Friday, August 17, 2012

ကြည်မင်း ၏ ချစ်လို့ ... အပိုင်း (၃) ဇာတ်သိမ်း

 "မှားပြီ…"
"ဟုတ်တယ်ပေါ့ ဆရာရယ်၊ မှားတာပေါ့၊ ကြည့်လေ… ဆရာ အိန္ဒိယသွားလိုက်ရင် နောက် ရောက်လာ မယ့် သြစတြေးလျ ရယ်၊ မလေးရှားရယ်။ အင်္ဂလန်ရယ် သွားဖို့တွေကို သူ့လူတွေ ပေး လို့ ကောင်းသွား ပြီ ပေါ့"
သူ အမှတ်တမဲ့ လွှတ်ထွက်သွားသော စကားလုံးကိုပင် ကိုငွေထွန်းက သူ့ရှုထောင့် မှ တွေးကာ ဝေဖန် နေပြန် သည်။
မြက်ခင်းပေါ် သို့ ပါးဖောင်းဖောင်းနှင့် ကလေးငယ်တစ်ဦး ဖြတ်ပေးလာသည်။
"သားရေ… သား… သား…"
ကလေး က ပြန်လှည့်ပြေးသွား၏။ သူသည် အရက်ခွက်ကို ယူကာ တစ်ရှိန်ထိုး မော့ချပစ်လိုက်၏။
ကို ဆက်ဖတ်ရန်.........

(၈)

သံတံခါးသော့ကို ဖွင့်ကာ အိမ်ထဲသို့ ဒယိမ်းဒယိုင် ဝင်လိုက်၏။ မှောင်မည်းနေသည်။ ခြောက်သွေ့လှ သော ကန္တာရထဲသို့ ဝင်ရောက်လာရလေသလား၊ သို့မဟုတ် မည်းမှောင် စွတ်စိုအေးစက်သော အကျဉ်း တိုက်ထဲသို့ ဝင်ရောက်လာရလေသလား။
အိပ်ခန်းမှမီးကို ဖွင့်လိုက်၏။ အိပ်ရာသည် သန့်ရှင်းပြန့်ပြူးစွာ ရှိနေ၏။ အတွင့်အချိုင့်ကလေးပင် ထ၍ မနေ။ သားလေး အိပ်နေကျနေရာတွင် ရှင်းလင်း လျက်၊ ကွက်လက်ဖြစ်နေလျက်။ သူသည် ခေါင်းအုံး တစ်လုံးကို ယူကာ သားလေး အိပ်နေကျနေရာသို့ တင်လိုက်ပြီးနောက် အားပါးတရ ဖက်ထားနေမိ၏။ ခေါင်းအုံးသည် တဖြည်းဖြည်း စိုစွတ်လာသည်။

"မောင်ကျော်လွင်…"
အမေ့အသံကို ကြားရ၏။
"မောင်ကျော်လွင်…"
သူ လှည့်ကြည့်လိုက်သည်။ အို… အမေ့လက်ထဲမှာ သား… သား… သားပါလား။ ပေး… ပေး။ ကျွန်တော့် ကို ပေးစမ်းပါ၊ သားကြီးကို ပေးစမ်းပါ၊ သားရေ… သား။
သူသည် အရူးတစ်ယောက် လို သားကို ပွေ့ဖက်ချီပိုးယုနေမိ၏။ သားရယ်…။

"သူတို့ မလာကြဘူးလား"
"လာကြသားပဲ"
"ကလေးကို ဘာလို့…"
"မောင်ကျော်လွင်ရဲ့… ဒါ ငါ့မြေးပါကွဲ့၊ မင်း ဘာပဲ မှာထားထား၊ ငါ ငြိမ်ငြိမ် မနေနိုင်ပါဘူး။ ငါ့မြေးကို ငါ မွေးပါမယ်၊ ဒီလိုအကောင်တွေ အကောင်မတွေ လက်ထဲ မထည့်လိုက်နိုင်ပါဘူး"
"သူ… သူတို့ကကော…"
"အင်း… အကောင် ကတော့ အားရဝမ်းသာပဲ၊ ကောင်မက… အေးလေ ယူမယ်ဆိုလည်း… ငါက မပေး ပါဘူး"
အမေ့မျက်နှာ တွင် ဒေါသရိပ် ကို မတွေ့ရသော်လည်း တင်းမာသည့်ဟန်ကိုကား တွေ့နေရ၏။

သူသည် စောစောက သားကိုယ်စား ထားထားသည့် ခေါင်းအုံးကို ဖယ်ကာ သားကို ညင်ညင် သာသာ နေရာချပေး လိုက်၏။ သားလေးမှာကား အေးချမ်းစွာအိပ်ပျော်ဆဲ။ သားကို ပွေ့လိုက်ရ၍ သူ့ရင်ခွင်အေး သည် နွေးထွေး သွားပြန်လေသည်။ ကျေးဇူးတင်လိုက်တာ အမေရယ်။

(၉)

အုံခဲနေသော ခေါင်းသည် ပြုံးစစဖြင့် အိပ်ပျော်နေသော သားငယ်၏မျက်နှာကို မြင်လိုက်သည့်ခဏမှာ ပင် ကြည်လင် သွားခဲ့၏။ နေ့သစ်တစ်နေ့။
သားကို ကာတွန်းရုပ်ကလေးများပါသော ဝတ်စုံကလေး ဆင်ပေးလိုက်၏။ သားက သူ ဝယ်ပေးထား သော မီးပန်းသေနတ် ကလေး ကို ကိုင်သည်။ ဗီရိုကို ဆွဲဖွင့်လိုက်၏။ လက်ယာဘက် အကန့်များ အား လုံး ရှင်းလင်းနေသည် ကို ကြည့်ပြီ ရင်ထဲတွင် ဟာသွားမိပြန်သည်။ သက်ပြင်းကို ကျိတ်ချရင်း သူသည် ရခိုင် လုံချည် တစ်ထည်၊ အဖြူရောင်လက်ရှည် တစ်ထည်နှင့် အပေါ်အင်္ကျီတို့ကို ထုတ်ယူလိုက်၏။ နေ့ စဉ်ယူနီဖောင်း တကားကားနှင့် နေရသော အဖြစ်ကို တစ်ရက်တော့ တွန်းလှန်လိုက်ဦးမည်။

သားကို လက်ဆွဲပြီး တယ်လီဖုန်း ရှာကာ စက်ရုံသို့ ဖုန်းဆက်၏။ အဆင်သင့်ပင် တွေ့ချင်သူနှင့် တွေ့ သည်။
"ကျွန်တော် အတော်ကြီး နေမကောင်းဖြစ်နေလို့ ဒီတစ်နေ့တော့ ခွင့်ယူပါရစေ"
"ဟာ… ဒုက္ခပဲ"
"ဒီနေ့ တစ်နေ့တည်းပါ ဆရာ၊ ခွင့်ပြုပါ၊ ကျွန်တော် ပြန်တက်တော့ ခွင့်တင်ပါ့မယ်"
"ပုံစံတွေ ဖြည့်ဖို့ ဒီနေ့နောက်ဆုံး မောင်ကျော်လွင်၊ မင်း စောစောက လာမလားလို့ ဆရာ စောစော လာစောင့်နေတာ"
နယ်သာလန် သို့ တစ်နှစ်ခွဲသွားရန် ပေါ်ပေါက်စဉ်က သံရုံးသို့ ညနေ လေးနာရီအရောက်ပုံစံများ ပို့ပေးရ မည်ကို သိလျက်နှင့် မနက်ကတည်းက တင်ထားသော ပုံစံများကို အိတ်ထဲထည့်ယူသွား၊ အစည်းအဝေး ရှိသည် အကြောင်းပြကာ စက်ရုံ သို့ တစ်နေကုန် ပြန်မလာခဲ့သော ပုဂ္ဂိုလ်။

"ဟုတ်ကဲ့၊ ကျွန်တော် အမီ ပို့ပေးနိုင်အောင် ကြိုးစားကြည့်ပါမယ်"
"ကြိုးစားပါ မောင်ကျော်လွင်၊ တာဝန်ကို ငြင်းပယ်သလို ဖြစ်သွားရင် ရှေ့ရေး ထိခိုက်နိုင်တယ်ဆိုတာ မင်း သိတယ်မဟုတ်လား"
မာလာသော လေသံကို သတိထားမိ၏။
"ဟုတ်ကဲ့ ခင်ဗျာ၊ ကျွန်တော် သိပါတယ် ခင်ဗျ"
သူသည် အောင်မြင်စွာ ပြုံးကာ သားကို လက်ဆွဲပြီး ကန်တော်ကြီးကိုထွက်ခဲ့၏။ ကန်တော်ကြီး ဗိုလ် ချုပ်ကြေးရုပ် တွင် သားငယ်ကလေးမှာ ခုန်ပေါက်ပျော်ရွှင်နေသည်ကို သူ အေးချမ်းစွာ ထိုင်ကြည့်နေမိ သည်။ အလယ်ကျွန်း အတွင်းပိုင်းသို့ တဖြည်းဖြည်း တိုးဝင်ပြီး ကန်တော်ကြီးဟိုတယ်ကိုမြင်နေရသော ရေစပ်သို့ ဆင်းကာ တရုပ်ခြင်္သေ့ များကို သားအား ပြရသည်။ ရေထဲသို့ သား၏ခြေထောက်များကို ချပေးပြီး ဆော့စေ ရသည်။ ခပ်လှမ်းလှမ်း သစ်ပင်အောက်တွင် ငယ်ရွယ်သူ စုံတွဲတစ်တွဲ ပူးကပ်စွာထိုင် နေသည်ကို တွေ့၏။

"သံသရာ ဆုံးစေကွယ်××× မောင်ကြီး မမုန်းနိုင်တယ်××× တွေ့ဆုံခဲ့တဲ့ နေရာဝယ် ××× ပြန်ပြောင်း တွေးရင် ××× မဟောင်းသေးသော အတိတ်ဆီဝယ်၊ သာယာကြည်နူး ××× သီကျူးခဲ့ကြပုံများရယ်"
သီချင်းတစ်ပိုင်းတစ်စသည် တိုးဝင်လာနေ၏။ ဒီနေရာမှာ သူ ဒီလိုပဲ ဆိုပြခဲ့ဖူးသည် မဟုတ်လား။
အဲသည်တုန်းက အေးက ဒုတိယနှစ် ကျောင်းသူ၊ သူက နောက်ဆုံးနှစ် ကျောင်းသား။
ခေါင်းထဲတွင် တရိပ်ရိပ် ရီဝေလာခဲ့၏။ နှင်းမြူများက ကြည်လင်လာနေသော ကောင်းကင်ပြင်ပင်လျှင် ရုတ်တရက် မှိုင်းလာတော့သလိုလို။
အချစ်ဆိုတာ ဘာလဲ၊ သစ္စာဆိုတာ ဘာလဲ၊ ကောက်ညစ်သူနဲ့ ကောက်ညစ်ခြင်းခံရသူဆိုတာကော ဘာလဲ။
သူသည် သားကို အတင်းပွေ့ချီကာ အမြန်ဆုံး ထွက်ခွာလာခဲ့သည်။

(၁၀)

ရွှေတိဂုံဘရား ရင်ပြင်ပေါ်တွင် လူရှင်းနေသည်။ သားငယ်သည် ဖိုးဝရုပ်ကြီးကို မနိုင်မနင် ဆွဲလာရင်းက ခိုများ ကို ငေးမောပျော်ရွှင်နေ၏။ သူတို့သားအဖသည် အရှေ့ဘက် အာရုံခံတန်ဆောင်းမှာ ပန်းဆီမီး လှူရင်း ဘုရား ရှိခိုးကြ၏။ အလှူခံသေတ္တာထဲသို့ သားက အကြွေများ လှူသည်။ ရွှေရောင်တဝင်းဝင်းနှင့် ရွှေတိဂုံစေတီတော်သည် နေခြည်အောက်တွင် တည်ငြိမ်စွာ အဖူးမြော် ခံနေ၏။ သူသည် သားငယ်ကို ဆွဲပြီး လက်ယာရစ် ပတ်သည်။
စနေထောင့်။

နှင်းပွင့် တို့ မိုးနှယ်ဝေကာ ဖေဖော်ဝါရီလ၏တစ်နံနက်ခင်းကို ပြန်လည်သတိရနေမိပြန်၏။ ချစ်စခင်စ ကြင်နာစ။ ဘုရားသွားပြီး ဆုတောင်းကြရအောင်ဟု အတူလာခဲ့ကြသော တစ်နံနက်ခင်း။ စနေထောင့် မှာ အမျိုးသမီးများ မတက်ရသော အုတ်ခုံပေါ်သို့ အေးက တက်မိသောကြောင့် တာဝန်ရှိပုဂ္ဂိုလ်တစ်ဦး က လာရောက် သတိပေးခြင်း ကို ပြန်တွေးမိသောအခါ အဲဒီအကုသိုလ်ကြောင့် ထင်ပါရဲ့ဟု တွေးလိုက် မိပြန်သည်။ စနေသမီးလေး ဘဝသစ်မှာ ပျော်ရွှင်ခြင်းဆုနဲ့ ပြည့်စုံပါစေ ဘုရားဟု တိုးတိုးဆုတောင်းပေး နေမိပြန်၏။ "မောင်နဲ့ ဒီဘဝမှာ သာမက ဘဝဆက်တိုင်း ပေါင်းရပါလို၏လို့ ဆုတောင်းမယ်နော်" တဲ့။ ပေါင်းရပါလို၏ဆိုတဲ့ ဆု ကတော့ ပြည့်ပါရဲ့။ သေတစ်ပန် သက်ဆုံးရိုးမြေကျ ပေါင်းရပါလို၏လို့ ဆုမ တောင်းမိခဲ့တာ မှားသွားပြီ ထင်ပါရဲ့ အေးရယ်။
သူတို့သားအဖ သည် ရာဟုထောင့် တံတိုင်းဘက်သို့ ဝင်လာခဲ့၏။ အေးချမ်းသော စံကားဝါပင်ရိပ်မှာ နား ကြသည်။ အဝေးသို့ မျှော်ကြည့်လိုက်သောအခါ ဆောက်လက်စ လွှတ်တော်ကို မြင်ရ၏။ မြေနီကုန်း တစ်ဝိုက်မှ ရုပ်ရှင်ရုံ များကိုလည်း မြင်နေရ၏။

ရာဟုထောင့် မြေပြိုစဉ်က တက္ကသိုလ်အလိုက် လုပ်အားပေးကြရင်း ခင်မင်ခဲ့ရသော "အေး"။ မမေ့နိုင် ဘဲ ရှိရသည်။ ဘယ်နေရာသွားသွား အေးနဲ့ မလွတ်နိုင်ပါပြီ။
သြော်… နုသွယ်အေး ဆိုတဲ့ မိန်းမလှလေးရယ်။ အဲဒီတုန်းကတော့ တစ်သက်တွင် ဒီတစ်နမ်း၊ တစ်နမ်း တွင် ဒီတစ်ပွင့် ပါတဲ့။ မောင်မောင်ရယ် ဘယ်ခါ ညှိုးပါသွား၊ မြတ်နိုးရင် ပန်ချင်ပန်လေ့၊ မပန်ချင် တွင် တွင်ငြင်းသော် လည်း၊ တသင်းသင်း နေမယ်နော်တဲ့၊ တသင်းသင်း နေမယ်နော်… တဲ့ လားကွယ်။ ကျောင်းသား ဘဝ အဆောင်မှာနေတုန်း က တစ်ခန်းကျော်မှ ပခုက္ကူသားပွဲစားကြီး အမည်ခံဋ္ဌေးလွင်ကြီး အသည်းကွဲ၍ အရက်မူးမူးနှင့် ခင်မောင်ရင် သီချင်းကို ဆိုတာ မှတ်မိသေးသည်။ "မိန်းမဟူသည် ဆောင်းလေပမာညီ၊ အတွင်း သဘောတွေ မတည်ကြည် ပြောင်းလဲတတ်သည်၊ မိန်းမဟူသည် လှေနဲ့ မြင်းလို မယွင်းဘဲ တူညီ၊ ပဲ့ကိုင်ရာ လူနောက်၊ စီးရာကိုသာ ပါတတ်သည်…"တဲ့။ အဲဒီတုန်းက သူနဲ့ တောကျီးကန်းတို့ နှစ်ယောက် ပွဲစားကြီး ကို ပြောင်ခဲ့ကြဖူးသည်။ အားပေးလည်း အားပေးခဲ့ကြဖူးသည်။
ခုတော့…
သူသည် သားကို တင်းကျပ်စွာ ဖက်ထားရင်းမှ စံကားပင်ရိပ်မှာ ပင့်သက်ရှိုက်နေမိ၏။ သားကတော့ သူ့ဖိုးဝရုပ်ကြီး ကို တင်းကျပ်စွာ ဖက်ဆဲ။

(၁၁)

မြေနီကုန်းက မိုးနတ်မယ်မှာ ခေါက်ဆွဲကြော် ဝင်စားကြသည်။ သား၏ပါးစပ်မှာ အဆီတွေ ဝင်းနေတာ သဘောကျ မိသေးသည်။ သားကတော့ အထူးအဆန်းတွေကို အားရပါးရ စားရင်းက ဖိုးဝကိုပါ ခေါက်ဆွဲ ကျွေးဖို့ ခိုင်းနေပြန်၏။
စားသောက်ဆိုင် မှ ထွက်လာပြီးနောက် လမ်းတစ်ဖက် ကူးကာ ယောင်လည်လည် ရပ်နေတုန်း လူ ချောင်သော ထောက်ကြံ့ကားတစ်စင်းရပ်လာ၍ ဘာရယ်မဟုတ်ဘဲ တက်လိုက်ကြပြန်သည်။ ကား သည် တရွေ့ရွေ့ ထွက်ခွာလာသောအခါမှသာ ဤကားပေါ်ကိုမှ တက်မိလေခြင်းဟု စိတ်ထဲတွင် နောင်တဖြစ်မိပြန်၏။ ပညာရေး တက္ကသိုလ်၊ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ် စသော မိန်းမ လှလေး နုသွယ်အေး ၏ခြေရာလှလှလေးများ ရှိနေနိုင်သေးသည့် နေရာများကို မကြည့်လို ဘဲလျက် မြင် နေရသည်။ အင်းလျားကန်ကို တွေ့၍ သားငယ်က ခုန်ဆွခုန်ဆွဖြင့် ပျော်နေနိုင်သော်လည်း သူ့ရင်ထဲ မှာတော့ မပျော်နိုင်ပါ။ "မောင်နဲ့လွဲရရင်လေ… ဒီအင်းလျားကန်ရဲ့တစ်နေရာရာမှာ အေးရဲ့အလောင်းကို သာ လာ ဆယ်ပါတော့ မောင်ရယ်"တဲ့။ ကားပေါ်မှ ချက်ချင်းပင် ပြေးဆင်းကာ အင်းလျားသို့ပြေးသွား ချင်စိတ် ပေါက် လာမိသည်။ ကောက်ညစ်တဲ့သူကတောင် ညစ်ရဲသေးရင် ခံတဲ့သူက ဘာကြောင့် မခံရဲရ မှာလဲ။

သားက သူ့လည်ပင်းကို တအားဖက်ပြီး မွှေးလိုက်၍ သတိတစ်ချက်လည်လာ၏။ မွန်းတည့်လုပြီဖြစ်၍ သား၏ မျက်တောင်များ စင်လာပြီကို သတိထားကြည့်မိပြီး သူ့ပေါင်ပေါ်မှာ သိပ်လိုက်သည်။ သားငယ် သည် အေးချမ်းစွာပင် အိပ်ပျော်သွားတော့သည်။
ကားသည် တရွေ့ရွေ့နှင့် မင်္ဂလာဒုံဘက်ဆီ ဦးတည်လာခဲ့၏။ အေးနှင့် ချစ်စခင်စက စနေနေ့ မွန်းလဲ ပိုင်းများမှာ အမှတ် (၉) ထောက်ကြံ့ကားကို အစုန်အဆန် စီးကြဖူးသည်များ သတိရ မိ၏။ သြော်… အေးရယ်၊ နေရာတကာ အေးကိုပဲ စဉ်းစားနေမိတာပါလား။ တစ်ယောက်ဆို တစ်ယောက်ပဲ ချစ်ခဲ့ဖူး တော့လည်း သတိရစရာတွေက အေးဆီမှာသာ စုလို့ပါလားကွယ်။ စောစော ရိပ်မိလျက်နဲ့ သတိမပေး ရက်ခဲ့တာ၊ မတားဆီးနိုင်ခဲ့တာဟာ ခုတော့လေ…။

(၁၂)

လေးနာရီထိုးလုလုမှာ မြေနီကုန်းသို့ပြန်ရောက်လာကြသည်။ သားက ဆာနေပြီ။ လက်ဖက်ရည်ဆိုင် သို့ ဝင်ပြီး သား အတွက် နွားနို့နှင့် ပေါင်မုန့်ထောပတ်သုတ်၊ သူ့အတွက်က လက်ဖက်ရည်ကျကျတစ် ခွက် မှာရ၏။ သာ ဘာလုပ်ချင်သေးသလဲဆိုတော့ သားက စဉ်းစားပြီး ရုပ်ရှင်ကြည့်ချင်တယ်ဟု ဖြေ သည်။ ဝိဇယတွင် ငါးမန်း ဖမ်းသူ ရုပ်ရှင်ပြနေသည်နှင့် အခန့်သင့်သွား၏။
 သားက ငါးမန်းဖမ်းသော အခန်းများ၊ ရေငုပ်သော အခန်းများကို စိတ်ဝင်တစားကြည့်ပြီးနောက် ငါးဖမ်း ခြင်းအကြောင်းကို စူးစမ်းလေသည်။ သားနှင့် အမေးအဖြေလုပ်နေရသော တဒင်္ဂကား အားလုံး ကို မေ့ ပျောက်နေသောအချိန်ဖြစ်၏။ တစ်ခါတစ်ခါတော့လည်း လောလောဆယ်မှာ ဒီသားနှင့် ဒီအဖေ သာ တတွဲတွဲ ကျန်ခဲ့တော့မှာပါာလးဟု တွေးမိပြီး ရင်ထဲမှာ တင်းချင်သည်။
ရုပ်ရှင်ရုံမှထွက်တော့ မှောင်ပြီ။ မြေနီကုန်းလဟာပြင်ထဲသွားပြီး ထမင်းစားကြရန် သားငယ်ကို ချီ၍ သွားဆဲမှာ သားကတော့ ငါးတွေအကြောင်း၊ ပင်လယ်အကြောင်း မေးခွန်းတွေ တွင်တွင်ထုတ်နေခဲ့၏။
သူကတော့ ဒါပြီးရင် ဘာလုပ်မလဲလို့ စဉ်းစားကြည့်နေမိသည်။ အိမ်ပြန်ပြန်တော့လည်း ဟာကွက်တစ် ခု ရှိနေသည့်နေရာ မှာ ယောင်ချာချာဖြစ်နေမှာစိုးသည်။ သူက ယောင်ချာချာဖြစ်နေရတာထက် သား က ယောင်ချာချာဖြစ်နေရတာ ပိုဆိုးပေလိမ့်မည်။

တစ်နေ့လုံး သူ့ကို တမင်ပျော်အောင် ထားနေခဲ့တာမှာပင် "မေကြီးတော့ ခုလောက်ဆို ကျောင်းကနေ အိမ်ပြန်ရောက်ရောပေါ့" ဟု ဆိုခဲ့သေး၏။
"မေကြီး ကလည်း ဘာလို့များ ကျောင်းသွားတက်ရတာပါလိမ့်" ဟု ဆိုခဲ့သေး၏။
သားကို ချီသွားရင်းက မီးပွိုင့်ရောက်တော့မှ လဟာပြင်ကို ကျော်ခဲ့မှန်း သတိရ၏။ မထူးတော့ပြီဖြစ်၍ မိုးနတ်မယ် ဆီသို့ ဦးတည်လိုက်၏။ ခေါက်ဆွဲကြော်တစ်ပွဲ၊ အသားကင်တစ်ပွဲ၊ အရက်… ဟုတ်ပြီ။ မနေ့ ကလို မေ့သွားအောင် မေ့ဆေး မှီဝဲရမည်။ သားက ခေါက်ဆွဲကြော်ကို ပလုတ်ပလောင်း စားရင်း၊ စားပွဲ အောက် က ကြောင်တွေကို ကြည့်ရင်းနှင့် ပျော်နေဆဲမှာ သူကတော့ ရမ်အရက်ကို ရေရောကာ အူရိုင်း အတွင်းသို့ လောင်းထည့်နေခဲ့၏။

စားသောက်ပြီးစီးကြတော့ အတော် မှောင်နေလေပြီ။
"ကဲ… သား ဘယ်သွားမလဲ"
"ဖေကြီး ပဲ ပြောပြီးတော့၊ ကမ်းနား သွားပြီး ငါးတွေ သင်္ဘောတွေကြည့်မယ်ဆို"
သူ ပြောခဲ့သလား၊ မပြောခဲ့သလား မသိတော့ပြီ။ ဘာပဲဖြစ်ဖြစ် သားအလိုကို လိုက်ရမည်ဟု သူ နား လည်၏။
ဆိုင်အပြင်ဘက် သို့ ခြေလှမ်းလိုက်တော့ သူ ယိုင်သွား၏။ ဖိုးဝရုပ် လွတ်ကျသွားသည်။
"ဆိုက်ကားဆရာ၊ ကမ်းနားစပ်ကို  ပို့ဗျာ"

(၁၃)
ကမ်းနားတံတားတွင် လူရှင်းလှ၏။ တံတားအစွန်းတွင် ထိုင်သော အခါ ဆောင်းလေ သည် အေးစိမ့် သွား အောင် ဝေ့ပက်လိုက်သည်ကို ခံစားရ၏။ သားငယ်မှာကား ချမ်းရမှန်းမသိဘဲ သင်္ဘောကြီးများကို ကြည့် လိုက်၊ မြစ်ပြင်ကို ကြည့်လိုက်နှင့် ပျော်နေရှာ၏။ ရေကျချိန်ဖြစ်၍၊ တံတားအစကလေး တွင်သာ ရေ ရောက်သေးသည်။ တံတားသည် ရေပြင်မှ ဝေးကွာလွန်လှ၏။
သူသည် အပေါ်အင်္ကျီကိုချွတ်၍ သားငယ်ကို ခြုံပေးလိုက်သည်။ ခပ်လှမ်းလှမ်းမှ သင်္ဘောကြီးကို လှမ်းကြည့် လိုက်သည်။ အိန္ဒိယအမည်တစ်ခုကို ဖတ်မိကြ၏။ သြ…။ သူ့ဘော့စ်ကို သတိရသည်။ အိန္ဒိယကို သူ့တပည့်၊ သူ အလွန် ချစ်သော သူ့ခမျာ ကြိုးစားလိုက်ရတာ စဉ်းစားမိရင်း ရယ်မောမိသည်။ သားကဖေကြီး ဘာရယ်တာလဲဟု စူးစမ်း သည်။ ဘာမှ မဟုတ်ပါဘူးကွယ်။
မြစ်ရေစီးတွင် ဗေဒါပင် တစ်ပင်စ၊ နှစ်ပင်စကို တွေ့သည်။ မြစ်ရေပြင်ကား လမ်းမီးရောင်၊ သင်္ဘော မီးရောင်များ ဟပ်၍ လင်းသည့်နေရာ လင်းနေသော်လည်း လမိုက်ည ဖြစ်၍ အကုန် လင်းလက်မနေ။
မြစ်ရေကို ကြည့်ရင်းအားလုံးကို သူတွေ့နေရသလို ထင်ရ၏။ တောကျီးကန်း၊ နုသွယ်အေး၊ အမေ၊ ဖေဖေ၊ သူ၊ သူ့သား၊ သူ့ဘော့စ်၊ ကိုငွေထွန်း…။ အားလုံး၏မျက်နှာများသည် မြစ်ပြင်တွင်၊ ထွန်းပရင်း သူ့အား တရားသဘောတစ်ခု ကို ပြောပြနေသလို ခံစားရ၏။ ခေါင်းထဲမှ ပို၍ရီဝေလာသည်။ တကယ် တော့ မြစ်ရေပြင် ဟာ နိဂုံးတစ်ခုပါပဲလား၊ အချို့သောအရာကို အဆုံးသတ်ပေးနိုင်သည့် နိဂုံးတစ်ခုပါပဲ လား။

နွေးထွေးသော ခြုံထည်ကြောင့် သားငယ်လေးသည်သူ့ရင်ခွင်ထဲမှာ အိပ်မောကျသွား၏။ သြ…. သူ့မှာ တော့ လောကထဲ သို့ လေးနှစ်လျော့လျော့သာ ဝင်ရသေးသည့်အတွက် လောက ၏ ဆိုးဝါးလှသည့် သဘောတွေ ကို မသိရှာသေးဘူး။ အရှုံးနှင့် အနိုင်၊ အကောက်နှင့် အဖြောင့်၊ ပေးဆပ်ခြင်းနှင့် ရယူ ခြင်း…။ သူ့ခေါင်းထဲ တွင် ဝေလာ၏။
အရှုံးဆိုတာ ဘာလဲ၊ အနိုင်ဆိုတာ ဘာလဲ၊ သူသည် ရီဝေနေသော ခေါင်းကို အလုပ်ပေးနေ မိ၏။ နှစ်သိမ့်မှုတွေ၊ ကောက်ညစ်မှုတွေကို အရှုံးပေးသွားပါပြီတဲ့။ သူတကယ် ရှုံးမှာ လား။ ကောက်ညစ်သူနှင့် ကောက်ကျစ်ခြင်း ခံရသူ ဘယ်သူရှုံးသလဲ။

သူသည် ခေါင်းကို မတ်လိုက်၏။ အနိုင်ကို သူတွေ့ခဲ့ပေပြီ။ တကယ်စင်စစ်ကား ရှုံးသူသည် သာ နိုင်သူအမှန် ဖြစ်၏ ဟူသော သဘောတစ်ခုကို သူစဉ်းစားမိလိုက်လေပြီ။
သူသည် မြစ်ပြင်ကို ကြည့်၏။ သားငယ်ကို ကြည့်၏။ အကြာကြီး စိုက်ကြည့်နေပြီးမှ သူ့လက်နှစ်ဖက်ကို လက်ကိုင် ပဝါဖြူနှင့် ကြိုးစား ချည်နှောင်လိုက်၏။
လက်ကိုင်ပဝါဖြူ အစွန်း များကို သွားဖြင့် ကိုက်ကာ ချည်နှောင်နေစဉ်မှာ ရေသည် မြင့်တက်လာခဲ့ လေပြီ။

(၁၄)

ခြေသံများ ကြားရပြီးနောက် လက်နှိပ်ဓါတ်မီးရောင် ထိုးကျလာကာ "ဟေ့လူ ဘာလုပ်မလို့လဲ ရပ် လိုက်" ဟူသော အသံမာမာ ကို ကြားရ၏။ လှည့်ကြည့်လိုက်သောအခါ တံတားအောက် ရေစပ်စပ်တွင် အသင့်စောင့်နေသူများနှင့် တံတားအစတွင် ပြေးဝင်လာသော လူများကို တွေ့လိုက်ရသည်။ သူတို့ သည် လက်နှိပ်ဓါတ်မီး ကို ဖွင့်ကာ ရှေ့သို့ ပြေးလာနေကြ၏။
"ဟေ့ လူတွေ ရှေ့မတိုးနဲ့၊ ခုန်ချလိုက်ရမလား"
" ဟာ… ဟေ့လူ…မလုပ်နဲ့ မလုပ်နဲ့"
ဆိပ်ကမ်း မှ လူများ ဝိုင်းအုံလာကြ၏။
"ခင်ဗျားတို့ ရှေ့မတိုးနဲ့၊ မတိုးနဲု့ဆို… မတိုးနဲ့"
မီးရောင်များ တန့်သွားကြ၏။

"မီးပိတ်ပြီး တိုးမလာနဲ့လေ၊ ဒီမှာကြည့်"
သူသည် သားငယ် ကို ဘေးသို့လှိမ့်လိုက်တာ ဖိုးဝရုပ်ကို ကောက်ပြီး ရေထဲလွှင့်ပစ်ပြလိုက်သည်။ "ဟာ… ကလေးလေး ကို ပစ်ချလိုက်ပြီဟေ့… အို... အရုပ်ပါကွ" ဟူသော အသံများ ညံသွား၏။
"မလုပ်ပါနဲ့ မိတ်ဆွေရယ်၊ ခင်ဗျားကို ကျွန်တော်တို့ အကဲခတ်နေတာ ကြာပါပြီ၊ လာပါဗျာ"
"အို… ခင်ဗျား တို့ ရှေ့မတိုးနဲ့လေ"
"မတိုးပါဘူး၊ ခင်ဗျားလာခဲ့ပါ"
"မတိုးပါဘူး၊ ခင်ဗျားတို့ ကိုယ့်လမ်းကိုယ်သွား"
"မလာဘူး၊ ခင်ဗျားတို့ ကိုယ့်လမ်းကိုယ်သွား"
"ကျုပ်တို့က ဒီရပ်ကွက်က တာဝန်ရှိပုဂ္ဂိုလ်တွေပါ၊ ခင်ဗျားကို စောင့်ရှောက်ရမယ့်..တာဝန်ရှိ …"
"မလိုချင်ဘူး၊ ခင်ဗျားတို့သွား၊ မသွားရင်တော့ ရေထဲ ခုန်ချမှာပဲ"
လူစုထဲ တွင် တစ်ယောက်တစ်ပေါက် အသံဆူညံသွား၏။

"သွားကြပါဗျာ၊ ခင်ဗျား လူတွေလည်း ခေါ်သွားပါ"
တီးတိုးတိုင်ပင်သံ ကြားရပြီး အတန်ကြာသော် တံတားပေါ်တွင် လူစုကွဲသွား၏။
သို့သော် လမ်းဘေးမီးတိုင် အောက်တွင်ကား လူစု ရှိနေမြဲ။
" ဒီမှာ မိတ်ဆွေ၊ နားထောင်ပါဗျာ။
လှည့်ကြည့်လိုက်သော် တော်တော်လှမ်းလှမ်းတွင် လူတစ်ဦး ရပ်နေသည်ကို တွေ့ရ၏။
" ခင်ဗျား ဘာလို့…. ဒီလိုလုပ်ချင်ရတာလဲဗျာ"
"ကျုပ်က ဘာလုပ်ချင်နေလို့တုံး"
"အေးလေ… ဒီလိုဆိုလည်း ကောင်းပါတယ်။ ကျွန်တော် ခင်ဗျားနဲ့ စကားပြောချင်လို့ပါ။

"ခင်ဗျား ဘယ်ကလဲ"
"ဒီအရပ် က ရိုးရိုးအရပ်သားပါ"
သူသည် သားကိုပြန်၍ မယူကာ ငြိမ်ငြိမ်ပင် ထိုင်နေလိုက်၏။
"ဒီတံတား က နာမည်ကြီးလွန်းလို့ ကျွန်တော်တို့လည်း လူရိပ်လူကဲခတ်နေရတာ မိတ်ဆွေရဲ့
သူက ဘာမျှ ပြန်မပြောဖြစ်။
"ခင်ဗျား မှာ အခက်အခဲ ရှိနေမှာပါလေ၊ ဒီတံတားမှာက ဒါမျိုးတွေ တွေ့နေကျ"
သူက ငြိမ်နေမြဲ။

"တစ်ခါတစ်လေတော့လည်းဗျာ၊ လူတွေဟာဘာမဟုတ်တာလေးတွေနဲ့ စွန့်စားကြတယ်။ ဘဝကို အဆုံးရှုံး ခံကြတယ်။ လူလတ်ပိုင်းတွေဆိုတော့ အိမ်ထောင်ရေးပြဿနာ၊ စီးပွားရေး ပြဿနာတွေ ကြောင့် ဖြစ်တတ် တာပေါ့လေ"
ထိုပုဂ္ဂိုလ်က သူ့အနား လက်တစ်လှမ်းအကွာသို့ လာထိုင်ကာ လေအေးဖြင့် ဆက်လက် ဖျောင်းဖျနေ ၏။ သူ ကတော့ အိပ်ပျော်နေသော သားငယ်ကို တင်းကျပ်စွာဖက်ရင်း မြစ်ပြင်ကို ငေးနေမိသည်။
"ကျွန်တော်တို့မှာ အတွေ့အကြုံတစ်ခု ရှိခဲ့တယ်ဗျာ၊ ဟိုးအရင် တစ်နှစ်တုန်းကပေါ့၊"
"လူတစ်ယောက် ဗျာ… သူ့ကလေးသုံးယောက်စလုံးကို ခေါ်လာပြီး ကြိုးတွဲချည်ပြီးတော့ ဒီနေရာကနေ ရေထဲ ခုန်ချသွားတယ်"
"ဟင်… သေသွားရောလား"
"အားလုံး သေသွားရှာတယ်ဗျာ"
"ဘာကြောင့်လဲဗျာ"

"အိမ်ထောင်ရေး ပြဿနာပေါ့ဗျာ၊ သူ့မိန်းမက လင်ငယ်နောက်လိုက်ပြေးတာလေ၊ အဲဒါနဲ့ သူလည်း ရှိစု မဲ့စု ပိုက်ဆံ ယူပြီးတော့ တစ်နေ့လုံး သားသမီးတွေနဲ့ လျှောက်သွား၊ သုံးဖြုန်း ပျော်လို့ပါးလို့ပေါ့၊ ညကျ တော့မှ ရေထဲ ခုန်ချ သွားတာ"
"သြော်… ကံဆိုးလိုက်တဲ့လူ"
"အင်းပေါ့ဗျာ၊ သူ့အဖို့မှာတော့ လောကမှာ ဘာမှမက်စရာမကျန်တော့ဘူး ဆိုပြီး ရေထဲဆင်းသွားတာပဲ၊ သူ့ကလေး သုံးယောက် က အဆစ်ပေါ့"
"သနားစရာဗျာ"
"သူ့မိန်းမ ကိုလည်း အတော်ချစ်ရှာတာ ထင်ပါရဲ့ဗျာ၊ ဒါပေမဲ့ ချစ်ရာ မရောက်သလို ဖြစ်သွားတော့တာ ပေါ့"
"ဘာဗျ၊ ဘယ်လို"

"ချစ်ရာမရောက်၊ နှစ်ရာ ရောက်တယ်ပေါ့ဗျာ၊ ခင်ဗျား စဉ်းစားကြည့်လေ၊ သူကတော့ သူ အင်မတန် ချစ်တဲ့ မယား က စွန့်ပစ်သွားလို့ အချစ်အတွက် အသက်စွန့်သွားတာပါပဲ၊ ဒါပေမဲ့ သူသာ မသေရင် သူ့ မယားလည်း လိုက်သေစရာ မလိုဘူးပေါ့"
"ဗျာ…"
"သူ သေသွားတော့ ဇာတ်ကြောင်းတွေက ဘူးပေါ်သလို ပေါ်ကုန်ပြီး သူ့မိန်းမကို ပတ်ဝန်းကျင်က ဝိုင်း မေးငေါ့ကြတာပေါ့ ဗျာ၊ ဘယ်လိုပဲပြေးပြေး ဒီမိန်းမရဲ့စိတ်ထဲမှာတော့ ငါ့ကြောင့် ငါရဲ့လင်ကြီးနဲ့ ကလေး သုံးယောက် သေသွားကြရတာပဲလို့ စွဲနေတော့မှာပေါ့"
"လက်စားချေ လိုက်သလို ဖြစ်သွားတာပေါ့နော်"

"မရည်ရွယ်ပေမဲ့ ဒီသဘောမျိုး ပေါက်သွားတာပေါ့ဗျာ၊ အဲဒါပေါ့ ချစ်ရာမရောက်ဘဲ နှစ်ရာရောက်သွား တယ်ဆိုတာ" "အင်း…"
သူသည် ဖြည်းလေးစွာ သက်ပြင်းချရင်း လက်ကိုင်ပဝါကို တိတ်တိတ်ဖြေစ ပြုသည်။
"ခင်ဗျား ကတော့ ဘယ်လိုယူဆမယ် မသိဘူး၊ ကျွန်တော်ကတေ့ အဲဒီယောက်ျားကို အပြစ်မြင်တယ်ဗျာ၊ သူ့ကြောင့် သူ့သားသမီးတွေ လည်း သေရတယ်၊ သူလည်း သေရတယ်၊ သူ့မိန်းမလည်း လိုက်သေသွား ရတယ်"
"အင်း… ပေါ့လေ"

"သူသာ သူ့မိန်းမ ကို တကယ်ချစ်ရိုးမှန်ရင် သူ ဒီလိုလုပ်လိုက်တဲ့အတွက် သူ့မိန်းမမှာ သူများ အပြောအ ဆို ခံရတော့ မယ်၊ စိတ်ဓာတ် ချောက်ချားတော့မယ် ဆိုတာမျိုးကို စဉ်းစားပြီး ကိုယ်ချစ်တဲ့သူကို ကောင်း စားစေချင် တဲ့ စေတနာ နဲ့ ကိုယ့်လမ်း ကိုယ်ဆက်သွားမှာပေါ့ မဟုတ်လား၊ ကိုယ့်ကို မချစ်တဲ့သူက လည်း သူ့လမ်းသူ သွားပြီပဲ"
"အင်း…"
"သူ တကယ်မချစ်လို့လည်း ဖြစ်နိုင်ပါတယ်လေ၊ ခင်ဗျားပြောတဲ့ လက်စားချေတယ် ဆိုတာမျိုးပေါ့၊ လက်စားချေတယ် ဆိုတာ တကယ်မချစ်လို့ပဲ၊ စားဝတ်နေရေးကြောင့် သတ်သေတယ်ဆိုတာတော့ လုံးဝ မခိုင်လုံတာပဲဗျာ"
"အင်းပေါ့၊ မှန်တာပေါ့"
"ကြည့်လေ၊ လမ်းဘေးမှာ တောင်းစားနေရတဲ့ လူတွေ သတ်သေကြတယ်ဆိုတာ ကြားဖူးလို့လား၊ ဘဝ ဆိုတာ လွယ်လွယ် နဲ့ အရှုံးပေးကြစတမ်းလားဗျာ"
"ဟုတ်ပါရဲ့…"
သူသည် သားငယ်ကို ပြင်၍ ချီလိုက်၏။

"ကဲ… ကဲ သွားကြပါစို့ဗျာ၊ တော်ကြာ တစ်ယောက်ယောက်က သက်ဆိုင်ရာသွားပြီး စိုးရိမ်တကြီး နဲ့ ပြောလိုက်ရင် သေကြောင်းကြံစည်မှုနဲ့ အလကားနေရင်း အဆွဲခံနေရဦးမယ်၊ လာပါဗျ"
သူက သား ကို ချီကာ မတ်တတ်ရပ်လိုက်၏။ ထိုပုဂ္ဂိုလ်သည် လမ်းမဘက်သို့လှည့်ကာ ဓာတ်မီးရောင် ကို ဝှေ့ယမ်း လိုက်သည်။ လူအုပ်သည် ကွဲစပြုလာ၏။

"ခုနလူလို အဖြစ်မျိုးများ ခင်ဗျားတို့၊ ကျွန်တော်တို့မှာသာ ကြုံရင် ကိုယ့်ကိုယ်ကို ပြန်မေးကြည့်သင့်တာ က ငါဟာ ငါ့မိန်းမ ကို တကယ်ချစ်ရဲ့လား ဆိုတာပဲဗျာ၊ ဘယ့်နှယ်လဲ… ခင်ဗျားမိန်းမကို တကယ်ချစ်ရဲ့ လား"
"သိပ်ချစ်တာပေါ့ဗျာ၊ သိပ်ချစ်တာပေါ့"
သူသည် ရုတ်တရက် ဖြေကြားလိုက်ပြီးမှ "ဟာဗျာ"ဟု အရှက်ပြေ တစ်ချက်ရယ်မောကာ သားကို ရင် ခွင်၌အပ်၍ တင်းတင်းဖက်ပြီး အလင်းရောင် ရှိရာသို့ တက်သွားလေသည်။

ကြည်မင်း
ရှုမဝမဂ္ဂဇင်း၊ ၁၉၈၆ ခုနှစ်၊ နိုဝင်ဘာလ။

1 comment:

AMK said...

ဖတ်ပြီး စိတ်မကောင်းဘူး အစ်မ..