဖ သွားစရာရှိလို့…"
အဖေနှင့် လမ်းထွက်ရလေ့မရှိသော သားငယ်သည် အလွန်ပျော်ရွှင်နေတော့သည်။ ဆူးလေ ဘုရားရင် ပြင်တော်ပေါ် တွင် ပန်း၊ ရေချမ်းကပ်ရင်း ဘုရားရှိခိုးသောအခါ ဘာကြောင့်ပန်းကပ်ရသလဲ၊ ဘာကြောင့် ရေကပ် ရသလဲ၊ ဘာကြောင့် အိမ်က ဘုရားမှာ မရှိခိုးတာလဲ ဆိုတာတွေ သိချင်နေပြန်သည်။ မည်းပြာ ရိပ်သမ်းလာသော ကာလမှာ မဟာဗန္ဓုလပန်းခြံထဲ ပျော်ရွှင်စွာ ပြေးလွှားခုန်ပေါက်ရင်းက "မေမေ ဘယ်သွားလဲ ဖေကြီး" ဟု သတိတရ မေးပြန်တော့ သူ့မှာ ဘာဖြေရမှန်း မသိဘဲ "ကျောင်း သွားတက် နေတာ" ဟုသာ ယောင်ဝါးဝါးလုပ်လိုက်ရသည်။ အမေကို သတိရသော်လည်း ဂလုပ်ရုံအောက်က ကစားစရာ ဆိုင်တွေမှာငေးမောရင်း အဖေက မီးပန်းသေနတ်တစ်လက်ကို ဝယ်ပေးသောအခါ သားငယ် သည် အပူအပင်ကင်းမဲ့စွာ ရယ်မောနေပြန်သည်။ ပြီးတော့ သားအဖနှစ်ယောက် ဓနုဖြူထမင်းဆိုင်မှာ အားပါးတရ ထမင်းစားကြသည်။ သားက "နောက်ကျရင်လည်း သားသားကိုခေါ်နော်၊ ဖေကြီးနဲ့လျှောက် လည်ဦးမှာ" ဟု ပါးကလေးကို ဖောင်းကာဖောင်းကာဖြင့် ပြောတော့ သူသည် ခပ်မြန်မြန် ခေါင်းငုံ့ပစ် လိုက်ရ၏။
ရုပ်ရှင်ရုံထဲမှာ သား အရမ်းပျော်နေသည်။ သိုင်းသမားများက ငှက်လို ပျံလိုက်၊ အရူးလို ကလိုက်နှင့် သိုင်း ကစားကြတာတွေကို သိုင်းလို့ မထင်ဘဲ ကကြခုန်ကြတာတွေဟုသာ ထင်ပြီး "အိမ်ကျရင် သား ကပြဦးမယ် ဖေကြီးရဲ့" ဟု တတွတ်တွတ် ပြောနေပြန်၏။ သူသည် သားငယ်ကို တင်းကျပ်စွာ ဖက်ရင်း က အခါခါ နမ်းရှိုက်မိသည်။ "ဖေကြီးကလည်း အရမ်းဖက်ထားတာပဲ၊ သားသား ကျပ်တာပေါ့" ဟု ပြော သံကြားမှ လွှတ်ဖြေပေး မိ၏။
ရုပ်ရှင်ပြီးသော ရေခဲမုန့်ဆိုင်ဝင်သည်။ "သားသား မဆာပါဘူး ဖေကြီးရဲ့၊ အိမ်ပြန်ကြ မယ်လေ၊ မေမေ ရောက်ရောပေါ့၊ မေမေ့ကို သား သေနတ်ကလေးပြရဦးမှာ" ဟု ပြောနေပါလျက် သူသည် သားငယ် ကို ချီပိုးကာရေခဲမုန့်ဆိုင်သို့ဝင်သည်။ "ဦးဦးနဲ့ သွားတုန်းကလည်း သား ရေခဲမုန့်စားရသေးတယ်။ ကရဝိတ် မှာ ဖေကြီးရဲ့" ဟု သားက တွတ်တီးတွတ်တာ ဆိုနေဆဲမှာ သူကတော့ သားနှင့် ပါးချင်းအပ်လို့သာ တင်းကျပ်စွာ ဖက်ထားနေမိ၏။ ခြင်ထောင်တွင်းသို့ ဖြာကျနေသော မီးရောင်ဝါဝါတွင် သားသားကို သူ တွေ့နေရ၏။ သေနတ်ကိ ဖက်ကာ ပြုံးပြုံးကလေး အိပ်မောကျနေတသော သားကလေး။ သူသည် ညင်သာတိတ်ဆိတ်စွာပင် သားငယ်အား မွှေးကြူလိုက်ပြီးနောက် စာရွက်နှင့် ဖောင်တိန်ကို အသင့်ပြင် လိုက် သည်။
သူငယ်ချင်းအောင်နိုင်နဲ့ အေး…
ငါ ဘာဆုံးဖြတ်မလဲဆိုတာ မင်းတို့ သိချင်ကြမှာပဲ၊ တရားဥပဒေအရ အရေးယူရင်လည်း မင်း မှာ ထိခိုက်ပြီး အေး စိတ်ဆင်းရဲ ရတာကလွဲလို့ ဘာမှအကျိုးထူးလာမှာ မဟုတ်ဘူး။ အလုပ်တာ ဝန်တွေ များလွန်းတဲ့ ငါ့ရဲ့အခြေအနေကြောင့် ရယ်၊ ငါ့ရဲ့အပြစ်တွေကြောင့်ရယ် ဖြစ်လာရတဲ့ ကိစ္စမှာ အကောင်းဆုံးဖြစ်သွားအောင် စီမံပေး ဖို့ပဲ ရှိတော့တယ်။ အေးအနေနဲ့လည်း ပိုစိတ်ချမ်း သာရာကို ရှာဖွေတွေ့ ရှိသွားတဲ့ အတွက် ကောင်းပါတယ်၊ တောင်းပန်နေစရာ မလိုပါဘူး။ ငါက ခွင့်လွှတ်ရမှာပါ။ ဒီစာနဲ့အတူ လွန်ခဲ့တဲ့ တစ်လနေ့စွဲ နဲ့ ကွာရှင်းပြတ်စဲစာတစ်စောင် ပါလိမ့်မယ်။ သတင်းစာထဲမှာလည်း ငါဟာ အေးနဲ့ လွန်ခဲ့တဲ့ တစ်လ ကပဲ ကွာရှင်းပြီးကြောင်းကို ကြော်ငြာ ထည့်ပေးပါမယ်။
ကလေးအတွက်ပဲ စိတ်ပူတယ်၊ ငါ့မှာက အမြဲတမ်း အလုပ်များနေရတာဖြစ်တော့ ကလေး ကို အေးနဲ့ထည့်လိုက်တာ အကောင်းဆုံးဖြစ်မယ်။ ယောက်ျားလေးလည်း ဖြစ်ပြန်၊ အောင်နိုင့်ကို လည်း သားက ခင်မင်ပြီးသားဖြစ်ပြန် မို့ အားလုံး အဆင်ပြေပါလိမ့်မယ်။ ငါနဲ့လည်း တွေ့ရချိန် နည်းတော့ ကြာရင် မေ့သွားမှာ ပါ။ အေးလည်း ကိုယ့်သားနဲ့အတူ နေရတာပေါ့။
ဒါကြောင့် ဒီအချက် ကိုတော့ စည်းကမ်းတစ်ရပ်အဖြစ် ယူစေချင်တယ်။ ကလေးကို မင်းတို့ ခေါ် သွားရမယ်၊ ငါ မချစ်လို့ မဟုတ်ဘူးဆိုတာ မင်းတို့နားလည်မှာပါ။ ငါက ရင်အုပ်မကွာ ထိန်းသိမ်း နေနိုင်မှာမဟုတ်တော့ သူ့အမေအရင်း နဲ့နေတာ အကောင်းဆုံးဖြစ်မှာပါ။
ဒီတော့ မင်းတို့ ဒီစာဖတ်ပြီးချိန်မှာ အေး လိုချင်တဲ့ပစ္စည်းတွေရယ်၊ ကလေးရဲ့ပစ္စည်းအားလုံး ရယ်၊ ကလေးရယ် ကို ယူသွားကြပါ။ ငါ ပြန်လာတဲ့အခါမှာ သားကို တွေ့ရတော့မှာမဟုတ်လို့ ခုကတည်းက တစ်ခါတည်းနှုတ်ဆက် လိုက်ရတော့မယ်။ နောင်တော့လည်း ငါ့အခြေအနေတစ် မျိုးပြောင်းသွားရင် မင်းတို့နဲ့တိုင်ပင်ပြီး တစ်မျိုး စီစဉ် တာပေါ့။
သားလေး ကို အဖေအကြောင်း သိပ်မတွေးမိအောင် စောင့်ရှောက်နိုင်ကြပါစေ။ သာယာဖြောင့် ဖြူးပါစေ။
ကျော်လွင်
စာရွက်ကိုခေါက်ပြီး စာအိတ်ထဲသို့ ထည့်ကာ စာအိတ်ကို အသေပိတ်လိုက်၏။ စာရွက်ပေါ်တွင် "တော ကျီးကန်းနှင့် ဇီးကွက်မ" ဟု လက်ရေးလှလှဖြင့် ရေး၏။
သားငယ်ကား မီးရောင်ဝါဝါတွင် အေးချမ်းစွာ အိပ်မောကျနေဆဲ။ သုံးနှစ်ကျော်အရွယ် ကလေးငယ် တစ် ယောက်အဖို့ မုန်တိုင်းတစ်ခုကို ဘာမျှနားလည်သည်မဟုတ်။ နားမလည်သည်ကပဲ အကောင်းဆုံးပါ လေ။
သားကို တဝကြီးကြည့်ပြီး ပါးဖောင်းဖောင်းကလေးများကို နမ်းမိပြန်သည်။ သွားတော့ပေါ့ သားရယ်၊ သားရဲ့ ရှေ့ရေးအတွက် တို့သားအဖ ခွဲကြဦးစို့နော်။
မျက်ရည်စက်များ ကျလာ၏။ ညဥ့်တာရှည်သော တစ်ညကို ကျော်ဖြတ်ရဦးတော့မည်။ ပြီးလျှင် နေ့တာ ရှည်သောတစ်နေ့၊ ပြီးလျှင် ညဥ့်တာရှည်သော တစ်ည…။ သားရယ်…။
(၇)
အလုပ်များကို လက်စသိမ်းပြီးသောအခါ ကိုငွေထွန်းက အနားကပ်လာရင်း "ဆရာအပြင် သွားကြရ အောင်၊ လိုက်မယ် မဟုတ်လား၊ နှစ်ယောက်တည်းလေ" ဟု ဆို၏။ သူသည် ငေးငိုင်စွာဖြင့် ခေါင်းကို ညိတ်ပြဖြစ်၏။
ဘီယာအပြင် ရမ်ကိုပါ ထပ်မှာသောကြောင့် ကိုငွေထွန်းက သူ့အား အံ့သြသလို ကြည့်ပြီးမှ သက်ပြင်းချ သည်။ အိမ်က မိန်းမ ခြေပုန်းခုတ်နေခြင်းအတွက် ဆရာကိုကျော်လွင်တော့ စိတ်ဆင်းရဲ၍ အပြင်းစား တွေချနေပြီဟု ကိုငွေထွန်း ထင်နေပြီဖြစ်ကြောင်း သူ ရိပ်မိသည်။ ရှိပါစေလေ…
"ဘော့စ် ကတော့ အပိုင်ပဲ၊ ဂျပန်တို့ အမေရိကန်တို့ကျတော့ သူ့လူတွေလွှတ်၊ ပြီးတော့ ဆရာ ရမယ့် ပရိုမိုးရှင်းကို သူ့လူတွေပေး၊ အခု ဆရာ့ကိုညှာတာလိုက်တာပေါ့၊ စောင်မလိုက်တယ်ပေါ့"
ကိုငွေထွန်း၏အသံသည် တစ်ဖက်နားမှ လျှံထွက်သွားနေ၏။
"အားလုံးကတော့ ဆရာ့ကို ဟားနေကြတယ်၊ အိန္ဒိယ တစ်လခွဲတဲ့၊ ကျွန်တော့်သူငယ်ချင်း ခင်မောင်ဦး ဆိုတာ တစ်နှစ် သွားပြီး ပြန်လာတာ မကြာသေးဘူး၊ စက်ဘီးတစ်စီးတောင် မနည်းဝယ်လာရတယ်၊ အဲဒါတောင် လက်ကိုင် ပါမလာဘူး၊ ဆရာက တစ်လခွဲဆိုတော့ ပလေကတ် ပုဆိုးနှစ်ထည်ပေါ့ ဆရာ ရယ်"
ကိုငွေထွန်း က သူ့ဘက်မှ နာကြည်းသူဖြစ်၍သာ သူ ဘာမျှပြန်မပြောဖြစ်ခြင်းဖြစ်၏။ ကိုငွေထွန်း၏ စကားများကို မကြားတစ်ချက် ကြားတစ်ချက်။
မျက်စိ ထဲမှာတော့ ပါးကလေး ဖောင်းဖောင်း၊ နှုတ်ခမ်းကလေး နီပါးပါးနှင့် ပြုံးတုံ့ကလေး အိပ်ပျော်နေ သော သားငယ်သာ။ "နောက်ကျရင်လည်း သားသားကိုခေါ်နော်၊ ဖေကြီးနဲ့ လျှောက်လည်ဦးမယ်"၊ "ဖေကြီးကလည်း အရမ်းဖက်တာပဲ၊ သားသား ကျပ်တာပေါ့"၊ "ဖေကြီးကို ချစ်လား… ချစ်တယ်၊ ဘယ် လောက်ချစ်… အများကြီး ချစ်၊ ဘယ်လောက် အများကြီး ချစ်… ဟောဒီလောက် အများကြီး ချစ်၊ ဘယ် အထဲက ချစ်… ဗိုက်ဗိုက်ထဲက ချစ်"။ သား… သား… သားရေ။ ဖေကြီး မှားပြီထင်ပါရဲ့။
"မှားပြီ…"
"ဟုတ်တယ်ပေါ့ ဆရာရယ်၊ မှားတာပေါ့၊ ကြည့်လေ… ဆရာ အိန္ဒိယသွားလိုက်ရင် နောက် ရောက်လာ မယ့် သြစတြေးလျ ရယ်၊ မလေးရှားရယ်။ အင်္ဂလန်ရယ် သွားဖို့တွေကို သူ့လူတွေ ပေးလို့ ကောင်းသွားပြီ ပေါ့"
သူ အမှတ်တမဲ့ လွှတ်ထွက်သွားသော စကားလုံးကိုပင် ကိုငွေထွန်းက သူ့ရှုထောင့် မှ တွေးကာ ဝေဖန် နေပြန် သည်။
မြက်ခင်းပေါ် သို့ ပါးဖောင်းဖောင်းနှင့် ကလေးငယ်တစ်ဦး ဖြတ်ပေးလာသည်။
"သားရေ… သား… သား…"
ကလေးက ပြန်လှည့်ပြေးသွား၏။ သူသည် အရက်ခွက်ကို ယူကာ တစ်ရှိန်ထိုး မော့ချပစ်လိုက်၏။
ဆက်ရန်
.

No comments:
Post a Comment