Sunday, August 26, 2012

မောင်ပေါ်ထွန်း ဘာသာပြန် ရေမြေခြားသော်လည်း, အပိုင်း (၄)

“တောင်းပန်ပါတယ်ရှင်” “ငါကလည်းဦးနှောက်ရှိတဲ့ မိန်းမကိုမှ လက်ထပ်ချင်တာ” လော်ရာ က ဓားနှင့်ခက်ရင်း ကို ပန်းကန်ပြားပေါ် ပြန် ချလိုက်ပြီး
“ကဲပါ.... မောင်၊ ဒီအကြောင်တွေ ဒီတင်ပဲ ရပ်လိုကြပါစို့..” “ဘယ်တော့မှ မရပ်နိုင်ဘူး။ တစ်သက်လုံး ပြော သွားမယ်” “တကယ်လား ဟင်” “တကယ်မကဘူး.. နှစ်ကယ်” ရုတ်တရက် တံခါးပွင့်ပြီး ဂရီတာ ဝင်လာသည်။ သူမအား အစားအစာ လာချသော အချိန်မှတစ်ပါး ဘယ်တော့မှ စားသောက်ခန်း ထဲ ဝင်မလာရန် ခရစ္စက ပြောထားသည်။ “ငါက စားသောက်ချိန်မှာ တို့ လင်မယားနှစ်ယောက် တည်းပဲ ရှိစေချင်တယ်”ဟု သူက အမြဲတမ်း ပြောလေ့ ရှိသည်။
ကို ဆက်ဖတ်ရန်.............

ဂရီတာက မဝံ့မရဲ့ဟန်ဖြင့်....
“ခွင့်ပြုပါ အစ်ကိုကြီး၊ မစ္စတာဘားမင်း ရောက်နေပါတယ်။”
သူက လက်ပတ်နာရီကို တစချက် စောင်းကြည့်လိုက်ပြီး
“အို.. အေး .. ဟုတ်သားပဲ။ သူ တော်တော်စောတယ်။ သူလည်းတိုပနဲ့အတူ ကော်ဖီသောက်ပါစေ ဂရီတာ”
“ဟုတ်ကဲ့ပါ အစ်ကိုကြိး ဂရီတာ ပြန်ထွက်သွားသည်။ ခဏအကြာတွင် ဂျိုးဘားမင်းက ထုံးစံအတိုင်း သွက်လက်မြူးကြွ စွာဖြင့် စကားပြောရင်း ဝင်လာသည်။
“အလို ကျွန်တော်တို့ ပြည်တယ်အုပ်ချုပ်ရေးမှူးကတော်ကြီးတောင် သိပ္ပံပညာ တောနက်ကြီး ထဲက ပြန်ရောက် ပါပကော။ ဟုတ်တယ်ဗျာ.. တကယ်ပါပဲ။ ခင်ဗျားရုပ်ကိုကြည့်ပြီးပြောရင်တော့ အကျည်းတန်တယ်လို့ ပြောတာ မဟုတ်ပါဘူး။ ကျွန်တော်ဆိုလိုတာက ခင်ဗျားက လူပန်သလောက် ဦးနှောက်ကောင်းတဲ့ အမျိုးသမီးပါ။

ဒါကိုတော့ ကျွန်တော် အမြဲတမ်းပြောရဲပါတယ်။ သြော်... ဒါနဲ့ ဘယ်လိုလဲ။ ကိုယ့် ဆရာ နေကောင်း သွားပါပြီနော်”
“ကဲ ထိုင်ပါ ဘားမင်း။ ဂရီတာ ကော်ဖီ ယူလာလိမ့်မယ်”
“ဒါနဲ့ ကျွန်တော်တော့ ဒီအချိန်ထက်ပိုကောင်းတဲ့ အချိန်မရှိတော့ဘူးလို့ ထင်တယ်။ ပြည်သူ က ရွေးကောက်တင်မြှောက်ခြင်းခံရတာ ဘယ်လိုခံစာရသလဲဗျ။ ခင်ဗျား သူ့ကိုပြောပြီးပြီလား ”
“စောပါသေးတယ်။ သူက ပြည်သှူ့ဆန္ဒခံယူကြည့်တာကိုပြောတာပါ လော်ရာ”
“ဆက်လက်ပေါ်ပေါက်လာမယ့် ဖြစ်ရပ်တွေက အရိပ်ပြနေပါပြီဗျာ”
ဘာမင်းက ကုလားထိုင် တွင် ဝင်ထိုင်ရင်း လေးနက်သော အမူအရာဖြင့် အမူအရာဖြင့် ပြောသည်။

“ဒီတော့ ခင်ဗျား မနက်ဖြန်ဆိုရင်တော့ ရုံးပြန်တက်နိုင်ပါပြီနော်..။ တစ်ရက်ဆို တစ်ရက်မှတ် အရေးကြီးနေပြီဗျ။ ကျွန်တော်တို့က ဘားရိုးနဲ့ ပြိုင်ရမှာ သူက ရှေးဆန်ဆန် လူတစ်ယောက်ဆိုတော့ လူထုက သူ့ကို သဘောကျတဲ့ အချက်တွေ ရှိ တယ်။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ ဒီနေ့ ကျွန်တော့်ကို လူတစ်ယောက်က ပြောသလို အနည်းဆုံးတော့ သူ့မှားကွက် တွေကို ကျွန်တော်တို့ သိပါတယ်”
“ဒီလူက စက်ရုပ်ကြီးပါဗျာ” “ဟုတ်ပါတယ်။ ကျွန်တော် ကလည်း အဲဒီသဘောကို ပြောတာပါ”
သူက လော်ရာဘက် သို့ လှည့်ကာ..
“ဒါနဲ့ ကျွန်တော်တို့က ဒီအမျိုးသမီးကြီး ရှေ့မှာ အလုပ်ကိစ္စ ပြောနေလို့ ဖြစ်ပါ့မလား''
လော်ရာ က ခင်ပွန်းသည်၏  မျက်နှာကို ကြည့်ကာ အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။
ခရစ္စက ရယ်လိုက်ပြီး..... ''စကားကို သတိနဲ့ ပြောစမ်းပါ... ဂျိုး။ ခင်ဗျားစကားက ကျုပ်ဇနီးကို စော်ကား သလို ဖြစ်နေပြီ''

ဘားမင်းက လော်ရာ့မျက်နှာ တစ်လှည့်။ ခရစ္စမျက်နှာ တစ်လှည့်ကြည့်ရင်း...
''လွန်တာရှိ ဝန္ဒာမိပါဗျာ။ ကျွန်တော်က စော်ကားချင်လိုပ ပြောတာမဟုတ်ပါဘူး။ ကျွန်တော် ဆိုလိုတာက.... ''
''အလကားပါရှင်။ မောင် ကျွန်မကို သက်သက်စတာပါ။ သူပြောတာ ဗွေမယူပါ နဲ့''
လော်ရာက တည်ငြိမ်စွာဖြင့် ပြောသည်။
သူမက ခင်ပွန်းသည်အား ကြည့်ကာ မျက်မှောင်ကြုတ်ရင်း ရယ်နေသည်။
''ဟုတ်ပါတယ်။ ကျုပ်က တမင်သက်သက် ရယ်စရာ ပြောကြည့်တာပါ။ ကျုပ်က လော်ရာကို အားလုံး ပြောပြ ပါတယ်ခင်ဗျ။ ခင်ဗျားလည်း အသိသားပဲ။ လော်ရာက ကျုပ်အတွက် တန်ဖိုးရှိတဲ့ အကြံဥာဏ် တွေ ပေးတယ်။ အမှန်က ပြည်နယ်အုပ်ချုပ်ရေးမှူး ရာထူးက သူနဲ့ မှပိုပြီး ထိုက်တန်တာ''
''ကျွန်မ က ဒီရာထူးကို အလကားပေးလည်း မယူပါဘူးရှင်။ ကျွန်မ အခု လုပ်နေတဲ့ အလုပ်ကိုပဲ တစ်သက်လုံး လုပ်သွား ချင်ပါတယ်''

တယ်လီဖုန်းမြည်သံ ပေါ်ထွက်လာသည်။
လော်ရာက ထိုင်ရာမှ ထလိုက်ပြီး........
''ကဲ..... ကျွန်မကို ခွင့်ပြုကြပါဦး။ ကျွန်မဆီ ဓာတ်ခွဲခန်းက ဖုန်းလာတာ ဖြစ်လိမ့်မယ်''
သူမက ခင်ပွန်းသည်၏ အနားမှ ဖြတ်လျှောက်လာပြီး သူမ၏လက်ကို ကမ်းပေးလိုက်သည်။ ခင်ပွန်းသည်က လက်ကို ဆုပ်ကိုင်ကာ လက်ဝါးပြင်နုနုကို တယုတယ နမ်းရှုပ်သည်။
''ပြန်လာဦးမလား''
''မလာဖြစ်တော့ဘူး ထင်တယ်။ မောင်တို့ နှစ်ယောက်တည်း စကားပြောချင်တယ် မဟုတ်လား။ အဲဒီတော့...... အေးအေးဆေးဆေး ပြောကြပေါ့။ ကျွန်မလည်း ညတုန်းက ရေးထားတဲ့ မှတ်စုတွေ ပြန် ကြည့် လိုက်ဦးမယ်''
''ဒါဆိုလည်း ကောင်းပြီလေ.... နောက်မှ ထပ်တွေ့ကြတာပေါ့''

''ဟုတ်ကဲ့''
လော်ရာ အခန်းထဲမှ ပြန်ထွက်သွားသည်။ ဘားမင်းက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီးနောက်..
''အင်း...... တစ်နေ့မှာ သမ္မတကတော်ဘ၀နဲ့ အိမ်ဖြူတော်ရောက်ရင် ဘယ်လိုများ နေမှာလဲ မသိဘူး''
''ဟုတ်ကဲ့.....''
ခရစ္စ၏ ပါးစပ် မှ အမှတ်မထင် ထွက်သွားသည်။ ထို့နောက် သူက ထိုင်ရာမှ ဆတ်ခနဲ ထရပ်လိုက်ပြီး...
''ကိုင်း..... ကျုပ်တို့ နှစ်ယောက် စာကြည့်ခန်းထဲ ကော်ဖီသွားသောက်ကြရအောင်။ ခင်ဗျားကို ကျုပ် အရေးကြီး တဲ့ ကိစ္စတစ်ခု ပြောစရာရှိတယ်''
''အဖြစ် ကတော့ အဲဒီအတိုင်းပါပဲ..... ဂျိုး''
ခရစ္စတိုဖာ ၀င်းတား က သူ့ဇာတ်လမ်းကို နိဂုံးချုပ်လိုက်သည်။

မီးသေသွားသော မီးသွေးခဲတစ်တုံး ပြာကျသွားသည်။
သူတို့ စာကြည့်ခန်းထဲ ရောက်လာတော့ သူက မီးလင်းဖိုကို စတင်၍ မီးမွှေးသည်။ နွေဦးပေါက်ရာသီ အစောပိုင်းကာလဖြစ်၍ လေက အေးစိမ့်နေဆဲ ဖြစ်သည်။
ထို့နောက် ဘားမင်းကို သူနှင့် မျက်နှာချင်းဆိုင် ကုလားထိုင်တွင် ၀င်ထိုင်ရန် ညွှန်ပြသည်။
သစ်တော်သားခြောက် ကို အရှိန်ကောင်းကောင်းဖြင့် မီးစွဲလောင်သောအခါ သူက သူ့ဇာတ်လမ်းကို ဆိုင်းမဆင့် ဗုံမဆင့် စတင် ပြောပြတော့သည်။
''မနက်ဖြန် ကိစ္စကို မပြောခင် ခင်ဗျားကို ကျုပ် ပြောစရာ တစ်ခုရှိတယ်။ အတိအကျ ပြောရရင်တော့ ဒီကိစ္စဟာ ကျုပ် ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စ သက်သက်ပါ။ ဒါပေမဲ့..... အခု အချိန်အခါမှာတော့ ဘယ်ကိစ္စပဲဖြစ်ဖြစ် ကျုပ်ရဲ့ ကိုယ်ရေး ကိုယ်တာ မဟုတ်တော့ပါဘူး။ ဒီအကြောင်း ကျုပ် ဘယ်က စပြောရမှန်းတောင် မသိတော့ဘူး။ အဲဒီတော့..... အစကပဲစပြီး အစဉ်အတိုင်း ပြောပြမယ်''
ဤသို့လျှင် နိဒါန်းချီပြီးနောက်...... သူ ကိုရီးယားနိုင်ငံသို့ ရောက်ရှိသည့် နေ့မှစ၍ နောက်ဆုံး သူ့သားကလေး ထံမှ စာကို ရရှိသည် အထိ သူက အသေးစိတ် ပြောပြသည်။

မီးလင်းဖိုတွင် မီးတောက် ငြိမ်ကျသွားပြီ။ မီးသွေးတွေလည်း ပြာဘ၀ ရောက်သွားကြပြီ။
ဘားမင်းက ခရစ္စတိုဖာဝင်းတား စကား ပြောနေစဉ်အတွင်း ကုလားထိုင်တွင် မကြာခဏ နေရာပြင်၍ ထိုင်သည်မှ တစ်ပါး ဘာစကားမှ မပြောဘဲ တစ်လျှောက်လုံး စိတ်ဝင်စားစွာ နားထောင်နေခဲ့သည်။ ခရစ္စတိုဖာဝင်းတား စကားဆုံးတော့ မှ သူက ပြောသည်။
''အမှန်ကတော့ ခင်ဗျား ပြောသလိုပါပဲ။ အခုအချိန်မှာ ဘယ်ကိစ္စမဆို အားလုံးနဲ့ သက်ဆိုင်နေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ တခြား လူငယ်တွေ ထောင်ပေါင်းများစွာတို့လည်း ခင်ဗျား လုပ်သလို လုပ်ခဲ့ကြတာပါပဲ။ အဲဒီတော့..... ဒီကိစ္စက ထင်သလောက်တော့ စိုးရိမ်စရာ မရှိပါဘူး။ အဲဒီလို ဖအေ မပေါ်တဲ့ ကပြားကလေးတွေ လည်း ထောင်သောင်းချီပြီး ရှိကြလိမ့်မယ်။ ဒီအကြောင်း ကျွန်တော် အရင်တုန်းက တစ်ခါမှ မစဉ်းစားမိခဲ့ပါဘူး။ ဒါပေမဲ့..... အလားတူ ပြဿနာတွေ ရှိနေတာကတော့ အမှန်ပဲ။ အဲဒီတော့......''
သူက စကားကို ရုတ်တရက် ဖြတ်ပစ်လိုက်သည်။ ထို့နောက် မေးစေ့ကို လက်နှင့်ပွတ်ကာ စဉ်းစားဟန် လုပ်နေသည်။ ပြီးတော့မှ ဆက်ပြောသည်။

''အဲဒီတော့..... ဒီကိစ္စက ဒီမှာလည်း မဟုတ်ဘူး။ ဟိုမှာလည်း မဟုတ်ဘူး ဆိုတဲ့ ကိစ္စပါ။ ကျွန်တော်လည်း စစ်အတွင်း က ဂျာမနီ မှာ ရောက်နေခဲ့တာပဲ။ ဒါနဲ့ ဒီအကြောင်း ခင်းဗျား မိန်းမ သိပြီးပြီလား''
''လုံးဝ အသိသေးဘူး''
''ခင်ဗျားက ပြောပြမလို့ စိတ်ကူးထားသလား''
''ကျုပ်.... ဟုတ်ကဲ့... ပြောပြမယ်လို့တော့ ဆုံးဖြတ်ထားတာပဲ။ ဒါပေမဲ့ ဘယ်တော့ ပြောရမလဲ။ ဘယ်လို ပြောရမလဲဆိုတာ ကျုပ် လုံးဝ စဉ်းစားလို့ မရအောင် ဖြစ်နေတယ်''
''သူ့ကို မပြောရင် မဖြစ်ဘူးလို့ ယူဆလို့လား''
ခရစ္စက ဘားမင်း၏ မျက်နှာကို ဖျတ်ခနဲ မော့ကြည့်လိုက်သည်။
''ခင်ဗျား က မပြောသင့်ဘူးလို့ ယူဆလို့လား''
နှစ်ယောက်သား တစ်ယောက်မျက်နှာကို တစ်ယောက် ကြောင်ကြည့်နေကြသည်။ အတန်ကြာတော့မှ ဘားမင်း က ပြောသည်။

''ကျွန်တော်ကတော့ ခင်ဗျား ပြောသင့်တယ်လို့ မထင်ဘူး။ ဒီလို ကိစ္စမျိုးမှာ မိန်းမတွေ က သွေးရူးသွေးတန်း ဖြစ်တတ်ကြတယ်ဗျ။ သူတို့က ယောက်ျားတွေရဲ့ အခြေအနေကို သဘော မပေါက်ကြဘူး။ ဒီအချက်ကို ခင်ဗျားလည်း နားလည်ပြီးသားပါ။ တကယ်တော့ မိန်းမတိုင်း အတူတူပါပဲ။ အဲဒီတော့...... ကျွန်တော့် အနေနဲ့တော့ မပြောတာ အကောင်းဆုံးပဲလို့ ထင်တယ်။ ပြီးတော့  ခင်ဗျားက စာမပြန်ရင် စာမရလို့ မပြန်တာပဲလို့ ကလေးက ထင်မှာ သေချာတယ်။ အဲဒီတော့ ဘာမှ စိတ်ကူး မလွဲပါနဲ့။ အဲဒီ စာကို ဆုတ်ပစ်လိုက်ပါ။ ပြီးတော့ ဒီကိစ္စကို လုံးဝ မေ့ပစ်လိုက်ပါ။ ခင်ဗျား သားကလေး တစ်ယောက် ရှိတယ်ဆိုတာ ဘယ်တော့မှ မစဉ်းစားနဲ့တော့။ ဒါ ကျွန်တော် ပေးနိုင်တဲ့ အကောင်းဆုံး အကြံဥာဏ်ပါပဲ''
''ဟုတ်ပါတယ်။ သူ့ကို ကျုပ်တွေ့တောင်မှ ကျုပ်ရဲ့သားလို့ ထင်မှာ မဟုတ်ဘူး''

''ခင်ဗျားသား အစစ်ကော ဟုတ်ရဲ့လား'' ''အဲဒါကတော့ ဟုတ်ပါတယ်''
''ခင်ဗျား ဘယ်လိုလုပ် သိသလဲ'' ''ဆွန်ယာက အပျိုပဲဥစ္စာ'' ''ခဏ ပျိုတာမျိုးလား''
''မဟုတ်ဘူး။ ကျုပ်အဲဒီမှာ ရှိနေတုန်းက ကျုပ် တစ်ယောက်ပဲ ရှိတာ'' ထို့နောက် စကားပြတ်သွားပြီး ငြိမ်ချက်သား ကောင်းနေကြသည်။ နှစ်ယောက်စလုံး မီးဖိုကိုသာ စိုက်ကြည့်နေကြသည်။ နောက်ဆုံး ဘားမင်းက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီးမှ....... ''အဲဒီတော့ ကျွန်တော် ပြောချင်တာကတော့ ဒီကိစ္စ ဒီတင်ပဲ မေ့ပစ်လိုက်တော့။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားက သာမန် လူတစ်ယောက်ဆိုရင် ဘာမှ ကိစ္စမရှိဘူး။ ခင်ဗျားက သာမန် ပြည်နယ်အုပ်ချုပ်ရေးမှူး တစ်ယောက်ဆိုရင်တောင် ဘာမှ အရေးမကြီးသေးဘူး။

ဒါပေမဲ့ ခင်ဗျား အပေါ်မှာ ပါတီက ဘယ်လို ရည်ရွယ်ချက် ထားရှိတယ်ဆိုတာ ခင်ဗျားအသိပဲ။ ခုတော့ ခင်ဗျားက တစ်နေ့ သမ္မတ ရာထူးအထိ မျှော်မှန်းထားတဲ့လူ။ ခင်ဗျားသွားရမယ့် ခရီးက အဝေးကြီး ကျန်သေးတယ်။ လူတွေက အရှက်တကွဲ ကိစ္စတွေ သိပ်ပြီး သည်းခြေ ကြိုက်ကြတာ။ ဒါပေမဲ့ သူတို့ရဲ့ သမ္မတ ကိုတော့ ခြောက်ပြစ်ကင်း သဲလဲစင်မှ လိုချင်ကြတယ်။ ဒါကြောင့်မို့ ဒီကိစ္စကို လျှို့ဝှက်နိုင်သမျှ လျှို့ဝှက်ထားပါ။ တကယ်လို့ တစ်နည်းနည်းနဲ့ ဒီသတင်းပြန့် သွားတောင်မှ ခင်ဗျားက ၀န်ခံသမျှ သူတို့ကလည်း ဘယ်တော့မှ မယုံနိုင်ပါဘူး။ အရေးကြီးဆုံးကတော့ ဒီကိစ္စကို တစ်ဖက်လူတွေ မသိအောင် အစွမ်းကုန် လျှို့ဝှက်ထားဖို့ပါပဲ''
ဘားမင်းက တစ်မိနစ်ခန့်မျှ ငြိမ်သက်နေပြီးတော့မှ လေသံကို နှိမ်၍ ဆက်ပြောသည်။
''ဒါနဲ့....ကျွန်တော် မသိလို့ တစ်ခုမေးပါစေ။ အဲဒီ အာရှသူတွေက ဘာတွေများ ပိုထူးတာ ရှိလို့လဲ''

ခရစ္စ ရုတ်တရက် ဒေါသထွက်သွားပြီး ထိုင်ရာမှ ငေါက်ခနဲ ထရပ်လိုက်သည်။ သူ့ရှေ့တွင် ထိုင်နေသော ပုဂ္ဂိုလ်ကိုလည်း တော်တော်ပင် မုန်းတီးစိတ် ဖြစ်ပေါ်သွားမိသည်။ သို့ပေမဲ့ ချက်ချင်းလိုပင် သူ သတိတရား ပြန်ဝင်လာသည်။ ဘားမင်းနှင့် ရန်တွေ့၍ မဖြစ်ဟူသော အသိ ၀င်လာသည်။
ဘားမင်း သည် သူ့အတွက် အလွန်လိုအပ်သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ မရှိမဖြစ် လိုအပ်သော ပုဂ္ဂိုလ် တစ်ယောက် ဖြစ်သည်။ သူက ပြန်လည် ချေပနေလျှင် ဘားမင်းကလည်း ပြန်လည် ခုခံမည်သာ ဖြစ်သည်။ ထို့ကြောင့် ဒေါသစိတ်ကို အသိတရားဖြင့် ပြန်ချုပ်ကာ သူက ကုလားထိုင်တွင် ပြန်ထိုင်သည်။
''ကဲ....ကျုပ်တို့ မနက်ဖြန်ကိစ္စ ဆက်ဆွေးနွေးကြစို့။ ခင်ဗျား ပေးတဲ့အကြံဥာဏ်ကို ကျုပ်ပြန်ပြီး စဉ်းစား ကြည့်ပါ့မယ်။ လောလောဆယ်တော့ ခင်ဗျားပြောတာ တစ်ဝက်မှန်တယ်ဆိုတာ ကျုပ်လက်ခံပါတယ်''

ညကျတော့ အိပ်ရာထဲတွင် တစ်ယောက်တည်း ပြန်တွေးကြည့်သည်။ ဘားမင်း၏ အယူအဆ မှားကြောင့် သူသိသည်။
လရောင်ဖျော့ဖျော့ သည် အခန်းထဲတွင် ဖြာကျနေသည်။ သူအိပ်မပျော်။ သူအပေါ်ထပ်အိပ်ခန်းသို့ တက်လာချိန် တွင် သန်းခေါင်ပင်ကျော်ခဲ့ပြီ။ လော်ရာမှ အစောကြီးကပင် အိပ်ရာဝင်သွားခဲ့ပြီ။
သူက ခန်းခွဲတံခါး ကို ဖွင့်ကာ တစ်ဖက်ခန်းထဲ လှည်းကြည့်လိုက်သည်။ လော်ရာသည် သူမ၏ ခုတင်ပေါ်တွင် နှစှ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ သူမ၏ ဆံပင်များက ခေါင်းအုံးပေါ်တွင် ဖြန့်ကျ နေသည်။ လက်တစ်ဖက် ကတော့ ပါးပြင်အောက်မှာ။
''ဒါလင်.... ''
သူက လေသံဖြင့် တိုးတိုးကလေး ခေါ်ကြည့်သည်။ လော်ရာက မနိုး။ စိုးရိမ်စိတ် တစ်ဝက်ဖြင့် တံခါး ကို ပြန်ပိတ်လိုက်သည်။ ပြီးတော့ သူ့ခုတင်ဆီသို့ လာခဲ့ပြီး အိပ်ရာပေါ်တွင် ခြေပစ်လက်ပစ် လှဲချလိုက် သည်။
သူ တစ်နာရီကျော်ကျော်လောက် အိပ်ပျော်သွားသည်။

ထို့နောက် ငိုသံလိုလို ကြားလိုက်ရသောကြောင့် သူ လန့်နိုးလာခဲ့သည်။ နားကို စွင့်ကြည့်လိုက် သည်။ လော်ရာများ ငိုနေတာလား။ ဘာသံမှ မကြားရ။ တစ်အိမ်လုံး တိတ်ဆိတ်နေသည်။
သူသည် သည်းမခံနိုင်လောက်အောင် စိတ်အားငယ်မိသည်။ ပြောပြ၍ မဖြစ်နိုင်လောက်အောင် အထီးကျန်ဝေဒနာ ကို ခံစားနေရသည်။
အပေါ်ထပ် တက်လာခဲ့တုန်းက လက်ဆွဲသားရေအိတ်ကိုပါ တစ်ပါတည်း ယူလာခဲ့သည်။ ယခု သားရေ အိတ်သည် သူ့ခုတင်ဘေးမှ ကြမ်းပြင်ပေါ်တွင် ရှိနေသည်။
သားရေအိတ်တွင် စာရှိနေသည်ဟူသော အသိကြောင့် စိတ်ထဲတွင်နေမထိ ထိုင်သော ဖြစ်နေသည်။
စာကို နောက်တစ်ကြိမ် ဖက်ဦးမယ်။ ပြီးတော့ ဆုတ်ပစ်လိုက်မယ်။ ဒါပေမဲ့... ဒီနေ့တစ်ညတော့ နေပါစေဦး .....။

ပြောလို့သာ ပြောရပေမဲ့ စိတ်ထဲတွင် တော့ မတင်မကျ ဖြစ်နေဆဲပင်။ သူဘာလုပ်သင့်သည်ကို ယတိပြတ် ဆုံးဖြတ်ချက် မချနိုင်သေး။
ည၏ တိတ်ဆိတ်ခြင်း သည် သူ့ကိုယ်ပေါ် ပိနေသော ၀န်ထုပ်ဝန်ပိုးကြီး ကို ကို၍ လေးလံစေသလို ထင်မှတ် ရသည်။
သူ့အနေဖြင့် တခြားလူတွေကို လိမ်ညာ၍ ဖြစ်နိုင်သောလည်း မိန်းမ ကိုတော့ လိမ့်ညာဖို့ မသင့်။ သူက သည်ကိစ္စ ကို ဘယ်လိုပင် လျှို့ဝှက်ထားထား၊ တစ်နေ့တွင် တစ်နည်းနည်းဖြင့် လော်ရာ သသွားခဲ့လျှင် ဘယ်လို လုပ်မည်နည်း။

တကယ်တော့ သူက သည်ကိစ္စကို ဘားမင်းလို စိတ်အပြောင်းအလဲမြန်သော နိုင်ငံရေးသမား တစ်ယောက်အား ပြောပြလိုက်ခြင်းမှာ အလွန်မှားသည်။ ဒါကို လော်ရာ သိသွားလျှင် သူက ဘယ်လို ထင်လိမ့် မည်နည်း။ သူ့ကိုတော့ အလျင် မပြောပြဘဲနှင့် တခြားလူတစ်ယောက်ကို ပြောပြရမည်လားဟု အပြစ်မတင်ဘဲ နေပါမည်လား။
''ကျွန်မကို ဘာဖြစ်လို့ အရင် မပြောရတာလဲ''ဟု သူက တစ်သက်လုံး မကျေမနပ် ဖြစ်နေတော့မည်မှာ သေချာသည်။
ဘားမင်းနှင့် စာလျှင် လော်ရာက သူ၏ အကောင်းဆုံး မိတ်ဆွေလည်း ဖြစ်၍ အချစ်ဆုံး ဇနီးမယား လည်း ဖြစ်သည် မဟုတ်ပါလား။
ငါ့ရင်ထဲ မှ အောင့်မထားနိုင်တော့လို့ ကြုံရာလူကို ပြောလိုက်မတာပါကွယ်။
မိမိ၏ အဖြစ်မှန်ကို အချစ်ဆုံးကို ပင်လျှင် မပြောရဲလျှင် သူ့ကိုသတ္တိရှိသော လူတစ်ယောက် ဟူ၍ ခေါ်နိုင်ပါတော့မည်လား။

ဟုတ်ပါတယ်။ ငါ သတ္တိမရှိလို့ ဒီလိုဖြစ်ရတာပါ။ ငါဟာ သူရဲဘောကြောင်တဲ့ အကောင်ပါ။
သူ့စိတ်ထဲတွင် ချီတုံချတုံ ဖြစ်နေဆဲပင်။ ဆုံးဖြတ်ချက် တစ်ခုကို ပြတ်ပြတ်သားသား မချနိုင်သေး။
သူက လော်ရာ၏ အချစ်ကို ယုံသည်။ လော်ရာ၏ နားလည်မှုကို ယုံသည်။ သို့သော် တစ်ဖက်ကလည်း သံသယ ၀င်နေဆဲပင်။ ထို့ကြောင့်.... မိမိ၏ ချစ်ဇနီးဖြစ်ပေမဲ့ လော်ရာကိုလည်း စိတ်ချယုံကြည်၍ မဖြစ်နိုင်သေး။ သနားခြင်းကို သူမလိုချင်။ အဆုံးစွန် ပြောရလျှင် သူ့ကို ချစ်တာကိုပင် မကျေနပ်နိုင်သေး။ သည်ကိစ္စ သနားရုံ၊ ချစ်ရုံနှင့် ပြီးနိုင်သော ကိစ္စမဟုတ်။ သူ လိုချင်သော အရာမှာ သူ့အပေါ်တွင် နားလည် ခွင့်လွှတ်မှုသာ ဖြစ်သည်။

သူလုပ်ခဲ့သော အလုပ်သည် တကယ် လုပ်ချင်၍ လုပ်ခဲ့သော အလုပ်မဟုတ် ဆိုသည်ကို နားလည် သဘောပေါက်စေချင်သည်။ တကယ်တော့..... သူသည် အဖော်မဲ့ အထီးကျန် ဘ၀တွင် ရှိနေစဉ် တဒင်္ဂဘ၀ သာယာမှုအတွက် တခြား လူသားတစ်ယောက်နှင့် နီးနီးကပ်ကပ် နေချင်သော ဆန္ဒကြောင့်သာ ယင်းအမှုကို ကျူးလွန်ခဲ့မိခြင်း ဖြစ်သည်။ ကြေကွဲစရာ အနိဋ္ဌာရုံ ဖြစ်ရပ်များကို နိစ္စဓူဝ တွေ့မြင်နေရသော စစ်ကာလ အတွင်းဝယ် မိမိ ချစ်နှစ်သက်သော မိဘ ဆွေမျိုး မိတ်ဆွေ အပေါင်းအသင်း အားလုံးနှင့် ခွဲကာ တစ်နိုင်ငံ တစ်ပြည်ခြား သို့ ရောက်ရှိနေရခြင်းမှာ ဖော်မပြနိုင်လောက်အောင်ပင် စိတ်ပျက် အားငယ်စရာ ကောင်း လှတော့သည်။ ထို့ကြောင့်လည်း သူသည် ဘ၀ကြမ်းနှင့်သာ နေ့စဉ် နပန်းလုံး နေရသော ရဲဘော်ရဲဘက် များထက် ပို၍ ဘ၀နှစ်သိမ့်မှုကို ပေးစွမ်းနိုင်သော တစ်စုံတစ်ယောက်ကို တောင့်တမိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း သူသည် ဆွန်ယာနှင့် တွေ့ဆုံရင်းနှီးခဲ့ရခြင်း ဖြစ်သည်။

ဤသဘောကို လော်ရာ နားလည်အောင် သူ ရှင်းပြနိုင်ပါမည်လား။
ငါလည်းပဲ ရဲဘော်တွေအများကြီးထဲက ရဲဘော်ကလေး တစ်ယောက်ပါ။ ဒါကြောင့်မို့ တခြား ရဲဘော်တွေ လုပ်သလို ငါလည်း လုပ်ခဲ့မိတယ်။ မိန်းကလေး တစ်ယောက်နဲ့ အမှတ်မထင် တွေ့ဆုံပြီး တဒင်္ဂသာယာမှုကို ရှာခဲ့ မိတယ်။ ဒါပေမဲ့ ဒီအချက်တစ်ချက်က လွဲပြီး တခြား နေရာတွေမှာတော့ ငါက တခြားရဲဘော်တွေနဲ့ လုံးဝ မတူပါဘူး။
လ လည်းဝင်စ၊ ရောင်နီလည်းပျိုးစ မှောင်တစ်ဝက် လင်းတစ်ဝက် စပ်ကြားကာလ တစ်ခဏတွင် သူ့ဦးနှောက်သည် ကြည်လင်လာခဲ့သည်။ သူ ဘာလုပ်ရမည်ဆိုသည်ကို သိလာခဲ့သည်။
အရှေ့ဘက် မိုးကုတ်စက်ဝိုင်းတွင် ရွှေရောင်သန်း၍ တစ်နေ့ သစ်လာချိန်တွင် သူ အိပ်ရာမှထသည်။
ရေချိုးခန်း ထဲ ၀င်၍ သွားတိုက်သည်။ မုတ်ဆိတ်ရိတ်သည်။ ထို့နောက် ရေချိုးသည်။ ထို့နောက် အ၀တ်အစား လဲ၍ ခေါင်းဖြီး သည်။

ပြီးတော့.... လော်ရာ၏ အခန်းသို့ လာခဲ့ပြီး တံခါးကို အသာဖွင့်လိုက်သည်။
လော်ရာ အိပ်ပျော်နေတုန်း ရှိသေးသည်။ သူမ၏ မျက်နှာပေါ်တွင် နံနက်ခင်း အလင်းရောင် ဖျော့ဖျော့က လှပစွာ ပက်ဖျန်းထားသည်။
သူမသည် အပူအပင်  ကင်းသော ကလေးငယ် တစ်ယောက်ပမာ ထွက်သက် ၀င်သက်ကို ညင်းညင်းမှန်မှန် ရှူကာ နှစ်ခြိုက်စွာ အိပ်ပျော်လျက် ရှိသည်။
သူက ကိုယ်ကိုကိုင်းညွှတ်ကာ သူမ၏ စေ့ထားသော နှုတ်ခမ်း အစုံကို အသာအယာ နမ်းလိုက်သည်။ သူမသည် မသိမသာ လူးလွန့်လာပြီးနောက် မျက်လုံးများကို ဖွင့်ကြည့်သည်။
ပြီးတော့.... သူမ၏ နှုတ်ခမ်းအစုံတွင် အပြုံးရိပ်သန်းလာသည်။
သူက ခုတင်ပေါ်တက်ကာ သူမ၏ဘေးတွင် ဖြည်းဖြည်းကလေး ၀င်လှဲလိုက်သည်။
''ညတုန်း က ကျွန်မ မောင့်ကို စောင့်နေသေးတယ်။ နောက်တော့.... မျက်တောင်တွေ စင်းလာပြီး အိပ်ပျော်သွားတယ်'' သူမက လေသံဖြင့် တိုးတိုးကလေး ပြောသည်။

''မစောင့်တာဘဲ ကောင်းပါတယ်။ ကိုယ် တော်တော် နောက်ကျသွားတယ်''
သူမက သူ့ဘက်သို့ မျက်နှာလှည့်လာသည်။
သူက သူမ၏ လက်ကို ဆုပ်ကိုင်ကာ သူ့နှုတ်ခမ်းပေါ်တွင် ဖိထားလိုက်သည်။ ပြီးတော့..... သူမ၏ လက်ကိုခွာပြီး ရင်ဘတ်ပေါ်တွင် တင်ကာ သူ့လက်ဖြင့် ဖိအုပ်ထားလိုက်သည်။
''လော်ရာ..... ကိုယ် မင်းကို တစ်ခု ပြောစရာရှိတယ်''
''ဘာပါလိမ့် မောင်..... ပြောစရာရှိရင် ပြောလေ''
ထို့နောက် ယမန်နေ့က ဖြစ်ရပ်မှ အစချီကာ သူက ရိုးရိုးကလေးပင် ပြောပြသည်။
''ကိုယ် မနက်စာ စားနေတုန်း ဂရီတာ က စာတွေ ယူလာတယ်။ စာတွေထဲမှာ ကိုရီးယားက ပို့လိုက်တဲ့ စာတစ်စောင်လည်း ပါလာတယ်။ ကိုယ် ဘယ်တုန်းကမှ မမျှော်လင့်ခဲ့တဲ့ စာပဲ''
သူက ခေတ္တ ရပ်လိုက်ပြီးတော့မှ ဆက်ပြောသည်။ သူ့စကားလုံးတွေက မာတောင့်နေကြသည်။ သူ့ မျက်လုံးတွေက အခန်းမျက်နှာကြက်ကို စိုက်ကြည့်နေကြသည်။

နံနက်ခင်း နေရောင်သည် တစ်ခန်းလုံး လွှမ်းခြုံသွားခဲ့ပြီ။
သူ့ကိုယ်နှင့် ထိကပ်နေသော သူမ၏ အတွေ့အထိသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမှန်း သူ သတိပြုမိသည်။သူမက ကိုယ်ချင်းကတော့ မခွာ။ ပူးးကပ်မြဲ ပူးကပ်နေသည်။ သို့သော် သူမသည် ဘာမှ မပြောဘဲ ပကတိ ငြိမ်သက်စွာ လှဲနေသည်။ ကိုယ်၏ တင်းမာမှု၊ စိတ်၏ တင်းမာမှုကို သူက စိတ်မှန်းဖြင့် ခံစားရသည်။
ခြံပြင် လမ်းမပေါ်မှ ဖူးပွင့်စ ဆစ်ကမိုးပင်များကို ဖြတ်ကျော်ကာ အိပ်ခန်းထဲ သို့ နေရောင်ခြည်တန်း များ ဖြာကျလာချိန်တွင် သူက သူ့ဇာတ်လမ်းကို အဆုံးသတ်လိုက်သည်။
သူသည် ဇနီးသည်၏ သက်မချသံကိုပင် ကြားရသည်။ ထို့နောက် သူမသည် အိပ်ရာပေါ်တွင် ထထိုင်ပြီး သူမ၏ ရှည်လျားသော ဆံပင်များ ကို ကျစ်ဆံမြီး ထုံးထားလိုက်သည်။
''ဘာပဲဖြစ်ဖြစ်..... ကိုယ်တော့ မင်း ကို အမှန်အတိုင်း ဖွင့်ပြောပြီးပြီ လော်ရာ"
''ဟုတ်ပါတယ်..... မောင် ကျွန်မကို ပြောကို ပြောရမယ့် ကိစ္စပါ''

သူမသည် နေရောင်လွှမ်းသော ပြတင်းပေါက်ဘက်သို့ ငေးရင်း အတွေးနက်နေသည်။ သူမ၏ လေးနက်မှု တည်ငြိမ်မှု ကို သူက မြင်နေရသည်။ သူက ဘာမှ မပြောဘဲ စောင့်ကြည့်နေသည်။
''ကျွန်မကတော့ ဒီကိစ္စကို ဘားမင်းကို မပြောစေချင်ဘူး.... မောင်''
''မပြောပေမဲ့လည်း အနှေးနဲ့ အမြန်တော့ သိမှာပါပဲ။ တကယ်တော့ ကိုယ့်အနေနဲ့ မင်းကို အရင်ပြောဖို့ သင့်တာ.....။ ဒါပေမဲ့..... ရွေးကောက်ပွဲအတွက် ဆက်ကြိုးစားနေလို့ ဘာမှ မထူးတော့ဘူးလို့။ မနေ့ညက ဘားမင်း ကသာ ပြောခဲ့မယ်ဆိုရင် ကိုယ်က ဒီကိစ္စကို မင်းကိုလည်း တစ်ခါတည်း ပြောဖြစ်ခဲ့မှာပါ''
''ဒီကိစ္စ ကို ကျွန်မ သိသွားပြီဆိုတာ ဘားမင်းကို မောင်က မပြောစေချင်ဘူး''
''ကိုယ် မပြောပါဘူး၊ စိတ်ချပါ’'
''ဘာဖြစ်လို့လဲ.... ဆိုရင်''
သူမက ဆက်ပြောသည်။

''ဒီအကြောင်း သူ့ကို ပြောပြတာ ကျွန်မ လုံးဝ သဘောမတူဘူး။ ပြီးတော့...... ဒီအကြောင်းနဲ့ ပတ်သက်လို့ သူက ဝေဖန် ပြောဆိုတာကိုလည်း ကျွန်မ လုံးဝ မကြားချင်ဘူး။ အမှန်က ဒီကိစ္စဟာ ကျွန်မနဲ့ မောင်နဲ့ ကြား မှာသာ ပြီးပြတ်သွားရမယ့် ကိစ္စပါ"
''ဟုတ်ပါတယ်။ အဲဒါကို ကိုယ်လည်း သိပါတယ်။ ဒီကိစ္စဟာ လောလောဆယ်မှာ ကိုယ်နဲ့မင်းနဲ့ ကြားမှာ ပြီးပြတ်သွားရမယ့် ကိစ္စပါ''
သူမက သူ့မျက်နှာ ကို ဖျတ်ခနဲ ကြည့်လိုက်သည်။
''ဘာပြောတယ်၊ လောလောဆယ်မှာ..... ဟုတ်လား။ လောလောဆယ်မှာ ဆိုတဲ့ စကား မသုံးပါနဲ့ မောင်။ တစ်သက်လုံး ဆိုတဲ့ စကားကို သုံးစမ်းပါ''
''ဟုတ်ပါတယ်။ ကိုယ်က မင်းကို အစောကြီးကတည်းက ပြောပြခဲ့ဖို့သင့်တာ မှန်ပါတယ်။ ဒါပေမဲ့ ဒီပြဿနာဟာ အစောကြီး ကတည်းက ပြီးသွားပြီိလို့ ထင်ခဲ့တယ်။ ဒါကြောင့်လည်း မေ့မေ့ပျောက်ပျောက်ပဲ နေလာခဲ့တာ''

''မောင့်အနေနဲ့ မေ့မေ့ပျောက်ပျောက် နေလို့တော့ ရချင်ရမယ်။ ဒါပေမဲ့ ဒီပြဿနာကတော့ မပြီးသေးပါဘူး။ ဘာဖြစ်လို့လဲဆို... သက်ရှိထင်ရှား ကလေးက ရှိနေသေးတယ် မဟုတ်လား''
''မင်း..... သူ့ဆီက စာကို ကြည့်ချင်သလား"
သူမက ခေတ္တ စဉ်းစားနေသည်။ ပြီးတော့မှ....
''နေပါစေ.... မကြည့်ချင်ပါဘူး။ ကြည့်ချင်တောင်မှ လောလောဆယ်တော့ မကြည့်သေး ပါဘူး။ လောလောဆယ် မှာ ကလေးက အရေးမကြီးဘူး။ သူ့အမေကသာ အရေးကြီးတာ''
''အို.... လော်ရာ ရယ်၊ အဲဒီလို မဟုတ်ပါဘူး။ သူက ဘာမှ အရေးမကြီးပါဘူး''
သူက ဇနီးသည် အား လှမ်းဖက်သည်။ ဇနီးသည်က အဖက်မခံဘဲ နောက်သို့ ရုန်းထွက်လိုက်သည်။
''နေစမ်းပါဦး မောင်။ ကျွန်မ အေးအေးဆေးဆေး စဉ်းစားပါရစေဦး''
သူက ခြုံထားသော စောင်ကို ဘေးသို့ ခွာချလိုက်သည်။
''ကောင်းပြီလေ။ ဒါဆို.... တစ်ယောက်တည်းပဲ အေးအေးဆေးဆေး စဉ်းစားကြည့်ပေါ့.....ဟုတ်လား''
သူက လေသံအေးအေးဖြင့် ပြောသည်။

တကယ်တော့ သူက လော်ရာ၏ ဝေဖန်ကန့်ကွက် စကားကိုသာ ကြားချင်သည်။ သို့သော် လော်ရာက ဘယ်လိုမှ ဝေဖန်ကန့်ကွက်ခြင်း မပြု။
သူက တံခါးဝတွင် ရပ်ကာ လော်ရာကို ပြန်ကြည့်လိုက်သည်။ လော်ရာက အတွေးနက်သော မျက်လုံးကျယ်ကြီး များဖြင့် သူ့မျက်နှာကို လှမ်းကြည့်နေသည်။ သူ့စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေသည်။ သံသယစိတ်တွေ ၀င်နေသည်။
သည်လို အခြေအနေ တွင် လော်ရာ အနားမှ ထွက်ခွာသွားရန် ၀န်လေးနေမိသည်။ လော်ရာက ကြိုးစား၍ ပြုံးပြသည်။
သူက အလောကလေး ပြန်လျှောက်လာသည်။

''လော်ရာ.....လော်ရာရယ်။ တို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် သိပ်ပြီးချစ်ကြတဲ့ လင်မယား ပါကွယ်။ ဒါပဲ အရေးအကြီးဆုံး အဟုတ်ဘူးလား.....ဟင်''
''ဟုတ်ပါတယ်.... မောင်။ မောင် ပြောတာ မှန်ပါတယ်။ ကျွန်မတို့ နှစ်ယောက်ရဲ့ အချစ်ကို ဘယ်အရာကမှ ဖြိုခွဲ လို့ မရနိုင်ပါဘူး။ ဒါပေမဲ့.... ပြဿနာက.....''
သူက ခုတင်စွန်းတွင် ၀င်ထိုင်လိုက်ပြီး......
''ပြဿနာက ဘာလဲ.... ဟင်၊ ပြောပါဦး.... အချစ်ရယ်''
''ကျွန်မ လောလောဆယ် ဘာပြောရမှန်း မသိသေးဘူး။ ပြဿနာရဲ့ အဖြေကို ရပြီးတဲ့ နောက်မှ ကျွန်မ ပြောတတ် မှာပဲ။ ဒီသဘောဆန်ဆန် စကားမျိုးကို တစ်ယောက်ယောက်က ပြောဖူးတယ်။ ဘယ်သူများ ပါလိမ့်''
''စာရေးဆရာမကြီး ဂျာထရုစတိုင်း ပါ။ သူ အသက် ထွက်ခါနီး ပြောသွားတဲ့ စကားပေါ့....''

''သြော်.... ဟုတ်ပါရဲ့။ ကျွန်မကလည်း မေ့တတ်လိုက်တာ။ အင်မတန် အဓိပ္ပာယ်ရှိတဲ့ နောက်ဆုံးစကားပါပဲ။ သူက မေးတယ်၊ ''ပြဿနာရဲ့ အဖြေက ဘာလဲ'' တဲ့။ ဒါပေမဲ့ သူ့အမေးကို တစ်ယောက်မှ မဖြေကြဘူး။ ဒီတော့... သူကပဲ ပြန်မေးလိုက်တယ်။ ''ဒါဆိုရင် ပြဿနာက ဘာလဲ''တဲ့''
''စကားတွေပဲ သိပ်ပြီး ပြောမနေပါနဲ့တော့ကွယ်။ အလကား အချိန်ဖြုန်းသလို ဖြစ်နေလိမ့်မယ်''
''အဲဒါကို ကျွန်မ သိပါတယ်။ ကျွန်မမှာ စဉ်းစားဖို့အချိန် လိုအပ်နေတယ်''
''ဟုတ်ပါတယ်။ တို့နှစ်ယောက်စလုံး စဉ်းစားဖို့ အချိန်ကို လိုအပ်နေတယ်။ အဲဒီတော့ တစ်နေ့တာ လုပ်စရာ ရှိတာတွေ ဆက်လုပ်ကြရအောင်။ ဒီကြားထဲ လုပ်ရင်းကိုင်ရင်းနဲ့ပဲ စဉ်းစားကြတာပေါ့။ နောက် တို့နှစ်ယောက် ပြန်ဆုံတဲ့အခါ ပြန်ပြီး ညှိကြတာပေါ့.... ဟုတ်လား''

သူမက ခင်ပွန်းသည်အား စိုက်ကြည့်နေသည်။ မျက်လုံးတွေက အရောင်တောက်နေသည်။ သို့သော် လေးနက်မှု ကား မရှိ။ ကြောင်ကြောင်ကြီး ကြည့်နေသလိုသာ ထင်မှတ်ရသည်။
သူက တည်ငြိမ်သော အသံဖြင့် ပြောသည်။
’'လော်ရာ.... မင်းကို ငါ ဘယ်လောက် ချစ်တယ်ဆိုတာ မမေ့စေချင်ဘူး။ မင်း တစ်ယောက်ကိုသာ အချစ်ဆုံးပါ။ မင်းက ငါ့ကို ခွဲခွာသွားချင်တောင်မှ ငါက ဘယ်တော့မှ ခွဲနိုင်မှာ မဟုတ်ဘူး။ ခွဲလည်း မခွဲရဘူး။ တကယ်လို့များ မင်းက ငါ့ကို ခွဲသွားမယ် ဆိုရင်လည်း ငါတော့ မင်း သွားရာနောက်ကို ဇွတ်အတင်းကို လိုက်မှာပဲ။ ငါ အသက်ရှင်နေသမျှတော့ မင်း ငါ့အနားက ဘယ်ကိုမှ ထွက်မသွားရဘူး။ မင်း ထွက်သွားရင်လည်း သွားတဲ့နေရာ ငါ လိုက်မှာပဲ။ ငါ ပြောနေတာ ကြားမှကြားရဲ့လား လော်ရာ''
သူမက ခေါင်းညိတ်ပြသည်။ သို့သော် သူက သူမ၏ အမူအရာကို မကျေနပ်။
''ပါးစပ်နဲ့ ပြောစမ်းပါ။ ငါ့စကားကို မင်းကြားရဲ့လားဟင်.......''
''ဟုတ်.....ဟုတ်ကဲ့.။ ကျွန်မ ....ကြား... ကြားပါတယ် မောင်ရယ်''

ဆက်ရန်
.

No comments: