Tuesday, August 14, 2012

မာန်(တောင်လုံးပြန်) ၏ ရွှေမုဆိုး, အပိုင်း (၁၄) ဇာတ်သိမ်း

လုံခြုံရေးမှူးက ဦးကောင်းမြတ် ပြောမည့်စကားကို ငံ့လင့်နေ၏။ "သူ့ကို လွှတ်ပေးလိုက်" "အဘိုး" စု က ဟန့်တားလိုက် သည်။ လုံခြုံရေးမှူး က သဘောတဲ့လေ။ သူ့ကို အမှုဖွင့်ထားတာဘဲ"
ဦးကောင်းမြတ် က စုကို ညင်သာသော အကြည့်ဖြင့် ကြည့်လိုက်သည်။ လုံခြုံရေးမှူးက ကိုမြတ်မင်းကို ထိုင်ခုံ မှ ဆွဲထစေပြီး အခန်းထဲမှ ခေါ်ဆောင်သွားတော့သည်။
ကိုမြတ်မင်း ထွက်ခွာသွားပြီးချိန်တွင် ရုံးခန်း၏အတွင်းဘက်မှ လူတစ်ယောက်ထွက်လာ၏။ အဘိုးက စုကိုကြည့်ရင်း- "အဲဒါ မောင်ဇော်ဟိုးပဲ" ဟု မိတ်ဆက်ပေးလိုက်၏။ ဇော်ဟိုးဟု သိလိုက်ရချိန်တွင် စု ၀မ်းသာ အားရဖြစ်သွားပါတော့သည်။
ကို ဆက်ဖတ်ရန်............

စခန်းရုံး ရှေ့ကွက်လပ်ထဲတွင် ကိုမြတ်မင်း ကြောင်တောင်တောင်ဖြင့် ရပ်နေဆဲ။ သူ့တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက် များ ပြည့်နှက်နေသည်။ ၀တ်ထားသော စပို့ရှပ်က စုတ် ပြတ်နေ ၏။ ဘောင်းဘီ မှာ ပေရေညစ်ပတ်နေသည်။ မျက်နှာမှာ ဒဏ်ရာများက မပျောက် သေး။ လူတချို့က သူ့ကို စူးစူးစိုက်စိုက် ကြည့်နေကြ သည်။
သူ ဘာဆက်ရမှန်းမသိ။ စခန်းအပြင်ဘက်သို့ အကဲခတ်လိုက်သည်။ ဂျစ်ကားတစ်စီးပေါ် မှ လူသုံးလေးယောက် က သူ့ကိုကြည့်နေကြသည်။ သူရုတ်တရက် လွတ်မြောက်လာသည့် အတွက် အခြေအနေ က ဆန်းကြယ်နေသည်။

လုံခြုံရေးမှူးနှင့် ဦးကောင်းမြတ်တို့က ရုံးခန်းထဲမှ အကဲခတ်နေ၏။ စုက စားပွဲပေါ်တွင် ထိုင်နေဆဲပင်။
ကိုမြတ်မင်း ခေါင်း မှ ဆံပင်များကို ထိုးသပ်လိုက်သည်။
ကားဟွန်းသံရှည် က စခန်းအပြင်ဘက်မှ ပေါ်ထွက်လာ၏။ ဂျစ်ကားပေါ်တွင် စကားပြော စက်နှင့် ဆက်သွယ်ပြောဆိုနေသူ ကို တွေ့ရသည်။ ကားဟွန်းသံက ကိုမြတ်မင်းကို ဆင့်ခေါ် နေခြင်းပင်။
ကိုမြတ်မင်း က ကားပေါ်မှ လူများကိုလှမ်းကြည့်ပြီး စခန်းအပြင်ဘက် ထွက်သွားသည်။ ဂျစ်ကားပေါ်မှ လူများကို သူဂရုမစိုက်။ ရွှေကုန်သည်များ ငှားရမ်းထားသည့် လူစု ဖြစ်ရမည် ဟုသူတွက်လိုက်သည်။ လောလောဆယ် သူတို့နှင့် မပတ်သက်ချင်သေး။ သူက ကားဂိတ် ဘက်သို့ ဆက်၍ လျှောက်လာခဲ့သည်။

လုံခြုံရေးအဖွဲ့ဝင်များ ကလည်း သူ့ကိုစောင့်ကြည့်နေကြသည်။ သူဆက်၍ လျှောက်လာ ခဲ့သည်။ မြစ်ဆုံ မှ ရွှေလုပ်ကွက်မှာ အမှုဖွင့်ခံထားရပြီမို့ သွား၍လည်း အကြောင်းမထူး တော့။ သူက ၀ိုင်းမော်ဘက်သို့ သွားသည့် ကားတစ်စီး ကို ရှာသည်။ သို့ရာတွင် သူ့ကို မည်သူမှ အဖက်မလုပ်ရဲကြ။ အားလုံးက သူ့ကို စိုက်ကြည့်နေရင်း ကပင် သူ့ကိုအကူအညီ မပေးဝံ့ကြ။
ဂျစ်ကား တစ်စီးက သူ့နံဘေးမှာ လာရပ်သည်။
သူက ကားသမားကို ကြည့်လိုက်သည်။

"၀ိုင်းမော် သွားမယ် လိုက်မလား"
"ခင်ဗျား ကို ဘယ်သူလွှတ်လိုက်တာလဲ"
ကိုမြတ်မင်း က မေးခွန်းထုတ်လိုက်သည်။
"လောဟို"
ကားသမား အဖြေ ကို ကိုမြတ်မင်းက မယုံ။ ကားသမားက ဒက်ဘုတ်ကို ဖွင့်ပြလိုက်သည်။ ကိုမြတ်မင်းက ကားဒက်ဘုတ် အနီးသို့ တိုးကပ်၍ ကြည့်လိုက်၏။ သူကျေနပ်သွားသည်။ ကားပေါ်သို့ တက်လိုက်၏။ ကားမှာ တရွေ့ရွေ့မောင်းထွက်လာသည်။

ဂိတ်ရှေ့သို့အရောက်တွင် မည်သူမှ ဟန့်တားခြင်း မရှိ။ လုံခြုံရေးမှူးက မှာကြားထားပြီး ပြီ။ ကိုမြတ်မင်း ကန်ပိုင်တီး မှ မြန်မြန်ထွက်ခွာသွားစေလိုသည်။ နယ်မြေခံများ၏ အကူအညီ မပါဘဲ သူ့နည်းသူ့ဟန်ဖြင့် ထွက်သွား ဖို့ လိုသည်။ သို့မှသာလျှင် ကန်ပိုင် တီးနယ်မြေ ငြိမ်းချမ်းမည်။ ထို့ကြောင့် ကိုမြတ်မင်းပါလာသော ကားကို မည်သူမှ မတား။
ဂျစ်ကား သည် တတ္တရာလမ်းအတိုင်း ဆက်၍မောင်းလာခဲ့သည်။ ထိုကားနောက်မှ ဂျစ်ကား သုံးစီး လိုက်လာသည်။ သို့ရာတွင် ကိုမြတ်မင်းကို အန္တရာယ်မပြု။ ကားလေးစီးမှာ ရှေ့ နောက်စီတန်း၍ ၀ိုင်းမော်ဘက် သို့ မောင်းနှင်လာခဲ့သည်။

တောကြောလမ်းကွေ့တစ်ခုတွင် ဂျစ်ကားသည် တောလမ်းတစ်ခုထဲသို့ ချိုးကွေ့ဝင်လာခဲ့ သည်။ ကိုမြတ်မင်း ကား ဒက်ဘုတ်ထဲမှ ရွှေကျောက်ချပ်လွှာကို ထုတ်ကြည့်လိုက်သည်။ သူ လောဟိုကို သက်သေပြခဲ့ သည့် ရွှေကျောက်ချပ်လွှာပင်။
ကိုမြတ်မင်း သည် နောက်မှ ကားများကို လှည့်ကြည့်လိုက်သည်။ ကားသုံးစီးက ဆက်၍ပါ လာခဲ့သည်။ ကားသည် တောလမ်းခရီးအတိုင်း ဆက်၍မောင်းလာခဲ့သည်။ ထို့နောက် ကွက်လပ်ကျယ်ကြီးတစ်ခုဆီသို့ ဆိုက်ရောက်လာ သည်။ လောဟိုက သူ့ကို စောင့်ကြိုနေ ၏။

ကိုမြတ်မင်း ၀မ်းသာအားရ ကားပေါ်မှဆင်းလိုက်သည်။ သို့သော် သူချက်ချင်းပင် သတိ ထားမိလိုက် သည်။ လောဟို ခြေရင်းတွင် ချထားသည့် ကျောပိုးအိတ်။
သူကားပေါ်မှ ဆင်းပြီး ကျောပိုးအိတ်ကိုပြေးကြည့်ကာ ဖွင့်လိုက်သည်။ ရွှေကျောက်ချပ် များ၊ ရွှေကျောက်ပြား များကို တွေ့လိုက်ရသည်။ သူအငမ်းမရ ကြည့်နေသည်။ သူကိုယ် တိုင်အသက်လုကာ သယ်ယူလာခဲ့သော ပစ္စည်း များ မဟုတ်လော။
လောဟို က ကိုမြတ်မင်း အငမ်းမရဖြစ်နေသည်ကို ကြည့်ရင်း ကျေနပ်နေတော့သည်။

အချိန်မှာ သိပ်မကြာလိုက်။ သူတို့စခန်းနှင့် အနီးတစ်ဝိုက်တွင် လက်နက်ကိုင်တပ်ဖွဲ့ဝင် များအသင့်နေရာ ယူထားပြီးကြပြီ။ အဖွဲ့ခေါင်းဆောင်က ပစ်မိန့်တောင်းလိုက်၏။ စကား ပြောစက်ဆီမှ အသံပေး လာသည်။ လောဟိုသည် သူ့ခါးကြားဆီမှ ထွက်ပေါ်လာသော စကားပြောစက်မှ ပစ်မိန့်ပေးသံကို ကောင်းစွာ ကြားလိုက် ရ၏။ သူ့နှုတ်ဖျားမှ အော်ဟစ် ကာ သတိပေးရန် ပြင်ဆင်ဆဲမှာပင် သူလဲကျသွားသည်။ ကျည်ဆန် များက သူ့တို့ထံသို့ တရစပ်ပြေးဝင်လာ၏။
ကိုမြတ်မင်းသည် ကျောပိုးအိတ်ကို ပွေ့ပိုက်လျက် ပြေးနေရင်းပျော့ခွေကျသွားသည်။ သို့ ရာတွင် သူဆက်၍ပြေးနေ သည်။ သူ့ခန္ဓာကိုယ်က ကျောပိုးအိတ်ကိုပွေ့လျက် မြေပြင်တွင် လဲကျနေသည်။ သူ့စိတ်ဝိဥာဉ် က ပြေးနေသည်။ ဆက်၍ပြေးနေသည်။ ရေကြည်ချောင်း လက်တက်ဆီ မှ ရွှေကြောသစ်ကြီးပေါ် တွင် မနားမနေဆက်၍ ပြေးနေပါတော့သည်။

............................................

မြစ်ကြီးနားလေဆိပ်ဆီသို့ ထိုးဆိုက်လာသော လေယာဉ်ပျံ ရပ်နားပြီးချိန်တွင် ခရီးသည် များဆင်းလာကြသည်။
ဧည့်ကြိုနေရာ တွင် ဇော်ဟိုးနှင့် စုတို့ရင်ခုန်စွာ စောင့်စားနေကြသည်။ လေယာဉ်တံခါးဝ တွင်ပေါ်လာသော ဧည့်သည်များ ဆီသို့ လှမ်းကြည့်နေကြ၏။ ခုနှစ်ဦးမြောက်ခရီးသည်မှာ ဂျိန်းဖောဝတ်စုံနှင့် နူး။ သူ့လက်ထဲတွင် ကလေးငယ် ကို ပွေ့ချီထား၏။
"နူး"
"နူးရေ"
ဇော်ဟိုးနှင့် စုတို့ အော်သံများက ဆူညံသွားတော့သည်။

ဒူးဝါးဇောင်နှင့် ဦးကောင်းမြတ်တို့က ပြုံးပြုံးရွှင်ရွှင်ကြည့်နေကြသည်။ သူတို့မကြာခင် ခွဲခွာ ကြပေဦး မည်။ နူးသည် အပြေးတစ်ပိုင်းဖြင့် ဇော်ဟိုးနှင့် စုထံသို့ လျှောက်လှမ်းလာ၏။ ဇော်ဟိုးက နူးနှင့် ကလေးငယ်ကို ၀မ်းသာ အားရ ဆီးပွေ့ပါသည်။ စုလည်းနူးကို ကြည့်၍ မျက်ရည်ဝဲနေသည်။ သူ့ရင်ထဲမှာ ဖော်ပြ၍မရအောင် ကြည်နူးနေ ပါသည်။
ထို့နောက် စုက ကလေးငယ်ကို ပွေ့ချီလိုက်သည်။ လှိုက်လှဲတုန်ရီစွာ နမ်းရှိုက်လိုက်သည်။ ကလေးငယ်သည် အပြစ်ကင်းစွာ ပြုံးရယ်နေ ပါသည်။
သူတို့အားလုံး စကားလက်ဆုံကျနေချိန်တွင် အမျိုးသမီးတစ်ဦးက စုကို လာရောက်မိတ် ဆက်စကား ပြောလာပါသည်။

"မစုမြတ် မဟုတ်လားဟင်၊ ဂျာနယ်ထဲမှာ ဓာတ်ပုံတွေ့ဖူးလို့ပါ"
စုမြတ် က အမျိုးသမီးကို ပြုံး၍ခေါင်းညိတ်ပြပါသည်။
"ကျွန်မ စုမြတ်ပါ။ ကျေးဇူးတင်ပါတယ်ရှင်"
"ကျွန်မ က မစုမြတ်ရဲ့ ပရိသတ်ပါ။ မစုမြတ်ရေးတဲ့သတင်းတွေကို အမြဲလေ့လာတယ်။ ကျွန်မနာမည် ငြိမ်းနုပါ"
"သြော်...အလည်လာတာလားဟင်၊ ဘယ်သူပါသေးလဲ"
ငြိမ်းက ရယ်ရင်း နောက်သို့ တစ်ချက်လှည့်ကြည့်သည်။

"ကျွန်မတို့ ပျားရည်ဆမ်းခရီးထွက်လာတာ။ မြစ်ဆုံမှာ အမှတ်ရပွဲလေးလုပ်မလို့"
"ဟယ် ကျွန်မကို မဖိတ်ဘူးလား"
"အခု လာဖိတ်တာလေ။ ကျွန်မ အမျိုးသားက ကိုဇော်မင်းတဲ့။ မစုမြတ်ကို အားကိုးရမှာတွေ ရှိတယ်။ အခုမြစ်ဆုံ ကိစ္စအတွက် ကျွန်မတို့ လှုပ်ရှားနေပြီ။ အဲဒါ မစုမြတ်တို့ သတင်း ထောက်တွေရဲ့ ကျေးဇူးပါ"
စုမြတ် ၀မ်းသာသွားသည်။ သူ့နား ကိုပင် သူမယုံချင်။
"တကယ်လားဟင်၊ မြစ်ဆုံကိစ္စ ကို ကြိုးစားမယ်၊ ဟုတ်လား"
ငြိမ်းက စုမြတ်လက်နှစ်ဖက် ကို အားပါးတရ ဆုပ်ကိုင်လိုက်သည်။

"ရန်ကုန်ရော၊ မန္တလေးရော၊ နယ်တွေမှာရော မြစ်ဆုံနဲ့ ဧရာဝတီကိစ္စ အကြီးအကျယ် လှုပ်ရှားနေပြီ။ စာပေသမားတွေရော၊ သတင်းမီဒီယာတွေရော၊ ပညာရှင်တွေရော၊ အရပ်ဘက်က လူတွေပါ အားလုံး ပါလာပြီ။ မြစ်ဆုံနဲ့ ဧရာဝတီအတွက် ပါလာကြပြီ"
စုမြတ် က ငြိမ်းလက်များကို ပြန်၍လှုပ်ခါရင်း မျက်ရည်များဝဲလာပါသည်။ သူက အဘိုးကို အဓိပ္ပာယ်ရှိရှိ လှမ်းကြည့်လိုက်ပါသည်။ ဦးကောင်းမြတ်ကလည်း ခေါင်းညိတ်ပြနေ၏။
လေယာဉ်ခရီးစဉ် သည် ပြန်၍ထွက်ခွာရန် ကြေညာနေလေပြီ။

ဒူးဝါးဇောင်တို့အဖွဲ့သည် ဦးကောင်းမြတ်ကိုနှုတ်ဆက်၍ လေယာဉ်ဆီသို့ထွက်ခွာရန် ပြင်ဆင်နေကြသည်။ ဦးကောင်းမြတ် က အားပေးအကြည့်ဖြင့် ကြည့်နေဆဲပင်။ လွှတ်တော် တွင်ဆွေးနွေးတင်ပြမည့် ကချင်ပြည်နယ် အရေးအတွက် သူတို့ စတင်ခြေလှမ်းပြင်လိုက် ကြလေပြီ။
လေယာဉ်ခရီးစဉ် သည် ကချင်ပြည်နယ်အရေးကိစ္စကို တင်ဆောင်၍ပြလည် ထွက်ခွာသွား ပါလေပြီ။

မြန်မာပြည်အရပ်ရပ်မှ NGO များနှင့်၊ ဘလော့ဂါများ
ဂျာနယ်အသီးသီးမှ သတင်းထောက်မျာ၊ ဆောင်းပါးရှင်များအား
အစဉ်လေးစားစွာဖြင့်
မာန်(တောင်လုံးပြန်)
moekyawthu.1971@gmail.com
.

No comments: