ဒီမြေကွက်ပေါ်မှာ၊ ပထမဆုံး ဝါးအိမ်ကလေးစဆောက်တော့လည်း စီစဉ်ညွှန်ကြားသူက စန်းချိုပဲ။ တံငါသည့် သမီး ငါးစိမ်းသည် က အဆောက်အအုံအကြောင်း ဘယ်လိုနားလည်နေလိမ့်လို့ ကျွန်တော် စဉ်းစား မရဘူး။ ခြံစည်းရိုး ကိုတောင် စန်းချို က သူကိုယ်တိုင် ကိုယ်ဝန်ဗိုက် ကြီးတစ်မမနဲ့ သယ်ပြီးခတ်တာ။ လွှဖြတ်၊ သံရိုက်၊ နှီးတုပ် .....အကုန် သူ ပဲလုပ်တာ။ ကျွန်တော်တို့ ဘုရားကြီး နား ပြောင်းလာကတည်းက... .ဈေးမရောင်းကြဘူးလေ။ ကျွန်တော်က ဆိုက်ကားအငှားနင်းနေပြီး ရတာက လေးနဲ့ ခြိုးခြိုးခြံခြံ ချွေတာ စားနေကြတယ်။ ဒီအိမ်ကလေးမှာပဲ ကျွန်တော်သားအကြီးကောင် မိုးကျော်အောင် ကို မွေးတာ။ သားဦးရလို့ ကံထူး တာလား။ ကံထူးလို့ သားဦးရတာလားတော့ မသိဘူး။ ကျွန်တော်တို့ ကံထူးလာတာတော့ အမှန်ပဲ။ ကို ဆက်ဖတ်ရန်........
နိုင်ငံခြားဆေးပညာ ကျောင်းတော်ကြီးများမှ၊ ဘွဲ့ထူးဂုဏ်ထူးများ တသီတတန်းကြီး ရထားခဲ့သော ဆရာဝန်ကြီး ဦးလျှံတိတ် သည် ထေရဝါဒ ဗုဒ္ဓဘာသာဝင် တရုတ်လူမျိုးဖြစ်ပြီိး၊ ရန်ကုန်မြို့တော်ကြီးတွင် နေထိုင်လျက်ရှိ၏။ တစ်နေ့သောအခါ၊ ဆရာဝန်ကြီး ဦးလျှံတိတ်သည် နေထိုင်နှင့်အတူ ကျိုက်ဒေးယျုံစေတီသို့ ဘုရားဖူးရောက်လာခဲ့၏။ သူုသည် ယိုယွင်းပျုက်စီး ပြုနေသော စေတီတော်ကြီး နှင့်တကွ၊ သာသနိက အဆောက် အအုံနှစ်ခု၊ မဟာရံတံတိုင်း၊ ရင်ပြင်တော်တို့ကို အထူးဂရုစိုက်ကြည့်ရှုသတိပြုမိခဲ့ပုံ ရ၏။
ရက်အနည်းငယ်ကြာသောအခါ ဆရာဝန်ကြီးဦးလျှံတိတ်သည် မြို့မိမြို့ဖအချို့ စေတီဂေါပကလူကြီးများ၊ အုပ်ချုပ်ရေးပိုင်း မှ တာဝန်ရှိသူများ၊ အချို့နှင့် အတူ ၊ဘုရားကြီးသို့ ရောက်လာပြန်သည်။ သူတို့သည် တန်ဆောင်းပျက် ထဲတွင် အတန်ကြာအောင် စကားပြောဆို တိုင်ပင်ဆွေးနွေးနေခဲ့ကြ၏။ ထိုညတွင်.....
''သန်းဆိုင်ရေ... ငါတို့စီးပွားရေး လုပ်ငန်းတစ်ခု စကြမယ် '' ဟု စန်းချိုက ကောက်ကာ ငင်ကာ ပြောလာသော အခါ ၊ တစ်နေကုန် ဆိုက်ကားနင်းခဲ့ရ၍ ညောင်းညာပင်ပန်းပြီး အိပ်ချင်နေသည့် သန်းဆိုင် မှာ ကြောင်ငေး ထုံထိုင်းနေ၏။
'' ဘာ ဘာလုပ်ငန်းလဲ စန်းချို''
'' ငါတို့အိမ်ရှေ့ မှာ ကွမ်းယာဆေးလိပ်နဲ့ မုန်ု့ပဲသရေစာဆိုင်ကလေးဖွင့်မယ်။ ငါဒီနေ့ ဘုရားကြီပေါ်က လူကြီးတွေ အစည်းအဝေး လုပ်တာကို မလှမ်းမကမ်းကနေ သွားနားထောင်ရင်း ဒီအကြံပေါ်လာတာဟဲ့။ ဘုရားကြီး ကို ပြုပြင်ကြလိမ့်မယ်။ ငါတို့အိမ်ရှေ့က မြေလမ်းကိုလည်း ဂဝံ ကျောက်ခင်းမယ်တဲ့။ ရာသီမရွေး ကားတွေ၊ မြင်းလှည်းတွေ၊ ဆိုက်ကားတွေ သွားလို့ရတဲ့ လမ်းဖြစ် အောင် လုပ်မတဲ့။ ဘုရားကြီးကိုလည်း လျှပ်စစ်မီးတွေ သွယ်ပေး ဦးမှာ၊ လမ်းဆုံကနေ ဘုရားကြီး တောက် လျှောက် လမ်းမီးတွေလည်း ထွန်းပေးမတဲ့။
မှေးငိုက်ထိုင်းမှိုင်းလွန်းသောကြောင့် သန်းဆိုင်သည် ဘုရားကြီးပြုပြင်ခြင်း၊ လမ်းကို ကျောက် ခင်းလမ်း၊ လျှပ်စစ်မီး သွယ်တန်းခြင်းတို့နှင့် မိမိတို့အိမ်ရှေ့မှာ ကွမ်းယာ၊ ဆေးလိပ် မုန်းပဲသရေစာ ဆိုင်ဖွင့်ခြင်း တို့ကို မည်သို့မျှ ဆက်စပ်စဉ်းစား ၍ မရခဲ့ပေ။
ဆိုင်ဖွင့်တာတော့ ဟုတ်ပါပြီ စန်းချို၊ ဘယ်သူ ဆိုင်မှာထိုင်ရောင်းမှာလဲ။ ငါက ဆိုက်ကား ထွက်နင်း ၊ နင်က ကလေးငယ် တစ်ဖက်၊ ချက်ရေးပြုတ်ရေး လျှော်ရေးဖွပ်ရေးတစ်ဖက်နဲ့၊ ငါဆိုက်ကား နင်းကျွေးတာ ကို အေးအေးဆေးဆေး ထိုင်စားစမ်းပါ စန်းချိုရာ၊ ဒီလောက် လူအသွားအလာပါးပြီး ဆင်း ရဲသားများ တဲ့ နေရာမှာ ကွမ်းယာဆေးလိပ် ဆိုင်ဖွင့်တော့ ဘယ်သူက လာဝယ်စားမှာတဲ့လဲ။
တုံးလုံးလှဲရင်း၊ မျက်ခွံမှေးထားသော သန်းဆိုင်ကို စန်းချိုက၊ ဦးခေါင်းမှ တစ်ဆင့်၊ ခပ်ကြမ်း ကြမ်း ဆွဲထူလိုက်ရာ၊ သန်းဆိုင် ညည်းညူရင်း ထထိုင်၏။
'' ထစမ်းဟာ သန်းဆိုင်၊ နင်ဟာ နုံတယ် ၊ အတယ်ပြောပြန်ရင်လည်း မကြိုက်ဘူး၊ နင့်မှာ ဦးနှောက်မရှိဘူး၊ ရှိရင် လည်း ချေုးဦးနှောက် ပဲရှိမှာပဲ။
မလှမ်းမကမ်းရှိ၊ ရေနံဆီ ဖန်မီးအိမ်အလင်းရောင်ဝါ ဖျော့ဖျော့သည်၊ စန်းချို၏ အတိုညှပ် ထားသော ပွယောင်းယောင်း ဆံပင်တွေပေါ်သို့ ဖြာကျနေရာ၊ နက်မှောင်တောက်လက် နေကြသည်။ သူမ၏ ဆံပင်ပုံစံ အမြင်အာရုံ တွင် ရွှေရောင်တောက်နေကြသည်။ သူမ၏ ဆံပင်ပုံစံမှာ မေဆွိ ကေဟု ခေါ်ကြောင်း စန်းချိုက ပြောဖူး၏ ။ မည်းပြောင်ပြောင်မျက်နှာမှာ သနပ်ခါးမရှိသည့်တိုင်၊ မီးရောင်ထဲတွင် ဝင်းပနေသည်။ စန်းချို ဟာ တစ်သားမွေးတစ်သွေးလှဆိုတဲ့အတိုင်း ....၊ သားဦးကလေးမွေးပြီးမှ ပိုပြီး ကြည့်လို့ ကောင်း လာတယ်။ ကိုယ်လုံး ကလည်း အပျိုတုန်းက ထက်တောင် ပိုပြည့်လာသလိုပဲ ဟု သန်းဆိုင် အိပ်မှုန်စုံမွှားနှင့် တွေး မိသည်။
''အေးပါ စန်းချိုရာ၊ နင့်လင်ခေါင်းထဲမှာ ချေးတွေပဲရှိတယ်လို့သာ မှတ်ထားလိုက်ပါ၊ နင်ကွမ်း ယာဆိုင် ဘယ်လို ဖွင့်မှာလဲ.... ပြော''
သန်းဆိုင်က အိပ်ချင်မူးတူးဟန်ဖြင့်၊ စန်းချို၏ ဖောင်းမို့နေသော ရင်ခွင်ထဲသို့ ဦးခေါင်းကို ငိုက်ချ လိုက်သော်လည်း စန်းချိုက တွန်းမထုတ်ဘဲ၊ သန်းဆိုင်၏ ချွေးစော် ကြေးစော်နံသော ခေါင်းကို လက်နှစ်ဘက်ဖြင့် ပွေ့ထားလိုက်၏။ '' နင်စဉ်းစားကြည့်လေ.. သန်းဆိုင်၊ ဘုရားကြီးပြင်ဖို့ဆိုရင် အလုပ်သမားတွေ အများကြီးရောက် လာမှာ၊ လမ်းပြင်ပြီးကျောက်ခင်းမယ်ဆိုရင်လည်း အလုပ်သမား တွေ အများကြီးရောက် လာမှာ၊ ဒီနားတစ်ဝိုက်မှာ ဆေးလိပ်ကွမ်းယာဆိုင်၊ မုန့်ပဲသရေစာဆိုင်မှ မရှိပဲ။ သူတို့ ဆေးလိပ်ကွမ်းယာ လိုချင်ရင်၊ ဟိုး.... လမ်းဆုံကို အဝေးကြီးထွက် ဝယ်ကြမှာ ၊ ဒီနားမှာဆိုင်ရှိ ရင် ဒီမှာပဲ နီးနီးနားနား ဝယ်ကြမှာပေါ့။
'' နင်က ကွမ်းယာ ယာတတ်လို့လား ''
'' ဟေ့ ဘယ်သူမှ မွေးကတည်းက မတတ်ဘူး၊ တတ်တဲ့သူဆီမှာ သင်ရတာပဲ။''
'' ဒါဖြင့် သားကလေးကျ ဘယ်သူထိန်းမှာလဲ။''
''ငါ့ညီမ.... မိထူး ကိုခေါ်ပြီး ထိန်းခိုင်းမယ်။ ကောင်မ (၁၁) နှစ်သမီး ရှိနေပြီ။ ကလေးထိန်း ရုံ တင်မကဘူး။ ထမင်းချက်၊ အဝတ်လျှော်ပါသင်ပေးထားလို့ရပြီ။ နင်က ဆိုက်ကားနင်း ငါက ကွမ်းယာ ဆိုင်ဖွင့်မယ် ဒါပဲ''
သန်းဆိုင် သည် စန်းချိုရင်ခွင်ထဲနေ၊ အနံ့ဆိုးများရှုရ၍ အသက်ရှုမဝသည့်အပြင်၊ သူ့ဦးခေါင်း ကို ဆွဲထုတ် ထူမတ်လိုက်သည်။
''နင့်အဖေဆရာကြီး မောင်ဖိုးလူ က သူ့သမီးကို လွှတ်ပါမလားဟ စန်းချို၊ လွှတ်တယ်ထားဦး၊ ဒီမှာနေလို့ အသားကျ မှ စိတ်ပြောင်းပြီး လာခေါ်ရင် ကိုးရိုးကားရားတွေ ဖြစ်ကုန်ဦးမယ်နော်။
''မခေါ်စေရပါဘူးဟယ်။ သူပြန်မခေါ်အောင်လုပ်တဲ့ နည်းငါသိတယ်။''
''ဘာနည်းတုံးဟ ''
''တစ်ပတ် ကို အာမီဝရမ်အရက်တစ်ပုလင်း တစ်ပုလင်း သူ့ဆီလူကြုံနဲ့ ပို့ပေးလိုက်ရုံပဲ။''
သူတို့လင်မယား သုံးအိမ်စုရွာ သစ်ကုန်းမှာနေကြ၍ စန်းချိုရွာစဉ် လှည့်ဈေးရောင်းစဉ်ကပင်။ စန်းချို အဝင် အထွက်၊ အဆက်အဆံရှိခဲ့သည်ကို သန်းဆိုင်မသိပါ။ စန်းချိုကလည်း ဖွင့်မပြောခဲ့ပါ။ ပြောလည်းမထူးပါဘူး။ သူက လက်မောင်းမှာ ဖိုးတာ ကိုက်လို့ သေရာပါအမာရွတ်ကြီး ရထားတော့ သူ့စိတ်ထဲမှာ ကျေချင်မှကျေမှာ၊ အဖေ့ ကိုလည်း သူက ရွံကြောက်ကြီး ကြောက်သွားပုံရတယ် ဟုတွေးမိကာ ၊ စန်းချိုက မိသားစုနှင့် ပြန်လည် ဆက်သွယ်ခဲ့ကြောင်း လင်သားကို ဖွင့်မပြော ခဲ့ခြင်းဖြစ်လေသည်။
မြို့တွင်းဘက်ရှိ လမ်းဆုံတစ်နေရာမှ ဖြောင့်တန်းစွာ လဲလျောင်း၍ ကျိုက်ဒေယျုံစေတီတော်မြတ်ကြီး၏ မုခ်ဦးဝ သို့ ဦးခိုက်လျက်ရှိသော လမ်းသည် (၃)ဖာလုံနီးပါး ရှည်းလျားသည်။ ရှေးက ထိုလမ်မရှိခဲ့။ လွတ်လပ်ရေးခေတ် ကျမှ၊ မြို့သူမြို့သား၊ ရပ်သူရပ်သားတွေ၏ အလှူငွေလုပ်အားဖြင့် ထိုလမ်းကို ဖောက်ခဲ့ခြင်းဖြစ်သည်။ ယခု... အများ အသုံးပြုနေကြသော နိုင်လွန်ကတ္တရာလမ်းကိုမူ နိုင်ငံတော် သာသနာရေး ဦးစီးဌာနနှင့် ဒါနရှင်များ ပူးပေါင်းလက်တွဲ၍ ချောမွေ့ညီညာအောင် ဖောက်လုပ် စီမံထားခြင်းဖြစ်သည်။ ဤနိုင်လွန် ကတ္တရာဖောက်လုပ် ရာတွင်၊ ကွမ်းယာဆိုင်ရှင် ''ဦးသန်းဆိုင် ဒေါ်စန်းချို'' ဇနီင်္းမောင်နှံက အလှူတော် ၅၀၀၀ ကျပ်ထည့်ဝင်ခဲ့ကြ၏။
''မင်းတို့ စိန်သီး ဆီက ဒီမြေကွက်ကို ဝယ်လိုက်တဲ့ အချိန်တုန်းက ငါတို့လမ်းထဲမှာ လယ်သမားနဲ့ ကုန်သည်ပွဲစား၊ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တွေပဲနေကြတာ၊ အိမ်ကြီးအိမ်ကောင်းလည်း မရှိဘူး။ တိုက်အိမ် လည်း တစ်လုံးမှမရှိဘူး၊ လမ်းကလည်း မိုးတွင်းဆို ဗွက်ပေါက်နေတာ''ဟု သန်းဆိုင်၏ ကွမ်းယာဆိုင်ရှေ့၊ ကနဖျင်းအောက် က ခုံတန်းလျားမှာ လာထိုင်တတ်သော၊ အိမ်နီးချင်းက အဘိုးအို အသက်(၈၀)ကျော် ဘိုးပေါက်တူး က ပြောပြဖူးသည်။
''နောက်တော့ ဘိုးဘွားအစဉ်အဆက်ကတည်းက ထွန်ယက်စိုက်မျိုးလာတဲ့ လယ်မြေတွေက မြေဆီ မြေသား သြဇာဓါတ်ခန်းခြောက်ပြီး စပါးအတွက် ဆုတ်ယုတ်လာတယ်၊ ဆန်ကောင်း ဆန်ချောထွက်တဲ့ စပါးစိုက်လို့တော့မရဘူး။ ငစိန် ဆန်ထက်ပို ကြမ်းတဲ့ ဆန်မျိုးထွက်တဲ့စပါးတဲ့ စိုက်လို့ရတော့တယ်။ ဒီတော့ လယ်သမားတွေ စီးပွားမတက်ဘဲ စီးပွားပျက်ပြီး၊ လယ်ရောင်း အိမ်ရောင်း၊ လှည်းရောင်း နွားရောင်းနဲ့ တစ်ရပ်တစ်ကျေး ကို လွင့်ကုန်ကြတယ်။ တချို့လယ်သမားတွေလည်း ကုန်သည် ဈေးသည်တွေ ဖြစ်သွားကြ တယ်။ လယ်သမားက ပေါက်ဖွား တဲ့ သားသမီးတွေဟာ လယ်သမား မဖြစ်ကြတော့ဘဲ၊ အစိုးရဝန်ထမ်းတွေ၊ အရောင်းအဝယ် သမားတွေ ၊ တချို့လည်း ၊ အရက်သမား၊ ကြက်သမား၊ ဖဲသမားတွေဖြစ်သွားကြ တာပေါ့ လကွယ်၊ အဘဟိုတုန်းက လယ်ပိုင်ရှင် လယ်သမား ကြီးပေါ့၊ အင်း အခုအသက် (၈၆) နှစ်ဘိုးပေါက်တူးဟာ ကားဒရိုင်ဘာသား နဲ့ ကျောင်းဆရာမ သမီးတို့ကို မှီခိုနေရတဲ့ လယ်သမားဟောင်းဇရာအိုကြီး ဖြစ်နေပြီ။
ဤလမ်းကို နိုင်လွန်ကတ္တရာခင်းသည့်နှစ်မှာပင်၊ အများဆန္ဒအရ အမှန်မူ လူကြီးသုံး လေးယောက်၏ အကြိုက် '' ကျိုက်ဒေးယျုံ ဘုရားကြီးလမ်း'' ဟု မှည့်ခေါ် ဆိုင်းဘုတ်တင်လိုက် လေသည်။ လမ်းဘယ်ညာတွင် တိုက်တာအိုးအိမ်အသစ်တွေ တိုးပွားပြည့်နှက်လာခဲ့ကြ၏။ ကိုယ်ပိုင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ သာမက ဘဲ ကုန်တင်ယာဉ် အသေးစားအဖြစ် မြို့တွင်းဘက် ရှိ လမ်းဆုံတစ်နေရာမှ ဖြောင့်တန်းစွာ လဲလျောင်း၍ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး၏ မုခ်ဦးဝသို့ ဦး ခိုက်လျက်ရှိသော လမ်းသည် (၃) ဖာလုံနီးပါး ရှည်လျားသည်။ ရှေးက ထိုလမ်းမရှိခဲ့။ လွတ်လပ်ရေး ခေတ်ကျမှ မြို့သူမြို့သား ရပ်သူရွာသားတွေ၏ အလှူငွေ လုပ်အား တို့ဖြင့် ထိုလမ်းကို ဖောက်ခဲ့ခြင်း ဖြစ်သည်။ ယခု... အများ အသုံးပြု နေကြသော နိုင်လွန် ကတ္တရာလမ်းကိုမူ၊ နိုင်ငံတော်သာသနာရေး ဦးစီးဌာနနှင့် ဒါနရှင်များ ပူးပေါင်း လက်တွဲ၍ ချောမွေ့ညီညာအောင် ဖောက်လုပ်စီမံထားခြင်း ဖြစ်သည်။ ဤနိုင်လွန် ကတ္တရာ လမ်း ဖောက်လုပ်ရာ တွင်၊ ကွမ်းယာဆိုင်ရှင် ''ဦးသန်းဆိုင်ဒေါ်စန်းချို''ဇနီးမောင်နှံက အလှူတော်ငွေ ၅၀၀၀ ကျပ်ထည့်ဝင်ခဲ့ကြ၏။
''မင်းတို့ စိန်သီးဆီက ဒီမြေကွက်ကို ဝယ်လိုက်တဲ့ အချိန်တုန်းက ငါတို့လမ်းထဲမှာ လယ်သမားနဲ့ ကုန် သည်ပွဲစား၊ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တွေပဲ နေကြတာ။ အိမ်ကြီးအိမ်ကောင်းလည်း မရှိဘူး။ တိုက် အိမ်လည်း တစ်လုံးမှ မရှိဘူး၊ လမ်းကလည်း မိုးတွင်းဆို ဗွက်ပေါက်နေတာ'' ဟု သန်းဆိုင်၏ ကွမ်းယာ ဆိုင်ရှေ့၊ ကနဖျင်းအောက်က ခုံတန်းလျားမှာ လာထိုင်တတ်သော အိမ်နီးချင်းအဘိုးအို အသက် (၈၀) ကျော် ဘိုးပေါက်တူးက ပြောပြဖူးသည်။
''နောက်တော့ ဘိုးဘွားအစဉ်အဆက်ကတည်းက ထွန်ယက်စိုက်ပျိုးလာတဲ့ လယ်မြေတွေက မြေဆီ မြေသား သြဇာဓာတ်ခန်း ခြောက်ပြီးစပါးအထွက် ဆုတ်ယုတ်လာတယ်၊ ဆန်ကောင်း ဆန်ချောထွက်တဲ့ စပါးစိုက်လို့မရတော့ဘူး၊ ငစိတ်ဆန်ထက် ပိုကြမ်းတဲ့ ဆန်မျိုးထွက်တဲ့ စပါးပဲ စိုက်လို့ရတော့တယ်၊ ဒီတော့ လယ်သမားတွေ စီးပွားမတက်ဘဲ စီးပွားပျက်ပြီး၊ လယ်ရောင် အိမ်ရောင်း၊ လှည်းရောင်း နွားရောင်းနဲ့ တစ်ရပ်တစ်ကျေးကို လွင့်ကုန်ကြတယ်၊ တချို့ လယ်သမားတွေလည်း ကုန်သည် ဈေးသည်တွေ ဖြစ် သွားကြတယ်၊ လယ်သမားက ပေါက်ဖွားတဲ့ သားသမီးတွေဟာ လယ်သမား မဖြစ် ကြတော့ဘဲ၊ အစိုးရဝန်ထမ်းတွေ၊ အရောင်းအဝယ်သမားတွေ၊ တချို့လည်း အရက်သမား၊ ကြက် သမား၊ ဖဲသမားတွေ ဖြစ်သွားတာပေါ့လကွယ်၊ အဘလည်း ဟိုတုန်းက လယ်ပိုင်ရှင် လယ်သမားကြီး ပေါ့၊ (အင်း) အခုအသက် (၈၆) နှစ်ဘိုးပေါက်တူးဟာ ကားဒရိုင်ဘာသားနဲ့ ကျောင်းဆရာမ သမီးတို့ကို မှီခိုနေရတဲ့ လယ်သမား ဟောင်းဇရာအိုကြီး ဖြစ်နေပြီ''
ဤလမ်းကို နိုင်လွန်ကတ္တရာခင်းသည့် နှစ်မှာပင်။ အများဆန္ဒအရ အမှန်မူ လူကြီးသုံးလေးယောက်၏ အကြိုက် ''ကျိုက်ဒေးယျုံဘုရားကြီးလမ်း''ဟု မှည့်ခေါ်ဆိုင်ဘုတ် တင်လိုက်လေသည်။ လမ်းဘယ်ညာ တွင် တိုက်တာအိုးအိမ်အသစ်တွေ တိုးပွာပြည့်နှက် လာခဲ့ကြ၏။ ကိုယ်ပိုင်မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်များ သာမကဘဲ ကုန်တင်ယာဉ်အသေးစားအဖြစ် အသုံးပြုသော ''ထော်လာဂျီ''ပိုင်ဆိုင် ကြ သော ဘုရားကြီးရှေ့လမ်းထိပ် အစွန်းတွင်မူ၊ ကွမ်းယာဆိုင်ရှင် ကိုသန်းဆိုင်၏ သွပ်မိုးပျဉ်ထောင် သုံးပင်အိမ်ကလေးက သပ်ရပ်ခံ့ညားစွာဖြင့် ဘုရားရိပ်အောက်မှာ သက်ဝင်ရှင်သန်နေလေသည်။
''ကျွန်တော်တို့လမ်းထဲမှာ တရုတ်သူဌေးရှိတယ်၊ ကုလားသူဌေးရှိတယ်၊ အစိုးရအရာရှိမကြီး တစ်ယောက်ရှိတယ်၊ အငြိမ်းစား ဗိုလ်မှူးရှိတယ်၊ ကျောင်းဆရာ ကျောင်းဆရာမကြီးတွေလည်း ရှိတယ်၊ ပင်လယ်ကူး သင်္ဘောသားရှိတယ်၊ ကားဝပ်ရှော့ ပိုင်ရှင်ကြီးရှိတယ်၊ ဘတ်စကားတွေ အများကြီးပိုင်တဲ့ ကားအုံနာကြီး လည်း ရှိတယ်၊ ဗိန္ဓောဆေးဆရာကြီး တစ်ယောက်လည်းရှိတယ်၊ အခု ဆရာလေးက ကျွန်တော် တို့ လမ်းထဲကို ပြောင်းလာတော့ ကျွန်တော်တို့လမ်းထဲမှာ ဆရာဝန်တစ်ယောက် ရှိသွားပြီ ပေါ့ဗျာ...။ နာဖျားမကျန်းဖြစ်ရင်.... အားကိုးရာရပြီးပေါ့ ဆရာလေးရာ... ''
သန်းဆိုင်သည် သူ့တင်ပါးတစ်ဖက်ရှိ သွေးစုနာကို ဆရာဝန် ဒေါက်တာတင်ဆန်းဦးကို သွားရောက်ပြ သရင်း၊ သူ့ကိုယ်သူ နတ်ဘုံနတ်နန်း၌ နေထိုင်ရသူ တစ်ဦးအလား...ဂုဏ်ဝင့်စကားတွေ ဖွဲ့နွဲ့နေသည်။ လူပျိုကြီး ဆရာဝန်ကလေး က ပြုံးရုံပဲ ပြုံးလျက်ရှိ၏။
သူသည် မြို့တော်ကြီး၏ အထင်ကရ ဆေးရုံကြီး တစ်ရုံမှ တာဝန်ထမ်းဆောင်ကာ အားလပ်ချိန်တွင်နေအိမ်၌ အထွေထွေ လူနာ လက်ခံကုသ၏။
''ကျွန်တော် က လေကောင်းလေသန့်လည်း ရှူချင်တယ်၊ ဘုရားနဲ့လည်း နီးနီးနားနား နေချင်တယ်၊ ဒါ ကြောင့်.... ရန်ကုန်ကန်တော်လေးက တိုက်ခန်းကို ရောင်းပြီး ဒီကို ပြောင်းလာခဲ့တာ ဒီမှာ ဆေးခန်းဖွင့် တာက ကျွန်တော့ကားခ နဲ့ လက်ဖက်ရည်ဖိုးလောက်ပဲ ရတယ်၊ ဒါပေမဲ ပိုက်ဆံနဲ့ဝယ်လို့မရဘဲ ကျန်း မာရေးနဲ့ စိတ်ချမ်းသာ သုခကိုတော့... ဒီနေရာမှာ ဖောဖောသီသီရတယ်"ဟု ဆရာဝန်ကလေးက ပြောလေသည်။
"ဆရာဝန်လူပျိုကြီးကလည်း ရုပ်ကချော၊ ပညာကတတ်၊ စီးပွားဥစ္စာလည်း ရှိရဲ့သားနဲ့ ဘာလို့များ မိန်းမ မယူ ပါလိမ့်နော်"ဟု ရောဂါမရှိ ရောဂါရှာပြီး ဒေါက်တာတင်ဆန်းဦးထံ သွားတွေ့ရာမှ ပြနလာသော စန်းချိုက အားမလို အားမရ ညည်းတွားပြရာ သန်းဆိုင်က မကြားချင်ယောင် ဆောင်နေလိုက်၏။
"သေသေချာချာ ကြည့်ရင် ဒေါက်တာတင်ဆန်းဦး က မင်းသား ရန်အောင်ရုပ်နဲ့ ခပ်ဆင်ဆင်ပဲဟ" ဟု စန်းချိုက စကား ဆက်နေပြန်။
"ငါသာ အပျိုတုန်းကဆိုရင် ဒီဒေါက်တာကို မရရအောင် ပိုးပစ်လိုက်မှာပဲ၊ ယောက်ျားတွေဟာ အတွေ့ ဆိုရင် မရှောင်နိုင်ပါဘူး ဟယ်"
သန်းဆိုင် သည် နံဘေးနံဘီကို လှည့်စောင်းကြည့်၏။ အိမ်ထဲမှာ ဘယ်သူမှမရှိ။ သည်တော့ စိတ်ချ လက်ချ ဆဲပစ်လိုက်လေသည်။
"သားနှစ်ယောက် လူပျိုကြီးဖားဖား ဖြစ်နေတာတောင် နင်က ရွချင်တုန်းပဲလား စန်းချို"
"ရွတာ မဟုတ်ဘူး မသာ ရဲ့ တစ်ခါတစ်လေ စိတ်ကူးယဉ်ကြည့်တာ"
စန်းချိုက ရှေးမူမပျက် သူ့ဝသီအတုင်း နှုတ်လှန်းထိုးတော့ ကျွဲမြီးတိုနေသည့် သန်းဆိုင် စိတ်ဆိုးမာန် ဆိုး ဝင်လာ၏။ သို့သော်. .. အော်ကြီးဟစ်ကျယ် ပြောရမည့် စကားမျိုးမဟုတ်မှန်၊ ဘေးပန်ဝန်းကျင်နှင့် သားလူပျို (၂)ယောက်ကြားသိ လျှင် မသင့်တော်မှန်းသိ၍ အသံအုပ်၍ ခပ်ထန်ထန် ပြောသည်။
"စိတ်ကူးယဉ်တယ်ဆိုတာ တန်ရာတန်ရာ စိတ်ကူးယဉ်ရတယ်ဟ၊ နင်က စိတ်ကူးယဉ်တတ်တယ်ထား ဦး ဟိုလူက နင့်လိုကလေး (၂)ယောက်အမေကို ကွမ်းယာသည်မ မဲလုံးဘုတ်ဆုံမကို ယောင်လို့ တောင် အိပ်မက်ပါ မတဲ့လား"
"ဟေ့ သူကြိုက်ကြိုက်၊ မကြိုက်ကြိုက်.. ငါ့ဘက်က ကြိုက်ရရင်ပြီးရော၊ သူ့မျက်နှာကို မြင်နေရရင်.. ငါ့ ရင်တွေ နှလုံးတွေ ရေခဲသေတ္တာ ထဲရောက်သလို အေးမြသွားတာပဲဟဲ့၊ နားလည်လား သန်းဆိုင်"
(မကြာမီက၊ နွေရာသီတွင် အဖျော်ယမကာ အချိုရည် အအေးနှင့် ရေခဲထုပ်ရောင်းရန် စန်းချိုက တစ်ပတ် ရစ် ရေခဲသေတ္တာတစ်လုံး၊ ဝယ်ထားခဲ့၏)
"နင်ဟာလေ လင်ကြီး ကို ရှေ့မှာ ငုတ်တုန်ထားပြီး လင်တရူးရောဂါထဝံ့သေးတယ်နော်၊ အံ့ပါရဲ့ကွာ၊ ဘုရားကြီး နားနေပြီး ကာမေသုမိစ္ဆစာရကံကို နင်စိတ်နဲ့ ကျူးလွန်နေပြီ စန်းချို နင်တော့ အပါယ်လားမှာ ပဲ.... "
"ဟဲ့၊ ဘုန်းကြီးလူထွက် သား မျက်စိပေမှေး၊ ငါ့ကို မကျိန်ဆဲနဲ့၊ နင့်မျက်နှာ ပြဲပြဲပွပွကြီးရယ်၊ နင့်ဗိုက်ရွှဲ ကြီးရယ်ကို ငါ စိတ်ကုန်နေပြီ၊ နင့်မျက်ခွက်ကို အနှစ်(၂၀)လောက် နေ့တိုင်းမြင်နေရတဲ့ နောက် မရိုး မအီဘဲ ခံနိုင် ပါတော့မလား ဟဲ့"
သူတို့လင်မယား ၏ စကားစစ်ပွဲက အချိန်တာရှည်လျားတတ်၏။ သို့ဖြင့်... ထိုညက... သန်းဆိုင်သည် အိမ်ဦးခန်း ဘုရားစင်ရှေ့မှာ ထွက်အိပ်ရရှာလေသည်။
သူတို့လင်မယားသည် (ရံဖန်ရံခါ) ကလေးလင်းမယားကဲ့သို့ စကားနိုင်လုရင်း ကတောက်ကဆဖြစ်၊ ဆဲ ဟယ် ဆိုဟယ်၊ ကျိန်ဟယ် တွယ်ဟယ်နှင့် တောစရိုက် မပျောက်သေးကြသော်လည်း နှစ်ဦးတည်းသာ ရှိသော (စန်းချို မမွေးနိုင်တော့သောကြောင့်) သားနှစ်ယောက်မှာ ယဉ်ကျေးသိမ်မွေ့သည့် လူအေး ကလေးများ ဖြစ်နေကြသည်။ အကြီးကောင် မိုးကျော်အောင်သည် (၁၀)တန်း ကျပြီးကတည်းက ကားဝပ်ရှော့တစ်ခုမှာ အလုပ်သင် ဝင်လုပ်ရင်း.. ယခု ဝင်ငွေကောင်းကောင်း ရနေပြီ။ သားငယ် ပြည့်ဖြိုး အောင်က (၈)တန်းကျောင်းသား၊ ဤမြို့ တွင် သုံးနှစ်ဆက်တိုက် ပညာရည်ထူးချွန်ဆုရသူ. ညီအစ်ကို နှစ်ယောက်စလုံး အားလပ်ချိန်တွင် ကွမ်းယာဆိုင် မှာ အရောင်းကူကြ၏။ ထူးခြားချက်က ... သူတို့ သည် မအေကဲ့သို့ အသားမမည်း၊ အရုပ်မဆိုးကြ၊ ဖအေကဲ့သို့ ပခုံးကျယ် ဖင်ရှူး ကာတွန်းရုပ်မျိုးလည်း မဟုတ်ကြ၊ အသားလတ်လတ် လူရည်သန့် ကလေးတွေ ဖြစ်နေကြခြင်းပင်။
"ကိုသန်းဆိုင်တို့ မစန်းချိုတို့များ... ကိုယ်တိုင် မမွှေးနိုင်ကြလို့ မွေးစားတာတောင် မွေးစားရကျိုး နပ်ပါ ပေ့ဗျာ၊ ဒီညီအစ်ကိုနှစ်ယောက် ကို ဘယ်ဆေးရုံမှာ သွားအလှူခံတာလဲဟင်"
ဆိုက်ကားသမား ကျော်ကြီးတို့လို ရင်းနှီး၍ အနောက်အပြောင်သန်သူတွေကသူတို့သားနှစ်ယောက်နှင့် ပတ်သက်ပြီး ကျီစယ်လေ့ရှိကြသည်။ စန်းချိုစိတ်ကောင်းဝင်နေချိန်မှာတော့ ဘာမျှ ပြန်ပြောမည် မဟုတ်၊ သူအလုပ်ရှုပ်ပြီး မောမော်ပန်းပန်းနှင့် စိတ်တိုနေချိန်ဆိုလျှင်တော့.... ဘုရားနားမှာနေတာ တွေ ဘာတွေ ဂရုမစိုက် ဘဲ နှုတ်ခမ်းတစ်လံ ပန်းတစ်လံနှင့် "တုတ်"ပေးလိမ့်မည်။
"ငါ့သားနှစ်ယောက် က ရွှေညီအစ်ကိုတွေကွ စန်းချို၊ သူတို့နှစ်ယောက် ဆက်တိုက်လိုလို မွေးပြီး ကတည်းက ငါတို့ စီးပွားတတ်လာတာ၊ နင့်ကိုယ်ပေါ်မှာ ရွှေသီးလာတာ မဟုတ်လား"
စန်းချိုက ခေတ်ပညာသာတတ်လျှင် ရုပ်ဝါဒီ၊ လက်တွေ့ဝါဒီ စစ်စစ်တစ်ယောက် ဖြစ်သွားနိုင်သည်။ သူမသည် "ငါလုပ်မှ ငါ့ဗိုက်ဝမည်၊ ငါ့ဗိုက်ဝမှ တခြားသူတွေကို မျှဝေနိုင်မည်"ဟူသော အယူဝါဒကို စွဲစွဲ မြဲမြဲ ခံယူ လိုက်နာသူ ဖြစ်၏။
"သူတို့မမွေးလည်း တက်မယ့် စီးပွားကတော့ တက်မှာပဲဟဲ့၊ ကွမ်းယာကလည်း ရောင်းကောင်းလိုက် တာ၊ မြို့ထဲက လူတွေတောင် ကားတွေ၊ ဆိုက်ကယ်တွေ၊ စက်ဘီးတွေနဲ့ လာရတဲ့အထိဆိုတာ နင် သိသားပဲ ငါတို့ ဆိုင်မှာ ဆိုင်းဘုတ်တပ်စရာတောင် မလိုဘူး၊ ဘုရားကြီး ကွမ်းယာဆို ငါတို့ဆိုင်မှာ ဆိုင်း ဘုတ်တပ်စရာတောင် မလိုဘူး၊ ဘုရားကြီး ကွမ်းယာဆို မြို့ပေါ်တင်မကဘူး၊ တောပိုင်းပါ သိနေကြ တာ ငါအကြံအစည်ကောင်း လို့ ဒီဘဝရောက်တာ ပါ သန်းဆိုင်၊ နင့်ချေးဦးနှောက်နဲ့ဆိုရင် နင်လည်း ဆိုက်ကားသမားဘဝက ဝဋ်ကျွတ်မှာ မဟုတ်ဘူး၊ ငါလည်း ဈေးတောင်းခေါင်းရွက်ရလွန်းလို့ ဆံပင်တွေ ကျွတ်ပြီး ခုလိုတောင် ဆံပင်ကောက်နိုင်မှာ မဟုတ်ဘူး"
"ဟုတ်ပါတယ် စန်းချိုရာ၊ ငါတို့ဖွတ်ကျောပြာစု၊ ခရုဆံကျွတ်ဘဝကနေ ဒီဘဝရောက်လာတာ နင်တော် လို့ပါ နင် တကယ်တော်ပါတယ်ဟာ နင်သာ ငါ့ထက် အသက်ကြီးမယ်ဆိုရင် ငါ့ကို ငါညတိုင်း ရှိခိုးပြီးမှ အိပ်မှာပါ"
တစ်ခါတစ်ရံ မှာတော့ သူတို့၏ ညဉ့်နှောင်းပိုင်း နှစ်ကိုယ်ကြား စကားဝိုင်းက ငြိမ်းအေး ရွှင်ပျ ဖွယ် ကောင်း နေသည်။ ထိုအချိန်မျိုးမှာ စန်းချိုက၊ စီးပွားရေး လုပ်ငန်းတိုးချဲ့ဖို့ စုဖို့ဆောင်းဖို့၊ ရှိပြီးသားကို ထပ်မံ ပွားများအောင် လုပ်ဖို့ ဦးဆောင်အကြံပြုရင်း မိမိနှင့် ထိုက်တန်သင့်လျော်သော အသုံး အဆောင် ပစ္စည်းတွေ ဝယ်ယူ ဖို့ စီမံချက်ချသည်။ တီဗွီ၊ အောက်စက်၊ ရေခဲသေတ္တာ၊ ပန်ကာ၊ လျှပ်စစ်မီးဖို၊ မီးဖို ချောင်သုံး စတီး အိုးခွက်ပန်းကန်များ၊ အဖိုးတန် အဝတ်အစား၊ ထီး ဖိနပ်များ အားလုံး၊ အယုတ်သဖြင့် အိမ်သာထဲက အမွေးခဲ ကအစ စန်းချို အစီအစဉ်ဖြင့် ဝယ်ယူထားခဲ့ ခြင်းသာ ဖြစ်၏။ ဟင်းလျားသားငါး ကိုလည်း စန်းချို အကြိုက်ချည်း သာ ချက်ပြုတ်လေ့ ရှိ၏။
"ကိုသန်းဆိုင်၊ ခင်ဗျားကို ကျွန်တော်တို့အုပ်စုက (အခက)အဖွဲ့ဝင်အဖြစ် သတ်မှတ်ရကောင်း မလား စဉ်းစားနေ တာဗျ"
ဆိုက်ကားသမားအုပ်စု၊ သန်းဆိုင် ၏ ခုံတန်းလျားမှ စုဝေးမိကြစဉ် တစ်ေ်န့မှာ ၊ နင်းသားတစ်ဦး ဖြစ်သော ရန်ပိုင် က အတည်ပေါက်လေသံဖြင့် စကားစချိန်တွင်၊ ကျန်နင်းသား လူငယ်တွေက ပြုံးစိစိ လုပ်နေကြမှန်း သန်းဆိုင် မရိပ်မိ ခဲ့။
ဘုရားကြီးမုခ်ဦးရှေ့တွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းမှ "အနှေးယာဉ် ၁၅စီး"ဟု ၊ ဆိုက်ကား "ပါကင်" နေရာလုပ်ပေးပြီး နားခိုရန် တဲငယ်တစ်လုံးပါ တည်ဆောက်ပေးထာညးသည့်တိုင်၊ ဆိုက်ကားသမား အများစုတဲထဲမှာ အနားမယူကြ။ နည်းနည်းကလေး အားလပ်ခွင့်ရသည်နှင့် သန်းဆိုင်၏ ဈေးဆိုင်ရှေ့မှ ခုံတန်းလျားနှစ်လုံး ဆီမှာ လာထိုင်တတ်ကြ၏။ ထိုသို့ ထိုင်ရင်း ထွေလာသောင်းပြောင်း ပြောနေတတ်ကြသည်။
သူတို့ တစ်တွေထံကနေ သန်းဆိုင်သည် ရပ်ကွက်ထဲရှိ "ကျိတ်ဝိုင်း""ကြက်ဝိုင်း"သတင်းတွေကအစ၊ ဆက်သွယ်ရေး ဂြိုန်တုမှလာသော နိုင်ငံတကာသတင်းအထိ ကြားသိခွင့်ရသည်။ ဆိုက်ကားသမားတွေမှာ မြို့တွင်းနေရာ အနှံ့သို့ ရောက်တတ်သူများ ဖြစ်ရာ၊ သူတို့ မြို့မှ ထူးခြားဖြစ်စဉ် ကလးတွေကို တစ်နေ့တစ်မျိုး မရိုးအီ ရလေအောင် သန်းဆိုင် ဆိုင်ရှေ့မှ ထုန်လွှင့်တတ်ကြလေသည်။ သူတို့မှာ ထုန်ပြန်စရာ သတင်း မရှိလျှင်တော့။ သူတို့၏ ပစ်မှတ်မှာ သန်းဆိုင် (သို့မဟုတ်) စန်းချိုကိုသာ ဖြစ်နေတော့ ၏။ ဤလင်မယားကို နောက်ရင်းပြောင်ရင်း သူတို့၏ ငြီးငွေ့ပင်ပန်းဖွယ် ဘဝ၏ နာရီအနည်း ငယ် ကို ပျော်စရာသွန်းလောင်ကြခြင်းပင် ဖြစ်၏။ သည်လိုနှင့်ပင်၊ ဘုရားကြီးဂိတ်မှ ဆိုက်ကား သမားအားလုံးနှင့် သန်းဆိုင်တို့လင်မယား ဆွေနီးသွေးစပ်တွေလို ကျွမ်းဝင်ရင်းနှီးလာကြ သည်။
သန်းဆိုင်သည် ဝယ်သူတစ်ဦးအတွက် ကွမ်းယာစီစဉ်နေရင်း၊ ရန်ပိုင်ဆိုသော ပိန်ညောင် ညောင် သွားခေါခေါ ဆုက်ကားသမားထံ မျက်လုံးတစ်ချက် ဝင့်ကြည့်သည်။
"ဟေ့ကောင် ရန်ပိုင်- မင်းက ငါ့ကို ငတုံးမှတ်လို့လား၊ (အခက)ဆိုတာ အချစ်ကျွန်ကွ၊ (မယက)ဆိုတာ မယားကြောက်လို့ ပြောတာ၊ (အခက)ဆိုတာကိုတော့ ငါလက်မခံဘူး၊ ကျွန် ဆိုတာ ဘာကျွန်ဖြစ်ဖြစ် မကောင်းဘူး၊ အောက်တန်းနောက်တန်းကျတဲ့ အနှိမ်ခံဘဝသို့ အဓိပ္ပာယ်ပေါက်နေတယ်၊ (မယက)ကိုတော့ ငါလက်ခံတယ်၊ ဟုတ်တယ်၊ ငါ မယားကြောက် ပဲ မယားရိုသေ အသက်ရှည်ဆိုတဲ့စကား မင်းတို့ ကြားဖူးမှာပေါ့ မယားရှိခိုး သွားမကျိုးရှိတဲ့ စကားပုံလည်း ရှိသေးတယ်၊ ဒီမယ်ကြည့်ပါလား၊ ငါ့သွား (၃၂)ချောင်းလုံး ဘာအပြစ်အနာ အဆာမှ မရှိသေးဘူး"
သန်းဆိုင်က ကွမ်းချေးစွဲနေသော သွားမည်းမည်းကြီးတွေပေါ်လာ သည်အထိ၊ ပါးစပ်ကို အရုပ်ဆိုးစွာ ဟဖြဲပြ လိုက်၏။
"သြော် ဒါဆို... ခင်ဗျားက မစန်းချိုကိ တစ်နေ့ဘယ်နှခါ ရှိခိုးသလဲဗျ" ဟု ရန်ပိုင်က မျက်နှာ ထားတည်တည်နှင့် ထပ်ဆွလိုက်သောအခါ၊ သန်းဆိုင်ပါးစပ်မှ အဆဲတစ်လုံး လွင့်ထွက်လာ ၏။ မျက်နှာထားကလည်း ချက်ချင်း ပုပ်သွား၏။
"×××× ရန်ပိုင်၊ ဒါတော့ မင်းလွန်လာပြီကွာ ငါ့ဟာငါ ငါ့မိန်းမကို တစ်နေ့ဘယ်နှခါ ရှိခိုး ရှိခိုး၊ မင်းတို့ သိစရာမလိုပါဘူး"
ခုံတန်းလျားမှာ ထိုင်နေကြသည့် ဆိုက်ကားသများတွေ တစ်ညီတစ်ညာတည်း အာခေါင်ခြစ်၍ ရယ်လိုက်ကြ သည်။ ရန်ပိန် (ခေါ်)ရန်ပိုင်က တမင်သက်သက် သံသေးသံကြောင်ဖြင့် ရယ်ရင်း လက်ခုပ် လက်ဝါးတီးနေသေး ၏။
ထိုစဉ် ဈေးဆိုင်အကွယ်ကနေ လူရိပ်ကြီးတစ်ခု လှစ်ခနဲ ခုန်ထွက်လာကာ၊ ရန်ပိုင်၏ အကျီ ကော်လာစကို ကုပ်ပိုးကနေ ဖမ်းဆွဲလိုက်တော့သည်။
နေ့ခင်းကြောင်တောင် လှချင်ရက် စက်စက်ယိုချင်လွန်း၍ သားအကြီး၏ သားရေဂျာကင် အနက်ရောင် ဖားဖားကြီး ကို ဝတ်ဆင်ထားသည့် စန်းချိုဖြစ်သည်။ ဂျာကင်အောက်နားမှာ စန်းချို၏ ဒူးခေါင်းနားအထိ ဖားလျား ကျနေ၏။ ရန်ပိုင်၏ အကျီကော်လာစကို ဆုပ်မိသည်နှင့် ကျန်လက်တစ်ဖက်ဖြင့် ရန်ပိုင်၏ လက်မောင်း တစ်ဘက် ကိုပါ ဆွဲလိမ်ထားလိုက်ပြန်ရာ ဆင်နှာ မောင်းရစ်ပတ်ခြင်း ခံထားရသော တောခွေးပိန်တစ်ကောင်လို ရန်ပိုင် ယက်ကန် ယက်ကန် နှင့် အော်ဟစ်ညည်းညူလျက် ရှိသည်.
"ငါ့ယောကျာ်းက ငါ့ကို တစ်နေ့ဘယ်နှကြိမ် ရှိခိုး ရှိခိုး၊ နင့်အပူလားဟဲ့ ပိန်တာရိုးရဲ့၊ ကမ်းနား ပိုင်းက အရက်သည်မ စွေစောင်းမကြီး ကိုကျတော့ နင် နေ့တိုင်းသွားရှိခိုးနေတာ မဟုတ်ဘူး လား... ဟင်"
စန်းချို သည် အဆီပြင်ကြီးများ ဖုံးလွှမ်းထားသည့် ခန္ဓာကို ပိုင်ဆိုင်ထားသော်လည်း၊ သူမ၏ ကြွက်သား အကြောအခြင်တွေ က ငယ်စဉ်ကလို သန်စွမ်းဆဲ ဖြစ်၏။ ရန်ပိုင်မှာ ရုန်းလေ၊ နာလေ ဖြစ်၍ မရုန်းဝံ့တော့။
"ဟုတ်.... ဟုတ်၊ ဟုတ်ပါတယ် မစန်းချို အရက်အကြွေးရောင်းတဲ့ ဒေါ်ဥကိုလည်း ကျွန်တော် ရှိခိုးပါတယ်၊ ကိုသန်းဆိုင်လိုပဲ အိမ်က မိန်းမကိုလည်း ရှိခိုးပါတယ်။ ရှိခိုးရုံတင်မကဘူး၊ ထဘီ တောင် လျှော်ပေးပါတယ်ဗျ၊ ကျွန်တော်နဲ့ ကိုသန်းဆိုက်တို့က ဘဝတူ (မယက) တွေပါ မစန်းချို ... လွတ်... လွှတ်ပါတော့ဗျာ၊ လက်မောင်း နာသွား လို့ ဆိုက်ကားမနင်းနိုင်ရင် ... မိန်းမ က ဆော်ပလော်တီးမှာဗျ.... "
ဆိုက်ကားသမား အုပ်စုကော၊ မျက်နှာချင်းဆိုင် ဈေးတန်းမှ မုန့်သည်တွေပါ စန်းချိုလက်ထဲမှာ ရှုံ့မဲ့ ညည်းညူနေ သည့် ရန်ပိုင်ကို ကြည့်ကာ ပွဲကျနေကြသည်။ သန်းဆိုင် က (အအေပေး သူခိုးသေဖော်ညိနြေုပန်ပြီ)ဟု စိတ်ထဲက ရေရွတ်လိုက်သည်။
ဆက်ရန်
.

1 comment:
အမရွှေစင်ကျေးဇူးပါ
super like!!!
Post a Comment