"၀က်သားက အစာကျေခဲတယ်ဗျ၊ ကြက်သားနဲ့ ပြုတ်သောက်နိုင်ရင် ကောင်းတယ်" စန်းချိုကလည်း ...၊ အခွင့်အရေးပေါ် လာသည်နှင့် လက်လွတ်မခံတော့။ ဆရာဝန်ရှေ့သော၊ ဘာသော ညာသော မရှောင်။ ၀သီ အတိုင်း ပြောချ ပစ်လိုက်သည်။ "တော်တော်ခက်တဲ့ လူပါလားဟယ်၊ နင် ၀က်သားကြောင့် ဒုက္ခရောက်တာတောင် ဒီဝက်သားကို တမ်းတ တုန်းလား သန်းဆိုင်။ နင့်ကို ဈေးထဲ က ၀က်သားသည်မနဲ့ ငါကိုယ်တိုင် ပေးစားပစ်မှနဲ့ တူတယ် ..." လူပျိုကြီး ဆရာဝန်တင်ဆန်းဦးက၊ ရန်ထောင်နေသော ဇနီးနှင့် ထိတ်လန့်နေသော ယုန်သူငယ်ကလေး ကဲ့သို့ ကုပ်ချောင်းချောင်း လုပ်နေသော ခင်ပွန်းသည်တို့ကို ကြည့်ကာ၊ အိမ်ထောင်မပြုရသေးသည့် သူ့ဘ၀ အားရ ကျေနပ် ဘိသကဲ့သို့ အပြစ်ကင်းစင်စွာ မြိန့်မြိန့်ကြီး ပြုံးနေလေတော့သည်။ ကို ဆက်ဖတ်ရန်.........
××× ××× ×××
ဆရာဝန်ပေးလိုက်သော ဆေးလုံးဆေးတောင့်တွေက၊ သန်းဆိုင် အဖို့ရာ အာနိသင်ကင်းမဲ့လျက် ရှိသည်။ သန်းဆိုင် မှာ ဘုရားစင်ရှေ့ရှိ အိပ်ရာပေါ်တွင် ဘယ်စောင်းညာလှည့်နှင့် အိပ်မပျော်နိုင်။ ဖျားနာခေါင်းကိုက်ခြင်း မှာ ... သူ့ကို အရေးတကြီး ဒုက္ခပေးနေသော အရာတွေ မဟုတ်။ ဆာလောင် နေခြင်းကြောင့်သာ သူ အိပ်ပျော်နိုင်ခြင်း ဖြစ်၏။ ညဦးပိုင်က စန်းချို တိုက်ကျွေးသော ကြက်သား ဆန်ပြုတ်က အရသာလည်း မရှိ။ အာသာ လည်း မပြေ။ ခု ... ရင်တလှပ်လှပ်တုန်အောင် ဆာလောင် နေပြီ။ နံနက်(၁)နာရီခန့် ရှိပြီ ဖြစ်ရာ ...၊ တစ်လောက လုံး အိပ်မောကျ သကဲ့သို့ ဆိတ်ငြိမ်လျက် ရှိ၏။ လေသင့်လျှင်၊ ဘုရားကြီးဆီမှ ဆည်းလည်းခတ်သံ သဲ့သဲ့ ကိုသာ ကြားခွင့်ရသည်။ ဆည်းလည်းခတ်သံ ကြားရစဉ် သန်းဆိုင်သည် ဘုရားကြီး ရင်ပြင်တော်ပေါ် သို့ ရောက်သွားပြီး၊ ရင်ပြင်တော်ပေါ်မှာ တစ်ယောက်တည်း ငေးကြောင်ကြောင် ရပ်နေမိ သလိုလို ယောင်မှားထင်မှတ်မိသည်။ သူ့ကိုယ်သူ ... ဘုရားရှေ့တော်မှောက်မှာ ပုတီးပဲ ထိုင်စိပ်နေသလိုလို ...၊ ဘုရားကြီး ၏ စိန်ဖူးတော်ဆီ မော့ကြည့်နေမိ သလိုလိုလည်း ဖျတ်ခနဲ ဖျတ်ခနဲ ခံစားမိ၏။
သန်းဆိုင် သည် ပက်လက်လှဲနေရာက ထထိုင်သည်။ ဘုရားထံ ပူဇော်ထားသော၊ ဖယောင်းတိုင် ငါးတိုင် (၀ပ်) အား မီးနီကလေး မှ ဖြာကျလာသည့် နီဖန့်ဖန့် မှုန်ရီရီအလင်းထဲတွင် ...၊ အင်္ကျီချွတ်ကြီး နှင့် ထိုင်နေသော ချွေးတလုံးလုံး ရွှဲနစ်နေသော သန်းဆိုင်မှာ၊ သားရဲတွင်းထဲမှ ဒဏ်ရာရ သားကောင် တစ်ကောင်နှင့် တူနေ သည်။ ငါထမင်းထစားလိုက် ရင် ... ၊ ရင်တုန်တာတွေ ဗိုက်ထဲက လေထ တာတွေ ပျောက်သွားမယ် နဲ့ တူတယ်ဟု တွေးရာက၊ ဟာ-ဟိုဘီလူးမနိုးလာပြီး မိသွားရင် ငရဲပွက်သလို ဖြစ်သွား မယ် ... ညကြီးမင်းကြီး သင်းအသံ ကို နားထောင်ရမယ့်အစား ... ကျားပါးစပ်ထဲသာ ခေါင်းလျှိုသွင်း လိုက်ချင်တယ် ... ဟု စိတ်ပြောင်း လိုက်ပြန်လေသည်။
ကယောင်ကယက်ဖြစ်နေသော စိတ်အနေအထားကြောင့် သန်းဆိုင်၏ ခြေလက်အင်္ဂါတွေ လှုပ်ရှားပုံ မှာလည်း သွက်ချာပါဒ ရောဂါသည် ဆန်နေ၏။ သူသည် ထိုင်ရာမှ ခေါင်းအုံးပေါ်သို့ ဦးခေါင်းကို လှဲချ ပြီးမှ၊ ဇိုးဇိုး ဇတ်ဇတ်နှင့် ထထိုင်ပြန်၏။ ခေါင်းအုံးအောက်မှာ ဖိထားသည့် ဂျင်းဂျက်ကက်ကို တုန်ယင်စွာ ဆွဲထုတ်သည်။ သည် အင်္ကျီထဲမှာ၊ သူ့အသည်းနှလုံးနှင့် ထပ်တူအလေးထားရမည့် "ပစ်စာ" ရှိနေသည် ကိုး" စာကို စမ်းသပ်မိသည်နှင့်၊ သူသည် တိခနဲခုတ်ပိုင်းခံရသော ငှက်ပျောပင် တစ်ပင်ကဲ့သို့၊ အိပ်ရာပေါ် လဲကျ သွားပြန်လေသည်။ အင်္ကျီပေါ် ကနေ ဆုပ်ဖမ်းထားသည့် စာခေါက်ကို သူမလွှတ်သေး။ သို့နှင်ပင် ...၊ ထိုစာ ကို ပြုစားဖန်းတီးလိုက်သော အရိပ်အယောင် ရုပ်လွှာစုံသည် သူမော့ကြည့်နေသော အိမ်မျက်နှာကြက် သစ်သားပြားတွေပေါ် မှာ၊ ဖလင်မကောင်းသော ရုပ်ရှင်ကားထဲမှ အရုပ်များကဲ့သို့ ... ၀ိုးဝါး ပဲ့ရွဲ့လျက် ပေါ်တင် လှုပ်ရှား လာကြသည်။
ငါ နေမကောင်းလို့ဆိုပြီး ဆေးခန်းလိုက်ပို့တာ၊ ကြက်တစ်ကောင် မရရအောင် ရှာပြီး၊ ကြက်သားဆန်ပြုတ် လုပ်ပေးတာတွေဟာ စန်းချိုရဲ့ မာယာတွေ ပဲ ...၊ ဟန်ဆောင် မျက်နှာဖုံးတပ်ပြီး ဘေးကလူတွေရဲ့ ချီးကျူးလေးစားမှု ကို ကလိန်ကျ လုယူလိုက် တာပဲ ..၊ ဖောက်ပြန်တဲ့ မိန်းမတစ်ယောက်မှာ လင်ကြီးအပေါ် ဘယ်လို လုပ်ပြီး ဖြူစင်သန့်ရှင်းတဲ့ စေတနာမေတ္တာ ရှိနိုင်ပါတဲ့မလဲဟူ၍ တွေးရင်း နာကျင်ကြေကွဲမှုဖြင့် သန်းဆိုင် မျက်ရည်တွေ ရစ်ဝဲလာ ၏။ နောက်ဆုံး သတ္တုချလိုက်တော့ ...၊ ဒါတွေဟာ စန်းချိုက ငါ့ကို အရူးလုပ်နေတာပဲ၊ သူသာ ငါ့အပေါ် မေတ္တာတရားကြီးမားခဲ့ရင် င့ါကို အပြင်ထွက် အိပ်ခိုင်းပါ့မလား ...၊ မေတ္တာကြီးမားတဲ့ မိန်းမဟာ လင်သား ဖျားရုံမကလို့ ... နူနူရွဲရွဲ တစ်အိပ်ရာထဲ အတူအိပ်မှာပဲ ...၊ ခုတော့ ... ခုတော့၊ ဟု ဆွေးမြည့် စွာ တွေးရင်း၊ သန်းဆိုင် သည် နင့်နင့်နဲနဲ လေးပင်စွာ ရှိုက်ငင်လိုက်သည့်အခါ၊ မျက်ရည်ပူတွေ ယိုဆင်း လာတော့ သည်။
မကြာပါ။ တစ်ခဏအတွင်း သန်းဆိုင်သည် ဖြုန်းခနဲထထိုင်ပြီး ပွေ့ပိုက်ထားသော ဂျင်းဂျက်ကက်မှ လက် တစ်ဖက်ဖြင့် မျက်ရည်တွေကို ကမန်းကတန်း သုတ်နေသည်။ စိတ်တင်းပြီး မျက်ရည်သုတ်သည့် တစ်ချိန်တည်း မှာပင် ...၊ သူ့ရင်ထဲ၌ ၀မ်းနည်းခြင်းနှင့် မကျေမချမ်းနိုင်ခြင်းတို့က တွန်းထိုးဗလောင်ဆူ လာကြ၏။ ဒီမျက်ရည်တွေ ကို ကောင်မစုတ် တွေ့လို့ မဖြစ်ဘူး၊ မတွေ့သင့်ဘူး၊ အမှန်တော့ ... ဒီမျက်ရည် ဟာ ကောင်မစုတ် နဲ့တောင် မတန်ဘူး ...၊ မင်းသမီးခေါင်းဆောင်းထားတဲ့ ဘီလူးမ ... ဟု စဉ်းစားစဉ်၊ သူ့သွေးစီးနှုန်း က တစ်ဟုန်ထိုး မြန်ဆန်လာသည်။
ထို့နောက် ... သန်းဆိုင်သည် ရိုက်ကာလှဲခြင်း ခံရသည့်ပမာ၊ အိပ်ရာပေါ်သို့ ပက်လက်လဲကျ သွားပြီး၊ ချောင်းတခွတ်ခွတ် ဆိုးနေပြန်တော့သည်။
××× ××× ×××
××× ××× ×××
ဒုတိယနေ့ ထောက်လှမ်းလေ့လာရေး အစီအစဉ်ကို သန်းဆိုင်က ပုံစံပြောင်းလိုက်၏။ နံနက်(၇)နာရီခွဲ သာသာ တွင် စန်းချို ဈေးမသွားမီ သူက အရင်အိမ်က ထွက်နိုင်အောင် ကလိန်စေ့ငြမ်းဆင်ရပြန်သည်။
"တခြားလူနာတွေ အတွက်တော့ မသိဘူး၊ ငါ့ကိုတော့ ... ဆရာလေးတင်ဆန်းဦးရဲ့ဆေးက မလိုက်ဘူး၊ မြို့ထဲက တရုတ်ဆရာဝန်မ ဆီပဲ သွားမယ်ဟေ့" ဟု တမင်ဟန်လုပ်၍ ခပ်တန်တန်ပြောလိုက်သည့်အခါ စန်းချို က နှုတ်ခမ်းတွန့်ရုံမှအပ ...၊ ဘာမျှမပြော။
သန်းဆိုင် သည် သူ့အိမ်နားက ဆိုက်ကားဂိတ်မှ ဆိုက်ကားများကို မစီး။ ထိုဂိတ်က ဆိုက်ကားသမား အားလုံး သူ့ကို သိရုံမျှမက "အိုးမကင်းချိုးမကင်း" အကျွမ်းတ၀င် ရှိကြသူများ ဖြစ်ကြသည်။ သူ၏ လမ်းကြောင်းကို ထို ငနဲတွေ သိလို့မဖြစ်။ ငနဲတွေက ပါးစပ်မလုံဘဲ ...၊ စန်းချိုကို သံတော်ဦးပြန်တင် လိုက်ပါက မိုးမီးလောင်ဦးမည်။
သန်းဆိုင်သည် မနေ့ကလို၊ ဂျင်းဂျက်ကက်ကြီးဝတ်ထားတော်လည်း မာဖလာခေါင်းပေါင်းလည်း မပေါင်း၊ နေကာမျက်မှန် လည်း မတပ်။ သို့ပေမဲ့ ရုပ်ဖျက်ရန် မာဖလာနှင့် မျက်မှန်တော့၊ စန်းချို မသိအောင် ၀ှက်ယူ လာခဲ့၏။ လမ်းဆုံရောက်လျှင်၊ မျက်နှာစိမ်း ဆိုက်ကားသမားတစ်ဦး၏ ဆိုက်ကား ကို တက်စီး ၍ ဈေးဘက်သို့ လာခဲ့သည်။ ဈေးရောက်မှ ... နေကာမျက်မှန်ကြီး ထုတ်တပ်၊ မာဖလာကြီး ကို ခေါင်းပေါင်း ပေါင်း လိုက်သည်။ ပြီးလျှင် ... စန်းချို ဆိုက်ကားပေါ်မှ ဆင်းလာသည်ကို တွေ့နိုင် သော ...၊ အနှေးယာဉ် ဂိတ်အနီးမှ ကုက္ကိုပင်ကြီး ခြေရင်းရှိ၊ ရေချမ်းစင်ကလေးဘေးမှာ၊ ကွမ်းတမြုံ့မြုံ့ ၀ါးရင်း သတိထား၍ ရပ်စောင့်နေ လိုက်၏။ သတိထားမှ ဖြစ်ပေမည်။ ဤအနှေးယာဉ်ဂိတ်သို့ ... သူ့အသိအကျွမ်း ဆိုက်ကား သမားတွေ ရောက်လာတတ်သဖြင့်၊ သူတို့ကို ကြိုတွေ့သည်နှင့် ရေအိုးစင် အကွယ်မှာ အသာ ကိုယ်ယောင်ဖျောက် ထားနိုင်သည်။
သန်းဆိုင်၏ ဒုတိယနေ့ ကြိုးပမ်းမှုမှာ အရာမထင်၊ အချည်းနှီးသာပင်။ စန်းချိုသည် ယမန်နေ့က ဈေးဆိုင်များသို့ ၀င်ရောက် ၀ယ်ခြမ်းပြီးနောက်၊ ယမန်နေ့ကလိုပင် ... ဆိုက်ကားဖြင့် ပြန်သွားကြောင်း၊ သန်းဆိုင် တိတ်တခိုး ချောင်းမြောင်းရင်း တွေ့ရှိခဲ့ရ၏။ သန်းဆိုင်က ... အားမလိုအားမရစိတ်ဖြင့်၊ အီဗရာဟင် လက်ဖက်ရည် ဆိုင်ရှေ့မှာ လူးလားခေါက်တုံ့လျှောက်ကြည့်သေးသည်။ ဆိုင်ထဲတွင် ... လူမျိုးခြား စားသုံးသူ တစ်ကောင်တစ်မြီးမျှ မတွေ့ခဲ့ရပါ။
တန်တော့ ... ဒီကနေ့လည်း သူတို့ ချိန်းချက် မထားကြပြန်ဘူး၊ ဧကန္တ ... ကုလားဒိန်ခရီးများ ထွက်သွားလို့လား ...၊ နေနှင့်ဦးပေါ့ကွာ၊ ပျံလေတဲ့ ငှက်ခါး နားကာမှ သိစေ့မယ် သန်းဆိုင် လက်သီးဆုပ်၊ အံကြိတ်ပြီး ဈေးထဲတွင် အရူး တစ်ကောင် လို ရည်ရွယ်ချက်မရေမရာဖြင့် လမ်းသမားနေသည်မှာ တစ်နာရီခန့် ကြာလေ သည်။ နောက်ဆုံးတော့ ...၊ ပြင်းပြစွာ တောင်းဆိုလျက်ရှိသော ပိုးမျိုးရှစ်ဆယ်တို့၏ အလိုဆန္ဒကို ဖြည့်ဆည်းခြင်းအလို့ငှာ။ နန်းကြီး သုပ်နှစ်ပွဲစား၊ ပဲပလာတစ်ပွဲဝါး၊ လက်ဖက်ရည်ချိုဆိမ့် တစ်ခွက်သောက် ပြီးနောက် ...၊ ထောက်လှမ်း ရေး စစ်မြေပြင်မှ အောင်မြင်စွာ ဆုတ်ခွာခဲ့လေသည်။
"တရုတ်မအနံ့ကို ရှူလိုက်ရတော့ ... နင့်ရောဂါသက်သာသွားပြီးပေါ့ ဟုတ်လား" ဟု စန်းချိုက အိမ်ဝ ကနေ ဆီးပြီး၊ ခနိုးခနဲ့ ရန်စကားပြောသောအခါ တစ်လမ်းလုံး ဒေါသမောင်းတင်ထားသည့် သန်းဆိုင် သည် ဒေါသ တို့ကို တရဟောဖွင့်ချလိုက်သည်။
"နင် - တော်တော် သဘောမနောပုပ်တဲ့ မိန်းမပဲ ...၊ နင်ထင်ရာ မြင်ရာပြောလို့ ငါလည်း ဘာမှမဖြစ်ဘူး၊ တရုတ် ဆရာဝန်မ လည်း ဘာမှ မထိခိုက်ဘူး၊ နင်သာ ... စိတ်စေတနာကောင်းနဲ့ ပိုက်ဆံမတရားမယူ ဘဲ ဆေးကုသပေးနေ တဲ့ ဆရာဝန်အပေါ် မစ္ဆေရစိတ်ပွားတဲ့အတွက် ယောယုဝငရဲမှာ ... လျှာဖြတ်ခံရ မှာ နားလည်လား ..."
သန်းဆိုင်မျှော်လင့်ထားသလို၊ စန်းချိုက ခါးတိုင်းလို ကြက်ခေါင်းဆိတ်မခံ တုံ့ပြန်လာခြင်း မရှိပါ။ သရော်ပြုံးသာ ပြုံးသည်။
"ငါ့လျှာဖြတ်ခံရမှာက ... နောက်မှ လောလောဆယ် နင်တရုတ်မအနံ့ကို ရှူရင်းနဲ့ အဖျားပျောက်သွားမှ ဖြစ်မယ်၊ သက်သာ ရင် ဆိုင်မှာ ထိုင်တော့ ... ငါတို့မှာ တခြားအလုပ်တွေ တစ်ပုံကြီး ရှိသေးတယ်၊ နင်ဆိုင်မှာ မထိုင်နိုင်တော့ ... ဘယ်လောက် ကသီတယ်မှတ်လဲ"
"ဒီလိုဆို ... ငါသေရင် ဘယ်လိုလုပ်မလဲ" "အံမယ် ... ကျောဝူခေါင်းကိုက်ဖြစ်ရုံလေးနဲ့ သေစကားထည့်မပြောနဲ့ သန်းဆိုင် နင့်ရောဂါ က သေဖို့နဲ့ အဝေးကြီး"
"ငါသေရင် ပြောတာဟ၊ ကြိုပြောထားတာ၊ ငါသေရင် ကုလားဒိန်တစ်ယောက်ငှားပြီး ဆိုင်မှာ ကွမ်းယာ ရောင်း ခိုင်း၊ ဒီကောင်တွေက ကွမ်းယာစပ်တာ သိပ်တော်တယ် ..." စန်းချို၏ မျက်နှာထား လုံးဝအပြောင်းအလဲ မရှိ။ စကား လည်း မပြန်တော့။ သန်းဆိုင် ကို မတွေ့မြင်သည့် အလား .... အိမ်အောက်သို့ ဆင်းသွား၏။ သန်းဆိုင်က မချင့်မရဲ ခံစားမှုဖြင့် စန်းချိုကို လိုက်ကြည့်နေ ဆဲ။ တော်တော်အရေထူတဲ့ မိန်းမ၊ ဒီပုံဆို ... ကုလားဒိန်နဲ့ လက်ပူးလက်ကြပ်မိရင်တောင် မျက်နှာ တစ်စက်မှ ပျက်မှာ မဟုတ်ဘူး ...။
××× ××× ×××
တတိယနေ့နှင့် စတုတ္ထနေ့တို့၌ သန်းဆိုင်၏ ကြိုးပမ်းအားထုတ်မှုမှာ ယနေ့နေ့များကအတိုင်း အကျိုး တရား မဖြစ်ထွန်းပြန်ချေ။ ယခင် ... နည်းဗျူဟာအတိုင်း သန်းဆိုင်က စန်းချိုထက်အရင် အိမ်က ထွက်သွားပြီး၊ ဈေးအနီး၊ အနှေးယာဉ်ဂိတ်နားကနေ ပုန်းလျှိုးကွယ်လျှိုး စန်းချိုကို စောင့်ကြည့်သည်။ စန်းချိုရောက် လာလျှင် စန်းချိုနောက်သို့၊ သတိဝီရိယကြီးစွာထား၍ ခြေရာခံလေ့လာ စူးစမ်းသည်။ သူသည် ... သားကောင်နောက် သို့ စိတ်ဇောကြီးစွာ လိုက်လံချောင်းမြောင်းနေသော တောလိုက် မုဆိုးနှင့်တော့ တူသယောင်ယောင် ရှိသည်။ မုဆိုးနှင့် မတူသည်ကတော့ ... မုဆိုးသည် သားကောင် နှင့် ရင်ဆိုင်ရမှာ မစိုးရွံ့သော် လည်း ... သန်းဆိုင်ကမူ၊ သူလိုက်ချောင်းနေတုန်း စန်းချိုက တပ်အပ် တွေ့မြင်သွားမှာ ကို နှလုံးသွေး ရပ်မတတ် ကြောက်လန့်နေခြင်း ဖြစ်၏။
တစ်နာရီခန့် ...၊ မိမိ၏ခြေနှစ်ချောင်းကို ရွေ့လျားလိုက်၊ ခေတ္တရပ်နားလိုက်၊ ခိုင်းစေ မောင်းနှင်နေ သော သာမန် လူတစ်ဦး အဖို့ရာ မခံမရပ်နိုင်အောင် ညောင်းညာပင်ပန်းခြင်း မဖြစ်နိုင်သော်လည်း ...၊ သန်းဆိုင်ကဲ့သို့ ...၊ စန်းချို ၏နောက်ဘက် ကိုက်(၃၀)အကွာလောက်ကနေ၊ ရှုပ်ထွေးတိုးဝှေ့နေသော လူအုပ်၏ ဦးခေါင်းတွေ ခန္ဓာတွေ ကို ကွေ့ရှောင်ရင်း၊ လည်တဆန့်ဆန့် ခေါင်းတငဲ့ငဲ့ဖြင့်၊ မျက်တောင် မခတ် ပြူးပြူးပျာပျာ ကြည့်မျှော်ကာ၊ စန်းချိုလျှောက် လျှင် လျှောက်လိုက်၊ စန်းချိုရပ်လျှင်ရပ်လိုက်၊ ကိုယ်က မြင်သာပြီး သူမမြင်နိုင်သောနေရာမှ ကိုယ်ကို ရို့၍ ပုန်းကွယ်လိုက် လုပ်နေရသော လှုပ်ရှားမှု မှာ၊ သူ၏ကြွက်သားစိုင်းများကို သာမက၊ အာရုံခံနာဗ်ကြောစု ကိုပါ အတင်းအကျပ် မောင်းနင် နှိပ်စက် သလို ဖြစ်နေသည်။ လူမော၊ စိတ်ပန်း အလုပ် ဖြစ်သည်။ စိတ်ပန်းရုံမျှသာမက ...၊ သူကသာ စန်းချို နောက်ကို လိုက်ချောင်းနေသော်လည်း စန်းချိုက သူ့ကို လိုက်ဖမ်းနေသကဲ့သို့ ရင်တခုန်ခုန်နှင့် သွေးတဒိန်းဒိန်းတိုးကာ မွန်းကျပ်လာရပေ၏။
ပဉ္စမမြောက်နေ့ နံနက်ခင်း၌မူ စန်းချိုကို လိုက်လံချောင်းမြောင်းဖို့ သန်းဆိုင် စိတ်လျှော့ချင် သလိုလို ဖြစ်လာသည်။ မကျန်းမာချင်ယောင် ဆောင်သည့်ဒဏ်ကလည်း ပက်လက်လှန်ပြီး တံတွေးထွေးသည့် လူလို၊ ကိုယ့်အပြစ်နှင့်ကိုယ် ခံနေရပါ၏။ စားနေကျအတိုင်း၊ ထမင်းမစားရသဖြင့် သန်းဆိုင်ခွန်အား တွေ ဆုတ်ယုတ် လာ၏။ တကယ်တန်း အဖျားဝင်လာချိန်၌ ... ဆန်ပြုတ်သောက်ရသည်ကို မတင်းတိမ် နိုင်။ စန်းချို အလစ်မှာ မုန့်တွေ အသီးအနှံတွေ ခိုးစားခဲ့ပါသော်လည်း သူ၏ ၀မ်းခေါင်းကျယ်ကြီးမှာ ငါးမန်းကြီးပါးစပ်ထဲ ငါးသန်ငါမွှာ ကလေး လက်တစ်ဆုပ်လောက် ပစ်ထည့်သည့်နှယ် တဏှာအာလျ မပြေနိုင်ဘဲ ရှိ၏။
ဤရက်ပိုင်းအတွင်းမှာပင် သန်းဆိုင် မျက်လုံးအစုံတစ်ဝိုက်တွင် အညိုကွင်းကြီးနှစ်ကွင်း ခပ်ယောင်ယောင် ပေါ် လာကြသည်။ ပြည့်ဖောင်းခဲ့သော ပါးတွေ မသိမသာချိုင့်ဝင်သွားသလိုလည်း ထင်ရသည်။ တောက်ပ ရှင်သန် ခဲ့ကြသော မျက်လုံးတွေမှာ အသက်ဓာတ် လျော့ပါးကာ ... ဝေေ၀ရီရီ မှိုင်းပျလာကြသည်။ သူသည် ဈေးဆိုင် သို့လည်း ဆင်းမထိုင်တော့ ...၊ ဆိုင်ရှေ့ခုံတန်းလျားမှာ အမြဲလိုလို လာထိုင်နေတတ်သော ခင်မောင်ငြိမ်း၊ ကျော်ကြီးနှင့် ၀မ်းနိုင်းတူးတို့နှင့် အရင်ကလို နောက်လား၊ ပြောင်လား စကားမပြောချင်သည်က တစ်ကြောင်း ...၊ အကြောင်းရင်းကို အဖြေရှာမရ သည့် သိမ်ငယ်စိတ်က လူအများနှင့် ရောနှောဆက်ဆံရန် ခွင့်မပြု၊ ဟန့်တားနေသည် က တစ်ကြောင်း၊ စန်းချို၏ ကြင်နာယုမမှု (မာယာလုပ်၍ ဟန်ပြပြုစုသည်ပဲ ဖြစ်စေ ...) ကို လူမမာအဖြစ် မျှော်လင့် ထားသည်က တစ်ကြောင်းတို့ကြောင့် သန်းဆိုင် အိမ်ပေါ်မှာပဲ ထိုင်လိုက်၊ ထလိုက်၊ လှဲအိပ်လိုက် တီဗွီ (စိတ်မပါဘဲ) ကြည့်လိုက်နှင့် အချိန်နာရီတွေကို ပင်ပန်းစွာ ဖြတ်ကျော်နေခဲ့သည်။
ယခုအခါ ... သူအစစ်အမှန် မမာမကျန်း ဖြစ်နေမှန်း သန်းဆိုင် နားလည်လာခဲ့ပြီ။
"သန်းဆိုင် ...၊ နင့်တရုတ်မဆီ မသွားတော့ဘူးလား ..."
အိပ်ရာ ထဲမှာ တစောင်းခွေနေသည့် သန်းဆိုင်ကို စန်းချိုက ရန်လိုသံမပါစေဘဲ၊ မေးရိုးမေးစဉ်အသံဖြင့် လာမေးသည်။ သန်းဆိုင်က လက်တစ်ဖက်ထောင်၍ ခါပြလိုက်၏။
"နင့်ဟာက မဟုတ်သေးဘူး သန်းဆိုင်၊ ဟိုဆရာဝန်ပျောက်နိုးနိုး၊ ဒီဆရာဝန်ပျောက်နိုးနိုး လုပ်မနေ နဲ့၊ ဆေးပတ်လည်အောင် ကုမှပေါ့၊ နင့်ကြည့်ရတာ ဆရာဝန်ပေးတဲ့ ဆေးတွေလည်း မှန်မှန်သောက်ပုံမရ ပါဘူး"
သန်းဆိုင်က စကားမပြန်ဘဲ၊ ခန္ဓာအောက်ပိုင်း ခြုံလွှမ်းထားသော စောင်ကိုဆွဲယူ၍ ခေါင်းမြီးခြုံထား လိုက်၏။ ခေါင်းမြီးခြုံပြီးမှ အတွင်းကနေ လူမမာသံပီသအောင် တုန့်ဆိုင်းလေးတွဲ့စွဲနှင့် ...
"င့ါအတွက် မပူနဲ့ စန်းချို၊ နင့်လုပ်စရာ ရှိတာလုပ်၊ သွားစရာရှိတာသွား၊ ချိန်းထားတာများ ရှိရင် နောက်ကျနေဦးမယ်" ဟု သူ့အဓိပ္ပာယ်နှင့် သူ မထိခလုတ် ထိခလုတ်စကား ထောက်လိုက်သည်။
စန်းချိုက မျက်မှောင်ချီလိုက်ပြီး၊ သန်းဆိုင်နားသို့ တိုးရပ်သည်။ ဘာလဲ၊ ငါက ဘာကိစ္စဘယ်သူနဲ့ ချိန်းထား ရမှာလဲဟဲ့"
"သိဘူးလေ၊ နင် ဈေးထဲမှာ အချိန်းအချက်တစ်ခုခုများ ရှိမလားလို့ ငါက သတိပေးတာပါဟာ၊ ချိန်းထား တာရှိရင် အချိန်မီ သွားအာင်လို့ပါ"
ခေါင်းမြီးခြုံ ထဲကနေ အသံလေးကြီးဖြင့် ပြောနေသဖြင့် သန်းဆိုင်၏ စကားသံမှာ သေအံ့မူးမူး လူမမာ အသံနှင့် တူနေတော့၏။
"ငါ ဘယ်လင်ငယ်နဲ့မှ ချိန်းမထားဘူးဟဲ့၊ နင်တော့ ဖျားရုံသက်သက် မဟုတ်ဘူး၊ ငန်းဝင်ပြီး ပေါက်တတ် ကရတွေ လျှောက်ပြောနေပြီ၊ ဆရာပွားကို ပင့်မှနဲ့တူတယ်"
ဆရာပွား ဆိုသော စကားလုံးကို ကြားသည်နှင့်။ သန်းဆိုင်သည် ခေါင်းမြီးခြုံကြီးကို ဇတ်ခနဲဖယ်ကာ၊ ငေါက်ခနဲ ထထိုင်သည်။ နံနက်ပိုင်း အပူချိန်မပြင်းထန်ခင်မှာ သန်းဆိုင်ကတော့ ချွေးသီးချွေးပေါက်ကျ ကာ နေပူ ထဲက ဖြတ်လာသူနှင့် တူနေ၏။
"ဟေ့ စန်းချို ဆရာပွားတော့ မပင့်နဲ့၊ ငွေကုန်တာပဲ အဖတ်တင်မယ်၊ ငါသူ့ပညာနဲ့ ဘာမှမဆိုင်ဘူး၊ သူဂါထာ မန္တန်တွေ လျှာထွက်အောင်ရွတ်လည်း ငါ့ရောဂါက ပျောက်မှာ မဟုတ်ဘူး"
သန်းဆိုင် က ဒေါမာန်ပါပါ၊ တစ် "ဘူး" တည်း "ဘူး" နေသဖြင့် စန်းချို အလျှော့ပေးဟန် မျက်နှာထား ပြင်သည်။
"ဆရာပွားနဲ့ မကုရင် ဆရာလေး တင်ဆန်းဦးနဲ့ဖြစ်ဖြစ် ဆေးပတ်လည်အောင် ကုပါလား သန်းဆိုင်ရယ် ...၊ ဆရာလေးက တစ်လမ်းထဲနေတာဆိုတော့ ညရေးညတာ သွားပင့်ဖို့လည်း လွယ်တယ်၊ ပြီးတော့ ဆေးဖိုးဝါးခ ဘယ်လောက် ဘယ်ရွေ့ ကျတယ်ပြောတာ မဟုတ်ဘူး။ (ကြည့်သာပေးဗျ၊ ပါသလောက်သာပေးပါ)နဲ့ပဲ ပြီးသွားတာ၊ ဒီအချိန်ဆရာလေး ဆေးရုံမသွားသေးဘူး၊ သူ့ဆီသွားမလား"
အချိန်ကာလ ကြာရှည်စွာ မကြားဖြစ်ခဲ့ရသော စန်းချို၏ ပျော့ပျောင်းသော ဖျောင်းဖျသံကို ကြားလိုက် ရလျှင် သန်းဆိုင် မှာ သူ့ရင်ခေါင်းထဲသို့ အပူလှိုင်းတစ်လှည့် အအေးလှိုင်းတစ်လှည့်စီ လှိမ့်ဝင်လာကြ သကဲ့သို့ အသက်ရှူ မှားနေသည်။ သို့သော် ခဏသာ ဖြစ်၏။ အသက်မှန်မှန် ပြန်ရှူရင်း၊ စန်းချိုကို မလိုလား သလို၊ နှုတ်ခမ်းမဲ့ ကြည့်သည်။
"င့ါရောဂါကို ဆရာလေးလည်း ကုမပေးနိုင်ဘူးဆိုတာ ငါအတတ်သိတယ် စန်းချို"
ကလေးဆိုးကြီးအသံမျိုးဖြင့် ပြောလျှင် စန်းချို ပင့်သက် ရှိုက်၏။
"အင်း၊ သန်းဆိုင်ကတော့ ငန်းဖမ်းပြီး ပြောချင်ရာပြောနေပြီ"
သူမဘာသာ ရေရွတ်ကာ စန်းချို ထွက်သွားလျှင် ...၊ သန်းဆိုင်ကိုယ်တိုင်လည်း ကျယ်ကျယ် လောင်လောင် ပင့်သက်ရှိုက်ရင်း၊ အိပ်ရာပေါ် တုံးတုံးလှဲချလိုက်သည်။ ပြီးလျှင် ပြန်ထထိုင်၍ ဆွယ်တာ တွေ၊ ဂျက်ကက်တွေ ကို ချွတ်ပစ်၏။ အောက်ခံစွပ်ကျယ်ကိုပါ ဆွဲချွတ်ပြီး၊ အပေါ်ပိုင်း ဗလာကျင်း လိုက်၏။
သန်းဆိုင်၏ ပြည့်ဖောင်းသော ခန္ဓာမှာ ချွေးတွေဖြင့် ပြောင်လက်လျက် ရှိသည်။ ကျန်းမာ သန်းစွမ်းသည့် ကာယသဏ္ဍာန် က ထင်ရှားသော်လည်း ... သန်းဆိုင်၏ မျက်လုံးတွေကမူ သူရူးတစ်ယောက် လို ကြောင်စီရီဝေနေ၏။ သူက လှဲချပြီး ခေါင်အုံးပေါ်မှာ မျက်နှာအပ်ထားလိုက်ပြန် လေသည်။
ငါဖျားပြီး ငန်းဖမ်းနေတာ မဟုတ်ဘူး စန်းချို၊ ငါ့ကို ဒိန်းဒလိန်းနတ် ဖမ်းနေတာ၊ ငါဟာ ရည်းစားပူမိသလို ခံစားနေ ရတာ ဒီထက်တောင် ဆိုးပါသေးရဲ့ဟာ၊ နှစ်ကိုယ်တူ အသည်းနင့်အောင် ချစ်ကြကြိုက်ခဲ့ကြပြီး၊ အခက်အခဲတွေကြား က အိမ်ထောင်ပြုခဲ့ကြတယ်။ ငတ်ခဲ့ ပြတ်ခဲ့ ဆင်းဆင်းရဲရဲ နေခဲ့ကြရတယ်။ အနှစ် (၂၀)ကျော်ကြာ လို့ လူမွေးလူတောင်လည်းပြောင် ... သားနှစ်ယောက်လည်း လူပျိုဖြစ်ကာမှ ... နင်က ဖောက်ဖောက်ပြန်ပြန် လုပ်တော့ ငါ့ရင်ကျိုးရတာပေါ့ စန်းချို၊ ငါဘယ်လို ခံစားရသလဲဆိုတာ ... နင် ငါ့ရင် ကိုသာ ခွဲကြည့်စမ်းပါတော့ဟု စိတ်ထဲမှာ မြည်တမ်းရာက သန်းဆိုင်မျက်ရည်တွေ ယိုစိမ့်လာကာ မျက်ရည် များသည် ခေါင်းအုံးစွပ်ကိုဖြတ်၊ ခေါင်းအုံးပိတ်သားကို ဖောက်၍ ခေါင်းအုံးမှို့များထဲသို့တိုင် စိမ့်ဝင်သွားကြသည်။
မကြာမီ ...၊ အိမ်ခန်းဘက်မှ စန်းချိုသနပ်ခါးသွေးသံ တဂျီးဂျီး ကြားရပြီး၊ အမွှေးနံ့သာနံ့လှိုင်းပါ သန်းဆိုင်ထံပါး လျလျ လွင့်ကူး လာ၏။ နင်မလှတာ ကို လှရုပ်ဆင်ခဲ့ပေမဲ့ ငါကျေနပ်ခဲ့တယ် စန်းချို၊ နင်ဆံပင်ကောက်တာတို့၊ မျက်နှာပေါင်းတင် တာတို့ကို ငါဘာတစ်ခွန်းမှ မပြောခဲ့ဘူး၊ နှုတ်ခမ်းနီတွေ မိတ်ကပ်တွေ နင်ဈေးကြီး ပေးဝယ် တာကိုလည်း ငါမသိချင်ယောင်ဆောင်ခဲ့တယ်။ အခုများကျတော့ နင်အလှပြင်သမျှဟာ ငါဒုက္ခခံစား ဖို့ချည်းပဲ ဖြစ်နေပြီ စန်းချို။ မုန့်လုစားခံရတဲ့ ကလေး လိုငိုပြီး လမ်းပေါ် မှာ ငါလျှောက်ပြေးနေချင်တယ်ဟ၊ ငါရူးချင်နေပြီ၊ ရူးချင်နေပြီ ... ဟု စိတ်မှမြည်တမ်းစဉ်၊ မျက်ရည်တွေ က တရဟော ပိုမိုသွန်ကျလာကြ၏။
အခန်းထဲမှ ၀တ်စားပြင်ဆင်ပြီး ဆွဲခြင်းကိုင်ကာ ထွက်လာသော စန်းချိုသည် သန်းဆိုင် အင်္ကျီကျွတ် ကြီးဖြင့် ခွေခေါက်ခေါက် မှောက်နေပုံကို ကြည့်ရုံသာ ကြည့်ပြီး၊ အိမ်အောက်သို့ ခပ်သုတ်သုတ် ပြေးဆင်းသွားသည်။
ကွမ်းယာဆိုင် မှာ မိထူးက ဖောက်သည်တွေကို လက်မလည်အောင် ကွမ်းယာရောင်းပေးလျက် ရှိ၏။ ခုံတန်းလျား မှာတော့ ... ခင်မောင်ငြိမ်းနှင့် ၀မ်းနိုင်းတူးတို့ ပူးပူးကပ်ကပ်ထိုင်ကာ၊ မျက်လုံးတွေ ဂနာမငြိမ်ကြဘဲ၊ လေသံဖြင့် စကားပြောနေသည်ကို စန်းချို တွေ့မိသည်။
"မိထူး ငါဈေးသွားရင်း ဆရာဦးပွားကို ၀င်ပင့်ခဲ့မယ်၊ ဦးပွားလာရင် ဖျာတွေဘာတွေ ခင်းပေး၊ သူခိုင်း တာလုပ်ပေး" ဟု စန်းချိုက ညွှန်ကြားသည်။
"အင်း" ၀မ်းနိုင်းတူးက ထိုင်ရာမှ ကမန်းကတန်း ထရပ်သည်။
"မစန်းချို ဆရာသမားမသက်သာဘူးလား" ဟု မျက်နှာသေကလေးလုပ်၍ မေးသည်။
"သန်းဆိုင် ငန်းဝင်နေပြီ၊ ဆရာဦးပွားကို သွားခေါ်မှ ဖြစ်မယ်" ဟု ဆိုကာ စန်းချို သုတ်သီးသုတ်ပျာ လှမ်းထွက် သွားစဉ် ၀မ်းနိုင်းတူးနှင့် ခင်မောင်ငြိမ်းတို့က တစ်ဦးကိုတစ်ဦး အပြန်အလှန်ကြည့်လိုက်ကြ သည်။
ဈေးဆိုင် မှ စကားသံများကို ကြားသည်နှင့် သန်းဆိုင်သည် မှောက်အိပ်နေရာမှ ဖြုန်းခနဲထပြီး၊ အိပ်ခန်း ထဲသို့ ပြေးဝင်သွားသည်။ ခုတင်ခေါင်းရင်းမှာ ဓားအိမ်နှင့် ချိတ်ဆွဲထားသော ငှက်ကြီးတောင် ဓားကို ဆွဲထုတ်ကာ၊ ဧည့်ခန်းထဲသို့ ပြန်ထွက်လာ၏။ ဓားကို စားပွဲပုပေါ် အသာချကာ ပုဆိုးကို တင်ပါးနှစ်လုံးပေါ်သည် အထိ မျှောင်နေအောင် အောက်ပိုင်း ကျိုက်လိုက်၏။
××× ××× ×××
××× ××× ×××
ဝမ်းနိုင်းတူး က စန်းချိုကို တင်ပြီး ဆိုက်ကားနှင့် ထွက်သွားပြီဖြစ်ရာ ခင်မောင်ငြိမ်းတစ်ယောက်တည်း ဦးပွား အလာကို လည်တဆန့်ဆန့်ဖြင့် မျှော်နေသည်။
"မမိထူး၊ ညကကော ကိုသန်းနိုင် ကောင်းကောင်းအိပ်ရဲ့လား" ဟု ခင်မောင်ငြိမ်းက မိထူးကို လှမ်းမေး သည်။ မိထူး က မျက်နှာသေကြီးဖြင့် ...
"ငါက သူနဲ့အတူတူ အိပ်တာမှ မဟုတ်ဘဲ၊ ဘယ်သိမလဲ" ဟု သံပြတ်ဖြင့် ပြောသော်လည်း ခင်မောင်ငြိမ်းက အရိပ်အကဲ ကို နားမလည်ဘဲ ...
"ငန်းဝင်တယ်ဆိုတာ အဖျားကြီးလို့ပဲ မမိထူးရဲ့ ကိုယ်ပူချိန်တက်ပြီး ... ဦးနှောက်အာရုံကြောတွေ ကပြောင်း ကပြန် ဖြစ်ကုန်တာ၊ ဒါကို မြန်မာ့အယူအဆအရ ... ငန်းဝင်တယ်၊ ငန်းဖမ်းတယ်လို့ ပြောတ၊ ဒီဆိုင်မှာ ... ငန်းဆေးမရောင်းဘူးလား" "ငန်းတွေဘာတွေ ငါ့လာမပြောနဲ့၊ ငါ ... ဘဲငန်းပဲသိတယ်"
မိထူးက ခင်မောင်ငြိမ်းကို မကြည့်ဘဲ၊ ကွမ်းယာဝယ်သူကို ကွမ်းယာယာပေးနေရာ မှ ဘောက် ဆတ်ဆတ် ပြော လိုက်တော့၊ ခင်မောင်ငြိမ်း ပါးစပ်စေ့ထားလိုက်ရ၏။ သူ့အစ်မနဲ့တော့ လေပေါက် တစ်ချိုးတည်းပဲ အပြောဆိုး အရုပ်ဆိုး တဲ့နောက် ဘယ်လိုလုပ် လင်ရတော့မှာလဲ ခင်မောင်ငြိမ်းက မိထူးထံမှ မျက်နှာလွှဲလိုက်၏။
ခင်မောင်ငြိမ်း မျှော်လင့်ထားသူမှာ ဆရာကြီးပွားဖြစ်သော်လည်း ဆေးအိတ်ကလေးပိုက်လျက် ဆိုက်ကား တစ်စီးဖြင့် ရောက်လာသူမှာ သူဝတ်နေကျအတိုင်း ရှပ်အင်္ကျီဖြူ ကော်လာကတုံးလက်ရှည် ချည်ချော ပုဆိုးဝတ်လျက် ဆောင်နေကျအတိုင်း ချာလီထီးကောက်ကြီး ကိုင်ထားသော ဒေါက်တာ တင်ဆန်းဦး ဖြစ်နေသည်။ ဟာ မစန်းချိုတော့ ဘာကြောင်သွားပြီလဲ မသိဘူး၊ ဆရာပွား လွှတ်လိုက် မယ် ဆိုပြီး ရောက်လာတော့ ဆရာလေးတင်ဆန်းဦးဟု ခင်မောင်ငြိမ်း စိတ်ထဲက မြည်တမ်းလိုက်၏။
ဆရာဝန်ကလေးက၊ ဈေးဆိုင်ခေါင်းရင်းဘက် ခြံဝင်းတံခါးဝသို့ ခြေအချမှာ အိမ်ရှေ့လှေကားအတက် ဖိနပ်ချွတ် တွင် ဓါးထမ်း၍ ခါးတောင်းကျိုက်ထားသည့် သန်းဆိုင် အင်္ကျင်္ီဗလာကိုယ်လုံးဖြင့် မားမားကြီးရပ်လာလေသည်။
" အားတော့နာပါတယ်ဆရာလေး၊ ကျုပ်ကို ဆေးကုဖို့လာတယ်ဆိုရင် ဆရာလေး လာရာလမ်း အတိုင်း ပြန်ကြွပါ။ ခြေကြွခ ကျုပ် ပူဇော်လိုက်ပါ့မယ် " ဟု သန်းဆိုင်ပြောသည့်အခါ ဆရာလေး ကြောင် အမ်းအမ်းဖြစ်သွားသည်။ ထူးခြားပြီး သူရူး ဆန်သော မျက်နှာကြီးကို ကြည့်၍ ဒေါက်တာတင်ဆန်းဦး က စိတ်ရှုပ်ဟန်ကို ဖုံးကွယ်လျက်၊ မချိသွားဖြဲအပြုံးဖြင့် ပြောစဉ် သန်းဆိုင်က ခေါင်းတစ်ခါခါလုပ်နေ၏။
" ကန်တော့ပါရဲ့ ဆရာလေးရာ၊ ကျုပ်မိန်းမ က အပူအပင်လွန်သွားတာပါ။ ကျုပ်ဘာမှမဖြစ်ဘူး၊ ငန်းလည်း မဝင်းဘူး၊ မြွေပွေး မြွေဟောက်လည်းမဝင်ဘူး၊ ဆရာလေး အလုပ်သာပြန်လုပ်ပါ။ အားနာလိုက်တာ ဆရာလေး ရာ တကယ်ပါပဲ။
" ကဲ ဒါဆို ကျွန်တော်ကို ခွင့်ပြုပါဦး ကိုသန်းဆိုင်" ဟုဆိုကာ ဆရာလေးသည် သူအပြန်ကို စောင့်နေသော သူစောစောက စီး လာသည့် ဆိုက်ကားဆီသို့ ပြန်လှည့်သွား၏။
" ကျုပ်မိန်းမ သိပ်ဦးနှောက်မကောင်းတော့ဘူးဗျို့၊ သူ့အရူးရောဂါကိုသာ ကုပေးပါဗျာ၊ ရူးတာက ရိုးရိုးရူးတာ မဟုတ်ဘူး၊ ကျုပ်လင်ကြီးငုတ်တုတ်ရှိရဲ့သားနဲ့ လင်တရူးရူးနေတာဗျ ဟပ်-ဟပ်-ဟပ်
အသံကွဲကြီးဖြင့် ရယ်ရင်း၊ သန်းဆိုင်က အော်ပြောနေသည်။ လမ်းသွားလမ်းလာတွေကော ဆိုင်နီးချင်းတွေကပါ သန်းဆိုင် ကို တစေ့တစောင်း လှမ်းကြည့်ကြသည်။ သန်းဆိုင်က ဘယ်သူ့ကိုမှ အမှုမထားဟန်ဖြင့် ၊ ဓါးထမ်းပြီး အိမ်ထဲပြန် ဝင်သွားသည်။
" ခက်တာပဲ မမိထူးရာ " ဟုခင်မောင်ငြိမ်းက မိထူး၏တုံ့ပြန်မှုကို စူးစမ်းလိုသဖြင့် ညည်းပြလိုက်၏။
"အင်း"
မိထူးက မျက်နှာသေကြီးဖြင့် ခေါင်းညိတ်သည်။
ခင်မောင်ငြိမ်း သည် တစုံတစ်ရာကို စိတ်ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့်၊ လက်ဝါးနှစ်ဖက်ပူးကပ်၍ လက်သီး ဆုပ်ဆုပ်ပြီး ဆတ်ခနဲပြန်ဖြေချလိုက်တာ၊ အိမ်ပေါ်သို့ တက်သည့်လှေကား ဆီသို့ လျှောက် သွားသည်။ လှေကားခုံရင်းမှာ ရပ်လိုက်ပြီး အိမ်ပေါ်သို့ လှမ်းကြည့်ရာသန်းဆိုင်၏ အရိပ်အယောင်ကို မတွေ့ရ။
"သန်းဆိုင်... ကိုသန်းဆိုင်ရေ၊ ကျွန်တော်ခင်မောင်ငြိမ်းပါ" ဟု ခင်မောင်ငြိမ်းက မရဲတရဲ အသံပြုသည်။
"ဘာတုန်းကွ၊ မင်းကော ငါ့ကိုငန်းဖျားရောဂါသည်လို့ သတ်မှတ်ချင်လို့လား၊ ငန်းအကြောင်း လာမပြောနဲ့၊ ငါ့ငှက်ကြီးတောင် နဲ့ တွေ့မယ်" ဟု ကြိမ်းမောင်းသံကြောင့်၊ ခင်မောင်ငြိမ်းမျက်နှာမဲ့၍ ပြန်ထွက်လာသည်။
"ကြားတယ် မဟုတ်လား မမိထူး" ဟု ခင်မောင်ငြိမ်းက မဲ့ပြုံးပြုံး၍ မိထူး၏ ထင်မြင်ချက် ကို မျှော်လင့် လိုက်ပြန်သည်။ ပါးကွက်သနပ်ခါးထူထူနှစ်ဖက်ကြောင့် ဖိုးဝမျက်နှာနှင့်တူနေသော မျက်နှာသေကြီးဆီမှ၊ တုံ့ပြန်နေကျ အသံတိုတစ်ချက်သာ ထွက်လာသည်။
"အင်း" "ကိုသန်းဆိုင်ဖျားတာ ရိုးရိုးအဖျားမှ ဟုတ်ရဲ့လားဗျာ၊ ငှက်ဖျားအခံတွေ ဘာတွေများ သူ့မှာရှိလား မသိဘူး၊ ငှက်ဖျားပိုး ဦးနှောက်ထဲရောက်သွားရင်လည်း ခုလိုပဲ ရူးကြောင်ကြောင် ဖြစ်သွားတတ်တယ်ဗျ။ တချို့ဆို ဦးနှောက်သွေးကြောပြတ်ပြီး တစ်ခါတည်းသေရော"
ခင်မောင်ငြိမ်း က စိတ်ပါလက်ပါ ပြောနေသည်ကို၊ မိထူးက မျက်လုံးကြီးတွေပြူးလျက် ကြည့်ရုံသာကြည့်သည်။ ဘာတစ်လုံး မှ ပြန်မပြော၊ ခင်မောင်ငြိမ်း တိုက်ပုံအင်္ကျင်္ီအနွမ်း၊ အရောင်လွင့်အင်္ကျင်္ီပုဆိုးတို့ ဆင်မြန်း လျက်၊ ကော်ဖီမှုန့်ရောင် လွယ်အိတ်တစ်လုံးလွယ်ကာ၊ ဝါးတောင်ဝှေး တဒေါက်ဒေါက်ဖြင့်၊ သန်းဆိုင်တို့ အိမ်ရှေ့ သို့ ရောက်လာသော ဆရာဦးပွားကို တွေ့ရသည်။ ဦးပွားသည် ပိတ်ဖြူစဖြင့် ရစ်ပတ်ဖုံးလွှမ်းထားသော သူ၏နာမည်ကျော်ဆေးဓါးကို ပခုံးတစ်ဖက်မှာ ထမ်းထားသည်။ ကြီးမားရှည်လျားသော အရိုးပုတီးကြီးက သူ့လည်ပင်း မှ ခါးနားအထိ တွဲလောင်းကျနေ၏။ သူ၏ မျက်နှာထားမှာ၊ ဆေးကုဆရာကြီးနှင့်မတူဘဲ၊ သားသတ်ရုံ သို့ သားသတ်ဖို့ သွားနေသည့် သားသတ်သမား၏မျက်နှာနှင့်သာ တူနေသည်။
"ဟာဦးကြီးပွား ကိုသန်းဆိုင်ဆီလာတာလား ခင်ဗျ" ဟု ခင်မောင်ငြိမ်းက စိတ်မပါဘဲ၊ လောကွတ်လုပ်၍ ပျာပျာသလဲ ဆီးကြိုနှုတ်ဆက်သည်။
"အိမ်း ဟုတ်သကွ။ မစန်းချို လာပင့်တာနဲ့ ငါပုတီးစိပ်ဖျက်ပြီး ထလိုက်လာတာ၊ သန်းဆိုင်အိမ်ပေါ်မှာ ရှိတယ် မဟုတ်လား"
ဦးပွားသည် ခါးကိုင်းကိုင်းနှင့် ပိန်တာရိုးအဘိုးကြီး ဖြစ်သော်လည်း အသံသြဇာကမူ၊ ဗိုလ်ခြေတစ်ထောင်ကို စစ်မိန့်ပေးနေသော စစ်သူကြီး တစ်ဦးပမာ၊ ထည်ဝါဟိန်းညံသည်။ သူက ဆံရှည် ထားသော် လည်း သျှောင်ထုံး မထုံးဘဲ၊ လူငယ်ဖက်ရှင်ကဲ့သို့ ဖားလျားချထားရာ၊ ပခုံးနှစ်ဖက်ပေါ်တွင် အဖြူ၊ မီးခိုး၊ အညိုဖျော့၊ အ၀ါဖျော့ ရောင်စုံရောယှက်နေကြသည့် ဆံပင်တွေက အိုမင်းလှသည့် ခြင်္သေ့ ကြီးတစ်ကောင်၏ လည်ဆံမွေး များလို ဖွာရရာ ၀ဲကျနေကြ၏။
ခြံထဲဝင်တော့မည့် ဦးပွား ၏ ခြေလှမ်းသည် ရုတ်တရက် တုန့်ရပ်သွားသည်။ စောစောကအတိုင်း ငှက်ကြီးတောင် ကိုင်ထားသော သန်းဆိုင်က ခါးတောင်ကျိုက်ကြီးဖြင့် ခုန်ထွက်လာသောကြောင့် ဖြစ်လေသည်။
"ဒီမယ် ဘကြီးပွား၊ ဘကြီးပွားရဲ့ အသက်အရွယ်နဲ့ ပညာဂုဏ်ကို ကျုပ်ကန်တော့ပါတယ်။ ဒါပေမဲ့ ကျုပ်မယား စန်းချိုက လာပင့်လို့ ကြွလာတာဆိုရင်တော့ ၀မ်းနည်းပါတယ်။ ကိုယ့်အိမ်ကိုယ်ပြန်ပါ ဘကြီးပွား။
ကျုပ်ဘာမှ မဖြစ်ဘူး။ ကျုပ်မိန်းမ မစန်းချို သည်းခြေဖောက်ပြီး ကျုပ်ကို ငန်းဖမ်းနေပြီ တစ္ဆေဖမ်းနေပြီ ဆိုပြီး ပေါက်တတ်ကရ လျှောက်ပြောနေတာ၊ ဒါဟာ သင်း ကျုပ်ကို အရှက်ခွဲ သိက္ခာချတာပဲ၊ သင်း ဈေးက ပြန်လာ မှ ကျုပ်အကြောင်းသိမယ်။ ကျုပ်ဓားက ဘကြီးပွားရဲ့ ဓားလို သစ်သားဓား မဟုတ်ဘူး။ သိပ်ပြတ် တဲ့ ဓား၊ ခြေသလုံးမွေးတောင် ရိတ်လို့ရတယ်"
သန်းဆိုင် က ဓားတ၀င့်ဝင့်ဖြင့် အော်ပြောနေရာ သန်းဆိုင်ဓား တစ်ချက်ဝင့်လိုက်တိုင်း ဦးပွားမှာ မျက်တောင် တစ်ချက်ခတ်လျက် ရှိလေ သည်။ ဤသို့ မျက်တောင်ခတ်နေရာမှ ဦးပွားသည် အသက်(၇၀)ကျော် အရွယ်မှာ တောက်ပစူးလက်ဆဲရှိကြသည့် သူ၏မျက်လုံးနက်ကြီးများကို မျက်တောင်မခတ်တော့ဘဲ၊ သန်းဆိုင် ကို စိတ်ညှို့နေသည့်သဖွယ်၊ သန်းဆိုင်၏ မျက်လုံးအစုံ တည့်တည့်ကြီး စိုက်ကြည့်နေတော့သည်။ သန်းဆိုင် ကလည်း မျက်စိမလွှဲဘဲ ခပ်ရဲရဲ ပြန်ကြည့်ကာ ပြုံးလိုက်၏။
"တောင်းပန်ပါတယ် ဘကြီးပွား၊ ကိုယ့်အိမ် ကိုယ်ပြန်ပါတော့၊ ဘကြီးပွားရဲ့ သမထအစွမ်းတန်ခိုးတွေ လာပြ မနေပါနဲ့၊ အလကားမျက်စိညောင်းတာပဲ အဖတ်တင်လိမ့်မယ်၊ ဘကြီးပွားရဲ့ ပညာထက် အဆတစ်ရာ ပိုပြီးစွမ်း တဲ့ တရုတ်သိုင်းသမားတွေရဲ့ ပညာကို ကျုပ်က ညတိုင်း တီဗွီမှာ ကြည့်နေရတာ ကဲ ပြန်ပါတော့ဗျာ"
ဦးပွား ကလည်း လွယ်လွယ်နှင့် အလျှော့ပေးတတ်သည့် အကျင့်မရှိ။ သူမှာ သတ္တိလည်းရှိ၊ ဇွဲလည်းကောင်း၊ ခေါင်းလည်းမာ သဖြင့်သာ လက်ရှိအလုပ်နှင့် အသက်မွေးနေခြင်း ဖြစ်သည်။
"မောင်သန်းဆိုင် မင်း ... ဘကြီးရဲ့ မေတ္တာတရားကို လက်ခံတဲ့အနေနဲ့ ဘကြီးတိုက်မယ့် ရေမန်း တစ်ခွက်တော့ သောက် ရမယ်၊ ဘယ့်နှယ်လဲ" ဘကြီးဦးပွားက အသံသြဇာမြင့်မြင့်နှင့် တောင်းဆိုသည် ကို သန်းဆိုင် က စိတ်ထဲမှာ ချက်ချင်းပေါ်လာသည့် အတွေးဖြင့် ငြင်းလိုက်၏။ စိတ်ကတော့ တိုချင်နေ ပြီ။
"မဖြစ်ဘူး၊ ဆရာဝန် က ကျုပ်ကို ရေစိမ်းမသောက်ရဘူးလို့ မှာထားတယ်။ ကဲဗျာ ဘကြီးပွား ပြန်တော့၊ ဟိုမှာကြည့်ဦး၊ ကျုပ် တို့က မျက်လှည့်ပဲ ပြနေသလိုလို၊ မျောက်ပွဲပဲပြနေသလိုလို၊ လူတွေက ၀ိုင်းကြည့် ကုန်ပြီ၊ ဆိုင်ရှေ့ မှာ လူတွေပိတ်ရပ်တော့ ဈေးရောင်းအတယ်ဗျ"
မှန်ပါသည်။ သန်းဆိုင် ၏ ကွမ်းယာဆိုင်တစ်ဝိုက်တွင် အနီးဝန်းကျင်မှ ကလေးလူကြီး (၂)ဒါဇင်ခန့် စုဝေး ပြီး၊ သူတို့နှစ်ယောက်ကို စိတ်ဝင်တစား ကြည့်နေကြ၏။ ထိုလူစုကို အင်အားဖြည့်တင်းမည့်သူများ လည်း အရပ်လေးမျက်နှာ ကနေ အပြေးအလွှား လာနေကြသည်။ လမ်းသွားလမ်းလာတွေ ရှုပ်လာ သဖြင့် လမ်းပေါ် တွင် စက်ဘီး၊ ဆိုက်ကားတို့မှ ဘဲလ်တီးသံတွေ တချွင်ချွင်ညံနေပြီ။ လူတွေ ရုတ်ရုတ် သဲသဲဖြစ်၍ ဈေးတန်းကို မှီခို စားသောက်နေကြသော ခွေးလေခွေးလွင့်တွေလည်း ဟိုပြေးသည်လွှားနှင့် ဘာကိုရည်ရွယ်မှန်းမသိ နားညည်းအောင် ဟောင်နေကြပြန်တော့သည်။
ဖြစ်ပေါ်လာသော အခြေအနေအရ ဆရာကြီးဦးပွား လက်လျှော့ နောက်ဆုတ်လိုက်ရတော့သည်။ သူသည် ပါးစပ်မှ တတွတ်တွတ်ရွတ်ဖတ်သရဇ္ဈာယ်လျက် လူအုပ်ကို တိုးဖြတ်ကာ ပြန်ထွက်သွား၏။ လူအုပ်ကတော့ ... ငှက်ကြီးတောင်ဓားကို ကိုင်၍ ခါးထောင်းကျိုက်ကြီးဖြင့် ရပ်နေသော သန်းဆိုင်ကို အံ့ပွဲကြည့်သလို၊ မျက်စိတွေ အပြူးသား၊ ပါးစပ်တွေ ဟောင်းလောင်းဖြင့် လှမ်းကြည့်နေကြဆဲ ...။
သန်းဆိုင်က ဖိနပ်ချွတ်အဆင့်ကနေ လှေကားထစ် တစ်လှမ်းဆင်းလိုက်ရာ လူတချို့နောက်သို့ အလန့်တကြား ဆုတ်လိုက်ကြ၏။
သန်းဆိုင် က ဓားရှည်ကြီးကို မိုးကောင်းကင်ဆီသို့ လက်ဆန့်တန်းကာ မြှောက်ရွယ်လိုက်ရင်း ကျန်လက်တစ်ဖက် ကိုလည်း နံဘေးသို့ ကားထုတ်ကာ ...
"ဟေး သွားကြ၊ သွားကြ ဆိုင်ရှေ့မှာ မပိတ်နဲ့ ဖယ်ကြစမ်း" ဟု ရင်ခေါင်းသံကြီးဖြင့် အော်လိုက်သည် တွင် လူအုပ် မှာ တိုးတိုးဝှေ့ဝှေ့နှင့် ရှဲကုန်ကြသည်။ သွေးကောင်းသော ခပ်တေတေ ဆိုက်ကားသမား အချို့ကတော့ ရပ်မြဲ ရပ်နေကြသည်။
"ဘယ်လိုလူစားတွေလဲကွ ဟေ၊ ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ သူများကိစ္စပဲ လိုက်စပ်စုနေကြတဲ့ ငပျင်းငအတွေ၊ ဘာလဲကွ ××× အဓိပ္ပာယ်မရှိ၊ ခွေးနှစ်ကောင်ကိုက်လည်း ၀ိုင်းကြည့်၊ လူတစ်ယောက် ချော်လဲလည်း ၀ိုင်းကြည့် နဲ့၊ အသုံးမကျတဲ့ လူပေါ့လူဖျင်းတွေ၊ အဲဒီ ××× ကျင့်ကြောင့် နင်တို့ နင်တို့ မွဲတေ စုတ်ပြတ်နေကြတာသိလား"
သန်းဆိုင်က ဓားတ၀င့်ဝင့်နှင့် အော်ပြောရင်း လှေကားခုံ သမံတလင်းပေါ်သို့ ခုန်ဆင်းလိုက်ချိန်၌မူ၊ လူစုကွဲမလောက် ဖြစ်သွားသည်။ ဘုရားကြီးဆိုက်ကားဂိတ်တွင် မကြာခဏ ခိုက်ရန် ဖြစ်ပွားတတ်ပြီး၊ မကြာခဏ ထိပ်ပေါက်ခေါင်းကွဲ ဖြစ်တတ်သည့် ဆိုက်ကားသမား အောင်ဂျမ်း တစ်ယောက်သာ ရပ်ရာမှ မရွေ့ဘဲ သန်းဆိုင် ကို စိုးရိမ်မကင်းသည့် မျက်နှာထားဖြင့် ငေးကြည့်နေသည်။
"ဟေ့ကောင် အောင်ဂျမ်း၊ မင်းကော ဘာလုပ်နေတာလဲ သွား ဆိုက်ကားသွားနင်းတော့၊ အံမာ ... မင်းက မထီတရီ နဲ့ မင်းကိုယ်မင်း အချုပ်ခန်းထဲ ၀င်စို့ ထွက်စို့ လုပ်နေတာပဲဆိုပြီး ငါ့ကို ဂရုမစိုက် တာလား" ဟု သန်းဆိုင် က မိုက်တိမိုက်ကန်းပုံစံဖြင့် အော်ပြောလိုက်သော်လည်း အောင်ဂျမ်းက နေရာမရွေ့။
"စိတ်ကို လွှတ်မထားပါနဲ့ ကိုကြီးသန်းဆိုင်ရာ စိတ်ကို ထိန်းပါ၊ ကိုကြီးသန်းဆိုင် တစ်ခုခုဖြစ်မှာစိုးပြီး ကျွန်တော် စောင့်ကြည့်နေတာပါ"
အောင်ဂျမ်း က စိတ်ရင်းစေတနာမှန်ဖြင့် ပြောခြင်းဖြစ်သော်လည်း စိတ်အသိတွေ ဆင်ခြင်မှု မဲ့သလို ဖြစ်နေသော သန်းဆိုင် နားမ၀င်။
"ငါ့စိတ် ကို ထိန်းရအောင် ငါ့စိတ်က မင်းမိန်းမဆီ ရောက်နေလို့လားကွ ဟင်" ဟု အော်ရင်း သန်းဆိုင် ရှေ့လှမ်းဆင်းသော အခါ တစ်ချိန်လုံး ရပ်ကြည့်နေခဲ့သော ခင်မောင်ငြိမ်းသည် အရဲစွန့်ပြီး ပြေး ထွက်ကာ၊ သန်းဆိုင်ရှေ့မှာ ကာရပ်လိုက်၏။
"ကိုသန်းဆိုင် ကျွန်တော်ဟာ ကိုသန်းဆိုနဲ့ ညီအစ်ကိုအရင်းလိုနေတဲ့ သူပါ၊ ကျွန်တော် တောင်းပန်ပါ တယ်၊ အိမ်ပေါ်ပြန် တက်ပါဗျာ၊ နေမကောင်းရတဲ့အထဲမှာ ပတ်ဝန်းကျင်ကလည်း ဝေဖန်ကြဦးမယ် ဆိုရင် ဘယ်ကောင်း မလဲ" ခင်မောင်ငြိမ်း သည် သန်းဆိုင်ရှေ့ခြေတစ်လှမ်းအကွာထိ၊ လက်ဝါးနှစ်ဖက်ကို ရင်ဘတ်ရှေ့မှာ လက်အုပ်ချီ သလို ကပ်၍၊ ခြေလှမ်းမှန်စွာ လျှောက်သွားသည်။
ဤသို့သော အခြေအနေတွင် လမ်းဆုံမှာကတည်းက သန်းဆိုင်သောင်းကျန်းနေသည့်သတင်းကို ကြိုတင်ကြားသိ ထားခဲ့သည့် စန်းချိုသည် သူမစီးနင်းလာသော ဆိုက်ကားမှ နင်းသား ၀မ်းနိုင်းတူး ကို နွားတစ်ကောင် အား ကြိမ်ဖြင့် ရိုက်မောင်းသကဲ့သို အတင်းအဓမ္မ ဒုန်းစိုင်းနင်းခိုင်းနေခဲ့ရင်း ဆိုက်ကား သည် ပြိုင်ကားတစ်စီး ပမာ အိမ်ရှေ့သို့ ဘဲလ်သံတညံညံဖြင့် ရောက်လာပြီး၊ ကျွီခနဲမြည်အောင် ဘရိတ် အုပ်လိုက်၏။ စန်းချို ကို တွေ့သည်နှင့် သန်းဆိုင်သည် ချာခနဲ လှည့်၍ အိမ်ပေါ်ပြန်တက်သွားသည်။
"ဘာတွေဖြစ်နေကြတာလဲ ဟေ့၊ ဘာတွေဖြစ်ကုန်ပြီလဲ" ဟု ဆိုက်ကားပေါ်မှ ဆင်းလျှင်ဆင်းချင်း စန်းချိုက ညည်းတွား ဟစ်အော်လိုက်လေသည်။
"လူစုကွဲသွားဟန်ပြသော်လည်း ...၊ အနီးအနား ဈေးဆိုင်များ တစ်ဝိုက်၌ နှစ်ယောက်တစ်တွဲ၊ သုံးယောက် တစ်တွဲ ရပ်နေကြသည့် သူတို့က စန်းချိုရောက်လာသည်နှင့် ပွဲကြီးပွဲကောင်းတစ်ခုခု ကြည့်ရတော့မည်အလား ...၊ လည်တိုင်တွေ ကို စွင့်ထားကြ၏။ စန်းချိုသည် ဈေးဆွဲခြင်းတွေ၊ အထုပ်အပိုးတွေကို ဂရုမစိုက်အားတော့ဘဲ၊ ထဘီအောက်နားစ နှစ်ဘက်ကို ဒူးကောင်ပေါ်အောင် မလျက် အိမ်ပေါ် ပြေးတက်သွားသည်။ ပွဲကြည့် ပရိသတ်၏ သိလိုဇောမှာ အဟုန်ပြင်းပြင်း အရှိန်မြင့် တက်လာပုံ ရ၏။ သူတို့သည် အိမ်ရှေ့သို့ တရွေ့ရွေ့ စုပြုံချဉ်းကပ်လာကြပြန်သည်။
ထိုစဉ် ရပ်ကွက်လူကြီးဖြစ်သော ရဲကြပ်ကြီးဟောင်း ဦးရဲမြင့်သည် ၎င်း၏ အိုးစရည်းဗိုက်ရွှဲကြီးကို သယ်မလျက် သန်းဆိုင်တို့ အိမ်ရှေ့သို့ မျက်နှာကြောတင်းတင်းဖြင့် ရောက်ရှိလာ၏။ ဦးရဲမြင့်ကား သန်းဆိုင်တို့၏ ထာဝရ ကွမ်းယာဖောက်သည်ကြီးလည်း ဖြစ်ကာ၊ သူတို့လင်မယားနှင့် လက်ပွန်းတတီး ရင်းနှီးသည်။
ဆက်ရန်
.

1 comment:
အစ်မရေ ကောင်းခန်းတော့ ရောက်နေပါပြီလား.........
Post a Comment