"လမ်းမှာ ၀ါးတံတားတွေ မိုင်းခွဲတာ၊ မင်းတို့ မြင်လား" "မြင်တယ် ခင်ဗျ။ လောဟိုတို့မှာ မိုင်းတွေ ရှိသေးတယ်" အဖွဲ့ခေါင်းဆောင် က စကားပြောစက်ကို ဖွင့်၍ ဒူးဝါးဇောင်ထံသို့ ဆက်၍သတင်းပို့ပေး သည်။ ဒူးဝါးဇောင်း တို့ ပြဿနာအလုံးစုံကို ရိပ်စားမိလာခဲ့ပြီ။
ကိုမြတ်မင်း ဘာကြောင့် နူးကို မြစ်ကြီးနားဆေးရုံမှတစ်ဆင့် ရန်ကုန်သို့ ပိုခဲ့သည်ကိုလည်း ရိပ်စားမိ လာပြီ။ စုကို လောဟို ဘာကြောင့် ဖမ်းထားသည်ကိုလည်း သိရပြီ။ သူတို့အားလုံး တရုတ်နယ်စပ်မှ ဆဒုံ-ကန်ပိုင်တီးဘက်သို့ သွားကြသည်ကိုလည်း သိရပြီ။ ဤပြဿနာအားလုံး ၏ အဓိကဖြစ်ရပ်မှာ ရွှေကြောသစ် ရှာဖွေခြင်းမှ စခဲ့ခြင်းပင်။ ကို ဆက်ဖတ်ရန်............
ဒူးဝါးဇောင်က ဦးကောင်းမြတ်နှင့် ဆွေးနွေးရင်း ပြဿနာများကို တိုင်ပင်နေပါတော့သည်။
"ဒီပြဿနာက မသေးဘူး သူငယ်ချင်း၊ မြစ်ဆုံးမျာ ရွှေလုပ်ကွက်ကုမ္ပဏီတွေရှိနေသရွေ့ ဒီ ပြဿနာက ရှိနေမှာပဲ။ ကြာရင် ပြဿနာတွေ ပိုဆိုးလာလိမ့်မယ်။ မြစ်ဆုံးက ကုမ္ပဏီတွေ၊ ရွှေကုန်သည်တွေကို ငါတို့သတိပေးတာအခါခါပဲ။ တားမြစ်နယ်မြေထဲကို မသွားပါနဲ့။ ခဏ ခဏ ပြောတာလည်းမရပါဘူးဟာ။ သူတို့ တအားလောဘကြီးတာပဲ။ ဆည်ဆောက်တာက တစ်မျိုး၊ ဒီရွှေမုဆိုးတွေကတစ်မျိုးနဲ့ကြာရင် ဘယ်သူမှ သည်းခံမှာ မဟုတ်ဘူး။ ဟိုတစ်လော က တောထဲမှာသေသွားတဲ့ ငါ့လူ သုံးယောက်စလုံး သူတို့မိသားစုတွေက မကျေနပ်ဘူး။
လောဟိုတို့ကို ပြန်သတ်ချင်နေပြီ။ ရွှေမုဆိုးတွေကိုပါ ရှင်းချင်နေကြပြီ။ ဒီမြစ်ဆုံမှာ သွေးစီး ဦးမှာ ငါ မမြင်ချင်ဘူးဟာ"
ဒူးဝါးဇောင်၏ စကားကို ဦးကောင်းမြတ် ဘာမှမပြောလိုတော့။ ယခု ဖြစ်ပျက်နေသော ပြဿနာက တစ်စစဖြင့် ကျယ်ပြန့်ရှုပ်ထွေးလာခဲ့ပြီ။ တရုတ်ပြည်ဘက်မှ အလိုရှိနေသော လောဟို၊ တားမြစ်နယ်မြေသို့ တိုးဝင်သွားသော ကိုမြတ်မင်းတို့ကြောင့် လူတွေ သေခဲ့ရပြီ။ ကိုမြတ်မင်းတို့ ကုမ္ပဏီမှာ ဦးကောင်းမြတ်၏ချွေးမက ရှယ်ယာဝင်ထားသည်။ ဂျိန်းဖောသူ မလေး နူးတို့ သားအမိ ရန်ကုန်တွင် သတင်းပျောက်နေသည်။ တခြားသော ရွှေကုန်သည် များထံမှလည်း ကိုမြတ်မင်းနောက် သို့ ကြေးစားလက်နက်ကိုင် များ စေလွှတ် ရှာဖွေခိုင်းရန် ကြံစည်နေကြပြီ။
" ငါတို့က ငြိမ်းချမ်းရေးရဖို့ အမျိုးမျိုး စည်းရုံးနေကြတယ်။ ငါတို့ပဲ အရူးဖြစ်တာပဲဟာ။ ဒီလူတွေ ဘာလို့ ဒီလောက်လောဘကြီး ရတာလဲ။ တခြားလူတွေ ဘယ်လောက်များ ဒုက္ခရောက်မလဲ။"
ဒူးဝါးဇောင် က ဆက်၍ သည်းသွားလိုက်ပါသည်။ ပြီးတော့..
"အေးလေ တရုတ်ပြည်ဘက်ကိုတော့ အကြောင်းကြားထားတာ အကောင်းဆုံးပဲ။ သူတို့ဆီက လူတွေ ခဏခဏ ဝင်လာကြတယ်။" သစ်တွေ လာခုတ်တယ်။ ဖမ်းမိတော့ ဒဏ်ငွေတပ်ပြီး ပြန်လွှတ်ပေးတယ်။ သူတို့ဆီမှာ သစ်ပင် ခုတ်ရင် သိပ်အပြစ်ကြီးတာပဲ။ ငါတို့ကတော့ ဘာပြဿနာမဖြစ်ချင်ဘူး။ သစ်တောက လူတွေလည်း သူတို့ကို ဖမ်းတာပဲ။ မိရင် ပြန်ပို့ပေးတာပဲ။ ရွှေလာရှာတာလည်း အများကြီးပဲ။ နယ်စပ် ဆိုတော့ပြဿနာတွေက ပြည့်နေတာပေါ့။ ဒီနယ်မြေမှာ ဥပဒေမစိုးမိုးသရွေ့ ဒီလိုပဲ ဖြစ်နေကြမှာပဲဟေ့။
"ငါနားလည်ပါတယ်ဟ။ ကဲ၊ ငါလည်း ကန်ပိုင်တီးကို လိုက်သွားချင်တယ်။ ငါ့မြေးမကို တရုတ်ပြည်ထဲကျန်ခဲ့မှာ စိုးရိမ် တယ်ဟာ။ မိန်းကလေးတွေ ရောင်းစားနေတာ ကြားနေရတယ်။ ငါ့ကို နင်ကူညီပါဦး သူငယ်ချင်း"
ဦးကောင်းမြတ် စကားကိုဒူးဝါးဇောင်က လက်ခံပါသည်။ ဦးကောင်းမြတ်ခရီးသွား ဖို့အတွက် သူ့လူများကို ထည့်ပေးလိုက်ပါသည်။ သူ့တပ်ဖွဲ့များကိုလည်း လက်နက် မသုံးရန် ညွှန်ကြားလိုက်သည်။ ကန်ပိုင်တီးဘက်တွင် တခြား အဖွဲ့များ ရှိနေသောကြောင့် ပြဿနာမကြီးထွားလိုခြင်းပင်။ ကိုမြတ်မင်း တို့ ရွှေကြောသစ် ရှာဖွေတွေ့ရှိသွားပြီး ဟူ၍ မြစ်ဆုံတွင် သတင်းထွက်လာပြီမို့ ဝိုင်းမော်ဘက်မှ အဖွဲ့များ သိကြမည် သာ။ ရွှေကုန်သည်များ ငှားရမ်းစေလွှတ်သော လက်နက်ကိုင်များကလည်း ဝိုင်းမော်ဘက်သို့ သွားကြ မည်သာ။ လောဟိုတို့ တပ်ဖွဲ့ကလည်း ကိုမြတ်မင်းတို့ကို အလွတ်ပေးမည်မဟုတ်။
ပြဿနာအားလုံးသည် ကန်ပိုင်တီးသို့ ဦးတည်နေကြသည်။
တရုတ်ပြည်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့များကလည်း လောဟိုကို ဖမ်းဆီးရန် ပြင်ဆင် ပေဦးမည်။ အကယ်၍ တိုက်ပွဲဖြစ်ပွား ပါက ပို၍ ဖြေရှင်းရခက်တော့မည်။ တရုတ်ပြည် သည်အင်အားကြီးနိုင်ငံ ဖြစ်သည့်အပြင် နယ်စပ် စီးပွားရေး၊ ပြည်တွင်း စီးပွားရေးကိုပါ ရင်းနှီးမြှပ်နှံနေသည်။ ဘာပြဿနာမှ မဖြစ်လျှင် အကောင်းဆုံးဟု နားလည်ထားကြသည်။
အခန်း(၁၀)
မန္တလေးမြို့ခံ ပရိသတ်များ၏ အင်အားမှာ မသေးလှ။ ခန်းမထဲ၌ ချထားသော ထိုင်ခုံများအပြင်၊ ခန်းမ အပြင်ဘက် ဝရန်တာတစ်လျှောက်မှာလည်း ထိုင်ခုံများ ထပ်၍ ချထားနေရသည်။ အခမ်းအနားမှူးက ငြိမ်းနု ထံသို့လျှောက်လာရင်း နာရီကိုသာ ကြည့်ကာ ပွဲစတော့မည့်အချိန်ကို သတိပေးလာ၏။
နေ့လည်(၁)နာရီ ထိုးရန် ဆယ်မိနစ်သာ လိုတော့သည်။ ပရိသတ်များက စိတ်အား ထက်သန်စွာ ခန်းမအပြည့် ဝရန်တာ တစ်လျှောက် ရောက်ရှိနေပြီ။ ဟောပြော မည့်ပုဂ္ဂိုလ်သုံးဦးကလည်း အဆင်သင့်နေပြီ။ NGO အဖွဲ့များ လည်း ရောက်ရှိနေကြသည်။
ငြိမ်းနုက အခမ်းအနားမှူးကို ခေါင်းညိတ်ပြလိုက်သည်။ အခမ်းအနားမှူးက ပါးစပ်ထဲမှ ကွမ်း ကို ထွေးထုတ်လိုက်ပြီး မိုက်စတန်း ပြင်ထားသည့်နေရာသို့ လျှောက်သွားသည်။ ပြီးတော့ မိုက်ကို နှစ်ချက် သုံးချက် လက်ညိုးလေးနှင့် ပုတ်ကြည့်သည်။ စောင်းဘောက် များ၌ မိုက်သံက ထွက်ပေါ်လာ၏။
"ကျေးဇူးပြု ၍ နားဆင်ပါခင်ဗျာ၊ မကြာမီ အခမ်းအနား အစီင်္အစသ် စတင်တော့မည် ဖြစ်ပါ ၍ နေရာ ယူပေးကြပါ ရန် လေးစားစွာ တောင်းဆိုအပ်ပါတယ်ခင်ဗျာ"
အခမ်းအနားမှူး က ၂ ကြိမ် နှိုးဆော်လိုက်သဖြင့် ထိုင်ခုံအသီးသီးကို ဝင်ရောက်နေရာယူ လာကြသည်။ ခန်းမထဲမှ ထိုင်ခုံနှစ်ရာစလုံး လူအပြည့်။ အားလုံးက အခမ်းအနား စတင်မည် ကို စောင့်စား နားထောင်နေကြ သည်။
အခမ်းအနားမှူးက အစီအစဉ်ကို စတင်၍ ဖတ်ကြားပြပါသည်။ ဧရာဝတီအရေးနှင့် သဘာ ဝ ပတ်ဝန်းကျင် ပြဿနာ များ ဟောပြောဆွေးနွေးပွဲသည် စတင်၍ အသက်ဝင်ခဲ့လေပြီ။ အခမ်းအနား အစီအစဉ် အရ ပါမောက္ခဒေါ်ဝင်းကြည်မှ ရေချို အရင်းအမြစ်များ ပျက်စီးလာ မှု ခေါင်းစဉ်ဖြင့် စတင်ဟောပြောပါသည်။ ပါမောက္ခဒေါ်ဝင်းကြည်သည် အသက် ငါးဆယ် ကျော်၊ ပိန်ပိန်ပါးပါး၊ အရိုးအရပ် မြင့်မြင့်၊ အသားမှာ အညို ဘက်သို့ သမ်းကာ လေသံက ဆွဲဆောင်အားပါလှသည်။ သူ ဟောပြောသည့် ခေါင်းစဉ်အောက်မှ အကြောင်းအရာကို လက်တန်းပြောနိုင်သည်အထိ ကျွမ်းဝင်နေသည်။
ပရိုဂျက်တာ ဆီမှ ပေါ်ထွက်လာသော ပုံရိပ်များက ပရိသတ်ကို ပို၍ အာရုံညွတ်နူးစေ ပြန် သည်။ ဧရာဝတီမြစ်ကြီး၏ ရေချိုအရင်းအမြစ် စတင်ရာ ရေခဲတောင်များဆီမှ ရေစတင်စီး ဆင်းမှုကို ပုံကားချပ်များနှင့် အတူ ဖော်ပြထားသညါ။ ထို့နောက် ချောင်းငယ်၊ စမ်းငယ်များမှ စိးဆင်းလာသော ပုံကားချပ်များ။
ထိုမှတဆင့် မြစ်အောက်ဘက်များဆီသို့ ရေချို စီးဝင်လာပုံများ၊ မေခနှင့် မလိခ တို့ ပေါင်းဆုံလာပုံများ၊ မြစ်ဆုံဒေသမှ ပုံရိပ်များကို တစ် ကွက်ချင်း ဖော်ပြပါသည်။ မြန်မာနိုင်ငံ၏ အဖိုးတန်ဆုံး သဘာဝ အလှတရား တို့ ပေါ်ထွန်း ရာ ကချင်ပြည်နယ် ပုံရိပ်များ၊ ဒေသခံတို့၏ နေထိုင်ပုံများ၊ သဘာဝဘေးမဲ့တော များ၏ အလှတရားများ၊ သစ်ပင်မျိုးစုံ၊ ပန်းမျိုးစုံ၊ မျိုးစိတ်ကွဲမျိုးစုံ၊ ရှားပါးတိရစ္ဆာန်တို့၏ ပုံများ ကို ရှာ ဖွေတင်ပြထားသည်။
ထို အချိန်ထိ ပါမောက္ခဒေါ်ဝင်းကြည်၏ ဟောပြောချက်မှာ ငြိမ့်ငြိမ့်ညောင်းညောင်းရှိနေဆဲ။
ပရိုဂျက်တာက ခေတ္တရပ်နားလိုက်သည်။
ပါမောက္ခဒေါ်ဝင်းကြည်က ပရိသတ်ကို မေးခွန်းတစ်ခု စတင်လိုက်ပါသည်။
"အားလုံးကို ကျွန်မဒီနေရာကနေ မေးခွန်းလေးတစ်ခုလောက် မေးချင်ပါသေးတယ်။ အဲဒီမေးခွန်းကတော့ ဒီကနေ့ ဧရာဝတီ ဖျက်ဆီးခံနေရပါပြီ"
သူ့ အသံက တုန်လှုပ်လှိုက်လှဲေ၏။ နားထောင်နေသော ပရိသတ်များက သူ့စကားသံကို အာရုံစားနေကြဆဲ။ ဖျတ်ခနဲ ပရိုဂျက်တာမှ ပုံရိပ်များ ထွက်ပေါ်လာတော့သည်။
မြစ်ဆုံ.... ရွှေလုပ်ကွက်များ... တွင်းတူး၍ ရွှေရှာနေသူများ
နုန်းမြေများ မြစ်တွင်းသို့ စီးဝင်နေမှုများ ဆည်တည်နေသော မြေတူး မြေသယ် ယာဉ်ကြီးများ... သစ်ပင်သစ်တော သို့ အပိုင်းပိုင်း လဲပြိုခုတ်လဲခံနေသူများ ထိုပုံရိပ်များသည် ဧရာဝတီ၏ ငိုညည်းသံအဖြစ် ရင်ထဲသို့ စီးဝင်စေခဲ့ပြီ။ ပါမောက္ခဒေါ်ဝင်းကြည်က ဆက်၍ ဆွေးနွေးပါသည်။
" ကျွန်မ ဧရာဝတီနဲ့ပတ်သက်ပြီး အင်မတန်မှ အရေးပါတဲ့စာတမ်းတစ်စောင်အကြောင်း အနည်းငယ် ပြောကြား လိုပါတယ်။ စာတမ်းရှင်က ဆရာဘုန်းတင့်ကျော် ဖြစ်ပါတယ်။ သူဟာ စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင် ရဲ့သားဖြစ်ပါတယ်။ ကျွန်မ ဒီနေရာမှာ ဘာကြောင့် သူ့စာတမ်းက အကြောင်းအရာတွေကို ကောက်နုတ်ရသလဲ ဆိုတာ ရှင်းပြပါ့မယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သတ်ပြီးတော့ ဖြစ်စေ၊ မြစ်အကြောင်းနဲ့ ပတ်သတ်ပြီးတော့ဖြစ်စေ ဒီကနေ့ ကမ္ဘာပေါ်မှာ နေရာအနှံ့အပြား ပြောဆိုနေကြ၊ ရေးသားနေကြ၊ တဲ့ စာအုပ် စာတမ်းတွေ အများကြီး ပေါ်ထွက်နေပါတယ်။ အဲဒါတွေထဲကမှ ဆရာ့စာတမ်းကို ကျွန်မရွေးချယ်ဖြစ်စေခဲ့တဲ့ အကြောင်းအရင်း ကတော့ ဧရာဝတီမြစ် နဲ့တကွ ပေါ်ထွန်းလာ တဲ့ မြန်မာ့သမိုင်းဝင် မြို့ပြနိုင်ငံတော်တွေ အကြောင်း ပါဝင်နေလို့ပါပဲ။ ဧရာဝတီမြစ်တစ်လျှောက် မှာ ပေါ်ထွန်း ခဲ့တဲ့ မြန်မာ့သမိုင်းဝင် မြို့ပြနိုင်ငံတော်တွေ ဟာ မြန်မာ့ယဉ်ကျေးမှု ရဲ့ ဇာစ်မြစ်တွေဖြစ်ပါတယ်။
ဒီကနေ့ အထင်အရှား ကျန်ရှိသေးတဲ့ပုဂံတို့၊ မန္တလေးတို့၊ စစ်ကိုင်း တို့ တောင်ငူ တို့ဆိုတာ မြစ်ကြီးမြစ်ငယ်တွေ အနီးအနား မှာ အခြေပြုပြီး ပေါ်ထွန်းခဲ့တာလို့ ဆရာက တင်ပြထား ပါတယ်။ ဒီမြို့ပြနိုင်ငံတွေအားလုံး စိုက်ပျိုးရေး၊ စစ်ရေး၊ နိုင်ငံရေးတွေဟာ မြစ်တွေနဲ့ ဆက်သွယ်ခဲ့တယ်ဆိုတာ ဆရာ က အသေးစိတ် တင်ပြ ထားပါတယ်။ ကျွန်မ အဲဒါကြောင့် ဆရာ့ရဲ့စာတမ်းကို ရွေးချယ်မိတာပါ။
ကျွန်မ တို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ သမိုင်းအမွေအနှစ်၊ ဘိုးဘွားဘီဘင် အမွေအနှစ်တွေကို တန်ဖိုး ထားတတ်ကြသူတွေ ပါ။ ဆရာက မြစ်ဝှမ်းတစ်လျှောက်က မြန်မာ့ယဉ်ကျေးမှုသမိုင်းကြောင်းတွေ အကြောင်း ရှင်းပြ ပါတယ်။ ထို့အတူပဲ.... ပါမောက္ခဒေါ်ဝင်းကြည်၏ အသံက ခန်းမထဲ၌ လွှမ်းမိုးနေသည်။
နားထောင်နေသော ပရိသတ်က သူညွှန်းဆိုနေသော ဆရာဘုန်းတင့်ကျော်၏ စာတမ်း၌ ပါဝင် သည့် ကောက်နုတ်ချက် များကို ဂရုစိုက်၍ နားထောင်နေကြသည်။
ဧရာဝတီ သည်ပြန်၍ သက်ဝင်နိုးကြားလာခဲ့လေပြီ။
ခေတ်အဆက်ဆက် နှစ်အဆက်ဆက် စီးဆင်းနေခဲ့သော ဧရာဝတီ၏ အရေးအရာများ သည် မန္တလေးမြို့ ရင်ခွင်တွင် သက်ဝင်စီးဆင်းနေလေပြီ။
ပါမောက္ခ ၏ ဟောပြောမျှုအဆုံး၌ ကျေးဇူးတင်စကား ပြောကြားပါသည်။ ဒုတိယအစီအစဉ် ၌ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် NGO အဖွဲ့တစ်ဖဲ့မှ ပညာရှင်တစ်ဦးဖြစ်သူ ဦးလူနောင်မှ ဆက်၍ဟောပြောဆွေးနွေး ပါသည်။ ပရိသတ်က ပို၍ စိတ်ဝင်စားလာခဲ့သည်။
ဦးလူနောင် ဟောပြောသည့် အကြောင်းအရာများက သစ်တောများ မဆင်မခြင် ခုတ်ယူနေမှု များကြောင့် ဂေဟစနစ် ပျက်စီးလာပုံများကို ပုံကားချပ်များနှင့် တကွဆွေး နွေးပါသည်။ သစ်တော များပြုန်းတီးလာမှု၊ သစ်ပင်များ မဆင်မခြင်ခုတ်လှဲမှုများကြောင့် မြစ်များ ထိခိုက်လာခြင်းကို အကျိုးအကြောင်း ဆက်စပ် ၍ ရှင်းပြသည်။
စိမ်းစိုသော တောအုပ်များ သစ်တောများမှာ မိုးရေကို ထိန်းသိမ်း စုပ်ယူ ထားကြသည်။ ကြွေကျသောသစ်ရွက်များကလည်း မိုးရေကို စုပ်ယူထားကြသည်။ ထိုသစ်ရွက်ကြွေ များ အောက်မှ မြေလွှာကလည်း မိုးရေကိုထိန်းသိမ်းထားကြသည်။ ထိုအရာများက စမ်းရေ၊ ချောင်းရေများအဖြစ် စီးဆင်းစေ သည်။ကမ္ဘာမြေအတွက် အပူဓါတ်ကို ထိန်းသိမ်းပေးပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ် ကို ချေဖျက်ပေးသည်။ သစ်တော သစ်ပင်များ ခုတ်လှဲသည့် အတွက် မိုးရေကိုမထိန်းသိမ်းနိုင်ကြတော့ဘဲ မိုးရေ သည် မြေလွှာကို တိုက်ရိုက်ထိတွေ့ကာ အပေါ်ယံမြေသားများကို ပွတ်တိုက်သည်။ ထိုရေများ က မြစ်များ ချောင်းများ အတွင်းသို့ နုန်းမြေအဖြစ် စီးဆင်းသည်။ ထို့ကြောင့်မြစ်အတွင်း အနည် ထိုင်ကြသည်။ မြစ်ကြမ်းပြင် မြင့် တက်လာသည်။ သောင်ဖြစ်ထွန်းလာသည်။ ကြာသော အခါ မြစ် လမ်းကြောင်း ပျောက်ဆုံး သွားတော့သည့်အဖြစ်ကို ကြုံတွေ့ည်ဟု ဆွေးနွေးသည်။
ပရိသတ်၏ လက်ခုပ်သံများမှာအားရဖွယ် ကောင်းလှသည်။ ဤသို့သော ဟောပြောဆွေး နွေး မှုမျိုး သည် ခေတ်သစ်၏ ပြဿနာအသစ်များ ဖြစ်သည်။ ကမ္ဘာကြီး အတွက် မည်သူမျှ ဘေးထွက် ရပ်နေ၍မရတော့။
အခမ်းအနားမှူးက ဟောပြောမည့် အစီအစဉ်ကို ကြေညာလိုက်သည်။ ငြိမ်းနုက ထိုင်နေကျထ၍ မိုက်စတန်း ရှိရာသို့လျှောက်လာခဲ့၏။ "ငြိမ်း" ခေါ်သံကြောင့် ငြိမ်းခနဲရပ်၍ ကြည့်လိုက်မိသည်။ သူ့လက်ထဲသို့ ပန်းစည်းလေး တစ်စည်း ကမ်းပေးသူကို တွေ့ရ၏။
"ကိုဇော်"
"ငြိမ်းအတွက်ပါ"
"ကျေးဇူးပဲနော်"
ငြိမ်းက ပန်းစည်းလေးကို ယူ၍ မိုက်စတန်းဆီသို့ ထွက်လာခဲ့သည်။ ရင်ထဲ၌ ရွှင်မြူးစိတ်လေး ကိန်းဝပ် လာမိသည်။ ကိုဇော် ဒီနေရာအထိ လာရောက်အားပေးမည်ဟု ငြိမ်း မယုံကြည်ခဲ့။ မနေ့က E mail ထဲမှာ ခန်းမ လိပ်စာလေး ထည့်ပေးလိုက်ဖြစ်သည်။ ကိုဇော်မင်း ရောက်လာမည်ဟု ငြိမ်း လုံးဝမယုံကြည်။
ပရိသတ် က ငြိမ်းကို လေ့လာအကဲခတ်နေသည်။
အသားဖြူဖြူ၊ကိုယ်ဟန် ကြော့မော့ပြေပြစ်ပြီး ချစ်စဖွယ်မျက်နှာလေးနှင့်ရင်ဖုံး အင်္ကျီအဖြူ ဖြူနုနု၊ ချိတ်ထဘီ အပြာရင့်ရင့် ကို ဝတ်ထားသည့် မိန်းမပျိုတစ်ဦးမို့ ဤဟောပွဲမျိုးတွင် ဘာပြောမှာပါလိမ့်ဟု စောင့်ကြည့် အကဲခတ်နေကြခြင်းပင်။ ဟောပြောရမည့် အကြောင်း အရာက မြစ်မင်းဧရာနှင့် ပတ်သတ်နေသည် မို့ ငြိမ်းလို နုနုနယ်နယ်မိန်းမချောလေး တစ်ဦးက ဘာများသိထားပါသလဲဟု သိချင်နေကြသည်။
ငြိမ်းက အဖွင့်စကား ကို သက်သောင့်သက်သာပြောလိုက်သည်။ ဤသို့သော ဟောပြော ဆွေးနွေးမှုမျိုးကို ငြိမ်း မတုန်လှုပ်။ ဝမ်းသာပီတိပင် ဖြစ်မိသည်။ ဝမ်းသာပီတိ ဆိုသည်မှာ လူရှေ့ ထွက်ပြခွင့်ကြောင့် ဖြစ်ရခြင်းမဟုတ်ချေ။ မြစ်မင်းဧရာနှင့် ပတ်သက်၍ မန္တလေးမြို့သူမြို့သား များ ဤမျှ တက်ကြွလှိုက်လှဲမှု ရှိနေသည်ကို မျက်မြင်တွေ့ လိုက်ရသောကြောင့်ပင်။ မြစ်နှင့် သဘာဝပတ်ဝန်းကျင်အပေါ် စိတ်ပါဝင်စား ရှိလှသည်ကို ငြိမ်း ကျေနပ်သွားနေခြင်းပင်။
" ကျွန်မ တို့ ဒီနေ့ ရောက်ရှိနေတဲ့ခန်းမဟာ ဧရာဝတီမြစ်ကြီးကို ကိုယ်စားပြုပြီး ပြောဆိုကြ၊ ဆွေးနွေးကြတယ် ဆိုပေမယ့် အနာဂတ်မြန်မာနိုင်ငံရဲ့ အရေးကိစ္စဆိုရင်လည်း မှားမယ် မထင်ပါဘူးရှင်။
ရှေ့က ပညာရှင်တွေပြောသွားကြတာကို အားလုံးကြားကြမှာပါ။ ကျွန်မတို့မှာ ဒီထက် ဆိုးဝါးတဲ့ မြစ်အန္တရာယ်ဘေး ဒုက္ခ အချက်အလက်တွေ ရှိနေပါသေးတယ်။ စာရေးဆရာမ ဂျူး၊ ဒီဇိုင်းဆရာ မြင့်မောင်ကျော်၊ ကိုမြင့်ဇော် တို့ စီစဉ်နေတဲ့ မြစ်ဆုံဒေသနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေ၊ Weekly Eleven နဲ့ Bi Weekly Eleven ဂျာနယ်တွေမှာ ဖော်ပြနေတဲ့ သတင်းထောက် ဖြူနု၊ ဆောင်းပါးရှင် ဆရာ ဇော်သက်ထွေး စတဲ့ ဂျာနယ်၊ မဂ္ဂဇင်း၊ မီဒီယာအသီးသီးက တင်ပြနေတဲ့ သတင်းအရင်းအမြစ်တွေလည်း ကျွန်မ တို့မှာ စုဆောင်းပြီးသား ရှိပါတယ်။ နယ်ပယ်အသီးသီးက လူပေါင်း မြောက်မြားစွာဟာ ဒီကနေ့ ဧရာဝတီအရေးကိစ္စမှာ ပါဝင်လာကြပါပြီ။
ဒါဟာ နိုင်ငံရေးလား၊ အစိုးရ မကောင်းကြောင်း ပြောတာလား၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အရေးလား . . . မဟုတ်ပါဘူး။ ဒီကနေ့ ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံးအပြင် သဘာဝ အလှတရားတွေ၊ သက်ရှိသက်မဲ့ သယံဇာတ ပစ္စည်းတွေ၊ ကျေးငှက်သာရကာ၊ တောတွင်း နေထိုင်တဲ့ တိရစ္ဆာန်တွေ အပါအ၀င် ရှင်တို့ ကျွန်မ တို့ရဲ့ နောင် မျိုးဆက်ပေါင်း မြောက်မြားစွာရဲ့ အရေး၊ အနာဂတ်အရေးပဲ ဖြစ်ပါတယ်။
ကျွန်မ ဘာလို့ ဒီစကားကို ပြောရသလဲဆိုရင် ဥပမာလေးတွေ အရင်ပြောပြပါ့မယ်။ မိသားစုတစ်စု ဆိုပါစို့။ သဘာဝဘေးအန္တရယ် ထိခိုက်ခံရတဲ့ မိသားစုတစ်စုမှာ အင်မတန်မှ ဥာဏ်ရည်ကောင်းတဲ့ကလေးတစ်ယောက် ပါလာတယ်။ သူဟာ သဘာဝဘေးအန္တရာယ် ကြေင့် မိသားစု အတိဒုက္ခရောက်ပြီး စာမသင်နိုင်တော့ဘူးဆိုရင် ဒီကလေးကို ကျွန်မတို့ ကမ္ဘာကြီးက ဆုံးရှုံးသွားရတာပါပဲ။ ဒီကနေ့ ဧရာဝတီဟာ ခက်ခဲပင်ပန်းစွာ စီးဆင်းနေပါ တယ်။ ဒါကို ဓာတ်ပုံတွေ၊ သတင်းတွေ၊ ဆောင်းပါးတွေ၊ ရုပ်သံမီဒီယာတွေမှာ မြင်နေရပါ ပြီ။ ကျွန်မမေးခွန်း တစ်ခုလောက် မေးချင်ပါတယ်။ အာဖရိကနိုင်ငံတွေနဲ့ အရှေ့အလယ် ပိုင်းနိုင်ငံတချို့မှာ သောက်ရေ တစ်ဘူး ကို လေးဒေါ်လာ ငါးဒေါ်လာ ပေးနေရပါတယ်။ ဒီကနေ့ ကျွန်မတို့ အထက်မြန်မာပြည်မှာ ရေချို ရှားပါးမှုကြောင့် အဲဒီအခြေအနေ ဆိုက် ရောက်မယ်ဆိုရင် ဘယ်သူမှ နေနိုင်မှာ မဟုတ်ပါဘူး။
ရေချိုနဲ့ သောက်ရေ သုံးရေဟာ အင်မတန်မှ အရေးကြီးလှပါတယ်။ ရေချိုရှားပါးပြီ၊ စိုက်ပျိုး ရေးရှားပါးပြီဆိုရင် ပုဂံကို ဥပမာကြည့်ပါ။ ဘယ်လိုမှ စိုက်ပျိုးမွေးမြူရေးလုပ်လို့ မရတော့တဲ့အတွက် တောသူတောင်သားတွေ စွန့်ခွာကြရင်း နှစ်ပေါင်းများစွာ လွင်တီး ခေါင်ဖြစ်ရပါတယ်။ မြေတွေဟာ မာကျောကျစ်လျစ်လာတဲ့အတွက် စိုက်ပျိုးလို့ မရတော့ ပါဘူး၊ တကယ်လို့ ဧရာဝတီမြစ်ကြီး ပျက်စီးပြီဆိုတဲ့အခါ တောနေ လူတုဟာ ဘယ်လိုမှ ရပ်တည်နိုင်စွမ်း မရှိပါဘူး၊ အရပ်ဒေသကို စွန့်ခွာကြမယ်။ အဲဒီကနေ မြို့ခန်းခြောက်လာ မယ်။ ပြည်နယ်တွေ ခန်းခြောက် လာမယ်။ နောက်ဆုံး ကန္တရလွင်ပြင် ဖြစ်သွားရပါမယ်။ ရေချိုနဲ့ စိုက်ပျိုးရေး မရှိတဲ့အရပ်မှာ ဘယ်သူ မှ မနေနိုင်လို့ပါဘဲ။
ဒီအချိန် ဒီအခြေအနေမှာ သဘာဝပတ်ဝန်းကျင် ဘေးဒုက္ခတွေနဲ့ ကင်းဝေးတဲ့ နေရာဒေသ တွင် ကျွန်မ တို့ဆီမှာရှိပါတယ်။ တကယ်လို့ ဧရာဝတီပျက်စီးပြီဆိုရင် အဲဒီနေရာဒေသ တွေလည်းလူဦးရေ ထူထပ်လာမယ်။ အဲဒီအခါ လူတွေ ရဲ့ လိုအပ်ချက် ဖြစ်တဲ့ထင်း၊ ရေ၊ သီးနှံ၊ စပါး၊ အသားငါတွေ အမြောက်အမြား သုံးစွဲပေးရမယ်။ အဲဒီအခါ ရှိနေ တဲ့ သဘာဝ တရားတွေ ရှားပါးလာမှာပါပဲ။
ဒီကနေ့မှာပဲ ဧရာဝတီဟာ ဘေးတွေ့စပြုနေပါပြီ။ ဧရာဝတီဖြစ်တစ်လျှောက်မှာရှိတဲ့ မြို့ ကြီးတွေ၊ တံတားကြီးတွေ ကနေ ကြည့်ရင်ပဲ နှစ်စဉ်နှစ်စဉ် သောင်ထွန်းလာတဲ့ အခြေအနေ ဟာသိသာလာပါတယ်။ အဲဒီ သဲသောင်တွေ၊ နုန်းမြေတွေ ဘယ်ကလာတာလဲ။ မြစ်ဝှမ်း တစ်လျှောက်မှာ ရှိတဲ့ ရွှေကျင်တဲ့ လုပ်ကွက်တွေ၊ စက်ရုံအလုပ်ရုံတွေ၊ စိုက်ပျိုးရေးတွေက နေလာခဲ့တာပါပဲ။ တစ်နှစ်ကို မက်ထရစ်တန်ပေါင်း ရာ နဲ့ချီအောင် မြစ်ထဲကို အနည်းအနှစ် တွေ၊ သဲတွေ၊ မြေလွှာတွေ စီးဝင်ရာကနေ ဖြစ်လာတာပါပဲ။
ကျွန်မတို့အိမ်က သုံးရေ၊ သောက်ရေအိုးတွေကိုတောင် အနည်ကျရင် သုံး မဖြစ်တာ ကြောင့် သန့်ရှင်းပေး ရပါတယ်။ ဧရာဝတီမှာ အနည်ကျနေတာ နှစ်ပေါင်း ထောင်ချီနေပါ ပြီ။ မြစ်ဆိုတာ ကျယ်ပြန့် လာတာ၊ ပျက်စီးလာတာပါပဲ။ မြစ်ဧရိယာ မျက်နှာပြင် ကျယ်ပြန့်လာ လေလေပျက်စီးလေလေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပညာရှင်တွေ ပြောပြထားတာ ရှိပါ တယ်။ မြစ်ကြမ်းပြင်ဟာ အနည်ကျမှုတွေ များ လာလေလေ ရေစီးအားလျော့ပါးလေလေ ဖြစ်လာပါတယ်။ မြစ်ဆိုတာ ရေအားသန်သန်၊ နက်နက်ရှိုင်းရှိုင်းရှိမှ အသက်ရှင်ပါတယ်။ နုန်းမြေတွေ ရေထဲစီးဝင်တာ၊ ဆည်တွေ ဆောက်တာ၊ သစ်ပင်ခုတ်တာ၊ သဘာဝလွန် စိုက်ပျိုးမွေးမြူတာ စတဲ့လုပ်ရပ်တွေဟာ မြစ်ကို ပျက်စီးစေတာပါပဲ။
ဒါတွေကို ဒီကနေ့မှာ မပြုပြင်ရင် ကျွန်မတို့ရင်ဆိုင်ရမယ့် ဘေးဒုက္ခဟာ ခန့်မှန်းလို့မရအောင် ကြီးမားမယ်ဆို တာသေချာပါတယ်။ စောစောက ကျွန်မပြောခဲ့တဲ့ မိသားစုလို သဘာဝဘေးအန္တရာယ် အမျိုးမျိုးကို ရင်ဆိုင်ရမယ့် မိသားစုတွေ ဆက်တိုက် ပေါ်ထွန်းလာပါလိမ့်မယ်။ မိသားစုတစ် ခုထဲက ကလေးငယ်တစ်ယောက် ပညာမသင်နိုင်ရင် နောင်အနာဂတ်အတွက် ဘယ်လိုမှ မကောင်းနိုင်ပါဘူး။ အဲဒီလို ကလေးငယ်ပေါင်း မြောက်မြားစွာ ကြုံတွေ့ရပြီဆိုရင် ကျွန်မ တို့ရဲ့ အနာဂတ်ကမ္ဘာဟာ ဘယ်လိုများ ကောင်းနိုင်ပါ့မလဲ ဆိုတာ စဉ်းစားကြဖို့ တိုက် တွန်းရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်ရှင်"
အပြင်မှ တ၀ုန်းဝုန်းပုတ်၍ ခေါ်နေသော အသံများကြောင့် နွယ်မျိုး အိပ်ခန်းတံခါးကို လာဖွင့်ပေး ရင်း အော် လိုက်သည်။ တံခါးခေါက်နေသူက ညီမဖြစ်သူ ကိုယ်တိုင်ပင်။ ညီမက သူ့အော်သံကို ဂရုမစိုက်။
"သုံးလွှာ မှာ လူသတ်မှု ဖြစ်နေလို့"
"ဘာ"
"ဟုတ်တယ်၊ ဦးကျော်စိ န်တို့ တံခါးဖက်က ၀င်မလို့တဲ့"
နွယ်မျိုး၏ သွေးကြောများထဲသို့ သတင်းသမားဟူသော သွေးတို့က ရုတ်ခြည်းကူးခတ် လာသည်။ အပေါ်ရုံ အင်္ကျီကို ည၀တ်အင်္ကျီပေါ်သို့ ကေက်တင်ဝတ်လိုက်၏။ လက်နှစ်ဖက် ဆံပင်ဖရိုဖရဲကို စုပြီးမျှော့ကွင်းဖြင့် ပတ်သည်။ ကင်မရာ..ကင်မရာ...။
သူ့နှုတ်ဖျားက တရစပ်ရွတ်ဆိုနေမှုကြောင့် ညီမဖြစ်သူက ဗီရိုတံခါးကို ပြေးဖွင့်ပြီး ကင်မရာ ကိုထုတ်သည်။ ရီကော်ဒါ ဟု နွယ်မျိုးက အော်ရင်း စလွယ်သိုင်းအိတ်ကို ခုတင်ပေါ်မှ ယူ၍ လွယ်သည်။
"ဘယ်တုန်း ကလဲ၊ ဘယ်အချိန်ကလဲ၊ ဘယ်သူတွေလဲ"
"ဘယ်သိမလဲ၊ ငါလည်း ကြားလို့ နင့်ကို လာနှိုးတာ"
"နင် သွားကြည့်ပြီးပြီလား" "သွားစရာလာ၊ ငါနဲ့ဘာဆိုင်လို့လဲ"
နွယ်မျိုးက စကားမဆက်တော့။ ညီမဖြစ်သူ လက်ထဲ မှ ကင်မရာကိုလှမ်းယူပြီး လိုက်ခဲ့ပါ လားဟု ဆွယ်လိုက် သည်။ ညီမက ခေါင်းခါပြသည်။
နွယ်မျိုး တံခါးကို ဖွင့်ချိန်မှပင် အမေက လှမ်းအော်ပါသည်။
"ဟဲ့ လိုက်သွားလိုက်လေ၊ အဖော်ရအောင်"
အမေ့စကား ကို ညီမဖြစ်သူက ခေါင်းကုတ်နေ၏။
"နေပါစေ အမေ။ ဒီကောင်မလေး လူတောတိုးရဲတာမှတ်လို့"
"ဖိနပ် ဖိနပ်"
နွယ်မျိုး ကပျာကယာ ဖြစ်နေသည်မို့ ညီမက သတိပေးလိုက်သည်။ ဖိနပ်က တစ်ဖက်စီ စွပ်လျက် သား။ နွယ်မျိုး က စိတ်မရှည်တော့ဘဲ ဖိနပ်ကို ချွတ်၍ ဒီအတိုင်းထွက်ကာ ၃လွှာဆီသို့ ပြေးဆင်းသွားတော့သည်။
သူတို့နေသော ခုနှစ်လွှာနှင့် သုံးလွှာကြားတွင် တချို့လှေကားများက မီးမထွန်း။ ည(၂)နာရီ အချိန်မို့ မှောင်မည်းနေ ၏။ နွယ်မျိုးက ကဆုန် ပေါက်၍ ဆင်းလာခဲ့သည်။ ငါးလွှာမှ ဒေါ်သိန်းဆွေက တံခါးဝ၌ ရပ်ရင်း... "ဟဲ့ဟဲ့၊ ပြီးရင် ပြန်ပြောဦးနော်။ အထဲမှာ ကလေးလေး အသတ်ခံရလို့တဲ့"
သူ့စကားကို နွယ်မျိုး ခေါင်းညိတ်ပြရင်း ပြေးဆင်းလာခဲ့သည်။ တိုက်ခန်းရှိ လူတော်တော် များများ နိုးနေကြပြီ။ သုံးလွှာ သို့ ရောက်ရှိချိန် တွင် ရပ်ကွက်လူကြီးများပါ တွေ့ရ၏။
"ဖွင့်မယ်ဗျာ"
ဦးကျော်စိန် က သော့ခတ်ထားသော တံခါးကို ကြည့်၍ လှုံ့ဆော်လိုက်၏။ အမျိုးသားနှစ်ဦး ကသံတူရွင်းနှင့် တူ အကြီး တစ်လက်ကို ကိုင်ရင်း ရပ်နေ၏။
"ကယ်ကြပါရှင်၊ ကျွန်မသားလေး သေတော့မယ်၊ ကယ်ကြပါ"
အထဲမှ အော်ဟစ်လိုက်သော အသံကိုကြားရသည်။
"ကလေးမ နောက်ဆုတ်နေပါ။ သော့ကိုဖျက်မယ်၊ နောက်ဆုတ်နေ"
ဦးကျော်စိန်က အသံပေးလိုက်၏။
တံခါးမှာ နှစ်ဆင့်စလုံး သော့ခတ်ထားသည်။ သံတံခါးသော့ကို အရင်ဖျက်ကြသည်။ မျောက်လက်ဖြင့် သစ်သားတံခါး ကို တွဲကာ ဆက်၍ သော့ခတ်ထားပြန်သည်။ တံခါး သော့ဖျက်သံများ ပေါ်လာပြီး သံတံခါး သော့ခလောက်မှာ ပွင့်လာ၏။ မျောက်လက်မှ သော့ကို ဆက်၍ဖွင့်ကြပြန်သည်။ နွယ်မျိုးက တံခါး အပွင့် ကို မြင်သာရန် နောက်ဆုတ်၍ ကင်မရာကို ချိန်ရွယ်ထား၏။ သော့ဖျက်ပြီးချိန်တွင် ရပ်ကွက် လူကြီးက တံခါး ဖွင့်လိုက် သည်။
"ကယ်ကြပါရှင်၊ ကျွန်မကလေးကို ကယ်ကြပါနော်"
အမျိုးသမီးငယ်တစ်ဦး ဒူးထောက်လျက်သား၊ ကလေးငယ်ကို ပွေ့၍ငိုယိုခယတောင်းပန်း နေရှာ၏။ ကလေး မှာ ပျော့၍နေလေပြီ။ အမျိုးသမီးငယ်မှာ ဆံပင်ဖရိုဖရဲ၊ ငိုလွန်း၍နီရဲနေ သောမျက်လုံးများ၊ မိန်းချထား သဖြင့် မှောင်မည်းနေသော တိုက်ခန်းထဲတွင် ကြေကွဲစဖွယ်။ ဦးကျော်စိန်က မေးလိုက်သည်။
"မင်းက ဘယ်သူလဲ"
"ကျွန်မ နယ် ကပါရှင်။ ကချင်လူမျိုးပါ။ ကျွန်မ ကလေးလေး ဖျားနေလို့ပါရှင်၊ ကျွန်မ ကလေးကို ကယ်ကြပါရှင်၊ ကယ်ကြပါ ရှင်၊ ကလေးခေါ်လို့မရတော့ဘူးရှင့်။ ကျွန်မကို..... ကျွန်မကို...."
"မင်းက ဘယ်သူလဲ"
"ကျွန်မ နယ်ကပါရှင်။ ကချင်လူမျိုးပါ။ ကျွန်မကလေးလေး ဖျားနေလို့ပါရှင်။ ကျွန်မ ကလေးကို ကယ်ကြပါရှင်၊ ကယ်ကြပါ ရှင်။ ကလေးခေါ်လို့မရတော့ဘူးရှင့်။ ကျွန်မကို.... ကျွန်မကို...."
"မနူး လား....ရှင့်နာမည် မနူးလား"
နွယ်မျိုး က ဦးကျော်စိန်တို့ကို တိုးဝှေ့ကာ အမျိုးသမီး၏နံဘေးတွင် ၀င်ထိုင်၍ မေးလိုက် ပါသည်။ အမျိုးသမီးက အံ့အားသင့် စွာ နွယ်မျိုး ကို ကြည့်နေ၏။
"တန်ဖဲရွာက မနူးလား၊ ဟုတ်လားဟင်"
"ဟုတ်ရှင့်"
"ဟင် မနူးရယ်။ ကြည့်စမ်း၊ ကျွန်မ စုမြတ် သူငယ်ချင်းပါ။ သူနဲ့ ဂျာနယ်တိုက်မှာ အတူတူပဲ။ ကလေးက ဘာဖြစ် တာလဲ"
"စုမြတ် ဘယ်မှလဲဟင်၊ ပြောပါရှင်။ မစုမြတ် ဘယ်မှာလဲ။ ကျွန်မကို ဘာလို့ ဒီထဲမှာ ထားတာလဲဟင်။ သူ့အမေပဲ လာတယ်၊ မစုမြတ် မစုမြတ်"
နူးက စကားမဆက်နိုင်တော့။ လက်ထဲမှ ကလေးကို နွယ်မျိုး လက်ထဲသို့ ပေးကာ ပျော့ခွေကျ သွားရှာ တော့သည်။
ဦးကျော်စိန်က ချက်ချင်းပင် ကားခေါ်၍ နူးတို့ကို ဆေးရုံပို့ပေးရန် စီစဉ်သည်။ နူးတစ်ယောက် ကားပေါ် ရောက်ချိန် အထိ သတိမရသေး၊ ဆေးရုံကြီး အရေးပေါ်ဌာနသို့ အမြန်ပို့ပေးကြသည်။ နွယ်မျိုးက အခြေ အနေ ကို ဦးစိုးအေး ထံ ဖုန်းဆက်၍ ရှင်းပြပါသည်။
ပြဿနာ၏ အရင်းအမြစ်ကို သိခဲ့ရလေပြီ။
ဒေါ်သီရိက နူးတို့သားအမိကို ဘယ်မှ သွားခွင့်မပြု။ တိုက်ခန်းထဲမှာပင် သော့ခတ်၍ ဝှက်ထားခဲ့သည်။ မီးသုံးခွင့် ပင် မပြု။ နူးကလည်း ဘာမှမပြောဝံ့။ ဘယ်သူနဲ့မှလည်း ဆက်သွယ်၍ မရရှာ။ ကလေးငယ် ရုတ်တရက် အဖျားတက် လာချိန်တွင် နူး မနေသာတော့။ နောက်ဖေးတံခါးကို ဖွင့်၍ ပတ်ဝန်းကျင်ကို အကူအညီ တောင်း ပါတော့သည်။ အိမ်ဘေးအခန်းဆီတွင် အဘွားအိုတစ်ဦး ရှိသည်။ နူး၏ အော်ဟစ် အကူအညီတောင်းသံကြောင့် မေးမြန်းကြည့်သော အခါ အပြင်မှ တံခါး သော့ခတ်ထားကြောင်း သိရ ၏။ ထိုမှ တစ်ဆင့် သတင်း များက ဆင့်ကားလာတော့သည်။
တိုက်ခန်းတစ်ခန်းအတွင်း ကလေးငယ်တစ်ဦးအတွက် အကူအညီတောင်းခံနေသော အမျိုးသမီး ကြောင့် လူသတ်မှု ဟု သတင်းပျံ့ခဲ့ခြင်းပင်။ နူးက ကလေးငယ် အဖျားတက်ကာ သတိလစ်သွားချိန် တွင် အသံကုန် ဟစ်ခဲ့သည်ကိုး။
ဦးစိုးအေးက ရဲစခန်းတွင် အမှုဖွင့်လိုက်သည်။ ခိုကိုးရာမဲ့နေသော သားအမိနှစ်ဦးအား တိုက်ခန်းတစ် ခန်းတွင် ပိတ်လှောင်ထားမှု ကို ဦးတည်၍ တရားလိုလုပ်ကာ အမှုဖွင့်လိုက်ခြင်းပင်။ ဦးစိုးအေးထံတွင် စုမြတ် ပေးပို့ ထားသော စာက ရှိနေသည်။ ရဲအရာရှိကလည်း ဦးစိုးအေး တင်ပြသည်ကို လက်ခံပါ သည်။ အမှုအခြေအနေကို ချက်ချင်း နားလည်သွားတော့သည်။ နူးတို့သာအမိ၏ လုံခြုံရေးအတွက်ပါ ကူညီဆောင်ရွက်ပေးသည်။ နွယ်မျိုး လည်း မပြန်နိုင်သေး။ ကလေးငယ်ကို ဆရာဝန်များက ချက်ချင်း ရေပတ်တိုက်ပေးသည်။ ကလေးငယ် သတိရ လာအောင် ကုသပေးကြသည်။ နူးကတော့ အားနည်း ကာ ရုတ်တရက် သတိလစ် သွားခြင်းပင်။ ဆေးရုံရောက်ပြီး သိပ်မကြာခင် သတိရလာသည်။
ယခုတော့ နူး အားမငယ်တော့။
ဒေါ်သီရိ နူးတို့ကို ခေါ်ဆောင်ထားသည့် အဖြစ်ကို သိရပြီ။ ဦးစိုအေးတို့က နူးကို အပြည့်အဝ စောင့် ရှောက်နေပြီမို့ နူး အားမငယ်တော့။
ဦးစိုးအေး က ဦးကောင်းမြတ်ဆီသို့ ဖုန်းဆက်သွယ်၍ အကျိုးအကြောင်း ရှင်းပြသည်။ နူးကို သူတို့ ပြန်ခေါ် ထားနိုင်ပြီ ဖြစ်ကြောင်း သတင်းပေးလိုက်၏။ အမှုကိုတော့ ဖွင့်ထားပြီးပြီ။ သို့မှသာလျှင် ဦးသိန်း ဇော်တို့ ကုမ္ပဏီနှင့် ရင်ဆိုင်ရမည်ကိုး။
ဦးကောင်းမြတ်က ဝမ်းသာစကား ဆိုပါသည်။ သူ့ချွေးမ ဖြစ်နေသည့်တိုင် ဤကိစ္စ၌ သင့်ညာ၍ မနေ နိုင်တော့။ ဒေါ်သီရိကို အမှုဖွင့်ပါဟု တိုက်တွန်းလိုက်ပါတော့သည်။
(၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့က နေပြည်တော် ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပ။
ဦးသိန်းစိန်နှင့် ဦးစောသိန်းအောင်၊ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဒေါက်တာအေးမောင်တို့အား ဒုတိယ သမတ္တလောင်း များအဖြစ် အဆိုပြု တင်သွင်းထားကြောင်းသိရ)
သန်းဇော်ထွန်း
weekly eleven-Feb.4.2011
ဒူးဝါးဇောင်က ဂျာနယ်ကို စားပွဲပေါ်သို့ ပြန်ချထားလိုက်သည်။ ပြည်သူ့လွှတ်တော်တွေ တင်ပြရမည့် ကချင်ပြည်နယ် အရေးကိစ္စများအတွက် မေးခွန်းများစွာ ရရှိခဲ့ပြီးပြီ။ မြစ်ဆုံအရေး၊ ဖားကန့် အရေး၊ ပြောင်း ရွှေ့ခံဒေသခံ များ၏ အရေး၊ နယ်စပ်ဘက်သို့ သစ်ပင်များ ရွှေ့ပြောင်းနေသော အရေး၊ လူမျိုးစုံ အတွင်း ဖြစ်ပွားနေသော အရေးကိစ္စများ၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး အခြေခံအဆောက် အအုံများ အရေး၊ ပညာသင်ကျောင်းများ အရေးတို့ကို ဆွေးနွေးခဲ့ကြပြီးပြီ။
ဖြစ်ပေါ်လာမည့် သမ္မတသစ်နှင့် အစိုးရသစ်တို့ကို လွှတ်တော်တွင် တွေ့ကြရမည်။ ကချင်ပြည်နယ် အတွက် ဆောင်ရွက်ပေး မည့် အစိုးရမျိုးနှင့် စကားပြောခွင့်ရချင်ပြီ။ ခေတ်ပေါင်းဆက်ဆက်၊ နှစ်ပေါင်း အဆက်ဆက်၊ အစိုးရအဆက်ဆက်တို့သည် ကချင် ပြည်နယ်အတွက် သွေးအေးနေခဲ့ကြ၏။ ဒူးဝါးဇောင် တို့ဘက်က ပွင့်ပွင့်လင်းလင်းပြောတော့မည်။ လွှတ်တော်တွင် တင်ပြဆွေးနွေးမည်။ မီဒီယာ များရှေ့မှောက်တွင် လိုလားချက် များကို တောင်းဆိုသည်။
ဒူးဝါးဇောင် စားပွဲပေါ်မှ ဂျာနယ်ကိုပြန်၍ ယူကြည့်နေမိသည်။ ဖြစ်ပေါ်လာမည့် သမ္မတသစ်နှင့် အစိုးရ သစ်အဖွဲ့ဝင် များကို ဆက်၍ လေ့လာရဦးမည်ဟု တွေးတောနေမိတော့သည်။
ဆက်ရန်
.

No comments:
Post a Comment