“အစ်ကိုကြီး မစ္စတာ ဘာမင်းရောက်လာပါတယ်”
မမျှော်လင့်ပဲ ရုတ်တရက်ကြာလိုက်ရသော ဂရီတာ၏ အသံကြောင့် သူ့အတွေးသည် ကိုးရီးယားမှနေ၍ ဖီလာဒေလ်ဖီးယားမြို့သို့ ပြန်ရောက်လာခဲ့သည်။
သူက နိုင်ငံခြားစာအိတ်ကို တခြားစာတွေကြားထဲသို့ ကမန်းကတန်းထိုးသွင်းထားလိုက်သည်။ ကို ဆက်ဖတ်ရန်..............
“အေး.... ဒီကို ခေါ်ခဲ့ပါ ဂရီတာ”
သူက ကော်ဖီခွက်ထဲမှ လက်ကျန်ကို မော့သောက်လိုက်ပြီးနောက် ကော်ဖီခွက်ကို ပြန်ချလိုက်သည်။
ထိုအခိုက် တံခါးဝတွင် လူသန် လူထွားကြီးတစ်ယောက် ပေါ်လာသည်။
“ကဲ ကျွန်တော်တို့ရဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူးလောင်းကြီး ဒီနေ့မနက်မှာ ကျန်းခံ့သာလို့ ရွှင်လန်းပါစေ”
ဂျိုးဘားမင်းက ရင်းနှီးလှိုက်လှဲသော ဟန်ဖြင့် ခပ်ကျယ်ကျယ်မေးလိုက်သည်။
“ထိုင်ပါ ဂျိုး၊ ဂရီတာ... နောက်ထပ် ကော်ဖီတစ်ခွက် လုပ်ပါဦး”
“ကျေးဇူးပါပဲဗျာ”
ဘားမင်း ၏ အားပြည့်မာန်ပြည့် အသံကြီးက တစ်ခန်းလုံး ဟိန်းသွားသည်။ သူက လက်ကိုင်အိတ်ထဲမှ စာရွက် တစ်ထပ်ကြီး ကို ဆွဲထုတ်လိုက်ရင်း......
“ဒါတွေကိုဘာတွေလို့ ထင်သလဲ။ ဘာတွေ ရမှာလဲ။ မဲဆန္ဒတွေပေါ့ဗျ။ မဲဆန္ဒတွေပေါ့။ တကယ့်ကို အပြတ်အသတ် ပဲ။ ပြည်သူတွေ အားလုံးကတော့ ကျွန်တော်တို့မြို့ရဲ့ ထိပ်တန်းရှေ့နေကြီး ခရစ္စတိုဖာဝင်းတား ဘက်က ရပ်နေကြပြီဗျ”
“အမယ်လေး... ဂျိုးရယ်။ တောင်းပန်ပါတယ်။ ဘာမှ အဖြူအမည် မသိရသေးခင်မှာ ဒီအထိတော့ တစ်ချက်လောက် မကြွား ပါနဲ့ဦး”
“ကျွန်တော်က အသားလွတ်ကြွားပြောနေတာ မဟုတ်ဘူးဗျ. တကယ့်အဖြစ်မှန်ကို အမှန်အတိုင်း ပြောနေတာ။ ကျွန်တော် တို့က ပြည်သူ့ဆန္ဒကို သုတေသန လုပ်ထားပြီးပြီ။ ရုပ်ရှင်ကြည့် ပရိသတ်တွေ၊ ကုန်ပဒေသာဈေးကြီးတွေ...။
လူစုလူဝေးတွေ အားလုံး ဆန္ဒယူကြည့်ပြီးပြီ။ အခုပြည်နယ်ပဲ ကျန်တော့တယ်။ ပြည်သူတွေက ခင်ဗျားကို စီးထားပြီး ပြီ။ သူတို့က တကယ့်ရည်မှန်းချက်ရှိတဲ့ လူစားမျိုးကိုမှ ခေါင်းဆောင် တင်ချင်ကြတာ။ ကျွန်တော်တို့က တကယ့်နိုင်ပေါက် ဝင်တိုးနေပြီဗျ။ ကျွန်တော်ပြောတာ ယုံစမ်းပါ.. ပြည်နယ် အုပ်ချုပ်ရေးမှူးကြီး ရဲ့။ ပြည်သူတွေက ခင်ဗျား လူတွေဖြစ်နေပါပြီ။ ကဲ.. ဘယ်လောက်ဝမ်းသာစရာ ကောင်းတဲ့ အချက် လဲ။ ပျော်ပျော်ရွှင်ရွှင် သာ နေစမ်းပါဗျ။ ခင်ဗျား ကျိန်းသေပေါက် နိုင်ကိုနိုင်မှာပါ”
ရုတ်တရက် ချောင်းဆိုးဝင်လာသဖြင့် ခရစ္စဝင်းတားက ပြန်မပြောနိုင်ပဲ ဖြစ်သွားသည်။ သို့ဖြင့် ဘားမင်းကပင် ဆက်လက်၍ “ကိုယ့်ဆရာ... ခင်ဗျား အအေးမိနေတယ်နော။ အရေးထဲ ကိုယ့်ကျန်းမာရေလည်း ဂရုစိုက်ပါဦးဗျ”
“စိုက်ပါတယ် ဗျာ။ စိုက်ပါတယ်။ အဲဒါကြောင့်မို့လို့ ဒီနေ့တစ်နေ့လုံး ဘယ်မှ မသွားပဲ အိမ်မှာပဲ နေပါ့မယ်ဆိုပြီးတောင် ကျုပ်မိန်းမကို ကတိပေးလိုက်သေးတယ်။ သူက ခပ်စောစောကပဲ နယူးယောက် က ဖုန်းလှမ်းဆက်ပြီး သတိပေးလို့...”
ဘားမင်း ရုတ်တရက် မျက်လုံးပြူးသွားသည်။
“ဟင် ဒါဆို အမျိုးသမီးကလပ်က ကိုယ်စားလှယ်အဖွဲ့နဲ့ ချိန်းထားတယ်ဆိုတာ ဘယ်လိုလုပ်မှာလဲ။ သူတို့က ဒီနေ့ မနက်(၁၁)နာရီ မှာ ရောက်လာကြမှာဗျ”
ခရစ္စဝင်းတားက သက်မတစ်ချက်ချလိုက်ပြီး
“အေးဗျာ ဟုတ်ပါရဲ့...။ အဲဒီကိစ္စ လုံးဝမေ့သွားတယ်။ ကောင်းပြီလေ၊ ဖြစ်ပါတယ်။ ကျုပ်လာဖြစ်အောင် လာပါ့မယ်။ စိတ်ချပါ”
“ဒါနဲ့ ကျွန်တော် က အပြစ်ပြောတာတော့ မဟုတ်ဘူးနော်။ ခင်ဗျား မိန်းမက တော်တော်စွမ်း...”
“အို... ဒီလူ က လူရယ်စရာတွေ ပြောနေပြန်ပါပြီ”
“လူရယ်စရာ ပြောတမဟုတ်ဘူးဗျ။ ကျွန်တော်က တကယ်ပြောတာ။ ခင်ဗျား မိန်မ က တော်လည်းတော်တယ်။ ချောလည်းချောတ်။ ပြည်နယ် အုပ်ချုပ်ရေးမှူးကတော် တကယ်ဖြစ်ထိုက်တဲ့ အမျိုးသမီး တစ်ယောက်ပဲ။ ဒီအရည်အချင်းတွေဟာ ဘယ်အထိ အထောက်အကူပြုနိုင်တယ် ထင်သလဲ။ ကျွန်တော်ပြောတာ မယုံ မရှိနဲ့။
ပြည်နယ် အုပ်ချုပ်ရေးမှူးပြီးရင် သမ္မတဖြစ်မှာ ကျိန်းသေပဲဗျ။”
“စောင့်ကြည့်ကြသေးတာပေါဗျာ။ ကိုင်း... ဒီတော့ ခင်ဗျားဌာနချုပ်ကိုသာ ယွန်းပါတော့။. သူတို့ကိုကျုပ် တစ်နာရီ အတွင်း ရောက်လာမယ်လို့ ပြောထားပါ”
“အိုကေ.. ဆရာ”
ဂျုးဘာမင်း ပြန်ထွက်သွားပြီးနောက် တစ်ခန်းလုံး ပြန်လည်တိတ်ဆိတ်သွားသည်။
ခရစ္စတိုဖာဝင်းတားက နိုင်ငံခြား စာအိတ်ကို တခြား စာတွေကြားမှာ ဆွဲထုတ်လိုက်ပြီးနောက် သူ၏ ရေချိုး ဝတ်ရုံကြီး အိတ်ထဲ သို့ ထိုးထည့်ထားလိုက်သည်။
ကော်ဖီထပ်ဖျော်ပြီး ဂရီတာ အခန်းထဲ ပြန်ဝင်လာသည်။
“ဒီစာတွေ ငါ့ စာကြည့်ခန်းထဲက စားပွဲပေါ်သွားတင်ထားလိုက်ပါ ဂရီတာ။ ကော်ဖီပန်းကန်ကိုတော့ ငါ့ဘာသာ ငါပဲ အဝတ် လဲ ခန်းထဲ ယူသွားမယ်”
“ဒါနဲ့အစ်ကိုကြီး ဒီနေ့ အပြင်မထွက်ပါဘူး ... နော်”
“အေးပါ.. မထွက်ပါဘူး”
“မမက ကျွန်မကို ပြောတယ်။ အစ်ကိုကြီး အပြင်မထွက်ပါစေနဲ့တဲ့။ ဒါနဲ့တောင်မှ အစ်ကိုကြီး အပြင်ထွက်မယ် ဆိုရင်တော့ ဒီနေ့ည မမပြန်ရောက်တဲ့အခါ ကျွန်မကို အရမ်းကြိမ်းတော့မှာပဲ”
သူက ဂရီတာအာ မျက်လုံးမှေး၍ ကြည့်လိုက်ပြီး...
“အဲဒီလိုဆိုရင် ငါ့အမိန်အတိုင်း လုပ်တာပါလို့ သူ့ကို ပြောလိုက်ပေါ့။. ဒီမှာ ဂရီတာ.. ငါပြောတဲ့ အတိုင်းလုပ် ပါ။ နို့မဟုတ်ရင် အလုပ်ပြုတ်ပြီသာ မှတ်ပေတော့”
“ဟုတ်ကဲ့ပါ အစ်ကိုကြီး” သူမက ခစ်ခနဲ တစ်ချက်ရယ်လိုက်ပြီးတော့မှ... “ဒါပေမဲ့ အစ်ကိုကြီးအနေနဲ့ အပြင်ထွက် ဖို့ မသင့်တာတော့ အမှန်ပဲ။ မမပြောတာ မှန်တယ်”
အပေါ်ထပ် အဝတ်အစား လဲခန်းရောက်သောအခါ သူက အင်္ကျီအိတ်ထဲမှ စာအိတ်ကို ဆွဲထုတ်လိုက်သည်။
ဒီစာကို ဆက်ဖတ်ပြီး ငါ့အနေနဲ့ တစ်နေ့လုံ စိတ်ဆင်းရဲခံနေဖို့ သင့်သလား ဟု သူက တွေးမိသည်။.
သို့သော် သူ့အတွက် ဆုံးဖြတ်ချက် မချနိုင်အောင် ဖြစ်နေရခြင်းမှာ စာကို ဖတ်သင့် မဖတ်သင့်ဟူသော အချက် မဟုတ်။ အကယ်၍ သည်ကိစ္စကို ဇနီးသည် လော်ရာအား ပြောပြရန် လိုအပ်၍ ပြောပြရတော့မည်ဆိုပါက.. “ဘယ်လိုပြောပြရပါ မလဲ”ဟူသော အချက်သာဖြစ်သည်။
ဤအချက်သည်သာ သူ့အတွက် တကယ့် “ပြဿနာ”ဖြစ်သည်။
လော်ရာကို ပြောကော ပြောပြသင့်သလား။ မပြောမဖြစ် ပြောကို ပြောပြရမည်လား။
သူ စဉ်းစားကြည့် သည်။ ဘယ်လိုမှ အဖြေအထွက်။
တစ်ခေါင်းလုံး ကိုက်ခဲလာသည်။ တဟွပ်ဟွပ်နှင့် အဆက်မပြတ် ချောင်းဆိုးလာသည်။ တစခန်းလုံ ချာချာလည်နေ သလို ထင်နေသည်။
ငါ ဌာနချုပ် လာခဲ့မယ်လို့ ဘားမင်းကို ပြောလိုက်တာ သိပ်မှားတယ်။ ဒါ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စ။ ဟုတ်တယ်.... ဒေါက်တာ ပြောတ မှန်တယ်။ လောရာပြောတာလည်း မှန်တယ်။ ငါ မသွားတော့ဘူး။ အိပ်ရာထဲ မှာပဲ နေတော့မယ်။
ခွေယိုင်နွမ်းလျစွာဖြင့် အိပ်ရာပေါ်လှဲအိပ်လိုက်သည်။ ပြီးတော့ ခုတင်ဘေးမှ တယ်လီဖုန်းကို လှမ်းကိုင် လိုက်လေသည်။
“မောင်.. အခြေအနေ ဘယ်လို နေသေးသလဲ၊ နေကောင်းရဲ့လား ဟင်”
ဇနီးသည် လော်ရာ၏ ကြည်လင်သော အသံ။ သူ့နဖူးပေါ်တါင် အေးစေက်သော သူမ၏ လက် အတွေ့အထိ တို့ကြောင့် သူ အိပ်ရာမှ နိုးလာသည်။ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ နိုးခါစမို့ မူးတူးမှောင်တောင်ဖြစ်နေ မိသည်။
“ဂရီတာက ပြောတယ်။ သူ အပေါ်ထပ်တက်ကြည့်တော့ မောင် အိပ်ပျော်နေပြီတဲ့။ မောင် တစ်နေ့လုံး အိပ်နေတယ် လို့ သူက ပြောတယ်။ ဒီနေ့ မနက် မောင်ကြည့်ရတာ သိပ်မလန်းသလိုပဲ။ ဒါနဲ့... ကျွန်မ လည်း ဆေးဝါးဗေဒပညာရှင်တွေနဲ့ အချိန်မဖြုန်းတော့ပဲ အိမ်ကို တန်းပြန်လာခဲ့တာ”
“ဟုတ်တယ်ကွယ်... ကိုယ့်စိတ်ထဲမျာ တစ်မျိုးကြီး ခံစားနေရသလိုပဲ။ စိတ်ဓာတ်တွေကျနေသလိုပဲ”
သူက သည်စကားမျိုး မပြောမိအောင် အားတင်းလိုက်ပေမဲ့ ပါးစပ်မှ အလိုလိုထွက်သွားသည်။ သူသည် တစောင်းအိပ်နေရာ မှ ပက်လက်အနေအထားသို့ ပြောင်းကာ ခြေလက်များကို ဆန့်လိုက်သည်။ ပြီးတော့.. ဆံပင်များ ကို လက်ဖြင့် အသာအယာပွတ်သပ် ဖြီးသင်နေသည်။
“မမျှော်လင့်ပဲ ကောက်ရသလို ချက်ချင်ဖြစ်သွားတာ..”
သူက ဆက်ပြောသည်။
“ကိုယ် မနက်စာ စားပြီးချိန်မှာ ဘားမင်းရောက်လာတယ်။ သူ ပြန်သွားတော့ ကိုယ့်ကိုယ်ကိုယ် အိုကေပဲ ထင်နေတာ။ ဒါနဲ့.. အိမ်ပေါ် ပြန်တက်လာတော့ လှေကားပေါ်လည်းရောက်ရော ရုတ်တရက် ခြေကုန် လက်ပန်း ကျသွားတော့တာပဲ”
“အဲဒါ တုပ်ကွေး လက္ခဏာပေါ မောင်ရဲ့။ တုပ်ကွေး ဝင်လာရင် အဲဒီအတိုင်းပဲ ဖြစ်တာပေါ့”
လောရာက ကိုယ်ကိုငုံ့၍ လင်တော်မောင်အားနမ်းမည်လုပ်သည်။ သို့သော် သူက ခေါင်းကို တစ်ဖက်သို့ စောင်းလိုက်သည်။
“အို.. မလုပ်စမ်းပါနဲ့။ တုပ်ကွေး ကူးနေပါဦးမယ်”
“ဟင်အင်း ဘာမှ မဖြစ်ပါဘူး ၊ ကျွန်မကို ဘယ်ရောဂါမှ မကူးနိုင်ပါဘူး”
သူမ က သူ့ခေါင်း ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး နှုတ်ခမ်းအစုံကို စုပ်နမ်းသည်။ သူကကျေနပ်စွာ ပြုံးနေ သည်။
“အင်း ငါ့မိန်းမကတော့ ဇွဲသတ္တိအရာမှာ စံတင်လောက်ပါပေရဲ့”
“တကယ်ပြောတာလားမောင်။ ကျွန်မလည်း တစ်ခါတစ်လေတော့ အဲဒီလို တွေးမိပါရဲ့။ ဒါပေမဲ့. ကျွန်မက တစ်သက်လုံး တစ်ခါမှ မဖျားဖူးပါဘူး။ ကျန်းမာရေးကောင်းလိုက်တာမှ ရိုက်သတ်တောင် သေမှာ မဟုတ်ဘူး။ ကျွန်မ တို့ ငယ်ငယ်တုန်းကဆိုရင် ကျွန်မ အစ်ကိုနှစ်ယောက်က အမြဲလိုလို ချူချာနေတတ်ကြတယ်။ ကျွန်မ ကတော့ ဘယ်တော့မှ ဘာမှမဖြစ်ဘူး။ အဲဒါကြေင့် သူတို့ နှစ်ယောက်က ကျွန်မကို သိပ်မုန်းကြတာပဲ.. သိလား”
သူ့စိတ်ထဲတွင် အတော်ကလေး နေကောင်းထိုင်သာ ရှိသွားသလိုခံစားရသည်။
သို့ဖြင့် ခုတင်ပေါ်တွင် ထထိုင်ကာ ဇနီးသည်အားလှမ်းဖက်ပြီး ရင်ဘတ်ချင်း အပ်ထားလိုက်သည်။ ပြီးတော့ ဇနီးဖြစ်သူ၏ လည်ကုတ်သားနုနု ကို သူ့နှုတ်ခမ်းဖြင့် တယုတယ ထိနမ်းသည်။
အင်း ငါ သူ့ကို အဖြစ်မှန် ပြောပြမှ ဖြစ်တော့မယ်။ မပြောပြနိုင်စရာလည်း မရှိပါဘူး။ တို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက်သိပ်ပြီးချစ်ကြတယ်။ ဒါနဲ့ ငါ အဲဒီစာ ဘယ်မှာ ထားမိပါ လိမ့်။ သြော် အေး ဟုတ်ပြီ။ ရေလဲဝတ်ရုံ အင်္ကျီအိတ်ထဲမှာ။ အင်္ကျီကြီးက ကုလားထိုင် နောက်တန်းပေါ်မှာ တကယ်လို့ များ သူတွေ့သွားရင်
“ကဲ လော်ရာ ကိုယ့်ကို ရေလဲဝတ်ရုံကြီး ခဏကမ်းပေးပါဦး။ ကိုယ်ထတော့ မယ်။ နေလို့ လည်း တော်တော်ကောင်းသွားပါပြီ။ မင်းလည်း အိမ်ပြန်လာပြီ မဟုတ်လား။
“မထပါနဲ့ဦး လား မောင်။. အိပ်ရာထဲမှာပဲ ခဏလှဲနေလိုက်ပါဦးလား ဟင်”
“အို မလိုတော့ပါဘူး။ ရပါတယ်။ ကဲလုပ်စမ်းပါ။ ဟိုအင်္ကျီကြီး ခဏပေးစမ်းပါ”
မူမမှန်တဲ့ ငါ့လေသံကို သူများရိပ်မိသွားပြီလား။
လော်ရာက ထိုင်ရာမှ ဖြည်းဖြည်းထသွားကာ ရေလဲယတ်ရုံကြီး ယူလာပေးသည်။ သူက ဝတ်ရုံကြိးကို ပခုံနှစ်ဖက်ပေါ် သို့ ကမန်းကတန်း သိုင်းတင်လိုက်သည်။ ပြီးတော့... အပေါ်မှ စောင်ခြုံလိုက်ပြီး အင်္ကျီအိတ်ထဲသို့ မသိမသာ လက်နှိုက်၍ စမ်းကြည့်သည်။ တော်ပါသေးရဲ့..၊ အိတ်ထဲမှာ စာရှိနေသေးတယ်။ တကယ်တော့ ငါက ဘာကြောင့် များ အိပ်ပျော်သွားရတာပါလိမ့်။ တကယ်လို့များ ငါ အိပ်နေတုန်း ဂရီတာ ဝင်လာပြီး ငါ့ပစ္စည်းတွေ ဟိုစမ်းဒီစမ်း လုပ်လို့ အင်္ကျီအိတ်ထဲက စာအိတ်များ ထွက်ကျသွားရင်ဖြင့် တစ်ခါတည်း ပြီးပါရော.. ပြီးပါရော...။
လောရာ ၏ လက်က သူ့နဖူးပေါ် ရောက်လာပြန်သည်။
“မောင့်မှာ အဖျား ရှိသေးတယ်။ ကျွန်မ ဒေါက်တာ လှမ်းခေါ်..” သူက ခပ်မြန်မြန်ကလေး ဖြတ်ပြောလိုက်သည်။
“အို .. မခေါ်ပါနဲ့။ မင်းကိုယ်တိုင် အပူတိုင်းကြည့်ပါလား။ ကိုယ့်မှာ အဖျားရှိရင် မင်းမှန်တာပေါ့။ မရှိရင် ကိုယ် မှန်တယ်။ ဒါဆိုနှစ်ယောက်စလုံး ကျေနပ်ရောပေါ့ ဟုတ်ဖူးလား”
သူမက သဘောကျစွာ ရယ်လိုက်ပြီ....
“အင်း မောင်ကတော့ တကယ်တော်တဲ့ နိုင်င့ရေးသမားတစ်ယောက်ပါပဲ။ ဒီအချက်ကို ကျွန်မ အမြဲတမ်း သတိထားပြီ။ အကဲခတ် မိခဲ့ပါတယ်”
သူမသည် ပြောပြောဆိုဆိုဖြင့် ရေချိုးခန်း ဆေးဗီရိုဆီသို့ လျှောက်ထွက်သွားသည်။ ခဏကြာတော့ ပြန်ဝင်လာသည်။ ထို့နောက် အပူတိုင်း ပြဒါးတိုင်ကို လက်ဖြင့် သုံးလေးချက်မျှလှုပ်ခါပြီးနောက် အလင်းရောင် တွင် ထောင်၍ကြည့်နေရင်းမှ...
“မောင်က သူများနဲ့ပြိုင်တာမှာတော့ နိုင်ပေါက်ကို တော်တော်ကို မြင်တာပဲ။ ဒီနေ့တော့ မောင့်ကို ကျွန်မက အနိုင်ယူရလိမ့်မယ် .. မောင်” “အင်း ဆို.... ဆိုစမ်းပါဦး”
လော်ရာ က သူ့ပါးစပ်ထဲ ပြဒါးတိုင်ကို ထည့်ပေနေစဉ် သူက အသံခပ်ဝါးဝါးဖြင့် ပြန်ပြောလိုက်သည်။
သူ ဆက်မပြောနိုင်မိ လော်ရာက ခပ်မြန်မြန်ကလေး ဆက်ပြောသည်။
“သြော်.. ဒါနဲ့ ဝီလတန်ရဲ့စာအုပ် မောင်လည်း ဖတ်ပြီးပြီပဲ။ ကျွန်မတော့ သူ့ စာအုပ်ရဲ့ နောက်ဆုံးလေးပုံသုံးပုံကို လုံးဝ သဘော မကျဘူး။ သူက မှန်ကန်တဲ့ နိဂုံးကို ဆွဲမပြနိုင်ဘူ။ ရေအောက်အပင်တွေ နဲ့ ဖော်စပ် တဲ့ ဆေးတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့ လမ်းဆုံးနေပြီဆိုတဲ့ အချက်ကို ကျွန်မ သဘောမတူဘူး။ ကျွန်မက စာရေးဆရာမဖြစ်ခင်ကတည်းက သိပ္ပံပညာရှင် ဖြစ်ခဲ့တဲ့လူပါ။ တိရစ္ဆာန်ဦးနှောက် တစ်ရှူးတွေကို စမ်းသပ်အောင်မြင်နိုင်တယ် ဆိုတဲ့ အချက်ကိုလည်း ကျွန်မ တစ်စက်ကလေးမှ မယုံဘူး”
“ဒီတော့ တို့လူသားတွေလည်း တိရစ္ဆာန်တစ်မျိုးပဲဆို”
သူက ပါးစပ်တွင် ပြဒါးတိုင် တန်းလန်းကြီး တပ်ထားရင်းမှ ပြန်မေးသည်။
'' မောင်ချည်းပဲ မပြောပါနဲံ့။ ကျွန်မ ပြောတာလည်း ဆုံးအောင်နားထောင်ပါဦး။ ဒီအခွင့်အရေး ကျွန်မက အမြဲတမ်း ရနေတာ မဟုတ်ဘူး''
သူက ဇနီးသည်အား မျက်လုံးပြူးကြီးနှင့် ကြည့်နေသည်။ ဇနီးသည်က သဘောကျ၍ ရယ်သည်။ သူမက ဆက်ပြော သည်။
'' ဟုတ်ပါတယ် ... ဟုတ်ပါတယ်။ မောင်ပြောတာ တကယ် ဟုတ်ပါတယ်။ မောင်က စကားအရာမှာ ကျွန်မထက် နှစ်ဆ သာပါတယ်။ ဒါကို မောင်လည်း သိပါတယ်။ မောင်က အမြဲတမ်း မှန်တာကိုချည်း ပြောတာပဲ။ တကယ်တော် တဲ့ လူ။ ဒါကြောင့်မို့လည်း မောင့်ကို ကျွန်မက ပိုပြီး ချစ်ရတာပေါ့နော်... ''
သူမက ကိုယ်ကို ကိုင်းကာ သူမ၏ ရင်ဘတ်ပေါ်တွင် အပ်ထားလိုက်သည်။ သူက သူမ၏ ချစ်စရာ ပြောင်လက်နေသော ရွှေနီရောင် ဆံပင်အိများကို တယုတယ ပွတ်သပ်ကစားနေသည်။
''ကျွန်မ တကယ်ပြောတာပါ.... မောင်။ ကျွန်မလေ မောင့်ကို သိပ်ပြီး ချစ်တာပဲ သိလား''
သူမ သည် လေသံကလေး ဖြင့် ပြောနေသည်။
''မောင့်ကို ကျွန်မ ရင်နှင့်အမျှ ချစ်မ၀နိုင်ပါဘူး မောင်ရယ်...။ ဟင်...ဒါနဲ့ မောင့်နှလုံးတွေကလည်း ခုန်လှချည် လား။ ကျွန်မ နားထဲမှာ တဒိန်းဒိန်း နဲ့တောင် ကြားနေရတယ်။ ဘာဖြစ်လို့ ဒီလောက်တောင် နှလုံးခုန် မြန်နေ ရတာပါလိမ့်။ နှလုံးခုန်တာကလည်း ပြတ်တောင်း ပြတ်တောင်းကြီး၊ တစ်ဆက်တည်း လည်း မဟုတ် ပါလား။ မောင်...နေမကောင်းဘူုးလား ... ဟင်။ မောင့်မှာ ကျွန်မကို မပြောဘဲထားတဲ့ လျှို့ဝှက်ချက် တစ်ခုခုများ ရှိနေလို့လား ...ဟင်..မောင်''
သူမ က ခေါင်းကို သူ့ရင်ဘတ်မှ ပြန်ခွာလိုက်သည်။ သူမ၏ မျက်လုံးမျုားသည် နက်မှောင်သော ကော့ မျက်တောင် များ အောင်တွင် တဖျပ်ဖျပ်အရောင်တောက်ကာ သူ့မျက်နှာကို စူးစမ်း အကြည့်ဖြင့် ကြည့်နေကြသည်။
သူ့ပါးစပ်ထဲတွင် အပူတိုင်းပြဒါးတိုင် တပ်ထားသည်ကို သူက ကျိတ်ပြီး ကျေးဇူးတင်မိသည်။ သူ့အတွက် ပြန်ဖြေရ သက်သာ သွားသည် မဟုတ်လား။
သူမက သူ့အဖြေ ကို စောင့်မနေတော့ဘဲ ပြဒါးတိုင်ကို ဆွဲနုတ်သည်။
ငါ့ရင်ထဲမှာ ပြောစရာ ရှိတယ်ဆိုတာ သူဘယ်လိုလုပ်ပြီး ခန့်မှန်းမတာပါလိမ့်။ အို... ဘယ်နည်းနဲ့မှ သူ မသိနိုင်သေး ပါဘူးလေ။
''ဟော... ကျွန်မ မပြောဘူးလား။ မောင့်မှာ အဖျားရှိသးတယ်။ အပူ ဒီဂရီ ၁၀၀ တောင်ကျော်တယ်။ ဒီအခြေအနေမျိုးနဲ့တော့ အပြင်ထွက်ဖို့ လုံးဝ မသင့်ဘူး .... မောင်။ ညစာကိုလည်း အောက်ထပ် ဆင်းမစားပါနဲ့။ ဒီကိုယူပြီး ကျွန်မနဲ့ အတူတူပဲ စားကြမယ်နော်''
သူက လှဲအိပ်နေရာ မှ ဆက်ခနဲ ထထိုင်လိုက်သည်။
''အို... ကိုယ် အိပ်ရာထဲ အစာ စားရတာ မကြိုက်ဘူးကွယ်။ အပူဒီဂရီ ၁၀၀ ဆိုတာကလည်း ဘာမှ မရှိဘူး။ ဒီအခန်း ကလည်း အရမ်းပူတာပဲ။ အဲဒီတော့ ...တို့နှစ်ယောက် အပေးအယူ လုပ်ကြရအောင် လား။ ကိုယ် အခုချက်ချင်း ထပြီး ကမန်းကတန်း ရေချိုးလိုက်မယ်။ ပြီးတော့ အ၀တ် နွေးနွေး သန့်သန့် ၀တ်ပြီး အောက်ထပ် မှာပဲ ညစာ စားကြမယ်... ဟုတ်လား။ အဲဒီမှာ တို့လင်မယား နှစ်ယောက် ညစာ စားရင်း အေးအေးဆေးဆေး စကားပြောနိုင်တာပေါ့။ မင်းပြောစရာရှိတာတွေ အားလုံးပြော။ ငါပြောစရာရှိတာတွေအားလုံး ပြောမယ်။ ဘားမင်းကတော့ ဌနချုပ်ရုံးမှာ အလုပ်ကိစ္စတွေ ပုံနေတယ် ပြောတာပဲ။ ပြည်သူ့ဆန္ဒ ကိစ္စတွေပဲ ဖြစ်မှာပေါ့။ သူ့ဆီက ဖုန်းတောင်လာချင် လာလိမ့်ဦးမယ်''
''လာရုံတင် ဘယ်ကမလဲ။ သူဖုန်းဆက်တာ အကြိမ်ပေါင်း တစ်ဒါဇင်လောက်တောင် ရှိနေပြီတဲ့။ ဂရီတာ ကပြော တယ်။ စူ ဒိနေ့ည လာမယ်တဲ့။ ဒါပေမဲ့ ကျမကတော့ ကြည့်ကြသေးတာပေါ့လို့ ပြန်ပြောလိုက် တယ်''
''အဲဒါ ကောင်းပါတယ်။ ဒါပေမဲ့... အခုဆိုရင် ကိုယ်လည်း အခြေအနေကောင်းနေပါပြီ။ ကိုယ်သူနဲ့ တွေ့ချင်တယ်။ လုပ်စရာ အလုပ်တွေက တစ်ပုံကြီး ကျန်နေသေးတယ်။ နောက်အပတ် ဆိုရင်တော့ အဖြူအမည်းပြတ်ပြတ် သားသား သိရပါပြီ''
လော်ရာက ထုံးစံအတိုင်း ခင်ပွန်းဖြစ်သူ၏ ဆုံးဖြတ်ချက်ကို အလိုက်သိစွာဖြင့် ထိုင်ရာမှ ထသည်။ သူမ၏ ခင်ပွန်း ဖြစ်သူသည် အိမ်ဦးနတ် ဖြစ်သည်။ သူမကလည်း မိမိ၏ ခင်ပွန်းဖြစ်သူအား ယင်းသို့ သာ ဖြစ်စေချင်သည်။ ခရစ္စတိုဖ ၀င်တားသည် ခိုင်မာသော သဘောတရား တစ်ရပ်ကို စွဲမြဲစွာ ဆုပ်ကိုင်ထား သူဖြစ် သည်။ ယင်းသဘောတရားမှာ တခြားမဟုတ်။
''ကြံ့ခိုင်သော ဇနီးမယား တစ်ယောက်အတွက် ကြံ့ခိုင်သော လင်ယောက်ျား လိုပ်အပ်သည်'' ဟုသော သဘောတရား ပင် ဖြစ်သည်။ အလားတူပင်
''ကြံ့ခိုင်သော လင်ယောကျာ်းတစ်ယောက်အနေဖြင့်လည်း ကြံ့ခိုင်သော ဇနီးမယား လိုအပ်သည်'' ဟူသော အချက် ကိုလည်း သူက အလေးအနက် ခံယူထားသူ ဖြစ်သည်။
''သူက မောင့်ကို လေးစားတဲ့လူပဲ''
''ကိုယ်က အဲဒီအချက် စဉ်းစားနေတာ မဟုတ်ဘူး။ သူ့မိန်းမ အကြောင်း စဉ်းစားနေတာ''
လော်ရာက ရယ်လိုက်ပြီးနောက် ခင်ပွန်းသည်၏ ဘေးတွင် ပြန်ထိုင်သည်။
''သြော်... သူ့မိန်းမအကြောင်းလား၊ ဒီကိစ္စက သူ့မိန်းမနဲ့ ဘာဆိုင်လို့လဲ''
''ဆိုင် တာပေါ။ တော်တဲ့မိန်းမရဲ့ ယောက်ျားဟာ မတော်တဲ့ မိန်းမရဲ့ ယောက်ျားထက် ပိုတော်နိုင်တယ်။ ဘားမင်း မိန်းမက တော်တော်တုံးတယ်။ တုံးတဲ့မိန်းမကို ယူထားတဲ့အတွက် ဘားမင်း အနေနဲ့လည်း တစ်နေရာရာမှာ ခပ်တုံးတုံး ပျော့ညံ့ချက်တွေ ရှိနေတာ တွေ့ရတာပေါ့။ သူက သူ့မိန်းမကို ကျွန်လို ဆက်ဆံတယ်။ သူ့မိန်းမ ကလည်း ကျွန်အဆင့်လောက်ပဲ ရှိတာကိုး''
''ဒါဆို မောင်က ယောက်ျား တစ်ယောက်ရဲ့ တန်ဖိုးကို သူ့မိန်းမကို ကြည့်ပြီး ဆုံးဖြတ်ချင်တာာလး''
''ဒါပေါ့ ... ကိုယ်က ဒီအချက်ကို အလေးအနက် ထားတယ်။ ဒါ့ကြောင့်လည်း ... ကိုယ်ဟာ မင်းရဲ့ လင်ယောက်ျား ဖြစ်ရတာ ကို ဂုဏ်ယူတာပဲ''
''ဒါ ... တကယ် ပြောတာလား ..မောင်''
''ပြောရုံတင်မကဘူး။ တကယ်လည်း ယုံကြည်တယ်။ မင်းဟာ လင်ယောက်ျားတစ်ယောက်အဖို့ တကယ် ဂုဏ်ယူစရာကောင်းတဲ့ ဇနီးကောင်းတစ်ယောက်ပါ လော်ရာ။ ဒါပေမဲ့ တစ်ခုတော့ ပြောစရာ ရှိတယ်။ မင်းလိုမိန်းမမျိုး ကို တော်ရုံတန်ရုံ သတ္တိရှိတဲ့ ယောက်ျားကတော့ လက်ထပ်ရဲမှာ မဟုတ်ဘူး''
သူအံ့အားသင့် သွားမိသည်။ သူမ၏ အောင်နှုတ်ခမ်းကလေး ရွရွကလေး တုန်ယင်နေသည်။ ဒါ ငိုချင်တဲ့ လက္ခဏာ ပဲဟု သူက ချက်ချင်းသိလိုက်သည်။ သူမ ငိုခဲပါသည်။ သို့သော် သူမက စိတ်ထိခိုက် လွယ်သူ ဖြစ်သည်။ ငိုချင်လျှင် အချိန်မရွေး ငိုနိုင်သည်။
သူက ပျာယီးပျာယာ ဖြစ်သွားပြီုးသူမ ၏ လက်ကို ကမန်းကတန်း ဆုပ်ကိုင်လိုက်သည်။
''ဟင် ....လော်ရာ။ ကိုယ့်ကို စိတ်ဆိုးသွားသလားဟင်။ ကိုယ့်စကားမှားသွားတာ တောင်းပန်ပါတယ် ကွယ်။ အမှန်က ကိုယ် ပြောလိုက်တာက မင်းလို မိန်းမမျိုး ရတာ ကိုယ် ဂုဏ်ယူပါတယ်လို့် ပြောလိုတာ ပါ။ မင်းက တောုဝင်တဲ့ အမျိုးသမီး တစ်ယောက်ပါ။ သာမန် ယောက်ျားတစ်ယောက်ဟာ မင်းနဲ့ လားလားမှ မထိုက်တန် ပါဘူး။ ဒီလို မိန်းမမျိုး ဖြစ်ရတာကို မင်းကိုယ်မင်း ဂုဏ်ယူစမ်းပါ။ မင်းက ကြီးကျယ်တဲ့ ယောက်ျားနဲ့မှ ထိုက်တန်သူ ပါ။ ကိုယ်ပြောတာ မဟုတ်ဘူးလားဟင်။ တို့လင်မယားက တစ်ယောက်နဲ့ တစ်ယောက် နှိုင်းယှဉ်ပြီး တန်ဖိုး ထားကြတာ။ တို့နှစ်ယောက်ဟာ နတ်ဖက်တဲ့ လင်မယားပါ။ ကိုယ်ဟာ မင်းလို ဇနီးမယား တစ်ယောက်အတွက် ထိုက်တန်တဲ့ ယောကျာ်းပါ။ ကိုယ်ပြောတာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီး ရာမျယဒ ရောက် သွားသလားဟင်''
လော်ရာ က ခင်ပွန်းဖြစ်သူ၏ ရင်ခွင်ထဲတွင် ၀င်ခွေ့ရင်း ရယ်လည်း ရယ်သည်။ ငိုလည်း ငိုသည်။
''အို ...မောင်ရယ်။ မောင်က ကျွန်မကို ဒီလောက်တောင်မှ အထင်ကြီး ပါကလားနော်။ မောင် ပြောတာတွေကို ကျွန်မ ယုံပါတယ် မောင်ရယ်။ အူလှိုက်သည်းလှိုက် ယုံပါတယ်။ မောင့်ဇနီး ဖြစ်ရတာကိုလည်း ဂုဏ်ယူလို့ မဆုံးပါဘူး။ မောင်နဲ့ နေရတာ စိတ်လည်း အများကြီး ချမ်းသာပါတယ်။ ပျော်လည်း အများကြီး ပျော်ပါတယ်။ တကယ်တော့ လင်နဲ့မယား ကိစ္စမှာ အသိဥာဏ်နဲ့ မဆိုင်ပါဘူး မောင်။ တစ်ယောက်အပေါ် တစ်ယောက် ကြင်နာမြတ်နိုးမှု သာ အဓိကပါ။ ကျွန်မက မောင့်ကို မြတ်နိုးတယ်။ မောင်က ကျွန်မကို ကြင်နာတယ်။ ဒါ့ကြောင့် မောင် နဲ့ ကျွန်မ ညားလာခဲ့ကြတာပဲ မဟုတ် လားဟင်''
သူမက လက်နှစ်ဖက်ကို ဖြေကာ သူ့ရင်ခွင် မှ အသာကလေး ဆတ်ခနဲ ပြန်ခွာလိုက်သည်။ သူမ ဘာအ ကြောင်း စဉ်းစားနေသည် ဆိုတာ ကို သူသိသည်။
သူတို့ လင်မယားတွင် သားသမီး ရနိုင်သေးသည်ဟု ယုံကြည်နေတုန်းကဆိုလျှင် နှစ်ယောက်သား မကြာခဏ ဆိုသလို ပင် သားသမီး အကြောင်းကို သာ ပြောဆိုနေတက်သည်။ အကယ်၍ သားသမီး ရတနာ ထွန်းကား လာလျှင်လည်း ဖအေနှင့် မအေလို ရုပ်ရည်လည်း ချော၍ ဥာဏ်ရည်လည်း ကောင်းမွန်မည့် ကလေးတွေ သာ မွေးဖွားလာမည်မှာ မလွဲ ဧကန်ဖြစ်သည်ဟု နှစ်ယောက်စလုံးက အလေးအနက် ယုံကြည်ခဲ့ကြသည်။ သို့သော် တဖြည်းဖြည်းနှင့် အချိန်တွေ ကုန်လွန်လာသောအခါ သူတို့နှစ်ယောက် ၏ မျှော်လင့်ချက်မှာလည်း တဖြည်းဖြည်းနှင့် လျော့ပါး၍ သွားခဲ့တော့သည်။ ထို့ကြောင့်လည်း နောက်ပိုင်းတွင် သူတို့ နှစ်ယောက် သည် သားသမီး အကြောင်းကို မပြောဖြစ်ကြတော့။
သို့သော်.... စောစောက ဇနီးဖြစ်သူသည် သူ့ရင်ခွင်မှ ရုတ်တရက်ပြန်ခွာလိုက်စဉ်တွင် ဘာအကြောင်း ကို တွေးနေလိမ့်မည် ဆိုင်သည်ကို ခရစ္စတိုဖာဝင်းတားက အတပ် သိလိုက်သည်။
ထိုအချိန် တွင် သူ ကိုယ်တိုင်ကတော့ အင်္ကျီအိတ်ထဲမှ စာအိတ်ကိုသာ သတိရလိုက်မိသည်။ စာအိတ်ကို သတိရ လိုက်မိသည်နှင့် တစ်ပြိုင်နက်ပင် .... သြော်... ငါဟာ သားတစ်ယောက်ဖခင် ပါလား။ ငါ့မှာ သားကလေး တစ်ယောက် ရှိပါကလား ဟူသော အသိက ရုတ်တရက် ၀င်လာသည်။ တစ်ချိန်တည်းတွင် ဒါဟာ ငါ့အပြစ် မဟုတ်ပါဘူး ဟုလည်း ကိုယ့်ကိုယ်ကိုယ် ပြန်ဖြေလိုက်သည်။ သူက ယင်းအတွေးကို ခေါင်ထဲမှ ပြန်ထုတ်ပစ်ရန် ကြိုးစားသည်။ သို့သော် အတွေးက ရုတ်တရက် ထွက်မသွား။
တကယ်တော့ လော်ရာမှာလည်း ဘာအပြစ်မှ မရှိပါဘူး။ လော်ရာဟာ ရုပ်အားဖြင့်လည်း အပြစ်ကင်း စင်တယ်။ စိတ်အားဖြင့်လည်း အပြစ်ကင်းစင်တယ်။ သူဟာ ငါနဲ့ လက်ထပ်တုန်းကလည်း အပြစ်ကင်း စင်တယ်။ အခုလည်း သူ့မှာ ဘာအပြစ်မှ မရှိဘူး။ ဒီအကြောင်း သူ့ကို ဘယ်တော့မှ မပြောပြသင့်ဘူး။ သူ သိသွားရင် စိတ်ဆင်းရဲ ရရှာ လိမ့်မယ်။
''ကဲ ... ကိုယ် ရေတစ်ပေါက်လောက် သွားချိုးလိုက်ဦးမယ်''
သူက တွေးလက်စအတွေးကို ဖြတ်ကာ ရုတ်တရက် ပြောလိုက်သည်။
''ကျွန်မ လည်း အ၀တ်သွားလဲဦးမယ်''
လော်ရာ က ယင်းသို့ပြောပြီးနောက် သူမ၏ အခန်းဘက်သို့ လျှောက်ထွက်သွားသည်။
ခရစ္စတိုဖာဝင်းတားသည် ရေချိုးခန်းထဲတွင် မုတ်ဆိတ်ရိတ်ရင်း ရေချိုးရင်း အကြိတ်အနယ် အကြံထုတ် သည်။ လော်ရာအတွက် အကြောင်းကြောင်းကို ထောက်ထားပြီး ဒီကိစ္စကို တစ်သက်လုံး လျှို့ဝှက်ထား လိုက်တာပဲ ကောင်းပါတယ်လေ။
စာအိတ် က သူ့ရေလဲဝတ်ရုံကြီး အိတ်ထဲမှာပဲ ရှိုသေးသည်။ ၀တ်ရုံကြီးကို တံခါးရွက်နေုာက်ဘက်တွင် ချိတ်ထား သည်။
ဟုတ်ပါတယ်...ဒီအကြံ အကောင်းဆုံးပါပဲ။ စာအိတ်ကို ဖျောက်ဖျက်ပစ်လိုက်တာ အကောင်းဆုံးပဲ။
မဟုတ်သေးဘူး ...မဟုတ်သေးဘူး။ တစ်နေ့ကျတော့ တစ်နည်းနည်းနဲ့ သူသိသွားရင် ဘယ်လို လုပ်မလဲ။ အဲဒါမှ ပိုဆိုး သွားလိမ့်မယ်။ ငါ့အနေနဲ့ အပြစ်ကြီး နှစ်ခုကို ထပ်ဆင့် ကျူးလွန်ရာ ရောက်သွား လိမ့်မယ်။ အဲဒီတော့ .... အခုကတည်း က ပွင့်ပွင့်လင်းလင်း ၀န်ခံလိုက်တာ အကောင်းဆုံးပါပဲ။ အဲဒီလို ပြောပြရင်လည်း သူက စာကို ဖတ်ချင်မှာပဲ။ အဲဒီတော့ စာကို ဆုတ်ပစ်ဖို့လည်း မဖြစ်သေးဘူး။ အင်း ....လွယ်မယောင်တော်တော် စဉ်းစားရ ကျပ်တဲ့ ကိစ္စပါလား။ အဲလေ... ဘာပဲဖြစ်ဖြစ် သိပ်ပြီး အလောတကြီး ဆုံးဖြတ်ချက်ချလို့တော့ မဖြစ်သေးပါဘူး။
ရေချိုး ပြီးသွားတော့ ကိုယ်ကို ရေစင်စင်သုတ်သည်။ ပြီးတော့ တစ်ကိုလုံး မျက်နှာသုတ်ပ၀ါကြီးနှင့် သိုင်း ပတ်လိုက်သည်။ ထို့နောက် ရေလဲဝတ်စုံအိတ်ထဲမှ စာကို ဆွဲထုတ်လိုက်သည်။
အင်း ... သူ့သားကလေးကို ငါနဲ့ဘယ်တော့မှ အဆက်အသွယ်မလုပ်စေချင်ဘူးကိုး။
သည်အကြောင်း တွေမိပြန်တော့လည်း ရင်ထဲတွင် ကြင်နာမှု လှိုင်းဂယက်တွေ ရိုင်ခတ် လာပြန်သည်။
ဆက်ရန်
.

No comments:
Post a Comment