သူက ဒူးဝါးဇောင်ကို ထိုအခြေအနေများ ရှင်းပြခဲ့သည်။ ဒူးဝါးဇောင်ကလည်း ငြိမ်းချမ်းရေးကို အစဉ်တစိုက် မျှော်လင့်နေခဲ့သူဖြစ်သည်။ မြေးမ စုကို ကယ်တင်နိုင်ရန် အစွမ်းကုန် ကြိုးစားပေးနေသည်။ ယခုတော့ သူ့ လူများပင် အသတ်ခံခဲ့ရပြီ။ ကလေးမ ကိုလည်း ပြန် မကယ်နိုင်သေး။ ငြိမ်းချမ်းရေး ကို ဖော်ဆောင်နေဆဲမှာပင် လူ့အသက် သုံးချောင်း ပေးခဲ့ ရလေပြီ။ ဒူးဝါးဇောင် က သူ့လူများကို ဆက်၍ ထိန်းထားပါသည်။ ကလေးမကို ကယ်ပါ။ ဘယ်သူ့ကိုမှ လက်နက်နှင့် မဖြေရှင်းရန် ညွှန်ကြားထားဆဲပင်။ သူ့လူများက သူ့စကားကို ဆက်၍လိုက်နာနေမြဲပင်။ ထို့ကြောင့် လောဟိုတို့ သွားသည့်နောက်သို့ လူစုခွဲ၍ တပ်ဖြန့်ကာ ရှာဖွေလျက်ရှိတော့သည်။ ကို ဆက်ဖတ်ရန်................
အခန်း (၉)
အယ်ဒီိတာဦးစိုးအေး က ဂျာနယ်ထဲ၌ ဖော်ပြထားသော သတင်းထောက်စုမြတ် ပျောက်ဆုံး နေမှု သတင်းကို ဖတ်နေသည်။ တခြားဂျာနယ်များကလည်း မြစ်ဆုံဒေသမှ ပဋိပက္ခများနှင့် တကွ ဂျာနယ် သတင်းထောက် စုမြတ် ပျောက်ဆုံးနေမှုကို ဝိုင်းဝန်းဖော်ပြပေးကြသည်။
ဦးစိုးအေး က စုမြတ်နောက်ဆုံ ပေးပို့ထားသော ရွှေကြောသစ်ရှာဖွေနေသည့် သတင်းကို ပြန်၍ စဉ်းစားနေ သည်။ စုမြတ်ပျောက်ဆုံးနေသော ပြဿနာမှာ ထိုနယ်မြေမှ သတင်းများ ကို ရှာဖွေဖော်ပြနေခြင်းနှင့် ပတ်သက်နိုင် သည်။
မြစ်ဆုံ သည် သတင်းလောကတွင် ပွက်ပွက်ညံလာခဲ့ပြီ။ ဧရာဝတီအတွက် ရတက်မအေး သူများ တစ်စထက် တစ်စ တိုးပွားလာခဲ့ပြီ။
မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲ ကလည်း စတင်လာခဲ့လေပြီ။ (11-1-2011) နေ့၊ နေ့စွဲ ဖြင့် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ က ကြေညာချက်အမှတ် (၁/၂၀၁၂) ကြေငြာချက် တစ်စောင် ထုတ်ပြန်ထားခဲ့ပြီ။ ကြေငြာချက်အမှ ပထမ အကြိမ် ပြည်သူ့ လွတ်တော် အစည်းအဝေး ခေါ်ယူခြင်းပင်။ ထိုကြေငြာချက်၌-
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၄၃ နှင့် ပြည်သူ့ လွတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၂ တို့က အပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့်တာဝန်အရ နိုင်ငံတော်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ သည် ပထမအကြိမ် ပြည်သူ့လွတ်တော် အစည်းအဝေးကို နေပြည်တော်၌ ၁၃၇၂ ခုနှစ် ပြာသိုလပြည့်ကျော် ၁၂ ရက် (၂၀၁၁ ခုနှစ်ဇန်နဝါရီလ ၁၃ရက်) တနင်္လာနေ့ နံနက် ၈ နာရီ ၅၅ မိနစ်အချိန် တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာလိုက်ပါသည်ဟု ပါရှီသည်။
လွတ်တော် ခေါ်ယူပြီးဖြစ်သည့်အတွက် နိုင်ငံရေးချိန်ခွင်လျှာသည် အပြောင်းအလဲ တစ်စုံ တစ်ရာ ဖြစ်လာနိုင်သည်။ ဤသည်ကိုတော့ ဦးစိုးအေး တပ်အပ်သေချာ မခန့် မှန်းနိုင်။ တိုင်းပြည်သည် လွတ်တော်နှင့် ကင်းကွာနေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က ခေါ်ယူသော လွတ်တော်ကို ယနေ့ မည်သူမျှ အသိအမှတ် မပြုတော့။ ယခု ခေါ်ယူသည့် လွတ်တော်သည် ပါတီပေါင်းစုံ ပါဝင်လာသည်။ လူမျိုးပေါင်းစုံ တိုင်းနှင့်ပြည်နယ်ပေါင်းစုံ မှ လွတ်တော်အမတ်များ ပါဝင်လာသည်။ လူတန်း စား အလွှာအသီးသီးမှ ပါဝင် လာကြသည်။ စကားတွေကြားရမည်။ တောင်းဆိုချက်တွေ ကြားရမည်။ ထိုအထဲ၌ မြစ်ဆုံနှင့် ပတ်သက်သော တောင်းဆိုချက်၊ ကချင်ပြည်နယ်နှင့် ပတ်သက်သော တောင်းဆိုချက်၊ ဧရာဝတီနှင့် ပတ်သက်သော တောင်းဆိုချက်များ မပါ ဝင်ဟု မပြောနိုင်။ တိုင်းပြည်၏ ကန့်လန့်ကာသည် အလိုလို ပွင့် လာလိမ့်မည်။
သို့ရာတွင် နိုင်ငံရေးအခြေအနေ အစစ်အမှန်ကို ယခုအခါ မည်သူမျှ ယတိပြတ် မပြောနိုင်သေး။ အနိုင်ရ သွားသော ပါတီမှ လျာထားမည့် သမ္မတလောင်းအမည် စာရင်း သည်ပင် တိကျသေချာစွာ မသိရသေး၊ လေးငါးဦးခန့် ထင်ကြေးပေးနေကြသည်။
ဦးစိုးအေးဘက်မှ မျှော်လင့်သည်မှာ စာနယ်ဇင်း လွတ်လပ်ခွင့် များများရရှိဖို့ပင်။ စာနယ် ဇင်း လွတ်လပ်ခွင့် ရလျှင် သတင်းစီးဆင်းမင မြန်ဆန်လာမည်။ ပြည်တွင်းရေးရာများကို အတိအကျ သိလာရမည်။ လာဘ်ပေး လာဘ်ယူမှု များ ဖော်ထုတ်နိုင်မည်း တရားဥပဒေ စိုးမိုရေးသည် သတင်းမှန် ရရှိရေးပေါ်၌ မူတည်နေ သည်ကော။ ဦးစိုးအေးက နိုင်ငံရေးဒီရေ အတက်အကျကို တွက်ဆနေရင်းကပင် ဦးကောင်းမြတ်မှာထားသည့် ကိစ္စကို သတိရလာ သည်။ ထို့ကြောင့် လကထောက်အယ်ဒီတာ ဦးစိုးနိုင်ကို လှမ်း၍ သတိပေးလိုက်၏။
"ကိုးစိုးနိုင်ရေ။ ဂျိန်းဖော်မလေးသတင်း ဘာထူးသေးလဲ"
သူ့အမေးကြောင့် စာစောင်ဖတ်နေသော ဦးစိုးနိုင်က ပြန်ဖြေသည်။ "နွယ်မျိုးကတော့ ဦးသိန်းဇော်ကို စောင့်ကြည့်နေ တာပဲ။ အခုထိတော့ ဘာမှ မထူးသေးဘူးဗျ"
"ဆက်စုံစမ်း ထားပါဗျာ။ ကလေးမလေးတော့ ဒုက္ခများနေပြီ ထင်တယ်။ ကလေး က လည်း မွေးခါစလေးနဲ့ဆိုတော့ အားငယ်နေမှာပဲ။ ခက်တာက သူ့ဓာတ်ပုံးလေး ဘာလေး ရရင် ကြော်ငြာထည့် လို့ရတယ်။ ဒါမှ ဦးသိန်းဇော်တို့ လန့်လာမှာ အခုတော့ ဘယ်လိုမှ တုန်လှုပ် မှာ မဟုတ်ဘူး"
သူ့စကားကို ဦးစိုးနိုင်က ထောက်ခံသည်။ ဂျိန်းဖောမလေး သားအမိ ရန်ကုန်ရောက်လာ သည်မှ စ၍ လက်ရှိအခြေအနေအထိ ဦးသိန်းဇော်တို့ကို မည်သူမျှစွက်ဖက်ပိုင်ခွင်မရှိ။ သူတို့ချင်း လုပ်ထားသည့် သဘောတူညီ ချက်မျိုးကာ လူသိထင်ရှားဖော်ပြ၍ရသော ကိစ္စမျိုး မဟုတ်။ ထို့ကြောင့် ဦးသိန်းဇော် ၏ ခြေလှမ်းကို စောင့်ကြည့်ရုံသာ တတ်နိုင်သည်။ အကယ်၍ ဂျိန်းဖော်မလေး နူးကို တွေ့ပြီဆိုပါက အခြေအနေ ကို မေးမြန်းနိုင်မည်။ သူတို့ကို အဓမ္မထိန်းချုပ်ထားသည်ဆိုပါက ဖော်ထုတ်အရေးယူပေးနိုင်သည်။
ဤပြဿနာသည် ရှုပ်ထွေးနက်နဲလှသည့်ကို ဦးစိုးအေး နားလည်ထားပြီးပြီ။ သူ့အနေနှင့် သတင်းဂျာနယ်တစ်စောင် ထုတ်ဝေနေသူမို့ သတင်းအရင်းအမြစ်မခိုင်မာပဲ ဘာမှ ဖော် ထုတ်၍မရမှန်း သူ နားလည်သည်။ နူးတို့သာအမိ၏ ပြဿနာအလုံးစုံကို သိပြီးပါမှ သတင်း အဖြစ် ဖော်ပြသင့်လျှင် ဖော်ပြမည်။ သူ့အနေနှင့် ဦးသိန်းဇော်တို့ဘက်မှ နိုင်ထက်စီး နင်းလုပ်နေသည်ကို မကျေမနပ်သော်ငြား လတ်တလော မှာတော့ ဘာမှ မတတ်နိုင်သေး။ ဦးသိန်းဇော်ကို စောင့်ကြည့်ရဦးမည်။ နူးကို ဘယ်မှာထားသည်ကို ဦးသိန်ဇော်မှ တစ်ပါး မည်သူမျှ မသိနိုင်ဘဲကိုး။
ဒေါ်သီရိ က ငိုကြွေနေသော ကလေးငယ်ကို စိတ်မရှည်နိုင်အောင် ဖြစ်နေသည်။ အမေဖြစ် သူက ရေချိုးခန်းဝင်နေခိုက်မို့ ခေတ္တ သည်းခံ၍ စောင့်ဆိုင်းပေးနေခြင်းပင်။ ကလေးက ငိုရာမှ အသံမြင့် ၍ အော်နေပြန်သည်။ ဒေါ်သီရိ ရေချိုးခန်းဘက်သို့ လျှောက်လာခဲ့တော့ သည်။
" ဟဲ့.. ဟဲ့.. ကလေးမ၊ နင့်သားငိုနေပြီ။ မြန်မြန်လုပ်ပါဟဲ့"
သူက တံခါးကို ပုတ်၍ အော်ခေါ်လိုက်သည်။
နူးက ရေချိုးနေရာမှ ကပျာကယာ တံခါးဖွင့်၍ ထွက်လာရသည်။ ကလေးငယ်က ပုခက် ထဲမှာပင် လူးလှိမ့် ငိုကြွေးနေသည်။ နူးက ကလေးကိုချီလိုက်ရင်း ဆီးသွားထားသည်မို့ အနှီးကိုပြန်၍ အသစ် လဲပေးရင်း နို့တိုက်ကာ ပြန်ချော့သိပ်လိုက်သည်။
ဒေါ်သီရိက ဧည့်ခန်းထဲသို့ ပြန်ထွက်လာပြီး ဆိုဖာပေါ်၌ ထိုင်းလိုက်ရင်း နူးတို့သားအမိကို အကဲခတ်နေသည်။ ပြီးတော့မှ......
“အေးဟဲ့. ငါ့သမီးအကြောင်းပြောစမ်းပါဦး။ သူက အဲဒီမှာ ဘာတွေလုပ်နေတယ်၊ ဘယ် သွားတယ် ငါ့ ကို သေသေချာချာပြောစမ်းပါအေ”
“သူကတော့ ဓာတ်ပုံလျှောက်ရိုက်နေတာပဲ အန်တီရဲ့၊ ထမင်းလည်း စားချင်မှပြန် စားတာ။ ရွှေလုပ်ကွက်တွေ ပဲလျှောက်သွားနေတာ” “ဟဲ့ နင်တို့ ဆီမှာ ပြန်ပေးဆွဲတာတော့ မရှိပါဘူးနော်”
“အို.. ဘယ်ကသာ ရှိ ရမှာလဲ။ မဟုတ်တာရှင်” ဒေါ်သီရိက သူ့စကားကို သူပြန်သတိရပြီး ပြန်၍ အိနြေ္ဒဆယ် လိုက် သည်။ ဦးသိန်းဇော်၏ ပြောစကားအရ ရွှေကြောသစ်မှာ သူတို့လက်ထဲရောက်နေပြီ။
စုမြတ်တစ်ယောက်တော့ ဘယ်ဆီဘယ်ဝယ်လျှောက်လည်နေသည် မသိရသေး။ တောတောင်များဘက် သွားနေ ခြင်း ဖြစ်ကောင်းဖြစ်မည်။ ဦးသိန်းဇော်တို့ဘက်မှ စုံစမ်းပေးနေသည်ဟု သိရသည်။ အဓိကအချက်မှာ ကုမ္ပဏီ လက်ထဲသို့ ရွှေကြောသစ်ရောက်ရှိလာခြင်းသည် အရေးပါသော အချက်ဖြစ်သည်။ စုကို ဒေါ်သီရိ စိတ်မပူ။ အိမ်ကိုပြန်လာရမည်ဟု ဆင့်ခေါ်လိုက်သော ကြောင့် မယ်မင်းကြိးမ ထင်ရာစိုင်းနေခြင်း ဟု ဒေါ်သီရိယူဆသည်။ ဂျာနယ်သတင်းများ တွင်ဖော်ပြနေသော စုမြတ်ပျောက်ဆုံးမှု သတင်း များကို ဒေါ်သီရိမယုံ။ အခြေအမြစ်မရှိ လျှောက်ရေးနေခြင်းဟု ထင်သည်။ ဂျာနယ်များက မြစ်ဆု့သတင်း၊ ကချင်ပြည်နယ် သတင်း ဆိုလျှင် သည်းသည်းလှုပ်တတ်ကြသည်ကိုး။ တစ်စိတ်ကို တစ်အိတ်လုပ်ချင်ကြ သည်ကိုး။ သတင်းထောက် စုမြတ်ဆိုသော မိန်းကလေးတစ်ယောက် ရွှေကြောသစ်ရှာဖွေ ကြသည့် လူတစ်စု၏ သတင်း ကိုေ ဖ်ာပြ၍ ပျောက်ဆုံးသွားခြင်းဟု ချဲ့ချဲ့ကားကား ရေးကြသည်။
တကယ့်အဖြစ်ကို ဘယ်သူမှ မသိ။
ဒေါ်သီရိက စုမြတ်ကို မရမက ပြန်ခေါ်သည်။ ထိုအချိန်မှစ၍ စုမြတ်သတင်းကို မကြားရ တော့မပေ။ စုမြတ် အကြောင်း ဒေါ်သီရိ ကောင်းကောင်းထားသည်။ အမေ့စကားဆိုလျှင် ဘယ်တော့မှ နာခံလေ့မရှိ။ သူထင်ရာ သူလုပ်စမြဲ။ အဘိုးဖြစ်သူကပါ သူ့ဘက်ကပါနေ ပြန်တော့ အမေ့စကားဆို ပို၍ နားဝေးတော့သည်။ အဘိုး ကိုလည်း ဒေါ်သီရိ သိပ်မယုံချင်။ မြေးမကို ကချင်ပြည်နယ်သို့ ပို့ခဲ့သည်မှာ သူ့အကြံမကင်းဟု ထင်သည်။ ယခု သူ့မြေးမ ပျောက်ဆုံးနေသည် ဟု အကြောင်းပြကာ လိုက်သွားပြန်သည်။ မြေးအဘိုးနှစ်ယောက် ဘာ တွေ ကြံစည်နေ သနည်း။ ကြံချင်ရာကြံကြပါစေ။ ထိုကိစ္စတွေ ဒေါ်သီရိလိုက်တွေးမနေနိုင်။ ဆိုင်းနီးနားချင်းများက စုမြတ်သတင်း ကို မေးသောအခါ ပြန်မလာချင်၍ ထွင်လုံးလုပ်နေ ကြောင်းသာ ပြောလိုက်သည်။
ဒေါ်သီရိမှာ တာဝန်တစ်ရပ်ရှိနေသည်။ နူးတို့သာအမိကို စောင့်ကြည့်ထိန်းသိမ်းထားရမည့် တာဝန် သာဖြစ်သည်။ နူးက သူ့ကို စုမြတ်အမေဟု သိလိုက်ချိန်တွင် အားကိုးတကြီး ရှိလှ သည်။ ထို့ကြောင့် ပင် နူးတို့သားအမိကို တိုက်ခန်းတစ်ခန်းတွင် ထားရင်း ကိုမြတ်မင်းထံမှ အဖြေ ကိုစောင့်ကြည့်နေခြင်းဖြစ်တော့သည်။
“အန်တီ၊ ကျွန်မ တို့ ဘယ်တော့ပြန်ရမလဲဟင်”
နူးက ကလေး ကိုချော့သိပ်ရင်း ဒေါ်သီရိကို မေးလိုက်သည်။
“သြော် အဲဒါ က ကိုမြတ်မင်းက စိတ်ပူနေလို့တဲ့။ ကလေးက ငယ်လည်းငယ်တော့ ချက်ချင်း ကြီး ပြန်သွားရင် ဟိုမှာ တစ်ခုခုဖြစ်မှာစိုးလို့တဲ့။ ပြီးတာ့လည်း အမျိုးသားကလည်း ပြန် မလာနဲ့ဦးလို့ မှာတယ်တဲ့။ ညည်း တို့ရွာက ပြောင်းရမယ်ဆို၊ ညည်းပြန်တော့ ဒုက္ခ ရောက်မှာပေါ့။
“စုက ဘာလို့ မလာသေးတာလဲ အန်တီ”
“အိုအေ၊ စုကိုတော့ သိပ်မျှော်မနေစမ်းပါနဲ့၊ သူက ပြန်လာမယ်သာ ပြောနေတာ၊ အခု သူ့အဘိုးကိုတောင်ခေါ်လို့ သူ့အဘိုး လိုက်သွားတာ ကြာလှပြီ။ ဒီကောင်မ တော်တော်နဲ့ ဘယ်ပြန်လာပါ့မလဲအေ”
“ သူကတော့ရန်ကုန်ရောက်ရင် သူ့အဘိုး လာတွေ့မယ်လို့ ပြောတယ်။ သူလည်း လိုက် လာမှာတဲ့။ ကျွန်မ ကိုဇောဟိုး ကိုလည်း စိတ်ပူတယ်။ သူ ဘာလို့ ကြာနေတာလဲဟင်”
“ ရွာတွေ ပြောင်းနေရတော့ ဘယ်လာနိုင်မလဲကွယ်။ ကဲ.. ကဲ။ ငါပြန်ဦးမယ်။
တံခါးကို အပြင်က ပိတ်ခဲ့မယ်။ ဘယ်မှလည်း သွားစရာမရှိဘူးမို့လား။ ကလေးကို ဂရုစိုက် ပါအေ။ ဘယ်သူလာ တံခါးခေါက်ခေါက် မဖွင့်နဲ့နော်။ ရန်ကုန်က လွယ်တာမဟုတ်ဘူး။ ကဲ သွားဦးမယ်”
ဒေါ်သီရိက အခန်းထဲမှ ထွက်လာပြီး တံခါးကို အပြင်မှ သော့ခတ်လိုက်သည်။ ဤသည် ကား သူ့တာဝန်ကျေပွန်ပြီဟူသော အထိမ်းအမှတ်ပင်။ ထိုမျှ တာဝန်ကျေလျှင် ရွှေကြော သစ်အတွက် သူ့ရပိုင်ခွင့်မှာ ငါးရာခိုင်နှုန်းသေ ချာပြီ။ ရွှေကြောသစ်ကြိးတစ်ခု၏ ငါးရာ ခိုင်နှုန်း။ ဒေါ်သီရိတွေးရင်းဖြင့်ပင် ရိုးတွင်းချဉ်ဆီတို့ ဆွတ်ပျံ့ကြည်နူးသွားတော့သည်။ သူ မျှော်မှန်းခဲ့သောဘဝ၊ သူဖြစ်ချင်သောဘဝသည်ကား ရွှေလောကတွင် သီရိရွှေ ဟူသော ခေတ်မျိုးပင်။ သီရိရွှေ ဟူ၍ အမည်နာမတပ်ထားသော ရွှေဆိုလျှင် ရွှေစုဆောင်း သူတို့ သည်းသည်းလှုပ်ကာ အလုအယက် ဝယ်ရမည့်ခေတ်ကို ထူထောင်ချင်လှပြီ။ ယခု ထိုအခွင့် အရေးက သူ့လက်တစ်ကမ်း မှာ ရောက်နေပြီကော။
ဒူးဝါးဇောင်က အစည်းအဝေး တက်ရောက်လာကြသည့် ဒူးဝါးမျာကို လွှတ်တော်ကိစ္စနှင့် ပန်သက်၍ ရှင်းပြသည်။ ဦးကောင်းမြတ် ကလည်း ဒူဝါးဇောင် ပြောပြည်များကို ဂရုတစိုက် နားထောင်နေသည်။
“ငါတို့ ကချင်လူမျိုးတွေအတွက် ဒိတစ်ခါ ၇လာတဲ့ အခွင့်အရေးကို အသုံးချမှဖြစ် တော့မယ်။ နင်တို့စိတ်ထဲမှာ သူတို့ကို မယုံတာ ငါ သိပါတယ်။ ငါလည်း သူတို့ကို မယုံခဲ့ဘူး။ ဒါပေမယ့် အခု ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာ နင်တို့မြင်တဲ့ အတိုင်းပဲ။ ငါတို့ပြည်နယ် အ ကြောင်း ဘယ်တုန်းကမှ ဒီလို မရေးခဲ့ကြဘူး။ ရွှေလုပ်ကွက်တွေ အကြောင်း ရေးလာပြီ။ ဖားကန့်ကအကြောင်းတွေ ရေးလာပြီ။
ကချင်ပြည်နယ် နဲ့ ပတ်သက်ပြီး အများကြီး စိတ် ပူလာကြပြီ။ ငါတို့က ဒီအတိုင်းနေလို့မဖြစ်ဘူး။ ငါတို့ ဒေါသတွေ ကိုထားပြီး ငါတို့ကြုံ တွေ့နေရတဲ့ ဒုက္ခတွေကို လွှတ်တော်မှာ ပြောနိုင်ဖို့လိုတယ်။ ငါတို့နယ်မှာ လမ်းတွေ ကောင်းကောင်း မရှိဘူး။ ကျောင်းတွေ အများကြီး မရှိဘူး။ ငါတို့ ကချင်လူငယ်တွေ ဒီမှာ မ ပျော်ကြ ဘူး၊ ရပ်ဝေးတွေမှာ သွားကြတယ်။ ဒီကို ပြန်မလာချင်ကြဘူး။ ဒီမှာက အမြဲပဲ ပြဿနာတွေ ရှိနေတာကိုး။ ငါတို့ ဒီလိုသာဆက်နေကြရင် ငါတို့လူမျိုးတွေ ဒုက္ခရောက် ကြလိမ့်မယ်။ ငါတို့ လူမျိုးအချင်းချင်း. စိတ်ဝမ်းကွဲနေလို့ မရတော့ဘူး။
နင်တို့လည်း ကြုံဖူးတာပဲ။ ငါတို့ဆီမှာ ဟိုးတုန်းက ဆည်တွေလာဆောက်ကြတယ်။ ဝါရှောင်ဆည်ကြီး ပြိုတော့ ရေတွေပေါက်ထွက်ပြီး တောင်ကြီးတစ်တောင်ပါပြိုတယ်။ အဲဒါ ကနေ ဟိုး မိုးမောက်တို့ ဗန်းမော်တို့ အထိ ရေတွေကြီးကုတ်တယ်။ လယ်ကွင်းတွေလည်း သဲသောင်တွေဖြစ်ဖြစ်တယ်။ ဆယ်နှစ်တောင် ဘာမှ စိုက်စားလို့ မရကြဘူး။ နောက်တစ်ခါ နားလုံမှာ ရေကြီးတယ်။ ညဘက်ကြီးမှာ ရေတွေကြီးပြီး သစ်ပင်တွေမျော လာတယ်။ ဝါးရုံ တွေမျောလာတယ်။ လူတွေလည်း ထွက်ပြေးတယ်။ တချို့လည်း လွတ်တယ်။ တချို့လည်း သေကုန်တာပဲ။ နားလုံရွာဆိုရင် သဲသောင်ကြီး ဖြစ်သွားတာပဲ။ တန်ဖဲမှာလည်း ကျိန်ခရမ် ရေအားလျှပ်စစ် မှာ ရေတွေပြိုဖူးတယ်။ လျှပ်စစ်စက်ရုံကလူတွေ ဘယ်မှ မပြေနိုင်ဘူးပဲ။ အကုန် ပါသွားတာလေ။ အလောင်းတောင် ရှာရလို့လား ရွာလည်းပါတယ်။ တန်ဖဲရွာဆို တစ်ခြမ်းပါသါားတာပဲ။ တို့မှာ အဲဒီလို မော်ရို (ရေပြိုရေကြီး) လာရင် ဘယ်သူမှ ဘာမှ မလုပ်နိုင်ကြဘူးလေ။
ဒီဒေသက အရမ်းဆန်းကြယ်တာပဲ။ ဒါကို တို့တွေ လွတ်တော်မျာ ပြောနိုင်ဖို့ လိုတယ်။ အခုဆောက်မယ့်ဆည်က ပိုအန္တရာယ် များတယ်လေ။ သဘာဝဘေးအန္တရာယ်ကို သူတို့ ဘယ်သိမလဲ။ ငါတို့လည်း မသိဘူး။ မော်ရိုဖြစ်ပြိးမှ ဘာတွေ ပျက်တယ် လူတွေဘယ်လောက်သေသလဲ သိရတာ ဒီအတိုင်း ကြည့်နေရတာပဲလေ။ ဒါတွေကို ပြည်သူတွေ သိအောင် ငါတို့ ပြောရမှာပဲ။ ဒီအစည်း အဝေးဟာ ဒါတွေ ငါပြောချင်လို့ပဲ။ ငါတို့အတွက် အင်မတန် အရေးကြီးတဲ့ ပြဿနာဖြစ် နေတယ်။ နင်တို့လည်း ပြောကြလေ။ တို့ဆီက သဘာဝဘေးဒဏ်တွေကို သူတို့ သိအောင် ပြောနိုင်မှဖြစ်မယ်”
ဒူးဝါးဇောင်၏ စကားကြောင့် အစည်းအဝေးတက်လာသော ဒူးဝါးများ ခေါင်းချင်းဆိုင်၍ ဆွေးနွေးကြသည်။ လွှတ်တော်တွင် တင်ပြနိုငမည့် မေးခွန်းများကို တိုင်ပင်ကြသည်။ အများစုကတော့ သိပ်အားရလှခြင်း မရှိပေ။ နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီးပြီဖြစ်သော ကြောင့် လွတ်တော်တွင် တက်ရောက်ပြောဆိုခြင်းအတွက် အကျိုးထူး မည်ဟု မယူဆ ကြခြင်းပင်။
ဦးကောင်းမြတ် က ဝင်ရောက်ရှင်းပြပါသည်။
“ငါတို့ ဒီကနေ့ ဒီမှာ ဆွေးနွေးတာဟာ ကချင်ပြည်နယ်နဲ့ ကချင်လူမျိုးအားလုံးအတွက် ဆွေးနွေးကြတာပါ။ တို့ကချင် လူမျိုးတွေမှာ စကားများများ မပြောချင်တဲ့ဓလေ့ရှိတယ်။ ဒီကနေ့ကတော့ ပြောမှဖြစ်မယ်။ လွှတ်တော်မှာ များများပြောနိုင်မှဖြစ်မယ်။ စာစောင် တွေမှာ ရေးကြတယ်။ မဂ္ဂဇင်းတွေမှာရေးကြတယ်။ ဖတ်တဲ့ လူတွေ လည်း တအားစိတ် ဝင်စားကြတယ်။ ငါတို့မှာ အခွင့်အရေးရလာပြီ။. ဒီက ဖြစ်ပျက်နေတာတွေကို လွှတ်တော် မှာ ပြောနိုင်မှဖြစ်မှာ ငါတို့ ကချင်လူမျိုးတွေအတွက် စကားပြောနိုင်ဖိုပ လူလိုလာပြီ ဒီလိုပြောနိုင်မှ တို့ကြုံတွေရ တဲ့ ဒုက္ခတွေ သူများသိမှာလေ။ ဒါ ရှက်စရာမဟုတ်ဘူး။ ငါတို့နှစ်ပေါင်း များစွာ လက်နက် နဲ့ ဖြေရှင်းတယ် ဒီကနေ့ ငါတို့ဆီက လူငယ်တွေ ဒီမှာ မနေချင်ကြတော့ဘူး။ သူတစ်ပါးက ငါတိုပကို ခြယ်လှယ်လာလိမ့်မယ်။
ဒါကို နင်တို့ မပြောလို့မရဘူး။ ငါတို့ကို တခြားလူတွေက အထင်သေးလာမယ်။ လက်နက်ကိုင်တယ်။ ဘိန်းမှောင်ခိုချတယ်။ ဗုံးခွဲတယ်။ လူသတ်တယ်လို့ပဲ တစ်ဖက်သတ်ပြောတာခံရတယ်။ ဒါက ငါတို့စကားများများ မပြောခဲ့ လို့ ဖြစ်ရတာပဲ။ အခု နိုင်ငံရေးက ပြောင်းလာပြီ။ သူတို့နဲ့ စကားပြောမယ်။ တစ်ခါပြောနယ် မရရင် နောက်တစ်ခါပြောမယ်။ ငါတို့ ပြောတာတွေ စာစောင်မှာပြောမယ်။ ငါတို့ဖြစ်ချင်တာတွေ စာစောင် မှာပြောမယ်။ လူတွေကြား မှပြောမယ်။ ငါတို့ရဲ့ရိုးသားမှုကို သူများတွေ သိလာကြမှာပဲ။ စစ်ပွဲတွေကို ရပ်ဖို့ကောင်း ပါပြီ။ ငါဒီလောက်ပဲပြောချင်တယ်”
ဒူးဝါးတစ်ဦး က မေးခွန်းထုတ်လာပါသည်။
“သူတို့က လိုက်လျောပါမလား၊ ငါတို့ကို ဂရုစိုက်လို့လားဟာ”
“ဒါတော့ ငါတို့ ဘယ်သိမလဲ။ ပြောရမှာတော့ ငါတို့တာဝန်ပဲလေ။ ငါတို့ လူမျိုးစု တွေအားလုံးပြောမှဖြစ်မှာပေါ့”
ဒူးဝါးဇောင်က ဝင်၍ ဖြေလိုက်သည်။
သူတို့ ဆက်၍ ဆွေးနွေးကြပြန်သည်။ မြစ်ဆုံတစ်လျှောက် ဆည်များအတွက် ရွှေ့ပြောင်း ပေးနေရသော ရွားများ အတွက် စိုးရိမ်ပူပင်မှုများကို ပြောဖြစ်ကြသည်။ မြစ်ထဲမှ မြေကြီးကို စုပ်ယူ၍ ရွှေရှာနေကြသောကြောင့် မြစ် အတွက်ထိခိုက်နစ်နာမှုများကို ပြောလာကြသည်။ ရွှေကြောသစ်ရှာဖွေသူများကြောင့် ပဋိပက္ခဖြစ်လာနိုင်သည့် ပြဿနာများကို ပြောလာ ကြသည်။ ရွှေကုန်သည်များက လက်နက်ကိုင်တပ်ဖွဲ့များကို ငှားရမ်း ၍ ရွှေကြောသစ်ကို ရှာဖွေမည့်သတင်းကိုလည်း ပြောလာကြသည်။
သူတို့ဆွေးနွေးပြီးသောအခါ လွှတ်တော်တွင် မေးမြန်းတင်ပြမည့် မြစ်ဆုံဆည်စီမံကိန်း အတွက် မေးခွန်းများ ထွက်ရှိလာပါတော့သည်။ ကချင်ပြည်နယ်၏ ပြဿနာကို တရားဝင် ဆွေးနွေးပြောဆိုရန် ခြေလှမ်းတစ်ရပ် စလိုက်ခြင်းဖြစ်သည်။

.....................................................................................................................................
ကိုဇော်မင်း သည် မြစ်မင်းဧရာကို ရွှေဘုံသာမုနိ ဘုရားခြေတော်ရင်းရှိ လက်ဖက်ရည် ဆိုင် လေး မှ ငေးကြည့်နေ သည်။ ဟိုမှာ ဘက်ကမ်းတွင် ပြည်ရွှေဆံတော်ဘုရားကို ဖူးတွေ့ နေရ၏။ မြစ်သည် နဝဒေး တံတားဘက် သို့ ရှောင်ရှားကာ ကွေ့ဝိုက်စီးဆင်းနေသည်။
“စိတ်ညစ်နေတာလားကိုဇော်”
သူ့ကို ငြိမ်းမေးခွန်းထုတ်လာသည်။
ငြိမ်းသည် အဖြူရင့်တွင် အစက်ပြောက်လေးများပါသော ထဘီနှင့် ပိုးသားရောင် ရင်ဖုံးအကျီကို ဝတ်ထား သည်။ ဆံပင်များကို တစ်ပတ်လျှိုထုံးထားသည်။ ငြိမ်း၏ လှပ ကျက်သရေသည် ရှိရင်းထက် ရင့်ကျက်နေသည့် တိုင် နေဝင်စညနေဦးတွင် ကြည့်၍ယဉ်လှ တော့သည်။
“ကိုယ် စဉ်းစားနေတာပါ”
“ဦးလေး ကိစ္စလား”
ငြိမ်းအမေးကို ကိုဇော်မင်းက ခေါင်းခါလိုက်သည်။
ငြိမ်းက ကိုဇော်မင်းအဖြေကို စောင့်စားရင်း မြစ်မင်းဧရာကို ကြည့်နေလိုက်သည်။
“ဒီမြစ်ကြီးအကြောင်းကို စဉ်းစားနေတာပါ။မြစ်နဘေးက မြို့တွေ၊ ရွာတွေ၊ တောတောင်တွေ၊ လူတွေ အစုံပါပဲ ငြိမ်းရယ်။ စဉ်းစားကြည့်နေတာ ဟိုဟို ဒီဒီပါပဲ”
ငြိမ်းက ပြောပါဦးဟူသော အကြည့်ဖြင့် ဆက်၍ကြည့်နေသည်။
“ကိုယ်ဖတ်ဖူးတဲ့ စာတမ်းတစ်စောင်ရှိတယ်။ သူက အထင်ကရ စာရေးဆရာတော့ မဟုတ်ဘူး။ ဖတ်တုန်းကတော့ ဘာရယ်မဟုတ်ပါဘူး။ ဒီလိုပဲ ဖတ်ကြည့်လိုက်တာ။ သူက ကိုယ်တို့ တက္ကသိုလ် မှာတုန်းက ပြင်ကဆရာတစ်ဦးပါ။ သူလည်း သူတွေ့ရှိတာကို သူ့ဘာသာရေးပြီး စာတမ်းလုပ်ထားတာ။ အခုမှ သူ့စာတမ်း ကို ကိုယ်နားလည်လာတာ”
ငြိမ်းက စိတ်မရှည်ချင်တော့။
“ပြောမှာသာပြောပါ ကိုဇော်ရယ်။ ငြိမ်းက မြစ်ခရေဇီမှန်းသိလို့ တမင်စကားခံ နေတာမို့လား”
“မဟုတ်ဘူး ငြိမ်းရဲ့”
ကိုဇော်မင်း က မျက်မှန်ကို ပင့်၍ ငြိမ်းကို ကြည့်လိုက်သည်။ ငြိမ်းက ကိုဇော်မင်းကို ငေးမိသလို ဖြစ်နေသည်မို့ ချက်ချင်း မျက်နှာလွှဲလိုက်သည်။
“မြစ်ဆိုတာ အကျိုးမဲ့ အကြောင်းမဲ့ စီးဆင်းနေတာမဟုတ်ဘူး။ မြစ်ကမ်း နဘေးက မြို့တွေ၊ ရွာတွေ၊ တောတောင်တွေ၊ စမ်းချောင်းတွေ ဆိုတာလည်း စနစ်တကျ ဖြစ်လာ တာတဲ့။ အဲဒါကို ကိုယ်စဉ်းစားနေ တာ။ ဆရာ ပြောတာက မြစ်ကမ်းနံဘေးမှာ မြို့တွေ ဖြစ်လာတယ်။ ရွာတွေ ဖြစ်လာတယ်။ စိုက်ပျိုးရေးတွေ၊ မွေးမြူရေးတွေ၊ ကူးသန်း ရောင်းဝယ်ရေးတွေ ဖြစ်လာတယ်။ အဲဒီကနေ ယဉ်ကျေးမှု့ တွေ ပေါ်လာတယ်။ တစ်မြို့ တစ်ရွာ ကူးသန်းမှုတွေ ပေါ်လာတယ်။ ဒေသန္တရ ဗဟုသုတတွေ ပေါ် လာတယ်။ မြစ်တစ်ခု ကြောင့် လူသားတွေရဲ့ အသိအမြင်ဟာ ပိုပြီးလျင်လျင်မြန်မြန် တိုးတက်လာတယ်။ လူ့သမိုင်း လူ့ယဉ်ကျေးမှု အတွက် မြစ်တွေဟာ စီးဆင်းပုံဖော်ခဲ့တယ် လို့ ဆရာက ပြော ထားတာ။ ကိုယ် တို့က ကားတွေ၊ ရထားတွေ၊ လေယဉ်ပျံခေတ်မှာ လူဖြစ်လာတော့ မြစ်ကို ဘယ်ဂရုစိုက်ပါ့မလဲ။
ကိုယ် တွေးတာ အဲဒါပဲ။ ရှေးတုန်းက ဒီမြို့တစ်ဝိုက်က လူတွေ ဘာလုပ်ကြသလဲလို့ စဉ်းစားနေတာ။ သူတို့ အတွက် သွားရေးလာရေးက မြစ်ကို အဓိကထားကြတာမို့လား။ စစ်တိုက်တော့ လည်း မြစ်ကိုအားကိုးတယ်။ မြစ်ကြောတစ်လျှောက်မှာ ပေါ်ထွန်းလာတဲ့ မြို့ပြတွေဟာ ပိုပြီးတိုးတက်ကြတယ်။ မြို့ပြနိုင်ငံတွေ ဖြစ်လာကြတယ်။ မြို့ပြကနေပဲ နိုင်ငံတော်ခေတ်တွေ ဖြစ်လာတယ်။ ပုဂံ၊ပင်းယ၊ အင်းဝ၊ စစ်ကိုင်း၊ တောင်ငူ၊ ကုန်းဘောင်၊ ဟံသာဝတီ။ အဲဒီ မင်းနေပြည်တော်ခေတ်တွေ ကို ပြန်ကြည့်ရင် မြစ်ကြောတစ်လျှောက်မှာ ထူထောင်ခဲ့တဲ့ မြို့ပြခေတ်တွေက ပိုပြီးထင်ရှားတာကို ဆရာ က ပြောထားတယ်။ လက်မှုပညာတွေ၊ စိုက်ပျိုးရေးတွေ၊ မွေးမြူရေးတွေ တစ်နယ်နဲ့တစ်နယ် ဆက်စပ်လာ တယ်။ ကုန်စည်စီးဆင်းမှုကနေ လူမျိုးချင်း ပေါင်းစုံတာတွေ၊ ချစ်ပုံပြင်တွေ၊ လူ့သမိုင်းရွေ့ လျောမှုတွေကို ဆက်ပြီး တွေးလို့ရလာတယ်။ မြစ်ဟာ အလကား စီးနေတာ မဟုတ်ဘူးလို့ ကိုယ်စဉ်းစားမိတာပါ”
“ငြိမ်း ဖတ်ချင်လိုက်တာ”
“အင်း၊ ကိုယ်က ဖတ်ဖူးတာကို သတိရနေတာ ။ ရန်ကုန်ရောက်မှ သူ့ဆီက တောင်းပေးမယ်။ ဆရာက ကျူရှင်ဆရာ။ ပြီးတော့ သမိုင်းသုတေသီလုပ်နေတာ။ သူ့အဖေ ကိုတော့ ငြိမ်း သိမှာပါ။ ဆရာကြီး တက္ကသိုလ် ဘုန်းနိုင်လေ။ ဆရာ့ နာမည်က ဘုန်းတင့် နိုင်တဲ့။ ကိုယ်ပြောတာထက် ဆရာ့ စာတမ်းက ပိုပြည့်စုံသေးတယ်။ ကိုယ် ငြိမ်းကို အားနာ တာ၊ အဲဒါ ကြောင့်ပေါ့။ ကိုယ်က စာတွေဖတ်ပြီး သိထားပါလျက် ငြိမ်းလုပ်နေတာတွေ နားမလည် ဖြစ်ခဲ့ရတာတွေကို အားနာနေတာ”
ငြိမ်း ခေါင်းငုံ့နေသည်။
ကိုဇော်မင်း၏ ဦးလေးဖြစ်သူ စက်ရုံဥက္ကဌ၏ ကျန်းမာရေးက စိတ်ချရသော အခြေအနေသို့ ရောက်လာခဲ့ပြီ။ ဂိုထောင်မှမြေ များနှင့် ဂိုထောင်တစ်ဝိုက်ကို စနစ်တကျ သန့်ရှင်းရေးလုပ်ကာ ပြုပြင်ခဲ့ရသည်။ စွန့်ပစ် ပစ္စည်းများ၊ ရေးဆိုးများနှင့် စက်သုံး ဆီဟောင်းများ စွန့်ပစ်သည့် နေရာကို ငြိမ်းနု ညွှန်ပြသည့်အတိုင်း ဂရုစိုက် ပြုပြင်ခဲ့ကြသည်။ စက်ရုံကိုတော့ လတ်တလောမှာ မလည်ပတ်နိုင်သေး။ စည်ပင်သာယာ ဥပဒေအရ အမှုရင်ဆိုင် ဖြေရှင်းပြီးမှ ဆက်၍လည်ပတ်ရမည်။ ထိုလုပ်ငန်းများအတွက် လိုက်လံဖြေရှင်းပေးနေရသူက ကိုဇော်မင်း ဖြစ်သည်။ ငြိမ်းလည်း မနေသာတော့။ ကိုဇော်မင်းတို့ စက်ရုံအတွက် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှု အန္တရယ်ကင်းဝေးစေဖို့ တက်အားသရွေ့ ပါဝင်ကူညီနေတော့သည်။ စက်ရုံ ရပ်နားထားသည့် အတွက် ဝန်ထမ်း(၅ဝ) ကျော်၏ စားဝတ်နေရေးပြဿနာကို မတွေး၍မရ။ သူဌေးကိုယ်တိုင် မှာ ဆေးရုံလူနာ ဖြစ်နေခဲ့ပြီ။ ထိုခက်ခဲ ကျပ်တည်းမှုများ အားလုံးကို ဖြေရှင်းပေးနေရသော ကိုဇော်မင်းကို ငြိမ်းက စိတ်ပြေ လက်ပျောက် ဖြစ်စေဖို့ ရွှေဘုံသာမုနိ ဘုရားဆီသို့ ခေါ်ဆောင်လာ ခဲ့ခြင်းပင်။
ငြိမ်းအတွက် တခြားသော တာဝန်များလည်း ရှိနေသည်။
ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် တည်ရှိနေသော မြို့များ၊ ရွာများ၊ ဒေသခံ များအား မြစ်၏တန်ဖိုးကို ပို၍ သိရှိနားလည်စေရန် လှုံ့ဆော်တိုက်တွန်းရဦးမည်။
“ငြိမ်း”
ကိုဇော်မင်းက ငြိမ်းဘက်သို့လှည့်၍ စကားစလိုက်ပြန်သည်။
“ငြိမ်း မသွားခင် ကိုယ်တစ်ခုလောက် တောင်းဆိုချင်လို့ပါ”
ငြိမ်း ရင်သည် ထိတ်ခနဲ ဖြစ်သွားရသည်။ အားနာစိုးရွံ့သော မျက်လုံးများဖြင့် ကိုဇော်မင်းကို ကြည့်မိသည်။
“ကိုယ် ဒီနေရာလေး ကို မကြာမကြာ လာပါ့မယ်။ ငြိမ်းရဲ့ တာဝန်တွေကို မနှောက် ယှက်ပါဘူး။ ငြိမ်းဘက်က ကိုယ့် အပေါ် နားလည်တဲ့နေ့ကျရင် ဒီနေရာလေးကို ပြန်လာပါ။ ကိုယ် အဲဒါ တောင်းဆိုချင်တယ်။ ငြိမ်း ပြန်မလာနိုင်ရင် လည်း ကိုယ် စိတ်မပျက်ပါဘူး။ ဒီမှာပဲ စောင့်နေမှာပါ”
ငြိမ်းက သက်ပျင်းမောကို ချလိုက်သည်။ ငြိမ်းမှာ ရှေ့ဆက်ရမည့် တာဝန်တွေ ရှိနှင့် နေပြီ။ မြစ်ကြီးဧရာ အတွက် အရေးဆိုဖို့ အထက်မြန်မာပြည်မှာ NGO အဖွဲ့တွေစုရုံးမိနေပြီ။ မိခင်ဧရာဝတီ အတွက် မီဒီယာသမားများ၊ နယ်ပယ်အသီးသီးမှ အတက်ပညာရှင်များ၊ ဓာတ်ပုံသတင်းများ၊ စာပေသမားများ ပါဝင် လာကြပြီ။ ငြိမ်းတို့ သဘာဝပတ်ဝန်းကျင် ထိန်သိမ်းရေးအဖွဲ့ဝင်များအတွက် မိခင်ဧရာဝတီသည် စိတ်ဓာတ်အသစ် များ စုစည်း ပေးခဲ့ပြီ။ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တစ်လျှောက်တွင် ဤကဲ့သို့ တိုင်းချစ်ပြည်ချစ် စိတ်တို့ဖြင့် စုပေါင်းအဖြေရှာရန် ခွန်အားတို့ကို မြစ်မင်းဧရာက ပြန်စုစည်းပေးလေပြီ။ ငြိမ်းဘက် က ပြင်ဆင်ထားခဲ့ပြီးသမျှ ဧရာဝတီရင်နှစ်သည်းချာတို့နှင့် မျှဝေခံစားမည်။ နည်းလမ်းရှာမည်။ တောင်းဆိုမည်။
ငြိမ်းရင်သည် ပြန်၍တည်ငြိမ်လာသည်။ ကိုဇော်မင်းဆီကို ပြန်လာဖို့အတွက် သူ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသေး။ အဖြေမရှိသေး။ ကိုဇော်မင်းက မြစ်မင်းဧရာဘက်သို့ မျက်နှာမူ၍ ပြန်လည်တွေးတော ငေးမောနေ ရှာပြန်တော့ သည်။
ဆက်ရန်
.

No comments:
Post a Comment