Thursday, August 23, 2012

ကြူးနှစ် ၏ ဇာတ်ကောင်တွေဆီက ထွက်ပြေးတဲ့ဇာတ်လမ်း, အပိုင်း (၁၉) ဇာတ်သိမ်း

စန်းချို လန့်နိုးပြီး ခြင်ထောင်ထဲက ခုန်ထွက်လာသည်အထိ မိထူးနှင့် သားနှစ်ယောက် အိပ်ခန်းထဲသို့ အူယားဖားယား ပြေးဝင်လာကြသည်အထိ…၊ သန်းဆိုင်သည် ဆီးအိုးကို ကန်မိသောနေရာ ၌ နေလှန်းခံ ရသော အပြစ်သား တစ်ဦးကဲ့သို့ ချွေးဒီးဒီးကျလျက် ရပ်နေဆဲဖြစ်သည်။ ကို ဆက်ဖတ်ရန်..

×××        ×××        ×××
×××        ×××        ×××

နောက်နေ့မှာ… ကွမ်းယာထိုင်ရောင်းနေသော သန်းဆိုင်က နဖူးအုပ်အောင် မာဖလာကြီး ခေါင်းပေါင်း ပေါင်း ထားခြင်းကို စကားမရှိ ရှာတတ်သော ဆိုက်ကားသမား ဝမ်းနိုင်တူးသည် သာမန်မေးရိုးမေးစဉ် လေသံဖြင့်…
"ဆရာသမား… နေမကောင်းပြန်ဘူးထင်တယ်၊ ခေါင်းပေါင်းကြီးနဲ့" ဟု စကားစလာစဉ် သန်းဆိုင်သည် (မင်းအမေလင် ခေါင်းပေါင်းပေါင်းတိုင်း နေမကောင်းဖြစ်ရမှာလား) ဟု ပါးစပ်က ငေါက်ငမ်းတော့မလို လုပ်ပြီး ကာမှ…၊ စိတ်ထိန်းလိုက်ပြီး… "အိပ်ရေးပျက်ပြီး ခေါင်းနည်းနည်းအုံနေလို့ကွ" ဟု မပွင့်တပွင့် ဖြေသည်။

"သြ… ဟုတ်တာပေါ့ ဆရာသမားရာ…၊ မနေ့ညက ဆရာကတော်ပြန်ရောက်လာပြီဆိုတော့ အိပ်ရေး ပျက်မှာပေါ့၊ လင်မယားတွေ ကိန္နရီကိန္နရာမောင်နှံတစ်ညတာ ကွဲကွာပြီး ပြန်လည်တွေ့ဆုံကြရသလို နှစ်ပေါင်း (၇၀၀) ခံစားမှုဝေဒနာတွေကို…" "တော်ကွာ ဝမ်းနိုင်တူး၊ စန်းချို ကြားရင် သက်သက်မဲ့ အဆဲခံနေရဦးမယ်၊ ဘုရားဖူးပြန်လာကာစ သူက ဣနြေ္ဒသမ္ပတ္တိကြီး နဲ့ နေတာ ကလေးကလားစကားတွေပြောတာ သူကြိုက်မှာ မဟုတ်ဘူး" "ဆရာသမားကလည်းဗျာ အစ်မကြီးစန်းချို က ဘုရားဖူးပြီး တရားသံဝေဂတွေရလာတော့ ခန္တီစ သည်း သည်းခံတတ်လာမှာပါ" ဟု ဝမ်းနိုင်တူးက စကားခေါ်နေပြန်သော်လည်း သန်းဆိုင်စိတ်တင်းပြီး ပါးစပ် စိတ်ထား လိုက်၏။

သန်းဆိုင် စိတ်ကြည်လင်ခြင်းမရှိမှန်း သူ၏အိမ်သားတွေပဲ သိကြသည်။ သန်းဆိုင် ကယောင်ချောက် ချားနိုင်ခြင်း ကို စိတ်တိုကာ၊ ခြင်ထောင်ထဲမှ ခုန်ထွက်လာသော စန်းချို က ထိရုံကလေး ပခုံးကို တွန်းခဲ့ သော် လည်း၊ ခြေစုံပူး၍ အသေကောင်ပမာ ကြောင်တောင်ကြီးရပ်နေသော သန်းဆိုင်မှာ ဟန်ချက်ပျက် ကြီး ဗီရိုစွန်းကို နဖူးဖြင့် ဝင်ဆောင့်မိ ခဲ့၏။ အားလုံးကို သူ ဖြေရှင်းပြနိုင်သည်မှာ… (ခေါင်းကိုက်ချင်သလို လိုဖြစ်တာနဲ့ ပရုတ်ဆီဘူး ဝင်ရှာ ရင်း အပေါ့အိုးကြီးကို ခလုတ်တိုက်မိတုန်း၊ စန်းချို က ထယောင်တော့ ငါလည်း နားကြား လွဲပြီး သူခိုးအော်မိတာ) ဟူ၍သာဖြစ်လေသည်။ သို့သော် စန်းချိုက ကျေနပ်ယုံကြည် ဟန်မပြ။
"ငါ အိပ်မက်မက်ပြီး အဘိုး- အဘိုးလို့ ယောင်တာကိုလည်း နင့်ရွှေနား က သူခိုးသူခိုးလို့ ကြားရသတဲ့၊ နင့်ကို လမ်း ထဲက ကောင်လေးတွေလို ရွှေနားကပ်တစ်ဖက်ဆင်ပေး ထားရမလို ဖြစ်နေပြီ" ဟု စူစွာစွာ အပြစ်တင် လိုက်သေး ၏။ မိထူးနှင့် သားနှစ်ယောက် ပြန်ထွက်သွားကြတော့လည်း သန်းဆိုင်၏ဗိုက် ခေါက် ကို လိမ်ဆွဲပြီး လေသံဖြင့်… "နင့်ဉာဏ်ကို ငါ မသိရင်ခက်မယ်၊ နင် ခုတင်ပေါ်မှာ ပြန်အိပ်ဖို့ လာတာမဟုတ်လား" ဟု ရာဇဝတ်သား ကို စစ်သလို စစ်ပြန်သေးသည်။

ဤသို့ဖြင့်… မနက်ခင်းဆိုင်အဖွင့်မှာ နဖူးမှ ဘုသီးကို စမ်းမိပြီး သန်းဆိုင်တစ်ယောက် ကပျာကသီ ခေါင်းပေါင်း ပေါင်းလိုက်ရခြင်းဖြစ်၏။ ခေါင်းပေါင်းကိုကြည့်ပြီး စန်းချို မျက်စောင်းထိုး မေးငေါ့ခြင်းကို လည်း အဆစ်အဖြစ် ရရှိလိုက်သေး၏။ သူ၏ရွှေငွေရှာဖွေစစ်ဆေးမည့် အကြံအစည် ပျက်စီးသွားရ သည့်ပြင်…၊ နဖူးအနာ ရခဲ့သောကြောင့်၊ သန်းဆိုင် စိတ်နှလုံး မလန်းဆန်းနိုင်တော့ပါ။ ဤအခြေအနေ တွင် စန်းချိုနှင့် ငွေစာရင်း ရှင်းတမ်းလည်း မလုပ်ရဲတော့ပါ။ မေ့ပစ်လိုက်၊ မေ့ပစ်လိုက်၊ ဒီလိုအသေးအဖွဲ့ ပြဿနာတွေ အတိတ် မှာ ထားရစ်ခဲ့…၊ အနာဂါတ်၊ ဖြစ်လာမည့်အနာဂတ်အတွက်ပဲ ခေါင်းအေးအေးနဲ့ စဉ်းဟားဟု စိတ်ကို ဆုံးမ ထားကြည့်သည်။ မရပါ။

မျိုသိပ်စိတ်များသည်။ သူ့နှလုံးအတွင်းမှာ ဖြည်း ဖြည်းချင်း ဖောင်းကြွလာကြသလို ဖြစ်နေသည်။ သူ့မျက်နှာ သည် လိုအပ်သည်ထက် အလွန်အကျွံ ပိုမို စားသောက်မိ၍ စားပိုးနင့်သူတစ်ယောက်၏မျက်နှာကြီးတစ်ခုလို အရောင်အသွေး အမျိုးမျိုးပြောင်းကာ၊ မျက်လုံးတွေ ပြူးလာလိုက်၊ ကုန်းမြေပေါ်ပစ်တင်ခြင်းခံရသည့် ငါးတစ်ကောင် ၏ပါးစပ်ကဲ့သို့ သူ့နှုတ်ခမ်း တွေ ဟစေ့၊ ဟစေ့ဖြစ်လိုက်နှင့် ထိုင်လျက်ဈေးရောင်းရင်း ဣနြေ္ဒပျက်နေ သည်။ တစ်ခါမျှ မခံစားဖူးခဲ့ရ သော…၊ သိမ်ငယ်စိတ်ဖြင့် ကွမ်းယာထိုင်ရောင်းနေရခြင်းကို အပြစ်ပေး ခံစားရသလို ထင်နေမိ၏။ မာဖလာခေါငိးပေါင်းမှာ သတိထားကြည့်မိကာမှ၊ လေးလံသော သံခမောက်ကြီးဆောင်း ထားရသလို တစ် ခေါင်းလုံး အုံခဲနာကျင်နေပြန်သည်။

တချို့ပြောကြတာရှိတယ်၊ ခွေးတောင် ချောင်ပိတ်ရိုက်ရင် ငြိမ်မခံဘဲ ပြန်ကိုက်တတ်တယ်တဲ့၊ စန်းချိုက ငါ့ကို ချောင်းပိတ် ရိုက်သလို လုပ်နေတာကြာပြီ၊ အိမ်ထောင်ဦးစီး၊ အိမ်ဦးနတ်၊ ချစ်ခင်ရိုသေထိုက်တဲ့ လင်ယောက်ျား ဆိုတဲ့ ဂုဏ်အင်္ဂါတွေ ငါ့မှာ ပျောက်ဆုံးနေပြီ၊ ငါ ပြန်ကိုက်မယ်…၊ ရိုးရိုးမဟုတ်ဘူး၊ စန်းချို ရဲ့လည်မျို ကို ခုန်ပြီး တက်ခဲပစ်လိုက်မယ်… ဟူ၍တွေးရင် စိတ်နောက်ကိုပါ ဆိုင်ကြမ်းပြင်ကို လက်သီး ဆုပ်မှ လက်ဖနောင့်ဖြင့် ထုလိုက်သည်။ တစ်ချက်ထုပြီးလျှင် အငြိမ်မနေနိုင်ဘဲ ကြမ်းပြင်ကို စည်းချက် လိုက်သလို တဒုတ်ဒုတ် ထုနေမိပြန်တော့၏။ ဝယ်သူလာလျှင် အထုရပ်ပြီး ဈေးရောင်းကာ ဝယ်သူမရှိ လျှင် ကြမ်း ကို ပြန်ထုနေသည်။

မိထူးက လူစားဝင်ဖို့ရောက်လာသောအခါ မိထူး ကို တိုးတိုးကျိတ်ကျိတ်မှာပြီး၊ သန်းဆိုင်အိမ်ပေါ်တက် စိပ်ပုတီး ယူကာ ဘုရားကြီး၏ သူ၏မွေးနံ့ထောင့်သို့ သွားထိုင်၍ ပုတီးစိပ်ရန် ခြေလှမ်းပြင်သည်။
"ကောင်းတယ်ဗျာ… မိန်းမက ဘုရားဖူးထွက်ပြီး ကုသိုလ်ယူ၊ ယောက်ျာကလည်း စိပ်ပုတီးနဲ့ ရိပ်ကြီးခို တရားဘာဝနာ ပွားကောင်းဗျာ၊ သိပ်ကောင်း" ဆိုသော ဝမ်းနိုင်တူး၏ရင်းနှီးသော ထေ့တေ့တေစကားကို ပင် မတုံ့ပြန်တော့ ဘဲ၊ ကျိုက်ဒေးယျုံစေတီတောင်ကြီးဘက်သို့ ရင်ကော့မျက်နှာမော့၍ သွက်သွက် လျှောက် သည်။ အေးမြငြိမ်းချမ်းသော ဘုရားအရှင်၏အရိပ်မှာ စိတ်ကိုလည်း အေးမြငြိမ်းချမ်းစေရ မည်…၊ ပြီးတော့ ထိုစိတ်ဖြင့် အနာဂတ် အစီအစဉ်တွေ ကို ပီပြင်အောင် ဇယားဆွဲရမည်။

×××        ×××        ×××
×××        ×××        ×××

"ကဲ… ငါ ဘုရားဖူးသွားနေတုန်း ညည်းခဲအိုတော်ကြီး ဘယ်သူနဲ့တွေ့ပြီး ဘယ်လိုစိတ်ကူးတွေ ပေါက် သွားသလဲ၊ ငါ့ကို ပြောစမ်းပါဦး"
ညီအစ်မနှစ်ယောက်…၊ သန်းဆိုင် ဘုရားသွားနေစဉ် လုံခြုံစိတ်ချရေသော မီးဖိုဆောင်ထဲမှာ မျက်နှာ ချင်းဆိုင်မိကြသည်။ စန်းချိုက "ဗီးဂက်" စီးကရက်ဖွာနေစဉ်၊ မိထူးက ပင်ကိုဟန်အတိုင်း ပြူးကြောင် ကြောင်နှင့် တစ်နေရာတည်းကို ကြည့်နေ၏။
"ဘယ်သူနဲ့မှ မတွေ့ပါဘူး၊ အရင်လိုနေတာပဲ" ဟု မိထူး သတိထားပြီး ဖြည်းဖြည်းချင်းပြောသည်။ ဝီစကီ ပုလင်းဇာတ်လမ်းကိုတော့ ပိပိရိရိ မြေမြုပ်ထားပြီး တူတော်မောင်နှစ်ယောက်နှင့်လည်း နားလည် မှု ယူထားခဲ့ကြ ပြီးပြီ။ "တစ်သက်လုံး စိပ်ပုတီးမကိုင်တဲ့လူက… ငါ ဘုရားဖူးသွားတာနဲ့ ပုတီးတွေဘာတွေစိပ်လို့ ထူးတော့ ထူး တယ်ဟဲ့၊ ငါ့စိတ်ထဲ သိပ်မသင်္ကာဘူး၊ သူ… ဗေဒင်တွေ ဘာတွေလျှောက်မေးသလား မသိပါဘူးအေ…"
"မပြောတတ်ဘူး" မိထူးက ခပ်တိုးတိုးပြောရင်း သူ့လက်သည်းတွေ သူ ပြန်ကြည့်နေ၏။

"ငါ ထင်တယ်အေ့… နင့်ခဲအိုဟာ ဟိုဘယ်က ခွေးသူတောင်းစားလာချတဲ့ ပစ်စာမှန်းမသိတာတွေကို ဥပါဒါန်စွဲနေတယ်၊ ပထမစာကို သူက ယုံနေတုန်းလို့ ငါထင်တယ်၊ ဒါကြောင့်မို့ ငါလည်း မယုံသင်္ကာနိုင် လွန်းတဲ့ ကောင်ကိုတော့ ပညာပေးလိုက်ဦးမယ်ဆိုပြီး သူမသိအောင် ရွှေတွေငွေတွေယူပြီး အသာခိုး ထွက်သွားတာ…၊ နောက်ပြီး ငါဟာ သူထင်သလို အစားထဲကမဟုတ်ဘူး၊ ဂုဏ်ရှိတဲ့လူတွေနဲ့ပေါင်းပြီး ဘုရားဖူးထွက်၊ ကောင်းမှုကုသိုလ်လုပ်တယ်ဆိုတာ ပြလိုက်တာ၊ ညည်းကော နားလည်ရဲ့လား"
"အင်း" "ညည်းခဲအိုက သဝန်ကြောင်စိတ်နဲ့ ငါ့ကို ခုထက်ထိ မယုံချင်သေးဘူး၊ ဒီတော့ သူ ဗေဒင်မေးမယ်၊ ယတြာကျေအောင် ဗေဒင်ဆရာ ခိုင်းတဲ့အတိုင်း ပုတီးစိပ်မယ်၊ တခြားဘာတွေ ယတြာချေဦးမလဲတော့ ငါ မသိဘူး။

သူ စိတ်ရူးပေါက်ရာ လျှောကလုပ်နေမှာပဲ…၊ သူ့ကြည့်ရတာ တကယ်ပဲ ရူးကြောင်ကြောင် ဖြစ်နေသလိုပဲ မိထူးရဲ့၊ ကြည့်ပါလား… ညက၊ ပရုပ်ဆီဘူး က အိမ်ရှေ့ခန်းမှာ အမြဲထားနေကျမှန်းသိရဲ့ သားနဲ့ အိပ်ခန်းထဲဝင်ရှာသတဲ့၊ ပြီးတော့ ငါ့ဘာသာယောင်တာကို သူကပါ ယောင်ပြီး သူခိုးထဟစ် တယ်၊ သူ့ကို သည်းခြေငြိမ်အောင် ဆီးယိုကလေးဘာကလေး ကျွေးမှထင်တယ်"
"အင်း…" "အသာကြည့်နေ…၊ သူ့ကို ငါ ချော့မော့ပြီး ဆီးယိုစားခိုင်းမယ်၊ ငါ မော်လမြိုင်က ဆီးယိုဝယ်လာတယ် လို့ ပြောမယ်" မိထူးသည် စာပေမတတ်သော်ငြား၊ ဘုရားကြီးအနီးတွင် အနှစ် (၂၀) နေထိုင်လျက် လူမျိုးစုံနှင့် ထိတွေ့ ဆက်ဆံ၊ မှတ်သားသင့်သည်ကို မှတ်သားထားခဲ့သူဖြစ်ရာ စန်းချိုက အလွယ်တကူနှင့် မော်လမြိုင်က ဆီးယိုဟု ပြောလိုက်လျှင် မျက်မှောင်ကြုတ်သည်။

"အစ်မကြီးစန်းချိုရယ်၊ ကျွန်မ ကြားဖူးတာတော့ မော်လမြိုင်က ဒူးရင်းယိုပဲရှိပါတယ်၊ မော်လမြိုင်က ဆီးယိုလို့ မကြားဖူးပေါင်…" "ဒါဖြင့်လည်း… အညာကလာရောင်းတဲ့ ဆီးယိုကို ငါ ပဲခူးက" "ဝယ်လာတယ်ပေါ့ဟာ…."
"အင်း" "ဆီယိုနဲ့မှ အခြေအနေကောင်းရင်တော့…၊ သင်းကို (၇) ရက်တန်သည် (၉) ရက်တန်သည်… ရဟန်း ဘောင် တက်ခိုင်းရမယ်၊ ပုတီးစိတ်နေခဲ့သူက….. ငါကိုယ်တိုင် ရဟန်းအစ်မလုပ်မယ်ဆိုရင် မငြင်းတန် ကောင်းဘူး" "အင်း"

×××          ×××           ×××
 ×××          ×××              ×××

ဆိုင်ရှေ့ကလမ်းမသည် ပွင့်လင်းရာသီ၌ ယာဉ်အမျိုးမျိုး လူအစားစားတို့ဖြင့် အသက်ဝင်မည်စည် ကားနေတတ်ခဲ့ သည့်နည်းတူ… ယခုကဲ့သို့ …မိုးဦးကာလ မိုးသက်လေပြင်းကျလိုက်၊ နေသာလိုက်ရှိ တတ်သော နရီမမှန်သေးသော စကောစက ဥတုချိန်မှာလည်း….၊ ယာဉ်တွေ လူတွေ အစီအစဉ်မပျက်  လှုပ်ရွရှင်သန် ဆဲသာဖြစ်လေသည်။

သူတို့မိသားစု၏ ဘဝလှုပ်ရှားမှု နာရီတွင်မူ… မသိမသာအပြောင်းအလဲရှိလာ၏။ ရဟန်းဘောင်မှာ (၁၄) ရက်ကြာ ဝင်ရောက်နေထိုင်ခဲ့ပြီး၊ လူဘောင်သို့ ပြန်ဝင်လာသော သန်းဆိုင်သည် ဆိုင်တွင် ယခင် ကထက်ပို၍ အချိန်ပေး ထိုင်ရင်း၊ ယခင်ကလို ရယ်စရာ မောစရာတွေသတင်းတွေ အတင်းတွေ မပြော တော့ဘဲ လာသမျှ လူတိုင်းကို တရားဓမ္မ စကားတွေချည်း အာပေါင်အာရင်းသန်သန် ပြောနေသည်။ စန်းချိုနှင့်လည်း မပြောမဖြစ် မှသာ စကားပြောပြီး အတူမအိပ်ပဲ အိမ်ရှေ့ခန်း ဘုရားစင်ရှေ့မှာ ထွက် အိပ်သည်။ သန်းဆိုင်၏ အပြောင်းအလဲ ပုံစံကို မြင်ပြင်ကပ်ဟန်ဖြင့်… "လင်မယားချင်း နှစ်ကိုယ်ကြားတိုင်ပင်ဖို့ အချိန်မရအောင် နင်ကအိပ်ရာခွဲအိပ်ပြီဆိုတဲ့နောက်၊ ဘာဖြစ် လို့ ဘုန်းကြီးဝတ်လာသေးလဲ၊ ဆက်ဝတ်နေပါရောလား….၊ နင် ဘုန်းကြီးဝတ်နေတုန်းကလို မိထူးကို ဆွမ်းချိုင့်မှန်မှန်ပို့ခိုင်းမှာပေါ့"
ထိုအခါ သန်းဆိုင်က မျက်နှာထားကြီးဖြင့် ကြည့်လိုက်သည်။

"နင်ဘာနားလည်လို့လဲ…၊ ငါအဗြဟ္မစရိယ သိက္ခာပုဒ်ကိုတဲ့လမ်းစဉ်တော်ကြီးပဲ" ဟု သန်းဆိုင်ပြော လိုက်သည့်အခါ၊ စန်းချိုက စိန်ခေါ်သောအကြည့်ဖြင့် ပြန်ကြည့်သည်။
"ဟေ့ အကြီးကျယ်ပါနဲ့ သန်းဆိုင်…. ငါလည်း ဘုန်းကြီးကျောင်းကနေ စာတတ်လာတာပါ။ အဗြဟ္မ စရိယာတစ်ခုတည်းတော့ မကျင့်နဲ့၊ ဝိကာလဘောဇနာကိုပါ ထိန်းလိုက်၊ နင် ညစာမစားရင် ဆန်ကုန် သက်သာ သွားတာပေါ့။ ဆန်ဈေးကလည်း တက်နေတော့ ချွေတာရေးလုပ်ရာလည်း ကျတာပေါ့ဟာ….၊ ဘယ့်နှယ်လဲ…"
သန်းဆိုင်စကား မပြန်တော့။ ဒေါသကို ထိန်းပြီး စန်းချိုရှေ့မှ ထွက်သွားစဉ် စန်းချိုက ရိထေ့ထေ့ ဖျစ် ညှစ် ရယ်ပြန်တော့သည်။ ငါက စကားနည်းနည်းရန်စဲ လုပ်နေတာတောင် ဒီမိန်းမက ဆီလိုအပေါက်ရှာ ပြီး ကြံဖန်ရစ်တယ်။ ဒုက္ခ….ဒုက္ခ…ဟု သန်းဆိုင် ကျိတ်၍ ညည်းထွားသည်ကို စန်းချို မသိနိုင်။

သန်းဆိုင်က ဆိုင်သိမ်းချိန်မှာ အရင်ကလို ရုပ်မြင်သံကြားလည်း ထိုင်မကြည့်တော့ပေ။ ဘုရားမှာ ပုတီး သွားစိပ်မည်ဟုဆိုပြီး ထွက်သွားကာ၊ တီဗွီအစီအစဉ်ကုန်ဆုံးချိန်မ ပြန်လာတတ်သည်။ သားတွေက ညဥ့်နက် သန်းခေါင်အထိ ဗီဒီယိုကြည့်ကြဦးမည်ဆိုလျှင် သူ့ခြင်ထောင်ကို စောင်တစ်ထည်ဖြင့် ကာပေး ရပြီး၊ အသံ ကိုလည်း အတိုးဆုံး ဖွင့်၍ကြည့်ရန် မေတ္တာရပ်ခံထားသည်။
ရဟန်းဝတ်ပြီးကာမှ၊ ကွမ်းယာဆိုင်မှာ သန်းဆိုင် ဘုရားစကား၊ တရားစကားချည်း ပြောနေတတ်ခြင်းကို ဆိုက်ကား သမား ကျော်ကြီးက ဝေဖန်ချင်သော်လည်း တည်ကြည်လေးနက်သည့် သန်းဆိုင်၏ မျက်နှာ ထားကို ကြည့်၍လည်းကောင်း၊ သန်းဆိုင်၏ လည်ပင်းမှ ပြောင်လက်နေသော စိပ်ပုတီးကြီးကို အားနာ ၍လည်းကောင်း၊ မဖွင့်ဟဖြစ်။ သို့သော်… ကျော်ကြီးက ဆွေမျိုးမကင်းသော စန်းချိုကိုတော့ ရဲဝံ့စွာ အသိပေး၏။

"အစ်မစန်းချို လူကြီတော့ ဘုန်းကြိးပြန်ဝတ်ဦးမလားမသိဘူး၊ ဈေးရောင်းရင်း တရားချည်းဟောနေ တယ်…. ဟိုနေ့ကလည်း နွားသတ်ရုံက ကောင်တစ်ကောင် ကွမ်းလာဝယ်တယ်။ ကိုသန်းဆိုင်က နွား လည်လှီးတဲ့ကောင်မှန်း မသိဘူး၊ ဟိုကောင်ကို (ပါဏာတိပါတာကံဟာ ဘယ်လောက်အပြစ်ကြီးသလဲ ဆိုရင် ….၊ ဘုရားရှိခိုး သီလခံယူတုံအခါတိုင်း…ပါဏာတိပါတပုဒ်ကို အစဦးဆုံး  ပုရွတ်ဆိတ်သတ်တာ ထက် ငှက်သတ် တာက ပိုပြီး အပြစ်ကြီးတယ်။ ကြက်ငှက်သတ် တာကထက် ကျွဲနွားတွေသတ်တာက တော့.. မေးမနေနဲ့၊ ငရဲ ကို ဇောက်ထိုးဆင်းမှာပဲ၊ လို့ တရားသွားဟောတယ် ဟိုကောင်က မဝယ်ဘဲ ပြန်ထွက်သွားတယ်။ အဲဒီငနဲ အရက်နည်းနည်း လည်းသောက်ထား ပုံရတယ်။  ခပ်လှမ်းလှမ်းရောက်မှ (တရားဟောချင်ရင်လည်း  ဓမ္မရုံကို သွားဗျို့) လို့ လှမ်းအော်သွားလေရဲ့… အဲလို ဖြစ်နေတာဗျ…"
ကျော်ကြီးပြောချိန် က စန်းချိုသည် သန်းဆိုင်၏ အနေအထိုင် အပြောအဆို အစားအသောက် (မွေးနေ့ တိုင်း သတ်သတ်လွတ်စားခြင်း) ပြောင်းလဲပုံတွေကို ဘဝင်မကျဖြစ်ပြီး စိတ်ထဲ ခိုးလိုးခုလုဖြစ်နေချိန်နှင့် တိုက်ဆိုင်နေ၏။

 "အဝေးက လှမ်းအော်သွားတာ တော်သေးတာပေါ့၊ ဟိုကောင်မှာ နွားသတ်တဲ့ဓါးပါလာပြီး သန်းဆိုင် လည်ပင်း လှီးမသွားတာပဲ ကံကောင်းလှပြီမှတ်" ဟု ငေါ့ပြော ပြောလိုက်သည်။
ကျော်ကြီး ကလည်း ဝမ်းနိုင်တူးနှင့် သမီးယောက်ဖတော်သည်ဟု မပြောရ စကားတံရှည်လိုက် သေးသည်။
"သူ့ကို နွားသတ်တဲ့ ငမူးက ရိသွားတာကို၊ ကိုသန်းဆိုင်က ကြားပြီး စိတ်မဆိုးဘူးဗျ၊ ပြုံးနေတယ်… သြော်… ငါကို သင့်တော်တဲ့နေရာကိုသွားဖို့ စိတ်ကောင်းစေတနာကောင်းနဲ့ လမ်းညွှန်သွားရှာတာကိုး၊ ကြီးပွားချမ်းသာမယ့် သူတော်ကောင်းကလေးပဲလို့တောင် ပြောလိုက်သေးရဲ့ဗျာ၊ အံ့ရောဗျာ…အံ့ရော"
သန်းဆိုင် နေ့စဉ်လိုလို၊ ဘုရားသို့သွားရောက်နေရင်းမှ ဘုရားရှိ ဂေါပကရုံးခန်းတွင် အမြဲလိုလို ရှိတတ်သော ဆေးဆရာကြီး ဦးပွားနှင့် ဆက်ဆံရေး အဖုအထစ်ဖြစ်ဖူးသော်လည်း (ဘယ်လိုဘယ်ပုံ မှန်း မသိကြပါ) ယခုအခါ…တရင်းတနှီး၊ တပူးတတွဲတွဲ ပြောဆိုဆံဆက်နေကြသည်ကို တွေ့လာကြ ရပြန်သည်။ ဘုရားရင်ပြင်တော်ပေါ် တွင် ပိန်ရှည်ရှည်ဦးပွားနှင့် ပုကွဗိုက်ရွှဲသန်းဆိုင်တို့ ယှဉ်တွဲ၍ စင်္ကြင်္ီလျှောက်နေ တတ်ကြသည် ကို နေစဉ်တွေ့မြင်ကြရတော့၏။

ဦးပွားနှင့် ချစ်ကြည်ရေးပေါင်းကူးတံတား ပြန်လည်ဆက်သွယ်ပြီးကတည်းက သန်းဆိုင်၏ ဝတ်ပြုကိုး ကွယ်ပုံတွေ က ထူးခြားဆန်းကြယ်လာကြ၏။ ဘုရားစင်ရှေ့မှာ အမွှေးတိုင်တွေ အမြဲဝေ့ဝဲနေကြ၏။ သူအိပ်စက် သည့် ခေါင်းရင်းဘက်ရှိ စားပွဲပုကလေးပေါ်သို့ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ထူးကြီးတချို့၏ ဓါတ်ပုံ၊ ရုပ်ပုံကားချပ်တွေ အစီအရီ နေရာယူလာကြ၏။ သန်းဆိုင်၏လည်ပင်းနှင့် လက်ကောက် ဝတ်နှစ်ဖက်တို့တွင်လည်း…
"ဘုရား ၏ အဆောင်အယောင် အစီအရင်တွေ" ဟုဆိုသော ရောင်စုံချည်ကြိုးကွင်းတွေက "တမီလ်" လူမျိုးကုလားမ ၏ လက်ကောက်တွေ ဆွဲကြိုးတွေပမာ ရှုပ်ထွေးပြည့်ကျပ်လာကြတော့၏။
သန်းဆိုင်၏ အပြုအမူတွေ.. ၊ စန်းချို၏ စိတ်အသိကိုကိုက်ဖဲ့ထိုးဆွသည့်နှယ် ဖြစ်လာပါသည်။

"မိထူး၊ ညည်းခဲအိုတော့ ပေါတောတောနေရာက ပေါက်တောက်တောက်ဖြစ်သွားပြီတူတယ်၊ ဆရာပွား နဲ့ ပေါင်းပြီး ဘာတွေ လျှောက်လုပ်နေသလဲမသိဘူး..၊ သန်းဆိုင်ကို အောက်လမ်းပညာတွေများ သင် ပေးနေသလား မသိဘူး၊ အိမ်မှာ အမှားအယွင်းမရှိရအောင် အကာအကွယ် လုပ်ထားခိုင်းမှ…" ဟု စန်းချိုက မိထူး ကို ဖွင့်ဟသောအခါ မိထူးကပြုံး၏။  "မဖြစ်နိုင်ပါဘူး၊ အစ်မကြီးစန်းချို၊ ဘုရားဂေါပကလူကြီးပါ ဆိုမှ အောက်လမ်း လုပ်ပါမလား"

"အို… ဘာပြောပြော…၊ လောကကြီးမှာ လူတွေက ယုံရတာမဟုတ်ဘူး၊ သစ်ကောက်ဝါးကောက်သာ မြင်ရတာ၊ လူလိမ်လူကောက်ကို မမြင်နိုင်ဘူးလို့ ရှေးလူကြီးစကားရှိတယ်၊ စိတ်ချရအောင် ငါ့ဘက်က လည်း အကာအကွယ် အစီအမံတွေ လုပ်ထားမယ်"
ထိုနေ့မှစ၍ စန်းချိုမှာလည်း ယခင်ကတည်းက သူ မကြာခဏ သွားရောက်တတ်သော ဗေဒင်ဆရာ၊ ဆရာမ များဆီသာမက၊ မဟိဒ္ဓိ၊ သိဒ္ဓိဂိုဏ်းဆရာကြီးများထံသို့ နေ့ရှိသရွေ့ လှည့်လည်သွားလာနေတော့ ၏။ ကော်ဖီမှုန့်ရောင် ပုဆိုးအင်္ကျီနှင့် လူစိမ်းအဘိုးကြီးတစ်ယောက် အိမ်သို့ရောက်လာစဉ်…၊ အိမ်မှာ သန်းဆိုင်ရှိမနေ၍ စန်းချို ပြောမပြတတ်အောင် စိတ်ချမ်းသာမှုရသွားသည်။ သန်းဆိုင်က သူ့အိမ်သို့ သူ စိမ်းတစ်ဦး လာရောက်ပြီး စန်းချိုကို လက္ခဏာဖတ်၊ ဗေဒင်ဟောကြာင်း သတင်းစကားကြားသိရသော် လည်း မသိချင်ယောင်ဆောင်နေလိုက်၏။ ဒီကိစ္စ ငါက ရန်လုပ်ရင်… စန်းချိုကလည်း ငါနဲ့ဆရာပွားတို့ အလုပ်တွေကို တိုက်ခိုက်လာတော့မှာ… ဟု သန်းဆိုင်က သတိရှိစွာ ဆင်ခြင်နှလုံးသွင်းလိုက်၏။

ကျန်အိမ်သားသုံးယောက်ကား… သန်းဆိုင်နှင့် စန်းချိုတို့၏ မျက်နှာတွေကိုသာ အချိန်ရှိသရွေ့ အကဲ ခတ် စောင့်ကြည့် လျက်ရှိကြသည်။ အခွင့်ရသည်နှင့်… တူဝရီးသုံးယောက် ချောင်တစ်ချောင်တွင် စု၍၊ ယှဉ်ပြိုင် ထိုးသတ်ရန်လေ့ကျင့်ခန်းယူနေကြသည့် လက်ဝှေ့သမားနှစ်ယောက်နှင့်တူနေသော ဇနီးမောင် နှံ အကြောင်း ကိုသာ တိုးတိုးကျိတ်ကျိတ် ဝေဖန်သုံးသပ်ရင်း "ရေခဲတုံးကြီး" အရည်ပျော်ကျစေမည့် နည်းလမ်းတွေကို ရှာဖွေ စဉ်းစားနေကြလေ သည်။

×××        ×××        ×××
×××        ×××        ×××

ယနေ့နံနက် (၅) နာရီတစ်ဝိုက်၊ နိုးနေကျအတိုင်း နိုးလာစဉ်၊ သူ့အကျင့်အတိုင်း မျက်စိမဖွင့်သေးဘဲ၊ အပြင်လောကမှ အသံဗလံများကို ရည်ရွယ်ချက်မဲ့ နားစွင့်နေခိုက်…၊ မိုးကျော်အောင် ပထမဆုံး သတိ ထားမိသည် မှာ…၊ မိမိတို့နေအိမ်အတွင်း၌ ထူးခြားစွာ တိတ်ဆိတ်နေခြင်းဖြစ်သည်။ ခါတိုင်းဆိုလျှင်… ဤအချိန်မျိုး တွင် မီးဖိုဆောင်ဘက်ဆီသို့ မိထူး၏အိုးသံပန်းကန်သံ (တစ်ခါတစ်ရံ ငရုတ်သီးထောင်းသံ၊ တစ်ခါတစ်ရံ ဆီကြော်သံရှဲရှဲ) တို့ကို ကြားရမည်။ အိမ်ရှေ့ခန်းမှ ဖခင်ဖြစ်သူ၏ချောင်းဟန့်သံဖြစ်စေ…၊ အိမ်ရှေ့တံခါးမကြီးဖွင့်သံဖြစ်စေ၊ အိမ်ရှေ့ဈေးဆိုင်မှ ကျောဘက်တံခါးကို သော့ဖွင့်စဉ်၊ သော့တွဲမှ သော့တံမျိုးစုံ၏ချွင်ချွင်မြည်သံကိုဖြစ်စေ မိုးကျော်အောင် ကြားရစမြဲပဲ။ ယခု… ကြားနေကျအသံတွေ မကြားရ၊ ဘာသံမျှမကြားရ၊ ဤအခြင်းအရာသည် သဘာဝ ကို ဖီဆန်ပြီး ထူးခြားနေသည်ဟူသော အသိဖြင့် မိုးကျော်အောင် အိပ်ရာမှထပြီး အခန်းပြင်သို့ ထွက်လိုက်သည်။

ခါတိုင်း… လျှပ်စစ်မီးဖြစ်စေ၊ ဖယောင်းတိုင်မီးဖြစ်စေ လင်းလက်နေလေ့ရှိသော မီးဖိုဆောင်သည် ယခု မှောင်အတိကျ တိတ်ဆိတ်နေ၏။ အမြဲထာဝရ အိပ်ရာထအချိန်မှန်သော မိထူး အိပ်ရာထနောက် ကျနေ ခြင်းကလည်း သဘာဝကို ဖီလာပြုခြင်းဟု မိုးကျော်အောင် တွေးမိ၏။ ခါတိုင်း… ဖွင့်ထားပြီးဖြစ်သော အိမ်ရှေ့တံခါး သည် ပိတ်ထားဆဲဖြစ်ကြောင်း တွေ့လိုက်ရပြန်သည်။ မိုးကျော်အောင်က အိမ်ဦးခန်းရှိ ဖခင်၏ခြင်ထောင် ကို လှမ်းကြည့်သည်။ ခြင်ထောင်အနေအထားမှာ အိပ်စက်နေသူ ပက်လက်လှန် ခြေ ဆန့်ထားသကဲ့ သို့ ခြေရင်းပိုင်းသည် စူထွက်နေသည်။ သည်အချိန်ထိ… ဖခင်အိပ်စက်လေ့မရှိခြင်းသည် လည်း… သဘာဝနှင့် မညီညွတ်ဟု သူ စနောင့်စနင်း တွေးမိပြန်သည်။ ခင်ဖြစ်သူ နေထိုင် မကောင်းများ ဖြစ်နေလား ဟုလည်း စိုးရိမ်ဗျာပါဝင်မိသေးသည်။

 ခြင်ထောင်နားကပ်ပြီး (အဖေ… အဖေ) ဟု အသံပြု ကြည့်ရာတွင် အထဲမှ တုံ့ပြန်မှုမရှိသောအခါ… စိုးရိမ်စိတ် မှာ မြင့်တက်ပူလောင်လာသကဲ့သို့ ခြင်ထောင် ကို လှန်မိလျက်သား ဖြစ်သွား၏။
ခြင်ထောင်ထဲ တွင် ဘယ်သူမျှမရှိပါ။ ခေါင်းအုံးများနှင့် ခွအုံးရှည်ကိုဆက်၍ လူတစ်ဦးသဏ္ဌာန်စောင်ဖြင့် ဖုံးလွှမ်း ပုံဖော်ထားသည့် သန်းဆိုင်၏မျက်လှည့်ပြကွက်သာရှိနေပါသည်။ မိုးကျော်အောင်၏ဦးနှောက် ထဲသို့ (၂) နှစ်လီ (၄) ဆိုသော မူလတန်းအမြှောက်အလီပုံသေနည်းက ဖျတ်ခနဲဝင်လာကာ…၊ မိဘနှစ် ပါး၏အိပ်ခန်းကို မျက်လုံးစွေကြည့်လိုက်၏။ သူ ယုံကြည်စိတ်ချစိတ် မရှိချင်ပါ။ မိခင်ရှိရာသို့ ဝင်အိပ် မည့်ဖခင်သည် "အိပ်ပျော်သူအတု" ဖန်တီး ထားဖို့ လိုအပ်မည်မဟုတ်ပါ။ (၂) နှစ်လီ (၅) ဖြစ်သွားပြီ လော…။
မိုးကျော်အောင် သည် မိဘများ၏အိပ်ရာခန်းနံရံကို ခပ်ဖွဖွနှင့် ခပ်သွက်သွက် လက်ဖနောင့်ဖြင့် ဆက် တိုက်ထု ရင်း မိခင်ကို နှိုးသည်။

"အမေ… အမေ… အမေ… အမေ… ထပါဦး အမေ"
စန်းချိုအိပ်ခမ်းထဲမှ ထွက်မလာမီ၊ အငယ်ကောင် ပြည့်ဖြိုးအောင်သည် အိပ်ချင်မူးတူး ယိုင်တိယိုင်ထိုး ဖြင့် ဦးစွာရောက်လာ၏။ "အစ်-ကို-ကြီး ဘာဖြစ်လို့လဲ" "အ-အဖေ မရှိတော့ဘူးကွ" ဟု မိုးကျော်အောင် တုန်တုန်ယင်ယင် တစ်ဆို့ဆို့ပြောလျှင် ပြည့်ဖြိုးအောင် က သန်းဆိုင်၏ခြင်ထောင်ကို ပြေးဖွင့်ကြည့်၏။ ချက်ချင်း လိုပင် ပြည့်ဖြိုးအောင် မျက်လုံးတွေ ကျယ် သွားကြသည်။
"ဒါက ဘာသဘောလဲ အစ်ကိုကြီး… ဟင်" ဟု မေးရင်း ပြည့်ဖြိုးအောင်က မိဘတွေ၏အိပ်ခန်းကို မျက်စိစွေ ၍ မေးငေါ့ပြလိုက်စဉ် ခန်းဆီးစ လှုပ်ယမ်းသွားပြီး စန်းချိုက သူမ၏ညဝတ်အင်္ကျီဂါဝန်ရှည်ကြီး တဖားဖားဖြင့် သမ်းဝေရင်း ထွက်လာ၏။ အိုးတိုးအတဖြစ်နေကြသော သားနှစ်ယောက်၏မျက်နှာကို ပြုံး၍ကြည့်သည်။ စန်းချို၏ အမူအရာကလည်း သဘာဝနှင့် အံမဝင်ဟုတွေးကာ မိုးကျော်အောင် စိတ် ရှုပ်သွား၏။

"အဖေ မရှိတော့ဘူး အမေ…"
စန်းချိုက တနွဲ့နွဲ့လှုပ်၍ အိမ်ရှေ့ခန်းကုလားထိုင်ဆီသို့ လျှောက်သွားသည်။ ဘာမှမပြော။ ကုလားထိုင် မှာ ထိုင်ချလိုက်ပြီးနောက် လက်ထဲမှာပါလာသော လန်ဒန်စီးကရက်ဘူးနှင့် မီးခြစ်ကို ဧည့်ခံစားပွဲပု ကလေးပေါ် အသာချသည်။

"မင်းတို့အဖေတင်မရှိတာမဟုတ်ဘူး၊ မင်းတို့ဒေါ်လေး မိထူးလည်း မရှိတော့ဘူး သားတို့ရဲ့၊ မနက် (၄) နာရီလောက် အမေ အပေါ့ထသွားရင် ကိုယ်စောင့်နတ်က သတိပေးတာလား၊ အမေ့ရဲ့ဆရာသခင် ဘိုးဘိုးတွေ က နှိုးဆော်တာလားမသိဘူး၊ စိတ်ထဲမှာ မင်းတို့အဖေ သူ အိပ်ရာမှာ မရှိဘူးလို့ထင်လိုက်ပြီး သွားကြည့်တော့… ခေါင်းအုံးတွေ နဲ့ လုပ်ထားတဲ့ လူအတုကြီးပဲ တွေ့ရတယ်၊ အဲဒါကြီး တွေ့ကတည်း က အမေ့စိတ်ထဲ မှာ သွေးရိုးသားရိုးမဟုတ်တော့ဘူးဆိုတာ ဒက်ခနဲ သိလိုက်ပြီ…၊ ကဲ… အခုထိ မိထူး သူ့အခန်းထဲ က ဘာလို့ထွက်မလာသေးသလဲ၊ ဆက်စပ်ကြည့်ရင်… အဖြေပေါ်နေပြီမဟုတ်လား"
သားနှစ်ယောက်သည် ကြိုးတုပ်ခံထားကြရသည့်နှယ်… မလှုပ်မယှက် ငြိမ်သက်နေကြရင်း…၊ မိခင်၏ ခံစားမှုမဲ့ မျက်နှာ ကို အံ့အားတသင့် ငေးကြည့်နေကြ၏။ စန်းချိုက စီးကရက်တစ်လိပ် မီးညှိကာ ခပ်ပြင်း ပြင်း ရှိုက်သွင်းပြီး မျှင်း၍ မှုတ်ထုတ်လိုက်သည်။

"လက်ဝတ်လက်စားတွေထဲက တစ်ဝက်လောက် ယူသွားတယ်၊ ပိုက်ဆံတွေတော့ တစ်ကျပ်တစ်ပြား တောင် ချန် မထားခဲ့ဘူး၊ မမှုပါဘူး သားတို့ရယ်…၊ ငါတို့သားအမိတွေ ပြန်ရှာရင် ရွှေတွေငွေတွေ ပြန်ဝင် လာမှာပါ၊ ပြီးတော့… အမေ ဝမ်းမနည်းဘူး၊ ဝမ်းလည်းမသာဘူး၊ စိတ်လည်း မဆိုးဘူး၊ မိထူးမဟုတ်ဘဲ အခြားသူစိမ်းဆိုရင်တော့ အမေ ဒေါသ ထွက်ချင်ထွက်မယ်…၊ ကိုယ့်ညီမအရင်း မိထူးဖြစ်နေတော့ အမေ စိတ်လျှော့လိုက်ပါတယ်… သားတို့ရယ်" စီးကရက်ကို ပြာခံခွက်ထဲသို့ အသာချပြီး၊ စန်းချို ထရပ်ကာ နံရံပေါ်မှ (၁၀) နှစ်ကျော်က ဇနီးမောင်နှံ ဝတ်ကောင်းစားလှတွေဖြင့် ရိုက်ထားခဲ့သော ရှစ်လက်မ၊ ဆယ်လက်မအရွယ် ဓာတ်ပုံကို မော့ကြည့် လျက် ရှေ့သွားတွေပေါ်အောင် ပြုံးနေလိုက်သည့် အမူအရာမှာ… သူမသည် အမြဲထာဝစဉ် ဆက်လက် ပြုံးနေတော့မည် ဟု နိမိတ်ပြနေသလိုလိုပင်…။

ကြူးနှစ်
(မေ၊ ဇွန်၊ ဇူလိုင်၊ ၂၀၀၃၊ မိုးဦးရာသီ)
.

No comments: