Sunday, August 12, 2012

ကြူးနှစ် ၏ ဇာတ်ကောင်တွေဆီက ထွက်ပြေးတဲ့ဇာတ်လမ်း, အပိုင်း (၁၁)

"မိထူးရေ … မိထူး၊ ဆိုင်ကိုလာဦးဟ" အိမ်ပေါ်မှာ ပျင်းပျင်းရှိ၍ ဆိုင်ထဲသို့ ဆင်းလာကာမှ နဂို က ယောင်ယက်ခတ် ပူလောင်နေသော စိတ်တွေပို၍ ကယောက်ကယက်ဖြစ်အောင် ဖန်တီးသည့် ပယောဂယောင်တွေနှင့် လာတိုးနေ သည်။ ဖောက်ပြန်သည့် လင်ရှိ မယားတွေ အကြောင်းပဲ ကြားနေရ သည်။ ဆောက်တည်ရာမရတော့ သဖြင့် ဈေးရောင်းရမှာလည်း အမှားအယွင်း၊ အဖုအထစ်တွေ တွေ့ လာရ၏။ အိမ်ပေါ်တက်ပြီး လူမမာဟန်ဆောင်နေခြင်းသာ အသင့်တော်ဆုံး ဖြစ် မည်။ ကို ဆက်ဖတ်ရန်.........

သန်းဆိုင်က စိတ်လိုတင်းပြီး၊ ဆိုင်ရှေ့က ဂြိုဟ်ကောင်သုံးဖော်ကို လှမ်းကြည့်လိုက်ရာ၊ သင်းတို့၏ မျက်လုံးခြောက်လုံး က မိမိကို ပြိုင်တူ ၀ိုင်းကြည့်နေကြကြောင်း တွေ့ရသဖြင့်၊ သန်းဆိုင် ကျောရိုးထဲမှာ ကျဉ်ခနဲ ဖြစ်သွား၏။ ဒီကောင်တွေ … စန်းချိုနဲ့ ကုလားဒိန်နဲ့ ဖြစ်နေတာကိုများ ရိပ်မိနေသလား၊ ပစ်စာချတဲ့ကောင် က ဒီကောင်တွေကိုများ ပြောထားသလား မသိဘူး၊ သန်းဆိုင် သည် ရုတ်ခြည်း မျက်နှာ လွှဲကာ၊ ချောင်းမဟန့်ချင်ဘဲ လည်ချောင်းခြောက်သံဖြင့် ချောင်းဟန့်လိုက် ၏။ "ဆရာသမား တကယ် နေမကောင်းဖြစ်နတာဗျ၊ ဆရာသမားရဲ့ မျက်နှာကြီးက သပြေသီးမှည့် ရောင်သန်းလို့ …" ဟု ၀မ်းနိုင်းတူး က စိတ်မချမ်းမြေ့ဟန် လုပ်ပြီး မျက်နှာညှိုးညှိုးဖြင့် ပြောသည်။ သန်းဆိုင်စကားမပြန်။ ငြိမ်သက်ခေါင်းငိုက် ထား သည်။

မိထူးက ကျောက်ရုပ်မျက်နှာထားဖြင့် ရောက်လာသည်။
"မိထူး၊ ဆိုင်မှာ ခဏထိုင်ဦး၊ ငါ ခေါင်းတွေကိုက်လာလို့"
"အင်း"
ဆိုင်ကြမ်းခင်းပေါ်မှ၊ ပီဘိလူမမာကြီးပမာ၊ စုတ်တသတ်သတ်နှင့် ချည့်နဲ့စွာ ဆင်းကာ တင်ပါး ကို အကြောင်းမဲ့ လက်ဝါးနှစ်ဖက်ဖြင့် ပွတ်နေ မိသည်။ ဟန်လုပ်ပြီး ကိုယ်ကို ယိမ်းယိုင်လိုက်သောအခါ မိထူးကို ပခုံးချင်း ၀င်တိုက် မလို ဖြစ်သွားစဉ်၊ လက်မြန်ခြေမြန်ရှိသော မိထူးက သန်းဆိုင်၏ ပခုံး တစ်ဘက်ကို  အသာတွန်းဖယ်ပစ်သည်။ ထိုအချိန် တွင် ကျော်ကြီးတို့ လူစုကလေးဆီမှ၊ ဘာကြောင့်မှန်း မသိရသော ရယ်မောသံ တ၀ါးဝါး ပေါ်ထွက်လာ၏။ သန်းဆိုင်ကမူ …၊ ရယ်သံသည် မိမိကိုဦးတည် ပြောင်လှောင်ခြင်းသာ ဖြစ်ရမည်ဟု နာကျင် စွာ ခံစားလိုက်လေသည်။ အင်း ဒီကောင်တွေ ငါ့ကိုကြည့်ပုံက တစ်မျိုးပဲ၊ ငါမသိစေချင်တဲ့ကိစ္စ တစ်ခုခုကို သူတို့ကပဲ သိထားတဲ့ ပုံစံမျိုး၊ မဖြစ်ဘူး၊ မဖြစ်ဘူး၊ စန်းချို ပြဿနာကို အဖြူအမည်း သဲကွဲအောင်လုပ်မှဟု တွေးရင်း သန်းဆိုင် အိမ်ပေါ်တက်ခဲ့သည်။ စိတ်ကူးကတော့ … စန်းချိုကိုနှိုးပြီး၊ စာကိုပြကာ …၊ အပြစ်ကို ၀န်ခံခိုင်းဖို့ပင်။

သို့သော် အိပ်ခန်းဝရောက်တော့ …၊ သန်းဆိုင်သည် တစ်ကိုယ်လုံး လျှပ်စစ်လှိုင်းတွေ စီးဝင်ခြင်းခံရသည့်နှယ် …၊ တုန်တုန် ဆတ်ဆတ် ဖြစ်လာပြီး၊ လဲကျမတတ် ခြေထောက်တွေ ညွှတ်ချင်ချင် ဖြစ်လာကြလေ၏။ နေဦး၊ နေဦး၊ ကုလားနဲ့ တွဲထိုင်တာကို လက်ပူး လက်ကြပ် ဖမ်းပြီးမှ၊ ကွက်သစ် ထဲက ကောင်ကလေးပြောသွား သလို၊ နှစ်ယောက်စလုံးကို ဓားနဲ့ ခုတ်သတ်ပစ်မယ်ဟူ၍ ပိုင်းဖြတ်ရင်း အိပ်ခန်းဝ ကနေ မီးဖိုချောင်ဘက် သို့ ဆက်လျှောက်သည်။ ဆာလောင်မှုက သူ့ခြေထောက်တွေကို တွန်းပို့ လိုက်ခြင်း ဖြစ် သည်။ ငှက်ပျောသီးစားရုံနှင့် အဆာမပြေသေးပါတကား။
မျှော်မှန်း ထားသည့်အတိုင်း၊ ကြောင်အိမ်ကို ဖွင့်လိုက်သည်နှင့် အဖုံးဟထားသော ၀က်သားဟင်း အိုးဆီမှ ချင်းနှင့် ကြာညို့ (ပဲငံပြာရည်) တို့ ပေါင်းစပ်ထားသည့် ရနံ့ကို ကြည်နူးစွာ ရှူရှိုက်မိ၏။ ကောင်မက သင်း မစားပေ မဲ့ ငါစားဖို့တော့ စားနေကျ အတိုင်း ချက်ပေးထားသားပဲ အလျင်ဆုံး၊ ဟင်းခပ်ဇွန်းကြီးတစ်ချောင်းကို နံရံမှ ဖြုတ်ယူသည်။

သားသတ်သမားတစ်ယောက် က ဓားကိုင်ပြီး၊ အမဲကောင်အနီး ကပ်လာသည့် ပုံဟန်မျိုး၊ မျက်နှာထားမျိုးဖြင့် ဇွန်းကြီး ကို တဆဆကိုင်ကာ …၊ ၀က်သားဟင်းအိုးကို ကြောင်အိမ်အဆင့် အစွန်းဘက်သို့ ရွှေ့ယူသည်။ အဖုံးဖွင့် လိုက်သောအခါ အညိုရင့်ရောင်၊ ၀ါဖန့်ဖန့်ရောင် ၀က်သားတုံးကြီးများ သုံးထပ်သား အတုံးကြီးတွေနှင့် သရက်သီး ခြောက်ဖတ် များ ဘေးချင်းကပ် အစီအရီနေရာယူထားကြသည်။ မဆလာအနည်းငယ်လည်း ပါ၏။ က သန်းဆိုင် ၏ မွတ်သိပ်မှုကို ပြန့်ကားကြီးထွားလာစရာ၊ သူ့မျက်လုံးကြီးတွေ ပြူးထွက်လာသည့် နည်းတူ၊ အာခံတွင်း ထဲမှာ တံတွေးတွေက ရသာရုံ နိုးထလာကြောင်း ကြေညာသည့်သဖွယ် စိမ့်ထွက်ပြည့်လျှံလာသဖြင့် သန်းဆိုင် တံတွေး မျိုချလိုက်ရသေး၏။ အိုးထဲတွင် ဟင်းချက်ဆီတွေက အလကား ရသည့်သဖွယ် ၀က်သား တုံးတွေ မြုပ်လုလု ၀င်းလဲ့နေကြလေ၏။

သန်းဆိုင်သည် နှစ်လက်မပတ်လည် အရွယ်မျှရှိသော၊ သုံးထပ်သား ၀က်သားတုံးကြီးကို ဇွန်းဖြင့် ခပ်ယူကာ … ဆီကောင်းကောင်း မစစ်တော့ဘဲ ပါးစပ်ကြီးဖြဲကာ ခံတွင်းထဲသို့ ခပ်သွင်းလိုက်သည်။
"ဟိတ် လူမမာ၊ နေမကောင်းဘူးဆိုပြီး ၀က်သားတွေကို ခိုးကြောင်ခိုးဝှက် စားလို့ပါလား … ဟင်" ဟူသော စန်းချို ၏ ခုနစ်သံချီမြှင့်လိုက်သည့်အသံမှာ သန်းဆိုင်အနီးတွင် ဗျောက်အိုးတစ်လုံး ထပေါက်သလို ဟိန်းပွက်သွားလေ သည်။

ဝက်သားတုံး ကို အားပါးတရ ကြိတ်ဝါးနေသော သန်းဆိုင်မှာ ထခုန်တော့မတတ် လန့်ဖျပ်သွားပြီး ကမန်းကတန်း မျိုချရန် ကြိုးစားသည်။ တစ်ချိန်တည်း၌ … စန်းချိုကို ပြူးကြောင်ကြောင် လှည့်ကြည့်၏။ သို့ဖြစ်ရာ … ဆီရွှဲ နစ်နေသော ၀က်သားတုံးသည် တစ်ဝက်တစ်ပျက် ကြေညက် စဖြင့် သန်းဆိုင်ပါးစပ်ထဲမှ အမြောက် ကျည်ဆန် တစ်ဆန် ပြောင်းထဲမှ ထိုးထွက် သလို တိုးထွက်လာ သည်။ သန်းဆိုင် အသက်ရှူမှားပြီး၊ ဆီသီးသွားပြီ ဖြစ်၏။ ၀က်သားဖတ် အန်ထုတ်ပြီးသည်နှင့် သန်းဆိုင်မှာ ထွက်သက် အပြီးအပြတ် ပါသွားတော့မည်ဟန်၊ နားမချမ်းသာ စရာ အသံကြီးဖြင့် တရစပ်ချောင်းဆိုးလာတော့သည်။ နားမချမ်းသာရုံမျှမဟုတ်။ မျက်စိလည်း သာယာဖွယ်မရှိ။ သန်းဆိုင် သည် ဟင်းရည်စက်လက်ဖြင့် ဇွန်းကြီးကို ကိုင်ရင်း၊ ငုတ်တုတ်ထိုင်ချကာ မျက်လုံးပြူး မျက်ဆန်ပြူး ချောင်းတခူးခူး ဆိုးနေ၏။ လက်ဝါးတစ်ဖက်ဖြင့်လည်း သူ့ရင်ဘတ်သူ တဗျတ်ဗျတ် ပုတ်နေလေသေး သည်။

"သေစမ်းဟယ် သေစမ်း၊ အသက်ပါထွက်သွားစမ်း၊ လူလိုမစားဘဲ ခွေးလိုစားတော့ ကာလနာ တိုက်ပြီပေါ့" စန်းချို ဖျတ်ခနဲ ပြေးကပ်ကာ၊ ကြမ်းပြင်ပေါ်သို့ ဆီစက်တွေ တတောက်တောက် ကျနေသည့် ဇွန်းကို လုယူသည်။ သန်းဆိုင် ၏ ကျောပြင်ကို လက်ဖနောင့်တစ်ဖက်ဖြင့် ခပ်ဖွဖွ ဖိပေး သည်။ သန်းဆိုင်ကား … ချောင်းဆိုး မရပ်သေးဘဲ၊ မျက်နှာကြီးနီရဲ၊ မျက်လုံးကြီးတွေ ပြူးကြောင်ကာ မျက်ရည်တွေ၊ နှပ်ချေးတွေ ရောနှော သွန်ကျနေတာ့မည်။
"ရော ... ရေသောက်ချလိုက်၊ ပြီးရင် ... ပလုတ်ကျင်းပစ်လိုက်"
စန်းချိုပေးသော ရေခွက်ကို ကိုင်ထားသော်လည်း ရေသောက်သည့်ဆီသို့ မရောက်။ စက္ကန့် အနည်း ငယ်စီခြားပြီး၊ ချောင်းဆက်တိုက်ဆိုးနေ၍ ဖြစ်၏။ တံတွေးတွေ၊ သလိပ်တွေသည်၊ ၀က်သား ဟင်းအဆီ များနှင့် ရောနှောကာ ... သန်းဆိုင်၏ မေးစေ့တွင် မုတ်ဆိတ်အုံကလေးလို ခိုတွဲနေလေ၏။

 တစ်သက်လုံး ဒီလိုတစ်ခါမှ ဟင်းမသီးဖူးပါဘူး၊ ဒီစနေဂြိုဟ်မှ ၀င်လာလို့ ခုလိုဖြစ်ရတာ၊ သင်းက ငါ့ကို သေကြောင်း ကြံတာပဲ၊ ငါသေမှ သင်း ကုလားဒိန်နဲ့ လွတ်လွတ် လပ်လပ် နန့်ကြောထခွင့်ရတော့မှာကိုး ...၊ မိစ္ဆာမ စန်းချို .. မြွေမုဆိုး မပြတ်တမ်း ချောင်းဆိုး၍ လက်ထဲက ရေခွက်သည်လည်း ဖိတ်တစ်ဝက် စင်တစ်ဝက် ဖြစ်နေရပြန်။
စန်းချို က မျက်မှောင်တွန့်လျက် ...၊ သန်းဆိုင်၏ အပေါ်စီးမှ ငုံ့ကြည့်နေသည်။ စိတ်မချမ်းမသာ ခြင်းထက် စိတ် အနှောင့်အယှက် ဖြစ်နေပုံ ပေါ်လွင်နေသည်။
"ရေသောက်လိုက်ပါလို့ ဆိုနေဟယ် ...၊ နင် လှုပ်တာနဲ့ ရေတွေဖိတ်ကုန်ပြီ ..."
"နင်-နင့်အမေလင်၊ ချောင်း-ချောင်းက-ဆိုး-ဆိုးနေတာ၊ ××× ဘယ်လိုလုပ်-လုပ်ပြီး ရေ-ရေသောက်လို့ ရ-ရမလဲဟ" ဟု သန်းဆိုင် က ချောင်းဆိုးသည့်ကြားမှ ဒေါသမျက်လုံးကြီးတွေ လှန်ကြည့်ပြီး အော်သည်။

စန်းချိုက၊ လက်လှမ်းမီရာ လက်နှီးစုတ်တစ်ခုယူကာ၊ သန်းဆိုင်၏ မေးစေ့မှ အညစ်အကြေး အရိအရွဲ တွေကို သန့်ရှင်းသုတ်ပွတ်ပစ်သည်။ အညစ်အကြေးတွေတော့ ပြောင်စင်သွားပါ၏။ သို့သော် ... သန်းဆိုင် မေးစေ့၌ လက်နှီးစုတ်မှ အိုးမည်းတွေ စွန်းပေးလျက်၊ မုတ်ဆိတ်မွေးယောင်တစ်ခု ရောက်လာပြန်တော့သည်။
"နင့်အပြစ်နဲ့နင်ပဲ သန်းဆိုင် ...၊ ၀က်သားမစားဖူးတာကျနေတာပဲ။ ဒီလောက်ကြီး ငမ်းငမ်းတက် ဖြစ်ရ တယ်လို့တော် ...၊ အဖြစ်တောင် နည်းသေး"
"သွားဟာ စန်းချို၊ သွား၊ ငါ့နားမနေနဲ့တော့၊ ချောင်းဆိုးတာထက် နင့်အသံကြားရလို့ နားညည်းတာက ပိုဆိုးတယ်။ ဒီမှာ သေမတတ်ဖြစ်နေတာကို သင်းက အပြစ်တင်လို့ မဆုံးချင်သေးဘူး၊ သွား-နင်သွားတော့"
စိတ်တိုနေသော နွားသိုးတစ်ကောင်၏ ဟန်မျိုးဖြင့်၊ ဖြုန်းခနဲ ထရပ်ပြီး အော်လိုက်သည့်အခါ၊ သန်းဆိုင် မျှော်လင့်သလို စန်းချိုဆီက၊ တုံ့ပြန်ရန်ထောင်သံ ပေါ်မလာခဲ့ဘဲ၊ မဲ့ပြုံးကလေးနှင့် ခနဲ့စကားသာ ထွက်လာကာ၊ စန်းချိုသည် အိပ်ခန်းထဲသို့ ဆင်မယဉ်သာ လှမ်း၍ ၀င်သွားလေသည်။

"သွားပါ့မယ်တဲ့ ရှင့်၊ သွားပါမယ်တဲ့၊ ကျွန်တော်မျိုးမက အမြင်မတော်လွန်းလို့ အကူအညီပေးတာပါတဲ့ ရှင် ..."
သန်းဆိုင်က နောက်ကလိုက်ပြီး၊ နားရင်အုပ်တော့မလို မျက်နှာထားဖြင့် ကြည့်နေသည်။ ချောင်းဆိုး  ကတော့ မရပ်လေသေး။

××× ××× ×××
××× ××× ×××

နောက် ... (၁၅)မိနစ်ခန့်ကြာသည်အထိ၊ ၀က်သားဟင်းရည် သီးသည့်ဒဏ် မသက်သာသေးပါ။ လည်ချောင်း ထဲမှာ ငါးရိုးတစ်ချောင်း စူးဝင်နေသည့်ပမာ၊ ချောင်းဆိုးလိုက် သလိပ်ခတ်လိုက် တံတွေး ထွေးလိုက်နှင့် အနေရခက်လွန်လှချေသည်။ ချောင်းဆိုးရလွန်း၍ မျက်နှာကြီးလည်း နီရဲထူအမ်းနေပြီ။ လည်ချောင်းတွေလည်း နာလှပြီ။ ယခုမှပင် ဧည့်ခန်းမှာထိုင်ရင်း ချောင်းတဂတ်ဂတ်ဆိုးနေသော သန်းဆိုင်မှာ တကယ့်လူမမာ အစစ်ကြိးနှင့် တူသွားလေသည်။

စန်းချိုကလည်း ဆန္ဒပြသည့်အလား ...၊ သန်းဆိုင်ခြေရင်းမှာ တံတွေးထွေးဖို့၊ ထွေးခံလာချင်ပေးရုံက လွဲပြီး၊ မျက်နှာချင်း မဆိုင်ချင်သည့် ဟန်ဖြင့်၊ ဈေးဆိုင်မှာ ဆင်းထိုင်နေသည်။
"အစ်မကြီး စန်းချို၊ အစ်ကိုသန်းဆိုင် ချောင်းတွေဆိုးလှချည်လား" ဟု ခင်မောင်ငြိမ်းက၊ သိချင်ဇောကပ် နေသည့် လေသံဖြင့် မေး သည်။ စန်းချိုက အရေးမလုပ်ဘဲ၊ ကွမ်းတစ်ယော ယာနေသည်။ သူ့ဘာသာ စားဖို့ ဖြစ် ၏။

"စောစောက ဒီမှာ ထိုင်နေတုန်းကသူ ချောင်းတစ်ချက်မှ မဆိုးပါဘူးဗျာ" ဟု ခင်မောင်ငြိမ်းက ညည်းညူပြန် သည်။
"သူ့ချောင်းသံ က တီဘီချောင်းသံကြီးကွ" ဟု ကျော်ကြီးက ၀င်စွက်သောအခါ စန်းချိုဆိုင်ပေါ် ကနေ ကျော်ကြီးကို မကျေမနပ် လှမ်းကြည့်၏။
"ငါတို့လမ်းထဲ က တက္ကစီမောင်းတဲ့ ထွန်းရွှေဆိုတဲ့ကောင် အေအိုင်ဒီအက်ရောဂါနဲ့ သေသွားတာ သိတယ် မဟုတ်လား။ အဲဒီကောင်လည်း ရောဂါစပေါ်ပြီဆိုကတည်းက ... ခုလို ချောင်းတဟွပ်ဟွပ် ဆိုးတော့တာပဲကွ" ဟု၊ ၀မ်းနိုင်းတူး က အသံကို မလိုအပ်ဘဲ မြှင့်၍ ပြောလိုက်သောအခါ စန်းချို ငြိမ်မနေတော့။ ပါးစပ်ထဲက ကွမ်းဖတ်တွေ တဖွားဖွား ထွက်အောင် ထအော်သည်။

"ဟဲ့ သေခြင်းဆိုးတွေ၊ ဆိုင်ရှေ့လာပြီး နိမိတ်မရှိ နမာမရှိတွေ လာမပြောနဲ့ ငါ့ယောက်ျားက အဲဒီ ရောဂါ မဖြစ်ဘူး၊ နင် တို့လို ပရမ်းပတာနေ တဲ့ ကောင်တွေသာ အဲဒီရောဂါရပြီး သေတာနဲ့ သင်္ချိုင်းကုန်း တန်းပို့ရမှာဟဲ့ သိလား ငနာတွေ"
ထိုသုံးယောက်ကို၊ စန်းချိုပါးစပ်သေနတ်မှ မီးမကူးခဲ့သည်မှာ ကြာပြီဖြစ်၍ အပြုံးမပျက်ကြ။
"မလုပ်ပါနဲ့ အစ်မကြီးစန်းချိုရယ်၊ တခြားရောဂါနဲ့ သေပါရစေ၊ ပြီးတော့ ကျွန်တော်က လူပျိုဗျ၊ မိန်းမ မရသေးဘူး၊ အိမ်ထောင်ကျပြီးမှ သေရင်လည်း သေပါရစေဗျာ" ဟု ခင်မောင်ငြိမ်းက အရွှန်းဖောက် သည်ကို ကျန်နှစ်ယောက် က အူမြူပြီး ၀ါးလုံးကွဲထရယ်ကြသည်။

အိမ်အောက်က အသံတွေကို ...၊ အိမ်ပေါ်ကနေ သန်းဆိုင် အတိုင်းသား ကြားနေရ၏။ အပျက်ပျက်နှင့် နှာခေါင်းသွေး ထွက်ခဲ့ ရသည့် ချောင်းဆိုးဝေဒနာကလည်း ပျောက်ကင်းရပ်ဆိုင်းခြင်း မရှိသေး။ လည်မျိုနှင့် နှာခေါင်း ထဲမှာ မီးထတောက်သကဲ့သို့ ခံစားနေရသည်။ လဲလျောင်းနေလျှင် ... သက်သာ မလား ဆိုပြီး လှဲအိပ်ကြည့်သည်။ အကြောင်းမထူး ...။ ချောင်းဆိုးမြဲ ...။ [xxx] သူအလွန်အနှစ်သက် သော ၀က်သားဟင်း ကို စိတ်ရှိတိုင်း ကျိန်ဆဲပစ်လိုက်၏။ တစ်အိုးလုံး ခွေးကျွေးပစ်လိုက်မှနဲ့ တူတယ် ... ဟု ရူးနှမ်းနှမ်း တွေးကြည့်သေးသည်။ [အဲလိုလုပ်ရင် ... စန်းချိုနှင့် နပန်းထသတ်ရမှာပဲ၊ အမှန်တော့ ငါခုလို ဖြစ်ရတာ ... သင်း ကနံပါတ်တစ် တရားခံပဲ၊ သင်းစနက်ပဲ ...၊ သင်းကြောင့် ဖြစ်ရတာ ...၊ မီးခဲ ပေါ် ထိုင်မိသော မျောက်ကမှ သန်းဆိုင်ထက် ဣနြေ္ဒရဦးမည် ဖြစ်လေသည်။
ထလိုက်၊ ထိုင်လိုက်၊ လမ်းလျှောက်လိုက်နှင့် ပါးစပ်က တခွီးခွီး ဖြစ်နေသော သန်းဆိုင်ကို မိထူးက မျက်မှောင်ကြုတ်၊ နှာခေါင်းရှုံ့ပြီး ရပ်ကြည့်နေစဉ်၊ သန်းဆိုင်နှင့် မျက်လုံးချင်းဆုံသွား၏။ သန်းဆိုင်မှာ ... အဆင်ခြင်မဲ့၊ ကလေးစိတ် ၀င်သလိုလို ဖြစ်လာသည်။

"ဟေး ... ဘာကြည့်နေတာလဲ၊ ကိုယ်အလုပ်ကိုယ်လုပ် ..." ဟု လက်ညှိုးထိုး၍ ငေါက်လိုက်၏။
မိထူး က မှုန်တေတေ ထုံပေပေနှင့် တင်ပါးတလှုပ်လှုပ်နှင့် မီးဖိုဘက် ၀င်သွားသည်။ သန်းဆိုင်ကလည်း၊ သူ့ကိုယ်သူ ဘာလုပ်မိမှန်းမသိဘဲ မိထူးနောက်သို့ လိုက်သွား၏။ မီးဖိုခန်းထဲရောက်လျှင် မိထူးက သူ့ကို မျက်လုံးပြူး ကြီးတွေဖြင့်၊ အထိတ်တလန့် ကြည့်နေမှန်း သတိထားမိသည်။ သူသည် မရည်ရွယ်ဘဲ ...၊ ကြောင်အိမ် ကို ဖွင့်ကာဝက်သားအိုးကို ထုတ်ယူမိသည်။

"အိုဟဲ့ ...၊ ဒါဘာလုပ်ဦးမလို့လဲ သန်းဆိုင်၊ ဒီလောက်ဖြစ်နေတာတောင် အပင်းလျှိုဦးမလို့လား ဟင်"
အလစ်မှာ ကြိမ်လုံးထိသွားသည် နွားတစ်ကောင်လို သန်းဆိုင်တစ်ကိုယ်လုံး တွန့်သွား၏။ ဟင်းအိုး ကို ကြောင်အိမ်ထဲ ပြန်ထည့်ရင်း ...
"ငါ့ဟာငါ၊ ဘာ ဘာလုပ်လုပ်၊ ဖြစ်-ဖြစ်-ဖြစ်ချင်ရာဖြစ်၊ သေ-သေချင်လည်းသေ၊ ငါ ... ငါသေမှ အေး-အေးမှာ ..." ဟု ချောင်းတဟီးဟီး ဆိုးရင်း ပါးစပ်ထဲတွေ့ရာကို နှာသံပါပါ ပြောလိုက်သည်။ မျက်ရည် တွေဝဲနေသဖြင့် ကြိမ်းဝါးဟိန်းဟောက်ဖို့ ဟန်ပြင်နေသော စန်းချို နှုတ်ခမ်းတွေ ပြန်ကိုက်ထားကာ စိတ်လျှော့ချသည်။

"နင် ရူးသလိုလို ပေါသလိုလို လုပ်မနေနဲ့၊ နင် ... ဆေးခန်းသွားပြမှ ဖြစ်မယ်၊ လာ ... နင့်ကို ကျော်ကြီး ဆိုက်ကား နဲ့ လိုက်ပို့လိမ့်မယ် ..."
"ဟာ၊ နင့်-နင့်အမေလင်၊ နေ့-နေ့ခင်းကြီး ဘယ်ဆေးခန်းက ဖွင့်-ဖွင့်မှာလဲ ဟ၊ ငါ-ငါကကော ဘာ-ဘာဖြစ်နေ လို့လဲ ..."
စန်းချို၏ မျက်နှာထားမှာ ဒေါသရိပ်ယောင် ကင်းစင်ပြီး တည်ငြိမ်လေးနက်နေသည်။ သန်းဆိုင်တွေ့ရ ခဲ့သော မျက်နှာထား ဖြစ်၏။
"နင် ... ၀က်သားဟင်းသီး တာဟာ မရိုးဘူးတဲ့ ..."
"ဘယ်-ဘယ်သူက ပြော-ပြောလဲ ဟင်"
"စောစောက - ဦးဘာလူ ကွမ်းယာလာဝယ်ရင်းပြောတာ ဒီခြံမှာ မကျွတ်သေးတဲ့ ကုလားပုတစ္ဆေက နင့်ကို ဒုက္ခပေး တာတဲ့၊ သူက ၀က်သားစားတာကို မကြိုက်ဘူးတဲ့ ...၊ ဦးဘာဘူက ငါတို့ထက် အလျင် ဒီနားမှာနေတာ၊ ဒီမြေဒီရေ အကြောင်း ကောင်းကောင်းသိတယ် ..."

သန်းဆိုင် ရှုံ့မဲ့ရှုံ့မဲ့ဖြင့် စန်းချိုဘေးမှ ဖြတ်ကာ အိမ်ရှေ့သို့ ထွက်လာသည်။ ဒီကောင်မအရူးထတာပဲ ...။ ပေါက်ကရ စကားတွေ လျှောက်ယုံနေတော့တာကိုး၊ ငါ့မှာလည်း အကုသိုလ် အတုံးလိုက် အတစ်လိုက် ၀င်တာပဲ ...၊ မနက် ကလည်း အပင်ပန်းခံပြီး ... အီဗရာဟင့် လက်ဖက်ရည်ဆိုင်မှာ စန်းချိုရဲ့အဆက်ဆိုတဲ့  ရတဲ့ ကုလားဒိန်ကို ရှာခဲ့ရတယ် ...၊ အခုလည်း ... ရှေးပဝေသဏီက အသတ်ခံရတဲ့ ကုလားပုက ... နေ့ခင်းကြောင်တောင် ငါ့ ကို ဖမ်းစား နေပြန်ပြီ ...၊ ဘာတွေဖြစ်ကုန်ပြီလဲ မသိပါဘူး ... ဘုရား ... ဘုရား ... ဟု သန်းဆိုင် ယောင်တီး ယောင်ကန်း တွေးသည်။
စန်းချို က သူ့ဘေးကပ်ကာ၊ ညားကာစကလို အကြင်နာလွှမ်းသော လက်တစ်ဖက်ဖြင့် သူ့လက်မောင်း ကို ဆုပ်လိုက် သည်။ သန်းဆိုင် ဆတ်ခနဲ တုန်ပြီး လန့်သလိုလို ဖြစ်သွား၏။

"အ၀တ်အစား လဲ သန်းဆိုင်၊ နင် ... လမ်းထဲက ဆရာကြီး ဦးပွားဆီ သွားရမယ်။ ဦးပွားရဲ့ ရေမန်းက ဒါမျိုးဆို သိပ်စွမ်းတာ ... "
ဦးပွားသည် ဤရပ်ကွက်၏ ရှေးမီနောက်မီ၊ ရပ်မိရပ်ဖ၊ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီးမှ ရာသန်ပန် ဂေါပက အဖွဲ့ဝင် ဖြစ်သည်။ သူ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ ...၊ ကလေးသူငယ်နာမှာ လူကြီး သည်းခြေပျက်စိတ္တဇ အထိဂါထာမန္တာန်၊ ရေမန်း၊ ဆီမန်းများဖြင့် ကုသိုလ်ပေးခြင်း ဖြစ်သည်။ သမား ကြေးအဖြစ်၊ လူနာရှင်က သဒ္ဓါသလောက်သာ ယူသည်။ အပမှီသူ စုန်းပြုစားခံရသူဆိုသော စိတ်ရောဂါ ရှင်များကိုမူ၊ ဆရာကြီး ၏ ဦးပွားက သူ၏နာမည်ကျော် "ဆေးဓား" ဖြင့်၊ ရောဂါရှင်၏ ရင်ဘတ်ကို ဖွဖွ ကလေးခုတ်ဟန်ပြုကာ မန္တန်ရွတ်၍ ကုသပေး၏။ ဆေးဓားမှာ ဓားအစစ်မဟုတ်၊ သံသတ္တုလည်း မဟုတ်။ ယမနေသားကို ဓားသဏ္ဍာန် ထုဆစ်ထားသည့် သစ်သားဓားသာ ဖြစ်၏။

သန်းဆိုင် လေ့လာသိရှိမိလောက် ...၊ ဦးပွား၏ ကုသမှုသမိုင်းတွင် နာမည်ပျက်မရှိခဲ့။ ထို့အတူ ...၊ အသက် ထွက်တော့မည် လူနာကို အသက်ရှည်အောင် ကုသပေးနိုင်ခြင်းမျိုးလည်း မရှိခဲ့ပေ။ သူ့အိမ်မှာ လူနာတွေ ကြိတ်ကြိတ်တိုးနေပုံမျိုးကိုလည်း တွေ့ရမည်မဟုတ်ပေ။ သူက များသောအားဖြင့်၊ ဘုရားကြီးနှင့် ကပ်လျက်၊ ဂေါပကရုံးခန်းတွင် ကွမ်းဝါးရင်း၊ ရေနွေးကြမ်းထိုင်သောက်နေလေ့သာ ရှိ၏။
စန်းချို ၏ ပျော့ပျောင်းသော လေသံနှင့် မျက်နှာထားကြောင့် သန်းဆိုင် အလိုအလျောက် ဒေါသမာန် တွေ လွင့်ပါးသွားသည်။ သို့ရာတွင် "ပစ်စာ ..." ဆူး၏အဆိပ်က မပြေပျောက်သေး။ သံသယထက် ပိုသော မယုံကြည်နိုင်ခြင်း က၊ ငြှောင့်ကြီးကဲ့သို့ သူ့ရင်နှလုံးမှာ ထုတ်ချင်းခတ်စူးဝင်နေသည်။ ခုလို ဆိုပြန်တော့ နင့်ကို မြွေဟောက် လို လျှာနှစ်ခွနဲ့လို့ ပြောရမှာတောင် ၀န်လေးနေပြီ၊ ဒါပေမဲ့ ...၊ နင့်ကို ငါအရင်လို သဘောထား ဖို့ မဖြစ်နိုင်တော့ဘူး၊ သန်းဆိုင် ချောင်းဆိုပြန်သည်။

"ရှုပ်-ရှုပ်ပါတယ်ဟာ၊ ပျောက်-ပျောက်သွားမှာ၊ အလကားဆေးဓားနဲ့ အခုတ်ခံနေရဦးမယ်၊ မသွားဘူး ဟာ ..."
သန်းဆိုင် ၏ လက်မောင်းကို ဆုပ်ကိုင်ထားသော စန်းချို ၏လက်ချောင်းတွေက ပို၍ တင်းကျပ်လာကြ သည်။ အသံကလည်း ကြားခဲ့ရလှသော ချွဲနွဲ့သည့် မိန်းမသားအသံ။
"ဆေးဓား နဲ့ခုတ်ရင် ပိုပြီးတောင် အပျောက်မြန်ဦးမှာ သန်းဆိုင်ရဲ့၊ လာပါဟာ၊ ငါပါလိုက်ခဲ့မယ် ..."
"ရှုပ်လိုက်တာဟာ" ဟု ပြောအပြီးမှာ၊ တခူးခူးနှာဆတ်လာလေသည်။ စန်းချိုဆန္ဒကို လိုက်လျောဖို့ လည်း၊ အလိုလို ဆုံးဖြတ်ပြိး ဖြစ်သွား၏။
ကျော်ကြီးကို ဆိုက်ကားပေါ် လင်မယားစုံတွဲ တက်ထိုင်ကြစဉ်၊ ၀မ်းနိုင်းတူးနှင့် ခင်မောင်ငြိမ်းတို့ ခပ်အုပ်အုပ် ရယ်လိုက်သံ ကိုသန်းဆိုင် ကြားလိုက်ရ၏။

××× ××× ×××
××× ××× ×××

သန်းဆိုင်သည် ချောင်းတဟပ်ဟပ်ဆိုးလျက်၊ ဆိုက်ကားပေါ်မှ ဆင်းကာ၊ ပခုံးကျုံ့ ခေါင်းငုံ့၊ ပါးစပ်နှင့် နှာခေါင်းကို လက်ကိုင်ပ၀ါဖြင့် အုပ်ရင်း ... အိမ်ပေါ်သို့ သုတ်သီသုတ်ပျာ တက်သွား၏။ စန်းချို၏ မျက်နှာထားကတော့၊ ပူပင်သောက လုံးဝ ကင်းစင်နေသည်။ ဆိုင်ရှေ့ခုံတန်းလျားမှာ ထိုင်နေကြသော ခင်မောင်ငြိမ်း၊ ၀မ်းနိုင်းတူးနှင့် ကားဒရိုင်ဘာကြီး ဦးဘာဘူတို့ကို၊ ပြောစရာစကားမရှိဟု အဓိပ္ပာယ် ရသော မျက်နှာထားဖြင့် ကြည့်ရင်း အိမ်ပေါ်တက်သွားသည်။
"ဘယ်လိုကွဲ ကျော်ကြီး၊ ဆရာပွားလည်း တစ်ခါတော့ မှားပြီး ထင်တယ်၊ ကိုသန်းဆိုင် ချောင်းဆိုးမရပ် ပါလား" ဟု ၀မ်းနိုင်းတူးက ဆိုက်ကားကို ဆိုင်ရှေ့နေရိပ်ထဲသို့ တွန်းလာသော ကျော်ကြီးကို မေးသည်။

"ရေမန်းလည်း တိုက်တယ်၊ ဆေးဓားနဲ့လည်း လည်မျိုကို ခုတ်ကာပဲကွ၊ လည်ပင်းမှာ ဆွဲထားဖို့ လက်ဖွဲ့ အဆောင်လည်း ပေးလိုက်သေးတယ်။ ဆရာပွားကြီး မတတ်နိုင်တော့ ရောဂါကြီးလို့နေမှာပဲ၊ ဘာပဲဖြစ်ဖြစ်၊ မစန်းချိုကတော့ တစ်ထောင်တစ်ရွက် ကန်တော့ခဲ့တယ်ကွ၊ ဆိုက်ကားနဲ့ လိုက်ပို့ရတဲ့ ငါ့ကျတော့ လူမမာကိစ္စမို့ အခမဲ့ကူညီပါတဲ့ဗျာ ... ဟွီး"
ကျော်ကြီးက ညည်းညည်းညူညူဖြင့် ဦးဘာဘူဘေးမှာ ၀င်ထိုင်၏။ သူညွှန်ကြား၍ ဆရာပွားထံ သွားကြခြင်း ဖြစ်ရာ သန်းဆိုင့်ဝေဒနာ ကို ဆရာပွား သက်သာအောင် မဖန်တီးပေးနိုင်သဖြင့် ဦးဘာဘူ မျက်နှာ သိပ် မကောင်း။ "ကုလားပုသရဲ က အစွမ်းမသေးဘူးကွ၊ ဘုရားကြီးအနားနေပြီး နှစ်(၅)ကျော် တာတောင် မကျွတ်တာကြည့်ပါလား" ဟု ဦးဘာဘူက သူ့ကိုယ်သူ ပြန်ပြောသည့်လေသံဖြင့် ပြော သည်။ ဦးဘာဘူက ပရိလောကကို အထူးယုံကြည်သူ ဖြစ်သည်။ သူ၏ ဘတ်စကားကြီးပေါ်တွင် ဒရိုင်ဘာထိုင်ခုံအနီး၌ နတ် (ဘာနတ်မှန်းမသိ) ကို ဆက်ကပ်ထားသည့် ပလတ်စတစ် ပန်းအိုးမှာ အမြဲတမ်းပန်းမျိုးစုံ ဝေဆာနေတတ်၏။

"ဦးဘာဘူ ကလည်းဗျာ (၂၁)ရာစု အင်တာနက်ခေတ်ကြီးမှာ တစ္ဆေသရဲတွေ နေစရာမရှိတော့ပါဘူး။ အခုဟာက မမိထူး ပြောပုံဆိုရင် ကိုသန်းဆိုင်က အဆီရွှဲနေတဲ့ ၀က်သားတုံးကို ကမန်းကတန်း ၀ါးစား ပြီး မျိုချမယ်လုပ်တော့ ၀က်ဆီ သီးသွားတာ၊ ၀က်ဆီက အစာမျိုပြွန်ချောင်းထဲ မ၀င်ဘဲ လေရှူတဲ့ပြွန်ထဲ ၀င်သွားလို့ ချောင်းဆိုးတာ၊ အဆုတ်ကို ၀က်ဆီ နဲ့ ပက်လိုက်သလို ဖြစ်သွားတာပေါ့။ ရေသီးရင်တောင် ခံရခက်သေးတာ၊ ဆီသီးတော့ ပိုးဆိုးမှာပဲ" ဟု ခင်မောင်ငြိမ်း က သူ့အယူအဆကို ပြောလိုက်သော အခါ ဦးဘာဘူနေရာပြင်ထိုင်သည်။

"အသက်ရှူကျပ်ပြီး ချက်ချင်းသေသွားအောင် မလုပ်လိုက်တာကိုပဲ ကုလားသရဲကို ကျေးဇူးတင်ရဦး မှာကွ၊ မင်းဘာနည်းလည်လို့လဲ၊ ကုလားပု က သူစောင့်တဲ့မြေပေါ်မှာ ၀က်သားစားတာ လုံးဝကြိုက်တာ မဟုတ်ဘူး၊ မင်းတို့ ခေတ်ပညာသင်ထားတဲ့ကောင်တွေက အင်တာနက်တွေ အင်နာဖြူတွေလောက်ပဲ နားလည်တာ၊ မင်းတို့လို ဘီဗအဘီအက်လောက်အောင်ရုံနဲ့ နာနာဘ၀ လောကအကြောင်း နကန်း တစ်လုံးတောင် သိမှာ မဟုတ်ဘူး"
ဦးဘာဘူက ပါးစပ်မှ ကွမ်းဖတ်ရောသော တံတွေးတွေ တဖွားဖွားဖြင့် ခင်မောင်ငြိမ်းကို ဒေါနှင့်မောနှင့် ချိုးနှိမ် လိုက်သော်လည်း ခင်မောင်ငြိမ်းက အပြုံးမပျက်။ "မသိတာ ကောင်းပါတယ် ဦးလေးရာ၊ သိရင် ဆရာပွား ရဲ့ ဆေးဓားနဲ့ ခဏ ခဏ အခုတ်ခံနေရပါဦးမယ်၊ ဆရာပွားနဲ့ ကျွန်တော်တို့က အိမ်ချင်း ကပ်လျက်၊ ကျွန်တော် ကလည်း မကြာခဏ ချူချာနေတာဆိုတော့ ဆရာပွားနဲ့ ကင်းနိုင်မှာ မဟုတ်ဘူး"
"သြ - မင်းက ဆရာကြီးပွားကိုတောင် အယုံအကြည်မရှိဘူးလို့ ပြောချင်တာလား"

"လူကို ယုံပါတယ်၊ ဒါပေမဲ့ သူသုံးစွဲတဲ့နည်းလမ်းတွေကို မယုံကြည်တာ၊ သူကုပုံကုနည်းတွေ ကို တောတွင်းသား ပညာမဲ့လူရိုင်းတွေပဲ လက်ခံတယ်၊ ကျွန်တော်တို့ကတော့ အပြတ်ငြင်းမှာပဲ"
"ဟေ့ကောင် - မင်း သူတော်ကောင်းကို မစော်ကားနဲ့ကွ၊ ဆရာကြီးပွားဟာ တစ်ရွာလုံးတစ်ရပ်လုံးက ကြည်ညိုရိုသေ တဲ့ သူတော်ကောင်ကြီးကွ၊ ဘုရားကြီးရဲ့ ရာသက်ပန်ဂေါပကလူကြီး မချေမငံ မဝေဖန်နဲ့ ကံကြီး ထိုက်သွားမယ်"
"မချေမငံမဟုတ်ဘူး ခင်ဗျ၊ လွတ်လပ်စွာ ဝေဖန်ရေးလုပ်တာ"
"သွားစမ်းပါကွာ၊ ဘာလွတ်လပ်စွာ ဝေဖန်ရေးလဲ၊ လွတ်လပ်စွာ ဝေဖန်ချင်ရင် ဆရာကြီးပွားကို မျက်နှာချင်းဆိုင် သွားပြောပါလားကွ၊ ဟင်း မင်းလိုကောင်မျိုး ချေးစိမ်းအတောင့်လိုက်ထွက်ချင်ထွက်၊ မထွက်ရင် သွေး ပွက်ပွက်အန် သွားမယ် မှတ်"
"ဆရာပွား အဲသလောက်စွမ်းရင် ခုလို အိမ်စုတ်ကလေးနဲ့ ဆင်းတောင့်ဆင်းရဲ နေမတဲ့လား၊ ဦးလေး ဘာဘူရာ ... ဟဲဟဲဟဲ" "တောက် - ဘွဲ့ရပြီး အသုံးမကျတဲ့ကောင်လေး၊ သူ့သမာဓိ၊ သူ့ပညာနဲ့သူ ဆင်းရဲတာ ဘာဆိုင် သတုံးကွ"

ဦးဘာဘူက လက်သီးလက်မောင်းတန်းနေစဉ် စန်းချို ဆိုင်ပေါ်တက်လာပြီး လိုအပ်သည်ထက် ပိုလျှံ ပေါက်ကွဲသော ချောင်းဟန့် သံကြီး ပေးလိုက်သဖြင့် ခင်မောင်ငြိမ်းက တန်ပြန်တိုက်စစ်မဆင်တော့ဘဲ ပါးစပ် ပိတ် ထားလိုက်၏။
"ချောင်းဆိုးတာတော့ သက်သာသွားပြီး ဦးဘာဘူ၊ ဒါပေမဲ့ သန်းဆိုင်ကိုယ်တွေ ပူလာတယ်။ နှာရည် တွေလည်း တရွှဲရွှဲနဲ့" ဟု စန်းချို ကပြောရာ၊ ဦးဘာဘူက "ဟင်း ကုလားသရဲကတော့ ခေါစာတောင်းနေ ပြီနဲ့တူတယ်" ဟု မှတ်ချက်ပေးသည်။

အလွန်နားပါးသည့် သန်းဆိုင်က စန်းချိုနှင့် ဦးဘာဘူတို့၏ စကားသံတွေကို အိမ်ပေါ်ကနေ အထင် အရှားကြားကာ၊ လက်သီးနှစ်ဖက်ကို ဆုပ်မိသည်။ ဦးဘာဘူကလည်း ကမ္ဘာပျက်တဲ့အချိန်မှာမှ ဆီမီးခွက်က ထတောက်နေပြန်ပါပြီ။ ရောဂါတခြား ဆေးကတလွဲ ဖြစ်နေတာကို သင်းတို့ မသိကြဘူး။ ငါ ခုလို ဖြစ်ရတာ ကုလားပု သရဲကြောင့် မဟုတ်ဘူး။ ကြာကူလီကုလားပိန်ကြောင့် ဖြစ်ရတာ၊ လက်သည်းတရားခံအစစ်ကတော့ စန်းချို ပဲ၊ အခုမှ သင်းက သူ့ကိုယ်သူ ၀တ္တရားရှိရှိ အလိုက်သိတဲ့ မယားတစ်ယောက်လို ပျာယာခတ်ပြနေတာ၊ သွားစမ်းပါ၊ ဒီလက်ဖွဲ့ကြိုးကြီးကလည်း လည်ပင်းယား လိုက်တာ။
သန်းဆိုင် က ဦးပွားက မန်းမှုတ်ပြီး လည်ပင်းမှာ ချည်ပေးလိုက်သော၊ အ၀ါရောင်ချည်ကြိုးကလေးကို ဆွဲဖြတ်ပြီး အိမ်ခန်းထောင့် တစ်နေရာသို့ လုံးချေလွှင့်ပစ်လိုက်သည်။ ထိုစဉ် ... စန်းချို၏ ရင်ခေါင်းသံ အောအောကြီးကို ကြားမိပြန်၏။

"ကျွန်မတို့  ဒီမြေပေါ်မှာ နေလာကြတာ အနှစ်(၂၀)ကျော်ပြီ၊ ဟိုကပြော သည်ကပြောနဲ့ ... ဒီမြေကို စောင့်နေတဲ့ ကုလားပု သရဲ ရှိတယ်ဆိုတာ ဒီမြေကွက်မ၀ယ်ခင်ကတည်းက ကြိုသိနေတာ ဦးဘာဘူရဲ့၊ ဒါပေမဲ့ ... ကျွန်မ တို့က လိပ်ပြာသန့်ပြီးသားပါ၊ ပြီးတော့ ... ကျိုက်ဒေးယျုံဘုရားကြီးတစ်ဆူလုံး အိမ်နား မယ်ရှိနေတဲ့ ဥစ္စာပဲ၊ ကုလားသရဲကို ဘာလို့ ကြောက်ရမှာတုံး ...၊ သန်းဆိုင် ကလည်း ၀က်သားကြိုက်မှ ကြိုက်၊ ကျွန်မတို့က ဘာရယ် ညာရယ် မဟုတ်ဘူး၊ မကြိုက်လို့ ကို ၀က်သားကို ရှောင်ကြတာ၊ သူဝက်သားစားလို့ ကုလားပုက ဖမ်းစားမယ် ဆိုရင် ဟိုးယခင် သန်းဆိုင် ၀က်သားစားကတည်းက ကုလားပုက ဒုက္ခပေးတော့မှာပေါ့ မဟုတ်ဘူးလား၊ ဒီနေ့ကျကာမှ ထလုပ်တယ်ဆိုတော့ ... စဉ်းစားစရာ ပဲ ..."
"သန်းဆိုင် ကံနိမ့်နေတဲ့အချိန်မှာ ... သူက ဒုက္ခပေးတာပေါ့ဟာ ..."
ဦးဘာဘူ ၏ အသံကို ကြားရပြီး၊ သန်းဆိုင်က နှာခေါင်းရှုံ့၊ နှုတ်ခမ်းမဲ့ပစ်လိုက်၏။ ဦးဘာဘူကလည်း အတို့အထောင် တစ်မျိုးပါလား။

"ဟုတ်တယ်၊ ဟုတ်တယ် ကိုသန်းဆိုင် ကံနိမ့်နေလို့ ဖြစ်ရမယ်"
ကျော်ကြီး၏ ရင်ကျပ်ပန်းနာသည် တစ်ယောက်ကဲ့သို့ ခြောက်အက်အက် အသံ ဖြစ်၏။ ဒီခွေးလှကြမ်း ပိုးကောင်၊ ထင်ရာမြင်ရာ စွတ်ပြောနေပြန်ပြီ၊ သန်းဆိုင်က သူ့ဘယ်ဘက်လက်ကောက်ဝတ်ကို ညာဘက်ချောင်းအချို့ဖြင့် ဆုပ်ပြီး၊ ဖျားသွေးရှိမရှိ စမ်းကြည့်နေသည်။ သူ့မျက်လုံးတွေ ပူပြီး၊ နှာရည်စို့ နေသည်ကတော့ အမှန်ပင်။ ဖျားချင်ယောင်ဆောင်ရာက ... တစ်ကယ်ဖျားပြီ မှတ်ပါရဲ့ ...၊ သူ့နဖူး သူလက်ဝါးဖြင့် စမ်းကြည့်ပြန်သည်။ ပူရှိန်းရှိန်းကလေး ခံစားရလေသည်။ (အမှန်က ... နေပူထဲက ပြန်လာစမို့ အသားတွေ နွေးနေခြင်း သာ ဖြစ်နိုင်ပါသည်။

"အဲဒါ ... ညကျရင် နင်တို့ခြံထောင့်မှာ သူတို့ကုလားတွေ ကြိုက်တတ်တဲ့ မုန့်ပဲသရေစာကလေး ဘာလေးနဲ့ ထမင်းထုပ် ကလေးထုပ်ပြီး ခေါစာပစ်လိုက် စန်းချို၊ ပြီးတော့ ... အမှားအယွင်းရှိရင် ခွင့်လွှတ် ဖို့ တောင်းပန်လိုက်" ဦးဘာဘူ၏ အသံကို ကြားရပြန်၏။ စန်းချိုက ဘာများပြန်ပြောမလဲဆိုပြီး နားစွင့်ကြည့်သော်ငြား၊ စန်းချို အသံမကြားရဘဲ ခင်မောင်ငြိမ်း၏ အသံသာ ပေါ်လာသည်။
"မုန့်မကျွေး ပါနဲ့ဗျာ၊ ထမင်းနဲ့ဆိုတော့ ဟင်း မှသင့်တော်မှာပေါ့၊ မြို့ထဲက ခါလာကြီးဆိုင်မှာ ဆိတ်ကလီစာဟင်းတို့၊ ဖိုက်တင်းဘောတို့ ရှိတယ်။ အဲဒါ သွားဝယ်ပြီးကျွေူးမှ ... ကုလားပုသရဲ စိတ်ကျေနပ် သွားမှာ ..." "ဟေ့၊ ဘာမှနားမလည်တဲ့ ... ဘီအေဘီအက်ကောင်၊ ဆရာလာ မလုပ်နဲ့"

"ကိုခင်မောင်ငြိမ်းရယ်၊ နင့်အပေါက် ပိတ်ထားစမ်းပါ၊ နင်နဲ့ ဦးဘာဘူတို့က တွေ့လိုက်တာနဲ့ စကားနိုင် လုကြတော့တာပဲ၊ နင့်လေပေါက်မျိုးနဲ့ ဦးဘာဘူက နင့်ကို သူရွေးချယ်မယ့် သမက်လောင်းစာရင်းထဲ ဘယ်တော့မှ ထည့်မှာ မဟုတ်တော့ဘူး၊ ဟုတ်တယ် မဟုတ်လား ဦးဘာဘူ"
စန်းချို ၏ စကားသံနှင့်အတူ ရယ်သံတသောသောက သန်းဆိုင် နားထဲသို့ စီစီညံညံ ပြေးဝင်လာ၏။ သည်အချိန်မှာပဲ ... သူခေါင်းကိုက်ချင်သလိုလို ခံစားနေရမှန်း သန်းဆိုင် သတိထားမိလာတော့သည်။

××× ××× ×××
××× ××× ×××

ညနေ (၆)နာရီလောက်တွင် သန်းဆိုင်နှင့် စန်းချိုတို့ နှစ်ယောက်သား ဒေါက်တာတင်ဆန်းဦး၏ နေအိမ်နှင့် တွဲလျက် ဆေးခန်းသို့ ရောက်သွားကြသည်။ လင်မယားနှစ်ယောက် တပူးတွဲတွဲ  သွားလာလေ့မရှိသော၊ သူတို့အတွဲ ကို ဆေးခန်းမှာ ရောက်နေတာ မျက်နှာသိတွေက အံ့သြ အပြုံး ကလေးတွေ ပြုံးပြကြသော်လည်း၊ သူတို့က အပြုံးဖြင့် မတုံ့ပြန်အားကြ။ သန်းဆိုင်က မျက်နှာသေနေ ပြီး စန်းချိုက မျက်နှာအိုနေလေ၏။ သို့ငြား ... စန်းချိုက သူ့မူအတိုင်း အလွန်အကျွံ ပြင်ဆင်ထားပြီး၊ ပိုင်ဆိုင်သမျှ ရွှေထည်တွေ ညွှတ်ဝင်းနေအောင် ၀တ်ဆင်ထားသည်။ ရေမွှေးနဲ့လည်း လှိုင်နေသည်။
"အိုး-ဒွေးနဲ့နန္ဒာလှိုင် တို့ပါလား၊ ကျားကိုးစီးစားမကုန်တဲ့ ခန္ဓာကိုယ်ကြီးတွေ ဘာများ ဖောက်ပြန် လို့ ဆေးခန်းလာကြတာလဲဗျ ..."

သူတို့နောက်မှ ရောက်လာသော ဆဲမနာဆိုမနာ ဆိုက်ကားနင်းသား ရန်ပိန် (ခေါ်) ရန်ပိုင် သည် နေမကောင်းသော ခရီးသည် လူနာတစ်ဦးကို ဆေးခန်းသို့လာပို့ရင်း၊ သန်းဆိုင်တို့ကို မြင်မြင်ချင်း ခါတိုင်း လိုပဲ တရင်းတနှီး နှုတ်ဆက်သည်။
စန်းချိုမှာ ... ကာလံ၊ ဒေသံ၊ အဂ္ဃံ၊ ဓနံ ဆင်ခြင်တတ်သူ မဟုတ်။ စိတ်ရှုပ်ရသည့် အထဲ၊ ဆေးခန်း မှာ နောက်တီးနောက်တောက် နှုတ်ဆက်သော ရန်ပိုင်ကို မျက်စိတွေ ပြူးကြည့် လိုက်သည်။
"ငါတို့က တစ်ခါတစ်ရံပဲ ဖောက်ပြန်တာ ရန်ပိန် ...၊ နင်ကတော့ ... ခွေးမသောက်တဲ့ အရည်တွေ နေ့တိုင်းသောက်ပြီး ... နေ့တိုင်း ဖောက်ပြန်နေတာ" ဟု ပိဿာလေးဖြင့် ဘေးထုလိုက်သော်လည်း၊ ရန်ပိုင်က အပြုံးမပျက်ဘဲ၊ လှည့်ထွက်သွားရင်း လက်နှစ်ဖက် မြှောက်ပြကာ၊ ဆေးခန်းအပြင်ကနေ လှမ်းပြော သည်။

"ဘုရားမကြိုက်တဲ့ အလုပ်တွေ မလုပ်တော့ဘူးဗျို့၊ ရာသက်ပန် ရှောင်လိုက်ပြီး ရန်ပိုင်တို့က သန့်သန့် ကလေးပဲ နေတော့မယ် ..."
"အဲဒီစကားကို နင် ချေးစားပြောဦးတော့ မယုံဘူးဟေ့ ..."
စန်းချိုက ပတ်ဝန်းကျင် မထောက်ထားဘဲ၊ ခုနစ်သံချီလိုက်သဖြင့် သန်းဆိုင် မရိုးမရွဖြစ်ကာ၊ စန်းချိုကို တံထောင်ဖြင့်အသာတို့သည်။

"သင်း ပါးစပ်ကသာ ဘုရားမကြိုက်တဲ့အလုပ်တွေ မလုပ်တော့ဘူး၊ ဘာဘူးနဲ့၊ ဆေးခန်းရှေ့မှာ သင်း  ဆိုက်ကားရပ် ကတည်းက ...၊ အရင်ဆုံး သူ့အနံ့က ဆေးခန်းထဲ ရောက်နေပြီ"
နင်တော်တော် လျှာရှည်တာပဲ ... ဟု ပြစ်တင်ဟိန်းဟောက်မလို ပါးစပ်ပြင်ပြီးမှ သန်းဆိုင်နှုတ်ခမ်းတွေ တင်းတင်းစေ့ ထားလိုက်၏။ ပတ်ဝန်းကျင်ကို အားနာရကောင်းမှန်း မသိတဲ့ မိန်းမပါလား၊ ရှက်ဖို့ ကောင်းလိုက်တာ သန်းဆိုင်အနီးရှိ လူမမာများနှင့် လူမမာလိုက်ပို့သူများကို မကြည့်ရဲတော့ဘဲ၊ ခေါင်းငုံ့ ထားလိုက် သည်။ "တခြားဆိုက်ကားမရှိတာနဲ့ ... သူ့ဆိုက်ကားကိုပဲ ကြောက်ကြောက်နဲ့ စီးလာခဲ့ရတာ ..."
ရန်ပိုင် လိုက်ပို့သော လူမမာအဘိုးကြီးက ဖွင့်ဟသည်။
နောက်ထပ်မိနစ် (၂၀) ခန့်ကြာမှပင် ... သန်းဆိုင် အလှည့်ရောက်လာပြီး၊ ဒေါက်တာ တင်ဆန်းဦးနှင့် တွေ့ခွင့်ရလေသည်။

"ဟုတ်တယ်၊ ဖျားသွေးနည်းနည်း ရှိတယ်။ သိပ်မများပါဘူး၊ ဒီဂရီ ၁၀၀ပဲ ရှိတယ်။ ဖျားတယ်ဆိုရုံ ကလေးပေါ့၊ ဒါပေမဲ့ ... ထမင်းစားလို့မရဘူး။ ဆန်ပြုတ်ပူပူကလေးသောက်ပြီး နွေးနွေးထွေးထွေးနေဗျာ ကိုသန်းဆိုင်၊ ခင်ဗျားကို တွေ့လိုက်တိုင်း အင်္ကျီချွတ်နဲ့ချည်းပဲ။ အဲဒီလိုမနေနဲ့ဗျ၊ အိုက်ရင်လည်း စွပ်ကျယ်လောက်တော့ ၀တ်ထား" ဟု ဆရာဝန်က အဖျားတိုင်းသော ပြဒါးတိုင်ကလေးကို ကြည့်ရင်း ပြော၏။
"ဒီမှာ ဆရာလေး ...၊ ဆန်ပြုတ်ကို ၀တ်သားနဲ့ ပြုတ်သောက်ရင် ရမလား"
သန်းဆိုင် မှာ အိမ်ရှိကြောင်အိမ်ထဲမှ ၀က်သားဟင်းအိုးကြီးကို မြင်ယောင်ရင်း ဆရာဝန်ကို လွှတ်ခနဲ မေးလိုက်မိလေသည်။ ဆရာဝန်က ခေါင်းယမ်းပြသည်။

"၀က်သားက အစာကျေခဲတယ်ဗျ၊ ကြက်သားနဲ့ ပြုတ်သောက်နိုင်ရင် ကောင်းတယ်" စန်းချိုကလည်း ...၊ အခွင့်အရေးပေါ်လာသည်နှင့် လက်လွတ်မခံတော့။ ဆရာဝန်ရှေ့သော၊ ဘာသော ညာသောမရှောင်။ ၀သီ အတိုင်း ပြောချပစ်လိုက်သည်။
"တော်တော်ခက်တဲ့ လူပါလားဟယ်၊ နင် ၀က်သားကြောင့် ဒုက္ခရောက်တာတောင် ဒီဝက်သားကို တမ်းတ တုန်းလား သန်းဆိုင်။ နင့်ကို ဈေးထဲက ၀က်သားသည်မနဲ့ ငါကိုယ်တိုင် ပေးစားပစ်မှနဲ့ တူတယ် ..."
လူပျိုကြီး ဆရာဝန်တင်ဆန်းဦးက၊ ရန်ထောင်နေသော ဇနီးနှင့် ထိတ်လန့်နေသော ယုန်သူငယ်ကလေး ကဲ့သို့ ကုပ်ချောင်းချောင်း လုပ်နေသော ခင်ပွန်းသည်တို့ကို ကြည့်ကာ၊ အိမ်ထောင်မပြုရသေးသည့် သူ့ဘ၀ အားရ ကျေနပ်ဘိသကဲ့သို့ အပြစ်ကင်းစင်စွာ မြိန့်မြိန့်ကြီး ပြုံးနေလေတော့သည်။
××× ××× ×××
××× ××× ×××
ဆက်ရန်
.

No comments: