"ဟုတ်.... ဟုတ်၊ ဟုတ်ပါတယ် မစန်းချို အရက်အကြွေးရောင်းတဲ့ ဒေါ်ဥကိုလည်း ကျွန်တော် ရှိခိုးပါတယ်၊ ကိုသန်းဆိုင် လိုပဲ အိမ်က မိန်းမကိုလည်း ရှိခိုးပါတယ်။ ရှိခိုးရုံတင်မကဘူး၊ ထဘီ တောင် လျှော်ပေးပါတယ်ဗျ၊ ကျွန်တော်နဲ့ ကိုသန်းဆိုက်တို့က ဘဝတူ (မယက) တွေပါ မစန်းချို ... လွတ်... လွှတ်ပါတော့ဗျာ၊ လက်မောင်း နာသွား လို့ ဆိုက်ကားမနင်းနိုင်ရင် ... မိန်းမ က ဆော်ပလော်တီးမှာဗျ.... " ဆိုက်ကားသမား အုပ်စုကော၊ မျက်နှာချင်းဆိုင် ဈေးတန်းမှ မုန့်သည်တွေ ပါ စန်းချိုလက်ထဲမှာ ရှုံ့မဲ့ ညည်းညူနေ သည့် ရန်ပိုင်ကို ကြည့်ကာ ပွဲကျနေကြသည်။ သန်းဆိုင် က (မအေပေး သူခိုးသေဖော်ညိနြေုပန်ပြီ)ဟု စိတ်ထဲက ရေရွတ်လိုက်သည်။ ကို ဆက်ဖတ်ရန်............
လွန်ခဲ့သော နှစ် (၂၀)က ဘုရားကြီးမုခ်ဦးအနီးတွင် ဈေးဆိုင်ဆို၍ သန်းဆိုင်၏ ခနော်ခနီနဲ့ ကွမ်းယားဆေးလိပ်၊ တိုလီမိုလီ မုန့်ပဲသရေစာဆိုင်ကလေး၊ တစ်ဆိုင်သာ ရှိခဲ့၏။ ယခုကား... သန်းဆိုင်နှင့် မျက်နှာချင်းဆိုင်၊ လမ်း၏ အခြားတစ်ဖက်တွင် ဈေးဆိုင်ငယ်တွေ အစီအရီ ရင်ပေါင်တန်းလျက်၊ ဈေးကွက်စစ်မျက်နှာ ဖွင့်လာခဲ့ကြပြီ ဖြစ်လေ သည်။ မုန့်ဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ၊ ခေါက်ဆွဲ/ကြာဆံ အသုပ်စံ၊ အကြော်ဆိုင်၊ (မိန်းမလျာကြီး ကိုစစ်တင် ၏မျိုးဆက် မိန်းမလျာ ကလေးအလိမ္မာဆိုသူက ညနေ (၃)နာရီမှ (၉)နာရီအထိ အကြောစုံကြော် ရောင်း ၏။ ကိုစစ်တင်ခမျာတော့... သူဝတ်ပုံစားပုံ၊ သွားဟန်လာဟန်ကို မျက်စိနောက် ပုံရသော ခွေးတစ်ကောင်ကိုက်လိုက်ရာမှ အညော်ဝင် အနာရင်းပြီး မေးခိုင်ပိုးဝင်ကာ အနိစ္စရောက်ခဲ့ ရှာလေပြီ) ထို့အပြင် စာအုပ်အဟောင်း အငှားဆိုင် ကလေးတစ်ဆိုင် (အဟောင်းမြင်းဆုံး အစုတ်ပြဲဆုံး ကာတွန်း စာအုပ်များကိုသာ ရနိုင်သည်)ပါ အားဖြည့်ထားသည်။
ဆရာဝန်ကြီး ဦးလျှံတိတ် ကမကထပြု၍ ဘုရားကြီးကို ပြုပြင်မွမ်းမံ၊ လမ်းကို ကျောက်ခင်း လိုက် ကတည်းက နှစ်ပေါင်းများစွာ ဘုရားကြီးကို မေ့လျော့ထားခဲ့ကြပုံရသော ရပ်ဝေးရပ်နီး ဗုဒ္ဓဘာသာ ဝင်လူထုသည် ဘုရားကြီးတွင် ရွှေရောင်တဝင်းဝင်း လျှပ်စစ်မီး တလင်းလင်း တွေ့ရပြီ ဖြစ်၍ တဖွဲဖွဲလာရောက် ကြည်ညို ပူဇော်လျက် ရှိကြသည်။ အလှူခံပုံးထဲသို့ ငွေအလှူ ထည့်ကြသည်။ ပန်း၊ ဆီမီး၊ အမွှေးတိုင်များ ဆက်ကပ်ပူဇော်ကြသည်။ အီတာလျှံ ကျောက်ပြားတွေ ခင်းထားသော ရင်ပြင်ပေါ်တွင် ပုတီးစိပ်သူ၊ အာနပါန ရှုသူတွေကို တွေ့ လာရသည်။ ဘုရားကြီးအနီးတွင် သာသနိက အဆောက်အအုံသစ်တွေ နတ်ကွန်းတွေလည်း အလျှိုလျှို ပေါ်ထွန်းလာကြသည်။
ထိုကာလတွင် သန်းဆိုင်+စန်းချိုတို့၏ ကွမ်းယာဆေးလိပ် အခြေပြု ဗြုတ်စဗျင်းတောင်း ကျူလယာ ဆိုင်ကလေး က ခိုင်မာဖွံ့ထွားစွာ ရောင်းပန်းဝယ်ပန်း သာလွန်နေခဲ့ပြီ ဖြစ်၏။ ဆရာ ဝန်ကြီး ဦးလျှံတိတ်သည် သူ မကွယ်လွန်မီ၊ ဘုရားကြီးသို့ လာရာလမ်းကို သူ တစ်ဦးတည်း တာဝန်ယူ၍ နိုင်လွန်ကတ္တရာလမ်း (၁၈) ပေကျယ်လမ်းကြီးအဖြစ် တိုးချဲ့ ပြုပြင်လှူဒါန်း သွားခဲ့သေး၏။ သို့ဖြင့် ... ကျိုက်ေ်ဒးယျုံ ဘုရားကြီးလမ်းပေါ် တွင် ဘုရားဖူးများနှင့် မြို့ခံနယ်ခံ လူထု၏ မော်တော်ကားတွေ တစ်ဝီဝီ၊ မော်တော်ဆိုင်ကယ်တွေ တဖွတ်ဖွတ်၊ မြင်းလှည်းတွေ တဂျောင်းဂျောင်း ဆိုက်ကားတွေ တကလင် ကလင်၊ စက်ဘီးတွေ တတီတီ၊ ထောလာဂျီတွေ တဂွမ်းဂွမ်းဖြင့် ပွဲတော်တမျှ စည်ကားရှုပ်ထွေးလျက် ရှိတော့၏။
စိတ်ဝင်စားစရာ အကြောင်း ခြင်းရာ တစ်ခုရှိသည်။ ဘုရားကြီးမှ တစ်မိုင်ပတ်လည်အတွင်း၊ သန်းဆိုင်၏ ကွမ်းယာဆိုင်မှ တပါး အခြားကွမ်းယာဆိုင်တစ်ဆိုင်မျှ ရှိမနေခြင်း ဖြစ်သည်။ မြန်မာ့ဓလေ့အတိုင်း တစ်ဦး ရောင်းသော ကုန်ပစ္စည်းကို နောက်တစ်ဦးက (သမုဒ္ဒရာရေပဲ အများသောက်ရမှာပေါ့) ဟု ကြွေးကြော် ကာ ဘုရားကြီးမုခ်ဦးအနီးမှာ ကွမ်းယာဆေးလိပ်ရောင်းသူ အချို့ ပေါ်ထွက်ခဲ့ဖူး ၏။ ထိုဆိုင်ကလေးတွေ ကြာရှည် ရပ်တည်နိုင်ခြင်း မရှိပါ။ အရောင်းထိုင်း အရင်းပြုတ်ပြီး အားလုံး တပ်လန်နောက်ဆုတ် သွားကြရသည် သာ ဖြစ်လေသည်။
"သန်းဆိုင်နဲ့စန်းချို က ဘုရားပေါ်က ရသေ့ကြိးကို ပူဇော်ပသပြီး အစီအရင်၊ အဆောင် အယောင်တွေ လုပ်ထားတာ၊ ရသေ့ကြီးက အဲဒီပညာမှာ စွမ်းတယ်၊ သန်းဆိုင်တို့ကို သွားမတု နဲ့ စုတ်ပြတ်မွဲတေသွားမယ်" ဟု ဝါရင့်ဆိုက် ကားသမားကြီး ဦးခင်ညိုက ဂဃနဏမသိပါပဲ၊ မျက်မှန်း ရမ်းဆပြောခဲ့ဖူးသည်ကို ကြားသိသူတိုင်း ကလည်း "ခွေးစကားကျားယုံ" ဆိုဘိသကဲ့ သို့ ဖြစ်နေကြတော့သည်။
အချိန်ကိုက်ထားသော နှိုးစက်နာရီက၊ နံနက် (၅)နာရီ မြည်သံပေးသည်။ သန်းဆိုင်သည် အိပ်ရာဘေး မှာ အော်မြည်နေသော ဓာတ်ခဲနာရီကလေးမှ ခလုတ်ကို လှမ်းပိတ်လိုက်သည်။ (၅)နာရီ မှာ နိုးနေကျ ဖြစ်သော်လည်း သန်းဆိုင်က (၄း၃၀) ကတည်းက ကြိုနိုးခဲ့ပြီး ထနေကျ အချိန်ကျမှ ထမည် ဆိုကာ နှပ် နေခဲ့ခြင်း ဖြစ်သည်။
သန်းဆိုင်ထထိုင်ပြီး လုံချည်ကို ပြင်ဝတ်သည်။ သူ့ဘေးမှာ ခြေကားယား၊ လက်ကားယား ပက်လက်ကြီးအိပ်ရင်း တဂူးဂူးဟောက်နေသော စန်းချို၏ မလုံမလဲစိတ်ပျက်ဖွယ် ခန္ဓာကိုယ် ဧရာမကြီးကို တစ်ချက်စောင်းကြည့် ဖြစ်အောင်တော့ ကြည့်ဖြစ်လိုက်သေး၏။ (ဟင်း ... စား တော့လည်း ခွေးစားသလို ဗိုက်ကားအောင် စား၊ အိပ်တော့လည်း အစာဝတဲ့ ဝက်ကြီးလို တစ် မေ့တစ်မော အိပ်၊ ဒီကြားထဲ... သွေးပေါင်တက်တယ်၊ ဇက်ကြောထိုးတယ်ဆိုပြီး ဒေါက်တာ တင်ဆန်းဦးဆီ သွားသွားပြနေရတာ ကလည်း ဂရီးဂရီး) ညည်းနေကျညည်းချင်းကို ညည်းကာ သန်းဆိုင်သည် ရှုတတ်ပါလျှင် ချက်ချင်းတောထွက် တရား အားထုတ်ချင်စိတ် ပေါက်အောင် သရုပ်ပြနှိုးဆော်နေသော တဂူးဂူး အော်မြည်နေသည့် သတ္တဝါကြီး ကို ကျောခိုင်း၍ ခြင်ထောင် ထဲမှ ထွက်လိုက်သည်း။ မီးခိုးနံ့ရသည်။ လျှပ်စစ်မီး ပျက်နေ၍ ... ခယ်မတော် မိထူး က မီးသွေး မီးဖို ကို မီးမွှေးနေခြင်း ဖြစ်သည်။
(၁၁)နှစ်သမီးအရွယ်တွင် အစ်မကြီးက ... ကလေးထိန်းရအောင်ဟု ဆိုကာ အဖော်ခေါ်လိုက် သော မိထူးသည် ယခုအခါ အသက် (၃၀)ကျော် အပျိုကြီးဘဝဖြင့် သန်းဆိုင်တို့၏ အိမ်ဖော် ထမင်းချက် ဖြစ်နေရှာသည်။ စန်းချိုက ညီမရင်းအချာ ကို အလှအပပြင်ပေးသည်။ ရွှေငွေ လက်ဝက်လက်စား ဆင်ပေးသည်။ သုံးစွဲဖို့ ငွေလည်း အမြဲပေး သည်။ သို့ပါသော်လည်း... သူမ ၏ အစ်မရင်းချာ စန်းချိုကဲ့သို့ အသားကမည်း၊ မျက်နှာပေါက်က ဆိုးသည့် မိထူးအနီးသို့ ဘယ်သူကောင်းသားမှ မသီလာကြ။ အသားပြည့်ပြည့် ကိုယ်လုံူးကိုယ်နေကလေး ကသာ မိထူး ၏ က္ကတ္ထီယဂုဏ်သရေကို အဖတ်ဆည်ထားသလို ရှိလေသည်။ မိထူးအလှပြင်ပြီးတော့။ ဆိုက်ကား သမားငမူး (ရင်းနှီးသူ) တစ်ချို့က... "ကြည်လဲ့လဲ့ဦးရေ ကွမ်းယာကို ထုံးမပေါက် ပါစေနဲ့ဟာ"၊ "ဟေး စိုးမြတ်နန္ဒာ... နိုင်တီတူး နဲ့ ငါးဆယ်ဖိုးဟေ့" စသည် စသည်ဖြင့် မထိခ လုတ်၊ ထိခလုတ်၊ စတတ်၊ ပြောင်တတ်ကြသည်။.
သို့သော်... မိထူးက စန်းချိုလို အာသွက် လျှာသွက်မဟုတ်၊ နှုတ်သီးကောင်းစွာ ကျယ်ကျယ်လည်းမဟုတ်၊ မထုံတတ်တေး၊ အင်း မလှုပ် အဲမလှုပ် အရုပ်ကြီးလို ငုတ်တုန်ပဲ နေတတ်၏။ (အင်း မိထူးတော့ ဒီဘဝ လင်ရကိန်း မမြင်ဘူး) ဟု သန်းဆိုင် က ကျိန်၍ ဟောကိန်းထုတ်သည်။
မနက် (၅) နာရီခွဲမှာ သန်းဆိုင်က ရာသီမရွှေး ဝတ်စုံဖြစ်သော လုံချည်ချက်ပြုတ်၊ အကျီမပါ ဗလာကိုယ်ထီးဖြင့် ဆိုင်ဖွင့် ခင်းကျင်းရန် အသင့်ဖြစ်နေပြီ။ သူသည် နေအိမ်နှင့် တစ်ဆက် တည်းဖြစ်သော လှေကားမှ ဆင်းကာ ဈေးဆိုင်နောက်ကျောတံခါးမှ သော့ကို ဖွင့်ပြီး မှောင်ရီရီ ဆိုင်ခန်းထဲသို့ ဝင်လာခဲ့၏။ ဦးစွာ ... ပြတင်းပေါက်နှစ်ပေါက် ကို ဖွင့်လိုက်သည်။ နံနက်နေအ လင်းက ဆိုင်ခန်း ကလေးထဲ သို့ ဖြာလင်းကျရောက်လာသည်။
"ဟ... စာအိတ်တစ်အိတ်"
ဆိုင်မျက်နှာစာ၊ ကဲလားနှင့် ဆိုင်၏ကောင်တာဆန်ဆန်၊ သစ်သားစင်တို့ ထိစပ်ရှုာ၊ လက်တစ် ချောင်းစာ အဟကြားမှ ပြူထွက်နေသော လေယာဉ်စသာအိတ် တစ်အိတ်ကို သန်းဆိုင် သတိ ထားမိလိုက်သည်။ ပိတ်ထားသော စာအိတ်ဖြစ်သည်။ စာအိတ်ပေါ်တွင်... "ဦးသန်းဆိုင်" ဟု ဝိုင်းစက်သော လက်ရေးကြီးဖြင့် ရေးထား သည်ကို မြင်ရသည်နှင့် သန်းဆိုင်ရင် ဒိုင်းခနဲ လှုပ် သွားသည်။ ငါ့ကို ပေးထားတဲ့... စာ ပါလား။
ဤဆိုင် ဖွင့်လှစ်ရောင်းချလာခဲ့သည်မှာ အနှစ်(၂၀)ကျော်ပြီ၊ ယခုကဲ့သို့ လူမသိသူမသိ စာချ လာခြင်းမျိုး တစ်ခါမှ မကြုံဖူးသေး။ ထူးတော့ ထူးသည်။ စာအိတ်ကိုင်ထားသော သန်းဆိုင်၏ လက်ချောင်းတွေ တဆတ်ဆတ် တုန်နေကြ၏။ မင်္ဂလာဆောင် ဖိတ်စာ လည်း မဖြစ်နိုင်... သည်အရပ်က သာရေးနာရေးဖိတ်စာကို စာအိတ်ဖြင့် ထည့်ပေးရိုး မရှိ၊ အရေးတကြီးစာဖြစ်၍ သူတို့အိပ်ပျော်နေခိုက်၊ မနှိုးလိုသောောကာင့်၊ တံခါးကြားမှာ ထိုးညပ် သွားတာလည်း ဖြစ်နိုင် ခြေရှိသည်။ သန်းဆိုင်က အပေါစား စာအိတ်တစ်ဖက်စွန်းကို အလျင်စလို ဆွဲဆုတ်ပစ် လိုက်ပြီး လျှင် အထဲမှာ လေးချိုးခေါက်ထားသော အပေါစား ဗလာစာရွက်ကို ဖြန့်ဖတ်လိုက်၏။
မိတ်ဆွေကြီး ဦးသန်းဆိုင်
မိတ်ဆွေ၏ ကောင်းကျိုးကို မျှော်ကိုး၍ စေတနာမေတ္တာရှေ့ထားပြီး ကြိုတင်သတိပေးလို ပါ သည်။
မိတ်ဆွေကြီး၏ ဇနီး မစန်းချိုသည် မြို့မဈေးကြီး အနောက်ဘက်ရှိ ကုလားလက်ဖက်ရည်ဆိုင် ၌ ကုလားဒိန် လူစိမ်းတစ်ယောက်နှင့် နေ့စဉ်လိုလို နှစ်ယောက်တည်း ထိုင်နေကြောင်း၊ ကျွန်တော် သတိပြုမိသည်မှာ (၁၀) ရက်လောက် ကြာပါပြီ၊ ကုလားဒိန်က ခပ်ငယ်ငယ်၊ ခပ်ချောချော ဖြစ်ပြီး လူလည်ပန်ကာ ပုံပေါက်နေပါသည်။ သူတို့ နေပုံထိုင်ပုံကလည်း ရိုးသား ပုံမရပါ။ မစန်းထိုက ပိုက်ဆံအိတ်ထဲကနေ... ထိုကုလားဒိန် အား ငွေအထပ် လိုက် ထုတ်ပေး တာလည်း တွေ့ရပါသည်။ ထိုကိစ္စကို မိတ်ဆွေကြီးက အချိန်မီ တားဆီးနိုင် ရန် စေတနာ ကောင်းဖြင့် စေတနာကောင်းဖြင့် အသိပေး အကြောင်းကြားလိုက်ရခြင်း ဖြစ်ပါသည်။
(ပုံ) စိတ်ကောင်းရှိသော
မိတ်ဆွေတစ်ဦး
သန်းဆိုင်သည် လက်ရေးရှင်းရှင်းနှင့် ရေးသားထားသော စာကို သုံးခေါက်တိတိ ဖတ်ရှုပြီး နောက်... သူ၏ ဦးခေါင်းမှာ ပွယောင်းပြန့်ကားလာလျက်၊ သံလုံးကြီးတစ်လုံးကို သူ၏ လည်ပင်းက ချီပိုးထိန်းမတ်ထားရသည့် သဖွယ် သူ၏ ခန္ဓာကိုယ်က တယမ်းယိမ်းတယိုင် ယိုင် ဖြစ်လာသည်။ (ဟင်... ဒီကုလားဒိန်နဲ့ တွေ့တွေ့နေတာ ဆယ်ရက်လောက် ရှိပြီဆိုတော့၊ ဆယ်ရက်မတိုင်ခင်ကကော... သူတို့မတွေ့ဘူးလို့ ဘယ်သူပြောနိုင်မလဲ၊ သူတို့ ဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ... ဘယ်က ကုလားဒိန်နဲ့ ဘယ်လိုများ တွေ့ခဲ့ကြပါလိမ့် စန်းချိုတို့ အမျိုးထဲမှာလည်း ကုလားဒိန်မရှိပါဘူး၊ ငါတို့ အသိထဲမှာလည်း ကုလားဒိန်တစ်ယောက်မှ မရှိ ဘူး၊ ငါတို့ဆိုင်ကိုလည်း ဘယ်ကုလားဒိန်မှ ကွမ်းယာလာမဝယ်ဘူး၊ ဒီကုလားဒိန်ဆိုတာ ဘယ် သူလဲ... ) သူ့ဘာသာမေးသော မေးခွန်းများကို သူကိုယ်တိုင် ပြန်မဖြေနိုင်တော့ ရွက်ပိုးထား သော လေးလံဖိစီးမှုတွေကို ခါချပစ်လိုက် သလို... သူ၏ ဦးခေါင်းသည် ပေါ့ပါးကြည်လင် သွားပြန်သည်။
သူသည် အိမ်ဘက်သို့ ကျီးလန့်စာစား မျက်လုံးများဖြင့် ကြည့်ရင်း စာရွက်ကို စာအိတ်ထဲ ပြန်ထည့်သည်။ တစ်ဖန် စာအိတ်ကို အလိပ်လိပ်ဖြစ်အောင် ခေါက်ပြီး ပုဆိုးခါးပိုက်ထဲသို့ ထည့် သွင်းလိုက်၏။ ပြီးမှ ခါးပိုက်ထဲတွင် လုံခြုံမှု မရှိသေးဟန်ဖြင့် စာအိတ်ကို ပြန်ထုတ်ယူကာ ဆိုင် ခန်းထဲတွင် စာအိတ်ကို သိုဝှက်ရန် တောင်ကြည့်မြောက်ကြည့် မျက်လုံးကစားနေပြန်သည်။ (စန်းချိုလို ပုံဆိုးပန်းဆိုးကြီးကို ကပ်တဲ့ကောင်ဟာ ကြိုက်နှစ်သက်တာ မဖြစ်နိုင်ဘူး၊ ချူစား ချင်လို့ဖြစ်မယ်၊ ×××× ယောက်ျားပိုင်းလုံး၊ အိမ်ကကောင်မလည်း နေ့တိုင်း သွားနေတဲ့ ဈေးကို ရှိရှိသမျှ ရွှေတွေအကုန် ထုတ်ထုတ် ဝတ်သွားတယ်... ၊ ×××××ကမြင်းမ....) အသက်ရှူသံ တရှူုးရှူး တရှဲရှဲနှင့် ဆိုင်ခန်းကျဉ်းကျဉ်းကလေးထဲမှာ ယောင်တိယောင် ကန်း ပတ်ချာ လှည့်နေသော သန်းဆိုင်သည် စာအိတ်ကို ခါးပိုက်ထောင်ထဲသို့ ပြန်ထည့်ကာ၊ ခါးပုံစ ကို ပုဆိုး အထက်နားစ၊ သူ၏ ချက်အောက်တည့်တည့်ကြားတွင် ဖိသိပ်ထိုးညပ်၍ လုံခြုံမှုရှီမရှိ စစ်ဆေးသည့် အလား ငုံ့ကြည့် လိုက်၊ လက်ဖြင့် စမ်းကြည့်လိုက် လုပ်နေသည်။
ထို့နောက် အိမ်ဘက်သို့ အစာခိုးစားနေသည့် ကြွက်မျက်လုံးမျိုးဖြင့် စောင်းကန်းကန်း ကြည့်လိုက်ပြန် လေသည်။ ဤ "ပစ်စာ"ကို ဘယ်သူမှတစ်ပါး အခြားဘယ်သူမျှ မတွေ့စေချင်၊ အထူးသဖြင့် စန်းချိုမတွေ့ဖို့ အရေးအကြီးဆုံး၊ (သေနာမသားတွေ လူပျိုဖြစ်လို့ သင်း ကိုယ်တိုင် အသက် (၄၀)နီးမှ ထချင် ရွချင်လို့ကတော့... ငါကိုယ်တိုင် ဓား နဲ့ ခုတ်သတ်မယ်.... )ဟု ကျိန်းဝါးလျက် စိတ်ထဲမှ တရစပ်ဆဲရင်း၊ သန်းဆိုင်သည် ဆိုင်မျက်နှာစာ ကဲလား တံခါးကိုဖွင့်၊ ကွမ်းယာ ပစ္စည်းတွေကို ခင်းကျင်း၊ မုန့်ပဲသရေစာ အထုပ်တွေကို သူ့ နေရာနှင့် သူ ချိန်ဆွဲနေသည်။ သူ့ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လျက်.. .နှာခေါင်းအိုးအစုံ ပွစိပွစိ ဖြစ်နေမှန်း ကို သူ ကိုယ် တိုင်ပင် သတိမပြုမိ။
သူ၏ အိမ်ထောင်သက်တစ်လျှောက်လုံး၊ သူ့ဇနီးငယ် မယားစန်းချိုသည် အိမ်ထောင်ရေး ဖောက်ပြန်မှု ကျူးလွန် လိမ့်မည်ဟု သန်းဆိုင် အိပ်မက်ထဲ၌ ယောင်ယမ်း၍ မမက်ခဲ့စဖူး၊ စန်းချို ၏ ရုပ်သဏ္ဍာန်အနေအထိုင် အပြောအဆို ဟန်ပန်ဂိုက်ဆိုက်ကလည်း လောလီ ဖောက်ပြား ခြင်းနှင့် ဝေးကွာလွန်းလှသည်။ သို့ရာတွင်... ယခုအခါ စန်းချို သည် ငွေကြေးဓနကလည်း အသင့်အတင့် ရှိလာပြီ၊ စာမတတ်သော်လည်း မြို့သူမြို့သားတွေနှင့် ကြာရှည်ပွန်းတီးစွာ ဆက်ဆံခဲ့ရာမှ။ တီဗွီ၊ ဗီဒီယိုတွေ အမျှင်မပြတ်ကြည့်ရှုရာက... နဂိုတောစရိုက်တွေ ကွာကျလာ ကြပြီး မြို့စသရိုက်အလွှာသစ်တွေဖြင့် သူ့ကိုယ်သူ ဖုံးရစ်စပြုနေမှန်း သန်းဆိုင် သတိထားမိ ခြံ၏။
စန်းချိုဝတ်စားပုံ၊ ပြင်ပုံဆင်ပုံတွေက လိုတာထက် ပိုကဲပြီး "ပြင်လွန်း၍ ဖင်ချွန်" နေမှု ကြောင့် ရင်းနှီးသူတွေ၏ အနောက်အပြောင် အကျီအစယ်ခံရေမှန်းလည်း သန်းဆိုင်သိသော် ငြား သည်းခံခွင့်လွှန်ခဲ့၏။ မိန်းမပဲ လှချင် ပချင်တာ သဘာဝပဲ၊ မြို့ထဲက ခေါက်ဆွဲကြော်ဆိုင် ပိုင်ရှင် တရုတ်မကြီးတောင် အသက် (၇၀)လောက်ရှိပြီ၊ ရွတ်တွနေပြီ၊ ဒါတောင် တရုတ်မ ကြီးက ဆံပင်အတိုကလေးကောက်ပြီး နှုတ်ခမ်းနီ၊ ပါးနီနဲ့ အဆင်နုနု ကလေး တွေ ဝတ်လို့.... ဟု နှိုင်းယှဉ်ဖြေသိမ့်ထားခဲ့၏။ တစ်ခါတစ်ရံတော့... စန်းချို ပြင်ဆင်ချယ်သတာတွေကို စေ့ စေ့ကြည့်ရင်း... (ကောင်မတော့ ကိုယ့်ပစ္စည်းနဲ့ကိုယ် သူများ ကဲ့ရဲ့စရာ ဖြစ်တော့မယ်၊ ဒေါက် ဖိနပ်တစ်ထွာလောက်ကြီးစီးတော့ နဂိုကမှ အရုပ်ဆိုးရတဲ့ ဖင်ကောက်ကြီးက စူထွက်နေပြီ၊ ချော်လဲပြီး သွားခေါကြီးတွေ ကျွတ်ထွက်စမ်းပါစေဗျား) ဟု ဒေါမနဿပွားမိတတ်သည်။
ဆိုင်ဖွင့်သည်နှင့် ကွမ်းယာဆေးလိပ် ဝယ်မည့်သူတွေ တဖွဲဖွဲ ရောက်လာကြ၏။ အနောက် အပြောင်စကားနှင့် နှုတ်ဆက်နေကျ၊ ဆိုက်ကားသမား ကျော်ကြီးပင် မျက်နှာကြီးအိုနေသော သန်းဆိုင်ကို သတိပြု မိကာ..... မျက်နှာပိုးသတ်ထားလိုက်၏။ ကျော်ကြီး၏ မျက်နှာ၌ (ညက မစန်းချိုနဲ့ အဆင်မပြေ ဘူးနဲ့တူတယ်) ဟူသော ခန့်မှန်းတွေးဆချက်က ပေါ်လွင်နေသည်။
သန်းဆိုင်သည် ဝယ်သူတွေကို ရဲရဲမကြည့်ဝံ့ဘဲ၊ မျက်လွှာချ၍ ကွမ်းယာလိုက်၊ ငွေယူ ငွေအမ်း လိုက် လုပ်နေ၏။ ခါတိုင်းဆိုလျှင်တော့ သန်းဆိုင်သည် ဝယ်နေကျ ဖောက်သည်များကို စကား မရှိစကားရှာပြီး အရည်မရ အဖတ်မရ ပဋိသန္ဓာရ ပြုနေကျ ဖြစ်သည်။ မျက်လုံးတွေကလည်း ဂနာမငြိမ်တတ်. ယခုတော့... ကွမ်းယာဆိုင်ထဲ မှာ စက် လူရုပ်ကြီး ရောက်နေသလားပင် ထင် မှတ်ရတော့၏။
သန်းဆိုင်ကို ဂရုတစိုက် အကဲခတ်ကြည့်ပါလျှင်.. သူသည် မကြာခဏ (တစ်မိနစ်တစ်ကြိမ် လောက်) သူ၏ ဝမ်းဗိုက်ရှိ၊ ပုဆိုးခါးပိုက်ထောင်ကို ငုံ့ငုံ့ကြည့်နေမှန်း တွေ့ကြရပေမည်။ ထိုသို့ ကြည့်စဉ် သူ၏ မျက်လုံးသည် အလျှင်းမျက်တောင် မခတ်သည်ကိုလည်း တွေ့ရမည်။ စင်စစ် ..... သန်းဆိုင်အတွက် ခါးပိုက်ထောင်ထဲမှ စာသည် အချိန်မရွေး ထွက်ပြေးနိုင်သည့် သက်ရှိ သတ္တဝါတစ်ကောင်နှင့် တူနေသည်။ အချိန်ရသည်နှင့် ... ထိုစာကို ဘယ်နေရာမှာ သိမ်းဆည်း ရမည်ဆိုသည်ကိုလည်း၊ ဈေးရောင်းရင်းကနေ... သူ အပြေးအလွား စဉ်းစားနေမိ၏။ အဝတ် အစားဗီရိုအောက်ဆုံးထပ်က သတင်းစာစက္ကူအောက် ထိုးထည့်ထားရ ကောင်းမလား...၊ တီဗွီ ထည့်ထားသည့် မှန်ဗီရိုနောက်ကျော ဘက်မှာ ဝှက်ထား ရကောင်း မလား... ဘုရားစင်ပေါ်က ဘုရား ကျောင်းဆောင်အောက်မှာ ထားလိုက်ရင်ကော (ဟာ မဖြစ်သေးပါဘူး ကျက်သရေမင်္ဂ လာ မရှိတဲံ စာကို ဘုရားစင်ပေါ်တင်ရင် ငရဲကြီးကုန်ဦးမယ်.....)
စာကို ဝှက်ဖို့နေရာကို စဉ်းစားသည့်နည်းတူပင် ဤ "ပစ်စာ"ကို လာထားသည့် ကာယကံရှင် ဘယ်သူဖြစ်မလဲဆိုသည်ကိုပါ။ သန်းဆိုင်သည် ပူထူနေသော ဦးနှောက်က အရည်ပျော် ကျမတတ် ဝေခွဲတွေး ဆနေမိပြန်လေ၏။ စာအဆုံးသတ်တွင် လက်မှတ်မထိုး၊ အမည်မဖော် ဘဲ "စိတ်ကောင်း ရှိသော မိတ်ဆွေတစ်ဦး" ဟု နာမည်ဝှက်ထားခြင်းကပင် ပဟေဠိဆန်နေသည်။ မိမိမှာက မိတ်ဆွေကောင်းတွေကော၊ မိတ်ဆွေညံ့တွေ ပါ တစ်လှေကြီး ရှိနေသည် မဟုတ်လား ပြီးတော့... သူတို့ တစ်တွေကို အရေအတွက် တိတိကျကျ သတ်မှတ်လို့ကလည်း မရ...။ စန်းချို ကို ဈေးမှာ နေ့စဉ်တွေ့သူ ဟုဆိုလျှင် ထိုမိတ်ဆွေ သည်လည်း ဈေးသို့ နေ့စဉ် ရောက်တတ်သူ ဖြစ်ရမည်။
ဈေးနောက်ကျောက ကုလားလက်ဖက်ရည်ဆိုင် အနီးအနားမှာ နေထိုင်သူလည်း ဖြစ်နိုင်သည်။ စန်းချိုက ကုလားဒိန်ကို ငွေထုတ်ပေးတာမြင်သည် ဆိုပါက... ။ စန်းချိုက ကုာလးဒိန်ကို ငွေထုတ်ပေးနေချိန်တွင် "ပစ်စာ" ချသူ မိတ်ဆွေသည် လက်ဖက်ရည်ဆိုင်ထဲ မှာ ရှိနေခဲ့၍သာ ဖြစ်ရမည်။ ထိုမိတ်ဆွေသည် မိမိတို့ လင်မယား၏ ရင်းနှီးသော အသိအကျွမ်း ထဲက ဖြစ်ပါက စန်းချိုသည် မျက်နှာစိမ်း ကုလားဒိန်နှင့် လက်ဖက်ရည်ဆိုင်ထဲမှာ အတူ ထိုင်ဝံ့ မည်မဟုတ်၊ ထိုမိတ်ဆွေသည် မိမိတို့ကွမ်းယာ အားပေးသူ ဖောက်သည်တစ်ယောက်လား.. စန်းချိုနှင့် ကုလားဒိန်တို့ ပြောဆိုဟန်ကို ကြည့်၍ ရိုးသားပုံမရဟု ကောက်ချက်ချခြင်းအား ဖြင့်... ထို မိတ်ဆွေသည် ... သန်းဆိုင် (မိမ်) ဘက်မှ မခံမရပ်နိုင်သော စိတ်စေတနာလည်း ပါဟန်ရှိသည်။ မဖြစ်သင့်တာ မဖြစ်ရလေအောင်။ ကြိုတင်သတိပေးလိုပုံလည်း ရသည်။ ထို မိတ်ဆွေသည် ဘယ်သူလဲ၊ ဘယ်သူလဲ၊ ဘယ်သူလဲ။
သူ၏ တစ်သက်တာတွင် တစ်ကြိမ်တစ်ခါမျှ အသုံးမပြုရသေးသော၊ သူ၏ ဦးနှောက်ထဲမှ အကန့်အလွှာ အသစ်ကျပ်ချွတ်များ ထဲသို့ မွှေနှောက်ထိုးဆွကာ... သူ့ရှေ့မှောက် ရောက်နေ သော ပုစ္ဆာကြီးတစ်ပုဒ်၏ အဖြေကို.... သန်းဆိုင် အသည်းအသန် ဇွဲထန်ထန် ရှာဖွေလျက် ရှိသည်။ သူ့မျက်နှာ ပြဲပြဲဖောင်းဖောင်းကြီးသည် နီးမြန်းလျက်၊ နဖူးမှာ ချွေးသီးတွေ စို့နေ၏။ သူ့နှာခေါင်းကြီးမှာလည်း အဆီတဝင်းဝင်းနှင့် ရှုံ့ပွ ရှုံ့ပွ ဖြစ်နေလေသည်။
"သန်းဆိုင်... မင်းငါ့ကို ဒီလိုမျိုး မနောက်သင့်ပါဘူးကွား.... "
အိမ်နီးချင်း ကွမ်းယာဖောက်သည် ကားဒရိုင်ဘာ ကားအုံနာကြီး ဦးဘာဘူ ပျာယီး ပျာယာ ရောက် လာခြင်း ဖြစ်၏။ သူ့လေသံမှာ စိတ်ဆိုးဟန်တော့ မပါ။ သို့သော်... မသိမသာ ကျွဲမြီးတို နေဟန် ရှိသည်။ ဦးဘာဘူ က ကွမ်းယာထုပ်ကြီးကို သန်းဆိုင်ရှေ့၊ ကွမ်းယာခုံပေါ်သို့ ဖုတ်ခနဲ ပစ်ချလိုက်သည်။ သန်းဆိုင် ကြောင်စီစီ ဖြစ်သွားသည်။
"ဦးဘာဘူ ... ကျုပ် ဘာ ဘာ နောက်လို့လဲဗျာ ဟင်"
"ဘာနောက်သလဲဆိုတာ သိချင်ရင်... မင်းကွမ်းယာတွေကို မင်းဖွင့်ကြည့် စောစောက ငါ့မြေး ဗိုကပူကို မင်းဆီမှာ ကွမ်းအဝယ်ခိုင်းလိုက်တာ၊ ပြန်လာတော့ ခံတွင်းချဉ်တာနဲ့ ချက်ချင်း ကောက်ဝါးကြည့် တယ်၊ ပေါ့ရွှတ်ရွှတ်ကြီး ဖြစ်နေတယ်၊ နောက်တစ်ယာ ဝါးတယ်၊ ပထမဥစ္စာ အတိုင်းပဲ၊ ဘယ် လိုကြီးဖြစ်နေမှန်း မသိဘူး၊ ဒါနဲ့ ..... မသင်္ကာ တာနဲ့ ကွမ်းယာတွေ ဖွင့်ကြည် မှ..... တစ်ယာမှ ထုံးမပါဘူး ဆိုတာ တွေ့ရတယ်။ မင်းကိုယ်တိုင် ယာပေးလိုက်တာလို့ ဗိုက်ပူ က ပြောတယ်ကွ... "
သန်းဆိုင်က ယောင်ချာချာနှင့်ပင် ကွမ်းယာတွေကို ကတုန်ကယင် ဖြေကြည့်သည်။ ဟုတ်နေ သည်။ တစ်ယာမှ ထုံးဆွတ် မထား၊ စိတ်ကယောင်ချောက်ချား ဖြစ်နေချိန်မို့ သည်လို မေ့လျော့ပေါ့ဆ သွားတာပဲဖြစ်မည်။ ခွင့်လွှတ်ကြပါ။
"စိတ်မရှိနဲ့ ဦးဘာဘူရာ..... ဟိုကာတွန်းစာအုပ်ထဲမှာ ရေးထားသလိုပေါ့ဗျာ မှားတဲ့အခါ လည်း မှားပေမပေါ့.... ဟဲဟဲဟဲ"
မဟချင်သော ပါးစပ်ကို ဟ၍ မထွက်ချင်သော အသံကို ဖျစ်ညစ်ထုတ်လိုက်ရ၏။ အရှုံးခံပြီး ကွမ်းယာ (၅၀)ကျပ် ဖိုး အသစ်ပြန်ယာပေး လိုက်ရသေး၏။ (ဂြိုလ်မ.... ဂြိုလ်မ ... စန်းချို ကြောင့် ဖြစ်ရတာ၊ နေနှင့်ဦး.... သင်း အိပ်ရာက ထမှ သိမယ်) သည် အချိန်မှာ .... မစန်းချို ဟောက်လို့ကောင်းတုန်းပါ။ (၈) နာရီနီးပါးကျမှ အိပ်ရာက ထမှာဖြစ် သည်။ မနက်(၄)နာရီ၊ အိပ်ယာက ထတတ်သော ခေါင်းရွတ်ဈေးသည်မကလေး စန်းချိုမှ မဟုတ်တော့ပြီပဲ။
"ဒီမယ် ကိုသန်းဆိုင်၊ ခင်ဗျားကိုယ်ခင်ဗျား ကမ္ဘာ့ ဘဏ်ဥက္ကဌကြီး အောက်မေ့နေလား" ဟု ပြုံး ဖြဲဖြဲ ပြောရင်း၊ ဆိုက်ကား သမား ရန်ပိုင် ရောက်လာပြန်သည်။ သူ့လက်ထဲတွင် တစ်ရာကျပ် တန်ငွေစက္ကူ တစ်ရွက် ကို ဖြန့်လျက်သား ကိုင်ထား၏။
"ဟေ့ကောင် စောစောစီးစီး... နောက်တီးနောက်တောက် လာမလုပ်နဲ့"
"ခင်ဗျား တော်တော်ခက်တဲ့လူပဲ၊ ကျုပ် ဘာမှ နောက်တီးနောက်တောက် အလုပ်ဘူး ခုနက တုန်းက ကျုပ်ဆေးလိပ် လာဝယ်တော့ ငါးရာတန်ထုတ်ပေးလို့ ခင်ဗျားပြန်အမ်းတာ ရာတန်တစ် ရွက် ပိုလာတယ်၊ ရော့.... ဒီမှာ ဒီတစ်ခါတော့ ပြန်ပေးလိုက်မယ်၊ နောက်တစ်ခါဆိုရင်တော့ ဆောရီးပဲနော်.... "
ရန်ပိုင့် ကို (ကျေးဇူးပဲကွာ) ဟူသော ဘာမှ အပန်းမကြီးလှသော စကားတစ်ခွန်းပင် ပြန်မပြော အား၊ သူ့လည်ချောင်းထဲမှာ တစ်ဆို့လျက် အသက်ရှုကျပ်သလိုလို ယောင်မှားခံစား နေမိပြန် လေသည်။ အပူအတွေးလှိုင်းတွေ ရင်ထဲမှာ ဘောင်ဘင်ခတ်လျက်၊ ဦးခေါင်းချာချာလည် နေစဉ် ဈေးရောင်းရင်း ငွေယူငွေအမ်း အလုပ်ထဲမှာ ပုံမှန်အတိုင်း အာရုံမစိုက်နိုင်တော့ပါ။ ရန်ပိုင့်ကို ခင်မင်ရင်းနှီးသူမို့ ပိုအမ်းမသော ငွေကို ပြန်ပေးခြင်းဖြစ်သည်။
ရထိုက်လို့ရတဲ့ ငွေပဲ ဟူသော အတ္တသမားနှင့်တွေ့လျှင်.... ငွေတစ်ရာ အချောင်ဆုံးမည်။ ဒီမနက်... ငါငွေတွေကို ပိုအမ်းမိတာ ဘယ်နှဦးရှိသွားပြီလဲမသိဘူး၊ ဘယ်နှဦးရှိရှိကွာ၊ ဒီဈေးဆိုင်မှာ ရောင်းချင်တဲ့ စိတ်တောင် မရှိတော့ဘူး... စန်းချို စန်းချို သူ့ရုပ်သူ့ရည် သူ့အရွယ်နဲ့ နန့်ကြောကထချင် သေးတယ်၊ ဒီကုလားဒိန်နဲ့ ဘယ်လို ကဘယ်လို တွဲမိကြပါလိမ့်... ၊ သူ့ကို ငွေကိုင်ရာထူး အပ် ခဲ့မိတာ နောက်ဆုံးတော့ ငွေကောလူပါ ကုလား လက်ထဲ ရောက်တော့မှာပါလား... ။ သန်းဆိုင် သည် မျက်လုံးတွေ ဖွင့်ထားလျက်က စန်းချို ၏ ခေတ်လွန်ပုံပျက် အလှ မွမ်းမံထားသော ရုပ်သွင်ကို မြင်ယောင်ကာ၊ လက်တွေ့မျက်တွေ့ အမြင်၌မူ အာရုံတွေ မှောက်နေသည်။
ဆက်ရန်
.

No comments:
Post a Comment