Thursday, August 23, 2012

မောင်ပေါ်ထွန်း ဘာသာပြန် ရေမြေခြားသော်လည်း အပိုင်း (၁)

ဘာသာပြန်သူ၏အမှာ

တစ်ခါတစ်ရံ မိမိအိမ်သို့ မျှော်လင့်မထားသည့် "မခေါ်ပင့်ချေ" ဧည့်သည် ရုတ်တရက် ရောက်လာ တတ်သည်ကို စာဖတ်သူလည်း ကြုံဖူးပါလိမ့်မည်။ ယင်းသို့ ရောက်လာလျှင်လည်း အိမ်ရှင်အဖို့ ၀မ်းသာပျော်ရွှင်ရသည့် အဖြစ်မျိုးက များတတ်ပါသည်။ ဤစာအုပ်မှာလည်း ကျွန်တော့်အဖို့ မမျှော်လင့်သည့် ဧည့်သည်ပင် ဖြစ်ပါသည်။
အဘယ်ကြောင့် ဆိုသော် ...

လွန်ခဲ့သည့် နှစ်ပေါင်း(၂၀)ခန့်က ဖြစ်သည်။ တစ်နေ့တွင် လမ်းဘေးစာအုပ်ဆိုင်တစ်ဆိုင်၌ ပလက်ဖောင်းပေါ်ဖြန့်ခင်း ထားသည့် စာအုပ်မျိုးစုံကြားတွင် New Year  စာအုပ်ကို အမှတ်မထင် မြင်မိ သည်။ ရေးသူမှာ နိုဘယ်ဆုရကမ္ဘာကျော်စာရေးဆရာမကြီး ပါးလ်အက်စ်ဘတ် (Pearl S. Buck) ဖြစ်နေသည်။ ကျွန်တော် သည် ဆရာမကြီး၏ ၀တ္ထုတွေကို သုံးလေးအုပ်လောက်သာ ဖတ်ဖူး ပြီး တော်တော်များများ မဖတ်ဖူးသော် လည်း မြင်ဖူး၍ နာမည်တွေကို သိနေသည်။ သို့သော် မြင်လည်းမမြင်ဖူးပါ။ ယခုမြင်ရတော့မှသာ ပါးလ်ဘတ် ၀တ္ထုမှန်းသိရခြင်း ဖြစ်သည်။ ၀တ္ထုက ခပ်ပါးပါး၊ စာမျက်နှာ ၂၀၀ပင် မပြည့်ပါ။ ဈေးနှုန်းမေးကြည့်တော့ (၁၀)ကျပ် ဟု ဆိုသည်။ ရှစ်ကျပ် နှင့်ဆစ်၍ ၀ယ်လာခဲ့သည်။ သို့သော်လည်း မဖတ်အားသေး ၍ စာအုပ်စင်ပေါ် တင်ထားလိုက်ပါ သည်။
နှစ်၊ လ၊ နေ့ရက် အတိအကျတော့ မမှတ်မိတော့ပါ။ မှန်းဆ ပြောရလျှင် New Year စာအုပ်ဝယ်လာ ပြီးနောက် လေးငါးလလောက်ကဟု ထင်ပါသည်။ တစ်နေ့တွင် လမ်းထဲက အိမ်နီးချင်းမာမီကြီး ဒေါ်ဖွားဖြူ ကျွန်တော့်ဆီ ရောက်လာပြီး ...

"ဟေ့ မောင်ပေါ်ထွန်း၊ ဖတ်စရာ Novel ဘာစာအုပ်ရှိသလဲ၊ မောင်ညွန့် သွေးတိုးလို့ ဆေးရုံတတ် နေတယ်၊ အပျင်းပြေ ၀တ္ထုဖတ်ချင်လို့တဲ့၊ ဒါနဲ့ ပါးလ်ဘတ်ဝတ္ထုတွေထဲက ဘာတွေရှိသလဲ"
"လောလောဆယ် တစ်အုပ်တော့ ရှိတယ် မာမီ၊ နာမယ်က New Year တဲ့၊ ကျွန်တော်လည်း မဖတ် ဖြစ်သေးဘူး၊ အဟောင်းဆိုင် မှာ တွေ့လို့ ၀ယ်လာခဲ့တာ၊ အဲဒီစာအုပ် ယူသွားပါလား၊ ကိုညွှန့် ဖတ်ကြည့်လို့ ကြိုက်ရင် ဘာသာပြန်သင့်ပြန်ရတာပေါ့"

"အေး ... ကောင်းတယ်၊ အဲဒီစာအုပ်ပေးလိုက်ပါ၊ မာမီက ပါးလ်ဘတ် ပရိသတ်ကွယ့်၊ သူ့ဝတ္ထုတွေ တော်တော် များများ ဖတ်ဖူးတယ်၊ New Year ကိုတော့ မဖတ်ဖူးသေးဘူး၊ ခုတော့ မျက်စိလည်း သိပ်မကောင်းတော့ စာဖတ်နားထား လို့ ၀တ္ထုနဲ့ အဆက်ပြတ်သွားပြီး"
မာမီကြီးမှာ အသက် ၇၀ကျော်ပြီ၊ မော်လမြိုင် မစ်ရှင်ကျောင်းဆရာမ (အငြိမ်းစား) ဖြစ်သည်။ သူ့သားကို ညွှန့်မြင့် ကတော့ ကုန်သွယ်ရေး (၁) ဇုန်မန်နေဂျာ (ငြိမ်း) ဖြစ်ပြီး လူငယ်ရေးရာ ညကျောင်း ဆရာနှင့် စေတနာ့ဝန်ထမ်းကျူရှင်ဆရာ လုပ်နေသည်။ အင်္ဂလိပ်စာတော်ပြီး စာသင်ပြ လည်း ကောင်းသည်။ စာဖတ် ၀ါသနာပါသူဖြစ်၍ ကျွန်တော်နှင့် ခင်မင်ရင်းနှီးသည်။
နောက်လေးငါးရက်လောက်အကြာတွင် မာမီကြီး ကျွန်တော့်ဆီ ရောက်လာပြန်သည်။

"ဟေ့ မောင်ပေါ်ထွန်း၊ နင်တော်တော်ညံ့တာပဲ၊ ဒီလောက် ကောင်းတဲ့ဝတ္ထု ဘာလို့ ဘာသာမပြန် သေး တာလဲ၊ မောင်ညွှန့်က ကြိုက်လွန်းလို့ မာမီ ဆက်ဆက်ဖတ်ကြည့်ပါဆိုတာနဲ့ ငါလည်း ဖတ်ကြည့်တာ နေ့ဝက် တစ်ထိုင်တည်း နဲ့ ပြီးသွားတယ်၊ သိပ်ကောင်းတယ်၊ ဖတ်ကြည့်စမ်းပါ၊ ပြီးရင် ဘာသာပြန်ဖြစ်အောင် ပြန်ပါ" ဟု လှိုက်လှိုက် လှဲလှဲ တိုက်တွန်းပါသည်။
သည်လိုနှင့် New Year  ကို ကျွန်တော် ဖတ်ဖြစ်သွားသည်။ ကိုညွှန့်တို့သားအမိလိုပဲ ကျွန်တော် လည်း ကြိုက် သွား ပါသည်။

လူမျိုးကွဲချင်းအိမ်ထောင်ပြုမိရာမှ ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ပြဿနာကို မေတ္တာစေတနာ အပြည့်ဖြင့် ဖြေရှင်း ထားသည်ကို အလွန်နှစ်သက်မိ၍ ဘာသာပြန် ဖြစ်သွားပါသည်။
ကွယ်လွန် သွားရှာပြီဖြစ်သော မာမီကြီး ဒေါ်ဖွားဖြူနှင့် သားဖြစ်သူ ဦးညွှန့်မြင့်တို့၏ ကျေးဇူးကို အာရုံပြုလျှက် ...။

မောင်ပေါ်ထွန်း
(၂၄-၄-၁၁)

ရေမြေခြားသော်လည်း

"ကလင်.... ကလင်.... ကလင်... "
မီးဖိုခန်း စားပွဲပေါ်မှ တယ်လီဖုန်း မြည်သံ ရုတ်တရက် ပေါ်ထွက်လာသည်။
ဂရီတာက မီးဖိုချောင်ဝတ် အဖြူရောင် ရှေ့ဖုံး ခါးစည်း အကျီကလေးကို လက်ဖြင့် အသာအယာ ပွတ်သပ် လိုက်ပြီးတော့ မှ စကားပြောခွက်ကို ကောက်ကိုင်လိုက်သည်။
အိမ်ရှင်မ ဖြစ်သူ မစ္စက် ခရစ္စတိုဖာလော်ရာ ဝင်းတား၏ ကြည်လင်ထိုအေးသော အသံကို ကြားရ သည်။
"မင်္ဂလာ နံနက်ခင်းပါ ဂရီတာ။ ငါ နယူးယောက်မှာပဲ ရှိသေးတယ်။ အခု အဲဒီက လှမ်းဆက်တာ၊ ဒါနဲ့ ညည်းအစ်ကိုကြီး အောက်ထပ်ရောက်နေပြီလား"
"မရောက်သေးပါဘူး၊ မမ အစ်ကိုကြီး အပေါ်ထပ်မှာပဲ ရှိနေပါသေးတယ်"

"အေး .... ကောင်းတယ် ... ကောင်းတယ်။ သူ့ကို အောက်ထပ် မဆင်းပါစေနဲ့ကွယ်။ သူက အောက် ထပ် ဆင်းလာရင် အပြင်ထွက်မှာ စိုးလို့ပါ။ မနေ့ညက ငါ့ဆီ ဒေါက်တာ ဖုန်းလှမ်းဆက်တယ်၊ သူ့ တုပ်ကွေးရောဂါ အခြေအနေက ပေါ့ပေါ့မဟုတ်ဘူးတဲ့၊ အဲဒါကြောင့် သူ့အနေနဲ့ အိပ်ရာထဲမှာပဲ သက်သောင့်သက်သာ နေပါစေ သိလား၊ အစာကိုလည်း အဖတ်လုံးဝ မစားစေနဲ့။ အရည်ကလေးပဲ တစ်နေ့လုံး တိုက်ပေးပါ .... နော်"
"ကျွန်မက သူ့ကို အိပ်ရာထဲ နေခိုင်းလို့ရမှာ မဟုတ်ဘူး... မမရဲ့။ သူကလည်း ဘယ်နည်းနဲ့မှ နေမှာ မဟုတ်ဘူး။ ဒါနဲ့ မမ ဒီနေ့ အိပ်ပြန်လာမယ်ဆို။ ကျွန်မကို မမ အဲဒီအတိုင်းပဲ ပြောသွားတယ် မဟုတ် လား ဟင်"
"ဟုတ်ပါတယ်... ပြန်လာမလိုပပါပဲ၊ ဒါပေမဲ့... အခုတော့ မပြန်ဖြစ်တော့ဘူး။ ဆေးဝါးဖော်စပ်တဲ့ သမား တော်တွေ အစည်းအဝေး ရှိနေလို့ ဒီနေ့ပဲ အစည်းအဝေးလုပ်မယ်။ အဲဒီမှာ အဖွဲ့ဝင် တစ်ယောက် မတက်ရောက်နိုင်လို့ သူ့ကိုယ်စား ငါ တက်ရမယ်။ အဲဒါကြောင့် မို့လို့ပါ"

"သြော် ... ဟုတ်ကဲ့ မမ"
"အဲဒီတော့ သူ့ကို အိပ်ရာထဲက ဘယ်မှ မသွားပါစေနဲ့ကွယ်။ နိုင်အောင် ထိန်းထားစမ်းပါနော်"
"ဟုတ်ကဲ့ပါ မမ... ကျွန်မ တတ်နိုင်သမျှ ကြိုးစားပြီး ... အိုး... ဘုရားရေ ပြောရင်းဆိုရင်း သူ အခုပဲ အောက်ထပ် ဆင်းလာပြီ မမ" သူမက တံခါးဘက်သို့ လှည့်ကြည့်လိုက်ပြီး
"ဒီမှာ ... အစ်ကိုကြီး မမက စကားပြောချင်လို့တဲ့" "အိုကေ ဟန်ကျတာပဲ၊ အိပ်ရာထ မနက်ခင်းကို ဒီလို စရတာ သိပ်ကောင်းတယ်၊ မင်္ဂလာရှိတာပေါ့" ခရစ္စတိုဖာဝင်းတားက ဂရီတာထံမှ စကားပြောခွက်ကို လှမ်းယူရင်း ပြောလိုက်သည်။ ထို့နောက် တဟွပ်ဟွပ်ဖြင့် ချောင်းဆိုးနေသည်။ သူက ဘာစကား မှ ပြန်မပြောနိုင်မီတွင်ပင် တစ်ဖက်မှ ဇနီးသည် ၏ အသံက သူ့နားထဲသို့ ဝင်လာသည်။

"ဘယ့်နှယ်... မောင်။ အခြေအနေ ပိုဆိုးနေသလိုပါပဲလား... ဟင်"
"အိုး... မဆိုးပါဘူးကွယ်။ ကိုယ် ဘာမှ မဖြစ်ပါဘူး။ ကိုယ် နေကောင်းပါတယ်။ အခြေအနေ အများကြီး ကောင်းပါတယ် လော်ရာ..။ ဘာမှ မပူပါနဲ့... စိတ်ချပါ"
"မောင်... ဒီနေ့ ဘယ်သွားစရာ ရှိသေးသလဲ..ဟင်။ ဘယ်မှ မသွားပါနဲ့လား မောင်၊ အိမ်မှာပဲ နားနား နေနေ နေလိုက်ပါဦးလား နော် မောင်"
"အိမ်မှာနေလို့ မဖြစ်သေးဘူး... လော်ရာ။ မနက်စာ စားပြီးရင် ဘားမင်းရောက်လာလိမ့်မယ်။ သူရောက်လာရင် ဌာနချုပ် ကို ချက်ချင်း လိက်သွားရမယ်" "ဒါနဲ့... ဒေါက်တာနဲ့ကော တွေ့ပြီးပြီလား"
"တွေ့ပြီးပြီ။ မနေ့ညက တွေ့ပြီးပြီ"

"ကျွန်မဆီ ပြန်ဆက်ပါ... မောင်။ ခုနစ်နာရီဆိုရင် ကျွန်မ ဟိုတယ် ပြန်ရောက်မယ်။ မောင် ဒီအတိုင်း သာ ကိုယ့်ကိုယ် မညှာမတာ လုပ်နေရင်တော့ ကျွန်မ ကြာကြာနေလို့ မဖြစ်ဘူး။ ပထမ အသုတ် လေယာဉ် နဲ့ ပြန်လိုက်လာခဲ့မယ်"
"ကိုယ့်အတွက် ဘာမှမပူပါနဲ့ကွယ်။ ကိုယ် ဘာမှ မဖြစ်တော့ပါဘူး။ နေကောင်းနေပါပြီ"
"ဒီမှာမောင်.... "
"ဘာလဲ.. လော်ရာ"
"မောင့်ကို ကျွန်မ ဘယ်လောက်ချစ်တယ်ဆိုတာ မောင် သေသေချာချာကော သိရဲ့လားဟင်"
"မင်းက ကိုယ့်ကို အဲဒီအကြောင်းကော ပြောဖူးလို့လားဟင်"
"အမယ်လေး ပြောဖူးတာက ဟိုဘက်တောင်လွန်ပါသေးတယ်မောင်။ ကျွန်မ မောင့်ကို အဲဒီအကြောင်း နေ့တိုင်း လိုလို ပြောဖူးပါတယ်"
"ဒါဆိုရင်တော့ ကိုယ် သိပါတယ်။ ကိုယ် သေသေချာချာ သိပါတယ်"

အဲဒီလို သိတာ ကျွန်မလည်း သဘောကျပါတယ်။ ဝမ်းလည်း သာပါသတဲ့ရှင့်.... "
"ဟင့်အင်း မယုံပါဘူး၊ အလကား သူ ညာတာ"
သူက ဖုန်းကို ဆတ်ခနဲပ ပြန်ချလိုက်သည်။ သူ့ ချောင်းဆိုးသံကို တစ်ဖက်မှ သူ့မိန်းမ ကြားသွားမည် စိုးသောကြောင့် ဖြစ်သည်။
သူက အဝေးရောက်နေသော သူ့မိန်းမ စိတ်ချမ်းသာအောင် နေကောင်းပါတယ်။ ဘာမှမပူပါနဲ့ဟု ပြော လိုက်သော် လည်း အဖြစ်မှန်ကတော့ ဆန့်ကျင်ဘက် အခြေအနေတွင် ရှိနေသည်။ အမှန်ကတော့ သူ့ ကျန်းမာရေး အခြေအနေမှာ စိတ်ချရလောက်အောင် မကောင်းသေး။ တုပ်ကွေး ဒဏ်ကြောင့် ကိုယ် လက်တွေ တောင့်တင်း ကိုက်ခဲနေဆဲ ရှိသေးသည်။ တစ်ခါတစ်ခါ ချောင်းဆိုးပင် ဖောက်လာတတ် သေးသည်။ ထို့ကြောင့်လည်း ယနေ့မနက် အိပ်ရာမှ ထပြီးနောက် နံနက်စာ စားရန်အောက်ထပ်သို့ ဆင်းမလာမီတွင် ခါတိုင်း လို အဝတ်အစားပင် မလဲနိုင်ခဲ့။ မုတ်ဆိတ်ရိတ်။ ရေမိုးချိုးပြီးနောက် အညို ရောင် သိုးမွေး ရေလဲ ဝတ်ရုံကြီး ကိုသာ ကောက်စွပ်လာနိုင်ခဲ့သည်။

ယခုတော့ သူ နံနက်စာ စားပွဲတွင် အခန့်သား ထိုင်နေပြီ။
ဂရီတာ အဆင်သင့် ပြင်ထားသော လိမ္မော်ရည် ဖန်ခွက်ကြီးကို ကောက်ကိုင်ပြီး အားရပါးရ မော့ သောက် လိုက်သည်။ အက်စစ်ဓာတ်က လည်ချောင်းကို စူးစူးရှရှ ဖြတ်ဆင်းသွားသဖြင့် သူ့မျက်နှာ ရှုံ့မဲ့ သွားသည်။
"ဂရီတာ ကော်ဖီ လုပ်ပါဦး" သူက မီးဖိုခန်းဘက်သို့ လှမ်းပြောလိုက်သည်။
"ဟုတ်ကဲ့... လာပါပြီ အစ်ကိုကြီး" ဂရီတာက ကော်ဖီအိုးကို သူ့ရှေ့မှာ လာချသည်။

"ဒါနဲ့... အစ်ကိုကြီး ကြည့်ရတာ အဖျား မပြတ်သေးဘူးနဲ့ တူတယ် ဟုတ်လားဟင်"
"မနေ့ကလောက်တော့ မဆိုးတော့ပါဘူး၊ ဒီနေ့ စာတွေ မရောက်သေးဘူးလား.... ဂရီတာ"
"ဟုတ်ကဲ့... အစ်ကိုကြီး။ ကျွန်မ အခုပဲ သွားကြည့်လိုက်ပါ့မယ်"
သူမက ငွေကရားအိုး မှ အငွေ့ တထောင်းထောင်း ထွက်နေသော ကော်ဖီပူကို သူ့ ကော်ဖီပန်းကန်ထဲ သို့ ငှဲ့ထည့်ပေး သည်။ ပြီးတော့ အိမ်ရှေ့တံခါးသို့ ထွက်လာခဲ့သည်။
မစ္စတာဝင်းတားထံ လာသော စာတွေအနက် အများစုမှာ သူ၏ ရှေ့နေ လုပ်ငန်းဌာန လိပ်စာဖြင့်သာ ရောက်လာတတ်ကြသည်။ သို့သော် ယနေ့တွင်ကား သူ့ဇနီး မစ္စက် ခရစ္စတိုဖာ ဝင်းတား လိပ်စာဖြင့် လာသော စာတွေထဲတွင် သူ့နာမည်နှင့်လည်း စာတစ်စောင် ရောပါလာသည်။ စာအိတ်က ပါးပါး ကလေး ။စာအိတ်ပေါ် တွင် ကပ်ထားသော တံဆိပ်ခေါင်းက နိုင်ငံခြား တံဆိပ်ခေါင်း။

ဂရီတာက စာအိတ်အားလုံးကို စားပွဲပေါ် တင်ပေးလိုက်ရင်း....
"ရော့ အစ်ကိုကြီး။ ဒါ ဒီနေ့ လာတဲ့စာ အားလုံးပဲ။ အစ်ကိုကြီးအတွက်လည်း တစ်စောင်ပါတယ်၊ တံဆိပ် ခေါင်းတော့ ကျွန်မလိုချင်ပါတယ်။ ဘယ်နိုင်ငံကလဲ မသိဘူး"
မစ္စတာဝင်းတား က ပြာညိုရောင် စာအိတ်ကို ကောက်ယူလိုက်သည်။
"ကိုရီးယားက လာတာပါ"
"ဟင် ကိုရီးယားက ဟုတ်လား၊ အစ်ကိုကြီးမှာ ကိုရီးယားက အသိရှိလို့လားဟင်"
"ရှိမယ် မထင်ပါဘူး၊ ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်လောက်ကတော့ ငါ ကိုရီးယားမှာ နေခဲ့ဖူးတယ်၊ ကိုရီးယား စစ်အတွင်းကပါ" "သြော်... ဟုတ်လား၊ ဒါနဲ့ အခုကော အစ်ကိုကြီးအနေနဲ့ ကိုရီးယားကို ပြန်သွားချင်စိတ် ရှိသေးသလား ဟင်" "မရှိတော့ပါဘူး အိုး... အင်း... ဟုတ်ပါတယ်။ ငါ ကိုယ့် နိုင်ငံပြန်လာရတာကိုပဲ သိပ်ပြီး ဝမ်းသာမိခဲ့ တယ်" "အစ်ကိုကြီး စစ်ထဲလိုက်သွားတုန်းက အစ်ကိုကြီးနဲ့မမတို့ လက်ထပ်ကြပြီးပြီလား အစ်ကိုကြီး"

"ဟုတ်တယ်။ တို့ လက်ထပ်ကြပြီးပြီ။ လက်ထပ်ပြီး သုံးရက်အကြာမှာ ငါ စစ်ထဲ လိုက်သွားရတာ။ ကဲ ... ငါ့ကို ဝက်သားကင်နဲ့ ကြက်ဥပေးစမ်းပါဦး" "အိုး... ဟုတ်ပါရဲ့"
ဂရီတာ နေရာမှ ပြေးထွက်သွားသည်။ သူမ၏ မီးဖိုခန်းဝတ် အကျီမှ ခါးစည်းကြိုးတွေက တယမ်းယမ်း ပါသွားသည်။
မစ္စတာဝင်းတားက စာအိတ်ကို စေ့စေ့စပ်စပ် စစ်ဆေးကြည့်သည်။ စာအိတ်၏ လက်ဝဲဘက်ထောင့် စွန်းတွင် ကိုရီးယား နာမည် တစ်ခုကို ရေးထားသည်။ သို့သော် အစ နာမည် ကင် တစ်လုံးကိုသာ ဖတ်လို့ ရတော့သည်။ နောက်ဆုံး စာလုံးမှာ ရေစိုထား၍ မှုန်ဝါးနေသည်။
သူက စာအိတ် ကို ထောပတ်သုတ် ဓားကလေးဖြင့် ထိုးဖွင့်လိုက်သည်။
စာရွက်ချောချော ပါးပါးကလေး တစ်ရွက် ထွက်လာသည်။
စာရွက်ခေါက်ကို ဖြန့်လိုက်သည်။

အင်္ဂလိပ်စာနှင့် ရေးထားသည်။ လက်ရေးတွေက မညီမညာ။ ကလေး လက်ရေးလို။
ပထမဆုံး စာကြောင်းဆီသို့ မျက်လုံးရောက်သွားသည်။

သားမောင်... လေးစားစွာ စာရေးလိုက်ပါတယ်... အမေရိကန် ဖေဖေ။
နောက်တစ်ကြောင်းကလည်း ရှင်းနေသည်။
ဖေဖေ့ဆီကို ဘယ်တော့မှ စာ မရေးရဘူးလို့ မေမေက ပြောပါတယ်။
စာကြောင်းဆုံးလျှင် ဆုံးချင်း သူ သိလိုက်ပြီ။ ဘယ်သူ့ထံမှ စာဆိုတာကို သူ ချက်ချင်း မှတ်မိလိုက်ပြီ။
သူက စာရွက်ကို စားပွဲပေါ် ပြန်ချပြီး တခြား စာတွေနှင့် ဖုံးထားလိုက်သည်။

ထိုစဉ် ဝက်သားကင်နှင့် ကြက်ဥဗန်းကို ယူကာ ဂရီတာ ဝင်လာသည်။

"ကျေးဇူးပဲ ဂရီတာ"
ဂရီတာ ပြန်ထွက်သွားသည်။ စားပွဲတွင် သူ တစ်ယောက်တည်းသာ ရှိတော့သည်။
သူ့အနေဖြင့် စိတ်ကို တတ်နိုင်သမျှ ထိန်းထားရမည်။
စောစောက စာရွက်ကို ပြန်မယူဘဲ သူ့ရှေ့မှ စားစရာတွေကိုသာ စတင် ကောက်စားသည်။ သို့သော် အစားအသောက် တွင် စိတ်မရောက်။ တခြားသို့သာ ရောက်နေသည်။ သူ စိတ်တခြား လူတစ်ခြား ဖြစ် နေပြီ။
ဟုတ်ပါတယ် ဖြစ်နိုင်တာကတော့ တကယ် ဖြစ်နိုင်ပါတယ်။

သူ ကိုရီးယားမှ သင်္ဘောနှင့် ထွက်လာချိန်တွင် ကလေးမှာ တစ်လသားအရွယ်သာ ရှိသေးသည်။ သူက အမေရိကန် သို့ မပြန်ဘဲ ကိုရီးယားတွင်ပဲ ဆက်လက် နေထိုင်ရန် တတ်နိုင်သမျှ ကြိုးစားခဲ့သေးသည်။
သည်အတွက် သူ့ကိုယ်သူ ပြန်လည် ဖြေသိမ့်မိသည်။ သူ့ကိုယ်သူ ပြန်လည် ခွင့်လွှတ်မိသည်။
"မငိုပါနဲ့တော့ ဆွန်ယာရယ် ကိုယ်တောင်းပန်ပါတယ်။ အချစ်ရယ်။ ကျေးဇူးပြုပြီး မငိုပါနဲ့တော့ကွယ်"
သူ့အသံ ကို သူ ပြန်လည် ကြားယောင်လာသည်။
နုနယ်သော ပူဆွေးအက်ကွဲသော သူ့အသံသည် ရှည်လျားသော အတိတ်ကာလကို ဖြတ်ကျော်ကာ ခမ်းနား လှပသော သူ့ အိမ်ကြီး၏ တိတ်ဆိတ်ငြိမ်သက်သော စားသောက်ခန်းထဲသို့ ပဲ့တင်ရိုက်ခတ် ရောက်ရှိလာသည်။

ဤအိမ်ကြီးကား သူနှင့် သူ၏ချစ်ဇနီး လော်ရာတို့ ပျော်ရွင်စွာ နေထိုင်ကြသော သီရိဂေဟာပင် ဖြစ် သည်။ သူတို့ ဇနီးမောင်နှံ တွင် သားသမီးရတနာ တစ်ယောက်မျှ မထွန်းကားသော်လည်း သူတို့ နှစ်ယောက် ပျော်ရွှင်ကြ သည်။ စိတ်ချမ်းမြေ့ကြည်။ တစ်ယောက်အပေါ် တစ်ယောက် ငုံထားမတတ် ချစ်မြတ်နိုးကြသည်။
သူတို့ ဇနီးမောင်နှံသည် အစတုန်းကလည်း ချစ်ခဲ့ကြသည်။ ယခုလည်း ချစ်ကြည်။ နောက်ကိုလည်း သေတစ်ပန် သက်တစ်လုံး မမုန်းတမ်း ချစ်သွားကြမည်။
စားသောက်ခန်း တစ်ခန်းလုံးသည် သူ့မျက်စိ အာရုံတွင် တဖြည်းဖြည်း မှုန်ဝါးကာ လုံးဝ ပျောက်ကွယ် သွားသည်။ တစ်သက်လုံး ဘယ်တော့မှ ပြန်မပေါ်လာနိုင်တော့ဟု သူက စွဲစွဲမြဲမြဲ ယုံကြည်နေခဲ့သော အတိတ်ဇာတ်ကြောင်း သည် သူ့မျက်စိထဲတွင် ပီပြင်စွာ ပြန်ပေါ်လာသည်။

တကယ်တော့ ဘယ်သူမပြု မိမိမှုပင် ဖြစ်တော့သည်။ သူ ကိုယ်တိုင်၏ မလိမ္မာ မိုက်မဲမှုပင် ဖြစ်တော့ သည်။ သူ သည်မျှ မိုက်မဲလိမ့်မည်ဟု သူ့ကိုယ်သူ လုံးဝ မထင်ခဲ့။ လုံးဝ မယုံခဲ့။
ထိုစဉ်က သူ့အသက် က ၂၄နှစ်။ လူတစ်ယောက်အနေဖြင့် ၂၄နှစ်ဆိုလျှင် လူလားမြောက်ပြီ။ ဤ အလုပ်ကား အမှန်ဆိုသည်ကို ခွဲခွဲခြားခြား ကွဲကွဲပြားပြား သိသင့်ပြိ။
သို့သော် သူကား အမှားအမှန်ကို ခွဲခြားမသိခဲ့။ ထို့ကြောင့်လည်း မိမိကမ္ဘာနှင့် ခြားနားသော တစ်ခြား ကမ္ဘာတစ်ခု သို့ မမျှော်လင့်ဘဲ ရုတ်တရက် ရောက်ရှိသွားသောအခါ မိမိကိုယ်ကို ဘယ်တော့မှ ခွင့်မ လွတ်နိုင်သော အမှားကြီး တစ်ခုကို နဖူးတွေ့ ဒူးတွေ့ ကျူးလွန်မိပါလေတော့သည်။

သူသည် သူ့အဘိုး သူ့ဖခင်တို့ကဲ့သို့ပင် လှပခမ်းနားသော ဘိုးစဉ်ဘောင်ဆက်ပိုင် ဤအိမ်ကြီး တွင်ပင် မွေးဖွားခဲ့သည်။ ဤ အိမ်ကြီးသည်ပင် ဆီလ် ဗေးနီးယား ပြည်နယ် ဖီလာဒေးလ်ဖီးယား မြို့မှ "ရစ်တင်ဟောက်စ်" ရင်ပြင်ရှေ့တွင် တည်ရှိသည်။ ဤအိမ်ကြီးတွင် မိဘ အရိပ်အာဝါသ အောက် ၌ နေထိုင်ရသည်မှာ သူ့အဖို့ ဘာတစ်ခုမှ လိုလေသေးမရှိ ပြည့်စုံ အေးချမ်းလှသည်။ သူ့ဘဝသည် ယင်းသို့ပင် တစ်သက်လုံး အေးချမ်းစွာ နေထိုင်သွားရလိမ့်ဟုလည်း အလေးအနက် စွဲမှတ် ယုံကြည် ထားခဲ့သည်။
သို့သော် တကယ့် အဖြစ်မှန်ကောတ့ သူ မျှော်လင့်သလို ဖြစ်မလာခဲ့။ ကံကြမ္မာ အပြောင်းအလဲသည် သူ့အား ဇာတိဌာန ချက်မြုပ်မြေမှ စွန့်ခွာကာ အာရှတိုက် မှ ရှေးအကျဆုံး ထိုနိုင်ငံသို့ ရုတ်တရက် ပြောင်းရွှေ့ ပစ်လိုက်သည်။ သူသည် ဘာမှ မပြင်ဆင်လိုက်ရဘဲနှင့် ဘာမှ မစဉ်းစားလိုက်ရဘဲနှင့် စစ်မြေပြင် သို့ ရောက်ရှိသွားခဲ့ရသည်။
ပထမဦးစွာ အခြေခံစစ်သင်တန်း ခြောက်လတတ်ရသည်။ သင်တန်းဆင်းပြီးပြီးချင်း သူတို့တပ်ရင်းကို ကိုရီးယားနိုင်ငံ သို့ ချက်ချင်း ပို့လွှတ်သည်။ ထိုအချိန်က ကိုရီးယားတွင်း တောင်ပိုင်းနှင့်မြောက်ပိုင်း ခွဲခြမ်းရေး စစ်ပွဲကြီး အပြင်းအထန် ဖြစ်ပွားနေသည်။

သို့သော် သူ့အနေဖြင့် ကံကောင်းသည်ဟု ဆိုရမည်။ သူသည်နောက်ဆုံး အရှုံးအနိုင် စစ်ပွဲကြီး မပြီးခင် ကလေး တွင် ရှေ့တန်း သို့ ရောက်ရှိလာသည်။ မကြာမီတွင် စစ်ကြီး ပြီးဆုံးသွားသည်။
သူ စစ်မတိုက်ရတော့။ သူတို့အားလုံး လုံးဝ စစ်နားခွင့် ရကြပြီ။
စစ်ကြီးပြီးသွားပေမဲ့ သူတို့ မပျော်ကြ။ စစ်သားတိုင်း အထီးကျန်ဖြစ်နေကြသည်။ အချိန်ရှိတိုင်း ဇာတိ ချက်ကြွေ မွေးရပ်မြေကိုသာ လွမ်းနေကြသည်။ ညီအစ်ကို မောင်နှမ မိဘဆွေမျိုးများ ကိုသာ အောက် မေ့နေကြသည်။
သူက သူ၏ပူပူနွေးနွေး ညားခါစ ချစ်ဇနီးကလေး လောရာထံသို့ စာတွေ အစောင်စောင် ရေးသည်။ သူမ ထံမှလည်း ပြန်စာတွေ တဖွဲဖွဲ ရောက်လာသည်။ သို့သော် ချစ်ဇနီး၏ အစောင်စောင် စာတွေကို အကြိမ်ကြိမ်ပြန်၍ လွမ်းစိတ်ကို ဖြေဖျော်ပါသော်လည်း အလွမ်းကား မပြေ။

သူတို့ ဇနီးမောင်နှံသည် တစ်ယောက်ကို တစ်ောက် ငုံထားမတတ် ချစ်ကြသည်။ သို့ပေမဲ့ ဘယ်နေ့ ဘယ်ရက် တွင် ချစ်ဇနီးကလေးနှင့် ပြန်လည်ဆုံတွေ့ရမည်ကို သူ လုံးဝမသိ။ ရပ်ဝေးမြေခြား နိုင်ငံတစ် ပါးသို့ ရောက်နေရသော သူ့ဘဝနှင့် သူ့ခံစားချက်များကို ချစ်ဇနီးကလေးထံ ဘယ်သို့ဘယ်ပုံ စာပြန် ရေးရမည် ဆိုသည်ကိုလည်း သူ မသိတော့။ စာနှင့် ရေးပြရန်ကို မဆိုးထားဘိ။ သည်မျှ ဝေးလံသော နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှနေပြီး မိမိချစ်ဇနီးကလေး၏ လက်ရှိ အခြေအနေနှင့် ခံစားချက်များကို စိတ်ကူးဖြင့် ဘယ်လိုမှန်းဆခံစားရမည်ကို ဆိုသည်ကိုလည်း လုံးဝမသိတော့။

သူတို့ ဇနီးမောင်နှံ၏ တိုတောင်းလှသော အိမ်ထောင်ရေး သက်တမ်း ကို ပြန်လည် တွေးတောမိပြန် တော့ လည်း ကြောက်စိတ်တွေ ဝင်လာကြသည်။ လက်မထပ်မီ ကာလတုန်းက ကြောက်စိတ်တွေ ဝင်ခဲ့မိသည့် အတိုင်းပင် ဖြစ်သည်။ လော်ရာအတွက် တွေးကြောက်တာလား၊ ဒါမှမဟုတ် အိမ်ထောင် ရေး ကိုပဲ တွေးကြောက်တာလား။ သည်အချက်ကိုလည်း သူက ကွဲကွဲပြားပြား စဉ်းစား၍ မရတော့။
သူနှင့်လော်ရာတို့သည် ရာသက်ပန် ရိုးမြေကျ ပေါင်းသင်းကြပါမည်ဟု သစ္စနှံကာ ပုဆိုးတန်းတင် အကြင်လင်မယားအဖြစ် တရားဝင် လက်ထပ်ခဲ့ကြပြီး ဖြစ်သည်။
သို့ပေမဲ့ လက်ထပ်ပြီး ရက်ပိုင်းအတွင်းတွင်ပင် ရပ်ဝေးမြေခြား စစ်မြေပြင်သို့ ထွက်လာခဲ့ရသည်။ သူ သည် ရိုင်ဖင် သေနတ် ကို အသင့်ချိန်ရင်း ရွှံ့ဗွက်ပေါက်နေသော ကတုန်ကျင်းထဲ၌ ဝပ်နေခဲ့ရသည်။ အခါမလင့် ရောက် လာနိုင်သော သေမင်း ကို စောင့်မျှော်ရင်း အသည်းတထိတ်ထိတ် ရင်တဖိုဖို ခံစား နေရသည်။

သူနှင့်လော်ရာတို့ တခမ်းတနား မင်္ဂလာပွဲ ကျင်းပပြီး လက်ထပ်ခဲ့ကြတာ တကယ်များ ဟုတ်ရဲ့လား ဟု တွေးနေမိသည်။ ရွှေရောင် ဆမ်းသောနေ့လယ်ပိုင်း မင်္ဂလာ လက်ထပ်ပွဲ။ ပျော်စရာကောင်းလှသော သုံးရက်တာ ပျားရည်ဆမ်း မင်္ဂလာခရီ။ ဒါတွေဟာ တကယ်ပဲ ဖြစ်ခဲ့ ပါရဲ့လား ဟု သံသယ ဝင်လာမိ သည်။
ကိုရီးယားနိုင်ငံမှ ညို့မှိုင်းမှိုင်း တောင်တန်းကြီးများ၊ အဆုံးမထင်သော ဆောင်းကာလ၏ အအေးဒဏ် စစ်ကြီး ပြီးဆုံးပြီးနောက် ခံစားရသော စိတ်ပျက်အားငယ်မှုများ...။ သည် အချက်များမှတပါး တခြား ဘာကိုမှ သူ တိတိကျကျ ရေရေရာရာ စဉ်းစား၍ မရတော့။
ရှေ့တန်းတွင် တိုက်ပွဲဝင်နေစဉ်အတွင်း ဒီစစ်ပွဲမှာ ငါမသေဘဲအသက်နှင့် ကိုယ် အိမ်ပြန်ရောက်နိုင်ရန် ဘယ်လောက် များ ပျော်ရွင်စရာ ကောင်းလိမ့်မလဲဟု အကြိမ်ပေါင်းများစွာ တွေးနေမိခဲ့သည်။ သို့ သော် ... သို့သော် စစ်ပွဲကြီး ပြီးဆုံး ၍ သူ အသက်မသေခဲ့ပေမဲ့ သူကား မပျော်နိုင်ခဲ့။

သူ့ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် ကြောက်စရာကောင်းလှသော ဆင်းရဲနွမ်းပါးခြင်း။ စိတ်ဓာတ်တွေ ဖရိုးဖရဲဖြစ်နေသော ပြည်သူများ၊ စစ်အတွင်းက မိဘတွေမျိုးများ သေဆုံးသွားသဖြင့် လမ်းပေါ်ရောက် နေသော သနားစရာ ကလေးငယ်များနှင့် ဘုမသိ ဘမသိဖြင့် နိုင်ငံတပါးသို့ ရောက်လာကြသော သူလည်း တစ်ယောက် အပါအဝင် အမေရိကန် စစ်သား လူငယ်များကိုသာ မမြင်ချင်ဆုံး တွေ့မြင်နေ ရသည်။ အရာခပ်သိမ်း တို့သည် ကြေကွဲစရာ ဝမ်းနည်းစရာတို့ဖြင့်သာ ဖုံးလွှမ်းနေကြသည်။ ဘယ်လိုမှ ဖယ်ရှောင်၍ မရ။ ဘယ်နည်းနှင့် မှ မဖြစ်ချင်၍ မရ။
စစ်ကြီး ပြီးဆုံးသွားပေမဲ့ ဝမ်းမသာနိုင်၊ မပျော်ရွင်နိုင်။

သည်လိုနှင့် နောက်ဆုံးတော့ ဟယ် ပေါက်တဲ့နဖူး မထူးတော့ပါဘူးဟူသော စိတ်တွေ ဝင်လာပြီး သူသည်လည်း တခြား ထောင်ပေါင်းများစွာသော စစ်သားလူငယ်များကဲ့သို့ပင် "မိုးခါးရေ" သောက် ရတော့သည်။

"အမယ်... ကိုယ့်လူက ဒီစစ်တန်းလျားထဲ ငူငူကြီးထိုင်ပြီး ဘာမှိုင်နေတာလဲ။ မရှိတဲ့ ရည်းစား လွမ်းနေ လို့ မှိုင်နေတာထင်တယ်။ ကဲ... ကိုယ့်ဆရာ ဘာမှ မှိုင်မနေနဲ့၊ ငိုင်မနေနဲ့၊ လာပါ တို့နဲ့ လိုက်ခဲ့စမ်းပါ။ မြို့ထဲ ထွက်ကြမယ်။ မင်း ပျော်ကိုပျော်သွားရမယ်။ ဘာပူနေစရာ လိုသလဲကွာ ဖြစ်ရာဘဝ ပျော်ပျော် ပဲပေါ့။ ပျော်ပျော်နေ သေခဲပဲပေါ့။ ကဲ... ထစမ်းပါ မြို့ထဲ သွားကြရအောင်"
ပထမတော့ သူက ဘာမှမသိ။ သူငယ်ချင်းတွေ အတင်းဆွဲခေါ်သွား၍သာ ဘုမသိ ဘမသိဖြင့် မလိုက် ချင်လိုက်ချင် လိုက်လာခဲ့ရသည်။
သည်လိုနှင့် သူသည် ကပွဲခန်းမထဲ ရောက်လာခဲ့သည်။ ကပွဲဆိုပေမဲ့ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနား နားတော့ မဟုတ်။ ဆိုးလ် မြို့ထဲရှိ တိုက်ပြိုတိုက်ပျက်တွေ ကြားထဲမှ တဲကုပ်သာသာ အိမ်ကလေး တစ်ဆောင် မျှသာ ဖြစ်သည်။ လျှပ်စစ်မီးလုံးများကို ခေါင်မိုးတွင် ကြိုးတန်းလန်းနှင့် ဆွဲထားသည်။ အခန်းနံရံဘေး ပတ်လည်တွင် ခုံတန်းရှည်များ ချထားသည်။ စန္ဒရားအပျက်ကြီးက အရူးချေးပန်း ကကွက်ကို တဗြုန်းဗြုန်း တဗြောင်းဗြောင်း တီးပေးနေသည်။

အခန်းထဲတွင် လူတိုင်းလိုလို ကနေကြသည်။ ယူနီဖောင်းဝတ်လူငယ်တိုင်း၏ ရင်ထဲတွင် ကိုရီးယား အမျိုးသမီးကလေးများ ရောက်နေကြသည်။ ယင်း ကိုရီးယားသူကလေး အများစုသည် ပါးလွှာအိ စက်သော အနောက်တိုင်း ဝတ်စုံများကို ဝတ်ထားကြသည်။ အနည်းစုကသာ မိမိတို့ ရိုးရာအတိုင်း ဂါဝန် ပွကြီးနှင့် ဘောင်းဘီ အကျီတိုများကို ဝတ်ဆင်ထားကြသည်။
ထို့နေည က သူသည် ကပွဲထဲ ဝင်မလာဘဲ ခုံတန်းရှည်တွင် တစ်ယောင်တည်း ထိုင်ကာ ကပွဲ ပရိသတ် ကိုသာ ကြည့်နေ မိသည်။
သူ နောက်ဆုံး ကခဲ့သည်မှာ သူတို့ ပျားရည်ဆမ်း ခရီးထွက်ခဲံကြသော ရက်အတွင်းက ဖြစ်သည်။ သူ့ ပါတနာ က လော်ရာ...။ လော်ရာသည် သူနှင့် ပူးပူးကပ်ကပ် ရင်ချင်းအပ်ကာ ကျွမ်းကျင်စွာ ကခဲ့ သည်။ ထိုနေ့သည် သူတို့ နှစ်ယောက် အဖို့ အပျော်ဆုံးနေ့တစ်နေ့။

ထိုနေ့တွင်ပင် သူသည် လောရာအား နှုတ်ဆက်၍ စစ်မြေပြင်သို့ ထွက်လာခဲ့ရသည်။
သည်နောက်တွင်တော့ သူသည် ကိုရီးယားနိုင်ငံမှ မတ်စောက်သော တောင်မြင့်ကြီးတွေကို တက်ရ သည်။ ကျောက်ဆောင်ကြီးများနှင့် လျှိုမြောင်တောင်ကြားများကို ဖြတ်ကျော်ရသည်။ တစ်ဖက်ရန်သူ နှင့် ရင်ဆိုင်တွေ့ကာ ဖြိုးဖြိုးဖြောက်ဖြောက် မဆိုစလောက် တိုက်ပွဲကလေးပေါင်း များစွာနှင့် အသက် ဖက်ရွက် ထုပ်ထားရသော တိုက်ပွဲကြီးပေါင်း များစွာတို့ကို တိုက်ရသည်။ သူသည် တစ်ချန်လုံး သေခြင်း တရားကိုသာ မျက်ဝါးထင်ထင် မြင်တွေ့ရနေမိတော့သည်။ ချစ်ခြင်းမေတ္တာဆိုသည်ကား စိတ်ကူးဖြင့် မှန်းဆနိုင်ရုံလောက် မျှသာ...။
သူသည် ကပွဲခန်းမထဲတွင် ငူငူကြီး ထိုင်နေရင်းမှ အတွေးရေလျဉ်ကြောတွင် မျောပါနေမိသည်။ လူတွေကြား ထဲ ရောက်နေသော် လည်း ထိုလူတွေနှင့် သူနှင့် ဘယ်လိုမှ မဆက်စပ်။ တခြားစီ ဖြစ်နေ သလို ထင်မှတ်နေ သည်။ အမှန်ကတော့ သူသည် စိတ်ဓာတ်ကျပြီး အထီးကျန် ဝေဒနာကို ဆို့ဆို့နင့်နင့် ခံစားနေရခြင်း ပင် ဖြစ်သည်။

ထိုအခိုက် သူ့ သူငယ်ချင်း တွမ်ဆူလီဗန်း သူ့ဆီသို့ လာနေသည်ကို မြင်လိုက်သည်။ တွမ်က သူ၏ သေတူရှင်ဖက် တိုက်ဖော်တိုက်ဖက် ရဲဘော်ကလေး တစ်ယောက်။ တစ်ကြိမ်က တွမ်သည် တိုက်ပွဲ တွင် ဒဏ်ရာ ရ သွားသည်။ သူက တွမ်အား ကောက်ထမ်းပြီး တောင်ထက်မှ တောင်အောက်သို့ ခက်ခဲ  ပင်ပန်းစွာ သယ်ယူလာခဲ့ရသည်။ အခြေစိုက် သူနာပြုစခန်း ရောက်တော့ နှစ်ယောက်စလုံး၏ ကိုယ်ပေါ် တွင် သွေးတွေ ပေကျံနေသည်။ ပထမတွင် ဆရာဝန်အနေဖြင့် ဘယ်သူ့ သွေးက ဘယ်သူ့ကို စွန်းပေမှန်း ကိုပင် မခွဲခြားနိုင်အောင် ဖြစ်ခဲ့ရသည်။
"ဟေ့လူ... ဘာထိုင်လုပ်နေတာလဲ။ လာပါ... ထစမ်းပါ။ ဒီမှာ ခင်ဗျားအတွက် ကျွန်တော် ပါတနာ တစ်ယောက် ခေါ်လာတယ်။ သူ့နာမည်က ဆွန်ယာတဲ့။ ဒီမှာ .. ဆွန်ယာ။ သူက ငါိ့တ်ဆွေ ခရစ္စပဲ"
တွမ်က ယင်းသို့ ပြောပြီးနောက် အနီရောင် အဝတ်အစား ကျပ်ကျပ်ဝတ်ထားသော လေးထောင့်မျက် နှာနှင့် မိန်းကလေး တစ်ယောက်ကို တွဲခေါ်ကာ ကပွဲထဲ ပြန်ဝင်သွားသည်။
ခရစ္စတိုဖာ က စိတ်မပါစွာဖြင့် ထိုင်ရာမှ ထလိုက်ရသည်။ သူ့ပုံက ရှက်ကိုးရှက်ကန် ဖြစ်နေသည့်ပုံမျိုး။

"ကမလို့လား"
သူက မေးလိုက်သည်။
ဆွန်ယာက ပြုံးပြသည်။ ချိုသောအပြုံး၊ တစ်နည်းအားဖြင့် ကြောက်ရွံ့နေသာ အပြုံး။
သူက ဆုတ်ဆိုင်းဆိုင်းဟန်ဖြင့် သူမ၏ ပခုံးကို သိုင်းဖက်လိုက်သည်။ သူကလေးသည် ကိုရီးယား ထုံးစံ ပန်းရောင် ဂါဝန်ရှည်ကြီးကို ဝတ်ထားသည်။ ဘော်ဒီ အကျီကတော့ ပိုးသားနုနု အဖြူရောင် ခါးပြတ်။
မကြာမီတွင် သူမသည် အနောက်တိုင်း အကကို မကတတ်မှန်း ခရစ္စက သိရသည်။

သူကလေး၏ အရပ်မှာ သိပ်မရှည်။ ကိုယ်လုံးကိုယ်ဖန်က ခပ်သွယ်သွယ်။ သို့သော် ကျန်းမာရေး ကောင်း၍ ရုပ်ချောသူကလေး တစ်ယောက်ဖြစ်ကြသည်။ သည်အချက်ကို ခရစ္စက သတိပြုမိခဲ့သည်။ သို့သော်  ယခု ဆွန်ယာ က တခြားမိန်းကလေးတွေထက် ပိုချောသလို ထင်မိသည်။ သူမ၏ အသားအရ က ပုလဲလရောင် လို ဖွေးဖွေးနုနေသည်။
အညိုရောင် မျက်ခုံးနုနုအောက်မှာ အညိုရောင် မျက်လုံးအစုံက ဝိုင်းစက်ပြီး တလက်လက် တောက်ပ နေသည်။ လက်ချောင်း ဖောင်းဖောင်းအိအိ ကလေးတွေကလည်း အရိုးမရှိသလို ထင်မှတ်ရသည်။]
 မှန်ပါသည်။ ယခု နှစ်ပေါင်းများစွာ ကြာညောင်းခဲ့ပြီး တောင်မှ ကလေးငယ်တစ်ယောက်၏ လက်ချောင်း များလို နူးညံ့အိစက်သော သူမ၏ လက်ချောင်းကလေးများကို သူ့မျက်စိတွင် အမှတ် ထင်ထင် မြင်ယောင်နေမိ ပါသေးသည်။

ထိုနေ့တုန်းက ဆွန်ယာ၏ ညာဘက်လက်ကလေးကို သူက ဘယ်လက်ဖြင့် ဆုပ်ကိုင်ကာ နှစ်ယောက် သား ပျော်ရွှင်စွာ ကခဲ့ကြသည်။ နောက်တော့ သူမ၏ လက်နှစ်ဖက်လုံးကို သူက ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားသည်။ ဆွန်ယာက အင်္ဂလိပ်စကားကို နည်းနည်းကလေးသာ ပြောတတ်သည်။ ထို့ ကြောင့်လည်း ထိုနေ့က နှစ်ယောက်သား စကား သိပ်မပြောဖြစ်ဘဲ လက်ချင်းယှက်ကာ။ ရင်ချင်း အပ်ကာ တစ်ယောက် မျက်နှာတစ်ယောက် ကြည့်ရင်းဖြင့်သာ ကခဲ့ကြသည်။ နှစ်ယောက်သား ပို၍ ရင်းနှီးလာအောင် ဘာသာစကား ဆက်သွယ်ရန် လိုအပ်သော်လည်း သူတို့ နှစ်ယောက်အတွက် ဘာသာစကား မရှိသလို ဖြစ်နေခဲ့ရသည်။
"မင်းအသက် ဘယ်လောက်ရှိပြီလဲ"
သူကမေးကြည့်သည်။

သူမက မကတတ်။ အနောက်တိုင်း ကကြိုးကကွက်ကို သူမ နားမလည်။ ထို့ကြောင့် ဆက်ကနေ၍ အကြာင်း မထူးတော့။ (သို့သော် နောက်ရက်များ မကြာမီတွင်တော့ သူမသည် ဂီတကို အလွန် ဝါသနာ ပါကြောင်း။ သူမ လက်ချောင်းအိအိကလေးများဖြင့် ဗျပ်စောင်းကို တီးခတ်ရင်း ကိုရီးယား သီချင်းများ ကို ကျွမ်းကျွမ်းကျင်ကျင် သီဆိုတတ်ကြောင်း သူ သိလာခဲ့ရသည်)
"အသက် အို... ဟုတ်ကဲ့"
သူမက သည်လောက်ပဲ ပြန်ပြောတတ်သည်။
ပြီးတော့ ပထမ လက်ဆယ်ချောင်း ထောင်ပြသည်။ နောက် ရှစ်ချောင်း ထောင်ပြသည်။ ဆိုလိုတာက တော့ သူမ အသက် ၁၈နှစ်။
"ရှင့် အသက်"
သူမက ပြန်မေးသည်။

 သူကလည်း သူမနည်းတူပင် လက်ချောင်းများကို ထောင်ပြပြီး သူ့အသက် ဘယ်လောက်ရှိပြီဆိုတာ ကို သင်္ကေတဖြင့် ပြန်ပြောလိုက်သည်။ ဤတွင် နှစ်ယောက်သား သဘောကျစွာဖြင့် ပထမဆုံးအကြိမ် ရယ်ကြသည်။
ထို့နောက် အက ရပ်ကြသည်။ သူက သူမအား ကိုကာကိုလာဝယ်တိုက်သည်။ သူမက သောက်လေ့ သောက်ထ မရှိ ၍ မကြိုက်။
"ဒါဖြင့် ဘာသောက်မလဲ"
သူ မေးတာကိုလည်း သူမက နားမလည်။
ထိုအခိုက် သူတို့အနီးသို့ တွမ်တို့ စုံတွဲ ရောက်လာသည်။
"ဒါက ဒေါ်လီတဲ့"
တွမ်က သူ့ကောင်မလေးနှင့် မိတ်ဆက်ပေးသည်။

"အဲဒါ သူ့နာမည်ရင်းတော့ မဟုတ်ဘူးကွ။ ငါက သူ့နာမည်ကို အသံမထွက်တတ်ဘူး၊ ဒါကြောင့် ခေါ်ရ လွယ်အောင် ဒေါ်လီလို့ပဲ လွယ်လွယ်ခေါ်လိုက်ရတာ။ ဟဲ... ဟဲ.. "
"အဲဒါ သိပ်ကောင်းတယ်"
ဒေါ်လီ က သွားတွေအားလုံးပေါ်အောင် ရယ်ပြီး ပြောသည်။
"သူက အရမ်း ကတတ်သွားပြီ။ ငါ သင်ပေးတာ။ ပထမတော့ တရွတ်ဆွဲပြီး လိုက်နေရတယ်။ မဟုတ် ဘူးလား.. အချစ်"
ဒေါ်လီက ရယ်လိုက်ပြီး...
"သိပ်ဟုတ်တာပေါ့"
"သူက ငါနဲ့ တွဲကရတာကိုလည်း သိပ်ပျော်နေတော။ သူ့မျက်နှာကြည့်ပါလား၊ ဆွန်ယာ လည်း နောက် တော့ ပျော် လာမှာပါ။ အင်္ဂလိပ်စကား ပြောတတ်သွားရင် သိပ်ပျော်ရမယ်။ ဆွန်ယာက ခုတစ်ကြိမ် ပဲ ကဖူးသေးတာ မဟုတ်ဘူးလား ဒေါ်လီ"
"ဟုတ်တာပေါ့၊ သူက မနေ့ကမှ တောရွာကလေးက ရောက်လာတာ"
သူတို့နှစ်ယောက် ပြန်ထွက်သွားကြသည်။ ခရစ္စနှင့် ဆွန်ယာတို့ နှစ်ယောက်သား ကျန်ရစ်တော့သည်။

ဆွန်ယာအား သူ စွဲလမ်းမိသော အချက်တစ်ချက်မှာ သူမ၏ တစ်မူထူးခြားချက်ပင်ဖြစ်သည်။ သူကလေးက အခြား မိန်းကလေးတွေ လို မရဲတင်း။ တခြား မိန်ကလေးတွေလို မျက်နှာပြောင် မတိုက်။ ဆတ်ကော့လတ်ကော့ အမူအရာမျိုး လုံးဝမရှိ။ သူမ၏ အမူအရာက တကယ်လည်း ရိုးသားပုံပေါ်သည်။ ရှက်စနိုးမျက်နှာကလေးကိုက ချစ်စရာ တစ်မျိုးကောင်းနေသည်။
သူမ၏ ကိုယ်ကို သူ့လက်နှင့် အမှတ်မထင် သွားထိမိသောအခါများတွင် ရှက်စနိုးဟန်ကလေးဖြင့် သူက ကိုယ်ကလေး တွန့်သွားတတ်သည်။ တစ်ခါတစ်ရံ တံတောင်ကလေးဖြင့် မသိမသာ တစ်ချက်တွတ်ပြီး တစ်ဖက် သို့ မသိမသာကလေး ကိုင်းသွားတတ်သည်။ သူ့အဖို့ သည်အမူအရာကလေးကိုပင် ချစ်စရာတစ်မျိုးဟူ၍ ထင်မှတ်နေမိသည်။

သူတို့ နှစ်ယောက် ခုံတန်းရည်ပေါ်တွင် ငြိမ်ချက်သား ကောင်းစွာဖြင့် ထိုင်နေကြသည်။ ခရစ္စက ကနေသူများကို ကြည့်နေရင်းမှ စိတ်လှုပ်ရှားနေမိသည်။ သူ့ဘေးတွင်ထိုင်နေသော မိန်းကလေးကို အမြဲတမ်း သတိရနေသည်။ သို့သော် လှည့်၍တော့ မကြည့်မိ။ မကြည့်မိအောင်လည်း သူက စိတ်ကို ထိန်းထားသည်။ တကယ်တော့ သူသည် သူ့စိတ်ထဲမှ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် မချမှတ်နိုင်ဘဲ ဖြစ်နခြင်းသာ။ သူ့စိတ်ထဲ တွင် တွေဝေနေခြင်း သာ။

အမေရိကန်သား တစ်ယောက်က အာရှတွင် ဘာပဲလုပ်လုပ် အမေရိကတွင် ဘာမှ ထူးခြားမှု မရှိသည့်တိုင်အောင် ထိုအလုပ်ကို ပြုလုပ်သူ အနေဖြင့် ထူးခြားမှု မရှိနိုင်တော့ဘူးလား။
ဥပမာ အားဖြင့် တွမ်ဆူလီဗန်ကိုပဲ ကြည့်ပါ။ သူသည် နက်ဘာစကာပြည်နယ်၊ စင်တာဗီးလ်မြို့မှ မထွက်ခွာလာမီးကလေး တွင်ပင် ပူပူနွေးနွေးလက်ထပ်ခဲ့သူ တစ်ယောက်။ ယခုတော့ သူသည် ဇာတိဌာနေတွင် ကျပ်ရစ်ခဲ့သော ဇနီးကလေးအား ဖုတ်လေသည့်ငါးပိ ရှိလေသည်မှ မသိတော့သလို ပုံစံမျိုးဖြင့် ကိုးရီးယား သူ ဒေါ်လီမလေးနှင့် မပြတ် တွဲကာ အပျော်ကြီးပျော်နေသည်။
တွမ်၏ လုပ်ရပ်သည် မှန်ကန်သော လုပ်ရပ်လား။ လုပ်သင့် လုပ်ထိုက်သော လုပ်ရပ်လား။
သို့သော် တွမ် ကတော့ သူ့လုပ်ရပ် မှန်ကန်ကြောင်း ဆင်ခြေပေးသည်။

“ငါ ဒီမှာ ဘာပဲလုပ်လုပ် ငါ့အကြောင်း သူတို့ မသိရင်ပြီးတာပဲကွ။ အမှန်ကတော့ ဒီအတွက် ဘာမှ ပူနေစရာမလိုပါဘူးကွာ။ ဟိုစကားလည်း ရှိသားပဲ။ “အရှေ့သည်အရှေ့၊ အနောက်သည် အနောက်” ဆို မဟုတ်လား။ ပြီးတော့ ဒေါ်လီကလည်း ငါနဲ့ အခုလိုတွဲနေတာ ဘယ်လိုမှ လေးလေးနက်နက်မထားပါဘူး။ ဟုတ်တယ် ငါ့မှာ လက်ထပ်ထားတဲ့ မိန်းမရှိတယ်။ အဲဒါကို ဒေါ်လီလည်းသိတယ်။ ဒါဆို ရှင်းနေပြီပေါ့။ ဘာပူစရာ လိုသေးလို့လဲ။ ဒီမှာ ကိုယ့်လူ ဘာမှ တွေးကြောက်မနေနဲ့။ ပျော်ပျော်နေစမ်းပါ။ ကွတ်တယ်ထင်ရင် ဒူးသာဒူး။ ဒါပဲပေါ့ ဟဲ...ဟဲ...ဟဲ”
ကပွဲခန်းမတွင် ပူလည်း အလွန်ပူသည်။ သည်ကြားထဲ လမ်းပေါ်မှ ဖုန်တွေကလည်း ဝင်လာလိုက်သေးသည်။ ခရစ္စသည် အပူဒဏ်နှင့် နေပူဒဏ်ကို မခံမရပ်နိုင်အောင် ဖြစ်လာမိသည်။
သူက သူ့ဘေးတွင် ထိုင်နေသော ဆွန်ယာကို အသာခိုးကြည့်လိုက်သည်။ သူမကလည်း သူ့အကြည့်ကို တမင်မျှော်လင့်နေပုံ မျိုး။ သူမက သူ့ကို ပြုံးပြသည်။ သူက ဘာလုပ်ရမှန်းမသိသဖြင့် ထိုင်နေရာမှ ရုတ်သရက် အမှတ်မထင် ထရပ်လိုက်သည်။

ထိုအခိုက်တွမ်နှင့် ဒေါ်လီတို့ နှစ်ယောက်သား တစ်ယောက်လက်တစ်ယောက် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ သူတို့အနားသို့ ရောက်လာကြသည်။
“မင်းတို့က ဘယ်ယွန်းဦးမလို့လဲ”
တွမ်းက မေးသည်။
“ဘယ်ပဲဖြစ်ဖြစ်ကွာ။ ငါဒီနေရာမှာ ဆက်နေရင် မွန်းကျပ်ပြီး သေလိမ့်မယ်”
သူက ပြန်ပြောလိုက်သည်။
“ကဲ ဒါဆို ကျွန်မတို့ တဲကို သွားကြရအောင်လား။ ကျွန်မ ခေါက်ဆွဲလုပ်ကျွေးမယ်လေ”
ဒေါ်လီက ဖိတ်ခေါ်သည်။
သူက ခေတ္တ ဆုတ်ဆိုင်းဆိုင်း ဖြစ်နေသည်။ ပြီးတော့ လိုက်သွားရန်ဆုံးဖြတ်လိုက်သည်။
အလည်အပတ် သဘော တစ်နာရီ နှစ်နာရီလောက် သူတို့နှင့်အတူ လိုက်သွားလို့တော့ ဘာမှ အကျိုးယုတ်နိုင်စရာ မရှိ။ သို့သော် ထို့ထက်ပို၍တော့ မနေနိုင်။

“အစ်ကိုကြီး မစ္စတာ ဘာမင်းရောက်လာပါတယ်”
မမျှော်လင့်ပဲ ရုတ်တရက်ကြာလိုက်ရသော ဂရီတာ၏ အသံကြောင့် သူ့အတွေးသည် ကိုးရီးယားမှနေ၍ ဖီလာဒေလ်ဖီးယားမြို့သို့ ပြန်ရောက်လာခဲ့သည်။
သူက နိုင်ငံခြားစာအိတ်ကို တခြားစာတွေကြားထဲသို့ ကမန်းကတန်းထိုးသွင်းထားလိုက်သည်။

ဆက်ရန်
.

2 comments:

နော်နော် said...

ရေမြေခြားမှပဲ ရေမြေခြားကို လာဖတ်လို့ အားတော့တယ်။ :)

Anonymous said...

လူမျိုးကွဲချင်းအိမ်ထောင်ပြုမိရာမှ ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ပြဿနာကို မေတ္တာစေတနာ အပြည့်ဖြင့် ဖြေရှင်း ထားသည်ကို အလွန်နှစ်သက်မိ၍ ဘာသာပြန် ဖြစ်သွားပါသည်။

အရမ်းစိတ်ဝင်စားပါတယ် စာတင်ပေးတဲ့ မမနဲ့စာရိုက်ပေးသူကလေးများ အားလုံး ကျေးဇူးပါ....