Monday, August 27, 2012

မောင်ပေါ်ထွန်း ဘာသာပြန် ရေမြေခြားသော်လည်း, အပိုင်း (၅)

သူမက ခင်ပွန်းသည်အား စိုက်ကြည့်နေသည်။ မျက်လုံးတွေက အရောင်တောက်နေသည်။ သို့သော် လေးနက်မှု ကား မရှိ။ ကြောင်ကြောင်ကြီး ကြည့်နေသလိုသာ ထင်မှတ်ရသည်။
သူက တည်ငြိမ်သော အသံဖြင့် ပြောသည်။ ’'လော်ရာ.... မင်းကို ငါ ဘယ်လောက် ချစ်တယ်ဆိုတာ မမေ့စေချင်ဘူး။ မင်း တစ်ယောက်ကိုသာ အချစ်ဆုံးပါ။ မင်းက ငါ့ကို ခွဲခွာသွားချင်တောင်မှ ငါက ဘယ်တော့မှ ခွဲနိုင်မှာ မဟုတ်ဘူး။ ခွဲလည်း မခွဲရဘူး။ တကယ်လို့များ မင်းက ငါ့ကို ခွဲသွားမယ် ဆိုရင်လည်း ငါတော့ မင်း သွားရာနောက်ကို ဇွတ်အတင်းကို လိုက်မှာပဲ။ ငါ အသက်ရှင်နေသမျှတော့ မင်း ငါ့အနားက ဘယ်ကိုမှ ထွက်မသွားရဘူး။ မင်း ထွက်သွားရင်လည်း သွားတဲ့နေရာ ငါ လိုက်မှာပဲ။ ငါ ပြောနေတာ ကြားမှကြားရဲ့လား လော်ရာ'' သူမက ခေါင်းညိတ်ပြသည်။ သို့သော် သူက သူမ၏ အမူအရာကို မကျေနပ်။ ''ပါးစပ်နဲ့ ပြောစမ်းပါ။ ငါ့စကားကို မင်းကြားရဲ့လားဟင်.......'' ''ဟုတ်.....ဟုတ်ကဲ့.။ ကျွန်မ ....ကြား... ကြားပါတယ် မောင်ရယ်''
ကို ဆက်ဖတ်ရန်.......

''ခင်ဗျားမိန်းမလည်း ခင်ဗျားနဲ့အတူ မဲဆွယ်တရားဟော ထွက်လိမ့်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်'' ဟု ဟင်နရီအလန်က ပြောသည်။ ''ကျိန်းသေတော့ မပြောနိုင်သေးဘူး ခင်ဗျ'' ခရစ္စတိုဖာဝင်းတားက မယုတ်မလွန် ပြန်ပြောလိုက်သည်။ မနက်တုန်းက သူ နံနက်စာ စားရန် စားသောက်ခန်းထဲ ၀င်လာတော့ လော်ရာ ရောက်မလာသေး။
''မမက သူ့ကို စောင့်မနေပါနဲ့တဲ့ အစ်ကိုကြီး။ အစ်ကိုကြီးပဲ အရင်စားသွားပါတဲ့'' ဟု ဂရီတာက ဆီး၍ ပြောသည်။ သို့ဖြင့် ယနေ့ နံနက်စာကို သူ တစ်ယောက်တည်း စားခဲ့ရသည်။ နံနက်စာစားပြီးတော့ ရုံးကိုလာခဲ့သည်။ ရုံးခန်းစားပွဲ တွင် ထိုင်၍မှ ဖင်မနွေးသေး။ ဘားမင်း ပျာပျာသလဲ ၀င်လာပြီး တစ်မြို့လုံးတွင် အချမ်းသာဆုံး ဘဏ်သူဌေးကြီး ဟင်နရီအလန် ရောက်နေကြောင်း လာပြောသည်။
''သူ့ကို ခေါ်ခဲ့ရမှာလား'' ဘားမင်းက မေးသည်။

''ခေါ်ခဲ့ပါ'' ခရစ္စတိုဖာက ပြောသည်။  ဤသို့ဖြင့် ယခုအချိန်မှာတော့ အဘိုးကြီးက သူ့ရှေ့မှ ကုလားထိုင်တွင် သူနှင့် မျက်နှာချင်းဆိုင် ထိုင်နေပြီ။ ဘဏ်သူဌေးကြီး ဟင်နရီအလန်ကို တစ်နယ်လုံးတွင် မသိသူ မရှိ။ ခပ်ကိုင်းကိုင်း အရပ်မြင့်မြင့်နှင့် ဥပဓိရုပ်ကလည်း ထူးခြားသည်။
သူသည် ကျိကျိတက် ချမ်းသာသူ တစ်ယောက် ဖြစ်သော်လည်း ကြွားကြွားဝါ၀ါ မနေဘဲ ရိုးရိုးနှင့် မှန်မှန်နေသည်။ မြို့ပြင် မှ ကျယ်ဝန်းသော ခြံဝင်းကြီး အတွင်းရှိ သူ၏ အိမ်ကြီးမှာလည်း တစ်နယ်လုံးတွင် ရှေးအကျဆုံးနှင့် အကြီးဆုံး စံအိမ်ကြီးအဖြစ် ထင်ရှားသည်။ သူတို့ နှစ်ယောက်သည် တစ်နာရီ နီးပါး မျှ အေးအေးဆေးဆေး ဆွေးနွေး ကြသည်။
သို့သော်..... ခရစ္စတိုဖာကတော့ ဟင်နရီအလန်၏ တဲ့တိုး မေးခွန်းများကို ပြန်ဖြေသည့် အချိန်မှတစ်ပါး တစ်ချိန်လုံး နားထောင်၍သာ နေသည်။

''ဘာပဲပြောပြော ကျုပ်တော့ ခင်ဗျား စီမံကိန်းကို သဘောကျတယ်''
ဟင်နရီအလန်က နိဂုံးချုပ်စကား ဆိုသည်။ ''အထူးသဖြင့် အခွန်အကောက်နဲ့ ဘတ်ဂျက် ပြုပြင်ပြောင်းလဲရေး အတွက် သတ္တိရှိရှိနဲ့ အဆိုပြုရဲတာကို ပိုပြီး သဘောကျတယ်။ ဒါတွေဟာ အလွန်လိုအပ်နေတဲ့ အချက်တွေပဲ''
သူက စကားကို ဖြည်းဖြည်းနှင့် တိတိကျကျပြောသည်။
''ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ ခင်ဗျားရဲ့ အဲဒီ စီမံကိန်းကြီး အောင်မြင်ရေးအတွက် ခင်ဗျားမိန်းမရဲ့ အကူအညီကိုလည်း ယူရလိမ့်မယ်။ ဒါနဲ့ ခင်ဗျားမိန်းမက အဏ္ဏ၀ါ ဗေဒဘာသာရပ်ကို သိပ်ပြီး စိတ်ဝင်စားတယ် ဆိုပါကလား'' ''မှန်ပါတယ် ခင်ဗျား။ သူက နယူးယောက်က အဏ္ဏ၀ါဗေဒ သိပ္ပံကျောင်းမှာ ဒုတိယ အရေးပါဆုံး ပုဂ္ဂိုလ်တစ်ယောက်ပါ'' ''ဒါဆို သူ့အနေနဲ့ အိမ်မှာနေရတဲ့အချိန် သိပ်နည်းမှာပေါ့နော်''

''မနည်းပါဘူးခင်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ သူက လောလောဆယ် စာအုပ်တစ်အုပ် ပြုစုနေပါတယ်။ သူ လေ့လာထားတဲ့ သုတေသန အချက်အလက်တွေကို အခြေခံပြီး ရေးတဲ့ စာအုပ်ပါ။ ဒါကြောင့်မို့.... သူ့အနေနဲ့ အိုးပစ်အိမ်ပစ် ထွက်သွားရ တဲ့ အဖြစ်မျိုးက ရံဖန်ရံခါလောက်ပဲ ရှိပါတယ်။ ဥပမာအားဖြင့်.... မနေ့ကဆိုရင်တော့ သူတို့ သိပ္ပံပညာရှင်တွေနဲ့ ညီလာခံတစ်ခုကို တက်ခဲ့ရပါတယ်။ တစ်ခါတလေတော့လည်း သူတို့ရဲ့ သုတေသနဌာနခွဲတွေဆီ သွားပြီး စစ်ဆေးရတာမျိုး ရှိတတ်ပါတယ်'' ''ဒီလိုဆို အတော်ပဲပေါ့ဗျ၊ သူ့အနေနဲ့ ခင်ဗျားကို အချိန်မရွေး ကူညီနိုင်တာပေါ့၊ မဟုတ်ဘူးလား'' ''မှန်ပါတယ် ခင်ဗျား။ သူ တတ်နိုင်တဲ့ဘက်က ကူညီဖို့ အသင့် ရှိတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်'' ''ဒါနဲ့.... စကားမစပ်...၊ ခင်ဗျားတို့မှာ သားသမီးတွေ ရှိပါ တယ်နော်''

တစ်ဖက်လူက အမှတ်မထင် မေးလိုက်သော မေးခွန်းဖြစ်သော်လည်း သူ့အနေဖြင့်တော့ ရုတ်တရက် မဖြေနိုင်အောင် ဆွံ့အနေ သည်။ သူသည် အတန်ကြာကြာ ချီတုံချတုံ ဖြစ်နေသည်။ နောက်ဆုံးမှ.... တုံးတိတိကြီး ပြန်ဖြေလိုက်သည်။ ''တစ်ယောက်မှ မရှိပါဘူးခင်ဗျာ''
''အင်း.... ၀မ်းနည်းစရာပဲဗျာ။ ကျုပ်ကတော့ နိုင်ငံသိ ပုဂ္ဂိုလ် တစ်ယောက်မှာ သားသမီး ရှိအပ်တယ်လို့ ထင် သဗျာ။ ကျုပ်မှာဆိုရင် ကလေးခြောက်ယောက်တောင် ရှိတယ်။ အားလုံး သားတွေချည်းပဲ။ ကျုပ်က နိုင်ငံသိ ပုဂ္ဂိုလ် တစ်ယောက်ဖြစ်ဖို့တော့ မကြိုးစားပါဘူး။ ဒါပေမဲ့ ဘဏ်လုပ်ငန်းရှင် တစ်ယောက်အနေနဲ့ သားတွေ ၀ိုင်းဝိုင်းလည်နေတာ ကတော့ အင်မတန် တန်ဖိုးရှိတယ်။ ဘ၀တည်မြဲမှုအတွက် အခြေခံ တစ်ရပ်ပဲလို့ ယုံကြည်တယ်'' ''ဟုတ်ပါတယ် ခင်ဗျား။ ကျွန်တော်တို့ လင်မယားမှာ သားသမီး မထွန်းကားတာကတော့ အလွန် ၀မ်းနည်းစရာ ကောင်းပါတယ်ခင်ဗျား'' ခရစ္စက တကယ်လည်း စိတ်မကောင်းစွာဖြင့် ၀န်ခံစကားဆိုသည်။

ဟင်နရီအလန်က ထိုင်ရာမှထလိုက်ပြီး.......
''ကိုင်း..... ကျုပ် ပြန်ဦးမှ ထင်တယ်။ စကားကောင်းနေကြတာ တစ်နာရီလောက်တောင် ကြာသွားပြီ။ ခင်ဗျား လည်း လုပ်စရာတွေ ရှိသေးတယ်။ အဲဒီတော့ ကျုပ် ကတိတစ်ခု ပေးမယ်။ ကျုပ်အနေနဲ့ ခင်ဗျားဘက်က အမြဲတမ်း ရှိနေတယ် လို့ သဘောထားပါ။ ခင်ဗျား အောင်နိုင်ရေးအတွက် လိုအပ်သမျှ ငွေကြေးကိုလည်း ကျုပ် ပေး ပါ့မယ်'' ခရစ္စကလည်း ထိုင်ရာမှ ထရပ်လိုက်သည်။

ပြီးတော့ သူ့လက်ကို ကမ်းပေးရင်း........
''မစ္စတာအလန်ကို ကျွန်တော် ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး ခင်ဗျား။ မစ္စတာအလန် အနေနဲ့ ကျွန်တော့်ရဲ့ အကြံပေး ပုဂ္ဂိုလ်များ ပါဝင်မယ်ဆိုရင်ဖြင့် ကျွန်တော့်အနေနဲ့ အတိုင်းထက်အလွန် ၀မ်းသာရမှာပဲခင်ဗျာ့'' မစ္စတာအလန်က ယဲ့ယဲ့ပြုံးရင်း...... ''ကျုပ် အသက်အရွယ်မှာ အကြံပေးတဲ့ အလုပ်ကလွဲပြီး တခြားလုပ်စရာ သိပ်မရှိတော့ပါဘူးဗျာ။ ခင်ဗျားရဲ့ ကမ်းလှမ်းချက်ကို ကျုပ် ၀မ်းမြောက်ဝမ်းသာ လက်ခံပါတယ်။ ကျေးဇူးလည်း တင်ပါတယ်'' ''ဟုတ်ကဲ့ခင်ဗျား။ အခုလို လူကြီးမင်း လက်ခံတဲ့အတွက် ကျွန်တော်လည်း အများကြီး ဂုဏ်ယူပါတယ်။ အဲဒီတော့...... မကြာခင်မှာ ကျွန်တော့်ရွေးကောက်ပွဲ မန်နေဂျာ ဂျိုးဘားမင်း လူကြီးမင်းဆီ လာပါလိမ့်မယ်'' နှစ်ယောက်သား လက်ချင်းဆုပ်ကာ အားရပါးရ နှုတ်ဆက်ကြသည်။

ထို့နောက် ခရစ္စက ဧည့်သည်တော်ကြီးအား တံခါးဝအထိ လိုက်ပို့သည်။
တံခါးကို ပြန်ပိတ်လိုက်သည်။ ချက်ချင်းလိုပင် တံခါး ပြန်ပွင့်သွားပြီး ဂျိုးဘားမင်း ၀င်လာသည်။ သူက အလောတကြီး မေးသည်။ ''သူ... သူ ဘာပြောသွားသလဲ...ဟင်။ သူ ကူညီမယ်လို့ ပြောသွားသလား ဟင်''
''သူ ကူညီလိမ့်မယ်။ ခင်ဗျား သူ့ဆီ သွားတွေ့လိုက်ဦး'' ''ဒီနေ့ သွားတွေ့ရမှာလား''
''ဒီနေ့ မဟုတ်သေးဘူး။ မနက်ဖြန်လည်း မဟုတ်သေးဘူး။ သုံးလေးရက်လောက်တော့ စောင့်လိုက်ပါဦး။ ကိုင်း.... ဒီနေ့ ကျုပ် တစ်ယောက်တည်း ခဏနေပါရစေဦး။ ခေါင်း အေးအေးထားပြီး နည်းနည်း စဉ်းစားလိုက်ချင်လို့......'' ဘားမင်း က သူ့မျက်နှာကို အားတက်သရော ကြည့်ပြီး မေးလိုက်သည်။

''ဒါနဲ့....... ဟိုကိစ္စ ခင်ဗျားမိန်းမကို မပြောသေးပါဘူး...နော်။ အို.... ထားလိုက်စမ်းပါ။ ကျွန်တော့်ကို ဘာမှ မပြောပါနဲ့။ ကျွန်တော် သိလည်း မသိချင်တော့ပါဘူး။ ကဲပါ အေးအေးဆေးဆေးသာ စဉ်းစားပါ။ ဘယ်သူမှ ခင်ဗျားဆီ မလာစေရပါဘူး'' ဘားမင်းက တံခါးကို ဖွင့်ပြီး ပြန်ထွက်သွားပါသည်။

တစ်ခန်းလုံး တိတ်ဆိတ်နေသည်။
စာရေးစားပွဲတွင် ၀င်ထိုင်လိုက်သည်။ ဦးခေါင်းကို အောက်စိုက်ထားသည်။ အံကို ကြိတ်ထားသည်။ လက် နှစ်ဖက်ကို စာရေးစက္ကူကတ်ပေါ်တွင် တင်ကာ ကျစ်ကျစ်ပါအောင် လက်သီးဆုပ်ထားသည်။ သည်ကိစ္စကို တစ်ခုခု ၀ီထိပေါက်အောင် အပြတ်လုပ်ရတော့မည်။ အချိန်ဆွဲထားလို့တော့မဖြစ်တော့။
ကလေးကိစ္စ ဘယ်လို လုပ်ရမှာလဲ။ ကိုယ်လုပ်ချင်တာ လုပ်လို့မဖြစ်။ လုပ်သင့်တာကိုပဲ လုပ်ရမည်။
ရွေးကောက်ပွဲ ကိစ္စကော ဘယ်လိုလုပ်ရမှာလဲ ၊ ဆက်လုပ်လို့ဖြစ်ပါ့မလား။ လုံးဝ ပြန်လည် ရုပ်သိမ်းလိုက်ရမှာလား။ တစ်ခုတော့ သတိထားရသည်။ လော်ရာ့ဆန္ဒ လောရာ့သဘောထားအတိုင်း လုပ်၍တော့မဖြစ်။ ကိုယ့်ကိစ္စ ကိုယ့်ဆန္ဒအတိုင်းပဲ ဆုံးဖြတ်ချက် ချရမည်။
သူ သဘောတူချင်လည်းတူ။ မတူချင်လည်းနေ။ သူ့ကိစ္စ သူပဲ ဆုံးဖြတ်ပါစေ။ သို့ပေမဲ့ ... ငါ့ကိစ္စအတွက် သူက၀င်ပြီး ဆုံးဖြတ်ပေးတာတော့ မဖြစ်ရဘူး။

စိတ်ကို တုံးတုံးချလိုက်ပြီးနောက် လက်ဆွဲသားရေအိတ်ကို ဖွင့်လိုက်သည်။ စာရွက်တွေထဲ လက်နှိုက်ပြီးစမ်း သည်။ အပြာရောင် စာအိတ် ကလေးကိုတွေ့ပြီ။ စာအိတ်ထဲတွင် စာအပြင်နောက်ထပ် စက္ကူချပ်မာမာကလေး တစ်ခုကိုလည်း စမ်းမိသည်။ ယခင်က သည်စက္ကူချပ်ကလေးကို လုံးဝသတိမပြုမိခဲ့။
စာအိတ်ထဲမှာ စာကိုရော။ စက္ကူချပ်ကလေးကိုရော ဆွဲထုတ်လိုက်သည်။
ဟင် ... ဓာတ်ပုံကလေးပါလား။ ဓာတ်ပုံထဲမှကလေးက သူ့မျက်နှာကို စိုက်ကြည့်နေသည်။ လည်ပင်းရှည်ရှည်။ နားရွက်ကြီးကြီး မျက်နှာ ဟောက်ဟောက်ကလေးနှင့် .....။ သူချက်ချင်း မှတ်မိသည်။ မျက်လုံးတွေကတော့ အာရှမျက်လုံး။ သူ့မျက်လုံးတွေ ရုတ်တရက် ပူနွေးလာသလို ခံစားလိုက်ရသည်။ သူမျက်ရည် ထွက်နေပြီ။

ငါ့သားကလေး... ငါ့သားကလေး...။
လောကတွင် လူမှန်သမျှ သားယောက်ျားကလေး လိုချင်ကြသည်။ သူလည်း လိုချင်သည်။ သို့်သော် သည်ကလေးမျိုးတော့ မဟုတ်။ သည် မျက်နှာမျိုးနှင့် ကလေးမျိုျးနှင့် ကလေးမျိုးတော့ သူမလိုချင်။
သူလည်ချောင်းထဲတွင် တင်းကျပ်လာသည်။ သူ့ရင်ထဲတွင် ငိုပွဲဆင်နေပြီ။ အာရှသူမှ မွေးဖားသော သူ့ရင်သွေးအတွက် သူမျက်ရည်ကျနေပြီ။ သူငိုနေပြီ။
''သြော်.... လော်ရာရယ်''
သူက အသံထွက်၍ ညည်းလိုက်မိသည်။ ပြီးတော့... တယ်လီဖုန်းကို ကောက်ကိုင်လိုက်သည်။
တစ်ဖက်မှ ဖုန်းမြည်သံ ကြားရသည်။ သူနားစွင့်နေသည်။ ရင်တွေတဒိတ်ဒိတ် ခုန်နေသည်။

''ဘယ်သူပါလဲ။ သြော်....မောင်လား''
''ဟုတ်ပါတယ်....လော်ရာ။ ကိုယ်ပါ။ ကိုယ်ရုံးက လှမ်းဆက်တာပါ။ ဒီမှာ ကိုယ်ပြောစရာတစ်ခု.... ''
သူဘာကိုပြောရမှာလဲ...။ ဘယ်လို ပြောရမှာလဲ။ သူဘာမှ မပြောတတ်အောင် ဖြစ်နေမိသည်။ သူနှုတ်ဆွံ့ နေသည်။ အသက်ပင် မရှူမိတော့။ ''မောင်.....ပြောလေ။ ဘာပြောမလို့လဲ....ဟင်''
သူဘာမှပြန်မပြောနိုင်။ ဖုန်းခွက်ကို ပါးစပ်ဝကပ်ပြီး ငိုင်နေသည်။
''ဘယ့်နှယ်...မောင်၊ မောင်....နေမှကောင်းရဲ့လားဟင်။ ကျွန်မ လာခဲ့ရမှာလား...ဟင်''
သူက အားယူပြီး စိတ်ကို တင်းလိုက်သည်။ သူက လော်ရာ့ထံမှ  သနားကြင်နာမှုကို မလိုချင်။ နားလည်မှုကိုသာ လိုချင်သည်။

''ခဏ....ခဏ.... ''
သူ့အသံက အက်နေသည်။ လည်ချောင်းတစ်ချက် ရှင်းလိုက်ပြိးတော့မှ ဆက်ပြောသည်။
''ဘာကြောင့်မှန်းတော့ ငါမပြောတတ်တော့ဘူး။ ရုတ်တရက် ဖုန်းကောက်ကိုင်ပြီး မင်းဆီ ဆက်လိုက် မိတာပဲ။ အေး.... ဟုတ်ပြီ။ ဒီမှာ ဓာတ်ပုံတစ်ပုံ တွေ့လို့.... ''
''ဓာတ်ပုံ.... ဟုတ်လား'' ''ဟုတ်တယ်။ မနေ့ညတုန်းက ငါမတွေ့မိဘူး။ အခု င့ါရုံးခန်းထဲမှာ ငါ တစ်ယောက်တည်း ပဲ ရှိတယ်။ အဲဒါ.... ဟိုစာကို ထပ်ဖတ်ကြည့်မလို့ ပြန်ဖွင့်လိုက်တော့ စာအိတ်ထဲမှာ ဓာတ်ပုံကလေး တစ်ပုံ ထွက်လာတယ်။ စာအိတ် အောက်ဆုံးမှာ ကပ်နေလို့ ဟိုတုန်းက မတွေ့ခဲ့တာ''
''ဓာတ်ပုံက...ဟို... မိန်းမ ဓာတ်ပုံလား'' ''အို....မ...မဟုတ်ပါဘူး။ မဟုတ်ဘူး။ သူ့ဓာတ်ပုံ မဟုတ်ဘူး။ ကလေး.... ကလေးရဲ့ ဓာတ်ပုံပါ လော်ရာ။ အဲဒါ...အဲဒါ... '' တစ်ဖက်မှ ဘာသံမှ ပေါ်မလာ။ ပိတ်ပိတ်သား တိတ်ဆိတ်လျက်...။ အကြာကြီး တိတ်ဆိတ်နေသည်။

သူစောင့်နေသည်။ နားစွင်နေသည်။ နာရီပေါင်းများစွာ ကြာသွားပြီဟု ထင်မှတ်မိသည်။ ယခုတစ်ကြိမ်တော့ သူ့အလှည့်ရောက်ပြီ။ ''လော်ရာ.. မင်းနေလို့မှ ကောင်းပါရဲ့လား ...ဟင်'' ဟု အော်ပြီး နားစွင့်နေသည်။
နောက်တော့မှ တစ်ဖက်မှ အသံပေါ်လာသည်။ ''ကျွန်မ ခုချက်ချင်း ထွက်လာခဲ့မယ်...မောင်။ ကျွန်မ ကား ယူလာခဲ့မယ်။ ကျွန်မကို ဆက်ဆက်စောင့်နေပါ။ ဒီကြားထဲ ဘယ်သူ့ကိုမှ လက်ခံ တွေ့ဆုံ မနေပါနဲ့''
''စိတ်ချ... ကိုယ်စောင့်နေမယ်။ ဘယ်သူ့ကိုမှ မတွေ့ပါဘူး''
သူ တကယ်ပင် ဆင်ဝန်ခန်းမှ ထွက်၍ လော်ရာကို စောင့်ကြိုနေသည်။
ဘားမင်းနှင့် ရုံးအမှုထမ်းများအား သူ့တွင် အရေးပေါ် ကိစ္စတစ်ရပ်ဆောင်ရွက်စရာ ရှိ၍ အပြင် သွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။ သူ့အတွင်းရေးမှူး စာရေးမက ဓာတ်လှေကားနားအထိ သူ့နောက်မှ လိုက်လာ သည်။

''ဒါပေမဲ့..ဒီနေ့ လုပ်စရာ အလုပ်တွေက.... ''
သူက စကားဆုံးအောင် နားမထောက်ဘဲ ဖြတ်ပြောလိုက်သည်။
''အို...လုပ်စရာ ရှိရှိ မရှိရှိ  ထားလိုက်စမ်းပါ။ မနက်ဖြန်မှ လုပ်မယ်''
ယင်းသို့ ပြောပြီး သူက ဓာတ်လှေကားထဲ လှမ်းဝင်လိုက်သည်။
အင်္ကျီအိတ် လက်နှိုက်၍ စမ်းကြည့်သည်။ အိတ်ထဲတွင် စာနှင့်ဓာတ်ပုံရှိသည်။
အတော်ပဲ။ ဒီစာနဲ့ဓာတ်ပုံတွေကို လော်ရာ့ကို ထုတ်ပြဖို့ အချိန်ရောက်ပြီ။

သူက ဆုံးဖြတ်ချက် တစ်ခုကို ယတိပြတ် ချမှတ်ထားပြီး ဖြစ်သည်။ ကိုရီးယားသို့ သူကိုယ်တိုင် သွားမည်။ သားကလေးကို ကိုယ်တိုင်သွားကြည့်ရမည်။ ဆွန်ယာ့ ကိစ္စက ဘာမှ အရေးမကြီး။ ဆွန်ယာ့အတွက် ဘာမှ ပူစ၇ာ မလို။ သားကလေးအတွက်သာ ပူရမည်။ ကလေးအတွက် ဖခင်ဖြစ်သူတွင် တာဝန်ရှိသည် ဆိုတာကို လော်ရာ့အနေဖြင့်လည်း နားလည်နိုင်ပါလိမ့်မည်။
ဟုတ်တယ်....လော်ရာ။ ကလေးအတွက် ငါ့မှာ တာဝန်ရှိတယ်။ သူ့အခြေအနေကို ငါသိသင့်တယ်။ သူ့အတွက် ဟိုတုန်းက ငါဘာတာဝန်မှ မယူခဲ့ဘူး။ အခုတော့ ငါ့နေနဲ့ တာဝန်ယူရတော့မယ်။ တကယ်ဆို နောက်တောင် ကျသွားပြီ။ အို....သိပ်လည်း နောက်မကျသေးပါဘူးလေ။ အချိန်တွေ အများကြီး ရှိပါသေးတယ်။

သူသည် ဆင်ဝင်အောက်တွင် ရပ်စောင့်ရင်း အတွေးနက်နေသည်။ နောက်ဆုံး စိတ်မရှည်တော့သဖြင့် လမ်းမပေါ် ထွက်လာခဲ့သည်။ နွေဦးပေါက် လေညင်းကလေးက တသွင်သွင် သုက်ဖြူးနေသည်။ အပြာရောင် ကောင်းကင်တွင် ဖြူဖွေးနေသော တိမ်လိပ်များက ဂွမ်းဆိုင်ပမာ တရွေ့ရွေ့လွင့်မျောနေကြ သည်။ ကြည်နူး စရာ ကောင်းလှသော မင်္ဂလာနံနက်ခင်းပင်။
ဟော...ဟိုမှာ... လော်ရာ လာနေပြီ။ သူမသည် မွေးနေ့လက်ဆောင်အဖြစ် သူဝယ်ပေးထားသော အစိမ်းရင့် ရောင် ကားကလေးကို ကိုယ်တိုင်မောင်းလာသည်။ လက်နှစ်ဖက်တွင် လက်အိတ်စွပ်ထားပြီး မီးခိုးရောင် ၀တ်စုံ ကို ၀တ်ထားသည်။ ခေါင်းပေါ်တွင်တော့ ဦးထုပ်မပါ။ ဆံညွန့်ကလေးတွေက မျက်နှာပေါ်တွင် ရစ်ဝိုင်း နေကြသည်။
သူမ၏ မျက်နှာက သွေးရောင်ကင်းပြီး ဖြူရော်ရော် ဖြစ်နေသည်။ သူမငိုများ ငိုလာတာလား။ အတိအကျ တော့ မပြောနိုင်။ သို့သော် သူမကို ကြည့်ရသည်မှာ စိတ်ကို တင်းထားပုံရသည်။ သူမက သူ့မျက်နှာကို စူးစူးရဲရဲ ကြည့်နေ သည်။

သူက ကားရှေ့ပိုင်းတွင် ၀င်လိုက်သည်။
''ကိုယ် မောင်းရမလား''
''ဟုတ်ကဲ့...ကောင်းပါတယ်''
သူမက ခင်ပွန်းသည် ဘေးတွင် နေရာပြောင်းထိုင်လိုက်သည်။
ကားကလေးသည် မြို့တွင်းလမ်းများအတိုင်း ကွေ့ပတ်မောင်းနှင်လာခဲ့ပြီးနောက် ရိပ်သာ လမ်းကျယ်ကြီး ပေါ် သို့ ရောက်လာခဲ့သည်။
တစ်ယောက်မ စကားမပြောကြ။
ခရစ္စက ဇနီးသည်၏ မျက်နှာကို နှစ်ကြိမ် သုံးကြိမ်မျှ လှည့်ကြည့်ပြီး ပြုံးပြသည်။ ဇနီးသည်ကလည်း ပြန်၍ ပြုံးပြသည်။ သည်တော့မှ သူနေသာထုင်သာ ရှိသွားသည်။
''ကိုယ့်အနေနဲ့ မင်းကို သိစေချင်တာက... ''
မြို့ပြင် လမ်းမကြီးပေါ်သို့ ရောက်လာသောအခါ သူက ဆိုင်းမဆင့် ဗုံမဆင့် ပြောလိုက်သည်။

''ကိုယ် ဘယ်လို ဆုံးဖြတ်ချက် ချထားပြီးပြီ ဆိုတာကို မင်းကို အသိပေးရမယ့် တာဝန် ကိုယ့်မှာ ရှိတယ်။ မင်းအနေနဲ့လည်း မင်းကြိုက်သလိုဆုံးဖြတ်ချက် ချနိုင်ပါတယ်''
''ကျွန်မ အနေ နဲ့ ဆုံးဖြတ်ချက်ချလို့ ဘယ်ဖြစ်ပါ့မလဲ။ ဒီကိစ္စက ကျွန်မတို့အားလုံးနဲ့ ဆိုင်နေတယ်။ အဲဒီတော့ ကျွန်မ တို့ လေးယောက်စလုံးဆုံးဖြတ်မှ ဖြစ်မယ်။ ကလေးရယ်၊ သူ့အမေရယ်၊ မောင်ရယ်၊ ကျွန်မရယ် ဆုံးဖြတ် ရမယ်။ အဲဒါမှ အားလုံးအတွက် အမှန်တရား ဖြစ်နိုင်မယ်''
''ငါ့ အင်္ကျီအိတ်ထဲမှာ။ လက်နဲ့ နှိုက်ယူလိုက်''
လော်ရာက သူ့အင်္ကျီဘေးအိတ်ထဲကို လက်နှိုက်ပြီး စာအိတ်ကို ယူလိုက်သည်။ စာအိတ်ကို ဖွင့်ပြီး ဓာတ်ပုံ ကို သူ့အင်္ကျီအိတ်ထဲ ပြန်ထည့်ထားလိုက်သည်။

သူမက ဘာစကားမှမပြောဘဲ ငြိမ်ချက်သားကောင်းစွာဖြင့် ထိုင်လိုက်လာသည်။ 
သူ ဘာကြောင့်များ စကားမပြောတာပါလိမ့်။ သူဘာသဘောနဲ့ နှုတ်ပိတ်နေတာပါလိမ့်။
ခရစ္စ၏ စိတ်ထဲတွင် မရိုးမရွှ ဖြစ်လာသည်။ သို့သော်.....သူကမေးတော့ မမေးမိ။
မကြာမီတွင် ပင်လယ်ကမ်းခြေကို လှမ်းမြင်လာရသည်။ လေထုထဲတွင် ဆားငန်နံ့နှင့် အရွှံနံ့များ သင်းနေ သည်။
''တို့သွားနေကျ ကွေ့ကလေး ကို သွားမလား''
သူတို့သွားနေကျ ကွေ့ကလေးမှာ ပင်လယ်ကမ်းစပ်မှ သောင်ကွေ့ကလေးဖြစ်သည်။ သောင်ပေါ်တွင် သဲသောင်ကုန်း ကလေးများ ဖြစ်ပေါ်နေ၍ အလွန် ကြည်နူးစရာ ကောင်းသည်။

''အမှန်အတိုင်းပြောရရင် ကျွန်မဟာ မောင့်ကို ခက်ခက်ခဲခဲ တွေ့ရှိခဲ့ရတယ်။ ကျွန်မ မေမေ မှားခဲ့တဲ့ အမှား မျိုးကို မမှားမိအောင် ကျွန်မ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ ကျွန်မကို အသိဥာဏ် ပေးခဲ့တဲ့ လူဟာ မေမေပါ။ ဖေဖေ မဟုတ်ပါဘူး။ မေမေဟာ အသက်အရွယ် ကြီးရင့်လာတဲ့အခါ အဖော်မဲ့ပြီး အထီးကျန်ဘ၀ မှာ စိတ်မချမ်းမသာ နဲ့ နေသွားခဲ့ရရှာတယ်။ ကျွန်မဟာသိပ္ပံပညာရှင် အမျိုးသမီးကြီး မဒမ်ကျူရီအကြောင်း ဖတ်ဖူးပါတယ်။ ကျွန်မ မေမေလည်း မဒမ်ကျူရီလိုပဲ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားစေချင်တဲ့ ဆန္ဒတွေ ဖြစ်ပေါ်မိခဲ့တယ်။ မေမေဟာ မဒမ်ကျူရီလိုပဲ ခံစားနားလည်မှု ရှိတဲ့ ယောက်ျားမျိုးနဲ့ ညားခဲ့ရင် သိပ်ကောင်း မှာပဲလို့လည်း တွေးမိခဲ့ပါတယ်။ တစ်ချိန်တည်းမှာ.....ငါ အိမ်ထောင်ပြုရင်လည်း ငါ ဘာပြောနေတယ် ဆိုတာ နားလည် ခံစားနိုင်တဲ့ ယောက်ျားကိုမှ လက်ထပ်မယ်လို့လည်း ဆုံးဖြတ်ချက် ချခဲ့မိ ပါတယ်။

ဒါကြောင့်မို့ လည်းဆုံးဖြတ်ချက် ချခဲ့မိပါတယ်။ ဒါကြောင့် မို့လို့လည်း မောင် ကိုရီးယားက ပြန်ရောက်လာတဲ့အခါ ကျွန်မ ဟာကျွန်မ ၀ါသနာပါတဲ့ သိပ္ပံသုတေသနအလုပ်ကို အားသွန်ပြီး ဖိလုပ်ခဲ့တယ်။ မောင်ကလည်း ကျွန်မရဲ့ အခြေအနေကို နားလည်ခဲ့တယ်။ ကျွန်မကို မောင် နားမလည်ခဲ့ရင်လည်း ကျွန်မ သိခဲ့မှာပါပဲ''
''ဟုတ်ပါတယ်..... မင်းကို ငါနားလည်ခဲ့ပါတယ်။ ဘယ့်နှယ် နားမလည်လို့လည်း ရမှာလဲ။ မင်းက ငါ လုံးဝ မသိတဲ့ အကြောင်းတွေကို ပြောပြနေတာကိုး။ ငါဘယ်တော့မှ မစဉ်းစားမိတဲ့ အကြာင်းတွေကို မင်းက ငါ့ကို ပြောပြနေတာကိုး''
''ကျွန်မမေမေ ပြောလေ့ရှိတဲ့ စကားတစ်ခွန်း ရှိတယ်။ ယောက်ျားတွေဟာ အသိဥာဏ်ရှိတဲ့ မိန်းမမျိုးကို မလိုချင်ဘူး တဲ့။ ဒါကြောင့်.... မေမေက သူ့ကို ခွင့်လွှတ်ဖို့ ဖေဖေဆီမှာ တောင်းပန်ခဲ့တယ်။

ဒါပေမဲ့...ကျွန်မ ကတော့ဖေဖေ့ကို မုန်းတယ်....မောင်''
''အို....ဟုတ်လား''
''ကျွန်မ မှာ အလှတစ်ခုတည်းသာ ရှိခဲ့ရင် မောင့်အနေနဲ့ ကျွန်မကို လက်ထပ်နိုင်ပါ့မလား''
''ဟင့်အင်း....ဘယ်ထပ်နိုင်ပါမလဲ''
''ဒါမှမဟုတ်.....လုံးဝ မလှဘူးဆိုရင်ကော.... ''
သူချက်ချင်း မဖြေနိုင်။ အင်တင်တင်ဖြစ်နေသည်။ ပြီးတော့မှ....
''အဲဒါတော့....မောင် ကျွန်မကို ဘာကြောင့် လက်ထပ်သလဲဟင်''
''မင်းကိုငါ မြင်မြင်ချင်း ချစ်မိခဲ့တယ်။ အဲဒီ မင်းဝတ်စုံအဖြူ၊ ဦးထုပ်အဖြူကြီးနဲ့ ကိုယ်ဟန်ပြမယ် လုပ်တဲ့နေ့ ကပေါ့'' ''တကယ်လို့ ကျွန်မဟာ အသိဥာဏ် မရှိဘူးဆိုရင်ကော...ဘယ်လိုသဘောထားမလဲ''

''အဲဒီလိုဆိုရင် မင်းကိုငါ သတိတောင် ရတော့မှာ မဟုတ်ဘူး။ လောကမှာ ရုပ်ချောတဲ့ မိန်းကလေးတွေ တစ်ပုံကြီး ရှိပါတယ်။ မင်းက အင်္ဂါနဲ့ ကြာသပတေးနေ့တွေမှာ ကိုယ်ဟန်ပြမယ် လုပ်တယ်။ ကျန်ရက်တွေမှာ အဏ္ဏ၀ါ သူတေသနလုပ်ငန်း လုပ်တယ်။ အဲဒါကြောင့် မင်းကိုငါက စွဲလမ်းမိခဲ့တယ်။
''အဏ္ဏ၀ါဗေဒ ကို မောင်က ဘယ်တော့မှ စိတ်မ၀င်စားခဲ့ပါဘူး''
''ဒါက အဓိကအချက် မဟုတ်ပါဘူး။ မင်းလည်း ဟိုတုန်းက နိုင်ငံရေးကို စိတ်မ၀င်စားခဲ့ပါဘူး။ တို့နှစ်ယောက် တစ်ယောက်အတွက်တစ်ယောက် တံခါးဖွင့်ခဲ့ကြတယ်။ ဒါဟာ သိပ်ပြီး စိတ်လှုပ်ရှားစရာ ကောင်းတယ်။ တို့ အတွက် နေ့တိုင်း စိတ်တက်ကြွ လှုပ်ရှားစရာကောင်းတယ်။ တို့အတွက် နေ့တိုင်း နေ့တိုင်း စိတ်တက်ကြွ လှုပ်ရှားစရာတွေပဲ ကြုံနေ၇တယ်။ ငါက အ၀တ်အစားကို ဘယ်လို လှအောင် ၀တ်ရမယ်ဆိုတာကိုပဲ စိတ်ဝင်စားနေ တဲ့ မိန်းမမျိုးကို မလိုချင်ဘူး။ လင်မယားဆိုတာ လိင်ကိစ္စကို အခြေခံပြီး ဖွဲ့စည်းထား တဲ့ ကော်မတီတစ်ခုဆိုပေမဲ့ အသိဥာဏ်ရှိရှိနဲ့ကြင်နာမှု နားလည်မှု မျှဝေခံစားမှုရှိတဲ့ မိန်းမမျိုးကိုမှ ငါက သဘော ကျတယ်''

သူက ကိုယ်ကိုကိုင်းပြီး ဇနီးသည်၏ မျက်နှာကို စေ့စေ့စပ်စပ် ကြည့်နေသည်။ သူ့လက်နှစ်ဖက်ကို သူမ၏ ဆံပင်တွေကြား ထိုးထည့်ထားသည်။ ''မင်းကို ငါ ဘယ်လောက် ချစ်တယ်ဆိုတာ မင်းအသိဆုံးပါလော်ရာ''
သူမက ခင်ပွန်းဖြစ်သူ၏ မျက်နှာကို မော့ကြည့်လိုက်ပြီး.... ''ဒါဖြင့်... မောင်က ဆွန်ယာကိုရော ဘယ်လိုအချစ်မျိုးနဲ့ ချစ်ခဲ့တာလဲ''
သူမဆံပင်ကြား ထိုးထည့်ထားသော သူ့လက်တွေ အလိုလို ပြုတ်ကျသွားသည်။ သူမက လှမ်းကိုင်လိုက် သည်။ ပြီးတော့....သူမ၏ ရင်ဘတ်နှင့် ဖိကပ်ထားလိုက်သည်။ ''မဟုတ်သေးဘူး....နေဦး...မောင်က ကျွန်မကို ရှင်းပြပါဦး။ ကျွန်မသိချင်တာက .....ဒါပေမဲ့ ကျွန်မ စိတ်ဆိုး လို့မဟုတ်ပါဘူး။ ကျွန်မ အသည်းများ ကွဲနေသလား ဆိုတာလည်း ကျွန်မ အတိအကျ မသိတော့ပါဘူး။ မောင့်နေနဲ့ ကျွန်မကို ဘယ်တော့မှ မပေးခဲ့တဲ့ အရာဟာ ဘာလဲဆိုတာ ကျွန်မသိချင်တယ်။သိလည်း သိရ မယ်။ အို... ကျွန်မ ဒီစကား ပြောချင်တာ မဟုတ်ပါဘူး။ ကျွန်မ ဆိုလိုတာက ဒီလို မဟုတ်ပါဘူး။ ကျွန်မ ထပ်ပြီး ပြောကြည့်ဦးမယ်''

သူမက လင်တော်မောင်ကို ဆွဲဆောင်နိုင်တဲ့ အချက်တစ်ခုတော့ ရှိတယ်။ အဲဒါ ကျွန်မမှာ မရှိဘူး။ အဲဒါ ဘာများပါလိမ့်။ အဲဒါ ကျွန်မမှာ ရှိချင်ရှိမယ်။ ဒါပေမဲ့.... ကျွန်မတော့ လုံးဝ မသိဘူး။ သူက မောင့်ကို ဘာပေးသလဲ။ ကျွန်မ မပေးနိုင်တာ ဘာပေးသလဲ။ ဒီစကားပြောလို့ ကျွန်မကို အထင်မလွဲပါနဲ့။ ကျွန်မ ပြောနေတာ သ၀န်တိုလို့ မဟုတ်ပါဘူး။ လေးစားမှုနဲ့ ပြောနေတာပါ။ ဖြစ်နိုင်ရင် ကျွန်မကိုယ်တိုင် သူ့ကို မေးကြည့်ချင်တယ်။ လေးလေးစားစားနဲ့ မေးကြည့်ချင်ပါတယ်။  သူမက စကားကိုရပ်ပြီး ခရစ္စ၏မျက်နှာ ကို စေ့စေ့ကြည့်လိုက်သည်။ ပြီးတော့ ဆက်ပြောပြန်သည်။ ''ဟုတ်တယ်။ ဖြစ်နိုင်ရင် ကျွန်မ လိုက်သွားချင်တယ်။ တကယ်ဆိုရင်မဖြစ်နိုင်စရာလည်း မရှိပါဘူး'' ''အို...မင်းကလည်း အဓိပ္ပာယ် မရှိတာ ပြောနေပြန်ပြီ။''

သူက စိတ်မရှည်တော့သဖြင့် လွတ်ခနဲ အော်ပြောလိုက်မိသည်။ နောက်တော့မှ သတိရမိပြီး သူ့စိတ်ကို ထိန်း၍ အေးအေးဆေးဆေး ပြောသည်။
''ဒီမှာ...လော်ရာ....ငါပြောတာကို သေသေချုာချာ နားထောင် စေချင်တယ်။ အခု မင်းပြောနေတာတွေကို ဆွန်ယာက ဘာမှ နားလည်မှာ မဟုတ်ဘူး။ တကယ်တော့ ငါလည်း နားမလည်ပါဘူး။ ကလေး ဘယ်လို နေသလဲဆိုတာ ငါ သွားကြည့်ချင်တယ်။ သူကျောင်းတက်ပြီး ပညာသင် နိုင်အောင်လုပ်ပေး ချင်တယ်။ လိုအပ်ရင် ကျောင်းအိပ်ကျောင်းစားအဖြစ် အပ်ထားခဲ့ရမယ်။
''အဲအီတော့....မောင်က ဆွန်ယာ့ ကို ဘာမှမတိုင်ပင်ဘဲ ကိုယ့်သဘောနဲ့ကိုယ် လုပ်မလို့လား။ ဒီကလေးက သူ့ကလေး ပါ။ သူက အမေပါ''

''ဘာလဲ....မင်းက သူ့ဘက်က သူ့ကလေး ပိစိကွေးကလေး အရွယ်ကတည်းကထွက်လာခဲ့တယ်။ အဲဒီ ကတည်းက လုံးဝပစ်ထားလိုက်တယ်။ ခုတော့...ကလေးကို ကျောင်းအပ်ဖို့ ကိစ္စတောင် မောင်က ပြောနေပြီ။ တကယ် ဆိုရင်....မောင်က ဒီလောက်ထိ မစိုးရိမ်သင့်ဘူး။ ဒီကလေးမှာ သူ့အမေ ရှိပါသေး တယ်။ မောင်က မေ့ထားတဲ့ ကာလတွေ တစ်လျှောက်လုံး သူ့အမေက ပြုစုစောင့်ရှောက်လို့ပဲ ဒီအရွယ်တောင် ရောက် လာပြီပဲ'' ''အဲဒါတော့ သေချာပေါက် ပြောလို့ ဘယ်ရမှာလဲ''
''မောင် ဘာကို ဆိုလိုတာလဲ'' ''ဟာ...လော်ရာ။ ဟိုမှာ....ဒီရေတွေ တက်လာပြီ။ တို့ဆီရောက်လာတော့မယ်''
သို့ဖြင့် နှစ်ယောက်သား ကုတ်အင်္ကျီတွေ ကမန်းကတန်း ကောက်ယူပြီး လက်ချင်းယှက်ကာ ထပြေးလာခဲ ကြသည်။ ဒီရေလွတ်သော အပေါ်ပိုင်း သောင်ပြင် တစ်နေရာတွင် ပြန်၍ လှဲအိပ်လိုက်ကြသည်။

ဆက်ရန်
.

1 comment:

နော်နော် said...

ဇာတ်လမ်းကတော့ စာဖတ်သူကို တဖြည်းဖြည်း ဆွဲခေါ်သွားဘီ မမရေ..ဖတ်လို့အရမ်းကောင်းပါတယ်။ကျေးဇူးပါ။