Monday, August 6, 2012

မာန်(တောင်လုံးပြန်) ၏ ရွှေမုဆိုး, အပိုင်း (၉)

" ငါ့လူတွေရှေ့မှာ မချေမငံ ပြောဦး။ နောက်တစ်ခါ ပြောရင် နင့်ပါးစပ်ကို ငါ ဓားနဲ့လှီးမယ်။ နင့်ကို ငါ ပြော ထားမယ်။ ငါ ကချင် မဟုတ်ဘူး။ ဒီနယ်မြေကို ငါတို့ ပိုင်တယ်။ ဒီနယ်မြေရတနာကို ငါတို့ပဲ ရရမယ်။ နင်တို့ က လူမျိုးတွေကြီးထွားကတည်းက ရွှေလာရှာကြတာ။ နောက်တော့ နင်တို့ ငါတို့ကို နှင်ထုတ်တယ်။ နင်တို့ အားလုံး သွေးချောင်း စီးစေရမယ်။ နားလည်လား  " စု က အံ့သြစွာဖြင့် လောဟို ကို ကြည့်နေသည်။ ကို ဆက်ဖတ်ရန်.........

အခြေအနေကို စု နားလည်လိုက်ပြီ။ လောဟိုသည် တိုင်းတစ်ပါးသွေးပါနေသူပင်။ သူက ကချင်စကား တတ် သည်။ မြန်မာစကားတတ်သည်။ တိုင်းတစ်ပါးစကားတတ်သည်။ သူ့အလုပ်က ဒုစရိုက်သမားသက် သက်ပင်။ ဓားပြ တိုက်မည်။ ဖောက်ခွဲမည်။ လူသတ်မည်။ ဤသည်ကား လောဟိုတို့လူစု၏ လုပ်ရပ်များဟု စုနားလည် ခဲ့လေပြီ။
" ဒီနယ်မြေမှာ လူသတ်ပြီး ဗုံးတွေခွဲနေတာ နင်တို့ပဲ မဟုတ်လား  "
" ဘာဖြစ်လဲ။ ဒီနယ်မြေက ရွှေတွေ နင်တို့ယူနေတာ ငါတို့ကျေနပ်တယ် ထင်နေလား "
" အလကား လူသတ်ကောင်။ နင်တို့ကြောင့် ဒီမှာ ပြဿနာတွေတက်နေတာ  "
" သတ်မှာ၊ နင်တို့ အကုန်လုံးကို သတ်မှာ။ ဒါမှ ဒီနယ်မှာ ငါတို့လုပ်ချင်တာ လုပ်လို့ရမှာ နားလည်လား  "
လောဟိုက ပြောပြောဆိုဆိုဖြင့် စုကို ပါးရိုက်ချလိုက်ပြန်၏။ စုက ကျားနာတစ်ကောင်လို ခေါင်းကို ပြန်မော့ လိုက်သည်။ သူ့နှလုံးသွေးများ ဆူလာသည်။ သူ့နားထဲ၌ အဘိုး ပြောသောစကားများ ပြန်ကြားယောင်လာ သည်။

" အဘိုးတို့ အမျိုးက တိုက်ရင်း သေတဲ့အမျိုး။ ခေါင်းငုံ့ခံပြီး မသေဘူး  "
စု မျက်လုံးအစုံကို မှိတ်လိုက်သည်။ ပါးစပ်ထဲမှ သွေးများစီးကျလာသည်။ သူ့နားထဲ၌ ထပ်၍ ကြားယောင် လာမိသည်။ " တိုက်ရင်း သေတဲ့အမျိုး၊ ခေါင်းငုံ့ခံပြီး မသေဘူး  " " တိုက်ရင်း၊ သေတဲ့အမျိုး၊ ခေါင်းငုံ့ခံပြီး မသေဘူး  " စု မျက်လုံးပြန်ဖွင့်ရင်း တဲအတွင်းပိုင်းကို အကဲခတ်လိုက်သည်။ လောဟိုက ပါးရိုက်ခဲ့သော ညာဘက်လက်ကို ခါရင်း တစ်ဖက်သို့ ကျောခိုင်းနေသည်။ စုလဲကျနေရာမှ ဒူးထောက်ပြီး အားယူနေသည်။ ထို့နောက် - " ခွေးတိရစ္ဆာန်ကောင်  " လောဟို က နောက်မှ ထွက်ပေါ်လာသော အသံကြောင့် လှည့်၍ကြည့်သည်။ သူ့ထံသို့ တစ်ဟုန်ထိုး ပြေး ၀င်လာသော စုကို သူ မဟန့်တားနိုင်။ အသက်ငင်နေသော လူနာနှစ်ဦး ရှိနေသည့် ကွပ်ပျစ်ပေါ်သို့ စုနှင့် အတူ လုံးထွေး၍ ပြုတ်ကျသွားသည်။ စုက သူ့ခါးကို တွန်းတိုက်၍ အရှိန်ဖြင့် ပြေးဆောင့် လိုက်သည်ကိုး။

စုက လဲကျနေရာမှ ပြန်ထ၍ လောဟို မျက်နှာကို သံရေဘူးဖြင့် ပိတ်ရိုက်လိုက်သည်။ လောဟို ချာခနဲလည် ထွက်သွားပြီး မူးဝေနေတော့၏။
" မှတ်ထားဟဲ့၊ ငါတို့ ကချင် အမျိုးက တိုက်ရင်းသေတဲ့အမျိုး။ ခေါင်းငုံ့ခံပြီး သေတဲ့အမျိုးမဟုတ်ဘူး။ ကဲ "
စုက နောက်တစ်ချက် သံရေဘူးဖြင့် လောဟိုခေါင်းကို ရိုက်ချလိုက်သည်။ လောဟို မှောက်လျက်လဲကျ သွားတော့၏။ သူက လောဟို ဂျာကင်ထဲမှ စာအုပ်ကို ရှာသည်။ စာအုပ်နှင့်အတူမြေပုံစာရွက်တစ်ရွက်ထွက် လာ၏။ စုက ပစ္စည်းများ ကို ပိုက်၍ ရေနံဆီမီးခွက်ကို သွားယူပြီး တဲနံရံသို့ ပစ်ပေါက်ကာ တဲအတွင်းမှ ထွက် ပြေးလာတော့သည်။ သူ ယူလာခဲ့သော လက်နှိပ်ဓာတ်မီးကလေးဖြင့် စာအုပ်ကို ဖွင့်၍ သူ မှတ်သား ခဲ့သော မြေပုံ ကို ကြည့်သည်။ တဲဆီမှ မီးတောက်များ ထွက်လာခဲ့ပြီ။ သူလည်း တောင်ခြေဘက် သို့ ပြေးထွက် လာခဲ့တော့သည်။

ဒူးဝါးဇောင်က ဦးကောင်းမြတ်ကမ်းပေးသော ဓာတ်ပုံကိုကြည့်ပြီး အနီး၌ ရပ်နေသော သူ့တပည့်နှစ်ဦးကို ညွှန်ကြား လိုက်သည်။
" ဒီဓာတ်ပုံထဲက ကလေးမကို တွေ့အောင်ရှာ။ ကျန်တဲ့အဖွဲ့အားလုံးကို ဓာတ်ပုံကိုပွားပြီးပို့လိုက်။ ဒီနေ့ညနေ အဖြေလိုချင် တယ် သွားတော့  " ဒူးဝါးဇောင်၏ စကားကို ကချင်ဝတ်စုံ ၀တ်ထားသော တပည့်နှစ်ဦး က ခေါင်းညိတ် အရိုအသေပေးကာ ထွက်သွားတော့ သည်။
ဦးကောင်းမြတ် က ဒူးဝါးဇော် ကို ကျေးဇူးစကား ဆိုလိုက်သည်။

" ငါ့မြေးလေး ပျောက်သွားတာ ၅ ရက်ရှိပြီ။ သူတို့ရွှေလုပ်ကွက်မှာလည်း မရှိဘူး။ သူတည်းတဲ့ ထမင်းဆိုင်လည်း ပိတ်ထားတယ်။ နင် ငါ့ကို ကူညီပေးတာ ကျေးဇူးပဲ  "
ဒူးဝါးဇောင် က ဦးကောင်းမြတ်စကားကို ခေါင်းခါပြသည်။
" မလိုပါဘူးကွာ။ နင် ဒီနယ်ကို ပြန်လာတာပဲ ငါဝမ်းသာလှပြီ။ အေး ငါစိတ်မကောင်းတာက တို့နယ်မြေဟာ အရင်လိုမဟုတ်တော့ဘူး။ လူတွေလည်း တအားများလာတယ်။ ပြဿနာတွေလည်း များမှများပဲ။ ထမင်း ဆိုင်ကိုတော့ မသွားနဲ့တော့ဟေ့။ အဲဒီမှာ နယ်စပ်က ဖောက်ခွဲရေးသမားကိုရှာနေတယ်။ တို့နယ်မှာ မငြိမ်းချမ်း ဘူးဟေ့ " " ငါလည်းကြားတယ်။ ငါ့မြေးမက ဒီကသတင်းတွေအမြဲပို့နေတာ။ သူက ဂျာနယ် သတင်းထောက်လုပ်နေ တာလေ။ နင်တို့ ဒီမှာဖြစ်ပျက်နေတာတွေ ဂျာနယ်တိုင်းမှာ ရေးနေကြပြီ။ တစ်နိုင်ငံလုံး ကလည်း ဂရုစိုက်လာ ကြပြီလေ။ နင်တို့ငြိမ်းချမ်းတော့မှာပါ "
ဦးကောင်းမြတ်စကားကို ဒူးဝါးဇောင်က ခေါင်းယမ်းနေမိသည်။

" ဒီနယ်မြေမှာ ပြဿနာတွေ အရမ်းရှုပ်ထွေးနေတယ်။ လက်နက်ကိုင်တွေကလည်း အကွဲကွဲအပြားပြားပဲ။ လုပ်ငန်းရှင်တွေကလည်း တစ်မှောင့်။ နယ်စပ်က ကုန်သည်တွေကလည်း တစ်မှောင့်။ ကိုယ်ထင်ရာ ကိုယ် လုပ်နေကြတာ။ ငါတို့တော့ ကိုယ့်အုပ်စုနဲ့ကိုယ် ဘာမှမပြောဘဲ စောင့်ကြည့်နေတယ်။ ငါ စစ်မဖြစ်ချင်တော့ ဘူး သူငယ်ချင်း။ ငါတို့ ဟိုးနှစ်ပေါင်းများစွာကတည်းက တိုက်ခဲ့ကြတာ။ ကြာတော့ ငါတို့လူမျိုးတွေပဲ အကွဲကွဲအပြားပြားဖြစ်ကြတယ်။ သူသာရင် သူသတ်၊ ကိုယ်သာရင် ကိုယ်သတ်နဲ့သူ့အုပ်စု ကိုယ့်အုပ်စု ကွဲ ကြရတာပဲ။ ဒီစစ် ကို ငါတို့ မလိုချင်တော့ဘူး။ လူတွေ ဒုက္ခရောက်လှပြီ သူငယ်ချင်းရယ်။ နင်တို့မြို့က ဂျာနယ်တွေ၊ သတင်းစာတွေမှာ ဒီအကြောင်းကို ငါ ပြောချင်လိုက်တာ။ ငါ့ကို မကျေနပ်ရင် လာသတ်ချင် လည်း သတ်ဟာ၊ ငါလည်း အိုနေပါပြီ။ စစ်ဒုက္ခတွေလည်း မကြားချင်တော့ပါဘူး။ ငါတို့လူမျိုးတွေ ဟိုပြောင်းရ၊ ဒီရွှေ့ရ၊ ဟိုပြေးရ၊ ဒီပြေးရဖြစ်နေတာတွေ ငါ မမြင်ချင်တော့ဘူး။ ငါ ဒါတွေ နင်တို့မြို့မှာ ပြော ချင်တယ်ဟာ။ ငါတို့ဒုက္ခကို နားလည်ပြီး။ ငါတို့ လိုချင် တဲ့ ငြိမ်းချမ်းရေးကို ပေးဖို့ ငါ ပြောချင်တယ်။

နင် အခုကြည့်စမ်း။ ငါတို့ မြေတွေ၊ ငါတို့ တောတောင်တွေအားလုံး ပျက်စီးကုန်ပြီ။ လူတွေလည်း တကွဲ တပြားနဲ့ ဖရိုဖရဲဖြစ်နေပြီ။ ငါတို့သုံးတဲ့ မြစ်ရေတောင်မှ နောင်ကျိကုန်ပြီ။ ဒါတွေကို ငါ ရပ်ချင်ပြီ သူငယ်ချင်း။ ဒီနေရာမှာ ဟိုးတုန်းကလို မြစ်ရေစီးသံ နားထောင်ချင်တယ်။ ကချင်ရိုးရာတေးကို နားထောင်ချင်တယ်။ မနောပွဲတွေ ငါ မြင်ချင်တယ်။ နင် ငါ့ကို မကူညီနိုင်ဘူးလား။ နင်တို့မြို့က လူတွေကို ပြောပေးပါလားဟာ"
ဒူးဝါးဇောင်၏ စကားများကို ဦးကောင်းမြတ် ရင်နင့်အောင် ခံစားရတော့သည်။ ထို့ကြောင့် ထိုင်နေရာ မှ ရှေ့သို့တိုး ၍ ဒူးဝါးဇောင်၏ လက်နှစ်ဖက်ကို ယှက်၍ အုပ်ကိုင်လိုက်၏။
" ငါ နားလည်ပါတယ် သူငယ်ချင်း။ ငါ နားလည်တယ်။ ငါ့မြေးမကို ဒီနယ်မြေလွှတ်လိုက်တာ ဒီနယ်မြေက ပြဿနာတွေအများပြည်သူ သိစေချင်လို့ပါ။ နင်ခံစားရသလို ငါလည်း ခံစားရတယ်။

 ငါ့ကိုယ်ထဲမှာလည်း ကချင်သွေးတွေစီးနေပါတယ်ဟာ။ ငါ ဒီနယ်မြေက ရှောင်ပြေးခဲ့ရပေမယ့် ဒီမြေ၊ ဒီရေ၊ ဒီတော၊ ဒီတောင် ကို ငါမမေဘူး။ ငါဝတ်ထားတဲ့ ကချင်ဝတ်စုံက ဟန်ပြမဟုတ်ဘူး။ ဒီနယ်မြေကို ကိုယ်စားပြု ထားတာ။ ငါ့ကိုယ် ထဲမှာ ကချင်သွေးတွေ စီးနေဆဲပဲ သူငယ်ချင်း။ ဒီနယ်မြေကို ငါတို့ ပြန်ထူထောင်မယ်။ ငါတို့ ကချင်လူမျိုး တွေ သွေးတစ်စက်ကျန်တဲ့အထိ ဒီနယ်မြေကို ပြန်စောင့်ရှောက်မယ် ဟုတ်ပြီလား "
ကချင်အဘိုးအိုနှစ်ဦး၏စကားများက ဧည့်ခန်းထဲမှ လျှံထွက်ကာ အခန်းတံခါးတွင် တာဝန်ကျနေသော ကချင်အစောင့်ရဲဘော်တစ်ဦး၏နားဝသို့ ၀င်ရောက်သွားသည်။ ထိုရဲဘော်လေးသည် ကြားရသော စကား များကြောင့် လက်သီးအစုံ ကို တင်းတင်းဆုပ်လျက် ခံစားချက်ပြင်းပြသောမျက်နှာဖြင့် ဆက်၍ နားထောင်နေ မိပါတော့သည်။

စိန်ကြီးက သူ့လူနှစ်ယောက်ကို ခါးထောက်၍ ဒေါသတကြီး ငေါက်ငမ်းနေတော့သည်။ သူတို့အဖွဲ့မှာ ပထမ အကြိမ် ကောတိုးစဉ်မှာပင် လူတစ်ယောက်သစ်ပင်ပိခဲ့သည်။ ကုမ္ပဏီကတော့ သူတို့ကို အပြစ်မတင်။ သို့ ရာတွင် နောကလိုက်ကောင်လေးနှစ်ယောက် ဆက်၍မလိုက်ဝံ့တော့။ ရွှေလုပ်ကွက်ထဲသို့ ပြန်ဝင်သွားကြပြီ။ ဤသည် ကို အဖွဲ့ခေါင်းဆောင် စိန်ကြီးက စိတ်ဆိုးနေခြင်းပင်။
" မင်းတို့ ပါးစပ်တွေ ဒီလောက်အားနေရင် ကိုယ့်ဟာကိုယ် ဆို့ထားကြ။ ငါ အတန်တန်ပြောထားတယ်။ ဒီကိစ္စ ဘယ်သူမှ မသိပါစေနဲ့ဆိုတာ။ အခု ဒီရွှေကြောကိစ္စ လူတိုင်းသိကုန်ပြီ။ အဖွဲ့အစည်းတွေ ပါလာတော့ မယ်။ အကုန် သေကုန်မယ်ကွ၊ နားလည်လား။ ခွေးလိုကောင်တွေ။ ခွေးတိရစ္ဆာန်တွေ။ ပါးစပ်သရမ်းချင်တဲ့ ကောင်တွေ။ မင်းတို့အမေလင်တွေက လက်နက်အပြည့်အစုံနဲ့၊ ငါတို့မှာက ကချောက်ကချက် နဲ့ တောတိုး ရ မှာ ဘာမှသောက်မှန်းကန်းမှန်း မသိဘဲ အာချောင်ချင်တဲ့ကောင်တွေ"

စိန်ကြီး က ဆူငေါက်ကြိမ်ဝါးနေသော်ငြား သူ့ကောင်လေးနှစ်ယောက်မှာ နှုတ်တုံ့မပြန်ဝံ့ချေ။ ခဏအကြာ တွင် ကုမ္ပဏီမှ လူတစ်ယောက်ရောက်လာပြီး စိန်ကြီးလက်ထဲသို့ အိတ်တစ်လုံး လာပေးသည်။
စိန်ကြီးက အိတ်ကို ယူပြီး စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။ အိတ်ကို ဖွင့်ကြည့်သည့်အခါ စာတစ်စောင် တွေ့ ရသည်။ စိန်ကြီးက စာကို ဖတ်ကြည့်ပြီး လုံးချေကာ ပါးစပ်ထဲသို့ ၀ါးမျိုလိုက်၏။
" အခု ခရီးထွက်မယ်။ မင်းတို့ ပါးစပ်တွေ မလုံရင် ငါနဲ့ တွေ့မယ်။ ရော့ ... တစ်ယောက် ငါးသောင်းယူထား။ နောက်နှစ်နာရီကြာရင် စမ်းချောင်းက စောင့်နေကြ"
စိန်ကြီးက ကောင်လေးနှစ်ယောက် ကို ပိုက်ဆံပေးလိုက်ပြီး အိတ်ကိုယူ၍ ထွက်သွားပါတော့သည်။

ကောင်လေးနှစ်ယောက်လည်း စိန်ကြီးပေးသည့် ပိုက်ဆံကိုယူ၍ ရွာထဲသို့ ထွက်သွားကြသည်။ ထိုကောင် လေး နှစ်ယောက် စလုံး သစ်ပင်ပိသည့် လူနာကို မြစ်ကြီးနားသို့ လိုက်ပို့စဉ်က စုနှင့် ဆုံခဲ့ကြသည်။ စုက သူတို့ဆီက မေးမြန်း၍ သိရသမျှကို ဂျာနယ်မှာ သတင်းရေးလိုက်သည်။ ထို့ကြောင့် မြစ်ဆုံ တစ်ခွင်၌ ပြဿနာများ ပို၍ ရှုပ်ထွေးလာတော့သည်။ တားမြစ်နယ်မြေအတွင်း ရွှေကြောသစ် ရှာဖွေသူများ သစ်ပင်ပိ၍ ဆေးရုံရောက်ရကြောင်း သတင်းမှာ ပါလာခဲ့သည်။ လုံခြုံရေးတာဝန်ခံများ ပို၍ ဂယက် ရိုက်လာတော့သည်။ နယ်မြေတာဝန်ရှိသူများပါ ထိုကိစ္စကို စုံစမ်းစစ်ဆေးနေကြသည်။ သူတို့ကို မည်သည့်ကုမ္ပဏီက စေလွှတ်သည်ကို စုံစမ်းကြခြင်းပင်။

သို့ရာတွင် တခြားသော ကုမ္ပဏီများကလည်း ရွှေကြောသစ်ကိစ္စကို စိတ်ဝင်စား လာကြတော့ သည်။ ရွှေကြောသစ် ရှိနေသည်မှာ ဒဏ္ဍာရီ မဟုတ်တော့ပြီ။ ထို့ကြောင့် သူ့ထက်ငါ အကြိတ်အနယ် လမ်းကြောင်း ရှာဖွေလာကြပြီ။
စိန်ကြီး ခေါင်းဆောင်သော အဖွဲ့မှာ လူငယ်နှစ်ယောက်သာ ကျန်တော့၏။ စိန်ကြီးက တောကျွမ်းသည်။ စွန့်စား ရဲသည်။ သတ္တိရှိသည်။ ကြမ်းဆိုလျှင် ကြမ်းရဲသည်။ ထို့ကြောင့် လိုအပ်သော အထောက်အပံ့ကို ပေး၍ ထပ်မံစေလွှတ်ခြင်းပင်။
ကောင်လေးနှစ်ယောက် ရွာထဲသို့ ၀င်လာချိန်တွင် လူတစ်ယောက်က သူတို့ကို အကဲခတ်နေသည်။ ကောင် လေးနှစ်ယောက်က ဂရုမစိုက်မိပေ။ သူတို့ရွာထဲသို့ လျှောက်ဝင်သွားချိန်တွင် ထိုလူက အကဲခတ်ကြည့်နေ ရင်း ထိုနေရာမှ ပြန်ထွက်ခွာသွားတော့သည်။

အခန်း (၈)

ဇော်ဟိုးက မှန်ဘီလူးဖြင့် စူးစူးစိုက်စိုက်ကြည့်နေသည်။
မီးခိုးများ အူထွက်နေသော နေရာကို ကြည့်နေခြင်းပင်။ ကိုမြတ်မင်းက သစ်ပင် ခြေရင်းတွင် အိပ်ပျော်နေဆဲ။ သူတို့ ဖြတ်ကူးလာခဲသော ၀ါးနှစ်လုံး ခင်းထားသည့် ကြိုးတံတားသည် လေဖြင့် လှုပ်ယမ်း နေသည်။ အအေးဓာတ် ကလည်း ပိုလာသည်။ တောမှာ နက်သထက်နက်လာ၏။
ဇော်ဟိုး က ကိုမြတ်မင်း အိပ်ပျော်နေသည်ကို အကဲခတ်လိုက်သည်။ ကိုမြတ်မင်း ဖိနပ်များက ပေါက်ပြဲနေပြီ။ မုတ်ဆိတ်မွေး၊ ပါးမြိုင်မွေးတို့ မရိတ်သိမ်းနိုင်။ တောထဲတောင်ထဲတွင် ရက်ပေါင်းများစွာ ဖြတ်သန်းနေရသည်မို့ ကိုမြတ်မင်းကို ကြည့်ရသည်မှာ ပင်ပန်းနွမ်းနယ်လျက်ရှိနေပြီ။

ဝါးနှစ်လုံးကြိုးတံတားကို ဖြတ်ကျော်စဉ်က ကံကောင်းထောက်မ၍ ချောက်ထဲပြုတ်ကျသွားခြင်းပင်။ ဇော် ဟိုးက အချိန်မီ လှမ်းဆွဲထားနိုင်သောကြောင့် ပြုတ်မကျခြင်းဖြစ်သည်။ ဇော်ဟိုး ကိုမြတ်မင်း အသက်ကို မနှ မြောပါ။ သို့ရာတွင် သူ ပြုတ်ကျသွားလို့မဖြစသေး၊ နူးတို့ သားအမိကို တွေ့ခွင့်ရဖို့အတွက် သူ ရှိနေမှ ဖြစ် လိမ့်မည်။
သူ ကိုမြတ်မင်းကို အကဲခတ်နေချိန်မှာပင် ပေါက်ကွဲသံတစ်ခုကို ကြားရသည်။ ထိုအသံကြောင့် ကိုမြတ်မင်း သည် လန့်နိုးလာခဲ့တော့သည်။ ဇော်ဟိုးက ပေါက်ကွဲသော နေရာကို မှန်ဘီလူးဖြင့် အကဲခတ်နေသည်။

" ဘာဖြစ်တာလဲ၊ ဇော်ဟိုး "
" မသိသေးဘူး။ စောစောက အဲဒီနားမှာ မီးခိုးတွေထွက်နေတယ်။ တဲတစ်တဲရှိတာတော့ သိတယ်။ ဘာလို့ မီးလောင်မှန်းတော့ မသိဘူး။ အခု ပေါက်ကွဲတာလည်း အဲဒီကပဲ။ လောင်စာဆီ ရှိလို့နေမှာပေါ့ "
ဇော်ဟိုးက မှန်ဘီလူးကို ကမ်းပေးလိုက်သည်။ သူတို့ ရပ်နေသောတောင်စွယ်က မြင့်မားလှသည်မို့ ပေါက်ကွဲသံ ပေါ်ထွက်လာသော တောင်ကြားဆီသို့ လှမ်းတွေ့နေရသည်။ မီးခိုးများက ဆက်၍ထွက်ပေါ်နေ ဆဲပင်။
" ကျုပ်တို့နောက်ကို လိုက်လာကြပြီ။ အပြန်ကို ဒီလမ်းက ပြန်လို့မဖြစ်တော့ဘူး "
ထိုစကားကို ကိုမြတ်မင်း သဘောတူသည်။ သူတို့နောက်ကို လောဟို မဖြစ်မနေ လိုက်လာမည်ကို သူ သိ နေခဲ့သည်။ ဇော်ဟိုး ပြောစကားအရ လွန်ခဲ့သော တစ်နှစ်ကျော်က နယ်စပ်မှ ခိုးဝင်လာသည့် ရွှေမုဆိုးတစ် ယောက်ကို သူ ရှင်းခဲ့ဖူးသည် ဟုပြောပြသည်။ ထိုရွှေမုဆိုးက ရွှေကြောသစ်ရှိရာ ချောင်းအထက်ပိုင်းသို့ပင် ရောက်ခဲ့သည်။ ရွှေကျောက်ချပ်လွှာ နမူနာပင် ရသွားခဲ့သည်။ ဇော်ဟိုးက ထိုလူ့နောက်မှ လိုက်ရင်း ကျောက်တုံး ထောင်ချောက်ဆင်၍ တိုက်ပစ်ခဲ့သည်။

ထိုလူ့ထံမှ ရွှေကျောက်ချပ်ကို ပြန်ယူထားလိုက် သည်။ သို့ရာတွင် ထိုကျောက်ချပ်လွှာ ပျောက်ဆုံးသွားခဲ့သည်။ တစ်ဦးဦး က သူ့ဆီမှ ခိုးယူသွားခြင်းဖြစ် ကောင်းဖြစ်မည်ဟု သူယူဆ၏။ ကိုမြတ်မင်းက သူ့ထံမှာ ရှိသော ရွှေကျောက်ချပ်လွှာကို ပြလိုက်သောအခါ ဇော်ဟိုးက ၀န်ခံသည်။ သူ ပျောက်ဆုံး သွားသော ကျောက်ချပ်လွှာဖြစ်နေသည်။
ဇော်ဟိုး မသိသေးသည့် ပြဿနာတစ်ရပ်ကို ကိုမြတ်မင်းက သိထားသည်။ ဇော်ဟိုးကြောင့်ထိုစဉ်က ဒဏ်ရာ ရခဲ့သော ရွှေမုဆိုးမှာ ချက်ချင်းမသေ။ ကျောက်တုံးများ ထိမှန်ထားသည့် ဒဏ်ရာဖြင့်မြစ်ဆုံ သို့ ရောက်လာခဲ့သည်။ ပြီးတော့ သူ့ထံမှ ရွှေကျောက်ချပ်လွှာ ယူဆောင်သွားသည့် ဇော်ဟိုးအကြောင်းကို သူ မသေခင် ပြောပြခဲ့သည်။ သူ ပြောပြခဲ့သူမှာ လောဟိုဖြစ်သည်။ လောဟိုမှာ သူ့ညီအရင်းပင်။ ထို့ကြောင့် လောဟို က ဇော်ဟိုးထံမှ ရွှေကျောက်ချပ်လွှာကို ရှာသည်။ ထမင်းဆိုင်မှာ ၀င်ထွက်နေသော ရွှေကုန်သည် များ၊ ပွဲစားများ က ထိုသတင်း ကို သဲ့သဲ့ကြားကြသည်။ ထိုထဲမှ ပွဲစားတစ်ဦးက ဇော်ဟိုးထံမှရွှေကျောက်ချပ် လွှာကို ရသွားခဲ့ခြင်းပင်။ နောက်ဆုံးအပိုင်းလေးတစ်ပိုင်းကို ကိုမြတ်မင်း ၀ယ်ထားနိုင်ခဲ့သည်။

ထိုအကြောင်းများကိုပြောပြပြီးနောက် ဇော်ဟိုးက စကားဆက်ပါသည်။
" ကျုပ် အဲဒီရွှေကြောကို တကယ်တော့ မရောက်ဖူးသေးဘူး။ ခင်ဗျားကို ပို့ပေးမှာလည်း အဝေးကနေ လမ်းညွှန်ပေးရုံပဲ။ အဲဒီနေရာက ကျိန်စာသင့်ထားတဲ့နေရာ။ အဲဒီနေရာကို ရောက်ပြီး အဲဒီက ရွှေကျောက် ချပ်လွှာတွေ ယူတဲ့လူတိုင်း ကျိန်စာသင့်တယ်။ ဒါကြောင့် ကျုပ်တို့ ဘိုးဘွားမိဘတွေ ဘယ်သူမှ အဲဒီနေရာကို မသွားကြဘူး။ ခင်ဗျားကို ပြပေးမှာ အဝေးကနေပဲ ပြပေးမှာ"
" ဒီခေတ်မှာ ဒါတွေမရှိတော့ပါဘူး။ အေးလေ၊ ဒီရွှေကြောကို ရပြီးရင် ငါ့စေတနာကို မင်းသိမှာပါ။ မင်းရော၊ မင်းမိသားစု ပါ ဘာအန္တရာယ်မှ မဖြစ်အောင် ငါစောင့်ရှောက်ပေးမယ်။ အေးအေးလူလူ ချမ်းချမ်းသာသာနဲ့ အန္တရာယ် ကင်းနိုင်အောင် ငါ လုပ်ပေးမယ် "

" မလုပ်နဲ့။ ခင်ဗျား ကျုပ်မိသားစုနဲ့ ဝေးဝေးသာနေပါ။ ခင်ဗျားကြောင့် ကျုပ်မိသားစု ကျိန်စာသင့်လိမ့်မယ်။ မလုပ်နဲ့။ ခင်ဗျား ကျုပ်နဲ့ ထပ်ပြီးမပတ်သက်အောင်နေ "
" ဒါလည်း ကိစ္စမရှိဘူး။ ဒါပေမယ့် မင်းသိထားဖို့က မင်း ဒီနယ်မြေမှာ မနေရတော့ဘူး။ ငါတို့လုပ်ငန်းမပြီး မချင်း မင်းရော။ မင်း မိသားစုပါ ငါ ထားတဲ့နေရာမှာ နေရမယ်။ ဒါမှ ငါ့အတွက် စိတ်ချရမှာ။ မင်းနောက်ကို တခြားလူတွေ၊ တခြားအဖွဲ့အစည်းတွေ လိုက်လာရင် ဘယ်သူမှ မတွေ့တဲ့နေရာမှာ ငါထားမှ ဖြစ်မယ်။ ငါတို့ လုပ်ငန်းနဲ့ မင်းနဲ့ ဆက်စပ်နေတယ်"
ဇော်ဟိုး ထိုပြဿနာကို တွေးတောပြီးဖြစ်သည်။

ဤရွှေကြောသစ်ကိစ္စသည် မြစ်ဆုံနယ်တွင် နှစ်ပေါင်းများစွာ အဖြေရှာ၍ မရခဲ့သော ပြဿနာတစ်ရပ်ဖြစ် သည်။ လူ့အသက်ပေါင်းများစွာ စတေးခဲ့ကြပြီးပြီ။ သူကိုယ်တိုင် သုတ်သင်ခဲ့ရသော ရွှေမုဆိုးတို့ မနည်း တော့။ ထိုရွှေကြောကြောင့် တောင်ပေါ် တွင် အသက်ပေးခဲ့ရသည့် လူပေါင်းများစွာ ရှိခဲ့ပြီ။ အုပ်စုတွေဖွဲ့ကြ၊ ပစ်ကြ ခတ်ကြ၊ သွေးကွဲ ခဲ့ကြပြီး။ နယ်စပ်ဘက်က ၀င်လာသော ရွှေမုဆိုးများနှင့် ဒေသခံတို့၏ တိုက်ပွဲများ လည်း ရေတွက် ၍ မကုန်နိုင်တော့။ ထို့နောက် ဆယ်နှစ်ကျော် အေးချမ်းငြိမ်သက်သွားခဲ့တော့သည်။
ယခု မြစ်ဆုံတွင် ရွှေတူးသူများ ပေါ်ပေါက်လာရာမှ ဆယ်နှစ်ကျော် ငြိမ်သက်နေသောမီးစ သည်တစ်ဖန်ပြန်၍ ရောက်လာခဲ့ပြီကော။
စိန်ကြီးက အချက်ပေးသံကို လက်ခေါက်မှုတ်၍ သုံးကြိမ် ပြုလိုက်သည်။ သူတို့ ရပ်နေသော ချောင်းရိုး စပ်တွင် ကျောက်တုံးငယ်လေး များ ပြန့်ကျဲနေ၏။ ကောင်လေး နှစ်ယောက်က ဘေးဘီဝဲယာသို့ ဝေံ၀ဲ၍ အကဲခတ်နေ သည်။

သူတို့ အချက်ပေးသံ မှုတ်လိုက်ပြီးသည်နှင့် ချောင်းတစ်ဖက်၌ လူသုံးဦးပေါ်လာသည်။ လက်နက်ကိုယ်စီ လွယ်ထားသည်။ တစ်ဦးက ခေါင်းတွင် ပတ်တီးတွေအဖွေးသားဖြင့် ပြည့်နှက်နေသော လောဟိုပင်။ သူတို့က လက်ပြ လိုက်သောကြောင့် စိန်ကြီးတို့အဖွဲ့ ချောင်းတစ်ဖက်သို့ ဖြတ်ကျော်လာခဲ့သည်။ လောဟို က ချောင်းစပ်မှ သစ်ပင်တွင် ထိုင်လျက် စောင့်စားနေ၏။ သူတို့က စုစုပေါင်း ခြောက်ယောက်အုပ်စုဖြစ် သည်။ စိန်ကြီးက ကျောပိုးအိတ် ကို ချ၍ အထဲမှပစ္စည်းများကို ထုတ်ပေးလိုက်သည်။
လောဟို က ပေးလာသည့် အထုပ်ကို ဖြေ၍ အထဲမှထွက်လာသည့် ကျည်ကတ်များကို သူ့လူများထံ ကမ်း ပေးလိုက်သည်။ သူကိုယ်တိုင်လည်း ပစ္စတိုကျည်ကပ်နှင့် လက်ပစ်ဗုံးကို ယူလိုက်သည်။ ထို့နောက် အိတ် ကပ်ထဲမှ မြေပုံတစ်ချပ်ကို ထုတ်လိုက်သည်။

" ခင်ဗျား မှတ်မိတဲ့နေရာကို ပြ။ ပြီးရင် အဲဒီလမ်းအတိုင်း လိုက်မယ်။ ဒီကောင်နှစ်ကောင် ဒီဘက် ကိုတော့ ပြန်လာမှာ မဟုတ်ဘူး။ ဟိုကောင်မလည်း ဒီနားတစ်ဝိုက်မှာပဲ ရှိလိမ့်မယ်။ ဇော်ဟိုး မိန်းမနဲ့ ကလေး ဘယ်မှာ ရှိတယ် ဆိုတာ ဒီကောင်မ သိရင်သိမှာ။ သူပဲ ဆေးရုံလိုက်ပို့ပေးတာ။ ရန်ကုန်ရောက်ရင် သူ့အဘိုး နဲ့ ဆက်သွယ်ဖို့ ပြောနေတာ ဆေးရုံမှာ ငါ ကြားပြီးပြီ။ ရန်ကုန်ကို ကျွမ်းတာ ဒီကောင်မက ကျွမ်းတာ။ သူ့ကို မိရင် ဟိုကောင်တွေ ကို မတွေ့လည်း ကိစ္စမရှိဘူး"
" ဆရာ " လောဟို စကားပြောခိုက်မှာပင် တပည့်တစ်ဦးက အလောတကြီး လာ၍ မျက်နှာရိပ် မျက်နှာကဲ ပြပြီး ရပ်နေ သည်။ လောဟို က သူ့တပည့်နားသို့ ကပ်သွားသည်။ တပည့်ဖြစ်သူက စိန်ကြီး မကြားစေရန် တိုးတိုးလေး ပြောပြသည်။

လောဟိုက ချက်ချင်းပင် သူ့လူများကို အချက်ပေး၍ သူကိုယ်တိုင်လည်း စိန်ကြီး တို့ကို ခေါ်ကာ တောထဲသို့ ၀င်ရောက်၍ ပုန်းခိုနေလိုက်ကြသည်။ သူတို့အားလုံး ချောင်းတစ်ဖက်ကမ်းဆီ သို့ စောင့်ကြည့်နေကြ၏။ လောဟို က သူ့လူများကို အသံတိတ်ဖြင့် သင်္ကေတပြလိုက်၏။ သူတို့အားလုံး တိတ်တဆိတ်ပုန်းခို စောင့် စားနေကြ သည်။
စိန်ကြီးတို့သုံးဦးလည်း ငြိမ်သက်စွာ ပုန်းခိုနေရင်း ချောင်းတစ်ဖက်ဆီသို့ အကဲခတ်နေကြသည်။ သူတို့မြင် ကွင်းထဲသို့ ကချင်အမျိုးသားတစ်ဦးပေါ်လာသည်။ ထို့နောက် နောက်ထပ်အဖော်နှစ်ဦး ပေါ်လာသည်။ ထိုနှစ်ဦး က ဒဏ်ရာရထားသော အမျိုးသမီးတစ်ဦးကို တွဲခေါ်လာသည်။ လောဟို မျက်နှာက ကျေနပ်ပီတိ အပြည့်။ သူ့လူများက သေနတ်မောင်းများတင် ၍ ချောင်းဘက်သို့ ချိန်တွယ်ထားပြီးပြီ။

လောဟိုက သူ့တပည့်ကို အသံတိုးတိုးဖြင့် သတိပေးသည်။
" ကောင်မလေးကို မထိစေနဲ့။ ကျန်တဲ့သုံးယောက်စလုံး ရှင်းလိုက် "
ထိုစကားကြောင့် သူ့တပည့် များက အချင်းချင်း အချက်ပြလိုက်သည်။ တစ်ဖက် ကမ်းစပ်မှ လူတစ်ဦး က ချောင်းစပ်အရောက်တွင် ခေတ္တရပ်လုက်သည်။ ကမ်းစပ်မှ ခြေရာများကို တွေ့လိုက်ရသောကြောင့် ကျန် လူနှစ်ဦး ကို ပြောပြနေသည်။ သူတို့ချောင်းကို မကူးဖြတ်သေးဘဲ လှမ်း၍ ကြည့်နေကြသည်။ ထို့နောက် တစ် ဦးတည်း အရင်ဖြတ်မည်ဟု ဆုံးဖြတ်ကာ ဒီဘက်ကမ်းသို့ ဝေံ၀ဲကြည့်ပြီးမောင်းပြန်သေနတ်ကို ချိန်ရွယ်၍ သတိကြီးစွာ ကူးခပ်လာတေ့သည်။ ပြီးတော့ ခါးကြားမှ စကားပြောစက်ဖြင့် လှမ်း၍ ဆက်သွယ်နေ သည်။ လောဟိုက သူ့လူများကို ဆုတ်ခွာဖို့ အချက်ပြလိုက်သည်။ သူတို့အားလုံး တောတွင်းပိုင်းသို့ ဆက်၍ ဆုတ် ခွာသွားကြသည်။ တောကျွမ်းသူများပေးပေမို့ ခြေသံလုံ၏။ သစ်ရွက်ပေါ်သို့ ခြေချသံပင် ညင်သာလှသည်။

စိန်ကြီးတို့ သုံးဦးစလုံး တိတ်ဆိတ်စွာ လိုက်လာခဲ့ကြသည်။ ချောင်းတစ်ဖက်ကမ်းမှ ကူးဖြတ်လာသူ ကမ်း စပ်သို့ ရောက်ရှိလာချိန်တွင် လောဟိုတို့အုပ်စုက တောတွင်းပိုင်း၌ နေရာယူထားပြီးပြီ။ ကူးဖြတ်လာသူက သူ့လူများကို အချက်မပေးသေး။ တောတွင်းပိုင်းသို့ ဆက်၍ အကဲခတ်လေ့လာနေ၏။ ရေစပ်မှ ခြေရာများကို အကဲခတ်နေသည်။ တောသည် တိတ်ဆိတ်ငြိမ်သက်နေ၏။ တစ်ချက် တစ်ချက် ဝေ့၀ဲ တိုက်ခတ် လာသော လေတိုးသံကြောင့် သစ်ရွက်တို့သာ ညင်းညင်း လှုပ်ခတ်သည်မှလွဲ၍ ဘာသံမှမကြားရ။

ထိုလူက ကျေနပ်လောက်အောင် အကဲခတ်ပြီးမှ စကားပြောစက်ဖြင့် ဆက်သွယ်ပြောဆိုနေသည်။ ချောင်း တစ်ဖက်ကမ်းမှ သူ့လူနှစ်ဦးကို အချက်ပြလိုက်သည်။ ချောင်းက ကိုက်ငါးဆယ်ခန့် ကျယ်ပြန့်သည်။ ရေစီးက ညင်သာသည်။ ရေမှာ ခြေသလုံးထိနက်သည်။ ကျောက်တုံးလေးများက ကြည်လင်သော ချောင်း ရေအောက် တွင် အရွယ်စုံအရောင်စုံဖြင့် ချောင်းဂီတကို သီကျူးနေ၏။
တစ်ဖက်ကမ်း မှ လူနှစ်ဦးက ခြေထောက်ဒဏ်ရာရ၍ လမ်းကောင်းကောင်း မလျှောက်နိုင်သော စုကို တွဲခေါ် ၍ တစ်လှမ်းချင်း ချောင်းကို ဖြတ်ကူးလာကြသည်။ ချောင်းစပ်မှ လူက တောထဲသို့ အကဲခတ်ရင်း အသင့် အနေအထားရှိနေဆဲ။

လောဟိုက သူ့လူတစ်ယောက်ကို ခေါင်းငှဲ့ပြလိုက်သည်။ သူ့တပည့်က တွားသွားဝပ်လျက် ချောင်းစပ်မှ လူထံသို့ ဘေးဘက်ခြမ်းမှ ဝေ့၀ိုက်၍ နီးသထက်နီးအောင် ကပ်သွားသည်။ ကျန်တပည့်သုံးယောက်က တစ်ဖက်ခြမ်း မှ ပန်း၍တက်သွားပြီး ချောင်းစပ်သို့ကပ်သွားကြ၏။
ချောင်းကို ဖြတ်ကူး လာသော စုနှင့် လူနှစ်ယောက် ချောင်းစပ်သို့ရောက်လာချိန်တွင် ပစ်ခတ်သံများ ပေါ် ထွက်လာတော့သည်။

မီးလောင် ပေါက်ကွဲထားသော တဲကို လေ့လာအကဲခတ်နေသော ကချင်တပ်ဖွဲ့မှ အရာရှိက စကားပြောစက်ဖြင့် ဆက်သွယ်နေသည်။ တဲအတွင်း၌ တွေ့ရသော လူသေလောင်း နှစ်လောင်းကို စစ်ဆေး နေသော ရဲဘော်သုံးဦး က တဲပတ်ဝန်းကျင်ကို ကြည့်နေကြသည်။ တောတွင်းမှ ပေါ်ထွက်လာသော သေနတ်သံကြောင့် ဗိုလ်ဖြစ်သူက သူ့လူများ ကို လှမ်း၍မေးမြန်းလိုက်သည်။ သူ့လူများလည်း သေနတ်သံ ကြားရသောနေရာကို သဲသဲကွဲကွဲ မခန့်မှန်းတတ်။
ဗိုလ်ဖြစ်သူက စကားပြောစက်ကို ဆက်၍ခေါ်နေသည်။
တစ်ဖက်မှ ပြန်ထူးသံ မကြားရပါချေ။ သို့ရာတွင် စကားပြောစက်ကို ကိုင်ထားသူက ရှိနေပြီ။

ဗိုလ်ဖြစ်သူထံမှအဆက်မပြတ် ခေါ်နေသံကို နားထောင်ရင်း လောဟိုက သူ့တပည့်များကို ပြောလိုက် သည်။
" ဒီကောင်တွေ အဖွဲ့ခွဲပြီး လှုပ်ရှားနေတာ၊ တို့ရှောင်နေမှဖြစ်မယ်။ ဒီအလောင်းတွေ ချောင်းထဲ မျှောလိုက် တော့၊ ဒီနေရာက မြန်မြန်ခွာမှဖြစ်မယ်"
လောဟို စကားကြောင့် သူ့တပည့်များက သေဆုံးနေသူများထံမှ သေနတ်ကို ယူလိုက်ပြီး အလောင်းသုံး လောင်းကို ချောင်းရေထဲသို့ ပစ်ချလိုက်ကြသည်။ စုက ထိုမြင်ကွင်းကို ခံပြင်းဒေါသထွက်ရင်း အကဲခတ် နေ၏။ သူ့ဘယ်ဘက် ခြေထောက်က ပြေးလွှားရင်း လဲကျ ဒဏ်ရာရခဲ့သည်မို့ ရောင်ကိုင်း ဖောင်းကားနေ၏။ မြေ၌ ကောင်းစွာမထောက်နိုင်။ စိန်ကြီး၏ တပည့်တစ်ယောက်က စုကို မြစ်ကြီးနားဆေးရုံသို့သွားစဉ်ကပင် ကားပေါ်၌ တွေ့ခဲ့ပြီးသူမို့ လာရောက်တွဲခေါ်ပါသည်။

" မတွဲနဲ့ "
ထိုစကားကို လောဟိုက လှမ်းပြောလိုက်ခြင်းပင်။ သူက စု ဆံပင်များကို ဆွဲကိုင်လိုက်သည်။
" ဒီကောင်မ မြွေဟောက်မကွ၊ သူ့ဘာသာ လျှောက်ပစေ။ နင့်ကို ပြီးမှ ငါအရေခွံဆုတ်မယ်။ ငါ့ကို ဒဏ်ရာ ရ အောင်လုပ်တာ၊ နင် ပြန်ပြီးခံစားရ မယ် ကောင်မရဲ့၊ နားလည်လား "
စုက ဒေါသပြင်းသော မျက်လုံးများနှင့် သူ့လက်ထဲမှ ခေါင်းကို ခါယမ်း၌ရုန်းထွက်လိုက်၏။ လောဟိုက သူ့ကို အာခံနေသောကြောင့် ပါးရိုက်ချလိုက်တော့သည်။
" ကောင်းကောင်းလိုက်ခဲ့။ မလိုက်ရင် ခြေထောက်ဖြတ်ပစ်မယ်၊ နားလည်လား "
လောဟိုက ထပ်မံခြိမ်းခြောက်လိုက်သည်။
စိန်ကြီးက ကျေနပ်စွာခေါင်းညိတ်နေ၏။ ပြီးတော့ ပြောလိုက်သည်။

" ဒီကောင်မလေးက သတင်းထောက်ပဲ။ ဟင်း ဟင်း၊ နင်တော့ ငရဲကျပြီသာမှတ်တော့ ကောင်မရေ "
စုက အံကို တင်းတင်းကြိတ်ထားသည်။ မနေ့ညက အဘိုး ကူညီစုံစမ်းခိုင်းလိုက်သော ဒူးဝါးဇောင်၏ တပည့် များနှင့် တောထဲ၌ဆုံခဲ့ရသည်။ အဘိုးနှင့် စကားပြောစက်မှတစ်ဆင့် သူသိသမျှ ပြောလိုက်ပြီးပြီ။ ဇော်ဟိုးနှင့် ကိုမြတ်မင်း အကြောင်း၊ လောဟို သူ့ကို ဖမ်းသွားသည့်အကြောင်းများ ရှင်းပြလိုက်သည်။ ဒူးဝါး ဇောင် ၏ တပည့်များ က သူ့ကို တောထဲမှ ပြန်ခေါ်လာခိုက် လောဟို က တိုက်ခိုက်လာခဲ့ခြင်းပင်။
တကယ်တော့ လောဟိုတစ်ယောက် ရာဇ၀တ်အိုး တုတ်နဲ့ ထိုးမိလေပြီကို မသိသေး။ သူက စုကို ခေါ်လာ သူ များ ဘယ်သူဘယ်ဝါဟူ၍ မသိ။ စုကို လက်ရဖမ်းမိဖို့ ကျန်လူများကို အပြတ်ရှင်းလိုက်ခြင်းပင်။ ဤသည်ကား လောဟိုအတွက် တကယ့်ပြဿနာမီးခဲကို မွှေးလိုက်ခြင်းပင်။

ဤနယ်မြေတွင် ဒူးဝါးဇောင် သည် ငြိမ်းချမ်းရေးသမား။ လက်နက်ဖြင့် ပြဿနာကို ဖြေရှင်းလိုသူ မဟုတ်။ သူ့နယ်မြေ ကို သူ ငြိမ်းချမ်းစွာ ကာကွယ်စောင့်ရှောက်နေသူဖြစ်သည်။ ဤနယ်မြေ၏ လူမျိုးရေးပြဿနာ၊ နယ်မြေပြဿနာများ ကို တရား မျှတစွာ ဖြေရှင်းနေသူပင်။ ယခု သူ့လူများကို လောဟိုက စတင်သတ်ဖြတ်ခဲ့လေပြီ။ လောဟိုကိုယ်တိုင်ပင် ထိုလူများ ဘာကြောင့် စုကို ကယ်တင်လာသည်ကို မသိ။ စိတ် လည်း မ၀င်စား။ စကားပြောစက်ထဲမှ လှမ်း၍ မေးမြန်းနေသည်ကို မသိ။ စိတ်လည်း မ၀င်စား။ စကားပြောစက် ထဲမှ လှမ်း၍ မေးမြန်းနေသည်ကို ကြား၍ ဤနေရာမှ မြန်မြန်ထွက်ခွာရန် ပြင်နေခြင်းပင်။
စုက ထိုအဖြစ်များကို သိနေသည့် တိုင် ဒူးဝါးဇောင်ဟူ၍ ဖွင့်ဟ၍မဖြစ်။ ဤကိစ္စထဲသို့ ဒူးဝါးဇောင် ပါဝင်လာ သည်ကို လောဟို သိပါက မိမိကို အရှင်ထားမည်မဟုတ်။ သူ့ဘာသာ ကိုယ်လွတ်ရုန်းတော့မည်။ မိမိ ကို နှုတ်ပိတ်တော့မည်။

လောလောဆယ် စုက သူ့ဒဏ်ရာကို ဂရုစိုက်နေ ရသည်။ လောဟို တို့က ယောက်ျားသားများ မို့ တောလမ်း တောင်လမ်း ကို မပင်မပန်း လျှောက်နိုင်ကြသည်။ စုမှာက ခြေထောက်ဒဏ်ရာကြောင့် ကောင်းစွာ မလျှောက်နိုင်။ ဤသည်ကို လောဟိုက စိတ်မရှည်နိုင်အောင် ဖြစ်နေရင်း မကြာမကြာ  အော်ဟစ်ငေါက်ငမ်း နေပြန်သည်။
သူတို့ ထွက်ခွာ သွားနေချိန်တွင် စကားပြောစက်ဖြင့် ဆက်သွယ်နေသော ကချင်ဗိုလ်က သူ့ရဲဘော်များကို ခရီးဆက် ရန် ညွှတ်ကြားလိုက်သည်။
သူတို့နှင့် ချောင်းကူးရန် ဆက်သွယ်နေသည့် လူများထဲမှထပ်မံ၍ အဆက်အသွယ်မရတော့။ ဗိုလ်ဖြစ်သူက ထိုလူများ တိုက်ခိုက်ခံရပြီဟု တွက်ဆ၍ အမြန်ချီတက်ရန် ညွှတ်ကြားလိုက်ခြင်းပင်။ ထို့နောက် ဒူးဝါးဇောင်ထံသို့ ဆက်သွယ် ၍ အကျိုးအကြောင်း ရှင်းပြလိုက်တော့သည်။ သေနတ်သံ ထွက်ပေါ်လာသော နေရာမှာ သူတို့နှင့် အလှမ်းဝေးနေသည် မို့ အလျင်အမြန် ချီတက်ရန် စိုင်းပြင်းလိုက်ကြသည်။
တိုက်ပွဲဖြစ်ပွား သည့် ချောင်းစပ်သို့ သူတို့ ရောက်လာချိန်တွင် ချောင်းထဲ၌ အလောင်းတစ်လောင်း ကို ကျောက်တုံးများကြားတွင် ညှပ်လျက်လသား တွေ့လိုက်၏။ ရဲဘော်နှစ်ဦးက သွားရောက်ဆယ်ယူလာခဲ့ သည်။

ဗိုလ်ဖြစ်သူက အလောင်းကို စစ်ဆေးရင်း စကားပြောစက်ကို ဖွင့်၍ အကြောင်းကြားနေတော့သည်။

ဦးကောင်းမြတ်က ဒူးဝါးဇောင် စကားကြောင့် စိတ်ရှုပ်ထွေးသွား၏။
" ပစ်သတ်သွားတယ်။ ဘယ်လို ဖြစ်တာလဲ။ ငါ့မြေးရော ဘယ်မှာလဲ "
သူ့အမေးကို ဒူးဝါးဇောင်က မဖြေနိုင်။
" ငါ့လူ သုံးယောက်ကျသွားပြီ။ ကလေးမကို ဖမ်းသွားမှာပေါ့။ ဒါ ဘယ်သူ့လက်ချက် ဖြစ်မလဲ။ ကလေးမ ပြောတဲ့ လောဟို ပဲ နေမယ်။ ဒီကောင့်မှာ လူသိပ်မပါဘူး။ ဒီကောင် ဘာလို့ ငါ့လူတွေကို သတ်တာလဲ။ ငါ ပြဿနာ မဖြစ်ချင်ဘူးဟာ။ ဒီကောင်တွေ တို့နယ်ထဲမှာ တော်တော်ဒုက္ခပေးနေပြီ"

" ငါ စိတ်မကောင်းဘူးဟာ။ ငါ့ကြောင့် နင့်လူတွေ အသတ်ခံရတာနော့ "
သူ့စကားကို ဒူးဝါးဇောင်က လက်မခံ။ စကားပြောစက်ကို စားပွဲပေါ်သို့ ပြန်ချထားလိုက်ပြီး စားပွဲပေါ်မှမြေပုံ ကို ကြည့်နေသည်။ သက်ပြင်းပူကို ချလိုက်သည်။
" ဒီရွှေကြောက တစ်ခါပြန်ထလာပြန်ပြီနော်။ နင် ငယ်ငယ်တုန်းက နင့်အဘိုးအသက် သေခဲ့ရတယ်။ နင်လည်း ဒီနယ်မှာ မနေရတော့ဘူး။ ဒီရွှေကြောကြောင့် သေကြတဲ့လူတွေမနည်းမနောပဲ သူငယ်ချင်း။ ဒီ ရွှေကြောဟာ ကျိန်စာသင့် တယ်ဆိုတာဘယ်သူမှ မယုံပါလား။ ငါတို့နယ်မြေဟာ နဂိုကမှ ပြဿနာတွေ ရှုပ် ထွေးနေရတာ။ အေးလေ၊ ငါတို့တစ်နယ်လုံး ကျိန်စာများ သင့်နေလားဟေ့ "
ဒူးဝါးဇောင် ၏ စကားကို ဦးကောင်းမြတ် စိတ်မကောင်းဖြစ်နေသည်။

" ဒီလောက် အေးချမ်းပြီး ရိုးသားတဲ့လူတွေကိုမှ ကျိန်စာသင့်တာလားဟာ။ ငါတော့ ဒီနယ်မြေမှာ သေနတ်သံ တွေအစား စကားနဲ့ ဖြေရှင်းတာကို မြင်ချင်လှပြီ။ ဒီနယ်မြေမှာ အေးချမ်းဖို့ဆိုရင် ဒီကလူတွေ အားလုံး စကားနဲ့ ဖြေရှင်းမရဖြစ်နေတာကို တားမှရမယ်။ ဒီလိုပဲ ပြဿနာတွေဖြစ်၊ နယ်မြေ မငြိမ်းချမ်းတော့ လူငယ်လူရွယ်တွေ လည်း ဒီနယ်မြေကို ချစ်ခင်ရမှန်း၊ တန်ဖိုးထားရမှန်း မသိတော့ ဘူး။သူတို့ကိုလည်း ငါအပြစ် မတင်ပါဘူး။ ဝေးရာမှာ နေကြရတော့ သူတို့ဇာတိကို ဘယ်နားလည်တော့မလဲ။ ဒါကို ငါတို့မသေခင် ဖြေရှင်းခဲ့ချင်တယ်ဟာ။ ပြီးခဲ့တာတွေ မြန်မြန် သင်ပုန်းချေပြီး ငါတို့တွေ ငြိမ်းချမ်းရေးရအောင် လုပ်နိုင်မှ နောင်လာနောက်သားတွေ ငြိမ်းချမ်းကြမှာ။ သေနတ်သံတွေကြားမှာ သူတို့ဘ၀ ဒုက္ခရောက်နေ ကြတယ်။ အဖေနဲ့ သား ဝေးကြရတယ်။ အမေနဲ့သမီး ခွဲကြရတယ်။ ဆွေမျိုးချင်းလည်း မသိကြဘူး။ ဒီတော ဒီတောင် ဒီရေမြေထဲမှာ အားလုံးဟာ သွေးတူသားတူတွေချည်းပဲ။ ဘာလို့ ဖြေရှင်းလို့ မရရမှာလဲ။ ဒီနယ်မြေ ဟာ ငါတို့အားလုံး ရဲ့ ငြိမ်းချမ်းရာနယ်မြေဖြစ်ရမှာပေါ့။ ငါတော့ စိတ်မချမ်းသာဘူး "
" လူငယ်တွေက ပြောရခက်တယ်လေ "

ဒူးဝါးဇောင်က စိတ်ပျက်စွာဖြင့် ကုလားထိုင်နောက်သို့ မှီချလိုက်တော့သည်။ ကချင်ပြည်နယ်သည် အဖိုး တန်ကျောက်များ ထွက်ရှိရာနယ်မြေ၊ သာယာလှပသော သဘာဝတရားတို့ တည်ရှိရာနယ်မြေ၊ ဧရာဝတီမြစ် စတင်မွေးဖွားရာနယ်မြေ၊ ရှားပါးတောတွင်းတိရစ္ဆာန်များနှင့် ကမ္ဘာ့အဖိုးတန်သစ်ခွများ တည်ရှိရာနယ်မြေ၊ ထိုနယ်မြေသည် မြေပေါ်မြေအောက်ရတနာတို့ ကိန်းဝပ်နေသည်။ ထို့ကြော့င် ပင် ပြဿနာပေါင်းသောင်းခြောက်ထောင် တို့ စုဝေးရာဖြစ်နေတော့သည်။
ဤနယ်မြေမှ အဖိုးတန်တွင်းထွက်ရတနာများ ယူဆောင်ကြ သည်။ မြစ်တွင်း မှ ရွှေကိုထုတ်ယူကြ သည်။ တောတွင်းရှားပါး တိရစ္ဆာန်တို့ကို ဖမ်းယူကြသည်။ သို့ရာတွင် ဤနယ်မြေ ကို ငြိမ်းချမ်းအောင်မည်သူမျှ မဆောင်ရွက်နိုင်ကြချေ။ ပြဿနာများကိုသာ ဆင့်၍ဆင့်၍ ထားရစ်ခဲ့ကြသည်။ ဒေသခံများ၏ ရပ်ရွာများ ရွှေ့ပြောင်းကြရသည်။ စိုက်ပျိုးရေးများ ဖယ်ရှားခံရသည်။

အသက်မွေးဝမ်းကျောင်းအလုပ်များဟန့်တားခံရ သည်။ သစ်တောတို့ ခုတ်လှဲခံရသည်။ တောတောင်တို့ သိမ်းပိုက်ခံရသည်။ဤပြဿနာကို မည်သူ ဖြေရှင်းပေးမည်နည်း။ ဤဒေသမှ ဒေသခံကချင်လူမျိုးတို့က ထိုအဖိုးတန်ရေမြေတို့ကို ချစ်ခင်မြတ်နိုးတန်ဖိုး ထားကြသည်။ ထိုလူများကို ဖယ်ရှားလာကြသော ပြဿနာသည် မငြိမ်းချမ်းမှုကို ဦးတည်စေပြီ။ ခေတ် အဆက်ဆက် မဖြေရှင်းခဲ့သောကြောင့် ပြဿနာများသည် တိုး၍လာခဲ့ခြင်းပင်။
ကချင်လူမျိုးတို့သည် နယ်ချဲ့ကို တိုက်ခဲ့ကြရပြီးပြီ။ ၀ိသမလောဘသားများကို တိုက်ကြရပြီးပြီ။ ဘိန်းကုန်သည်တို့ကို တိုက်ခိုက်ခဲ့ကြပြီးပြီ။ လူမျိုးစုအတွင်းမှ ပြဿနာကို ဖြေရှင်းနေရပြီ။ အခုပြည်နယ် အတွင်းပို ၍ ဖြေရှင်းရခက်မည့် ပြဿနာက ရှိလာပြန်ပြီ။

ယခု ဦးကောင်းမြတ် ကချင်ပြည်နယ်သို့ ပြန်လာခဲ့ခြင်းသည် အတိတ်ကို ကလဲ့စားချေရန် မဟုတ်။ နှစ်ပေါင်း များစွာကတည်းက ထင်သလို ခြယ်လှယ်ခံနေရသောကချင်ပြည်နယ်၏ လက်ရှိဖြစ်ရပ်များကို ဖြေရှင်းလို သည်။ မြေးဖြစ်သူ၏ သတင်းဖော်ပြချက်များကို အများပြည်သူတို့ သိခဲ့ပြီးပြီ။ ထိုတင်ပြချက်များသည် ကချင် ပြည်နယ်ရှိ လက်ရှိဖြေရှင်းရမည့် မျက်မြင်ပြဿနာများ ဖြစ်သည်။ ထို့ပြင် တခြားသော နယ်မြေခံသတင်း ထောက်များကြောင့် ကချင်ပြည်နယ်တွင် သစ်တောများပြုန်းတီးရမှု၊ ရွာများ ရွှေ့ပြောင်းခံရမှု၊ သဘာဝဘေး မဲ့တောများ ဖျက်ဆီးခံနေရမှု၊ ရေကြီးမှု၊ မြစ်ရေ တိမ်ကောမှု စသော ပြဿနာ များကို ပြည်သူအားလုံး သိ ကြရပြီ။ ထိုပြဿနာများကို လက်ပိုက်ကြည့်မနေနိုင်ကြပြီမို့ ပါဝင်လာခဲ့ကြပြီ။ ထို့ပြင် အသစ်ပေါ်ထွက်လာ မည့် (၂၀၁၁)အစိုးရသစ်လက်ထက်တွင် ထိုပြဿနာများကို ဖွင့်ထုတ်ဖြေရှင်းချင်သည်။ မျက်နှာစုံညီဆွေး နွေးစေလိုသည်။

ထို့ကြောင့် ဦးကောင်းမြတ်လည်း နိုင်သလောက် ပါဝင်ဆွေးနွေးလိုသည်။ အဖမ်းခံနေရသော မြေးမကိုလည်း ကယ်တင် ရမည်။ ကချင်ပြည်နယ်ကို တန်ဖိုးထားတတ်ဖို့ လှုံ့ဆော်သံများ သတင်းဂျာနယ် တွင် နေ့စဉ် ဖော်ပြနေကြပြီမို့ ယခုအချိန်သည် ကချင်လူမျိုးအားလုံး စကားဝိုင်းဖွဲ့ရမည့် အချိန်ဖြစ်သည်။ တစ်ဦးနှင့် တစ်ဦး စွပ်စွဲမှု တွေရပ်သင့်ပြီ။
သူက ဒူးဝါးဇောင်ကို ထိုအခြေအနေများ ရှင်းပြခဲ့သည်။ ဒူးဝါးဇောင်ကလည်း ငြိမ်းချမ်းရေးကို အစဉ်တစိုက် မျှော်လင့်နေခဲ့သူဖြစ်သည်။ မြေးမ စုကို ကယ်တင်နိုင်ရန် အစွမ်းကုန် ကြိုးစားပေးနေသည်။ ယခုတော့ သူ့ လူများပင် အသတ်ခံခဲ့ရပြီ။ ကလေးမကိုလည်း ပြန်မကယ်နိုင်သေး။ ငြိမ်းချမ်းရေး ကို ဖော်ဆောင်နေဆဲမှာပင် လူ့အသက်သုံးချောင်း ပေးခဲ့ရလေပြီ။ ဒူးဝါးဇောင်က သူ့လူများကို ဆက်၍ ထိန်းထားပါသည်။ ကလေးမကို ကယ်ပါ။ ဘယ်သူ့ကိုမှ လက်နက်နှင့် မဖြေရှင်းရန် ညွှန်ကြားထားဆဲပင်။ သူ့လူများက သူ့စကားကို ဆက်၍လိုက်နာနေမြဲပင်။ ထို့ကြောင့် လောဟိုတို့ သွားသည့်နောက်သို့ လူစုခွဲ၍ တပ်ဖြန့်ကာ ရှာဖွေလျက်ရှိတော့သည်။
====
ဆက်ရန်.............
.

2 comments:

Anonymous said...

ဇာတ်ရှိန်ကတော့ တက်နေပြီ......အမရေ နောက်ပိုင်းလေးတွေ များများနဲ့ မြန်မြန်နော်

KKN said...

ကျေးဇူးအများကြီးတင်ပါတယ်မမရွေစင်. တပိုဒ်လုံးကိုတကြိမ်ထဲဖတ်လိုက်ချင်တာ