ဒီနေရာ မှာ ငါဟာ သူတစိမ်းသက်သက် ဖြစ်တယ်။ ပြီးတော့ ကိုယ်ယူမယ့်မိန်းမကို၊ ကိုယ်နဲ့ ပတ်သက် တဲ့ ရပ်ကွက် ကို ခိုးမသွားနိုင်ဘဲ၊ မိန်းမကသာ သူ့အမျိုးအဆွေရှိရာကို ခေါ်လာရတဲ့၊ အသုံးမကျတဲ့ လူညံ့ တစ်ကောင် ဖြစ်နေတယ်။ ပြီးတော့ မင်္ဂလာဆောင်မှာ ဧည့်ခံဖို့ ငွေကြေး တစ်ပြားတစ်ချပ်မှ မရှိတဲ့ ဘိုင်ကောင်။ ဒီတော့ ငါဟာ ဆီးသွားချင် တာတောင် မသွားဘဲ၊ အိမ်ပေါ် မှာပဲ ငေါင်းစင်းစင်း ကုပ်ချောင်းချောင်း ကလေး ထိုင်နေမိလေ ရဲ့။ သုံးအိမ်စုက ကာလသားတွေက ငါ့ကို မိတ်ဖွဲ့ ချင်ဟန် ပြကြပေ မဲ့ လိပ်ပြာမလုံ တဲ့ ငါက ... သူတို့ နဲ့ သွားမရောရဲဘူး။ ကို ဆက်ဖတ်ရန်...
ဒီတုန်းက ငါ့အရိပ်အကဲကို စောင့်ကြည့်နေတဲ့ ဦးခန့်က ငါ့ပခုံးကို လာပုတ်ပြီး "ဟေ့ သန်းဆိုင်၊ မင်းမလည်း ညနေစောင်း ကတည်းက ဒီနေရာက သစ်ငုတ်ကြီးလို ထိုင်နေရတာ ညောင်းလှရောပေါ့၊ အညောင်းပြေ အညာပြေ အောက်ဆင်း ဦးလေ" လို့ လာပြောတော့၊ ငါအတော်အသက် ရှူချောင်သွား တယ်။ ငါ အိမ်အောက် ဆင်းလာတော့ ဦးခန့်က ငါ့ပခုံးကို ကိုင်ပြန်ပြီး ...
"ဒီညဟာ မင်းရဲ့လူပျိုဘ၀ နောက်ဆုံးညပဲ ဒီတော့ လူပျိုဘ၀ကို နှုတ်ဆက်တဲ့အနေနဲပ ငပိန်တို့ဝိုင်းမှာ ၀င်ထိုင်ချေ။ အများကြီးတော့ မလုပ်နဲ့ စားကောင်း သောက်ကောင်းပဲလုပ်" လို့ ငါ့ကို နတ်လမ်းညွှန်ပြန် လေရဲ့။
"ဟေ့ ငပိန် တို့၊ ဖိုးစု တို့ ဒီသတို့သားဟာ ငါ့တူသမက်ပဲ၊ အခြေအနေအရ သူလည်း ငါတို့သုံးအိမ်စုသား စားရင်း ၀င်တော့မှာ၊ ကဲ-ငါ့တူသမက်နဲ့ မိတ်ဖွဲ့လိုက်ကြစမ်း၊ သူက အုတ်ဖိုစုသားဆိုတော့ မင်းတို့ ဧည့်ခံ တာ ကို ငြင်းမယ်မထင်ပါဘူး" ဦးခန့်ပြောတာက အမှန်သား၊ ငါတို့ အုတ်ဖိုစုက ဒီနယ်တစ်ဝိုက်မှာတော့ ထန်းလျက် အရက် ကောင်းကောင်း ထွက်တယ်လို့ နာမည်ကြီးတဲ့ ရွာပဲ၊ ငါ့အဖေ ဦးကံငွေပါးစပ်က တရားစကားပြောပြီး ခွက်ပုန်းသောက်နေတာသာ ကြည့်ပေတော့။
သုံးအိမ်စုက ကာလသားတွေက ဧည့်ဝတ်ကျေလွန်းကြပါပေရဲ့၊ ငါလည်း လက်မောင်းအနာကို မေ့အောင်ဆိုပြီး တစ်ခွက်ပြီး တစ်ခွက်သောက်။ ကာလသားချက် ကြက်သားတွေ တစ်တုံးပြီး တစ်တုံး မြည်းလိုက်တာ၊ လက်မောင်း က အနာတင်မကဘူး။ ငါ့ကိုယ်ငါတောင် မေ့သွားပြီး ၀ိုင်းထဲက ဖျာကြမ်း ပေါ်တွင် အိပ်ပျော် သွားတယ်။ "ခင်ဗျားကို မစန်းချိုက လာမနှိုးဘူးလား" ဟု ခင်မောင်ငြိမ်းက ဖြတ်မေး ၏။ သန်းဆိုင်က မျက်နှာရှုံ့ပြီး "သင်း က အစောကြီး ကတည်းက သူ့ညီမ၀မ်းကွဲတွေရဲ့ အခန်းထဲမှာ အိပ်ပျော်နေပြီလေ၊ ဘယ်လောက် ချစ်ဖို့ကောင်း တဲ့ မိန်းမလဲ ဆိုတာ" ဟု အသံအုပ်အုပ်ဖြင့် လှမ်းပြော သည်။ အိမ်ပေါ်က စန်းချိုကြား လျှင် ပြဿနာပေါ်နိုင်သဖြင့် သန်းဆိုင် အသံအုပ်ပြောခြင်း ဖြစ်သည်။
ယခုအခါ စန်းချို သည် ရှေးဟောင်းနှောင်းဖြစ်တွေ ပြောလေ့ပြောထ မရှိတော့၊ အထူးသဖြင့် သူတို့ မောင်နှံ၏ ခက်ခဲကြမ်းတမ်းသော အိမ်ထောင်ဦး ခရီး ဇာတ်ကြောင်းတွေကို ပြည်ဖုံးကားချထားလိုဟန် ရှိသည်။ သန်းဆိုင် ကသာ သောကြာသားပီပီ၊ ပြောစရာ စကားအသစ်အဆန်း မရှိ လျှင်၊ ရှေးဟောင်း နှောင်းဖြစ်တွေ ပြန်လည် တူးဆွပြီး အာမညောင်း၊ လျှာမညောင်း လေတဖောင်ဖောင် ပစ်တတ်၏။ "သန်းဆိုင်ပြီးပြီးသားတွေ ထား လိုက်တော့နော်။ မွဲခဲ့တေခဲ့ တာတွေ လူတကာလျှောက်လျှောက်ပြော မနေနဲ့၊ ငါတို့အဆင့်က ဟိုတုန်းကလို ဓားမနောက်ပိတ် ခွေး မဟုတ်တော့ဘူး။ လူတန်းစေ့ နေနိုင်ရုံတင် မကဘူး။ သူများ မျက်ခုံးမွေးပေါ်တောင် စင်္ကြံလျှောက်နိုင်နေပြီဆိုတာ နင်သဘောပေါက်" ဟု စန်းချိုက မကြာခဏ သတိပေးဟန့်တားတတ်သည်။ သို့သော် သန်းဆိုင် က အကြောင်းတိုက်ဆိုင်လာ လျှင် သူ၏ ကြီးပွားအောင်မြင်ခြင်း ဇာတ်လမ်းကို တဖွဲ့တနွဲ့ မလုပ်ရလျှင် မနေနိုင်။
အဲဒီညက အရက်ဝိုင်းလုပ်တဲ့ သရက်ပင်အောက်က ဖျာကြမ်းပေါ်မှာ ငါမူးမူးမောမောနဲ့ အိပ်ပျော်သွား လိုက်တာ။ မနက် မိုးစင်စင်လင်းမှ နိုးပါလေရောလားကွာ၊ နိုးနိုးချင်း ငါဘယ်ရောက်နေမှန်းမသိဘဲ၊ ကျီးတီး ကြောင်တောင်နဲ့ ဟိုကြည့် ဒီကြည့်ပေါ့။ အရက်သောက်စမရှိတော့ အမူးက မပြေသေးဘူး ခေါင်းတွေကိုက်၊ အာခေါင်တွေခြောက်၊ မြေကြီးပေါ်တွင် အိပ်တာဆိုတော့ မြေငွေ့ရိုက်ပြီး ကိုယ်တွေ လက်တွေလည်း နာနဲ့ပေါ့။ အဆိုးဆုံး က စန်းချိုရဲ့မောင် အရူးငတာ ကိုက်လိုက်တဲ့ ဒဏ်ရာပဲ။ အနာရှိန် တက်ပြီး တစစ်စစ် ကိုက်ခဲနေတဲ့အပြင်၊ ငါ့လက်မောင်း ဟာ ငါ့ပေါင်လုံးလောက် ရောင်ကိုင်းနေပါလေ ကောဗျာ။
ငါ အနာရှိန်တက်ပြီး ဖျားနေတယ်ဆိုတာ၊ နောက်မှပဲ ငါသိခွင့်ရတော့တယ်။ ဒီဒဏ်ရာကိုလည်း ဦးခန့်က ဗိန္ဓောဆရာ တစ်ပိုင်း ရမ်းတုတ်တစ်ပိုင်း ဆေးဆရာနဲ့ ကုပေးတာ အရက်(၂၀)လောက်ကြာ၊ ငါ့လက်စွပ် လည်း ပြုတ်တော့တာပဲ။
သန်းဆိုင် အိမ်ထောင်ကျပြီး ရက်ပိုင်းအတွင်း ပရိယေသန ၀မ်းစာရေးအတွက်၊ စတင် လုပ်ကိုင် သော အလုပ်မှာ "အ၀ယ်တော်" လုပ်ငန်းပင် ဖြစ်၏။ "အ၀ယ်တော်" ဟုဆိုရပါသော်လည်း၊ ကျေးရွာ ရပ်ကွက် သ/မအ၀ယ်တော် ကဲ့သို့လည်းကောင်း၊ ဌာနဆိုင်ရာ သက်သာချောင်ချိရေး အ၀ယ်တော်ကဲ့သို့လည်းကောင်း၊ ဂုဏ်သိက္ခာ အတန်အသင့် ရှိသော အ၀ယ်တော်မျိုး မဟုတ်။ သုံးအိမ်စု၏ နှစ်စဉ်မပျက် ကျင်းပမြဲဖြစ်သော အာဝါဒေးလောင်းကစားဝိုင်းများမှ လောင်းကစား သမားများ လိုအပ်ရာ အစားအသောက် တိုလီမိုလီ အသုံးအဆောင် (ဥပမာ ဆပ်ပြာမွှေး၊ ဓာတ်ခဲ၊ ဂက်စ်မီးခြစ်) တို့ကို၊ စက်ဘီးစီး၍ မြို့သို့ တက်ပြီး ၀ယ်ယူပေးရခြင်း ဖြစ်သည်။ အ၀ယ်တော် လုပ်ငန်းကို ဦးခန့်ကပဲ စီစဉ်ပေးခဲ့ပြီး ၀ယ်ယူပေးရသော ကုန်ပစ္စည်းများ အပေါ်မှ၊ သန်းဆိုင် ကော်မရှင်စားရ၏။ အသွားအပြန် (၁၅)မိုင်ခရီးကို၊ တစ်နေ့လျှင် (၂)ခေါက် သွားရသဖြင့် ပင်ပန်းတာ ကတော့ မှန်သည်။ သို့သော် နွားနှစ်ကောင်နှင့် ရွှံ့နွံထဲမှာ ဖက်ရုန်းရသော လယ်ထွန် အလုပ် လောက် မပင်ပန်းဟု သန်းဆိုင်သဘောပိုက်ထား၏။
တစ်ချိန်တည်းတွင် စန်းချိုက သူ့နှစ်မ၀မ်းကွဲတွေနှင့်အတူ၊ အာဝါဒေးပွဲတွင် မုန့်ပဲသရေစာ ရောင်းချ လျက် ရှိသည်။ အရင်းမထည့်နိုင်သဖြင့်၊ အမြတ်ထဲမှ စန်းချို ခံစားခွင့်မရှိ။ သို့ရာတွင် သူတို့ လင်မယား စားရေးသောက်ရေး ကို ဦးခန့်မိသားစုက တာဝန်ယူထားသည်။ နေစရာအတွက်လည်း ဦးခန့်က သူ၏ တဲအိမ်ကြီးဘေး မှာ အဖီကလေး ထိုးပေးထားသည်။
အ၀ယ်တော် သန်းဆိုင်သည် ရသမျှငွေကို ကျစ်ကျစ်ပါအောင် စုရင်း အာဝါဒေးပွဲပြီးလျှင်၊ ကိုယ့်အရင်းနှင့် ကိုယ် ဈေးရောင်းနိုင်ဖို့ ကြံရွယ် စိတ်ကူးနေခဲ့၏။ သန်းဆိုင်က သူတို့၏အိမ်ထောင် ရေးဘ၀ လှပပြည့်စုံအောင် ထူထောင် ရန် ကြံရွယ်နေဆဲတွင် လူသားတွေ ဘယ်ဘ၀ရောက်ရောက် အရေးမလုပ်ဘဲ၊ သူ့သဘောသူဆောင်၍ ထင်ရာ စိုင်းတတ်သော ကံကြမ္မာလေပွေသည် သုံးအိမ်စု ကို ရုတ်တရက် ၀င်မွှေတော့၏။ အာဝါဒေး နောက်ဆုံး တွင် ဖဲဝိုင်းတစ်ဝိုင်းမှာ ဓားထိုးမှု ဖြစ်သည်။ အူပွင့်သွားသော ဓားထိုးခံရသူအား ဆေးရု့သို့ "အားဂျင်း" ပို့ရသလို၊ ဓားဖြင့် ထိုးသူမှာလည်း ဦးခန့်က ၀ါးရင်းတုတ်ဖြင့် နှက်လိုက်သဖြင့် ဆေးရုံရောက်သွားရပြန်လေသည်။
ဤသို့ ရာဇ၀တ်မှုခင်းကြီး ဖြစ်ပေါ်လာခြင်းကို သက်ဆိုင်ရာမှ မသိချင်ယောင်ဆောင်၍ မရနိုင် တော့ပါ။ တဘက် နယ်ဘက် မှ တာဝန်ရှိသူများ သုံးအိမ်စုသို့ အလုံးအရင်းနှင့် ဆင်းလာခဲ့ကြသည်။ ဦးခန့်အပါအ၀င် သုံးအိမ်စုသား (၈)ဦးကို ငြိမ်ဝပ်ပိပြားရေး ဥပဒေအရ ဖမ်းဆီးလိုက်သည်။ သုံးအိမ်စုကိုလည်း မြေလှန်ရှာဖွေရာ၊ ဖဲထုပ်များ၊ ခြောက်ကောင်ဂျောက်ဂျက် အရုပ်များ အပါအ၀င် လောင်းကစားကိရိယာမျာယး၊ အရက်ပုန်း စဥ့်အိုးများ၊ ပလက်စတစ်ပုံးများကို ရှာဖွေသိမ်းဆည်း ရမိသည်။ သုံးအိမ်စုက ကြက်ဖမှန်သမျှကိုလည်း တိုက်ကြက်စာရင်း သွင်း၍ ဖမ်းဆီး ကြိုးချည်ထား လိုက်ကြသည်။
"ဆရာကြီးတို့ ခုလို ကြက်ဖတွေ အကုန်ဖမ်းသွားတော့ ကျုပ်တို့ သုံးအိမ်စုမှာ ကြက်တွန်သံတောင် ကြားရမှာ မဟုတ်တော့ပါဘူးဗျာ၊ ကျုပ်တို့ ဆင်းရဲ့သားတွေက၊ နာရီမ၀ယ်နိုင်ကြတော့ ကြက်တွန် သံကို နားထောင်ပြီး အချိန်နာရီ ကို မှတ်သားနေကြရတာပါဗျာ၊ ကျုပ်ရဲ့ မ၀ဲကြက်ဖကြီးကိုတော့ ပြန်ပေးခဲ့ပါ ဆရာကြီးတို့ရယ်၊ ဒီကောင်ကြီး ကို အချိန်မှန်တွန်နေတာခင်ဗျာ ..."
သုံးအိမ်စု ၏ ဖိုးသက်ရှည်ဖြစ်သော ဦးဖဲဆောင်က၊ မနှစ်က ကြက်သမားတစ်ယောက်က ကြက်ရှုံး သဖြင့်၊ ထိုကြက် ကို စိတ်နာနာဖြင့် ဦးဖဲဆောင် အား ပေးပစ်ခဲ့ရာမှ၊ သူသံယောဇဉ်တွယ်နေသော တိုက်ကြက်ဖအိုကြီး ကို ပြန်တောင်းနေ သည်။
"မရဘူးအဘ၊ ဒီကြက်ဖဟာ သက်သေခံပစ္စည်းပဲ၊ ဒီတိုက်ကြက်ဟာ အဘရဲ့ ကြက်ဆိုရင် အဘကိုပါ ကြက်လောင်းမှုနဲ့ အရေးယူရလိမ့်မယ်"ဟု ရဲဝတ်စုံနှင့် မျက်နှာထားတင်းတင်း လူရွယ်က ပြောလိုက်သောအခါ ဦးဖဲဆောင်သည် လက်အုပ်ကလေးချီလျက်၊ နောက်ဆုတ် နောက်ဆုတ်နှင့် ရှောင်ဖယ်သွားတော့သည်။
သက်ဆိုင်ရာ မှ သုံးအိမ်စုကို အရေးယူနိုင်ခဲ့သော်လည်း တစ်နယ်တစ်ကျေးမှ လာရောက် လောင်းကစား သူများ ကိုလည်းကောင်း၊ သူတို့ပါလာသော တိုက်ကြက်ဖများကိုလည်းကောင်း ဖမ်းဆီး ရမိခြင်း မရှိခဲ့ပေ။ သို့သော် ရဲများသည် ထွက်ပြေးတိမ်ရှောင်သွားကြသော၊ "ကျော်စောပုဒ်မ" နှင့် ငြိစွန်းနေကြသော လောင်းကစား သမားများ ကို၊ သူတို့ ပုန်းခိုသော နေရာအထိ လိုက်လံဖမ်းဆီးခဲ့ကြရာ ဖဲသမား၊ ကြက်သမား တစ်ဒါဇင်ခန့်ကို ထိန်းသိမ်း ချုပ်နှောင် ခဲ့ကြ၏။
ရက်ပိုင်းအတွင်း သုံးအိမ်စု၏ သမိုင်းကြောင်းမှာ မြွေအရေခွံလဲသကဲ့သို့ ပြောင်းလဲသွားခဲ့ရလေ သည်။ ချောင်းစောက်ကျေးရွာနှင့် ကပ်လျက်၊ ပလပ်မြေ ကျွဲစားကျက်ကွင်းကြီး ရှိ၏။ ထိုကွင်းကို ဘူဒိုဇာဖြင့် မြေညှိကာ၊ မြေကွက်များ ရိုက်သည်။ ရေနုတ်မြောင်းတွေ ဖော်ပြီး၊ လူသွားလမ်းတွေ ဖို့သည်။ ပြီးလျှင် သုံးအိမ်စု ရှိ တဲအိမ်(၁၈)လုံးစလုံးကို၊ ထိုကွက်သစ်ငယ်ကလေးဆီသို့ ရွှေ့ပြောင်း စေသည်။ သူတို့ ယခု ရရှိသည့် ပေ (၂၀) ပေ (၄၀) မြေကွက်သည်၊ ဂရံချထားပေးမည်ဖြစ်သော ကိုယ်ပိုင်မြေကွက် ဖြစ်သည်။
သားစဉ် မြေးဆက်အာမခံချက် ရှိသည်။ သုံးအိမ်စု ကုန်းဆိုသည်ကား၊ နိုင်ငံတော်ပိုင်မြေသာ ဖြစ်၏။ သုံးအိမ်စုသား အများစုသည် သူတို့ လွတ်လပ် ပျော်ရွှင်စွာ နေထိုင်ခဲ့ရသော၊ ပင်လယ်ထဲမှ ကျွန်းကလေး တစ်ကျွန်းပမာ ရှိနေသည့် သုံးအိမ်စု ကုန်းကလေးကို လွမ်းဆွတ်တသစွာ မျက်ရည်လည် ငေးမျှော်နေစဉ်၊ သုံးအိမ်စုသား၊ လက်ကြော မတင်းသည့် လူပင်းအရက်သမား ငပိန်က လက်ပမ်းပေါက်ခတ်သည်။ "ဝေး-တစ်သက်လုံး မြေကြီး တစ်ဆုပ်တောင် မပိုင်ခဲ့တဲ့ ငပိန်၊ မြေပိုင်ရှင် ဖြစ်ပြီကွ"
ဦးခန့်နှင့် အပေါင်းပါများ အချုပ်မှ လွတ်မြောက်လာခဲ့ကြချိန်၌ ချောင်းစောက်ရွာပြင်ရှိ၊ ကွက်သစ် မြေပြင်ပေါ်တွင် တဲအိမ်(၁၈)လုံး အစီအရီ ရှိနေခဲ့ကြပြီ။ ဦးခန့်က သူ၏လက်ပါးစေ ကာလသား တစ်ယောက်ကို တာဝန် တစ်ရပ် ပေးလိုက်သည်။ ထိုကာလသားသည် မြို့သို့ အလျင်အမြန် တက်သွားပြီး၊ ပြန်လာသောအခါ သစ်သားဘောင်ကွပ် သွပ်ပြား ဆိုင်းဘုတ်တစ်ချပ်ပါလာသည်။ သုံးပေပတ်လည်အရွယ်၊ အနက်ခံတွင် အဖြူရောင် စာလုံးများ ရေးထားသော ဆိုင်းဘုတ် ဖြစ်သည်။ သုံးအိမ်စုရွာသစ်ကွင်း၊ လောင်းကစား ကင်းရှင်း နယ်မြေ ဟု ဆိုင်းဘုတ်က ကြွေးကြော်နေသည်။
"လမ်းထိပ်မှာ ဒီဆိုင်းဘုတ်ကို ကျကျနန စိုက်လိုက်ကြဟေ့၊ ကျွဲတွေ နွားတွေမတိုးရအောင် ပတ်လည်မှာ ကြခတ်ဆူးတွေ ၀ိုင်းထား လိုက်" ဟု ဦးခန့်က ညွှန်ကြားလိုက်ပြန်၏။
သုံးအိမ်စုသားတို့သည် လောကဓံတရားနှင့် ထွေးရောယှက်တင် နေလာခဲ့ကြပြီး၊ ကံကြမ္မာ၏ အထုအထောင်းကို ထုသားပေသား ကျလာခဲ့ကြပြီး ဖြစ်ရာ၊ နေရာသစ်တွင် နဂိုကအတိုင်း ရရစားစား၊ ၀ါးဝါးမျိုမျို ပျော်ပျော်ပါးပါး သာ နေလာတတ်ကြ၏။ ရွာသစ်ကွင်းတွင် အနေမတတ်၊ အထိုင်မတတ်၊ ဣနြေ္ဒမရဖြစ်နေသူ မှာ သန်းဆိုင် ဖြစ်၏။ အ၀ယ်တော်ဘ၀တုန်းက ရခဲ့သည့်ငွေစ ကြေးစကလေးတွေမှာ စားရင်းသောက်ရင်း ပွန်းပဲ့ ကာ၊ အရင်းအနှီး ထူထောင်ဖို့ မလုံလောက် တော့။ လက်ရှိအနေအထားကနေ၊ ရှေ့ခရီးကို ချောမောစွာ ဆက်လှမ်းနိုင် ဖို့ တွေးမိလေတိုင်း၊ သန်းဆိုင် အသက်ရှူကျပ် စိတ်မောလာရစမြဲ။ သန်းဆိုင်ကို ကြည့်လိုက်လျှင် သက်ပြင်း တဟင်းဟင်းမှုတ်ရင်း မှိုင်တွေချနေသည်ကိုသာ တွေ့မြင်ရမည် ဖြစ်သည်။ စန်းချို ကတော့၊ ကမ္ဘာပျက် သွားသည်ကို မသိလိုက်သူတစ်ဦးကဲ့သို့၊ အပြောအဆို အနေအစား မျက်နှာထားကအစ မပျက်။ ထို့ကြောင့် ဝေဒနာ ကို မဝေမျှမခံယူကောင်းဟူ၍ သန်းဆိုင်က စန်းချို ကို ကျွဲမြီးတိုနေမိခဲ့၏။
... ကောင်မ၊ ငါကတော့ ရှေ့ရေးကို တွေးပြီး ရင်လေးရင်ပူနေရတယ်။ သင်းကတော့ သူ့အမျိုးတွေ ကြားမှာ ရယ်လိုမောလို့၊ အစားမပျက် အအိပ်မပျက်။ (အံမယ်) စန်းချို ၀တောင်ဝလာသလိုပဲ၊ သင်းအသားတွေလည်း မည်းပြာနေရာကနေ တဖြည်းဖြည်း ညိုဝင်းလာသလိုပဲ၊ သုံးအိမ်စုရောက်မှ သူ့အစ်မ၊ သူ့ညီမအပျိုတွေနဲ့ ပေါင်းပြီး အလှ အပ ပိုမက်လာတယ်။ အလှပြင်လိုက်တာကလည်း ပွဲကမယ့် မင်းသမီး အရှုံးပေးလောက်ပါပေရဲ့။ ဒါတွေက အကြောင်း မဟုတ်ဘူး။ မကြာခင် သင်း ဗိုက်ကြီးတော့မှာ၊ လင်ကိုယ်မယား နှစ်ယောက်တည်းတောင် ကပ်ပါး ဘ၀ရောက်နေတာ၊ ကလေး မွေးလာရင် ကလေးလည်း ကပ်ပါးပေါက်စနကလေး ဖြစ်ချေဦးတော့မယ်။
ဦးကြီးခန့် လည်း ဒီနွေရာသီမှာ ၀ိုင်းပျက်သွားတော့ ရနေကြရန်ပုံငွေ မရလိုက်လို့ ကသီလင်တ ဖြစ်နေပြီ၊ ငါတို့ကို အရင် ကလို တင်ကျွေးထားနိုင်မှာ မဟုတ်တော့ဘူး။ ငါတို့ ကိုယ့်အားကိုယ်ကိုးကြမှ ဖြစ်မယ်။ တစ်အိုးတစ်အိမ် ထူထောင်နိုင်မှသာ အသက်ရှူဝမယ်၊ အခုဟာက သူများ နှခေါင်းပေါက်နဲ့ အသက်ရှူနေရတာ၊ သူများ သေရင် ကိုယ်ပါ လိုက်သေရ မယ့် ကိန်းကြီးပါလား၊ ဒီသဘောတရားတွေကို ကောင်မ တွေးမိပုံမရဘူး၊ (အံမယ်) ဒီကနေ့ ထဘီသစ် အင်္ကျီသစ်နဲ့ပါ လား၊ ဘယ်တုန်းက ၀ယ်လိုက်ပါလိမ့် ...
နေ့ခင်းဘက်၊ တဲအိမ်အရိပ်တစ်နေရာမှာ ဆေးပေါ့လိပ်ခဲရင်း ငူတူတူ ငေါင်တောင်တောင် ဖြစ်နေသော သန်းဆိုင်အနီး သို့၊ ပုတုတ်တုတ် ကိုယ်လုံးကလေးကို ဆင်မယာဉ်သာလှမ်းရင်း စန်းချို ကပ်လာပြီး၊ သန်းဆိုင်ဘေး မှာ ၀င် ထိုင်သည်။
"ဒီမယ်၊ လဒ (လင်းတ) ကြီး၊ အချိန်ရှိသရွေ့ တမှိုင်တည်းမှိုင်နေတော့တာပဲနော်၊ အလုပ်ကလေး ဘာလေးလုပ်ဖို့ မစဉ်းစားတော့ဘူး လား ဟဲ့"
"အလုပ်လုပ် ဖို့ စဉ်းစားနေတာဟ၊ ငါဈေးရောင်းချင်တယ်၊ ဈေးကွက်လည်း တွေ့ထားတယ်၊ အရင်း မရှိတော့ လိပ်ပက်လက် လှန်ထားသလို ဖြစ်နေတာ စန်းချို"
"ပူမနေစမ်းပါ နဲ့ ယောက်ျားရယ်" ဟု ပြောကာ စန်းချိုက ညိုညိုတုတ်တုတ် လက်မောင်းတစ်ဖက်ကို၊ သန်းဆိုင် ၏ ပခုံးပေါ်သို့ လှမ်းတင်လိုက်ရာ၊ သန်းဆိုင်မှာ သူ့ပခုံးပေါ် အေးစက်စက် ပျော့စိစိ အကောင် တစ်ကောင် တင်လာသလို၊ တစ်ကိုယ်လုံးတွန့်သွား၏။
ဒီမိန်းမ ... ငါ့ကို နေ့ခင်းကြောင်တောင် ဒီလိုပရောပရီ တစ်ခါမှ မလုပ်ဖူးပါဘူး စန်းချိုခန္ဓာမှ လွင့်စီး လာသော မွှေးရနံ့မှာ သန်းဆိုင်၏ ၀င်သက်နှင့်အတူ ရင်ခေါင်းထဲမှာ လှိုင်းထပြည့်လျှံသွားသယောင် ထင်လိုက် ရလေ သည်။ စန်းချို ၏ ၀န်းရွှဲသော မျက်လုံးနက်ကြီးတွေကလည်း နေခြည်လှိုင်းတွေထဲ မှာ ပြောင်ရွှန်း လက်တောက်နေကြ သည်။ အင်း ဒီမိန်းမ ... ဘာအရူးထချင်နေသလဲ မသိဘူး၊ စိတ်ရှုပ်ရထဲ့အထဲ သန်းဆိုင်က စန်းချို ၏ လက်မောင်းကို အသာအယာ ဆွဲဖယ်လိုက်သည်။
"ပူအိုက်ရတဲ့အထဲကွာ၊ နင့် ပေါင်ဒါနံ့ကြီးက မွှန်ထူနေတာပဲ"
"အမလေး - ပေါင်ဒါနံ့ကြီးတဲ့၊ အဲဒီပေါင်ဒါဘူးက (၂၀၀)တောင် ပေးရတာတော်ရေ့၊ အပေါစား အညံ့စား မဟုတ်ဘူး၊ အိန်ဒရီးယား က လာတဲ့ပေါင်ဒါ"
"င့ါနှာခေါင်းထဲတော့ နံတာနဲ့ မွှန်တာပဲ သိတယ် စန်းချို"
စန်းချိုက သန်းဆိုင်ကို တွယ်ဖက်လိုက်ပြန်ကာ၊ သန်းဆိုင်၏ နားတစ်ဖက်အနီးသို့ သူမ၏မျက်နှာကို တိုးကပ် လာ၏။ သန်းဆိုင် သရိုးသရီနှင့် အနေရခက်လာသည်။
"နင့်ကို ပြစရာ ရှိတယ်။ လာ ...၊ နောက်ဖေးက ကိုင်းတောထဲ သွားရအောင်" ဟု စန်းချိုက ခပ်ဖွဖွ ကလေးပြောပြီး ထ ရပ်သည်။
သန်းဆိုင်က အ၀တ်အစားသစ်နှင့် အသွင်ပြောင်းနေသည့်ပြင် မျက်နှာထားက ကြာမူပိုသလိုလို ပြီတီတီဖြစ်နေသော ဇနီး ကို မယုံမရဲ ကြည့်နေမိ၏။
"လာပါဟ၊ ဘယ်သူမှ မတွေ့ခင် ကိုင်းတောထဲသွားရအောင်"
စန်းချိုက အမိန့်သံပါပါ၊ ခပ်တိုးတိုးပြောရင်း၊ သန်းဆိုင်၏ လက်ကို လှမ်းဆွဲလိုက်ရာ၊ သန်းဆိုင် ကြောင်တိကြောင်တက်နှင့် ပင် ထရပ်ပြီး၊ စန်းချိုခေါ်ရာ လိုက်ခဲ့ရတော့၏။
လက်ခုပ် တစ်ဖောင်ကျော်ကျော်မြင့်သော ကိုင်းပင်ရှည်ကြီးများ ကြားသို့၊ စန်းချိုက ဦးဆောင်ပြီး တိုးဝင် လာခဲ့ကြသည်။
"သူများတွေမြင်ရင် ငါတို့ကို တစ်မျိုးတစ်မည် ထင်တော့မှာပဲ စန်းချို"
သန်းဆိုင် အသံ ကတုန်ကယင်နှင့် ပြောလိုက်သည်ကို စန်းချိုက မကြားသယောင်ပြုပြီး၊ သန်းဆိုင်၏ လက် ကိုသာ မလွတ်တမ်း ဆုပ်ညှစ်ထား၏။ ဟုတ်ပါပြီ၊ စန်းချိုကတော့ နေပူပူနဲ့ သွေးဆူပြီး စိတ်ရူးထနေပါပြီ ဟု သန်းဆိုင်အတွင်းစိတ် မှ ခံစားလိုက်မိသည်။
အရိပ်အနည်းငယ်ရသော မြေကွက်ကွက်ကလေးမှာ သူတို့ထိုင်လိုက်ကြ၏။ သန်းဆိုင်ထင်သလို မဟုတ်ရဘဲ၊ စန်းချို က လူချင်းခွာ၍ မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။ စန်းချိုမျက်နှာကတော့ မချိုမချဉ်နှင့် မဟေဠိဝှက်နေ ဆဲ။ "ကဲ နင်ဘာပြမှာလဲ စန်းချို" "ပြမှာပေါ့ဟဲ့" စန်းချိုက ဘလောက်စ်အင်္ကျီကို ၀မ်းဗိုက်ပေါ်အောင် လှန် တင်ပြီး လိပ်ထားသော ထဘီအထက်ဆင်စ ကို ဖြေလိုက်၏။ အလိပ်ပြေသွားသောအခါ လက်ကိုင်ပ၀ါ ပတ်ထား သည့် အထုပ်တစ်ထုပ် ထွက်လာသည်။ လက်ကိုင်ပ၀ါမှ ချည်ထုံးကို ဖြေနေသော စန်းချို၏ လက်ချောင်း တွေ တုန်နေသလို၊ သန်းဆိုင်မှာလည်း ရင်တဒိန်းဒိန်း ခုန်နေ၏။ သန်းဆိုင်၏ မျက်လုံးတွေက လည်း အလျှင်း မျက်တောင် မခတ်ဘဲ၊ လက်ကိုင်ပ၀ါထုပ်ကိုသာ စိုက်ကြည့်လျက် ရှိသည်။ လင်မယားနှစ်ယောက်စလုံး အသက်ရှူသံ ပြင်းထန်နေကြသဖြင့် ကိုင်းတောထဲတွင် သူတို့၏ တရှူးရှူး အသက်ရှူသံ များသာ မြည်ဟည်းနေသည့်နှယ် ထင်ရလေသည်။
"ဟ - ပိုက်ဆံတွေ မနည်းပါလား စန်းချို"
လက်ကိုင်ပ၀ါ ပြေသွားသောအခါ ပေါ်ထွက်လာသည့် အရွယ်မျိုးစုံ၊ အရောင်မျိုးစုံ ငွေစက္ကူလိပ်ကို ကြည့်ရင်း၊ သန်းဆိုင် ပါးစပ်ဟောင်းလောင်း ဖြစ်သွားတော့သည်။
"အားလုံး တစ်သောင်းနှစ်ထောင်နဲ့ငါးရာ" ဟု စန်းချိုက ပြောပြီး၊ ကြက်ပေါင်ကွင်းဖြင့် ပတ်ထား သော ငွေစက္ကူလိပ်ကို ဖြေပြီး၊ ဖြန့်လိုက်စဉ်၊ သန်းဆိုင်မှာ လည်မျိုဇလုတ်ကြီး နိမ့်ချည်မြင့်ချည်နှင့် တံတွေး တဂွတ်ဂွတ် မျိုချလိုက်ရှိသည်။ သူ့ဘ၀တွင် ဤမျှ များပြားသော ငွေကြေးကို ပိုင်ဆိုင်ဖို့ မပြောနှင့် ကိုယ်ပင် မကိုင်စဖူးခဲ့။ သူ့လုပ်အားဖြင့် ရှာဖွေရရှိသော ငွေကြေးကတော့၊ ဤငွေထက် များစွာ ပိုခဲ့သည်။ သို့သော် ... သူကိုင်တွယ် ထိန်းသိမ်းသုံးစွဲရန် အခွင့်မရခဲ့။ မိသားစု၏ ငွေကြေး မှန်သမျှကို ဘုန်းကြီးလူထွက်ကြီး ဦးကံငွေ ကသာ ကိုင်တွယ်ထိန်းသိမ်း၊ စီမံခန့်ခွဲ၏။
ဘုန်းကြီးတွေ က ၀ိနည်းတော်အရ ၀တ္ထုလို့ခေါ်တဲ့ ပိုက်ဆံငွေကြေးကို မကိုင်တွယ်ကြရဘူး၊ န၀ကမ္မ အလှူငွေ ရရင် ဘုန်းကြီး ရဲ့ လူယုံကပ္ပိယကပဲ ဒီပိုက်ဆံကို ဘုန်းကြီးကိုယ်စား ထိန်းသိမ်းထားပြီး၊ ဘုန်းကြီးက လှူဖို့ တန်းဖို့ ၀ယ်ခြမ်းစရာရှိရင် ကပ္ပိယက အဲဒီငွေနဲ့ ၀ယ်ခြမ်းပေးရတယ်။ ငါ့အဖေက သင်္ကန်းဝတ် ဘ၀မှာ ပိုက်ဆံ မကိုင်ခဲ့ရတော့ ...၊ လူ့ဘ၀လည်း ရောက်ကရော ပိုက်ဆံကို အတိုးချပြီး ကိုင်တာလား မသိပါဘူးကွာ၊ ပိုက်ဆံ သိမ်းတဲ့ ဗီရိုသော့ကိုလည်း သူ့ကိုယ်ပေါ်က မချဘူး၊ ချေးယို အိမ်သာ တတ်တာတောင် သော့တွဲကို အိတ်ရှုံ့ ကလေးနဲ့ထည့်ပြီး လည်ပင်းမှာ ဆွဲထားတဲ့လူကွ ... ဟု သန်းဆိုင်တစ်ခါက မိတ်ဆွေတွေကို ပြောပြဖူးလေသည်။
"နင် ... နင်၊ ဒီပိုက်ဆံတွေ ဘယ်ကရတာလဲ စန်းချို"
ငွေကို မြင်ပြီး သန်းဆိုင်ကယောင်ကယင် ဖြစ်နေသော်လည်း စန်းချိုက ဣနြေ္ဒဆည်နိုင်သေးသည်။ မျက်လုံးတွေမှ ရမ္မက်ခိုး ကို ချုပ်တည်းနိုင်သေးသည်။
"ဖဲဝိုင်းမှာ ဓားထိုးမှုဖြစ်ပြီး ရုတ်ရတ်သဲသဲနဲ့ ပြေးဟယ်လွှားဟယ် ဖြစ်တုန်း ဘယ်သူကျကျန်ခဲ့တာလဲ မသိဘူး၊ ငါလည်း အတင်းတိုးဝှေ့ပြီး ကိုယ့်အထုပ်လိုလို ဘာလိုလိုနဲ့ကောက်ပြီး၊ ဘော်လီအင်္ကျီ ရင်ဘတ်ကြားထဲ ထိုးထည့် ထားလိုက်တာပေါ့။ နင့်ကိုချက်ချင်း မပြောသေးတာက၊ ငါတို့အတွက် တကယ်အရေးကြီးတော့မှ နင့်ကို ဖွင့်ပြောမယ် ဆိုပြီး ဒီငွေကို ငါပိပိရိရိ ဖုံးဖိထားခဲ့တာ၊ ဒီငွေထဲက တစ်ပြားတစ်ချပ်မှလည်း ငါမသုံးဘူး၊ နင်က လွဲရင် ဒီကိစ္စကို ငါ့ကိုယ်စောင့်နတ်တောင် မသိဘူး။ အု ငါတို့ ဒီငွေကို သုံးရတော့မယ်လေ၊ နင် အရောင်းအ၀ယ် လုပ်ဖို့ အရင်းအနှီးရပြီ၊ ငါလည်း ကုန်စိမ်းနဲ့ ပန်းဖောက်သည်ယူပြီး ရောင်းဖို့ စိတ်ကူး ထားတယ်"
"ငါတို့ အရင်းအနှီး ဘယ်ကရတာလဲလို့၊ နင့်ဦးကြီးတွေ နင့်ညီမတွေကမေးရင် ဘယ်လိုပြောမလဲ၊ ဖဲဝိုင်း က ကောက်ရတယ်လို့ပြောရင်လည်း မဖြစ်ပြန်ဘူး၊ ပျောက်တဲ့ ငွေရှင်သိရင် ပြဿနာပေါ်နေ ဦးမယ်ဟ"
သန်းဆိုင် သည် စန်းချိုလက်ထဲမှ ငွေစက္ကူထပ်ကြီးကို ထိတ်လန့်ဖွယ် သတ္တ၀ါအလား၊ စိုးစိုးရွံ့ရွံ့ အကြည့်ဖြင့် ကြည့်နေပြန်သည်။
"နင်ကလည်း၊ အရန်ကောဟယ်၊ အာဝါဒေးပွဲတုန်းက နင်အ၀ယ်တော်လုပ်တော့ ဖဲသမား၊ ကြက်သမားတွေ ဆီက ဘောက်ဆူးတွေရတယ် မဟုတ်လား။ ရတဲ့ဘောက်ဆူးတွေ နင်မသုံးဘဲ စုထားတယ်လို့ ပြောလိုက်ရုံပဲ။ နင်ရတဲ့ ကော်မရှင်ခတွေကိုလည်း နငတကယ် စုထားတာပဲဥစ္စာ၊ တစ်ဆယ်ရတာကို တစ်ရာ ရတယ်လို့ ပြောလိုက်၊ တစ်ရာရရင် တစ်ထောင်လို့ ပိုပြောလိုက်ပေါ့ဟဲ့၊ နင့် ဥာဏ်ကလည်း ဒီလောက်တောင် တုံးရသလား"
ပထမဆုံး ငါလောင်စာဆီ စရောင်းတယ်၊ လောင်စာဆီဆိုလို့ သိပ်ကြီးကျယ်တယ် မထင်နဲ့၊ ငါတို့ဘက်က ရွာတွေ မှာ "မီးထွန်းဆီ" လို့ခေါ်တဲ့ ဒီဇယ်ဆီရောင်တာ။ ဒီဇယ်ရောင်းတယ်ဆိုပြန် တော့ ... အခုလို၊ ကားသမားတွေ၊ ထော်လာဂျီသမားတွေ၊ ရေစုတ်စက်သုံးတဲ့ စိုက်ပျိုးရေးသမား တွေကို ဂါလံ လိုက်ရောင်းတယ် လို့လည်း မထင်ကြနဲ့ဦး၊ ငါက အငယ်စား လက်လီဒီဇယ်ရောင်း သမားပါ"
ငါ့ကို ဦးခန့်က အပိုင်စားပေးထားတဲ့ စက်ဘီး ရှိတယ် မဟုတ်လား။ "ဟာကြူလီ" အမျိုးအစား လက်ဟောင်းကြီး ဆိုတော့ အမြင်အားဖြင့် စုတ်ပြတ်ညစ်ပေနေပေမဲ့ သိပ်မာတဲ့ ကောင်ကြီး၊ ငါတို့ တောဘက်က ကန်သင်း ရိုးလမ်း၊ မြေလမ်း၊ သဲလမ်းတွေမှာတော့ ဒီကောင်ကြီးက သစ်ဆွဲတဲ့ ဆင်ကြီးတစ်ကောင်လို ကောင်းကောင်း ရုန်းနိုင်တယ်။ "၀ိတ်" အလေးကိုလည်း သယ်နိုင်တယ်။
ငါက ဘာလုပ်သလဲဆိုရင်၊ စက်ဘီးကယ်ရီယာခုံမှာ "ခွခြင်း" ကို ချိတ်လိုက်တယ်။ "ခွခြင်း" ဆိုတာ တချို့မြင်ဖူးကြမှာ မဟုတ်ဘူး။ အနံ(၂)ပေ၊ ဇောက်(၂)ပေခွဲလောက်ရှိတဲ့ ၀ါးတောင်းနှစ်လုံးကို စက်ဘီးကယ်ရီ တစ်စုံစာ၊ အလယ်ကနေ ၀ါးကြောတွေနဲ့ပဲ ရက်ပြီး ဆက်ထားတဲ့၊ ရင်ချင်းဆက်တောင်း အမြွှာပေါ့၊ တို့ကတော့ "ခွခြင်း" လို့ ခေါ်ကြတယ်။
သူက ကယ်ရီယာခုံကို ခွပြီး ထိုင်ထားတာကိုး။ တောင်းနှစ်လုံးထဲမှာ မင်းကြိုက်တဲ့ ကုန်ပစ္စည်းထည့် ပြီး သယ်လို့ ရတယ်။ ၀ါးနဲ့ရက်ပြီး သစ်စေးထုတ်ထားတော့ ခွခြင်းဟာ သတ္တုခြင်းတွေထက်တောင် ခိုင်ခံ့မာကျောသေးရဲ့။ စိပ်စိပ်ကလေး ရက်ထားတော့ ရေထည့်ရင်တောင် သိပ်မယိုဘူး။ စိမ့်ရုံ လောက်ပဲ။ (ထားပါတော့)
ငါက မြို့မှာရှိတဲ့၊ လောင်စာဆီ မှောင်ခိုအကြီးအကျယ် ရောင်းတဲ့ တရုတ် "ကြင်ဝှက်" ဆီကနေ မှောင်ခိုဈေးနဲ့ ဒီဇယ် တစ်ဆင့် ပြန်ဝယ်တယ်။ ပလတ်စတစ်ပုံးနှစ်လုံးနဲ့ ထည့်ပြီး ခွခြင်းတစ်လုံးဆီမှာ ပုံးတစ်လုံးစီ ထည့်တယ်။ ပုံးတွေတောင်း ထဲမှာ မလှုပ်အောင်၊ ဂုန်နီအိတ်စုတ်တွေနဲ့ ကျပ်နေအောင် ပတ်ထားရတယ်။ လမ်းကြမ်းမှာ စက်ဘီးကို နင်းရမှာဆိုတော့၊ ပုံးထဲက ဒီဇယ်တွေ ဘောင်ဘင် ခတ်ပြီး မဖိတ်စင်ရအောင်၊ အဆို့ ကို သေသေချာချာ ဆို့ရတယ်။ ပြီးတော့ ခြင်ပုလင်းလို့ခေါ်တဲ့ ငှက်ပျောဖူး ပုလင်းလွတ်တစ်လုံးရယ်၊ ပလတ်စတစ်ကန်တော့ရယ်၊ စားသုံးဆီ ခြင်တွယ်ရာမှာ သုံးတဲ့၊ သံဖြူမှုတ်ကလေး (၂)ခုဆောင်ထားရတယ်။ (၁၀)သားမှုတ်နဲ့ (၂၀)သားမှုတ်ပေါ့။ ဒီနေရာ မှာ ဒီဇယ်ရောင်းတာနဲ့ ဒီမှုတ်တွေနဲ့ ဘာဆိုင်လို့လဲဆိုပြီး၊ မသိတဲ့လူတွေက မေးလာလိမ့်မယ်။ ဆိုင်တယ်လေ။ ငါတို့ဘက်ကတော့ ရွာတွေမှာ ဒီဇယ်ကို ပုလင်းလိုက်၊ ဂါလံလိုက် ၀ယ်သုံြး့တာ မဟုတ်ဘူး။ (၁၀)သား၊ (၂၀)သား၊ အ၀က်သား၊ အစိတ်သားဆိုပြီး နည်းနည်းချင်း ၀ယ်သုံးကြတာ၊ သူတို့က မီးအန္တရာယ် ကြောက်တတ်လွန်းအားကြီးလို့၊ အိမ်မှာ ဘယ်တော့မှ ဒီဇယ်များများ ထား လေ့ မရှိဘူး။ ဒီဇယ်နဲ့လည်း မီးဖိုမှာ မီးမမွှေရဲကြဘူး။
ငါက ... (၂)ရက်ခြား၊ (၃)ရက်ခြား ရွာစဉ်လှည့်ပြီး စက်ဘီးဘဲ သံတဒင်ဒင်နဲ့ (မီးထွန်းဆီ ... မီးထွန်းဆီ) ဆိုပြီး အော်ရောင်းတာ၊ ခန့်မှန်းခြေ တစ်ရက်ကို ရွာပေါင်း ၁၄/၅ရွာတော့ ငါရောက် တယ်။ ခရီးမိုင်အားဖြင့် တွက်ကြည့် ရင် မိုင်(၅၀)နီးပါးလောက်တော့ ရှိလိမ့်မယ်။ ပင်ပန်းသလား မမေးနဲ့၊ အလေးကိုတင်ပြီး စက်ဘီး နင်းရတာဆိုတော့ မသက်သာဘူး၊ သာမန်အလုပ်ကြမ်း လုပ်ရ တာနဲ့ ဘယ်တူနိုင့်ပါမလဲ၊ ညနေစောင်းလို့ "သုံးအိမ်စုရွာသစ်ကွင်း" ကို ပြန်ရောက်ရင်၊ ငါခြေကုန် လက်ပန်းကျပြီး လေးလံနေတော့တာပေါ့၊ ကျောတွေ၊ ပခုံးတွေ၊ လက်မောင်းတွေ ကလည်း ဖျစ်ဖျစ်မြည်မတတ် ကိုက်လိုက်ခဲလိုက်သမှ၊ သေချင်စော်ကို နံပါကရော။
အဲသိလို ... အပင်ပန်းခံရကျိုးတော့ နပ်ပါရဲ့။ ငါတစ်ရက်ဆီ ထွက်ရောင်းလို့ရတဲ့ အမြတ်ဟာ ငါတို့ လင်မယား သုံးရက် ထိုင်စား လို့ရတယ်။ ဒါပေမဲ့ စီးပွားရေးလုပ်တဲ့နေရာမှာ အမြတ်ကို ကုန်အောင် သုံးပြီးမှ နောက်ထပ် အမြတ် ထပ်ရှာတယ် ဆိုတဲ့ ပုံစံစနစ် ဘယ်မှာမှ မရှိဘူး။ တစ်နေ့လုပ် တစ်နေ့ စား ဘ၀တွေကိုတော့ ငါ ထည့် မပြောချင်ဘူး။ ငါကတော့ ငါ့ဒီဇယ်ဖောက်သည်တွေရဲ့ အိမ်ကလေး တွေမှာ ညဘက် လိမ္မော်ရောင် နီကြင်ကြင် မီးရောင်ကလေး ပုံမှန်လင်းနေနိုင်ဖို့၊ သူ့ရက်ပတ်နဲ့သူ၊ ပုံမှန်ဒီဇယ် ထွက်ရောင်းနေတာပဲ။
ဆက်ရန်
.

1 comment:
မမရေ..ကျေးဇူးပါလို့ စောင့်မျှော်လျှက်..
Post a Comment